တစ်ခါတစ်ခေါက်မှ မရောက်ဖြစ်သေးတဲ့ ချင်းပြည်နယ်ကို ရောက်ဖူးချင်နေခဲ့တာ ကြာပါပြီ။ ခရီးထွက်တယ် ဆိုတာကလည်း ကိုယ် တစ်ခါမှ မရောက်ဖူးသေးတဲ့အရပ် ဆိုရင် ဒေသခံ မိတ်ဆွေ သူငယ်ချင်းတွေရှိမှ အဆင်ပြေတတ်တာ ဆိုတော့ ချင်းပြည်လိုနေရာမှာ မိတ်ဆွေသူငယ်ချင်းက မရှိလေတော့ တော်ရုံနဲ့ မရောက်ဖြစ်ခဲ့။ ဒီတစ်ခေါက်တော့ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံး (မြန်မာပြည်မှာတော့ တတိယ အမြင့်ဆုံးလို့ ဆိုကြတဲ့) ဖြစ်တဲ့ ပေ၁၀၅၀၀မြင့်တဲ့ ဝိတိုရိယတောင် (ခေါ်)ချင်းအခေါ် ခေါ်နုသုမ် (မြန်မာလိုတော့ တောင်တို့ရဲ့ မိခင်တဲ့) ၊ နတ်မတောင် လို့ အခုတော့ လူသိများတဲ့ တောင်ပေါ်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးကို သွားဖြစ်ခဲ့တာကတော့ အားလပ်ရက်နဲ့ ချိန်ပြီး ဘယ်တွေ ခရီးထွက်ရမလဲ စဉ်းစားနေတုန်းမှာ ဖေစ့်ဘွတ်ပေါ်ကနေ Tango Tour ရဲ့ ချင်းပြည်နယ် ခရီးစဉ် ကြော်ငြာလေးတွေ့ပြီး သိပ်ကို စိတ်ဝင်စားမိတာနဲ့ ဆက်သွယ်ပြီး သွားဖြစ်ခဲ့တာပါ။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ချင်းပြည်နယ်လဲ ဖြစ်တယ်။ တောင်လဲ တက်ရမယ်၊ တောင်ဇလပ် ပန်းတွေကိုလဲ မြင်ရမယ်၊ ထင်းရှူးပင် လှလှတွေလဲ တွေ့ရမယ် ၊ တောင်တွေကြားက ချင်းရွာလေးတွေ ဆီလည်း ရောက်မယ် ဆိုတော့ သိပ်ကို ပျော်ရွှင် စိတ်လှုပ်ရှားမိပါတယ်။ ဟုတ်တယ်လေ… ကျွန်မ အနေနဲ့ တောင်ဇလပ်ပန်းဆိုတာကို ပုံတွေထဲမှာသာ မြင်ဖူးပေမဲ့ အပြင်မှာ တခါမှ မမြင်ဖူးသေးတော့ သိပ်မြင်ဖူးချင် နေခဲ့တာ။ ပြီးတော့လည်း ဒီပန်း ဆိုတာက နေရာ တကာ ပေါက်တာမျိုး မဟုတ်ပဲ အမြင့်ပေ ၅၀၀၀ ကျော် ရှိတဲ့ တောင်တွေပေါ်မှာမှ ပေါက်တာ ဆိုတော့လဲ ကိုယ်ရှိတဲ့နေရာမှာ သူကမရှိတော့ သူရှိရာ တောင်ပေါ်ဆီကို ကိုယ်က လိုက်သွားရတော့တာပေါ့။

တောင်ဇလပ်နီနီ
![]() |
Tango Tour ရဲ့ကြော်ငြာ
|
Tangoရဲ့FB စာမျက်နှာ
ခရီးစဉ်အစက ရန်ကုန်ကနေ စတာဖြစ်ပေမဲ့လို့ ကိုယ်က ရန်ကုန်ထိ ကားသွားမစီးတော့ပဲ လမ်းတစ်ဝက်ကနေ ဖြတ်စီးဖို့ ကြံစည်ပြီး မိတ္ထီလာနားက ကားရပ်နားစခန်းမှာပဲ ရန်ကုန်က တက်လာမဲ့ ကားကို စောင့်ပြီး စီးဖြစ်ပါတယ်။ ကားက ည ၁နာရီလောက် ရောက်လာပါတယ်။ ကားပေါ်တက်ပြီး
ခရီးဆက်ခဲ့ရာမှာ ချောက်- ပွင့်ဖြူ- ဆောမြို့တွေကိုဖြတ်လို့ နတ်မတောင်နဲ့ နီးရာ
ကန်ပက်လက် မြို့လေးဆီ မနက်ပိုင်း ၁၁နာရီလောက် ဆို ရောက်ပါတော့တယ်။
တောင်ပေါ်ရာသီဥတုကတော့ အေးမြမြနဲ့ နေလို့ကောင်းလှပါတယ်။ တောင်စောင်းတွေမှာ
တည်ထားတဲ့ ကန်ပက်လက် မြို့လေးထဲ ဝင်လာပေမဲ့ ကားက ရပ်မသွားပဲ လမ်းခပ်ကျဉ်းကျဉ်း
တောင်တက်လမ်း အတိုင်း ဆက်တက်ခဲ့ရာမှာ ပေ၆၀၀၀မှာ တည်ရှိပါတယ်ဆိုတဲ့ Pine Wood Villa
ကို ရောက်ရှိ ပါတော့တယ်။ ကန်ပက်လက်မြို့ကတော့ ပင်လယ်ရေပြင်ထက် အမြင့်ပေ ၄၅၆၀
ရှိပါတယ်တဲ့။ ဆိုတော့ ကန်ပက်လက်မြို့ တည်ရှိရာထက် Pine Wood Villa က ပေ ၁၅၀၀လောက်
ပိုမြင့်ပါတယ်။ ဒီဟိုတယ်လေးက ကျွန်မတို့ တည်းခိုဖို့ Tango Tour က စီစဉ်ထားပေးတဲ့ ဟိုတယ်လေးပါ။ ဟိုတယ်ရောက်လို့ ကားပေါ်က ဆင်းလိုက်တာနဲ့ နံမည်နဲ့ လိုက်ဖက်အောင်ပဲ
ထင်းရှူးပင်တွေ ပတ်လည်ဝိုင်းနေပြီး အနောက်ဖက် တောင်စောင်းလေးတွေမှာတော့ ထင်းရှူးသားတွေနဲ့
ဆောက်ထားတဲ့ ချစ်စရာ ဘန်ဂလိုလေးတွေရှိပါတယ်။ ပြီးတော့ ကျွန်မ သိပ်ကိုမြင်ဖူးချင်ပါတယ်တဲ့
ဆိုတဲ့ တောင်ဇလပ်ပန်း နီနီလေးတွေဟာ Pine Wood Villa ရဲ့ အရှေ့မျက်နှာစာမှာရယ်၊
ဘန်ဂလိုလေးတွေ အနားမှာပွင့်နေတော့တာပါပဲ။ တောင်ဇလပ်နီနီတွေကို တွေ့လိုက်ရရင်ပဲ ပျော်လွန်းလို့ အသံထွက်ပြီးတောင်
ရေရွတ်မိတဲ့အထိ။ ဘယ်လောက်များ ချစ်စရာ ကောင်းတဲ့ တောင်ဇလပ်ပန်းလေးတွေလဲ။
Pine Wood Villaအဝင်
Pine Wood Villa အကြောင်းကိုတော့
နောက်များမှ သီးသန့်စာတစ်ပုဒ်လောက် ရေးဖြစ်မယ် ထင်ပါတယ်။
ဟိုတယ်မှာ တစ်ညအိပ်ပြီးလို့ နောက်နေ့မနက်မှာ တောင်တက်ကြဖို့အတွက် မနက်စာ စောစောစားကြပါတယ်။ တောင်ပေါ်မှာ နေ့လည်စာ စားဖို့အတွက်တော့ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော် စသဖြင့် မိမိနှစ်သက်ရာကို ညကတည်းက စာရင်းပေး မှာယူနိုင်ပြီး မှာထားတဲ့အတိုင်း ဖော့ဗူးလေးတွေနဲ့ တစ်ယောက်တစ်ထုပ်စီ ထုပ်ပေးထားပါတယ်။ မိမိရိက္ခာကို မိမိသယ်ပိုးရမှာ ဖြစ်ပါတယ်။ ရေတစ်ဗူးရယ်၊ ကြာဆန်ကြော် တစ်ထုပ်ရယ်၊ ကင်မရာ ၊ လဲန်းစ် စတဲ့ ကိုယ်ပိုင် လက်နက်တွေရယ်ကို ကျောပိုးအိပ်ထဲ ထည့်ပြီး တောင်တက်ခရီးကို စတင်ဖို့ ထွက်ခဲ့ပါတယ်။ ဝိတိုရိယတောင် လို့ ခေါ်တဲ့ နတ်မတောင် အတက် လမ်းဟာ ခုဆိုရင် ကားလမ်းတွေ ပေါက်နေပြီဖြစ်လို့ ကားနဲ့လည်း တက်နိုင်ပြီ ဖြစ်ပါတယ်။ ကျွန်မတို့ အဖွဲ့တွေ ကတော့ ဟိုတယ်ကနေ တောင်ခြေ ၁၀မိုင်ခန့်အထိကို ကားနဲ့ တက်ခဲ့ကြပြီး နောက်ထပ် ကျန်နေသေးတဲ့ ၃မိုင်ကျော်ကိုတော့ ခြေလျှင် တက်ကြမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကား ဆိုရင်တော့ တောင်ထိပ်ထိ ကားနဲ့ တက်နိုင် ပါတယ်။ ကားကြီးတွေကတော့ တက်လို့မရပါဘူး။ တောင်တက်တဲ့သူတွေ များရင် ဆိုင်ကယ်ကယ်ရီသမားလေးတွေ ရှိနေတတ်ပြီး တစ်ချို့ကတော့ ဆိုင်ကယ်နဲ့ တောင်ထိပ်ထိ တက်ကြပါတယ်။ လမ်းတစ်လျှောက် ဓာတ်ပုံရိုက်ချင်တာရယ်၊ သဘာဝ အလှတွေကို အေးအေးဆေးဆေး ခံစားချင်တာရယ်၊ ကိုယ်တိုင် ခြေလျှင်တက်ချင်တာရယ်ကြောင့် အတက်ရော၊ အဆင်းရောကို ခြေလျှင်ပဲ တက်ဆင်း ဖြစ်ခဲ့ပါတယ်။
ခြေလျှင် စတက်တဲ့ နေရာပါ။ ဒီနေရာမှာတော့ အမြင့်ပေ ၁၀၂၀၀ လို့ ရေးထား aပမဲ့ တောင်ပေါ် ရောက်ပြန်တော့ ပေ ၁၀၅၀၀ ဆိုပြီး ရေးထားပါတယ် ။ အပေါ်နဲ့အောက် ၃မိုင်ကွာဝေးတော့ အချိတ်အဆက် နည်းနည်း လွှဲသွားပုံရပါတယ် :)
အတူသွားခဲ့သူအချို့နှင့် အမှတ်တရ (ဒီပုံကိုတော့ Tango Tour ရဲ့ page ကနေ ယူလာတာပါ) :)
လမ်းတစ်လျှောက် ဓာတ်ပုံတွေရိုက်လိုက်၊ ရှူခင်းတွေ
ထိုင်ငေးလိုက်နဲ့ မောလို့ မောမှန်း မသိအောင်ပါပဲ။ အထပ်ထပ် ရှိနေတဲ့ တောင်အသွယ်သွယ်၊ အနိမ့်အမြင့် မညီမညာ တောင်စဉ်တောင်တန်းကြီးတွေ၊ တောင်တန်းတွေကြားက ကွေ့ကွေ့ ကောက်ကောက် လမ်းကလေးတွေ၊
အစုလိုက် ပေါက်နေတဲ့ ထင်းရှုးပင်တွေ၊ နှစ်တမ်း ရှည်ကြာလှပြီဖြစ်တဲ့ ဝက်သစ်ချပင်ကြီးတွေ၊ တစ်ချို့လဲ ပင်လုံးကျွတ်၊ အချို့လည်း
အပွင့်ခပ်ကြဲကြဲ ပွင့်နေကြတဲ့ တောင်ဇလပ်တွေဟာ လှပလွန်းတဲ့ တကယ့် သဘာဝ
ပန်းချီကားတွေပါပဲ။ လျှောက်နေတဲ့ လမ်း၂ဖက်လုံးမှာ တောင်ဇလပ်တွေ ပွင့်နေတာဟာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုကို ရောက်သွားသလို ခံစားရစေပါတယ်။ ခုချိန်မှာ မျက်စိလေးမှိတ်လို့ ပြန်စဉ်းစားလိုက်ရင်တော့
အဲဒီမြင်ကွင်းလေးတွေက မျက်စိထဲမှာ ပြန်မြင်ယောင်လို့ လာပါတယ်။ တောင်တက်လမ်း တစ်လျှောက်မှာ လှပပြီး ပုံသဏ္ဍာန် အမျိုးမျိုးဖြစ်နေတဲ့ ထင်းရှူးပင်ကြီးတွေ၊ ရဲရဲနီအောင် ပွင့်ဝေနေတဲ့ တောင်ဇလပ်ပန်းပင်တွေရယ်ဟာ တကယ်ကို ရှုမဆုံးနိုင်လောက်အောင်ပါပဲ။ တဖြေးဖြေးနဲ့ တောင်ထိပ် ရောက်ခါနီးလာလေ ထင်းရှူးပင်တွေ ကျဲပါးလာပြီး တောင်ဇလပ်ပန်းပင်တွေကိုသာ ပိုလို့ တွေ့ရပါတော့တယ်။နတ်မတောင်ဟာ ဘယ်လောက်တောင် လှတယ်ဆိုတာ အောက်က ပုံလေးတွေကိုသာ ကြည့်ကြပါတော့နော်။
လမ်းတစ်လျှောက်မှာ တောင်ဇလပ်ပန်းတွေကို ငေးမောနိုင်တယ်။ သစ်ရွက်လေတိုးသံတွေကိုလည်း ကြားရနိုင်တယ်။ ကျေးငှက်ကလေးတွေရဲ့ သီကျူးသံလေးတွေကိုလည်း နားဆင်ရနိုင်ပါတယ်။
တောင်စောင်းတစ်ခုလုံး တောင်ဇလပ်တွေ ၊ ခပ်ဝေးဝေးမှာတော့ ပြာရီမှိုင်းနေတဲ့ ချင်းတောင်တန်းတွေ
တောင်ထိပ်ရောက်ခါနီးလာတဲ့အခါ လေကလည်း ခပ်ပြင်းပြင်းတိုက်ပါတယ်။ လေတိုက်တော့ ကိုယ့်ခေါင်းပေါ်မှာ တိမ်ဖြူဖြူတွေ လျင်လျင်မြန်မြန်ပြေးလွှား ရွေးလျားနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ တောင်ဇလပ် နီနီတွေကြားက မြင်ရတဲ့ တိမ်တွေရဲ့ ပြေးပွဲလို့တောင် ဆိုချင်ပါတယ်။
ဒီနေရာလေးကတော့ တောင်စောင်းတလျှောက်လုံး တောင်ဇလပ်ပင်တွေချည်းဖြစ်နေတော့ ဓာတ်ပုံရိုက်လို့ အရမ်းကို လှတာပါပဲ။
တောင်စောင်းအောက်နား ဆင်းရိုက်ရတော့ လိမ့်မကျအောင် သတိထားပြီး သစ်လုံးလေး ခြေကန်လို့ ဒီလိုလေး ရိုက်ခဲ့ရပါတယ်။ (ဒီပုံကတော့ ကျွန်မ ဓာတ်ပုံရိုက်နေတုန်းမှာ Tango Tour က မောင်ငယ်တစ်ယောက်က အမှတ်တရ ရိုက်ထားပေးတာပါ)
တစ်ပင်လုံး ပွင့်နေတဲ့ တောင်ဇလပ်ပင်လေး
တောင်ပေါ်က ပြန်ဆင်းလာသူတွေနဲ့ အတက်သမားတို့ ဆုံကြပါတယ်။ ဆင်းလာသူကို တက်နေတဲ့သူတွေက ဝေးသေးလား နီးပြီလား၊ ရောက်တော့မှာလားလို့ မေးကြမြန်းကြပေါ့။
နတ်မတောင်ဟာ ၁၂နဲ့ ၁လပိုင်းတို့မှာတော့ ချယ်ရီတွေ တစ်တောင်လုံး ပွင့်ဝေတတ်ပြီး ၁လ၊ ၂လနဲ့ ၃လပိုင်းတို့မှာတော့ ခုလို တောင်ဇလပ်တွေ ပွင့်တဲ့အချိန် ဖြစ်ပါတယ်။ ၄လနဲ့ ၅လပိုင်းမှာတော့ သစ်ခွတွေ ပွင့်ချိန်ဖြစ်လို့ တောင်ပေါ်က သစ်ပင်တွေပေါ်မှာ သစ်ခွမျိုးစုံ ၊ အရောင်စုံကို တွေ့ရတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှားပါးငှက်တွေ၊ လှပတဲ့ ငှက်တွေကိုလည်း သေချာကြည့်မယ်ဆိုရင် သစ်ပင်တွေပေါ်မှာ မြူးပျော်နေကြတာကို တွေ့နိုင်ပါသေးတယ်။ ဒါကြောင့်လည်း ငှက်ဝါသနာရှင်များလည်း နတ်မတောင်ကို လာရောက်တတ်ကြပါတယ်။ တောင်တက်လမ်း တစ်လျှောက်မှာ နိုင်ငံစုံက နိုင်ငံခြားသားတွေလည်း အုပ်စုလိုက် တက်နေတာ တွေ့ရပါတယ်။ သူတို့တွေဟာ တောတောင်ရေမြေ သဘာဝတရားရဲ့ အလှအပတွေကို ခံစားလေ့လာဖို့ တကူးတက ရောက်ရှိလာကြသူတွေပါ။ တစ်ချို့ဆို တောင်ထိပ်မှာ ညအိပ်ကြပါတယ်။ ပေ၁၀၅၀၀ အမြင့်ရှိတဲ့ တောင်ထိပ်ကို ရောက်သွားတဲ့အခါမှာ တောင်ထိပ်မှာ ဘာတွေရှိတယ် ၊ ဘာတွေ တွေ့ရမယ် ဆိုတာကိုတော့ နောက်ထပ် ပိုစ့်တွေမှာ ဆက်ပြီး ဖော်ပြ ပေးသွားပါမယ်နော်။ ဒီဘလောဂ့်မှာ စာမတင်ဖြစ်တာ လာမဲ့ ဧပြီဆို တစ်နှစ်ပြည့်တော့ပါမယ်။ ဘလောဂ့်လေးမှာ စာတွေရေးဖို့ သတိတရ လာပြောတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူး အထူးတင်ပါတယ်။
6 Responses to “တောင်ဇလပ်ပန်းတို့ လန်းရာမြေ ”
မချောရေ..ပျောက်နေတာ တစ်နှစ်တောင်ကြာလို့  နေကောင်းတယ်ဟုတ်...နတ်မတောင် ခရီးလေးက သာယာလိုက်တာ..တောင်ဇလပ်ပန်းနီနီတွေကလည်း လှမှလှ...မြန်မာပြည်ကို အလည်ပြန်ရင် ချင်းတောင်ကို သွားလည်ချင်သေးတယ်...အသေးစိတ် တင်ပေးတဲ့အတွက် ကျေးဇူး...နောက်အပိုင်းတွေလည်း မျှော်နေတယ်နော်
ချောရေ..
စာတွေပြန်ရေးပါ..အမြဲမျှော်နေတယ်။
နတ်မတောင်ကို အလုပ်နဲ့ ရော အပန်းဖြေရောလေးငါးခေါက်သွားခဲ့ဘူးတယ်။
ကိုယ်တို့ ငှက်သမားတွေရဲ့ ဖေးဖရိတ်နေရာပေါ့။
မိုးများရွာလို့ ကတော့အေးသလားမမေးနဲ့ ချောရေ။
ကိုယ်တို့ တောင်ထိပ်မှာစခန်းချပြီးတင့်ထိုးအိပ်ခဲ့ကြသေးတယ်။
ဓါတ်ပုံလေးတွေလည်းလှတယ်။
စားစရာလေးတွေလည်းတင်ပါအုန်း။
အိုင်အိုရာ
ဓာတ်ပုံတွေက လှလိုက်တာ အစ်မရယ်။ အရမ်းသွားချင်သွားပြီ.... အခွင့်ရရင်တော့ သွားအုံးမှ...
ပိုစ့်က တစ်ချို့စာပိုဒ်တွေက ဘာလို့လဲ မသိဘူး စာလုံးအမှန်မပေါ်ဘူး။ တချို့စာပိုဒ်တွေကျတော့ပေါ်တယ်. unicode နဲ့ ရေးထားလို့လား? ပေါ်တဲ့ စာပိုဒ်တွေကျတော့ zawgyi font နဲ့ပဲတူပါတယ်... အဲဒါလေး လုပ်လို့ရရင်လုပ်ပေးပါအုံး.. စိတ်ဝင်စားလို့ ဖတ်ချင်တယ်။
ပစ်လည်းသွားချင်လိုက်တာ မကြီးရယ်..
မင်္ဂလာပါ...
သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....
Sun Thit: http://www.sunthit.com/
အားလုံးကိုဖိတ်ခေါ်ပါတယ်..
ကျေးဇူးပါ..
ချောရေပုံလေးတွေ လှလိုက်တာ ပိုစ့်တွေမတက်ဘူးထင်နေတာ ဆိုဒ်ပြောင်းထားတော့ ပျက်နေတာကိုး
ခုမှ သူများမှာတွေ့လို့ဝင်ကြည့်လိုက်တာ ပြန်ချိပ်ထားပြီချောရေ ပုံလှလှလေးတွေ မကြည့်ရတာ ကြာနေပြီ ...
Post a Comment