တိတ်ဆိတ်မှုကို နားထောင်ခြင်း

တစ်ခါတုန်းက အတော်အသင့် စီးပွားရေးအဆင်ပြေတဲ့ လယ်သမားကြီး တစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ သူတန်ဖိုးထား နှစ်သက်ရတဲ့ အိတ်ဆောင် နာရီလေးတစ်လုံးဟာ စပါးကျီထဲမှာ ကျပျောက်သွားခဲ့ပါတယ်။ အဲဒီနာရီဟာ သူ့အတွက်တော့ သာမန်နာရီတစ်လုံး မဟုတ်ဘဲ   မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးထားစရာ အမှတ်တရတွေ အများကြီးရှိသော ရွှေနာရီလေး ဖြစ်ပါတယ်။ ကောက်ရိုးခြောက်တွေ အထပ်ထပ် ခင်းထားတဲ့ စပါးကျီထဲမှာ နာရီလေးကို အချိန်ပေါင်းများစွာကြာအောင် ရှာပေမဲ့ ဘယ်လိုမှ ရှာလို့ မတွေ့နိုင်ဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ လယ်သမားကြီးဟာ သူတစ်ဦးတည်း ရှာဖွေနေတာကို ရပ်လိုက်ပြီး စပါးကျီနဲ့ မနီးမဝေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်အုပ်ကို ခေါ်လိုက်ကာ ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့ နာရီကိုတွေ့အောင် ရှာပေးနိုင်ရင် တွေ့တဲ့သူကို မုန့်ဖိုးပေးမယ်လို့ ကတိပေးပြီး ကလေးတွေကို စပါးကျီထဲ ဝင်ရောက်ရှာဖွေစေပါတယ်။ မုန့်ဖိုးပေးမယ်ဆိုတဲ့ အသံလည်း ကြားရော ကလေးတွေဟာ ဆူညံ ပွက်လောရိုက်ပြီး စပါးကျီထဲကို အလုအယက် ပြေးဝင်သွားကြပြီး သူ့ထက်ငါဦးအောင် ရှာဖွေကြပါတော့တယ်။ ကောက်ရိုးပုံကြီးထဲ ဗြောင်းဆန်အောင် ရှာဖွေကြပေမဲ့ အချိန်သာ ကုန်သွားတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ တွေ့ပြီ ဆိုတဲ့အသံ ထွက်မလာပါဘူး။ နောက်ဆုံးမှာတော့ ကလေးတွေလည်း လက်လျော့လိုက်ပြီး စပါးကျီထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ ပါတော့တယ်။

လယ်သမားကြီးလည်း စိတ်ဓာတ်ကျပြီး စပါးကျီရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပါတယ်။ အဲဒီချိန်မှာ စောစောတုန်းက ကလေးအုပ်စုထဲမှာပါတဲ့ ကောင်လေးတစ်ယောက်ဟာ စပါးကျီရှေ့ကို ပြန်ရောက်လာပြီး “စပါးကျီထဲမှာ ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေး ရှာချင်ပါတယ်။ ကျွန်တော့်ကို ရှာခွင့်ပြုပါ။ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်” လို့ လယ်သမားကြီးထံ ခွင့်တောင်း လာပါတယ်။ လယ်သမားကြီးဟာ ကောင်လေးကို သေချာ အကဲခတ်ကြည့်ပါတယ်။ ကောင်လေး မျက်နှာပေါ်က ရိုးသားခြင်းတွေနဲ့ အားတက်သရော အမူအရာတွေကို မြင်လိုက်ရတာနဲ့ “ကောင်းပြီလေ.. နောက်ဆုံး လက်လျော့လိုက်ရမဲ့အစားတော့ ခုလို ထပ်ရှာတာက ပိုကောင်းတာပေါ့။ ရှာပါ  ခွင့်ပြုပါတယ်။ မင်းသာ ရှာလို့တွေ့ရင်ကတော့ မုန့်ဖိုးကောင်းကောင်း ပေးမယ်ဆိုတာ ငါ ကတိပေးပါတယ်ကွာ” လို့ ပြောလိုက်ပါတယ်။

ကောင်လေးဟာ လယ်သမားကြီးရဲ့ ခွင့်ပြုချက် ရတာနဲ့ စပါးကျီထဲကို ဝင်သွားပါတော့တယ်။ အချိန် သိပ်မကြာခင်မှာတော့ ကောင်လေးဟာ ကောက်ရိုးပုံတွေကြားထဲ ကျပျောက်သွားတဲ့ လယ်သမားကြီးရဲ့ နာရီလေးကို ကိုင်ပြီး စပါးကျီထဲကနေ ထွက်လာပါတော့တယ်။ နာရီလေးကို မြင်လိုက်ရတာနဲ့ လယ်သမားကြီးဟာ အလွန်ပျော်ရွှင်သွားတာနဲ့ အတူတူ အံ့လည်း အံ့သြမိပါတယ်။ လူပေါင်းများစွာ ရှာတုန်းက မတွေ့ဘဲ သူတစ်ယောက်တည်း သွားရှာတော့မှ တွေ့တယ်ဆိုတာ သူ့အတွက်တော့ အံ့သြထူးဆန်း ဖြစ်ရပါတယ်။

ဒါကြောင့်လည်း လယ်သမားကြီးက ကောင်လေးကို “ မင်းဘယ်လိုများ ရှာတွေ့ခဲ့တာလဲကွာ။ ငါလဲ ရှာတာ နေရာလပ် မကျန်အောင်ပါဘဲ။ မင်းနဲ့ မင်းသူငယ်ချင်းတွေလဲ စပါးကျီတစ်ခုလုံး နှံ့နေအောင် ရှာပြီးပြီ..မတွေ့ခဲ့ဘူး. အားလုံးလည်း လက်လျော့ပြီး ပြန်ကုန်ကြပြီ။ အခု မင်း တစ်ယောက်တည်း ရှာတော့မှ ဒီနာရီကို ပြန်တွေ့တယ်ဆိုတာ အတော်ထူးဆန်းတာဘဲ။ ဘယ်လိုရှာခဲ့တယ် ဆိုတာ ငါ့ကို ပြောပြပါဦးကွာ”လို့ မေးလိုက်ပါတယ်။ 


လယ်သမားကြီးရဲ့ အမေးကို ကောင်လေးက ရိုးရိုးစင်းစင်းဘဲ ပြန်ဖြေပါတယ်။

“ကျွန်တော် ဘာမှ ထူးထူးထွေထွ ရှာဖွေတာမျိုး မလုပ်ပါဘူး။ စပါးကျီထဲရောက်တဲ့အခါ ကြမ်းပြင်ပေါ် ငြိမ်ငြိမ်သက်သက် ထိုင်ချလိုက်ပါတယ်။ စပါးကျီတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး အပ်ကျသံတောင် မကြားရတဲ့အခါမှာ တဖြေးဖြေးနဲ့ ကျွန်တော့်နားထဲကို ဦးလေးရဲ့ နာရီ စက်သံက ဝင်လာပါတယ်။ ဒီတော့မှ အသံကြားတဲ့နေရာမှာ ရှာလိုက်တော့ ဒီနာရီလေးကို တွေ့ရတာပါဘဲ” လို့ ပြန်ဖြေပါတယ်။ ကောင်လေးရဲ့ အဖြေစကား ကြားတော့မှ လယ်သမားကြီးဟာ သူကိုယ်တိုင် ကောင်လေး ရှာသလို တည်တည်ငြိမ်ငြိမ် ရှာဖို့ မစဉ်းစားမိခဲ့ဘဲ နာရီပျောက်သွားပြီ ဆိုတဲ့ အသိစိတ်နဲ့ ပျာယာခတ်အောင် ရှာခဲ့မိတာကို ပြန် သတိရ မိပါတယ်။ တိတ်ဆိတ်ခြင်း ထဲမှာ ပေါ်ထွက်လာမဲ့ နာရီစက်သံလေးကို နားထောင်ရကောင်းမှန်း သူ မသိခဲ့ပါဘူး။ လယ်သမားကြီးဟာ ကောင်လေးရဲ့ ကျေးဇူးနဲ့ နာရီလေးကိုဘဲ ပြန်ရလိုက်တာမဟုတ်ဘဲ သူ့ထက် အသက်များစွာငယ်တဲ့ ကောင်လေးဆီကနေလည်း သင်ခန်းစာလေးတစ်ခုကို သူရလိုက်တာ ဖြစ်ပါတယ်။ 

ဒီပုံပြင်လေးဖတ်ပြီး ကျွန်မကိုယ်တိုင်ရဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ပြန်စဉ်းစားမိပါတယ်။ ကျွန်မသည်လည်း အခက်အခဲ ပြဿနာတစ်ခုခုနဲ့ ကြုံတိုင်း ရုတ်တရက်ဆို သွေးအေးအေးနဲ့ မဖြေရှင်းတတ်ဘဲ ထူထူပူပူဖြစ်ကာ ခြေမကိုင်မိ၊ လက်မကိုင်မိ အမြဲတမ်း ဖြစ်တတ်သူပါ။ “ဒီလောက်ကြီးတဲ့ ပြဿနာ ငါဘယ်လိုရှင်းမှာလဲ၊ ငါတော့ ဖြေရှင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒုက္ခပါဘဲ။ ဒီလိုကိစ္စမျိုး ငါ့မှာမှ လာဖြစ်တတ်တယ်။ ငါကံဆိုးလိုက်တာ” စသဖြင့် တွေးတောပြီး ပြဿနာတစ်ခုကို မဖြေရှင်းရသေးခင်မှာဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဓာတ်ကျတာမျိုး၊ စိတ်ညစ်တာမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။ 


တကယ်တမ်းတော့ အဖြေမရှိတဲ့ ပုစ္ဆာမရှိသလို၊ မဖြေရှင်းနိုင်တဲ့  ပြဿနာဆိုတာ မရှိဘူး ဆိုတဲ့ စကားရပ်အတိုင်း ဘယ်လောက်တောင် ကြီးမားတဲ့ အခက်အခဲတွေ၊ ပြဿာနာတွေဖြစ်ပါစေ.. နည်းလမ်းတကျနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ဖြေရှင်းတဲ့အခါ ပြေလည်သွားတာမျိုး၊ အောင်မြင်အောင် ဖြေရှင်းနိုင်တာချည်းပါဘဲ။ အဲဒါကို တဖြေးဖြေး သိလာပြီးနောက်ပိုင်း ပြဿနာတစ်ခုခုနဲ့ ကြုံရင် သိပ်ပြီး တုန်လှုပ်နေတာ၊ ပျာယာခတ်နေတာမျိုး မဖြစ်ဘဲ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလာမိပါတယ်။ အဲဒီမှာ ဖတ်ဖူးမိတဲ့ ဆရာတော်ဦးဇောတိကရဲ့ အဆိုအမိန့်လေး တစ်ခုနဲ့လည်း ထပ်တူကျတာမို့ ပြန်လည် ဝေငှချင်ပါတယ်။

အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ များတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် အလျင်လိုရင် အရနှေးတယ်လို့ ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။ စတဲ့ စကားတွေဘဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ စကားလုံးတွေဟာ ကျွန်မအတွက်တော့ အလွန်ကို တန်ဖိုးရှိတဲ့ စကားလုံးတွေဘဲ ဖြစ်ပါတယ်။





နောက်ထပ် မြင်သာ ထင်ရှားတဲ့ ဥပမာတစ်ခု အနေနဲ့ ပြောရမယ် ဆိုရင် ကန်ထဲမှာ ဖြစ်ဖြစ်၊ အိုးထဲမှာပဲ ဖြစ်ဖြစ်၊ ခွက်ထဲမှာပဲ ဖြစ်ဖြစ် ရှိနေတဲ့ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ ကြည်လင်တဲ့ မိမိရဲ့ အရိပ်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ ရေမျက်နှာပြင်ဟာ လှုပ်ရှားနေမယ်၊ တည်ငြိမ်မှု မရှိဘူး၊ လှိုင်းတွေ ထနေမယ် ဆိုရင် မိမိရဲ့ ပုံရိပ်၊ မိမိကြည့်လိုတဲ့ မြင်ကွင်းကို ဘယ်လိုမှ ထင်ရှားစွာ မြင်တွေ့ရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီဥပမာနဲ့ အလားတူစွာပဲ ရေမျက်နှာပြင်နဲ့ တူတဲ့ အလွယ်တကူ လှုပ်ရှား လှိုင်းထလွယ်တဲ့ မိမိရဲ့ စိတ်ကိုလည်း သတိဆိုတဲ့ မိမိစိတ်ကို မိမိစောင့်ကြည့်ခြင်း နည်းလမ်း အကူအညီနဲ့ ကြုံလာသမျှ အခြေအနေတိုင်းမှာ တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ အရာရာတိုင်းကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ရှုမြင်သုံးသပ်ပြီး ဆုံးဖြတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုအခက်အခဲ၊ ဘယ်လိုပြဿနာမျိုးဘဲ ကြုံကြုံ အရင်ဆုံး ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ထားပြီး တွေ့ကြုံနေရတဲ့ ပြဿနာကို သေသေချာချာ မြင်အောင်ကြည့်ကာ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းကြရင်ဖြင့် ဘဝရဲ့ ဘယ်အခက်အခဲ ပြဿနာတွေကိုမဆို အောင်မြင်မှုရရှိကြမှာ မလွဲဘူး မဟုတ်ပါလားရှင်။


Image Hosted by PicturePush - Photo Sharing

22 Responses to “တိတ်ဆိတ်မှုကို နားထောင်ခြင်း”

mstint said...

မှတ်သားစရာလေးတွေပဲ ချောရေ။ ကြုံတွေ့ရသမျှ အခက်အခဲတိုင်းကို စိတ်တည်ငြိမ်အေးချမ်းစွာနဲ့ လုပ်ဆောင်နိုင်ရင် လွယ်ကူစွာကျော်ဖြတ်နိုင်တာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Kyaw Sithu said...

ဗဟုသုတလေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Anonymous said...

Thanks

ကျွန်တော်လည်း စိတ်ရှည်လက်ရှည် နဲ့ ဖြေရှင်းတတ်ဖို့ကို ကြိုးစားလေ့ကျင့်ရဦးမယ် ထင်ပါရဲ့ အစ်မရေ ...။ တစ်ခုခု ကို သိပ်ပြာယာခတ်လွန်းနေတတ်တယ် ... :)

ခုတလော အသံများကို နားထောင်နေမိသည်နှင့် တိုက်ဆိုင်၏။ :)

မှတ်သားစရာလေးတွေ ဒီကိုလာတိုင်းအမြဲရခဲ့ပါတယ်
စိတ်ရှည်ခြင်းရဲ့ အကျိုးကျေးဇူးကိုနာရီရှာတဲ့ကောင်လေး
ခံစားရသလိုပါပဲ လူတိုင်းခံစားရပါစေလို့

Bluesky said...

That's exactly what i need to do these days. Thanks for sharing :)

Leo said...

ကျနော်လဲ ပြာယာခတ်တက်တဲ့သူမို့ စိတ်ပင်ပန်းရတယ်။ ဆရာတော်ဟောထားတာကိုလည်း နာယူသွားပါတယ်ခင်ဗျာ။
(လီယို)

Anonymous said...

အရမ်းအေးသွားပြန်ရင်လည်းမကောင်းပြန်ဘူး
အပူလွန်သွားပြန်ရင်လည်းပြာကျသွားတတ်လေတော့
မပူမအေးမလျော့မတင်းလေးဘဲကောင်းပါတယ် :)
ဒီနေ့အတွက် အသိတစ်ခုတိုးသွားရလို့
ချစ်မကြီးကိုကျေးဇူးအများကြီးတင်ပါတယ်း)

ချစ်ခင်လေးစားလျှက်
မိစံ

မချောရဲ့စာကိုမနက်ကတည်းကတွေ့တယ်....ကျန်တဲ့ဟာကိုသွားဖို့လင့်ခ်ကိုနှိပ်တာ မရောက်တာနဲ့ ဇာတ်လမ်းကပြတ်နေတယ်....ခုမှ မိစံရှယ်တာတွေ့ပြီး ဇာတ်လမ်းပြန်ဆက်ဖြစ်တယ်ဗျာ....ပုံပြင်ကပေးတဲ့ မက်ဆေ့ခ်ျလေး အရမ်းကောင်းသလို မချောထပ်ပေးတဲ့ ဥပမာလေးကလည်း အရမ်းကောင်းပါတယ်......မိစံပြောသလို ငါ့အမက စွယ်စုံရဘဲ......တကယ်အစ်မ တော်လိုက်ရ....ဟီးဟီးးးးး စတာနော် မချော.....ကျေးဇူးပါ.......

nay said...

ခေါင်းစဉ်ပေးထားကိုကကောင်းနေတယ်။
တိတ်ဆိတ်မှုကို နားထောင်ခြင်းတဲ့
ဆရာတော်ဦးဇောတိကရဲ့quoteကလည်း လူဘ၀အတွက် အတုယူပြုကျင့်
ရမဲ့အချက်လေးပဲ။

ဆက်လက်အားပေးနေရင်း
လာလည်သွားပါတယ်

Tks

တစ်ခုခု အရေးဟယ် အကြောင်းဟယ်ဆို သွေးဆူလွယ်တာကတော့ ခုထိကို မထိန်းနိုင်သေးတဲ့ အားနည်းချက်လို့ပြောရမလား... မှတ်သားသွားပါတယ် မချောရေ....

အရင်တုန်းကဆို ဘာလုပ်လုပ် စိုးရိမ်စိတ်နဲ့ ပြာလောင်ခတ်မိတယ်။
အခုတော့ ပြာလောင်ခတ်လဲ မထူး၊ စိတ်အေးအေးထားမှ တစ်ခုချင်း ရှင်းသွားလို့ ရမယ်ဆိုတာ သိလာရတယ်။ အရာတိုင်းမှာ အဖြေ(သို့) ဖြေရှင်းနိုင်တဲ့ နည်းလမ်း ရှိနေတတ်တယ်ဆိုတာ အမှန်ပဲချောရေ..။

မမရေ ... တစ်ခုခုဖြစ်ရင် သွေးပူပြီး စိတ်ဓါတ်ကျလွယ် အားငယ်ငိုယိုတတ်တဲ့ ညလေးအတွက်တော့ မမစာလေးတွေကိုဖတ်ပြီး သင်ခန်းစာအများကြီးရတယ်ဗျာ ... သင်ခန်းစာယူ လိုက်နာမှတ်သားပြီး ကျင့်သုံးပါ့မယ် ... :)

ခွန်အားတက်ဖွယ်စာတွေကို ဆက်လက်ဝေမျှနိုင်ပါစေ။

Nyi Linn Thit said...

ရိုးရိုးလေးနဲ့ ဘဝနေနည်းကို သင်ခန်းစာ ယူနိုင်တဲ့ ပုံပြင်ကောင်းလေးပါပဲ၊ ဆရာတော် ဦးဇောတိကရဲ့အဆိုအမိန့်ကလည်း တကယ်ကိုပဲ လိုက်နာကျင့်ကြံဖို့ ကောင်းလှပါတယ်၊ မချောဆီကနေ ဒီလိုမျိုး ခွန်အားရှိတဲ့ စာလေးတွေ ဖတ်ရတာ တကယ်ပဲ တန်ဖိုး ရှိပါတယ်...။

တဂျီးမင်းကိုများ ဒဲ့ရေးထားသလား အောက်မေ့ရတယ်။ ကောင်းလိုက်တာ။
စကားပြောရင် မြန်လွန်းလို့ စိတ်ညစ်နေတာ။ အခုတော့ အဖြေတစ်ခုတော့ ရသွားပြီ။ ခပ်အေးအေးဘဲ ပြောဖို့ လေ့ကျင့်ရဦးမယ်။

Anonymous said...

ကျေဇူးတင်ပါတယ်ဒေါ်ချော။

Anonymous said...

thzzzzzzz~~~~~~~~~~

san htun said...

တခုခုဆို ပျာယာခပ်လွန်းလို့  ဒီပို့ စ်လေးကနေ အတွေးလေးတွေ ရတယ်..နောင်ကို ဆင်ခြင်ရမယ်..


Wow, incredible weblog layout! How lengthy have you ever been running a blog for? you made running a blog glance easy. The entire look of your website is magnificent, as well as the content material!
capitalone.com


Remarkable! Its actually amazing article, I have got much clear idea concerning from this paragraph. gmail sign in