ဘလောဂ့်ပေါ်မှာ ပိုစ့်မတင်ဖြစ်တာ ကြာပြီဖြစ်လို့ ဒီတစ်ပတ်အတွက်တော့ ဟင်းချက်စရာတစ်မျိုး တင်ချင်ပါတယ်။ အဲဒါကတော့ အစိမ်းရောင်အုန်းနို့ ကြက်သားဟင်းပါ။ အစိမ်းရောင်လွင်ပြင်ချက်လို့ အစိမ်းရောင်အုန်းနို့ကြက်သားဟင်း ခေါ်တာ မဟုတ်ပါဘူး။ အစိမ်းရောင်အနှစ်တွေနဲ့အုန်းနို့ရောပြီး ကြက်သားကို ချက်ထားတာမို့ အစိမ်းရောင်အုန်းနို့ ကြက်သားဟင်း ခေါ်တာပါ။ ဒီဟင်းချက်ဖြစ်တဲ့ အဓိက အကြောင်းကတော့ အစိမ်းရောင်အနှစ် ပုလင်းကို ကျွန်မရဲ့ ချစ်လှစွာသော အစ်မ မမြသွေးနီက ကျွန်မဆီရောက်အောင် ထည့်ပေးလိုက်တာကြောင့် ချက်နည်းကို အင်တာနက်ပေါ်ကနေ လိုက်ရှာပြီး ချက်ဖြစ်တာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ထံမှာ ရယ်ဒီမိတ် အစိမ်းရောင်ဟင်းအနှစ် မရှိခဲ့ရင် မိမိဖာသာ လုပ်လို့လည်း ရပါတယ်။ ရန်ကုန်မှာတော့ City Mart တွေမှာ ရနိုင်ပါတယ်။
ဒါကတော့ အစိမ်းရောင် အနှစ်ပုလင်းဖြစ်ပါတယ်။ ထိုင်းက လာတာပါ။
ဒီပုံကတော့ Thaitable.com က ယူလာတာပါ။
အစိမ်းရောင်အနှစ်ကို မိမိဖာသာ ပြုလုပ်မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းအမည်များကတော့ နံနံပင် အမြစ်၊ နံနံပင်၊ စမုံစပါးစေ့၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုပ်ကောင်း၊ ပုဇွန်ငပိ အနည်းငယ်၊ ရှောက်သီး၊ ဆား၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ပင်စိမ်းရွက် တို့ဖြစ်ပါတယ်။ အနှစ်ပြုလုပ်မယ်ဆိုရင် စမုံစပါးစေ့နဲ့ ငရုပ်ကောင်းစေ့တို့ကို အနည်းငယ် ကြွပ်လာအောင် လှော်ပါတယ်။ ကြွပ်လာရင် အအေးခံထားပါ။ ထို့နောက် နံနံမြစ်၊ စပါးလင်၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ပါးပါးလှီးပါတယ်။ ရှောက်သီးကို အခွံနွာပြီး ၄င်းအခွံများကို ပါးပါးလှီးပါတယ်။ ထို့နောက် မွှေစက်(Blender) ထည့်ပြီး ၄င်းတို့အားလုံးကို ညက်အောင် ပြုလုပ်မှာဖြစ်ပါတယ် မွှေစက်မရှိရင်တော့ ငရုပ်ဆုံကို အသုံးပြုလို့လည်း ရပါတယ်။ ပထမဦးဆုံး စမုံစပါးစေ့နဲ့ ငရုပ်ကောင်းစေ့ကို မွှေစက်(Blender)ထည့်ပါတယ်၊ ညက်သွားရင် စပါးလင်နဲ့ ဂျင်းကို ထည့်ပါတယ်။ ပြီးနောက် ဆား၊ ကြက်သွန်ဖြူ၊ ရှောက်သီးအခွံ ၊ ပုဇွန်ငပိ၊ နံနံပင် အမြစ်တို့ကို ထည့်မွှေပါတယ်။ ငရုပ်သီးစိမ်း များများ ထည့်ပါတယ်. ကြက်သွန်နီ ထည့်ပါတယ်. အားလုံးကို ညက်ညက် မှုန့်မှုန့် ကြေသွားအောင် အချိန်ကြာ မွှေပေးပါမယ်။ ညက်သွားရင် အစိမ်းရောင် အနှစ်ကို ရပါပြီ။ အစိမ်းရောင်အနှစ်များနေခဲ့ရင် ရေခဲသေတ္တာထဲ ခဲထားပြီး မိမိလိုတဲ့အချိန် ထုတ်၍ ချက်စားနိုင်ပါတယ်။
အစိမ်းရောင် ကြက်သားဟင်းချက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကြက်သားတွေကို အသားများများ ရွေးပြီး အတုံးသေးသေး တုံးထားပါတယ်။ မှိုကို အရွယ်တော် လှီးဖြတ်ထားတယ်။ ပြောင်းဖူးစေ့များကို ခြွေထားပါတယ်။ မုန်လာဥနီကို အတုံးငယ်များ တုံးထားပါတယ်။ အသီးအရွက်ကတော့ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်။ ပဲသီးရှိရင် ပဲသီး၊ ကဇော့သီး ရှိရင် ကဇော့သီး ထည့်နိုင်ပါတယ်။
ကြက်သွန်ဖြူနဲ့ စပါးလင်ပါးပါးလှီးထားတာကို ဆီသတ်ပါတယ်။
ထို့နောက် အစိမ်းရောင်အနှစ် ၂ဇွန်းခန့်ထည့်ပါတယ်။
အုန်းနို့မှုန့်ကို ရေဖျော်ပြီး ထည့်ပါတယ်။ အနံ့ပိုမွှေးအောင် ပင်စိမ်းရွက်တွေကို စက်နဲ့ကြိတ်ပြီး ထည့်ထားပါတယ်။
အုန်းနို့ရည်ဆူတဲ့အခါ ကြက်သားထည့်ပါတယ်။ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့ကို ထည့်ပါတယ်။ ရေ ခမ်းလိုက် ပြန်ထည့်လိုက်ဖြင့် ကြက်သား ကျက်အောင် ချက်ပါမယ်။
ကြက်သားကျက်ရင် မှို၊ ပြောင်းဖူး၊ မုန်လာဥနီတို့ကို ထည့်ပါတယ်။
ဟင်းချခါနီးမှာ ငရုပ်သီး၊ ပင်စိမ်းရွက်တို့ကို ထည့်ပါတယ်။ အရသာမြည်းလို့ စိတ်ကြိုက်ဖြစ်ပြီဆိုရင် ချလို့ ရပါပြီ။
အုန်းနို့အရသာ၊ ပင်စိမ်းနဲ့ စပါးလင်နံ့ မွှေးမွှေးနဲ့ အစိမ်းရောင် ကြက်သားဟင်းတစ်ခွက် ရပါပြီ။
အစိမ်းရောင်အနှစ်ထဲမှာ ပါတဲ့ အမွှေးအကြိုင်တွေရဲ့ ရနံ့နဲ့ အရသာတို့က အုန်းနို့နဲ့ပေါင်းပြီး လျှာရင်းမြက်အောင် ကောင်းတဲ့ ဟင်းတစ်ခွက် ဖြစ်စေမှာ အမှန်မို့ အချက် အပြုတ် ဝါသနာပါရင် ချက်စားကြည့်ကြပါလို့နော်။
7 Responses to “အစိမ်းရောင်အုန်းနို့ကြက်သားဟင်း”
Yummy.
When I miss you I visited to your facebook and look what you posted there.
Then come back silently.
Iora
အစိမ်းရောင်အနှစ်ထုပ်ကို တွေ့တယ် ဈေးသွားဝယ်တိုင်း မချက်ဖြစ်သေးတာ ချောချက်တဲ့နည်းလေးယူသွားတယ် ချက်စားကြည့်ဦးမယ်
စားချင်စရာကြီး ချောရာ...
ယိုးဒယားစတိုင်ချက်ထားတာနေမယ်နော်..
စိမ့်ပြီး စပ်စပ်လေးနေမှာပဲ...
ကူးသွားတယ်.. အိမ်မှာ လုပ်စားကြည့်ဖို့..။
အမရေ .. ဒီနေ့ အမရဲ့ နည်းနဲ့ချက်တာ ... စားလို့အရမ်းကောင်းဗျို့ .. ကျေးဇူးအများကြီးပါ ...
မိုးတွင်းနဲ့အံကိုက်ဘဲအစ်မရေ..
စပ်စပ်လေး
မြည်းသွားတယ်း))
အုန်းသီးနဲ့ ငရုတ်သီးကတော့ကောင်းပ စပ်သလားတော့မမေးနဲ့မျက်ရည်တောင်တောက်တောက်ကျုသွားမယ် ။
ပုံလေးကစားချင်စလေးဒါပေမယ့်ညီမကပင်စိန်းမကြိုက်တော့မစားဖြစ်ဘူး
Post a Comment