Showing posts with label ဖားကန့်မှော်နယ်မြေအကြောင်းများ. Show all posts
Showing posts with label ဖားကန့်မှော်နယ်မြေအကြောင်းများ. Show all posts

ဖားကန့်ရတနာမြေက ရေမဆေးကျောက်ရှာပုံတော်



ကျွန်မတို့ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖွေကြတာနဲ့ ပတ်သက်လို့ အသေးစိတ် မဟုတ်တောင် အကြမ်းဖျဉ်းတော့ အရင်တုန်းကလည်း ရေးခဲ့ဖူးပါတယ်။ ဖားကန့်ဒေသခံများသာမက မြန်မာပြည် အနှံ့အပြားက လူငယ်လူရွယ်တို့ရဲ့ စိတ်ကူး အိပ်မက်တွေ ဖြစ်မြောက်အောင် ရှာဖွေကြရာ အခန်းကဏ္ဍဟာ ဖားကန့်  ရေမဆေး ကျောက်များ ရှာဖွေခြင်း ဟာလည်း ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ငွေအရင်းအနှီး မလိုဘဲ မြေစာပုံပေါ်မှာ ကျောက်ကောင်း တစ်လုံး တစ်လေလောက် ကောက်ရရုံနဲ့ ငွေဝင်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း တစ်ခုလည်း ဖြစ်တာကြောင့် ဖားကန့် ဒေသမှာ ရေမဆေးကျောက် ရှာဖွေကြတဲ့ သူတွေ လက်ညိုးထိုး မလွဲလောက်အောင် များပြားလှပါတယ်။ “ နိုင်ငံခြား မထွက်နိုင်ရင် ဖားကန့်တက်” လို့တောင် ပြောစမှတ်ရှိလောက်အောင် စိတ်ကူးတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ပေးနိုင်တဲ့ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ သို့သော် လူတိုင်းရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်ပေးနိုင်ရဲ့လား ဆိုတာနဲ့ ရေမဆေးကျောက် ဘယ်လိုများ ရှာကြသလဲဆိုတာ တစေ့တစောင်း လေ့လာကြည့်ရရင်ဖြင့်...



Image Hosted by PicturePush - Photo Sharing 
Image   Hosted by PicturePush - Photo Sharing 
ရေမဆေးကျောက် ရှာသူများ ပွဲတော်တမျှ များပြားလှ

Image Hosted by PicturePush - Photo Sharing

ရေမဆေးရှာဖို့ အားမာန်အပြည့်၊ မျှော်လင့်ချက်အပြည့်နဲ့ ချီတက်နေကြတဲ့ လူငယ်အချို့  


ရေမဆေးကျောက် ရှာသူတွေဟာ လုပ်ကွက် အသီးသီးက စွန့်ပစ်တဲ့ မြေစာပုံတွေ ပေါ်မှာ လိုက်လံ ရှာဖွေကြတာ ဖြစ်ပါတယ်… မြင့်မားလှတဲ့ တောင်ကြီးတွေဖြိုဖျက်ပြီးမှ ကျောက်စိမ်းတွေ ရှာဖွေကြမှတော့ အဲဒီဖြိုဖျက်လိုက်တဲ့ မြင့်မားလှတဲ့ တောင်တန်းတွေကထွက်လာတဲ့ မြေကြီးတွေကို စွန့်ပစ်ဖို့နေရာဟာ ဖားကန့်ဒေသမှာ အကြီးအကျယ် လိုအပ်ချက်ဖြစ်လာပါတယ်။ ချောင်းဘေးနားမှာ၊ လူနေအိမ်တွေနားက မြေကွက်တွေမှာ၊ အလွယ်တကူ စွန့်ပစ်ကြတဲ့အတွက် မြေအနေအထား ပြောင်းလဲမှု အများဆုံး ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်လက လမ်းတွေရှိနေပေမဲ့ နောက်လလောက်မှာ လမ်းတွေ မရှိတော့ဘဲ ကျောက်စိမ်းလုပ်ကွက်တွေကြောင့် ချိုင့်တွေ ကျင်းတွေဖြစ်ကုန်ရတာတွေ၊ ချောင်းနားဘေးက စွန့်ပစ်မြေစာတွေကြောင့် ချောင်းရေစီးဆင်းမှု ပိတ်ဆို့ပြီး မိုးတွင်းအခါမှာ အကြီးအကျယ် ရေကြီးပြီး လူထုတွေ ဒုက္ခရောက်ကြရတာတွေဟာ စာဖွဲ့မကုန်တဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ချောင်းဘေးက မြေစာများ


ရေဘေးကာကွယ်ရေးဆိုပြီး ချောင်းကမ်းဘေးတွေမှာ မြေကြီးတွေ အပုံလိုက် အပုံလိုက် လာပစ်ကြပြီး နောက်နှစ်မိုးတွင်းမှာဘဲ ဖားကန့်ဒေသမှာ မကြုံစဖူး ရေကြီး ရေလျှံပြီး များစွာ ဆုံးရှုံးမှုတွေ ဖြစ်ပါတော့တယ်။ မြေကြီးတွေ လာဖို့လိုက်လို့ ချောင်းအရွယ်အစား ကျဉ်းမြောင်းသွားပြီး မိုးရွာလို့ ချောင်းရေတိုးတဲ့အခါ ရေတွေစီးဆင်းဖို့နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတော့တာကြောင့် လူနေ အိမ်ခြေ ရပ်ကွက်တွေထဲ မတန်တဆ ဝင်ရောက်လာကြပါတော့တယ်။ ဒီပြဿနာဟာ လုပ်ကွက်တွေရဲ့ စွန့်ပစ်မြေစာတွေကြောင့် ချောင်းကောပြီး ရေကြီးရတာဖြစ်တာကြောင့် စနစ်တကျ မဖြေရှင်းရင် နောင်နှစ်တွေမှာ ပိုပြီးဆိုးဝါးလာမဲ့ အခြေအနေ ရှိပါတယ်။ 


 
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


 ဒီလို မြေစာပုံကြီးတွေမှာ သက်စွန့်ဆံဖျား ကျောက်စိမ်းရှာသူများ 
ရေမဆေးကျောက် ရှာဖွေပုံအကြောင်း ဆက်ပြောရမယ်ဆိုရင် 

အိမ်နောက်ဖေးက ချောင်းကလေး




ကျွန်မတို့ အိမ်နောက်တွင် အလွန်သာယာ စိမ်းလဲ့ကြည်လင်စွာ စီးဆင်းနေသော ချောင်းကလေးတစ်ခု ရှိခဲ့ပါသည်။  ကျွန်မမွေးဖွားရာ ဇာတိရှိ ကျွန်မတို့အိမ်သည် ချောင်းကမ်းဘေးတွင် မှေးတင် ဆောက်လုပ်ထားသော အိမ်တစ်အိမ်ဖြစ်ပါသည်။ အိမ်များသည် လမ်းမကို မျက်နှာမူကာ ဆောက်လုပ်ရခြင်းဖြစ်သောကြောင့် ထိုချောင်းကလေးသည် ကျွန်မတို့၏ အိမ်နောက်ဖက်တွင် ရှိနေပါသည်။ အိမ်နောက်ဖက် ပြူတင်းပေါက်မှ မျှော်ကြည့်လိုက်မည် ဆိုပါလျှင် ချောင်းထဲမှ မြင်ကွင်းစုံကို မြင်နေရပြီး သွဲ့သွဲ့ညင်ညင် စီးဆင်းနေသော ချောင်းရေစီးသံ  ကြားနေရလောက်အောင် နီးကပ်စွာရှိနေခဲ့ပါသည်။ ချောင်းကလေးသည် ကြည်လင်စိမ်းလဲ့စွာ၊ သာယာလှပ၊ တည်ငြိမ်အေးမြစွာ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေခဲ့ပါသည်။

မနက်ခင်း အိပ်ရာထချိန်တွင် တောင်တန်းများကို ကျော်ဖြတ်၍ ရောက်ရှိလာသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်နေသော ချောင်းရေပြင်ပေါ်သို့ ဖြာအကျတွင် လျှပ်တိုက်ပြေးလွှား ဆော့ကစားနေသော လေပြေ လေညင်းကြောင့် ချောင်းရေပြင်ပေါ် ယှက်ဖြာနေသော ဘော်ငွေရောင် လှိုင်းကြက်ခွပ် ကလေးများသည် တလက်လက်ဖြာကာ ငွေမှုန်လေးများ ကြဲပက်လိုက်သကဲ့သို့ ရောင်ပြန်ဟပ်ပြီး ၀န်းကျင်တစ်ဝိုက်ကိုပင် လင်းလဲ့ ၀င်းဖြာ နေသည့် မြင်ကွင်းသည် ကြည်နူးစရာ၊ ရွှင်လန်းစရာအတိ ဖြစ်ခဲ့ဖူးပါသည်။ စီးဆင်းနေသော ချောင်းရေသည် အောက်ခံ ကျောက်တုံးကျောက်သားများကိုပင် မြင်ရလောက်အောင် ကြည်လင်စိမ်းမြလို့ နေခဲ့သည်။ ချောင်းထဲတွင် ပေါများလှသော ငါးမျိုးစုံတို့သည်လည်း အုပ်စုဖွဲ့ကာ အေးချမ်းသာယာစွာ ကူးခတ် နေသည်ကိုပင်လျှင် အတိုင်းသား မြင်ရလောက်အောင် ချောင်းရေသည် ကြည်လင် သန့်စင်လွန်းလှသည်။

ဆောင်းအခါတွင်တော့ မြူနှင်းများအောက်တွင် ကြည်လင်နေသော ရေပြင်စိမ်းစိမ်းပေါ်မှာ ဖြူလွလွ အငွေ့များ တလူလူထွက်စေလျှက် နွေးထွေးစွာ စီးဆင်းနေတတ်ခဲ့သည်။ ပြင်ပ၀န်းကျင်တစ်ခုလုံး နှင်းငွေ့မှုန်များဖြင့် အေးစက်နေသော်လည်း ချောင်းရေမှာထူးထူးခြားခြား နွေးထွေးနေလေ့ ရှိပါသည်။ ချောင်းကမ်းစပ်များတွင်တော့ နှင်းရည်စိုလူးနေသော စိမ်းလဲ့လဲ့ မြက်ခင်းများနှင့် စိမ်းညို့ညို့ စိုက်ခင်းတို့က ချောင်းကလေး၏အလှကို သဘာဝဆန်ဆန် ကျက်သရေရှိစေခဲ့သည်။ ညအချိန်တွင် ရွှေရောင်လင်းဖြာကျနေသော လရောင်အောက်တွင် တည်ငြိမ်စွာ စီးဆင်းနေသော ချောင်းရေနှင့် ဂီတသံပမာ ညင်ညင်သာသာ ထွက်ပေါ်နေသော ရေစီးသံသည် လရောင်ဆမ်းသော ညချမ်းများကို အလှဆုံးဖြစ်အောင် ပံ့ပိုးပေးနေခဲ့ဖူးပါသည်။

ချောင်းရေသည် နက်သည့်နေရာတွင် ၀ါးတစ်ပြန်ကျော်အထိ နက်ပြီး ကျွန်မတို့ ရေငုပ်ပြီး ချောင်းအောက်ခြေက မြေကြီးကို ဆုပ်ပြီး ပြန်တက်လာကြေး ကစားကြလျှင်ပင် ချောင်းအောက်ခြေကို ရောက်အောင် ငုပ်နိုင်သူ ရှားသည်အထိ ချောင်းရေက နက်ရှိုင်းပါသည်။ လူအများရေချိုးကြသော ရေချိုးဆိပ်များတွင်တော့ အလွန်ဆုံး ရင်ဘတ်လောက်ထိသာ အနက်ရှိပြီး ချောင်း အောက်ခြေသည်လည်း နှုံးများ၊ ရွံ့များကင်းစင်စွာ ချောမွတ်သော ကျောက်တုံးငယ်များ ပြည့်နေသည့် ကြမ်းပြင်သာ ဖြစ်လေသည်။ မိုးရာသီတွင် တောင်ကျချောင်းရေများ၊ မိုးရေများကြောင့် ထိုအချိန်တွင် စီးဆင်းနေသော ချောင်းရေမှာ နောက်ကျိကာ ရွံ့နွံများ ပါနေတတ်သော်လည်း ကျန်သည့်အချိန်များတွင်တော့ အိမ်နောက်ဖေးက ချောင်းကလေးသည် ကျောက်တုံးများနှင့် ငြိမ့်ညောင်းသာယာစွာ စီးဆင်းတတ်ပြီး ရေသန့်စင်မှုမှာလည်း စိတ်ချရလောက်အောင် ကြည်လင်သန့်စင်သော ချောင်းလည်းဖြစ်ခဲ့ပါသည်။

ထိုအချိန်က ကျွန်မတို့ဒေသတွင် ရေတွင်း၊ အ၀ီစိတွင်းဟူ၍ မရှိသလောက် ရှားပါသည်။ ချောင်းရေသည် ကျွန်မတို့ ဒေသတစ်ခုလုံး၏ သောက်ရေ သုံးရေအဖြစ် အားကိုးအားထားရာ ဖြစ်ခဲ့သည်။ ဒေသတစ်ခုလုံးက လူများသည်လည်း ချောင်းထဲတွင်သာ ရေချိုးကြပါသည်။ မနက်စောစောတွင် သောက်ရေ၊ သုံးရေအဖြစ် ချောင်းထဲမှ ရေကို ခပ်ကြသလို၊ နေ့ခင်း၊ ညနေစောင်းတို့တွင် ချောင်းထဲတွင် အိုးခွက်ပန်းကန်ဆေး၊ အ၀တ်လျှော်၊ ရေချိုး စသည်တို့ကို ပြုလုပ်ကြရသည်။ ကြည်လင်လှသော ချောင်းရေသည် ဒေသတစ်ခုလုံး၏ မှီခိုအားထားရာ အသက်သွေးကြောတစ်ခု ဖြစ်ခဲ့ပါသည်။ ချောင်းထဲတွင် သစ်ဖောင်များ၊ ၀ါးဖောင်များ မျှောချခြင်း၊ ဆည်များပိတ်၍ ငါးဖမ်းခြင်း၊ မြုံးထောင်ခြင်း၊ ငါးမျှားခြင်း၊ စက်လှေများ ပြေးဆွဲခြင်း၊ ချောင်းကမ်းဘေး မြေလွတ်များ၊ နွေအခါ ပေါ်လာတတ်သော ကျွန်းများပေါ်တွင် သီးပင်များ စိုက်ပျိုးခြင်း၊ ကမ်းစပ်များတွင် သစ်သားပြားအင်ဝိုင်းလေးဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်ခြင်း စသည်တို့သည်လည်း ချောင်းနှင့်ဆက်စပ်၍ လုပ်ကိုင်နေကြသော အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဖြစ်လေသည်။

ချောင်းထဲတွင် ငါး၊ လိပ်၊  စသော ရေသတ္တ၀ါများ ပေါများလှသည်သာမက ကလေးသာသာအရွယ် ငါးကြီးများ (ငါးထွေ ဟု သိရသည်) သည်လည်း ဘုန်းတော်ကြီးကျောင်း ရေဆိပ်တွင် အများအပြားရှိပြီး ထိုနေရာမှလွဲကာ အခြားနေရာသို့လည်း သွားလေ့မရှိသဖြင့် ဘုန်းကြီးငါးဟုလည်း ခေါ်ကြသည်။ ဘုန်းတော်ကြီးကျောင်းကြီးမှ မနက်ဆယ်နာရီ သံချောင်းခေါက်လျှင် ထိုငါးကြီးများသည် ကမ်းစပ်သို့ ရောက်လာပြီး ဘုန်းကြီးကျောင်းသားများ၊ ရပ်သူရွာသားများ ကျွေးသော ထမင်းကို ကျယ်ပြန့်ကြီးမားသော ပါးစပ်ကြီးများ ဟကာ ဟကာနှင့် လာရောက် စားသောက်ကြလေသည်။ ကျွန်မတို့ကလေးတစ်သိုက်မှာ ငါးစာကျွေးချိန်တိုင်း ကျောင်းရေဆိပ်သို့သွားကာ ကြီးမားလှသော ငါးကြီးများကို အစာကျွေးရင်း တအံ့တသြ ငေးမောခဲ့ဖူးပါသည်။ ကျွန်မတို့ ရွာကလေးသို့ အခြားမြို့ရွာမှ ဧည့်သည်များ လာပါကလည်း ၄င်းဧည့်သည်များအား ဘုန်းကြီးကျောင်းမှ ငါးကြီးများကို ဂုဏ်ယူစွာ ပြသခဲ့ကြပါသည်။ ထိုစဉ်ချိန်က ၄င်းငါးကြီးများသည်လည်း ဤချောင်းကလေး၏ နံမည်ကျော် ရတနာများ ဖြစ်ခဲ့ဖူးပါသည်။

ချောင်းတစ်ဖက်ကမ်းတွင်တော့ စိမ်းလန်းသော တောအုပ်များ တောင်တန်းများ ရှိပြီး ဟင်းရှာ၊ ထင်းရှာ၊ ၀ါးရှာ၊ မျှစ်ချိုးသူများသည် ဝေးဝေးလံလံ သွားစရာမလိုဘဲ ချောင်းတစ်ဖက်ကမ်းသို့ အလွယ်တကူ သွားရောက်ပြီး  ရှာဖွေနိုင်သည်။ သဘာဝ အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များ၊ ၀ါးပင်များ၊ ဘုရားအိုးထိုးရန် သပြေပန်းမှစ သော်ကပန်း၊ ဖက်ဆွတ်ပန်း၊ အင်ကြင်းပန်း စသည် တောပန်း၊တောင်ပန်းများလည်း အလွန်ပေါလှပါသည်။ ကျွန်မတို့ အိမ်နောက်ကနေ မျှော်ကြည့်လိုက်လျှင်ပင် တောအုပ်စိမ်းစိမ်းလေးကို လှမ်းမြင်နေရပြီး တောင်တန်းများပေါ်မှ ရေသောက်ဆင်းလာသည့် မျောက်များ၊ ချေများ၊ သမင်၊ ဆတ်တို့ကိုပင် ရံဖန်ရံခါ တွေ့မြင်နိုင်ပါသေးသည်။ ချောင်းကမ်းစပ် တောအုပ်ထဲမှ တောကောင်များ အော်သံ၊ ချေဆတ်သံ၊ သမင်တောက်သံများကိုပင် ကြားရလေ့ရှိပါသည်။ ချောင်းထဲရှိ ငါးများမှာလည်း နယ်သူနယ်သားများအတွက် ဖူလုံရုံသာမက၊ ဖမ်း၍မကုန်အောင်ပင် ပေါများလွန်းလှပါသည်။

ချောင်းထဲတွင် ဆော့ကစားရင်း ကလေးငယ်တိုင်း ၅နှစ် ၆နှစ်အရွယ်တွင် မသင်ရဘဲ ရေကူးတတ်လာကြသလို ကလေးတို့အတွက် အချိန်ဖြုန်းရာ အကောင်းဆုံးနေရာသည်လည်း ချောင်းအတွင်းဆော့ကစားခြင်း ဖြစ်လေသည်။ ချောင်းထဲတွင် ကလေးလူကြီး ရေကူး၊ ရေငုတ်ပြိုင်ခြင်း၊ အပျော်လှေစီးခြင်း၊ ကျောက်တုံးများ ငုတ်တမ်းကစားခြင်း၊ ငါးဖမ်းခြင်း စသည်ဖြင့် ပျော်စရာ ကောင်းလှသလို၊ ကလေးများမှာမူ ချောင်းထဲရောက်လျှင် အိမ်မှ လူကြီးတစ်ယောက်ယောက် လိုက်မခေါ်မချင်း မပြန်တော့သည်မှာ ကလေးအားလုံး၏ သဘာဝလို ဖြစ်နေခဲ့သည်။ မိမိအိမ်ရှိ ကလေးတစ်ယောက်ယောက် အိမ်တွင် ပျောက်နေပါက ရေချောင်းတွင် လိုက်ရှာရမည်မှာလည်း လူကြီးတိုင်းက သိနားလည်ပြီး ဖြစ်လေသည်။ ကလေးတိုင်းက ချောင်းကလေးတွင် ပျော်မွေ့ကြသည်။ ချောင်းကလေးကို ချစ်ခင် နှစ်သက်ကြလေသည်။ ထိုစဉ်ချိန်က မြို့ရွာတိုင်းရှိ ချောင်းကမ်းစပ်သည် ရေချိုးသူများ၊ ချောင်းထဲတွင် ဆော့ကစားသူများ၊ အ၀တ်လျှော်၊ အိုးခွက်ဆေးသူများနှင့် အလွန်စည်ကားပြီး ပျော်ရွှင်စရာ ကောင်းလှသည်။ ရပ်ရွာထဲမှ လူကြီးလူငယ်များ အချင်းချင်း သတင်းစကား၊ အတင်းစကားများ ပြောစရာရှိလျှင်ပင် ရေချောင်းထဲတွင် ရေချိုးရင်း၊ အ၀တ်လျှော်ရင်း၊ အိုးခွက်ပန်းကန်ဆေးရင်း တွေ့ဆုံ ချိန်းချက်လုပ်ကာ ပြောကြလေ့ရှိသည်အထိပင် ချောင်းကလေးမှာ များစွာ အရေးပါခဲ့ဖူးပါသည်။

တစ်ခါတစ်ရံ ချောင်းထဲတွင် ရေချိုးရင်း ကောက်ရတတ်သော ကျောက်တုံးအချို့သည် အဖိုးများစွာ ထိုက်တန်သော ကျောက်စိမ်းများ ဖြစ်နေတတ်ခဲ့သည်။ ချောင်းကမ်းဘေးမှ မြေကြီးများကို ကျင်ယူလျှင်ပင် ရွှေမှုန်လေးများပါဝင်သောကြောင့် ဒေသခံလူအချို့ ရွှေကျင်ခြင်း၊ ကျောက်စိမ်းရှာဖွေရန် ရေငုတ်ကျင်းမျာဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်း၊ စသည်တို့ဖြင့်လည်း ချောင်းကလေးကို မှီခိုကာ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့လေသည်။ သို့ဖြင့် အဖိုးတန် ကျောက်စိမ်းရော၊ ရွှေပါ ထွက်သဖြင့် ချောင်းကလေး၏ အမည်နာမသည် ကျော်ကြား ထင်ရှား လာလေတော့သည်။ တဖြေးဖြေးနှင့် ချောင်းကလေး ရှိရာအရပ်ဆီသို့ ဒေသအသီးသီး၊ မြို့ရွာအနှံ့အပြားမှ လူများ ရောက်ရှိလာကြသကဲ့သို့ ချောင်းပတ်ဝန်းကျင် မြို့ရွာများသည်လည်း လူနေအိမ်ခြေများ ထူထပ်လာလေတော့သည်။

Image Hosted by PicturePush - Photo Sharing 
နောက်ကျိနေသော ချောင်းကလေး

ယခုတော့ ကျွန်မတို့ အိမ်နောက်ဖေးက ချောင်းကလေးသည် ရွှေများ၊ ကျောက်စိမ်းများ ထွက်သောကြောင့် နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း ယခင်ကလို သာယာလှပသော ချောင်းကလေးတော့ မဟုတ်တော့ပါပြီ။ ယခင်တုန်းက မိုးရာသီမှလွဲ၍ ကျန်သည့်အချိန်များတွင် စိမ်းလဲ့ကြည်လင် ငြိမ့်ညောင်းနေခဲ့သော ရေအပြင်သည် ယခုအချိန်တွင် နောက်ကျိ ၀ါဝင်းနေသော ရွံနှစ်ရေများသာ စီးဆင်းနေခဲ့လေပြီ။ ယခင်က ကျောက်တုံးများကို ဖြတ်သန်းပြီး စီးဆင်းရသောကြောင့် ထွက်ပေါ်နေကျ ချောင်းရေစီးသံ ချိုလွင်လွင်ပင်လျှင် ယခုတော့ နှုံးမြေများ၊ နွံနှစ်များကိုသာ ဖြတ်သန်းစီးဆင်းရပြီ ဖြစ်သောကြောင့် ငြင်သာငြိမ့်ညောင်းသော ချောင်းကလေး၏ တေးသံကိုပင် မကြားရတော့သည်မှာ ကြာခဲ့ပြီ။ ဘယ်သို့သောအကြောင်းကြောင့် ချောင်းရေများ ၁၂လရာသီလုံး နောက်ကျိနေရပါသနည်း၊ တေးသံများ မသီကြွေးနိုင်တော့ပါသနည်းဟု မေးလာသော် ဖြေစရာအဖြေက လူတို့၏ လောဘကြောင့် ဟူ၍သာ ဖြေစရာရှိပါသည်။




ချောင်းရေကို လွဲကာ အောက်ခြေကြမ်းပြင်တွင် ရတနာရှာဖွေပုံများ


ကျောက်စိမ်းနှင့် ရွှေများကြောင့် နံမည်ကျော်သော ကျွန်မ၏ မွေးရပ်မြေသည် ယခုခေတ်တွင် ငွေအင်အားများစွာတို့ဖြင့် ၀င်ရောက်လာသော ကျောက်မျက်ကုမ္ပဏီများ၊ ရွှေတူးဖော်သော လုပ်ငန်းများ နေရာအနှံ့ လက်ညိုးထိုးမလွဲအောင် ရောက်ရှိလို့ လာလေပြီ။ စက်ကိရိယာ အစုံအလင်ဖြင့် တူးဖော်ရင်း ရလာသမျှ မြေကြီးများကို ချောင်းကမ်းစပ် လူနေအိမ် အနီးတစ်ဝိုက်တွင် စွန့်ပစ်ခြင်းကြောင့် တောင်လိုပုံနေသော မို့မောက်မြေပြင်များလည်း နေရာအနှံ့ပင်။ မြေကြီးများကို ရေအင်အားများများဖြင့် မျှောတိုက်ပြီး ရွှေရှာခြင်းတို့ကြောင့် လုပ်ကွက်အသီးသီး၊ မှော်နယ်မြေအနှံ့မှ ရွံ့မြေများ ပျော်ဝင်နေသောရေများ ချောင်းကလေးအတွင်းသို့ စီးဝင် လာရခြင်းကြောင့်လည်း ချောင်းကလေးမှာ ယခင်ကလို နက်ရှိုင်းခြင်းမရှိ၊ ကြည်လင်ခြင်းလည်းမရှိ၊ ရွံ့နွံများကြောင့် တဖြေးဖြေးနှင့် တိမ်ကောလာနေချေပြီ။ ယခုအခါမှာတော့ သာယာလှပသော စိမ်းလဲ့ကြည်လင်သော၊ သန့်စင်အေးမြသော ချောင်းကလေး မဖြစ်နိုင်တော့ပြီ။ တေးသံလွင်လွင် မချိုမြနိုင်တော့ပေ။


ဖားကန့်သို့ အပြန်ခရီး



မိသားစုကိစ္စတစ်ခုကြောင့် မိုးတွင်းကြီး အိမ်ကို တစ်ပတ်လောက် ပြန်ဖြစ်သွားပါတယ်.. ကျွန်မ မွေးဖွားရာဇာတိ ကချင်ပြည်နယ်ဟာ မိုးများတဲ့ ဒေသဖြစ်တာကြောင့် မိုးရွာမိရင် တစ်နေကုန် မတိတ်နိုင်အောင် ရွာတတ်ပြီး ခုလိုချိန်မျိုးမှာ ခရီးထွက်ရတာ စိုစိုစွတ်စွတ်နဲ့မို့ ပျင်းစရာ အလွန်ကောင်းလှပါတယ်.. ပြီးတော့လဲ နံမည်ကျော် ဖားကန့်လမ်းတွေက မိုးအခါမှာ ရွံ့တွေဗွက်တွေနဲ့ စိတ်ညစ်စရာ ကောင်းလောက်အောင် ဆိုးဝါးလှပါတယ်.. နွေတုန်းက ဖုန်တစ်ထောင်းထောင်း ထခဲ့တဲ့ လမ်းတွေဟာ အခု မိုးရာသီလဲရောက်ရော ရွံ့ဗွက်အိုင်တွေ အပြည့်နဲ့ ချိုင့်တွေ၊ ကျင်းတွေ တစ်လမ်းလုံးပါဘဲ.. ဘယ်လိုမှ သက်သောင့်သက်သာ မရှိပါဘူး.. အိမ်ခန ပြန်သွားတဲ့ တစ်ပတ်လုံးလုံးဟာ မိုး ရက်ဆက်ရွာပါတယ်.. တစ်ရက်မှကို မပြတ်ခဲ့ပါဘူး…  မိုးရာသီဆိုရင် မြေပြို တတ်ခြင်းကြောင့် အန္တရာယ် များလွန်းတဲ့အတွက် ကျောက်တူးလုပ်ငန်းများ၊ ရွှေတူးခြင်းများ အားလုံးနီးပါး ရပ်နားထားရပါတယ်.. မိုးအခါမှာတော့ ဖားကန့်ဒေသမှာ လူဦးရေ လျှော့သွားတတ်ပါတယ်.. အလုပ်ပါးတဲ့ အတွက် မိမိနေရပ်ကို ပြန်ကြသူများပါတယ်.. စီးပွားရေး အရောင်းအ၀ယ် လုပ်ငန်းများလဲ နည်းပါးသွားပါတယ်..




ရှေ့က ရွံ့ဗွက် ဘယ်လောက်နက်.. သိနိုင်ပါ့မလား..




ရုန်းလိုက်စမ်းကွယ်.. အဲ နွားမှ မဟုတ်တာနော်.. ဟိဟိ    မွှားသွားလို့း)





ဒီလို လမ်းမျိုးကို ဖားကန့် လမ်းလို့ခေါ်ပါသည်...





ရွံ့တွေ ရွံ့တွေ




မိုးကရွာ လမ်းကဆိုး



ရွံ့စင်မှာစိုး.......



နွေတုန်းက ကျွန်မစီးနေကျ မြစ်ကြီးနား - ဖားကန့် ဗင်ကားခဟာ ၂၅၀၀၀ လောက်သာ ရှိပေမဲ့ ယခု မိုးရာသီမှာတော့ ၅၀၀၀၀ ထိ ၂ဆ ဈေးတက်သွားခဲ့ပါတယ်.. ဖားကန့်အသွားကိုတော့ ဈေးဒီလာက်မရှိပါဘူး.. ၃၀၀၀၀ လောက်ဘဲ ရှိပါတယ်.. အပြန်က ဈေးပိုကြီးပါတယ်.. ကြည့်ရတာ မိုးအခါဆို ဖားကန့်ကနေ ပြန်တဲ့သူတွေ ပိုများလို့ ဖြစ်ပါလိမ့်မယ်.. လမ်းခရီးဆိုးတဲ့အတွက် ကားစီးရတဲ့ အချိန်လဲ ပိုပြီး ကြာပါတယ်. ခါတိုင်း ၆နာရီ ခရီးကို ၈နာရီ လောက်ထိ ကြာမြင့်တတ်ပါတယ်.. နွေအခါတုန်းက တည်ဆောက်ထားခဲ့တဲ့ ချောင်းကူးတံတား တစ်ချို့ ချောင်းရေထဲ မျှောပါသွားလို့ စက်လှေ၃စီးနဲ့ ပြုလုပ်ထားတဲ့ ကူးတို့ဖောင်နဲ့ ကားတွေ ဆိုင်ကယ်တွေ ကူးခဲ့ရပါတယ်..







ဥရုချောင်းလဲ ရေတွေကြီးလို့



လမ်းမှာတော့ တံတားမရှိတဲ့ မြစ်ပြင်ကို ကားရော ဆိုင်ကယ်ရော ကူးတို့ဖောင်နဲ့ ကျော်ကြရတယ်..







ဖြေးဖြေးဆင်းကြပါ....



ကူးတို့ဖောင်ပေါ်က ကား



ဒီလိုစက်လှေ ၃စီးပေါ် တင်ထားတဲ့ကုတို့ဖောင်ပါ..


ယခုဆိုးတယ်ဆိုတဲ့ မြစ်ကြီးနား ဖားကန့်လမ်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က လမ်းကိုတော့ လုံးလုံး မမီပါဘူးရှင်.. ယခင်တုန်းခါကတော့ ခါးလောက်ထိ နှစ်တဲ့ ရွံဗွက်တွေနဲ့ ကားသွားလို့မရဘဲ လူနဲ့ နွားလှည်းတို့သာ သွားလို့ရပါတယ်… အဲဒီတုန်းက ဒီလမ်းဒီခရီးကို ၂ရက်၃ရက် လမ်းလျှောက်ပြီး သွားခဲ့ရတာပေါ့...  ခုလောက်ဆိုးတာကတော့ ပျင်းတောင် ပျင်းသေး...  :)




ရွံ့အိုင်ကို ကားအဖြတ်မှာ စင်လာတဲ့ ရွံ့ရေတွေကို မိမိရရရိုက်လိုက်သေး

ဒီလို ရွံ့တွေစင်တတ်လို့ တစ်ဖက်က ကားနဲ့ ကားချင်းယှဉ်ဖြတ်ကြတဲ့အခါ ကားမှန် မပိတ်ထားမိရင် ရွံ့တွေဟာ လူနဲ့ မျက်နှာကိုပါလာစင်ပါတယ်.. အင်္ကျီတွေရော အကုန်ပေတော့တာပါဘဲ.. ကားမှန်တွေကလည်း တင်ရခက် ချရခက်တဲ့ ရှေးဟောင်းကားတွေများတော့ ဒီတိုင်း ထားလိုက်ရတာ များပါတယ်။ မိုးရွာရင်တောင် မှန်တင်ရ ချရခက်လို့ အစိုခံရတဲ့ အခြေအနေတွေတောင် ရှိသေးတာကိုး။



နန့်ယားရွာကလေး


ဒီရွာကလေးကတော့ ကျောက်နီ( ပတ္တမြား) ထွက်တယ်လို့ နံမည်ကျော်တဲ့ နန့်ယားဆိပ်( နန့်ယားကျေးရွာ)ဘဲ ဖြစ်ပါတယ်.. မြစ်ကြီးနား - ဖားကန့် အသွား ကားနဲ့ ဆိုင်ကယ်များ ခရီးတစ်ထောက် နားကြတဲ့ နေရာလဲ ဖြစ်ပါတယ်.. စားသောက်ဆိုင် အများအပြားရှိပြီး ကျယ်ပြန့်တဲ့ လမ်းမ ရှိတာကြောင့် သာသာယာယာ ရှိသလို ကျောက်နီတူးဖော်တဲ့ ကုမ္ပဏီတွေလည်း ရှိတာကြောင့် စည်ကားပါတယ်။









 







မလိုင်အပြည့်နဲ့ နွားနို့



ဒီတစ်ခါတော့  နန့်ယားရွာမှာ ထမင်းစားခဲ့ပြီးလို့ ဗိုက်မဆာပေမဲ့ အရင်တစ်ခေါက် ပြန်တုန်းက ထမင်းစားနားတဲ့ လ၀ါးဆိုတဲ့ ကချင်ရွာကလေးမှာ ရှိတဲ့ ကချင်စားသောက်ဆိုင်ကလေးမှာ ကားပြင်ဖို့ ခနနားတော့ နွားနို့ သောက်ဖြစ်အောင် သောက်ခဲ့ပါတယ်....  ဒီရွာက နွားနို့သိပ်ကောင်းတယ်လို့ နံမည်ကြီးပြီး ကားမိုင်းမြို့နဲ့ မနီးမဝေးမှာ ရှိပါတယ်.. ဒီက နွားနို့ဟာ မြို့တွေမှာလို အဆီထုတ်ထားတဲ့ နွားနို့မဟုတ်ပါဘူး.. အဆီတွေအပေါ်မှာ ဝေ့နေပြီး မလိုင်ဖတ်တွေနဲ့ ပျစ်နှစ်နေတာမို့ နံမည်ကြီးမယ်ဆိုလဲ ကြီးလောက်ပါတယ်.. အဆီမထုတ်ထားတာကြောင့် ကျန်းမာရေးအရတော့ မပြောတတ်ပေမဲ့ ပင်ကိုယ်သဘာဝအတိုင်းမို့ အရသာကတော့ ကောင်းမှ ကောင်းပါဘဲ... မြို့က နွားနို့အရသာနဲ့ ဘာဆိုဘာမှမဆိုင်   ဟိဟိ :) တကယ်ပြောတာပါ.. မယုံဘူးလား...  ရောက်တဲ့အခါ သွားသောက်ကြည့်ပါလားနော်..





ရှောက်ပန်းသီးများ






အောက်အရပ်မှာ ကျွဲကောသီးခေါ်ပေမဲ့ ကျွန်မတို့ဆီမှာ ရှောက်ပန်းသီးလို့ခေါ်မှ သိကြပါတယ်..  .. အဲဒီကချင်ရွာကလေးမှာ အပင်တွေများကြီးမို့  စိတ်ယားစရာကောင်းအောင် သီးနေတာနဲ့ ဓာတ်ပုံရိုက်ခဲ့တာပါ..



အောက်က အပင်က ကျွန်မတို့အရပ်မှာ အိမ်မိုးတဲ့ ရုန်းပင်တွေပါ..


ရုန်းပင်များ





ဒါကတော့ ရုန်းကို အမိုးမိုးထားတဲ့ အိမ်ကလေးတစ်လုံးပါ..






ဒါကတော့ တံမြက်စည်း လုပ်တဲ့အပင်ပါ.. ဟိုမှာတော့ သိပ်ပေါပါတယ်...






တောတောင်တစ်ခုလုံးတော့ ဒီလို တောငှက်ပျောပင်တွေ အပြည့် ပါဘဲ..




မြစ်ကြီးနား မိုးကောင်းလမ်း ကတ္တရာ လမ်းမကြီးလဲ ရေကျော်နေပါတယ်..




ဖြေးဖြေးမောင်းနော်

မိုးတွင်းခရီးသွားရတာ လမ်းခရီး ကြမ်းတမ်းခက်ခဲပေမဲ့လို့ တစ်ခုတော့ စိတ်ချမ်းသာမိတယ်.. ကြည့်လေရာရာ မြင်လေရာရာဟာ စိမ်းစိမ်းစိုစိုနဲ့ပါဘဲ.. ရေတွေဖွေးနေတဲ့ လယ်ကွင်းပြင်တွေ၊  စိမ်းစိုနေတဲ့ စိုက်ခင်းတွေ၊  မြူခိုးဝေနေတဲ့ တောင်ပြာတန်းတွေ၊ ကြည့်လေရာ စိမ်းလန်း သာယာ နေတော့တာပါဘဲ..





ရေတွေဖွေးလို့

ရေဖွေးဖွေး လယ်ကွင်းလေး



အထီးကျန်သစ်ပင်







စိမ်းတစိုစို



စိမ်းစိမ်းစိုစိုရာဘာစိုက်ခင်းများ


ကချင်ပြည်နယ်မှာ မြေဧက တော်တော်များများကို ကုမ္ပဏီတွေက ရာဘာတွေ သစ်မွှေးတွေ စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်.. လမ်းတလျှောက် စိုက်ခင်းတွေ စိမ်းစိုနေတာကို ခြံကျယ်ကြီးတွေနဲ့ တွေ့ရပါတယ်



ကားပေါ်ကနေ ရိုက်လိုက်မိတဲ့  မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်းအလှ




ကြည့်ပါဦးတော့ လှလိုက်တဲ့ အလှ



ခရီးထွက်ရတာ နှစ်သက်သဘောကျမိသူမို့ ပင်ပန်းပေမဲ့ စိမ်းလန်းစိုပြေနေတဲ့ ရှုခင်းတွေက အမောအပန်း ပြေပြီး စိတ်ကို ရွှင်လန်းစေတာမို့ အိမ်အပြန် ဒီခရီးကို ပျော်ပါတယ်လို့ဘဲ  မှတ်ချက်ချရမှာပါ.. ကချင်ပြည်နယ်အကြောင်း ဆက်ရန်ရှိပါသေးတယ်..  စောင့်မျှော်အားပေးကြပါဦးနော်..



ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ



မြေလှန်ရှာကြရာဝယ်




စိမ်းစိုလှပတဲ့  ကချင်ဒေသတစ်နေရာ





ရာဘာစိုက်ခင်းတစ်ချို့



ကျွန်မတို့ ကချင်ပြည်နယ်ဆိုတာ တကယ်တမ်းတော့  တောင်တွေတောင်တွေ အများကြီးတည်ရှိတဲ့ စိမ်းလန်းစိုပြေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်.. ဒါပေမဲ့ ကျောက်စိမ်းတွေ၊ ရွှေတွေ တူးဖွေရှာကြတဲ့  ဖားကန့် ဒေသတစ်ဝိုက်မှာတော့ တောတောင်တွေကို ထွင်းဖောက်ပြီး မြေအောက်ကို လှန်လှော ရှာဖွေကြရတာ ဖြစ်လို့ တောတောင် တစ်ချို့တော့ တစ်ဖြေးဖြေး ပျောက်ကွယ်ကုန်ပြီ ဖြစ်ပါတယ်.. ဒီတစ်ခေါက်ပြန်သွားတော့ ညအချိန်ဆိုရင် တောင်တန်းတစ်လျှောက် လုပ်ကွက်အသီးသီးရဲ့လျှပ်စစ်မီးရောင်တွေဟာ မျက်စိတစ်ဆုံး ထိန်ထိန်လင်းလင်းရှိနေပြီး မီးထွန်းပွဲတော် ကျင်းပနေသည့်အလား ထင်မှတ်မှားရပါတယ်... ဒီတော့မှ ဒီနှစ်တွေထဲမှာ လုပ်ကွက်အသစ်တွေ ဘယ်လောက်တောင် များပြားလာပြီး တောင်တွေ ဘယ်နှတောင်လောက် ကုန်သွားပြီလဲ ဆိုတာ တွေးမိပါတော့တယ်.. နောက်နေ့တော့ မှော်တွေအနှံ့ လျှောက်ကြည့်ဦးမှပါဘဲ လို့ စိတ်ကူးရမိပါတယ်.. စိတ်ကူးမိတဲ့အတိုင်း နေပူကျဲကျဲအောက်မှာ ၂ရက်တိတိအချိန်ယူပြီး မှော်အနှံ့ ဆိုင်ကယ်နဲ့ လျှောက်သွားလို့ ဓာတ်ပုံတွေကို ရိုက်ယူလာခဲ့ပါတယ်..





အရင်ခေတ်က ကျောက်တူးတာ သံတိုင်တွေနဲ့ လူတွေက တူးတယ်.. ခုခေတ်မှာ ဒီလို စက်ကြီးတွေနဲ့ပဲ တူးတော့တယ်..








စက်ယန္တရားများနဲ့ ကျောက်စိမ်းတူးဖော်နေပုံ








မြေကြီးတူးလို့ ထွက်လာတဲ့ မြေစာတွေကို ကျောက်ပါမပါ စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးနေသူများ





ဖားကန့် ကျောက်စိမ်းနယ်မြေအကြောင်း တစ်စိတ်တစ်ဒေသ ပြောပြရရင် ကျောက်စိမ်းတွင်းနယ်မြေမှာ ခေါ်ကြတဲ့ ရေမဆေးကျောက်လို့ ခေါ်ကြတဲ့ ကျောက်အကြောင်း ကြားဖူးကြမလား မသိဘူးနော်.. အဲဒီ ရေမဆေးကျောက် ဆိုတာ တစ်ခြားတော့ မဟုတ်ပါဘူး.. မြေကြီးတွေကို တူးဖော်ပြီး ထွက်ပေါ်လာတဲ့ ကျောက်စရစ်ခဲ အရောရောနဲ့ မြေကြီးတွေကို ကုမ္ပဏီတွေ၊ လုပ်ကွက်တွေက တာဝန် ရှိသူတွေ၊ ငှားရမ်းထားသူတွေက ကျောက်စိမ်းပါမပါ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေး ရှာဖွေပါတယ်.. စိတ်တိုင်းကျ ရှာဖွေပြီးလို့ ကျောက်မရှိတော့ဘူး၊ မပါတော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့ မြေကြီးတွေကို အခြားသင့်တော်ရာ နေရာတွေမှာ ကားတွေနဲ့ သယ်ပြီး စွန့်ပစ်ကြပါတော့တယ်.. အဲဒီမြေကြီးတွေကို အပြင်က ပြန်ပြီး ရှာဖွေကြတဲ့ အခါ ကံကောင်းပြီး ကျောက်ကောင်းတွေရော၊ မကောင်းတကောင်းရော ရသွားတတ်ကြပါတယ်.. အဲဒီလို စွန့်ပစ်မြေစာပုံကနေ ရတဲ့ ကျောက်ကို ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်. ဒီပုံတွေမှာ လူတစ်ချို့က မြေကြီးထဲကနေ ကျောက်စိမ်းကို ရွေးပြီးရှာဖွေနေတဲ့ ပုံပါ..





ကျောက်ရှာသူတွေ ဆိုင်ကယ်နဲ့လာသူလဲရှိ.. ပွဲတစ်မျှ စည်ကားနေပေရဲ့..




လုပ်ကွက်တွေက လာစွန့်ပစ်တဲ့မြေကြီးတွေထဲမှာ ရေမဆေးကျောက်ရှာဖွေကြသူများ






သူတို့လက်ထဲမှာ စိန်တူလို့ ခေါ်တဲ့ တစ်ဘက်ချွန်တူအမျိုးအစားကို ကိုင်ထားပါတယ်.. မြေစာပုံထဲက ကျောက်ခဲတွေကို အဲဒီစိန်တူလေးနဲ့ လိုက်ခေါက်ပြီး ကျောက်စိမ်းဟုတ်မဟုတ် ရွေးချယ်ကြရပါတယ်.. ကျောက်ခဲတစ်လုံးကို တူကလေးနဲ့ခေါက်လိုက်ပြီး ထွက်ပေါ်လာတဲ့ အသံလေးကို နားထောင်လိုက်တာနဲ့ ကျောက်စိမ်းလား ရိုးရိုးသာမန် ကျောက်ခဲလားဆိုတာ ခွဲခြားလို့ရပါတယ်.. ဘာလို့ဆို သာမန်ကျောက်ခဲတစ်လုံးနဲ့ ကျောက်စိမ်းတစ်လုံးဟာ သိပ်သည်းပုံခြင်း မတူတဲ့အတွက် ထွက်လာတဲ့ အသံလေးတွေက ကွဲပြားပါတယ်..  .. ဥပမာ ဆိုဒ်တူ အရွယ်တူ ကျောက်၂လုံးကို ချိန်တွယ်ကြည့်မယ်ဆိုရင် ကျောက်စိမ်းဖြစ်တဲ့ကျောက်က  အလေးချိန်ပိုစီးပြီး သာမန် ရိုးရိုးကျောက်က အလေးချိန်ပေါ့ပါတယ်.. ဒီလို ခွဲခြားတတ်အောင်လည်း အတွေ့အကြုံက သင်သွားမဲ့ကိစ္စပဲ ဖြစ်ပါတယ်.. မှော်နယ်မြေမှာတော့ ကလေးတွေကအစ ကျောက်ခဲတစ်လုံးနဲ့ ကျောက်ကို ခွဲခြားတတ်ကြပါတယ်..







လမ်းဘေးဝဲယာက မြေစာပုံများ








ဒီလို မြေစာပုံတွေမှာ ကျောက်ရှာကြတာပါ..








ချောင်းထဲမှာလည်း ရှာကြပါတယ်..





ရေမဆေးကျောက် ရှာကြသူတွေထဲမှာ အနယ်နယ်အရပ်ရပ်က လူစုံ အရွယ်စုံတွေ ပါဝင်ကြသလို့ ကျောင်းသားအရွယ် ကလေးတွေပါ  ရှိတတ်ပါတယ်. နွေရာသီ ကျောင်းပိတ်ချိန်ဘဲဖြစ်ဖြစ် အချို့လဲ ကျောင်းဆက်မတက်တော့ဘဲ ၀မ်းတစ်ထွာအတွက် ရုန်းကန်ကြတာဘဲဖြစ်ဖြစ် ရေမဆေးကျောက်ရှာကြတဲ့ လူအုပ်ကြီးတွေထဲမှာတော့ ကလေးငယ်တွေ ပါဝင်နေတာကို ၀မ်းနည်းစွာ တွေ့မြင်ရပါတယ်.. သူတို့လေးတွေဟာ ဒီလိုအလုပ်မျိုးတွေလုပ်ဖို့ ငယ်ရွယ်လွန်းသေးပြီး မိဘအုပ်ထိန်းမှုအောက်နဲ့ ကျောင်းစာသင်ခန်းတွေမှာ ကျင်လည်ရမဲ့ အရွယ်တွေသာ ဖြစ်ပါတယ်.. သို့သော်လည်း ပေါ့နော်………







ချောင်းကိုပိတ်ပြီး ရေကိုတစ်ဖက်ကိုလွှဲကာ ချောင်းအောက်ခြေမှာ မြေလှန်ရှာ














ဘာတတ်နိုင်သေးလဲ ဥရုချောင်း





အရင်ပိုစ့်မှာ ပြောခဲ့သလို ကျွန်မတို့ငယ်စဉ်က စိမ်းလဲ့လဲ့ကြည်နေတဲ့ ဥရုချောင်းရေပြင်ဟာ ခုချိန်မှာတော့ ရွံ့နှစ်ရည်တွေနဲ့ နောက်ကျိလို့ နေပါပြီ…  ချောင်းကြီးကိုလဲ ပိတ်ဆို့တားဆီးပြီး မူလစီးဆင်းရာ နေရာကနေ အခြားနေရာကို လွဲဖယ်စီးဆင်းစေပြီးတော့ မူလချောင်းစီးဆင်းတဲ့ အောက်ခြေမြေသားကို စက်ယန္တယားများနဲ့ တူးကာဆွကာ ရွှေနဲ့ကျောက်ကို လှန်လှော ရှာဖွေကြပါတယ်..  ကျောက်တူးကြတဲ့ ကုမ္ပဏီကြီးများအနေနဲ့ လုပ်ငန်းပြီးဆုံးချိန်မှာ  မြေလှန်ရှာဖွေ ထားသမျှတွေကို ပစ်စလက်ခတ် မထားခဲ့ကြဘဲ တူးဆွထားတဲ့ မြေတွေကို စံနစ်တကျလေး ပြန်ဖို့မယ်.. ချောင်းကိုလဲ သင့်တင့်တဲ့ အကျယ်ပမာဏ၊ ရှိသင့်တဲ့ အနက်  အတိုင်းထားမယ် ဆိုရင် မိုးတွင်းအခါ မြစ်ရေ၊ ချောင်းရေ လျှံခြင်း တို့ကနေ ထိမ်းသိမ်းပြီးသား ဖြစ်နိုင်ပါတယ်.. မဟုတ်ခဲ့ရင်တော့ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံခြင်းကို ရပ်ရွာနေ ပြည်သူအများ ခံစားကြရမှာ ဖြစ်ပါတယ်.. ယခုလဲ ခံစားနေကြရပါပြီ..








တိမ်ကောနေတဲ့ ဥရုချောင်း







လူအားနဲ့ဆို ဒီတောင်တွေ ဒီလိုဖြိုနိုင်ပါ့မလား.. စက်တွေနဲ့မို့ ဒီလောက်တောင်တွေကို မြန်မြန်ဖြိုနိုင်တာပေါ့..















ကုဋေမှော်လုပ်ကွက်တစ်ခုမှ ကျင်းတစ်ခု


















ဆန်ခါမှော်ရဲ့ မြေစာပုံများ
















မြေစာပုံတို့ကြားမှ ကုဋေမှော်ရွာအသွားလမ်း















မြေစာတွေ ကြားက မှော်စီစာရွာကလေး










သစ်ပင်လား?  ဟင့်အင်း.. ဒီတောင်တွေပေါ်မှာ ဘာသစ်ပင်မှ မရှိဘူး..








စုံလင်တဲ့ စက်ကိရိယာများနဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ










မြေလွှာကိုခွင်း၍ ထွင်းဖောက်မည်












ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်တစ်ခု







မြေသားလမ်း







အဝေးကမြင်ရတဲ့ ဆိုင်းတောင်ခေါ် ဆိပ်မူရွာ


ဒီရွာမှာပေါ့.. တစ်ချို့အိမ်တွေ အောက်ထပ်တစ်ထပ်လုံး မြေကြီးတွေထဲ နှစ်မြုပ်နေတုန်းရှိသေးတယ်.. ဆိုးဆိုးဝါးဝါး ရေကြီးခြင်းဒဏ်ကို ခံရတဲ့ နေရာ တစ်ခုပါ...



















အဝေးကကြည့်ရင် ပြတ်နေတဲ့ တောင်တွေကို မြင်ရပါတယ်..








အာဇာနည်ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်.. တောင်တွေအပိုင်းပိုင်း ပြတ်စေသားတဲ့.. မဖြစ်နိုင်ဘူးထင်ခဲ့ပေမဲ့ ခုကျတော့ တောင်တွေတကယ်ကို အပိုင်းပိုင်း ပြတ်ကုန်ပါရောလား ..












ဥရုချောင်းတွင်း လုပ်ကွက်တစ်နေရာ



အခုချိန်မှာတော့ ကချင်ပြည်နယ် ဖားကန့်နယ်မြေရဲ့ ကျောက်စိမ်းမှော်ဟာ များပြားလှတဲ့ လုပ်ကွက်တွေ၊ ကုမ္ပဏီတွေကြောင့် ယခင်က စိမ်းစိမ်းစိုစို တောင်တန်း တောအုပ်တို့ဟာ တစ်ဖြေးဖြေး ပျောက်ကွယ်လာရပြီ ဖြစ်ပါတယ်.. လူတိုင်းမှာ သဘာဝ ပတ်ဝန်းကျင်တွေကို ထိန်းသိမ်းရမဲ့ အသိတရားလေးတွေကိုယ်စီ နှလုံးသွင်းပြီး မိမိရဲ့ စီးပွားရေးလဲ လုပ်ကြရင်း တောတောင်တို့ကိုလည်း စံနစ်တကျ ထိန်းသိမ်း စောင့်ရှောက်သင့်ကြပါတယ်... ဒီလိုမှ မထိန်းသိမ်းကြရင် စက်ကိရိယာ စုံလင်စွာ အရှိန်အဟုန်ကောင်းကောင်းနဲ့ မြေဆီမြေလွှာတို့ရဲ့ အောက်မှာ ဖော်ထုတ် ရှာဖွေနေကြတာဖြစ်လို့ သဘာဝပတ်ဝန်းကျင်ဟာ အမြန်ဆုံး ပျက်စီးနေဦးမှာ ဖြစ်ပါတယ်.. အသိသာဆုံး အကျိုးဆက်ရလာဒ်က နှစ်စဉ်နှစ်တိုင်း မိုးရာသီတွေမှာ ဘယ်ချိန်ကမှ မဖြစ်ခဲ့ဖူးတဲ့နေရာဒေသတွေမှာ ဆိုးဆိုးဝါးဝါး ရေကြီး ရေလျှံခြင်းတွေ ဖြစ်ပေါ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်.. ရွာတွေ မြို့တွေမှာ မိမိတို့အိမ်တွေကို ရေနစ်တဲ့အခြေအနေမှ ကာကွယ်ရန် မြို့လည်ခေါင်က အိမ်များပင် လမ်းမထက် အနည်းဆုံး ၄ပေ ၅ပေခန့် မြှင့်အောင် ဆောက်လုပ်လာနေကြရပါပြီ။ ဒီနေရာတွေဟာ ယခင်ခေတ်အခါက ရေနစ်တယ်ဆိုတာ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်..











တောင်တွေ ကုန်တော့မယ်နော်...












ရွှေလုပ်ကွက်တစ်နေရာ





ဒီစာကို အပြုသဘောဆောင်ပြီး ရိုးသားစွာ ရေးသားခြင်းသာဖြစ်ပါတယ်.. ဘယ်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသော တစ်စုံတစ်ရာကြောင့် ရေးခြင်းမဟုတ်ပါ။ ကျွန်မရင်ထဲမှာ ဖြစ်ပေါ်နေတဲ့စိတ်ဆန္ဒက စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့  စီးပွားရေး လုပ်ဆောင်ကြတဲ့နေရာမှာ မိမိအကျိုးကို လုပ်ဆောင်ရင်း ဒေသခံ ပြည်သူလူထု အတွက်ပါ ထည့်သွင်း စဉ်းစားစေချင်တာပါ.. သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး မပျက်စီးအောင် နည်းလမ်းများ ရှာကြံပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တို့ကို တွက်ချက်ကာ စံနစ်တကျ တူးဖော်ရှာဖွေ သင့်ကြပါတယ်.. ဒါမှသာ  ကိုယ်လဲအကျိုးရှိ၊ ကျန်တဲ့သူတွေလည်း မထိခိုက်ဘဲ ကိုယ်ပိုင်ဆိုင်ရာ ကိုယ့်မြေပေါ်မှာ လူသားအားလုံး သဟဇာတ မျှတစွာဖြင့် စိတ်လက်ချမ်းသာ ကြည်သာမွေ့လျှော်စွာ နေနိုင်ကြမှာ ဖြစ်ပါတယ်.. ကျွန်မချစ်တဲ့ ကိုယ့်မြေ ကိုယ့်ဒေသကို ကောင်းစေချင်တဲ့စိတ်၊ မပျက်စီးစေချင်တဲ့ စိတ်ကြောင့် ဒီစာကို ရေးဖြစ်ပါတယ်... ဒီထက်အများကြီးတော့ ရေးချင်ပါသေးတယ်..  ဒါပေမဲ့ရင်ထဲက ကျန်ရှိနေသေးတဲ့စကားလုံးတွေကို သိမ်းဆည်းလို့ ဒီလောက်နဲ့ဘဲ ရပ်တန့်ပါပြီ ... စာဖတ်သူများ အမြင်မတူတာတွေ ရှိခဲ့ရင် ခွင့်လွှတ်သီးခံ ဖတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်ရှင်....







စာဖတ်သူများကို လေးစားချစ်ခင်စွာဖြင့်






ချော(အစိမ်းရောင်လွင်ပြင်)