မနေ့က ထူးထူးခြားခြား ဓညင်းသီး လက်ဆောင်ရပါတယ်။ အဲဒီဓညင်းသီးကလည်း ကျွန်မတို့ ကချင်ပြည်နယ်က ထွက်တဲ့ ဓညင်းသီးပါ။ ကချင်ပြည်နယ်ထွက်တဲ့ ဓညင်းသီးဟာ စီးစီးပိုင်ပိုင်နဲ့ စားလို့ကောင်းလှတာကို စားဖူးသူတွေ သိကြမယ်ထင်ပါတယ်နော်။ လက်ဆောင်ရတဲ့ ဓညင်းသီးတွေကလည်း အခွံတွေ မခွာရသေးတဲ့ အလုံးအတိုင်းဖြစ်ပါတယ်။ ညတုန်းက အဲဒီ ဓညင်းသီးတွေကို အခွံထုခွဲပြီး အထဲက အဆန်ကိုထုတ်ပြီး ရေစင်အောင် ဆေးပြီး ဆား၊ ထန်းညက်ထည့်ပြီး ပြုတ်ပါတယ်။ လက်ဆောင်ပေးတဲ့ သူကလည်း ထန်းလျှက်ပါ တစ်ခါတည်း ယူလာပေးပါတယ်။ ဒီ ဓညင်းသီးတွေကို လက်ဆောင်ရတော့တော်တော်လေး ပျော်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုလို ကိုယ်တိုင်အခွံနွာပြီး၊ ကိုယ်တိုင်ပြုတ်ရတဲ့ အရသာဟာ နယ်မှာရှိတဲ့ ကျွန်မတို့ အိမ်ကို သတိရသွားစေလို့ပါ။
ငယ်တုန်းက ကျွန်မတို့အိမ်မှာ ဓညင်းပင်၊ ပန္နဲပင်၊ သရက်ပင်၊ ငှက်ပျောပင် စသဖြင့် အပင်တော်တော် များများ ရှိပါတယ်။ ဒါကြောင့် စားချင်တဲ့ အသီးအနှံဆို အိမ်မှာရှိတဲ့ အပင်ကနေ အလွယ်တကူ ခူးဆွတ်လိုက်ရုံပါဘဲ။ အခါကြီးရက်ကြီးတွေမှာ ဆွမ်းချက်တဲ့အခါ အိမ်ကဓညင်းပင်ကြီးလည်း တစ်တပ်တစ်အား ပါဝင်ခဲ့ဖူးပါတယ်။ အဖိတ်နေ့မှာ အပင်ကနေ ခူးဆွတ်ပြီး ညကတည်းက ပြုတ်ထားလိုက်ပါတယ်။ မနက်ကျရင်တော့ အမေက ဓညင်းသီးကို အုန်းနို့လေးနဲ့ ကြော်ပြီး ဆွမ်းတော်ဟင်း တစ်ပွဲအဖြစ် ချက်ပြုတ်ပါတယ်။ ဆွမ်းဟင်းတွေထဲမှာ အမေ့လက်ရာ ဓညင်းသီးကို အုန့်နို့နဲ့ ကြော်တဲ့ဟင်းတစ်ခွက်ကလည်း တကယ်ကိုမမေ့နိုင်အောင် ကောင်းလွန်းလှပါတယ်။ ဒါကြောင့်လည်း ဒီဓညင်းသီးတွေကိုမြင်တော့ မချောတစ်ယောက်ကို အိမ်ကို သတိရမိတာပါ။
အခွံခွာပြီးတဲ့ ဓညင်းသီးတွေကို ရေဆေးပြီး ဆား၊ ထန်းညက်ထည့်ပြီး ပြုတ်ပါတယ်။ ပထမ တစ်ရေ ကုန်အောင်ပြုတ်ပြီးချိန်မှာ အပေါ်က အခွံလေးတွေ ကွာလာတာကို ခွာဖို့ ရေအေးအေးမှာ စိမ်ပြီး အခွံခွာပါတယ်။ အားလုံးပြီးတဲ့အခါ ရေထည့်ပြီး ပြန်ပြုတ်ပါတယ်။ ရေအကြိမ်ကြိမ်ထည့်ပြီး ပြုတ်တဲ့အခါ စားရန် အသင့်ဖြစ်တဲ့ ဓညင်းသီးစေးစေးပိုင်ပိုင်ကို ရပါပြီ။ ကျွန်မတို့ နယ်ဘက်မှာတော့ ဓညင်းသီးကို ပြုတ်စားတာနဲ့ ဟင်းချက်စားတာကလွဲလို့ အခြားနည်းနဲ့ သိပ်စားလေ့မရှိပါဘူး။ ဓညင်းသီးသုပ်ကိုတော့ မန္တလေးရောက်မှ စားဖူးတာဖြစ်ပြီး ဓညင်းဝက်နဲ့ ဓညင်းသီး အနုလေးတွေကို အစိမ်းစားကြတာကိုတော့ ရန်ကုန်ရောက်မှ တွေ့ဖူး စားဖူးပါတယ်။ ဓညင်းသီး အစိမ်းကို စစချင်း စားဖူးတဲ့နေ့မှာဘဲ လိမ့်နေအောင် ခံလိုက်ရတာ မှတ်မှတ်ရရ အဖြစ်တစ်ခုပါ။ :)
ပြုတ်ပြီးသား ဓညင်းသီးများ
ကျွန်မကတော့ ပြုတ်ထားတဲ့ ဓညင်းသီးတွေကို ဝက်သားနဲ့ချက်ဖို့ စီစဉ်ထားပါတယ်။ ဝက်သား ဓညင်းသီး ချက်နည်းဟာ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ ဝက်သားနာနတ်သီး ချက်နည်းနဲ့ အတူတူဖြစ်ပါတယ်။ ဝက်သားကို အသားထက် အခေါက်ကို ပိုကြိုက်တဲ့ ကျွန်မက အသားအဆီ၊ အခေါက် ပါတဲ့ သုံးထပ်သားလိုမျိုးတို့ အနေတော်အတုံးလေးများ တုံးပါတယ်။ ပြီးရင် ဟင်းချက်ဝိုင်၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပြီး ၁၅မိနစ်ခန့်ထားထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတို့ကို အရောင်တင်၊ဆနွင်းမှုန့်တို့နဲ့ ဆီသတ်ပြီး ဝက်သားကို ထည့်လိုက်ပါတယ်။ ဝက်သားကို အချိုဓာတ်ရအောင် ကြာညှို့ကို ထည့်ချက်ပါတယ်။
ကြက်သွန်များကိုဆီသတ်ကာ ဝက်သားထည့်ပြီးနောက် ရေထည့်ပြီး အဖုံးအုပ်၍ မီးပေါ်တည်ထားလိုက်ပါတယ်။ ဝက်သားမနူးမချင်း ရေထပ်ထပ်ထည့်ပါ။ ကျွန်မက ဟင်းချက်တဲ့အခါ ဆီတွေ များတာကို သိပ်သဘောမကျတာကြောင့် ဆီလျှော့ထည့်ပါတယ်။
ဝက်သားနူးလာရင် ဓညင်းသီးများကို ထည့်ပါ။ ဓညင်းသီးကို များများစားချင်တာကြောင့် ဝက်သားထက် ဓညင်းသီးကို ပိုထည့်ထားတာပါ။ ရေထပ်ထည့်ပြီး ရေခမ်းအောင်တည်ထားပါတယ်။ ဆား၊ အရသာမှုန့်တို့ကို အပေါ့အငံမြည်းကာထည့်ပါ။
ထမင်းမြိန်စေမဲ့ ဝက်သားဓညင်းသီးချက်ပါ။
ဒီပိုစ့်ရေးမပြီးခင် မျက်စိတွေ စင်းလာအောင် အစွမ်းပြလို့နေပါပြီ။ :P
ဓညင်းသီးဆိုတာကတော့ မိုးရာသီမှသာ အများအားဖြင့် ရနိုင်တာမို့ ရာသီစာလို့ဘဲ ဆိုရမယ်ထင်ပါတယ်။ ကျွန်မကတော့ ရှားရှားပါးပါး လက်ဆောင်ရလိုက်တဲ့ ဓညင်းသီးတွေကို ပျော်ပျော်ပါးပါးစားလိုက်ပါတယ်။ စားပြီးရင်တော့ မဟာဖြေဆေးတော့ အဆင်သင့် ဆောင်ထားပါကြောင်းး)
မိတ်ဆွေများအားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေ.။
15 Responses to “ဝက်သားဓညင်းသီးချက်”
ဒညင်းသီး ၀က်သားချက် ကြိုက်တယ် မချော။
တဂျီးမင်းတို့ဘက်လဲ ဒညင်းသီးတွေ ရှိတယ်။ ပထမကတော့ နံလို့ဆိုပြီး သိပ်မကြိုက်ဘူး။ ဒါပေမဲ့ ကြိုက်မိသွားတဲ့အခါကျပြန်တော့လဲ ပြုတ်ပြုတ် ဖုတ်ဖုတ် ချက်ချက် တို့တို့ ဆားရေစိမ်စိမ် အကုန်လုံး ကြိုက်တော့တာပါဘဲ။ တဂျီးမင်းလဲ ဒညင်းသီးကိုက်တာ တစ်ခါ ခံရဖူးတယ်။ ကွေးနေ လှိမ့်နေအောင် ခံရတာ ကလား။း((
အားလုံးအဆင်ပြေါပစေ အမချော။
ဝက်သားဒညင်းသီးချက်ကို တီတင့်မစားပေမယ့် အိမ်ကလူတွေအတွက် နည်းလေးယူသွားတယ်။
မော်လမြိုင်အိမ်က ဒညင်းသီးပင်ကြီးကို သတိရတယ်း)
ပေါပေါလောလော လက်ဆောင် ရတာတွေ ပျော်ပျော်ပါးပါး ချက်စားပြီးရင် နေမကောင်းဖြစ်တာ မကြားချင်ဘူးနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒညင်းသီး မစားရတာ ၈လ ရှိပေါ့..
ဝက်သား ဒညင်းသီး ကြိုက်မှကြိုက်.. :D
ကချင်ပြည်နယ်က ဓညင်းသီးတော့ မမြည်းဖူးဘူးချောရေ။ ဘာဓညင်းပဲဖြစ်ဖြစ် အရမ်းကြိုက်တယ်။ အိမ်မှလည်း အဲလိုပဲဝက်သားနဲ့ချက်လေ့ရှိတယ်။ ဒါပေမယ့် ဓညင်းသီးကို ငရုပ်ဆုံထဲနဲနဲလေးထောင်းပြီးမှထည့်တယ်။ ပျော့သွားပြီး အနှစ်တွေဝင်သွားလို့ အရမ်းစားကောင်းတယ်
ရှလွတ် ရှလွတ်...စားချင်လိုက်တာနော်... ငယ်ငယ်တုန်းကဆိုရင် အဖေ့ဖက်က အမျိုးတွေ ဒညင်းသီးနဲ့ အုန်းနို့နဲ့ ၀က်သားနဲ့ ချက်ကျွေးတယ်။ ဒညင်းသီးကြီးတွေကို ရေစိမ်၊ ပြီးရင် ငရုပ်ဆုံထဲ ထည့်ထောင်း၊ ပြီးရင် အုန်းနို့နဲ့နှပ်၊ ၀က်သားကို ဆီသပ်၊ ပြီးရင် ရောပြီးတော့ နှပ်။ ချက်ပြီးလို့ကတော့ မီးဖိုခန်းထဲ အ၀င်တစ်လုပ်၊ အထွက်တစ်လုပ်ပဲ။ ပြီးရင်တော့ အမချောပြောသလို မဟာဖြေဆေးကြီးနဲ့ပေါ့။ ရှုးရှုးတောင် ပေါက်မရတဲ့ အဖြစ်... ဒါပေမယ့် တွေ့တိုင်းတော့လွေးတာပဲ။ အမချော ချက်ထားတာမြင်တော့ စားချင်ချက်..
အရမ်းကြိုက်။း)
ဓညင်းသီးကြောင့်ခံခဲ့ရတာတွေတော့များပါ့။ မမှတ်ဘူးနော်စားတာဘဲ။ ၀က်သားနဲ့ ဓညင်းသီးချက်မယ်ဆိုပြီးဝယ်လာတာဝက်သားကပေါင်းအိုးနဲ့ မြန်အောင်ဆိုပြီးအရင်တည်လိုက်ပါတယ် လက်လွန်ပြီးအရမ်းနူးသွားလို့ ဓညင်းသီးနဲ့ မရောလိုက်ရဘူး။
ဒင်းတော့နေနှင့်အုန်း။ ချက်ကိုစားအုန်းမယ်ချောရေ။
အိုင်အိုရာ
ဟောင်မြတ်လေး
ကြိုက်ထှာာာာာ ရန်ကုန်ကအပြန် ၁၁၅မိုင်မှာ ထမင်းကြော်တစ်ပန်းကန် ကြက်ဥမွှေကြော်တစ်ပွဲ ကြာဇံချက်တစ်ပွဲတွယ်ခဲ့ထှာာာ နေပူတော်ရောက်ပြီး သူ့ပို့စ်ဖတ်မိမှ ဗိုက်ထဲကသံစုံမြည်ရတယ် အောင်မတ်လေး ဗိုက်ဆာထှာာာ
မောင်ဘကြိုင်
ချားချင်လိုက်တာ။ မိလွမ်းက ဝက်သားမစားတော့
(( ငပိရည် ဒညင်းသီး)) ချားချင်တယ်။
အဟင့် ..ဘလော့ထဲကနေ သရေကျ တံထွေးငုံတဲ့
ဘဝနဲ့ .. အဟင့်..
မစားရပေမဲ့လည်း အားပေးတွားတယ်။
ခင်မင်တဲ့
အလွမ်း
ရှလွတ်... ဒညင်းသီးဆို ဘယ်လိုလည်လို့ မေးရမယ့်ဘ၀... စားချင်လိုက်တာ.. ဟင့်ဟင့်...
ခင်မင်လျက်
နေ၀သန်
ဓညင်းသီး မစားရတာ ကြာဘီအစ်မချော။ ထိုင်းဓညင်းသီးက ပေါက်စိလေးတွေ၊ စားမကောင်းဘူး။ ပိုနံတယ်။ မြန်မာပြည်က ဓညင်းသီးကျ စေးစေးလေးနဲ့  ကိုက်စားကောင်းတယ်။
ကျေးကျေးပါဗျာ
မချောရေ... ညီမလည်း ဝက်သားဆို အခေါက်ကို ပိုကြိုက်တယ်။ မနေ့ညကတောင် အိမ်မှာ ဓညင်းသီးနဲ့ ဝက်သား ချက်လို့ ဝက်သားအခေါက်နဲ့ ဓညင်းသီး ဖတ်တွေ များများ ရွေးစားလိုက်တာ ခေါင်းမထူနိုင်တော့ ဘူးလေ ... :D
ကချင်ပြည်က ဓညင်းသီးစားဖူးတယ် အရမ်းကောင်းတယ်..။ မချောဟင်းကိုကြည့်ပြီး ထမင်းတောင်ပြန်စာလာပီ...။
ကချင်ပြည်နယ်က ဓညင်းသီးကိုကြိုက်တယ်။ အရမ်းစေးတာပဲနော်။ ဟင်းလေးကြည့်ပြီး
သွားရေကျတာ..။
(မရောက်တာကြာသွားတာ ခွင့်လွှတ်ပေးပါ မချောရေ.)
ချမ်းမြေ့ပျော်ရွှင်ပါစေ။
ချစ်တဲ့
သဒ္ဓါ
ဟီး အခုဘဲ ဒေညင်းသီး(၁၀)လုံးပြုတ်စားလာတယ်
ကျွဲတို့ စာကလေးတို့ခြေဖျားဘယ်မှီမလဲ နန်းရေ
ဒါပေမဲ့ နန်းချောရေ ရတာနဲ့တင်းတိမ်ရတဲ့ ဘ၀ဖြစ်နေတယ်လေ။
ကချင်ပြည်နယ်ကို လွမ်းတယ် မချော
ခုဘဲချက်နေတယ်..ကြည့်လိုက်.ဖတ်လိုက်.ချက်လိုက်ပါဘဲ...အ၇မ်းစားကြည့်ချင်တယ်...
Post a Comment