Showing posts with label ခရီးသွား မှတ်တမ်း. Show all posts
Showing posts with label ခရီးသွား မှတ်တမ်း. Show all posts

အလှနတ်သမီးလေး မလိခ...



ပူတာအိုကနေ ဆယ်မိုင်ကျော်ဝေးတဲ့ ရွာကလေးကနေတစ်ဆင့် စက်လှေစီးပြီး နတ်ကျွန်းဆီ သွားတဲ့ခရီးဟာ မလိခမြစ်ရဲ့ အလှကို ရင်သပ်ရှုမော တွေ့ရတဲ့ ခရီးတစ်ခုပါပဲ။ ကမ်းစပ်ဘေး၂ဘက်မှာ ကြီးမားလှတဲ့ ကျောက်စိုင် ကျောက်သားကြီးတွေ စီရရီ ရှိနေပြီး နှစ်ပေါင်းများစွာ ရေတိုက်စားခံရတော့ နဂိုမူလ ကျောက်ဆောင်ကြီးကနေ ပုံသဏ္ဍန်အမျိုးမျိုးသော ကျောက်တုံးတွေ ဖြစ်လာရတော့တာပါပဲ။ ဒါကိုကြည့်ပြီး မိုးတွင်းဆိုရင်တော့ မလိခမြစ်ရေဟာ ရေစီးဘယ်လောက် သန်မယ်ဆိုတာ ခန့်မှန်းကြည့်မိတယ်။ အချို့နေရာတွေမှာ မြစ်ရေဟာ ရုတ်တရက် နိမ့်ကျသွားတော့ လှိုင်းတွေအလိပ်လိုက် ထအောင် ရေစီးက ကြမ်းတမ်းလှတာကြောင့် စက်လှေစီးရတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလှတယ်။ စက်လှေမောင်းတဲ့သူတွေသာ မကျွမ်းကျင်ရင် မြစ်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ စက်လှေနဲ့ ဝင်ဆောင့်မိလောက်တယ်။ ဒါပေမဲ့ စက်လှေမောင်းသူတွေရဲ့ မျက်နှာကိုကြည့်တော့ အေးအေးဆေးဆေးပါပဲ။ မောင်းလာတာ ကြာလှပြီမို့ အတွေ့အကြုံ ရင့်ကျက်ပြီး ကျွမ်းကျင်နေဟန်ရှိတယ်။










နတ်သမီးလေးတစ်ပါးလို့တောင် တင်စားလို့ရအောင် လှပတဲ့ မြစ်တစ်စင်းဟာ မလိခမြစ်ပါပဲ။ အောက်ခံကျောက်တုံးကျောက်ခဲတွေကို အတိုင်းသား မြင်နေရပြီး ကြည်လင်ပြာလဲ့နေတာများဆို ရေထဲ ငုံ့ကြည့်ရင် ကိုယ့်မျက်နှာကိုယ်တောင် ရှင်းလင်းပြတ်သားစွာ မြင်နေရတယ်။ ရေက ကြည်လင်လွန်းတော့ ကောင်းကင်ပြာပြာအောက်မှာဆိုရင် ရေအပြင်က ပြာလဲ့နေပြီး ကမ်းစပ်က တောအုပ်စိမ်းစိမ်းတွေ ရှိတဲ့နေရာဆိုရင် မြစ်ရေက စိမ်းရင့်ညိုမှောင်လို့ နေပြန်တယ်။ ရေကသိပ်ကြည်လွန်းတော့ ပတ်ဝန်းကျင်ရဲ့ အရောင်ကိုလိုက်ပြီး မြစ်ရေအရောင်က လိုက်ပြောင်းလဲတယ်။








မြစ်တွေကို လိင်အမျိုးအစား ခွဲခြားလို့ ရသလားလို့ မေးရင်တော့ အင်္ဂလိပ်စာ အသုံးအနှုန်းမှာလည်း မြစ်ကို ရေးတဲ့အခါမှာ She လို့ သုံးကြတယ်။ ကျွန်မတို့ မြန်မာပြည်မှာလည်း မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်။ ရာဇဝင်ထဲက သတို့သမီး ဆိုတဲ့ ထူးအိမ်သင် သီချင်းထဲမှာတောင် ဧရာဝတီမြစ်ကို တင်စားထားတာ တွေ့ရမှာပါ။ ခုခေတ်ရောက်မှ မ လိင်အနေနဲ့ သုံးတာတော့လဲ မဟုတ်ပါဘူး။ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုပြီး ပါဠိမှာ သုံးထားတာ တွေ့ရတော့ ဟိုးရှေးကတည်းက မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်လို့ မှတ်ယူရပါတယ်။ ဘာကြောင့် မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတာလဲ။ လှလို့လား၊ ကောက်ကွေ့လို့လား၊ မာယာများလို့လားလို့ သေချာ မပြောတတ်ပါဘူး။ ....






ဒီဒေသကလူတွေ သူတို့ဆီမှာ ဒီလို လှပတဲ့ နတ်သမီးလေးတစ်ပါး ရှိနေတာ တကယ်ကို ဂုဏ်ယူစရာပဲ။ အဲဒီ နတ်သမီးလေးရှိရာကို ကိုယ်တွေကတော့ တကူးတက သွားပြီး ကြည့်ရတာလေ။ တကယ်တမ်းတော့ ကိုယ့်မွေးရပ်မြေမှာလည်း ဒီလို နတ်သမီးလေးတစ်ပါး ရှိခဲ့ပါရဲ့။ အဲဒီ နတ်သမီးလေး နာမည်က ဥရုချောင်း (ဥရုမြစ်)ပေါ့လေ။ ဖားကန့်မြို့နယ်က ကျောက်စိမ်းထွက်တဲ့အရပ်မှာ ရှိတဲ့ချောင်းကလေး။ ငယ်တုန်းကတော့ ဒီချောင်းထဲမှာ ရေချိုး၊ ဒီချောင်းရေကို သောက်ခဲ့တာပါပဲ။ ချောင်းရေ ကြည်လင်ပုံ၊ သာယာလှပပုံကလည်း အခုမြင်ရတဲ့ မလိခမြစ်လိုပဲ။ ကိုယ်တွေအတွက်တော့ မြို့တွေမှာလို ကစားကွင်းတွေ ဘာတွေ မလိုဘူး။ ဒီချောင်းလေးဟာ ကိုယ်တွေရဲ့ ဆော့ကစားရာ နေရာပဲ။


ချောင်းထဲမှာ ရေချိုးဆိုပြီး ဆင်းသွားရင် တခါတလေ ၂နာရီ ၃နာရီကြာလည်း ပြန်တက်မလာလို့ အိမ်က အမေက တုတ်တစ်ချောင်းကိုင်ပြီး လိုက်အော်ခေါ်ရအောင် ဒီချောင်းကလေးမှာ ပျော်ခဲ့ကြဖူးတယ်။ ချောင်းထဲမှာ လှေလှော်ကြတယ်၊ သူငယ်ချင်းတွေနဲ့ ရေငုတ်ပြိုင်ကြတယ်၊ ချောင်းထဲမှာ ကျောက်တိုက် ထိုးကြတယ် ( ကျောက်ခဲတုံးကြီးကြီးတွေကို ရေငုတ်၊ လိုက်ရှာပြီး လူတစ်ရပ်မက ကျော်တဲ့ ရေအနက်မှာ စုပုံထားကြတယ်။ တဖြေးဖြေးနဲ့ ကျောက်ခဲပုံကြီးက မြင့်တက်လာပြီး လူတက်ရပ်လိုက်ရင် ခေါင်းလေး ရေပေါ်ပေါ်လာအောင် လုပ်တာကို ကျောက်တိုက် ထိုးတယ် ခေါ်ကြတယ်) ၊ စားစရာတွေ ယူသွားပြီး ချောင်းဘေးက သစ်တုံးတွေ၊ ကျောက်တုံးတွေပေါ်မှာ ထိုင်ပြီး စားကြသောက်ကြလုပ်ကြတယ်။ အပျော် ငါးဖမ်းကြတယ်။ ကိုယ်တို့ချောင်းကမ်းစပ်က မြေကြီးတွေထဲမှာ ရွှေလဲ ထွက်တော့ ခမောက်လို သစ်သားပြား အဝိုင်းကြီး ယူသွားပြီး ရွှေကျင်တမ်းလဲ ဆော့ကြသေးတယ်။ ပြီးသွားရင် ရွှေကျင်လို့ ရလာတဲ့ ရွှေမှုန်မှုန်မွှားမွှားလေးတွေများ အိမ်ပြန်တဲ့ခါ ချောင်းထဲ ဒီတိုင်း ပြန်လွှင့်ပစ်ခဲ့တယ်။ ဘယ်သူမှ မယူကြဘူး။ ငါးဆိုလဲ ဒီလိုပဲ သေးသေးလေးတွေဆို ပြန်လွှတ်ပေးခဲ့ကြတယ်။ ချောင်းလေးမှာ ကစားခဲ့ကြတာတွေ ရေးပြရင် ကုန်ဦးမှာ မဟုတ်ဘူး။ ပျော်ခဲ့တာ၊ အမှတ်တရတွေ ရှိခဲ့တာတွေလည်း အများကြီးပဲ။ မြို့မှာ ကျောင်းသွားတက်တော့ ကိုယ်အလွမ်းဆုံးက ဒီဥရုချောင်းကလေးပဲပေါ့။

မွေးရပ်မြေအကြောင်း စဉ်းစားလိုက်တိုင်းလည်း သတိအရဆုံးနဲ့ နှမြောတသ အဖြစ်ရဆုံးက ဒီချောင်းကလေးပါပဲ။ ဘာလို့လဲဆိုတော့ ခုချိန်မှာ ဥရုချောင်းရေဟာ မလိခမြစ်လို ကြည်လင်သာယာပြီး လှပဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါ။ မှော်အသီးသီးက ကျောက်တူးပြီး မြေစာပုံတွေကနေ စီးကျလာတဲ့ အနယ်အနှစ်တွေ၊ ရွံ့နွံတွေကြောင်း ချောင်းရေက ဝါထိန်နေပြီး ချောင်းထဲမှာ ရေချိုးလို့လည်း မရ၊ သောက်သုံးလို့လည်း မရတော့အောင် ပျက်စီးသွားခဲ့ပြီလေ။ အရင်တုန်းက ဝါးတစ်ပြန်သာသာအနက်ရှိတဲ့ နေရာတွေဆိုရင် ခုများ မယုံနိုင်စရာ ဒူးသာသာလောက်ပဲ နက်တော့တယ်။ ချောင်းထဲမှာ ပြည့်နေတဲ့ နှုန်းတွေ မြေကြီးတွေကြောင့် ချောင်းရေအနက်က ရှိသင့်သလောက် မရှိတော့တဲ့အခါ နှစ်တိုင်း မိုးတွင်းရောက်ပြီဆို ရွာတွေမှာ ရေလျှံပြီး ရေဘေးဒုက္ခ ခံစားကြရတယ်။

တကယ်တမ်းတော့ မလိခရဲ့ အလှအပအကြောင်းကိုသာ ကြည်နူးဖွယ် ရေးချင်တာပါပဲ။ ဒါပေမဲ့ မလိခမြစ်ကိုတွေ့ခဲ့တော့ ဟိုးအရင်တုန်းက သာယာလှခဲ့ဖူးတဲ့ ကိုယ်တို့ရဲ့ နတ်သမီးလေး ဥရုချောင်းကို ပြန်သတိရ လွမ်းဆွတ်မိတာပါ။ မလိခမြစ်နားတလျှောက်မှာ သတ္တုတွေ၊ တန်ဖိုးကြီး ကျောက်မျက်တွေ မထွက်တာကလည်း သဘာဝအတိုင်းလေး လှနေဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါပဲ။ မဟုတ်ရင် လောဘသမားတွေ ရောက်လာပြီဆိုရင် အဲဒီနေရာဒေသဟာ ပျက်စီးသွားဦးမှာလေ။ ကိုယ်တို့ ဥရုချောင်းလို တန်ဖိုးကြီး ကျောက်စိမ်းတွေထွက်ရင် ခုချိန်မှာ မလိခဟာ နတ်သမီးလေးတစ်ပါးလို လှနိုင်တော့မှာ မဟုတ်လောက်ဘူး မဟုတ်လား။ တခါတလေတော့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတယ်။ ရှိသမျှ ကျောက်စိမ်းတွေ အကုန်ယူသွားကြ။ ကိုယ်တို့လို ဒေသခံတွေအတွက် ဟိုတုန်းက ဥရုချောင်းလေးပဲ ပြန်ပေးခဲ့ကြပါလို့။

အဲဒီလိုပြောတော့ ကျောက်စိမ်းမထွက်ရင် နင်တို့ ဘာလုပ်စားကြမလဲ မေးကြမယ်ထင်တယ်။ ကျောက်စိမ်းထွက်တယ်လို့ နာမည်မကြီးခင်၊ တခြားဒေသတွေဆီက လူတွေ၊ ကုမ္ပဏီတွေ အများကြီး ရောက်မလာခင်က အဲဒီ ဒေသကလူတွေ ဒီချောင်းလေးကို အမှီပြုပြီး လယ်ယာကိုင်းကျွန်းလုပ်တယ်။ ချောင်းထဲမှာ ငါးတွေဆိုတာ ပေါလွန်းလို့ ဆပ်ပြာခွက်လို ဇကာလေးနဲ့ ဖမ်းလို့တောင် ရတယ်ဆိုရင် ပုံပြင်ထင်သွားကြဦးမယ်။ ကိုယ်တို့ရွာမှာ ဘုန်းကြီးကျောင်းနောက်က ချောင်းထဲမှာ ရှိနေတဲ့ ငါးကြီးတွေဆိုတာများ ကလေးမွေးစပေါက်ထက်တောင် ကြီးတယ်ဆိုရင် ချဲ့ကားတယ် ထင်ကြဦးမယ်။ ရွာကို လာတဲ့ ဧည့်သည်တွေကို ဒီငါးကြီးတွေ ခေါ်ခေါ်ပြပြီး ကြွားရတာ အမောရယ်။ အဲဒီခေတ်က အဲဒီဒေသကို ရောက်ဖူးတဲ့သူတွေ သိမှီလိုက်ကြမှာပါ။ ဘုန်းကြီးကျောင်းက ၁၀နာရီ အုန်းမောင်းခေါက်သံကြားတာနဲ့ ငါးတွေဟာ ကမ်းစပ်ကို ရောက်လာကြတယ်။ အဲဒီချိန်ဆိုရင် ရွာထဲ့ လူတွေဖြစ်စေ၊ ဘုန်ကြီးကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေက ဖြစ်စေ ထမင်းတွေ အိုးလိုက် သယ်လာပြီး အဲဒီ ငါးကြီးတွေကို ကျွေးကြ မွေးကြနဲ့ သိပ်ပျော်စရာကောင်းခဲ့တယ်။ ကျောင်းပိတ်ရက်တွေဆို ၁၀နာရီထိုးတာနဲ့ ငါးကြီးတွေကိုကြည့်ဖို့ ဘုန်းကြီးကျောင်းပြေးတော့တာပဲ။

သစ်တောတွေ ထူထပ်လွန်းလို့ အိမ်နောက်ဖက် ချောင်းတစ်ဖက်ကမ်းမှာ ရေလာသောက်တတ်တဲ့ ဂျီ(ချေ)၊ ဆတ် ဆိုတာ အတိုင်းသား မြင်နေရတယ်။ ချောင်းကမ်းစပ် တစ်လျှောက်လုံး လိုက်ကြည့်ရင် စိုက်ခင်းတွေ ၊ စိုက်ခင်းတွေ စိမ်းစိုနေတာပဲ။ တောထဲသွား ဟင်းသီးဟင်းရွက်ခူးရင် မိသားစုတစ်စု ကောင်းကောင်းစားလို့ ပိုတောင် ပိုသေးတယ်။ ငယ်တုန်းက မြို့ကို ကျောင်းသွားတက်ပြီး အိမ်ပြန်ပြီဆို တောထဲတောင်ထဲ သိပ်လိုက်ချင်တာ။ လူကြီးတွေ ဟင်းရှာသွားရင် တောင်းတောင်းပန်ပန် လိုက်သွားပြီး အသီးအရွက်ခူးရတာ မမောနိုင်မပန်းနိုင်ပဲ။ တောထဲမှာ အသီးအရွက်၊ မျှစ် ဆိုတာ သိပ်ပေါတာလေ။ အဲလိုမျိုးသွားရတာ ပင်ပန်းတယ်လို့ကို မထင်ခဲ့ဘူး။ ဒီသစ်တောတွေမပြုန်းသရွေ့၊ ဒီချောင်းရေ မခမ်းသရွေ့ ဒေသခံတွေမှာ လုပ်ကိုင်စားသောက်စရာတွေမှ တပုံကြီးရယ်။

ခုချိန်မှာ လယ်ယာ ကိုင်းကျွန်းလုပ်ဖို့လည်း မြေတွေ မရှိတော့ဘူး။ သစ်တောဆိုတာ မူးလို့ရှူစရာမရှိတော့ဘူး ပြောရမယ်။ ကြီးမားလှတဲ့ တောင်ကြီးတွေကိုတောင် အပိုင်းပိုင်း ပြတ်အောင် တန်ခိုးတွေ ရှိနေကြမှတော့ သစ်ပင်/သစ်တောဆိုတာ ဘာပြောပလောက်မှာတဲ့လဲ။ သစ်တောဆိုတာ ပြောင်သလင်းခါသွားတာ ကြာခဲ့ပြီ။ သစ်ပင်ကြီးကြီးမားမားတွေဆို မြင်တောင် မမြင်ဖူးတော့လို့ တခြားဒေသမှာ တကူးတက လိုက်ကြည့်ရတဲ့ အနေအထားဖြစ်နေပြီ။ ဥရုချောင်းဆိုတာလည်း သူတို့လက်ထဲမှာတော့ ရေမြောင်းလေးသာသာပါပဲ။ သူတို့စိတ်တိုင်းကျ ဟိုဘက်ကို ရွေ့လိုက်၊ ဒီဘက်ကို ရွေ့လိုက်နဲ့ လုပ်ချင်တိုင်း လုပ်ခဲ့ကြတယ် မဟုတ်လား။ ကိုယ်တို့ဆီက သဘာဝပတ်ဝန်းကျင် လှလှပပဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးသွားခဲ့ရပြီ။

အရမ်းလှတဲ့ နေရာဒေသတွေ ရောက်တိုင်း အဲဒီ ဒေသရဲ့ အလှအပတွေအကြောင်း စာဖွဲ့တတ်တဲ့ ကိုယ်ဟာ တကယ်တမ်းတော့ ကိုယ့်ဒေသမှာ မရှိနိုင်တော့တဲ့၊ မတွေ့ရတော့ပြီဖြစ်တဲ့ အလှအပတွေကို တကူးတက လိုက်လံရှာဖွေနေခဲ့တာပါပဲ။ ကိုယ့်ဒေသလေး ပြန်လည် လှပလာဖို့အတွက် ကိုယ်ဟာ တန်ခိုးအာဏာ ရှိသူတစ်ယောက်လည်း မဟုတ်ခဲ့ပြန်တော့ စိတ်မကောင်းဖြစ်နေရုံကလွဲလို့ ဘာများတတ်နိုင်မှာတဲ့လဲ။ ကျောက်မျက်ရတနာဆိုတာ သဘာဝကြီးက ပေးတဲ့ လက်ဆောင်မွန်ပါ။ မတူးဖော်ပဲ နေရမယ် လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒီ ကျောက်မျက်ရတနာတွေကို အသုံးချဖို့ ထုတ်ယူသုံးစွဲရာမှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် / ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ရမယ်မဟုတ်လား။ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုလည်း ထည့်စဉ်းစားပေးရမယ် မဟုတ်လား။ ဒါပေမဲ့ လောဘနဲ့ အာဏာဟာ အရာရာကို ဥပက္ခာပြုနိုင်စွမ်းပါတယ်လေ။

အခုတော့ ကိုယ်တို့ဆီက ပျောက်ဆုံးသွားတဲ့ ဥရုချောင်းနတ်သမီးလှလှလေးကို လွမ်းဆွတ် သတိရမိရင်း ပူတာအိုက မလိခဆိုတဲ့ နတ်သမီးလေးကိုပဲ ငေးကြည့်နေခဲ့မိတော့တယ်။


(ချော-အစိမ်းရောင်လွင်ပြင်)


တောင်ဇလပ်ပန်းတို့ လန်းရာမြေ

တစ်ခါတစ်ခေါက်မှ မရောက်ဖြစ်သေးတဲ့ ချင်းပြည်နယ်ကို ရောက်ဖူးချင်နေခဲ့တာ ကြာပါပြီ။ ခရီးထွက်တယ် ဆိုတာကလည်း ကိုယ် တစ်ခါမှ မရောက်ဖူးသေးတဲ့အရပ် ဆိုရင် ဒေသခံ မိတ်ဆွေ သူငယ်ချင်းတွေရှိမှ အဆင်ပြေတတ်တာ ဆိုတော့ ချင်းပြည်လိုနေရာမှာ မိတ်ဆွေသူငယ်ချင်းက မရှိလေတော့ တော်ရုံနဲ့ မရောက်ဖြစ်ခဲ့။ ဒီတစ်ခေါက်တော့ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံး (မြန်မာပြည်မှာတော့ တတိယ အမြင့်ဆုံးလို့ ဆိုကြတဲ့) ဖြစ်တဲ့ ပေ၁၀၅၀၀မြင့်တဲ့ ဝိတိုရိယတောင် (ခေါ်)ချင်းအခေါ် ခေါ်နုသုမ် (မြန်မာလိုတော့ တောင်တို့ရဲ့ မိခင်တဲ့) ၊ နတ်မတောင် လို့ အခုတော့ လူသိများတဲ့ တောင်ပေါ်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးကို သွားဖြစ်ခဲ့တာကတော့ အားလပ်ရက်နဲ့ ချိန်ပြီး ဘယ်တွေ ခရီးထွက်ရမလဲ စဉ်းစားနေတုန်းမှာ ဖေစ့်ဘွတ်ပေါ်ကနေ Tango Tour ရဲ့ ချင်းပြည်နယ် ခရီးစဉ် ကြော်ငြာလေးတွေ့ပြီး သိပ်ကို စိတ်ဝင်စားမိတာနဲ့ ဆက်သွယ်ပြီး သွားဖြစ်ခဲ့တာပါ။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ချင်းပြည်နယ်လဲ ဖြစ်တယ်။ တောင်လဲ တက်ရမယ်၊ တောင်ဇလပ် ပန်းတွေကိုလဲ မြင်ရမယ်၊ ထင်းရှူးပင် လှလှတွေလဲ တွေ့ရမယ် ၊ တောင်တွေကြားက ချင်းရွာလေးတွေ ဆီလည်း ရောက်မယ် ဆိုတော့ သိပ်ကို ပျော်ရွှင် စိတ်လှုပ်ရှားမိပါတယ်။ ဟုတ်တယ်လေ… ကျွန်မ အနေနဲ့ တောင်ဇလပ်ပန်းဆိုတာကို ပုံတွေထဲမှာသာ မြင်ဖူးပေမဲ့ အပြင်မှာ တခါမှ မမြင်ဖူးသေးတော့ သိပ်မြင်ဖူးချင် နေခဲ့တာ။ ပြီးတော့လည်း ဒီပန်း ဆိုတာက နေရာ တကာ ပေါက်တာမျိုး မဟုတ်ပဲ အမြင့်ပေ ၅၀၀၀ ကျော် ရှိတဲ့ တောင်တွေပေါ်မှာမှ ပေါက်တာ ဆိုတော့လဲ ကိုယ်ရှိတဲ့နေရာမှာ သူကမရှိတော့ သူရှိရာ တောင်ပေါ်ဆီကို ကိုယ်က လိုက်သွားရတော့တာပေါ့။



တောင်ဇလပ်နီနီ

Tango Tour ရဲ့ကြော်ငြာ

Tangoရဲ့FB စာမျက်နှာ

တရုတ်ပြည်ရောက် မြန်မာ့ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အလည်အပတ် သော်လည်းကောင်း၊ လေ့လာစရာ အဖြစ်သော်လည်းကောင်း၊ ဘုရားဖူးဖို့အတွက်သော်လည်းကောင်း နာမည်ကျော်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူတည်ရှိသော Jade Buddha Temple လို့ ခေါ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အဲဒီ Jade Buddha Temple တရုတ်လိုတော့ ( 玉佛禅寺) ဟာ ရှန်ဟိုင်းမြို့ရဲ့ လည်ပတ်လေ့လာစရာ နေရာ၁၀ခုထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့နေရာတစ်ခုဖြစ်ပြီး တရုတ်ပြည်တွင်းက ခရီးသွားများရော၊ နိုင်ငံခြားသားများပါ စိတ်ဝင်တစား သွားရောက်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။  စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ ကျောက်စိမ်း ရုပ်ပွားတော်နှစ်ဆူဟာ အဖြစ် ထုလုပ်တဲ့ ကျောက်စိမ်းဟာ မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းဖြစ်တဲ့အပြင် မြန်မာတို့ရဲ့ အနုလက်ရာ၊ မြန်မာ့ကျောက်ဆစ်ပညာ တို့နဲ့ ထုလုပ်ထားတဲ့ မြန်မာ့လက်ရာစစ်စစ် ရုပ်ပွားတော်များ ဖြစ်ပါတယ်။ မြန်မာ့လက်ရာစစ်စစ် ဗုဒ္ဓရုပ်ပွားတော်များဟာ တိုင်းတစ်ပါးမှာ နာမည်ကျော်နေတာဟာဖြင့် ထူးဆန်းအံ့သြဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့လက်ရာ ဖြစ်တဲ့ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များဟာ ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ထဲကို ရောက်ရှိသွားတယ်ဆိုတာ လေ့လာမိသလောက် ပြန်လည် ပြောပြရရင်…

သာယာလှပ အင်းတော်ကြီးဒေသ


ကချင်ပြည်နယ်ရဲ့ နာမည်ကျော် အင်းတော်ကြီးအိုင်ကို လူတိုင်း ကြားဖူးကြမယ် ထင်ပါတယ်နော်။ တော်တော်များများကတော့ နာမည် ကြားဖူးကြပေမဲ့ အခြားသော နာမည်ကျော် ဒေသများနဲ့စာရင်  ရောက်ဖူးကြသူကတော့ နည်းပါးလှပါသေးတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး မချောမွေ့တာကြောင့် ဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ ကျင်းပလေ့ ကျင်းပမြု အင်းတော်ကြီးထဲက ရွှေမဉ္ဇူ ရေလယ်စေတီတော်ရဲ့ ဘုရားပွဲဟာဆိုရင်လည်း ကချင်ပြည်နယ်မှာ အစည်ကားဆုံး ဘုရားပွဲလို့ ဆိုရလောက်အောင် ကြက်ပျံမကျ စည်ကားလှပါတယ်။ အဲဒီလို လူတွေ စည်ကားလွန်းတဲ့အတွက် ကျွန်မကတော့ ပွဲတော်ရက်တွေထက်စာရင် အေးအေးလူလူ ဘုရားဖူးပြီး သဘာဝအလှ ရှုခင်းတွေ ကောင်းကောင်းမြင်တွေ့ရတဲ့ ဘုရားပွဲတော် မဟုတ်တဲ့အချိန်မျိုးကို သွားရတာ ပိုပြီး နှစ်သက် သဘောကျပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကချင်မြန်မာ ချစ်ကြည်ရေးမိန့်ခွန်းဟောခဲ့ရာ လမောင်ရွာကလေးဆီသို့အမှတ်တရ ခရီး


ဒီနေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ မနက်ဖန် ဖေဖော်ဝါရီလ ၁၃ရက် ဗိုလ်ချုပ် မွေးနေ့အတွက် မှတ်မှတ်ရရ ပိုစ့်လေးတစ်ပုဒ် ရေးဖို့ ရည်ရွယ်ပြီး ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ပိုစ့်လေးပါ။ ဒီတစ်ခေါက် ကျွန်မရဲ့ ဇာတိမွေးရပ်မြေကို ပြန်ဖြစ်တဲ့အခါ မပြန်ခင်ကတည်းက ရောက်အောင်သွားမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ နေရာလေးတစ်ခုကို သွားဖြစ်ခဲ့ပါတယ်။ အဲဒီ နေရာကတော့ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်မတို့ကချင်ပြည်နယ် ဖားကန့်ဒေသကို ရောက်လာခဲ့စဉ် ကချင်မြန်မာ ချစ်ကြည်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့ နေရာလေးပဲ ဖြစ်ပါတယ်။ ကျွန်မဟာ ဖားကန့်ဒေမှာ မွေးဖွားကြီးပြင်းလာတာ ဖြစ်ပေမဲ့လို့ အဲဒီနေရာလေးကို ဒီအရွယ်အထိ တစ်ခါမှကို မရောက်ခဲ့ပါဘူး။ တကယ်တမ်းတော့ ဝေးလှတယ် မဟုတ်ပေမဲ့ သွားလာရေး ခက်ခဲတာရယ်ကြောင့် မရောက်ဖြစ်ခဲ့တာပါ။

၁၉၄၆ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်ပြည်နယ် ကျောက်စိမ်းတွင်းဒေသဖြစ်တဲ့ လမောင် ရွာကလေးမှာ ကချင်မြန်မာ ချစ်ကြည်ရေးနဲ့ လွတ်လပ်ရေး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ (လမောင်ရွာကို လှမောင်လို့ အသံထွက်ရမှာ ဖြစ်ပါတယ်။ ကချင်နာမည်တွေမှာ ဟထိုးမပါပေမဲ့ ဟထိုးအသံထွက်နဲ့ ထွက်ပါတယ်။ ဥပမာ လဆိုင်း ဆိုတဲ့ ကချင်ယောက်ျားလေး နာမည်ကို လှဆိုင်းလို့ အသံထွက်ပါတယ်။)  အဲဒီနေရာလေးကို ကျွန်မနဲ့အတူ စာဖတ်သူတို့ကိုလည်း အတူခေါ်သွားပါရစေ..  လမောင်ရွာကို သွားတဲ့လမ်းဟာ ဘယ်လိုမျိုးလဲ ၊ ဗိုလ်ချုပ် မိန့်ခွန်းပြောခဲ့ပါတယ်ဆိုတဲ့ နေရာကလေးဟာ ဘယ်လိုအမှတ်တရများ ရှိနေမလဲ ဆိုတာလေးတွေ လိုက်ပါကြည့်ရှုရအောင်ပါနော်။



လမောင်ရွာကို သွားတဲ့ လမ်းတွေပါ။ ယခင်ခေတ်ကတော့ သာမာန်လူသွားလမ်းကလေးဖြစ်ခဲ့မှာပါ။ ခုချိန်မှာတော့ ကျောက်စိမ်းလုပ်ကွက်တွေ များစွာ ရှိလာတာကြောင့် ဘူဒိုဇာတို့၊ ဘက်ဖိုးတို့နဲ့ လမ်းတွေကို ကျယ်ဝန်းလာအောင် လုပ်ထားပါပြီ။







သွားရတဲ့ လမ်းကတော့ တကယ့်ကို တောင်တက် တောင်ဆင်းတွေများတဲ့ လမ်းဖြစ်ပါတယ်။ လမ်းဘေးဝဲယာ ချောက်ကြီးတွေ၊ ကမ်းပါးကြီးတွေကို ဖြတ်သွားရပါတယ်။



  
ကျောက်စိမ်းတူးလက်စ လုပ်ကွက်များစွာကိုလည်း ဖြတ်သွားခဲ့ရပါတယ်။ ခုချိန်မှာတော့ လုပ်ငန်းတွေ ရပ်နားထားချိန်ဖြစ်လို့ အချို့နေရာတွေမှာ အပိုင်းပိုင်း ဖြတ်တောက်ခံထားရတဲ့ တောင်တွေ၊ အချို့နေရာတွေမှာတော့ တောင်တွေဖြို၊ မြေတွေတူးထားတဲ့ လုပ်ကွက်တွေရဲ့ နေရာတွေဟာ ရေကန်ကြီးတွေဖြစ်လို့နေပါပြီ။ ဖားကန့်ဒေသမှာ သဘာဝကြောင့် မဟုတ်ပဲ လူတွေကြောင့် ယခုပုံထဲကလို ကြီးမားလှတဲ့ ရေကန်ကြီးတွေ ရေအိုင်ကြီးတွေဟာ လက်ညှိုးထိုးမလွဲအောင် ရာနဲ့ချီပြီး ရှိနေပါပြီ။ ယခင်က ရှိခဲ့ဖူးတဲ့ တောင်တန်းတွေ တောင်ကုန်းတွေ သစ်ပင်တောတောင်တွေ နေရာမှာ ကျွန်မတို့ ဒေသခံတွေ ရရှိလိုက်တဲ့ လက်ဆောင်ဖြစ်ပါတယ်။ ဒီအကြောင်းတွေနဲ့ အခြားသော ဓာတ်ပုံတွေ များစွာကိုတော့ နောက်မှ သီးသန့်ရေးမှာမို့ အရှည်မပြောတော့ပဲ ချန်ခဲ့ပါမယ်။


ဇီအုန်ဆုတောင်းကုန်း တောင်ထိပ်

အဲဒီလို တစ်တောင်တက် တစ်တောင်ဆင်းနေရင်းကနေ ရွာတစ်ရွာကို ရောက်သွားပြီး အဲဒီတစ်ဝိုက်က အမြင့်ဆုံးတောင်ထိပ်တစ်ခုကို ဆက်တက်ခဲ့ရာ ဆုတောင်းတောင်ထိပ်ကို ရောက်သွားခဲ့ပါတယ်။ တကယ်တော့ လမ်းမှားပြီး လမောင်ရွာကို မရောက်ပဲ အခြားတောင်ပေါ်တစ်ခုကို ရောက်သွားတာပါ။ ဒီနေရာက မော်မောင်းဘွမ်ဆိုတဲ့ မော်မောင်းတောင်ထိပ်ဖြစ်ပါတယ်။ ဘွမ်ဆိုတာ ကချင်လို တောင်ကို ခေါ်တာပါ။ ဇီအုန်ဆုတောင်းတောင်လို့လည်း ခေါ်ပါတယ်။ တောင်ထိပ်မှာ ကချင်လူမျိုးတို့ အထွတ်အမြတ်ထားရာ ဇီအုန်ဆုတောင်းကုန်းရှိပါတယ်။ ကြီးမားလှတဲ့ လက်ဝါးကပ်တိုင်ကြီးကိုလည်း ခန့်ခန့်ညားညား တွေ့ရပါတယ်။ သာသနာ့နယ်မြေဖြစ်လို့ သန့်ရှင်းသပ်ရပ်နေပြီး အေးချမ်းလှပါတယ်။ အဲဒီတောင်ထိပ်ကို လမ်းမှားရင်း ရောက်သွားတာလည်း ကျေးဇူးတင်စရာပါ။ တောင်ပေါ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ ဖားကန့် ကျောက်စိမ်းဒေသရဲ့ တောင်စဉ်တောင်တန်း အထပ်ထပ်ကို နှင်းမြူတွေကြားက လွမ်းမောစဖွယ် ရှုမြင်ရပါတော့တယ်။









 

ပန်းချီကားတွေထဲက အလှမျိုးလိုပါပဲ.. အထပ်ထပ် ဖြစ်နေတဲ့တောင်တွေကိုမြင်မှ ကိုယ့်ရဲ့ ဒေသဟာ ဒီလောက် လှပ လွမ်းမောစရာကောင်းမှန်း သိရပါတော့တယ်။ ဒါပေမဲ့ တောင်တွေ တော်တော် များများကတော့ ကျောက်စိမ်းရှာဖွေသူတွေရဲ့ လက်ချက်နဲ့ ဖြတ်တောက်ချိုးဖဲ့ထားခြင်း ခံရတာပါပဲ။ နောင်ကိုတော့ ဒီတောင်တွေ မြင်မှမြင်ရပါတော့မလား၊ အကောင်းအတိုင်း ကျန်ပါတော့မလား ဆိုတာ ဘယ်သူက သေချာပြောနိုင်မှာလဲနော်။ ဘာဘဲဖြစ်ဖြစ် မှတ်တမ်းတစ်ခုအနေနဲ့ ဓာတ်ပုံတွေသာ များများရိုက်ခဲ့ပါတော့တယ်။ ဒီတောင်ပေါ်ကနေ မျှော်ကြည့်လိုက်တော့မှ ကျွန်မတို့ သွားလိုတဲ့ လမောင်ရွာကို ပျပျလေး လှမ်းမြင်ရပါတယ်။ အဲဒီတောင်ထိပ်မှာတော့ ရွှေရောင်စေတီလေးတစ်ဆူ ရှိပါတယ်။ အဲဒီရွာကို သွားတဲ့ တောင်ပေါ်လမ်းကလေးကိုလည်း ကွေ့ကွေ့ကောက်ကောက် လှမ်းမြင်နေရပါတယ်။ ဓာတ်ပုံထဲမှာတော့ မပါတော့ပါဘူး။



နောက်ထပ် မိနစ်အတော်ကြာ တောင်တွေ တစ်တောင်ပြီးတစ်တောင် ဖြတ်ပြီးတော့ လမောင်ကုန်းလို့ခေါ်တဲ့ တောင်ထိပ်က ရွာကလေးဆီ ရောက်ပါတော့တယ်။ ဒါကတော့ ရွာအဝင်လမ်းကလေးပါ။ ရွာထဲ ဝင်ဝင်ချင်းမှာပဲ ရွာထိပ်မှာ ကျောက်တိုင်လေးတစ်တိုင် လှမ်းတွေ့ရပါတော့တယ်။ အဲဒီနေရာဟာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောခဲ့တဲ့နေရာကလေးပါ။




 

 

ကျောက်တိုင်ရှေ့ အမှတ်တရ…



ကျောက်တိုင်ပေါ်က စာအတိုင်း ရေးရမယ်ဆိုရင် "၁၉၄၆ခုနှစ် လမောင်ရွာ ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်မြန်မာချစ်ကြည်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်မိန့်ခွန်း ပြောကြားခဲ့သည်" လို့ ရေးထိုးထားပါတယ်။


ကျောက်စာရဲ့ အခြားတစ်ဖက်ပါ။ စာတွေကတော့ စောစောက ဖက်နဲ့အတူတူပဲ ဖြစ်ပါတယ်။


ကျောက်တိုင်ရှေ့နားမှာ အပင်တစ်ပင်ကို တွေ့ရမှာပါ။ ကြည့်ရတာတော့ ဇီးဖြူပင်နဲ့ ဆင်တူပါတယ်။ ဟုတ်မဟုတ်တော့ မသေချာပါ။ အဲဒီအပင်ကို ဒီနေရာလေးအတွက် အမှတ်တရရ သက်သက်များ စိုက်ထားခဲ့လေသလားတော့ မသိနိုင်ပါဘူး။ ပြီးတော့လည်း ဗိုလ်ချုပ်အောင်ဆန်း ရောက်လာခဲ့တဲ့ ဒီနေရာလေးကို မှတ်မှတ်ရရ ဒီကျောက်တိုင်လေးတစ်တိုင် စိုက်ထူဖို့ စိတ်ကူးရခဲ့တဲ့ သူကိုလည်း ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ ကျောက်တိုင်အောက်ခြေနားမှာ ရေးထိုးထားတဲ့ အလှူရှင်ကိုလည်း ဖော်ပြချင်ပါသေးတယ်။


ခလရ (၇၄) စစ်ကြောင်း (၂)မှ ဗိုလ်မှူးသောင်းမြင့် လှူဒါန်းသည်။ လို့ တွေ့ရပါတယ်။

ဆရာ ဦးသန်းထွန်းနှင်း ကိုတူး ဆောက်လုပ်သည်လို့ ရေးထိုးထားပါတယ်။ သူတို့ ကတော့ ကျောက်တိုင်ကို ဆောက်လုပ်ခဲ့ သူတွေ ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဖားကန့်ခရီးစဉ်ကို ရောက်လာတုန်းကလည်း ဒီနေရာကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ 








 






လမောင်ရွာကလေးထဲက အိမ်တစ်ချို့ပါ။ ကားပေါ်ကနေ ရိုက်တာမို့ ပုံတွေက သိပ်တော့ မကောင်းလှပါဘူး။ လမောင်ရွာဟာ ကချင်တိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ရွာဖြစ်ပါတယ်။ အိမ်ခြေလည်း သိပ်မများလှပါဘူး။ ရွာသူရွာသားတွေဟာ ရိုးသားပြီး ရောင့်ရဲတင်းတိမ် တတ်ကြပုံ ရပါတယ်။ နှစ်ပေါင်း ၆၀ကျော် ၇၀နီးပါး ရှိခဲ့ပြီဖြစ်ပေမဲ့ ရွာကလေးရဲ့ အနေအထားဟာ ဗိုလ်ချုပ်အောင်ဆန်း ရောက်လာခဲ့စဉ်ကနဲ့ သိပ်ပြီးတော့ ထူးထူးခြားခြား ပြောင်းလဲမှုရှိဟန် မတူပါဘူး။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် နှစ်တွေ ဒီလောက်ကြာတာတောင် ပြောင်းလဲမှု သိပ်မရှိတဲ့ အနေအထားကို အံ့များသြလေမလား၊ ဝမ်းနည်းပက်လက်များ ဖြစ်နေလေမလားလို့ တွေးမိပါသေးတယ်။

တကယ်တော့ ဒီ လမောင် ရွာလေး အပါအဝင် ကျမတို့ ကချင်ဒေသ တစ်ခုလုံးဟာ သဘာဝတရားရဲ့ လက်ဆောင်တွေဖြစ်တဲ့ သစ်တောတွေ၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေနဲ့ ကျောက်စိမ်း၊ ကျောက်မျက် တွင်းထွက်ရတနာတွေ စတဲ့ မြေပေါ်၊ မြေအောက်သဘာဝအရင်းအမြစ်တွေ အလွန်အင်မတန်ပေါကြွယ်ဝတဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို သဘာတွေ အရင်းအမြစ်တွေ ကိုယ့်ဒေသမှာ ရှိပါလျက်နဲ့ အဲဒီဒေသမှာ နှစ်ပေါင်းများစွာ နေထိုင်လာကြတဲ့ ဒေသခံလူတွေအတွက် ဒီနေ့ ဒီအချိန်အထိ ထိရောက်တဲ့ အကျိုးခံစားခွင့် မရရှိတဲ့အပြင် ဘယ်တုန်းကမှ မမြင်ဖူးဘဲ မိုးကျရွှေကိုယ်တွေလို ဒီဒေသကို ရောက်ချလာတဲ့ ဝိသမ စီးပွားရေး သမားတွေနဲ့ ကိုယ်ကျိုးရှာ အာဏာပိုင် တချို့ကြောင့် သူတို့ ပြန်ရလိုက်တာက ကောသွားတဲ့ မြစ်တွေ ချောင်းတွေ၊ မြေစာပုံအောက်ရောက်သွားတဲ့ စားကျက်တွေ၊ စိုက်ခင်းတွေနဲ့ ပြိုပျောက်သွားတဲ့ သစ်တောတွေ၊ တောင်တန်းကြီးတွေ သာ ဖြစ်လို့နေတာကတော့ မိအေး နှစ်ခါနာသာမက မိအေးအခါခါနာရတဲ့ အဖြစ်ဆိုက်နေပါလား လို့ စိတ်မကောင်းစွာနဲ့ တွေးမိပြန်ပါတယ်။ သြော်.. တကယ်တော့လည်း ဒီလို အဖြစ်မျိုးဟာ ကျွန်မတို့ ဒေသ တစ်ခုတည်းတင် မဟုတ် ကျွန်မ သွားခဲ့လာခဲ့တဲ့ မြန်မာနိုင်ငံ တနံတလျားက ဒေသတွေ၊ တွေ့ကြုံ ဆုံခဲ့ ရသူတွေ ပြောပြတဲ့ အဖြစ်တွေမှာလည်း ဒီလို ဆင်တူတဲ့ အဖြစ်မျိုးတွေ အများကြီး ဆိုတာ ဆက်တွေးမိပြန်တော့ ငါတို့ ချည်းပဲ မဟုတ်ပါသေးဘူး လို့ပဲ တွေးရမလား၊ ကိုယ့်ဒေသက အဖြစ်အပျက်တွေက နဲနဲတော်ပါသေးတယ်လို့ ပဲ ဖြေသိမ့်ရမလား၊ ကိုယ့်ရေတွင်းထဲက ရေကို ကိုယ်သောက်ခွင့် မရတဲ့ ဒီလိုအဖြစ်မျိုးတွေကို ကျွန်မတို့ ကာကွယ်တားဆီးနိုင်စွမ်း မရှိကြတော့ဘူးလား.. စတဲ့ လားပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာနဲ့ ဝေခွဲမရဖြစ်လို့သာ လာပါတော့တယ်။

ကျောက်တိုင်နဲ့ ရွာထဲ တဝိုက်ပတ်ဝန်းကျင်ကို ဓာတ်ပုံတွေစိတ်ကြိုက် ရိုက်ပြီးတာနဲ့ တောင်ကုန်းထိပ်က စေတီလေးဆီ သွားခဲ့ကြပါတယ်။






  
သာသနပါလ စေတီတော်လို့ အမည်ရပါတယ်။ အခြားသော သိမ်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကိုပါ တောင်ထိပ်နားမှာ တွေ့ခဲ့ရပါတယ်။


  
တောင်ထိပ်ပေါ်ကနေ လှမ်းမြင်ရတဲ့ လမောင်ရွာကလေးပါ။

ဒီရွာကလေးမှာ ယခင်ကတော့ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေ မရှိပါဘူး. ခရစ်ယာန်အများစု နေထိုင်တဲ့ ရွာကလေးပါ။ ခုနောက်ပိုင်းမှ ကျောက်မျက် ကုမ္ပဏီကြီးတစ်ချို့နဲ့ ရွာထဲက ဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီး ဘုန်းကြီးကျောင်းဆောက် ဘုရားတည် လုပ်ကြတာ မကြာသေးပါဘူး။ ခုချိန်မှာတော့ လမောင်ရွာကလေးမှာ ခရစ်ယာန်ရော ဗုဒ္ဓဘာသာဝင်များပါ အေးအေးချမ်းချမ်း အတူတကွ နေထိုင်နေကြပါတယ်။




တောင်ထိပ်ပေါ်ကနေ လှမ်းမြင်ရတဲ့ ရှုခင်းတွေပါ။



ဒီနေရာကတော့ စစ်တပ်ရှိရာ တောင်ကုန်းကလေးပါ။





ရွာကလေးဆီကနေ ပြန်လာခဲ့ပါပြီ။




အပြန်လမ်းမှာတွေ့ရတဲ့ မြင်ကွင်းတွေပါ။



အပြန်လမ်းမှာ မှော်တစ်ချို့ကနေဖြတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ မှော်ထဲက အိမ်တစ်ချို့ကတော့ အသည်းယားစရာ ။ တောင်စောင်းတွေမှာ ခုလို အနေအထားနဲ့ တွေ့ခဲ့ရပါတယ်။ မိုးရာသီလို မြေကြီးတွေပြိုတတ်တဲ့အချိန်မျိုး အတွက်တော့ အလွန်အန္တရာယ် များလှပါတယ်။ ပြီးတော့လည်း အိမ်ဆောက်ထားတဲ့နေရာတွေက မြေမာ မဟုတ်ပဲ ကျောက်တူးပြီး မြေကြီးတွေ ပုံထားတဲ့ နေရာမျိုးတွေပါ။ အသားမကျသေးတဲ့ မြေတွေက ရေများများထိရင် ပြိုကျတတ်တာမျိုးပါ။

 

တောင်အထပ်ထပ်ကို ကျော်ဖြတ်ပြီး ပြန်လာတဲ့လမ်းတစ်လျှောက် စဉ်းစားနေမိတာက ဗိုလ်ချုပ်တို့ ရောက်လာခဲ့စဉ်တုန်းက ဒီနေရာတွေဟာ ကားလမ်းလုံးဝ ရှိမှာ မဟုတ်ပါဘူး. ဒီနေရာထိ ရောက်အောင် ခြေလျှင်လျှောက်ပြီး လာခဲ့ရမယ် ဆိုတာ ဗေဒင်မေးစရာ မလိုပါ။ ကိုယ်ကျိုးအတွက် မျှော်လင့်ချက်၊ မျှော်မှန်းချက် ဘာတစ်ခုမှ မပါဘဲနဲ့ ခုလို တောင်တက် တောင်ဆင်း များလှတဲ့ ခရီးကြမ်းကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်သန်းပြီး  ကချင်မြန်မာ ချစ်ကြည်ရေးနဲ့ မြန်မာပြည်ကြီးအတွက် လွတ်လပ်ရေးတိုက်ပွဲဝင် မိန့်ခွန်း လာရောက်ဟောကြားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို တိုးလို့သာ ကြည်ညို လေးစားမိပါတော့တယ်။ ပြည်ထောင်စုကြီးအတွင်းမှာ အေးအတူ ပူအမျှ နေထိုင်လာကြတဲ့ တိုင်းရင်းသားတွေ အားလုံးလည်း   စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်၊ တစ်ဦးနဲ့တစ်ဦး လေးလေးစားစား ရင်းရင်းနှီးနှီး အမြဲတမ်းသာ ရှိသွားကြမယ်ဆိုရင်  ဗိုလ်ချုပ်ဖြစ်စေချင်ခဲ့တဲ့၊ ရည်မှန်းခဲ့တဲ့ အေးချမ်းသာယာသော ပြည်ထောင်စုကြီး ဖြစ်နေမှာ၊ ဖြစ်လာမှာ မလွဲပါဘူးလို့ ပြည်ထောင်စုနေ့မှာ အလေးအနက် ဆန္ဒပြုရင်း ယုံကြည်မျှော်လင့်မိပါတော့တယ်ရှင်။