ဒီတစ်ပတ်အတွက် အစားအသောက် ကဏ္ဍမှာ ဖော်ပြချင်တဲ့ ဟင်းလျာကတော့ ကြက်ဟင်းခါးသီး ကြိုက်သူများ အတွက် ဟင်းတစ်ခွက်နဲ့ အာလူးသုပ်တို့ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးကို အခါးဓာတ် လျော့ပြီး အဆိမ့်အရသာ ဖြစ်အောင် ကြော်တဲ့နည်းကို ဖော်ပြပါမယ်ရှင်။
ကြက်ဟင်းခါးသီးအလုံးအကြီးကို မိမိ စားမည့် လူဦးရေအလိုက် တစ်လုံး (သို့) နှစ်လုံးကို ကြက်ဥ၃လုံး ခန့်နဲ့ ပြင်ဆင်ပါတယ်
ကြက်ဟင်းခါးသီးကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါးနဲ့ အနေတော်လှီးပါတယ်။ သို့သော် ကြက်ဟင်းခါးသီး ထူထဲပြီး အတုံးကြီးကြီး မဖြစ်အောင် သတိထားပြီး လှီးရပါတယ်။
ကြက်ဥကို ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ထည့်ထားပြီး ဇွန်းဖြင့် ခေါက်ထားပါမယ် ။
ကြက်ဟင်းခါးသီးကို ရေနွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ဆားထည့်ကာ ပြုတ်ပါတယ်။ ကြက်ဟင်းခါးသီး များ ပျော့ပြဲမသွားအောင် သတိထားပြီး ခဏတာ ပြုတ်ဖို့လိုပါတယ်
ပြုတ်ပြီး ကြက်ဟင်းခါးသီးကို ရေအေးတွင် ခေတ္တစိမ်ကာ အေးသွာလျှင် ပန်းကန်တစ်ခုထဲ ထည့်ထားလိုက် ပါတယ်။ ငရုပ်ပွ အနီကိုလည်း ကြက်ဟင်းခါးသီး အရွယ်လောက် လှီးဖြတ်ထားပါတယ်။
ထို့နောက် ၄င်း ကြက်ဟင်းခါးသီး၊ ငရုပ်သီးတို့ကို ကြက်ဥဖြင့်ရောမွှေလိုက်ပါတယ်။
ဆား၊ အရသာ အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပြီး လိုအပ်တာ ထပ်ထည့်ပါ။
ထို့နောက် ကြက်ဥ ၊ ကြက်ဟင်းခါးသီးတို့ကို ဆီပူဖြင့် အပြားလိုက် ခပ်ထူထူ ရအောင် ကြော်ပါတယ်။
နှစ်ဖက်လုံး ညီညီမျှမျှ ကျက်အောင် ကြော်ပါတယ်။
ရလာတဲ့ ကြက်ဥ အချပ်လိုက်ကို ကျောက်ကျောလှီးသလို အစောင်းကလေးများ လှီးပြီး ပန်းကန်ပြားထဲ ထည့်လိုက်ရင် ဧည့်သည်ကို ဧည့်ခံဖို့ လှပတဲ့ ဟင်းတစ်ခွက် ရပါပြီ။
အာလူးသုပ်
နောက်ထပ်ဖော်ပြချင်တာက အာလူးသုပ်ဖြစ်ပါတယ်။
အာလူးကို ပါးပါးရှည်ရှည်သွယ်သွယ်ဖြစ်အောင် လှီးပါတယ်
ရလာတဲ့ အာလူးချောင်းများကို ရေနွေးဆူဆူမှာ ခဏပြုတ်ပါတယ်။ အချိန်အကြာကြီးပြုတ်ရန် မလိုပါ အာလူးများ မပျော့ခင် ၃မိနစ်ခန့် ပြုတ်ရင် လုံလောက်ပါပြီ။
ပြုတ်ပြီးအာလူးကို ရေအေးတွင်ဆေးပြီး ပန်းကန်တစ်ခုတွင် ထည့်ထားပါ။
ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ နံနံ၊ မြေပဲဆန်၊
နှမ်းဆီ (သို့) ဆီကျက်၊ ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက် ၊ သံပုရာသီး စသည်တို့ထည့်ပြီး နှံ့အောင် နယ်လိုက်ပါတယ်။
ဒါဆိုရင် အာလူးသုပ်ရပါပြီ။
ရန်ကုန် ဆူးလေဘုရားနားက ဒေါ်ရိတ်ကြီးရဲ့ အာလူးသုပ်ကို လွမ်းနေသူများ ဒီနည်းနဲ့ လုပ်စားနိုင်ပါပြီနော်။
အားလုံးအတွက် ပျော်ရွှင်သော တင်္နနွေနေ့ ဖြစ်ကြပါစေရှင်။