ဒီတစ်ပတ်အတွက် ချက်စားဖြစ်တဲ့ ရာသီစာ ဟင်းလေးတစ်ခွက်ကို ဘလော့ဂ်လာ မိတ်ဆွေများအတွက် ပြန်လည် မျှဝေချင်ပါတယ်။ ခုရာသီမှာ ကျွန်မ နေတဲ့ မြို့ကလေးမှာ မက်မွန်သီး ( Peach) တွေ အလွန်ပေါပါတယ်။ မက်မွန်သီးတွေဟာ အလုံး တော်တော်လေးကို ကြီးပြီး လက်သီးဆုပ် နီးနီးလောက်ကို ရှိပါတယ်။ ပြီးခဲ့တဲ့ရက်က မိတ်ဆွေ တစ်ယောက်က အဲဒီမက်မွန်သီးတွေ တော်တော်များများကို လက်ဆောင်လာပေးပါတယ်။ စားလို့လည်း မနိုင်နိုင်အောင် ပါဘဲ။ မက်မွန်သီးက သိပ်မမှည့်သေးရင် အနည်းငယ် ချဉ်တဲ့အရသာရှိတော့ များလှတဲ့ အသီးတွေကို ဒီတိုင်းကုန်အောင် စားဖို့မဖြစ်နိုင်တော့ ဟင်းချက်စားဖို့ ကြံရပါတယ်။ ဒီတော့ မက်မွန်သီး တွေကို ဘယ်လိုနည်းနဲ့ဟင်းအဖြစ် စားဖြစ်တယ်ဆိုတာကို ပြောပြပါမယ်နော်။
သိပ်မမှည့်သေးတဲ့ မက်မွန်သီးတွေကို ရွေးချယ်ပါတယ်။ မှည့်သွားရင် ပျော့သွားတာကြောင့် ဟင်းချက် စားဖို့ မကောင်းဖြစ်တတ်ပါတယ်။
မက်မွန်သီးတွေကို ရေစင်အောင်ဆေး၊ အခွံနွာပြီး ခုလို ပါးပါးလှီးပါတယ်. ကြက်သွန်ဖြူ၊ ကြက်သွန်နီ ငရုပ်သီးတို့ကို ပြင်ဆင်ထားပါတယ်။ ဝက်သားကို ပါးပါးလှီးပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ထားလိုက်ပါတယ်.
ပထမဦးစွာ ဝက်သားကိုအရင်ကြော်ပါတယ်။ ဝက်သားကျက်တာနဲ့ မက်မွန်သီးကိုထည့်ပြီး ခရမ်းချဉ်သီး၊ ငရုပ်သီးတို့ကိုထည့်ကာ ဆား၊ အရသာမှုန့်၊ ငံပြာရည်အကြည်တို့ ထည့်လိုက်ပါတယ်.။ ရေအနည်းငယ် ထည့်ပြီး မက်မွန်သီးတွေ ကျက်အောင် ချက်ပါမယ်။
ဟင်းအိုး မချခင်မှာ ရှမ်းနံနံတစ်ခုခု သင့်တော်ရုံပမာဏ ထည့်လိုက်ပြီးရင်တော့ ချဉ်ချိုချိုလေးနဲ့ အရသာတစ်မျိုးထူးတဲ့ ဝက်သား မက်မွန်သီး ကြော် ရပါတယ်။
နောက်တစ်ကြိမ်မှာတော့ ဝက်သားဆားငံခြောက်ကို အငံပေါ့အောင် တစ်ညလုံးရေစိမ်ထားပြီး မနက်မှ ပါးပါးလှီးပြီး မက်မွန်သီးနဲ့ ကြော်ပြန်ပါတယ်။ ဆားလေးလေးနဲ့ ဝက်သား အရသာမှာ မက်မွန်သီး က အချိုနဲ့ အချဉ်က ရောစပ်လိုက်တဲ့ အချိန်မှာ အတော်လေးကို လျှာရင်းမြက်တဲ့ ဟင်တစ်ခွက်ရစေပါတယ်။ ကျွန်မအိမ်မှာတော့ ဒီဟင်းကို မြည်းစမ်းဖူးသူတွေအားလုံးကလည်း စားလို့ကောင်းကြောင်း ထောက်ခံချက်တွေ ပေးကြပါသေးတယ်း))
အရသာရှိပြီး လွယ်လဲလွယ်ကူ၊ မက်မွန်သီးတွေ ပေါနေတဲ့ ခုလိုရာသီအတွက်လည်း အဆင်ပြေ တာကြောင့် မကြာခဏ ချက်စားဖြစ်တဲ့ ဝက်သား မက်မွန်သီးကြော်ပါ။ ဝက်သားနေရာမှာ တစ်ခြား မိမိနှစ်သက်ရာ အသားနဲ့လည်း ချက်စားနိုင်ပါသေးတယ်နော်။
အားလုံးအတွက် ပျော်ရွှင်ဖွယ် တနင်္ဂနွေနေ့ပါရှင်..