မျှော်လင့်လျှက်ပါ မြစ်ဧရာ..


ကျွန်မငယ်ငယ်က ပထဝီဘာသာကို စပြီးသင်ရပြီဆိုတာနဲ့ ဧရာဝတီမြစ်ဆိုတဲ့အမည်ကို ရင်းနှီးခဲ့တာပါ။ အသက် ၁၃နှစ်မှာ မြစ်ကြီးနား စရောက်ဖူးတာနဲ့ အမြန်ဆုံးအပြေးအလွှား သွားကြည့်ဖြစ်တာ ဧရာဝတီမြစ်ပါ။ နာမည်လေးကလည်း လှသလို ကျယ်ပြောလှတဲ့ မြစ်ပြင်ကြီးကလည်း စိတ်ဝင်စားဖွယ်အတိပါဘဲ။ မြစ်ကြီးနားမြို့ကနေ ၂၈မိုင်ဝေးတဲ့ မြစ်ဆုံဆိုတာကိုတော့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် လွယ်လွယ်နဲ့ မရောက်ဖြစ်ခဲ့ပါဘူး။ ရောက်ဖူးပြီဆိုပြန်တော့ မြစ်ဆုံရဲ့မြင်ကွင်းဟာ ကျွန်မအတွက် တစ်သက်မမေ့စရာဖြစ်ခဲ့ရပါတယ်။ အောက်ခံကျောက်သားလေးတွေပေါ်အောင် ကြည်လင်နေတတ်ခဲ့တယ်။ ရေခဲတောင်ကနေ မြစ်ဖျားခံပြီး စီးဆင်းလာတဲ့ မေခ မလိခ မြစ်နှစ်သွယ်ကြောင့်လည်း ရေတွေဟာ အေးစိမ့်လို့နေတယ်။ ကျောက်ဆောင်များ၊ ကျောက်တုံးများကို ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ ရေစီးသံလွင်လွင်လေးကိုတောင် နားထောင်ခွင့်ရနိုင်လောက်အောင် အေးချမ်းသာယာတဲ့ မြစ်ဆုံဖြစ်ပါတယ်။


http://dslrstranger.files.wordpress.com/2010/03/myitsonev.jpg
သာယာလှပတဲ့ မြစ်ဆုံ   (photo: dslstranger)

ဒီနောက်ပိုင်းတော့ မြစ်ကြီးနားရောက်တိုင်း မြစ်ဆုံကို သွားဖြစ်အောင် ကြိုးစားမိပါတယ်။ ဒါပေမဲ့ ကျွန်မ ယခင်ကတွေ့ဖူးတဲ့မြစ်ဆုံနဲ့တော့ ခြားနားတဲ့ နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။ သို့သော်လည်း စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်နေဆဲပါ။ မြစ်ဆုံ၊ ချောင်းဆုံဆိုတာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ သို့သော် တစ်နိုင်ငံလုံးအားကိုးအားထားပြုရတဲ့ မြစ်တစ်စင်းဖြစ်ပေါ်ဖို့ အစပြုတဲ့ မြစ်နှစ်စင်းဆုံရာ အလှအပမျိုးတော့ နေရာတိုင်းမှာ မရှိနိုင်ပါဘူး.။ မြစ်ဆုံဟာ ကချင်ပြည်နယ်မှာတော့ အလှပဆုံး နေရာတစ်ခုပါ။ မြစ်ဆုံကို မြန်မာပြည်သူ ပြည်သားတိုင်းက ရောက်ဖူးချင်ကြတဲ့ အလှပဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ရောက်ဖူးပြီးသူများအနေနဲ့လည်း တစ်ခါရောက်ဖူးရင် နောက်ထပ်တစ်ခါ သွားချင်တဲ့နေရာဖြစ်ပါတယ်။ 

မြစ်ဆုံမှာ ဆည်ဆောက်တာ ဘာများ ကန့်ကွက်စရာရှိသလဲ၊ ငွေကြေးအကျိုးအမြတ် ရတာဘဲလို့ အချို့ကတော့ ပြောကောင်းပြောကြမှာပါ။ သို့သော် မြစ်ဆုံလို လှလှပပ သာသာယာယာ နေရာတစ်ခုဟာ ရှာကြည့်ရင် အင်မတန်မှ ရှားပါတယ်။ နိုင်ငံတကာမှာ သဘာဝ ပတ်ဝန်းကျင်အလှအပ၊ ရေမြေတောတောင်တွေကို ထိန်းသိမ်း စောင့်ရှောက်နေကြချိန်မှာ ကျွန်မတို့နိုင်ငံကြီးမှာတော့ အထိမ်းအကွပ်မဲ့ ပြုန်းတီးစေခဲ့တယ်။ နောင်လာနောက်သားတွေအတွက် ဒီလိုလှပသာယာတဲ့နေရာတွေ၊ တောတွေ၊ တောင်တွေ မချန်ရစ်ခဲ့တော့ဘူးလားရှင်။ မျိုးတုန်းနေတဲ့ သစ်တောတွေ၊ တောင်ကတုန်းတွေ၊ ခမ်းခြောက်နေတဲ မြစ်ချောင်းတွေကိုသာ ချန်ရစ်ခဲ့ကြရမလား။
အခုခေတ်အခါမှာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုအပြောင်းအလဲတွေ များစွာဖြစ်ပြီး သဘာဝ ဘေးဒဏ်တွေ ဒီလောက်ဖြစ်လာရတာ၊ နောင်တစ်ချိန် တောတောင်ပြုန်းတီး၊ မြစ်ကြောင်းတွေ ခမ်းခြောက်ကုန်တဲ့အခါ ကမ္ဘာကြီး ဘယ်လောက်များ အပူချိန်တိုးလာပြီး နှောင်းခေတ်လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲလို့ တွေးကြည့်စေချင်ပါတယ်။ သူများနိုင်ငံမှာ တောတောင်အတု၊ ရေတံခွန်အတု၊ ပင်လယ်အတု၊ စမ်းချောင်းအတု စတာတွေ ဖန်တီးကြပြီး အပန်းဖြေစရာ၊ သွားလာ လည်ပတ်စရာနေရာတွေကို ဖန်တီးလာကြတယ်။ ဒါဟာ လူတွေအတွက် တောတောင်၊ စိမ့်စမ်း၊ ရေတံခွန် စတဲ့ သဘာဝလက်ဆောင်တွေဟာ လူတွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။ 
သဘာဝဘေးဒဏ်တွေ နှစ်တိုင်းခံရတဲ့ တရုတ်ပြည်ဟာ ခုနောက်ပိုင်း သဘာဝပတ်ဝန်းကျင်လို အလေးထားလာပါတယ်။ အရင်က မြစ်ချောင်းတွေပေါ်မှာဆောက်ခဲ့တဲ့ ဆည်တွေကြောင့် အခုချိန်မှာ လူထုအတွင်း ဒုက္ခရောက်ကြရတာတွေ ရှိလာတော့ မြစ်ချောင်းတွေကို ထိန်းသိမ်းလာတယ်.။ တောတောင်တွေကို စောင့်ရှောက်လာတယ်။ တရုတ်ပြည်မှာ သစ်ပင်တစ်ပင်ခုတ်ဖို့ အလွန်ခက်ခဲပါတယ်။ မြို့တွေဆိုရင်လည်း သစ်ပင်တွေ၊ အလှပင်တွေ၊ အရိပ်ရပင်တွေ အများအပြားစိုက်ပျိုးလာကြပါတယ်။ သူတို့တိုင်းပြည်၊ သူတို့မြို့ရွာကိုတော့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်နေကြပြီး ကျွန်မတို့တိုင်းပြည်က သစ်တွေ မရမက ခိုးထုတ်တယ်။ တောတောင်တွေကို မြေလှန်ရှာဖွေ၊ တူးဆွလို့ရတဲ့ ကျောက်စိမ်းတွေ အသည်းအသန် လိုက်ဝယ်တယ်။ ကျွန်မတို့ ပြည်တွင်းက ရွှေထွက်တဲ့နေရာတွေမှာ ရွှေရှာခွင့်ရဖို့ မဖြစ်မနေ ကြိုးပမ်းနေကြတယ်။ သူတို့မြေမှာ စိုက်ပျိုးလို့မဖြစ်ထွန်းတဲ့ စားပင်သီးပင်တွေ ပြည်တွင်းမှာ မြေလာငှားပြီး စိုက်ပျိုးကြပြန်တယ်။
အခုလည်း သူတို့ဆီက မြစ်တွေ၊ ချောင်းတွေကိုကျ မထိပါးတော့ဘဲ ကျွန်မတို့တိုင်းပြည်က မြစ်ပေါ်မှာ ဆည်တွေလာဆောက်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပါတော့မယ်။ ဆည်ဆောက်လို့ ရလာတဲ့ လျှပ်စစ်ကိုတော့ သူတို့ပြည်တွင်းမှာ ပြန်သုံးပါတော့မယ်။ သူတို့ကငွေအကုန်ခံရုံနဲ့ သူတို့တိုင်းပြည်ရဲ့ သဘာဝ ပါတ်ဝန်းကျင်မပျက်မစီးဘဲ လျှပ်စစ်မီးတွေ ရသွားနိုင်တော့မယ်။ ကျွန်မတို့မှာတော့ ရလာမဲ့ ငွေကြေးလေးကို မျှော်ပြီး တိုင်းပြည်ရဲ့ အဖိုးတန် သဘာဝအလှအပတွေ၊ ပတ်ဝန်းကျင်တွေ၊ ရေမြေတောတောင်တွေကို အဖျက်ဆီးခံကြရတော့မယ်။ တရုတ်လူမျိုးတွေကို မေးကြည့်ချင်တာက ကျွန်မတို့တိုင်းပြည်ကသာ ပိုက်ဆံတွေအများကြီးပေးပြီး သူတို့ရဲ့ မြစ်ပေါ်မှာ ဆည်သွားဆောက်မယ် ဆိုရင် သူတို့တွေ လက်ခံနိုင်ပါ့မလား။ ကျွန်မထင်တာတော့ ဘယ်လိုမှ လက်ခံမှာမဟုတ်ပါဘူး။ သူများတိုင်းပြည်မှာသာ ကျူးကျူးကျော်ကျော် သွားဆောက်ကြပေမဲ့ သူတို့ဆီမှာဆောက်ရင် လက်ခံနိုင်မှာမဟုတ်တာ ရာနှုန်းပြည့်သေချာပါတယ်။
မြစ်ဆုံလို လှပသာယာတဲ့ နေရာပေါ်မှာတော့ ဆည်ကြီးဆောက်ပြီး ၊ မြစ်ကြီးနားမြို့မှာတော့ ပင်လယ်တု အပန်းဖြေစခန်းတစ်ခု ဆောက်မယ်ဆိုတဲ့ အစီအစဉ်ကလည်း ကြားရတာ ထူးဆန်းအံ့သြဖွယ်တော့ ကောင်းနေပါတယ်။ ရှိတဲ့ သဘာဝအလှကိုတော့ ဖျက်ဆီး၊ ရောင်းစားပြီး သဘာဝမကျတဲ့ အတုကို ဖန်တီးမယ်ဆိုတာကရော ဘယ်လောက်များ သဘာဝအလှကို မီနိုင်မှာမို့လဲ၊ တန်ဖိုးရှိမှာမို့လဲလို့ တွေးမိပါတယ်။ ထိန်းသိမ်းသင့်တာက သဘာဝတရားကိုပါ။ အတုတည်ဆောက်မဲ့အစား ရှိနေတဲ့ သဘာဝအလှအပတွေကိုဘဲ တန်ဖိုးထား စောင့်ရှောင့်သင့်တယ် မဟုတ်လားရှင်။
ဆည်ကိုဆောက်နေခဲ့ကြသူများ၊ စီမံကိန်းမှာ ပါဝင်ကြသူများ၊  တာဝန်ရှိသူများဟာ နောင်တစ်ချိန် ဒီဆည်ကြီးကြောင့် အများပြည်သူ ထိခိုက်နစ်နာမှုတွေ ဖြစ်လာခဲ့ရင် ၊ ဆုံးရှုံးမှုတွေ ရှိလာခဲ့ရင် တရားခံအဖြစ် အားလုံးက အပြစ်တင်ပြီး လက်ညိုးဝိုင်းထိုးတာ ခံကြရမဲ့အဖြစ်ပါ။ သူတို့တွေမရှိတော့ရင်တောင် သားစဉ်မြေးဆက်က အပြစ်မကင်းသလို ခံစားကြရမှာပါ။ ထိခိုက်ဆုံးရှုံးမှုတွေ၊ များပြားနိုင်တဲ့၊ အင်မတန်လှပတဲ့ သဘာဝရဲ့ အမွေအနှစ်ပေါ်မှာ တည်ဆောက်ချင်တဲ့ ဒီမြစ်ဆုံဆည် တည်ဆောက်ရေးကို ပြန်လည်စဉ်းစားပေးကြဖို့ တာဝန်ရှိလူကြီးမင်းများကို တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေကတော့ မြစ်ဆုံနဲ့ ဧရာဝတီမြစ်ကြီးကို သဘာဝအတိုင်းလေး သာသာယာယာနဲ့  စီးဆင်းနေတာကိုသာ မြင်တွေ့ချင်ကြပါတယ်။ မြစ်ဆုံနဲ့ မြစ်ဧရာရဲ့ အလှအပတွေ တာဝစဉ်တည်တံ့ခိုင်မြဲစွာ ရှိနေဖို့လည်း မျှော်လင့်လျှက်သာ ရှိနေပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing