ကျွန်မတို့ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေကြတာနဲ့ ပတ်သက်လို့ အသေးစိတ် မဟုတ်တောင် အကြမ်းဖျဉ်းတော့ အရင်တုန်းကလည်း ရေးခဲ့ဖူးပါတယ်။ ဖားကန့်ဒေသခံများသာမက မြန်မာပြည် အနှံ့အပြားက လူငယ်လူရွယ်တို့ရဲ့ စိတ်ကူး အိပ်မက်တွေ ဖြစ်မြောက်အောင် ရှာဖွေကြရာ အခန်းကဏ္ဍဟာ ဖားကန့် ရေမဆေး ကျောက်များ ရှာဖွေခြင်း ဟာလည်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ငွေအရင်းအနှီး မလိုဘဲ မြေစာပုံပေါ်မှာ ကျောက်ကောင်း တစ်လုံး တစ်လေလောက် ကောက်ရရုံနဲ့ ငွေဝင်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်တာကြောင့် ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေကြတဲ့ သူတွေ လက်ညိုးထိုး မလွဲလောက်အောင် များပြားလှပါတယ်။ “ နိုင်ငံခြား မထွက်နိုင်ရင် ဖားကန့်တက်” လို့တောင် ပြောစမှတ်ရှိလောက်အောင် စိတ်ကူးတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ပေးနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့သော် လူတိုင်းရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ရဲ့လား ဆိုတာနဲ့ ရေမဆေးကျောက် ဘယ်လိုများ ရှာကြသလဲဆိုတာ တစေ့တစောင်း လေ့လာကြည့်ရရင်ဖြင့်...
ရေမဆေးကျောက် ရှာသူများ ပွဲတော်တမျှ များပြားလှ
ရေမဆေးရှာဖို့ အားမာန်အပြည့်၊ မျှော်လင့်ချက်အပြည့်နဲ့ ချီတက်နေကြတဲ့ လူငယ်အချို့
ရေမဆေးကျောက် ရှာသူတွေဟာ လုပ်ကွက် အသီးသီးက စွန့်ပစ်တဲ့ မြေစာပုံတွေ ပေါ်မှာ လိုက်လံ ရှာဖွေကြတာ ဖြစ်ပါတယ်… မြင့်မားလှတဲ့ တောင်ကြီးတွေဖြိုဖျက်ပြီးမှ ကျောက်စိမ်းတွေ ရှာဖွေကြမှတော့ အဲဒီဖြိုဖျက်လိုက်တဲ့ မြင့်မားလှတဲ့ တောင်တန်းတွေကထွက်လာတဲ့ မြေကြီးတွေကို စွန့်ပစ်ဖို့နေရာဟာ ဖားကန့်ဒေသမှာ အကြီးအကျယ် လိုအပ်ချက်ဖြစ်လာပါတယ်။ ချောင်းဘေးနားမှာ၊ လူနေအိမ်တွေနားက မြေကွက်တွေမှာ၊ အလွယ်တကူ စွန့်ပစ်ကြတဲ့အတွက် မြေအနေအထား ပြောင်းလဲမှု အများဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်လက လမ်းတွေရှိနေပေမဲ့ နောက်လလောက်မှာ လမ်းတွေ မရှိတော့ဘဲ ကျောက်စိမ်းလုပ်ကွက်တွေကြောင့် ချိုင့်တွေ ကျင်းတွေဖြစ်ကုန်ရတာတွေ၊ ချောင်းနားဘေးက စွန့်ပစ်မြေစာတွေကြောင့် ချောင်းရေစီးဆင်းမှု ပိတ်ဆို့ပြီး မိုးတွင်းအခါမှာ အကြီးအကျယ် ရေကြီးပြီး လူထုတွေ ဒုက္ခရောက်ကြရတာတွေဟာ စာဖွဲ့မကုန်တဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။
ချောင်းဘေးက မြေစာများ
ရေဘေးကာကွယ်ရေးဆိုပြီး ချောင်းကမ်းဘေးတွေမှာ မြေကြီးတွေ အပုံလိုက် အပုံလိုက် လာပစ်ကြပြီး နောက်နှစ်မိုးတွင်းမှာဘဲ ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီး ရေလျှံပြီး များစွာ ဆုံးရှုံးမှုတွေ ဖြစ်ပါတော့တယ်။ မြေကြီးတွေ လာဖို့လိုက်လို့ ချောင်းအရွယ်အစား ကျဉ်းမြောင်းသွားပြီး မိုးရွာလို့ ချောင်းရေတိုးတဲ့အခါ ရေတွေစီးဆင်းဖို့နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတော့တာကြောင့် လူနေ အိမ်ခြေ ရပ်ကွက်တွေထဲ မတန်တဆ ဝင်ရောက်လာကြပါတော့တယ်။ ဒီပြဿနာဟာ လုပ်ကွက်တွေရဲ့ စွန့်ပစ်မြေစာတွေကြောင့် ချောင်းကောပြီး ရေကြီးရတာဖြစ်တာကြောင့် စနစ်တကျ မဖြေရှင်းရင် နောင်နှစ်တွေမှာ ပိုပြီးဆိုးဝါးလာမဲ့ အခြေအနေ ရှိပါတယ်။
ဒီလို မြေစာပုံကြီးတွေမှာ သက်စွန့်ဆံဖျား ကျောက်စိမ်းရှာသူများ
ရေမဆေးကျောက် ရှာဖွေပုံအကြောင်း ဆက်ပြောရမယ်ဆိုရင်