စတော်ဘယ်ရီ ပုဇွန်ကီဝီကြော်


ဒီနေ့က ပြာသိုလပြည့် အမေများနေ့ပါတဲ့ရှင်။ ကျွန်မ ချစ်ခင်ရပါသော ကျွန်မရဲ့အမေနဲ့တကွ ကမ္ဘာကြီးပေါ်က သားသမီးတိုင်းရဲ့ အမေတွေအားလုံးအတွက် ဟင်းလေးတစ်ခွက် ချက်ချင်ပါတယ်။ ကျွန်မ အမေဟာ အသီးအနှံကို အလွန်ကြိုက်သူပါ။ အသားငါးကို သိပ်မကြိုက်တတ်သူဖြစ်ပြီး အခြားဟင်းတွေမလိုဘဲ သရက်သီး၊ နာနတ်သီး ၊ ငှက်ပျောသီးလေးတွေနဲ့တောင် ထမင်းစားတတ်သူ ဖြစ်ပါတယ်။  အမေတွေကို ကျွန်မအနေနဲ့ စာနဲ့ရေးပြီး ဂုဏ်ပြုချင်ပေမဲ့ စာတွေအများကြီး မရေးဖြစ်သေးလို့ ဒီဟင်းလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်နော်။ ဆောင်းရာသီနဲ့လည်း လိုက်ဖက်အောင် ခုရာသီမှာ ပေါနေပြီဖြစ်တဲ့ စတော်ဘယ်ရီသီးလေးတွေရယ် ကီဝီသီးရယ်ကို အသုံးပြုပြီး ဟင်းတစ်ခွက် ဖန်တီးကြည့်လိုက်ပါတယ်။ အသီးအနှံကြိုက်တဲ့  ကျွန်မအမေကလည်း ဒီဟင်းလေးကို သဘောကျမယ် ထင်ပါတယ်။ ကျွန်မနေတဲ့မြို့ကလေးမှာလည်း စတော်ဘယ်ရီသီးတွေ သိပ်ပေါနေပါပြီ။  စတော်ဘယ်ရီသီးဟာ အများအားဖြင့်တော့ အသီးသက်သက် စားတာနဲ့ ဖျော်ရည်အဖြစ်ရယ်၊ မုန့်တွေမှာရယ် အသုံးပြုကြတာ များပါတယ်။ ဟင်းအဖြစ် စားကြတာမျိုး သိပ်မတွေ့ရပါဘူး ။ ဒါပေမဲ့လည်း သူ့ကို ဟင်းအဖြစ် စားသောက်တဲ့အခါမှာလည်း အရသာ အလွန်ကောင်းတာကို တွေ့ရပါတယ်။ ကီဝီသီးကိုလည်း ဒီအတိုင်းစားရင် သူ့အရသာကို ကျွန်မက သိပ်မကြိုက်လှပါဘူး.။ သို့ပေမဲ့ ဟင်းဖြစ်သွားတဲ့ အခါမှာတော့ သူလည်း အရသာ အတော်ကောင်းတာကို တွေ့ရပါတယ်။ ကီဝီသီးရယ် စတော်ဘယ်ရီကို ဘယ်လိုများ ဟင်းချက်မလဲဆိုတော့.....


Image Hosted by PicturePush - Photo Sharing

စတော်ဘယ်ရီနဲ့ကီဝီသီးများကို ရေဆေးပြီး ကီဝီသီးကို အခွံနွာပါတယ်။ ဟင်းချက်နဲ့ ကီဝီသီးဟာ မှည့်ပြီး ပျော့အိနေတဲ့ အသီးမျိုးမဟုတ်ဘဲ မပျော့မအိတဲ့ ခပ်မာမာ အသီးကို အသုံးပြုဖို့ လိုပါတယ်။

Image Hosted by PicturePush - Photo Sharing

စတော်ဘယ်ရီနဲ့ ကီဝီသီးများကို အနေတော် အတုံးလေးတွေ တုံးပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ပုဇွန်တစ်ချို့ကို ရေဆေး အကြောဖယ်ပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ် ထည့် ပြီးနယ်ထားပါတယ်။  

Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို ခပ်ကြမ်းကြမ်းလေး တောက်တောက်စင်းထားပါတယ်။ ငရုပ်သီး အနည်းငယ် ထည့်ပါမယ်။


Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ ကြက်သွန်နီကို ဆီသတ်ပါတယ်။ အရောင်များ မထည့်ပါ။ 

Image Hosted by PicturePush - Photo Sharing

ထို့နောက် ပုဇွန်များကို ထည့်လိုက်ပါတယ်။ ပုဇွန်ကျက်လောက်တဲ့ထိ ကြော်ပါတယ်

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကော်မှုန့် အနည်းငယ်၊ ရေအနည်းငယ်၊ ဆား၊ အသားမှုန့်၊ ပဲငံပြာရည် အကြည်၊ ရှာလကာရည်၊ နှမ်းဆီမွှေး၊ သကြားအနည်းငယ် တို့ရောမွှေထားတဲ့ အရောအနှောပါ။ 

Image Hosted by PicturePush - Photo Sharing

အထက်က အရည်ကို ပုဇွန်အိုးထဲ လောင်းချပြီး မွှေလိုက်ပါတယ်။ ကော်ရည်တွေ ခပ်ပစ်ပစ် ဖြစ်လာအောင် ခဏ မွှေပေးပါတယ်။

Image Hosted by PicturePush - Photo Sharing


ထို့နောက် ကီဝီသီး၊ စတော်ဘယ်ရီသီးနဲ့ ငရုပ်သီးတို့ကို ထည့်လိုက်ပြီး မွှေလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

အသီးများကို ထည့်ပြီး တာနဲ့  မွှေလိုက်ပါတယ်။ ထို့နောက် အရသာ အပေါ့အငံမြည်းပြီး မိမိနှစ်သက်တဲ့ အရသာဖြစ်အောင် လိုအပ်တာတွေ ထပ်ထည့်ပြီးတာနဲ့ ကြက်သွန်မြိတ်လေး အနေတော်လှီးထားတာကို ခတ်ပြီး ချဖို့ပြင်ပါတယ်။ မီးပေါ် အချိန်ကြာကြာ မထားရပါဘူး။ ကီဝီသီးနဲ့ စတော်ဘယ်ရီတွေဟာ အပူချိန် ပြင်းရင် ချက်ခြင်း ပျော့အိသွားတတ်တာကြောင့် အမြင်လည်း မလှ အရသာလည်း ပျက်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီအသီးတွေကို အိုးထဲထည့်ပြီးတာနဲ့ ချက်ခြင်းဘဲ ခူးခတ်ဖို့ ပြင်ဆင်ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ချက်ခြင်း ခူးလိုက်တော့ အသီးရဲ့ မူလ အရသာလည်း မပျက်၊ ပုဇွန်ရဲ့ အရသာနဲ့ပါ ရောစပ်ပြီး အရသာ တစ်မျိုးထူးတဲ့  ပုဇွန်ရယ် စတော်ဘယ်ရီရယ် ကီဝီသီးရယ်ကို ချိုချဉ်လေး ကြော်ထားတာပါ။ 

Image Hosted by PicturePush - Photo Sharing

ဟင်းရဲ့ အရသာက တကယ်ကောင်းပါတယ်။ ထမင်းလည်း မြိန်စေပါတယ်။ (မယုံရင် ချက်စားကြည့်ပါ) :P:P

ကျွန်မချစ်သော အမေနဲ့တကွ ကမ္ဘာပေါ်က မိခင်များအားလုံး ကိုယ်ရောစိတ်ပါ ပျော်ရွှင်ကျန်းမာပြီး နေ့ရက်တိုင်း စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။ 

အားလုံးလည်း စိတ်ချမ်းသာကြပါစေနော်. 


ချစ်ခင်စွာ