ဂေါ်သဇင်ပန်း ပန်လိုသူ
ကျွန်မတို့ အလယ်တန်း အထက်တန်းကျောင်းနေစဉ် အချိန်တွေမှာ အတန်းတိုင်းမှာ သင်ခဲ့ရတဲ့ မြန်မာ ကဗျာလေးတွေဟာ အလွန် ချစ်စရာ ကောင်းပါတယ်။ မြန်မာမှု မြန်မာဓလေ့ ၊ မြန်မာဆန်ဆန်နဲ့ ကျေးလက်နံ့လေးတွေ သင်းနေတဲ့ ကဗျာလေးတွေမို့ ဖတ်လို့လည်းကောင်း၊ ချစ်ဖို့လည်း ကောင်းလှပါတယ်။ ကျွန်မဟာ ကဗျာလေးတွေကို ဖတ်ရတာ နှစ်သက်သူတစ်ယောက်ပါ။ ကျောင်းမှာသင်ရတဲ့ ကဗျာလေးတွေဆိုရင် အလွတ်ရအောင်ကို ကျက်ပါတယ်။ အဲဒီလို ကဗျာတွေကို အလွတ်ကျက်တဲ့အကျိုးဆက်ကလည်း စာမေးပွဲမှာ ကဗျာတွေကို စကားပြေ ပြန်တဲ့အခါမျိုးမှာ ကျက်ထားတဲ့ စကားပြေ မေ့သွားခဲ့ရင်တောင် ကဗျာကို အလွတ်ရတာမို့ ပြန်စဉ်းဖို့အတွက်၊ ဒါမှ မဟုတ် ဆရာ ရေးပေးတာကို အလွတ် ကျက်တာမျိုးမဟုတ်ဘဲ မိမိ စကားလုံးတွေနဲ့ စကားပြေဖြစ်အောင် ရေးဖို့အတွက် တော်တော်ကို အထောက်အကူ ဖြစ်စေပါတယ်။ ကျောင်းသင် ကဗျာတွေထဲမှာ ကိုယ်အပြင်မှာ မသိမမြင်ဖူးတဲ့ အရာတစ်ချို့တွေကို ပထမဦးဆုံး နာမည်ကို စပြီးရင်းနှီးစေခဲ့ပါတယ်။
ဥပမာအားဖြင့် ပြောရရင် ဝန်ကြီးပဒေသရာဇာ ရေးတဲ့ ထန်းတက်သမား ကဗျာထဲမှာပါတဲ့ ရင်းထောင်၊ ရင်းဆွဲတို့  ကလိုင် တို့ဆိုတာတွေဟာ နာမည်ကိုပထမဦးဆုံး ကြားဖူးခြင်းဖြစ်ပြီး ထန်းပင်ရှားပါတဲ့ ကချင်ပြည်နယ်လို ကျွန်မရဲ့ ဇာတိမြေမှာ တွေ့ရဖို့ ခဲယဉ်းလှပါတယ်။ အဲဒီကဗျာထဲမှာဘဲ နှီးဒေါင်းလန်းဆိုတာနဲ့လည်း စပြီး ရင်းနှီးမိပါတော့တယ်။ နှီးဒေါင်းလန်းကိုတော့ စာအုပ်တစ်ချို့မှာ ဖော်ပြထားတာကြောင့် အပြင်မှာ မမြင်ဖူးပေမဲ့ ပုံကလေးကိုတော့ မြင်ဖူးခဲ့ရပါတယ်။ အလားတူ ကိုးတန်းမှာ သင်ရတဲ့ စိတ်နေမြင့်သူဆိုတဲ့ ကဗျာမှာ ကျွန်မအတွက် မှတ်မှတ်ရရ ဖြစ်စေတဲ့ ပန်းတစ်မျိုးရဲ့ အမည်ကို စတင် ရင်းနှီးရပြန်ပါတယ်။ အဲဒီ ပန်းနာမည်က ဂေါ်သဇင်ပန်းပါ။ ဂေါ်သဇင်ပန်းအကြောင်း ကဗျာထဲမှာ ဘယ်လိုပါသလဲဆိုတာ မှတ်မိသူများလည်း မှတ်မိကြမှာပါနော်။ မမှတ်မိသူတွေအတွက် တစ်ဖန် မှတ်မိအောင် အစ ပြန်ဖော်ပြချင်ပါတယ်။
စိတ်နေမြင့်သူ
********** 
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ ရေ
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။
လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်
ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။
ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။
အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။
အိုင်ချင်း (အမည်မသိ ရှေးစာဆို)
ကဗျာထဲမှာ ပါတဲ့ အတိုင်းဆိုရင် ရှေးယခင်ခေတ်က ဂေါ်သဇင်ပန်းဟာ ပန်းတကာတို့ရဲ့ သခင်အဖြစ် သတ်မှတ်ပုံ ရပါတယ်။ ကဗျာ သုံးပိုဒ်လုံးအကြောင်းကို မပြောပြတော့ပေမဲ့ ပထမဦးဆုံး အပိုဒ်ထဲမှာဆိုရင် ကဗျာထဲက မိန်းခလေးဟာ “ ပန်းပန်မယ် ဆိုရင်တောင် တစ်ခြားပန်းတွေကို မပန်ချင်ပါဘူး။ ပန်းတကာတို့မှာ အမြတ်ဆုံးလို့ သတ်မှတ်တဲ့ ဂေါ်သဇင်ပန်းကိုသာ ပန်လိုတယ်” လို့ ပြောထားပါတယ်။ တကယ်တမ်းတော့ ကျွန်မဟာ ဂေါ်သဇင်ပန်းဆိုတာကို အဲဒီမတိုင်ခင်က တစ်ခါမှကို မမြင်ဖူးပါဘူး။ အဲဒီတော့ ကဗျာထဲမှာ ဖော်ပြထားတဲ့ မိန်းခလေး ပန်ချင်တဲ့ ဂေါ်သဇင်ပန်းဆိုတာ ဘယ်လိုပန်းမျိုးလဲဆိုတာ တော်တော်လေး စိတ်ဝင်စားမိပါတယ်။
နောက်တော့ တစ်ခုသော မိုးရာသီမှာ မမျှော်လင့်ဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှေ့ ခြံစည်းရိုးမှာ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ပန်းကလေးတွေဟာ အရွက်စိမ်းရင့်ရောင်နဲ့အတူ ဆင်စွယ်ရောင်လေးတွေနဲ့ ပွင့်နေတာကို တွေ့မိပါတယ်။ အဲဒီ ပန်းကလေးတွေက သဇင်ပန်းနဲ့ ခပ်ဆင်ဆင် တူတာကိုတွေ့ရတာမို့ အိမ်ရှင် သူငယ်ချင်းကို မေးမိတော့မှ သူငယ်ချင်းကလည်း သူလည်း မသိတာကြောင့် သူ့အိမ်က လူကြီးတွေကို မေးကြည့်တော့မှ ကျွန်မသင်ခဲ့ရတဲ့ ကဗျာထဲက ဂေါ်သဇင်ပန်းလေး ဖြစ်နေတာကို သိရတော့ ကျွန်မမှာ ဝမ်းသာစိတ် ဖြစ်မိရပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ်မမြင်ဖူးပေမဲ့ ကဗျာထဲမှာတောင် ဖွဲ့ဆိုရလောက်အောင် လှပတဲ့ ပန်းတကာတို့ရဲ့ ဘုရင် ဆိုတဲ့ ပန်းကလေးကို စိတ်ဝင်စားမိတာကြောင့်ပါ။
Image Hosted by PicturePush - Photo Sharing
အဲဒီမှာ ကျွန်မမြင်ခဲ့ရဖူးတဲ့ ဂေါ်သဇင်ပန်းတွေဟာ ရိုးတံသေးသေး သွယ်သွယ်နဲ့ အရွက်ထူထူ၊ အပွင့်က သဇင်ပန်းနဲ့ ဆင်တူကာ ရိုးတံသွယ်သွယ်လေးပေါ်မှာ အပွင့်သေးသေးလေးတွေ စီရီပြီး ပွင့်တာဖြစ်ပါတယ်။ မိုးရာသီမှသာ ပွင့်တတ်ပြီး နွယ်ပင်အမျိုးအစား ဖြစ်တာကြောင့် ခြံစည်းရိုးတွေမှာ ခွေလိမ်ပြီး ရစ်ပတ် နွယ်တက် နေတတ်ပါတယ်။ ရေကြိုက်ပုံရပြီး စိုစွတ်တဲ့ မြေမျိုးမှာ စိုက်တာကို တွေ့ရပါတယ်။ ပန်းပွင့်မှာ အနံ့ကတော့ သင်းသင်းလေးဘဲလို့ စိတ်ထဲမှာ မှတ်မိပါတယ်။ ဘယ်လိုပင်ဖြစ်စေ ကျွန်မကတော့ ကဗျာထဲက ပန်းကလေးမို့ စိတ်ထဲ ရင်းရင်းနှီးနှီး သတ်မှတ် ခံစားမိပါတယ်။ နှစ်သက်မြတ်နိုးမိပါတယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ ဇာတိ ကချင်ပြည်နယ်ကနေ မန္တလေး၊ ရန်ကုန်တို့မှာ ကျောင်းတက်ဖို့ ထွက်ခွာ လာပြီးတဲ့နောက်မှာတော့ ဂေါ်သဇင်ပန်းကို တစ်ခါမှ ပြန်မတွေ့တော့ပါဘူး။ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဂေါ်သဇင်ပန်းကို တစ်ခါမှ မမြင်ခဲ့ရဖူးပါဘူး။ မရှိတာလား ၊ ရှိပေမဲ့ ကျွန်မ မတွေ့တာ လားတော့ ကျွန်မလည်း အသေအချာ မပြောနိုင်ပါဘူး ..  အဲဒီပန်းကလေးနဲ့ ဝေးသွားခဲ့တာတော့ အတော်ကို ကြာသွားခဲ့ပါတယ်။
မမျှော်လင့်တဲ့ ခရီးတစ်ခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကလေးမှာ ဝေးကွာသွားတာ ကြာပြီဖြစ်တဲ့ ချစ်စဖွယ် ဂေါ်သဇင်ပန်းလေးတွေနဲ့ ပြန်လည် ဆုံဆည်းရပါတော့တယ်။ ကျွန်မမှာ မိတ်ဟောင်း ဆွေဟောင်းတွေ ပြန်လည် ဆုံစည်းမိရသလို ဝမ်းသာအားရ ဖြစ်မိပြီး အဲဒီ ဂေါ်သဇင်ပန်းလေးတွေကို ဓာတ်ပုံ ရိုက်မိပါတယ်။ ဂေါ်သဇင်ပန်းဟာ မိုးရာသီမှသာ ပွင့်တာမို့ တကယ်လို့သာ တစ်ခြားအချိန် ရောက်သွားခဲ့ရင် ပန်းပွင့်တာကို မြင်ခဲ့ရမှာ မဟုတ်ပါဘူး။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင် မိတ်ဟောင်းဆွေဟောင်းနဲ့ ပြန်ဆုံရတာမို့ မိုးရာသီမှာ သွားဖြစ်ခဲ့တဲ့ ခရီးအတွက် ကျေးဇူး တင်မိရ ပါသေးတယ်။ 
Image Hosted by PicturePush - Photo Sharing
ဟောဒီလိုခြံစည်းရိုးမှာ နွယ်တက်ပြီး သွယ်လျလျပွင့်တတ်တဲ့ ဂေါ်သဇင်..
Image Hosted by PicturePush - Photo Sharing
သဇင်ပန်းနဲ့ တူသော်ငြားလည်း သဇင်ပန်းလို အခြားအပင်မှာ ကပ်ပြီးပေါက်တာမျိုးမဟုတ်
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ချစ်စရာ ဂေါ်သဇင်
အပေါ်မှာ မြင်ရတဲ့ အတိုင်းပါဘဲ.. သဇင်ပန်းလေးတွေနဲ့ ပုံစံတူတဲ့ ဂေါ်သဇင်ပန်းလေးတွေပါ။ ပန်းလေးတွေ ကို ကြည့်ပြီး စဉ်းစား မိလာတာက ဒီလို ရိုးရိုးရှင်းရှင်း ခြံစည်းရိုးမှာ ပွင့်တဲ့ ဂေါ်သဇင် ပန်းလေးတွေဟာ ကဗျာထဲမှာ ပါသလို ပန်းတကာတို့ရဲ့ ဘုရင် ဖြစ်နိုင်ပါ့မလား လို့ စိတ်ထဲ ထင်လာမိပါတယ်။  အချို့ အရပ်မှာတော့ ဆောင်တော်ကူးပန်းလေးတွေကို ဂေါ်သဇင်ပန်းလို့ ခေါ်ကြတယ်လို့လည်း ရေးထားတာ ဖတ်ရပါတယ်။ ဆောင်တော်ကူး ပန်းတွေကတော့ ဆောင်းရာသီမှာ ပွင့်ပြီး အနံ့လေး ခပ်သင်းသင်းနဲ့ သင်းထုံတဲ့ ပန်းတစ်မျိုးပါ။  ကျွန်မတို့အရပ်မှာတော့ ဒီဇင်ဘာပန်းလို့ ခေါ်ပါတယ်။ ဂေါ်သဇင်ကတော့ စောစောက ပုံထဲက ပန်းကိုဘဲ ခေါ်ကြပါတယ်။ ဒါကြောင့် ရှေးကဗျာတွေထဲမှာပါတဲ့ ဂေါ်သဇင်ပန်းဟာ ဘယ်လိုပန်းမျိုးကို ရည်ရွယ်တာလဲ ဆိုတာ သိချင်လာတာကြောင့် သေချာ ရှာဖွေကြည့်ပြန်တော့ အခြားကဗျာလေးတွေကို ထပ်မံ တွေ့ရပြန်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဒီပန်းလေးတွေကတော့ ကျွန်မတို့က ဆောင်တော်ကူးလို့ခေါ်တာပါ။ အချို့က ဂေါ်သဇင်လို့ခေါ်တယ်ဆိုပြီး ရေးထားတာ ဖတ်ရပါတယ်။ ပုံကိုတော့ ( ဒီနေရာက ) ယူထားတာပါ။
ဂေါ်သဇင်
*******
ဂနိုင်ပြောကျယ်
တောအလယ်တွင်
တပါးဧကစာ
ကျင့်သုံးခါဖြင့်
ပင်ယံမြင့်မြင့်
တင့်လည်းတင့်ကာ
ဝင့်ဝင့်ထယ်ထယ်
အလှကြွယ်သား
ဆန်းပြားရနံ့
သင်းထုံပျံ့စေ
မြေလည်းမခ
ဂုဏ်မာနနှင့်
ပုညထူးမှ
ဆင်ပါရသည်
မြတ်ပန်းဘုရင် ဂေါ်သဇင်...။
ဖြူနီတင့်ဆန်း
တခန်းထိန်ဝါ
ခရမ်းပြာနှင့်
စုံစုံပွင့်၍
ဖူးငုံရနံ့
ထုံသင်းပျံ့လည်း
မ၀ံ့ရဲစွာ
ယှဉ်ပါရသော်
ပလ္လင်တော်နန်း
စံမြန်းဘုန်းရှင်
ထီမထင်သို့
ပန်းတို့သခင် ဂေါ်သဇင်...။
ဒီကဗျာလေးဟာ ဘယ်သူရေးစပ်ခဲ့တဲ့ ကဗျာလည်းတော့ မသိပါဘူး။ ကျွန်မ လိုက်ရှာရင်းနဲ့ ( ဒီနေရာ လေးကနေ ) ရတာ ဖြစ်ပါတယ်။  ဒီကဗျာဖတ်ပြီး စဉ်းစားမိရပြန်တာက ကဗျာထဲက ဂေါ်သဇင်ပန်းဟာ    သစ်ပင်မြင့်မြင့် ထက်မှာသာ ပေါက်တယ်လို့ ဆိုထားပါတယ်။ ရနံ့လည်း ရှိတယ်။ အရောင်စုံလည်း ရှိတယ်လို့ သိရပါတယ်။ ကျွန်မ ပုံထဲက ဂေါ်သဇင်ပန်းကတော့ မြေပြင်ကနေ နွယ်တက်ပြီး  ဆင်စွယ်ရောင် သာ ပွင့်တဲ့ပန်းပါ။ သစ်ပင်မြင့်မြင့်မှာ ပေါက်နိုင်တာမျိုးမဟုတ်ဘဲ ပင်ခြေလောက်မှာသာ နွယ်တက်ပြီး ပွင့်နိုင်တာမျိုးပါ။ ဒီလိုဆိုရင်  ဆင်စွယ်ရောင် ခြုံပင်အရွယ် ဆောင်တော်ကူးပန်းကို ရေးဖွဲ့တာ မဟုတ်တာလည်း သေချာဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။ 
တော်သန့်စင် (ဂေါ်သဇင်)
*****************
တောတောင်သာမော၊
ဂနိုင်ပြောကျယ်၊
မြင့်ထက်ပင်ယံ၊
တင့်စွာစံ၍၊
ဟေမာန်ကာလ၊
ပျပျနံ့သင်း၊
လှယမင်းကြူ၊
ဖြူဖြူလွှလွှ၊
ခိုင်လုံးကြွသန်း၊
မင်းပန်းစိုးပန်း၊
ထက်တန်းကျကျ၊
စံ၍ခစား၊
များလူတော်ဝင်၊
ဂေါ်သဇင်မျိုး၊
လေတိုးလွင့်လွင့် ပင်မြင့်မြင့်။
အထက်က ကဗျာလေးကိုတော့ (ဒီနေရာမှာ တွေ့ရပြန်ပါတယ်) ရေးသူအမည်မဖော်ပြထားတော့ ဘယ်သူရေးတယ် မသိရပေမဲ့ ကဗျာထဲက ဂေါ်သဇင်ကတော့ သစ်ပင်မြင့်မှာပေါက်ပြီး ဖြူလွလွ တစ်ခိုင်လုံး ကြွနေတဲ့ ဆောင်းရာသီပန်းလို့ သိရပါတယ်။ 
ဂေါ်သဇင် 
*********
ဒွါဒသာ  အတာဝန်းမှာတော့
ဖြာရရာ  မာလာပန်းငယ်တို့
သာယာလန်းဆန်းကြတယ် ။
လတန်ခူးဆီက 
မြဖူးတွေ  စီရရီနှင့်
ပွင့်သိင်္ဂီ  ပန်းတောက်ပန်းပေမင့်
ဒေါင်းလန်းဝယ်  ငွေတစ်မတ်ဟာမို့
ကောင်းကန်းတယ်  ဖေ မမှတ်ပါဘု
ဖိုးပြတ်လွန်းလွယ် ။
နှင်းငွေရည်မှုံ  တမှုန့်ရယ်နှင့်
ညှင်းလေပြည်  သုန် တသုန့်တွင်မှ
ဆုံရဂုံ  မြိုင်အလယ်
ခိုင်သွယ့်နွဲ့  ညွန့်ဖူး ။
မိုးမကူ
ပင်မြင့်မှာ  တစ်ဂုဏ်ထူလို့
သဇင်ဖြူ  နှင်းရည်သောက်ဟာမို့
တော်အ၀င်  ဘုရင်တို့ ကောက်ပေလိမ့်
တစ်ယောက်မောင်  ယောင်လို့မှ မလှမ်းသာဘု
မျှော်မှန်းကာ  မြင်ရုံနှင့် ဆွေးရပါတော့
တော်တန်းစံ  ဇင်ငုံထွေးရယ်
ရဖို့ဆွတ်ခါ  ခူးချင်ရဲ့
ဖေးမလို့  ညွှတ်စွာနူး ။  ။
ဆရာကြီး မင်းသုဝဏ်
ဒီကဗျာကိုတော့ (ဒီနေရာက ရတာပါ ) ။ ဆရာကြီးရဲ့ ကဗျာထဲမှာတော့ မိုးမရွာတဲ့ ဆောင်းရာသီလို ချိန်ခါမှာ ပန်းလေးတွေဟာ သစ်ပင်ထက်ဖျားဆီမှ နှင်းရည်စိုလူးပြီး ဖူးပွင့်ကြတယ်လို့ ဆိုထားပြန်ပါတယ်။ သဇင်ဖြူ နှင်းရည်သောက်ဟာမို့ လို့ပါတဲ့အတွက်လည်း ကဗျာထဲက ဂေါ်သဇင်ဟာ သဇင်ပန်းကိုသာ ဆိုလိုဟန် တူပါတယ်။
ဒါကြောင့် ကဗျာတွေထဲက ဂေါ်သဇင်ပန်းဟာ ဆောင်းရာသီမှာ နှင်းရည်ဆွတ်ဖြန်းမှ လန်းဆန်းကြည်လင်စွာ ပွင့်ဝေကြတဲ့ သဇင်ပန်းများကို ဆိုလိုဟန် ရှိပြီး ကျွန်မ ဓာတ်ပုံထဲက ဂေါ်သဇင်ပန်းကို ရည်ညွှန်းဟန် မတူပါဘူး။ ပြီးတော့လည်း သစ်ပင်မြင့်မြင့်မှာသာ ပေါက်တယ်ဆိုလေတော့ ဆောင်တော်ကူးပန်းကိုရော၊ ဂေါ်သဇင်ပန်းကိုပါ ရည်ရွယ်ဟန် မရှိဘဲ သဇင် သို့မဟုတ် သစ်ခွ ပန်းကိုသာ ဆိုလိုတယ်လို့ ယူဆမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် နန်းထိုက်တော်ဝင်တဲ့ ပန်းများသခင် ဂေါ်သဇင် ဆိုတာ ကျွန်မ ဓာတ်ပုံထဲက ဂေါ်သဇင်ပန်းလေးကို  ပြောတာ  မဟုတ်ရင်တောင်မှဘဲ ကျွန်မကတော့ ခြံစည်းရိုးတွေမှာ စိုက်တတ်ပြီး ရနံ့သင်းသင်းလေးနဲ့ မိုးရာသီမှာပွင့်သော အညတရ ဂေါ်သဇင်ပန်းလေးကို ချစ်ခင် နှစ်သက်မြဲ နှစ်သက်နေဦးတော့မှာပါ။
( ဂေါ်သဇင်ပန်းနဲ့အတူ ကဗျာလေးတွေဖတ်ပြီး ပေါ်လာမိတဲ့ အကြောင်းအရာလေးတွေပါ)
မိတ်ဆွေများ အားလုံးလည်း ပန်းကလေးများလို ဝေဖြာလန်းဆန်းကြပါစေရှင်။ 
Image Hosted by PicturePush - Photo Sharing