Showing posts with label စိတ်ခွန်အားဖြည့်စာစုများ. Show all posts
Showing posts with label စိတ်ခွန်အားဖြည့်စာစုများ. Show all posts

ချက်လက်မှတ်လေးတစ်စောင်




စီးပွားရေးလုပ်ငန်း မျိုးစုံကိုလုပ်တဲ့ စီးပွားရေးသမားတစ်ယောက်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြေးဖြေး ယိမ်းယိုင်လာပြီးနောက်မှာ ဘယ်လိုမှ ပြန်အဖတ်မဆယ်နိုင်တော့ဘဲ အကြွေးပင်လယ်ထဲ နှစ်မြုပ်ခဲ့ရပါတယ်။ သူ့ထံကို ကုန်ပစ္စည်း သွင်းပေးတဲ့ ဖောက်သည်တွေကလည်း အရင်ကြွေးတွေ ကြေအောင်ဆပ်မှ ပစ္စည်းသစ်ထပ်ပေးမယ်လို့ ပြောကာ သူ့ကို နောက်ထပ် ပစ္စည်းတွေ ထပ် မပေးတော့ဘဲ အဆက် ဖြတ်လိုက်ကြပါတယ်။ သူ့ဆီ ပစ္စည်းယူနေကျ ဖောက်သည်တွေကလည်း သူက ကုန်ပစ္စည်းတွေ မပေးနိုင်တော့တဲ့အခါ တစ်ခြား ကုန်သည်ဆီ ပြောင်းကုန်ကြပါတယ်။ နောက်ဆုံးတော့ သူဟာ မကြာခင်မှာ ဒေဝါလီ ခံရတော့မဲ့သူ ဖြစ်လာပါတော့တယ်။

တစ်နေ့တော့ သူဟာ ပန်းခြံတစ်ခုထဲက ခုံတန်းလျားပေါ်မှာ သူ့ဘဝအကြောင်းတွေကို တွေးတောစဉ်းစားရင်း စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေပါတယ်။ မကြာခင် လူမွဲ လူဆင်းရဲ ဖြစ်ရတော့မဲ့ အခြေအနေကနေ ဘယ်လိုများ ရုန်းထွက်ရပါ့မလဲလို့ ခေါင်းပူမတတ် စဉ်းစားနေမိပါတယ်။ သူ့မျက်နှာဟာလည်း ဘဝကို စိတ်အပျက်ကြီး ပျက်နေတဲ့သူ တစ်ယောက်ရဲ့ ညှိုးငယ်မှုမျိုးနဲ့ မှုန်မှိုင်းနေပြီး မလှုပ်မရှက် ငေးမှိုင်လို့ နေပါတယ်။ အဲဒီအချိန်မှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက်က သူ့အနားကို ရောက်လာပါတယ်။ အဖိုးအိုက သူ့ကိုလည်း တွေ့ရော "မင်းကြည့်ရတာ ဒုက္ခရောက်နေတဲ့ ပုံစံဘဲ။ ဘာတွေများ ဖြစ်နေလို့တုန်း။ ငါ့ကို ပြောပြစမ်းပါဦးကွာ" လို့ သူ့အနားတွင် ဝင်ထိုင်ရင်း မေးလိုက်ပါတယ်။ အဖိုးအိုရဲ့ အမေးကိုကြားတော့ တစ်ယောက်တည်းနေတာထက်စာရင် တစ်ယောက်ယောက်နဲ့ စကားပြောတာက ပိုကောင်းမယ်လို့ တွေးမိပြီး သူကလည်း သူ့အခြေအနေ၊ သူ့ဘဝအကြောင်းတွေကို အဖိုးအိုကို ပြောပြလိုက်ပါတယ်။ သူ့အကြောင်းတွေကို နားထောင်ပြီးတဲ့နောက်မှာ အဖိုးအိုက "မင်းဒုက္ခတွေကို ငါကူညီနိုင်မယ် ထင်ပါရဲ့ကွာ" လို့ ပြောပြီး ချက်စာအုပ်တစ်အုပ်ကို သူ့အိတ်ထဲကနေ ဆွဲထုတ်လိုက်ပါတယ်။ ပြီးနောက် မင်းနာမည် ဘယ်လိုခေါ်တုန်း လို့ သူ့နာမည်ကို မေးပါတယ်။ စီးပွားရေးသမားကလည်း သူ့နာမည်ကို ပြောပြလိုက်တဲ့အခါ အဖိုးအိုက ချက်လက်မှတ် တစ်စောင်ပေါ်မှာ သူ့နာမည်ကို ရေးလိုက်ပြီးနောက် အဖိုးအိုက သူ့လက်မှတ်ကို ထိုးလိုက်ပါတယ်။ ထို့နောက်တော့ ချက်စာရွက်ကို သူ့လက်ထဲ လှမ်းပေးလိုက်ပြီး "ဒီချက်လက်မှတ်မှာ ရေးထားတဲ့ ငွေတွေက မင်းကို ငါကူညီတဲ့ ငွေတွေပါဘဲ။ မင်း ဒီငွေတွေကို ယူပြီး စီးပွားရေးလုပ်ငန်းတွေကို ပြန်လုပ်ပါ။ ဒီနေ့ကနေ စရေတွက်လို့ နောက်တစ်နှစ်တိတိ ပြည့်တဲ့နေ့မှာ ဒီနေရာကို ရောက်အောင်လာပြီး ငါ့ငွေတွေကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါ" လို့ ပြောပြီးနောက် အဖိုးအိုဟာ သူ့လက်ထဲ ချက်စာရွက်ကို ထည့်ပြီး သူ ထိုင်နေတဲ့ ခုံတန်းလျားကနေ ထွက်ခွာသွားပါတယ်။

ဘယ်လိုမှ မျှော်လင့်မထားဘဲ သူ့လက်ထဲ ရောက်လာတဲ့ ချက်လက်မှတ်ကိုကြည့်ပြီး သူဟာ အံ့အားသင့်နေခဲ့ပါတယ်။ ချက်စာရွက်ပေါ် ရေးသွင်းထားတဲ့ ငွေကြေးပမာဏကို သူဖတ်ကြည့်လိုက်တော့ ဒေါ်လာ ၅သိန်း တိတိဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း ချက်စာရွက် ပိုင်ရှင်ရဲ့ လက်မှတ်နေရာကို ကြည့်လိုက်တော့ ရော့ကဖဲလား ဆိုတဲ့ နာမည်ကို တွေ့လိုက်ပါတော့တယ်။ ဒီမှာတင်ဘဲ သူ့ကို ဒေါ်လာ ၅သိန်း ပေးသွားခဲ့တဲ့သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေး ရော့ကဖဲလား ဆိုတာ သိလိုက်ရပြီး အလွန် အံ့သြ တုန်လှုပ်သွားခဲ့ပါတယ်။ သူဟာ ရော့ကဖဲလားကို နာမည်ကြားဖူးရုံကလွဲလို့ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ခုကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဖြစ်တဲ့ ကံကြမ္မာကိုလည်း အံ့သြလို့ နေရပါတယ်။ လက်ထဲကို ဒေါ်လာ ၅သိန်းရောက်လာတယ်ဆိုတဲ့ အသိဟာ သူ့စိတ်ထဲကို အင်မတန်မှ ပေါ့ပါးသွားစေခဲ့ပါတယ်။ မကြာခင်မှာ ဒေဝါလီခံရတော့မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း လျော့ပါးသွားခဲ့ပြီး သူဟာ စီးပွားရေးကို ကောင်းကောင်း ပြန်လုပ်နိုင်လိမ့်မယ်လို့လည်း သူ့ကိုယ်သူ ယုံကြည်မှုတွေ ရှိလာစေခဲ့ပါတယ်။သို့သော်လည်း လက်ထဲရောက်နေတဲ့ ချက်လက်မှတ်ထဲက ငွေတွေကို သူဟာ အရေးကြုံမှ သုံးမယ်၊ ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ တွေးမိပြီး ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါတယ်။

ထို့နောက်မှာတော့ ခွန်အားသစ်တွေ၊ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ အတူ သူဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါတော့တယ်။ ကုန်သည်တွေကို ယုံကြည်လောက်အောင် အကောင်းဆို ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါတယ်။ သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ ပြန်ကြိုးစားပါတယ်။ ၃လ ၄လ အကြာမှာ သူ့စီးပွားရေးဟာ တဖြေးဖြေး ပြန်လည် လည်ပတ်လာနိုင်ခဲ့ပြီး အကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အချိန်မှာ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့ပါတယ်။

ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်နေခဲ့ပါတယ်။ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ သူ့အနားကို ရောက်လာပါတယ်။ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့ လက်တစ်ဖက်ကို တွဲလိုက်ပါတယ်။ "အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ နှံ့နေတာဘဲ။ တော်ပါသေးရဲ့ ပြန်တွေ့တာ " လို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ့ဘက်ကို လှည့်လာပြီး "အဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော်။ သူက အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်တယ်။ ပြီးတော့လည်း တွေ့တဲ့သူတိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်တယ်။ ရှင့်ကို နောက်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်"လို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့ကနေ ထွက်သွားပါတော့တယ်။

တစ်ယောက်တည်း ကျန်ခဲ့တဲ့သူဟာ ခုံတန်းရှေ့မှာ အတော်ကြာ မတ်တပ်ရပ်ပြီး ဆွံ့အလို့ နေမိပါတယ်။ သူ့လက်ထဲမှာ ဒေါ်လာ သန်းဝက် ရှိတယ် ဆိုတဲ့ယုံကြည်မှုတွေနဲ့ သူဟာ အလုပ်ကို တစ်နှစ်ပတ်လုံး အားကြိုးမာန်တက် လုပ်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ဆက်ဆံပြီး အရောင်း အဝယ်ကို ပြန်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့လက်ထဲမှာရှိနေတ်ာလို့ တစ်ချိန်လုံး ယုံကြည်နေမိတဲ့ ဒေါ်လာသန်းဝက်ဆိုတာ တကယ်တော့ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူလေးတစ်ရွက်သာ။ သူ သဘောပေါက်လိုက်မိတာက သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို အကောင်းဆုံး ပြန်လုပ်နိုင်အောင် တွန်းအား ပေးလိုက်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုသာ ဖြစ်တယ်ဆိုတာ သူ နားလည်လိုက်မိပါတော့တယ်။

The Self Confidence (Author unknown)

စပင်ဆာ ဝထ်စ် (သို့မဟုတ်) မဖြစ်နိုင်ခြင်းကို ပြောင်းပြန်လှန်ပစ်သူ



တကယ်လို့များ သင်ဟာ မိမိဘဝကို လုပ်တိုင်းမဖြစ်၊ ဖြစ်ချင်တိုင်းလည်း ဖြစ်မလာ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်နေတယ်။ သင့်ဘဝဟာ ခက်ခဲကြမ်းတမ်းလွန်းတယ် စသဖြင့် အဲဒီလိုများ ထင်နေခဲ့ပြီး လောကကြီးဟာ စိတ်ပျက်ငြီးငွေ့နေစရာ ဖြစ်နေတယ်လို့ ထင်နေတယ်ဆိုရင် သင်ထင်သလောက် သင့်လောကကြီးဟာ မခက်ခဲ၊ မကြမ်းတမ်းလှသေးပါဘူးဆိုတဲ့ အကြောင်းနဲ့၊ မဖြစ်နိုင်ဘူးလို့ လူတိုင်းက ပြောနေကြတဲ့ ကြီးမားလှတဲ့ အခက်အခဲတွေကို မယုံကြည်နိုင်လောက်ဖွယ်ရာ အောင်မြင်စွာ ဖြတ်ကျော်ပြခဲ့တဲ့ လူတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ 

သူကတော့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့သား Spencer West ဖြစ်ပါတယ်။ သူဟာ အာဖရိကမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ပေပေါင်း တစ်သောင်းကိုးထောင် ( ၁၉၀၀၀) ( မြန်မာပြည်ရဲ့ ခါကာဘိုရာဇီတောင် နီးပါး ) မြင့်မားတဲ့  Mt. Kilimanjaro ကို တက်ရောက်ခဲ့ရာ တစ်ပတ်အကြာမှာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ တောင်ထိပ်ကို တက်တာ ဘာများ ထူးဆန်းသလဲလို့ မေးစရာရှိပါတယ်။ သာမာန်လူအတွက်ဆိုရင်တော့ ပေပေါင်း တစ်သောင်းကိုးထောင်ကို အောင်အောင်မြင်မြင် တက်ရောက်တာ ဘာမှ ပြောစရာမရှိပေမဲ့  Spencer West အတွက်တော့ အလွန်ကြီးမားတဲ့ အောင်မြင်မြှုဖစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ခြေထောက်နှစ်ဖက် မရှိဘဲ လက်နှစ်ဖက်ကိုသာ အားပြုပြီး တောင်ထိပ်အထိ ရောက်အောင် တက်ရောက်နိုင်ခဲ့သူ ဖြစ်လို့ပါဘဲ။ 


Spencer West ဟာ အသက် ၅နှစ်အရွယ်မှာ ရောဂါတစ်မျိုးကြောင့် ခြေထောက် နှစ်ဖက်စလုံးကို ပေါင်အရင်းကနေ ဖြတ်ပစ်လိုက်ရပြီး တစ်ယောက်ယောက်ရဲ့ အကူအညီမပါဘဲနဲ့ အထိုင်အထ လုပ်ဖို့၊ လမ်းလျှောက်ဖို့ ဆိုတာ သူ့ဘဝမှာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု၊ ပြင်းပြတဲ့ ဆန္ဒတို့၏ လှုံ့ဆော်မှုတို့နဲ့ Spencer West က အဲဒီ အဲဒီ ဆရာဝန်တွေရဲ့ စကား မှားယွင်းကြောင်းသက်သေပြခဲ့ပါတယ်။ အဲဒါကတော့ အာဖရိကတိုက်မှာ ရှိတဲ့ အမြင့်ဆုံးတောင် Mt. Kilimanjaro တောင်ထိပ်ကို (၇) ရက်အတွင်း တက်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။


တောင်တက်ခရီးကြမ်း တစ်ခုလုံးရဲ့  ၈၀ ရာနှုန်းကို သူ့ရဲ့ လက်နှစ်ဖက်ကိုသာ အသုံးပြုပြီး တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး သူနှင့်အတူ သူ့ရဲ့ သူငယ်ချင်းကောင်း (၂) ယောက်ကလည်း လိုအပ်တဲ့ အကူအညီတွေကို နောက်က တောက်လျောက် ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒီတောင်တက်ခရီးစဉ် တစ်ခုလုံးကို အခုလို လက်နှစ်ဖက်တည်းနဲ့ အောင်မြင်စွာ တက်ရောက်နိုင်ဖို့ အတွက် Spencer West အနေနဲ့ တစ်နှစ်ပတ်လုံး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ နောက်ထပ် ဂုဏ်ယူဖွယ်ရာ တစ်ခုကတော့ သူ့ရဲ့ ဒီလို အလွန်အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုကြောင့် ရရှိတဲ့ ဆုငွေ ဒေါ်လာ ၅၀၀၀၀၀ ခန့်ကို ကလေးငယ်ပေါင်း ၃၀၀.၀၀၀ အတွက် ပညာရေးဆိုင်ရာ ရန်ပုံငွေအဖြစ် အားလုံး လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။





























စာရှုသူမိတ်ဆွေများလည်း ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေ၊ စိတ်ပျက်မှုတွေ၊ ကျရှုံးမှုတွေကို Spencer West လိုပဲ အင်အားတွေ၊ သင်ခန်းစာတွေ၊ တွန်းအားတွေ အဖြစ်ပြောင်းလဲပစ်ပြီး တစ်ယောက်ချင်းစီမှာ ရှိနေကြတဲ့ ကိုယ်ပိုင် အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ကြတဲ့ ဘဝရဲ့ အောင်မြင်မှုပန်းတိုင်ကို အသီးသီး လက်လှမ်းနိုင်ကြသူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်...





ကိုးကား
၁။ http://www.people.com/people/article/0,,20606149,00.html
၂။ http://www.funzug.com/index.php/inspirational/story-of-an-inspirational-smiling-face.html

ဘဝရဲ့ ကစားပွဲများ


ဒီတစ်ပတ်အတွင်းမှာ အိမ်မှာ ငြိမ်ငြိမ်မနေရဘဲ ဟိုသွား ဒီသွားနဲ့ ခရီးသွားလာရတဲ့ အလုပ်တွေနဲ့ ရှုပ်နေတာနဲ့ပဲ စာအသစ် မရေးဖြစ်တာ နည်းနည်း ကြာသွားခဲ့ပါတယ်။ စာအသစ်တွေ အရင်လို မရေးနိုင်ခင်မှာ သွားရင်း လာရင်း ကားပေါ်မှာ၊ ခရီးမှာ မထင်မှတ်ပဲ Angry Birds ဆိုတဲ့ ဂိမ်းကို  ကျွန်မ ကစားမိခဲ့စဉ်က ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေနဲ့ တွေးမိတဲ့ အတွေးအမြင်တွေ အကြောင်း    ပြောပြချင်ပါတယ်။  များသောအားဖြင့်တော့ ကျွန်မဟာ ဂိမ်းတွေ ဘာတွေကို ဆော့လေ့ ဆော့ထ ရှိတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ အလုပ်များတာရယ်၊ ရှားရှားပါးပါး ရတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်၊ စာရေး စာဖတ်လုပ်ချိန်တွေထဲကနေ ဖဲ့ပြီး မပေးချင်တာရယ်၊ အစလုပ်ပြီး မကစားချင်တာရယ် စတာတွေကြောင့် ဖြစ်ပါတယ်။ ဂိမ်းတွေရဲ့ ထုံးစံကလည်း စ ကစားမိရင် စွဲလန်းတတ်တာကြောင့်လည်း အစလုပ်ပြီး မကစား ချင်တာပါ။ ဂိမ်းတွေ ဘာတွေ ဆော့ဖို့ သိပ်စိတ်မဝင်စားတဲ့ ကျွန်မရဲ့ဖုန်းထဲကို ညီမလိုခင်တဲ့ တစ်ယောက်က လွန်ခဲ့တဲ့ တစ်လလောက်ကမှ Angry Birds ဆိုတဲ့ ဂိမ်းလေးကို ဖုန်းထဲမှာသွင်းပေး သွားခဲ့ပါတယ်။ ကွန်ပျူတာနဲ့တောင် ဂိမ်းတွေ ဆော့လေ့မရှိတဲ့ ကျွန်မဟာ ဖုန်းထဲကို ရောက်လာတဲ့ Angry Birds ဂိမ်းကို ဖုန်းပေါ်မှာ တွေ့နေပေမဲ့ ယောင်လို့တောင် ဖွင်မကြည့်မိပါဘူး။ တစ်ရက်မှာတော့ ခရီးတစ်ခု သွားရင်းနဲ့ တစ်နေရာမှာ ကိစ္စတစ်ခုကို စောင့်ဆိုင်းစရာ ပေါ်လာခဲ့ပါတယ်။ ဖတ်စရာစာအုပ်လည်း ပါမသွားတဲ့ ကျွန်မဟာ ဖုန်းထဲမှာ ထည့်ထားတဲ့ စာအုပ်တွေကို Adobe reader နဲ့ ဖတ်နေခဲ့ပါတယ်။ ဖတ်လက်စ စာမျက်နှာတွေဟာ မကြာခင်မှာဘဲ ဖတ်လို့ ပြီးသွားတာနဲ့ ဖုန်းကိုကလိရင်း အဲဒီ Angry Birds ဂိမ်းကို စူးစမ်းတဲ့ အနေနဲ့ စမ်း ကစားမိပါတယ်။




စပြီး ကစားလိုက်ရာကနေ ဂိမ်းရဲ့ လွယ်ကူရှင်းလင်းတဲ့ User Interface၊ ဂိမ်းထဲမှာ ပါဝင် လှုပ်ရှားတဲ့ ဇာတ်ကောင်လေးတွေရဲ့ ဆွဲဆောင်မှုတွေကြောင့် အဲဒီနေ့က လယ်ဗယ်တစ်ခုပြီးတစ်ခု ပြီးတဲ့ အထိ တစ်ဖြည်းဖြည်း ဆော့သွားခဲ့မိပါတယ်။ နောက်ပိုင်းမှာ လယ်ဗယ်မြင့်လာတာနဲ့အမျှ  ပိုပိုပြီး ခက်ခဲလာသလို ခက်ခဲတဲ့ လယ်ဗယ် တစ်ခုခုကို အကြိမ်ကြိမ် ပြန်ပြန်ဆော့ရတာတွေ ရှိပါတယ်။ အဲဒီနေ့နောက်ပိုင်း ခရီးကနေ အိမ်ပြန်ရောက်တော့လည်း အလုပ်တစ်ဖက်နဲ့ အားလပ်ချိန်တွေမှာ အဲဒီ Angry Birds ဂိမ်းကိုဘဲ ပြန်ကစားမိပါတယ်။ အဲဒီဂိမ်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ကစားဖူးတဲ့သူတွေကတော့ အတော်များများ သိပြီးသားဖြစ်ကြမှာပါ.. လယ်ဗယ်တစ်ခုကို အောင်မြင်ပြီးမှ နောက်ထပ် လယ်ဗယ်အသစ် တစ်ခုကို ဆက်ကစားလို့ ရတာမျိုးပါ။ အဲဒီတော့ ဒီလယ်ဗယ် တစ်ခုကို မအောင်မြင်နိုင်ရင် နောက်ထပ် လယ်ဗယ်အသစ်တွေကို ဆက်ဆော့ရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အစပျိုးပြီး ဆော့လိုက်မိတဲ့ ကျွန်မဟာ အချိန်အားရတာနဲ့  Angry Birds ကို ဆော့နေမိတတ်ခဲ့ပါတယ်။ လယ်ဗယ်တစ်ဆင့်ပြီး တစ်ဆင့် ကစားနေရင်း အတော်ကိုခက်ခဲတဲ့ အဆင့်တွေမှာ မအောင်မြင်မချင်း အချိန် တော်တော်ကြာကြာ ထပ်တလဲလဲ ကစားပါတယ်။ တခါတလေများ လုံးဝကို အောင်မြင်တော့မှာ မဟုတ်ဘူးလို့ ထင်မိတဲ့အထိ ခက်ခက်ခဲခဲ ကစားရတာတွေ ရှိပါတယ်။ ခက်ခဲတယ် ဆိုတာကလည်း ကျွန်မအတွက် ဆိုလိုတာပါ။ ဂိမ်းတွေဘာတွေ သိပ်ဆော့လေ့မရှိတဲ့ ကျွန်မ အတွက်တော့ အခြားသူတွေအတွက် မခက်ခဲဘူး ထင်ရတဲ့ ဂိမ်းတွေကလည်း ကျွန်မအတွက် ခက်ခဲချင် ခက်ခဲနေနိုင်တာမျိုးပါ။

တခါတလေများ ရေချိုးဖို့ ပြင်နေချိန်မှာတောင် ခဏလောက်ဆိုပြီး ဂိမ်းဆော့မိရင် မပြီးနိုင်တော့အောင် ဖြစ်ရပါတော့တယ်။ ခက်ခက်ခဲခဲ ဂိမ်း တစ်ခုခုကို ဆော့မိရက်သား ဖြစ်နေရင်းများ ရေတောင် ဆက်မချိုးနိုင်အောင် ဖြစ်သွားရပါတယ်။ ကျွန်မစိတ်ထဲမှာလည်း ငါ ဒီဂိမ်းကို မရမချင်း ရေမချိုးဘူး ဆိုပြီး ဇွတ်ပေပြီးကို ဆော့နေတတ်တာပါ။ အဲဒီခါများဆို တကယ်လဲ အဲဒီဂိမ်း မအောင်မြင်အချင်း ရေမချိုးဘဲ ဆော့နေတာဟာ နောက်ဆုံး အောင်မြင်သွားပြီ ဆိုတော့မှသာ စိတ်ဖြောင့်ဖြောင့်နဲ့ ရေ ဆက်ချိုးဖြစ်ပါတယ်။ မှန်တာပြောရရင် တစ်ချို့ဂိမ်းဆို အဲဒီလယ်ဗယ်မှာတင် ၃-ရက်လောက် ထပ်ခါတလဲလဲ ဆော့ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ၃-ရက်ဆိုတာကလည်း တစ်ချိန်လုံး ဆော့နေနိုင်တာမျိုးတော့ မဟုတ်ပါဘူး. အားလပ်ချိန်ရတဲ့အခါတွေမှာ ကစားတာကို ဆိုလိုတာပါ။ တစ်ချို့ဂိမ်းတွေက တစ်ကြိမ်တည်းနဲ့ အောင်မြင် သွားတာမျိုး ရှိသလို တစ်ချို့ကျတော့ အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ဆော့မှ အောင်မြင်တာမျိုး တွေ ရှိတာပါ။ အဲဒီလို ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို လက်လျှော့ မိတော့မလိုအထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း တစ်ခုခုဆို ကစားလက်စဘဲဖြစ်ဖြစ် လုပ်လက်စဘဲဖြစ်ဖြစ် မအောင်မြင်မချင်း မကျေနပ်တတ်တဲ့ ကျွန်မဟာ အဲဒီဂိမ်းကို မကျော်နိုင်မချင်း မရရအောင် ဆော့ပါတယ်။ 

တကယ်လို့ ကျွန်မသာ လွယ်လွယ်ကူကူ လက်လျော့လိုက်ရင် နောက် ဂိမ်းလယ်ဗယ်တစ်ခုကို ဆက်တက်နိုင်တော့မှာ မဟုတ်ပါဘူး.. အောင်မြင်မှုရဲ့ အရသာကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ဂိမ်းတစ်ခုမှာ ခက်ခဲတဲ့ လယ်ဗယ်တစ်ခုကို အချိန်ကြာကြာဆော့လေ ဘယ်လို ကစားရင် နိုင်နိုင်တယ် ဆိုတဲ့ လမ်းကြောင်းကို တွေ့မြင် လာလေ ဖြစ်တဲ့အခါ နောက်ဆုံးမှာတော့ အဲဒီ လယ်ဗယ်ကို အောင်မြင်အောင် ကျော်ဖြတ်သွားနိုင် တာချည်းပါဘဲ။  ဒါပေမဲ့ ခက်ခက်ခဲခဲ ကစားရတဲ့ ဂိမ်းတွေကို အောင်နိုင်သွားတဲ့ အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်နဲ့ ပျော်ရွှင်မှုက ကျေနပ်စရာ ကောင်းပါတယ်။ ကျွန်မဆိုရင် ခက်ခက်ခဲခဲ လယ်ဗယ်တစ်ခုခုကို အောင်မြင်သွားတိုင်း လက်သီးလက်မောင်းတောင် တန်းပြီး အော်ဟစ်မိတာပါဘဲ။ 

ကျွန်မဟာ အဲဒီဂိမ်းတွေကို ကစားနေရင်းမှာဘဲ ကျွန်မစိတ်ထဲ တွေးမိလာတာက ဂိမ်းတွေဟာ ယခုလက်ရှိ လူတွေရဲ့ ဘဝမှာတွေ့ကြုံခံစားနေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ တူလှတယ် လို့ တွေးမိလာတာပါ။ တစ်ချို့အခက်အခဲတွေက လွယ်ကူတယ်.. ရိုးရှင်းတယ်.. ဒီတော့ လွယ်လွယ် ကူကူနဲ့ ဖြေရှင်းနိုင်တယ် .. ကျော်ဖြတ်နိုင်တယ်.. တစ်ချို့ပြဿာနာတွေ အခက် အခဲတွေများ ကျတော့ ကျွန်မ ဆော့နေတဲ့ ဂိမ်းတစ်ချို့ကို ခက်ခက်ခဲခဲ ကစားရသလို ပြဿနာတွေ ကိုလည်း ခက်ခက် ခဲခဲ ဖြေရှင်းရတာ၊ ကျော်ဖြတ်ရတာတွေ ရှိလာပါတယ်။ တစ်ချို့ ပြဿနာများဆို ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး.. ဖြေရှင်းနိုင်တော့မှာမဟုတ်ဘူးလို့ကို ထင်မိ ရလောက်အောင် ကြီးမား ခက်ခဲတတ်တာကို တွေ့ရမှာပါ။ ဒါပေမဲ့ စိတ်မပျက်ဘဲ စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရင် မအောင်မြင်တဲ့ ပြဿနာ ၊ မဖြေရှင်းနိုင်တဲ့ အခက်အခဲဆိုတာ မရှိသလောက်ပါဘဲ.။ တစ်ကယ်တော့ ဘဝဆိုတာဟာလည်း ဂိမ်းတစ်ပွဲ ကစားရခြင်းနှင့် အသွင်သဏ္ဍာန် အရသာ ကွဲပြားပေးမယ့် အနှစ်သာရခြင်းကတော့ အတူတူပဲ မဟုတ်ပါလား။

ဒီတော့ ကျွန်မရဲ့ အမြင်အရတော့ ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ ဂိမ်းကစားရတာနဲ့ တူလှတယ်လို့ ဆိုချင်ပါတယ်။ ဒီနေ့ နေ့တဓူဝ ကျွန်မတို့ တတွေ ထိတွေ့နေကြတဲ့ ကွန်ပြူတာတွေ၊ စမတ်ဖုန်းတွေ အစရှိတာတွေထဲက ဂိမ်းတွေကစားတဲ့အခါမှာ လယ်ဗယ်တစ်ခုပြီးတစ်ခု အောင်မြင်ချင်ရင် ဇွဲရှိဖို့ လိုအပ်သလို စိတ်ရှည်ရှည်ထားဖို့လည်း အလွန်လိုအပ်ပါတယ်။ ဂိမ်းတစ်ခုရဲ့ အဆင့်တိုင်း အဆင့်တိုင်းစီမှာ မတူထူးခြားတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေတတ်တာဟာလည်း ဂိမ်းတွေရဲ့ သာဘဝပါပဲ။ အဲဒီလို ဂိမ်းကစားရင်း တွေ့လာရတဲ့ အဆင့်တိုင်းက အခက်အခဲတိုင်းကို တစ်ကြိမ်တစ်ခါ ကျော်ဖြတ်ရုံနဲ့ အောင်မြင်ဖို့ ဆိုတာဟာလည်း အပေါ်ကို အဆင့်မြင့်မြင့် ရောက်လာလေ ဖြစ်နိုင်ခြေ ပိုပိုနည်းလာလေပါပဲ။ အဲဒီလို အဆင့် တစ်ခုစီကို ဖြတ်ကျော်တဲ့ အခါ တစ်ကြိမ်တစ်ခါနဲ့ မရ၊ ကျရှုံးသွားတဲ့ အချိန်တွေမှာ ဂိမ်းကစားသူရဲ့ စိတ်ရှည်မှု၊ ဇွဲရှိမှုပေါ် မူတည်ပြီး အဲဒီ ကျရှုံးမှုကနေ သင်ခန်းစာယူ၊ မိမိရဲ့ အားနည်းချက်ကို မိမိဘာသာ မြင်အောင်ကြည့်ပြီး ပြန်လည်ဖြည့်ဆည်းပြင်ဆင်၊ မိမိ ဖြတ်ကျော်လိုတဲ့ အခက်အခဲမှာ ဘယ်လို အားနည်းချက် ရှိသလဲ တွေ့အောင်ရှာပြီး လက်မလျော့ပဲ အကြိမ်ကြိမ် ထပ်ကြိုးစားသွားမယ် ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ မိမိဖြတ်ကျော်လိုတဲ့ အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှာပဲ ဖြစ်ပါတယ်။




သေသေချာချာ တွေးကြည့်မယ် ဆိုရင် ဘဝမှာကြုံရတဲ့ အခက်အခဲတွေဟာလည်း ဂိမ်းတွေထဲကလိုပါပဲ။ ကြုံရတဲ့ ပြဿနာ၊ အတားအဆီး တစ်ခုခုဟာ ပထမမှာတော့ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ လို့ ထင်စရာပါ။ ဒါပေမယ့် အခက်အခဲ တစ်ခုကို ကျော်ဖြတ်ပြီးတိုင်း ကျော်ဖြတ်ပြီးတိုင်းမှာ ရရှိတဲ့ ခံစားမှုဟာ ဘယ်အရာနဲ့မှ မတူအောင် မိမိကိုယ် မိမိ ကျေနပ်၊ ယုံကြည်မှု၊ ရင့်ကျက်မှုကို ပေးစွမ်းနိုင်တယ် ဆိုတာ အခက်အခဲတွေ အများကြီးကို အကြိမ်ကြိမ် ရင်ဆိုင်ကျော်ဖြတ်ဖူးကြတဲ့ သူတွေ အနေနနဲ့ လေးလေးနက်နက် တွေ့ကြုံ ခံစားဖူးကြမှာပါ။ အခက်အခဲမကြုံဖူး၊ အခက်အခဲကို မကျော်လွှားဖူးဘဲနဲ့ ရင့်ကျက်တဲ့သူ တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် ကျွန်မ ပြောလိုက်ချင်တာကတော့ ကျွန်မတို့ ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေဟာ တစ်ကယ်တော့ ဘဝကို ပိုပြီး စိတ်ဝင်စားကောင်းအောင်၊ မိမိကို ပိုပြီး ရင့်ကျက်တဲ့လူ၊ ယုံကြည်မှု ရှိတဲ့လူ၊ ကိုယ့်အခက်အခဲတွေကို ကျော်လွှားနိုင်သလို သူတစ်ပါးတွေကိုလည်း အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ လမ်းပြပေးနိုင်တဲ့ သူ ဖြစ်လာစေတဲ့ အတွက် အခက်အခဲတွေကို အခက်အခဲတွေလို့ ရိုးရိုး မရှုမြင်ဘဲ စိန်ခေါ်မှုတွေ အဖြစ် ပြောင်းလဲ ရှုမြင်ပြီး ဇွဲရှိရှိ၊ လုံ့လ ဝီရိယကောင်းကောင်းနဲ့ စိတ်ရှည်ရှည်ထားပြီး ရင်ဆိုင်ကျော်ဖြတ်သွားကြဖို့ အလွန်ပဲ လိုအပ်လှပါတော့တယ်ရှင်။     ။








Photo Credit;
၁။ http://guidetoline.blogspot.com/2011/12/5-tips-to-overcome-challenges.html



စိတ်ကူးထဲက (၁၈) ကျင်း


ဗိုလ်မှူး James Nesmeth ဟာ ဂေါက်သီးရိုက် ကစားခြင်း  အလွန်ဝါသနာကြီးသူ တစ်ယောက် ဖြစ်ပါ တယ်။ သူဟာ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း  ဂေါက်ရိုက်ဖို့ သူတို့မြို့က ဂေါက်ကလပ်မှာ စနစ်တကျ ကစားတတ်အောင် အမြဲလေ့ကျင့်လေ့ ရှိပါတယ်။ သူဟာ ဂေါက်သီးရိုက်ရာတွင် ၁၈-ကျင်းကို ရိုက်ချက် ၉၀-ခန့်ထိအောင် ရိုက်တတ်တဲ့ သာမန် လက်ရည်ရှိသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဗိုလ်မှူး  James Nesmeth  ဟာ အပတ်စဉ်တိုင်း သူ့မိတ်ဆွေသူငယ်ချင်းများနဲ့  မပျက်မကွက် လာရောက် လေ့ကျင့်လေ့ရှိပါတယ်။ သို့သော်လည်း တစ်ခုသောရက်မှ စကာ သူဟာ ကလပ်ရဲ့ ကွင်းထဲကနေ ပျောက်ကွယ် သွားခဲ့ပါတယ်။ အဲဒီလို ပျောက်ကွယ်သွားခဲ့တာဟာ ၇-နှစ်လုံးလုံး တစ်ကြိမ်တစ်ခါမှ ဂေါက်ကွင်းကို မရောက်ရှိလာတော့ပါ။ ဘယ်သူကမှလည်း သူ ဘယ်ရောက်သွားတယ်ဆိုတာ၊ သူဘာကြောင့် ဂေါက် လာမရိုက်တော့သလဲ ဆိုတာကို ဘယ်သူကမှ မသိလိုက်ကြပါ။

၇-နှစ် ကြာသွားပြီးတဲ့ နောက်မှာ သူကစားနေကျ ဂေါက်ကွင်းကို ရုတ်တရက် ပြန်ရောက်လာခဲ့ပါတယ်။ အံ့သြစရာကောင်းတာက သူ့ရဲ့ ဂေါက်ရိုက် အရည်အချင်းဟာ အလွန်တရာကို တိုးတက်  ကောင်းမွန် နေခဲ့ပါတယ်။ ၇-နှစ်ကြာ ဂေါက်ကွင်းနဲ့ ဝေးကွာနေခဲ့တဲ့ သူဟာ ပထမဦးဆုံး ဂေါက်ကွင်းကို စရောက်လာတဲ့ ရက်မှာပဲ ရိုက်ချက် ၇၄-ချက်နဲ့ အကောင်းဆုံး ရိုက်သွားခဲ့ပြီး သူနဲ့ ဂေါက်ရိုက်နေကျ မိတ်ဆွေများကို အံ့သြသွားအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂေါက်ကွင်းကနေ ပျောက်ကွယ်သွားတဲ့  ၇-နှစ် အတွင်းမှာ ယခင်ရိုက်နေကျ ရိုက်ချက်ထက် အချက် ၂၀-ခန့် လျော့နည်းသွားအောင် သူဟာ ဘယ်လိုများ ကြိုးစားခဲ့တာပါလဲ မေးချင်စရာပါ။ သူ့ရဲ့ ဂေါက်ရိုက်စွမ်းရည်သာ မြင့်တက်လာခဲ့ပေမယ့် သူ့ခန္ဓာကိုယ် ကတော့ ယခင်ကထက်စာရင် အတော်လေးကို ချိနဲ့ပိန်ချုံးလို့ နေပါတယ်။

ဒီ ၇-နှစ် အတွင်းမှာ သူဟာ ဘယ်ကိုရောက်ပြီး ဘာတွေ လုပ်နေခဲ့ပါသလဲ?

တကယ်တန်းက သူဟာ ပြီးခဲ့တဲ့ ၇-နှစ်လုံးလုံး ဗီယက်နမ်စစ်ပွဲမှာ အဖမ်းခံရပြီး အကျဉ်းသားအဖြစ်နဲ့ နေနေခဲ့ရတာပါ။ အဲဒီ ၇-နှစ်လုံးလုံး  အကျဉ်းထောင်ထဲက ငါးပေခန့်ကျယ်ပြီး လေးပေခွဲခန့်သာမြင့်တဲ့ အချုပ်ခန်းလေးထဲမှာ နေနေခဲ့ရတာပါ။ အဲဒီအခန်းလေးထဲမှာ လူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရ၊ စကားပြောစရာ တစ်ယောက်တစ်လေမှ မရှိ၊ ကျဉ်းကျပ်လှတဲ့ အခန်းလေးထဲမှာ ကိုယ်လက် လှုပ်ရှားစရာ နေရာမရှိတဲ့အဖြစ်ပါ။ အကျဉ်းထောင်ထဲမှာ ဘာမှ လုပ်နိုင် ကိုင်နိုင်ခြင်း မရှိပေမယ့် အဲဒီ အကျဉ်းထောင်ထဲကနေ တစ်နေ့နေ့မှာ လွတ်မြောက်ဖို့ မျှော်လင့်ရင်း ဆုတောင်းရင်းဖြင့် နေ့ရက်များကို ကုန်ဆုံးစေခဲ့ပါတယ်။ အချိန်တွေ ကုန်လွန်ခဲလှတဲ့ အကျဉ်းထောင် ထဲက နေ့ရက်တွေမှာ သူ့ရဲ့ စိတ်တွေဟာလည်း အဆီးအတားမရှိ ပျံ့လွှင့်လွန်းလှပါတယ်။ အချိန်တွေ ကုန်ခဲလွန်းလို့ သည်းမခံနိုင်အောင် ဖြစ်ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ သူရဲ့ စိတ်တွေပျံ့လွင့်မှုကို ထိန်းချုပ်ပြီး အချိန်ကို ကုန်လို့ ကုန်မှန်းမသိအောင် ကုန်ဆုံးဖို့ နည်းလမ်းတွေကို ကြိုးစား ရှာဖွေပါတော့တယ်။ သူဟာ သူဖြစ်ချင်တဲ့ အရာကို တကယ်ဖြစ်နေသလို မျက်စိထဲမှာ မြင်ယောင်လာအောင် အာရုံကို စူးစိုက် လေ့ကျင့်ပါတယ်။

သူဟာ အကျဉ်းထောင်ခန်းလေးထဲမှာ ငြိမ်ငြိမ်သက်သက်လေး လှဲလျောင်းနေရင်းက သူ့အာရုံ၊ သူ့မျက်လုံးထဲမှာ ဂေါက်ရိုက်ဖို့ အဝတ်အစား အပြည့်အစုံနဲ့ သူ့ကိုယ်သူ မြင်ယောင်လိုက်ပါတယ်။ ပြီးတော့ သူအကြိုက်ဆုံး ဂေါက်ဆက်ကို သူ့အာရုံထဲမှာ ရွေးချယ်လိုက်ပြီး စိတ်ကူးနဲ့ ဂေါက်ရိုက်ခြင်းကို စတင်ပါတော့တယ်။ ယခင်ချိန်တွေက သူဂေါက်ရိုက်ခဲ့စဉ်က သူအမြဲဆော့ကစားနေကျ ဂေါက်ကလပ်က အဲဒီဂေါက်ကွင်းရဲ့ အနေအထားကို အာရုံထဲမှာ အသေးစိတ် မြင်ယောင်ပြီး တစ်ရက်ကို ၁၈ကျင်းပြည့်အောင်  သူဟာ နေ့စဉ် မပျက်မကွက် ဂေါက်ကစားပါတယ်။ ဂေါက်ကွင်းထဲက ရိတ်ဖြတ်ထားတဲ့  မြက်ခင်း စိမ်းစိမ်းတို့ရဲ့ ရနံ့၊ သစ်ပင် စိမ်းစိမ်းစိုစိုတို့ပေါ်ရှိ သစ်ရွက်ကလေးများရဲ့ လှုပ်ခပ်သံ၊ ကျေးငှက်ကလေး များရဲ့ တေးသီချင်းသီကျူးသံ၊ နုညံ့ညင်သာတဲ့ လေပြည် လေညင်း ကလေးများရဲ့ အထိအတွေ့ စသည်တို့ကို မြင်ယောင်ရင်း ဂေါက် ရိုက်ပါတယ်။

အတွေးထဲမှာ ဂေါက်တံကို လက်မှာ တင်းတင်း ဆုပ်ကိုင်ပြီး တီခုံပေါ်မှာ မတ်မတ်ရပ်ကာ ဂေါက်သီးလေးကို ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်တယ်.. ဂေါက်သီးလေးက ခပ်ဝေးဝေးကို လွှင့်ကနဲကျသွားတယ်။ ပြီးတော့ သူဟာ မြက်ခင်းပေါ်မှာ ခြေတစ်လှမ်းချင်းလှမ်းပြီး ဂေါက်သီးလေး ရှိရာ လျှောက်သွားတယ်.. မြက်ခင်းစိမ်းစိမ်း အလယ်က ကျင်းကလေးထဲကို ဦးတည်ပြီး ဂေါက်သီးလေးကို ရိုက်ထည့်လိုက်ပြန်တယ်။ အဲဒီလို အပြင်မှာ တကယ်ကို ဂေါက်ရိုက်သလို သူ့စိတ်ကူးထဲမှာလည်း အသေးစိတ် ဂေါက်ရိုက်လေ့ကျင့်နေခဲ့ပါတယ်။ မနက်ခင်းမှာ နှင်းမှုန်တို့အောက်မှာ ဂေါက်ရိုက်ကစားခဲ့တဲ့ အရသာ၊ နေ့ခင်း နေခြည် နွေးနွေးမှာ ဂေါက် ကစားရတဲ့ ခံစားမှု၊ ညနေခင်း လေပြည်အေးအေးရဲ့ အထိအတွေ့ အပွေ့အဖက်နဲ့ ဂေါက်ရိုက်ရတဲ့ နှစ်သိမ့်မှု၊ တီခုံပေါ်က ဂေါက်သီးလေးက ရိုက်ချက်ပြင်းပြင်းနဲ့ လွှင့်ခနဲ ထွက်သွားတဲ့ စိတ်ကျေနပ်မှုတို့ကို တစ်ခုစီ ပြန်လည်မြင်ယောင်ရင်း နွေရာသီ၊ ဆောင်းရာသီ စသဖြင့် တကယ့်အပြင်က ရာသီဥတုအတိုင်း နေ့တိုင်းနေ့တိုင်း စိတ်ကူးထဲ၊ အတွေးထဲကနေ သူဟာ ဂေါက် ကစားနေခဲ့ပါတယ်။

တကယ့်အပြင်မှာတော့ သူဟာ ကျဉ်းကျဉ်းကျပ်ကျပ် အကျဉ်းထောင်ထဲမှာ သွားစရာမရှိ၊ ကြားစရာ အသံ မရှိ၊ စကားပြောစရာ လူမရှိတဲ့အတွက် အချိန်တွေ အများကြီး ပိုနေခဲ့တာကြောင့် သူ့ရဲ့ စိတ်ကူးထဲက ဂေါက်ရိုက်ခြင်းကို တစ်ဆင့်ချင်း အသေးစိတ် သူ စိတ်ကူးယဉ်နိုင်ခဲ့ပါတယ်။ ဂေါက်ရိုက်တဲ့အခါ အပြင်မှာ တွေ့ကြုံရတဲ့ အဆင့်တိုင်းကို သူဟာ ဘယ်အဆင့်ကိုမှ ကျော်မသွားဘဲ အသေးစိတ် စိတ်ကူးထဲမှာ ရိုက်ခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်ရက်မှာ လေးနာရီ  သူဟာ ဂေါက် ၁၈ကျင်းကို ပြီးဆုံးအောင် ကစားခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း တစ်ရက်မှ မပျက်မကွက် တစ်ဆင့်ခြင်းတစ်ဆင့်ခြင်း ၇နှစ်တာပတ်လုံး စိတ်ကူးနဲ့ ကစားခဲ့ပြီးတဲ့နောက် ထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါ ယခင်က ရိုက်ချက်ထက် အချက်၂၀ လျော့ပြီး ၇၄ချက်နဲ့ ကစားနိုင်တဲ့သူ ဖြစ်လာခဲ့ပါပြီ။

စိတ်ဆန္ဒပြင်းပြင်းပြပြသာ အာရုံစူးစိတ်ပြီး လေ့ကျင့်မယ်ဆိုရင် စိတ်ကူးနဲ့လုပ်ဆောင်ခဲ့ပေမဲ့ လက်တွေ့မှာ အောင်မြင်မှုကို ရရှိစေနိုင်တယ်ဆိုတာ ဗိုလ်မှူး James Nesmeth ဟာ အကောင်းဆုံး သက်သေပြခဲ့သူ ဖြစ်ပါတယ်။


Ref;
"Chicken Soup for The Soul" စာအုပ်မှ Bert Deck ရဲ့ "18 Holes in His Mind" ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Image Hosted by PicturePush - Photo Sharing 

အနီရောင် မဟော်ဂနီ စန္ဒရား

ကျွန်တော်က စိန့်လူးဝစ်မှာရှိတဲ့ စန္ဒရား ကုမ္ပဏီတစ်ခုက အရောင်းဝန်ထမ်းပါ။ ကုမ္ပဏီက ထုတ်လုပ်တဲ့ စန္ဒရားတွေကို မြို့နယ်အနှံ့ လိုက်လံရောင်းချသလို သတင်းစာတွေမှာလည်း ကြော်ငြာထည့်ပြီး ဝယ်လိုသူ ထံက  အမှာစာ ရောက်လာရင် မှာတဲ့ သူတွေဆီကိုလည်း လိုက်ပြီး ပို့ပေးပါတယ်.. စန္ဒရား ကို ကျွန်တော်တို့ရဲ့ ထရပ်ကား အသေးလေးပေါ်တင်ပြီး မှာတဲ့သူရဲ့ အိမ်ကို အိမ်တိုင်ယာရောက် လိုက်ပို့ပေးတာပါ။ မစ်ဇူရီပြည်နယ်ရဲ့ အရှေ့ပိုင်း ဆိုတာ ဝါဂွမ်းကို အမြောက်အမြား စိုက်ကြတဲ့ ဒေသပါ.. အဲဒီဒေသက သတင်းစာ တွေထဲမှာ ကြော်ငြာထည့်ပြီးတိုင်း ပိုစ့်စကတ်လေးတစ်ခု ကျွန်တော်တို့ဆီကို အမြဲတမ်း ရောက်လာ တတ်ပါတယ်.. အဲဒီပေါ်မှာ ရေးထားတဲ့ စာက “ကျေးဇူးပြုပြီး စန္ဒရား အသစ်စက်စက် တစ်လုံးကို ကျွန်မရဲ့ မြေးမလေးအတွက် ပို့ပေးပါ.. အဲဒီ စန္ဒရား အရောင်က  အနီရောင် မဟော်ဂနီသားနဲ့ ဖြစ်ကိုဖြစ်ရမယ်.. တစ်လကို ၁ဝဒေါ်လာနှုန်းနဲ့ တန်ဖိုးကျေသည်အထိ လစဉ် ငွေချေ ပါမယ်.. ”  ဆိုတဲ့ စာတွေကို မသေမသပ်မညီမညာ လက်ရေးတွေနဲ့ ပို့စကတ် တစ်ခုလုံးကို ပြည့်အောင် ထပ်ခါ ထပ်ခါ ရေး ထားပြီး ပိုစ့်စကတ်ရဲ့ အပေါ် မျက်နှာစာတွေမှာပါ ပြည့်အောင် ရေးထားတတ်ပါတယ်။



စဉ်းစားကြည့်ပါဗျာ.. စန္ဒရား အသစ်တစ်လုံးကို တစ်လ ၁၀ဒေါ်လာ ငွေသွင်းမဲ့စနစ်နဲ့ ဘယ်သူကများ အကြွေးရောင်းပေး နိုင်ပါ့မလဲ.. ဘယ်အာမခံ ကုမ္ပဏီကရော ဒီလောက် ငွေလေးကို ကြားဝင်ပြီး အာမခံပေးရဲပါ့မလဲ.. ဒါနဲ့ဘဲ ကျွန်တော်တို့လဲ အဲဒီပိုစ့်ကတ်နဲ့ စာကိစ္စကို လစ်လျှူရှုလိုက်ကြပါတယ်.. ဒါပေမဲ့ ထပ်ခါထပ်ခါ ရောက်လာတဲ့ ပိုစ့်စကတ်ကြောင့် အဲဒီအဖွားအို ဆီကို အရောက်သွားလို့ အခြေအနေကို စုံစမ်းဖို့ ကျွန်တော့်ကို ကုမ္ပဏီက လွတ်လိုက်ပါတယ်။

တမျှော်တခေါ် ၀ါဂွမ်းစိုက်ခင်းကြီးရဲ့ အလယ်မှာရှိတဲ့ အလုပ်သမား တန်းလျားတစ်ခုက အဖွားအို နေထိုင်ရာ အိမ်ခန်းကလေးဆီကို ကျွန်တော်ရောက်သွားတဲ့ အချိန်မှာ မျှော်လင့်တာထက် ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတဲ့ အဖွားကို တွေ့လိုက်ရပါတယ်.. သူတို့ရဲ့ ယာတဲ အိမ်ခန်း တစ်ခုလုံးဟာ ဖုန်မှုန့်တွေနဲ့ ပေကျံနေပြီး အိမ်ထဲမှာလည်း မွေးထားပုံရတဲ့ ကြက်မျိုးစုံကို ပြေးလွှားဆော့ကစားနေတာကို  တွေ့ရပါတယ်.. ကြည့်တာနဲ့တင် သိသာထင်ရှားပါတယ်.. သူမတို့ဟာ ဘယ်အရာကိုမှ အကြွေးနဲ့ ၀ယ်ပြီး ကျေအောင် ပြန်ဆပ်နိုင်မဲ့ပုံ မပေါ်ပါဘူး… ကားမရှိ၊ ဖုန်းမရှိ၊ ၀င်ငွေကောင်းတဲ့ အလုပ် တစ်ခု တစ်လေမှ မရှိတဲ့အပြင် အဖွားအိုရဲ့ ခေါင်းပေါ်က အိမ်အမိုးဟာလည်း အပေါက်အပြဲတွေနဲ့.. အလင်းရောင် တွေကလည်း အမိုးရဲ့ နေရာအနှံ့မှာရှိတဲ့ အပေါက်တွေကနေ  ဖြာကျနေ တာကို တွေ့ရပါရဲ့.. ၁၀နှစ်လောက် အရွယ်ရှိတဲ့ သူ့ရဲ့မြေးမလေးကတော့ ဖိနပ်မပါဘာမပါနဲ့ အဝတ် ကလေး ညစ်နွမ်းနွမ်းကို ၀တ်လို့. ကြက်လေးတွေနဲ့အတူ ဆော့ကစားနေပါရဲ့။

ကျွန်တော်က အဖွားအိုကို  ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ စန္ဒရား အသစ်တစ်လုံးကို  တစ်လကို ၁၀ဒေါ်လာ ငွေချေစနစ်နဲ့ ဘယ်လိုမှ မရောင်းပေးနိုင်ကြောင်း ရှင်းပြပါတယ်.. ဒါကြောင့် ကျွန်တော်တို့ ဆီကို စာတွေ ရေးပို့နေတာကို ရပ်ဖို့ ကျွန်တော်က အလေး အနက် ပြောကြား ပါတယ်.. ပြောပြီးတော့ ကားမောင်းပြီး သူတို့ယာတဲအိမ်ကလေးကနေ ကျွန်တော် ပြန်ထွက်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ခံစားချက် တစ်မျိုးနဲ့ ကျွန်တော့စိတ်တွေ နာကျင်လေးလံလို့ နေပါတယ်… သနားစရာ အဖွားအိုရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ ၀မ်းနည်းဖို့ ကောင်းလှပါတယ်..  အင်း ကျွန်တော်လည်း သနားပေမဲ့ တတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။

ဒါပေမဲ့..  ဇွဲကောင်းလှတဲ့ အဖွားအိုဟာ သူ့ဆန္ဒကို အလျှော့မပေးပါဘူး.. ကျွန်တော်တို့ဆီကို သူ့တောင်းဆိုချက်တွေ ရေးထားတဲ့  ပိုစ့်စကတ်တွေ အမြဲတမ်းဘဲ ပို့နေတုန်းပါ..  ပို့တိုင်းလည်း စာထဲမှာရေးထားတာက အနီရောင် မဟော်ဂနီ စန္ဒရား အသစ်စက်စက်ကိုသာ တောင်းဆိုထားပါတယ်.. စိတ်မကောင်းစရာ တစ်ခုက သူမဟာ တစ်လကို ၁၀ဒေါ်လာပေးချေဖို့ ဘယ်တော့မှ မပျက်ကွက်ပါဘူး ဆိုတာကို ကျိန်တွယ်ပြီး  ကတိပေးထားတာဘဲ ဖြစ်ပါတယ်.. ဒါပေမဲ့ ကုမ္ပဏီ အနေအထားကတော့ သူမကို ရောင်းချဖို့ စိတ်ကူး မရှိခဲ့ပါဘူး… ဒီကိစ္စကို ဘယ်သူကမှ ဂရုမထားတော့သလို ဘယ်သူကမှလည်း အလေးအနက် ရှိမနေကြတော့ပါဘူး.. သို့ပေမဲ့ အဖွားအိုကတော့ ပိုစ့်စကတ်လေးတွေ ပို့မြဲပို့ဆဲပါ။

ဒီလိုနဲ့ နောက် ၃နှစ်အကြာမှာ ကျွန်တော်ဟာ စန္ဒရား ထုတ်လုပ်ရောင်းချတဲ့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ..  ကျွန်တော့ ကုမ္ပဏီရဲ့ စန္ဒရားတွေကို သတင်းစာမှာ ကြော်ငြာတဲ့ အခါမှာတော့ လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ ရောက်လာတဲ့ ပိုစ့်စကတ်လေးအတိုင်း အနီရောင် မဟော်ဂနီ စန္ဒရားကို ပို့ပေးဖို့ တောင်းဆိုတဲ့စာ ရောက်လာပြန်ပါတယ်.. ကျွန်တော်ကရော ဘယ်လိုလုပ် တစ်လ ၁၀ဒေါ်လာနဲ့ စန္ဒရားတစ်လုံးကို ရောင်းပေးနိုင်ပါ့မလဲ.. ဟိုးအရင်ကလိုဘဲ ကျွန်တော်လဲ ဒီစာကိစ္စကို လစ်လျှူရှုထားလိုက်ပါတယ်.. ပိုစ့်စကတ်လေးနဲ့ စာတွေကတော့ အကြိမ်ပေါင်း မြောက်မြားစွာ ရောက်မြဲ ရောက်လာဆဲပါ။

တစ်နေ့မှာတော့ တစ်စုံတစ်ရာရဲ့ တွန်းအားတစ်ခုကြောင့် အဲဒီနေရာလေးကို ကျွန်တော့်ရဲ့ ထရပ်ကား အသေးလေးနဲ့ ရောက်သွားခဲ့ပါတယ်. ကားပေါ်မှာတော့ အနီရောင် မဟော်ဂနီ စန္ဒရားလေးကို တင်လို့ပေါ့… ကျွန်တော်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စီးပွားရေး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့မိပြီဆိုတာ သိပေမဲ့လို့ စန္ဒရားကို သယ်ဆောင်လို့ အဖွားအိုဆီကို ရောက်သွားမိခဲ့ပါပြီ.. ပြီးတော့ အဖွားအိုကို ကျွန်တော်က ရှင်းပြပါတယ်.. ကျွန်တော်ကိုယ်တိုင် အာမခံပြီး စာချုပ်တစ်ခုကို ယူလာပါတယ်.. အဲဒီစာချုပ်မှာ စန္ဒရားကို ကျွန်တော့အနေနဲ့ အကျိုးအမြတ် လုံးဝမယူဘဲ ရောင်းပေးမှာ ဖြစ်ပြီး အဖွားအိုဘက်က တစ်လ၁၀ဒေါ်လာ နှုန်းနဲ့ ၅၂ လ တိတိ ငွေသွင်းဖို့ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်.. အဖွားအိုကလည်း ကျေးဇူးတင်စွာနဲ့ ၀မ်းမြောက်ဝမ်းသာ လက်ခံသဘောတူပါတယ်။

စန္ဒရားကို ကျွန်တော်ကိုယ်တိုင် အဖွားအိုရဲ့ တဲအိမ်မှာ အိမ်အမိုး အပေါက် အနည်းဆုံး ဖြစ်နိုင် မဲ့ နေရာကို ရွေးချယ်ပြီး နေရာ ချပေးခဲ့ပါတယ်.. အဖွားအိုနဲ့ သူရဲ့ မြေးမလေးကို စန္ဒရားပေါ် ကြက်တွေ တက်မဆော့စေဖို့ သတိပေးစကား ပြောခဲ့ပါတယ်.. ကျွန်တော့်စိတ်ထဲမှာ သေချာ သိနေခဲ့တာက ကျွန်တော်ဟာ မသေချာ မရေရာဘဲ အလောင်းအစားတစ်ခုအနေနဲ့ စန္ဒရား အသစ်စက်စက် တစ်လုံးကို အလဟဿ ဖြစ်အောင် လုပ်လိုက်မိပြီ ဆိုတာပါဘဲ။

သို့သော်လည်း ငွေချေတဲ့အချိန်မှာတော့ သဘောတူ ကတိပြုထားတဲ့အတိုင်း အဖွားအိုဘက်က တစ်လမှ မပျက်ကွက်ခဲ့ပါဘူး.. တစ်ချို့လတွေမှာ ၁၀ဒေါ်လာပြည့်ဖို့ ငွေအကြွေစေ့တော်တော်များများ ပါဝင် လာတာကို တွေ့ရပါတယ်.. မယုံနိုင်စရာပါ .. ၅၂လတိတိ မပျက်မကွက် ပေးချေသွားခဲ့တဲ့ အင်မတန် ကတိတည်တဲ့ အရောင်းအ၀ယ်လေးတစ်ခုပါ.. ကျွန်တော် မထင်မှတ် ထားတဲ့ ဖြစ်ရပ်လေးတစ်ခုပါဘဲ.. ဒီလို ငွေအကြေ ချေနိုင်လိမ့်မယ်ဆိုတာ ယုံချင်စရာတောင် မရှိခဲ့ပါဘဲနဲ့.. အဖွားအိုဟာ မဖြစ်ဖြစ်အောင် လုပ်သွားခဲ့ပါပြီ။

နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော့ အာရုံမှာ မှေးမှိန် ပျောက်ကွယ် သွားခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော် မဲမ်ဖစ်ကို စီးပွားရေးကိစ္စတစ်ခုနဲ့ ရောက်သွားခဲ့ပါတယ်။ ကျွန်တော်ဟာ တည်းခိုတဲ့ ဟိုတယ်မှာဘဲ ညစာစားပြီးတော့ ဟိုတယ် ဧည့်ခန်းကြီးထဲက ဘားကောင်တာမှာ ထိုင်ပြီး အပျင်းပြေ တစ်ခုခု သောက်နေတုန်းမှာ အင်မတန်မှ သာယာငြိမ့်ညောင်းပြီး လက်ရာကောင်းလှတဲ့ စန္ဒရားသံလေးတစ်ခုကို ကျွန်တော် ကြားလိုက်ရပါတယ်.. ဘေးဝန်းကျင်ကို လိုက်လံရှာဖွေ ကြည့်မိတဲ့ အခါမှာတော့  ငယ်ရွယ်လှပပြီး ချစ်စရာ မိန်းခလေးတစ်ယောက်ဟာ သိပ်ကိုကောင်းမွန်ပြီး အဆင့် အတန်း မြှင့်လှတဲ့ စန္ဒရားတစ်လုံးကို တီးနေတာ တွေ့လိုက်ရပါတယ်။

စန္ဒရား ၀ါသနာပါတဲ့ ကျွန်တော့်ရဲ့ အသိစိတ်အရ သူမရဲ့ စန္ဒရားလက်သံဟာ အရည် အသွေး ကောင်း မွန် မြှင့်မား လှတာကို အသိအမှတ် မပြုဘဲ မနေနိုင်လောက်အောင် ဖြစ်မိပါတယ်.. ဒါနဲ့ သူကလေးရဲ့ လက်သံကို ကောင်းကောင်းကြားရနိုင်မဲ့ စန္ဒရားခုံနဲ့ အနီးဆုံးဖြစ်တဲ့ စားပွဲကို သောက်လက်စ ခွက်ကလေး လက်ကကိုင်ပြီး ရွေ့လာမိပါတယ်.  ကျွန်တော့်ကို မြင်တွေ့သွားတဲ့ မိန်းမငယ်လေးဟာ ကြည်လင် လှိုက်လှဲစွာ ပြုံးပြတဲ့အတွက် ကျွန်တော် အတော့်ကို အံ့သြသွားမိပါတယ်.. သူမရဲ့ တေးသွားပြီးဆုံးလို့ ခနနားတဲ့အချိန်မှာ မိန်းကလေးဟာ ကျွန်တော့်စားပွဲကို ရောက်လာပါတယ်။

ကောင်မလေးက ကျွန်တော့်ကို  “မင်္ဂလာပါ.. ရှင် ကျွန်မရဲ့အဖွားကို စန္ဒရား ရောင်းပေးခဲ့ဖူးတဲ့သူ ဟုတ်တယ် မဟုတ်လားဟင်?” လို့  နှုတ်ဆက်ရင်းက မေးလိုက်ပါတယ်… ရုတ်တရက်တော့ ကျွန်တော့မှတ်ဥာဏ်က အလုပ်မလုပ်ပါဘူး.. မိန်းခလေး ပြောတာကို နားမလည် တာနဲ့ ပြန်ရှင်းပြ ဖို့ တောင်းဆိုတော့ ကောင်မလေးက လွန်ခဲ့တဲ့ အနှစ်၂၀က အကြောင်း ပြန်ပြောင်း လို့ ပြောပါတော့ တယ်.. ဒီတော့မှ ကျွန်တော် မှတ်မိလိုက်ပါပြီ.  အိုး.. ဘုရားရေ… ဒီကောင်မလေးတဲ့လား.. လွန်ခဲ့တဲ့အနှစ် ၂၀လောက်က ဖိနပ်မပါတဲ့ အ၀တ်ကလေး ညစ်နွမ်းနွမ်းနဲ့ ကောင်မလေးဟာ ဒီလိုလက်သံနဲ့ စန္ဒရားကို တီးခတ်နိုင်သူ ဖြစ်လာခဲ့တယ် တဲ့လား။

ကောင်မလေးက သူမရဲ့ နံမည်က အဲလစ်ဇ် ဖြစ်ကြောင်းနဲ့ သူမငယ်စဉ်က စန္ဒရား သင်တန်း တက်ဖို့ ငွေကြေး မတတ်နိုင်တဲ့ အတွက် သူမရဲ့အဖွားက ရေဒီယို နားထောင်စေပြီး စန္ဒရားကို လေ့ကျင့် ခဲ့ရကြောင်း၊ ပြီးတော့ စန္ဒရား တီးပြခွင့်ရဖို့ အတွက် အိမ်နဲ့ ၂မိုင်ကျော် လောက် ဝေးတဲ့ ဘုရားကျောင်းကို မြေးအဖွား ၂ယောက်သား လမ်းလျှောက်ပြီး သွားခဲ့ရ တာတွေ၊ ထို့နောက် သူမတက်နေတဲ့ကျောင်းက စန္ဒရားတီးပြိုင်ပွဲတွေမှာ စပြီး  ဆုများစွာ ရရှိခဲ့တာတွေ၊ ဂီတနဲ့ပါတ်သက်တဲ့ ကျောင်းတွေမှာ တက်ရောက်ခွင့် ပညာသင်ဆု ရခဲ့တာတွေ၊ နောက်ဆုံး အခု မဲမ်ဖစ်မှာ ရှေ့နေတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အခု တီးနေတဲ့ စန္ဒရားလေးကို သူ့အမျိုးသားက သူမအတွက် လက်ဆောင်ဝယ်ပေးကြောင်း စသဖြင့် ဇာတ်လမ်းစုံ ကို ပြောပြပါတယ်။

ကျွန်တော့်စိတ်ထဲမှာ တစ်စုံတစ်ရာရဲ့ စေ့ဆော်ချက်ကြောင့် သိချင်စိတ်လေးတစ်ခု ဖြစ်လာတာနဲ့ “အဲလစ်ဇ်.....   ဒီနေရာက မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရဘူး.. သမီးရဲ့ စန္ဒရားက ဘာအရောင်လေးလဲ ” လို့မေးလိုက်ပါတယ်။

မဟော်ဂနီ အနီရောင်လေ.. ဦးလေးက ဘာဖြစ်လို့မေးတာလဲဟင်

ကျွန်တော် စကားပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားမိတယ်.. ဘာမှကို ပြန်မဖြေနိုင် လိုက်နိုင်ပါဘူး.. လည်ချောင်းတွေဟာ ချက်ခြင်းဘဲ ခြောက်သွေ့ အက်ကွဲ လာတယ်.. ဒီကောင်မလေးဟာ သူ့အဖွား ဖြစ်သူရဲ့ အကြီးမားဆုံး လိုအင်ဆန္ဒ ဖြစ်ခဲ့တဲ့ အနီရောင် မဟော်ဂနီစန္ဒရား အကြောင်း ကောင်းကောင်းသိပါရဲ့လား..  မယုံကြည်နိုင်လောက်အောင် စိတ်အား ထက်သန် ပြင်းပြမှုနဲ့ အကြိမ်ကြိမ် အဖန်ဖန် မလျှော့သော ဇွဲလုံ့နဲ့ သူမလိုချင်တဲ့ အနီရောင် မဟော်ဂနီ စန္ဒရားကို  မရမချင်း စာတွေ အကြိမ်ကြိမ် ရေးပို့ခဲ့တဲ့ သူမအဖွားရဲ့ စိတ်ဆန္ဒ အားကောင်းမှုကို ဒီကလေးမဟာ သိခဲ့ပါရဲ့လား..

ပြီးတော့ ဆင်းရဲနုံချာလှပြီး ဖိနပ်လေးတောင် မစီးနိုင်တဲ့ စုတ်ပြတ် နွမ်းဖတ်နေတဲ့ ကလေးမလေးဟာ လက်ဖျားခါရလောက်အောင် ပြောင်မြောက်ထူးချွန်တဲ့ ပညာရှင် တစ်ယောက်ရဲ့ ဘ၀နဲ့အတူ သိမ်မွေ့လှပတဲ့ မိန်းခလေးတစ်ယောက် ဖြစ်လာအောင် ဘယ်လို တွန်းအားတွေ၊ ခွန်အားတွေနဲ့ များ ဖြစ်တည်လာခဲ့ပါသလဲ.. ကောင်မလေးဟာ သူဘယ်လို တွန်းအားတွေကြောင့် ဒီလိုဖြစ်လာတယ် ဆိုတာ သူမကိုယ်တိုင် သိချင်မှ သိပါလိမ့်မယ်.. ဒါပေမဲ့ ကျွန်တော် သိနေခဲ့တယ်..  သေသေချာချာကို သိနေခဲ့တာပါ.. ဒါဟာ အဖွားအိုရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းချက်ကြောင့်သာ မဟုတ်ခဲ့ရင် ဒီမိန်းခလေးဟာ ဒီလို ထူးချွန်သူတစ်ယောက် ဖြစ်လာဖို့ မလွယ်ကူ ပါဘူး။ စေတနာမေတ္တာ ကြီးမားလှပြီး ဇွဲကောင်းလှတဲ့ အဖွားအိုဟာ ချီးကျူးစရာ ကောင်းလောက်အောင် သူမရဲ့မြေးကို လိုသလို ပုံသွင်းပြီး အောင်မြင်မှု ပန်းတိုင်ကို ရောက်အောင်  သွားနိုင်စေခဲ့တယ်..  အဖွားအိုဟာ သူမမြေးမလေး ခုလို အောင်မြင်နေတာ၊  လူလားမြောက်နေတာကို မြင်တွေ့ခွင့်ရော ရသွားပါရဲ့လား.. အဖွားအိုရဲ့ မမြင်နိုင်တဲ့ မေတ္တတရားကို ကျွန်တော် ကတော့ ကောင်းကောင်းကြီး မြင်တွေ့လိုက်မိပါရဲ့…

နောက်ဆုံးတော့ တဒင်္ဂ ပျောက်ရှသွားတဲ့ ကျွန်တော့ အသံကို ကျွန်တော် ပြန်ရှာတွေ့ပြီး လည်ချောင်းကို တစ်ချက် ရှင်းလိုက်ရင်းက “ ဘာမှတော့ မဟုတ်ပါဘူး.. သိချင်လို့ မေးကြည့်တာပါ” လို့ သူမရဲ့ အမေးကို ပြန်ဖြေလိုက်ရပါတယ်.. “ အဲလစ်ဇ် ကို  ခုလို တွေ့ရတာ ဂုဏ်ယူလိုက်တာကွယ်.. အင်း..  ဦးလေး ခနလောက် အခန်းကို ပြန်လိုက်ဦးမယ်နော်.. ” လို့ပြောပြီး စားပွဲကနေ အမြန် ထလာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ယောက်ျားရင့်မာကြီး တစ်ယောက်က လူပုံလည်မှာ မျက်ရည်ကျဖို့ ဆိုတာ ဘယ်လိုမှ မသင့်တော်ဘူး မဟုတ်လား. ဆင်းရဲနွမ်းပါးတဲ့ လူတွေမှာလည်း ဖြစ်ချင်လွန်း အားကြီးတဲ့ ဇွဲနဲ့ လုံ့လစိတ်သာ ခိုင်ခိုင်မာမာ ရှိမယ် ဆိုရင် စိတ်ကူးအိပ်မက်တွေ အမှန် တကယ် ဖြစ်မြောက် လာနိုင်တယ် ဆိုတာ ကျွန်တော် လက်တွေ့ သိလိုက်ရပါပြီ။  

အဖွားအိုတစ်ယောက်ရဲ့ မေတ္တာတရားနဲ့၊ ချီးကျူးဖွယ် စိတ်အားထက်သန်မှု၊ ဇွဲလုံ့လ ကောင်းမှုတို့ကြောင့် မိန်းမငယ်လေးတစ်ယောက်ရဲ့ ရည်မှန်းချက်များ အောင်မြင် အကောင် အထည် ဖော်လာနိုင် ခဲ့တာ လေးစား အားကျဖွယ်ဘဲ မဟုတ်ပါလား။ ဒီမြေးအဖွားတို့လို အလွယ်တကူနဲ့ စိတ်အား မလျှော့ဖို့နဲ့၊ ဘယ်အရာကိုမဆို ဇွဲလုံ့လကောင်းကောင်း၊ စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဆောင်မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့  စိတ်ကူးအိပ်မက်တွေ အားလုံး တစ်နေ့နေ့တော့ မလွဲမသွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အသိတရားလေးကို ဖော်ပြနေပါတယ်။


Chicken Soup for the Grandparent's Soul  မှ  Joe Edwards ရဲ့   The  Red Mahogany  Piano ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။



Image Hosted by PicturePush - Photo Sharing

တိတ်ဆိတ်မှုကို နားထောင်ခြင်း

တစ်ခါတုန်းက အတော်အသင့် စီးပွားရေးအဆင်ပြေတဲ့ လယ်သမားကြီး တစ်ယောက်ရှိပါတယ်။ တစ်ရက်မှာ သူတန်ဖိုးထား နှစ်သက်ရတဲ့ အိတ်ဆောင် နာရီလေးတစ်လုံးဟာ စပါးကျီထဲမှာ ကျပျောက်သွားခဲ့ပါတယ်။ အဲဒီနာရီဟာ သူ့အတွက်တော့ သာမန်နာရီတစ်လုံး မဟုတ်ဘဲ   မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးထားစရာ အမှတ်တရတွေ အများကြီးရှိသော ရွှေနာရီလေး ဖြစ်ပါတယ်။ ကောက်ရိုးခြောက်တွေ အထပ်ထပ် ခင်းထားတဲ့ စပါးကျီထဲမှာ နာရီလေးကို အချိန်ပေါင်းများစွာကြာအောင် ရှာပေမဲ့ ဘယ်လိုမှ ရှာလို့ မတွေ့နိုင်ဖြစ်နေပါတယ်။

နောက်ဆုံးမှာတော့ လယ်သမားကြီးဟာ သူတစ်ဦးတည်း ရှာဖွေနေတာကို ရပ်လိုက်ပြီး စပါးကျီနဲ့ မနီးမဝေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်အုပ်ကို ခေါ်လိုက်ကာ ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့ နာရီကိုတွေ့အောင် ရှာပေးနိုင်ရင် တွေ့တဲ့သူကို မုန့်ဖိုးပေးမယ်လို့ ကတိပေးပြီး ကလေးတွေကို စပါးကျီထဲ ဝင်ရောက်ရှာဖွေစေပါတယ်။ မုန့်ဖိုးပေးမယ်ဆိုတဲ့ အသံလည်း ကြားရော ကလေးတွေဟာ ဆူညံ ပွက်လောရိုက်ပြီး စပါးကျီထဲကို အလုအယက် ပြေးဝင်သွားကြပြီး သူ့ထက်ငါဦးအောင် ရှာဖွေကြပါတော့တယ်။ ကောက်ရိုးပုံကြီးထဲ ဗြောင်းဆန်အောင် ရှာဖွေကြပေမဲ့ အချိန်သာ ကုန်သွားတယ်။ ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ တွေ့ပြီ ဆိုတဲ့အသံ ထွက်မလာပါဘူး။ နောက်ဆုံးမှာတော့ ကလေးတွေလည်း လက်လျော့လိုက်ပြီး စပါးကျီထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ ပါတော့တယ်။

လယ်သမားကြီးလည်း စိတ်ဓာတ်ကျပြီး စပါးကျီရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပါတယ်။ အဲဒီချိန်မှာ စောစောတုန်းက ကလေးအုပ်စုထဲမှာပါတဲ့ ကောင်လေးတစ်ယောက်ဟာ စပါးကျီရှေ့ကို ပြန်ရောက်လာပြီး “စပါးကျီထဲမှာ ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေး ရှာချင်ပါတယ်။ ကျွန်တော့်ကို ရှာခွင့်ပြုပါ။ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်” လို့ လယ်သမားကြီးထံ ခွင့်တောင်း လာပါတယ်။ လယ်သမားကြီးဟာ ကောင်လေးကို သေချာ အကဲခတ်ကြည့်ပါတယ်။ ကောင်လေး မျက်နှာပေါ်က ရိုးသားခြင်းတွေနဲ့ အားတက်သရော အမူအရာတွေကို မြင်လိုက်ရတာနဲ့ “ကောင်းပြီလေ.. နောက်ဆုံး လက်လျော့လိုက်ရမဲ့အစားတော့ ခုလို ထပ်ရှာတာက ပိုကောင်းတာပေါ့။ ရှာပါ  ခွင့်ပြုပါတယ်။ မင်းသာ ရှာလို့တွေ့ရင်ကတော့ မုန့်ဖိုးကောင်းကောင်း ပေးမယ်ဆိုတာ ငါ ကတိပေးပါတယ်ကွာ” လို့ ပြောလိုက်ပါတယ်။

ကောင်လေးဟာ လယ်သမားကြီးရဲ့ ခွင့်ပြုချက် ရတာနဲ့ စပါးကျီထဲကို ဝင်သွားပါတော့တယ်။ အချိန် သိပ်မကြာခင်မှာတော့ ကောင်လေးဟာ ကောက်ရိုးပုံတွေကြားထဲ ကျပျောက်သွားတဲ့ လယ်သမားကြီးရဲ့ နာရီလေးကို ကိုင်ပြီး စပါးကျီထဲကနေ ထွက်လာပါတော့တယ်။ နာရီလေးကို မြင်လိုက်ရတာနဲ့ လယ်သမားကြီးဟာ အလွန်ပျော်ရွှင်သွားတာနဲ့ အတူတူ အံ့လည်း အံ့သြမိပါတယ်။ လူပေါင်းများစွာ ရှာတုန်းက မတွေ့ဘဲ သူတစ်ယောက်တည်း သွားရှာတော့မှ တွေ့တယ်ဆိုတာ သူ့အတွက်တော့ အံ့သြထူးဆန်း ဖြစ်ရပါတယ်။

ဒါကြောင့်လည်း လယ်သမားကြီးက ကောင်လေးကို “ မင်းဘယ်လိုများ ရှာတွေ့ခဲ့တာလဲကွာ။ ငါလဲ ရှာတာ နေရာလပ် မကျန်အောင်ပါဘဲ။ မင်းနဲ့ မင်းသူငယ်ချင်းတွေလဲ စပါးကျီတစ်ခုလုံး နှံ့နေအောင် ရှာပြီးပြီ..မတွေ့ခဲ့ဘူး. အားလုံးလည်း လက်လျော့ပြီး ပြန်ကုန်ကြပြီ။ အခု မင်း တစ်ယောက်တည်း ရှာတော့မှ ဒီနာရီကို ပြန်တွေ့တယ်ဆိုတာ အတော်ထူးဆန်းတာဘဲ။ ဘယ်လိုရှာခဲ့တယ် ဆိုတာ ငါ့ကို ပြောပြပါဦးကွာ”လို့ မေးလိုက်ပါတယ်။ 


လယ်သမားကြီးရဲ့ အမေးကို ကောင်လေးက ရိုးရိုးစင်းစင်းဘဲ ပြန်ဖြေပါတယ်။

“ကျွန်တော် ဘာမှ ထူးထူးထွေထွ ရှာဖွေတာမျိုး မလုပ်ပါဘူး။ စပါးကျီထဲရောက်တဲ့အခါ ကြမ်းပြင်ပေါ် ငြိမ်ငြိမ်သက်သက် ထိုင်ချလိုက်ပါတယ်။ စပါးကျီတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ပြီး အပ်ကျသံတောင် မကြားရတဲ့အခါမှာ တဖြေးဖြေးနဲ့ ကျွန်တော့်နားထဲကို ဦးလေးရဲ့ နာရီ စက်သံက ဝင်လာပါတယ်။ ဒီတော့မှ အသံကြားတဲ့နေရာမှာ ရှာလိုက်တော့ ဒီနာရီလေးကို တွေ့ရတာပါဘဲ” လို့ ပြန်ဖြေပါတယ်။ ကောင်လေးရဲ့ အဖြေစကား ကြားတော့မှ လယ်သမားကြီးဟာ သူကိုယ်တိုင် ကောင်လေး ရှာသလို တည်တည်ငြိမ်ငြိမ် ရှာဖို့ မစဉ်းစားမိခဲ့ဘဲ နာရီပျောက်သွားပြီ ဆိုတဲ့ အသိစိတ်နဲ့ ပျာယာခတ်အောင် ရှာခဲ့မိတာကို ပြန် သတိရ မိပါတယ်။ တိတ်ဆိတ်ခြင်း ထဲမှာ ပေါ်ထွက်လာမဲ့ နာရီစက်သံလေးကို နားထောင်ရကောင်းမှန်း သူ မသိခဲ့ပါဘူး။ လယ်သမားကြီးဟာ ကောင်လေးရဲ့ ကျေးဇူးနဲ့ နာရီလေးကိုဘဲ ပြန်ရလိုက်တာမဟုတ်ဘဲ သူ့ထက် အသက်များစွာငယ်တဲ့ ကောင်လေးဆီကနေလည်း သင်ခန်းစာလေးတစ်ခုကို သူရလိုက်တာ ဖြစ်ပါတယ်။ 

ဒီပုံပြင်လေးဖတ်ပြီး ကျွန်မကိုယ်တိုင်ရဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်ပြီး ပြန်စဉ်းစားမိပါတယ်။ ကျွန်မသည်လည်း အခက်အခဲ ပြဿနာတစ်ခုခုနဲ့ ကြုံတိုင်း ရုတ်တရက်ဆို သွေးအေးအေးနဲ့ မဖြေရှင်းတတ်ဘဲ ထူထူပူပူဖြစ်ကာ ခြေမကိုင်မိ၊ လက်မကိုင်မိ အမြဲတမ်း ဖြစ်တတ်သူပါ။ “ဒီလောက်ကြီးတဲ့ ပြဿနာ ငါဘယ်လိုရှင်းမှာလဲ၊ ငါတော့ ဖြေရှင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒုက္ခပါဘဲ။ ဒီလိုကိစ္စမျိုး ငါ့မှာမှ လာဖြစ်တတ်တယ်။ ငါကံဆိုးလိုက်တာ” စသဖြင့် တွေးတောပြီး ပြဿနာတစ်ခုကို မဖြေရှင်းရသေးခင်မှာဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဓာတ်ကျတာမျိုး၊ စိတ်ညစ်တာမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။ 


တကယ်တမ်းတော့ အဖြေမရှိတဲ့ ပုစ္ဆာမရှိသလို၊ မဖြေရှင်းနိုင်တဲ့  ပြဿနာဆိုတာ မရှိဘူး ဆိုတဲ့ စကားရပ်အတိုင်း ဘယ်လောက်တောင် ကြီးမားတဲ့ အခက်အခဲတွေ၊ ပြဿာနာတွေဖြစ်ပါစေ.. နည်းလမ်းတကျနဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ဖြေရှင်းတဲ့အခါ ပြေလည်သွားတာမျိုး၊ အောင်မြင်အောင် ဖြေရှင်းနိုင်တာချည်းပါဘဲ။ အဲဒါကို တဖြေးဖြေး သိလာပြီးနောက်ပိုင်း ပြဿနာတစ်ခုခုနဲ့ ကြုံရင် သိပ်ပြီး တုန်လှုပ်နေတာ၊ ပျာယာခတ်နေတာမျိုး မဖြစ်ဘဲ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလာမိပါတယ်။ အဲဒီမှာ ဖတ်ဖူးမိတဲ့ ဆရာတော်ဦးဇောတိကရဲ့ အဆိုအမိန့်လေး တစ်ခုနဲ့လည်း ထပ်တူကျတာမို့ ပြန်လည် ဝေငှချင်ပါတယ်။

အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင် လေ့ကျင့်ပါ။ အလျင်လိုတဲ့ အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေတဲ့သူဟာ စိတ်တိုဖို့ များတယ်။ မှားလို့ ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် အလျင်လိုရင် အရနှေးတယ်လို့ ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကို ပေးတယ်။ စတဲ့ စကားတွေဘဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ စကားလုံးတွေဟာ ကျွန်မအတွက်တော့ အလွန်ကို တန်ဖိုးရှိတဲ့ စကားလုံးတွေဘဲ ဖြစ်ပါတယ်။





နောက်ထပ် မြင်သာ ထင်ရှားတဲ့ ဥပမာတစ်ခု အနေနဲ့ ပြောရမယ် ဆိုရင် ကန်ထဲမှာ ဖြစ်ဖြစ်၊ အိုးထဲမှာပဲ ဖြစ်ဖြစ်၊ ခွက်ထဲမှာပဲ ဖြစ်ဖြစ် ရှိနေတဲ့ တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်မှာ ကြည်လင်တဲ့ မိမိရဲ့ အရိပ်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ ရေမျက်နှာပြင်ဟာ လှုပ်ရှားနေမယ်၊ တည်ငြိမ်မှု မရှိဘူး၊ လှိုင်းတွေ ထနေမယ် ဆိုရင် မိမိရဲ့ ပုံရိပ်၊ မိမိကြည့်လိုတဲ့ မြင်ကွင်းကို ဘယ်လိုမှ ထင်ရှားစွာ မြင်တွေ့ရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီဥပမာနဲ့ အလားတူစွာပဲ ရေမျက်နှာပြင်နဲ့ တူတဲ့ အလွယ်တကူ လှုပ်ရှား လှိုင်းထလွယ်တဲ့ မိမိရဲ့ စိတ်ကိုလည်း သတိဆိုတဲ့ မိမိစိတ်ကို မိမိစောင့်ကြည့်ခြင်း နည်းလမ်း အကူအညီနဲ့ ကြုံလာသမျှ အခြေအနေတိုင်းမှာ တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင်တော့ အရာရာတိုင်းကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ရှုမြင်သုံးသပ်ပြီး ဆုံးဖြတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုအခက်အခဲ၊ ဘယ်လိုပြဿနာမျိုးဘဲ ကြုံကြုံ အရင်ဆုံး ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်ထားပြီး တွေ့ကြုံနေရတဲ့ ပြဿနာကို သေသေချာချာ မြင်အောင်ကြည့်ကာ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းကြရင်ဖြင့် ဘဝရဲ့ ဘယ်အခက်အခဲ ပြဿနာတွေကိုမဆို အောင်မြင်မှုရရှိကြမှာ မလွဲဘူး မဟုတ်ပါလားရှင်။


Image Hosted by PicturePush - Photo Sharing

ပြူတင်းပေါက်ပေါ်က ပေါင်မုန့်ကလေး

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလတုန်းက အိမ်ရှင်မ တစ်ယောက်ဟာ သူ့မိသားစု စားဖို့အတွက် ပေါင်မုန့်ဖုတ်နေပါတယ်။ အဲဒီလို ပေါင်မုန့်ဖုတ်နေရင်းမှာ စိတ်ကူးတစ်ခုရပြီး ပေါင်မုန့်အပိုတစ်လုံးကိုပါ ဖုတ်လိုက်ပါတယ်။ ပြီးတော့ အဲဒီပေါင်မုန့်ကို ဗိုက်ဆာနေတဲ့ တစ်ယောက်ယောက်များ ရှိခဲ့ရင် ယူသွားနိုင်ဖို့အတွက် သူတို့အိမ်ရှေ့ ပြူတင်းပေါက်မှာ ထားထားလိုက်ပါတယ်။ အဲဒီပေါင်မုန့်ကို ပြူတင်းပေါက်မှာ ထားထားရင်း အိမ်ကနေ အဝေးတစ်နေရာကို ထွက်သွားတဲ့ သူမရဲ့သားလေး အန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းတတ်ပါတယ်။ သူမရဲ့ သားလေးဟာ တိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ဆိုပြီး မြို့ကို ထွက်သွားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ခုချိန်မှာ စစ်ဖြစ်လာတဲ့အတွက် သတင်းမကြားရတာ ကြာပြီဖြစ်တဲ့ သူမ သားအတွက် ရတက်မအေးနိုင်အောင် ရှိနေခဲ့ရပါတယ်။ ဒါကြောင့်လည်း သူမသားလေး အန္တရာယ် ကင်းရှင်းအောင် ဆုတောင်းနေရတာ ဖြစ်ပါတယ်။

အိမ်ရှင်မရဲ့ ပေါင်မုန့်ကို  ပြူတင်းပေါက်မှာ  စထားတဲ့နေ့ကစပြီး လာလာယူတဲ့သူက ခါးကုန်းကုန်း ရုပ်ဆိုးဆိုး အဖိုးကြီးတစ်ယောက် ဖြစ်ပါတယ်တဲ့။ အဲဒီ အဖိုးကြီးဟာ ပေါင်မုန့်ကို ယူပြီးတိုင်း အိမ်ရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်တဲ့ အပြုအမူ ပြရမဲ့အစား စကားတစ်ခွန်း ကိုသာ ထပ်တလဲထဲ ရွတ်ဆိုပြီး အဝေးကို ထွက်ခွာသွားတတ်ပါတယ်။ သူဆိုသွားတဲ့ စကားက "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့ စကားဘဲဖြစ်ပါတယ်။

အိမ်ရှင်မဟာ နေ့တိုင်းနေ့တိုင်း ပေါင်မုန့်တစ်လုံးတစ်လုံး ပိုဖုတ်ပြီး ပြူတင်းပေါက်မှာ တင်ထားမြဲ တင်ထားပြီး သူမသားလေး ဘေးရန် ကင်းရှင်းပြီး ပြန်ရောက်လာစေကြောင်း ဆုတောင်းလေးရှိသလို  ခါးကုန်ကြီးဟာလည်း နေ့စဉ်နေ့တိုင်း အဲဒီပေါင်မုန့်ကို လာလာ ယူမြဲဖြစ်ပါတယ်။ လာယူတိုင်းလည်း သူ့ပါးစပ်ကနေ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာ လုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို တဖွဖွ ရေရွတ်ပြီး ထွက်ခွာသွားလေ့ရှိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ကြာလာတဲ့အခါကျတော့ အိမ်ရှင်မရဲ့စိတ်ထဲမှာ ခံရခက်လာပါတယ်။ ပေါင်မုန့်ကို နေ့တိုင်းလာယူပေမဲ့ ကျေးဇူးတင်စကား၊ ကျေးဇူးတင်တဲ့ အမူအရာ တစ်ခွန်းမှ ပြောဖော်မရဘဲ သူ ပြောနေကျ စကားကိုသာ သူ့ဖာသူ တီးတိုး ရေရွတ် ပြောဆိုသွားခဲ့ပါတယ်။
"မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကိုသာ ကြားနေရတော့ အိမ်ရှင်မဟာ ဒေါသထွက်သလို ဖြစ်လာပါတော့တယ်။ "ဒီခါးကုန်းကြီးဟာ နေ့တိုင်းနေ့တိုင်း ငါထားထားတဲ့ ပေါင်မုန့်လာလာယူပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောဖို့ မသိတတ်ဘူး ။ ဘာမဟုတ်တဲ့ စကားတွေဘဲ ပြောပြောသွားတယ်။ ဘယ်လိုလူစားမျိုးလဲ မသိဘူး" လို့ တွေးမိပြီး "ဒီလောက်တောင် ကျေးဇူး မသိတတ်၊ ကျေးဇူးတင်စကား ပြောဖို့ ဝန်လေးတတ်တဲ့ ဒီခါးကုန်းကြီး နောက်ကို ငါထားတဲ့ ပေါင်မုန့်တွေ လာမယူတော့ အောင် တစ်ခုခုလုပ်မှ ဖြစ်တော့မယ်" လို့ စိတ်ကူးရေရွတ်မိပါတယ်။

အဲဒီလိုနဲ့ မိုးခပ်ဖွဲဖွဲ ရွာနေတဲ့ တစ်ရက်မှာ အိမ်ရှင်မဟာ ပေါင်မုန့် အပိုတစ်လုံး ဖုတ်မဲ့အထဲကို အဆိပ်တစ်မျိုးကို ထည့်လိုက်ပါတယ်။ အဲဒီလို အဆိပ်ကိုထည့်ပြီး ဖုတ်မယ် ပြင်နေတုန်းမှာ အိမ်ရှင်မရဲ့လက်တွေဟာ တစ်ဆတ်ဆတ် တုန်ယင်လာပြီး " ငါ ဘာတွေ လုပ်ဖို့ စိတ်ကူးနေတာလဲ။ ပေါင်မုန့်ကို မရှိနွမ်းပါးသူ ဘယ်သူဘဲယူယူ ဆိုတဲ့ စိတ်ကူးနဲ့ ပြူတင်းပေါက်နားမှာ ထားဖို့ ငါ နေ့စဉ်ဖုတ်နေတာဘဲ။ ဒီခါးကုန်းကြီး ကျေးဇူးတင်တင် မတင်တင်၊ ငါစေတနာ ပျက်စရာလိုလို့လား " လို့ အသိတရား ပြန်ဝင်လာပြီး အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို မီးဖိုထဲ ပစ်ချလိုက်ပြီး နောက်ထပ် အသစ်တစ်လုံးကို ထပ်မံပြုလုပ်ပြီး ပြူတင်းပေါက်ပေါ် တင်ထားလိုက်ပါတော့တယ်။

လာနေကျအတိုင်း ခါးကုန်းကြီးပေါ်လာပြီး အိမ်ရှင်မထားထားတဲ့ ပေါင်မုန့်ကို ယူပြီး ခါတိုင်းလို "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားကို ရေရွတ်ပြီး ထွက်သွားပြန်ပါတယ်။ အဲဒီနေ့ ညနေမှာတော့ သူမတို့ အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါတယ်။ တံခါးလည်း ဖွင့်လိုက်ရော အံ့သြစရာကို သူမ တွေ့လိုက်ရပါတယ်။ အဲဒါက စာမလာသတင်းမကြား အတန်ကြာ ပျောက်နေတဲ့ သူမရဲ့ သားဟာ တံခါးရှေ့ကို ရောက်နေခဲ့ပါပြီ။ သူမရဲ့သားဟာ ကျုံလှီ ပိန်ခြုံးနေပြီး အဝတ်အစားတွေဟာလည်း စုတ်ပြဲညစ်နွမ်းလို့ နေပါတယ်။ ပြီးတော့လည်း အင်အားချည့်နဲ့ မောပန်းပြီး အလွန်တရာမှာ ဆာလောင် ငတ်မွတ်နေတဲ့ ပုံ ပေါ်ပါတယ်။

သူမ သားလေးဟာ မိခင်ဖြစ်သူကိုလည်း မြင်ရော အားရဝမ်းသာ ပြေးဖက်လိုက်ပြီး " မေမေရယ် ကျွန်တော်ဖြင့် အိမ်ကိုတောင် ပြန်မှ ရောက်ပါတော့မလားလို့ ။ ခုမှဘဲ စိတ်အေးရတော့တယ်" လို့ ပြောလိုက်တော့ မိခင်ဖြစ်သူက "ဘာတွေများဖြစ်ခဲ့လဲ သားရယ်.. မေမေ့ကို ပြောပြပါဦး" လို့ ပြန်မေးပါတယ်။ သားဖြစ်သူက " ကျွန်တော် မြို့ကနေ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး တိုက်ပွဲတွေကို ရှောင်ကွင်းပြီးလာခဲ့ရတယ်။ တောထဲ တောင်ထဲကိုလည်း ဖြတ်ခဲ့ရတယ်။ အိမ်နဲ့ သိပ်မဝေးတော့တဲ့ နေရာရောက်တော့ ကျွန်တော့်မှာ ဘာမှ စားစရာမရှိတော့ဘူး ဝယ်စားဖို့ ငွေလည်း မရှိတော့ဘူး။ အစာမစားရတာ ကြာတော့ အားပြတ်ပြီး လဲကျတော့မလို ဖြစ်နေခဲ့တယ်။ ကျွန်တော်တော့ သေတော့မယ်လို့ကို အောက်မေ့တော့တာဘဲ။ အဲဒါ ဒီမနက်မှာ ခါးကုန်းအဖိုးကြီးတစ်ယောက်က ကျွန်တော့်ဘေးကနေ ဖြတ်သွားတော့ သူ့လက်ထဲမှာ ကိုင်လာတဲ့ ပေါင်မုန့်တစ်လုံးကိုတွေ့လိုက်ရလို့ ကျွန်တော်လည်း ပေါင်မုန့်တစ်ဖဲ့လောက် ကျွေးပါလို့ တောင်းပန်ပါတယ်" လို့ ပြောပြပါတယ်။

အဲဒီတော့ ခါးကုန်းကြီးက ပေါင်မုန့်ကို သားကို ကျွေးရဲ့လား လို့ မိခင်က မေးတော့ "ဟုတ်တယ် မေမေ။ ခါးကုန်းကြီးဟာ ကျွန်တော့်ကို သူ့လက်ထဲက ပေါင်မုန့်တစ်လုံးလုံးကို ပေးခဲ့ပြီး " ဒီပေါင်မုန့်ဟာ ငါနေ့တိုင်း စားနေကျရိက္ခာဘဲ။ ဒါပေမဲ့ ဒီပေါင်မုန့်တစ်လုံးလုံး မင်းကို ပေးခဲ့ပါမယ်. ဘာဖြစ်လို့လဲ ဆိုတော့ ခုချိန်မှာ  ငါ့ထက် မင်းက ဒီပေါင်မုန့်တစ်လုံးကို ပိုလိုအပ်နေတဲ့သူ ဖြစ်နေလို့ပါဘဲ" လို့ ပြောသွားခဲ့တာပါ။ ကတယ်ကို ကျွန်တော့်ရဲ့ အသက်သခင်လို့ ပြောရမယ် မေမေရေ. အဲဒီပေါင်မုန့်သာ ကျွန်တော် မစားရရင် ဒီကိုတောင် ရောက်အောင် လာနိုင်ဖို့ မမြင်တော့ပါဘူး။ ကျွန်တော်ဟာ အစာငတ်ပြီး သေရုံသာ ရှိပါတော့တယ် လို့ ပြောပြလိုက်ပါတယ်။

သားရဲ့ စကားကို ကြားရတော့ မိခင်ဖြစ်သူက အံ့သြထိတ်လန့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မူးမေ့လဲကျမတတ် ခံစားလိုက်ရတဲ့အတွက် တံခါးဘောင်ကို လှမ်းထိန်းလိုက်ရပါတယ်။ သူမဟာ ဒီမနက်မှာ ပေါင်မုန့်ထဲကို အဆိပ်ထည့်ပြီး ဖုတ်ဖို့ လုပ်ခဲ့မိပါသေးတယ်။ ဒီမနက်မှာ အဲဒီပေါင်မုန့်ကို ခါးကုန်းကြီးကသာ ယူသွားမိခဲ့ရင် အဆိပ်ထည့်ထားတဲ့ ပေါင်မုန့်ကို စားမိသူက သူမရဲ့ အချစ်ဆုံး သားလေးဖြစ်မှာ အသေအချာပါ။ အဲဒီလိုသာဆိုရင် သူမ သားလေးကိုလည်း ဆုံးရှုံးရဖို့ သေချာသလောက် ရှိပါတယ်။ အဲဒီတော့မှ ခါးကုန်းကြီး ပြောပြောသွားတဲ့ "မကောင်းတာလုပ်ရင် မကောင်းသလိုခံစားရမယ်။ ကောင်းတာလုပ်ရင်လည်း ကောင်းတာပြန်လာမယ်" ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို သဘောပေါက် နားလည်မိရပါတော့တယ်။

ခါးကုန်းကြီးကို အဆိပ်မိစေချင်စိတ်နဲ့သာ ပေါင်မုန့်ထဲ အဆိပ်ထည့်ပြီးသာ ဖုတ်ခဲ့မိရင် အဲဒီမကောင်းတဲ့ စိတ်ထားရဲ့ အကျိုးဆက်ဟာ သူမသာ ပြန်ခံစားရမှာ ဖြစ်ပါတယ်။ ခုတော့ မကောင်းတဲ့စိတ်ရိုင်းကို ဖယ်ပြီး စိတ်ကောင်းကောင်းဖြင့် ပေါင်မုန့်အကောင်းကိုသာ ဖုတ်ဖြစ်ခဲ့တဲ့အတွက် သူမသားလေး ပြန်ရောက် လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမပြူတင်းပေါက်မှာ နေ့စဉ်ထားဖြစ်ခဲ့တဲ့ ပေါင်မုန့်ကလေးက သူမသားအသက်ကို ကယ်လိုက်တာသာ ဖြစ်ပါတော့တယ်။ မိခင်ဖြစ်သူဟာ သူမရဲ့ တစ်သက်တာမှာ မကောင်းမှုကိုလုပ်ဖို့ ဘယ်တော့မှ ကြံစည်ဖြစ်တော့မှာ မဟုတ်တာ သေချာပါတယ်။

ကောင်းမှုတစ်ခုခု(သို့မဟုတ်) ကောင်းသည်၊ မှန်သည်ဟု မိမိလေးနက်စွာ ယုံကြည်ထားသည့် အရာတစ်ခုခုကို ပြုလုပ်သည့်အခါ မည်သူ တစ်ဦးတစ်ယောက်ကမျှ အသိပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ ချီးကျူးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ၊ မိမိလုပ်လက်စ ကောင်းမှုဟု မိမိယုံကြည်သော အလုပ်ကို ပြုလုပ်မြဲ ဆက်ပြုလုပ်ပါ။ ထိုကောင်းမှုနှင့် ထိုက်တန်သော ကောင်းကျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင်ကိုယ်တိုင် သေချာပေါက် ပြန်လည်ခံစားရမည်ဖြစ်သည်။




The Good You Do, Comes Back To You ( Author Unknown) ကို ဘာသာပြန်ပါသည်။ အားလုံးဘဲ ကောင်းကျိုးချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing


အပြာရောင်ဖဲကြိုးလေး သုံးခု

တစ်နေ့သောအခါမှာ အထက်တန်းကျောင်း တစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုကို သင်ကြားတဲ့ ဆရာမ တစ်ယောက်ဟာ  သူ့အတန်းထဲက ကလေးတွေကို တစ်ယောက်ချင်း အတန်းရှေ့ကို ခေါ်ထုတ်ပြီး သူတို့ဟာ ဆရာမဖြစ်သူ သူ့အတွက်ရော၊ အတန်းကိုပါ ထူးထူးခြားခြား ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တဲ့ သူတွေ ကို လက်ဆောင်တစ်ခုစီ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ အတန်းထဲက ကျောင်းသား တစ်ဦးချင်းစီကို အတန်းအတွက်ရော၊ ဆရာမအတွက်ပါ ထူးထူးခြားခြား ဖြစ်စေခဲ့တဲ့ သူတွေလို့ ချီးကျူးစကားပြောပြီး လက်ဆောင် တစ်ခုစီ ပေးပါတယ်။ အဲဒီလက်ဆောင်က အပြာရောင် ဖဲကြိုးလေး တစ်ခုဖြစ်ပြီး ဖဲကြိုးပေါ် မှာတော့ ရွှေရောင် စာလုံးလေးနဲ့ ရိုက်နှိပ်ထားတာက “ကျွန်တော်ဟာ  ထူးခြားတဲ့သူ” ဆိုတဲ့ စာလုံးလေးတွေ ဖြစ်ပါတယ်။ ကလေးတွေဟာ ဆရာမရဲ့ လက်ဆောင် ဖဲကြိုးပြာ ကလေးတွေ ကိုယ်စီနဲ့ ပျော်ရွှင်ကျေနပ်လို့ နေကြ ပါတယ်။ 

တစ်လလောက် ကြာတဲ့အခါမှာ ဆရာမဟာ သူ့အတန်းထဲက ကလေးတွေကို ဖဲကြိုးပြာနဲ့ ပတ်သက်တဲ့ စီမံကိန်းလေး တစ်ခု ပြုလုပ်ဖို့ အကြံရပါတယ်။ အဲဒီ စီမံကိန်းကတော့ ကလေးတွေကို ဖဲကြိုးပြာ သုံးခုစီပေးပြီး အတန်းပြင်ပကို ထွက်ခိုင်းကာ အခြားသော လူတွေကို ဒီ ဖဲကြိုးပြာ ကလေးတွေ ကို ဝေငှစေခြင်း ဖြစ်ပါတယ်။ ပြီးတော့လည်း အဲဒီ ဖဲကြိုးကို ဝေငှခံရသူတွေဟာ ဝေငှ တဲ့ ကျောင်းသား ကိုယ်တိုင်က လေးစားရတဲ့သူ၊ ချစ်ခင်နှစ်သက် ရတဲ့သူ ဖြစ်ဖို့လည်း လိုပါတယ်လို့ ဆရာမက ညွှန်ကြားချက် ပေးလိုက်ပါတယ်။ အဲဒီလို ဖဲကြိုးပြာလေးကို မိမိ လေးစားတန်ဖိုးထားရသူတွေကို လက်ဆင့်ကမ်း ပေးလိုက်ခြင်းအားဖြင့် ရရှိလာမဲ့ အကျိုးသက်ရောက်မှု၊ အပြောင်းအလဲကို ဆရာမက စိတ်ဝင်စားတဲ့ အတွက် ကြောင့်ပါ။ အဲဒီစီမံကိန်း စတာနဲ့ အတန်းထဲက ကျောင်းသားလေး တစ်ဦးဟာ သူတို့ကျောင်းနဲ့ မဝေးလှတဲ့ ကုမ္ပဏီတစ်ခုက လက်ထောက် မန်နေဂျာလေး တစ်ဦးဆီကို သွားပြီး ဖဲကြိုးပြာလေးတစ်ခုကို သူ့ရဲ့ ရှပ်အင်္ကျီပေါ် ထိုးပေးလိုက်ပါတယ်။ အဲဒီ လက်ထောက် မန်နေဂျာလေး ဟာ ကျောင်းသားဖြစ်သူ လေးစားရတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျောင်း သားလေးကို ထို လက်ထောက်မန်နေဂျာလေးက အကူအညီ အများကြီး ပေးခဲ့ဖူး တာကြောင့်ပါ။ 
 
ထို့နောက် ကျောင်းသားလေးဟာ လက်ထောက်မန်နေဂျာလေးကို သူရထားတဲ့ နောက်ထပ် ဖဲကြိုးပြာလေး ၂ခုကိုပါ ပေးလိုက်ပြီး “ ကျွန်တော်တို့ဟာ အတန်းရဲ့ စီမံကိန်းတစ်ခုကို လုပ်နေကြတာပါ။ ဆရာမက ဖဲကြိုးပြာ ၃ခုကို ကျွန်တော်တို့ တစ်ဦးစီကို ပေးပြီး တစ်ခုကို ကိုယ်လေးစား အားကျရတဲ့သူကို ပေးပြီး ကျန်တဲ့ ၂ခုကို အဲဒီလူက သူလေးစားအားကျရ၊ အလေးအနက် တန်ဖိုးထားရတဲ့ အခြားသူတစ်ဦးကို ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒါကြောင့် ဒီဖဲကြိုးပြာ ၂ခုကို ခင်ဗျားက လက်ခံယူပြီး ခင်ဗျားလေးစား တန်ဖိုးထားရတဲ့သူကို ပေးလိုက်ပါ။ အဲဒီလူကလည်း ကျန်တဲ့ ဖဲကြိုးတစ်ခုကို သူလေးစားတဲ့သူ၊ သူ တန်ဖိုးထားရတဲ့သူကို ထပ်ပြီး ပေးပေးပါ။ ပြီးရင် ဒီဖဲကြိုးပြာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ထူးခြားရင် ကျွန်တော့်ကို ပြန်ပြောပြပါ” လို့ မှာလိုက်ပါတယ်။ 

ဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ လက်ထောက်မန်နေဂျာကလေးဟာ သူ့အလုပ်ရှင် သူဌေးကို သွားရောက် တွေ့ဆုံပါတယ်။ သူဟာ သူဌေးရဲ့ ရှေ့ကခုံမှာ ထိုင်လိုက်ပြီး ဖဲကြိုးပြာလေးကို လက်ဆောင် အဖြစ် လက်ခံဖို့ သူဌေးကို တောင်းဆိုလိုက်ပါတယ်။ ရုတ်တရက် မမျှော်လင့်ဘဲ တောင်းဆို ခံရတဲ့ သူဌေးဖြစ်သူဟာ အံ့သြသွားပြီး “ဒီဖဲကြိုးပြာကို ဘာဖြစ်လို့ ဦးကို လက်ဆောင်ပေးချင်ရတာလဲ” လို့ မေးလိုက်ပါတယ်။ ဒီတော့ မန်နေဂျာကလေးက “သူဌေးဟာ အလုပ်ထဲမှာ ကျွန်တော်လေးစားရတဲ့ သူတစ်ဦးပါ။ ပြီးတော့ သူဌေးဟာ ဒီလောက် ကြီးကျယ်တဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး ကို အောင်အောင် မြင်မြင်နဲ့ ဦးစီးနိုင်တဲ့ သူပါ။ အဲဒီလို အောင်မြင်တာဟာလည်း သူဌေးရဲ့ ထူးချွန် ထက်မြက်မှုကြောင့်ပါ။ ဒါကြောင့်လည်း သူဌေးဟာ  ကျွန်တော် လေးစားအားကျရတဲ့ သူတစ်ဦး ဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော် လေးစားရတဲ့ သူဌေးကို ဒီဖဲကြိုးပြာလေး ဂုဏ်ပြု လက်ဆောင် ပေးချင်လို့ပါ ”လို့ ပြောလိုက်တော့ သူဌေးရဲ့ မျက်နှာဟာ အစောကထက်တောင် ပိုပြီး အံ့သြသွားဟန်ရှိပါတယ်။ 


ထို့နောက်တော့ သူဌေးဟာ မန်နေဂျာလေးရဲ့ မျက်နှာကိုကြည့်လိုက်ပြီး “ကောင်းပြီလေ. မင်းရဲ့ ဖဲကြိုးပြာ လက်ဆောင်ကို ငါလက်ခံပါတယ်” လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ မန်နေဂျာလေးဟာ ဖဲကြိုးအပြာတစ်ခုကို ယူလိုက်ပြီး သူဌေးရဲ့ အပေါ် ကုတ်အင်္ကျီရင်ဘတ်လေးမှာ ထိုးပေးလိုက်ပြီး ဖဲကြိုး နောက်တစ်ခုကိုတော့ သူဌေးလက်ထဲ ထည့်ပေးလိုက်ပါတယ်။ “သူဌေး ကျွန်တော့်ကိုတစ်ခုလောက် ပြန်ကူညီပါ။ ဒီဖဲကြိုးပြာလေး တစ်ခုကိုလည်း သူဌေးက လက်ခံပြီး သူဌေးကိုယ်တိုင်က လေးစားရတဲ့သူ၊ ချစ်ခင်မြတ်နိုးရတဲ့ သူ တစ်ဦးဦးကို ဒီဖဲကြိုလေးကို လက်ဆောင်အဖြစ် ပေးပေးပါ။ ဒီကိစ္စဟာ ကျောင်းသားလေးတစ်ဦးက ကျွန်တော့်ကို အကူအညီတောင်းတာပါ။ ဒီဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ တစ်စုံတစ်ယောက်ဟာ ဘယ်လိုများ အပြောင်းအလဲတွေ ဖြစ်သွားသလဲဆိုတာကို သူ့ကို ပြန်ပြောဖို့ မှာလိုက်လို့ပါ” လို့  ပြောတော့ သူဌေးကလည်း ဖဲကြိုးကို လက်ခံပြီး သဘောတူလိုက်ပါတယ်။ 


အဲဒီနေ့ညမှာဘဲ ဖဲကြိုးပြာလေးကို လက်ခံရရှိတဲ့ သူဌေးဟာ အိမ်ပြန်ရောက်တော့ သူရဲ့ အသက် ဆယ့်လေးနှစ်အရွယ် သားကလေးကို ခေါ်ပြီး သူ့အနားမှာ ထိုင်စေလိုက်ကာ “ဒီနေ့တော့ ဖေဖေ့အတွက် အရမ်းကို အံ့သြထူးဆန်းပြီး စိတ်လှုပ်ရှားရတဲ့ နေ့ပါဘဲ သားရေ… ဖေဖေ့ ကုမ္ပဏီက မန်နေဂျာလေး တစ်ယောက်က ဖေ့ဖေ့ကို လေးစားချစ်ခင်လို့ဆိုပြီး ဒီဖဲကြိုးပြာလေးကို လက်ဆောင်အဖြစ် ပေးလာတယ်။” လို့ သူ့ရင်ဘတ်ပေါ်က ဖဲကြိုးပြာလေးကို လက်လေးနဲ့ ပုတ်ပြကာ ပြောပြပါတယ်။ “ သားစဉ်းစားကြည့်.. သူဟာ ဖေ့ဖေ့ကို ထူးချွန်ထက်မြက်တဲ့သူ ဆိုပြီး သူ့ရဲ့ ဖဲကြိုးပြာလေးကို ဖေဖေ့ကို ဂုဏ်ပြူတဲ့အနေနဲ့ လက်ဆောင် ပေးလိုက်တယ်လေ။ ပြီးတော့လည်း သူက နောက်ထပ် ဖဲကြိုးပြာလေးတစ်ခုကို ဖေဖေ့ကို ထပ်ပေးပြီး အဲဒီ ဖဲကြိုးကလေးကိုတော့ ဖေဖေက ချစ်ခင်လေးစားရတဲ့ ၊ ဂုဏ်ပြုချင်တဲ့သူ တစ်ဦးဦး ကို ပေးပေးပါ ဆိုပြီး ပြောလာတယ်” ဖခင်ဖြစ်သူက သူ့သားဟာ သူ့ရဲ့စကားတွေကို စိတ်ဝင်တစား နားထောင်နေမနေ တစ်ချက် အကဲခတ်လိုက်ပြီးမှ ဆက်ပြောပါတယ်။

“ဖေဖေ အိမ်ပြန်လာတဲ့လမ်းမှာ ကားမောင်းနေရင်း တလျှောက်လုံး စဉ်းစားလာမိတယ်။ ဖေဖေ ဒီ ဖဲကြိုးလေးကို အပေးချင်ဆုံး သူဟာ ဘယ်သူလဲလို့ပေါ့။ နောက်ဆုံးတော့ သားကိုဘဲ ဖေဖေ စဉ်းစားမိတယ်။ သားကို ဖေဖေဂုဏ်ပြုချင်ပါတယ်။  သားသိတဲ့အတိုင်း ဖေဖေဟာ အရမ်းကို အလုပ်များတဲ့ အတွက် သားကို အချိန် မပေးနိုင်ဖြစ်ခဲ့ရတယ်။ အလုပ်ကနေ အိမ်ပြန်ရောက် တော့လည်း ပင်ပန်းနွမ်းနယ်နေတော့ သားကို ဂရုမစိုက်မိဘူး။ တခါတလေ ကျောင်းက စာမေးပွဲမှာ သားအမှတ်ကောင်း မရတဲ့အခါ ဖေဖေက သားကို ဂရုတစိုက် ဖေးမရမဲ့အစား အော်ဟစ်ဆူပူမိတယ်။ သားရဲ့ စိတ်ကို အနာတရဖြစ်အောင် ဖေဖေလုပ်ခဲ့မိတယ်။ ဒီနေ့တော့ ဖေဖေက သားကို ဒီကိုခေါ်ပြီး အနားမှာထိုင်စေတာက ဒီဖဲကြိုးပြာလေး ပေးချင်လို့ပါ။ သားဟာ ဖေဖေ့အတွက် အရေးအကြီးဆုံး သူတစ်ဦးပါ။ သားဟာ လူတော်လေးတစ်ဦးပါ။ ဖေဖေ သားကိုချစ်ပါတယ် သားရယ်” ဖခင်ဖြစ်သူဟာ စကားကို အဆုံးသတ်လိုက်ပြီး သူ့လက်ထဲက ဖဲကြိုးပြာလေးနောက်တစ်ခုကို သူ့သားရဲ့လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ 

အဲဒီအခါမှာ ကောင်ကလေးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်ပေါက်များ လိမ့်ဆင်းလာပြီး  ရှိုက်ကြီးတငင် ငိုကြွေးပါတယ်။ ထို့နောက် ရပ်တန့်လို့ မရနိုင်တော့ လောက်အောင်ကိုဘဲ တစ်ကိုယ်လုံးကို တစ်သိမ့်သိမ့် တုန်ခါပြီး ဆက်ခါဆက်ခါ ငိုကြွေးပါတယ်။ ဖခင်ဖြစ်သူက သားကို ညင်သာစွာ ပွေ့ဖက်ပြီး “ သား.. ဘာဖြစ်လို့လဲ.. ဘာကြောင့် ဒီလောက်တောင် ရှိုက်ကြီးတငင် ငိုကြွေးနေတာလဲ. ဖေဖေ့ကို ပြောပြပါဦး” လို့ နူးညံ့သိမ်မွေ့တဲ့ အသံနဲ့ ပြောတဲ့အခါမှာ သားဖြစ်သူဟာ မျက်ရည်တွေပြည့်လျှံနေတဲ့ မျက်လုံးတွေနဲ့ ဖခင်ကို ကြည့်လိုက်ပါတယ်။ ထို့နောက် သူ့ပါးစပ်ကနေ စကားတွေ တစ်လုံးချင်း ထွက်လာပါတော့တယ်။

“ကျွန်တော်ဟာ မနက်ဖြန်ကျရင် ကိုယ့်ကိုယ်ကို သတ်သေတော့မယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။ ဘာကြောင့်လည်းဆိုတော့ ဖေဖေက ကျွန်တော့်ကို ဘယ်တော့မှ ဂရုမစိုက်ဘဲ အမြဲတမ်း အော်ဟစ် ဆူပူနေခဲ့တယ်။ ဒါကြောင့်  ဖေဖေ ကျွန်တော့်ကို မချစ်ဘူးလို့ဘဲ ထင်ခဲ့မိတယ်။ ကျွန်တော့် သူငယ်ချင်း သားအဖတွေကို ကြည့်လိုက်ရင် သိပ်အားကျဖို့ကောင်းခဲ့တယ်။ ကျွန်တော့်ကို အဖေက မချစ်ပေမဲ့ သူတို့ အဖေတွေကတော့ သားတွေကို သိပ်ချစ်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။  ဒါကြောင့် ဖေဖေ့ရဲ့ ချစ်ခင်ခြင်းကို မခံရတဲ့ သားတစ်ယောက် အနေနဲ့ ဒီလောကကြီးထဲမှာ မနေချင်တော့လို့ ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေတော့မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ခုတော့..... ခုတော့  ဖေဖေက ကျွန်တော့်ကို ချစ်တယ်ဆိုတာ သိလိုက်ရလို့ ဒီလိုလုပ်ဖို့ မလိုတော့ဘူး ဆိုတာ ကျွန်တော်သိသွားပါပြီ ” လို့ အသက် ဆယ့်လေးနှစ်အရွယ် သားကလေးက ဖခင်ပေးလိုက်တဲ့ ဖဲကြိုးပြာလေးကို တင်းတင်းဆုပ်ကိုင်ရင်း မျက်ရည်တွေကြားကနေ အပြုံးတစ်စနဲ့အတူ ပြောလိုက်ပါတော့တယ်။


ဖဲကြိုးပြာစီမံကိန်းနဲ့  ပတ်သက်ပြီး ရရှိလိုက်တဲ့ ရလဒ်အတွက် ဆရာမရော အတန်းထဲက ကလေးတွေ ပါ ကျေနပ်ပျော်ရွှင်နေကြမယ် ဆိုတာ သေချာပါတယ်။ ကျွန်မတို့လည်း ကိုယ်ချစ်ခင် မြတ်နိုးတဲ့သူ၊ လေးစား တန်ဖိုးထားရတဲ့ သူတွေကို ဖဲကြိုးပြာနဲ့တူတဲ့ အသိအမှတ်ပြုမှုမျိုး ၊ ချစ်ခင် လေးစားမှုမျိုးကို ပြဖို့ ဝန်မလေး သင့်ကြပါဘူးနော်။



The Three Blue Ribbons ( Unknown Author) ကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။




သကြားထက် ချိုသောအရာ




အသက် အတော်ကြီးနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်မှုန်မှိုင်းနေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ  အရေးတယူ မရှိကြပါ။ ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ။ ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီ အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုးက သူ့အတွက် သိပ်ကို လိုအပ်နေမှာတော့ အမှန်ပါ။

ဒီအချိန်လေးမှာ အသက် ၃၅နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်းပေါ် လျှောက်လာရင်းနဲ့  အမျိုးသမီးဟာ ထိုအဖိုးအို အနားကို အရောက်မှာ ခြေစုံရပ်တန့်လိုက်ပါတော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား”  လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်း လွှာထဲက ဖြစ်မယ်ဆိုတာ  အဖိုးအိုက သိလိုက်ပါတယ်။ သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပြီး သန့်ရှင်းသပ်ရပ်လို့နေပါတယ်။ ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောအခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူကထင်လိုက်ပါတယ်။ ဒီအမျိုးသမီးဟာလည်း တစ်ခြား လမ်းသွား လမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ။ ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေတာကို မနှောက်ယှက်စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြောလိုက်ပါတယ်။

အံ့သြစရာက ထို အမျိုးသမီးဟာ သူ့ရဲ့ အော်ဟစ်သံကို ကြောက်လန့်ပြီး ထွက်သွားတာမျိုး မဟုတ်ဘဲ နေရာမှာ ဆက်ပြီး ရပ်နေတုန်းပါ။  ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်။ “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ သူက စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြီး ပြန်ဖြေ လိုက်ပါတယ်။ အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး။ ပြီးတော့ သူ့ဘေးနား ထိုင်ချလိုက်ပြီး အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ချိန်မှာတော့ “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီလေ။ ကျုပ်ကို မနှောက်ယှက်ပါနဲ့။ ခင်ဗျား ဒီနေရာက ထွက်သွားပါ”  လို့ အဖိုးအို ဆီက ဒေါသတကြီး အော်ဟစ်သံက ဟိန်းထွက်လာပေါတော့တယ်။

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး  ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးလာတော့ အမျိုးသမီးက  “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်။ ဒီလူကို မတ်တပ်ရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ။ ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်..  ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ၊  သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး၊ သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..

 “ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား။ ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်။ ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်ပြီး နွေးနွေးထွေးထွေး နေစေချင်ပါတယ် ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး  ” အကြောက်အကန် ငြင်းဆန်နေရင်းမှာဘဲ သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ သူ့ကို ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်။ “ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ၊ ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ ဆိုင်ကို ဆွဲခေါ်လာတဲ့ လမ်းတစ်လျှောက်မှာလည်း အဖိုးအို ဂျက်ဟာ အော်ဟစ်ရုန်းကန် နေတုန်းပါဘဲ။

 “ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့”  ရဲအရာရှိက လေသံခပ်မာမာနဲ့ သူ့ကို ပြန်ပြောပါတယ်။  နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာ အနီးမှာထိုင်စေလိုက်ပါတယ်။ အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်။  ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်။

 “ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး။ သူ့ကို ဒီအစ်မကြီးက အစားအသောက် ကျွေးမွေးချင်လို့ ခေါ်လာတာပါ.. ”  ရဲအရာရှိရဲ့ စကားအဆုံးမှာ    “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်။ လမ်းပေါ်က ဒီလို စုတ်ပြတ်ပြတ် လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်နာမည်ပျက်ပြီး ကျွန်တော်တို့ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်။”  လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်။

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား။ ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်၊ ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်။

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး  ပြုံးပြလိုက်ရင်းက “  မန်နေဂျာ..  ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီဂရုပ်ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ”   လို့ မေးလိုက်ပါတယ်။ ဒီတော့ ဆိုင်မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်။ ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်။

အမျိုးသမီးက  “ ဒါဆိုရင် ရှင်တို့ဆိုင်မှာ လုပ်တဲ့သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ  ခင်ဗျားနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံ ရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်။

 “ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

 “ဗျာ…. ”   အမျိုးသမီးရဲ့ နာမည်လည်း ကြားလိုက်ရော မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်.။

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခုချက်ခြင်း ကျင်းပချင်ပါတယ်။ ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်စရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း   ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

 “တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေတဲ့အတွက် စားဖို့ မဖြစ်နိုင်ပါဘူး”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”  

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်။

မန်နေဂျာ ပြန်ထွက်သွားတာကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” လို့ လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီလို ထုတ်မပြောရင် မဖြစ်တော့တာမို့ ထုတ်ပြောလိုက်ရတာပါ။ ကျွန်မ  အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” လို့ ပြောလိုက်ပြီး အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. ထို့နောက် အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်။

“ အန်ကယ် ဂျက်...  ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေပြီး “ ကျုပ်ထင်တာ ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မရုပ်ရည်က ဟိုတုန်းကထက် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မရဲ့  ငယ်စဉ်ကာလ  ရှင် ဒီဆိုင်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ အချိန်တွေ၊  အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ဆာလောင်ငတ်မွတ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် ဆိုင်တွေဆီမှာ အလုပ်တောင်းခဲ့ရဖူးတဲ့ အချိန်တွေကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”

“ အစ်မကြီး” 

ဘေးနားက နားထောင်နေတဲ့ ရဲအရာရှိထံမှ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လိုမှ ယုံကြည်လက်ခံနိုင်ပုံ မရပါ။

အမျိုးသမီးက သူ့ဘဝနောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်။ “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့  အလုပ် တစ်ခုတလေမှကို တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး။ ဘယ်သူကမှလည်း အလုပ် မပေးခဲ့ကြပါဘူး။ နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး နည်းနည်းကလွဲလို့ ဘာမှ မကျန်တော့တဲ့အခါ အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို အခန်းပိုင်ရှင်က မောင်းထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း နောက်ဆုံးမှာ ဒီနေရာလေးကို စားစရာ တစ်ခုတလေ ရလို ရငြား ရောက်လာခဲ့ပါတယ်။”

အဖိုးကြီးဂျက်ဟာ  ပါးစပ်ကို ဟလိုက်ပြီး “  အိုး ကျုပ်မှတ်မိပြီ။ အဲဒီတုန်းက ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တာလေ။ ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ တောင်းဆိုတယ်လေ။ ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာ ကျတဲ့အတွက် အလုပ် မပေးနိုင်ပါဘူးလို့ ကျုပ်က ပြောခဲ့တယ်လေ။ ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်။ အန်ကယ်ဟာ ကျွန်မ တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဝစ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့်  ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မစားတဲ့ အစားအစာအတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ရတယ်။ ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်။ ကျွန်မဘဝမှာ အဲဒီအချိန်တုန်းက ဆာဆာနဲ့ စားခဲ့ရတဲ့ ဆင်းဒဝစ်လောက် ဘယ်အစားအသောက်ကမှ အရသာမရှိခဲ့ပါဘူး။ ခုချိန်ထိလည်း သတိရနေပါတယ်။”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ”  အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ် သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်။ အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်။ ကြိုးစားတယ်။ ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘဝကို ပြန် မသွားချင်ဘူးလေ. ဒီတော့ ဘာလုပ်သလဲ... သူများထက် ပိုကြိုးစားရတာပေါ့။ ကျွန်မရဲ့ ဇွဲ၊လုံ့လ အကျိုးကြောင့် အချိန်နည်းနည်း ကြာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်။ ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ။ ”  စကားပြောရင်း အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ပြီး

“အန်ကယ်ဂျက်.. ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ အန်ကယ်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ အ၀တ်အစားဝယ်ဖို့၊ နေထိုင် စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်၊ အန်ကယ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်။ အန်ကယ် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ။ ကျွန်မ အန်ကယ်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အမျိုးသမီးရဲ့ စကားအဆုံးမှာ အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတော့တယ်။  “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ” လို့ တုန်ယင်လှိုက်လှဲနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်။ ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ။  အန်ကယ်ရဲ့ ကူညီထောက်ထားတတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ အန်ကယ် ကျွေးခဲ့တဲ့ ဆင်းဒဝစ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်မကို ခုလို သူတစ်ပါးကို ကူညီတတ်အောင် လမ်းစကို လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်။ ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အဝနားမှာ ခေတ္တရပ်ပြီး  အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်။

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့် ရင်ထဲကို တော်တော် ထိပါတယ်..  ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ  “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ကော်ဖီက အချိုပေါ့ ထင်တယ်။ နို့ ဖြစ်ဖြစ်၊ သကြားဖြစ်ဖြစ် ထပ်ယူမလား ” လို့မေးတော့ ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ပြီတော့ ပြုံးလိုက်ပါတယ်။ ပြီးတော့

ကျွန်တော့်အတွက် သကြားတွေ၊ နို့တွေ မလိုတော့ပါဘူးဗျာ၊ ဒီနေ့ အန်ကယ်ဂျက်ကို ခင်ဗျားပေးလိုက်တဲ့ စေတနာ၊ မေတ္တာတွေက သကြားတွေ နို့တွေထက် ချိုပါတယ်။ တန်ဖိုးလည်း ကြီးလှပါတယ်။ စေတနာ မေတ္တာတို့၊ ကျေးဇူးသိတတ်ခြင်းတို့ဆိုတာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လှပါတယ်၊ ကျွန်တော့်ရင်ထဲမှာလည်း အဲဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လိုသကြားမှ မလိုတော့အောင် ပီတိတွေနဲ့ ချိုနေပါပြီဗျာ။


Kindness ( Unknown Author) ကို ဘာသာပြန်တာပါ။ ခုတလော စာအသစ် မရေးဖြစ်သေးတာကြောင့် လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးခဲ့တဲ့ ဒီပိုစ့်လေး ပြန်တင်ဖြစ် တာပါ။ နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးကြပါလို့ တောင်းပန် ချင်ပါတယ်။ ဒီစာထဲကလို  စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန် လှပါတယ်ဆိုရင် ကျွန်မတို့လဲ  သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့ ကြိုးစားကြပါဦးစို့လားနော်။
လေးစားချစ်ခင်စွာ