ဟင်းချက်နည်းတွေ မတင်ဖြစ်တာ နည်းနည်းကြာသွားပြီလို့ထင်ပါတယ်.. ဒီတစ်ပတ်တော့ ငါးကို ပဲငပိလေးနဲ့ စားချင်စဖွယ် အရသာရှိအောင် ကြော်တဲ့နည်းလေး ဖော်ပြချင်ပါတယ်။ ပထမဦးစွာ ကြေးခွံပါတဲ့ ငါးကြင်းလို ငါးတစ်မျိုးမျိုးကို အကြေးထိုး၊ ရေစင်အောင်ဆေးပြီး အောက်ကပုံအတိုင်း အတုံးလေးတွေ တုံးပါတယ်.။
ပြီးရင် ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်း၊ ကြက်ဥအကာအကြည်၊ ဂျုံမှုန့်တို့နဲ့ နယ်ပြီး ၁၅မိနစ်ခန့် ထားထားလိုက်ပါတယ်။
ဒါကတော့ ကြက်ပြုတ်ရည် (သို့မဟုတ်) ရိုးရိုးရေကို သကြားအနည်းငယ်၊ ဆား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ၊ ဂျုံမှုန့်တို့နဲ့ ဖျော်စပ်ထားတဲ့ ဆောစ့်တစ်မျိုးပါ။
ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းတို့ကို တောက်တောက်စင်းထားပါတယ်။ ခွက်ထဲမှာတော့ ပဲငပိတစ်ဇွန်းပါ။ ပုလင်းနဲ့ လာတဲ့ ပဲငပိကို သုံးနိုင်ပါတယ်။
ကြက်သွန်ဖြူ၊ ငရုပ်သီးတို့ကို ဆီသတ်ပြီး ပဲငပိကိုထည့်လိုက်ပါတယ်။
ရေ အနည်းငယ် ခမ်းသွားရင် ငါးကြော်များကို ထည့်ပြီး မွှေလိုက်ပါတယ်။ ဂျုံမှုန့်ပါတဲ့အတွက် စေးပျစ်ပျစ်လေး ဖြစ်နေတဲ့ ငါးဟင်းအပေါ် နံနံ ၊ ကြက်သွန်မြိတ် မိမိ နှစ်သက်ရာကို ထည့်နိုင်ပါတယ်။

အရသာရှိပြီး စားလို့ကောင်းတဲ့ ငါးပဲငပိကြော်ဟင်းတစ်ခွက်ရပါပြီ။
ဒီဟင်းအတွက် အထူး Credit ပေးလိုတာကတော့ ခင်မင်ရပါသော မောင်ငယ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဥာဏ်အောင်က ကျွန်မကို လက်ဆောင်အဖြစ် ပို့ပေးတဲ့ Betty Saw ရဲ့ The Asian Fish cook book စာအုပ်ထဲက ချက်နည်းလေးဖြစ်ပါတယ်။ စာအုပ်လေးအတွက် အထူးကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ကျေးဇူးစကား ပြောချင်ပါတယ်ရှင်..
အားလုံးသော မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ် အားလပ်ရက်များကို ပိုင်ဆိုင်ပါစေရှင်..