ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု



ကျွန်မတို့မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရခဲ့တာ ဒီနေ့ဆို ၆၅နှစ် ရှိပါပြီ.. လွတ်လပ်ရေးနေ့ဟာ ကျွန်မအတွက် ငယ်ကတည်းက အမှတ်တရတွေ ရှိခဲ့တဲ့ နေ့တစ်နေ့ပါ.. မှတ်မှတ်ရရလေး ရေးချင်လာတာနဲ့ သတိရတာလေးတွေ ရေးပါဦးမယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းသားအရွယ်မှာ လူငယ်တွေ တက်လေ့တက်ထရှိတဲ့ သင်တန်းတွေ တက် ကြရာမှာ ဘင်ခရာသင်တန်းလည်း အပါအဝင်ဖြစ်ပါတယ်။ သင်တန်းတက်ပြီးတာနဲ့ ဘင်ခရာအဖွဲ့ဝင် ဖြစ်လာပြီးတဲ့နောက် မြို့ရဲ့ အခမ်းအနားတွေ ပွဲလမ်းသဘင်တွေမှာ ဘင်ခရာတီးဝိုင်းနဲ့အတူ ပါဝင် ဆင်နွဲရတော့တာပါဘဲ.. ခုလို ဇန်နဝါရီလရဲ့ လွတ်လပ်ရေးနေ့များဆို မနက် ၄နာရီထပြီး မြို့ရဲ့ ဘောလုံးကွင်းမှာ အလံတင်အလေးပြု အခမ်းအနားတွေ ကျင်းပလေ့ ရှိလေတော့ ဇန်နဝါရီလ ၃ရက်နေ့ညကတည်းက ဘင်ခရာအတူတူတက်ကြတဲ့ ဘောလုံးကွင်းနဲ့ နီးတဲ့ သူငယ်ချင်းအိမ်မှာ ကျွန်မတို့ သူငယ်ချင်း ၃ယောက် ၄ယောက်လောက်က အတူတူ သွားအိပ်ပြီး တစ်ညလုံး အစားစားလိုက် စကားတွေပြောလိုက်နဲ့ မအိပ်တမ်း နေခဲ့ကြဖူးပါတယ်။ မနက်ဆိုရင် ၃နာရီလောက် ထပြီး ဘင်ခရာ ယူနီဖောင်းဝတ်ဖို့ ပြင်ဆင်ကြပါပြီ… ပြီးတာနဲ့ ဘင်ခရာပစ္စည်းတွေ ထားတဲ့ မြို့နယ်ရုံးကို သွားကြပြီး ကိုယ်တီးမှုတ်မဲ့ ပစ္စည်းတွေ ပြင်ကြဆင်ကြပါတယ်။ ကချင်ပြည်နယ်ရဲ့ ဆောင်းဟာ မနက်ခင်းမှာ နှင်းတွေ ကျပြီး အလွန်ကို အေးပါတယ်။ အပြင်မှာ ခဏလောက်နေရင်ကိုဘဲ ခေါင်းတွေ ရွဲရွဲစိုလာအောင်ကို နှင်းတွေနဲ့ အေးစိမ့်နေတာပါ။ ဒါပေမဲ့ ကျွန်မတို့မှာ ဘယ်သူကမှ မနက်စောစောထရတာကို ညူစူတာမျိုး စိတ်ညစ်တာမျိုး မရှိခဲ့ပါဘူး. လွတ်လပ်ရေးနေ့ကို အလံတင်အ ခမ်းအနားတက်ဖို့ အလွန်ကို တက်ကြွပျော်ရွှင်နေခဲ့ကြဖူးတာပါ။ နှင်းတွေ ဖွဲဖွဲကျပြီး အေးချမ်းလှတဲ့ မနက်ခင်းမှာ အအေးဓာတ်ကို မေ့ပြီး နိုင်ငံတော်သီချင်းကို ခံစားချက်အပြည့်နဲ့ တီးမှုတ်နေရင်း နိုင်ငံတော်အလံ တိုင်ထိပ်ပေါ် တက်သွားတဲ့ မြင်ကွင်းကိုကြည့်ပြီး ကြက်သီးဖြန်းဖြန်း ထခဲ့ရတဲ့ ခံစားချက်မျိုးကို ခံစားခဲ့ရပါတယ်။ လွတ်လပ်ရေးကို ညီညီညွှတ်ညွှတ် တိုက်ယူခဲ့ကြပြီးနောက်မှာ တိုင်းရင်းသားအသီးသီးနဲ့ ပြည်ထောင်စုကြီးကို ဖွဲ့စည်း တည်ထောင်ခဲ့ကြတယ်။ ကျွန်မရင်ထဲမှာလည်း အဲဒီ ပြည်ထောင်စုကြီးကို အမြဲတမ်း စည်းလုံး ညီညွှတ်စေချင်မိပါတယ်။ ဥမကွဲသိုက်မပျက် ရှိစေချင်မိပါတယ်။ ဒါမှလည်း လွတ်လပ်ရေးကို အသက်ပေးပြီး ရယူခဲ့ကြသူတွေရဲ့ ဆန္ဒလည်း ပြည့်ဝမယ်။ ပြည်သူတွေလည်း ညီညီညွှတ်ညွှတ်ရှိကြမယ် မဟုတ်ပါလား… သူတစ်လူ ငါတစ်မင်း စိတ်ထင်တိုင်းသာ ကြဲနေကြရင်တော့ လွတ်လပ်ရေးရဲ့ အနှစ်သာရ ပျောက်ဆုံးသွားမှာ သေချာပါတယ်။ တစ်ဦးနဲ့တစ်ဦး အမုန်းတရားတွေနဲ့ နေထိုင်ကြတာထက်စာရင် တိုင်းရင်းသား အချင်းချင်းလည်း ချစ်ကြည်ရင်းနှီးကြမယ် အစိုးရနဲ့ ပြည်သူလည်း ချစ်ကြည် ရင်းနှီးကြမယ်ဆိုရင် ပျော်ရွှင်အေးချမ်းတဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာ အမှန်ပါ။ မြန်မာပြည်ကြီးရဲ့ အလေးအမြတ် ထားစရာ လွတ်လပ်ရေးနေ့ အမှတ်တရအဖြစ် ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု သီချင်းလေးကို တင်ပေးချင်ပါတယ်။ လေးနက် ကောင်းမွန်လှတဲ့ စာသားလေးတွေကို အချိန်ပေးပြီးတော့ နားထောင်စေ့ချင်မိပါတယ်။

 

နှစ်တွေ ဘယ်လောက်ဘဲ ကြာကြာ.. အချိန်တွေ ဘယ်လောက် ပြောင်းပြောင်း ရာသီစက်ဝိုင်းတွေ ဘယ်နှပတ်ဘဲ လည်လည်… ကိုယ်တိုင် ဆင်နွဲခဲ့ဖူးတဲ့ ဆောင်းမနက်ခင်းရဲ့ နှင်းတစ်ငွေ့ငွေ့၊ ချမ်းတစ်စိမ့်စိမ့် ၊ အေးတစ်မြမြ ၊ ခံစားခဲ့ရဖူးတဲ့ ပီတိတစ်သိမ့်သိမ့်၊ ရရှိခဲ့ဖူးတဲ့ ပျော်ရွှင် စိတ်လှုပ်ရှားမှု တစ်ငြိမ့်ငြိမ့် တို့ကို. ပြန်တွေးလိုက်တိုင်း အမှတ်ရချင်စရာ၊ မမေ့အပ်စရာ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းရဲ့ အထွတ်အမြတ် လွပ်လပ်ရေးနေ့ပါ… ငယ်စဉ်ကတည်းက စွဲလန်း တွယ်ငြိခဲ့ရတဲ့ လွပ်လပ်ရေးနေ့ကို မမေ့နိုင်တဲ့ မြတ်နိုးမှုတွေနဲ့ ဒီနေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် လွပ်လပ်ရေးနေ့ကို သတိတရနဲ့ မြန်မာနိုင်ငံတော် အလံကို ရည်မှန်းလို့ အလေးပြုလိုက်ပါတယ်. ကျွန်မတို့ နိုင်ငံရဲ့ လွပ်လပ်ရေးကို ဆောင်ကျဉ်း ပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများနဲ့ မမေ့အပ်သူ အပေါင်းကိုလည်း လေးစားစွာ ဦးညွှတ် လိုက်ပါတယ်ရှင်..။