အစိမ်းရောင်လေ့ကျင့်ခန်းများ

 
ကျွန်မတို့ဟာ မိမိရဲ့ အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ် နေ့စဉ် အချိန်ကုန်နေရာကနေ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့ တောင်ပေါ်မြို့တွေလို နေရာတွေကို ရောက်သွားတဲ့အခါ စိတ်ဖိစီးနေတာတွေ၊ ပန်ပင်း နွမ်းနယ်နေတာတွေ ပြေပျောက် လန်းဆန်းသွားတာကို ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ်ပင်တွေ၊ တောတောင်တွေရဲ့ စွမ်းအားကြောင့်ပါဘဲ။  အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင် ချမ်းမြေ့စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ်သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်းဆိုတဲ့ စကားလုံးနဲ့ အနည်းငယ် စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအရာကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါလိမ့်မယ်။ 

Image Hosted by PicturePush - Photo Sharing


အစိမ်းရောင်လေ့ကျင့်ခန်းက တစ်ခြားမဟုတ်ပါဘူး.. မိမိအနီးနား ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့ သဘာဝနဲ့တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊ ကိုယ်လက်လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု စောင့်ရှောက်တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။ သင်ဟာ စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင် ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင် အိမ်အပြင်ဘက်က စိမ်းလန်းတဲ့ ပတ်ဝန်းကျင်မှာ တစ်နေ့ကို ၅မိနစ်ခန့်တော့ မဖြစ်မနေ အချိန်ပေး နေထိုင်သင့်တယ်လို့ ပညာရှင်များက အကြံပြုကြပါတယ်။ လေ့လာဆန်းစစ်ချက်များအရ စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေရှိရာ ပန်းခြံ၊ ဥယျာဉ်၊ တောတောင်၊ သစ်တောတို့မှာ ငါးမိနစ်ခန့် လမ်းလျှောက်ခြင်း၊ မြင်းစီးခြင်း၊ သီးပင်စားပင်၊ ပန်းအလှပင်များ စိုက်ပျိုးပြုစုခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ကိုယ်လက် လှုပ်ရှား ပြုလုပ်ခြင်း၊ မြစ်ချောင်း၊ ရေကန်တို့မှာ ငါးမျှားခြင်း စသည်တို့ကို ပြုလုပ်ပေးပါက စိတ်ရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အထူးဘဲ ကောင်းမွန် တိုးတက်စေနိုင်တယ်လို့ Environmental Science and Technology မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ 
Image Hosted by PicturePush - Photo Sharing
 ပန်းပင်၊ သီးပင်ပြုစုပျိုးထောင်ခြင်း
Image Hosted by PicturePush - Photo Sharing

စက်ဘီးစီးခြင်း

Image Hosted by PicturePush - Photo Sharing
လမ်းလျှောက်ခြင်း 
Image Hosted by PicturePush - Photo Sharing
မြင်းစီးခြင်း 

စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ အိမ်၊ ခန်းမ စတဲ့ နေရာအတွင်းမှာ လေ့ကျင့်ခန်း လုပ်တာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အစိမ်းရောင် လေ့ကျင်းခန်းကို ပြုလုပ်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုနဲ့ စိတ် မကြည်မလင် ညစ်နွမ်း နေတာတွေကိုပါ လျော့ပါးသက်သာ စေနိုင်တာကြောင့် အစိမ်းရောင် လေ့ကျင်းခန့် ပြုလုပ်တဲ့ အလေ့အထကို ပြုစု ပျိုးထောင်သင့်ပါတယ်။ မိမိအိမ် ခြံဝင်းတွင်းမှာသော်လည်းကောင်း သို့မဟုတ် အနီးတစ်ဝိုက်က အစိမ်းရောင် ရှုခင်းများ၊ သစ်ပင်များရှိရာ နေရာတို့မှာ သော်လည်းကောင်း အဆင်ပြေတဲ့ နေရာမှာ အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်နိုင် ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင် အနေ အထားဟာ ဘေးပတ်ဝန်းကျင်မှာ ရေကန်၊ ရေအိုင်၊ မြစ်ချောင်း စသည်တို့ရှိပါက ပိုပြီး ထိရောက် ကောင်းမွန်တယ်လို့လည်း ပညာရှင်များက အဆိုပြုကြပါတယ်။ ပင်လယ် ကမ်းခြေဟာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရေးအတွက် အလွန်အကျိုးရှိစေတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 ငါးမျှားခြင်း
Image Hosted by PicturePush - Photo Sharing
တောင်တက်ခြင်း


အစိမ်းရောင်ပေါများတဲ့ သဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်း၊ ရေအိုင်၊ ပင်လယ် ကမ်းခြေတို့မှာ ရှိနေတဲ့ လေထုဟာ လူနေ အိမ်ခြေ ထူထပ်တဲ့နေရာ၊ မိမိနေထိုင်တဲ့ တိုက်ခန်းလိုနေရာ၊ ကား အသွားအလာ ရှုပ်ထွေးတဲ့ နေရာတွေထက်စာရင် အများကြီး သန့်စင်နေမှာ ဖြစ်တဲ့အတွက်  အဲဒီလို နေရာတွေမှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့်လည်း အဆုပ်ကို သန့်ရှင်းတဲ့လေတွေ ပိုမို ဝင်ရောက်ခွင့်ရတဲ့အတွက် အဆုပ်ရဲ့ကျန်းမာရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ အဲဒီလို ပင်လယ်ကမ်းခြေနဲ့ ရေကန်ရေအိုင်တွေရှိတဲ့ ပတ်ဝန်းကျင်၊ အစိမ်းရောင် သစ်ပင်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေထိုင်လေ ကျန်းမာရေးအတွက် အကျိုးရှိလေဖြစ်သော်လည်း သင့်အတွက် အချိန်အများကြီး မဟုတ်တောင် ၅မိနစ်လောက် သွားလာ နေထိုင် လှုပ်ရှားယုံနဲ့တင် စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် လုံလောက် မျှတစေနိုင်တယ်လို့ ဆိုပါတယ်။ 

Image Hosted by PicturePush - Photo Sharing
 အစိမ်းရောင် ပတ်ဝန်းကျင်

မိမိအိမ်တွင်း၊ တိုက်ခန်း၊ စသည်တို့ရဲ့ အတွင်းထဲမှာသာ အမြဲတမ်း နေထိုင်သူများ၊ တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်တတ်သူများ၊ ရယ်ဒီမိတ် အစားသောက်ကိုသာ အများအားဖြင့် စားသောက် တတ်ကြသူများထက် သဘာဝပတ်ဝန်းကျင် သစ်ပင်တောတောင်၊ ရေချောင်း၊ ရေကန်၊ ပင်လယ်ကမ်းခြေ စသည်တို့မှာ နေထိုင်သူများ၊ အုပ်စုအဖွဲ့များ၊ အပေါင်းအသင်း မိတ်ဆွေများဖြင့် လှုပ်ရှားသွားလာ တတ်ကြသူများ၊ အသီးအနှံ လတ်လတ်ဆတ်ဆတ်တို့ကို စားသောက်တတ်ကြသူများဟာ ကျန်းမာရေး ပိုမိုကောင်းမွန်ကြတယ်လို့ ဆိုပါတယ်။  


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အစိမ်းရောင် သဘာဝ ပတ်ဝန်းကျင်များအတွင်းက အိမ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ဥယျာဉ်ခြံစိုက်ပျိုးခြင်း

အချိန်မရှိလို့၊ အလုပ်များလို့ စသဖြင့် ဆင်ခြေပေးကောင်း ပေးကြပါလိမ့်မယ်။ အချိန်များများ မဟုတ်ပါဘူး။။ ငါးမိနစ်လောက် နေ့စဉ်အချိန်ပေးပြီး အစိမ်းရောင် လေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။ သင့်ရဲ့ စိတ် အခြေ အနေဟာ သိသိသာသာ တိုးတက် ကောင်းမွန်လာပါလိမ့်မယ်။ ဥပမာ ရုံးကို ကားနဲ့ သွားတတ်သူတစ်ဦးဟာ မိမိရဲ့ကားကို ရုံးနဲ့ မိုင်ဝက်ခန့်ဝေးတဲ့နေရာမှာ ပါကင်ထိုးပြီး မိုင်ဝက်ခန့် လမ်းလျှောက်ပေးခြင်း၊ နေ့လည်စာ စားချိန်ကိုလည်း မိမိကွန်ပျူတာဘေးမှာ စားသောက်ခြင်း၊ အလျင်စလို စားသောက်ပြီး အလုပ်ထဲ အမြန်ပြန်ဝင်ခြင်းထက် မိမိကို ပေးထားတဲ့အချိန်မကုန်မချင်း  ပြင်ပ ဝန်းကျင်ကို ထွက်ပြီး လေညှင်းခံခြင်း၊ သဘာဝ ပတ်ဝန်းကျင် အလှအပများကို ခံစားခြင်း၊ မိမိကလေးကို ကျောင်းပို့ကျောင်းကြို ပြုလုပ်ရာတွင် အိမ်မှ ကျောင်းသို့ တောက်လျောက် ကားမောင်း သွားခြင်းထက် ပန်းခြံ၊ ရေကန်တို့ရှေ့မှာ ခေတ္တခဏ ရပ်နားပြီးမှ သွားခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
 အုပ်စုလိုက် green exercise  ပြုလုပ်နေကြပုံ

Jules Pretty နဲ့ Jo Barton တို့နှစ်ဦး သိပ်မကြာခင်ကမှ သုတေသန ပြုလုပ်ထားတဲ့ လေ့လာချက် ဆယ်ခုမှာ လူပေါင်း ၁၂၅၂ဦးကို ဆန်းစစ် လေ့လာချက်များ အရ အစိမ်းရောင် ပတ်ဝန်းကျင်မှာ  လေ့ကျင့် ခန်း ပြုလုပ်ခြင်းဟာ မူလထက် စိတ်ကြည်လင် ငြိမ်းချမ်းမှု ပိုမို ရရှိလာတယ်၊ ကိုယ်ခန္ဓာရဲ့ ကျန်းမာရေး လည်း ပိုမိုတိုးတက် ကောင်းမွန်လာတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အစိမ်းရောင် သစ်ပင်တွေ များများရှိတတ်တဲ့ နေရာမျိုးတွေမှာ မိမိ တစ်ဦးတည်းသော်လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်း၊ အစုအဖွဲ့များနဲ့ သော်လည်းကောင်း ခဏတာ လေ့ကျင့်ခန်းများ ပြုလုပ်ကြခြင်းဟာ ငွေကုန်ကြေးကျ မများလှတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ပါတယ်။။ အစိမ်းရောင် ပတ်ဝန်းကျင်မှာ လှုပ်ရှား သွားလာ နေထိုင်ခြင်းအားဖြင့် မိမိ အလုပ်ကြောင့် သော်လည်းကောင်း၊ ရှုပ်ထွေးတဲ့ ဘဝ နေထိုင် မှုကြောင့် သော်လည်းကောင်း ဖြစ်ပေါ်လာတတ်တဲ့ စိတ်ဖိစီးမှုများခြင်း  သူတစ်ပါးအပေါ် မကျေနပ် ဒေါသ ကြီးခြင်း၊ မနာလိုစိတ် များပြားကြီးမားခြင်း၊ စိတ်ရှုပ်ထွေး စိတ်ဓာတ်ကျခြင်း စသည်တို့ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ 


ကျန်းမာရေးအတွက် အကျိုးကျေးဇူးကြီးမားလှတဲ့ အစိမ်းရောင် လေ့ကျင့်ခန်းကို ကျွန်မတို့အနေနဲ့ တတ်အားသမျှ လုပ်ဆောင်ကြည့်ကြပါစို့လားနော်။
Image Hosted by PicturePush - Photo Sharing

Ref: Dr. Jo Barton ( The benefits of green exercise )
Jo Barton, Jules Pretty  (What is the Best Dose of Nature and Green Exercise for Improving Mental Health? )