ကိုအောင်မော်နှင့် ကိုကျော်စွာတို့ စီးလာသော လေယာဉ်သည် နေ့လည် ၁၂နာရီလောက်တွင် မြစ်ကြီးနားလေဆိပ်သို့ ဆိုက်ရောက်လေသည်။ သူတို့နှစ်ယောက် မြစ်ကြီးနားသို့ရောက်သည်နှင့် အထက်တန်းကို မြစ်ကြီးနား အထက(၁)ကျောင်းတွင် အတူတူတက်ခဲ့ကြသည်ကို ပြန်သတိရလာမိကာ ငယ်မူငယ်သွေးများဖြင့်ပင် ပြန်လည်လန်းဆန်းလာသလို ခံစားမိရသည်။ ဒီအချိန် ဖားကန့်ဆက်တက်ဖို့ ကားဂိတ်သို့ တန်းပြီးသွားမည်ဆိုလျှင် အချိန်မီသေးသည်မှာ သေချာသော်လည်း သူတို့ နှစ်ယောက် မြစ်ကြီးနားအတူရောက်တုန်း ငယ်စဉ် ကျောင်းသားဘဝက သွားလာခဲ့ကြသည့် နေရာများကို လျှောက်လည်ကြည့်ဖို့ မြစ်ကြီးနားတွင် တစ်ညအိပ်ဖို့ တိုင်ပင်ကြပြီး လေဆိပ်မှကားတစ်စီးကိုငှားကာ ကားဂိတ်သို့သွားရောက်ကာ မနက်ဖန်မနက် ဖားကန့်တက်ရန်အတွက် ကားလက်မှတ် နှစ်စောင်ဖြတ်ပြီး မြို့လယ်တွင်ရှိသော ပန်ဆွန်ဟိုတယ်သို့ သွားရောက်ကြလေသည်။
မြစ်ကြီးနားမြို့သည် တကယ်တမ်းမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၆ ပေသာ ရှိသော်လည်း ရာသီဥတုမျှတပြီး နေလို့ကောင်းသောမြို့တစ်မြို့ဖြစ်သည်။ လမ်းဘေးဝဲယာ သစ်ပင်များ၊ ပန်းအလှပင်များ အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေဆာဆာဖြင့် လှပလို့နေသည်။ အေးချမ်းသာယာပြီး သစ်သီးဝလံ၊ ပန်းမာန်များ ပေါများလှသော မြစ်ကြီးနားမြို့သည် မြန်မာပြည်၏ နေချင်စဖွယ် မြို့ကြီးများတွင် တစ်မြို့အပါအဝင်ဖြစ်လိမ့်မည်ဟု ကိုကျော်စွာက တွေးနေမိသည်။
တည်းခိုခန်းတွင် ရေမိုးချိုးကြပြီး ကချင်ရိုးရာထမင်းဆိုင်တစ်ခုတွင် ထမင်းစားဖို့ ထွက်လာခဲ့ကြသည်။ ကချင်ဟင်းများမှာ ဆီမပါသလောက်ဖြစ်ပြီး ငှက်ပျောဖက်ကလေးများဖြင့် ထုတ်ထားသည်ဖြစ်၍ ငှက်ပျောရွက်နံ့သင်းနေသော ထမင်းဟင်းများဖြင့် ခေါင်းမဖော်တမ်း စားမိကြလေသည်။
"ဒီလိုဟင်းမျိုးတွေ မစားရတာကြာလှပြီကွ" ကိုကျော်စွာက ထမင်း သုံးထုပ်ကုန်အောင်စားပြီး ပြုံးဖြဲဖြဲဖြင့် သူ့ကို ပြောလိုက်သဖြင့် ကိုအောင်မော် ပြုံးလိုက်မိသည်။ "မင်းက ဟင်းမကောင်းလည်း ငယ်ကတည်းက အစားပုတ်တဲ့ကောင်ပါကွာ " ဟူ၍ ပြန်ပြောလိုက်ကာ နှစ်ယောက်သား ရယ်မောမိကြလေသည်။ ထမင်းစားကြပြီးနောက် မြစ်ကြီးနားမြို့ကို ဆိုင်ကယ်ငှားကာ ပတ်ကြလေတော့သည်။ သူတို့နှစ်ယောက် စိတ်ထဲတွင် အထက်တန်းကျောင်းသားဘဝက မြစ်ကြီးနားတွင် ကျောင်းအတူတက်တုန်းက ပျော်ရွှင်စွာ လျှောက်သွားခဲ့ကြသည်ကို အမှတ်ရမိကြကာ ယခုအခါတွင် အသက် ၄၀ကျော်ရှိပြီဖြစ်သော သူတို့နှစ်ယောက်မှာ လူငယ်လေးများသဖွယ် သွက်လက်ပေါ့ပါး နေလေတော့သည်။
ပထမဦးစွာ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားသော ဆုတောင်းပြည့်စေတီဘက်သို့ ထွက်လာခဲ့ကြသည်။ ဆုတောင်းပြည့်စေတီအနီးတွင် လျောင်ေးတော်မူဘုရားကိုလည်း ဝင်ရောက်ဖူးမျှော်ကြသည်။ သူတို့ ကျောင်းတက်စဉ်တုန်းကတော့ လျောင်းတော်မူဘုရား မရှိခဲ့သေးပါ။ ယခုနောက်ပိုင်းမှ ဂျပန်နိုင်ငံရှိ အလှူရှင်များက လှူဒါန်းထားကြောင်း သိရလေသည်။ ထို့နောက်တော့ မြစ်ကြီးနားမြို့ရှိ အခြားသော စေတီပုထိုးများကို လှည့်ပတ်ဖူးကြသည်။
ဂျပန်မှ လှူဒါန်းသည့် လျောင်းတော်မူဘုရား
အံတော်ရှင်စေတီတော်
ရွှေတိဂုံစေတီတော်ပုံစံတူ တည်ဆောက်ထားသော အနန္တသုခရွှေတိဂုံ ဓာတုစေတီတော်
ရွှေတိဂုံစေတီတော်နှင့် ပုံစံတူတည်ဆောက်ထားသော အနန္တသုခရွှေတိဂုံဓာတုစေတီတော်သို့လည်း ရောက်ခဲ့ကြသည်။ သူတို့ မြစ်ကြီးနားတွင် ရှိစဉ်ကတော့ ထိုစေတီမှာ မရှိသေးပါ။ ခုနောက်ပိုင်းမှ တည်ထားကိုးကွယ်သော စေတီဖြစ်သည်။
မြစ်တစ်ဖက်ကမ်းရှိပြာလွင်လွင်တောင်တန်းများနှင့် မြစ်ဧရာ..
မြစ်ပြင်ရှုခင်းများကြည့်ရန် ကမ်းနားလမ်းတစ်နေရာ
ထို့နောက်တော့ မြစ်ကြီးနား မြစ်ကမ်းရိုးတစ်လျှောက် မြင်ပြင်ရှုခင်းများ ကြည့်ရန် ကမ်းနားလမ်းဘက်သို့ ထွက်လာခဲ့ကြပြန်သည်။ မြစ်ကမ်းဘေးတွင် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ကျောင်းသားဘဝက သူတို့နှစ်ဦး စာကျက်ရန်သော်လည်းကောင်း၊ အဆောင်တွင် စိတ်ညစ်စရာများ ကြုံလာလျှင်သော်လည်းကောင်း လာထိုင်လေ့ ရှိကြသည်။ မြစ်တစ်ဖက်ကမ်းရှိ တောင်တန်းကြီးများ၊ မြစ်ပြင်ကျယ်မြင်ကွင်းများကိုလည်းကောင်း၊ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေသော မြစ်ရေပြင်ကိုလည်းကောင်း ထိုင်ကြည့်ကာ စိတ်အပန်းပြေခဲ့ဖူးသည်။ ယခု မြစ်ကမ်းဘေးသို့ ရောက်သောအခါတွင်လည်း မြစ်ပြင်ကိုဖြတ်ကာ တိုက်ခတ်လာသော လေပြေအေးအေးက သူတို့နှစ်ယောက်ကို လန်းဆန်းစေလေသည်။
သို့သော် ယခင် သူတို့ငယ်စဉ်တုန်းကတော့ ဧရာဝတီမြစ်ရေသည် စိမ်းလဲ့ကြည်လင်နေခဲ့သည်။ ယခုအခါတွင်တော့ ကြည်လင်သန့်စင်သော ရေပြင်အစား နောက်ကျိကျိ ရေပြင်နှင့် ကမ်းစပ်တွင်လည်း ကျွတ်ကျွတ်အိတ်များနှင့် အမှိုက်သရိုက်များကို တွေ့မြင်ရသဖြင့် ဟိုးယခင်က သန့်စင်ကြည်လင်သော ရေပြင်နှင့် သန့်ရှင်းသပ်ရပ်နေသော မြစ်ဆိပ်ကမ်းတို့ကို ပြန်လည်တမ်းတမိရကာ စိတ်ထဲတွင် နှမြောမိသလိုလို၊ ဝမ်းနည်းမိသလိုလို ခံစားမိကြလေသည်။
မြစ်ကြီးနားမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သော မနောကကွင်းကြီးဆီသွားရောက်ကာ နှစ်ယောက်သားအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ အရောင်စုံစွာ လှပနေသော မနောတိုင်ကြီးကတော့ ကချင်ရိုးရာယဉ်ကျေးမှု၏ အထိမ်းအမှတ်တစ်ခုအဖြစ် မိုးယံသို့ ထောင်မတ်စွာ တည်ရှိလို့နေသည်။ ကချင်တိုင်းရင်းသားတို့၏ ရိုးရာပွဲလမ်းသဘင်များကို ဤမနောကွင်းကြီးတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိကြသည်။ မနောကွင်းမှ ထွက်လာကြပြီး သာသနာ့ဗိမ္မာန်၊ မြစ်ကြီးနား တက္ကသိုလ်၊ လက်မှုပညာအရောင်းပြခန်း၊ ယဉ်ကျေးမှုအဆောက်အဦး၊ စသော မြစ်ကြီးနားမြို့၏ အထင်ကရနေရာများကို သွားရောက်ကြလေသည်။
ကမ်းနားလမ်းပေါ်မှ သာသနာ့ဗိမ္မာန်
ပြည်လုံးချမ်းသာ ဆုတောင်းပြည့် ဘုရားကြီး
စိမ်းမြဧရာပန်းခြံ
မြစ်ကြီးနား တက္ကသိုလ်ကြီးကတော့ သူတို့ ငယ်တုန်းကအတိုင်း ပြောင်းလဲမှု သိပ်မရှိပါ။ သူတို့နှစ်ယောက် ဆယ်တန်းနှစ်တွင် မန္တလေးသို့ ကျောင်းပြောင်းသွားခဲ့သောကြောင့် မြစ်ကြီးနား တက္ကသိုလ်တွင်တော့ မတက်ခဲ့ဖူးပါ။ သို့သော် တက္ကသိုလ်ကြီးကို ကြည့်ကာ စိတ်ထဲတွင်တော့ ရင်းရင်းနှီးနှီး ခံစားကြရသည်။
ကျောက်တုံးများဖြင့် လှပစွာ ဆောက်လုပ်ထားသော နှစ်ခြင်းခရစ်ယန် ဗိမ္မာန်တော်
မြစ်ကမ်းနားတစ်နရာတွင်ရှိ ပန်းပျိုးပင် အရောင်းဆိုင်
စည်ပင်သာယာဈေး
ဈေးရောင်းဈေးဝယ်ရန် ရောက်လာသော လွယ်ပလိုင်းနှင့် တိုင်းရင်းသူတစ်ဦး
အသီးတန်း
မြစ်ကမ်းတစ်လျှောက် ဆိုင်ကယ်ဖြင့် ပတ်နေရင်း မြစ်ဆုံကို သွားဖို့ ကိုကျော်စွာက ကိုအောင်မော်ကို တိုက်တွန်းလေသည်။ မြစ်ဆုံကို ကိုအောင်မော်အနေဖြင့် မကြာခဏ ရောက်ဖြစ်သောလည်း ကိုကျော်စွာအတွက်မူ မရောက်ဖြစ်သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခဲ့လေပြီ။ ထို့ကြောင့်လည်း ကိုအောင်မော်က ကိုကျော်စွာကို မြစ်ကြီးနားမြို့မှ ၂၈မိုင်ခန့်ဝေးသော မြစ်ဆုံသို့လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်ကာ မြို့ပြင်ဘက်သို့ ထွက်လာခဲ့ကြလေသည်။ ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လေရာ မြို့အပြင်ဘက် မြစ်ဆုံသို့ သွားရာ လမ်းတစ်လျှောက်တွင် ကွန်ကရိ လမ်းသစ်များ ဖောက်လုပ်ထားသည်ကို တွေ့ရလေသည်။ ထိုလမ်းသစ်များကို တွေ့မြင်ရသော ကိုကျော်စွာမှာ ဝမ်းသာအားရဖြင့်
"ဟာ.. တို့ငယ်ငယ်တုန်းက မြစ်ဆုံသွားတဲ့လမ်းက တအားဆိုးတာနော်။ အခုတော့ မြစ်ဆုံကို သွားဖို့ လမ်းတွေ ကောင်းကောင်းမွန်မွန် ဖောက်ထားပြီဘဲ။ ကွန်ကရိလမ်းသစ်ကြီးက ကောင်းလိုက်တာ ။ ဒီလိုလမ်းတွေကောင်းနေတာ မြင်တော့ တကယ်ဝမ်းသာမိတယ်ကွာ" ဟုပြောလေရာ ကိုအောင်မော်က
"အင်း.. စောင့်ကြည့်ပါ.. စောင့်ကြည်ပါ။ အပြောမစောပါနဲ့ .. မကြာခင်တွေ့ပါလိမ့်မယ်" ဟုသာ ဆိုင်ကယ်မောင်းနေရာက သူ့ကို အော်ပြောလိုက်သည်။ မိုးချုပ်သွားမည်စိုး၍ ဆိုင်ကယ်ကို အပြင်းမောင်းနေရသောကြောင့် လမ်းတစ်လျှောက် စကားမပြောဖြစ်ကြတော့ပါ။ မိုင်၂၀ခန့်ခရီးမှာ အသစ်ဖောက်လုပ်ထားသော ကွန်ကရိလမ်းကြောင့် အချိန်မကြာဘဲ ခနအတွင်းရောက်လေသည်။ မကြာခင်တွင် ရေအားလျှပ်စစ် စီမံကိန်းဟူသော ဆိုင်းဘုတ်ကို တွေ့မြင်ရပြီးသည်တွင် ကွန်ကရိလမ်းမှာ ပြီးဆုံးသွားလေပြီ။ ချိုင့်တွေ၊ ကျင်းတွေဖြင့် မြေလမ်းကြမ်းကြမ်းကို ဆက်လက် မောင်းနှင်လာရသည်။ အနောက်တွင်ထိုင်သော ကိုကျော်စွာမှာ ခုလိုလမ်းကြမ်းမျိုး မကြုံတာ ကြာပြီဖြစ်၍ အလူးအလဲ ဖြစ်နေတော့သည်။ ပြုတ်မကျစေရန် ကိုအောင်မော်ခါးကို တင်းတင်းဖက်ထားရလေသည်။
"ဟာ ဘယ်လိုဖြစ်တာလဲ။ ငါက မြစ်ဆုံအထိ လမ်းတွေ သိပ်ကောင်းနေပြီမှတ်တာ။ ဒီဘက်ကျတော့ ဆိုးလိုက်တဲ့လမ်းကွာ။ ဆိုင်ကယ်ဆောင့်လို့ ငါ့ဗိုက်ထဲက ကလီစာတွေတောင် ပြုတ်ထွက်တော့မလား မှတ်ရတယ်။" ဟု ကိုကျော်စွာက ငြီးငြူလေတော့သည်။
ကိုအောင်မော်က နောက်လှည့်ကြည့်ပြီး ကိုကျော်စွာကို ပြန်ပြောသည်။ "ဒါကြောင့် မင်းကို ငါပြောသားဘဲ .. လမ်းကောင်းတယ်လို့ အပြောမစောနဲ့ဦး. စောင့်ကြည့်ဦးဆိုတာ။ မင်းအခု တွေ့တဲ့အတိုင်းဘဲလေ.. ဒီကွန်ကရိလမ်းတွေက မြစ်ဆုံကို အများပြည်သူ သက်သောင့်သက်သာသွားဖို့ ဖောက်ထားတယ်များ မှတ်နေလား။ သူတို့တွေ ရေအားလျှပ်စစ် ဆောက်လုပ်ရေးမှာ သွားလာရေး လွယ်ကူချောမွေ့ဖို့ အတွက် ဖောက်ထားတာ ၊ အခု စီမံကိန်းနေရာကို ကျော်လာတာနဲ့ ဒီလို လမ်းကြမ်းကြမ်းဘဲလေ။ ငါတို့ ငယ်ငယ်တုန်းကလည်း မြစ်ဆုံကိုသွားတိုင်း ဒီမြေလမ်းကနေ ခက်ခက်ခဲခဲ သွားခဲ့ရတာပါဘဲကွာ"
မြစ်ဆုံအနီး တန်ဖရဲရွာတွင်းသို့ရောက်လာသောအခါတွင် ယခင်က သီးပင်စားပင်များဖြင့် စိမ်းစိုစွာရှိခဲ့သော ရွာတွင်းရှိ အိမ်ခြေအများစုမှာ ရွှေကျင်းများ ဖြစ်၍ နေလေသည်။ မြစ်ဆုံအနီးတစ်ဝိုက်နှင့် မေခမြစ်ကြောင်းတစ်လျှောက်တွင် ရွှေထွက်သည်ဟု နာမည်ကျော်လာသဖြင့် ရွှေတူးသူတို့ မျက်စိကျလာကာ ရွာတွင်းမှာရော မေခမလိခမြစ်ဆုံ၊ ကမ်းနားတစ်လျှောက်တွင်ပါ ရွှေတူးသူတို့၏ ရွှေကျင်းများ၊ တဲငယ်များ၊ ဈေးဆိုင်များဖြင့် စည်ကားလို့ နေလေသည်။ ထို့ကြောင့်လည်း မြစ်ဆုံတစ်ဝိုက်တွင် နေရာအနှံ့တူးထားသော ရွှေကျင်းများ၊ တူးပြီး ပစ်ထားသော ကျင်းဟောင်းလောင်းများ၊ အမှိုက်သရိုက်များဖြင့် ပြည့်နေတော့ရာ ဟိုးလွန်ခဲ့သော နှစ်များစွာက ကျော်ကြားခဲ့သော မြစ်ဆုံ၏ လှပသာယာမှုတို့မှာ ဝမ်းနည်းဖွယ် ပျောက်ဆုံးလျှက် ရှိလေသည်။
နာမည်ကျော်မြစ်ဆုံ
မြစ်ကမ်းဘေးတွင် သူတို့နှစ်ယောက် ထိုင်ရင်း စကားပြောရင်းဖြင့် မြစ်ဆုံ၏ လက်ကျန် အလှလေးကို ငေးမောနေကြသည်။ ထိုသို့ ငေးမောနေမိကြရင်း မြစ်ဆုံအောက်နား မလှမ်းမကမ်းတွင် အင်တိုက် အားတိုက် ဆောက်လုပ်နေသော မြစ်ဆုံစီမံကိန်းကို ကြည့်မိကာ ကိုကျော်စွာက " ငါတော့ အလုပ်တွေနဲ့ ရှုပ်တော့မှာဆိုတော့ ဒီနေရာကို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ချင်မှ ရောက်နိုင်တော့မှာ။ ရောက်တုန်းရောက်ခိုက် မြစ်ဆုံအလှလေးတွေ မပျောက်သွားသေးခင် ဝအောင်ကြည့်သွားရမယ် " ဟု ပြောမိသည်။ " အေးကွာ.. ဒီလိုနေရာမျိုးမှာမှ ဆည်ဆောက်ဖို့ စိတ်ကူးရတဲ့သူကို တကယ် ချီးကျုးရမလိုပါဘဲ။ တစ်ခြားနေရာများ ရှာပါဦးတော့လားကွာ။ မြစ်ဆုံဆိုတာ ငါတို့ကချင်ပြည်နယ်မှာ တန်ဖိုးထားရတဲ့ အထင်ကရ အလှပဆုံး နေရာတစ်ခုပါကွာ။ ပြီးတော့လည်း ဆည်တစ်ခုတည်ဆောက်တယ်ဆိုတာ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း အများကြီး ရှိပါတယ်။ ဒီဧရာဝတီမြစ်ဆိုတာ တစ်နိုင်ငံလုံးကို ဖြတ်ပြီး စီးဆင်းသွားတာ။ မြစ်အောက်ခြေနားလောက်မှာ ဆောက်တယ်ဆို ရင်လည်း ထားပါတော့။ခုတော့ မြစ်အစမှာ လာဆောက်တယ်ကွာ.. ဆည်ကြီးဆောက်လိုက်လို့ ဆိုးကျိုးတွေများ ဖြစ်လာခဲ့ရင် မြစ်ကြောင်းတစ်လျှောက် နေထိုင်တဲ့ မြို့ရွာတွေ အားလုံး ခံကြရမှာ။ " ကိုအောင်မော့်စကားကို ကိုကျော်စွာက " အော် မင်းလည်း ရောဂါဆန်းဖြစ်နေတဲ့သူတစ်ယောက်ပါလား" ဟု ပြုံးကာ နောက်လိုက်ရင်း ဆက်ပြောသည်။ " သိပ်တော့လည်း မစိုးရိမ်ပါနဲ့ကွာ။ စနစ်တကျ တွက်ချက်ပြီးမှ ဒီဆည်ကြီးကို ဆောက်တယ်လို့ လူကြီးတစ်ယောက်က ရှင်းပြထားတာဘဲဟာ။ ဘာမှတော့ ဖြစ်မှာမဟုတ်ပါဘူးထင်ပါတယ်။"
"ဧရာဝတီမြစ်ကို ချစ်လို့၊ စိတ်ပူပန်မိလို့ ရောဂါဆန်းလို့ နာမည်တတ်ပြီး ခေါ်မယ်ဆိုရင်လည်း ခေါ်ပါစေကွာ။ ဒါပေမဲ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်သူပြည်သားမှန်ရင် ကိုယ့်တိုင်းပြည်က သဘာဝအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေကို ချစ်ခင်သင့်တယ်၊ တန်ဖိုးထားသင့်တယ်။ ဒါဟာ ဒီနိုင်ငံသားတိုင်းရဲ့ ရှိသင့်တဲ့ စိတ်ဓာတ်ဘဲ မဟုတ်ဘူးလား။ ဘာမှမဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်လို့လဲကွာ၊ နည်းပညာတွေ တိုးတက် ထွန်းကားလှတဲ့ ဂျပန်လိုနိုင်ငံတောင် အဘက်ဘက်က စနစ်တကျ တွက်ချက်ပြီးမှ နယူကလီယား စက်ရုံကြီးကို တည်ဆောက်ထားတာ မဟုတ်လား။ ဒါပေမဲ့ ဘယ်သူမှ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာတဲ့အခါ ဘယ်မှာခံနိုင်ရည်ရှိတော့လို့လဲ။ ခုခေတ်က ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန် ဖြစ်တာ သိပ်များလွန်းတယ်။ မင်းသိတဲ့အတိုင်း ငါတို့ ကချင်ပြည်နယ်က မိုးသိပ်များတဲ့အရပ်။ မတော်လို့ အခါတိုင်းနဲ့မတူဘဲ မိုးတအားကြီးလို့ တောင်ကျရေတွေများတဲ့အခါ ဆည်ကြီးမခံနိုင်ဘဲ ကျိုးတာတို့ ဖောက်ချရတာတို့ ဖြစ်ခဲ့ရင် ဆုံးရှုံးမဲ့ ပမာဏက သိပ်များလွန်းလို့ ရလာမဲ့ အကျိုးအမြတ်နဲ့တော့ လောင်းကြေးထပ်ပြီး လှဲလှယ်ဖို့ မသင့်ဘူးလို့ ငါတော့ထင်တာဘဲကွာ"
ကိုအောင်မော် စကားကို ကိုကျော်စွာက ခေါင်းတညိမ့်ညိမ့်ဖြင့် နားထောင်နေသည်။ ကိုအောင်မော်မှာ မြစ်ဆုံကိုကြည့်ပြီး ရင်တွင်းခံစားချက်များ ပေါက်ကွဲထွက်လာပုံရသည်။ မမောနိုင် မပန်းနိုင် ပြောနေလေတော့သည်။
"ငါတော့ ငါကျောင်းက ကျောင်းသားတွေကို သဘာဝပတ်ဝန်းကျင် ချစ်တတ်အောင်၊ ကိုယ့်တိုင်းပြည်ရဲ့ အလှအပတွေကို တန်ဖိုးထားတတ်အောင် အမြဲတမ်း လှုံ့ဆော်ပေးတယ်ကွ.. ငယ်ကတည်းက သူတို့တွေကို အခြေခံကောင်းလေးတွေ တတ်နိုင်သလောက် ချပေးမှဖြစ်မယ်။ ဒါမှလည်း သူတို့တွေ တစ်ချိန်ချိန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်တဲ့တစ်နေ့မှာ ကိုယ့်တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို တန်ဖိုးထားပြီး ထိန်းသိမ်း စောင့်ရှောက်တတ်အောင်ပေါ့ကွာ။ သူတို့တွေ လူကြီးဖြစ်လာတဲ့တစ်နေ့ တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို မစောင့်ရှောက်ရင်တောင် ဖျက်ဆီးတဲ့ လူတော့ မဖြစ်စေချင်ပါဘူး။ ငါတစ်ယောက်တည်းနဲ့ ပြုပြင်ပြောင်းလဲလို့တော့ မရနိုင်ဘူးပေါ့ကွာ။ ဒါပေမဲ့လည်း ငါတတ်နိုင်တဲ့ အတိုင်းအတာနဲ့တော့ တာဝန်ကျေချင်ပါတယ်။ ငါ့အနေတော့ ဒီဆည်ကြီးပြီးသွားမှာကိုတောင် တကယ်ကို စိုးရိမ်မိပါတယ်ကွာ"
မြစ်ဆုံအနီး တောင်တန်းကြီး
မြစ်ဆုံအနီး သာသနာ ငါးထောင်စံ စေတီကို သူတို့နှစ်ယောက် ဝင်ရောက်ဖူးမျှော်ကြလေသည်။ သာသနာငါးထောင်စံ စေတီဟုအမည်ပေးထားသော်လည်း သာသနာ ငါးထောင်ရှည်ကြာသည်အထိ တည်ရှိနိုင်မည်ဟု မသေချာတော့ပါ။ မြစ်ဆုံစီမံကိန်းကြီးပြီးဆုံးလျှင် ဤနေရာတွင် ရေပြင်ကြီးဖြစ်တော့မည်ဟု ဘုန်းဘုန်းတစ်ပါးက မိန့်ကြားလာသဖြင့် ကိုအောင်မော်တို့ စိတ်မကောင်းဖြစ်ရသည်။ စေတီပုံတော်များကို ပူဇော်ခဲ့ကြပြီး အလှူငွေများ ပါဝင်လှူဒါန်းကာ ညနေစောင်းလာပြီဖြစ်၍ မြစ်ဆုံမှ ပြန်ခဲ့ကြတော့သည်။ မြစ်ဆုံမှ အပြန်တွင် နှစ်ယောက်သား၏ရင်တွင်းမှာတော့ နှမြောသတဖြစ်ခြင်း၊ ဝမ်းနည်းခြင်းတို့က ထပ်တူညီစွာ ခံစားမိကြရသည်။
ဗလမင်းထင်တံတား
ဗလမင်းထင်တံတားကြီးကတော့ ညနေဆည်းဆာအောက်တွင် ခန့်ထည်စွာ ရှိနေလေသည်။
ညမှောင်ရီဆည်းဆာအောက်တွင် တည်ငြိမ်ခန့်ထည်စွာ စီးဆင်းနေသော မြစ်ဧရာဝတီကတော့ အနာဂတ်တွင် သူဘာဖြစ်မည်ကို မသိရှာသလို၊ ဘာမှ မမှုသလိုဖြင့် အေးဆေးငြိမ်သက်စွာ စီးဆင်းလို့ နေနေခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက် ၈တန်း ၉တန်းကို အတူတူတက်ခဲ့ကြသည့် အထက(၁) ကျောင်းဖက်သို့ အလွမ်းပြေ သွားကြည့်ကြပြန်လေသည်။ ကျောင်းရှေ့တွင် ရပ်ကာ ကျောင်းကြီးကို ငေးမောကြည့်မိကြတော့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့ကြသည့် အထက်တန်းကျောင်းသား ဘဝကိုပြန်လည် လွမ်းဆွတ်မိတော့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက် ၈တန်း ၉တန်းကို အတူတူတက်ခဲ့ကြသည့် အထက(၁) ကျောင်းဖက်သို့ အလွမ်းပြေ သွားကြည့်ကြပြန်လေသည်။ ကျောင်းရှေ့တွင် ရပ်ကာ ကျောင်းကြီးကို ငေးမောကြည့်မိကြတော့ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ခဲ့ကြသည့် အထက်တန်းကျောင်းသား ဘဝကိုပြန်လည် လွမ်းဆွတ်မိတော့သည်။
သူတို့နှစ်ယောက် မြို့တွင်းသို့ ပြန်ရောက်ချိန်တွင် ခပ်မှိန်မှိန်မီးရောင်အောက်မှ မြစ်ကြီးနားမြို့သည် အနားယူအိပ်စက်ဖို့ပင် ပြင်နေပြီဖြစ်သည်။ ကချင်ပြည်နယ်၏ မြို့တော်ကြီးဖြစ်သော မြစ်ကြီးနားမြို့သည် ကျိန်ခရမ် ရေအားလျှပ်စစ်စက်ရုံကြီး ရှိသည်ဖြစ်သော်လည်း မီးရောင်ထိန်ထိန်လင်းရမည့်အစား မီးရောင်မှိန်မှိန်ကလေးဖြင့်သာ လင်းပလို့နေသည်။ မြို့လည် နာရီစင်ကြီးကတော့ ရောင်စုံမီးရောင်များဖြင့် လှပ ခန့်ညားလို့နေခဲ့သော်လည်း လမ်းမီးမှာတော့ မလင်းတစ်လှည့် လင်းတစ်လှည့်သာ။ ညစာကိုလည်း ကချင်ရိုးရာ စားသောက်ဆိုင်တွင်သာ ဝင်စားကြပြီး ညဈေးတန်းဖက် ဆိုင်ကယ်ဖြင့် ပတ်ကြပြန်လေသည်။ မြို့လယ်ကောင် ညဈေးတန်းတွင်တော့ ကိုယ်ပိုင် မီးချောင်းလေးများ ထွန်းကာ ရောင်းချနေသော တရုတ်ပစ္စည်းမျိုးစုံတို့က အရောင်စုံ၊ အသွေးစုံ၊ ဈေးနှုန်းချိုချိုဖြင့် အရည်အသွေး ကောင်းသည် မကောင်းသည် အပထား ဝယ်သူကို ဆွဲဆောင်လို့နေသည်။ သူတို့နှစ်ယောက် တည်းခိုရာ ဟိုတယ်တွင်တော့ တရုတ်ပြည်လုပ် မီးစက်နိုးပြီး မီးထွန်းထားသဖြင့် ဟိုတယ်တစ်ခုလုံးကတော့ မီးရောင်တွေဖြင့် ထိန်ထိန်လင်းလို့ နေလေခဲ့သည်။ မနက်ဖန် မနက်စောစော ဖားကန့်တက်ဖို့ ကားလာကြိုမည်ဖြစ်၍ အဆင်သင့်ဖြစ်စေရန် ပစ္စည်းများကို သိမ်းဆည်းကြပြီးနောက် ရေမိုးချိုးကာ အိပ်ရာပေါ်သို့ လှဲအိပ်လိုက်သည်နှင့် တစ်နေကုန် လည်ပတ်ထားသော အရှိန်ဖြင့် နှစ်ယောက်သား နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
~~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~
ကျွန်မကိုယ်တိုင် ရိုက်ခဲ့သော မြစ်ကြီးနားမြို့နှင့် မြစ်ဆုံပုံများမှာ ပျက်စီးသွားခဲ့သောကြောင့် ကင်မရာအတွင်း အနည်းငယ်ကျန်ခဲ့သော ပုံအချိုနှင့် သူငယ်ချင်း၊ မိတ်ဆွေများ ပို့ပေးသော မြစ်ကြီးနား၊ မြစ်ဆုံပုံများအား အသုံးပြုထားပါသည်။ ဓာတ်ပုံများအတွက် ဒေါက်တာ ကျော်သူစိုး၊ သူငယ်ချင်း အားမီးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်းရှင်။ မကြာခင် ရောက်ရှိတော့မဲ့ ကိုကျော်စွာနဲ့ ကိုအောင်မော်တို့ရဲ့ ဖားကန့်ခရီးကို ဆက်လက်စောင့်မျှော်ကြည့်ကြပါဦးစို့နော်။
ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်