ဒီနေ့ဟာ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်နော်။ အခါကြီးရက်ကြီး မြတ်သောနေ့ ဖြစ်လေတော့ ဘုရားဖူးထွက်ကြရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ကျွန်မနဲ့အတူ မြန်မာပြည်တွင်းတစ်နေရာက ဘုရားဖူးဖို့ သွားကြပါစို့လားနော်.. ဟိုတလောက မူဆယ်မြို့က ဘုရားကို ဖူးခဲ့ကြသေးတာ မှတ်မိမယ် ထင်ပါတယ်နော်။ ဒီတစ်ခါတော့ မူဆယ်နဲ့ မဝေးလှတဲ့ ရှမ်းတို့ရဲ့မြို့ကလေး နမ့်ခမ်းဆီ အလည်သွားပြီး ဘုရားဖူးကြပါဦးစို့ရဲ့နော်။ မူဆယ်မြို့ကနေ ထွက်လာပြီး စောမွန်လှရဲ့ မွေးရပ်မြေ စယ်လန့်ရွာ ကလေးကို ဝင်ပြီးတာနဲ့ မူဆယ်မြို့ကနေ ကိုးမိုင်ခန့်ဝေးတဲ့ နမ့်ခမ်းမြို့ကို ရောက်ပါတယ်။ နမ့်ခမ်းကနေ ဆက်သွားမယ်ဆိုရင် ကချင်ပြည်နယ် ဗန်းမော်မြို့ထိ သွားလို့ရပါတယ်။ မူဆယ်မြို့နေ ကားနဲ့ထွက်လာပြီး လယ်ကွင်းစိမ်းစိမ်းတွေကိုဖြတ်သန်းပြီး နာရီဝက်မရှိခင်မှာ နမ့်ခမ်းမြို့ ကို လှမ်းမြင်နေရပါပြီ။
နမ့်ခမ်းမြို့ကို လှမ်းမြင်ရပြီ
နမ့်ခမ်းမြို့ကို သက္ကရာဇ် ၁၇၇၇ ခုနှစ်မှာ ကျေးရွာငယ်ကလေးအဖြစ် စတင်တည်ထောင်ခဲ့ပေမဲ့ သာယာအေးချမ်းပြီး လယ်ယာမြေစိုက်ပျိုးဖြစ်ထွန်းတာကြောင့် လူဦးရေ တဖြေးဖြေး တိုးတက်များပြားလာတာကြောင့် မြို့ပြအဖြစ်သို့ ရောက်ရှိလာပါတယ်။ နမ့်ခမ်းဟူသည်မှာ မြို့တောင်ဘက်နားတွင်ရှိတဲ့ နမ့်ခမ်းဖောင် ချောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းဘာသာဖြင့်နမ့် ဆိုသည်မှာ မြန်မာလို ရေ၊ ခမ်းဖောင်ဆိုသည်မှာ ရွှေမှုန်များဟု အဓိပ္ပါယ်ရတာကြောင့် နမ့်ခမ်းဖောင်ချောင်းကလေးမှာ ရွှေထွက်သည့် ချောင်းတစ်ခုအဖြစ် ယခုတိုင် ရွှေကျင်သူများ ရှိနေဆဲဖြစ်ပါတယ်။ ၄င်း နန့်ခမ်းဖောင်ချောင်းဟာ ရွှေလီမြစ်ထဲကို စီးဝင်ပါတယ်။ နမ့်ခမ်းမြို့ဟာ တရုတ်နယ်စပ်နဲ့ ကပ်လျှပ် ရွှေလီမြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် တရုတ်ထွက်ကုန်ပစ္စည်းနဲ့ ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းတို့ ပေါများပြီး လယ်ယာစိုက်ပျိုးဖို့ မြေသြဇာကောင်းမွန်လှတဲ့ လယ်ကွင်းများ၊ လ္ဘက် စိုက်ပျိုးဖို့ တောင်ကုန်း တောင်တန်းကြီးများ ပေါများလှပါတယ်။ ရှေးခေတ်ကတည်းက သာသာနာရောင်ဝါလင်းသည့် မြို့ဖြစ်တာကြောင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများ ပေါများတဲ့မြို့ဖြစ်ပါတယ်။