ငရဲပန်းတို့ရဲ့ အလယ်မှာ

တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်ပြီးနောက် ငရဲပန်းလို့ခေါ်တဲ့ ဘိန်းစိုက်ခင်းတွေကို ကျွန်မ ရောက်သွား တဲ့ အချိန်မှာ အချို့ခြံတွေက အပွင့်တွေပွင့်ရုံမက အသီးပါ သီးနေပြီ ဖြစ်ပါတယ်။ တွေ့ခဲ့ရတဲ့ ဘိန်းခင်းတွေ ဟာ အများအားဖြင့် အပွင့်အဖြူရောင်တွေ များပါတယ်။ အပင် စိမ်းစိမ်း အပွင့် အဖြူဖြူလေးတွေဟာ ကြည့်ရတာ မျက်စိပသာဒ အလွန်ရှိလှပါတယ်။ ဘိန်းပင်ပေါက်ကာစ အပင်ပေါက်လေးတွေကို မုန်ညင်းလို ဟင်းချိုချက်သောက်ရင် အလွန်ချိုတယ်လို့ ချက်စားဖူးသူတွေ ပြောသံကြားဖူးလို့ အပင်ပေါက်လေးတွေ များ တွေ့မလား လိုက်ရှာပေမဲ့ အားလုံးဟာ အပင်ကြီးဖြစ်နေပါပြီ။ ဒါကြောင့် မချောတစ်ယောက် ဟင်းချက်စားဖို့ ဘိန်းပင်ပေါက်လေးတွေ ခူးမလာခဲ့ရပါဘူး။ :) ကင်မရာတစ်လက်နဲ့ ဘိန်းခင်းနား ကို ယောင်လည်လည် လုပ်နေတဲ့ ကျွန်မကို မသိသူတွေကတော့ ဘာလိုလို ထင်နေကြပါလိမ့်မယ်။ ဘာမှ မဟုတ်တဲ့ ကျွန်မဟာ ခြံတစ်ခြံကို အနားကပ်သွားပြီး လှလှ ပပ ဖူးပွင့်နေတဲ့ ပန်းကလေးတွေကို ဓာတ်ပုံ ရိုက်မိပါတယ်။ အဲဒီခြံမှာ လူရိပ်လူခြေတော့ မတွေ့ရပါဘူး။ အပင်တွေကလည်း အပွင့်ဖြူဖြူ လေးတွေသာ ရှိပါသေးတယ်။ ဓာတ်ပုံရိုက်နေရင်း လူရိပ် လူခြေများတွေ့လေ မလားလို့ ရှာကြည့်မိ ပါတယ်။ တွေ့ခဲ့ရင် ကျွန်မ မေးချင်တဲ့ မေးခွန်းလေးတွေ ရှိတာကြောင့် အခင်းပိုင်ရှင် (သို့) ခြံစောင့်ကို လိုက်ရှာမိတာပါ။ ဒါပေမဲ့ တစ်ယောက်မှ မတွေ့တဲ့ အဆုံး ဓာတ်ပုံ ရိုက်ပြီးနောက် အခြားသော ခြံဘက်ကို ထွက်ခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


နောက်တစ်ခြံမှာတော့ ခြံအပြင်ကနေ အတွင်းဘက်ကို ချောင်းကြည့်တော့ လူရိပ်လူခြေ တွေ့ရပါ တယ်။ ခြံကြီးကတော့ ကျယ်ဝန်းလှပြီး ပန်းတွေကလည်း အစီအရီ ပွင့်လို့နေပါပြီ။ ပထမ ခြံထက်လည်း ပိုလှပြီး ပိုလည်း ကျယ်ဝန်းပါတယ်။ ဒါနဲ့ ကင်မရာလေးကိုင်ပြီး ခြံအပြင်ကနေ အထဲကို ချောင်းကြည့်မိတော့ ခြံထဲက အသံတစ်သံ ထွက်လာပါတယ်။ ဘာကိစ္စ ရှိသလဲလို့ မေးတာပါ။ ဒါပေမဲ့ မေးတဲ့ စကားက မြန်မာစကား မဟုတ်ပါဘူး။ ဒါနဲ့ ကျွန်မတို့ကို လိုက်ပို့တဲ့သူက အဲဒီ ဘာသာ စကားနဲ့ ပြန်ဖြေ ပါတယ်။ ပန်းတွေ ပွင့်နေတာ ဓာတ်ပုံ ရိုက်ချင်လို့ ၊ ဘာညာနဲ့ ပြောပြတော့ အထဲက အသက်ကြီးကြီး အဖွားအိုတစ်ယောက် ထွက်လာပြီး “လာပါ လာပါ ”လို့ သူတို့ဘာသာ စကားနဲ့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း အားရဝမ်းသာ အပြေး အလွှားလေး ခြံထဲကို ဝင်လိုက် ကြပါတော့ တယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


အဲဒီခြံထဲရောက်ချိန်မှာတော့ တစ်ခြံလုံး လှလှပပ ပွင့်နေတဲ့ အပွင့်များသာမက အသီးများကိုပါ တွေ့ရ ပါတယ်။ ပြီးတော့လည်း အခြားခြံထဲက ပန်းပွင့်တွေမှာ အဖြူရောင် သီးသန့်သာ ဖြစ်သော်လည်း ယခုခြံထဲမှာတော့ အနီ၊ ခရမ်း၊ ပန်းရောင်များ ကိုပါ တွေ့မြင်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ချစ်စရာခရမ်းရောင် 

Image Hosted by PicturePush - Photo Sharing

 ပန်းရောင် 


Image Hosted by PicturePush - Photo Sharing


 ဘိန်းဖြစ်လာဖို့ အဆင့်ဆင့်ကို လေ့လာကြည့်မယ်ဆိုရင် အသီးမဖြစ်ခင် အပွင့်အနေအထား အရင်ဆုံး ဖြစ်လာပါတယ်။ 



Image Hosted by PicturePush - Photo Sharing

 ပြီးတော့မှ အပွင့်ရဲ့အတွင်းမှာ ခုလို အသီးလေးတွေ စပြီး ဖြစ်တည်လာတာပါ။ 

Image Hosted by PicturePush - Photo Sharing


အသီးတဖြေးဖြေး ကြီးထွားလာတဲ့အခါ အပြင်က ပွင့်ချပ်လေးတွေ ကြွေသွားပြီးနောက် ခုလို အသီးချည်း ကျန်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အသီးဒီအရွယ်လောက် ရောက်ချိန်မှာ အစေးခြစ်လို့ရပါပြီ။ ဓားလေးနဲ့ အရာပေးပြီး ထွက်လာတဲ့ အစေးတွေကို ခြစ်ယူကြတာပါ။ 


Image Hosted by PicturePush - Photo Sharing

ဘိန်းသီးခြစ်တဲ့ဓါး



ခြံအတွင်းမှာ အဖွားအို တစ်ဦး၊ မိန်းမငယ် နှစ်ဦးတို့ အပင်တွေကြားမှာ အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ သူတို့တွေရဲ့ အနားကို သွားကြည့် မိပါတော့တယ်။ ကျွန်မမြင်ခဲ့ရတဲ့ ဘိန်းစေးခြစ်ယူပုံကို ဗဟုသုတနေနဲ့ ပြန်ပြောပြရရင် မိန်းကလေး တစ်ဦးက ဘိန်းပင်ပေါ်ရှိ အသီးများကို အထူးပြုလုပ်ထားတဲ့ ဓားလေးတွေနဲ့ ခြစ်နေတာကို တွေ့ရပြီး အဲလိုခြစ်ပြီးတဲ့ ဘိန်းသီးလေးတွေကနေ  မကြာခင်မှာပဲ အစေးဖြူဖြူလေးတွေ ထွက်လာပါတယ်။ အပေါ်ကမြင်ရတဲ့ ဓားလေးက ဘိန်းသီးကိုခြစ်ဖို့ ပြုလုပ်ထားတဲ့ ဓားပါ။ အဖျားချွန်ပြီး ပါးပါးလေးဖြစ်နေတဲ့ ဓားလေးချောင်းကို စုစည်း ထားတာပါ။ အဲဒီဓားကိုလည်း ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ယူလာတာပါ။


  အဲဒီဓားနဲ့ ဘိန်းသီးတွေကိုခြစ်ထားတာ အခုဆို အသီးပေါ်မှာ ခြစ်ရာလေးတွေ  မြင်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အသီးကို ဓားလေးနဲ့ အသားခပ်ဖွဖွ ခြစ်လိုက်ပြီး မကြာခင်မှာဘဲ ခုလို အစေးဖြူဖြူလေးတွေ စိမ့်ထွက် လာတာ မြင်ရပါတော့တယ်။ အသီးကို ပတ်လည် ၂နေရာလောက်မှာ တစ်ခါ ခြစ်ပါ တယ်. နောက် တစ်ပတ်လောက် ကြာချိန်ကျတော့မှာ ပထမခြစ်ပြီးတဲ့ အသီးရဲ့ ဘေးနား က နေရာလွတ်မှာတစ်ခါ ထပ်ခြစ်ပါတယ်။ ထိုနည်းနဲ့ အသီးတစ်လုံးကို အကြိမ် ၃ကြိမ်ခန့်လောက် ခြစ်ယူကြတာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အစေးဖြူဖြူတွေဟာ ခုလို တဖြည်းဖြည်း အညိုရောင်သန်းလာပါတယ်

Image Hosted by PicturePush - Photo Sharing
 နောက်ဆုံးမှာ ခုလို ညိုသွားပါတော့တယ်

Image Hosted by PicturePush - Photo Sharing


ညိုပြီး ခြောက်လာတဲ့ အစေးတွေကိုမှ ခုလို သံပြားလေးနဲ့ လိုက်လံစုဆောင်းရပါတယ်။ အဲဒီ အနေအထား ကတော့ ဘိန်းစိမ်းလို့ခေါ်တဲ့ Opium ကိုရပါပြီ။ ဘိန်းသီးကို အစေးထွက်လာအောင်ခြစ်ပြီးတာနဲ့ ချက်ခြင်း လိုက်စုတာ မဟုတ်ဘဲ နောက်တစ်နေ့လောက်မှ လိုက်ပြီး စုဆောင်းတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မသိသေးတာ သိခဲ့ရတာ တစ်ခုက ဘိန်းကို အစေးခြစ်တယ်ဆိုတာ ဘိန်းသီးမှာသာ ခြစ်တာ မဟုတ်ဘဲ ပင်စည်မှာပါ ခြစ်လို့ရတယ်ဆိုတာ သိခဲ့ရပါတယ်။ 


Image Hosted by PicturePush - Photo Sharing



ဒီလိုပါ... ဘိန်းပင်ရဲ့ ပင်စည်ပေါ်ရှိ အကိုင်းရဲ့ အရွက်ရင်းနေရာကို ဓားပါးပါး ချွန်ချွန်လေး တစ်လက်နဲ့ လှီးခြစ်နေတာ တွေ့ရပါတယ်။ ပင်စည်ပေါ်မှာ မခြစ်ရပါဘူး.. ပင်စည်ကို ခြစ်လိုက်ရင် အစေးထွက်လာပေမဲ့ အပင်က ဝါလာပြီး သေသွားတတ်ပါတယ်။ ခုလို ပင်စည်မဟုတ်တဲ့ အရွက်လေးတွေရဲ့ အရင်းကို ချွန်ချွန်ပါးပါး ဓားအဖျားလေးနဲ့ ခြစ်လိုက်ရင်လည်း အစေးတွေ ထွက်လာပါတော့တယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


ဒါက ဓားဖျားလေးနဲ့ခြစ်လိုက်တာနဲ့ ထွက်လာတဲ့ အစေးတွေပါ။




Image Hosted by PicturePush - Photo Sharing

ထွက်စမှာ ဖြူပေမဲ့ အချိန်ကြာတဲ့အခါ ခုလို ညိုသွားတာပါ။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


အစောကလိုဘဲ ဘိန်းသီးပေါ်က အစေးတွေကို စုသလို၊ အရွက်ရင်းပေါ်က အစေးတွေကိုလည်း လိုက်လံ စုဆောင်းကြပါတယ်။ အစေးခြစ်ယူပြီးတဲ့ အရွက်ဟာ မကြာခင်မှာ ဝါပြီး ခြောက်သွေ့လာပါတယ်။ အပင်နဲ့ အသီးပေါ်က အစေးလေးတွေကို အနံ့ခံကြည့်တဲ့အခါ စိမ်းရွှေရွှေ အနံ့မျိုးကို ခံစားရပြီး လျှာဖျားပေါ် တင်ကြည့်တဲ့ အခါမှာတော့ ပြင်းထန် ခါးသက်တဲ့ အရသာကို ခံစားရပါတယ်။


Image Hosted by PicturePush - Photo Sharing

အစေးခြစ်ပြီးတဲ့ ဘိန်းသီးတွေက ခုလို အညိုအမည်း ဒဏ်ရာတွေ စွဲလို့ပေါ့။


Image Hosted by PicturePush - Photo Sharing

ဘိန်းစိမ်းများ

ဒီအနေအထားဖြစ်နေတဲ့ ဘိန်းစိမ်းဟာ လမ်းကြောင်း ၂ခုကို ရွေးချယ်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လမ်းကြောင်း ၂ခုဆိုတာ ကောင်းတဲ့ လမ်းကြောင်းနှင့် ဆိုးတဲ့လမ်းကြောင်းပါ။ ဘိန်းလို့ ဆိုလိုက်ရင် မကောင်းတာကိုဘဲ အရင်ပြေးမြင်လိုက်ကြပါလိမ့်မယ်။ ဘိန်းဆိုတာဟာလည်း တကယ်တမ်းတော့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ပြောရင် အံ့သြကြမယ် ထင်ပါတယ်။ အချို့သော လူမျိုးတွေဟာ ဘိန်းကို ရိုးရာ တိုင်းရင်းဆေး အနေနဲ့ အသုံးပြုကြပါတယ်။ ကျွန်မတို့ အရပ်မှာလည်း နေမကောင်းတဲ့အခါ၊ ဝမ်းအပြင်းအထန် သွားတဲ့အခါတွေမှာ ဘိန်းကို ဆေးဝါးအနေနဲ့ အသုံးချတာကို တွေ့ရ ပါတယ်။  ရောဂါတစ်ချို့ကို တကယ်လဲ သက်သာပျောက်ကင်းနိုင်တဲ့ အစွမ်း ရှိပါတယ်။  ဆေးလောကမှာ ဘိန်းကနေ ထုတ်လုပ်ထားတဲ့ Opiates ခေါ်တဲ့ ဆေးတွေ အများအပြားရှိပါတယ်။ ဥပမာ  မော်ဖိန်း (Morphine)၊ ကိုဒင်း(Codeine)တို့လို ဆေးတွေက ဆေးလောကအတွက် မရှိမဖြစ် အရာတွေ ဖြစ်နေလို့ပါဘဲ။  ဘိန်းကနေ ထုတ်တဲ့ဆေး တစ်ချို့ကို ထုံဆေး၊ မေ့ဆေးအဖြစ် အသုံးပြုကြ သလို စိတ်ဝေဒနာရှင်တွေ၊ စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာလည်း အသုံးပြု ပါတယ်။ ဘိန်းရဲ့ မူလ အစွမ်းသတ္တိဖြစ်တဲ့ စွဲလန်းစေတဲ့ အာနိသင်ကို လျော့ပါးအောင် ပြုလုပ်ပြီး အနောက်တိုင်းဆေးတွေ ဖော်စပ် အသုံးပြုကြပါတယ်။ ဒါကတော့ ဘိန်းရဲ့ အင်မတန် ကောင်းမွန် တဲ့ အသုံးဝင်ပုံ တစ်ချို့ပါ။


Image Hosted by PicturePush - Photo Sharing

ဘိန်းရှုရန် ပြုလုပ်ပုံအဆင့်

ဘိန်းစိမ်းကနေ ခတ်ပုံ၊ ခခူး၊  (ကချင်ပြည်နယ် အခေါ်) ပြောင်းချေး၊ ဘိန်းမည်း စသဖြင့် အဆင့်ဆင့် ချက်လုပ်ပြီး မူးယစ်စွဲလန်းကာ မသုံးစွဲရ မနေနိုင်အောင် လုပ်ထားတဲ့ အရာတွေကတော့ လူတွေကို ဆိုးကျိုးပေးနိုင်တဲ့ မူးယစ်ဆေး စာရင်းထဲကို ဝင်လာပါပြီ။ ဘိန်းစိမ်းကို ချက်ပြီး အပေါ်က ပုံထဲကလို ငှက်ပျောရွက်အနုကို ပါးပါးလှီး အခြောက်လှမ်းပြီး ဘိန်းဆီနဲ့ ရောကာ အလုံးလေးများပြုလုပ်ပြီး အဲဒီအလုံးလေးကို မီးရှို့ကာ အငွေ့ကို ရှုရှိုက်တာမျိုးလည်း လုပ်တတ်ကြပါတယ်။ ဘိန်းကို သုံးစွဲပုံတွေကတော့ အများအပြားရှိပါတယ်။ ဓာတုဗေဒဆေးများနဲ့ ရောနှောပေါင်းစပ်ပြီး အမည်းရောင် ဘိန်းမည်းကနေ အဖြူရောင်အမှုန့်လေးတွေ အဖြစ် အဆင့်ဆင့် ပြုလုပ်ပြီး လေးဆင့်မြောက်မှာ ရရှိတဲ့ ဟီးရိုးအင်းခေါ် နံပါတ်ဖိုးဘိန်းဖြူကတော့ အဆင့် အမြင့်ဆုံးနဲ့ လူသိအများဆုံး၊ လူသားတို့အတွက် အန္တာရယ် အကြီးဆုံး မူးယစ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ နိုင်ငံ တကာမှာ မူးယစ်ဆေးဂိုဏ်းတွေ နဲ့ မှောင်ခို ရောင်းဝယ်ဖောက်ကားကြတာ ဒီ ဘိန်းဖြူ အဆင့်ဆိုတာ အားလုံး သိကြပါတယ်။ ဈေးလည်း အကြီးဆုံးဖြစ်သလို သုံးစွဲသူတွေရဲ့ အသက် အန္တရာယ်ကိုလည်း အခြိမ်းခြောက်နိုင်ဆုံးသော အဆင့်ဖြစ်ပါပြီ။ 

မူးယစ်ဆေးကြောင့် အသက်ဆုံးရှုံးရသူတွေ၊ ဘဝပျက်ရသူတွေ၊ ရောဂါရကြသူတွေ  ရေတွက် မကုန်နိုင်အောင် များပြားလှတာမို့ မူးယစ်ဆေးဆိုရင် လူတိုင်းက နှာခေါင်းရှုံ့ကြ၊ အပြင်းအထန် ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ၊ တိုက်ဖျက်ကြ အဲဒီလိုလုပ်နေကြတာ အားလုံးလည်း အသိပါ။ ကျွန်မသည်လည်း ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေနဲ့ လူသားတွေကို အန္တရာယ်ပေးနေတဲ့ မူးယစ်ဆေးကို အတွင်းစိတ်ထဲကနေ ခါးခါးသီးသီး စက်ဆုတ်ရွံရှာမိပါတယ်။ ဒါကြောင့်လည်း မူးယစ်ဆေးဖြစ်လာမဲ့ ဒီဘိန်းတွေကို ဘယ်လိုလူတွေက စိုက်ကြတယ် ဆိုတာ သိချင်စိတ် သိပ်ပြင်းပြခဲ့တာကြောင့် ဒီလောက်ဝေးလံတဲ့ တောင်ပေါ် ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်မရောက်နေတဲ့ ဘိန်းစိုက်ခင်း ကို စိုက်သူတွေဟာ ဘယ်လို လူမျိုးတွေလဲ ဆိုတာ စပြီး လေ့လာ ကြည့်ပါမယ်နော်။ 

ခြံထဲကို မရောက်ခင် ခြံအပြင်ကနေ ချောင်းကြည့်နေကြတဲ့ ကျွန်မတို့ကို အထဲဝင်လာဖို့ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ပြီး ဓာတ်ပုံရိုက်တာကိုပါ ကြည်ကြည်ဖြူဖြူ ခွင့်ပြုတဲ့ အခင်းပိုင်ရှင်ဖြစ်ဟန်ရှိတဲ့ အဖွားအိုဟာ မြန်မာ စကား လုံးဝ မတတ်ပါဘူး။ ပြီးတော့ သူ့ခြံထဲကို တစိမ်းသူတွေဝင်တာ၊ ဓာတ်ပုံရိုက်တာတို့အတွက်  ထိတ် လန့်ရကောင်းမှန်း၊ ပူပင်ရကောင်းမှန်းပင် သိပုံမရပါ။ ခြံထဲမှာ ရှိနေတဲ့ အခြားသော မိန်းခလေး ၂ယောက် တို့မှာလည်း အဖွားအိုလိုပါဘဲ။ ပညာလည်း တတ်ပုံမပေါ်ပါ။။ ရိုးအေးတဲ့ မျက်ဝန်းတွေနဲ့  ဖြူစင်တဲ့ စိတ်သဘောထား ရှိကြပါတယ်။ ကျွန်မ သိချင်တဲ့ မေးခွန်းတွေကိုလည်း ဘာသာ စကား တတ်သူကနေ တစ်ဆင့် စိတ်ပါလက်ပါ ဖြေကြပါတယ်။ သူတို့တွေဟာ သူတို့စိုက်နေတဲ့ အပင်တွေကနေ အင်မတန် အန္တရာယ် ကြီးမားစေတဲ့ မူးယစ်ဆေးတွေပါ ရယ်လို့တောင် ခံစားမိဟန် မပေါ်ပါ။ သာမန် ရိုးရိုးသားသား ခြံစိုက်နေကြတယ်လို့သာ ထင်ပုံရှိပါတယ်။

ဘိန်းတွေ လိုက်သိမ်းနေတဲ့ အဖွားအိုဟာ သူ့လက်ထဲက ဘိန်းတွေကို ကျွန်မရှေ့ ထိုးပြပြီး “စမ်းကြည့်ပါ လား။ အရမ်းကောင်းတယ်”လို့ ကျွန်မကို ပြောလာတာမို့ ရီဘဲရီရမလား၊ သူတို့ကိုဘဲ သနားရတော့မလား မသိတတ်အောင် ဖြစ်ခဲ့ရပါသေးတယ်။  ဒီဘိန်းတွေဟာ မကောင်းတဲ့ဆိုးကျိုးတွေကို ဖြစ်စေတယ်ရယ်လို့မှ သူတို့မှာ ခံစားမိရလား မတွေးတတ်အောင်ပါဘဲ။


Image Hosted by PicturePush - Photo Sharing

လှလွန်းအားကြီးတဲ့ ပန်းပွင့်များ 

ဘယ်လိုလူမျိုးတွေများ ဒီလိုမူးယစ်ပင်တွေ စိုက်ပါလိမ့်လို့ ကြိုတင် စိတ်ဝင်စားခဲ့မိတဲ့ ကျွန်မဟာ ရိုးသားဖြူစင်နေတဲ့ သူတို့မျက်နှာကိုကြည့်ပြီး ရည်ရွယ်ချက် ဆိုးတွေနဲ့ ဒီအပင်ကို စိုက်ကြတယ်လို့ကို ဘယ်လိုမှ မထင်မိတော့ပါဘူး။ သူတို့တွေဟာ တစ်ကမ္ဘာလုံးကို ခြောက်ခြား တုန်လှုပ်စေနိုင်တဲ့ ဒီဘိန်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တကယ်မသိလို့ စိုက်တာလား၊ သိရက်နဲ့ စိုက်တာလားလို့ တွေးမိရပြန် ပါတယ်။ ဘိန်းစိုက်သူတွေရဲ့ ဘဝကို တစေ့တစောင်း ကြည့်မယ်ဆိုရင် တကယ်တမ်း ဘိန်းစိုက်တာဟာ တစ်ဧကကို အနည်းဆုံး တစ်ပိဿာကနေ သုံးပိဿာ လေးပိဿာအထိ ထွက်နိုင်ပါတယ်။ ဟုတ်ကဲ့.. ဘိန်းအစိမ်း တစ်ပိဿာဈေးနှုန်းကို ကိုးသိန်း ဆယ်သိန်းပေါက်ပါတယ်။ ဒီထက် ပိုအဆင့်မြင့်သွားရင် ဒီထက် ပိုပြီး ဈေးကောင်းရလေ ဖြစ်ပါတယ်။ အပင်ဖြစ်ထွန်းတဲ့ တစ်ဧကကို အနည်းဆုံး သိန်း ၃ဝ ပြေးမလွတ်ပါဘူး။

ဒီတော့ အခြားသီးနှံစိုက်ပျိုးရင် ဒီလို သိန်းဆယ်ချီတဲ့ငွေမျိုး ရဖို့ဆိုတာ တကယ်ကို မလွယ်တဲ့အတွက် ပိုက်ဆံများများရတဲ့ ဘိန်းစိုက်တဲ့ အလုပ်ကို လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘိန်းစိုက်တာ ပိုက်ဆံ များများရတယ် ဆိုပြီး ကျွန်မတို့၊ အခုစာဖတ်နေတဲ့သူတို့ကို ဘိန်းစိုက်မလားလို့ မေးလာခဲ့ရင် ဘယ်လို ဆုံးဖြတ်ကြပါမလဲ? ကျွန်မရဲ့ အဖြေကတော့ မစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘိန်းကနေ ထွက်လာမဲ့ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဘိန်းဖြူ စသည်တို့ဟာ လူသားတွေရဲ့ ဘဝတွေကို ပြောပြလို့ မရနိုင်လောက်အောင် ဆိုးဝါး ပျက်စီးစေနိုင်လို့ပါဘဲ။ ဒါကြောင့် ဘိန်းစိုက်တာဟာ မကောင်းမှုလို့ ကျွန်မတို့အနေနဲ့ ခံယူကြပါတယ်။ အခြားသော စာဖတ်သူတို့လည်း ဒီိလိုဘဲ ခံယူမယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ကျွန်မတို့တွေရဲ့ အသိစိတ်မှာ ဘိန်းရဲ့ ဆိုးကျိုးတွေ၊ မကောင်းမှုတွေကို နားလည် လက်ခံထားပြီး ဖြစ်တာကြောင့် ဘိန်းစိုက် တဲ့ အလုပ်ဟာ ပိုက်ဆံ ဘယ်လောက် ရသည်ဖြစ်စေ မလုပ်သင့်တဲ့ အလုပ်လို့ နားလည်ထားခဲ့ကြတယ် မဟုတ်ပါလား။

Image Hosted by PicturePush - Photo Sharing

ဒီလိုဆိုရင်ဖြင့် ကျွန်မတို့က ဘိန်းဆိုတာ မကောင်းဘူး၊ ဘိန်းကြောင့် လူသားတွေရဲ့ ဘဝတွေကို လူညွန့်တုံးစေနိုင်တဲ့ အထိဖြစ်စေတယ်၊ ဘိန်းစိုက်ခြင်းဟာလည်း သမာအာဇီဝကျတဲ့ အလုပ်တစ်ခု မဟုတ်ဘူးရယ်လို့ ထင်မြင်သလို ဝေးလံသီခေါင်တဲ့ ဟိုးတောင်ပေါ်နေရာတွေမှာ စိုက်ပျိုးနေကြတဲ့ ဘိန်းစိုက်သူတွေကိုလည်း ဒီလို အသိမျိုးကို သဘောပေါက် လက်ခံလာနိုင်ဖို့အတွက် တစ်ကယ့်ကို ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့၊ လှုံ့ဆော်ဖို့ လိုအပ်တယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့လည်း ဘိန်းအစား အခြားသော သီးနှံများကို စိုက်ပျိုးဖို့၊ သူတို့ရဲ့ ကျန်းမာရေး ၊ ပညာရေး အဆင့်အတန်းတွေ မြင့်မားအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ ငွေကြေးကအစ ထိရောက် တဲ့  ကူညီထောက်ပံ့မှုမျိုးတွေ လုပ်ပေးဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်ကတော့ ဘိန်းစိုက်ပျိုးခြင်းကို အသွေးထဲ၊ အသားထဲကကို ရွံရှာမုန်းတီးတဲ့ စိတ်မျိုး အဲဒီ တောသူတောင်သားတွေရဲ့ စိတ်ထဲကို ရိုက်သွင်းပေးနိုင်ဖို့ အလိုအပ်ဆုံးပါ။ ဒီအပင်ကနေ ထွက်လာတဲ့ ဘိန်းတွေဟာ အခြားသော ဝိသမစီးပွားရေး သမားများ စတဲ့ လူတွေလက်ထဲ ရောက်ရှိသွားပြီးနောက် လွဲမှားစွာ လက်ခံသုံးစွဲတဲ့ လူအတွက်ရော၊ သူနဲ့ ဆက်ဆံပတ်သက်နေတဲ့ ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက်ပါ ဘယ်လိုအင်အားကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်တယ်ဆိုတာ ထဲထဲဝင်ဝင် သိလာအောင် ထိထိရောက်ရောက် ပညာပေးဖို့၊ အသိပေးဖို့၊ ပြောပြဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်မိပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီလို တရားမဝင် မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ဝိသမစီးပွားရေး သမားများ၊ ဘယ်သူသေသေ ငတေမာပြီးရော လုပ်ငန်းရှင်ကြီးများကိုလည်း ဥပဒေဘောင်ထဲကနေ ထိထိရောက် အပြစ်ပေး၊ အရေးယူနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေတင်မက ကျန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကပါ အသိစိတ်ရှိရှိ၊ တာဝန်သိသိနဲ့ ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။

Image Hosted by PicturePush - Photo Sharing

လယ်စောင့်တဲ မဟုတ်သော ဘိန်းခင်းစောင့်တဲ လို့သာ ကဗျာမဆန် နာမည်ပေးလိုက်ပါရစေတော့။

သို့သော်လည်း ကျွန်မတို့မြန်မာစကားပုံမှာ အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားကလည်း ရှိလေတော့ ဘိန်းရဲ့ ဆိုးကျိုးတွေကို သိပင်သိသော်ငြား၊ နားပင် လည်သော်ငြားလည်း စီးပွားရေး အဆင်မပြေလို့၊ သားရေးသမီးရေး၊ မိသားစုဝမ်းစာရေး၊ ကျန်းမာရေး၊ ချမ်းသာရေး၊ ဘဝရဲ့အရေး၊ အရေး ကိစ္စ အထွေထွေတို့အတွက် မစိုက်မဖြစ်လို့ စိုက်ပျိုးရပါတယ်ဆိုတဲ့ ဆင်ခြေမျိုး အပေါ်က အမေအိုတို့လို ဘိန်းစိုက်တဲ့ တောသူတောင်သားတွေက တစ်ကယ့်ကို ရိုးရိုးသားသားနဲ့   ပေးလာမယ်ဆိုရင်တော့ အဲဒီပြဿနာတွေ အတွက်ကို  ကျန်တဲ့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းက လူတွေအနေနဲ့ ဘယ်လို ဖြေရှင်းဖို့ ကူညီပေးနိုင်မလဲ၊ ဘာတွေ သူတို့အတွက် လုပ်ပေးဖို့ လိုအပ်မလဲ ဆိုတဲ့ အကြောင်းစတာတွေနဲ့ တကယ့်တကယ်တန်း လက်တွေ့ အခြေအနေမှာ အဲဒီလို ငရဲပန်းတွေက သီးပွင့်လာတဲ့ အသီးအပွင့်တွေနဲ့ ဘီလီယံချီတဲ့ ပိုင်ဆိုင်မှု ကြွယ်ဝမှုတွေကို ပိုင်ဆိုင်ပြီး လူသားတွေရဲ့ အသက်ပေါင်း များစွာနဲ့ ရင်းနှီးထားရဲ့ စည်းစိမ်တွေကို ယစ်မူး သာယာနေကြသူတွေ အကြောင်း စတဲ့ အတွေးပေါင်းစုံတို့ကို အပြန်ပြန် အလှန်အလှန်၊ အထပ်ထပ် အခါအခါ ခေါင်းခြောက်မတတ် တွေးတောရင်း၊ စဉ်းစားမိရင်း ငရဲပန်းတွေ ဖူးပွင့်ဝေဆာနေတဲ့ တောင်ပေါ်ကနေ လေးလံတဲ့စိတ်၊ နွမ်းနယ်တဲ့ ခန္ဓာကိုယ်ကို သယ်ပိုးရင်း တရွေ့ရွေ့ ပြန်ဆင်းခဲ့ မိပါတော့တယ်။

 ဒီငရဲပန်းတွေလို ဒီကမ္ဘာမြေကြီးရဲ့ တစ်နေရာ ၊ တစ်နေရာစီမှာ ဖူးပွင့်ဝေဆာနေတဲ့  ငရဲပန်းတွေတိုင်းဟာ လူသားတွေကို ဆိုးကျိုးတွေ ဖြစ်စေတဲ့၊ လူညွှန့်တုံးစေတဲ့၊ လူသားတွေရဲ့ ဘဝတွေကို စောစော စီးစီး နေဝင်သွားစေနိုင်တဲ့ နေရာတွေကို ရောက်မသွားဘဲ  ကောင်းကျိုးဖြစ်ထွန်းစေတဲ့၊ လူသားတွေ အတွက် အကျိုးရှိတဲ့ နေရာတွေမှာ အသုံးပြုနိုင်တဲ့၊ ကောင်းမွန်သော လမ်းကြောင်းတွေဆီ ရောက်သွားတဲ့ တန်ဖိုးရှိတဲ့ ပန်းတွေသာ ဖြစ်ပါစေတော့လို့လည်း ပါးလှပ်လှပ် မျှော်လင့်ချက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း အထပ်ထပ် ဆုတောင်းမိခဲ့ ပါတော့ တယ်။



စာရှုသူ မိတ်ဆွေများအားလုံး မူးယစ်ဆေး အန္တာရာယ်မှ ကင်းဝေးကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေလို့လည်း အလေးအနက် ဆုတောင်းပေးလိုက်ရပါတယ်ရှင်။





ဘိန်းကနေထုတ်လုပ်သော ဆေးဝါးများအကြောင်း ရှင်းပြပေးသော ဒေါက်တာ မောင်ဟန်၊ ဒီပိုစ့်ဖြစ်မြောက် ရန် အတွက် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့သော ကိုသားကြီး၊ လွန်ခဲ့တဲ့ နှစ်များဆီက တောင်ပေါ် ရွာလေးကို ရောက်ခဲ့စဉ် ကျွန်မ သွားချင်တဲ့ ဘိန်းစိုက်ခင်းကိုရောက်ရန် အင်မတန်ကြမ်းတမ်းတဲ့ ခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြသော မိတ်ဆွေ၂-ဦးနဲ့တကွ ညီမငယ် တစ်ဦး၊ ဒီပိုစ့် မတိုင်ခင် ပထမ ပိုစ့်တစ်ပုဒ်ဖြစ်သော ငရဲပန်းများဆီသို့ ပိုစ့်ကို စရေးကတည်းက စိတ်ပူပြီး သတိပေးကြတဲ့ အဝေးက မိတ်ဆွေများ အားလုံးတို့ကို အထူးကျေးဇူး တင်ရှိပါတယ် လို့ ကျေးဇူးစကား ပြောကြားပါရစေရှင်။

35 Responses to “ငရဲပန်းတို့ရဲ့ အလယ်မှာ”

aungnyc said...

မချောရေ .. ဘိန်းပန်းဆို တာ အင်မတန် လှတယ် လို့ ငယ် ငယ် က ထည်း က ကြား ဘူးတယ်.. အ ခု မှ မချော ဓါတ် ပုံ ထဲ မှာ တွေ့ဘူးတယ်.. ကိုယ် တိုင် အဲဒီ လိုမျိုး ဓါတ်ပုံ ရိုက်ချင်တာ. ဘိန်းခင်း အလည် က မချော လို မိန်းမလှ လေး တယောက် အတွက် အန္တာရယ် များလွန်းတယ်ထင်တယ်။
လူငယ်တွေ အား လုံး မူးရစ်ဆေး ဒါဏ် မှ ကင်းဝေး ကြ ပါစေ။
ဓါတ်ပုံတွေ တော် တော် ကောင်းတယ်.. ရန် ကုန် က MAGAZINE တိုက် တွေ က မချော ပုံတွေ ယူ သုံး အုံး မှာ မြင်နေ သေးတယ်။
အောင်မြင်မူု တွေ အများ ကြီး ရ ပါစေ..

ပျော်ရွှင်ချမ်းမြေ့ ပါစေ..

PhyoPhyo said...

မချောရေ
တကယ့်ကို ရှားပါးတဲ့ ပိုစ့်တစ်ခုပါ။
မချောပြောသလို ဘိန်းစိုက်တဲ့တောသူတောင်သားတွေကို ပညာပေးအစီအစဉ်မျိုးဖြစ်မြောက်နိုင်ပါစေ ဆုတောင်းမိတယ်။
ပုံတွေလည်း ကောင်းလိုက်တာ။
တကယ့်ကို ရှားရှားပါးပါးပိုစ့်အတွက် မချောရဲ့အားထုတ်မှုအတွက် Bravo!

mae said...

ပုံလေးတွေ လှတယ်.. အောက်ဆုံးပုံလေးသဘောအကျဆုံးပါ..

ဗဟုသုတရတဲ့အတွက် ကျေးဇူးပါ

ချောရေ ... ဘိန်းချက်တာကို ဘိန်းစေ့က ချက်တယ်လို့ပဲ ထင်နေတာ။ အသီးကို အဲဒီလို ခြစ်ရတာ သိဘူးရယ်။ အိမ်မှာ ပေါ်ပီတွေပွင့်ရင် ခြစ်ကြည့်အုံးမယ်။

ချော အခုလို အသေးစိတ် ပုံတွေနဲ့တကွ ရှင်းပြတာ သိပ်ကောင်းတာပဲ။ ပြီးတော့ ချောပြောသလို ဘိန်းစိုက်နေတဲ့သူတွေကို ဘိန်းအကြောင်း နားလည်ဖို့ ပညာပေး အစီအစဉ်က တကယ်ကို ကျယ်ကျုယ်ပြန့်ပြန့် လုပ်သင့်ပါတယ်။ ဘိန်းအစားထိုး တခြားသီးနှံစိုက်ဖို့ သူတို့ကို သိမ်းသွင်း ဆွဲဆောင်ရမယ်။ အမှန်တကယ် သီလစောင့်ရင် အူမ တောင့်တယ်ဆိုတာလဲ သူတို့ကို နားလည်စေချင်တယ်။

သိပ်အဖိုးတန်တဲ့ post ပါ မမ။ စာရေးသူတစ်ဦးရဲ့ စေတနာ၊ကြိုးစားမှုတွေနဲ့ ထုံမွှမ်းထားတဲ့ အကောင်းဆုံး စာလေးပါ။

ချောရေ..ဒီပိုစ့်လေးအတွက်ကျေးဇူးပါ..
အစကတည်းက ဘိန်းပန်းသာတွေ့ဖူးတာ
အခုလိုအဆင့်ဆင့်ဓာတ်ပုံရိုက်ပြထားတာ..
အရမ်းကိုသဘာဝကျတယ်..
ိကိုယ်မသိသေးတဲ့အကြောင်းတွေလဲသိရတယ်..
ဖြစ်နိုင်ရင်မြန်မာပြည်ပြန်ပြီးချောနဲ့ခရီးတွေလိုက်သွား ချင်တယ်..တစ်ကယ်

အရမ်းတန်ဖိုးရှိတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ စာရေးသူရဲ့ စေတနာ နဲ့ အားထုတ်မှု့ ကိုအထင်းသား မြင်ရတယ်။ ပုံတွေက တော့ Value Added လို့ဆိုရမလားပဲ။

ဘိန်းပန်းတွေက သိပ်ကိုလှတယ်နော်.. ကျူလစ်တွေလိုပဲ... လှသလောက် ကြောက်စရာလည်း ကောင်းလှပါလား... ဗဟုသုတတော့ အတော်ကိုရပါတယ်... ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ထားတဲ့ ပို့စ်တစ်ပုဒ်ဖြစ်တော့ အတော်ကို ချီးကျူးမိပါတယ်.. မချောရေ.....

ခင်မင်လျက်
နေ၀သန်

အဖိုးတန်လှတဲ့စာတစ်ပုဒ်ပါပဲအမရေ ..

san htun said...

ဘိန်းပန်းတွေလှတယ်ဆိုတာ ဓာတ်ပုံထဲမှာ မြင်ဖူးတယ်..ဘိန်စေးထုတ်ယူတာကိုတော့ ဓာတ်ပုံနဲ့ တကွ အဆင့်ဆင့် မြင်ရတာ မချောရေ ကျေးဇူး..မချောရဲ့  အပင်ပန်းခံအားထုတ်မှုကို တကယ် ချီးကျူးတယ်..Well done !

တကယ်ကို စိတ်မကောင်းဘူးလို့ ပဲပြောပါရစေတော့...
မူးယစ်ဆေးဝါးကြောင့် အမေသော ဘာသောမသိဘဲ
ခြိမ်းခြောက်တောမျိုးတွေ သတ်ပစ်တတ်တာမျိုးတွေ
သတင်းတွေမှာကြားနေရတော့
ဒါဟာလူသားကို လူစိတ်ကင်းလွတ်အောင် ပြုလုပ်နေသလိုပါပဲ။
အမချောရဲ့  အားထုတ်မှုကို ရင်တုန်မောပန်းစွာနဲ့ 
လာရောက်ဖတ်မှတ်သွားပါတယ်ခင်ဗျာ...
ထော်ဦး

မသိနားမလည်တဲ့၊ ရိုးသားတဲ့ ဘ၀တွေကို ခုတုံးလုပ် ခြေကုတ်ယူလို့ ၀ိသမလောဘသမားတွေရဲ့ ကြံရက်ပုံက ငရဲပန်းကို ငရဲပန်းမှန်းမသိ၊ လွယ်လွယ်နဲ့ ငွေတွေ ရနေတဲ့အပေါ်၊ ဒီဘိန်းတွေ မှီဝဲပြီး ဘ၀ပေါင်း ဘယ်လောက်များတောင် ပျက်စီးခဲ့ကြရပြီလဲ မသိ။ ဒီလို နေရာတွေအထိ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးဖို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုနေပြီ..ချောရေ...။ ဒီပို့စ်လေးအတွက် ဘရာဗိုလုပ်ပါရစေ....။

အစ်မချောရေ..ပို့စ်လေးကောင်းလိုက်တာလို့ မပြောတော့ပါဘူး။ တုပ်တုပ်တောင်မလှုပ်မိဘဲ ဖတ်သွားပါတယ်။ ဟုတ်ကဲ့..ကျွန်မလည်း ဘိန်းစိုက်မလားမေးရင် မစိုက်ပါဘူး။ စိုက်တဲ့သူရှိနှင့်ပြီးမှပဲ။ သူတို့စိုက်တာနဲ့တင် အလွဲသုံးစားလုပ်မယ့်သူတွေအတွက် လုံလောက်ခြင်းထက်မက လုံလောက်နေပါပြီး(

ပုံနဲ့တကွ ဗဟုသုတအတွက် ကျေးဇူးတင်ပါတယ် မရေ။

Anonymous said...

တကယ့်ကိုဗဟုသုတရစေတဲ့ပို့စ်ကောင်းလေးအတွက် ကျေးဇူးများကြီးတင်ပါတယ်မချောရေ...

national said...

Thank you very much for your researching , writing and posting.

ချောရေ...
စိတ်ရှည်လက်ရှည် သွားရောက် မေးမြန်း ရိုက်ကူးပြီး ပိုစ့်လေးခုလိုရေးပေးတဲ့အတွက် တကယ် ကျေးဇူးတင်မိပါတယ်။ ဘယ်အရာမှာ မဆို သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင်ဘေးဆိုတော့လည်း အခက်သား။ ဆေးဝါးအဖြစ်သုံးဖို့ လိုအပ်သလောက်ပဲ စိုက်ကြရင် ကောင်းမယ်နော်....။ လူတွေ အညွန့်တုံးပြီးမှ ရမဲ့ဝင်ငွေကိုတော့ မလိုချင်ပါဘူး၊ မစိုက်ချင်ပါဘူး ချောရယ်။ အင်း သူတို့တွေ ဘိန်းစိုက်နေကြပြီး ဘိန်းရဲ့ အန္တာရာယ်ကို မသိလို့တော့ မဟုတ်လောက်ဘူး။ ပြောရခက်ပါတယ်လေ....

တကယ်ကိုအရမ်းကောင်းတဲ့ပိုစ့်လေးမို့ ကောင်းလွန်းတယ်ဆိုတာကလွဲရင်ကျန်တာမပြောတော့ဘူးချစ်မကြီး
အရသာပေါ့သွားမှာဆိုးလို့ပါ

ချစ်တဲ့

ဒိုးကန်

ညယံ said...

ဘိန်းဆို ချက်တယ်ပဲ သိထားတော့ ခုလိုပုံလေးတွေနဲ့ စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့ ချောကို ကျေးဇူးတင်တယ်နော် ။

စေတနာကြီးပါလေ့ မချောရေ။။။ လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က ကယားနဲ့ရှမ်းနယ်စပ်က ဘိန်းခင်းတစ်ခုကို မမြင်ဘူးလို့သွားကြည့်ဖူးတယ်။ သဘောတရားလောက်သာရှင်းပြပြီးတော့ ဓါတ်ပုံရိုက်မယ်ဆိုတာကိုလည်း ခါးခါးသီးသီးငြင်းပါတယ်။ ကြာကြာနေစေချင်တဲ့ပုံမရှိသလို ခေါ်လာတဲ့လူမျက်နှာတောင်မထောက်ပါဘူး။ ချက်ချင်းကိုပြန်ခိုင်းပါတယ်။ မြင်သာမြင်ခဲ့တယ် ဘာမှန်းကိုမသိခဲ့ပါ။ အဲဒီကိုခေါ်လာတဲ့လူကိုမေးတော့လည်း ပါစပ်ပြောရယ် တိုင်းရင်းသားစကားဝဲတာကြောင့်ဆိုလိုရင်းကဘာမှန်းကိုမသိခဲ့ပါ။ အခုမှသာသေချာသိပြီး သေချာမြင်ဖူးတော့တယ်။ ကျေးဇူး မချော။

lemon said...

အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့စကားကလည်း ရှိလေတော့ ဘိန်းရဲ့ ဆိုးကျိုးတွေကို သိပင်သိသော်ငြား၊ နားပင် လည်သော်ငြားလည်း စီးပွားရေး အဆင်မပြေလို့၊ သားရေးသမီးရေး၊ မိသားစုဝမ်းစာရေး၊ ကျန်းမာရေး၊ ချမ်းသာရေး၊ ဘဝရဲ့အရေး၊ အရေး ကိစ္စ အထွေထွေတို့အတွက် မစိုက်မဖြစ်လို့ စိုက်ပျိုးရပါတယ်ဆိုတဲ့ ဆင်ခြေမျိုး အပေါ်က အမေအိုတို့လို ဘိန်းစိုက်တဲ့ တောသူတောင်သားတွေက တစ်ကယ့်ကို ရိုးရိုးသားသားနဲ့ ပေးလာမယ်ဆိုရင်တော့ အဲဒီပြဿနာတွေ အတွက်ကို ကျန်တဲ့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းက လူတွေအနေနဲ့ ဘယ်လို ဖြေရှင်းဖို့ ကူညီပေးနိုင်မလဲ၊ ဘာတွေ သူတို့အတွက် လုပ်ပေးဖို့ လိုအပ်မလဲ yeah That's the point . We should not only think to tell them to stop but give them the substitution which can solve their needs .

Anonymous said...

ပို့စ်နှစ်ပုဒ်စလုံးကို
နီးစပ်ရာ..ရှယ်ပေးလိုက်ပါပြီ။
တန်ဖိုးရှိပြီး အမှန်တကယ်..
သိထားသင့်တဲ့အကြောင်းအရာတွေပါ။
အစ်မတောင်းတဲ့ဆုလေး
အမြန်ပြည့်ပါစေနော်..။

ချစ်ခင်လျှက်
မိစံ

Anonymous said...

အပင်ပန်းခံပြီးအားထုတ်မှတ်တမ်းတင်ထားတဲ့ချောရဲ့ စေတနာကိုအလွန်လေးစားပါတယ်။
ပညာပေးလုပ်ငန်းဆိုတာပညာပေးရုံနဲ့ မပြီးဘူး။ လိုအပ်တာတွေကိုအစားထိုးဖြည့်ဆည်းပေးနိုင်ရမယ်။
ဒါတွေကိုတကယ်ဖြည့်ဆည်းပေးနိုင်ဘို့ လုပ်ကိုင်နိုင်ရင်တောင်မှစဉ်ဆက်မပြတ်ပညာပေးနေရအုန်းမှာပါ။
ဓါတ်ပုံတွေအရမ်းလှတယ်။ အားကျမိပါတယ်။
အိုင်အိုရာ

မချောရေ ဒီပို့စ်လေးကနေ မသိသေးတာတွေ သိရလို့ ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံတွေလဲ တော်တော်ကောင်းပါတယ်။

မချောရေ- ဗဟုသုတလေးတွေရအောင် အခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ဘိန်းပန်းကလှတယ်လို့ ပြောကြပေမယ့် ဘိန်းကြောင့် ဒုက္ခရောက်ရ၊ ဘ၀ပျက်ရ၊ အသက်ဆုံးရတဲ့ လူတွေရဲ့ အရိပ်တွေ ထင်ဟပ်နေပါတယ်။ အသိပညာနည်းပါးတယ် တောင်သူတွေကို သနားသလို စိုက်ခင်းကြီးကိုကြည့်ပြီး ကြက်သီးများတောင် ထမိပါတယ်။

မချောရေ ခရီးလည်းသွားရင်း တဂ်ပို့စ်လေးဖြေပေးပါဦးခင်ဗျး)

http://www.thettantcho.com/2012/02/blog-post_29.html

ခင်မင်စွာဖြင့်

သက်တန့်ချို

ညီရဲ said...

ဒီပိုစ့်လေးမှာ မချောရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာကို ပီပီပြင်ပြင် မြင်တွေ့ ခဲ့ရတယ်... တကယ် ဗဟုသုတ ရစေတဲ့ ပိုစ့်လေး တစ်ပုဒ်ပါ... ခုလိုပင်ပန်းခံပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီး ပြန်ဝေမျှပေးခဲ့လို့ ကျေးဇူးပါ မချော...

sosegado said...

ဖတ်သွားပါတယ်၊ တန်ဘိုးရှိသော ဆောင်းပါးတစ်ပုဒ်ပါပဲ၊
ဒီလို ခြံရှင် မိသားစုမျိုးတွေ မြန်မာနိုင်ငံမှာ အများကြီးဖြစ်မှာပါ၊
ပြုပြင်ပြောင်းလဲခြင်းနှင့် ဈေးကွက်ထဲကို ပို့တဲ့ တစ်ဘက်နိုင်ငံများက သူတွေကတော့ ပေါ့လို့ ကျော့လို့
………………………. လက်ညှိးထိုးရင်တော့ ဒီနိုင်ငံကိုပဲ။

ဆွေလေးမွန် said...

မချော ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ တစ်ကယ်ပဲ လေးစားအားကျမိတယ်။
ဒီပို့(စ်)လေး ဖတ်ပြီး စိတ်ထဲမှာ ခံစားမိတာကတော့လေ.
တစ်ကယ်တမ်းသဘာဝကပေးတဲ့ ဘိန်းပန်းလေးတွေက အရမ်းကိုဖြူစင်ပြီးလှကြတယ်
ဒါပေမယ့် လူတွေရဲ့ အသုံးချအရောင်ဆိုးမှုအောက်မှာ ငရဲပန်းဆိုတဲ့ နာမည်တွင်သွားစေတယ်လို့
ခံစားမိတယ်။

အတွေးရဲတယ်၊ ရေးရဲတယ်လို့ အရင်ပြောပါရစေ။ တရားဝင်သွားခဲ့တယ်ဆိုရင်တောင် ဒီလိုပို့စ်မျိုးကိုတင်ရင် အနည်းနဲ့အများ တာဝန်တော်တော်ကြီးပါတယ်။ မချောတော့ လုပ်ချလိုက်ပြန်ပြီလို့ ပြောရမလားဘဲ။ ဘာပဲဖြစ်ဖြစ် ဗဟုသုတတော့ တော်တော်လေးရလိုက်ပါတယ်။ အဲဒီအတွက် ကျေးဇူးပါ။ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ ဘိန်းပန်းလေးတွေက လှလိုက်တာဆိုတာကို ခုမှတကယ်လက်ခံမိတော့တယ်။ အဲဒီလိုလုပ်နေတဲ့ တိုင်းရင်းသားတွေအတွက်တော့ သိလို့လုပ်လုပ်၊ မသိလို့လုပ်လုပ် သူတို့အနာဂတ်အတွက်တော့ ကျွန်တော်စိတ်မကောင်းမိပါဘူး။ ကျွန်တော်တို့ဘာများတတ်နိုင်မှာလဲ။

Anonymous said...

ချောရေ..
ဘိန်းပန်းတွေက ဘိန်းတွေလိုပဲ လူကို မူးယစ်ရီဝေသွားလောက်အောင် လှတယ်နော်။း)

ခင်မင်လျှက်
ဂျူ

shwesin said...

မမရေ... အပင်ပန်းခံပြီး ဗဟုသုအများကြီးတိုးအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်..........

ဗဟုသုတတွေဖတ်သွားရုံသာမက အောက်က အစ်မရဲ့ သဘောထားကိုပါ လေးစားစွာ ဖတ်သွားပါတယ်အစ်မ..

တစ်ကယ့်အနှစ်သာရ ရှီတဲ့ ပိုစ့်လေးတစ်ခုပါအမရေ
..

(ဒုတိယ)

Anonymous said...

တစ်ပင်ခြင်းကိုစိတ်ရှည်လက်ရှည်လုပ်ရတယ်နော်....စိုက်တဲ့သူတွေကောစားသုံးသလားဆိုတာသိချင်ပါတယ်

Anonymous said...

လောကကြီးမှာ ဘယ်လောက်လှတဲ့ ပန်း

တွေပဲ ဖြစ်ပါစေ “ ဂျူ ” လေးတို့လို ချစ်စရာ့

မိန်းကလေးတွေရဲ့ စစ်မှန်တဲ့ အလှအပကို

တော့ မှီနိုင်မယ် မထင်တော့ဘူးလေ.........

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ နိုင်ကြစေ

( ဦး )