သမိုင်းထဲက ရခိုင်မြို့တော်ဟောင်းမြောက်ဦး


ဒီတစ်ပတ်တော့ မြောက်ဦးမြို့ခရီးအကြောင်း ဆက်ရေးပါ့မယ်နော်။ မြောက်ဦးမြို့ကိုသွားတဲ့ လမ်းတစ်လျှောက် အကြောင်းကိုတော့ ဒီနေရာမှာ ရေးပြီးပါပြီ။ မဖတ်ရသေးရင် ပြန်ဖတ်နိုင်ပါတယ်နော်။ မြောက်ဦးမြို့ကို ညနေ ၂နာရီလောက်မှာရောက်ပြီးနောက် နဝရတ်ဟိုတယ်မှာ ခနနား၊ ရေမိုးချိုးပြီး စီစဉ်ထားတဲ့ကားနဲ့ လေ့လာရေး စထွက်ပါတယ်။ မြောက်ဦးမှာ အဓိက ငှားလို့ရနိုင်တဲ့ ကားတွေကတော့ ဂျစ်ကားတွေများပါတယ်။ မှန်လုံကား၊ ဆလွန်းကားတွေတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဘုရားတွေက တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးလှတာကြောင့် ဂျစ်ကားနဲ့လည်း သွားလာ လည်ပတ်လို့ အဆင်ပြေပါတယ်။ ပထမဦးဆုံး ကျွန်မတို့ တည်းတဲ့ဟိုတယ်နဲ့ နီးနီးနားနားက မြောက်ဦး နန်းတော်ဟောင်းကို အရင်ဆုံး သွားရောက်လေ့လာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရခိုင်ရာဇဝင်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ရခိုင်မှာ ခေတ်လေးခေတ်၊ မြစ်လေးမြစ် လို့ အဆိုရှိရာမှာ ခေတ်လေးခေတ်ကတော့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ဆိုပြီး  ထွန်းကား ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ရခိုင်မှာ ရှိတဲ့ မြစ်လေးစင်း ကတော့  နတ်မြစ်၊ မယူမြစ်၊ ကုလားတန် ခေါ် ကစ္ဆပနဒီမြစ်နဲ့ လေးမြို့မြစ်ခေါ် အဉ္စနနဒီမြစ် တို့ဖြစ်ပါတယ်။  ခေတ် ၄ခေတ် မတိုင်ခင် ဘုရားရှင် ပွင့်တော်မမူခင် နှစ်ပေါင်း ၅၀၀၀ ကျော်လောက်ကတည်းက ဒွာရာဝတီခေတ်နဲ့ ပထမ ဝေသာလီခေတ်၊ ပထမ ဓညဝတီခေတ်တို့ ထွန်းကားခဲ့သေးတယ်လို့လည်း မှတ်သားရပါသေးတယ်။ သမိုင်းထဲက ခေတ် ၄ခေတ်ထဲမှာ  ဓညဝတီခေတ်ရဲ့ ဓညဝတီမြို့ဟောင်းကိုတော့ မြောက်ဦးကိုအလာမှာ လမ်းမှာဖူးတွေ့ရတဲ့ မဟာမြတ်မုနိဘုရားကြီးရဲ့ အနီးမှာ ဓညဝတီ နန်းတော်ဟောင်း နေရာကို ပြန်လည် တူးဖော် ထားတာ တွေ့နိုင်ပါတယ်။ ဓညဝတီခေတ် ဘီစီ ၅၈၀တွင် နန်းတက်သော ဘုရင်  စန္ဒသူရိမင်းနန်းတက်ချိန်သည် အိန္ဒိယမှာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူစဉ်နဲ့ တစ်ချိန်တည်း ဖြစ်ခဲ့ပါတယ်။ ဓညဝတီ ရခိုင်ပြည်ကြီးကို ( ကျောက်တော်မြို့အနီး ကစ္ဆပနဒီမြစ်ကမ်းဘေးက ကျောက်တော်တောင်သို့) ဘုရားရှင် ကြွရောက်ပြီး တရားရေအေး တိုက်ကျွေးပြီးတဲ့နောက်မှာ ရခိုင်ပြည်သူ ပြည်သားများအားလုံး ဗုဒ္ဓဘာသာ စတင် ကိုးကွယ်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဓညဝတီမြို့တော်ဟောင်းနေရာ 

Image Hosted by PicturePush - Photo Sharing 
ဝေသာလီမြို့ဟောင်းနေရာ

ဓည၀တီမြို့သည် အေဒီ ၃၂၇ အထိ မြို့တော်အဖြစ် ရှိခဲ့ပြီးနောက် သူရိယကေတုမင်း လက်ထက်မှာ ဝေသာလီကို ပြောင်းရွေ့ခဲ့ပါတယ်။ ဝေသာလီမင်းဆက်တွေ စိုးစံခဲ့တဲ့ ဝေသာလီခေတ် အထောက်အထား မြို့ဟောင်းနေရာကိုလည်း မြောက်ဦးမြို့အလာ လမ်းဘေးနားမှာ တွေ့နိုင်ပါတယ်။ ဝေသာလီ ကျောက်လှေကားမြို့ဆိပ်ကမ်းမှာ နိုင်ငံခြားသင်္ဘောများဆိုက်ကပ် ရပ်နားကြောင်း သိရပြီး အနောက်နိုင်ငံများနဲ့ ကူးသန်းသွားလာ အဆက်အဆံရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ရာဇ၀င်အရ ကျောက်တုံးကြီးများနဲ့ တည်ဆောက်ထားတာကြောင့် ဝေသာလီ ကျောက်လှေကားမြို့လို့ အမည်တွင်တဲ့ ဝေသာလီမြို့ဟာ အေဒီ ၉၅၇ တွင် ရှမ်းတို့ ၀င်ရောက် တိုက်ခိုက်သောကြောင့် ပျက်စီးရတယ် လို့ ဆိုပါတယ်။ ဝေသာလီမြို့ဟောင်းအနီးက ဝေသာလီ ဘုရားကြီးနားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က တည်ဆောက်ခဲ့တဲ့ ကြီးမားလှတဲ့  ကျောက်တံခါးကြီးတွေ၊ ဝေသာလီ နတ်ရုပ်ကြီးတွေကို အံ့သြစဖွယ် တွေ့ရနိုင်ပါတယ်။ ဝေသာလီ ပျက်စီးပြီးနောက် ငမင်းငတုံး ခေါင်းဆောင်သော သက်လူမျိုးတို့ အင်အားကြီး ထွားလာပြီး အေဒီ ၇၉၄ တွင်နန်းဆက် ပြန်ထူထောင်ကာ မြို့တော်ကိုလည်း ဝေသာလီမှ စမ္ပ၀က်သို့ ပြောင်းရွှေ့ခဲ့ပြီး နောင်အခါ လေးမြို့ ခေတ်ဟု ထင်ရှားလာမည့်ခေတ် တစ်ခေတ် စတင်ခဲ့ပါတယ်။ လေးမြို့ခေတ်တွင် စမ္ပ၀က်မြို့ မှ စမ္ပာမြို့ ၊ ပရိန်မြို့ ၊ ခြိတ်မြို့ ၊ တောင်ငူရဉ္စရာ၊ လောင်းကြက် မြို့များသို့ အဆင့်ဆင့် ပြောင်းလဲ နန်းစိုက်ခဲ့ကြပြီး လောင်းကြက်မြို့တွင် နောက်ဆုံးမင်းမှာ အေဒီ ၁၄၀၄ တွင် နန်းစံ သည့် မင်းစောမွန် ဖြစ်ကြောင်း သိရပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

လးမြို့ခေတ်ရဲ့ နောက်ဆုံးမြို့တော်ဟောင်းဖြစ်တဲ့ လောင်းကြက်မြို့ဟောင်းကတော့ မြောက်ဦးမြို့နဲ့ မဝေးလှတဲ့ အဉ္စနနဒီလို့ခေါ်တဲ့ လေးမြို့မြစ်ကမ်းဘေးမှာ တည်ရှိတယ်လို့ သိရပါတယ်။ မြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် အချို့သော မြို့ဟောင်း နေရာများဟာ မြစ်ရေတိုက်စားခြင်း ခံလိုက်ရတယ်လို့လည်း သိရပါတယ်။ မြင်နေရတဲ့ မှိုင်းပျပျတောင်တန်းကြီးနားမှာ လေးမြို့ခေတ်မြို့ဟောင်းတည်ရှိတယ်လို့ ဆိုပေမဲ့ အဲဒီနေရာကို ကားနဲ့သွားလို့မရဘဲ ခြေလျှင်သာသွားလို့ရတယ်ဆိုတာကြောင့် အချိန်မရှိတော့တဲ့အတွက် အနီးကပ်မသွားခဲ့ရပါဘူး။ ဝေးဝေးကနေသာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လောင်းကြက်မြို့တော်ကို စိုးစံတဲ့ မင်းစောမွန် နန်းတက်ပြီး (၂) နှစ်အကြာမှာ အင်းဝတိုရဲ့ ရန်ကို ထိတ်လန့်ရတာကြောင့် ထွက်ပြေး ပုန်းအောင်းနေခဲ့ရပြီး အေဒီ ၁၄၃၀ တွင် လောင်းကြက်ကို မင်းစောမွန် ပြန်လည်သိမ်းယူခဲ့ပါတယ်။ သို့သော်လည်း စစ်ဘေးဒဏ် မကြာခဏ ကျ သည့် လောင်းကြက်မြို့ကို စွန့်လွှတ်ကာ  မြို့တော်ကို လောင်းကြက်မြို့ကနေ ယခု နောက်ဆုံးမြို့တော်ဟောင်းဖြစ်လာမဲ့ မြောက်ဦးမြို့ နေရာကို အေဒီ ၁၄၃၀မှာ စတင် ပြောင်းရွေ့လာပြီး မြို့သစ် တည်ခဲ့ပါတယ်။

ရခိုင်တို့ရဲ့ တတိယခေတ်ဖြစ်တဲ့ လေးမြို့ခေတ်မှာ စိုးစံခဲ့တဲ့ နောက်ဆုံးမင်းဆက်ဖြစ်သူ မင်းစောမွန်က မြို့နာမည်ကို မြောက်ဦးလို့ အမည်တွင်စေခဲ့ပါတယ်။ မြောက်ဦးလို့ အမည်ခေါ်ဆိုတာနဲ့ပတ်သက်ပြီး ဘာကြောင့် မြောက်ဦးလို့ အမည်ပေးခေါ်ဝေါ်တယ်ဆိုတာ အမျိုးမျိုးသော ကွဲလွဲချက်တွေ ရှိတာကြောင့် မဖော်ပြတော့ပါဘူး။ မြောက်ဦးမြို့ဟာ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်နဲ့ အဉ္စနနီ ခေါ် လေးမြို့မြစ် တို့ဆုံရာ အနီးမှာ တည်ရှိပြီး တောင်တန်းတွေ ပတ်ဝိုင်း ကာရံနေတဲ့မြို့ ဖြစ်ပါတယ်။ 


ယခုတွေ့မြင်ရမဲ့ နန်းမြို့ဟောင်းကြီးဟာ ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးတည်ထားတဲ့သော မြောက်ဦး နန်းမြို့ဟောင်းကြီးဖြစ်ပါတယ်။ မန္တလေး နန်းမြို့ရိုးနဲ့ မတူ ကွဲပြားတဲ့အချက်က မြောက်ဦးနန်းတော်နဲ့ နန်းမြို့ရိုးတွေဟာ အုတ်နဲ့ ဆောက်တာ မဟုတ်ဘဲ သဲကျောက် အညိုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အနီရဲရဲ နန်းမြို့ရိုးနဲ့မတူဘဲ တစ်မျိုးတစ်ဘာသာ ဖြစ်နေတဲ့ ရှေးဟောင်း နန်းမြို့ဟောင်းကြီးကို မြင်ရတာကိုက ရသတစ်မျိုးကို ခံစားနိုင်စွမ်းရှိပါတယ်။ မြောက်ဦး နန်းတော်ဟောင်းကို ရောက်တာနဲ့ စစချင်း မြင်လိုက်ရတာကတော့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး ကျယ်ဝန်း ခိုင်ခံ့လှတဲ့ နန်းမြို့ရိုးကြီးကို အံ့သြဖွယ် တွေ့မြင်ရပါတော့တယ်။ မြောက်ဦးမြို့ရဲ့ နန်းမြို့ရိုးက ကျောက်တုံးကြီးတွေ၊ ကျောက်လှေခါးထစ်ကြီးတွေလည်း ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်လူတွေရဲ့ ခွန်အားနဲ့ လုံ့လကြီးမားပုံတွေကို မှန်းဆကြည့်နိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


မြောက်ဦးနန်းတော်ဟာ စတုရန်းမိုင် ၁.၂မိုင်ကျယ်ဝန်းပြီး အမြင့်ပေ ၅၀ ခန့်ရှိပြီး ကျောက်တံတိုင်း သုံးထပ် ကာရံထားပါတယ်။ အပြင်ဘက်ဆုံး တံတိုင်းဟာ တောင်မှ မြောက်သို့ ပေ ၁၆၀၆ပေ၊၊ အရှေ့မှ အနောက်သို့ ပေ ၁၇၄၀ ရှည်လျားပြီး ၂၅ပေမြင့်ကြောင်း သိရပါတယ်။ ဒုတိယတံတိုင်းမှာ တောင်မြောက် ပေ ၈၀၀ အရှေ့အနောက် ပေ ၁၀၀၀ ရှိပြီး အတွင်းအကျဆုံးတံတိုင်းမှာ စတုရန်းပုံဖြစ်ပြီး တစ်ဖက်လျှင် ပေ ၆၀၀ခန့် ရှည်လျားပါတယ်။ နန်းမြို့ရိုး သုံးထပ်စလုံးကို အုတ်မသုံးဘဲ ၂ပေမှ ၃ပေခန့်ကြီးမားတဲ့ သဲကျောက်အညိုရောင်များကို သုံးထားတာ တွေ့ရပါတယ်။ အချို့နေရာများမှာ ၆ပေခန့်ကြီးများတဲ့ ကျောက်တုံးကြီးများကိုပင် တွေ့ရပါတယ်။ နန်းတော်ကြီးထဲမှာ ရွှေနန်းကိုးဆောင်၊ မြေနန်းဆောင်များ၊ ပရိတ်ဆောင်၊ မှန်နန်းဆောင်၊ နိဗ္ဗာန်ဆောင်၊ ဗြဲတိုက်ဆောင်၊ မြောက်စမုတ်ဆောင်၊ တောင်စမုတ်ဆောင်၊ ပွဲတော်ဆောင်၊ လွှတ်တော်ရုံးများ၊ ဘိသိက်သွန်းသည့် ရေကြည်တော်များရှိရာ နံ့သာကန်၊ ဗဟိုရ်စည်တော်၊ နက္ခတ်ရုံ၊ ပန်းခုံတော်၊ လက်နက်တော်တိုက် စသည်တို့နဲ့ ဖွဲ့စည်းထားခဲ့တယ်လို့သိရပါတယ်။ အရှေ့ဖက်တွင် သစ်မွှေးဖြင့် ဆောက်လုပ်ခဲ့သော စန္ဒကူးဆောင်တော်လည်း ရှိခဲ့ပြီး မြောက်ဖက်မှာ ဆင်ဖြူတော်ကုန်းနဲ့ မိဖုရားတို့ရဲ့ အဆောင်တော်များ တည်ရှိပြီး နန်းတော်ရဲ့ တောင်ဘက်မှာတော့ လှေတော်များဆိုက်ကပ်ရပ်နားရာ သိင်္ဂနဒီချောင်းရှိခဲ့ပါတယ်။  ရှေးရခိုင်ခေတ်မှာ ဆင်တပ်၊မြင်းတပ်များလည်း ရှိခဲ့ပြီး မြစ်ချောင်း ပေါများလှတာကြောင့် လှေကိုလည်း အများဆုံး အသုံးပြုခဲ့ကြဟန် ရှိပါတယ်။

တန်ခိုးထိန်တောက် ဘုန်းလျှံမှောက်ခဲ့စဉ်က မြောက်ဦးနန်းတော်ကို ပုံဖော်ရမည်ဆိုပါက ရတနာနန်းဆောင်တော်ကို နံရံကို ရွှေပြားများနဲ့တန်ဆာဆင်ထားပြီး မျက်နှာကျက်ပေါ်မှာ ရွှေနွယ်ပင်များ၊ ရွှေဘူးသီး၊ ရွှေဖရုံသီးများ ဖူးပွင့်နေဟန်ကို ရွှေစင်ရွှေသားများနဲ့ ပုံဖော်ထားခဲ့ပြီး အသီးအရွက်များကို ရတနာစိန်ကျောက်များဖြင့် စီခြယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဆောင်တော်တွင်း မှာလည်းသာမန်လူတစ်ယောက် အရွယ်အစားအတိုင်း  ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေရုပ်နှစ်ရုပ် ရှိခဲ့ကြောင်းဆိုပါတယ်။ နန်းတော်အိုးခေါင်စွန်းများတွင် မကန်းကွက်၊ ကြာမုံ၊ ကြာချပ်၊ ကိန္ဒရာ၊ နတ်သားရုပ်များ ၊ ဥဒေါင်းရုပ်များ၊ ဆည်းလည်းများ၊ ခြူးပန်းနွယ်များ၊ စိန်ပန်းများ၊ ကျေးငှက်သာရကာ ပျော်မြူးနေကြဟန် လက်ရာများ ရှိခဲ့ကြောင်းကို ရခိုင်စာဆိုများ ဖွဲ့ဆိုခဲ့သော ပိုဒ်စုံရတုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အေဒီ ၁၅၁၅ခုမှ စကာ ပေါ်တူဂီတို့နှင့် ကုန်သွယ်ရေကြောင်း အဆက်အသွယ်များ ရှိလာခဲ့ရာ ရခိုင်နန်းတော်ကြီးကို ရောက်ခဲ့ဖူးသည့် ပေါ်တူဂီဘုန်းတော်ကြီး မန်နရိတ်ကလည်း ရခိုင်ဘုရင်တို့ရဲ့ ရွှေနန်းတော်ခေါင်စွန်းကြီး ငါးစွန်းဟာ မိုးသို့ထိုးထွက်လျှက်ရှိနေပြီး ဖြောင့်တန်းရှည်လျားသည့် နန်းတော်ကြီးတွင် ရွှေရောင်နောက်ခံနှင့် ဟင်္သာပြဒါးအနီရောင်များ ခြယ်သထားသည်။ အမိုးကိုလည်း အရောင်များ ဝင်းလက်တောက်ပနေသည့် ရွှေပြားကြီးများဖြင့် မိုးထားပြီး နေရောင်အောက်မှာ ဖြိုးဖြိုးပြက်ပြက် ဝင်းလက် တောက်ပနေသည်ဟု သူ၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည် ဆိုပါသည်။ ပေါ်တူဂီတို့နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ပေါ်တူဂီတို့ဟာ မြို့ပြတည်ဆောက်ရေးနဲ့ စစ်ရေးများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရခိုင်ရေတပ်ကြီးသည် ဘင်္ဂလားပင်လယ်အော်တွင် ခေတ်မီရေတပ်ကြီး ဖြစ်ခဲ့ကြောင်း သိရပြီး ဘင်္ဂလားနယ်များကိုပင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရခိုင်ဘုရင်တို့ရဲ့ စစ်တပ်အတွင်းမှာပါ ပေါ်တူဂီစစ်သားများ ရှိခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်တွင် ဒတ်ခ်ျလူမျိုးတို့နဲ့ပါ အဆက်အသွယ်များ ရှိလာခဲ့ပြီး ကုန်သွယ်ကူးသန်းလာခဲ့ကြပါတယ်။ 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

တံတိုင်း သုံးခုကျော်ဖြတ်ပြီး နန်းတော်ကုန်းအပေါ်ကို တက်ရောက်ကြည့်ရှုတဲ့အခါမှာ အဆောင်ဆောင်အခန်းခန်း ဖွဲ့စည်းတည်ရှိခဲ့တဲ့ ခန်းဆောင်များရဲ့ နေရာဟောင်းများကို ကြီးကျယ်ခမ်းနားစွာ တွေ့မြင်နိုင်ပါတယ်။ အေဒီ ၁၄၃၀မှ ၁၇၈၄ထိ  မြောက်ဦးမြို့ကို စိုးစံခဲ့ကြတဲ့ မြောက်ဦးခေတ် ဘုရင်နန်းဆက်ဟာ ပထမမြောက်ဦးခေတ်မှာ မင်းဆက်၁၂ဆက်၊ ဒုတိယမြောက်ဦးခေတ်မှာ မင်းဆက် မင်းဆက် ၉ဆက်၊ တတိယမြောက်ဦးခေတ်မှာ မင်းဆက်ပေါင်း ၂၈ ဆက်ရှိတယ်လို့ ရခိုင်ရာဇဝင်များက ပြဆိုကြပါတယ်။ ၄င်းမင်းဆက်များထဲမှာ ဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ မင်းများ ပါဝင်ခဲ့ပြီး ရခိုင်ပြည်ကြီးကိုလည်း ကြီးကျယ် စည်ကားအောင် ကြံဆောင်နိုင်ခဲ့သလို ဘင်္ဂလား စစ်တကောင်းမြို့များကိုပါ အောင်နိုင်ခဲ့သူများ ပါဝင်ခဲ့ပါတယ်။  ဘင်္ဂေါ ၁၂ နယ် အထိ သိမ်းပိုက် အုပ် ချုပ် နိုင်ခဲ့ရာ စစ်တကောင်းဟာ ၁၆၆၆ ခုနှစ်တွင် မဂိုတို့ မသိမ်းပိုက်မီ ကာလအထိ ရခိုင်ဘုရင်များ ပိုင်နက်ထဲတွင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထို့ပြင် အနုပညာ၊ သမိုင်းလက်ရာ တန်ဖိုးများ ကြီးများလှတဲ့ ကိုးသောင်းဘုရား၊ ရှစ်သောင်းဘုရား (သျှစ်သောင်း)စတဲ့ စေတီပုထိုးကြီးများနဲ့ ဘုရားပေါင်းများစွာ တို့ကိုလည်း တည်ထားနိုင်ခဲ့ပါတယ်။ ရခိုင် မြောက်ဦးမြို့ရဲ့ နောက်ဆုံးမင်း ဖြစ်သူ   အေဒီ ၁၇၈၄ ခု၊ မဟာသမ္မတရာဇာမင်း လက်ထက်မှာ အမရပူရမြို့ နန်းစံ ဘိုးတော် ဗဒုံမင်းက လာရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှာ မြောက်ဦးနန်းဆက် ပျောက်ကွယ်သွားခဲ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မြို့ရိုးရဲ့ တစ်ဖက်မှာ ခုလို အပေါက်လေး တွေ့ခဲ့ရပါတယ်။ ဒီအပေါက်လေးဟာ နန်းတော်ကြီးရဲ့ အရေးပေါ်ထွက်ပေါက် သို့မဟုတ်လျှို့ဝှက်တံခါးပေါက်များ ဖြစ်လေမလားလို့ မှန်းဆကြည့်မိပါတယ်။

နန်းတော်ကုန်းပေါ်ကနေ မျှော်ကြည့်ရင် တောင်တန်းတောင်ကုန်းများပေါ်မှာ တည်ထားတဲ့ စေတီပုထိုး အမျိုးမျိုးကို စိတ်ကြည်နူးဖွယ် ဖူးတွေ့ရတာကလည်း ကြည်နူးစရာ လွမ်းဆွတ်စရာဖြစ်ပါတယ်။ နန်းတော်ကုန်းပေါ်က  ရတနာခန်းမဆောင်ရှိခဲ့ဖူးတဲ့ နေရာပေါ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ရှေးဟောင်း သုတေသနပြတိုက် တည်ရှိတာမို့ ပြတိုက်ထဲမှာပြသထားတဲ့ ရခိုင်ရှေးယဉ်ကျေးမှု လက်ရာများကို ဆက်လက် လေ့လာနိုင်ပါသေးတယ်။ ပြတိုက်ထဲမှာ တွေ့မြင်လေ့လာနိုင်တာကတော့ ရှေးရခိုင်တို့ရဲ့ ကျောက်ဆစ်လက်ရာ၊ မြောက်ဦးခေတ်လက်ရာ ကြွေထည်များ၊ ရှေးခေတ် အမြောက်များ၊ ရှေးခေတ် တူရိယာပစ္စည်းများ၊ ရှေးခေတ်စဉ့်ရည်သုတ်အိုးများ၊ ဝေသာလီခေတ်။ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဆင်းတုတော်များ၊ ရှေးရခိုင်ဒင်္ဂါးများ၊ အုတ်ခွက်ဘုရားများ၊ စသည့် ရှေးဟောင်းလက်ရာများကို လေ့လာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြတိုက် အတွင်းထဲကိုတော့ ဓာတ်ပုံရိုက်ခွင့် မပြုတာကြောင့် ဓာတ်ပုံများမရိုက်ဖြစ်ခဲ့ပါ။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

သုတေသနပြတိုက်ရဲ့ အရှေ့မျက်နှာစာပေါ်က ဆိုင်းဘုဒ်မှာတော့ 

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်

  • ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန်အလွန်အရေးကြီးသည်။ 
  • ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ် ထိမ်းသိမ်းစောင့်ရှောက်သွားရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည်ဆိုတဲ့ စာသားလေး ရှိပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဟရီတောင်ဘုရား 

နန်းတော်ဝင်းနှင့် ကပ်လျှက် ပေ ၇၀ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိပါတယ်။ ဓညဝတီခေတ် ဘုရင် သူရိယစက္က မင်းကြီး စတင်တည်ထားခဲ့ပြီး ရခိုင်ဘုရင်အဆက်ဆက် ပြုပြင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်၏ အရေပြားတော်ဓာတ်ကို ဌာပနာထားတာကြောင့် အရီတော်စေတီဟု ခေါ်ဆိုကြရမှ ဟရီဘုရား ဟု အမည်တွင်လာတယ်လို့ ဆိုပါတယ်။ ညနေစောင်းလျှင် မြောက်ဦးမြို့ရဲ့ ညနေခင်း ဆည်းဆာနေဝင်ချိန်ကို  နိုင်ငံခြားသားများ တက်ရောက်ကြည့်ရှုကြသည့်  နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 
Image Hosted by PicturePush - Photo Sharing

ဟရီဘုရားတောင်မှ မြင်တွေ့ရသည့် အဆောင်ဆောင် အခန်းခန်းများဖြင့့် လေးထောင့်ကျကျ  မြောက်ဦးနန်းတော်ဟောင်း

Image Hosted by PicturePush - Photo Sharing

နေဝင်ချိန်ကို စောင့်ကြည့်နေကြတဲ့ နိုင်ငံခြားသားတစ်စု

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဟရီတောင်ပေါ်မှ မြင်တွေ့ရတဲ့ အနောက်အရပ်က ဆည်းဆာ

Image Hosted by PicturePush - Photo Sharing

ဟရီတောင်ပေါ်မှ မြင်တွေ့ရတဲ့ အရှေ့ဖက်မြင်ကွင်းက ရွှေတောင်ဘုရားနဲ့  တောင်ပေါ်များဆီက စေတီပုထိုးများ 

Image Hosted by PicturePush - Photo Sharing

နန်းတော်ကုန်းပေါ်ကနေ ဖူးမြင်ရတဲ့ ရွှေတောင်ဘုရား

မြောက်ဦးမြို့မှာတော့ အမြင့်ဆုံးတောင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။  မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်က ၁၄၃၀ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရှေးဟောင်းမြေကတုတ်ကျင်းများကို တွေ့နိုင်ပြီး ၄င်းရွှေတောင်အနီးမှာ ပုဏ္ဍားတောင်ခံတပ်နှင့် မြတောင်ခံတပ်များရှိပြီး အင်္ဂလိပ်တို့ကို ၄င်းနေရာများမှ ခုခံတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ဟာ ဘုရားစေတီ ပုထိုးများ ပေါများလှပြီး ဘာသာ သာသနာ ထွန်းပြောင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ရခိုင်သမိုင်းကြောင်းဟာ ရှည်လျားလှတဲ့အပြင် မြို့ပြနိုင်ငံများ၊ ယဉ်ကျေးမှု အနုပညာများ အလွန် စောစီးစွာ ပေါ်ပေါက်လာတာမို့ နှောင်းခေတ်လူများအနေနဲ့ ရှေးခေတ် ယဉ်ကျေးမှု အနုပညာလက်ရာမများကို လေ့လာစရာ ပေါများလှတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ သမိုင်းဝင် နေရာများစွာနဲ့ ခံတပ်များ၊ ရေကန်များ၊ နန်းမြို့ရိုးများ၊ ရှေးဟောင်း အနုပညာ လက်ရာများ၊ စေတီဘုရားများ တည်ရှိဆဲ ဖြစ်တာကြောင့် ရှေးဟောင်းအနုပညာကို လေ့လာလိုကြတဲ့ နိုင်ငံခြားသားများလည်း အကြိုက်တွေ့တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ နောက်ပိုစ့်တွေမှာ မြောက်ဦးမြို့ရဲ့ သာယာလှပတဲ့ ရှုခင်းများနဲ့ စေတီပုထိုးကြီးများအကြောင်း ဆက်လက်ဖော်ပြပါဦးမယ်ရှင်.. အခုပိုစ့်ထဲမှာ အချက်အလက်များ လွဲချော်၊ မှားယွင်းတာမျိုး ရှိခဲ့ပါက ကျွန်မရဲ့ ချို့ယွင်းအားနည်းချက်သာ ဖြစ်ပါကြောင်းနဲ့ အချိန်တိုတွင်းမှာ ရောက်ခဲ့ရတာကြောင့် အမှားများကို ခွင့်လွှတ်ပေးကြဖို့ ပန်ကြားလိုပါတယ်။

အားလုံးအတွက် ကြည်လင်သာယာသော နေ့များဖြစ်ပါစေ.. 




ကိုးကား စာတမ်း၊ စာအုပ်များ။     ။ မျှားအောင်၏ သမိုင်းထဲမှ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်

                               မင်းပြားသိန်းဇံ၏ ရခိုင်ညွှန့်ဖူး မြို့မြောက်ဦး၏ သုတရတနာများ
                               ၂၀၁၁ ဒီဇင်ဘာထုတ် ရခိုင်မဂ္ဂဇင်း
                                 ဦးမြင့်သိန်း( ညွှန်ကြားရေးမှူး ၊ သမိုင်းသုတေသနဦးစီးဌာန)
                               ၂၀၀၉ ခုနှစ် ၊ မတ်လ ၉ရက် ( မျက်မှောက်ခေတ်နိုင်ငံတကာ ဆက်ဆံရေးနှင့် မြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲ)