ချယ်ရီသက်သေ..



ချယ်ရီတွေ ပွင့်တဲ့အချိန်ရောက်လာပြီ။ ပန်းတွေကို ချစ်တတ်တဲ့ ကျွန်မဟာ ချယ်ရီပန်းကိုလည်း သိပ် သဘောကျပါတယ်။ ဘာဖြစ်လို့ သဘောကျ တာလဲလို့ မေးရင်တော့ အဖြေတိတိကျကျ မရှိပါဘူး။ တစ်နှစ်မှ တစ်ခါသာပွင့်တတ်တဲ့ ပိတောက်ပန်းတွေကို သဘောကျသလို ဆောင်းရာသီမှ ပွင့်လာရတဲ့ ချယ်ရီပန်း ကိုလည်း သဘောကျပါတယ်။အခြားနိုင်ငံများ (ဂျပန်၊ တရုတ်နဲ့ အမေရိကန်၊ ကနေဒါ) တို့မှာတော့ မတ်၊ ဧပြီလောက်မှသာ ချယ်ရီပွင့်ပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ချယ်ရီဟာ ဒီဇင်ဘာ၊ ဇန်နဝါရီလ တို့မှာ ပွင့်ပါတယ်။ သူတို့နိုင်ငံတွေမှာ သိန်းနဲ့ချီပြီး စိုက်ပျိုးထားတဲ့  ပန်းခြံကြီးတွေမှာ ချယ်ရီပန်းတွေ ပွင့်ပြီဆိုရင် လူပေါင်းများစွာ သွားရောက်ကြည့်ရှုကြသလို အပင်အောက်မှာ ပျော်ပွဲစားထွက်ကြ၊ ဓာတ်ပုံရိုက်ကြ၊ စားကြသောက်ကြနဲ့ ပွဲတော်တမျှ စည်ကားလှပြီး ကမ္ဘာလှည့် ခရီးသွားတွေလည်း အများအပြား လာရောက်ကြပါတယ်။  ဂျပန်လို ဆာကုရာလို့ ခေါ်တဲ့ ချယ်ရီပန်းဟာ ဂျပန်တွေရဲ့ အထွတ်အမြတ် ထားတဲ့ ပန်းတစ်မျိုး လည်း ဖြစ်ပါတယ်။ ချယ်ရီပန်းပွင့်ချိန်မှာ Hanami လို့ခေါ်တဲ့ ချယ်ရီပန်းကြည့်တဲ့ ပွဲကို တခမ်းတနား ပြုလုပ်လေ့ ရှိပါတယ်။ 

အမေရိကန်နိုင်ငံမှာ ယခင်က ချယ်ရီပန်းဆိုတာ လုံးဝမရှိပါဘူး။ ၁၉၀၅ခုနှစ်မှာ ဂျပန်နိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိသွားသူတွေက အပြန်မှာ ဂျပန်ပြည်က ချယ်ရီပန်းတွေကို ယူဆောင် သွားကြတဲ့ အတွက် ချယ်ရီပန်းရောက်ရှိလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်ဝန် Yukio Ozaki ကလည်း အမေရိကန်နိုင်ငံကို ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၁၂ မတ်လ၂၇ ရက်နေ့မှာ ချယ်ရီပင်ပေါင်းများစွာကို လက်ဆောင်  ပေးခဲ့ပါတယ်။  အခုဆိုရင် အမေရိကန်မှာလည်း ချယ်ရီပင်ပေါင်း များစွာ ရှိနေပြီး အပွင့်ပွင့်ချိန်မှာတော့ လှပဝေဆာစွာ ဖူးပွင့်လို့ နေပါတယ်။ ချယ်ရီပွင့်တဲ့ အချိန်တွေမှာ ပင်လုံးကျွတ် ညွှတ်ဝေနေတဲ့ ချယ်ရီပန်းခြံကြီးတွေထဲမှာ ချယ်ရီပန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပြီး လာရောက်ကြည့်ရှုသူတွေ အလွန်များပြားလှပါတယ်

ချယ်ရီနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ မန္တလေး တက္ကသိုလ်မှာ တက်တုန်းက ချယ်ရီတွေ ပွင့်ချိန်မှာ သူငယ်ချင်းတွေစုပြီး ဆိုင်ကယ်နဲ့ ပြင်ဦးလွင်ကို တက်ကြပါတယ်။ ညနေစောင်းတော့မှ ချယ်ရီပန်းတွေခူးပြီး လက်ကကိုင်ကာ သူငယ်ချင်းမောင်းတဲ့ ဆိုင်ကယ်နောက်ကနေ စီးပြီး မန္တလေးမြို့ကို ပြန်ခဲ့ကြပါတယ်။ မန္တလေးမြို့အဝင်မှာ လက်ထဲက ချယ်ရီပန်းတွေကို ကြည့်လိုက်ချိန်မှာတော့ အပွင့်တစ်ပွင့်မှာ ကျန်မနေတော့ဘဲ ရိုးတံတွေချည်း ကျန်နေလို့ သူငယ်ချင်းတွေ ဝိုင်းရယ်ခဲ့ကြပါတယ်။ အပွင့်အားလုံးဟာ ဆိုင်ကယ်စီးတော့ လေတိုက်တဲ့ အရှိန်နဲ့ လမ်းတစ်လျှောက်လုံး လွှင့်ကြွေကုန်ခဲ့တာပါ။ ဒီအဖြစ်လေး ကတော့ ကျွန်မအတွက် ချယ်ရီပန်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာလေးတစ်ခုပါ။

အဲဒီချိန်တုန်းကတော့ ကင်မရာ ဘာညာကိုယ့်လက်ထဲပါမသွားတော့ ဓာတ်ပုံ သေချာ မရိုက်ဖြစ်ခဲ့ ပါဘူး။ ကျောင်းပြီးတော့လည်း ပြင်ဦးလွင်ကို ချယ်ရီပွင့်ချိန်နဲ့ တိုက်ဆိုင်ပြီး တစ်ခါမှ ထပ် မရောက်ဖြစ်တဲ့ အတွက် ချယ်ရီပန်းနဲ့ ဝေးနေခဲ့ပါတယ်။ ဒီဇင်ဘာမှာ ကျွန်မနေတဲ့ မြို့ကလေး အနီးက တောင်ကုန်းပေါ်မှာ ချယ်ရီပန်းတွေ ဝေဆာလို့ နေပါပြီ။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ ကျွန်မဟာ ဟိုးအရင်ကတည်းက ချယ်ရီ ပန်းတွေကို သေသေ ချာချာလေး ဓာတ်ပုံရိုက်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ချယ်ရီတွေ ပွင့်ရာ အရပ်မှာ ရှိနေတာမို့ ချယ်ရီပန်း ပွင့်ချိန်မှာတော့ ချယ်ရီရှိတဲ့ တောင်ပေါ်ကို အကြိမ်ကြိမ်သွားရောက်လို့ အချိန်ပေးပြီး ချယ်ရီပန်းတွေကို ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing






Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ပထမဆုံးရက် တောင်ပေါ်ကို ရောက်တဲ့အချိန်ဟာ ညနေစောင်းနေပါပြီ။ တောင်ပေါ်ရောက်တော့မှ ချယ်ရိတွေ ပွင့်နေတာတွေ့ခဲ့ရပြီး ပါသွားတဲ့ ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်. သို့ပေမဲ့ ညနေစောင်းပြီး အလင်းရောင် နည်းနေပြီမို့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေဟာ စိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်ရက်မှာ တောင်ပေါ်ကို ပြန်သွားပြီး ချယ်ရီပန်းတွေကို အေးအေးဆေးဆေး လင်းလင်း ချင်းချင်း ဓာတ်ပုံ ရိုက်ယူဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ မတောက်တခေါက် လက်ရာများကို အောက်ကပုံတွေမှာ အားပေးကြည့်ရှု ကြပါဦးလို့နော်။