အလှနတ်သမီးလေး မလိခ...



ပူတာအိုကနေ ဆယ်မိုင်ကျော်ဝေးတဲ့ ရွာကလေးကနေတစ်ဆင့် စက်လှေစီးပြီး နတ်ကျွန်းဆီ သွားတဲ့ခရီးဟာ မလိခမြစ်ရဲ့ အလှကို ရင်သပ်ရှုမော တွေ့ရတဲ့ ခရီးတစ်ခုပါပဲ။ ကမ်းစပ်ဘေး၂ဘက်မှာ ကြီးမားလှတဲ့ ကျောက်စိုင် ကျောက်သားကြီးတွေ စီရရီ ရှိနေပြီး နှစ်ပေါင်းများစွာ ရေတိုက်စားခံရတော့ နဂိုမူလ ကျောက်ဆောင်ကြီးကနေ ပုံသဏ္ဍန်အမျိုးမျိုးသော ကျောက်တုံးတွေ ဖြစ်လာရတော့တာပါပဲ။ ဒါကိုကြည့်ပြီး မိုးတွင်းဆိုရင်တော့ မလိခမြစ်ရေဟာ ရေစီးဘယ်လောက် သန်မယ်ဆိုတာ ခန့်မှန်းကြည့်မိတယ်။ အချို့နေရာတွေမှာ မြစ်ရေဟာ ရုတ်တရက် နိမ့်ကျသွားတော့ လှိုင်းတွေအလိပ်လိုက် ထအောင် ရေစီးက ကြမ်းတမ်းလှတာကြောင့် စက်လှေစီးရတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလှတယ်။ စက်လှေမောင်းတဲ့သူတွေသာ မကျွမ်းကျင်ရင် မြစ်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ စက်လှေနဲ့ ဝင်ဆောင့်မိလောက်တယ်။ ဒါပေမဲ့ စက်လှေမောင်းသူတွေရဲ့ မျက်နှာကိုကြည့်တော့ အေးအေးဆေးဆေးပါပဲ။ မောင်းလာတာ ကြာလှပြီမို့ အတွေ့အကြုံ ရင့်ကျက်ပြီး ကျွမ်းကျင်နေဟန်ရှိတယ်။










နတ်သမီးလေးတစ်ပါးလို့တောင် တင်စားလို့ရအောင် လှပတဲ့ မြစ်တစ်စင်းဟာ မလိခမြစ်ပါပဲ။ အောက်ခံကျောက်တုံးကျောက်ခဲတွေကို အတိုင်းသား မြင်နေရပြီး ကြည်လင်ပြာလဲ့နေတာများဆို ရေထဲ ငုံ့ကြည့်ရင် ကိုယ့်မျက်နှာကိုယ်တောင် ရှင်းလင်းပြတ်သားစွာ မြင်နေရတယ်။ ရေက ကြည်လင်လွန်းတော့ ကောင်းကင်ပြာပြာအောက်မှာဆိုရင် ရေအပြင်က ပြာလဲ့နေပြီး ကမ်းစပ်က တောအုပ်စိမ်းစိမ်းတွေ ရှိတဲ့နေရာဆိုရင် မြစ်ရေက စိမ်းရင့်ညိုမှောင်လို့ နေပြန်တယ်။ ရေကသိပ်ကြည်လွန်းတော့ ပတ်ဝန်းကျင်ရဲ့ အရောင်ကိုလိုက်ပြီး မြစ်ရေအရောင်က လိုက်ပြောင်းလဲတယ်။








မြစ်တွေကို လိင်အမျိုးအစား ခွဲခြားလို့ ရသလားလို့ မေးရင်တော့ အင်္ဂလိပ်စာ အသုံးအနှုန်းမှာလည်း မြစ်ကို ရေးတဲ့အခါမှာ She လို့ သုံးကြတယ်။ ကျွန်မတို့ မြန်မာပြည်မှာလည်း မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်။ ရာဇဝင်ထဲက သတို့သမီး ဆိုတဲ့ ထူးအိမ်သင် သီချင်းထဲမှာတောင် ဧရာဝတီမြစ်ကို တင်စားထားတာ တွေ့ရမှာပါ။ ခုခေတ်ရောက်မှ မ လိင်အနေနဲ့ သုံးတာတော့လဲ မဟုတ်ပါဘူး။ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုပြီး ပါဠိမှာ သုံးထားတာ တွေ့ရတော့ ဟိုးရှေးကတည်းက မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်လို့ မှတ်ယူရပါတယ်။ ဘာကြောင့် မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတာလဲ။ လှလို့လား၊ ကောက်ကွေ့လို့လား၊ မာယာများလို့လားလို့ သေချာ မပြောတတ်ပါဘူး။ ....






ဒီဒေသကလူတွေ သူတို့ဆီမှာ ဒီလို လှပတဲ့ နတ်သမီးလေးတစ်ပါး ရှိနေတာ တကယ်ကို ဂုဏ်ယူစရာပဲ။ အဲဒီ နတ်သမီးလေးရှိရာကို ကိုယ်တွေကတော့ တကူးတက သွားပြီး ကြည့်ရတာလေ။ တကယ်တမ်းတော့ ကိုယ့်မွေးရပ်မြေမှာလည်း ဒီလို နတ်သမီးလေးတစ်ပါး ရှိခဲ့ပါရဲ့။ အဲဒီ နတ်သမီးလေး နာမည်က ဥရုချောင်း (ဥရုမြစ်)ပေါ့လေ။ ဖားကန့်မြို့နယ်က ကျောက်စိမ်းထွက်တဲ့အရပ်မှာ ရှိတဲ့ချောင်းကလေး။ ငယ်တုန်းကတော့ ဒီချောင်းထဲမှာ ရေချိုး၊ ဒီချောင်းရေကို သောက်ခဲ့တာပါပဲ။ ချောင်းရေ ကြည်လင်ပုံ၊ သာယာလှပပုံကလည်း အခုမြင်ရတဲ့ မလိခမြစ်လိုပဲ။ ကိုယ်တွေအတွက်တော့ မြို့တွေမှာလို ကစားကွင်းတွေ ဘာတွေ မလိုဘူး။ ဒီချောင်းလေးဟာ ကိုယ်တွေရဲ့ ဆော့ကစားရာ နေရာပဲ။


ချောင်းထဲမှာ ရေချိုးဆိုပြီး ဆင်းသွားရင် တခါတလေ ၂နာရီ ၃နာရီကြာလည်း ပြန်တက်မလာလို့ အိမ်က အမေက တုတ်တစ်ချောင်းကိုင်ပြီး လိုက်အော်ခေါ်ရအောင် ဒီချောင်းကလေးမှာ ပျော်ခဲ့ကြဖူးတယ်။ ချောင်းထဲမှာ လှေလှော်ကြတယ်၊ သူငယ်ချင်းတွေနဲ့ ရေငုတ်ပြိုင်ကြတယ်၊ ချောင်းထဲမှာ ကျောက်တိုက် ထိုးကြတယ် ( ကျောက်ခဲတုံးကြီးကြီးတွေကို ရေငုတ်၊ လိုက်ရှာပြီး လူတစ်ရပ်မက ကျော်တဲ့ ရေအနက်မှာ စုပုံထားကြတယ်။ တဖြေးဖြေးနဲ့ ကျောက်ခဲပုံကြီးက မြင့်တက်လာပြီး လူတက်ရပ်လိုက်ရင် ခေါင်းလေး ရေပေါ်ပေါ်လာအောင် လုပ်တာကို ကျောက်တိုက် ထိုးတယ် ခေါ်ကြတယ်) ၊ စားစရာတွေ ယူသွားပြီး ချောင်းဘေးက သစ်တုံးတွေ၊ ကျောက်တုံးတွေပေါ်မှာ ထိုင်ပြီး စားကြသောက်ကြလုပ်ကြတယ်။ အပျော် ငါးဖမ်းကြတယ်။ ကိုယ်တို့ချောင်းကမ်းစပ်က မြေကြီးတွေထဲမှာ ရွှေလဲ ထွက်တော့ ခမောက်လို သစ်သားပြား အဝိုင်းကြီး ယူသွားပြီး ရွှေကျင်တမ်းလဲ ဆော့ကြသေးတယ်။ ပြီးသွားရင် ရွှေကျင်လို့ ရလာတဲ့ ရွှေမှုန်မှုန်မွှားမွှားလေးတွေများ အိမ်ပြန်တဲ့ခါ ချောင်းထဲ ဒီတိုင်း ပြန်လွှင့်ပစ်ခဲ့တယ်။ ဘယ်သူမှ မယူကြဘူး။ ငါးဆိုလဲ ဒီလိုပဲ သေးသေးလေးတွေဆို ပြန်လွှတ်ပေးခဲ့ကြတယ်။ ချောင်းလေးမှာ ကစားခဲ့ကြတာတွေ ရေးပြရင် ကုန်ဦးမှာ မဟုတ်ဘူး။ ပျော်ခဲ့တာ၊ အမှတ်တရတွေ ရှိခဲ့တာတွေလည်း အများကြီးပဲ။ မြို့မှာ ကျောင်းသွားတက်တော့ ကိုယ်အလွမ်းဆုံးက ဒီဥရုချောင်းကလေးပဲပေါ့။

မွေးရပ်မြေအကြောင်း စဉ်းစားလိုက်တိုင်းလည်း သတိအရဆုံးနဲ့ နှမြောတသ အဖြစ်ရဆုံးက ဒီချောင်းကလေးပါပဲ။ ဘာလို့လဲဆိုတော့ ခုချိန်မှာ ဥရုချောင်းရေဟာ မလိခမြစ်လို ကြည်လင်သာယာပြီး လှပဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါ။ မှော်အသီးသီးက ကျောက်တူးပြီး မြေစာပုံတွေကနေ စီးကျလာတဲ့ အနယ်အနှစ်တွေ၊ ရွံ့နွံတွေကြောင်း ချောင်းရေက ဝါထိန်နေပြီး ချောင်းထဲမှာ ရေချိုးလို့လည်း မရ၊ သောက်သုံးလို့လည်း မရတော့အောင် ပျက်စီးသွားခဲ့ပြီလေ။ အရင်တုန်းက ဝါးတစ်ပြန်သာသာအနက်ရှိတဲ့ နေရာတွေဆိုရင် ခုများ မယုံနိုင်စရာ ဒူးသာသာလောက်ပဲ နက်တော့တယ်။ ချောင်းထဲမှာ ပြည့်နေတဲ့ နှုန်းတွေ မြေကြီးတွေကြောင့် ချောင်းရေအနက်က ရှိသင့်သလောက် မရှိတော့တဲ့အခါ နှစ်တိုင်း မိုးတွင်းရောက်ပြီဆို ရွာတွေမှာ ရေလျှံပြီး ရေဘေးဒုက္ခ ခံစားကြရတယ်။

တကယ်တမ်းတော့ မလိခရဲ့ အလှအပအကြောင်းကိုသာ ကြည်နူးဖွယ် ရေးချင်တာပါပဲ။ ဒါပေမဲ့ မလိခမြစ်ကိုတွေ့ခဲ့တော့ ဟိုးအရင်တုန်းက သာယာလှခဲ့ဖူးတဲ့ ကိုယ်တို့ရဲ့ နတ်သမီးလေး ဥရုချောင်းကို ပြန်သတိရ လွမ်းဆွတ်မိတာပါ။ မလိခမြစ်နားတလျှောက်မှာ သတ္တုတွေ၊ တန်ဖိုးကြီး ကျောက်မျက်တွေ မထွက်တာကလည်း သဘာဝအတိုင်းလေး လှနေဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါပဲ။ မဟုတ်ရင် လောဘသမားတွေ ရောက်လာပြီဆိုရင် အဲဒီနေရာဒေသဟာ ပျက်စီးသွားဦးမှာလေ။ ကိုယ်တို့ ဥရုချောင်းလို တန်ဖိုးကြီး ကျောက်စိမ်းတွေထွက်ရင် ခုချိန်မှာ မလိခဟာ နတ်သမီးလေးတစ်ပါးလို လှနိုင်တော့မှာ မဟုတ်လောက်ဘူး မဟုတ်လား။ တခါတလေတော့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတယ်။ ရှိသမျှ ကျောက်စိမ်းတွေ အကုန်ယူသွားကြ။ ကိုယ်တို့လို ဒေသခံတွေအတွက် ဟိုတုန်းက ဥရုချောင်းလေးပဲ ပြန်ပေးခဲ့ကြပါလို့။

အဲဒီလိုပြောတော့ ကျောက်စိမ်းမထွက်ရင် နင်တို့ ဘာလုပ်စားကြမလဲ မေးကြမယ်ထင်တယ်။ ကျောက်စိမ်းထွက်တယ်လို့ နာမည်မကြီးခင်၊ တခြားဒေသတွေဆီက လူတွေ၊ ကုမ္ပဏီတွေ အများကြီး ရောက်မလာခင်က အဲဒီ ဒေသကလူတွေ ဒီချောင်းလေးကို အမှီပြုပြီး လယ်ယာကိုင်းကျွန်းလုပ်တယ်။ ချောင်းထဲမှာ ငါးတွေဆိုတာ ပေါလွန်းလို့ ဆပ်ပြာခွက်လို ဇကာလေးနဲ့ ဖမ်းလို့တောင် ရတယ်ဆိုရင် ပုံပြင်ထင်သွားကြဦးမယ်။ ကိုယ်တို့ရွာမှာ ဘုန်းကြီးကျောင်းနောက်က ချောင်းထဲမှာ ရှိနေတဲ့ ငါးကြီးတွေဆိုတာများ ကလေးမွေးစပေါက်ထက်တောင် ကြီးတယ်ဆိုရင် ချဲ့ကားတယ် ထင်ကြဦးမယ်။ ရွာကို လာတဲ့ ဧည့်သည်တွေကို ဒီငါးကြီးတွေ ခေါ်ခေါ်ပြပြီး ကြွားရတာ အမောရယ်။ အဲဒီခေတ်က အဲဒီဒေသကို ရောက်ဖူးတဲ့သူတွေ သိမှီလိုက်ကြမှာပါ။ ဘုန်းကြီးကျောင်းက ၁၀နာရီ အုန်းမောင်းခေါက်သံကြားတာနဲ့ ငါးတွေဟာ ကမ်းစပ်ကို ရောက်လာကြတယ်။ အဲဒီချိန်ဆိုရင် ရွာထဲ့ လူတွေဖြစ်စေ၊ ဘုန်ကြီးကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေက ဖြစ်စေ ထမင်းတွေ အိုးလိုက် သယ်လာပြီး အဲဒီ ငါးကြီးတွေကို ကျွေးကြ မွေးကြနဲ့ သိပ်ပျော်စရာကောင်းခဲ့တယ်။ ကျောင်းပိတ်ရက်တွေဆို ၁၀နာရီထိုးတာနဲ့ ငါးကြီးတွေကိုကြည့်ဖို့ ဘုန်းကြီးကျောင်းပြေးတော့တာပဲ။

သစ်တောတွေ ထူထပ်လွန်းလို့ အိမ်နောက်ဖက် ချောင်းတစ်ဖက်ကမ်းမှာ ရေလာသောက်တတ်တဲ့ ဂျီ(ချေ)၊ ဆတ် ဆိုတာ အတိုင်းသား မြင်နေရတယ်။ ချောင်းကမ်းစပ် တစ်လျှောက်လုံး လိုက်ကြည့်ရင် စိုက်ခင်းတွေ ၊ စိုက်ခင်းတွေ စိမ်းစိုနေတာပဲ။ တောထဲသွား ဟင်းသီးဟင်းရွက်ခူးရင် မိသားစုတစ်စု ကောင်းကောင်းစားလို့ ပိုတောင် ပိုသေးတယ်။ ငယ်တုန်းက မြို့ကို ကျောင်းသွားတက်ပြီး အိမ်ပြန်ပြီဆို တောထဲတောင်ထဲ သိပ်လိုက်ချင်တာ။ လူကြီးတွေ ဟင်းရှာသွားရင် တောင်းတောင်းပန်ပန် လိုက်သွားပြီး အသီးအရွက်ခူးရတာ မမောနိုင်မပန်းနိုင်ပဲ။ တောထဲမှာ အသီးအရွက်၊ မျှစ် ဆိုတာ သိပ်ပေါတာလေ။ အဲလိုမျိုးသွားရတာ ပင်ပန်းတယ်လို့ကို မထင်ခဲ့ဘူး။ ဒီသစ်တောတွေမပြုန်းသရွေ့၊ ဒီချောင်းရေ မခမ်းသရွေ့ ဒေသခံတွေမှာ လုပ်ကိုင်စားသောက်စရာတွေမှ တပုံကြီးရယ်။

ခုချိန်မှာ လယ်ယာ ကိုင်းကျွန်းလုပ်ဖို့လည်း မြေတွေ မရှိတော့ဘူး။ သစ်တောဆိုတာ မူးလို့ရှူစရာမရှိတော့ဘူး ပြောရမယ်။ ကြီးမားလှတဲ့ တောင်ကြီးတွေကိုတောင် အပိုင်းပိုင်း ပြတ်အောင် တန်ခိုးတွေ ရှိနေကြမှတော့ သစ်ပင်/သစ်တောဆိုတာ ဘာပြောပလောက်မှာတဲ့လဲ။ သစ်တောဆိုတာ ပြောင်သလင်းခါသွားတာ ကြာခဲ့ပြီ။ သစ်ပင်ကြီးကြီးမားမားတွေဆို မြင်တောင် မမြင်ဖူးတော့လို့ တခြားဒေသမှာ တကူးတက လိုက်ကြည့်ရတဲ့ အနေအထားဖြစ်နေပြီ။ ဥရုချောင်းဆိုတာလည်း သူတို့လက်ထဲမှာတော့ ရေမြောင်းလေးသာသာပါပဲ။ သူတို့စိတ်တိုင်းကျ ဟိုဘက်ကို ရွေ့လိုက်၊ ဒီဘက်ကို ရွေ့လိုက်နဲ့ လုပ်ချင်တိုင်း လုပ်ခဲ့ကြတယ် မဟုတ်လား။ ကိုယ်တို့ဆီက သဘာဝပတ်ဝန်းကျင် လှလှပပဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးသွားခဲ့ရပြီ။

အရမ်းလှတဲ့ နေရာဒေသတွေ ရောက်တိုင်း အဲဒီ ဒေသရဲ့ အလှအပတွေအကြောင်း စာဖွဲ့တတ်တဲ့ ကိုယ်ဟာ တကယ်တမ်းတော့ ကိုယ့်ဒေသမှာ မရှိနိုင်တော့တဲ့၊ မတွေ့ရတော့ပြီဖြစ်တဲ့ အလှအပတွေကို တကူးတက လိုက်လံရှာဖွေနေခဲ့တာပါပဲ။ ကိုယ့်ဒေသလေး ပြန်လည် လှပလာဖို့အတွက် ကိုယ်ဟာ တန်ခိုးအာဏာ ရှိသူတစ်ယောက်လည်း မဟုတ်ခဲ့ပြန်တော့ စိတ်မကောင်းဖြစ်နေရုံကလွဲလို့ ဘာများတတ်နိုင်မှာတဲ့လဲ။ ကျောက်မျက်ရတနာဆိုတာ သဘာဝကြီးက ပေးတဲ့ လက်ဆောင်မွန်ပါ။ မတူးဖော်ပဲ နေရမယ် လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒီ ကျောက်မျက်ရတနာတွေကို အသုံးချဖို့ ထုတ်ယူသုံးစွဲရာမှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် / ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ရမယ်မဟုတ်လား။ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုလည်း ထည့်စဉ်းစားပေးရမယ် မဟုတ်လား။ ဒါပေမဲ့ လောဘနဲ့ အာဏာဟာ အရာရာကို ဥပက္ခာပြုနိုင်စွမ်းပါတယ်လေ။

အခုတော့ ကိုယ်တို့ဆီက ပျောက်ဆုံးသွားတဲ့ ဥရုချောင်းနတ်သမီးလှလှလေးကို လွမ်းဆွတ် သတိရမိရင်း ပူတာအိုက မလိခဆိုတဲ့ နတ်သမီးလေးကိုပဲ ငေးကြည့်နေခဲ့မိတော့တယ်။


(ချော-အစိမ်းရောင်လွင်ပြင်)


3 Responses to “အလှနတ်သမီးလေး မလိခ... ”

မချောကလည်း ဖီလင် 92 ထည့်မှ ဘလော့ရွာကိုပြန်လာတော့တယ် အမြဲတမ်းတင်ပါ အရင်လို ဟင်းချက်နည်းလေးတွေ ဖတ်ချင်သေးတယ် ကချင် ရှမ်း ဟင်းတွေတင်ပေးပါဦး...း)

မိုးငွေ့

စာ​တွေသိပ်​မ​ရေးဖြစ်​​တော့လို့ပါ မိုး​ငွေ့​ရေ
FEELING 92 ပွဲ​လေး​ကြာင့်​ ဘ​လော်​ကာ​တွေနဲ့ ဆုံလိုက်​ရ​တော့ BLOG ​ခေတ်​ကို ပြန်​သတိရသွားတာအမှန်​ပါ။
တကူးတကမှတ်​ချက်​​လေးအတွက်​ ​ကျေးဇူးပါ​နော်

Unknown said...

ချောရေ
အဲဒီချောင်းလေး ပျက်စီးသွားလို့ ကြေကွဲရသူထဲမှာ ကိုယ်လည်းထိပ်ဆုံးကပါ။
ကိုယ်ကတကယ်တော့ စာတွေ့ တွေကြောင့် တနေ့ လူကိုယ်တိုင် ရောက်အောင်သွားမယ်လို့ မှန်းထားခဲ့တဲ့ ချောရဲ့ နေရာလေးပါ။
မလိခ ကိုတော့ ရောက်ခဲ့ပါတယ်။ ပျော်ခဲ့ရပါတယ် အဲတုန်းကလည်း။
အိုင်အိုရာ