လမ်းမကြီးပေါ်က သင်ခန်းစာများ


သူမတို့အိမ်ရှေ့တွင် ကျယ်ဝန်းလှသော လမ်းမကြီး တစ်ခုရှိသည်။ လမ်းမကြီးသည် ကောင်းမွန် ချောမွေ့လှပြီး အပေါက်အပြဲ အဖာအရာ မရှိအောင် ကောင်းမွန်ေ သသပ်လှသည်။ လမ်းဘေး ဝဲယာတွင်တော့ လူသွားလမ်း ပလက်ဖောင်းရှိပြီး ၄င်းပလက်ဖောင်းပေါ်တွင် စိမ်းစိုလန်းဆန်းနေသော ကွမ်းပင်သဏ္ဍန် အပင်မြင့်များကို အတန်းလိုက် ၅ပေ ၆ပေခန့် ခြားပြီး စိုက်ပျိုးထားတာ တွေ့နိုင်ပေသည်။ ထို့ပြင် အသီးများ သီးတတ်သော ၆-ပေခန့်အရွယ် ပိန္နဲ၊ သရက်၊ သမင်မျက်လုံးသီးစသော သစ်ပင်များကို ရာသီအလိုက် ပန်းတွေ ပွင့်တတ်သည့်  ပန်းပင်ပုတို့က ခြံရံစိုက်ပျိုး အလှဆင်ထားသည်။ ကြည့်လိုက်လျှင် စိမ်းလန်း စိုပြေနေပြီး ပန်းပွင့်တွေကလည်း ရာသီအလိုက် ဖူးပွင့်ဝေဆာ လှပလို့နေသည်မှာ ပန်းဥယျဉ်သဖွယ် စိမ်းချမ်းမြေ့ဖွယ် ရှိရတော့သည်။ လူသွားလမ်း ပလက်ဖောင်းပေါ်မှ လမ်းလျှောက်သွားရသည်မှာ မြို့တွင်းတွင် လမ်းလျှောက်နေသည်နှင့်ပင် မတူ။ ပန်းဥယျာဉ်တွင်း လမ်းလျှောက်သွားနေရသည်နှယ် စိတ်ချမ်းမြေ့ဖွယ် ရှိလေသည်။



လမ်းမကြီးမှာတော့ ဥဒဟို သွားလာနေကြသောကားများ၊ ဆိုင်ကယ်များ များစွာရှိလေသည်။ သူမနေသည့်မြို့သည် ဆိုင်ကယ်ပေါသောမြို့ ဖြစ်သောကြောင့် လူငယ်လူရွယ်များကတော့ ဆိုင်ကယ်ကို အများအားဖြင့် စီးနှင်းကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများ၊ ခရီးသွားများကတော့ ကိုယ်ပိုင်ကား၊ တက္ကစီစသည်တို့ အသုံးပြုကြသည်။ စီးပွားရေးအချက်အချာ မြို့လည်း ဖြစ်တာကြောင့် ကုန်တင်ကားကြီး ကားငယ်များလည်း ဝင်ထွက် သွားလာနေကြသည်မှာ ပျားပန်းခတ်မျှ ရှိလေသည်။ ကျယ်ဝန်းလှသော လမ်းမကြီးတွင် စည်းကမ်းတကျ သူ့လမ်းကြောင်းနှင့် သူ၊ သူ့ဦးတည်ရာနှင့်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီး၏ မြင်ကွင်းကိုအပေါ်စီးကနေ ကြည့်ရတာသည်မှာ မျက်စိပသာဒ ဖြစ်စရာကောင်းလှပေသည်ဟု သူမကထင်မိလေသည်။ ထို့ကြောင့်လည်းကားကြီးကားငယ် အသွယ်သွယ်၊ ဆိုင်ကယ် အမျိုးမျိုး၊ လူအဖုံဖုံ ဖြတ်သန်းသွားလာရာ လမ်းမကြီးသည် စိတ်ဝင်စားဖို့လည်းကောင်းလေသည်။

အိမ်ဝရံတာထက်မှ သူမနေ့စဉ် ငေးမောကြည့်ရှုမြဲဖြစ်သည့် ဖြောင့်တန်းရှည်လျားပြီး လှပသာယာသော လမ်းမကြီးနှင့် ပြေးလွှားသွားလာနေသောကားရောင်စုံ၊ ဆိုင်ကယ်မျိုးစုံတို့သည် လူ့လောကကြီးနှင့် ပမာတူလှသည်ဟု သူမက ထင်မိပါသည်။ ဦးတည်ရာမတူ၊ ရည်ရွယ်ချက် မတူညီကြသော်လည်း အားလုံးသည် လမ်းမကြီးပေါ်တွင် သူ့လမ်းကိုယ့်လမ်း၊ မိမိရွေးချယ်သည့်လမ်းကြောင်း၊ မိမိလိုလားသည့် ဦးတည်ရာကို အသီးသီးအသကကိုယ်စီကိုယ်ငှ သွားလာနေကြသည်။ ကားကလည်းကားလမ်းကြောင်း၊ ဆိုင်ကယ်ကလည်း ဆိုင်ကယ်လမ်းကြောင်း ၊ လူတွေသည်လည်းလူသွားလမ်းပလက်ဖောင်းပေါ်မှ စည်းကမ်းတကျ ရှိနေကြသည်။ အချိန်တိုင်း မရပ်မနား သွားလာနေကြသည်။ ထို့ကြောင့်လည်း ဖြောင့်တန်းနေသော လမ်းမကြီးသည် တနည်းအားဖြင့် မရပ်မနား လှုပ်ရှားနေသောလောကကြီးနှင့် လွန်စွာ တူလှပေသည်။

လမ်းမကြီးပေါ်တွင် သွားလာနေသောကားများ၊ ဆိုင်ကယ်များ ၊ လူများသည် မိမိလမ်းကြောင်းအတိုင်း၊ အစီအစဉ်တကျ သွားနေကြသည်။ စည်းကမ်းတကျ သွားနေကြသည် ဟု တွေးထင်စရာ ရှိသော်လည်း လမ်းမကြီးကိုအိမ်ပြူတင်းပေါက်မှ နေ့စဉ် ငေးမောကြည့်ရှုလေ့ရှိသောသူမသည် လမ်းမကြီးပေါ် သွားလာနေသော လူအချို့၏ ရက်စက် ရိုင်းစိုင်းသော ၊ ကောက်ကျစ်ယုတ်မာသော အမူအကျင့်၊ စိတ်နေ စိတ်ထားများကို မကြာခဏ မြင်တွေ့ရလေ့ ရှိသောအခါတွင် လမ်းမကြီးသည် လူ့လောကကြီးနှင့် ပိုပို၍ တူလာသည်ကို သူမအနေနှင့် ပို၍လက်ခံလာမိလေသည်။ စလင်းဘက် အိတ်ကလေးကိုလွယ်ကာ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် အေးအေးလူလူ သွားနေသော အမျိုးသမီးတစ်ဦးအား အခြား ဆိုင်ကယ်တစ်စီးပေါ်မှ ယောက်ျားနှစ်ယောက်က အမျိုးသမီး၏ စလင်းဘက်အိတ်ကိုလုယူပြီး ဆိုင်ကယ်ကို စက်ကုန်ဖွင့် မောင်းနှင်ထွက်ပြေးခြင်း၊ ဆိုင်ကယ်ပေါ်မှ လင်မယားစုံတွဲ၏ ပိုက်ဆံအိတ်ကို မရရအောင် လုပြေးသည့်အတွက် ဆိုင်ကယ်နောက်မှာ ထိုင်သည့်အမျိုးသမီးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းဆောင့်မိကာ အုတ်ဆက်ကွဲ၍ သေဆုံးသွားရသောမြင်ကွင်း၊ ဆွဲကြိုးဖြတ်ပြေးသည့်မြင်ကွင်း စသည့် ဆင်တူ အဖြစ်အပျက်များကို တစ်နှစ်အတွင်း အကြိမ်များစွာ မြင်တွေ့ခဲ့ရဖူးသည်။ ခတ္တခဏဆိုပြီး  လမ်းဘေးတွင် ရပ်ထားသောဆိုင်ကယ်ကို သော့ဖျက်ပြီး ခိုးယူသွားသည့် ဖြစ်ရပ်မျိုးလည်း အခါများစွာသူမ ရှိတတ်ပါသည်။

တစ်ကြိမ်တွင်မူ အလျင်စလို မောင်းလာသော တက္ကစီတစ်စီးက အခြားကားတစ်စီးအား ကျော်တက်ရင်း အရှိန်လွန်ပြီး လမ်းကြောင်းမှန် မောင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိကာဆိုင်ကယ်သမား ပွဲချင်းပြီး အသက် ဆုံးရှုံးသွားသည့်ဖြစ်ရပ်မျိုး၊ ဆိုင်ကယ်နှင့်အမျိုးသမီးတစ်ဦး လမ်းကြားမှ ကွေ့ထွက်လာသည်ကို အရှိန်ပြင်းပြင်း မောင်းလာသည့်ကားက တိုက်မိပြီး ထိုကားသည် တစ်ချက်လေးမှ လှည့်မကြည့်တော့ဘဲ မောင်းထွက်ပြေးသွားသည့် ဖြစ်ရပ်မျိုး၊ ကိုယ်ပိုင်ကားတစ်စီးမှ အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို တိုက်မိလိုက်သော်လည်း ဆင်းပင်မကြည့်ဘဲကားကို အသံမြည်အောင် မောင်းပြေးသွားသော်လည်း ကံဆိုးစွာဘန်ဘာပြုတ်ကျပြီး ကားနံပါတ်ပြားပါ ကျကျန်ရစ်ခဲ့သောကြောင့် ထိုညမှာပင် မော်တော်ကားရော ၊ လူပါ အဖမ်းခံလိုက်ရသည့်ဖြစ်ရပ်မျိုး၊ အရှိန်ပြင်းပြင်းမောင်းလာသည့် ဆိုင်ကယ်က ရပ်ထားသည့် ကားကို ဝင်တိုက်ပြီး မကြည့်ရက်စရာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် သွေးချင်းချင်းနီရဲအောင် ထိခိုက်ဒဏ်ရာ ရသွားသည့် မြင်ကွင်းမျိုး ၊ ကားတိုက်ခံရသည့် သူက သတိမေ့မသွားဘဲ သွေးချင်းချင်းနီရဲနေသော်လည်း မတ်တပ်ထရပ်ကာ ဖြစ်သွားဖြတ်လာ အခြားသောကားများကို ဆေးရုံလိုက်ပို့ပေးဖို့ အကူအညီ တောင်းရာတွင် ကားကို ရပ်မပေးဘဲမောင်းပြေးသော ဖြစ်ရပ်မျိုးစသည့် အနိဌာရုံဖြစ်ရပ် များစွာတို့ အပြင် လမ်းဘေးတစ်လျှောက်တွင် စိုက်ထားသော အလှပန်းပင်များကို စည်းကမ်းမဲ့စွာ ခူးယူချိုးဖျက်သွားကြသည့်သူများ၊ အမှိုက်များကို စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာများ ရှိပါလျက်ကယ်နှင့် ၄င်းနေရာတွင် မပစ်ဘဲ လမ်းမကြီးပေါ်သို့ အလွယ်တကူ ပစ်ချသွားသည့်သူများ စသဖြင့် လမ်းမကြီးပေါ် သွားလာနေကြသူ လူပေါင်းစုံတို့၏ မသိသားဆိုးဝါးလှသော စရိုက်အဖုံဖုံကို ထို လမ်းမကြီးထက်တွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။

တစ်ခါတရံတွင်မူ ကားတိုက်မှုဖြစ်သောအခါ မိမိနှင့် မဆိုင်သော်လည်း ကားရပ်ပြီးတတ်နိုင်သမျှ ကူညီပေးသောသူများ၊ ကားပျက်နေသူများကို လမ်းသွားရင်း ဝင်ကူညီတွန်းပေးသွားသူများ၊ မိမိအစွမ်းရှိသမျှ စေတနာထားကာ ပြင်ပေးသွားသူများ၊ လိုအပ်သည့် အကူအညီ ပေးသွားသူများ၊  ကားပေါ်မှ စွန့်ပစ်သွားသော အမှိုက်သရိုက်များကို လမ်းပေါ်တွင် အပြေးလေ့ကျင့်နေသူတစ်ဦးမှ ကောက်ယူကာ အမှိုက်ပုံးထဲ ထည့်သွားပေးသော မြင်ကွင်းများ၊ လမ်းသွားလမ်းလာ တစ်ဦးဦးမှ ကျကျန်ရစ်ခဲ့သော ပိုက်ဆံအိတ်ကို အခြားကောက်ရသူ တစ်ဦးမှ ရဲစခန်းသို့ သွားအပ်သည့် အဖြစ်အပျက်များ စသည်တို့ကိုလည်း တွေ့ရတတ်ပါသေးသည်။ သို့သော်လည်း ထိုသို့သောလှပသည့် မြင်ကွင်းမျိုးမှာလည်း တွေ့တောင့်တွေ့ခဲ ရှားပါးလှပါသည်။

လူသားတို့နေထိုင်ရာဘဝခရီးကို ဖြတ်သန်းကျင်လည်ရာလောကကြီးတွင် ကောင်းသူနှင့် မကောင်းသူဟူ၍ လူအမျိုးမျိုးရှိသကဲ့သို့ပင် သူမအိမ်ရှေ့မှ လမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေကြသူများတွင်လည်း စိတ်နှလုံး ကောင်းမွန်သည့်သူ၊ ကူညီတတ်သည့်သူများ ရှိသလို ဆိုးသွမ်းရိုင်းစိုင်းသူ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူ၊ စိတ်ဓာတ် အောက်တန်းကျသူများကိုလည်း တွေ့နေမြင်နေရသည်သာ ဖြစ်လေသည်။ အချို့သောသူများသည် မိမိကောင်းဖို့ အဆင်ပြေဖို့အတွက် သူတစ်ပါးကို ထိခိုက်အောင် လုပ်သူများရှိသလိုပင်။ လမ်းမကြီးပေါ်တွင်လည်း မိမိလမ်းကြောင်းအတိုင်း သွားနေသူများကိုကားဖြင့် ဝင်တိုက်ကာ တာဝန်မယူဘဲ ထွက်ပြေးသူများ၊ အေးအေးလူလူသွားနေသူများထံမှ ပိုက်ဆံအိတ် လုပြေးသူများ စသဖြင့် ရှိသည်တို့မှာလည်း လူ့လောကကြီးထဲမှ စိတ်ဓာတ်နိမ့်ပါးသူ စုန်းပြူးတစ်ချို့၏ စရိုက်များ ဖြစ်လေသည်။ ထိုသို့သော အဖြစ်အပျက်များစွာ မြင်တွေ့ရသည့် လမ်းမကြီးသည် လူ့လောကရှိ လူတို့၏ စိတ်နေစိတ်ထား၊ အကျင့်စရိုက်များကို ဖော်ပြနေသောဇာတ်ခုံတစ်ခု ပမာလည်း ဖြစ်လေသည်။

မည်သို့ပင် ဖြစ်စေကာမူလမ်းမကြီးကတော့ လူဖြူ၊ လူမည်း၊ ယောက်ျား၊ မိန်းမ၊ ကလေးအပါအဝင် လူမျိုးဘာသာ မခွဲခြားဘဲ ကောင်းသူကိုရော ဆိုးသူများကိုပါ မည်သူ့ကိုမှ ခွဲခြားမှုမရှိ။ သူ့အပေါ်မှ နေ့တဓူဝ ဖြတ်သန်းသွားလာခွင့် ပေးမြဲပေးလျက်ပင် ဖြစ်သည်။ ဆိုးသွမ်းသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးတွင် စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်း ရှိပုံမရဟု သူမတွေးမိသည်။ တခါ လူကောင်း၊ သူကောင်း စိတ်ကောင်းရှိသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးများ ဂုဏ်ယူပြီး အပျော်လွန်နေလေမလား လို့လည်း သူမတွေးမိပါသေးသည်။ လမ်းမကြီးကား တည်တည်ငြိမ်ငြိမ်နှင့်ပင် ထိုသို့ မဟုတ်တန်ရာဟု ပြောနေသယောင် ရှိနေပြန်ပါသည်။ လမ်းမကြီးကား ကောင်းခြင်းဆိုးခြင်း၊ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း တည်းဟူသော လောကဓံတို့ကို ကောင်းမွန် ကျနစွာသဘောပေါက် နားလည် ထားသည့် ပမာ ရှိနေသည်ဟုလည်း သူမ တွေးထင်မိပြန်ပါသည်။

တဖြည်းဖြည်းနှင့် လမ်းမကြီးကို လမ်းမကြီးတစ်ခုအဖြစ် သူမ မမြင်မိတော့။ လမ်းမကြီးကို လောကကြီးအား ကောင်းကောင်း ဖြတ်သန်းနားလည် သဘောပေါက်ခဲ့ပြီးသူ၊ အလွန်အင်မတန်မှ ရင့်ကျက်တည်ငြိမ်သည့် အသွင်သဏ္ဍာန်ရှိသော သက်ရှိထင်ရှားလူကြီးတစ်ဦး (သို့မဟုတ်) သူကိုယ်တိုင် လောကကြီးအဖြစ် သူမစိတ်တွင် တဖြည်းဖြည်း ထင်မြင်လာမိသည်။ အဖြစ်အပျက် တစ်ခုကို သူမ မြင်တိုင်းမြင်တိုင်း သက်ရှိထင်ရှား လူတစ်ဦးဦးနှင့် တူသော လမ်းမကြီးက ထိုအဖြစ်အပျက်ကို သူမအားကိုယ်တိုင် ပြောပြနေသည်ဟုလည်း ခံစားမိလာလေသည်။ နောက်ပိုင်းအချိန်တွေမှာ လမ်းမကြီးနှင့် နေ့တိုင်း သူမ စကားပြောဖြစ်သည်။ တစ်ခါတစ်ရံ သူမကသွားစူးစမ်းလို့ ဖြစ်စေ၊ တစ်ခါတစ်ရံ အသံတစ်သံသံနှင့် လမ်းမကြီး လှမ်းအချက်ပေး၍ ဖြစ်စေ သူမတို့ အကြောင်းအရာများစွာကို အကြိမ်များစွာ ပြောဖြစ်ခဲ့ကြ လေသည်။  လမ်းမကြီးကို နေ့စဉ်ငေးကြည့်မိရင်း၊ လမ်းမကြီးနှင့် နေ့စဉ် အသံတိတ် စကားတွေ ပြောမိရင်းက လမ်းမကြီးနှင့် အကျွမ်းတဝင် ဖြစ်လာရင်း လမ်းမကြီးဆီမှ အလွန် အဖိုးတန်သော သင်ခန်းစာကို သူမရရှိခဲ့ပါသည်။

ထိုအရာကတော့ လူတိုင်းလူတိုင်းအနေဖြင့် ဘဝလမ်းခရီးကို သွားကြရာတွင် ဖြစ်စေ၊ ခရီးတစ်ခုခုကို သွားရာလမ်းတွင် ဖြစ်စေလူဆိုး၊ လူမိုက်များ၊ မကောင်းသူ၊ မသိသားဆိုးဝါးသူများနှင့် မည်သူမျှ ကြုံချင်ကြမည် မဟုတ်သည်မှာ အားလုံး၏ဆန္ဒဖြစ်ကြမည်မှာ သေချာပါသည်။ သို့သော်လည်း အဆိုပါခရီးတစ်ခု လမ်းခရီးပင်ဖြစ်စေ၊ ဘဝလမ်းခရီးတွင် ဖြစ်စေ၊ မိမိမကြုံချင်သော်လည်း မတော်တဆ ဖြစ်ဖြစ်၊ ရှေးအတိတ်ကံကြောင့် ဖြစ်ဖြစ် လူဆိုးလူမိုက် လူမလိမ္မာများနှင့် ကြုံရဆုံရတတ်သည်မှာလည်း ဓမ္မတာတစ်ခုပင် ဖြစ်ပါသည်။ သို့အတွက် ဘဝခရီး၊ သံသရာခရီးသွားများ ဖြစ်ကြသော သူမတို့ လူသားများ အနေဖြင့်လည်း မည်သည့် အခြေအနေတွင် မဆိုကြုံတွေ့ရသော အရာအားလုံးကို သတိကြီးကြီး၊ ဥာဏ်ကြီးကြီးဖြင့် ရှုမြင် သုံးသပ်၍ ဆိုးသွမ်းသူ၊ ရိုင်းစိုင်းနိမ့်ပါးသူများနှင့် ကြုံရဆုံရသော အခါများတွင် မိမိတို့ နေ့တဓူဝ သွားလာနေကြသော လမ်းမကြီးပမာ မတုန်မလှုပ် တည်ကြည်ခိုင်ခံ့ပြီး မှန်မှန်ကန်ကန် တုံ့ပြန်မှု ပြုလုပ်ရန် လိုသကဲ့သို့ လူကောင်း၊ သူကောင်း၊ သူတော်ကောင်းများ အတ္တဟိတ၊ ပရဟိတ မျှတအောင် ကြည့်ရှု ဆောင်ရွက်တတ်သူများနှင့် ကြုံကြိုက်သည့် အခါတွင်လည်း ထိုသူများကို တတ်နိုင်သမျှ တန်ဖိုးထားလေးစားပြီး မိမိတို့ ကိုယ်ကိုလည်း ရုပ်ပိုင်းဆိုင်ရာတွင်သာမက၊ စိတ်ပိုင်းဆိုင်ရာများတွင်ပါ ကောင်းသထက်ကောင်းသော၊ အဆင့်မြင့်သည်ထက် ပိုမြင့်မားသော သူများ ဖြစ်အောင် ကြိုးစား အားထုတ်သင့်ကြကြောင်း စသည့် အချက်များသည် လမ်းမကြီးက သူမကို ပြောပြေနေသော အဖိုးတန် သင်ခန်းစာများ ဖြစ်လေတော့သည်။


 


14 Responses to “လမ်းမကြီးပေါ်က သင်ခန်းစာများ ”

စိတ်နှလုံး ကောင်းမွန်သည့်သူ၊ ကူညီတတ်သည့်သူများ ရှိသလို ဆိုးသွမ်းရိုင်းစိုင်းသူ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူ၊ စိတ်ဓာတ် အောက်တန်းကျသူများကိုလည်း တွေ့နေမြင်နေရသည်သာ ဖြစ်လေသည်။ အချို့သောသူများသည် မိမိကောင်းဖို့ အဆင်ပြေဖို့အတွက် သူတစ်ပါးကို ထိခိုက်အောင် လုပ်သူများဖြင့်လမ်းမကြီးပေါ်မှသင်ခန်းစာများမှတ်သားသွားပါတယ်

Nyi Linn Thit said...

အခုလို လမ်းမကြီးတစ်ခုကို အပေါ်စီးကနေ မြင်နေရသူ တစ်ယောက်အဖို့တော့ ငေးစရာ၊ တွေးစရာ၊ ရေးစရာ၊ သင်ခန်းစာ ယူစရာတွေ မကုန်နိုင် မခန်းနိုင် ရှိနေမှာ သေချာပါတယ်၊ လမ်းကလည်း သစ်ပင်တန်းတွေနဲ့ လှတယ်ဗျ..၊ ကြည့်ကောင်းကောင်းနဲ့ ကြည့်လိုက်တာ လည်ပင်းက ဘယ်ဖက်ကို နည်းနည်းတောင် စောင်းသွားတယ်...။း))

ဟုတ်တယ်ချောရေ
လမ်းမကြီးကိုများ ထိုင်ကြည့်မိရင် ရေးစရာတွေတွေးစရာတွေ
အများကြီးရတာတော့ သေချာတယ် ချောပြေခဲ့သလိုလေးပေါ့
စလင်းဘက် အိတ်ကလေးတွေလုတဲ့အဖွဲ့ဂျက်တို့နားမှာလဲ
ရှိတယ် ဂျက်သူငယ်ချင်းတွေ ၃-၄ယောက်ခံလိုက်ရပြီးပြီ
အခုဂျက်ဆိုရင် လွယ်တဲ့အိပ်ကိုပဲ စလွယ်သိုင်းတယ်
ချိုင်းညှပ်အိပ်လုံးဝမသုံးတော့ဘူး ကြောက်လို့

ချစ်တဲ့ sis jasmine

လမ်းမကြီးကို သေချာကြည့်သွားပါတယ်။တော်တော်များများလဲ ဗဟုသုတရစေပါတယ်

အဲ့ဒီလမ်းမကြီးပေါ်မှာ ကျွန်တော်တို့က ဘယ်လိုလူတွေလဲလို့ ကိုယ့်ကိုယ်ကိုတွေးနေမိတယ်.။

လမ်းမကြီးနဲ့ လူတို့ရဲ့စရိုက်အဖုံဖုံ၊ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် နှိုင်းယှဉ်တင်ပြသွားတာ သဘောကျမိတယ်။ ညီလင်းသစ်ပြောသလိုပဲ ပုံလေးက လှလွန်းလို့ ကြည့်ရင်းနဲ့ လည်ပင်းတောင် ၉၀ ဒီဂရီလောက်စောင်းသွားတယ်။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

mstint said...

လမ်းမကြီးပေါ်ကသင်ခန်းစာတွေ အများကြီးရသွားတယ် ချောရေ။
အမှုမဲ့အမှတ်မဲ့ မနေပဲ ယူတတ်ရင် သင်ခန်းစာ ရပါလားရယ်လို့လည်း တွေးနေမိတယ်။
သစ်ပင်တွေစိမ်းစိုနေတာ မြင်ရတာ စိတ်ကြည်နူးစရာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

PhyoPhyo said...

လမ်းမကြီးကို ကြည့်ပြီး ရလာတဲ့တွေးပုံမြင်ပုံ သဘောကျမိတယ် မချောရေ
စကားမစပ်
နေကောင်းပါရဲ့လား .. အမြဲသတိရပါတယ်
ချစ်တဲ့
pp

Thameesan said...

လမ်းမကြီးရဲ့ဘေးကနေ
စာရေးသူရဲ့စေတနာကိုအလေးပြုသွားရပါတယ်။
ခေါင်းတော့နည်းနည်းစောင်းသွားတယ်အစ်မး)

အချိန်နှင့်အမျှပျော်ရွှင်ချမ်းမြေ့ပါစေရှင်..
ချစ်ခင်လျှက်

dawlay maykhin said...

နေ့တဓူဝ သွားလာနေကြသော လမ်းမကြီးပမာ မတုန်မလှုပ် တည်ကြည်ခိုင်ခံ့ပြီး မှန်မှန်ကန်ကန် တုံ့ပြန်မှု ပြုလုပ်ရန် လိုသကဲ့သို့ လူကောင်း၊ သူကောင်း၊ သူတော်ကောင်းများ အတ္တဟိတ၊ ပရဟိတ မျှတအောင် ကြည့်ရှု ဆောင်ရွက်တတ်သူများနှင့် ကြုံကြိုက်သည့် အခါတွင်လည်း ထိုသူများကို တတ်နိုင်သမျှ တန်ဖိုးထားလေးစားပြီး မိမိတို့ ကိုယ်ကိုလည်း ရုပ်ပိုင်းဆိုင်ရာတွင်သာမက၊ စိတ်ပိုင်းဆိုင်ရာများတွင်ပါ ကောင်းသထက်ကောင်းသော၊ အဆင့်မြင့်သည်ထက် ပိုမြင့်မားသော သူများ ဖြစ်အောင် ကြိုးစား အားထုတ်သင့်ကြကြောင်း စသည့် အချက်များသည် လမ်းမကြီးက သူမကို ပြောပြေနေသော အဖိုးတန် သင်ခန်းစာများ ဖြစ်လေတော့သည်။
လမ်းမပေါ်မှရသောသင်ခန်းစာလေးများဖတ်ရှုသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

မချောရေ.....

လမ်းမကြီးကို (အပေါ်ကမောင်နှမတွေပြောသွားသလို)လည်ပင်းလေးစောင်းပြီး ငေးကြည့်ရင်း သင်ခန်းစာတချို့ကို မှတ်သားသွားပါတယ်။
(လမ်းမကြီးက ကောင်းလိုက်တာ။ အနော်တို့ ရွှေပြည်ကြီးမှာရှိတဲ့ တချို့လမ်းတွေနဲ့များ ကွာပါ့.....း))

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

Iora said...

ရင့်ကျက်တဲ့လမ်းမကြီးကို
စောင်းပြီးကြည့်သွားတယ်နော်။း)
အိုင်အိုရာ

လူသားတွေ နိစ္စဓူဝဖြတ်သန်းနေကြရတဲ့ ဘ၀ခရီးလမ်းမများ၊ ဆင်ခြင်သတိနဲ့ အကောင်းအဆိုးတွေကို လက်ခံရှောင်ကွင်းနိုင်ဖို့ လိုတယ်ဆိုတာ ဒီအက်ဆေးလေးက ပြောပြနေတယ်။
အက်ဆေးကောင်းလေးတစ်ပုဒ်ပါ ချောရေ..

san htun said...

လမ်းမကြီးက ရသစုံပေးတယ်..