ခရုခွံထဲကအိမ်ဆိုလို့ ခရုခွံနဲ့တူတဲ့ အိမ်ကလေးတွေအကြောင်း ပြောချင်တာပါ။ အင်မတန်မှ ချစ်စရာကောင်းတဲ့ အိမ်ကလေးတွေပါ။ အဲဒါကတော့ မက္ကစီကိုမှာ နေထိုင်ကြတဲ့ ကလေးနှစ်ယောက်ရဲ့ မိခင်နဲ့ ဖခင်ဖြစ်တဲ့ Magali နဲ့ Fernando Mayorga တို့ မိသားစုဟာ သာမာန် အိမ်တစ်လုံးမှာ နေထိုင်လာကြရင်း အများနဲ့မတူတဲ့ ထူးထူးခြားခြား အိမ်ကလေးတစ်လုံးမှာ နေချင်တဲ့ စိတ်ကူးဖြစ်ပါတယ်။ ဘယ်လိုအိမ်မျိုးလဲဆိုတော့ ခရုတို့ ပက်ကျိတို့လို အကောင်တွေဟာ အခွံမာရဲ့ အောက်မှာ နေထိုင်ကြသလို သူတို့တွေဟာလဲ ခရုပက်ကျိကောင်များလို အခွံပုံသဏ္ဍာန်ရှိတဲ့ အိမ်မျိုးနဲ့ နေချင်ခဲ့တာပါ။ ဒါနဲ့ဘဲ Arquitectura Orgánica အဖွဲ့ရဲ့ ဒီဇိုင်နာ Javier Senosiain ရဲ့ လက်ရာ ( Nautilus House) ခရုခွံပုံ အိမ်ဟာ ၂၀၀၆ခုနှစ်မှာ ပေါ်ထွက်လာရပါတော့တယ်။
ခရုအိမ်ရဲ့ ပုံစံဒီဇိုင်းဖြစ်ပါတယ်။
အပေါ်စီးက မြင်ရတဲ့ ပုံပါ
ဒါကတော့ ချစ်စရာ အရောင်စုံလေးနဲ့ တကယ်ပြင်ပမှာရှိနေတဲ့ခရုပုံအိမ်ကလေးပါ
အိမ်ကလေးကို အနီးကပ်ကြည့်ရင်
အတွင်းမှာလည်း ကွေ့ဝိုက်ပြီး ဖောက်လုပ်ထားတဲ့ အခန်းဖွဲ့စည်းပုံဟာ ခရုခွံထဲမှာ ခွေပြီး နေနေရတဲ့ ပက်ကျိ၊ ခရုတို့နဲ့ အလားသဏ္ဍာန်တူတယ်လို့ ဆိုပါတယ်။ တကယ်လို့များ သင်ဟာ ခရုခွံလေးထဲမှာသာ ဝင်သွားလို့ရမယ်ဆိုရင် အခုအိမ်ကလေးကိုလည်း ခရုခွံထဲ ဝင်ရောက်ရတဲ့ ခံစားချက်မျိုးနဲ့ အတူတူပါဘဲလို့ ဆိုပါတယ်။ ခရုခွံအိမ်ကလေးရဲ့ အတွင်းထဲကို လေ့လာကြည့်မယ်ဆိုရင်
အိမ်ဝင်ပေါက်
အိမ်အတွင်း ရှုခင်း
ရောင်စုံမှန်သားတွေနဲ့ အကွက်ဖော်ထားတဲ့ ဘေးနားက ဝင်ပေါက်ကနေ အိမ်ထဲဝင်လိုက်မယ်ဆိုရင် လှေကားထစ်ကလေးတွေကို ဖြတ်သန်းရပြီးနောက် လျှာက်လမ်း ခပ်ကျဉ်းကျဉ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ စိမ်းစိမ်းစိုစိုနဲ့ အပင်ငယ်များ၊ ပန်းကလေးများ ပွင့်တတ်တဲ့ အပင်တစ်ချို့နဲ့ မြက်ခင်းစိမ်းတို့ကို စိုက်ပျိုးထားပြီး စမ်းချောင်းအတုလေးတစ်ခုကိုလည်း ထည့်သွင်းဆောက်လုပ် အလှဆင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းတဲ့ အဝါရောင် ထိုင်ခုံနဲ့ စားပွဲကတော့ အပန်းဖြေအနားယူဖို့ ဖြစ်ပါတယ်။
ချစ်စရာ အိမ်ခန်းလေး
ဘေစင်
ရေချိုးခန်း
တီဗီခန်း
မီးဖိုခန်း
ခရုခွံထဲ လျှောက်သွားနေရသလို ခံစားရစေမယ်ဆိုတဲ့ အိမ်ကလေးရဲ့အတွင်း နံရံများဟာ မီးဒဏ်နဲ့ ငလျှင်ဒဏ်ကို ခံနိုင်တဲ့ ကွန်ကရိအကောင်းစားများနဲ့ ဆောက်လုပ်ထားတာ လိုက်ဖက်သင့်တော်တဲ့ ကျောက်ပြားများ၊ ဆေးရောင်များကိုလည်း ကပ်ဆင်ထားပါတယ်။ ပူအိုက်တဲ့ရာသီရော အေးတဲ့ရာသီအတွက်ပါ အဆင်ပြေ သင့်တော်တဲ့ အမျိုးအစားဖြစ်ပါတယ်။
******************@@@@@@@@@@@@********************
ခရုခွံအိမ် နောက်တစ်ခုကလည်း မက္ကဆီကိုမှာဘဲ ရှိတာပါ။ အဲဒီအိမ်ဟာ ခရုအကြီးမျိုးရဲ့ အခွံပုံသဏ္ဍာန်တည်ဆောက်ထားတာဖြစ်ပါတယ်။ Isla Mujeres ကျွန်းပေါ်မှာတည်ရှိပြီး Octavio Ocampo ရဲ့ အိမ်ဖြစ်ပါတယ်။ အိမ်တစ်ခုလုံးရဲ့ အတွင်းအပြင်ဟာ အဖြူရောင်များသာ ဆေးခြယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝေးဝေးက လှမ်းကြည့်ရင် အဖြူရောင် ခရုသင်းတစ်ခုလို မြင်တွေ့ရပါတယ်။
အိမ်အတွင်း အပြင်အဆင်များဟာ ခရုခွံများနဲ့တည်ဆောက်ထားပြီးတော့ အိမ်ထဲမှာ လူ၎ယောက်အတွက် အခန်း ၂ခန်း၊ ရေချိုးခန်း ၂ခန်းနဲ့ အိမ်ရှေ့မှာတော့ ရေကူးကန်ပါ ပါရှိပါတယ်။ အိပ်ခန်းကတော့ အခြားအိမ်များမှာလို လေးထောင့်မဟုတ်ဘဲ အဝိုင်းဖြစ်တာကြောင့် ထောင့်ချိုးများ လုံးဝမရှိပါဘူး။ အိမ်အတွင်း လှေကားများသည်ပင် ကွေ့ဝိုက်ပြီး တက်ရောက်ရတဲ့ လှေကားဖြစ်ပါတယ်။
ခရုခွံများနဲ့ အလှဆင်
အိမ်အပြင်အဆင်များသာ ခရုခွံများနဲ့ ပြင်ဆင်ထားတာ မဟုတ်ဘဲ ဘေစင်က ရေကျရာနေရာကိုပင် ခရုခွံဖြင့်ပြုလုပ်ထားပြီး ရေချိုးခန်းနံရံ၊ ဘေစင် တို့ကိုလည်း ကမာခွံများ၊ သန္တာကျောက်များနဲ့ ပြုလုပ်ထားတာကြောင့် အိမ်ကလေးထဲမှာ ပင်လယ်ရဲ့ အငွေ့အသက်များ ဖုံးလွှမ်းလို့ နေပါတယ်။ ဒီလိုအိမ်မျိုးမှာ နေရတဲ့ ခံစားချက်ကလည်း ကမ္ဘာပေါ်က ဘယ်လိုအိမ်မျိုးမှာနေရတဲ့ ခံစားချက်နဲ့မှ မတူညီနိုင်ပါဘူးလို့ ဆိုပါတယ်။ ကရစ်ဘီယံပင်လယ်ကလည်း ကျွန်းကို ဝိုင်းရံနေတာမို့ အင်မတန်မှ စိတ်ချမ်းသာစရာ ကောင်းလှတဲ့ ပတ်ဝန်းကျင်နဲ့ ပင်လယ်ရဲ့ အလှကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။
အိမ်ရှေ့ရေကူးကန်
ပျားရည်ဆမ်းခရီးထွက်ချင်ကြတဲ့ ကြင်စဦးမောင်နှံများအတွက်လည်း ခရုံခွံအိမ်ကလေးက အထူးနှုန်းထားနဲ့ လက်ခံနေပါတယ်လို့ သိရပါတယ်။ သင့်မင်္ဂလာဦးအမှတ်တရအဖြစ် ခရုခွံထဲမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်တယ်ဆိုရင်ဖြင့် ပျားရည်ဆမ်း သွားရောက်နိုင်ပါကြောင်းနဲ့ ခရုခွံထဲ နေရတာ ဘယ်လိုခံစားရသလဲဆိုတာ သိချင်ခဲ့ရင်ဖြင့် ခရုခွံအိမ်ကလေးကို အလည်သွားကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်...