ပုဇွန်ထောပတ် ထမင်းကြော်

ဒီရက်ပိုင်း အပြောင်းအလဲများစွာနဲ့ သတင်းကောင်းတွေအတွက် လူတိုင်း ပျော်ရွှင်နေကြမယ် ထင်ပါတယ်နော်။ အဲဒီလို ပျော်စရာကောင်းတဲ့ နေ့ရက်နဲ့ သတင်းကောင်းများကို လှိုက်လှဲစွာကြိုဆိုရင်း ထမင်းအတူတူ စားကြပါစို့နော်။ ဒီနေ့စားမဲ့ထမင်းက ပုဇွန်ထောပတ် ထမင်းကြော်ပါ။ ထူးထူးခြားခြား မဟုတ်ပေမဲ့ ထမင်းကို ထောပတ်နံ့လေး မွှေးအောင် ကြော်ထားတာဘဲ ဖြစ်ပါတယ်။ 

ထမင်းကြော်ဖို့အတွက် ပထမဦးစွာ ပုဇွန်များကို အခွံချွတ်၊ ကျောက ချေးကြောင်း ဖယ်ပစ်ပြီး ရေစင်စင်ဆေး ကာ ဟင်းချက်ဝိုင်၊ ဆား၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တထားလိုက်ပါတယ်


Image Hosted by PicturePush - Photo Sharing
 ပုဇွန်



ထို့နောက် ထမင်းကြော်ထဲ ထည့်ရန် ဥနီ၊ အာလူး၊ ဂေါ်ရခါးသီး၊ ရွှေပဲလုံး၊ သီဟိုဠိစေ့တို့ကို ပြင်ဆင်ထားပါတယ်။ (မိမိတွင်ရှိသော အသီးအရွက်ကို စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်) 
သီဟိုဠ်စေ့ကိုတော့ မီးအေးအေးဖြင့် ခတ္တကြော်ထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
မိမိထည့်လိုတဲ့ ဝက်သား၊ (သို့) ကြက်သားကို အတုံး အနေတော်လှီးထားပါတယ်။ ပြီးနောက် ဆား၊ အရသာမှုန့်များနဲ့ နယ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing
ထမင်းကို မကြော်ခင်မှာ ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့်၊ ချောက်ကော၊ ပါးကောအမှုန့်တို့ဖြင့် နယ်ထားပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် ဆီကို ထောပတ်ဖြင့် ရောကာ ပုဇွန်များကို ကြော်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ထောပတ်နံ့မွှေးနေတဲ့ ပုဇွန်ကြော်


Image Hosted by PicturePush - Photo Sharing
အစောက ပြင်ဆင်ထားတဲ့ အသီး အနံများကို ဆား၊ အရသာမှုန့်ထည့် ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အသီးများ အနေတော် ဖြစ်ချိန်မှာ ခူးထားပါပြီ

Image Hosted by PicturePush - Photo Sharing
ထို့နောက် ဆီကိုပူအောင်တည်ပြီး ထောပတ်များကို ထည့်ပါတယ်။ ဝက်သား (သို့) ကြက်သားကို ထည့်ကြော်ပြီး အသားကျက်ပါက ထမင်းများကို ရောမွှေပြီး ကြော်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ကျက်ပြီး အသီးအနှံများထည့်ပါတယ်။ ဆား၊ အရသာ အပေါ့အငံမြည်းပြီး လိုအပ်တာ ထပ်ထည့်ပါ။ အစောက ကြော်ထားတဲ့ ပုဇွန်များကိုပါ ရောထည့်နိုင်ပါတယ်. သို့ပေမဲ့ ကျွန်မကတော့ ပုဇွန်ကို အပေါ်ကနေသာ ထင်သာမြင်သာရှိအောင် ထည့်ပါတယ်။ မဟုတ်ရင် ပုဇွန်ပျောက်နေတယ် ထင်မှာစိုးလို့ပါ :)

Image Hosted by PicturePush - Photo Sharing
ထမင်းကြော် ရပြီဆိုလျှင် အပေါ်မှ ပုဇွန်နဲ့ သီဟိုဠ်စေ့များ ထည့်လိုက်ပါတယ်. ဒါဆိုရင် ထောပတ်အနံ့မွှေးမွှေးလေးနဲ့ စားချင်စဖွယ် ပုဇွန်ထောပတ် ထမင်းကြော်ကို ရပြီဖြစ်ပါတယ်. 


မလောက်ရင် နောက်တစ်ပွဲစားပါနော်။


သူချည်းဘဲ စားဖို့ဆိုရင် အချဉ်မပါတဲ့အတွက် အီတယ်လို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်အချဉ်လေးတစ်ပွဲ စီစဉ်ပါဦးမယ်။  အချဉ်အသုပ်အတွက်တော့ အော်ဆွန်းလို့ခေါ်တဲ့ ဆလပ်ရိုးကို သုပ်ပါမယ်ရှင်။ ဆလပ်ရိုးကို အင်္ဂလိပ်လို သိချင်သူများအတွက်  celtuce သို့မဟုတ် asparagus lettuce လို့ ခေါ်ပါတယ်နော်။ 


Image Hosted by PicturePush - Photo Sharing


ဒါကတော့ ဆလပ်ရိုးခေါ် အော်ဆွန်းခေါ် မှိုဆွန်းခေါ်  asparagus lettuce ဖြစ်ပါတယ်။ မသုပ်ခင် ဓာတ်ပုံ မရိုက်ထားဖြစ်လိုက်လို့ ဒီပုံကိုတော့ Google က ရှာထားတာပါ။


Image Hosted by PicturePush - Photo Sharing
ဆလပ်ရိုးနဲ့ ဥနီကို သေးသေးရှည်ရှည် ခြစ်ပြီး ရေအေးထဲမှာစိမ်းထားပါတယ်. အဲလိုစိမ်ထားရင် သုပ်တဲ့အခါ ကျွတ်ကျွတ်လေးနဲ့ စားလို့ပိုကောင်းပါတယ်။ 


Image Hosted by PicturePush - Photo Sharing
အော်ဆွန်း၊ ကြာဇံ၊ ဥနီ၊ ကြွက်နားရွက်မှို တို့ကို ရောပြီးသုပ်ထားတဲ့ အချဉ်သုပ် ရပါပြီ။
ဒါကတော့ စားပွဲပေါ်မှာ အလှချတဲ့ ပုံစံပါ။ စားခါနီးမှ မွှေပြီးစားရုံပါဘဲ။ သုပ်နည်းကတော့

ကြာဇံပြုတ်ပြီးသားကို ၊ ရေစိမ်ထားတဲ့ အော်ဆွန်းနဲ့ ဥနီတို့နဲ့ ကြွက်နားရွက်မှိုတို့ကို ရေစစ်ပြီးနောက် ၄င်းတို့ကို  ရောပြီး ပန်းကန်ပြားတစ်ခုပေါ် ပြင်ဆင်ထားပါတယ်။ ခရမ်းချဉ်သီး ၃လုံးလောက်ကို ရေနွေး ဆူဆူမှာ ပြုတ်ပါတယ်။ ထို့နောက် ကြိတ်စက် နဲ့ဖြစ်စေ၊ တောက်တောက်စင်း ၍ ဖြစ်စေ၊ ကြေအောင် ပြု လုပ်ပါတယ်။ ထို့နောက် ခရမ်းချဉ်သီးများကို ပန်းကန်တစ်လုံးတွင်ထည့်ကာ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဆား၊ အရသာမှုန့်၊ နှမ်းတို့နဲ့ အချဉ်အတွက် ရှာလကာရည် (သို့မဟုတ်) ရှာလကာရည် မရှိပါက သံပုရည် ညှစ်ထည့်ပြီး ရောမွှေ လိုက်ပါတယ်။ ရလာတဲ့ ခရမ်းချဉ်သီးကို ကြာဇံ၊ အော်ဆွန်း ဥနီတို့ရဲ့ ပန်းကန်အပေါ် အသာလေးလောင်းချ လိုက်ရုံပါဘဲ။ ဒါဆိုရင် အချဉ်သုပ်တစ်ခွက် ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
အချဉ်သုပ်နဲ့ ထမင်းကြော်ကို တွဲဖက် စားနိုင်ပါပြီနော်။

မချောတစ်ယောက်တည်း ထမင်းကြော်တွေ အများကြီးနဲ့ အစားကြီးလှချည့်လို့ မထင်ပါနဲ့နော်။ အဲဒီ ထမင်းကြော်တဲ့နေ့က သူငယ်ချင်းတွေ ကိုပါ ခေါ်ကျွေးတာပါနော်။ မယုံရင် သူတို့ကို မေးကြည့်ပါ :)  :)


အားလုံးဘဲ ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ မဝေးလှတော့တဲ့ လှပပျော်ရွှင်ဖွယ် နေ့ရက်များကို ကြိုဆိုရင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေလို့နော်။



Image Hosted by PicturePush - Photo Sharing