ကျောက်စိမ်းမြေက ကံဆီးစော်ဘွားများ (ဇာတ်သိမ်းပိုင်း)

အရှေ့က ရေးခဲ့တဲ့ ကံဆီးစော်ဘွားများအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင် ၁၂၄၇ခု တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်နေ့မှာ သီပေါဘုရင်ပါတော်မူပြီး အင်္ဂလိပ်တို့ မြန်မာပြည်ကြီးကို သိမ်းပိုက်လိုက်ကြပါတယ်။ ၄င်း အင်္ဂလိပ် တို့ကို ရှမ်းစော်ဘွားများ၊ ဆမားဒူဝါစသော ကချင်စော်ဘွားများက ခုခံ တွန်းလှန်ကြသကဲ့သို့ ကံဆီးစော်ဘွား တို့မှာလည်း စစ်ရေးပြင်ဆင်ပြီး အင်္ဂလိပ်တို့ တက်အလာကို စောင့်နေခဲ့ ပါတယ်။ အထက်မြန်မာပြည် မိုးကောင်းမြို့အထိ ရောက်ရှိလာတဲ့ အင်္ဂလိပ်တို့ဟာလည်း သိပ်မကြာခင်မှာဘဲ ကံဆီးနယ်အထိ ရောက်ရှိ လာတာကြောင့် ကံဆီးစော်ဘွားတို့က လက်နက်လူသူများနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သို့ပေမဲ့ အမြော်အမြင်ကြီးတဲ့  အကိုကြီးဖြစ်သူ ကံဆီးစော်ဘွား ကံဆီးနောင်က အင်အားချင်း မမျှသောကြောင့် မိမိဘက်မှ လူများ အများအပြား သေကြေ ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် စစ်ကို ဆက်မတိုက်ဖို့ တားမြစ်ကာ စစ်တိုက်ခြင်းကို ရပ်ဆိုင်းပြီး အင်္ဂလိပ် စစ်မင်းကြီးနဲ့ တွေ့ဆုံ စစ်ပြေငြိမ်းခဲ့ပါတယ်။ 

စစ်ပြေငြိမ်းပြီး လက်ဆောင်ပဏ္ဏာများနဲ့ ရောက်ရှိလာတဲ့ ကံဆီးစော်ဘွားကြီး ကံဆီးနောင်ကို အင်္ဂလိပ် စစ်မင်းကြီးကလည်း လေးလေးစားစား ဆက်ဆံခရီးဦးကြို ပြုပြီး ကံဆီး ရတနာနယ်မြေမှာ အပျက်အစီး တစ်ခုမှ မရှိစေရအောင် တာဝန်ယူပါတယ်လို့ ဝန်ခံ ကတိပေးခဲ့ပါတယ်။ ကံဆီးနယ်မြေနဲ့ ပတ်သက်ပြီး စော်ဘွားကြီးရဲ့ ဆန္ဒကိုလည်း သိလိုပါတယ် ပြောတဲ့အခါ ကံဆီးစော်ဘွားကြီးက ၄င်းအုပ်စိုးသော ကံဆီး ရတနာနယ်မြေကို ယခင် မြန်မာဘုရင် ပေးအားခဲ့သည့်အတိုင်း အပိုင်စားဆက်လက်ရလိုပြီး အင်္ဂလိပ်မင်းများ အဖျက်အဆီး အနှောက်အယှက် မပြုပါရန် အလိုရှိပါတယ်လို့ တောင်းဆိုတဲ့အတွက် စစ်မင်းကြီးက ကံဆီးနယ်မြေကို ယခင် အတိုင်း အတားအဆီး၊ အဟန့်အတားမရှိ စေရန် ကတိပေးပြီး ကံဆီး နယ်မြေကို စော်ဘွားကြီးအား ဆက်လက် အုပ်ချုပ်ရန် ပေးအပ်ထားခဲ့ပါတယ်။ ထို့နောက် ကံဆီးစော်ဘွားကြီးကိုလည်း မဟာမိတ်အဖြစ် ချစ်ကြည်စွာ အလေးထားပြီး  တပေါင်းလ အချိန်ရောက်တဲ့အခါ မိုးကောင်းမြို့သို့ အင်္ဂလိပ်များ ဆုတ်ခွာသွား ခဲ့တယ်လို့ ဆိုပါတယ်။ 

အင်္ဂလိပ်စစ်မင်းကြီးဟာ ဝိတိုရိယဘုရင်မထံ ကံဆီးစော်ဘွားအကြောင်းကို စာရေးသားပေးပို့ အကြောင်းကြားတဲ့အခါ ဝိတိုရိယ ဘုရင်မလည်း ကံဆီးစော်ဘွားကို နှစ်သက်သဘောကျပြီး ရွှေဒင်္ဂါး ၁၇ကျပ်သားကို ရွှေစလွယ် ပြုလုပ်ပြီး ဦးထုပ်၊ ဓား၊ ဖိနပ်၊ တံဆိပ်တုံး၊ ကြိမ်လုံး စတဲ့ အင်္ဂလိပ်မင်းတို့ရဲ့ အဆောင် အယောင်များနဲ့ အတူ ကြက်သရေဆောင် ရွှေစလွယ်ရမင်း (K.M.S ) ဘွဲ့ကို ချီးမြှင့်ပြန်တယ်လို့ ဆိုပါတယ်။ ကံဆီးနယ်ကိုလည်း ယခင်အတိုင်း အပိုင်စားပေးအပ်ခဲ့ပြီး ကံဆီးမှတ်တမ်းကိုလည်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုး မှတ်တမ်းတင်ညပီး ကံဆီးစော်ဘွားအားလည်း ပေးခဲ့ပါတယ်။ ကံဆီးစော်ဘွားမှာ တစ်နှစ်တစ်ကြိမ် ရန်ကုန်မြို့ရှိ အင်္ဂလိပ် ဘုရင်ခံ ဆီ လက်ဆောင် ပဏ္ဏာများ ထုံးစံအတိုင်း ဆက်သခဲ့ရပါတယ်။  


နောင်တော် ကံဆီးစော်ဘွား ကံဆီးနောင် ကံကုန်တဲ့အခါ ညီတော်ကံဆီးလှက ကံဆီးနယ်ကို ဆက်လက် အုပ်ချုပ်ပါတယ်။ ကံဆီးလှလက်ထက်မှာလည်း ရွှေစလွယ်ရမင်း K.S.M ဂုဏ်ဘွဲ့ကို ဆက်လက်ချီးမြှင့်တယ်လို့ ဆိုပါတယ်။ ထို့နောက် အဆောင်၁၂ဆောင် ပါဝင်သော ကံဆီးဟော ကြီးကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ပြီး မိခင်နှင့်တကွ သားသမီး ဇနီးမယားတို့နဲ့ နေထိုင်ပြီး ကံဆီး ကျောက်စိမ်းနယ်မြေကို တရားနည်းလမ်း မျှတစွာ အုပ်ချုပ်ပါတယ်။ အဲဒီအချိန်တုန်းက ကျောက်စိမ်းနယ်မြေဟာ ရှေးကထက် ဆထက်တိုးလို့ စည်ကားဖွံ့ဖြိုးပြီး လူဦးရေးများလည်း တိုးတက်များပြားလာကာ ကံဆီးမြို့သစ်ကြီးမှာလည်း ဗုဒ္ဓဘာသာတရားများ ထွန်းကားပြီး ဘုရားကျောင်းကန်တွေနဲ့ စည်းစည်ကားကား သာသာယာယာ ရှိခဲ့ပါတော့တယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


၎င်းမြို့သစ်နေရာဟာ ယခု ကံဆီးမြို့ဟောင်း နေရာဖြစ်ပါတယ်။ အပေါ်ပုံဟာ အရင်ပိုစ့်မှာ ဖော်ပြခဲ့တဲ့ ကံဆီး စော်ဘွားတို့ရဲ့ ကံဆီးဟော နေရာဟောင်းပါ။ ခုချိန်မှာတော့ အုတ်ရိုးတွေကိုသာ တွေ့မြင်ရပါတော့တယ်။ ဒီဟောကြီးပေါ်မှာ မင်းတုန်းမင်းကြီးနဲ့ သီပေါမင်းတို့ ချီးမြှင့်ခဲ့တဲ့ မင်းခမ်းမင်းနားသုံး အဆောင်ယောင်များစွာ ရှိခဲ့သော်လည်း မီးလောင်ပြီး အားလုံး ပျက်စီးသွားခဲ့ရတယ်လို့ ယခုလက်ရှိ သက်ရှိထင်ရှား ရှိနေသေးသော ကံဆီးစော်ဘွား အဆက်အနွယ် စော်ဘွားကတော် အဖွားလေး ဒေါ်ဂျာဖာလုက ပြောပြပါတယ်။ 





ပြီးခဲ့တဲ့ပိုစ့်မှာ ကံဆီးစော်ဘွားကိုးကွယ်ခဲ့တဲ့ ရုပ်ပွားတော်လို့ ဖော်ပြခဲ့တဲ့ အထက်က ရုပ်ပွားတော်ဟာ ကံဆီးစော်ဘွားကြီးရဲ့ တာဝန်ပေးချက်အရ သားတော်အငယ် ကံဆီးစောအွံက မန္တလေး ရွှေမြို့တော်သို့ သွားရောက်ပြီး ဘုရားကို သွန်းထု ပူဇော်ပင့်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားတကာဟာ စော်ဘွားကြီးရဲ့သား ကံဆီးစောအွံဖြစ်ပါတယ်။ ကံဆီးစောအွံကို စော်ဘွားလေးလို့ အားလုံးက လေးလေးစားစား ခေါ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဖခင်ကိုယ်စား ကံဆီးကျောက်စိမ်းတွင်းနယ်မှာ ဆောင်ရွက်စရာကိစ္စများကို ကူညီဆောင်ရွက် ကြည့်ရှုလေ့ရှိပြီး ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့အတွက် နယ်သူနယ်သား အားလုံးတို့က စော်ဘွားလေးကို ချစ်ကြောက် ရိုသေကြပြီး လူဆိုးသူခိုးတို့ပင် စော်ဘွားလေးကို ကြောက်ရွံ့တုန်လှုပ်ကြတယ်လို့ သိရပါတယ်။


စိတ်ကောင်းရှိပြီး နယ်သူနယ်သားတို့က ချစ်ခင်လေးစားတဲ့ စော်ဘွားလေးမှာ သက်တော်မရှည်ရှာဘဲ မန္တလေးမြို့သို့အသွား ကံတော်ကုန်တယ်လို့ စာအုပ်ထဲမှာ ရေးထားတာ ဖတ်ရပါတယ်။ မသွားခင်မှာ လက်မှာ ကိုင်ထားတဲ့ ရေတကောင်းပြုတ်ကျခြင်း၊ ကံဆီးဟောပေါ်က အဆင်းမှာ ခွေးနှစ်ကောင် ခိုက်ရန်ဖြစ်ပွားပြီး တစ်ကောင် သေဆုံးတဲ့အတွက် စော်ဘွားကြီးတို့ ကိုးကွယ်တဲ့ ဘုန်းတော်ကြီးက စော်ဘွားလေးကို မန္တလေးသို့ မသွားဖို့ တားမြစ်ပေမဲ့ စော်ဘွားလေး ကံဆီးစောအွံက အရေးမထားဘဲ မန္တလေးကိုသွားခဲ့ရာမှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ရတယ်လို့ သိရပါတယ်။ မန္တလေးမှာ ကွယ်လွန်တဲ့ စော်ဘွားလေးရဲ့ ရုပ်ကလပ်ကို အင်္ဂလိပ်တို့က မှန်စီရွှေခေါင်းထဲ ထည့်သွင်းပြီး ခမ်းခမ်းနားနား ပြင်ဆင်ကာ ရထားဖြင့် ကချင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး ကံဆီးမြို့ အရောက် အစောင့် အရှောက်များနဲ့ ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 


စော်ဘွားလေး မရှိတော့တဲ့နောက် ကံဆီးစော်ဘွားကြီးကဘဲ နယ်မြေကို စည်းကမ်းနဲ့အညီ အုပ်ချုပ်ပါတယ်။ ကံဆီးမြို့တွင်းမှာလည်း သုံးထပ်ကျောင်းဆောင်ကြီးကို ဆောက်လုပ်ပြီး သံဃာတော်များ သီတင်းသုံးနိုင်ရင် လှူဒါန်းခဲ့ပါတယ်။ လုံးခင်း၊ မိုးကောင်း၊ အင်းတော်၊ နန့်တိန်း စသည့်မြို့များမှာလည်း ပြသာဒ်ကျောင်း တစ်ဆောင်စီ လှူဒါန်းခဲ့ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောသော စော်ဘွားကြီးမှာ အသက် ၆၆နှစ်မှာ ကံတော်ကုန်ပါတယ်။ စော်ဘွားကြီး ကံတော်ကုန်တဲ့အခါ မြေးဖြစ်သူ ကံဆီးလှဆိုင်က ရာထူးကိုဆက်ခံပြီးနယ်မြေကို ဆက်လက် အုပ်ချုပ်ပါတယ်။ ကံဆီးကျောက်စိမ်းနယ်ကို အုပ်ချုပ်သူ စော်ဘွားအပြောင်းအလဲ ဖြစ်တဲ့အခါ အချို့သော မှော်ထိန်း၊ မှော်အုပ်၊ သူကြီးတို့ဟာ စိတ် အပြောင်းအလဲဖြစ်ပြီး တစ်နှစ်တစ်ကြိမ် သီတင်းကျွတ်တိုင်း ကံဆီးစော်ဘွားထံ လက်ဆောင်ပဏ္ဏာများ ဆက်သရခြင်း၊ အခွန်တော်များ ဆက်သွင်းရခြင်း၊ အမှုကိစ္စတို့ကို တိုင်ပင်ဆွေးနွေးရခြင်း၊ စော်ဘွားကြီး၏ အဆုံးအမ ခံယူရခြင်းတို့ ပြုလုပ်လေ့ရှိရာ စော်ဘွား ကံဆီးလှဆိုင် အုပ်ချုပ်တဲ့အခါ ထိုသို့သော အမှုကိစ္စများကို ဆောင်ရွက်ဖို့ ပျက်ကွက်သူ များပြားလာပါတယ်။ ဒီ့အပြင် ကျန်းမာရေးမကောင်းလှတဲ့ ကံဆီးစော်ဘွားလှဆိုင်ကလည်း နယ်သူနယ်သားများကို ထိထိရောက်ရောက် ဂရုတစိုက် အုပ်ချုပ်နိုင်ခြင်းမရှိ ဖြစ်လာပါတယ်။ အင်္ဂလိပ်အစိုးရက ကံဆီးစော်ဘွားကို ဆရာဝန်များဖြင့် ကုသစေတဲ့အခါ ဆရာဝန်များက  နောက် ၆လသာ ခံတော့မည်ဟု ပြောကြတဲ့အတွက် မြစ်ကြီးနားအရေးပိုင် မစ္စတာဟတ်က ရန်ကုန်ရှိ အင်္ဂလိပ်ဘုရင်ခံထံ အကြောင်းကြားရာ ကံဆီးစော်ဘွား မကွယ်လွန်မှီ စော်ဘွားရဲ့ သားကြီးအား ရာထူး လွှဲပြောင်းပေးအပ်ရန် မစ္စတာဟတ်ကို အမိန့်စာ ထုတ်ပြန်ပြီး ဆောင်ရွက်စေခဲ့ပါတယ်။ 

အရေးပိုင် မစ္စတာဟတ်ဟာ စစ်သည်တပ်သားများနဲ့အတူ ကားမိုင်းမြို့တောင်တန်း ဝန်ထောက် မစ္စတာ ဒေးဗစ်၊ မြို့အုပ်၊ ခရိုင်ခုပ်၊ သူကြီး၊ ဆရာဝန် စသည်တို့ကို ခေါ်ဆောင်ကာ ကျောက်စိမ်းနယ်မြေ ဥရုချောင်းဖျားရှိ ကံဆီးမြို့သို့  လာရောက်ကြပြီး စော်ဘွားကြီးရဲ့ သားတော် ဆင်ဝါးနောင်ကို နယ်သူ နယ်သားများရှေ့မှာ  ကြီးကျယ်ခမ်းနားစွာ ပွဲလမ်းသဘင် ကျင်းပပြီး ဘိသိက် မြောက်ပေးကြတယ်လို့ ဆိုပါတယ်။ ထို ဘိသိက်မြောက်စဉ်ခါမှာ ကံဆီးစော်ဘွားသားဟာ အသက် ၁၄နှစ်မျှသာ ရှိသေးသောကြောင့် ကံဆီးသူကြီး ဘိုးနိုန်းဂျာကို စော်ဘွားကိုယ်စား ကံဆီးနယ်ကို စောင့်ရှောက်ရန် လွှဲအပ်ပေးခဲ့ပြီး ဆင်ဝါးနောင် အရွယ်ရောက်၍ ကိစ္စအဝဝကို စီမံခန့်ခွဲနိုင်ခဲ့လျင် ၄င်းကံဆီးနယ်အား ပြန်လည်အပ်နှံရမည်ဟု လွှဲအပ်သော ခန့်စာများပေးအပ်ပြီး ဆင်ဝါးနောင်အား မန္တလေးမြို့သို့ ပညာတော်သင်ရန် ပို့ဆောင်လိုက်ပါတယ်။ 


ကံဆီးနယ်ကို စော်ဘွားကိုယ်စား ဘိုးနိုန်းဂျာက စောင့်ရှောက်နေစဉ်မှာ အခြားသော မှော်အုပ်၊ မှော်ထိန်းတို့က ရိုသေလေးစားခြင်း မရှိဘဲ သဿမေဓ အခွန်တော်များကို ယခင်ကံဆီးစော်ဘွားများထံ ဆက်သွင်းနေကျ အတိုင်း ယခု ဘိုးနိုန်းဂျာထံသို့ မဆက်သွင်းတော့ဘဲ ကာမိုင်းမြို့ တောင်တန်း ဝန်ထောက်ထံသို့သာ ဆက်သွင်းကြ ပါတော့တယ်။ ထိုအချိန်ကစလို့ အခြားသော မှော်အုပ်၊ မှော်ထိန်း၊ သူကြီးတို့သည်လည်း ဝန်ထောက်ရုံးသို့သာ တိုက်ရိုက် ဆက်သွင်းခဲ့ကြပါတော့တယ်။ ထို့ကြောင် ကံဆီးစော်ဘွားများ ရရှိနေကြ အခွန်တော်မှာ လျော့ပါး သွားခဲ့ပါတယ်။ 


မန္တလေးမြို့မှာ ပညာသင်ကြားနေတဲ့ ဆင်ဝါးနောင်ဟာ အသက် (၁၆) နှစ် အရွယ်ရောက်တဲ့ အခါ ဖခင် စော်ဘွားကြီး ကွယ်လွန်သည့် သတင်းကို ရရှိတဲ့ အတွက် ကံဆီးနယ်ကို ပြန်ခဲ့ရပါတယ်။ ထို့နောက် စောင့်ရှောက်ပေးနေသော ကံဆီးသူကြီး ဘိုးနိုန်းဂျာထံမှ နယ်ကို ပြန်လည်လက်ခံရယူပြီး ကံဆီးစော်ဘွား အဖြစ် စတင်အုပ်ချုပ်ခဲ့ပါတယ်။ ထို့နောက် အိမ်တော်ကို ကံဆီးမြို့မှ လုံးခင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ထိုသို့လုံးခင်းမှာ  နေထိုင်ပြီး နယ်သူနယ်သားများအား အုပ်ချုပ်နေစဉ်မှာ မန္တလေးတွင် ကျောင်းတက်သည့် ငွေများမှာ ကျံသဟင်း ဟုခေါ်သည့် တရုတ်လောပန်းထံမှ ချေးယူထားသည့်ငွေများ ဖြစ်သည်ဟု တရုတ်လောပန်းက တရားစွဲဆို လာခဲ့ပါတယ်။ စော်ဘွားအား မလိုလားသည့် ဆွေမျိုး တချို့နှင့် မှော်အုပ်မှော်ထိန်းများက တရုတ်လောပန်းဘက်မှ ဟုတ်မှန်ကြောင်း သက်သေခံကြသောကြောင့် အင်္ဂလိပ်အစိုးရက ကံဆီးနယ်ကို တရုတ်လောပန်းထံ (၅)နှစ် ပေးအပ်ရမည်ဟု ဆုံးဖြတ်ပေးခဲ့ပါတယ်။ (၅)နှစ်ပြည့်သော အခါမှ ကံဆီးနယ်ကို ပြန်လည်ရရှိခဲ့ပါတယ်။ 


ထိုအချိန်မှ စကာ ကံဆီးနယ်ကို စနစ်ကျ တရားမျှတစွာ ပြန်လည်အုပ်ချုပ်ခဲ့ရာ ကံဆီးကျောက်စိမ်းနယ်မှာလည်း အလွန် စည်ကားတိုးတက်လာပါတယ်။ ကံဆီးစော်ဘွား ဆင်ဝါးနောင်ဟာ မိမိသားတော်များကို သာ့သနာ့ဘောင်သို့ သာမဏေများအဖြစ် သွတ်သွင်းပေးခဲ့ခြင်း၊ ရဟန်း သံဃာများကို ကံထပ်ခြင်း၊ မြို့ရွာ များစွာတို့တွင် သံဃာတော်များ အတွက် ကျောင်းဆောင်များ ဆောက်လုပ်လှူဒါန်းခြင်း၊ မန္တလေးတောင်တွင် စောင်းတန်းများ၊ လှေခါးများ လှူဒါန်းခြင်း၊ ကျောက်စိမ်းတုံးများဖြင့် ဘုရားနှစ်ဆူ ထုလုပ်ကိုးကွယ်ခြင်း စသော အလှူဒါနများ၊ ဘာသာရေး ကိစ္စများကို ဆောင်ရွက်ခဲ့ပါတယ်။
 


သက္ကရာဇ် ၁၂၈၅-ခုနှစ် မှာ အလျား(၆)ပေ (၇) လက်မ၊ လုံးပတ် (၄) ထွာ ရှိ ညိုနက်ရောင် အဆင်းရှိသော ဆင်စွယ် (၂) ချောင်းကို လက်ခံရရှိခဲ့ပါတယ်။ ထူးခြားချက်ကတော့ ထိုဆင်စွယ်ဟာ လက်ခံရရှိစဉ်က အညို အကွက်များ ဖြစ်သော်လည်း ကြာသောအခါ အနက်ရောင်သို့ ပြောင်းသွားခဲ့ပါတယ်။ ထိုဆင်စွယ်နှစ်ချောင်းကို တင်သည့် ခုံပေါ်မှာ ထိပ်ဖျားများကို (၄) လက်မ ခန့် အကွာ အနေအထားနဲ့ အသေအချာ တင်ထားခဲ့သော်လည်း နောက်ပိုင်းကာလများမှာ ဆင်စွယ်နှစ်ချောင်းရဲ့ ထိပ်ဖျားများဟာ တဖြည်းဖြည်း ကွေးညွှတ်လာပြီး တစ်ချောင်းနဲ့ တစ်ချောင်း ထိပ်ဖျားခြင်း ကြက်ခြေခတ် အနေအထားသို့ တိုင်အောင် ကွေးညွှတ် သွားခဲပါတယ်။ အဲဒီလို ကွေးညွှတ်သွားခဲ့ပေမယ့် ဆင်စွယ်များရဲ့ မူလ အလျားနဲ့ လုံးပတ်ကတော့ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။ ၁၂၉၈-ခုနှစ်မှာ စစ်ကိုင်းမင်းကြီး ကျောက်စိမ်းနယ်မြေသို့ လာရောက်ခဲ့စဉ် ၄င်းဆင်စွယ်အား ဓာတ်ပုံရိုက်ယူခြင်း၊ အတိုင်းအတာများ တိုင်းတာခြင်းတို့ကို ပြုလုပ်ရာ သူတို့ အင်္ဂလန်တွင်လည်း ထိုဆင်စွယ်နက်မျိုး ရှိသော်လည်း ယခု ဆင်စွယ်မှာ ပိုမိုကြီးမားကြောင်း ပြောသွားခဲ့ပါတယ်။

၁၂၉၄-ခုနှစ်မှာ ရန်ကုန်မြို့ တတိယ  ဘုရင်ခံက အမှုထမ်းကောင်း ရွှေတံဆိပ် (A.T.M)၊ ငွေဓား၊ သေနတ် (၁၂) လက်၊ ဦးထုပ်၊ ဖိနပ်၊ တံဆိပ်တုံး၊ ဝတ်စုံ စသည်တို့နှင့် အထူးအခွင့် အာဏာများ အပ်နှင်းခံရသောကြောင့် တောင်တန်းဒေသမှာ အကြီးဆုံး စော်ဘွား(ဒူဝါ) ဖြစ်လာပါတယ်။ စော်ဘွားရရှိခဲ့သော အမှုထမ်းကောင်း ရွှေတံဆိပ်မှာ ရွှေချိန် (၁၀) ကျပ်သား ရှိခဲ့ပါတယ်။ နောက်ပိုင်း ကာလများမှာတော့ ကံဆီးစော်ဘွားရဲ့ ကံဆိုးတဲ့ ကာလများလို့ ပြောရမယ် ထင်ပါတယ်။ စော်ဘွားအုပ်ချုပ်တဲ့ ကျောက်စိမ်းနယ်မြေမှာ အမှုအခင်းများ၊ ပြဿနာများနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မှော်အုပ်၊ မှော်ထိန်းတို့ကလည်း အင်္ဂလိပ်အစိုးရထံ အမျိုးမျိုးသွေးထိုး ကုန်းတိုက်ကြရာ နောက်ဆုံးတွင် အင်္ဂလိပ်တို့က ကံဆီးနယ်ကို သိမ်းယူခဲ့ပါတော့တယ်။


ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာတဲ့ အခါ ဂျပန်တို့က လေယာဉ်နှင့် ဗုံးကျဲတိုက်ခိုက်တဲ့ အတွက် ကျောက်စိမ်းနယ်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်တို့ဟာ ၄င်းကျောက်စိမ်းနယ်ကို စော်ဘွားကြီးထံ ပြန်အပ်ပြိး အိန္ဒိယသို့ ဆုတ်ခွာ သွားကြပါတယ်။ ၁၃၀၄-ခုနှစ်မှာ တရုတ်စစ်တပ်များ ဝင်ရောက်လာပြီး လုံးခင်းရွာတွင် တပ်စွဲကာ ဂျပန်များကို တိုက်ခိုက်ရန် စီစဉ်ပြန်တဲ့ အတွက် ရပ်ရွာလူထုနှင့် ရဟန်းသံဃာတို့မှာ ဥရုချောင်းဖျားဖက်သို့ တိမ်းရှောင်ရပြန်ပါတယ်။ သို့သော်လည်း ဂျပန်စစ်တပ်များ အလုံးအရင်းနဲ့ ဝင်လာတဲ့ အခါ တရုတ်စစ်တပ်များမှာ ခုခံခြင်း မပြုတော့ဘဲ ပစ္စည်းများကို အလိုရှိရာတို့ကို ရသမျှ သိမ်းယူကာ မသိမ်းနိုင်သော ပစ္စည်းများ၊ အိမ်ယာများကို မီးရှို့ဖျက်ဆီးကာ တရုတ်ပြည်ထဲသို့ ဆုတ်ခွာသွားခဲ့ကြရာ ကျောက်စိမ်းနယ်မြေမှာ အပျက်အစီး အဆုံးအရှုံးများဖြင့် ဒုက္ခပင်လယ်ဝေကာ ကျန်ရစ်ခဲ့ပါတယ်။ ကံဆီးစော်ဘွားရဲ့ ဟောတော်နှင့် အိမ်တော်တွေမှာလည်း မီးလောင်ပျက်စီးခဲ့ရတဲ့ အတွက် မင်းတုန်းမင်း ချီးမြှင့်ခဲ့သော အဆောင်အယောင်များ၊ ပစ္စည်းဥစ္စာများ စသည်တို့မှာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


ထို့နောက် ကျောက်စိမ်းတွင်း ဒေသမှာ ဂျပန်၊ အင်္ဂလိပ် တစ်လှည့်စီဖြင့် ရောက်ရှိလာပြီး စစ်ပွဲဒဏ်၊ ဗုံးဒဏ်တို့ကို ပြင်းထန်စွာ ခံစားခဲ့ကြရမှာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရမှသာ ပြန်လည် ငြိမ်းချမ်းခဲ့ရပါတယ်။ ဝန်ကြီးချုပ် ဦးနုလက်ထက် အရောက်မှာတော့ စော်ဘွားကြီး ထံမှာ ရှိနေတဲ့ ဆင်စွယ်နက်ကို တိုင်းသူပြည်သားများနှင့် အခြားသော နိုင်ငံသားများ မြင်တွေ့ကြည့်ရှုနိုင်ကြရန်အတွက် ရန်ကုန်မြိ့သို့ (၃)နှစ် ယူဆောင်ပြသခွင့် ပြုပါရန် ကံဆီးစော်ဘွား ဆင်ဝါးနောင်ထံ တောင်းဆိုခဲ့ရာ စော်ဘွားလည်း ခွင့်ပြုခဲ့တဲ့ အတွက် အများပြည်သူများ မြင်တွေ့ ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ထို့နောက် (၃)နှစ်ပြည့်တဲ့ အခါမှာတော့ ဆင်စွယ် (၂)ချောင်းလုံး စော်ဘွား ထံသို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ သို့သော် ထိုဆင်စွယ်မှာ ယခုအခါတွင် ဘယ်ဆီသို့ရောက်သွားသည် မသိရတော့ဘဲ စော်ဘွားကြီးတို့အိမ်တွင် မရှိတော့ကြောင်းသာ သိရပါတယ်။

ထို့နောက်တွင် မြန်မာအစိုးရ အတွက် ကျောက်စိမ်းနယ်မြေနှင့် သက်ဆိုင်တဲ့ ကိစ္စအဝဝကို ကံဆီး စော်ဘွားကြီးက အကူအညီပေးခဲ့ရသလို သားဖြစ်သူ ကံဆီးဒူဝါနော်အောင်ကလည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။  သက္ကရာဇ် ၁၃၁၆ (၁၉၅၅-ခုနှစ်) ၊ ပြာသိုလပြည့်ကျော် (၂) ရက်တွင် မြန်မာနိုင်ငံတော် သမ္မတ ဆာဘဦး က ရွှေ (၇) ကျပ်သားရှိသော ရွှေဆွဲပြား တံဆိပ်နှင့် ဝဏ္ဏကျော်ထင် ဘွဲ့တို့အား ကံဆီးစော်ဘွား ဆင်ဝါးနောင်၏ သားဖြစ်သူ ကံဆီး ဒူဝါနော်အောင်ကို ချီးမြှင့်ခဲ့ပါတယ်။ ၁၃၁၇-ခု၊ အသက် (၆၃) နှစ်တွင် ကံဆီးစော်ဘွားကြီး ကွယ်လွန်တဲ့ အတွက် သားဖြစ်သူ ဝဏ္ဏကျော်ထင်ကံဆီး ဒူဝါနောင်အောင်နှင့် ဆွေမျိုးတစ်စုတို့က မူလနေရင်းရပ်၊ ဥရုချောင်းဖျား ကံဆီးမြို့ဟော်တော်ကို ယူဆောင်ပြီး ကြီးကျယ်ခမ်းနားစွာ မြေမြှပ် သဂြိုလ်ခဲ့ပါတယ်။

 ကံဆီးစော်ဘွား၏ ပုံတူပန်းချီ
  ကံဆီး  စော်ဘွားကတော် ဓာတ်ပုံ


စော်ဘွားကံဆီးဒူဝါနော်အောင်ရဲ့ ဇနီးမှာ အဖွားလေး ဒေါ်ဂျာဖာလု ဖြစ်ပါတယ်။ စော်ဘွားကတော်ဟာ ယခုထိတိုင် သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေသူတစ်ဦးဖြစ်ပြီး သားသမီးမြေးမြစ်များနဲ့ လုံးခင်းရွာမှာ ပျော်ပျော် ရွှင်ရွှင် နေထိုင်နေပါတယ်။ စော်ဘွားကတော်ရယ်လို့ လူသိများတဲ့ အဖွားလေးကို ကျွန်မတို့ ဒေသခံများ အားလုံးကတော့ အဖွားလေးလို့ ခေါ်ကြပါတယ်။ ကံဆီးစော်ဘွားအကြောင်းကို စာရေးမယ်လို့ ဆုံးဖြတ်ပြီး အဖွားလေးတို့ အိမ်ကို သွားရောက်ပြီး ကျွန်မသိချင်တာတွေကို မေးမြန်းတဲ့အခါ အဖွားလေးက စိတ်ရှည်လက်ရှည် ပြောပြပါတယ်။ အဖွားလေးတို့ ဆီမှာ ရှိနေတဲ့  (ပဗ္ဗတရာဇာဘွဲ့ခံ) ကံဆီးမှတ်တမ်း အထ္ထုပ္ပတ္တိ စာအုပ်လေး တစ်အုပ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကျွန်မ အခုရေးသားဖော်ပြခဲ့တဲ့ အချက်အလက်များအားလုံးဟာ ထို အထ္ထုပ္ပတ္တိ စာအုပ်ကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ကံဆီးစော်ဘွားအဆက်ဆက် ရရှိခဲ့တဲ့ စလွယ်များရဲ့ ဓာတ်ပုံပါ။ မှန်ဘောင်သွင်းထားတာကို ရိုက်ထားရတာမို့ အလင်းပြန်တဲ့အတွက် သဲသဲကွဲကွဲ မဖြစ်ဘဲ စာလုံးတွေထပ်နေခဲ့ပါတယ်။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
 ကံဆီးစော်ဘွားတို့အား မင်းတုန်းမင်းကြီး ချီးမြှင့်ခဲ့တဲ့ ရတနာရွှေမောင်းများ

ကျွန်မသိလိုသမျှ အချက်အလက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးပြီး အဖွားလေးတို့ အိမ်တွင် သိမ်းဆည်းထားသော ရှားရှားပါးပါး ကျန်ခဲ့တဲ့ မင်းတုန်းမင်းတရားကြီး ချီးမြှင့်တော် မူခဲ့သည့် ရတနာ ရွှေမောင်းတော်အား ဓာတ်ပုံ ရိုက်ခွင့်ပေးခဲ့သော စော်ဘွားကတော် အဖွားလေးအား အထူး ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ကျေးဇူးစကား ပြောကြားလိုပါတယ်ရှင်။ ကံဆီးစော်ဘွားအကြောင်းကို စိတ်ဝင်တစား လာဖတ်ပေးကြတဲ့ မိတ်ဆွေ အပေါင်းအသင်း စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြားရင်း ကျွန်မတို့ ကျောက်စိမ်းနယ်မြေကို အပိုင်စားခဲ့ကြသော ကံဆီးစော်ဘွားများ အကြောင်းကို နိဂုံးချုပ်ပါတယ်ရှင်။



မိတ်ဆွေများ အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်...


Image Hosted by PicturePush - Photo Sharing

13 Responses to “ကျောက်စိမ်းမြေက ကံဆီးစော်ဘွားများ (ဇာတ်သိမ်းပိုင်း)”

အင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းပဲ ချစ်မကြီးရေ
တင်ပေးတာကျေးဇူးပါတယ်

ချစ်တဲ့

ဒိုးကန်

မချောရေ.. ဗဟုသုတရပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်.. ဒီလို မှတ်သားဖွယ်ရာတွေကို ရေးသားပေးတဲ့အတွက်....

ခင်မင်လျက်
နေ၀သန်

MDW said...

ဇာတ်သိမ်းလေး လာဖတ်သွားတယ် ချောရေ .. ။ ကိုယ်မသိသေးတဲ့ အဖြစ်အပျက် ရာဇ၀င် တခုမို့ ဖတ်ရတာ စိတ်ဝင်စားစရာ ကောင်းတယ်။

san htun said...

ဇာတ်သိမ်းလေး လာဖတ်တယ် မမချောရေ..

Anonymous said...

ကံဆီးမှတ်တမ်း အထ္ထုပ္ပတ္တိ စာအုပ်လေး ရေးသူ၊ ခုနှစ်စသဖြင့်ဖေါ်ပြပေးနိုင်ရင်သိချင်မိပါတယ်ချောရေ။
ကျေးဇူးတင်လျှက်..
အိုင်အိုရာ

ဇတ်သိမ်းပိုင်း ရောက်တာမြန်လိုက်တာ
ကိုရီးယားဇတ်ကားလို ဇိမ်ခံဖတ်မလို့ပါဆိုမှ :D

ကျော်သက် said...

နာမည်တော့ ကြားဖူးတယ်ဗျာ
ကံဆီးစော်ဘွားဆိုတာ
ခုမှ သေချာ သိရတော့တယ်
ကျေးဇူးတင်ပါတယ်

Aung Htut said...

ဖတ်ခွင့်ရလို့ ကျေးဇူးပါ မချော ခင်ဗျာ...

Anonymous said...

ဇာတ်သိမ်းလေးဖတ်သွားတယ်နော် ဗဟုသုတတွေများကြီးရပါတယ်...

sosegado said...

အကုန်ဆုံးမှတ်တမ်းတစ်ခုပါ စော်ဘွားကတော်နှင့် တွေ့ဆုံမေးမြန်းထားတာ အဖိုးတန်လှပါတယ်၊
ဒါပေမဲ့ မင်းပဒေသရဇ်တွေကို မကြိုက်တာ အမှန်ပဲ။

အစပိုင်း မမှီတော့လည်း မှီသလောက်လေးလာ ဖတ်သွားပါတယ်..

တရုတ်တွေ အဲ့သည်ကထဲက ကျောက်စိမ်းမြေရဲ့ အဆီအနှစ်တွေကို စုတ်ယူချင်နေမှန်း သိသာတယ်ဗျာ။ ခုကော မတူးမဆွ၇သေးတဲ့မြေကျန်ပါသေးရဲ့လား။ ရင်လေးတယ်။

ဖတ်ရတာ အချိန်ခဏတာပေမယ့် တကယ့်ဘဝတွေရဲ့ အနိမ့်အမြင့်အတက်အကျတွေကို ခပ်သွက်သွက် ထိတွေ့မိစေတယ်။ တကယ့်ဗဟုသုတ ပါပဲ။ ဒီဆောင်းပါးတွေက နောင်တချိန်မှာ မှတ်တမ်းမှတ်ရာ ဖြစ်လာလိမ့်မယ်။