ငပိနံ့သင်းသင်း ညနေခင်း၊ သက်တံ့ဆယ်စင်း လင်း


သူမ ဒီရက်ပိုင်း ဝိတ်လျော့တော့မည်ဟု ဆုံးဖြတ်ထားသည်။ တဖြေးဖြေးနှင့် တစ်ရိပ်ရိပ်တက်လာသော ပေါင်ချိန်စက်ပေါ်မှ မြှားတံလေးကို အားနာသောအားဖြင့် နည်းနည်းချင်းစီ ကျပ်ကျပ်လာနေသော အဝတ်အစားများကို အားနာသောအားဖြင့် သူမ ဝိတ်လျော့ပါတော့မည်။ “အစားအသောက် လျှော့မည်၊ နေ့စဉ် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်တော့မည် ” ထိုသို့ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီး သကာလ အရင်က သွားသွား လာလာ စားစားသောက်သောက် တွဲနေကျ သူငယ်ချင်းများ ၊ အားလပ်ရက်များတွင် အိမ်သို့ ဖိတ်ကာ ထမင်း အမြဲကျွေးလေ့ရှိသော မိတ်ဆွေများ၊ ဆိုင်တွင်ကျွေးဖို့ ခေါ်သူများကို လုံးလုံး အဆက်ဖြတ်ပစ်လိုက်သည်။ အစားအသောက် သွားစားဖို့ ခေါ်သောသူများ၊ ကျွေးမည့်သူများကိုလည်း အားနာစရာကောင်းလောက်အောင် သူမ တွင်တွင်ငြင်းသည်။ ဝိတ်လျော့နေစဉ်တွင် မည်သို့သော အစားအသောက်ကျွေးမည့်သူဖြစ်စေ ၊ မည်မျှပင် ခင်မင်ရင်းနှီးသူ ဖြစ်ပစေ လုံးလုံးကို မလိုက်တော့ပါဘဲ အလုပ်ကိစ္စနှင့် အပြင်ထွက်ရသည်မှ လွဲ၍ အစားသောက်များနှင့် ဝေးဝေးရှောင်ကာ အိမ်တွင်သာ နေတော့သည်။ ဝိတ်လျော့သည် ဆိုရာတွင်လည်း အားနာခြင်း၊ ဇွဲမရှိခြင်း၊ ဆုံးဖြတ်ချက် မခိုင်မာခြင်း ၊ ပျင်းရိခြင်း စသည်တို့ရှိနေလျှင် အောင်မြင်ဖို့ ခက်ခဲတတ်သည်။ သို့ကြောင့်လည်း သူမက အစားအသောက် ကျွေးမည့်သူ၊ စားဖို့လာဆွယ်မည့်သူတို့ကို ယတိပြတ် ငြင်းဆိုလိုက်ခြင်း ဖြစ်လေသည်။

အိမ်က ညီမများကိုလည်း သူမအတွက် ထမင်းလျှော့ချက်ဖို့ သတိပေးထားသည်။ ထမင်းခူးလျှင်ပင် သူမအတွက် ထည့်သောပန်းကန်ထဲတွင် ထမင်းများကို အခါတိုင်း ထည့်သည့် ပမာဏထက်  တစ်ဝက်ခန့်သာ ထည့်ရန် မှာထားသည်။ သူမသည် မနက်ပိုင်းတွင် ထိုထမင်း တစ်ပန်းကန်ကိုပင် တစ်ဝက်ခန့်သာ စားပြီး နေ့လည် ဗိုက်ပြန်ဆာလာသည့်အချိန်တွင်မှ ကျန်သည့် တစ်ဝက်ကို ပြန်စားသည်။ သူမ ဖတ်ဖူးသော စာထဲတွင် ဝိတ်လျော့လိုလျှင် အစားသောက်ကို တစ်ကြိမ်တည်း အများကြီးစားတာထက် တစ်ကြိမ်ကို နည်းနည်းသာ စားသင့်သည်ဟု ဖတ်ဖူးထားသည်မဟုတ်လား။ ထိုသို့ အစားအသောက် လျှော့သည်သာမက မနက်တိုင်း၊ ညနေတိုင်းလည်း ပြေးစက်ပေါ်တက်ကာ ပြေးသည် ချွေးဒီးဒီးကျသည်အထိ ပြေးသည်။ ထို့နောက်  လေ့ကျင့်ခန်း ဆက်လုပ်သည်။ တော်ရုံအပြင်ထွက်စရာ ကိစ္စတွင်ပင် မထွက်တော့ဘဲ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သည်။ မပျက်မကွက် လုပ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင်လည်း ညနေပိုင်းတွင် နွားနို့ကဲ့သို့သော အရည်နှင့် အသီးအနှံ အချို့မှလွဲ၍ ထမင်းစသော အဖတ်များကို ဘာမှ မစားတော့ပါ။ ထိုသို့ဖြင့် သူမ အသည်းအသန် ဝိတ်လျော့ နေပါသည်။

ဝိတ်လျော့နေသည့် ဒုတိယအပတ်မြောက်ကာလ တစ်ခုသော ညနေတွင် သူမထံသို့ ပါဆယ်တစ်ထုပ် ရောက်လာသည်။ ပါဆယ်ထဲတွင် မည်သည့်ပစ္စည်းများ ပါမည်ကို ခန့်မှန်းမိသော သူမက ကျေနပ်သဘောကျစွာ ပြုံးလိုက်မိရင်း ပါဆယ်ထုပ်ကို ရင်ခုန်စွာ ဖြေမိလေသည်။ သူမ မျှော်လင့်ထားသည့် ပစ္စည်းများ ပါလာသည်ကို တွေ့ရပါသည်။ သို့သော်လည်း ပါဆယ်ထုပ်ထဲတွင် သူမ မမျှော်လင့်ထားသော ပစ္စည်းများလည်း ပါလာပါသည်။ သူမ မျှော်လင့်ထားသည့် အရာများကား စာအုပ်များဖြစ်ပြီး မမျှော်လင့်ထားသည့် အရာများကား ရယ်ဒီမိတ် စားသောက်ဖွယ်ရာများဖြစ်သော လ္ဘက်၊အကြော်စုံ၊ ငပိကြော်၊ အာပြဲခြောက်ကင်၊ သူမနှစ်သက်သည့် ပုဇွန်ခြောက် နီရဲရဲများ ဖြစ်လေသည်။ ထိုစားသောက်ဖွယ်ရာ များကိုတော့ဖြင့် သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါ။ မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်အတွက်လည်း နှစ်သက်အံ့သြစိတ်ဖြင့် သဘောကျမိရသည်။



သို့သော် ငပိကြော်ပုလင်းမှာ ပါဆယ်ထုပ်ထဲတွင် ဇောက်ထိုးဖြစ်နေခဲ့ဟန် တူပါသည်။ ထိုငပိကြော်ပုလင်းထဲမှ ဆီများမှာ အပြင်သို့ ဖိတ်ကျနေသောကြောင့် ပါဆယ်ထုတ် တစ်ခုလုံး ငပိကြော်ဆီများ စွန်းပေလျှက် ရှိနေသည်။ စာအုပ်များတွင်ပင် ဆီစတို့ အနည်းငယ် ဖိတ်စင် စွန်းပေလျှက် ရှိလေသည်။ ထို့ပြင် ပါဆယ်ထုပ် တစ်ခုလုံးလည်း ငပိကြော်နံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျှက် ရှိလေတော့သည်။ ပျားပိတုန်းတို့သည် မွှေးကြိုင်သော ပန်းနံ့ကို ရသည့် အခါတွင် နေမထိ ထိုင်မသာ လှုပ်လှုပ်ခတ်ခတ် ဖြစ်တတ်သည့်ပမာ အစားသောက် လျှော့နေသည်မှာ ၂ပတ်ခန့်ရှိပြီး အစားကောင်းကောင်း မစားသည့် သူမ နှာခေါင်းဝတွင်လည်း ငပိကြော်၏ သင်းထုံလှသော ရနံ့မှာ ကလူ၏သို့ မြှူ၏သို့ဖြင့် ဆွဲဆောင်နေတော့သည်။ ထိုအချိန်တွင် သူမ၏ ဗိုက်အတွင်းမှ တစ်ဂွီဂွီဖြင့် မြည်သံများပင် ထွက်လာလေသည်။

ထိုအခါတွင် သူမ၏စိတ်အာရုံသည် မည်ကဲ့သို့ ထိန်းချုပ်၌မျှ မရတော့ဘဲ “ထမင်းကျန်သေးလား”ဟု ဘေးက ညီမတစ်ယောက်ကို လှမ်းမေးလေသည်။ ထိုညီမက “ထမင်းတော့ ကျန်သေးသည်။ ဟင်းတော့ဖြင့် မကျန်တော့ပါ.. မမက ထမင်းဟင်း လျှော့ချက်ဟု ပြောသည့်အတွက် နည်းနည်းသာ ချက်သည်”ဟု ဆိုလေသည်။ သို့သော် သူမအတွက် မည်သည့်ဟင်းမျှ မလိုပါ။ ပါဆယ်ထုပ်ထဲမှ ငပိကြော်ပုလင်းထက် မည်သည့်ဟင်းမျှ မသာနိုင်တော့ပြီကိုလည်း ခုချိန်မှာ သူမ အတိအကျ သိနေပါပြီ။ သူမသည် သွက်လက်သော လက်များဖြင့် ပလပ်စတစ် အထပ်ထပ် ပိတ်ထားသော ငပိကြော်ပုလင်းကို ဖွင့်လိုက်တော့သည်။ ရေနွေးတစ်ခွက် ထည့်လိုက်သည်။ ထို့နောက် ထမင်းဖြူကို တော်တော်ကြီးသော ပန်းကန်လုံး အကြီးတစ်လုံးခူးကာ ငပိကြော်ကို ထမင်းပေါ်ပုံ၍ သူမ စားတော့သည်။ အားရပါးရ စားသည်။ တရစပ် စားသည်။ အနောက်က ကျားလိုက်လာသလို စားသည်။ ထမင်းမစားရတာ ရက်ပေါင်းရာချီ ရှိနေသော သူတစ်ဦးလို အငန်းမရ စားပါတော့သည်။

သူမ ထမင်းစားနေပုံကိုကြည့်ပြီး အိမ်က ညီမများက အံ့သြနေကြသည်။ ပါးစပ်အဟောင်းသား ငေးကြည့်နေသည်။ ထူးဆန်းနေသည်။ အစားအသောက်နှင့် ပတ်သက်ကာ ဘယ်သူ ကျွေးကျွေး၊  မစားဘူး၊ မလိုက်ဘူး ဟု တွင်တွင်ငြင်းကာ လုံးဝ ရှောင်ရှားနေသော သူမသည် ယခုတော့ တစ်ခြားဟင်း ဘာတစ်ခုမှ မပါဘဲ ရေနွေးကြမ်း တစ်ခွက် ငပိကြော်တစ်ပုံနှင့်သာ မြိန်ရည်ရှက်ရည် စားနေသည့် ယခုအချိန်တွင် သူတို့အတွက်တော့ဖြင့် အလွန်ထူးဆန်းသော သတ္တဝါတစ်ကောင် ရောက်လာသလို အံ့သြတကြီး ဖြစ်နေကြလေသည်။ ညီမ တစ်ယောက်က “မမ ဝိတ်လျော့နေတယ်ဆို…. ခုကျတော့ ထမင်းပန်းကန်ကြီးက အကြီးကြီး.. အားရပါးရ စားနေလိုက်တာ” ဟု ဆိုလေရာ သူမက “ ငါ ဒီနေ့ ဝိတ်မလျှော့တော့ဘူး.. ဘာမှ လာမပြောကြနဲ့ ” ဟု ဘု ပြန်တောလိုက်သည်။ ထည့်ထားသော ထမင်းပန်းကန်ကြီးတစ်ပန်းကန် ကုန်လေသော် “ ဝါး … ဗိုက်တင်းသွားပြီ။ စားလို့ကောင်းလိုက်တာ… ငါတော့ အိပ်ခန်းထဲ စောစောဝင်တော့မယ်” ဟု ဆိုလိုက်ကာ ပါဆယ်ထုပ်ထဲမှ သူမ နှစ်သက် မျှော်လင့်ထားသည့် အရာလေးတစ်ခုကို ကောက်ကိုင်ကာ အိပ်ခန်းတွင်းသို့ စောစောစီးစီး ဝင်လာခဲ့လိုက်တော့သည်။

ထိုညနေချိန်မျိုးသည် ခါတိုင်းတွင်တော့ သူမ အပြေးစက်ပေါ်တွင် ပြေးသည့်အချိန်၊ ပြေးပြီးလျှင် ကိုယ်လက် လေ့ကျင့်ခန်းများ ဆက်တိုက်လုပ်နေသည့်အချိန်မျိုး ဖြစ်လေသည်။ သို့သော် သူမသည် ယနေ့ ညနေတော့ဖြင့် ထမင်းကို ငပိကြော် ပုလင်း တစ်ဝက်ခန့် ကုန်အောင် စားပြီးသကာလ အိပ်ရာပေါ်တွင် ဇိမ်နှင့် အနားယူပါတော့မည်။ သူမ လက်ထဲတွင်တော့ အဖြူရောင် အောက်ခံပေါ်တွင် အရောင်စုံ ခဲတံ ဆယ်ချောင်းဖြင့် သရုပ်ဖော်ထားသည့် ချစ်စရာလှပသော သက်တံဆယ်စင်း စာအုပ်ကလေး။ စာအုပ်ကလေးသည် ငပိကြော်ပုလင်းမှ ဆီ အနည်းငယ် စွန်းပေးသွားဟန် ဝါကျင်ကျင် ဆီကွက်လေး ပေစွန်းလို့ နေသည်။ သူမ စာအုပ်လေးကို ဖွင့်ကာ ကြည့်လိုက်သည့်အခါတွင်လည်း ငပိကြော်နံ့က သူမ နှာဝတွင် ကလူကျီစယ် ရောက်လို့ လာလေသည်။ ညနေခင်း နေရောင်ခြည်က အခန်းအတွင်းထိ ခပ်နွေးနွေးလေး ကျနေသည်။ လေနုနု အေးအေးများကလည်း သူမအခန်းရှိ ဖွင့်ထားသော  ပြူတင်းတံခါးမှ တဆင့် တစ်ချက်ချက် ဝင်ဝင် လာတတ်သေးသည်။ စာအုပ်လေးကို ဖတ်နေစဉ်တွင် လေနုအေးက အဝှေ့တိုင်းမတော့ သူမ နှာခေါင်းထဲသို့ ငပိကြော်နံ့ သင်းပျံ့ပျံ့က တိုးတိုးဝင်လာလေသည်။ သို့သော်လည်း စာအုပ်ထဲက အမျိုးအစား စုံလှသော သက်တံ့ရောင်စုံများ ကြားထဲတွင် မမောနိုင် မပန်းနိုင် ဝဲလှည့်ပျံသန်းနေသည့် သူမ အာရုံလိပ်ပြာလေးကိုတော့ ထိုငပိကြော်နံ့သည် အနှောင့်အယှက်မပေးနိုင်သည်မှာ သေချာလှသည်။

ပြီးခဲ့သည့်အပတ်က “သူမထံ ပါဆယ်ပို့စရာရှိသည်။ တစ်ခြား ဘာလိုချင်သေးလဲ” ဟု ချစ်လှစွာသော အစ်မ မမြသွေးနီက ပြောလာသည်တွင် “သက်တံဆယ်စင်း စာအုပ်လေးလည်း လိုချင်တယ်ဟု သူမ ဆိုသည့်အခါ ပါပါ့တော်.. မပါဘဲ ဘယ်နေမလဲ” ဟု သူမ မတောင်းဆိုခင်ကပင် ထည့်ပေးပြီးသား ဖြစ်နေလေသည်။ အင်မတန် ချစ်ဖို့ကောင်းသော ၊ စိတ်ရှည် သဘောကောင်းသော၊ သူတဖက်သားကို အလွန်လည်း အလိုက်သိတတ်လှသော အစ်မတော်ပါပေ။ အစ်မတော် (မမြသွေးနီ အပါအဝင်) ဘလောဂ့်ဂါ ဆယ်ယောက် ( ကိုညီလင်းသစ်၊ မယ်ကိုး၊ သတိုး၊ ဏီလင်းညို၊ ခင်လေးငယ်၊ မြစ်ကျိုးအင်း၊ အိမ့်ချမ်းမြေ့၊ စာအုပ်ဖြစ်မြောက်အောင် စုစည်း စီစဉ်သူ ကိုရန်အောင် ( ရေခဲငှက်) ၊ မြတ်မွန် စသော သူတို့၏ စာမူများဖြင့် ယှက်ဖွဲ့ထားသော သက်တံဆယ်စင်းမှာ သူမ လက်ထဲတွင် လှပစွာ သိမ်မွေ့စွာ။ စာအုပ်ကို စီစဉ်ရိုက်နှိပ်ပေးသည့် ကိုမော်ကြီး၏ သေသပ်လှပသော စိတ်ရှည်သော စေတနာဖြင့် ပုံဖော်ထားသည့် စာအုပ်မျက်နှာဖုံးကပင်လျှင် ချစ်စဖွယ်၊ ဖတ်ချင်စဖွယ် ကောင်းနေပြန်လေသည်။





ဘလောဂ့်ပေါ်မှာကတည်းက သူမ နှစ်သက်စွာ ဖတ်ခဲ့သည့် ဘလော်ဂါများ၏လက်ရာ စာမူကလေးများမှာ သက်တံဆယ်စင်းဟူသော ဖတ်ချင်စဖွယ် စာအုပ်လေးအဖြစ်သို့ ပုံနှိပ်စာလုံးများ အနေနှင့် ခန့်ခန့်ထည်ထည် ရောက်ရှိလို့လာလေပြီ။ အချို့သော စာများမှာ ဘလော့ဂ်ပေါ်တွင် ဖတ်ခဲ့ပြီးဖြစ်သော်လည်း ယခု ပြန်ဖတ်ရသည့်အချိန်တွင် ခံစားမှုအသစ်၊ ရင်ခုန်မှု အသစ်၊ ရသအသစ်မျာကို ပြန်လည် ပေးစွမ်းနိုင်တုန်းပင်။ ရင်ခုန်ရတုန်း၊ စိတ်လှုပ်ရှားရတုန်းပင်။ တစ်ခါမှ မဖတ်ရသေးသော စာမူအသစ်များကိုလည်း ရင်ခုန်သံအသစ်ဖြင့် စိတ်ဝင်စားဖွယ် ဖတ်ရှုခွင့်ရနိုင်သေးသည်။ သူမသည်လည်း သက်တံတို့၏ ခေါ်ဆောင်ရာကို စိတ်အညှို့ခံရသူ တစ်ဦးပမာ အလိုက်သင့် စီးမျှောလိုက်ပါရင်း တစ်ချက်ချက် စာအုပ်တွင် စွန်းပေနေသော ဆီစက်လေးမှရရှိသည့် ငပိကြော်သည် နှာဝတွင် ရှုရှိုက်မိနေရင်းက စာအုပ်လေးထဲမှ စာများသည်ပင်လျင် ပိုမို အသက်ဝင် နှစ်သက်ဖွယ် ကောင်းလာသလို စိတ်တွင် ထင်လာမိလေသည်။ ငပိကြော်နံ့လေးဖြင့် ဖတ်နေရသော သက်တံဆယ်စင်း သည်ပင်လျင် သူမအတွက်တော့ အရောင်စုံသော ပန်းခင်းထဲတွင် ပြေးလွှားမြူးထူးနေခိုက် တစ်ခါတစ်ရံ ပန်းများ၏ ရနံ့သာမက ဘေးပတ်ဝန်းကျင်မှ သစ်ပင်တို့၏ အသက်ဝင်လှသော ရနံ့ကိုပါ တစ်ချက်တစ်ချက် ရလိုက်သည့်ပမာ ပိုမို စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ကောင်းလှသည်ဟုလည်း ထင်မြင်မိလေသည်။



စာအုပ်လေးထဲမှ အချို့သက်တံလေးများသည် နူးညံ့သိမ်မွေ့ လှပစွာ ယှက်ဖြာနေပြီး၊ အချို့သက်တံကတော့ စိတ်ခွန်အားကို ပေးနိုင်စွမ်းလေသည်။ တစ်ချို့သော သက်တံကတော့ နောင်တတရားတို့ဖြင့် ယှက်ဖောက်ထားပြီး  အချို့ သက်တံကတော့ သူမ မသိခဲ့ဖူး၊ မရောက်ခဲ့ဖူးသည့် ဒေသန္တရ ဗဟုသုများကို မျှဝေနေသည်။ အချို့ သက်တံဆီမှ အတွေးသစ် များစွာကို ရရှိစေကာ အမျှင်မပြတ်သော အတွေးစတွေကို တစ်သီကြီး ဖြစ်ပေါ်စေပြန်သည်။ အချို့ သက်တံကတော့ လောကကြီးထဲက အဖြစ်အပျက်များကို မီးမောင်းထိုးပြထားပြီး တရားကျဖွယ်၊ သင်ခန်းစွာ ယူဖွယ်တို့ကို ဖော်ပြနေပြန်သည်။ အချို့ သက်တံကတော့ဖြင့် မေတ္တာတရားကို လှပစွာ၊ ခန်းနားစွာ ဖော်ကျူးထားပြန်လေသည်။ အချို့သက်တံကတော့ အားကောင်းလှသော စကားလုံးများဖြင့် စာဖတ်သူကို ညှို့ယူဖမ်းစား ဆွဲဆောင်လို့ နေပြန်သည်။ ဘယ်သို့ပင်ဆိုစေ ထို စာအုပ်ဖြူဖြူလေးကို သက်တံဆယ်စင်းဖြင့် ယှက်ဖောက် ဖော်ကျူးထားသည့် ကောင်းကင်အဖြစ် သူမကတော့ နှစ်သက်စွာ သဘောကျမိလေသည်။ အခြားသော သက်တံလေးများလည်း ကောင်းကင်ပေါ်ဝယ် လင်းလက် တောက်ပစွာ ထွန်းလင်း နိုင်ကြပါစေဟုလည်း ဆန္ဒမွန်ဖြင့် ဆုတောင်းမိပါသေးသည်။

သက်တံဆယ်စင်းတို့၏ ဖမ်းစားမှုဖြင့် သူမသည် ထိုညနေခင်းက  လေ့ကျင့်ခန်း လုပ်ရမည်ကို လုံးလုံးလျားလျား မေ့လျော့သွား မိလေတော့သည်။