ဘဝရဲ့ ကစားပွဲများ


ဒီတစ်ပတ်အတွင်းမှာ အိမ်မှာ ငြိမ်ငြိမ်မနေရဘဲ ဟိုသွား ဒီသွားနဲ့ ခရီးသွားလာရတဲ့ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့ပဲ စာအသစ် မရေးဖြစ်တာ နည်းနည်း ကြာသွားခဲ့ပါတယ်။ စာအသစ်တွေ အရင်လို မရေးနိုင်ခင်မှာ သွားရင်း လာရင်း ကားပေါ်မှာ၊ ခရီးမှာ မထင်မှတ်ပဲ Angry Birds ဆိုတဲ့ ဂိမ်းကို  ကျွန်မ ကစားမိခဲ့စဉ်က ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေနဲ့ တွေးမိတဲ့ အတွေးအမြင်တွေ အကြောင်း    ပြောပြချင်ပါတယ်။  များသောအားဖြင့်တော့ ကျွန်မဟာ ဂိမ်းတွေ ဘာတွေကို ဆော့လေ့ ဆော့ထ ရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ အလုပ်များတာရယ်၊ ရှားရှားပါးပါး ရတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ စာရေး စာဖတ်လုပ်ချိန်တွေထဲကနေ ဖဲ့ပြီး မပေးချင်တာရယ်၊ အစလုပ်ပြီး မကစားချင်တာရယ် စတာတွေကြောင့် ဖြစ်ပါတယ်။ ဂိမ်းတွေရဲ့ ထုံးစံကလည်း စ ကစားမိရင် စွဲလန်းတတ်တာကြောင့်လည်း အစလုပ်ပြီး မကစား ချင်တာပါ။ ဂိမ်းတွေ ဘာတွေ ဆော့ဖို့ သိပ်စိတ်မဝင်စားတဲ့ ကျွန်မရဲ့ဖုန်းထဲကို ညီမလိုခင်တဲ့ တစ်ယောက်က လွန်ခဲ့တဲ့ တစ်လလောက်ကမှ Angry Birds ဆိုတဲ့ ဂိမ်းလေးကို ဖုန်းထဲမှာသွင်းပေး သွားခဲ့ပါတယ်။ ကွန်ပျူတာနဲ့တောင် ဂိမ်းတွေ ဆော့လေ့မရှိတဲ့ ကျွန်မဟာ ဖုန်းထဲကို ရောက်လာတဲ့ Angry Birds ဂိမ်းကို ဖုန်းပေါ်မှာ တွေ့နေပေမဲ့ ယောင်လို့တောင် ဖွင်မကြည့်မိပါဘူး။ တစ်ရက်မှာတော့ ခရီးတစ်ခု သွားရင်းနဲ့ တစ်နေရာမှာ ကိစ္စတစ်ခုကို စောင့်ဆိုင်းစရာ ပေါ်လာခဲ့ပါတယ်။ ဖတ်စရာစာအုပ်လည်း ပါမသွားတဲ့ ကျွန်မဟာ ဖုန်းထဲမှာ ထည့်ထားတဲ့ စာအုပ်တွေကို Adobe reader နဲ့ ဖတ်နေခဲ့ပါတယ်။ ဖတ်လက်စ စာမျက်နှာတွေဟာ မကြာခင်မှာဘဲ ဖတ်လို့ ပြီးသွားတာနဲ့ ဖုန်းကိုကလိရင်း အဲဒီ Angry Birds ဂိမ်းကို စူးစမ်းတဲ့ အနေနဲ့ စမ်း ကစားမိပါတယ်။




စပြီး ကစားလိုက်ရာကနေ ဂိမ်းရဲ့ လွယ်ကူရှင်းလင်းတဲ့ User Interface၊ ဂိမ်းထဲမှာ ပါဝင် လှုပ်ရှားတဲ့ ဇာတ်ကောင်လေးတွေရဲ့ ဆွဲဆောင်မှုတွေကြောင့် အဲဒီနေ့က လယ်ဗယ်တစ်ခုပြီးတစ်ခု ပြီးတဲ့ အထိ တစ်ဖြည်းဖြည်း ဆော့သွားခဲ့မိပါတယ်။ နောက်ပိုင်းမှာ လယ်ဗယ်မြင့်လာတာနဲ့အမျှ  ပိုပိုပြီး ခက်ခဲလာသလို ခက်ခဲတဲ့ လယ်ဗယ် တစ်ခုခုကို အကြိမ်ကြိမ် ပြန်ပြန်ဆော့ရတာတွေ ရှိပါတယ်။ အဲဒီနေ့နောက်ပိုင်း ခရီးကနေ အိမ်ပြန်ရောက်တော့လည်း အလုပ်တစ်ဖက်နဲ့ အားလပ်ချိန်တွေမှာ အဲဒီ Angry Birds ဂိမ်းကိုဘဲ ပြန်ကစားမိပါတယ်။ အဲဒီဂိမ်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ကစားဖူးတဲ့သူတွေကတော့ အတော်များများ သိပြီးသားဖြစ်ကြမှာပါ.. လယ်ဗယ်တစ်ခုကို အောင်မြင်ပြီးမှ နောက်ထပ် လယ်ဗယ်အသစ် တစ်ခုကို ဆက်ကစားလို့ ရတာမျိုးပါ။ အဲဒီတော့ ဒီလယ်ဗယ် တစ်ခုကို မအောင်မြင်နိုင်ရင် နောက်ထပ် လယ်ဗယ်အသစ်တွေကို ဆက်ဆော့ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အစပျိုးပြီး ဆော့လိုက်မိတဲ့ ကျွန်မဟာ အချိန်အားရတာနဲ့  Angry Birds ကို ဆော့နေမိတတ်ခဲ့ပါတယ်။ လယ်ဗယ်တစ်ဆင့်ပြီး တစ်ဆင့် ကစားနေရင်း အတော်ကိုခက်ခဲတဲ့ အဆင့်တွေမှာ မအောင်မြင်မချင်း အချိန် တော်တော်ကြာကြာ ထပ်တလဲလဲ ကစားပါတယ်။ တခါတလေများ လုံးဝကို အောင်မြင်တော့မှာ မဟုတ်ဘူးလို့ ထင်မိတဲ့အထိ ခက်ခက်ခဲခဲ ကစားရတာတွေ ရှိပါတယ်။ ခက်ခဲတယ် ဆိုတာကလည်း ကျွန်မအတွက် ဆိုလိုတာပါ။ ဂိမ်းတွေဘာတွေ သိပ်ဆော့လေ့မရှိတဲ့ ကျွန်မ အတွက်တော့ အခြားသူတွေအတွက် မခက်ခဲဘူး ထင်ရတဲ့ ဂိမ်းတွေကလည်း ကျွန်မအတွက် ခက်ခဲချင် ခက်ခဲနေနိုင်တာမျိုးပါ။

တခါတလေများ ရေချိုးဖို့ ပြင်နေချိန်မှာတောင် ခဏလောက်ဆိုပြီး ဂိမ်းဆော့မိရင် မပြီးနိုင်တော့အောင် ဖြစ်ရပါတော့တယ်။ ခက်ခက်ခဲခဲ ဂိမ်း တစ်ခုခုကို ဆော့မိရက်သား ဖြစ်နေရင်းများ ရေတောင် ဆက်မချိုးနိုင်အောင် ဖြစ်သွားရပါတယ်။ ကျွန်မစိတ်ထဲမှာလည်း ငါ ဒီဂိမ်းကို မရမချင်း ရေမချိုးဘူး ဆိုပြီး ဇွတ်ပေပြီးကို ဆော့နေတတ်တာပါ။ အဲဒီခါများဆို တကယ်လဲ အဲဒီဂိမ်း မအောင်မြင်အချင်း ရေမချိုးဘဲ ဆော့နေတာဟာ နောက်ဆုံး အောင်မြင်သွားပြီ ဆိုတော့မှသာ စိတ်ဖြောင့်ဖြောင့်နဲ့ ရေ ဆက်ချိုးဖြစ်ပါတယ်။ မှန်တာပြောရရင် တစ်ချို့ဂိမ်းဆို အဲဒီလယ်ဗယ်မှာတင် ၃-ရက်လောက် ထပ်ခါတလဲလဲ ဆော့ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ၃-ရက်ဆိုတာကလည်း တစ်ချိန်လုံး ဆော့နေနိုင်တာမျိုးတော့ မဟုတ်ပါဘူး. အားလပ်ချိန်ရတဲ့အခါတွေမှာ ကစားတာကို ဆိုလိုတာပါ။ တစ်ချို့ဂိမ်းတွေက တစ်ကြိမ်တည်းနဲ့ အောင်မြင် သွားတာမျိုး ရှိသလို တစ်ချို့ကျတော့ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဆော့မှ အောင်မြင်တာမျိုး တွေ ရှိတာပါ။ အဲဒီလို ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို လက်လျှော့ မိတော့မလိုအထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း တစ်ခုခုဆို ကစားလက်စဘဲဖြစ်ဖြစ် လုပ်လက်စဘဲဖြစ်ဖြစ် မအောင်မြင်မချင်း မကျေနပ်တတ်တဲ့ ကျွန်မဟာ အဲဒီဂိမ်းကို မကျော်နိုင်မချင်း မရရအောင် ဆော့ပါတယ်။ 

တကယ်လို့ ကျွန်မသာ လွယ်လွယ်ကူကူ လက်လျော့လိုက်ရင် နောက် ဂိမ်းလယ်ဗယ်တစ်ခုကို ဆက်တက်နိုင်တော့မှာ မဟုတ်ပါဘူး.. အောင်မြင်မှုရဲ့ အရသာကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ဂိမ်းတစ်ခုမှာ ခက်ခဲတဲ့ လယ်ဗယ်တစ်ခုကို အချိန်ကြာကြာဆော့လေ ဘယ်လို ကစားရင် နိုင်နိုင်တယ် ဆိုတဲ့ လမ်းကြောင်းကို တွေ့မြင် လာလေ ဖြစ်တဲ့အခါ နောက်ဆုံးမှာတော့ အဲဒီ လယ်ဗယ်ကို အောင်မြင်အောင် ကျော်ဖြတ်သွားနိုင် တာချည်းပါဘဲ။  ဒါပေမဲ့ ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို အောင်နိုင်သွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်နဲ့ ပျော်ရွှင်မှုက ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မဆိုရင် ခက်ခက်ခဲခဲ လယ်ဗယ်တစ်ခုခုကို အောင်မြင်သွားတိုင်း လက်သီးလက်မောင်းတောင် တန်းပြီး အော်ဟစ်မိတာပါဘဲ။ 

ကျွန်မဟာ အဲဒီဂိမ်းတွေကို ကစားနေရင်းမှာဘဲ ကျွန်မစိတ်ထဲ တွေးမိလာတာက ဂိမ်းတွေဟာ ယခုလက်ရှိ လူတွေရဲ့ ဘဝမှာတွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ တူလှတယ် လို့ တွေးမိလာတာပါ။ တစ်ချို့အခက်အခဲတွေက လွယ်ကူတယ်.. ရိုးရှင်းတယ်.. ဒီတော့ လွယ်လွယ် ကူကူနဲ့ ဖြေရှင်းနိုင်တယ် .. ကျော်ဖြတ်နိုင်တယ်.. တစ်ချို့ပြဿာနာတွေ အခက် အခဲတွေများ ကျတော့ ကျွန်မ ဆော့နေတဲ့ ဂိမ်းတစ်ချို့ကို ခက်ခက်ခဲခဲ ကစားရသလို ပြဿနာတွေ ကိုလည်း ခက်ခက် ခဲခဲ ဖြေရှင်းရတာ၊ ကျော်ဖြတ်ရတာတွေ ရှိလာပါတယ်။ တစ်ချို့ ပြဿနာများဆို ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး.. ဖြေရှင်းနိုင်တော့မှာမဟုတ်ဘူးလို့ကို ထင်မိ ရလောက်အောင် ကြီးမား ခက်ခဲတတ်တာကို တွေ့ရမှာပါ။ ဒါပေမဲ့ စိတ်မပျက်ဘဲ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရင် မအောင်မြင်တဲ့ ပြဿနာ ၊ မဖြေရှင်းနိုင်တဲ့ အခက်အခဲဆိုတာ မရှိသလောက်ပါဘဲ.။ တစ်ကယ်တော့ ဘဝဆိုတာဟာလည်း ဂိမ်းတစ်ပွဲ ကစားရခြင်းနှင့် အသွင်သဏ္ဍာန် အရသာ ကွဲပြားပေးမယ့် အနှစ်သာရခြင်းကတော့ အတူတူပဲ မဟုတ်ပါလား။

ဒီတော့ ကျွန်မရဲ့ အမြင်အရတော့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဂိမ်းကစားရတာနဲ့ တူလှတယ်လို့ ဆိုချင်ပါတယ်။ ဒီနေ့ နေ့တဓူဝ ကျွန်မတို့ တတွေ ထိတွေ့နေကြတဲ့ ကွန်ပြူတာတွေ၊ စမတ်ဖုန်းတွေ အစရှိတာတွေထဲက ဂိမ်းတွေကစားတဲ့အခါမှာ လယ်ဗယ်တစ်ခုပြီးတစ်ခု အောင်မြင်ချင်ရင် ဇွဲရှိဖို့ လိုအပ်သလို စိတ်ရှည်ရှည်ထားဖို့လည်း အလွန်လိုအပ်ပါတယ်။ ဂိမ်းတစ်ခုရဲ့ အဆင့်တိုင်း အဆင့်တိုင်းစီမှာ မတူထူးခြားတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေတတ်တာဟာလည်း ဂိမ်းတွေရဲ့ သာဘဝပါပဲ။ အဲဒီလို ဂိမ်းကစားရင်း တွေ့လာရတဲ့ အဆင့်တိုင်းက အခက်အခဲတိုင်းကို တစ်ကြိမ်တစ်ခါ ကျော်ဖြတ်ရုံနဲ့ အောင်မြင်ဖို့ ဆိုတာဟာလည်း အပေါ်ကို အဆင့်မြင့်မြင့် ရောက်လာလေ ဖြစ်နိုင်ခြေ ပိုပိုနည်းလာလေပါပဲ။ အဲဒီလို အဆင့် တစ်ခုစီကို ဖြတ်ကျော်တဲ့ အခါ တစ်ကြိမ်တစ်ခါနဲ့ မရ၊ ကျရှုံးသွားတဲ့ အချိန်တွေမှာ ဂိမ်းကစားသူရဲ့ စိတ်ရှည်မှု၊ ဇွဲရှိမှုပေါ် မူတည်ပြီး အဲဒီ ကျရှုံးမှုကနေ သင်ခန်းစာယူ၊ မိမိရဲ့ အားနည်းချက်ကို မိမိဘာသာ မြင်အောင်ကြည့်ပြီး ပြန်လည်ဖြည့်ဆည်းပြင်ဆင်၊ မိမိ ဖြတ်ကျော်လိုတဲ့ အခက်အခဲမှာ ဘယ်လို အားနည်းချက် ရှိသလဲ တွေ့အောင်ရှာပြီး လက်မလျော့ပဲ အကြိမ်ကြိမ် ထပ်ကြိုးစားသွားမယ် ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ မိမိဖြတ်ကျော်လိုတဲ့ အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။




သေသေချာချာ တွေးကြည့်မယ် ဆိုရင် ဘဝမှာကြုံရတဲ့ အခက်အခဲတွေဟာလည်း ဂိမ်းတွေထဲကလိုပါပဲ။ ကြုံရတဲ့ ပြဿနာ၊ အတားအဆီး တစ်ခုခုဟာ ပထမမှာတော့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ လို့ ထင်စရာပါ။ ဒါပေမယ့် အခက်အခဲ တစ်ခုကို ကျော်ဖြတ်ပြီးတိုင်း ကျော်ဖြတ်ပြီးတိုင်းမှာ ရရှိတဲ့ ခံစားမှုဟာ ဘယ်အရာနဲ့မှ မတူအောင် မိမိကိုယ် မိမိ ကျေနပ်၊ ယုံကြည်မှု၊ ရင့်ကျက်မှုကို ပေးစွမ်းနိုင်တယ် ဆိုတာ အခက်အခဲတွေ အများကြီးကို အကြိမ်ကြိမ် ရင်ဆိုင်ကျော်ဖြတ်ဖူးကြတဲ့ သူတွေ အနေနနဲ့ လေးလေးနက်နက် တွေ့ကြုံ ခံစားဖူးကြမှာပါ။ အခက်အခဲမကြုံဖူး၊ အခက်အခဲကို မကျော်လွှားဖူးဘဲနဲ့ ရင့်ကျက်တဲ့သူ တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ကျွန်မ ပြောလိုက်ချင်တာကတော့ ကျွန်မတို့ ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေဟာ တစ်ကယ်တော့ ဘဝကို ပိုပြီး စိတ်ဝင်စားကောင်းအောင်၊ မိမိကို ပိုပြီး ရင့်ကျက်တဲ့လူ၊ ယုံကြည်မှု ရှိတဲ့လူ၊ ကိုယ့်အခက်အခဲတွေကို ကျော်လွှားနိုင်သလို သူတစ်ပါးတွေကိုလည်း အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ လမ်းပြပေးနိုင်တဲ့ သူ ဖြစ်လာစေတဲ့ အတွက် အခက်အခဲတွေကို အခက်အခဲတွေလို့ ရိုးရိုး မရှုမြင်ဘဲ စိန်ခေါ်မှုတွေ အဖြစ် ပြောင်းလဲ ရှုမြင်ပြီး ဇွဲရှိရှိ၊ လုံ့လ ဝီရိယကောင်းကောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ အလွန်ပဲ လိုအပ်လှပါတော့တယ်ရှင်။     ။








Photo Credit;
၁။ http://guidetoline.blogspot.com/2011/12/5-tips-to-overcome-challenges.html



15 Responses to “ဘဝရဲ့ ကစားပွဲများ”

မချောက စာအရေးကြဲလာပါတယ် ဧကန္တတော့ ဂိမ်းက မချောရဲ့စာရေးချိန်တွေကို လုယူသွားသကိုး။ ဂိမ်းကစားတာကို လက်ရှိဘ၀ပြဿနာတွေ နှိုင်းယှဉ်တင်ပြသွားတာ တော်တော်လေး ဖတ်လို့ကောင်းတယ် မချောရေ။ ပြဿနာကို စိတ်ရှည်ဇွဲသန်သည်းညည်းခံပြီး ဖြေရှင်းသင့်ပါတယ်။ ကြိုးစားလို့ ရလာတဲ့အောင်မြင်မှုရဲ့အရသာလည်း တကယ်ကို ချိုမြိန်လှပါတယ်။

မချောကတော့ ဂိမ်းဆော့တာတောင်မှ ပို့စ်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်သေးတယ်။ ဘလော့ဂါပီသပါပေတယ်။ ဒါပေမဲ့ ဂိမ်းကစားရင်း ရတဲ့ အတွေးလေးတွေက တကယ်ကောင်းတယ်။ ဟုတ်တယ်။ အမချောပြောသလိုဘဲ ဇွဲရှိရှိနဲ့ လုပ်စရာရှိတာကို ပြီးပြတ်အောင်မြင်အောင် လုပ်သင့်တယ်။

ဒါနဲ့.. အမချော။
စကားမစပ်။ မီးတွေက အမချောတို့မြို့ဘက် ကူးစက်လာပြီထင်တယ်။ မိသားစုအားလုံး အခြေအနေကောင်းကြရဲ့လားမသိဘူး။
ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမချော။

Nyi Linn Thit said...

လူတိုင်းသိနေတဲ့ Angry birds ဂိမ်းကနေ ဘဝရဲ့ အခက်အခဲတွေအထိ ဆွဲယူသွားတာ လှတယ် မချော၊ ဟုတ်ပါတယ်၊ အခက်အခဲတစ်ခုမှာ အချိန်တွေ ကြာလေလေ အဲဒီဟာကို ဘယ်လိုကျော်လွှား နိုင်မလဲဆိုတာ ပိုပြီး တွေ့လာလေလေ ပါပဲ၊ ဘဝရဲ့ အားမာန်ကို မြှင့်တင်ပေးနိုင်တဲ့ ပို့စ်လေးမို့ နှစ်သက် မိပါတယ်..။

mstint said...

တိုတောင်းတဲ့ဘဝလမ်းခရီးကို ကျော်ဖြတ်ရာမှာ 'အသက်တစ်ရာမနေရ အမှုတစ်ရာတွေ့ရတတ်တယ်' ဆိုသလိုပေါ့ချောရေ။ တွေ့ကြုံရသမျှ အခက်အခဲအားလုံးကို တည်ငြိမ်အေးချမ်းစွာ တစ်ခုခြင်း ကျော်ဖြတ်ရင်း နောက်ထပ်အဆင့် တစ်ဆင့်တိုးသွားဘို့ အရေးကြီးပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အခုမှ သိတယ် ဒေါ်ချော အလုပ်များနေတာ လက်စသတ်တော့ ဂိမ်းဆော့နေလို့ကိုး...:)
ဂိမ်းကစားရာကနေ ဘလော့ဂါပီပီပို့စ်လေး ဆွဲထုတ်သွားတာ နှစ်သက်စရာ..။

Happy Blog Day !

ဂိမ်းရဲ့သဘောတရားကတော့အချိန်ကုန်၊လူပင်ပန်းတယ်မချောရေ။ ဒါပေမဲ့အဲဒီအပေါ်ကရတဲ့အတွေးကိုရအောင်ယူသွားတာကတော့အမြတ်ပေါ့ဗျာ။

PhyoPhyo said...

မချောရေ နေကောင်းလား။ မတွေ့ဖြစ်တာတောင်ကြာပြီ။.
ဘ၀ထဲက ကစားပွဲတွေက ဟုတ်တယ် screen ပေါ်က ဂိမ်းတွေလိုပဲ။ တူတူပါပဲ။ လွယ်လိုက်၊ ခက်လိုက်တက်လိုက် ကျလိုက်။.
ဂိမ်းတွေက အဆင်မြင့်လေလေ၊ ပိုခက်ခဲလာလေလေ၊ သေချာကစားရလေလေနဲ့။.
စကားမစပ် အဲဒါကြောင့် ဂိမ်းမဆော့ရဲဘူး။ ဆော့မိရင်ရပ်မရလို့။.
ချစ်တဲ့
pp

sosegado said...

ဒီGame တွေက ပရိုဂရမ်လုပ်ထားတဲ့ ထဲမှာ ကစားနေရတာပါ၊ အချိန်ကြာလာရင် ကျွမ်းကျင် ငြီးငွေ့သွားပြီး တခြားဂိမ်းပြောင်းကစား……
ဘဝGameတွေကြတော့ ……ရုန်း၍ကန်၍ ရင်ဆိုင်၍…
ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့…… တစ်ခါတစ်လေ စိတ်မရှည်ဘူး………………………

Anonymous said...

ဂိမ်းကစားတဲ့သူတွေ
အန်တီချောလို့ တွေးတတ်ကြရင်
သိပ်ကောင်းမယ်ဗျ
အခုတော့ အဲ့ဒီလို တွေးတတ်ဖို့ နေနေသာသာ
အိပ်မက်ထဲအထိကို လိုက်ပြီး
ပစ်လိုက် သတ်လိုက် ဆိုပြီး
ထထယောင်နေတော့လည်း . . .

နွေလ

အတွေးတွေနဲ့ အတူ ဗဟုသုတလေးတွေ ရလို့ ကျေးဇူးပါမမရေ...

Anonymous said...

ဂိမ်းဆော့ရတာ စွဲလည်းစွဲသလို
ပညာလည်းရတယ်အစ်မး)
ဖြတ်ထိုးဥာဏ်သုံးရတဲ့ဂိမ်းဆို
ဦးနှောက်ကိုသွေးပြီးသားဖြစ်နေရောလေ..
တစ်ခုခုဆိုဇွဲပါကောင်းလာတော့တာ :D

မမချောရေ
လူဘ၀ဆိုတာလည်း အမှန်တော့ ဂိမ်းကစားရသလိုပါပဲလေ
ိပိုစ့်လေး ကောင်းတယ်
လာရောက်အားပေးခဲ့တယ်နော်

မောင်ဟန် said...

၃ရက်လောက်နေမှ လယ်ဗယ်တစ်ခုတက်တာ မပီးမချင်းလဲ ရေမချိုးဘူးဆိုတော့ ၃ရက်မှတစ်ခါရေချိုး နေရပုံပဲ..ငါ့အမတော့.ဟိဟိ

jr.lwinoo said...

ချောရေ.. မဆော့တာကြာပြီ။ ခုမှ ပြန်သတိရသွားလို့ ပြန်ဒေါင်းလုပ်လုပ်နေတယ်။
ဆော့ဦးမယ်
ဟီးဟီးး))

san htun said...

ဂိမ်းတော့ မဆော့ဘူး..ကိုရီယားကား ကြည့်တယ်..အခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်းပြီးမှ ရလာတဲ့ စိတ်ကျေနပ်မှုကြောင့် ဂိမ်းစွဲကြတယ် ထင်ပါ့..ဂိမ်းအကြောင်းပို့ စ်လေးက အတွေးလေးတွေ ရစေတယ်..