ငရဲပန်းများ ဆီသို့

အားလုံးသိကြတဲ့အတိုင်း ကျွန်မဟာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ်။ ဖားကန့်ဆိုတာ နာမည်ကျော် ကျောက်စိမ်းတွေ ထွက်တာကြောင့် လူသိများ ထင်ရှားပြီး ငွေရှာလို့ ကောင်းတယ် ဆိုပြီး ပြောကြ ဆိုကြတဲ့ နေရာ ဖြစ်ပါတယ်။ ကောင်းတာတွေနဲ့ ကျော် ကြားသလို မကောင်း တာတွေနဲ့ ကျော်ကြား တာလည်း ဖားကန့်ဘဲ ဖြစ်ပါတယ်။ ဘယ်လို မကောင်းတာနဲ့ ကျော်ကြား တာလဲဆိုတော့ ဥပမာ ပြောရရင် မူးယစ်ဆေးဝါးတွေ ပေါများတာ၊ လူငယ်တွေ အကျင့် စာရိတ္တ ပျက်စီးကုန်တာ၊ ငွေလွယ်လွယ်ရှာလို့ ရတာကြောင့် ငွေကြေးကို တန်ဖိုးမထားတတ်တာ၊ ငွေကြောင့် မကောင်းတာ မှန်သမျှ နယ်မြေအတွင်း အလွယ်တကူရနိုင်တာ စသဖြင့် မကောင်းတဲ့ ကျော်ကြားမှုတွေက များပြားလှပါတယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါး ပြဿနာဟာ အလွန်ကြီးမားတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ ငယ်စဉ်ကတည်းက ဖားကန့်ဒေသဟာ မူးယစ်ဆေးဝါး အလွန်ပေါများပြီး မူးယစ်ဆေးကြောင့် ဘဝပျက်ရသူ၊ စီးပွားပျက်ရသူ၊ အိမ်ထောင်ပျက်စီးရသူ စသဖြင့် မရေတွက်နိုင်အောင် များပြားလှပါတယ်။ ဖားကန့်နယ်မြေရဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အရင်ကတည်းက စာရေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ 

အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေးဝါးဟာ ကျွန်မတို့ ဖားကန့်နယ်မြေမှာ အလွယ်တကူ ဝယ်ယူရောင်းချ ကြပါတယ်။ အလွယ်တကူ သုံးစွဲနိုင်ကြပါတယ်။ မျက်စိရှေ့မှာတွင် သွေးကြောထဲကို အဖြူရောင် မူးယစ်ဆေးတွေ ထိုးသွင်းနေတာ၊ မူးယစ်ဆေး သုံးစွဲနေရင်း အသက်ပျောက်သွားတာ၊ အကြောထဲ ဆေးသွင်းနေရင်းတန်းလန်း သွေးစက်စက်ယိုကျနေတဲ့ သူတွေ၊ မူးယစ်ဆေးကြောင့် ဘဝပျက်ပြီး သွားစရာမရှိ၊ နေစရာမရှိ  လမ်းဘေးမှာ စုတ်ပြတ်ဆင်းရဲစွာ နေနေကြရတာတွေ ဆိုတာ မမြင်ချင်မှအဆုံး အမြဲတမ်းလိုလို မြင်နေခဲ့ရပါတယ်။ ခုချိန်ထိလည်း ရှိဆဲဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး (ဘိန်းဖြူ၊ ဘိန်းမည်း၊ စိတ်ကြွဆေးပြား ) စသည်တို့ဟာ နေရာတော်တော်များများမှာ အလွယ်တကူ ရောင်းချနေကြပါတယ်။ အဲဒီလို ရောင်းချနေတဲ့ နေရာတွေ၊ အိမ်တွေကိုလည်း အဲဒီအရပ်ဒေသမှာ နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ထူးဆန်းတာက လူတိုင်းက အဲဒီရောင်းချတဲ့ အိမ်တွေကို သိကြပေမယ့် အဖမ်းအဆီး မခံကြရဘဲ ရောင်းချမြဲ ရောင်းချနေကြတာပါပဲ။ 


အဲဒီလို မူးယစ်ဆေးဝါး ရောင်းချနေတဲ့ အိမ်တွေကို လူငယ်တွေ တစ်ဖွဲဖွဲ ဝင်ထွက်နေတာ စိတ် မချမ်းမြေ့ဖွယ် မြင်တွေ့ရပါတယ်။ အဆိုးဆုံးကတော့ မူးယစ်ဆေး ရောင်းချပြီး ငွေရှာနေတဲ့ တစ်ကိုယ်ကောင်း ဆန်တဲ့ စီးပွားရေး သမားတွေပါဘဲ။ ဖမ်းဆီးအရေးယူမှု နည်းပါးတာကြောင့် အထိတ်အလန့်မရှိ ပေါ်ပေါ်တင်တင် ရောင်းချနေတဲ့ မူးယစ်ဆေး ရောင်းသူတွေ များပြားလှတာကြောင့် လူငယ်တွေရဲ့ ဘဝတွေဟာ နေ့စဉ် တစ်ဖြုတ်ဖြုတ်နဲ့ ကြွေနေခဲ့ရပါတယ်။ လူငယ်တွေရဲ့ စိတ်ကူးတွေ အိပ်မက်တွေကို တစ်စစီ ဖျက်ဆီးပစ်နေတဲ့ နေရာဟာ မူးယစ်ဆေး ရောင်းဝယ်သူတွေ့ရဲ့ ဘိန်းခန်း၊ ဖိုးခန်းတွေဟာ ထိပ်ဆုံးက ဖြစ်ပါတယ်။ မူးယစ်ဆေးစွဲတဲ့ လူငယ်တစ်ယောက်ရဲ့ အနာဂတ်ဟာ ဘယ်လိုမှ လှပလာတော့မှာ မဟုတ်ပါဘူး။ မူးယစ်ဆေးဟာ စမိရင် ဖြတ်ဖို့ အင်မတန်ခက်ပါတယ်. မူးယစ်ဆေး ဖြတ်တဲ့ဆေးရုံတို့လို နေရာတွေရှိပေမဲ့ အဲဒီဆေးရုံကနေ ဆင်းလာပြီး လုံးဝ ပြတ်သွားတဲ့သူ ဆိုတာ အင်မတန် ရှားပြီးတော့ အားလုံးနီးပါးဟာလည်း ပြန်စွဲကြတာပါဘဲ။ မူးယစ်ဆေး စွဲပြီးတဲ့ သူတစ်ယောက်ဟာ မူးယစ်ဆေးမြင်ရင် ဘယ်လိုမှ မနေနိုင်ပါဘူး။

ဖားကန့်မှာ ကြီးပြင်းလာတဲ့ ကျွန်မဟာ မူးယစ်ဆေးရဲ့ သားကောင်များစွာကို မြင်ဖူးသလို၊ မူးယစ်ဆေးစွဲတဲ့ လူတွေကို ဖြတ်ပေးတဲ့နေရာ၊ ပညာပေးတဲ့အစီအစဉ်တွေမှာလည်း ဟိုးတုန်းက ပါဝင်ခဲ့ဖူးပါတယ်. ဒီလုပ်ငန်းတွေဟာ ရည်ရွယ်ချက် ကောင်းမွန်ပေမဲ့ အောင်မြင်မှု နည်းပါးတဲ့ လုပ်ငန်းတွေပါ။ ဘာလို့ဆိုတော့ မူးယစ်ဆေး စွဲသူတွေဟာ ဖြတ်ဖို့ ခက်ခဲတာကြောင့် နောက်ဆုံးမှာတော့ လမ်းဘေးမှာ ဘဝပျက်ပြီး အသက်ပျောက် ကြရသူတွေ များလာလို့ပါဘဲ။ မူးယစ်ဆေး ပြဿနာနဲ့အတူ HIV AIDS ရောဂါဖြစ် ပွားမှု မြင့်တက်တာတာ ဟာလည်း ဖားကန့်ဒေသမှာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်နေ ပါတယ်။ အသိ ဆရာဝန်တစ်ယောက်ဟာ ဖားကန့်ဒေသက ဆေးရုံတစ်ခုမှာ တာဝန် ကျစဉ်တုန်းက ဒီဒေသမှာ နေရတာ အင်မတန် အန္တရာယ်များတယ် လို့ ပြောခဲ့ဖူးတယ်လို့ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့စဉ် ထိတွေ့ရသမျှ လူနာ အများစုမှာ HIV Virus  ရှိတဲ့ လူနာတွေက အများစုဖြစ်နေလို့ ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။ 

မြို့ခံ၊ ရွာခံ လူငယ်တွေထဲမှာလည်း ရာခိုင်နှုန်း တော်တော်များများဟာ မူးယစ်ဆေးဝါး သုံးစွဲနေကြသူတွေ အများစုဖြစ်ပါတယ်။ မူးယစ်ဆေးကို လွယ်လွယ်ကူကူနဲ့ ရောင်းဝယ်နေကြတော့ လူငယ်တွေက အပျော် သဘောသော်လည်းကောင်း၊ အဖော်ကောင်းလို့ လက်တည့် စမ်းကြရာ ကနေ သော် လည်းကောင်း မူးယစ်ဆေး သမားတွေ ဖြစ်ကြပြီး နောက်ဆုံးတော့ မိသားစုကပါ ဖယ်ကျဉ်ထားရတဲ့ အပယ်ခံ လူသားတွေ ဘဝကို ရောက်ရတော့တာပါဘဲ.. မူးယစ်ဆေးသမား ရာခိုင်နှုန်း အများစုဟာလည်း နောက်ဆုံးမှာတော့ AIDS ရောဂါ ရှိသူတွေ ဖြစ်လာကြရတာပါဘဲ.. ဖားကန့်ဒေသမှာ ဆေးစွဲပြီး လမ်းဘေးရောက်နေတဲ့သူတွေ အများအပြားကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့နဲ့ အတူတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း၊ ဆွေမျိုး သားချင်း စတဲ့ သူတစ်ချို့တောင် မူးယစ်ဆေးကြောင့် စောစော စီးစီး သေဆုံး ကုန်တာတွေ ရှိပါတယ်။ မိန်းခလေးဖြစ်သော်လည်း မူးယစ်ဆေးစွဲပြီး ဘဝပျက်နေသူတွေ၊ အိမ်ထောင် ပျက်စီးရသူတွေလည်း စိတ်မကောင်းဖွယ် မြင်တွေ့ရပါတယ်။ 

ငယ်စဉ်ကတည်းက မူးယစ်ဆေးရဲ့ အန္တရာယ်ကို မြင်တွေ့နေရတဲ့ ကျွန်မဟာ ဒီမူးယစ်ဆေးကို ဘယ်လိုများ ထုတ်ကြတာလဲ ဆိုတာကို အတော်လေး စိတ်ဝင်စား ခဲ့မိပါတယ်။ ပြီးတော့လည်း ဘယ်လိုလူမျိုးတွေက ဒီမူးယစ်ဆေးကို စိုက်ပျိုးကြသလဲဆိုတာ သိချင်စိတ်တွေ ပြင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် အနည်းက တောင်ပေါ်ဒေသ တစ်ခုကို ခရီးသွားတဲ့အခါ ဘိန်းတွေစိုက်တဲ့ စိုက်ခင်းတွေဆီ မမျှော်လင့်ဘဲ ရောက်သွား ခဲ့ပါတယ်။ မမျှော်လင့်ဘဲဆိုတာက အဲဒီနေရာတွေမှာ ဒီလိုဘိန်းစိုက်ခင်းတွေ ရှိလိမ့်မယ်လို့ မထင်မိပါဘူး။ အဲဒီမြို့ကလေးကို အလည် အပတ်ရောက်နေတုန်း တစ်နေ့မှာ နယ်ခံ လူတစ်ဦးနဲ့ စကားစပ်မိကြရင်း ဒီနားတစ်ဝိုက်မှာ ဘိန်းခင်းတွေ ရှိလား။ ဘိန်းပန်းတွေကို အပြင်မှာ တစ်ခါမှ မမြင်ဖူးလို့ပါလို့ အမှတ်တမဲ့ ပြောမိတော့ အဲဒီလူက သိပ်မဝေးတဲ့ တောင်ပေါ်တွေမှာ ဘိန်းခင်းတွေ ရှိပါတယ်လို့ ပြောပါတယ်။ ဒီလိုဆို ကျွန်မတို့ လိုက်ကြည့်လို့ ရမလား လို့ သူ့ကိုမေးကြည့်တော့ ရပါတယ်လို့ ပြန်ဖြေတာနဲ့ နောက်တစ်ရက်မှာ မနက်စောစော အဲဒီ ဘိန်းစိုက်ခင်းတွေ ရှိတဲ့ တောင် တန်းတွေဆီ ဆိုင်ကယ်နဲ့ သွားဖို့ ပြင်ကြပါတယ်။

ငရဲပန်း၊ အဆိပ်ပန်း လို့ခေါ်ကြတဲ့ ဘိန်းခင်းတွေဆီ သွားတဲ့ခရီးဟာ ကျွန်မတစ်သက်မှာ မမေ့နိုင်တဲ့ ခရီးတစ်ခုလို့ ပြောရင် လွန်မယ် မထင်ပါဘူး.. အင်မတန် မြင့်မား မတ်စောက်ပြီး ကြမ်းတမ်းလှတဲ့ လမ်းခရီးဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ သွားကြတယ်ဆိုပေမဲ့လို့ ဆိုင်ကယ်သွားလမ်းလို့တောင် မဆိုသာတဲ့ လမ်းမျိုးကို  မနည်းသွားရတဲ့ ခရီးဖြစ်ပါတယ်။ တောင်တန်းတွေကို စမတက်ခင် တောင်ခြေ ကနေ မျှော်ကြည့်လိုက်တဲ့အခါ အဆင့်ဆင့် သွယ်တန်းနေတဲ့ တောင်တန်း ကြီးတွေကို မြင်ရပါတယ်။ တစ်ခုသော တောင်တန်းကြီး ကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ ကျွန်မက အခုသွားမှာ ဒီတောင်ကြီးတော့ မဟုတ်ပါဘူးနော်လို့ မေးလိုက်တော့ လိုက်ပို့တဲ့သူက ဟုတ်ပါတယ် အဲဒီတောင်ကို သွားမှာပါလို့ ပြန်ဖြေလို့ အံ့သြရပါတယ်။ ဒီလောက် မြင့်တဲ့တောင်ကို ဆိုင်ကယ်နဲ့ ဘယ်လို တက်မယ် ဆိုတာ တကယ့်ကို စဉ်းစား မရအောင်ပါဘဲ။ တော်တန်ရုံ လူဆို ဒီလောက် ကြမ်းတဲ့ လမ်းခရီးကို ဆိုင်ကယ်နဲ့ သွားဖို့ဆိုတာ အတော့်ကို ခက်ခဲမယ် ထင်ပါတယ်။ သို့သော် ကျွန်မတို့ကို လိုက်ပို့တဲ့သူဟာ ဆိုင်ကယ်စီး ကျွမ်းကျင်တဲ့သူ ဖြစ်ပါတယ်။ ဒါတောင် တစ်လမ်းလုံး မကြာခဏ လမ်းဆင်းလျှောက် ရပါတယ်။




Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မှတ်မှတ်ရရ ရိုက်ထားလိုက်မိတဲ့ တောင်ပေါ်လမ်းများ


ပုံမှာ မြင်တဲ့ အတိုင်းပါဘဲ။ ဒီလိုလမ်းကို သွားပြီး ပြန်လာတဲ့ ကျွန်မတစ်ယောက် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်အောင် ၃ရက်လောက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး ကိုင်ရိုက် ခံထားရသလို ခံစားခဲ့ရပါတယ်။ တကယ်တမ်း ဒီလောက် ဝေးမယ်ဆိုတာ တကယ်ကို မသိခဲ့ပါဘူး။ သွားရင်းနဲ့မှ ခရီးကလည်း ကြမ်း၊ ဝေးကလဲဝေး ဆိုတာ သိလာရပါတယ်။ စစချင်းတော့ ကင်မရာကို လက်တစ်ဖက်က ကိုင်ပြီး ဓာတ်ပုံရိုက်လာတဲ့ ကျွန်မဟာ နောက်ဆုံးတော့ ပြုတ်မကျအောင် ဆိုင်ကယ်ကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး လိုက်ပါရပါတော့တယ်။  တောင် အဆင့်ဆင့်ကို ကျော်ပြီး လို့ တောင်ထိပ်ပေါ် ကို ရောက်ချိန် မှာတော့ မြင်မြင်သမျှ ပတ်ဝန်းကျင် တစ်ခုလုံး ဟာ တောင်ပင်လယ်ကြီး သဖွယ် အဆင့်ဆင့်သော တောင်တန်းများက မျက်စိ မဆုံးနိုင်အောင် မြင်တွေ ရပါတော့တယ်။ တကယ်တမ်းပြောရရင် အင်မတန်မှာ သာယာလှတဲ့ တောတောင် ရှုခင်းတွေပါ။ အဲဒီတောင်ထိပ်ပေါ် ကျွန်မ ရောက်နေတဲ့ နေရာဟာ အနီးဆုံးမြို့နဲ့ မိုင် ၂၀လောက် ဝေးပါတယ်။

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

 တောင်အထပ်ထပ် ကျော်ကာဖြတ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

  ခုလို လှေကားထစ်စိုက်ခင်းတွေလည်း တွေ့ရပါတယ်။

အဲဒီလို တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်ပြီး အတော်ကြာချိန် မှာတော့ မြင့်မား တဲ့ တောင်ထိပ်ပေါ် ကို ရောက်နေတာမို့ ရာသီဥတုက အေးမြလာပါတယ်။ ရှေ့ဆက်သွားလို့ မကြာခင်မှာတော့ မြင့်မား လှတဲ့ တောင်တန်း တလျောက်ရဲ့ တောင်စောင်းလေးတွေမှာ စိမ်းစိမ်းစိုစို ရှိနေတဲ့ စိုက်ခင်းတစ်ချို့ကို လှမ်းမြင် ရပါတော့တယ်။ ကျွန်မတို့ကို လိုက်ပို့တဲ့ လူက အဲဒီ စိမ်းစိမ်းစိုစို စိုက်ခင်းတွေကို လက်ညှိုးထိုးပြပြီး အဲဒါတွေက ဘိန်းစိုက်ခင်းတွေလို့  ပြောပြပါတယ်။ အဝေးကနေ လှမ်းမြင်ရတာ တစ်ခင်းလုံးစိမ်းစိုနေတာမို့ ကြည့်လို့ပင် လှပါသေးတယ်။ 

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

 အစိမ်းရောင် စိုက်ခင်းထဲက အဖြူရောင်ပန်းလေးတွေ ပွင့်နေတာက ငရဲပန်း စိုက်ခင်းသာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


စာရှုသူများ ပုံမှာ မြင်တဲ့ အတိုင်းပါပဲ။ ငရဲပန်းတွေက ပွင့်ရုံတင်မက အသီးပင်သီးနေပါပြီ။ အဲဒီ စိုက်ခင်းထဲ ကို အနီးကပ် ဆက်ပြီး သွားကြည့်တဲ့အခါ ဘာတွေ ဆက်ပြီး မြင်ရမလဲ၊ ဘယ်သူတွေနဲ့ တွေ့ရမလဲ ဆိုတာ ကတော့ နောက်နေ့ ရေးတဲ့ ပို့စ်မှာ ဆက်ပြီး ဖော်ပြပါ့မယ်။





29 Responses to “ငရဲပန်းများ ဆီသို့”

ဟန်ကြည် said...

ဘိန်းပန်းကို အ၀ါရောင်မှတ်နေတာ...အခုမှပဲ အဖြူရောင်မှန်းသိတော့တာပဲ...ဒေါ်ချောကတော့ စံပဲဗျို့...တကတည်း သွားလိုက်လာလိုက်တာမှ ၀ီကိုခေါ်နေပါရောလား...

ဦးဟန်ကြည်တို့ ဒေသမှာလည်း ဘာထူးသေးလဲ...အေ့ဒ်စ် သမားတွေ ပေါပါဘိ...တစ်ခါတစ်ခါ မလွှဲမရှောင်သာလို့ ဆေးထိုးအပ်ပြန်ကိုင်ပေးရရင်တောင် အတော်သတိထားယူရတယ်...ကိုယ့်လက်ကို အပ်ပြန်စူးရင် သွားပြီကိုး...ဒီကြားထဲမှာ ယာဘတွေကလည်း ပေါပါဘိသနဲ့...လူငယ်တွေဆို ရူးကြောင်ကြောင်လေးတွေဖြစ်နေကြတာ မမြင်ချင့်အဆုံး...နိုင်သလောက် ပညာပေးနေပေမယ့်လည်း အခုထိတော့ သုံးလေးယောက်ပဲ ကယ်နိုင်သေးသဗျား...

နောက်တစ်ပို့စ်ကို စိတ်ဝင်တစား စောင့်မျှော်နေပါကြောင်း...

ဆိုင်ကယ်သွားနေတဲ့ လမ်းကိုကြည့်ပြီး လန့်သွားတယ်။ ဒီလောက်လမ်းကြမ်းကြီးကို ခက်ခက်ခဲခဲ ပင်ပန်းခံသွားနိုင်တာ အံ့သြချီးကျူးမိတယ် ချောရေ ... ။
အဲဒီ ဘိန်းပန်း (ပေါ်ပီပန်း) တွေကို ဒီမှာတော့ အလှစိုက်ကြတယ်။ အိမ်မှာတောင် အပင်လေးတွေ ရှိတယ်။ ဘိန်းချက်တဲ့ ပေါ်ပီနဲ့ တူမတူတော့ မသိဘူး။ ပန်းပွင့်လေး ညှိုးသွားတဲ့အခါ အစေ့လေးတွေ ကျလာရင် ခိုတွေ လာလာစားကြလို့ မမေက ခိုဘိန်းစားတွေလို့ နောက်နေရသေးတယ်။

အဲဒီလို တောင်ကြားထဲမှာ စိုက်ထားတဲ့ ပန်းတွေကို ကြည့်ရတာ လှတော့လှသားနော်။

ပို့စ်တပုဒ်ရဖို့ ကြိုးစား အားထုတ်ရတဲ့ ချောကို တကယ်လေးစားတယ်။

ဘိန်းပန်းတွေမြင်တော့
ငယ်စဉ်က ကျိုင်းတုံဖက်သွားတော့
တွေ့ဖူးခဲ့တဲ့ ဘိန်းခင်းတွေကိုသတိရမိတယ်
တောင်ကြီးနဲ့ တခြားမြို့လေးတွေ မှာတော့ အ၀ါရောင်ပေါ်ပီပန်းတွေကိုအလှစိုက်တာများတယ်
နောက်ဆက်လာမဲ့ပိုစ့်ကိုလဲစောင့်နေပါတယ်ချောရေ
ချစ်တဲ့ jasmine

rose said...

I got so much knowledge. The photo of top of the mountain view are nice. I'm lokking forward to read about how to make opium in your second post. Thank you, sis. Those kind of illegal drugs are so dangerous for human. A proper/good government in a country should stop cultivation/producing/selling/using opium BUT....

ကျနော် တို့  တိုင်းပြည်မှာ အဆိပ်သင့် တောင်တန်းတွေ အများကြီး ရှိပါသေးတယ် ... သေးတယ် အစ်ရေ
အခုလို ဖော်ထုတ် ပေးအတွက် ကျေးဇူးပါ ...

အောင်မလေး ဒီနေ့အတွက်ပထမဆုံးဖတ်မိတဲ့ပိုစ့်ကမမချောပိုစ့်ဘဲ
ရေလည်လေးစားသွားတယ်
ဒီလမ်းကြီးကိုမကြောက်မရွံ့သွားရဲတယ်
ရောက်ခဲ့တယ်
တော်ယုံဇွဲမှမဟုတ်တာ
တကယ်ချီးကျူးပါတယ်ချစ်မကြီးရေ
အဲဒီအခင်းတွေထဲကိုမိုင်းယောင်းဖက်မှာရောက်ခဲ့ဖူးတယ် ငယ်သေးတော့ ဘိန်းခင်းဆိုတာဘဲသိတာ အဲလောက်မခံစားမိဘူး ခုမှ တကယ်ခံစားတတ်လာတာ
ကျနော်တို့တစ်တွေ ဒါတွေကို ဘယ်လိုချေမှုန်းမှ အမြစ်ပြတ်ပါ့မလဲနော်

Anonymous said...

ညီမချော ရေ

ဒီလောက်ကြမ်းတမ်း တဲ့ ခရီးလမ်းကို သွားတာ ချီးကျူးပါတယ်ဗျာ

ဒါနဲ့ နောက်ပိုစ့် ထဲမှာ တွေ့ခဲ့တဲ့ သူ တွေကို စိတ်ဝင်စားနေတယ်

ဘိန်းဘုရင် တွေနဲ့ တွေ့ခဲ့တာလား ဘိန်းဘုရင် နဲ့တော့ မဖြစ်နိုင်ဘူး သူက ချော လက်လှမ်းမမှီနိုင်တဲ့ နေရာမှာ အကောင်ကြီး လုပ်နေမှာ ... ဇိမ်ကျနေမှာ ဒီလိုနေရာ လာမှာမဟုတ်ဘူး

ချစ်တဲ့
အမရွှေစင်

အစ်မရေ၊ အဲလို ခက်ခက်ခဲခဲနေရာကို သွားတယ်ဆိုတာ နည်းတဲ့ သတ္တိမဟုတ်ဘူး။ ချီးကျူးတယ်။ နောက်တစ်ပိုင်းကို စိတ်ဝင်စားသွားပြီ။

အစ်မချောရေ..သွားခဲ့တဲ့လမ်းတွေကိုကြည့်ရင်း ကြောက်တောင်ကြောက်မိတယ်။ အစ်မသွားရဲတာ တစ်ကယ်ချီးကျူးစရာကောင်းတယ်။ ဘိန်းခင်းတွေမြင်ရတာလည်း ကြက်သီးမွှေးညင်းများတောင် ထမိပါရဲ့။

ဘိန်းပန်းကတော့ ချစ်စရာ။ နောက်တစ်ပိုင်း မြန်မြန်ဆက်ပါး))

ထော်ဦး said...

ဘိန်းပန်းက လှမှလှ မမချောရယ်...
ဒါပေမဲ့ မမြင်ရတဲ့ စက်ဆုပ်ရွံရှာမှုတွေက သူ့ ဆီမှာအပြည့်အ၀ပါပဲလား...
သြော်..လူငယ်တွေက ဒါကိုမသိဘဲ သုံးပြီး
ဘသတွေ ချို့ တဲ့ကြ...
ရောင်းတဲ့လူတွေက တိုက်ကြီးကြီး ကားခန့် ခန့် နဲ့ 
ခန့် ညားနေကြလို့ ...
သူတို့ တွေက ငွေနဲ့ ခွံကျွေးနိုင်တယ်ဆိုတော့လည်း
ဘယ်သူကဖမ်းရဲတော့မလဲလေ...
ထော်ဦး

Kay said...

စိတ်ဝင်စားစရာပဲ..ချော
ရတောင့်ရခဲ ဓါတ်ပုံတွေ နဲ့

Anonymous said...

ဘိန်းပန်းဆိုတာတီဗီထဲမှာပဲတွေ့ဖူးတယ် မချောရေ တော်တော်အပင်ပန်းခံနိုင်တာပဲနော် နောက်လာမဲ့ပို့စ်ကိုအရမ်းဖတ်ချင်နေပြီ...

sosegado said...

ဓါတ်ပုံတွေ့ကတော့ အရမ်းလှပါတယ်၊ ဒီ တန်ဖိုးတန်ခရီးသွားပို့စ်လေးကို စိတ်ဝင်းစားစွာ အဆက်စောင့်မေပါမယ်။

ချောရေ....
ပို့စ်တစ်ပုဒ်တိုင်အတွက် အချိန်ပေး၊ ငွေကုန်၊ လူပမ်းနဲ့ စေတနာထား၊ အပင်ပမ်းခံတဲ့ ချောရဲ့ စိတ်လေးကို အရမ်းချစ်တယ်။ အခုဆို ဒုတိယပိုင်းအတွက် အားထုတ်နေပြီဆိုတာ သိတယ်။ နေကောင်း ကျန်းမာအောင်လဲ နေဦး။ ဒုတိယပိုင်းလဲ မျှော်နေမယ်..။

လမ်းကတော့ ရှယ်ပဲ။ သေချင်စော်တောင် နံသွားလောက်တဲ့ လမ်းမျိုးပဲ။ အဲဒီလို သွားရတဲ့နေရာမို့လို့လည်း ဒီလောက် လွတ်လွတ်လပ်လပ် စိုက်ပျိုးထားတာများလားမသိဘူး။ ငရဲပန်းလို့ တင်စားထားတာ အင်မတန် သင့်လျော်လွန်းတယ်။ လွယ်လွယ်ဝယ်လို့ရတာရယ် သုံးတဲ့ အပေါင်းအသင်းတွေ များနေတာရယ်ကြောင့် ဆေးစွဲတဲ့ လူငယ်တွေ ထပ်ပြီး တိုးပွားလာနေအုံးမှာပဲ။ စိတ်မောဖို့ ကောင်းတယ်။

ဝေ said...

ချောရေ...
ခုတလော မျက်စေ့မကြည်လို့ ဘလော့က စာတွေ လိုက်မဖတ်ရတာကြာပြီ။
ခု ပထမဆုံးဖတ်လိုက်တာ...
ချောရဲ့ဇွဲနဲ့သတ္တိ၊ စာဖတ်သူအပေါ်ထားတဲ့စေတနာတွေကို ချီးကျူးပါတယ်ကွယ်။

ဟုတ်ပါ့ချောရယ် လမ်းကလည်း ဆိုးလိုက်တာနော်။ ဘိန်းပန်းလေးတွေက လှသလောက် ကြောက်စရာကောင်းတယ်။ နောက်လာမဲ့ အပိုင်းကို စိတ်ဝင်တစား မျှော်နေပါတယ်ချောရေ....

အဲဒီ ထဲမှာ ဘာတွေတွေ့ရမလဲဆိုတာ စောင့်မျှော်နေပါတယ်.. မချော...

ခင်မင်လျက်
နေ၀သန်

ညီရဲ said...

ဓာတ်ပုံတွေ ကြည့်ရုံနဲ့ တင် မချော ဘယ်လောက်တောင် အပင်ပန်းခံပြီး သွားခဲ့ရတယ်ဆိုတာကို သိနိုင်တယ်... မချောရဲ့ စေတနာနဲ့ ဇွဲသတ္တိကို တကယ်လေးစားမိပါတယ်... နောက်ဘာတွေ ဆက်တွေ့ ရမယ် ဆိုတာကိုလဲ သိရဖို့ ဒုတိယပိုင်းကို မျှော်နေပါ့မယ်...

ဖတ်ရ၊ မြင်ရတာ ရင်တထိတ်ထိတ်ပါလား မချောရေ။

ပန်းလေးတွေကတော့ ကြည့်ရတာလှလိုက်တာ။ ပန်းလေးရဲကအတွင်းက ဂုဏ်သတ္တိကတော့ လူသားတွေရဲ့ဘဝကို ဝါးမြိုပစ်ဖို့ပါလား။
နောက်ပိုစ့်ကိုမျှော်နေမယ်မချော။
ချစ်တဲ့
သဒ္ဓါ

PhyoPhyo said...

မချောက ဇွဲကောင်းလိုက်တာ။
@မောင်ဘုန်း ရေးသွားသလိုပဲ အဆိပ်သင့်တောင်တန်းတဲ့။
ဟုတ်တယ်နော်။
ဖတ်လိုက်ရတာ စိတ်တောင်မကောင်းဘူး။
အဆိပ်တွေပြေပါစေပေါ့။
စာဖတ်စရာတွေအများကြီးပဲ
စာမကြေတော့ဘူး။
နောက်တစ်ပုဒ်အတွက် စောင့်နေမယ်နော်။
ချစ်တဲ့
pp

Anonymous said...

ပန်းပုံလေးနဲ့အသုံးဝင်ပုံလေးက
ဘာမှမဆိုင်ပါလားနော်..။
အားလုံးအတွက်..
အခက်အခဲအပေါ်လျစ်လျူရှုတတ်တဲ့
အစ်မရဲ့စေတနာကိုလေးစားမိပါတယ်။


ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

ချစ်ခင်လျှက်
မိစံ

aungnyc said...

တော် တော် တန် တန် စေတနာ နဲ့ ဒီ ပို့စ် ကို ဖန်တီး ဘို့ မလွယ်ပါ။ တကယ် ပါ။ အသက် အန္တရာယ် နီးပါတယ်။ မြင် ရ တဲ့ လမ်း ပေါ် မောင်းနေတဲ့ ဆိုင်ကယ် နောက် က လိုက်ရင်တောင် တော်တော် အန္တရာယ် များနေပါ ပြီ။ New York time သတင်းစာ က သတင်းတောက် တောင် အဲဒီ လို သွားရဲ မှာ မဟုတ်ဘူး။ လမ်း အန္တရာယ် များသလို၊ င ရဲ ပန်း ခင်း ပိုင်ရှင် တွေ ငြို ညှင် မှာ လည်း ပူ ရ သေး နော်.. တော် ပါ တယ် ဗျာ... တကယ် ကွင်း ဆင်း လေ့ လာ ပြီးရေး တာ မို့ အလွန် တန် ဘိုး ထား ဖတ် သွားပါတယ်။ အားပေးလျှက်.
ပျော်ရွှင် ချမ်းမြေ့ပါစေ။

san htun said...

လမ်းက တော်တော်ဆိုးတာပဲ..အပင်းပန်းခံ ပို့ စ်တင်ပေးတဲ့ မချောရေ ကျေးဇူး..နောက်ပို့ စ်ကို စောင့်မျှော်နေတယ်ဗျို

Sint Si said...

I have seen the poppy flower in a ting village near Thai/Burma border. They have red / orange / white colors flower.The seedpods are green. I scraped the seedpod with a stick and they smell so nasty. I think they boil the sap/juice to make black opium.

Any way the vegetable that grow in poppy field are very very tasty. I tried it once and still remember the taste of it. :-) That was a small town in Kachin state.

Anonymous said...

မချော

လေးစားအားကျမိပါတယ်

ဇွန်

ခုမှရောက်တယ် မချောရေ..
ဘိန်းပင်တွေရှိတဲ့နေရာကို အဲဒီလိုသွားရတာလား..
မချောမို့လို့ (၃)ရက်လောက်နာတယ်၊ နတ်သမီးဆိုရင် (၁)ပတ်တောင် အနာပျောက်ပမလားပဲ၊ ဖြတ်သန်းရတဲ့လမ်းခရီးက တော်တော်ဆိုးတာပဲ၊ ဓာတ်ပုံထဲမှာတွေ့ရတဲ့လမ်းက ဆိုင်ကယ်လမ်းဆိုလို့ မျက်လုံးပြူးသွားတယ်။ အဲဒီလို ခက်ခဲတဲ့ကြားထဲက ရိုက်လာတဲ့ပုံလေးတွေရော ဗဟုသုတတွေကိုပါ မျှဝေတဲ့ မချောကို အထူးကျေးဇူးတင်ပါတယ်။
နတ်သမီးကတော့ ဒီတစ်သက် အဲဒီလိုနေရာကို ရောက်ဖို့ အခွင့်ရှိမယ်မထင်ပါဘူး၊ လူခံရှိမှလည်းဖြစ်မှာ။ ကျေးဇူး မချော..း)

သတိုး said...

ဒီလောက်ကြမ်းတမ်းခက်ခဲတဲ့ လမ်းကိုသွားပြီး ဒီပို့စ်ကို တင်နိုင်ခဲ့တဲ့ မချောရဲ့ စိတ်ဓါတ်နဲ့ လုံ့လကို လေးစားလျှက်ပါဗျို့။
ခင်မင်သော သတိုး