တတိုင်းမွှေးပန်းကလေးများ

ကျွန်မဟာ သမီးလေးဂျုံး မင်္ဂလာဆောင်အတွက် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မနေမနား အလုပ်များနေခဲ့ရပါတယ်။ အိမ်နဲ့ မိုင်လေးဆယ်အကွာ မြို့ကလေးတစ်ခုက ဘုရားကျောင်းမှာ ကျင်းပမဲ့ မင်္ဂလာဆောင်အတွက် ပန်းဆိုင်ပြေးရ၊ အဝတ်အစားဆိုင်ပြေးရ၊ အစားအသောက်ဧည့်ခံကျွေးမွေးဖို့ စီစဉ် ပြေးလွှားရနဲ့ အသက်တောင် ဝအောင် ရှုဖို့အချိန် မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ကျေနပ်ပါတယ်။ ပျော်ရွှင် စိတ်ချမ်းမြေ့ပါတယ်။ သမီးလေးကို ချစ်ခင်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ မင်္ဂလာဆောင်ကို အကောင်းဆုံး အပြည့်စုံဆုံး ဆောင်ရွက်ပေးချင်တဲ့ စိတ်ဆန္ဒ အပြည့်အဝ ရှိနေခဲ့တာကြောင့် မောရ၊ ပင်ပန်းရလွန်းပေမဲ့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

သို့ပေမဲ့လည်း မုဆိုးမဖြစ်တဲ့ကျွန်မမှာ စုဆောင်းထားတဲ့ ငွေကြေးလေးက များများစားစား ရှိမနေခဲ့ပါဘူး။ မင်္ဂလာဆောင် တစ်ခုရဲ့ ကုန်ကျစရိတ် ဆိုတာကလည်း သိတဲ့အတိုင်း၊ လိုအပ်တာတွေ များလွန်းလှပြီးတော့ ဝယ်လို့၊ ခြမ်းလို့ ၊ စီစဉ်လို့ မကုန်ဆုံးနိုင်အောင် ဖြစ်နေပါတော့တယ်။ ဒီတော့ သမီးလေး မင်္ဂလာဆောင်ကို အကောင်းဆုံးလဲ ဖြစ်ရအောင် ကျွန်မမှာရှိတဲ့ငွေကလေးနဲ့ လောက်ငှသင့်တင့်ရအောင် စီစဉ်ရတာတွေက ဦးနှောက် စားလွန်းလှပါတယ်။  သမီးကိုလဲမျက်နှာ မငယ်စေချင်ပါဘူး.. သမီးလေးရဲ့ အစ်ကို ဂျက်ခ်က ကောလိပ်တက်နေတဲ့အတွက် အိမ်နဲ့ဝေးတဲ့ မြို့ကြီးတစ်ခုမှာ ရောက်နေပေမဲ့လို့ မင်္ဂလာဆောင်နေ့မှာ သမီးလေးရဲ့ လက်ကိုတွဲပြီး သတို့သားလက်ထဲ ထည့်ပေးတဲ့ ဖခင်နေရာအစား သူက တာဝန်ယူပေးဖို့ အရောက်လာမယ်လို့ အကြောင်းကြားလာ ပါတယ်။ တကယ်တမ်းတော့ သမီးလေးက သူ့ဖခင်က သတို့သားဆီ ပို့ပေးရမှာဖြစ်ပေမဲ့လည်း သူတို့ရဲ့ အဖေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ကျွန်မရဲ့ သမီးလေးက တတိုင်းမွှေးပန်းကလေးတွေကို အရမ်းနှစ်သက်သူပါ။ သူက ကျွန်မကို သူချစ်တဲ့ တတိုင်းမွှေးပန်းကလေးတွေနဲ့ မင်္ဂလာဆောင်ကို အလှဆင်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်.။ ဟုတ်ပါတယ်… တတိုင်းမွှေး ပန်းကလေးတွေရဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့နဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ အပွင့်ကလေးတွေ၊ စိမ်းစိမ်းမြမြကလေး ရှိတဲ့ အရွက်ကလေးတွေက မင်္ဂလာဆောင်တစ်ခုကို အစွမ်းကုန် အလှဆင်ယင် ပေးနိုင်ဖို့အတွက် လုံလောက်တဲ့ လှပမှု၊ ဖြူစင်မွှေးမြမှုတို့ကို ပေးနိုင်တာ သေချာပါတယ်လေ။ ဒါကြောင့်လဲ တတိုင်းမွှေး ပန်းကလေးတွေကိုများများရဖို့အတွက်  အပင်ကြီးကြီးရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေအိမ်မှာ လိုက်လံ ခူးဆွတ် စုဆောင်းပါတယ်။ ဒါဟာ ကျွန်မအနေနဲ့ ပိုက်ဆံချွေတာခြင်း တစ်မျိုးလဲ ဖြစ်ပါတယ်.. ရလာတဲ့ပန်းတွေကို  မင်္ဂလာပွဲ မတိုင်မှီ ညနေမှာ သယ်ဆောင်လာပြီးတော့ မင်္ဂလာပွဲ ပြုလုပ်ကျင်းပမဲ့ ဘုရားကျောင်း တစ်ခုလုံးကို အလှဆင်ပါတော့တယ်။ အနက်ရောင် သစ်သား နောက်ခံပေါ်မှာ ကြွရွလှပ နေတာကတော့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေပါဘဲ။ လှလိုက်တာ.. မွှေးလိုက်တာ.. ဘုရားကျောင်းတစ်ခုလုံးကို ဖြူစင်ခြင်းနဲ့ မွှေးမြထုံရီခြင်းရနံ့တွေက ဖုံလွှမ်းလို့… ဘယ်လောက်တောင်များ စိတ်ချမ်းသာဖို့ ကောင်းလိုက်ပါသလဲ.. ဒီပန်းကလေးတွေကို တွေ့ရင် သမီလေး ဘယ်လောက်များ ပျော်ရွှင်ကြည်နူး သွားလိုက်လေမလဲနော်။



Image Hosted by PicturePush - Photo Sharing


ကျွန်မ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ ဘုရားကျောင်းကို လှည့်ပတ်ကြည့်ရှုရင်း ဘာတွေများ လိုအပ်နေဦးမလဲလို့ တစ်ခုချင်း ပြန်စဉ်းစားနေမိပါတယ်.. ။ စီစဉ်ထားတဲ့ အစီအစဉ်တွေ အားလုံးလဲ လိုလေသေးမရှိအောင် အကွက်ကျကျ စီစဉ်ပြီးသား၊ ပြန်စဉ်းစားကြည့်တိုင်း စိတ်ကျေနပ်စရာ ဖြစ်နေပြီ၊ အစားအသောက်၊ မင်္ဂလာလက်စွပ်၊ အကျွေးအမွေး၊ ဧည့်ခံပွဲ၊ ညစာ ကိစ္စ၊ တီးဝိုင်း၊ ဘာတစ်ခုမှ လိုအပ်တာမရှိတော့.. သမီးလေးအတွက် သူ့တစ်သက်တာမှာ အမြဲတမ်း အမှတ်နေဖို့ ကျွန်မရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု၊ အထူးသဖြင့် တတိုင်းမွှေးပန်းကလေးတွေနဲ့ ဆင်ယင်ထားတဲ့ ဧည့်ခံပွဲကို သမီးလေး အကျေနပ်ဆုံး၊ သဘောအကျဆုံး ဖြစ်မှာပါလေ။ သမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခွင့် ရလိုက်တဲ့ မိခင်တစ်ယောက်ရဲ့ ပီတိကရော ဘာနဲ့များ တိုင်းတာပြလို့ရနိုင်ပါ့မလဲ။

Image Hosted by PicturePush - Photo Sharing



မင်္ဂလာနေ့မနက်ဟာ ကျွန်မဘ၀မှာ အလုပ်အများဆုံး နေ့တစ်နေ့ ဖြစ်ပါတော့တယ်.. သမီးလေးရဲ့ သူငယ်ချင်း သတို့သမီး အရံလေးတွေက သမီးကို အ၀တ်အစား ကူညီ ၀တ်ဆင်ပေးနေတယ်.. အဲဒီထဲက ကောင်မလေးတစ်ယောက်ရဲ့ ရည်းစားဖြစ်တဲ့ တန်မ်က ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်တွေကို မင်္ဂလာပွဲချိန် မတိုင်မီ နောက်ဆုံးတစ်ကြိမ် စစ်ဆေးဖို့ ကျွန်မနဲ့အတူတူ လိုက်လာပါတယ်. တစ်ညလုံး ပိတ်ထားခဲ့တဲ့ ဘုရားရှိခိုးကျောင်းတံခါးကိုလဲ ဖွင့်လိုက်ရော ဘုရားရှိခိုးကျောင်းထဲက လှောင်ပိတ်မိနေတဲ့ လေပူတွေဟာ ဝေါခနဲ ထိုးထွက်လာပါတော့တယ်…. ပြီးတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး ကျွန်မ ကြက်သေ သေသွားခဲ့ပါတယ်. ဘုရားရေ… မနေ့ညနေကတင် လှလှပပ လန်းလန်းဆန်းဆန်း ဆင်ယင်ထားခဲ့တဲ့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေအားလုံး မဲမှောင် ညိုးနွမ်းလို့ပါလား..  ညတုန်းက ဖွင့်ပြီးထားခဲ့တဲ့ လေအေးစက်ဟာ တစ်စုံတစ်ခု အကြောင်းကြောင့် ချို့ယွင်းပြီး ရပ်ဆိုင်းသွားခဲ့ဟန်တူပါတယ် ။ ယခုလို ပူအိုက်လွန်းလှသော နွေရာသီရဲ့ လေပူတွေက ပန်းကလေးတွေ နွမ်းသွားအောင်၊ ညှိုးယော် ခြောက်သွေ့ သွားအောင် လုပ်ပစ်လိုက်လေပြီ။

ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်တို့ဖြင့် ရုတ်တရက် ပြာဝေသွားအောင် ခံစားလိုက်ရပါတော့တယ်.. အိုး.. ဒီအချိန်မှာမှ မိုင် ၄၀ ဝေးတဲ့ နေရာက ကျွန်မတို့မြို့ကို ကားမောင်းပြန်ပြီး ပန်းတွေသွားယူဖို့ဆိုတာ ဘယ်လိုလုပ် အချိန်မှီပါတော့မလဲ.. နောက်နှစ်နာရီလောက်ဆိုရင်ဘဲ မင်္ဂလာ အခမ်းအနား စတော့မည်လေ။ ဘယ်လိုလုပ်ရပါ့.. ဘယ်ကနေ ပန်းတွေရပါ့မလဲ.. သွေးရူးသွေးတန်း အပြင်းအထန် စဉ်းစားနေမိသည်..

“အန်တီ.. အန်တီက ပန်းတွေအမြန်သွားရှာပါ.. ကျွန်တော် ဒီညှိုးရော်နေတဲ့ ပန်းတွေအားလုံး ဖယ်ထုတ် ထားလိုက်မယ်..  ပန်းအသစ်တွေ အမြန်ဆုံး ပြန်ထိုးကြရအောင်” ပြာပြာသလဲ ပြောလိုက်သော တန်မ်ရဲ့ စကားကြောင့် ကျွန်မလဲ “အင်းအင်း  အိုကေ အိုကေ.. ငါသွားရှာလိုက်မယ်.. ” လို့ ကယောင်ကတန်း ပြန်ပြောလိုက်ရင်း ဘုရားကျောင်းထဲကနေ ကျွန်မ အပြေးကလေး ပြန်ထွက်လာမိပေမဲ့“ ဒီအချိန်မှတော့ ဘယ်နေရာမှာ ဒီပန်းတွေကို သွားရှာရပါ့မလဲ.. ပြီးတော့ အခုရောက်နေတဲ့ ဒီမြို့ကလေးမှာ ကျွန်မရဲ့အသိဆိုတာလည်း တစ်ယောက်မှ ရှိတာမဟုတ်.. အိုး. သေပါတော့ ငါဘာလုပ်ရပါ့မလဲ…” ပူပင်စွာ တွေးလိုက်မိရင်း ဘုရားကျောင်းဘက် ပြန်လှည့်ပြီး ဘုရားသခင်ကို ရည်မှန်းပြီးတော့ “အရှင်.. ကယ်တော်မူပါ။ တပည့်တော်မကို စိတ်အားထက်သန်စွာ ကူညီပြီး ပန်းရှာဖွေပေးနိုင်မဲ့သူ တစ်ယောက်ယောက်  အမြန်ဆုံး ကူညီစောင်မတော်မူပါ.. ”  ကျွန်မနှုတ်က အသံထွက်ပြီး ဆုတောင်းလိုက်မိပါတော့တယ်.. ။

Image Hosted by PicturePush - Photo Sharing

ဘုရား ရှိခိုးကျောင်းကနေ ကားမောင်းထွက်လာခဲ့ပြီးနောက် ကံကောင်းထောက်မ စွာဘဲ  မဝေးလှတဲ့ အိမ်တစ်အိမ်မှာ တစ်ပင်လုံးကျွတ် ဖွေးဖွေးလှုပ်အောင် ပွင့်ဝေနေတဲ့ တတိုင်းမွှေးပင်ကြီးကို တွေ့လိုက်ရပါတော့တယ်.။ ကျွန်မ အားရ ၀မ်းသာစွာဘဲ ကားကို ရပ်လိုက်ကာ အိမ်အနားကို တိုးကပ်သွားမိပြီး တံခါးကို ကျယ်ကျယ်လေး ခေါက်လိုက်မိပါတယ်.. အိမ်ထဲမှာ ကိုက်မဲ့၊ ဟောင်မဲ့ ခွေးတစ်ကောင်တစ်လေမှ ရှိမနေတာ တော်ပါသေးရဲ့။ အဖိုးအိုတစ်ယောက်က တံခါးကို လာဖွင့်ပေးတော့ ကျွန်မက အကူအညီ လိုအပ်နေလို့ ရောက်လာတာဖြစ်ကြောင်း ပြောပြပြီး မင်္ဂလာပွဲအတွက် တတိုင်းမွှေး ပန်းကလေးတွေ လိုချင်ပါကြောင်း ရှင်းပြလိုက်ပါတယ်..  အဖိုးကြီးက “အိုး ၀မ်းသာလိုက်တာ.. သိပ်ကို ကူညီချင်ပါတယ်.. ” လို့ လိုလို လားလား၊ ပြုံးပြုံးရွှင်ရွှင် ပြန်လည်ဖြေကြားပြီး  လှေခါးလေး တစ်ခုကို သွားယူလာပါတယ်. ပြီးနောက် တတိုင်းမွှေးပင်ကြီးပေါ်သူကိုယ်တိုင် တက်ရောက်ကာ ပန်းကိုင်းများကို ကပ်ကြေးတစ်လက်ဖြင့် ကိုက်ဖြတ်ပြီး အပင်အောက်က ကျွန်မဆီကို လှမ်းလှမ်းပေးပါတော့တယ်။


Image Hosted by PicturePush - Photo Sharing


မိနစ်အနည်းငယ် အကြာမှာတော့ ဧည့်ခံပွဲအတွက် ပန်းတွေ လုံလောက်ယုံမက ပိုလျှံနေအောင် ရနေပြီဖြစ်လို့ အဖိုးအိုကို တော်လောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်ရပါတယ်။ ပန်းတွေကို  ကျွန်မရဲ့ ကားနောက်ခန်းထဲကို ထည့်လိုက်ပြီး အဖိုးအိုကို ကျွန်မရင်ထဲကနေ လှိုက်လှဲစွာ ပြောလိုက်မိပါတယ်။ 

“ကျေးဇူးတင်လိုက်တာရှင်… ရှင်ဟာ သတို့သမီး တစ်ယောက်ရဲ့မိခင်ကို စိတ်ချမ်းသာ  ပျော်ရွှင်မှုတွေ ရအောင် လုပ်ပေးလိုက်တာပါဘဲ..

“မဟုတ်တာ.. ကျုပ်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ.. ”  အဖိုးအိုက ကျွန်မကို ပြန်ပြောပါတယ်.. ပြီးတော့ သူဆက်ပြောတာက  “ ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား နားမလည်ပါဘူး ”

“အိုး .. ဘာတွေများ ဖြစ်ခဲ့လို့လဲရှင်.. ” ကျွန်မနားမလည်စွာနဲ့ ပြန်မေးလိုက်မိပါတယ်…

“ဒီမှာ.. လွန်ခဲ့တဲ့ တနင်္လာနေ့က အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ ကျုပ်ရဲ့ ဇနီးဆုံးသွားခဲ့တယ်..  အင်္ဂါနေ့မှာ အသုဘအိမ်အဖြစ် ကျုပ်တို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ သားသမီး မြေးမြစ်တွေ အားလုံးရောက်လာ ကြပြီး ဗုဒ္ဓဟူးနေ့မှာတော့”  အဖိုးအိုက ပြောလက်စ စကားကို ခနရပ်လိုက်ပါတယ်.. အိုး... ကြည့်ပါဦး..  အဖိုးအိုရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့ပါလား..

“ဗုဒ္ဓဟူးနေ့မှာ ကျုပ်ဇနီးကို သဂြိုင်္လ် လိုက်ရတယ်..”  သူက အဝေးကို မျှော်ငေးကြည့် လိုက်ပြီး “ကြာသပတေး နေ့မှာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ အားလုံး ပြန်ကုန်ကြပြီ။ အင်း မနေ့က .. မနေ့က သောကြာနေ့မှာတော့ ကျုပ်ရဲ့ သားသမီးတွေ၊ မြေးတွေမြစ်တွေ အားလုံးဟာ ပြန်သွားကြပြီ.. ”

ကျွန်မ ခေါင်းကို ငြိမ့်လိုက်ပြီး သူ့စကားကို စိတ်ဝင်စားစွာ နားထောင်နေမိပါတယ်. အဖိုးအိုရဲ့ အသံမှာ နာကျင်ကြေကွဲခြင်းတွေ စိမ့်ဝင်နေလို့ပါဘဲလား… တုန်ရီနေတဲ့အသံက သူဘယ်လောက် ခံစားနေရတယ် ဆိုတာ ပါးစပ်က စကားလုံးအနေနဲ့ ဖော်ပြစရာ မလိုတော့အောင် ပြည့်စုံနေပါပြီလေ။ အဖိုးအိုက ဆက်ပြီးပြောပါတယ်။

 “ဒီနေ့မနက်မှာ ကျုပ် .. ဧည့်ခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်ပြီး ကျုပ်ရဲ့ဇနီးကို သတိရတဲ့စိတ်နဲ့ ၀မ်းနည်းစွာ ငိုကြွေးနေမိတယ်..  တစ်ချိန်က ကျုပ်ဟာ ကျုပ်မိသားစု၊ ကျုပ်သားသမီးတွေ အတွက် မရှိမဖြစ် လိုအပ်ခဲ့တယ်.. သူတို့ လိုအပ်သမျှကို ကျုပ်က ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်. သူတို့တွေ အရွယ်ရောက်လို့ အိမ်ကနေ အသီးသီး ထွက်ခွာသွားတော့ ကျုပ်နဲ့ ကျုပ်ဇနီးဘဲ အိမ်မှာ ကျန်ရစ်ခဲ့တယ်.. ကျုပ်ဇနီး မသေဆုံးခင်ကလည်း ကျုပ်ဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့တုန်းပဲ.. သူဟာ မသေဆုံးခင် လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်ကတည်းက ကျန်းမာရေး ချို့တဲ့လာခဲ့တယ်.. အဲဒီချိန် တစ်လျှောက်လုံးလည်း ကျုပ်က သူ့ကိုပြုစုခဲ့တယ်.. ဂရုစိုက်ခဲ့တယ်.. သူဆုံးသွားခဲ့ပြီး ခုလို ချိန်ကျတော့ အသက်၈၆နှစ် ရှိနေပြီဖြစ်တဲ့ ကျုပ်ကို ဘယ်သူကမှ မလိုအပ်တော့ဘူး။ ကျုပ်သားသမီး၊ ကျုပ်မြေးမြစ်တွေက အစ ကျုပ်လို သက်ကြီး ရွယ်အိုတစ်ယောက်ကို မလိုအပ်ကြတော့ဘူး.. နေရာမပေးချင်တော့ဘူး.. ခုတော့ သူတို့အားလုံး ကျုပ်ကို ထားရစ်ကြပြီး သူတို့အိမ်တွေကို ပြန်ကုန်ကြပြီ.. ဘယ်သူကမှ ကျုပ်ကို အရေးတယူ လိုလိုလားလား မရှိကြတော့ဘူး။ တစ်အိမ်လုံးမှာ ခြောက်ခြားစရာ ကောင်းတဲ့ တိတ်ဆိတ်မှုတွေနဲ့ သက်ကြီးရွယ်အို ကျုပ်တစ်ယောက်တည်း ရှိနေခဲ့တယ်.. ဒီလိုတွေးမိပြီး  တနင့်တပိုး ခံစားချက်တွေနဲ့ ကျုပ် မျက်ရည်ကျနေမိခဲ့တယ်.. ငိုနေခဲ့မိတယ်.. လောကမှာ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်တဲ့ အဖြစ်ဟာ ဘယ်လောက်တောင် နာကျင်ခံခက်စရာ ကောင်းတယ်ဆိုတာ ခင်ဗျား ကိုယ်ချင်းစာနိုင် ပါ့မလား မသိဘူး.. ကျုပ်ကတော့ ခုနက အဲဒီ ခံစားချက်တွေနဲ့ ငိုနေခဲ့မိတာပါဘဲ။

ဒီအချိန်လေးမှာ ခင်ဗျားက ကျုပ်အိမ်တံခါးကို လာခေါက်တယ်.. ပြီးတော့ အကူအညီ လိုနေတဲ့ အကြောင်း လာပြောတော့ ကျုပ်ဘယ်လောက် ၀မ်းသာသွားတယ် မှတ်သလဲ.. ငါ့အကူအညီ လိုတဲ့သူတွေလည်း ရှိပါသေးလားဆိုတဲ့ စိတ်ခံစားမှုရဲ့ သက်သာရာရမှု၊ ပျော်ရွှင်ကြည်နူးမှုလေးကို ကျုပ်က ရလိုက်တဲ့အတွက် ပေးလိုက်ရတဲ့ ပန်းထက်မကတဲ့ တန်ဖိုးတစ်ခုကို ကျုပ်က ပြန်ရလိုက်တာဘဲဖြစ်တယ်.. အဲဒီ အချိန်မှာ ပန်းတွေကို ခူးနေရင်းကျုပ်တွေးနေမိတာက မင်းဟာ နတ်သမီးတစ်ပါးများ ဖြစ်နေမလားဆိုတာပါဘဲ.. ကျုပ်ကို လောကကြီးမှာ ဘယ်လိုဆက်ပြီး ရှင်သန်ရပ်တည်ရမယ်ဆိုတာ  လမ်းပြလိုက်သလို၊ ကျုပ်ရင်ထဲကို အလင်းကလေးတစ်ခု ထွန်းညှိပေးလိုက်သလိုပါဘဲ..  ကျုပ် ရှေ့ဆက်ပြီး ဘယ်လို ရှင်သန်နေထိုင်သွားဖို့  ဒီအချိန်တိုလေးတွင်းမှာ စဉ်းစားလိုက်သလဲ ခင်ဗျားသိရဲ့လား..” သူက ကျွန်မကို မေးပါတယ်.. ကျွန်မက မသိပါဘူးလို့ပြောရင်း  ခေါင်းကို အသာ ယမ်းပြလိုက်တော့ သူက ဆက်ပြောပါတယ်..

“ကျုပ်ဆုံးဖြတ်လိုက်တယ်.. ကျုပ်ကို လိုအပ်တဲ့သူတွေရှိနေသေးတယ်.. ပြီးတော့ ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို လိုအပ်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုတာ ကျုပ်သိသွားပြီ.. ဒီတော့ ကျုပ်ဘာကြောင့် ဒီပန်းကလေးတွေကို လိုနေတဲ့သူတွေရဲ့ လက်ထဲကို ရောက်အောင် မပို့ပေးနိုင်ရမှာလဲ.. ကျုပ်မှာ ဒီအိမ်ကြီးရဲ့ နောက်ဖက်တစ်ခြံလုံးမှာ ဒီပန်းပင်တွေကြီးဘဲ ရှိနေတယ်.. ဒီတော့ ဒီလောက်များတဲ့ ပန်းတွေကို လိုနေတဲ့ လူတွေ အများကြီး ရှိနေမှာဘဲ.. ဥပမာ ဆေးရုံက လူနာတွေ၊ ဘုရားကျောင်းတွေ၊ မင်္ဂလာဆောင်မဲ့သူတွေပေါ့.. ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို သူတို့တွေ၊ လိုနေတဲ့သူတွေဆီ ပို့ပေးမဲ့အလုပ်ကို ကျုပ်က လုပ်တော့မယ်။ လူတွေကို ကျုပ်ရဲ့ မေတ္တာနဲ့အတူ မွှေးပျံ့တဲ့ တတိုင်းမွှေး ပန်းကလေးတွေရဲ့ ရနံ့ကို အခမဲ့ ခံစားရစေမယ်။ ဒီအလုပ်ကို ဒီလောကကြီးထဲ ကျုပ်နေခွင့်ရနေတဲ့ အချိန်ထိ လုပ်သွားတော့မယ်။ ကျုပ်ကို လိုအပ်နေသူတွေ ရှိသေးကြောင်း အသိလာပေးတဲ့ ခင်ဗျားကို ကျုပ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။  ခင်ဗျားဟာ ကျုပ်ဘ၀ရဲ့ ကျန်တဲ့အချိန်လေးကို လက်ကျန်စွမ်းအားလေးနဲ့ လင်းလက်တောက်ပဖို့ အလင်းတစ်ပွင့် ပေးလိုက်သူသာ ဖြစ်ပါတယ်..”


Image Hosted by PicturePush - Photo Sharing


ကျွန်မဟာ တတိုင်းမွှေးပန်းကလေးတွေနဲ့အတူ အဲဒီအိမ်ကနေ ထူးဆန်းဝမ်းမြောက်ခြင်း၊ ရွှင်လန်း ချမ်းမြေ့ခြင်း စတဲ့ ခံစားချက်တွေ ပွေ့ပိုက်ပြီး ဘုရားကျောင်းကို ပြန်လာခဲ့ပါတယ်.. လူတွေရဲ့ဘ၀မှာ ကိုယ့်စိတ်ကို ပျော်ရွှင်အောင် နေထိုင်ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှတယ် မဟုတ်ပါဘဲနော်.. ကိုယ့်ဆီက အကူအညီ လိုအပ်နေသူတွေကို တတ်နိုင်တဲ့ အရာနဲ့ အကူအညီပေးဖို့ ကြိုးစားခြင်းဟာလည်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း တစ်မျိုးဆိုတာကိုလည်း အဖိုးအိုဆီက ကျွန်မ သိလိုက်ရတဲ့ သင်ခန်းစာလေး တစ်ခုသာဖြစ်ပါတယ်.. တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုယ့်ကို လိုအပ်နေသူတွေ ရှိတတ်ပါသေးလား ဆိုတဲ့အသိကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ ဒီလောက် ပြောင်းလဲသွားနိုင်တယ် ဆိုတာကို ကျွန်မ သိနားလည်ခွင့် ရလိုက်တာဟာလည်း သမီးလေးရဲ့ မင်္ဂလာနေ့ အမှတ်တရပါဘဲရှင်… သမီလေးကတော့ ဘာမှမသိဘဲ အပူအပင်ကင်းမဲ့စွာနဲ့ မင်္ဂလာပွဲ ဆင်ယင် ကျင်းပနေလေရဲ့.. မင်္ဂလာပွဲ ပြီးသွားတဲ့အချိန်ရောက်လို့ အေးအေးဆေးဆေး ဖြစ်သွားတဲ့အခါ ဒီအဖြစ်အပျက်လေးအကြောင်း သမီးလေးကို မင်္ဂလာအမှတ်တရ လက်ဆောင်စကားလေးအဖြစ် ပြောပြဖို့ ကျွန်မစိတ်ထဲမှာ တွေးနေမိပါတော့တယ်..

လူတွေကို ကူညီဖို့စိတ်နဲ့ အသက်ဆက်ရှင်သွားဖို့ အသိအလင်းကလေး ရသွားတဲ့ အဖိုးအိုရဲ့ စိတ်ကလေးဟာ နေတတ်ရင်ကျေနပ်စရာဆိုတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေရဲ့ဘ၀မှာ ကိုယ့်အကူအညီ လိုအပ်နေသူတွေကို ဖြူဖြူစင်စင် စေတနာစိတ်ကလေးနဲ့ ကိုယ်တတ်နိုင်သလောက် ကူညီမှုပေးရင်း တတိုင်းမွှေးပန်းကလေးတွေလို လောကကို မွှေးမြ အလှဆင်သူများ ပေါများလာမယ်ဆိုရင် မေတ္တာရနံ့တို့ဖြင့် ကမ္ဘာကြီးဟာ သင်းထုံမွှေးမြလို့ လှပနေပါတော့မယ်ဆိုတာ သေချာလောက်ပါရဲ့ရှင်….


Chicken Soup for the Soul 2 မှ Edna Ellison ရဲ့ Magnolias ကို ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။


ကြည်လင်မွှေးပျံ့သော မေတ္တာရနံ့ကို အားလုံးဘဲ ခံစားနိုင်ကြပါစေရှင်…





Image Hosted by PicturePush - Photo Sharing

18 Responses to “တတိုင်းမွှေးပန်းကလေးများ”

အသက်ကြီးလာရင် လူတွေက ပစ်ပယ်လာတတ်ကြတာ အလေ့အထတစ်ခုလို ဖြစ်နေပြီ။ သွေးချင်းတွေကတောင် ပစ်ပယ်ပြီဆိုတော့ ကျန်တာတော့ မပြောတော့နဲ့ပေါ့။ စဉ်းစားကြည့်ရင် လူ့ဘ၀ကြီးက သံဝေဂရဖို့ကောင်းတယ်။
လူငယ်တွေလဲ သင်ခန်းစာယူပြီး လူကြီးတွေကို အထီးကျန်မဆန်စေဖို့ ပြုမူဆက်ဆံသင့်တယ်။

အဘိုးအို ပျော်နေပုံလေးက ကြည်နူးစရာ။

လာရောက်အားပေးသွားတယ် မချောရေ.
အောင်မြင်ပျော်ရွှင်ပါစေ



ခင်မင်တဲ့
အလွမ်း

mstint said...

သင်ခန်းစာယူသင့်တဲ့ တန်ဘိုးရှိ ပို့စ်လေးပါ ချောရေ။ မိမိဘဝရှင်သန်ဘို့ဆိုတာ ပတ်ဝန်းကျင်ရဲ့ ထိတွေ့မှုအပြင် ကိုယ်ပိုင် တွေးတော ဆင်ခြင် သုံးသပ်တဲ့အပေါ်မှာ မူတည်နေတယ်လို့ ယူဆတယ်။ ဘာသာပြန်လေး ဟာကွက်မရှိအောင် ဖတ်ရတာဆွဲဆောင်မှုရှိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

အမေစု အင်္ဂလန်မှာ စိုက်ခဲ့တာ ဒီအပင်ပေါ့နော်၊ ပန်းတွေ ပွင့်လာမယ့်ချိန်ကို တွေးပြီးးးး ပိုစ့်လေးထဲ မျောသွားတယ်။ အဘိုးအိုရဲ့စိတ်ကိုလည်း စာနာမိပါရဲ့။ ဘာသာပြန်ပေးတဲ့ချောကိုလည်း ကျေးကျေးပါး)

လူတွေကို ကူညီဖို့စိတ်နဲ့ အသက်ဆက်ရှင်သွားဖို့ အသိအလင်းကလေး ရသွားတဲ့အချိန်ဟာ
jas ကျန်းမာရေးမကောင်းတဲ့အချိန်ပါပဲဖြစ်ခဲ့ရပါတယ်
နာကျင်နေတဲ့အချိန်မှာလူတွေဘယ်လိုခံစားရသလဲဆိုတဲ့မေးခွန်းတွေအတွက်အဖြေရှိခဲ့ရလို့ပါ
လူကောင်းတွေဘယ်လိုဝေဖန်ပြောဆိုလဲ jas စိတ်ဆိုးဖို့အချိန်မရှိတော့ပါဘူး
လူနာတွေကိုပဲ ဦးစားပေးပြုစုရမှာမို့ပါ
တန်ဖိုးရှိတဲ့ပိုစ့်လေးအတွက်ကျေးဇူးပါချောရေ

လောကမှာ ပိုနေတယ် ဆိုတာ မရှိဘူး ထင်မိတာပါပဲ မချောရေ ... ။ တစ်ခုခုအတွက် အသုံးဝင်အောင် ဖြစ်ဖြစ် ၊ လောက အတွက် အသုံးတည့်အောင် ဖြစ်ဖြစ် ရှင်သန်နေထိုင်မယ် လို့ စဉ်းစားဖြစ်လိုက်တာက ပိုပြီး နေထိုင်ရတာ အဓိပ္ပာယ် ပြည့်ဝလာသလို ခံစားမိပါတယ် ခင်ဗျာ ...

Latt Latt said...

ချောဆုတောင်းသလို ကြည်လင်မွှေးပျံ့သော
မေတ္တာရနံ့ကို အားလုံး ခံစားနိုင်ကြပါစေ

အကူအညီလိုအပ်နေတဲ့အရာတွေမှာ ဖြူစင်တဲ့စေတနာစိတ်နဲ့ တတ်နိုင်သလောက် ကူညီမှုပေးပြီး တတိုင်းမွှေးပန်းကလေးတွေလို လောကကို အလှဆင်နိုင်သူ ဖြစ်ပြီး မေတ္တာရနံ့တွေ ထုံသင်းနေမယ့် ဝန်းကျင်တစ်ခုထဲမှာ ရှိနေမယ့် လူသားတစ်ယောက်ဖြစ်ခွင့်ရချင်ပါတယ်..။
ချမ်းမြေ့ပျော်ရွှင်ပါစေ မချော.။
ချစ်တဲ့
သဒ္ဓါ

အရမ်းကိုရသမြောက်တဲ့ စာလေးပဲဗျာ ... ဖတ်ရင်းနဲ့ခွန်အားတွေပြည့်ဝလာတယ် ... တစ်ခါတစ်ရံစိတ်ပျက်အားငယ်မှုတွေကို ခံစားတတ်တဲ့ ညလေးအဖို့တော့ တစ်ကယ့်ကို ခွန်အားတွေပဲ မမရာ ... :)

ဟန်ကြည် said...

ဒီတစ်ပုဒ်ကတော့ အရင်က မဖတ်ဖူးဘူး ဒေါ်ချောရေ...အသက်ကြီးတဲ့လူတွေကို ပစ်ပယ်ထားတာတွေ့ရင် စိတ်မကောင်းတဲ့ ဓာတ်ခံကလည်း ရှိနေတော့ ပိုဖတ်လို့ကောင်းသေး...အဘိုးကြီးဆိုတာ တန်ဖိုးကြီးတာကို ခေါ်တာကလား...ကိုယ်လည်း အသက်ကြီးလာရင် အဘိုးကြီးဖြစ်ဖို့ အတော်လုပ်ရဦးမယ်...ဒါပေမယ့် ရွှေပြည်ကြီးမှာတော့ အဘက အဘိုးကြီးထက် ပိုပြီး ပါဝါကြီးသနော...

မကြီးပိုစ့်လေးကိုလဲအရမ်းကြိုက်တယ် ပန်းလေးတွေလဲအရမ်းကြိုက်တယ် တခါမှမမြင်ဖူးလို့ ဒေါင်းသွားတယ်ခွင့်ပြုပါနော် ဝေါပေပါလုပ်ချင်လို့ရယ်အခန်းထဲမှပရင့်ထုတ်ကပ်ချင်လို့ပါ


ချစ်တဲ့ ဂျာရစ်

PhyoPhyo said...

မချောရေ
အစကအဆုံးထိဘယ်နေရာမှဟာကွက်မရှိအရေးအသားလေးကောင်းလိုက်တာ။အစက အဖေနေရာပါကူညီပေးမှာလားလို့။
ချစ်တဲ့ pp

လှလိုက်တဲ့ ပန်းလေးတွေ ..

လိုအပ်နေသူတွေအတွက် ရှင်သန်ရပ်တည်နေနိုင်တာ ဘယ်လောက်များကောင်းလိုက်မလဲနော်

ဖတ်ရင်းပန်းတွေညှိုးသွားတော့ စိတ်ထဲ ထိတ်သွားတယ် ..း)

သက်ကြီးရွယ်အိုတွေ အိုမင်းမစွမ်းချိန်မှာ အထီးကျန်စိတ်တွေနဲ့ စိတ်အားငယ်တတ်တာမို့ ဂရုဏာထားမယ့် အဖော်တွေ တကယ့်ကို လိုအပ်လှပါတယ်။

ပန်းလေးတွေက အရမ်းလှတယ်..။
တတိုင်းမွှေးပန်းကလေးတွေလို လောကကို မွှေးမြ အလှဆင်သူများပေါ်ထွက်လာစေချင်ပါတယ် ချောရေ..။

Anonymous said...

အရမ်းရသမြောက်တဲ့စာပါကျေးဇူးလဲတယ်ဒေါ်ချော

ဒီပိုစ့်လေးအတွက် အထူးကို ကျေးဇူးတင်ပါတယ်ရှင်

gina vinasoy said...

Your concept and issue is pretty good .Try to visit my website too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_
gvisoy&utm_source=mot_lb_blog&utm_medium=lb_blog

အမရဲ့ ဒီပိုစ်လေးကိုရွှေမြို.တော်မှာပြန်လည်မျှဝေချင်ပါတယ်။ခွင်.ပြုပေးပါရန်တောင်းဆိုပါတယ်။အမအဲဒီဆိုက်မှာဝင်ထားရင်လည်းတင်ပေးပါနော်... တတိုင်းမွှေး။