မလုံတဲ့လိပ်ပြာ

သူမမှာ ရှိသည့် အကျင့်တစ်ခုက ညနေတိုင်း ဒီမြစ်ဆိပ်က ကျောက်တုံးကြီးတွေပေါ်ထိုင်ရင်း မြစ် တစ်ဖက်ကမ်းက ရှုခင်းတွေကို ငေးမောကြည့်ရှုတတ်သလို မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းရဲ့ ပွေ့ဖက်မှုကိုလည်း ခံယူတာကို သူမက နှစ်သက်လှပါသည်။ မြစ်ပြင်မှာ လှိုင်းကြက်ခွပ် ကလေးတွေ ထနေတာ နေရောင်ရဲ့ ရွှေအဆင်းနဲ့ ထိအတွေ့မှာ ရောင်ပြန်လက်ရင်း တစ်ဖျတ်ဖျတ် တောက်ပနေပုံက ညနေခင်း ဆည်းဆာအောက်မှာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါဘဲ။ နှစ်သက်ဖွယ် ကောင်းလွန်း လှပါသည်။ ရှုခင်းတွေကြည့်၍ ဝလျှင်တော့ ပါလာသည့် ဖတ်စရာ စာအုပ်တစ်အုပ်ပို ထုတ်ကာ ဖတ်နေတတ်သည်။ စဉ်စားကြည့်ပါ။ ညနေခင်းမှာ လေပြေတစ်လွှင့်လွှင့် တိုက်ခတ်နေချိန်တွင် စာအုပ်လေး ဖတ်နေရတဲ့ အရသာသည် ဘယ်လောက်များ ဇိမ်ကျဖို့ ကောင်းမည် ဆိုတာ။ ယခုလည်း သူမတွင်ပါလာသော စာအုပ်လေးကို ဖတ်နေရာမှ မျက်စိညောင်းလာသဖြင့်မြစ်ပြင် ရှုခင်းတွေဘက် ပြန်ပြီး အကြည့် ရောက်သွားမိသည်။

သည်စဉ်မှာဘဲ သူမ မြင်ကွင်းထဲ ၀င်လာတာက မြစ်တစ်ဘက်ကမ်းကနေ အသက် ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် မြစ်ရေပြင်ကို ဖြတ်ကူးလာတာဘဲ ဖြစ်သည်။ သည်မြစ်ရေက အချို့နေရာများတွင် လူကူး၍ ရနိုင်လောက်အောင် ယောက်ျား ပေါင်ရင်းနားလောက်ထိ တိမ်သော နေရာ ရှိသည်။ သို့သော် လမ်းကြောင်းတော့ ကျွမ်းကျင်ရမည်။ မဟုတ်လျှင် လူတစ်ရပ်မြုပ်သည့်နေရာသို့ ရောက်သွားတာမျိုး ဖြစ်နိုင်သေးသည်။ ယခု မြစ်ကို ဖြတ်ကူးလာသော ကလေးမလေး ကြည့်ရသည်မှာ သည်မြစ်ကို ကူးနေကျလား မသိ။ သူ့မှာ ဘာအပူအပင်မှ မရှိသလို အေးအေးဆေးဆေး အနေအထားမျိုးနှင့် တစ်ဖြေးဖြေး ကူးလာခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ လူကြီး တစ်ယောက်ယောက် မပါဘဲ ကလေးချည်းဘဲ မဖြတ်စေချင်ပါ။ ထို့ကြောင့် အော်ဟစ်တားမြစ်လိုက်ဖို့ စိတ်ကူး ရလိုက်မိသော်လည်း “သူ.. ကူးနေကျ ဖြစ်မှာပါလေ” ဟု စိတ်ကို ပြန်လျှော့ချလိုက်ကာ သူမတွင် ပါလာသော စာအုပ်ကလေးကို ပြန်ဖတ်နေလိုက်တော့သည်။



သို့သော် သူမစိတ်က မဖြောင့်.. စာထဲ စိတ်မရောက်နိုင်ဘဲ မြစ်ကို ဖြတ်ကူးနေသော ကလေးမလေး အတွက် စိတ်က ပူနေမိသဖြင့် မကြာမကြာ လှမ်းကြည့်နေမိသည်။ တတိယအကြိမ်မြောက် သူမ ကြည့်မိလိုက်စဉ်တွင် ကလေးမလေးမှာ ရေနစ်နေသည်ကို သူမ လှမ်းတွေ့လိုက်ရသည်။ ခေါင်းပင် မပေါ်တော့ဘဲ လက်နှစ်ဖက်သာ ဖော်နိုင်ပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေလေပြီ။ သူမ လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး ဘေးဝန်းကျင်ကို အကူအညီ တောင်းနိုင်ဖို့ လှမ်းကြည့်မိသော်လည်း လူရိပ်လူခြေ မမြင်ရဘဲ တိတ်ဆိတ်နေသော ဝန်းကျင်သာ သူမအနီးတစ်ဝိုက် ရှိနေလေသည်။ ရေကူးတတ်သော သူမက ထိုကလေးမလေးဆီ ကူးခတ်သွားဖို့ လွယ်အိတ်နှင့် ဖိနပ်ကို ချွတ်ပစ်လိုက်စဉ် လှေကလေးတစ်စင်းက ရေနစ်နေသော ကလေးမလေးဆီ တစ်ရွေ့ရွေ့ လှော်ခတ်သွားနေသည်ကို တွေ့လိုက်ရသဖြင့် အသာ ကိုယ်ရှိန်သတ်ကာ ကမ်းပေါ်ကနေသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်မိသည်။ လှေသမားသည် ရေနစ်နေသူ ကောင်မလေးနှင့် မလှမ်းမကမ်း ရောက်ချိန်တွင် လှေလှော်ခြင်းကို ရပ်လိုက်ကာ လှော်တက်ကို လှမ်းပေးလိုက်လေသည်။

ရေနစ်နေသော ကလေးမလေးမှာ ခေါင်းပင်မပေါ်သဖြင့် သူ့လှော်တက်ကို မြင်ဟန်မတူသလို လှော်တက်ကိုလည်း လှမ်းကိုင်နိုင်သည့် အသိစိတ်လည်း ရှိဟန်မတူ။ သို့သော်လည်း လှေပေါ်က လှေသမားကတော့ ရေထဲဆင်းဖို့ စိတ်မကူးဘဲ လှော်တက်ကိုသာ တွင်တွင် ပေးနေလေသည်။ ကြည့်နေရင်း ဒေါသတွေ တနုံ့နုံ့ထွက်လာရသော သူမသည် “ရေထဲဆင်းဆယ်လိုက်ပါလား” ဟု အော်လိုက်သော်လည်း လှေသမားက မကြားသည်လား၊ မကြားဟန်ပြုနေသည်လားတော့ မပြောတတ် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ကလေးမလေးအား သူ့လှော်တက်ကိုသာ အတွင်သား ကမ်းပေးနေလေတော့သည်။

ကြည့်နေရင်း အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်သော သူမက ရေထဲကို ခုန်ဆင်းလိုက်ပြီး ရေနစ်နေသော ကလေးမလေး ရှိရာကို အားသွန် ကူးခတ်မိတော့သည်။ ကလေးမလေးဆီရောက်ဖို့ အနည်းငယ် အကွာအဝေးသာ လိုတော့ချိန်တွင် ကလေးမလေးမှာ ရေပြင်ပေါ် လုံးလုံးပေါ်မလာတော့ပါ။ ထိုအချိန်အထိ လှေသမားသည် လှေပေါ်မှနေ၍ လှော်တက်ကြီး ကိုင်ရက်သား ကြောင်ပြီး ရပ်ကြည့်နေဆဲဖြစ်သည်။ သူမ သွေးရူးသွေးတန်းဖြင့် ပိုပြီးအားစိုက်ကာ ကူးခတ်ရင်း “ မနှစ်သွားပါနဲ့ဦး ကလေးရယ်… ငါမင်းဆီကို ရောက်အောင်လာနေတယ်.. ငါ့ကို ခဏလောက်တော့ စောင့်ပါဦး။ ငါ မင်းကိုကယ်မှာပါ ” ဟု တတွတ်တွတ် ရေရွတ်နေမိသလို လက်တွေ ခြေထောက်တွေကလည်း သူမဘ၀တွင် အမြန်ဆုံးသော နှုန်းထားနှင့် ကူးခတ် လှုပ်ရှားနေမိတော့သည်။

သို့သော်လည်း ကလေးမလေး ရေနစ်နေသည့်နေရာ ရောက်သည့်အခါတွင်လည်း ကလေးမလေးအား လုံးဝ ရှာမတွေ့တော့ပါ။ ပေါ်မလာတော့သော ကလေးမလေးအား တွေ့လိုတွေ့ငြား အပြန်ပြန် အလှန်လှန် ရေငုတ်ကာ ရှာဖွေနေမိသလို၊ ခပ်လှမ်းကိုများ မျောပါသွားလေမည်လား ဟူ၍လည်း တွေးတောရင်း ထိုနေရာတစ်ဝိုက်တွင် ထက်အောက် စုံခြည်ဆန်ခြည် ရေငုပ်ရင်း ထပ်ခါထပ်ခါ ရှာဖွေနေမိတော့သည်။ ကလေးမလေး ရေနစ်သော နေရာသည် သူမအရပ်နှင့်ဆိုလျှင် ရင်ဘတ်လောက် ရှိသော နေရာ ဖြစ်လေသည်။ ခပ်နောက်နောက် မြစ်ရေကလည်း ကလေးမလေးကို အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ပေးထားသလို ဖြစ်နေရလေသည်။ ကြည့်ရသည်မှာ ကလေးမလေးသည် ရေကူးရင်း လမ်းကြောင်း လွဲသွားတာ  ဖြစ်နိုင်လေသည်။ အချိန်အတော်လေးကြာတော့ ရေငုပ်ရလွန်း၍ သူမ မျက်စိတွေ နီရဲ ကျိန်းစပ်လာသလို၊ နားတွေလဲ အူကာ နာကျင်ရတော့ချိန်တွင်မှ သူမ ရေငုပ်တာ ရပ်လိုက်တော့ လှေပေါ်တွင် ခုချိန်ထိ အရုပ်တစ်ခုလို ရှိနေသေးသော လှေသမားကို မြင်လိုက်မိချိန်တွင် သူမဒေါသတွေ ပေါက်ကွဲသွားတော့သည်။

“မင်းအသုံးမကျလို့ ဒီကလေးသေရတာ မင်းရဲ့အဝတ်တွေက ဒီကလေးလအသက်ထက် ပိုပြီး တန်ဖိုးလကြီးနေလို့လား အသုံးမကျတဲ့ကောင် သေသင့်တာက မင်း ”ဟု သူမက လှေသမားကို ပက်ပက်လစက်စက် ဒေါသတကြီး ပြောလိုက်မိပါတော့သည်။ သို့သော် လှေသမားကတော့ သူ ရေမကူးတတ်တဲ့လအတွက် ရေထဲဆင်း မဆယ်ရဲတာဖြစ်ကြောင်း သူမကို လေသံ ပျော့ပျော့နဲ့ ပြန်ပြီး ပြောလာပါသည်။ ဒေါသ ထွက်လွန်းနေသော သူမက “ရေမကူးတတ်ရင်လည်း လှေပေါ်ကနေ ကလေးမလေးရဲ့ လက်ကို လှမ်းကိုင်ပြီး ဆွဲတင်လိုက်ရင် ရတာပဲ ဒါမှ မရရင် ရေထဲဆင်းပြီး လက်တစ်ဘက်က လှေ ကို ကိုင် ကျန်လက်တစ်ဘက်က ကလေးမလေးကို အသာတွဲထားပြီး လှေပေါ်ကို ဖြေးဖြေးချင်း တွန်းတင်ပေးလိုက်ရင် ဖြစ်တာဘဲ မဟုတ်လား ရေက ကလေးအတွက် နက်ပေမဲ့ လူကြီးအတွက်တော့ ရင်ဘတ်အထိဘဲရှိတာ။ ရေနစ်ပြီး မသေနိုင်ပါဘူး။ မင်း သတ္တိ မရှိရင် ဘာဖြစ်လို့ ဒီနားထိ လာခဲ့သေးလဲ မင်းလှေကို တွေ့လိုက်လို့ ငါလည်း ရေထဲဆင်းဖို့ နှောင့်နှေးသွားခဲ့ရတာ။ ဒါ မဖြစ်သင့်ဘဲ ဖြစ်သွားရတာ မသေသင့်ဘဲ သေသွားရတာ” သူမသည် အဆက်မပြတ် အရူးတစ်ယောက်လို အော်ဟစ် နေမိပါတော့သည်။

မကြာခင်တွင်တော့ အဖြစ်အပျက်အားလုံးကို တစ်စုံတစ်ယောက်က လှမ်းမြင်သောကြောင့် အခြား သူများအား သွားရောက် ခေါ်ဆောင်ခဲ့ပုံရသည်။ ဆိပ်ကမ်းအနီး တစ်ဝိုက်မှ လူများ ဝိုင်းအုံရောက်ရှိလာကာ ယောက်ျားကြီး တစ်ချို့ ရေထဲ ဆင်း၍ ကလေးမလေးအား ဝိုင်းပြီး ရှာဖွေကြလေတော့သည်။ ထိုအချိန်တွင် လှေသမားမှာ လူတွေ အများကြီးရောက်သဖြင့် သူမ က သူ့အကြောင်းကို လူတွေသိအောင် ပြောမှာ စိုး၍လား၊ သူ့ကိုယ်သူ လိပ်ပြာ မလုံတော့၍လားတော့ မသိပါ။ လှေကလေးကို လှော်ခတ်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ နောက်တစ်ကြိမ်လည်း ထိုလှေသမား လုံးဝ ပြန်ပေါ်မလာတော့ပါ။ နောက်ထပ် နာရီဝက်လောက် ကြာတော့မှ ကလေးမလေး ကို သူနှစ်မြုပ်သွားသော နေရာလေးနှင့် မနီးမဝေးမှာဘဲ လူကြီးတစ်ယောက်က သွားတွေ့ပါသည်။ ကလေးမလေးသည် နွံ ထဲတွင် နှစ်မြုပ်သွားခြင်း ဖြစ်သောကြောင့် သူ၏အလောင်းကို နွံတွေကြားထဲမှာ မြုပ်နေတာကို ပြန်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကလေးမလေးအား ကမ်းပေါ် ခေါ်တင်လာကြကာ အသက်ရှင်လို ရှင်ငြား ရေများ အန်ထွက်အောင် ဝိုင်းဝန်း ပြုစုကြပါသည်။ သို့သော် ကလေးမလေးကတော့ ပြန်လည် နိုးထမလာတော့ပါ။

သူမသည်လည်း ကလေးမလေးကို ပြန်တွေ့ပြီ ဖြစ်တာကြောင့် ကမ်းပေါ်သို့ နှေးကွေး လေးလံစွာ ပြန်လည်ကူးခပ် လာခဲ့သည်။ ကလေးမလေး အလောင်းနားကိုလည်း သွားမကြည့် ဖြစ်တော့ပါ။ ထို မြင်ကွင်းကို ကြည့်ဖို့လည်း သူမ အားမရှိသလို ကြည့်လည်း မကြည့်ချင်ပါ၊ ကြည့်လည်းမကြည့်ရက်ပါ။ မိမိ မျက်စိရှေ့မှာတင် အသက်ဆုံးရှုံးသွားသူ တစ်ဦးကို ကြည့်ဖို့လည်း သူမစိတ်က လုံခြုံမှု မရှိသလို ခံစားနေရသည်။ မျက်စိ ရှေ့မှောက်မှာဘဲ အသက်ရှင်ဖို့ အတွက် အတင်း ကြိုးစားရုန်းကန်ရင်း နှစ်မြုပ် သေဆုံးသွားခဲ့ရသော ကလေးမလေး၏ ပုံရိပ်က သူမ ရင်ကို ဆို့နင့်စွာ နာကျင်ခံစားနေရသည်။

တော်ပါသေးသည်။ ကမ်းစပ်မှာထားခဲ့သော သူမအိတ်နှင့် လွယ်အိတ်ကလေးမှာ ဒီအတိုင်းသာ ရှိနေသေးသည်။ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ကာ ဖိနပ်စီးလိုက်ချိန်တွင်တော့ သူမ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည့် အသိကို ခံစားလိုက်ရသည်။ သူမ ဖျားနေပြီ။ ရေထဲတွင် ဘယ်လောက် ကြာသွားသည်ကို သူမကိုယ်တိုင် မစဉ်းစားမိသလို အမှတ်လည်း မထားမိနိုင်လောက်အောင် ပူလောင် စိုးရိမ်စိတ်တို့ဖြင့် ပြာယာခတ်နေခဲ့မိသည်။ သို့သော် ကလေးမလေး သေဆုံးရမှုတွင် သူမကိုယ်တိုင် အပြစ်ကင်းပါရဲ့လားဟု ပြန်တွေးမိတော့ ရင်ထဲ နာကျင်မွန်းကြပ် လို့လာသည်။

ရေနစ်နစ်ခြင်းသာ သူမ ကူးခတ်သွားကာ ကယ်လိုက်လျှင် ကလေးမလေး ဒီလို အဖြစ်ဆိုးနှင့် ကြုံမည် မထင်ချေ။ လှေသမားကိုမြင်လိုက်၍ ရပ်ကြည့်နေလိုက်သော သူမတွင်လည်း ကလေးမလေး အသက် ဆုံးရှုံးရမှုအတွက် တာဝန်ရှိသလို ခံစားနေမိပြန်သည်။ တစ်ကိုယ်လုံး တုန်ရီမူးဝေလာသော ကြောင့် သူမကိုယ်သူမ အသာထိန်းလိုက်ရင်း အားတင်းကာ ဆိုင်ကယ်ကို စက်နိုး၍ ဆိပ်ကမ်းမှ ထွက်ခွာလာတော့ ဆိုင်ကယ်မောင်းသည့် အရှိန်နှင့် တိုက်လာသော လေအေးအေးက သူမရင်ကို မအေးမြစေနိုင်တော့ပါ။ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်အောင် ပူလောင်ရင်း သူမရင်ထဲမှာလည်း ဆုံးရှုံးသွားသော အသက်တစ်ချောင်းအတွက် ပူလောင်သော ခံစားချက်များဖြင့် ငိုကြွေးနေမိပါတော့သည်။

လှေသမားတော့ ဘယ်လိုခံစားရမည်မသိ။ သူမကတော့ လိပ်ပြာမလုံသလို၊ အပြစ်မကင်းသလို ခံစားနေရသော သည်မြင်ကွင်းကို ဘယ်အချိန် ဘယ်ကာလ ကြာသည့်တိုင်အောင် သူမ မေ့နိုင်မည် မထင်ပါ။ တစ်ခါတစ်ရံတွင် မဆိုစလောက်သော နှောင့်နှေး လေးကန်မှုလေး တစ်ခုက လူ တစ်ယောက်၏ အသက်ကိုပင် ဆုံးရှုံးသွားစေတတ်ကြောင်း သူမ သိလိုက်ရပါပြီ။ နောင်များတွင်တော့ တစ်စုံတစ်ယောက် အန္တရာယ်နှင့် တွေ့ကြုံရသည်ကို သိရှိပါက မဆိုင်းမတွ ကူညီနိုင်ဖို့ ကြိုးစားမည်ဟုလည်း ဆုံးဖြတ်ချက် ချမိပါသည်။ လူတစ်ယောက် သူမမျက်စိရှေ့မှောက်တွင် အသက်ဆုံးရှုံးသွားသည့် မြင်ကွင်းမျိုးလည်း ဘယ်သောအခါမှ ထပ်မံ မမြင်တွေ့လိုပါဟု သူမ ရင်ထဲက ဆုတောင်းလိုက်မိပါတော့သည်။



 Image Hosted by PicturePush - Photo Sharing

ဖြစ်ရပ်မှန်ကို အခြေခံပြီး လွန်ခဲ့တဲ့ ၂နှစ်က အခြားဘလောဂ့်တစ်ခုမှာ ရေးခဲ့တဲ့ ဝတ္ထုလေးပါ။

19 Responses to “မလုံတဲ့လိပ်ပြာ”

စိတ်မကောင်းလိုက်တာ အဲဒီအမျိုးသမီးကို သူမရဲ့နှောင့်နှေးမှုက တစ်သက်လုံး ခြောက်လန့်မနေပါစေနဲ့

ရင်ထဲထိအောင်ခံစားရပါတယ်ချောရေ
အဲဒီအမျိုးသမီးတွေဝေနှောင့်နှေးမှုကြောင့်ခလေးမလေးအသက်
ဆုံးရှုံးလိုက်ရတယ်လို့ပဲသိနေပြီး သူလဲ အချိန်များစွာ
စိတ်ဖိစီးခြင်းကိုခံစားနေရမှာပါ
နောင်အခါ လူသားတိုင်း
အန္တရာယ်နှင့် တွေ့ကြုံရသည်ကို သိရှိပါက မဆိုင်းမတွ ကူညီနိုင်ကြပါစေ
ဂျက်ကိုယ်တိုင်လဲ အဲလိုပဲ ကျိုးစားရမယ်

မချောရေ...ကိုယ်တိုင်သာ အဲဒီအမျိုးသမီးနေရာမှာ ဆိုရင် ဒီလိုအဖြစ်မျိုးကို တော်တော်နဲ့ မေ့ပျောက်နိုင် မယ် မထင်ဘူး။

Evy said...

စိတ်မကောင်းစရာပဲချောရေ :-(

အရသာရှိတဲ့ပိုစ့်လေး လာရောက်အားပေးသွားတယ်
ချောရေ။ အားပေးနေမယ်။


ခင်မင်တဲ့
အလွမ်း

အဖြေရလိုက်တယ်... အဖြေက -
ကိုယ်လုပ်နိုင်တာဆို တုန့်ဆိုင်းမနေပါနဲ့..။
အခု ချက်ချင်းသာ ထလုပ်လိုက်ပါ..တဲ့..။

မမြသွေးပြောတာအမှန်ပဲ
ကျွန်တော့်မှာက မလုံမလဲဥပေက္ခာရှိတယ် အစ်မး)

ကိုကိုမောင်(ပန်းရနံ့) said...

ကလေးမလေးရဲ့ ကံကကို ဆိုးရှာပါတယ်။ ကယ်တင်ရှင် နှစ်ယောက်ရှိရဲ့သားနဲ့ မသေသင့်ဘဲ သေသွားရရှာတာ။ လူတွေအတွက် နေရာတိုင်းမှာ သေခြင်းတရားတွေ ရှိနေပါလားဆိုတဲ့ အသိလေး ၀င်သွားပါတယ်။

Nyi Linn Thit said...

တကယ်တမ်း လူသားဆန်တဲ့ စိတ်သာ ရှိမယ်ဆိုရင် လိပ်ပြာမလုံဆုံး ဖြစ်သင့်တာက လှေသမားပါပဲ၊ ရေမှာ အသက်မွေးနေ ပြီးတော့ သတ္တိမရှိတာက တကြောင်း၊ ထိရောက်အောင် အဆုံးထိ မကယ်တဲ့ အပြင် သူ ရေထဲ မဆင်းရဲသည့်တိုင် ဆင်းရဲတဲ့ လူတွေကို အော်ဟစ် အကူအညီ တောင်းဖို့ ပျက်ကွက်တာကလည်း တကြောင်းပါ..၊ အမျိုးသမီးရဲ့ နေရာမှာတော့ လူအများစုက သူ့လိုပဲ ပြုမူမိကြမယ် ထင်ပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် 'ငါ တတ်နိုင်ရဲ့သားနဲ့...' ဆိုတဲ့ စိတ်နဲ့ သူအကြာကြီး ဝမ်းနည်းနေမိ မှာပါ၊ စိတ်မကောင်းလည်း ဖြစ်ရသလို သင်ခန်းစာ ယူစရာတွေ အများကြီးရတဲ့ ဝတ္ထုလေးပါ မချောရေ..။

Anonymous said...

စိတ်မကောင်းစွာဖတ်သွားပါတယ် ညီမချောရေ

ချစ်တဲ့
အမရွှေစင်

sosegado said...

လူတိုင်းနည်းပါး ပြန်တွေးလိုက်ရင် ဘဝမှာ လိပ်ပြာမလုံခဲ့ရတာတွေ အများကြီးပါ၊
ကလေးမလေးအတွက်လည်း ဝန်းနည်းမိပါသည်၊
ကလေးမလေးကို ကယ်တင်ရန်သင့်ပါသည်
လှေသမားလည်း လှေသမားအလျှောက် သူမလည်းသူမအလျှောက် ယူဆ ခံစားချက်တွေရှိပေလိမ့်မည်၊
မိမိနဲ့မတူလို မိမိလုပ်သလို မလုပ်လို့ ဝေဖန်ပြောဆိုခွင့်ရှိသောလည်း စွတ်စွဲပြောဆို အပစ်တင်ရန်မသင့်ပါ၊
ပွင့်လင်းသော လူအဖွဲ့အစည်းဖြစ်လာလျှင် အမှားအမှန်တို့သည် သိသာထင်ရှားလာပါမည်။

Anonymous said...

ဆောင်းနှင်းသာဆို အော်မနေတော့ဘဲ
သွားဆယ်လိုက်မိမယ်ထင်တယ် ..
ဖတ်ရင်း စိတ်မကောင်းဘူး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တတ်နိုင်တဲ့ကိစ္စဖြစ်ရင် ကြည့်ရုံကြည့်မနေပဲ ချက်ချင်းကူညီရမယ်ဆိုတာ သတိရသွားခဲ့ပါတယ်။

ချစ်တဲ့
သဒ္ဓါ

အချိန်နည်းနည်းက ကြီးမားတဲ့ အပြောင်းအလဲ ၊ ကြီးမားတဲ့ ဆုံးရှူံးမှုကို ဖြစ်စေတတ်သတဲ့ ...။ တွေဝေမှု ကြောင့် နောက်ကျသွားရတဲ့ အချိန် .....

တုံ့ဆိုင်းတွေဝေမှုတစ်ခုရဲ့ နောင်တ တစ်ခုက ဘယ်ချိန်ထိ လွှမ်းမိုးခံစားနေရမယ်ဆိုတာ ???? ... :)

htawoo said...

ကိုယ့်အသက်နဲ့  ယှဉ်လာရင် လူတွေဟာ
ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပြီး လစ်လျူရှုလိုက်တာမျိုးတွေ
လောကမှာ အများကြီးပါ...
ကိုယ်ကိုယ်တိုင်ရော ကိုယ့်အသက်နဲ့ ယှဉ်လာရင်
ကူညီနိုင်ပါ့မလားလို့ တွေးနေမိကြောင်းပါ...

Anonymous said...

မထင်မှတ်ဘဲခလေးလေးရဲ့အသက်ကိုကယ်ချင်ပေမယ့်နားလည်မူလွဲသွားလို့ဒီလိုဖြစ်သွားဒါပါကျွှန်တော်ဒို့အားလုံးလဲနောက်ဒီလိုအဖြင့်လိုမြင်တွေရင်အမြန်ဆုံးကယ်တင်ရမည့်အသိလေးပေးတဲ့အတွက်ဒေါ်ချောကိုကျေးဇူးတင်ပါတယ်။

ကိုယ်ကူညီနိုင်တဲ့ကိစ္စကို
ချက်ချင်းထလုပ်ပေးရမှာပေါ့
ဒီပိုစ့်လေးထဲကနေ အသိလေးတစ်ခုရလိုက်ပါတယ်
ကျေးဇူးပါရှင်

Anonymous said...

တကယ့်အဖြစ်ဆိုတော့ စိတ်မကောင်းဘူး။
ဒါပေမယ့် မျှော်လင့်မထားဘဲ ရုတ်တရက် ဖြစ်တဲ့ အဖြစ်အပျက်တွေမှာ တုန့်ပြန်မှုတွေ မှားတတ်ကြတာပါပဲ။

ဂျူ