Showing posts with label ဘာသာပြန် ခံစားမှု ၀တ္ထုများ. Show all posts
Showing posts with label ဘာသာပြန် ခံစားမှု ၀တ္ထုများ. Show all posts

မေတ္တာဥယျာဉ်





ကားလ်ဟာ အလွန်အေးဆေးတဲ့ အဖိုးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စကားလည်း များများ ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ လူတိုင်းကိုတော့ တည်ငြိမ်အေးဆေးပြီး နှစ်လိုဖွယ် အပြုံးနဲ့ ပြုံးပြတတ်လေ့ရှိတယ်။ ဒီရပ်ကွက်ထဲမှာ နေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိလာပေမဲ့လို့ ဘယ်သူကမှ သူ့အကြောင်း သိပ်မသိကြပါဘူး။ အမြဲတမ်း ပြုံးနေတတ်တဲ့ ကားလ်တစ်ယောက် ပတ်ဝန်းကျင်က လူတွေနဲ့တော့ ရောရော နှောနှော ထဲထဲဝင်ဝင် ပေါင်းသင်းဆက်ဆံတာ သိပ်မတွေ့ရပါဘူး။ သူအငြိမ်းစား မယူခင်ကတော့ မနက်တိုင်း ဘတ်စ်ကားစီးပြီး မြို့ထဲက အလုပ်ရှိရာကို သွားတတ်ပါတယ်။ သူ ငယ်ရွယ်နုပျိုစဉ်တုန်းက ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့ပါတယ်။ အဲဒီချိန်မှာ ကားလ်ဟာ တိုင်းပြည်အတွက် စစ်တပ်ထဲဝင်ပြီး တာဝန် ထမ်းဆောင်နေခဲ့စဉ်မှာ သေနတ်ကျည်ဆန် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။

မနက်တိုင်း သူ့အိမ်ကနေ ဘတ်စ်ကားဂိတ်ရှိရာ လမ်းထိပ်ကို ခြေတစ်ဖက်ထော့နင်းထော့နင်းနဲ့ လမ်းလျှောက်သွားတတ်တဲ့ ကားလ်ကို တွေ့မိသူတိုင်းက ခင်မင်ဂရုဏာစိတ်တွေနဲ့  ပြုံးပြ နှုတ်ဆက် တတ်ကြပါတယ်။ သတိထားဖို့လည်း လူတွေက သူ့ကို သတိပေးကြတယ်။ ကားလ်တို့နေတဲ့ရပ်ကွက်ဟာ မြို့အစွန်မှာ ရှိတာကြောင့် ရန်ပွဲတွေ၊ ဂိုဏ်းဂဏတွေဖွဲ့ပြီး လုယက်ကြတာတွေ၊ မူးယစ်ဆေးဝါးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ခြေတစ်ဖက် မသန်ရှာတဲ့ အဖိုးအိုအတွက် လူတွေက စိတ်ပူကြတာပါ။ သူကတော့ အပူအပင်မရှိသလို အေးအေးဆေးဆေး လမ်းလျှောက်သွားတတ်ပါတယ်။ အသက်အရွယ် ရလာလို့ အငြိမ်းစားယူပြီးတာတောင်  ခြေတစ်ဖက် မသန်မစွမ်းဖြစ်နေပေမဲ့ အလုပ်ကို တက်တက်ကြွကြွ လုပ်နေတုန်း၊ ရပ်ကွပ်လေးမှာ လိုအပ်တဲ့ ကိစ္စတွေရှိရင်လည်း စေတနာ့ဝန်ထမ်းအဖြစ် သူ တတ်နိုင်သလောက် လုပ်နေဆဲဖြစ်တဲ့ ကားလ်ကို ရပ်ကွက်က လူတွေကလည်း လေးစားချစ်ခင်ကြတာ မဆန်းပါဘူး။ 

တစ်ရက်မှာ အဖိုးအိုကားလ်ဟာ လက်ကမ်းစာရွက်လေးတစ်ခုထဲက ကြော်ငြာကို မြင်လိုက်ပါတယ်။ အဲဒီကြော်ငြာက သူတို့ရပ်ကွက်ရဲ့ ဘုရားရှိခိုးကျောင်းနောက်ဖက်က ဥယျာဉ်ပန်းခြံလေးတစ်ခုကို စေတနာ့ဝန်ထမ်းအဖြစ် ပြုစုစောင့်လျှောက်ပေးမဲ့သူ အလိုရှိတယ်ဆိုတဲ့ ကြော်ငြာလေးပါ။ အဲဒါကိုလည်း တွေ့လိုက်ရော အဖိုးအိုကားလ်ဟာ မဆိုင်းမတွဘဲ သူလုပ်ပါမယ်လို့ အကြောင်းကြားလိုက်ပါတယ်။ ဘုရားကျောင်းရဲ့ တာဝန်ရှိသူတွေက သူ့လိုခြေထောက် မသန်စွမ်းတဲ့ အဖိုးအိုတစ်ယောက်က ဥယျာဉ်ကို တာဝန်ယူ စောင့်ရှောက်မယ်ဆိုတာ မယုံကြည်နိုင်သလို ဖြစ်နေကြပေမဲ့ သူကတော့ အခိုင်အမာဘဲ ဆုံးဖြတ်ထားပါတယ်။ ဒီဥယျာဉ်ကို သူဟာ အခကြေးငွေ မရဘဲ စေတနာသက်သက်နဲ့ ပြုစုစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ 

အသက် ၈၇နှစ် ပြည့်လာတဲ့ ကားလ်ဟာ သစ်ပင် ပန်းပင်တွေကို အဖော်လုပ်ပြီး ဥယျာဉ်လေးကို သေချာပြုစု စောင့်ရှောက်ပါတယ်။ ဥယျာဉ်လေးဟာလည်း သစ်ပင်တွေနဲ့ စိမ်းစိုပြီး ပန်းတွေလည်း ဝေဆာဖူးပွင့်လှပလို့ နေပါတယ်။ အဖိုးအို ကားလ်ကတော့ သူပြုစုထားတဲ့ သစ်ပင်လေးတွေကိုကြည့်ပြီး ပီတိတွေ ဖြစ်နေတော့တာပါဘဲ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းပင်တွေ ရေလောင်းနေတဲ့ အဖိုးအို ရှိရာကို လူငယ်သုံးယောက် ရောက်လာကြပါတယ်။ ပုံစံတွေက ဆေးကြောင်နေသလို မူးနေသလို ပုံစံတွေနဲ့ သူ့ကို ရန်ပြုမဲ့ အမူအရာတွေ ပေါက်နေပေမဲ့ အဖိုးအိုက သူတို့ကို အေးအေးဆေးဆေးဘဲ တုံ့ပြန်ပါတယ်။  သူကိုင်ထားတဲ့ ရေပိုက်ကို မြောက်ပြလိုက်ပြီး “ဒီပိုက်ကနေ ရေသောက်ချင်လို့လား ”လို့ မေးလိုက်ပါတယ်။ အဲဒီလူငယ် သုံးယောက်ထဲက အရပ်အရှည်ဆုံးနဲ့ အသန်မာဆုံးလူငယ်တစ်ယောက်က အဖိုးအိုရဲ့ စကားကို  “ဟုတ်ပါ့ဗျာ.. ရေသောက်ချင်လို့ပါ ” လို့ မခိုးမခန့်အပြုံးတစ်ချက်နဲ့အတူ  ပြန်ပြောလိုက်ပါတယ်။

အဖိုးအိုက အဲဒီလူငယ်လက်ထဲကို သူ့ရေပိုက်ကို လှမ်းပေးလိုက်ချိန်မှာဘဲ ကျန်တဲ့ လူငယ်နှစ်ယောက်က အဖိုးအို ကားလ်ရဲ့ လက်တွေကို ချုပ်ကိုင်ပြီး သူ့ကို မြေပြင်ပေါ် တွန်းလှဲလိုက်ပါတယ်။ ရေပိုက်ဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ပိုက်က ရေတွေက ဒလဟော စီးကျလို့ နေပါတယ်။ အဖိုးအိုဟာ မြေပြင်ပေါ် လှဲကျသွားပြီး မူးဝေနေတုန်းမှာဘဲ လူငယ်တွေဟာ သူ့ရဲ့ အိတ်ဆောင်နာရီ၊ ကိုယ်ပေါ်က ပိုက်ဆံအိတ်၊ စတာတွေကို နှိုက်ယူပြီး ထွက်ပြေးသွားကြပါတယ်။ အဖိုးအိုဟာ သူ့ကိုယ်သူ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားပေမဲ့ အင်အားကုန်ခမ်းပြီး မူးဝေနေတာကြောင့် မကြာခဏ လှဲကျသွားတာကြောင့် ချက်ခြင်း ထနိုင်ဖို့ မကြိုးစားတော့ဘဲ ခဏလောက် ငြိမ်သက်ပြီး နေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပန်းခြံရဲ့ အနီးဆုံးအိမ်ဖြစ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာဟာ လူငယ်သုံးယောက်က အဖိုးအိုကို ရန်မူနေတာကို သူ့အိမ် ပြူတင်းပေါက်ကနေ  တွေ့လို့ အဖိုးအိုကို ကူဖို့ ပြေးလာပေမဲ့ လူငယ်တွေကိုတော့ မမှီလိုက်တော့ပါဘူး။ ထွက်ပြေးသွားကြပါပြီ။

သင်းအုပ်ဆရာက အဖိုးအိုကားလ်ကို မတ်တပ်ရပ်နိုင်အောင် ထူပေးပြီး “ ကားလ် ခင်ဗျား အဆင်ပြေရဲ့လား။ ဘယ်နေရာတွေ နာသွားသေးလဲ” လို့ မေးတော့ အဖိုးအိုက ခေါင်းကို ခါပြပြီး “ဘာမှ မဖြစ်ပါဘူး… ကလေးတွေက ငယ်သေးတော့ ဆိုးကြတယ်လေ။ သူတို့တွေ တစ်နေ့တော့ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်ရှိလာမှာပါကွာ.”လို့ ဖြေပါတယ်။.ပြီးတော့ သူဟာ ရေပိုက်ကို ဆွဲလိုက်ပြီး ပန်းပင်တွေကို ရေသွားလောင်းနေပါတယ်။

သင်းအုပ်ဆရာကြီးက ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ “ကားလ် ဘာလုပ်နေတာလဲ ။ ခင်ဗျားကို နာကျင်အောင်လုပ်သွားတဲ့ သူတွေကို ရှာပြီး အပြစ်ပေးဖို့ ရဲစခန်းကို တိုင်လေ” လို့ ပြောတော့ “နေပါစေတော့ကွာ။ ကလေးတွေကို ဘာမှ မလုပ်တော့ပါဘူး။ ငါ့ပန်းပင်တွေဘဲ အေးဆေး ရေဆက် လောင်းလိုက်ပါဦးမယ်။ နောက်တောင် ကျနေပြီ။ နေပူလာရင် ရေလောင်းလို့ မကောင်းတော့ဘူးကွ ” လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောပါတယ်။ သင်းအုပ်ဆရာဟာ အဖိုးအိုကိုကြည့်ပြီး အံ့အား သင့်မိပါတော့တယ်။ သူဟာ တကယ်ကို ဘာမှ မဖြစ်သလို နေနိုင်လိုက်တာ။ ကိုယ့်ကို ရန်လုပ်သွားတဲ့သူတွေကို ဘယ်လိုစိတ်နဲ့များ ခွင့်လွှတ်နေနိုင်တယ် မသိပါဘူးလို့လည်း တွေးနေမိပါတယ်။ အဖိုးအို ကားလ်ဟာ တကယ်ကို ထူးခြားတဲ့ လူတစ်ယောက်ပါဘဲ။

နောက်သုံးပတ်လောက် ကြာတဲ့အချိန်မှာ အဲဒီ လူငယ်သုံးယောက်ဟာ အဖိုးအိုဆီ ထပ်ရောက်လာပါတယ်။ အဖိုးအိုက လူငယ်သုံးယောက်ကို မှတ်မိပေမဲ့ ဘာမှ မဖြစ်သလိုပါဘဲ။ အရင်နေ့ကလိုဘဲ ရေပိုက်ခေါင်းကို မြောက်ပြပြီး ရေသောက်ဦးမလားလို့ မေးလိုက်ပါတယ်။ လူငယ်သုံးယောက်က ဒီတစ်ကြိမ်မှာတော့ သူ့ကို ကိုယ်ထိလက်ရောက် နာကျင်အောင် မလုပ်တော့ပါဘူး ဒါပေမဲ့ သူ့လက်ထဲက ရေပိုက်ကို ဆောင့်ဆွဲယူလိုက်ပြီး သူ့ရဲ့ ခေါင်းကနေ ခြေဖျားအထိ အေးစက်နေတဲ့ ရေတွေ ရွဲရွဲစိုသွားအောင် ရေပိုက်က ရေတွေနဲ့ စိန်ပြေ နေပြေ လောင်းချလိုက်ပါတယ်။ အဖိုးအို တစ်ကိုယ်လုံး ရွှဲစိုပြီး ခိုက်ခိုက်တုန်လာတော့မှ ရေပိုက်ကို ပစ်ချကာ သူတို့လာခဲ့တဲ့ လမ်းမအတိုင်း အော်ဟစ်ရယ်မောရင်း၊ လမ်းပေါ်က ကျောက်ခဲတွေကို ကန်ကျောက်ရင်း ပြန်ထွက်သွားကြပါတယ်။ အဖိုးအိုဟာ လူငယ်လေးတွေ ထွက်သွားရာဘက်ကို ငေးကြည့်နေလိုက်ပြီး နောက်တော့ ရေပိုက်ကိုကောက်ကိုင်လိုက်ကာ နေရောင်ရှိတဲ့ဘက်ကို မျက်နှာမူပြီး ရေဆက်လောင်းနေလိုက်ပါတော့တယ်။ သူ့မျက်နှာပေါ်မှာ လူငယ်လေးတွေကို စိတ်တို စိတ်ဆိုးနေတဲ့ အရိပ်အယောင်မျှပင် မတွေ့ဘဲ အေးဆေးတည်ငြိမ်လို့သာ နေပါတယ်။

ဒီလိုနဲ့ နွေရာသီဟာ တဖြုတ်ဖြုတ်နဲ့ ကုန်ဆုံးသွားခဲ့ပြီး ဆောင်းဦးကို ဝင်ရောက်လာပါတော့တယ်။  အဖိုးအိုကတော့ လုပ်နေကျအတိုင်း ဥယျာဉ်ကို ပေါင်းသင်၊ ရေလောင်း၊ ပန်းပင်တွေ ပြုစု စသဖြင့် လုပ်မြဲ လုပ်နေခဲ့ပါတယ်။ လူငယ်သုံးယောက်ဟာလည်း ကြုံလျင် ကြုံသလို အဖိုးအိုထံ မကြာခဏရောက်လာကြပြီး အဖိုးအိုကို ရန်စခြင်း၊ ရန်ရှာခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖိုးအိုကတော့ သူတို့ကို တစ်ခုမှ လက်တုံ့ပြန်တာ၊ ဆဲဆိုတာတွေ မလုပ်ခဲ့ဘဲ သည်းခံမြဲ သည်းခံလို့ပဲ နေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ သစ်ပင်တွေကို မြေဆွပေးတဲ့ သူ့ရဲ့ နောက်ကျောဘက်ကို တစ်စုံတစ်ယောက် ရောက်လို့လာတဲ့အတွက် သူ အထိတ်တလန့် ကြည့်လိုက်မိပြီး မြက်ခင်းပြင်ပေါ် ရုတ်တရက် လဲကျသွားပါတယ်။ ရောက်လာတဲ့ သူက သူ့ဆီ လာနေကျ ကောင်လေးသုံးယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အရပ်ရှည်ရှည် လူငယ်လေးပါဘဲ။ ဒီတစ်ခါမှာတော့ ထိုကောင်လေးက “ မကြောက်ပါနဲ့ အဖိုး၊ ဒီတစ်ခါ ခင်ဗျားကို ရန်လုပ်မလို့ လာတာ မဟုတ်ပါဘူး။ ”လို့ နူးညံ့ ငြင်သာတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့ တက်တူးတွေ၊ အမာရွတ်တွေ ပြည့်နေတဲ့ သူရဲ့ ညာလက်ကိုလည်း အဖိုးအိုကို ကမ်းပေးလိုက်ပြီး နှုတ်ဆက်ဖော်ရွေလိုတဲ့ အမူအရာကို ပြနေပါတယ်။

သူဟာ လဲနေတဲ့ အဖိုးအိုကို ဆွဲထူပေးပြီးနောက် သူ့ရဲ့ အင်္ကျီအိတ်ကို နှိုက်လိုက်ပြီး တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်ကာ အဖိုးအိုကို ကမ်းပေးလိုက်ပါတယ်။ အဖိုးအိုက ယောင်နနနဲ့ လှမ်းယူလိုက်ရင်း ဘာတွေပါလိမ့်လို့ မေးလိုက်တော့ ခင်ဗျားရဲ့ ပိုက်ဆံအိတ်လေ။ ကျွန်တော် ပြန်လာပေးတာပါ။ ပိုက်ဆံအိတ်ထဲမှာ ခင်ဗျားထည့်ထားတဲ့ ငွေတွေလည်း အားလုံး ပါပါတယ်” လို့ ပြောလိုက်တော့ အဖိုးအိုက “ ဘာဖြစ်လို့  အခုလိုပြန်လာပေးတာလဲ” လို့ မေးလိုက်ပါတယ်။ အဲဒီလို မေးလိက်တော့ လူငယ်ဟာ သူ့ရဲ့ ခြေထောက်ကို ဂဏှာမငြိမ် ဟိုရွေ့ဒီရွှေ့လုပ်လိုက်ရင်း မျက်နှာပေါ်မှာလည်း ရှက်ရွံ့သလို အရိပ်အယောင်တွေ ပြေးလွှားနေတာ တွေ့လိုက်ရပါတယ်။

ကျွန်တော် အဖိုးဆီက သင်ခန်းစာရလိုက်လို့ပါ။ ကျွန်တော်တို့ဟာ ငွေလိုတဲ့အတွက် ဘာမှ ပြန်မလုပ်နိုင်တဲ့ အဖိုးလို အသက်ကြီးတဲ့လူတစ်ယောက်ဆီက လုယူခဲ့တယ်။ ပြီးတော့ နာကျင်ထိခိုက်အောင်လည်း ကိုယ်ထိ လက်ရောက် လုပ်ခဲ့ပါတယ်။ အဖိုးဆီကို ကျွန်တော်တို့ ရောက်လာတိုင်းလည်း အဖိုးက အော်ဟစ်တာမျိုး ၊ ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဘဲ နွေးနွေးထွေးထွေး ဆက်ဆံခဲ့တယ်။ အမုန်းတွေအစား ချစ်ခြင်းမေတ္တာကိုသာ ပြခဲ့တယ်”  လူငယ်က သူ့စကားကို ခဏ ရပ်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ပါတယ်။ ပြီးတော့ “ကျွန်တော် အဖိုးဆီက ဒီပစ္စည်းကို ယူသွားပြီးကတည်းက အိပ်လို့မပျော်ခဲ့ပါဘူး။ ဒါကြောင့် အခုလို လာပြန်ပေးတာပါ။ ”

လူငယ်ဟာ စိတ်ကသိကအောက် ဖြစ်နေပုံနဲ့ သူ့စကားကို ခဏ ရပ်လိုက်ပြန်ပါတယ်။ သူ့ပုံစံက ဘာဆက်ပြောရမှန်း မသိတော့အောင် ဖြစ်နေသလိုပါဘဲ။ “ကျွန်တော့်ကို ဒီလိုစိတ်မျိုးဖြစ်စေခဲ့တဲ့အတွက် အဖိုးကို ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်ပြီး လူငယ်ဟာ ခြံထဲကနေ အပြင်ဘက်က လမ်းမကြီးပေါ်ကို ထွက်ခွာသွားပါတော့တယ်။ အဖိုးအိုဟာ သူ့လက်ထဲ ပြန်ရောက်လာတဲ့ အိတ်ကို မယုံကြည်နိုင်သလို ငုံ့ကြည့်နေလိုက်ပြီး အိတ်ကို ဖြေးညှင်းစွာ ဆွဲဖွင့်လိုက်ပါတယ်။ အိတ်ထဲမှာ သူ့နာရီလေးကို ပြန်တွေ့လိုက်တော့ ဆွဲထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်မှာ ပြန်ပတ်ထားလိုက်ပါတယ်။ နောက် ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံကို ဆွဲထုတ်လိုက်ပြန်ပါတယ်။ အဲဒါလေးက သူငယ်ရွယ်စဉ် မင်္ဂလာဆောင်တုန်းက ဓာတ်ပုံပါ။ ဓာတ်ပုံထဲက စုံတွဲလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကအတိုင်း ပြုံးရွှင်ကြည်နူးနေတဲ့ မျက်နှာတွေ သူ့ကို ကြည့်နေခဲ့ပါတယ်။  

ခရစ္စမတ်ရက်အပြီး အေးစက်နေတဲ့ တစ်ခုသော ရက်တစ်ရက်မှာ အဖိုးအိုကားလ်ဟာ သေဆုံးသွားခဲ့ပါတယ်။ ရပ်ကွက်ထဲက လူပေါင်းများစွာဟာ အေးစက်နေတဲ့ ရာသီဥတုကို မမှုဘဲ အဖိုးအိုရဲ့ အသုဘကို တက်ရောက်လာကြပါတယ်။ သင်းအုပ်ဆရာဟာ လူပေါင်းများစွာထဲကမှ သူမသိတဲ့ လူငယ်တစ်ယောက်ဟာ အဖိုးအို ကားလ်ရဲ့ အသုဘ တက်လာတာကို သတိထားမိလိုက်ပါတယ်။ သူဟာ ဘုရားရှိခိုးကျောင်းရဲ့ ထောင့်အစွန်ခုံလေးမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေခဲ့ပါတယ်။ အခကြေးငွေ မယူဘဲ သေသည်အထိ ဥယျာဉ်လေးကို ပြုစုစောင့်ရှောက်သွားတဲ့ ကားလ်းရဲ့ အကြောင်းကို လူအများက ပြောဆိုနေခဲ့ကြပါတယ်။ သူတို့ဟာ ဒီဥယျာဉ်လေးကိုမြင်တိုင်း ကားလ်းကို သတိရနေကြမှာ အသေအချာပါဘဲ။



နွေဦးရာသီရောက်လာချိန် တစ်ခုသောရက်မှာ လက်ကမ်းကြော်ငြာလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ အဖိုးအို ကားလ်း ပြုစုခဲ့တဲ့ ဥယျာဉ်ကို ဆက်လက်ပြုစု စောင့်ရှောက်မဲ့သူတစ်ယောက် အလိုရှိတယ်ဆိုတဲ့ ကြော်ငြာပါဘဲ။ ကြော်ငြာပြီး သိပ်မကြာခင်မှာ လူငယ်တစ်ယောက်က အလုပ်လာလျှောက်ပါတယ်။ အဲဒီလူငယ်ရဲ့ လက်မှာ အမာရွတ်တွေရှိပြီး တက်တူးတွေလည်း ထိုးထားပါတယ်။ 

“အဖိုးအို ကားလ်ရဲ့ ဥယျာဉ်ကို ဆက်ပြီး စောင့်ရှောက်ဖို့ ကျွန်တော့်ကို အလုပ်ခန့်မယ်ဆိုရင် ကျွန်တော် လုပ်ပါရစေ” လို့ လူငယ်က ပြောပါတယ်။ အဲဒီ လူငယ်ကို သင်းအုပ်ဆရာက ကောင်းကောင်း မှတ်မိပါတယ်။ အဖိုးအို ကားလ်ရဲ့ အသုဘကို ရောက်လာခဲ့တဲ့ လူငယ်ပါပဲ။ အဖိုးအိုကားလ်ရဲ့ ကြင်နာတတ်မှုက ဒီလူငယ်လေးရဲ့ ဘဝကို ပြောင်းလဲစေခဲ့ဟန် တူပါတယ်။ သင်းအုပ်ဆရာက ဥယျာဉ်ရဲ့ သော့ကို လူငယ်လေးရဲ့ လက်ထဲကို ပေးလိုက်ပြီး “ကဲ အခုအချိန်က စပြီတော့ ကားလ်ရဲ့ ဥယျဉ်လေးကို မင်း. သူ့ကိုယ်စား စောင့်ရှောက်ပေးပေတော့” လို့ ပြောလိုက်ပါတယ်။ လူငယ်လေးဟာ ဥယျာဉ်ကို အဖိုးအို ကားလ် ရှိစဉ်က အတိုင်း ပြုစုစောင့်ရှောက်ပါတယ်။ ဥယျာဉ်ကို ပြုစုစောင့်ရှောက်ရင်းမှာပဲ သူဟာ ကောလိပ်ကျောင်းကိုလည်း ဆက်တက်ပါတယ်။ ဘွဲ့ရပြီးတော့ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။ ထို့နောက် လူမှုရေး အဖွဲ့အစည်း တစ်ခုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပါတယ်။ သို့ပေမယ့် ဥယျဉ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ကိုလည်း မပျက်ကွက်ခဲ့ပါဘူး။ ပန်းတွေ ပွင့်သထက် ပွင့်အောင်၊ စိုပြေသထက် စိုပြေအောင် သူ ကြိုးစားခဲ့ပါတယ်။

တစ်ခုသော ရက်တစ်ရက်မှာတော့ သူဟာ ဥယျာဉ်လေးကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့ဘူး ဆိုတဲ့ အကြောင်းပြောဖို့ သင်းအုပ်ဆရာထံ ရောက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ ဇနီးလေးဟာ လွန်ခဲ့တဲ့ ညက သားယောက်ျားလေး မွေးဖွားခဲ့ပြီ ဖြစ်တာကြောင့် အဲဒီကလေးလေးကို ပြုစုစောင့်ရှောက်ရမှာ ဖြစ်တဲ့ အတွက် ဥယျဉ်ကို ဆက်ပြီး မစောင့်ရှောက်နိုင်တော့တဲ့ အကြောင်း သင်းအုပ်ဆရာကို ရှင်းပြပါတယ်။ လူငယ်ရဲ့ မျက်နှာပေါ်မှာတော့ ရှက်ပြုံလေးနဲ့ အတူ ပီတိတွေဖြာနေတဲ့ မျက်ဝန်းတစ်စုံနဲ့ပါပဲ။ 

“မင်းရဲ့ သားလေးအတွက် ဂုဏ်ယူပါတယ်” လို့ သင်းအုပ်ဆရာက ပြန်ပြောလိုက်ပြီး လူငယ်လေး ဆီက သော့ကို လက်ခံယူလိုက်ပါတယ်။ တဆက်တည်းမှာပဲ သင်းအုပ်ဆရာက 

“ဒါနဲ့.. မင်းရဲ့ ကလေးနာမည်က ဘယ်လိုခေါ်သလဲ” လို့ပါ မေးလိုက်ပါတယ်။

“ကားလ် ပါ” လို့ လူငယ်လေးက ပြန်ဖြေပြီး သင်းအုပ်ဆရာရှေ့ကနေ အေးဆေးတည်ငြိမ်တဲ့ ခြေလှမ်းတွေနဲ့ တရွေ့ရွေ့ ထွက်ခွာသွားပါတော့တယ်။






‎23‎:‎49CARL'S GARDEN ( AUTHOR UNKNOWN ) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

Photo credit goes to 500px.com

လရောင်အောက်မှာ...





ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ  တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။

ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်..   သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။

တစ်ခုရှိတာက ဂျင်းနီရဲ့ မိဘတွေက ရှေးရိုးဆန်တယ်.. ဂျင်းနီကို အသက်ငယ်သေးတယ်.. လူ့လောကကြီးအကြောင်း ဘာမှနားမလည်သေးဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချဖို့ စောလွန်းသေးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့ရဲ့ မျက်စိအောက်မှာဘဲ ထိန်းချုပ်မှုလေးနဲ့ ထားချင်တယ်.. ပြီးတော့ တက္ကသိုလ် ကျောင်းသူဘ၀ကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ကုန်ဆုံးစေချင်တယ်.. ပညာကို အေးအေးချမ်းချမ်း သင်ယူပြီး နောက်ထပ် ဘွဲ့လွန်သင်တန်းတွေ၊ ပညာတွေ အများကြီး ထပ်သင်စေချင်တယ်.. ထူးချွန် ထက်မြက်စေချင်တယ်.. အလှအပကိုသာ မက်မောပြီး အပျော်အပါးကို ဦးစားပေးတဲ့ ကျောင်းသူတစ်ယောက် မဖြစ်စေချင်ဘူး။  ဒီတော့ ဂျင်းနီကို ပညာကြိုးစားဖို့၊ အနေအထိုင် တည်ငြိမ်ဖို့ ဆုံးမတယ်.. အသွားအလာတွေ ကန့်သတ်တယ်.. ယောက်ျားလေးတွေ များတဲ့ ပါတီပွဲတွေ၊ ညဘက် ထွက်တာတွေကို မကြိုက်ဘူး.. မသွားစေချင်ဘူး.. ဒါကို ဂျင်းနီက စိတ်ဆိုးတယ်.. သူမရဲ့ မိဘတွေဟာ သိပ်ကို ချုပ်ခြယ်တယ်.. ရှေးကျလွန်းတယ်.. လို့ ထင်တယ်.. တကယ်တမ်းတော့ ဂျင်းနီက အခုမှ ၁၆နှစ်သာသာ ရှိသေးတာလေ။ ဒါပေမဲ့ သူမကတော့ သူမကိုယ်ကို လူကြီးတစ်ယောက် ဖြစ်နေပြီလို့ ထင်နေတတ်သူ….

တစ်ရက်တော့ ဂျင်းနီကို ကြွေနေတဲ့ ဘောလုံးအသင်းခေါင်းဆောင် ဂျက်ဖ်က သူတို့ရဲ့အိမ်မှာ ညဘက် ပါတီတစ်ခု လုပ်မယ်လို့ ဂျင်းနီကို ပြောလာတယ်.. ဂျက်ဖ်က ဂျင်းနီကို လာစေချင်တယ်.. ဂျင်းနီကလည်း သွားချင်တယ်.. ပြီးတော့ အဲဒီညမှာ လကလည်း သာမှာမို့  လရောင်အောက်မှာ သူ့ကားနဲ့ ကားလျှောက်စီးကြမယ်လို့ ဂျက်ဖ်က ဂျင်နီ့ကို ဖိတ်ခေါ်တယ်.. မိန်းခလေးတွေ သည်းသည်းလှုပ် ဖြစ်နေတဲ့ ဂျက်ဖ်ရဲ့ ဖိတ်ခေါ်မှုကို ဂျင်းနီ မငြင်းချင်သလို သူမ ကိုယ်တိုင်ကလည်း ဒီလိုပွဲတွေကို ပျော်ချင်တယ်.. သွားချင်တယ်.. ပြီးတော့ လရောင်အောက်မှာ ကားစီးရတဲ့ အရသာကို သူမ တစ်ခါမှ မခံစားဖူးဘူး.. ခံစားကြည့်ချင်တယ်.. “ သူနဲ့ လရောင်အောက်မှာ ကားအတူတူစီးလိုက်ရရင် ဘယ်လောက်ကြည်နူးဖို့ ကောင်းမလဲ၊ တစ်ခြားကျောင်းသူလေးတွေ သူမကို ဘယ်လောက်များ မနာလို ဖြစ်လိုက်မလဲ.. ” လို့ တွေးမိပြီး သွားချင်စိတ်က တားမရ ဆီးမရ ဖြစ်လာတော့တယ်.. ဒါပေမဲ့ သူမရဲ့ မိဘတွေက အမှန်အတိုင်းပြောရင် ဘယ်လိုမှ လွှတ်မှာမဟုတ်မှန်းလည်း ဂျင်းနီသိနေတယ်..

ဒါနဲ့ ဂျင်းနီက မိန်းခလေး သူငယ်ချင်းတစ်ယောက်ကို သူမ မိဘတွေဆီ အဲဒီမိန်းခလေးအိမ်မှာ စာကျက်ကြမှာမို့ ညအိပ်မယ်လို့ ညာပြောပေးဖို့ အကူအညီတောင်းတယ်. သူငယ်ချင်းမကလည်း သူမ မိဘတွေ ယုံကြည်လာအောင် ပြောပြီး ဂျင်းနီကို ခေါ်ထုတ်လာတယ်။ စာကျက်မယ် ဆိုလို့ ခွင့်သာ ပြုလိုက်ရပေမဲ့ မျက်နှာ မရွှင်မပျနဲ့ ကျန်ရစ်ခဲ့တဲ့ မိဘတွေကိုကြည့်ပြီး ဂျင်းနီစိတ်ထဲ တွေဝေ စိတ်လေးတော့ ၀င်သွားမိတယ်. “ငါဒီလိုလုပ်လိုက်တာ မှားပြီလား ”ပေါ့။

ဒါပေမဲ့ ပါတီကိုရောက်ပြီး ဂျက်ဖ်နဲ့ တွေ့ချိန်မှာ သူမက အရာရာကို မေ့သွားတော့တယ်။ ပါတီမှာ အစားအသောက်တွေလည်း များမှများပါဘဲ။  သောက်ကြ စားကြနဲ့  လူတွေကလည်း ဆူညံစည်ကားနေတော့တယ်. ဂျက်ဖ်ကလည်း သူ့လက်ထဲမှာ အရက်ခွက်က မပြတ်သလောက် ရှိနေပြီး ဆေးလိပ်ဆိုတာများ ပါတီပွဲကျင်းပတဲ့ သူတို့ရဲ့ အိမ် ခန်းမတစ်ခုလုံး နံစော်နေအောင် သောက်လိုက်ကြတာ.. ယောက်ျားလေးတိုင်းလိုလို ဆေးလိပ်နဲ့ အရက်ခွက်တွေနဲ့။ သူတို့ကို ကြည့်ပြီး ဂျင်းနီက မူးတောင် မူးလာသလို ခံစားရတယ်.. လူကလည်း ငြီးစီစီ ဖြစ်လာတယ်.. ညဉ့်က တဖြေးဖြေးနက်လာတယ်.. အပြင်မှာ လကလည်း ရွှန်းရွှန်းမြမြ သာလို့နေတယ်…  အရက်နံ့တွေ ဆေးလိပ်နံ့တွေ နံဟောင်နေတဲ့ အခန်းကနေ အပြင်ထွက်လာပြီး  လေနုအေးလေးတွေကို အငမ်းမရ ရှုရှိုက်နေမိတော့တယ်။ ကျောင်းမှာ ရှိုးတွေ မိုးတွေနဲ့ နေတတ်တဲ့ ကျောင်းသားတွေဟာ ဒီလို အရက်တွေ မူးအောင်၊ ဆေးလိပ်နံ့တွေ နံစော်နေအောင် သောက်ကြ စားကြလိမ့်မယ်လို့ ဂျင်းနီက တကယ်ကို မထင်ခဲ့မိဘူးလေ။

အဲဒီချိန်မှာ ဂျက်ဖ်က အပြင်ထွက်လာပြီး ဂျင်းနီကို ကားလျှောက်စီးမယ်လို့ ပြောလာတယ်.. ဂျင်းနီ ရင်ခုန်သွားတယ်.. “ကြည့်စမ်း.. ဒီလောက် သာနေတဲ့ လရောင်အောက်မှာ ဂျက်ဖ်ရဲ့ ကားအကောင်းစားကြီးနဲ့ လျှောက်စီးရမယ်ဆို ဘယ်လောက်တိမ်းမူးဖွယ် ကောင်းလိုက်မလဲနော်.. ” လရောင်ရဲ့ ဖြားယောင်းမှု၊ သူမစိတ်ရဲ့ တိမ်းညွှတ်မှုတို့ကြောင့် ဘာကိုမှ မစဉ်းစားမိတော့ဘဲ ဂျင်းနီက သဘောတူလိုက်မိတော့တယ်.. သူမနဲ့အတူလာတဲ့ မိန်းခလေးသူငယ်ချင်းကို ဂျက်ဖ်နဲ့ ကားလျှောက်စီးမယ်လို့ အသိသွားပေးလိုက်တော့ ကောင်မလေးက တားတယ် “ ဟင်.. ဂျက်ဖ်က မူးနေပြီလေ.. ကားမောင်းလို့ဖြစ်ပါ့မလား.. မူးနေတဲ့လူတစ်ယောက် မောင်းတဲ့ကားကို စီးရတာ အန္တရာယ်များတယ်.. မသွားပါနဲ့လား ဂျင်းနီ..”  လို့ သူမကို တားတယ်.. ဒါပေမဲ့ သူမ နားမ၀င်တော့ဘူး.. ခုချိန်မှာ သူမက ဂျက်ဖ်နဲ့ ကားလျှောက်စီးချင်တာဘဲ သိတော့တယ်.. ပြီးတော့ သူမစိတ်ထဲမှာ သူငယ်ချင်းမက မနာလိုလို့ တားတယ်လို့ဘဲ ထင်မိတယ်.. “အေးဆေးပါ ” လို့ သူငယ်ချင်းမ ကို ပြန်ပြောလိုက်ပြီး ဂျက်ဖ်ရဲ့ ကားပေါ်ကို ပျော်ပျော်ရွှင်ရွှင် တက်လိုက်ပြီးချိန်မှာ ဂျက်ဖ်က ကားကို အမြန်ဆုံးနှုန်းထားနဲ့ မောင်းထွက်လိုက်တော့ သူမစိတ်တွေက ပျော်ရွှင်လွတ်လပ်မှုနဲ့အတူ လေထဲမှာ လွှင့်ခနဲ ဖြစ်သွားသလိုပါဘဲ..

ငွေရောင်လင်းဖြာနေတဲ့ လရောင်အောက်မှာ အမိုးဖွင့်ထားတဲ့ ဂျက်ဖ်ရဲ့ ကားလေးက အရှိန်ပြင်းပြင်း မောင်းနှင်နေခဲ့တယ်.. ဘယ်ကိုဦးတည်းပြီး သွားနေတယ် လို့ ဂျင်းနီ မသိလိုက်နိုင်ခင်မှာဘဲ သတိထားမိတော့ မြို့ပြင်ဘက်ရောက်နေခဲ့ပြီ. ဂျက်ဖ်က  ကားကို ကားအသွားအလာ၊ လူသူကင်းရှင်းတဲ့ မြို့ပြင်က လမ်းဘေးတစ်နေရာမှာ ထိုးရပ်လိုက်တယ်… အဲဒီတော့မှ ဂျင်းနီရင်ထဲမှာ ကြောက်စိတ်တွေ ၀င်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့တယ်.. “ဘုရားရေ.. ငါ့မိဘတွေ ပြောတာ အမှန်ပါဘဲလား.. ငါဟာ သိပ်ငယ်သေးတယ်.. လူတွေအကြောင်း ဘာမှ မသိသေးဘူး.. ဆိုတာ တကယ်ဟုတ်တာဘဲ.. ညနက်သန်းကောင် ယောက်ျားလေးတစ်ယောက်နဲ့ အထူးသဖြင့် မူးနေတဲ့ လူနဲ့ အပြင်ထွက်ရင် ဘာတွေဖြစ်လာမလဲ ငါဘာလို့များ မတွေးမိတာပါလိမ့်.. ငါတကယ်ကို မိုက်မဲတာဘဲ” လို့ စဉ်းစားမိရင်း ကြောက်ရွံ့မှုတွေကြောင့် သူမတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတယ်.. အဲဒီချိန်မှာ ဂျက်ဖ်က သူမကို လှမ်းဖက်ဖို့ ကြိုးစားတယ်.. ဂျင်းနီက ဂျက်ဖ်ရဲ့ လက်ကို တွန်းဖယ်လိုက်ပြီး “ဂျက်ဖ်.. ငါ.. ငါ  တောင်းပန်ပါတယ်.. ငါ့ကို အိမ်ပြန်ပို့ပေးပါ.. ငါ လရောင်အောက်မှာ ကားစီးချင်လို့ နင်နဲ့ လိုက်လာတာပါ။ ငါ ဒီမှာ မနေချင်ဘူး.. အိမ်ကိုပြန်ချင်တယ်.. ငါ့မိဘတွေဆီ ပြန်ပို့ပေးပါ” လို့ တတွတ်တွတ် တောင်းပန်မိတော့တယ်.။

ဒါပေမဲ့ ဂျက်ဖ်က သူမတောင်းပန်တာကို အသိအမှတ်ပြုပုံမရဘူး.. သူမကို တစ်ခါ ထပ်ပြီး ဖက်ဖို့ကြိုးစားပြန်တယ်.. ဒီတော့ ဂျင်းနီက ရုတ်တရက် အကြံရလိုက်ပြီး “ဂျက်ဖ် နင်ငါ့ကို အခုချက်ခြင်း အိမ်ပြန်ပို့ရင်ပို့.. မပို့ရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို ငါတိုင်ရလိမ့်မယ် ” လို့ လေသံခပ်တင်းတင်းနဲ့ ပြောချလိုက်တော့တယ်.. ဒီတော့မှ ဂျက်ဖ်က ငြိမ်သက်သွားတယ်. သူ့လို နံမည်ကြီး ကျောင်းသားတစ်ယောက်က ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အတိုင်ခံရမယ်ဆိုတာ သူဖြစ်ချင်မှာ မဟုတ်ဘူး.. ချက်ခြင်းဘဲ သူ့ရဲ့လက်က ကားသော့ဆီ ရောက်သွားပြီး ကားကို အရှိန်နဲ့ မောင်းထွက်လိုက်တော့တယ်.. ဒေါသစိတ်ရိုင်းတွေ၊ အရက်ရဲ့ မူးယစ်ရီဝေမှုတွေနဲ့ ဂျက်ဖ်က ကားကိုမောင်းနေတာကြောင့် အလာတုန်းကထက် အဆများစွာ မြန်နေတဲ့ ကားရဲ့ အရှိန်က ဂျင်းနီကို ချွေးစေးတွေ ပြန်လာစေတယ်.. သူ.. ဂျက် သိပ်ဒေါ်သထွက်နေခဲ့ပြီ။ တဖြေးဖြေး မြို့ထဲနဲ့ နီးလာပြီး ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ အဆောက်အဦးတွေ ဖြတ်သွားတဲ့ကားတွေ တစ်ရိပ်ရိပ်ကျန်ခဲ့တယ်.. ဒီလောက်မြန်တဲ့ အမြန်နှုန်းက သိပ်ကို အန္တရာယ်ကြီးမှန်း သူမ နားလည်လိုက်တယ်. နားထဲမှာ လေတွေ တိုးနေတာများ ဘာသံမှတောင် မကြားရတော့ဘူး ထင်နေမိတယ်.. သူမ ကားရှေ့က ဒက်ရှ်ဘုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်စိကို စုံမှိတ်ထားလိုက်မိပြီး ဂျက်ဖ်ကို ဖြေးဖြေးမောင်းဖို့၊ အရှိန်လျှော့ဖို့ တောင်းပန် နေမိတော့တယ်။

ရုတ်တရက် ပြင်းထန်တဲ့ ထိခိုက်မိသံကြီးထွက်လာပြီး သူမမျက်လုံးအပွင့်မှာ လင်းထိန်တဲ့ ကားမီးရောင်က စူးစူးရှရှ ၀င်ရောက်လာတယ်.. သူမ သိလိုက်ပြီ. ကားချင်းတိုက်မိပြီ. ကားလေးက တစ်ပတ် နှစ်ပတ် လိမ့်သွားတယ်.. ဘယ်နှစ်ပတ်ပါလိမ့်.. သူမ မသိတော့... မမှတ်မိတော့။ သူမ သိပ်ပျော်ရွှင်တဲ့ လရောင်အောက်မှာဘဲ အပြင်းအထန် ကားတိုက်မိပါပြီကောလား... နောက်ဆုံးမီးရောင်လေး မြင်လိုက်ပြီး သူမ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားတော့တယ်.. နားထဲမှာ အသံတစ်ချို့တော့ ၀င်လာလိုက် ပျောက်သွားလိုက်.. တစ်ကိုယ်လုံးလဲ နာကျင်လို့..သွေးတွေလားမသိ ကပ်စေးစေးတွေ သူမကိုယ်ပေါ်က စမ်းမိသလို၊ သွေးညှီနံ့တွေကလည်း နံလာတယ်..  “လူနာတင်ကားခေါ်.. ကားထဲက လူတွေ အရင်ထုတ်.. တော်တော် အခြေအနေဆိုးတယ်.. ” စတဲ့ အသံတွေက မကြားတစ်ချက် ၊ ကြားတစ်ချက် … သူမ နောက်ဆုံး တွေးလိုက်မိတာက “ဂျက်ဖ် ဘယ်လိုနေလဲ.. ဘာဖြစ်သွားသေးလဲ။ ဟိုဘက်ကားက လူတွေရော ဘာတွေဖြစ်သွားသေးလဲ.. အသက်မှ ရှင်ရဲ့လား။”  သူမ ဘာကိုမှ မသိလိုက်နိုင်ခင်  နောက်ဆုံးတော့ အားလုံး အမှောင်.. ပိန်းပိတ်တဲ့အမှောင်.. အသံဆိုတာလည်း ဘာသံမှ မကြားရတော့အောင် သူမကမ္ဘာကြီးက မဲမှောင် တိတ်ဆိတ်သွားတော့တယ်.. အသိစိတ်တွေကတော့  ခန္ဓာကိုယ်မှာ မကပ်နိုင်တော့ဘူး။ လရောင်အောက်မှာ ခရီးနှင်လို့… လေအလျင်လို လွှင့်မျောနေလိုက်တာများ. ကားစီးတာထက်တောင် မြန်ချင်သေး။

ဆေးရုံပေါ်မှာ သူမ တစ်ချက် သတိပြန်လည်လာခဲ့တယ်. အသံတွေလည်း ကြားနေရတယ်.. သူမရဲ့ အခြေအနေ အတော်ဆိုးတယ်လို့ ပြောနေသံကိုလည်း ကြားလိုက်ရတယ်.. ပြီးတော့ ဂျက်ဖ်လည်း ဆုံးသွားတယ်လို့ ပြောနေကြသလိုဘဲ။ သူမ မျက်လုံးဖွင့်လိုက်တော့ ဘေးနားမှာ သူမနဲ့အတူတူ ပါတီကိုသွားခဲ့တဲ့ သူငယ်ချင်းမလေးလည်း ရှိနေတယ်.. ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီး သူမကို စိုးရိမ်တကြီး ၀ိုင်း ကြည့်နေကြတယ်.. နာလိုက်တာ.. တစ်ကိုယ်လုံး ဘယ်နေရာမှ မနာတဲ့နေရာ မရှိတော့ဘူးထင်တယ်.. သူမ ခြေ၊လက် ဘာတစ်ခုမှ လှုပ်လို့မရ၊ နှုတ်ခမ်းလေး ဟဖို့ပင် ခက်ခဲ ပင်ပန်းလွန်းလှတယ် ။ သူမ ဘေးနားမှာ သူမ မိဘတွေကိုတော့ မတွေ့ရ.. ဖေဖေနဲ့ မေမေ သူမသတင်း မကြားမိသေးဘူးထင်တယ်..  ငါ့ မိဘတွေ ဒီသတင်း မသိရင် ဘယ်လောက်များ ကောင်းလိုက်မလဲ လို့ တွေးလိုက်မိသေးတယ်.. သူမကို ဆရာဝန်တစ်ယောက် “သမီး မှတ်မိရဲ့လား သမီးတို့ ကားချင်းတိုက်မိတာလေ.. အခု ဆေးရုံပေါ်မှာ” လို့ ပြောလာတယ်.. သူငယ်ချင်းကို ကြည့်လိုက်တော့ မျက်ရည်တွေနဲ့..

“ဂျက်ဖ်ရော.. သူ ဘယ်လိုနေလဲ ”လို့ ဂျင်းနီက ကြိုးစားပြီး အသံထွက်မေးလိုက်တော့ သူငယ်ချင်းမက “ဂျက်ဖ် ဆုံးသွားပြီ ” လို့ ပြောလာတယ်.. “ဟိုဘက် ကားပေါ်က လူတွေရော” လို့ သူမ ပူပန်စိတ်နဲ့ မေးမိပြန်တော့ “အဲဒီကားပေါ်မှာ လူ၂ယောက်ပါတယ်.. ၂ယောက်လုံး ဆုံးသွားတယ်”. တဲ့ ။ ဂျင်နီပါးပေါ် မျက်ရည်တွေ စီးကျလာတယ်.. သူမ မိုက်ပြစ်ကြောင့် လူတွေ အသက်ဆုံးရှုံးသွားရတယ်.. ပျော်ချင်စိတ်နဲ့ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့တဲ့ သူမလုပ်ရပ်က ဒီလောက် ဆိုးကျိုးတွေ ဖြစ်စေခဲ့မှန်း အချိန်နှောင်းမှ သူမ သိလိုက်ရပြီ။ ဒါဟာ သူမရဲ့ အပြစ်တွေလို့ သူမ ခံစားမိတယ်..  ဂျင်းနီက သူငယ်ချင်းမလေးရဲ့ လက်ကိုဆုပ်ကိုင်ပြီး ပြောနေမိတယ်.. “ငါ့ကို ဘယ်သူကမှ ခွင့်လွှတ်ကြမယ် မထင်ဘူးနော်… သေသွားတဲ့ လူတွေရဲ့ မိသားစုကို တောင်းပန်တဲ့ အကြောင်း ပြောပေးပါသူငယ်ချင်းရယ်.. ငါ့အမှားတွေကြောင့် ခုလို သူတို့ မိသားစုတွေရဲ့ အသက်ဆုံးရှုံးရတာ၊ ဖြစ်နိုင်မယ်ဆိုရင်  ငါ့အသက်နဲ့လဲပြီးတောင် သူတို့ မိသားစုတွေ ပြန်ဆုံအောင် လုပ်ပေးချင်ပါတယ်.. ငါ့အဖေနဲ့ အမေကိုလည်း ပျော်ချင်စိတ်သက်သက်လေးနဲ့ လိမ်ညာခဲ့မိတာကို ခွင့်လွှတ်ဖို့ ပြောပေးပါနော်။ အဲလို လိမ်ညာပြီး အိမ်ကနေထွက်ခဲ့မိလို့ အမှားတွေကြုံရတာ နောင်တရပါပြီလို့၊ ငါ့ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပေးပါ သူငယ်ချင်းရယ်...  နော်… ပြောပေးမယ် မဟုတ်လားဟင်.. ငါ့ကို ပြောစမ်းပါဟာ.. ”

သူငယ်ချင်းမက ဂျင်းနီရဲ့စကားတွေကို မကြားသလို စကားတစ်ခွန်းမှ ပြန်မပြောဘဲ တိတ်ဆိတ်လို့နေခဲ့တယ်.. ရှိုက်သံတွေကသာ သူငယ်ချင်းမရဲ့ နှုတ်ဖျားက ကြေကွဲဖျော့တော့စွာ ထွက်ပေါ်နေခဲ့တယ်.. သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး တောင်းပန်တိုးလျှိုးနေတဲ့ ဂျင်းနီရဲ့ စကားသံတွေကို ခေါင်းငြိမ့်ခေါင်းခါ ဘာတစ်ခုမှ တုံ့ပြန်မှု မရှိပါဘူး… တုံဏှိဘာဝေနဲ့ ငိုကြွေးလို့သာ နေခဲ့တယ်.. မကြာခင်မှာ တောင်းပန်နေတဲ့ ဂျင်းနီရဲ့ အသံလေးဟာ တိုးဝင်ပျောက်ကွယ်သွားပြီး သူမရဲ့ ၀ိဥာဉ်ကလေးဟာ ဒဏ်ရာတွေနဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်ကို စွန့်ခွာလို့ လရောင်အောက်ကို လွတ်လပ်စွာ ပျံသန်းသွားတော့တယ်… ဘေးနားမှာ ရှိနေတဲ့ သူနာပြု ဆရာမလေးက ဂျင်းနီရဲ့ သူငယ်ချင်းမလေးကို “ ဒီကောင်မလေးက သူ့အဖေအမေကို တောင်းပန်ပေးဖို့ မသေခင်လေး မှာ ဒီလောက်တောင်းဆိုနေတာ ရှင်က ဘာဖြစ်လို့ ဘာမှ ပြန်မပြောတာလဲ.. သူ ကျေနပ်သွားအောင် တစ်ခုခု ပြန်ပြောလိုက်တာ မဟုတ်ဘူး။ ခုတော့ သူ့မှာ သေသာ သွားတယ်.. ရှင့်ဆီက သူ့အဖေအမေကို ပြောပေးမယ် ဆိုတဲ့စကား ကောင်မလေး မကြားသွားလိုက်ရဘူး သနားဖို့ကောင်းလိုက်တာ.. ” လို့ ပြောလိုက်ပါတယ်..

မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက “ ကျွန်မ ဘယ်လိုများ ပြောရမလဲ ဆရာမရယ်.. သူတို့ကားနဲ့ တိုက်မိပြီး ဆုံးသွားတဲ့ တစ်ဖက် ကားပေါ်က လူ၂ယောက်ဟာ သူ့အဖေနဲ့ အမေပါ ဆိုတာ သူ သိမသွားတာက ပိုကောင်းတယ် မဟုတ်လား။ ဆုံးသွားတဲ့ သူ့အဖေနဲ့ အမေကို သူ့သမီးရဲ့ တောင်းပန်စကားတွေ ကျွန်မ ဘယ်လိုများ ပြောပေးနိုင်တော့မလဲ ဆရာမရယ်” လို့ ရှိုက်ကာ ရှိုက်ကာ ငိုကြွေးရင်း ပြောနေပါတော့တယ်.. ဂျင်းနီနဲ့ ဂျက်ဖ် ကားမောင်းထွက်သွားချိန်မှာ စိတ်ပူပြီး ဂျင်းနီရဲ့ သူငယ်ချင်းမက သူ့အဖေ အမေဆီ ဖုန်းဆက်လိုက်လို့ ဂျင်းနီရဲ့ မိဘနှစ်ပါးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ သူ့သမီးနောက် ကားအမြန်မောင်းပြီး လိုက်လာကြလို့ လမ်းမှာ ဒေါသတကြီး မူးမူးနဲ့ မောင်းလာတဲ့ ဂျက်ဖ်ရဲ့ ကားနဲ့ တိုက်မိကြတယ်ဆိုတာ.  ဂျင်းနီတစ်ယောက် သိမသွားရှာတော့ပါဘူးလေ…

လရောင်အောက်မှာ လွှင့်မျှောနေတဲ့ ဂျင်းနီလေးရဲ့ ၀ိဥာဉ်ဟာ ပျော်ရွှင်မှုလေး တစ်ခုကို လိုချင်တာနဲ့ မတန်တဆ စတေးလိုက်ရတဲ့ သူမရဲ့ အသက်၊  မိဘတွေရဲ့ အသက်အတွက်  သူမရဲ့မိဘတွေကို တောင်းပန်ဖို့များ လိုက်လံ ရှာဖွေနေလေမလား.. ရယ်လို့ ဂျင်းနီရဲ့ သူငယ်ချင်းမလေးက ၀မ်းနည်း နာကျင်စွာ တွေးတောနေမိပါတော့တယ်..


I'm sorry I lied ( Unknown Author) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။





ကွာရှင်းပြတ်စဲခြင်း



အပိုင်း(၁)

ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်..  အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာဦးနေ့။

ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ် တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ် ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို မြတ်နိုး ယုယခြင်း၊ ချစ်ခင်ကြင်နာခြင်း စသည် တို့နဲ့အတူ ကျွန်တော့် လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်း ရှေ့ကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်။ အဲဒီ အချိန် တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံး အပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်။ ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။

အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကောင်းတဲ့ ကြည်နူးဖွယ် ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည် လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်။ သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ ကြတယ်။ အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေး လုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်။ ပိုင်ဆိုင်မှုတွေ တဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ဝန်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်။ ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက် တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။

ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထား ထားတဲ့အတွက် အိမ်မှာ မရှိပါဘူး..  ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေး မိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံ့ပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက် ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.။ အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ  အေးစက် လာခဲ့တော့တယ်.. အိမ်ပြန်ချိန် နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေလေ့ရှိတယ်။ ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား။ ဥပက္ခာ ပြုထားတာဘဲလား  သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ဝင်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်... ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။   ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ..  အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်။ စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့် စိတ်အာရုံ အားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။


@@@@@@@@@@@@@@


အပိုင်း(၂)

တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်..  ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက “ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကို့ကို သိပ်ချစ်မိတာပေါ့”  လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်..  ကေသီနဲ့ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို “ မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ.. ကေသီတော့ စိတ်မချ ဖြစ်နေရ ဦးတော့မယ်”  လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက် မိတာ နောင်တရမိ သလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန် လည်ပြီး နွေးထွေး လာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော် ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။


ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး “ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို သွားလေ။ ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်..”  ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်။ ပရိဘောဂဆိုင်ကို ကျွန်တော်တို့၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့ အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ညင်ညင် သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦး ဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့ တာက လွဲလို့ ကေသီဟာ ကျွန်တော့်အတွက်  သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။


ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင်  သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ် ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေ တတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။


ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. “ကေသီ တကယ်လို့များ ကေသီ့ကို မောင်က ကွာရှင်းခွင့်တောင်းမယ်ဆိုရင် ကေသီဘာလုပ်မလဲ ”လို့ ရယ်မော ရင်းနဲ့ သွေးတိုးစမ်းရင်း လှမ်းပြောလိုက်ပါတယ်။ ကေသီက ကျွန်တော့ကို အချိန်တော်တော်လေး ကြာအောင် စိုက်ပြီး ကြည့်နေခဲ့ပါတယ်။ စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကား ဟာ နောက်ပြောင်တဲ့ စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့ မျက်ဝန်းလေးတွေမှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့ မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီ ဘယ်လောက်များ ခံစားရမှာပါလဲ။ ကေသီ ဘယ်လိုများ တုံ့ပြန်မယ် ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။


@@@@@@@@@@@@@@@@@@


အပိုင်း(၃)


တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်..  ဒါပေမဲ့ ကေသီဟာ ကျွန်တော့် ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ မျက်ဝန်းတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေ မှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ  ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော်စိတ်ထဲ ခံစားနားလည်မိလိုက်ပါတယ်။


ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက် ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး “ကေသီ မင်းကို မောင်ပြောစရာရှိတယ်..” လို့ စကားစ လိုက်ပါတယ်... ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ သူရှေ့က စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ဝန်လေး သွားရပြန်ပါပြီ..  ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်..  ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်။

“မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ ကွာရှင်းချင်တယ်.. ”

ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ “အကြောင်းပြ ချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… ” မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့် စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ်  ရန်တွေ့မယ်၊ ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်း မသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့် အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်။ 

ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး “ကောင်းပြီလေ..  ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့်စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…” လို့ ပြောပြီး နာနာကျင်ကျင် ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့  ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်။ အဲဒီညက ကျွန်တော်တို့ ၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး။ အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံ ရပါတယ်။ သေချာတာက  ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်။ အကြောင်းပြချက် မပေးပေမဲ့ ကေသီ နားလည်မယ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကေသီနဲ့ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ။ ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။

 @@@@@@@@@@@@@@@

အပိုင်း(၄)

နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စ ပြင်ဆင်ပါတယ်. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. အဲဒီစာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့ အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက  ဖြတ်ခနဲ တစ်ချက်သာ ကြည့်ပါတယ်။ ပြီးနောက်တော့ တစ်စစီ ဆွဲဆုတ်လိုက်ပြီး  ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးပါတော့ တယ်။  ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေသလို ခံစားမိပါတယ်။ ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး။ စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့်  ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့လည်း ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းမိပြီး တစ်စုံတစ်ရာကို ဆုံးရှုံးသလိုမျိုး ခံစားရတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်တစ်ခုခု ကျူးလွန်နေမိတယ်လို့ခံစားနေမိပါတယ်။ ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး။ ကေသီ့အပေါ် မတရားမှန်း သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး။ ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေခဲ့ပြီပဲလေ။


အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာ ထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ။ ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့  မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့်မျိုးကိုမှ သူယူမှာ မဟုတ်တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ အချိန်ပေးပြီး သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်။ သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အဆောင်ကနေ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်။ ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လ အချိန်အတွင်းမှာ ကျွန်တော်တို့၂ယောက် ဘာမှ မဖြစ်သလို ပုံမှန်အတိုင်း နေပြချင်တယ် လို့ ကေသီက တောင်းဆို ပါတယ်။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက် ပါတယ်။


ကေသီက ကျွန်တော့်ကို “မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား” လို့တိုးဖွ ညင်သာတဲ့ အသံလေးနဲ့ မေးလိုက် တဲ့ ကေသီရဲ့ လေသံနဲ့ မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ ပါတယ်.. “မောင်.. မှတ်မိပါတယ်”  လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. “အဲဒီနေ့တုန်းက မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ။ ခုထိ ကေသီမှတ်မိနေပါတယ်။ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ ကေသီတို့ လမ်းခွဲကြမဲ့ နောက် တစ်လတိတိကို နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလားဟင်” ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ သင့်ပါတယ်လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦး ကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..


ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက် အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေး ဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ “ဒါ သက်သက် ညစ်တာ… ကို့မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. အို.. သူဘာဘဲ လုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူခံရမှာပါ။ ရပါတယ် တစ်လလောက် ထပ်စောင့်ရလဲ ဂျူလီစောင့်ပါမယ်” လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိ ကအောက် ဖြစ်စေပြီး ကေသီအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်.. တကယ် တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်း တစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။


@@@@@@@@@@@@@@

အပိုင်း(၅)


အရင်ကတည်းက ကေသီနဲ့ ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို ယုယုယယနဲ့ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ စိမ်းစိမ်းကားကား ဖြစ်တာမျိုး မရှိခဲ့ဘဲ ကြပေမဲ့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြော လိုက်တဲ့နေ့ကစလို့ ကေသီနဲ့ ကျွန်တော့်အကြားမှာ အရိပ်မဲကြီး တစ်ခု ခြားသွားခဲ့သလို ခံစားလိုက်ရပါတယ်။ ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားကြသလိုပါဘဲ။

သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်း ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံးက နူးညံ့ ပျော့ပြောင်း မနေခဲ့ဘဲ  တောင့် တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုတော့ နွေးနွေးထွေးထွေးတောင် မနေတတ်တော့ သလိုပါဘဲ။ ဘာမှ မသိရှာတဲ့ သားလေးကတော့ “ဟေး…  ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ” လို့ အော်ဟစ်ပြီး ဝမ်းသာအားရ လက်ခုပ်လေး တီးရှာပါတယ်။ သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရပါတယ်။ အိမ်ရှေ့ခြံဝင်းထဲရောက်ချိန်မှာ “ကွာရှင်းမဲ့ကိစ္စ သားလေး မသိပါစေနဲ့ဦးနာ်” လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး “စိတ်ချပါကွာ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့လိုက်ပါတယ်.. ကေသီကတော့ ခပ်နှေးနှေး ခြေလျမ်းတွေနဲ့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။

နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို  ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်..  ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီး သိုင်းဖက်လာ တတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့လေးကိုတောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ  ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲ ဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ  မှတ်ကိုမမှတ်မိတော့..  ဟိုအရင်တုန်း ကတော့ ကေသီ ကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ..  တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတယ်။ သက်ပြင်းကိုဖွဖွ  ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိ လိုက်ပြန်တယ်..  ဒီတော့မှ သတိထား လိုက်မိတာက ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား။ ကေသီရဲ့ မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာဟာ နုပျိုသစ်လွင်ပြီး တက်ကြွတဲ့ အလှမျိုး မဟုတ်တော့ပေမဲ့ ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။


@@@@@@@@@@@@@@ 
အပိုင်း(၆)

နောက် တစ်တစ်ပတ်လောက်အကြာမှာ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက “ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်” လို့ တိုးတိုးလေး သတိပေး စကားကို ပြောလာတယ်။ ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်နူး စိတ်ကလေး နဲ့ ကေသီ့ကို ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကို ငုံ့သွားခဲ့ တယ်။ ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါ လက်ပါ ဖြစ်လာတယ်။ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး။ ဂျူလီရဲ့ “ဘာတွေထူးခြားသေးလဲ” ဆိုတဲ့ အမေးကို ဘာမှ “မထူးခြားပါဘူးကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။


နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို  မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။

ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အဝတ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က “ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ။ မောင်က  ပိုပြီး အားရှိလာလို့ ဖြစ်မယ် ထင်တယ်နော်” လို့ နောက်ပြီး ပြောလိုက်ပါတယ်။ အဲဒီချိန်မှာ ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး “အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကြီးလာတယ်ထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.”. လို့ ညီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက် လိုက်မိပါတော့တယ်။ ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့ပါတယ်။ တကယ်တမ်းတော့  ကျွန်တော်က ပိုပြီး အားကောင်း သန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ကေသီဟာ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ ကိစ္စအတွက် သူ့နှလုံးသားမှာ အင်မတန် ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်။


ပိန်သွားတဲ့ ကေသီ့ခန္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့် လို့ တွေးမိကာ ကျွန်တော့်ရင်ထဲမှာ  ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်။ ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး “ဖေဖေ.... မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ” လို့ သတိပေးစကား ပြောလာပါတယ်။ သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းတင်း ကြပ်ကြပ် ပွေ့ဖက်ထားလိုက်ပါတယ်။ ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက် မိပါတော့တယ်.. နောက်ဆုံး အချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့် စိတ်တွေ ပြန်ပြောင်းလဲသွားမှာကိုလဲ စိုးထိတ်နေမိပါတယ်။ ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီ လိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့် လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ ကို ပြန်သတိရနေ မိပေမဲ့ ကေသီရဲ့ ခန္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေ တုန်းကထက် ပိုပြီး ပါးလျား ပေါ့ပါး သွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ဝမ်းနည်းစေပါတယ်..


 @@@@@@@@@@@@@@

အပိုင်း(၇)

ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေ ပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့ ၂ယောက်အတွက် နောက်ဆုံးနေ့မှန်း သိနေတော့ ကေသီ့ကို ပွေ့ချီထားတဲ့ ကျွန်တော့် လက်တွေဟာ ခွန်အားမဲ့နေ သလို ဖြစ်နေပြီး ခြေထောက်တွေ ကလည်း ခြေတစ်လှမ်း လှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်။ ကျွန်တော့်လည်ပင်းကို သိုင်းဖက် ထား တဲ့ ကေသီရဲ့ လက်ဖျားလေးတွေ ဟာလည်း အေးစက်နေတာပါဘဲ။ တစ်ညလုံး ငိုကြွေးထားပုံရတဲ့  ကေသီရဲ့ မျက်ဝန်း တွေဟာလည်း နီရဲလို့ နေခဲ့တယ်။ သူ့ကိုပွေ့ချီလာတဲ့ လမ်း တစ်လျှောက်မှာ ကေသီ ကျွန်တော့်ကို “ကေသီ စိတ်ထဲမှာ  ကေသီတို့ ၂ယောက်လုံး မင်္ဂလာဦးနေ့ တုန်းကလိုဘဲ အသက်ကြီးတဲ့ အချိန်ထိ ကေသီ့ကို မောင့် လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ထားခဲ့မိတယ်” လို့ ကြေကြေကွဲကွဲ တုန်ရီ ဆို့နင့်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်။ ကေသီဟာ ကုန်လွန်သွားခဲ့တဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်လေးတွေကို နှမြော တမ်းတစွာနဲ့ လွမ်းဆွတ်နေမှာ သေချာပါတယ်။ ကျွန်တော် ကေသီ့ကို တင်းတင်း ကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး “ကေသီ ရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါး လာတာကို သတိမမူမိ ခဲ့ကြဘူး။ စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ” လို့ပြောလိုက်မိပါတယ်။ ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး  ကားတံခါး ကိုတောင် သေချာ မပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက် လာခဲ့ မိပါတော့တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး။ ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေတာမျိုး မဖြစ်ချင်တော့ဘူး။ ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ပါဘူး။ အမြန်မောင်းလာတဲ့ ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို ကမူးရှူးထိုး အပြေးကလေး တက်လာခဲ့မိပါတယ်။ အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တဲ့အခါ ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါး လာဖွင့်ပေးတဲ့ ဂျူလီကို တွေ့ရ ပါတယ်။ ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမဝင်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက  ဂျူလီ ကိုယ်ပြောတာ သေချာနားထောင်ပါ။ ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး.” ကျွန်တော့်  စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ “ဟင်.. ကို ဘာတွေပြောနေ တာလဲ..နောက်နေတာလား။ ကြည့်စမ်းပါဦး  မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား” လို့ ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက် ပါတယ်။ 

ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း “ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်  ပြောနေတာ။ ဆောရီးပါ ဂျူလီ။ မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ် မပြောတတ်တော့ဘူး။ ကေသီနဲ့ ကွာရှင်းဖို့ဆိုတာ ကိုယ် တကယ်ကို မလုပ်နိုင်တော့ဘူး။ ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်။ တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.။ ဒါကို ကိုယ်တို့၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်။ ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး။ ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့သူဘဲ ဆိုတာ ကိုယ် ခွဲခြား နားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ် လို့ဘဲ ကိုယ်ပြောပါရစေ ဂျူလီ။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့”

ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ ဂျူလီဟာ သိသွားပုံရပါတယ်။ အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက်ဟာ လေထဲကို မြောက်တက်သွားတာ ကျွန်တော် မြင်လိုက်ပါတယ်။ ဂျူလီဘာလုပ်တော့မယ်ဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုး စားတော့ပါဘူး။ ကျွန်တော့် အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်။ မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ ပါးပြင်ပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာ ပါတယ်။ ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး အနောက်ဘက်ကို ယိုင်သွားခဲ့ပြီး ဂျူလီက အခန်းထဲ ကို ပြန်ဝင်လိုက်ကာ တံခါးကို ဝုန်းခနဲ မြည်အောင် ဆောင့်ပိတ် လိုက်ပါတော့တယ်။ တံခါးရဲ့ ဟိုတစ်ဖက် မှာတော့ ရှိုက်ကြီး တငင် ငိုကြွေးလိုက်တဲ့ အသံကို ကြားလိုက်ရပါတယ်။ ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်း လိုက်ပြီး  အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကို ဦးတည် မောင်းထွက်ခဲ့ ပါတော့တယ်။


ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်လိုက်ပြီး ကေသီ ကြိုက်တတ်တဲ့ နှင်းဆီ အဖြူ ဆွတ်ဆွတ်လေးတွေနဲ့ ပန်းစည်းလှလှလေး တစ်စည်းကို ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့ အကြောင်းပြောပြီး အော်ဒါ မှာလိုက်ပါတယ်။ ဆိုင် ဝန်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို ရေးချင်ပါသလဲလို့ လှမ်းမေးပြီး ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်..  ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ် ချရေးလိုက်တာက “ မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့အချိန်ထိ မောင် မင်းကို ပွေ့ချီသွားမှာပါ.” ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကို ဖတ်လိုက်ရရင် ကေသီ ဘယ်လောက်များ ပျော်ရွှင်သွားမှာ ပါလိမ့်။ တွေးလိုက်မိ တာနဲ့တင်  ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့် တက်လာပြီး ကျွန်တော့် ရင်ခုန်သံတွေကလည်း မင်္ဂလာဦး နေ့တုန်း ကလို မြန်ဆန် နွေးထွေး လာပါတော့တယ်။


 @@@@@@    ပြီးပါပြီ   @@@@@@@ 

 

ချစ်သူတိုင်း နားလည်စာနာခြင်း၊ နွေးထွေးယုယခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် တွဲလက် ခိုင်ခိုင် မြဲနိုင်ကြ ပါစေရှင်။

The Divorce ( Unknown Author) ကို နှစ်ခြိုက်မိသဖြင့် ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ အခြားသူများ ဘာသာပြန်ထားပြီးခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါတယ်ရှင်။ ဒီဝတ္ထုလေး ဖတ်ပြီးချိန်မှာ နက်နက်ရှိုင်းရှိုင်း ခံစားမိသောကြောင့် စာဖတ်သူများကိုလည်း  ဒီဝတ္ထုကနေ တစ်စုံတစ်ရာ ရစေလိုသောစိတ်ဖြင့် ပြန်လည် ဝေမျှ ခံစားနိုင်ရန် ကြိုးစားပြီး ဘာသာပြန်ဖြစ်ပါတယ်.။

(ဒီပိုစ့်ဟာ အခုရေးတဲ့ အသစ်မဟုတ်ဘဲ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရေးခဲ့ပြီး  ဘလောဂ့်ပေါ် တင်ခဲ့တဲ့ ဘာသာပြန် ဝတ္ထုလေးပါ။ ခင်မင်ရသော ညီမငယ် တစ်ယောက်ရဲ့ တောင်းဆို ချက်ကြောင့်  ပြန် တင်ပေးခြင်း ဖြစ် ပါတယ်ရှင်.. )



Image Hosted by PicturePush - Photo Sharing

ဆေးစွမ်းကောင်း


တစ်ရက်မှာ လူမှုရေးရာကိစ္စများကို အတိုင်ပင်ခံ အကြံပေးနေတဲ့ အဖွဲ့တစ်ခုရဲ့ ရုံးခန်းဆီကို အိမ်ထောင်သက် နှစ် အနည်းငယ်ရှိပြီဖြစ်တဲ့ လင်မယားနှစ်ယောက် ရောက်လာကြကာ သူတို့ နှစ်ဦးသားရဲ့ မပြေမလည် ဖြစ်နေတဲ့ အိမ်ထောင်ရေး၊ အေးစက်နေတဲ့ ဆက်ဆံရေး အကြောင်းကို ပြောပြ တိုင်ပင်ဆွေးနွေးပြီး အကြံဥာဏ်တောင်းခံဖို့အတွက် ရောက်လာကြပါတယ်။ ခပ်ကျဉ်းကျဉ်း အခန်းတစ်ခုတွင်းက အကြံပေးဖြစ်သူရဲ့ စားပွဲရှေ့က ခုံတစ်လုံးစီမှာ ထိုင်လိုက်ကြပြီးနောက်မှာဘဲ နှစ်ဦးစလုံးက သူတို့နှစ်ယောက် အိမ်ထောင်ရေးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သူ့ထက်ငါ ဦးအောင် ပြောပြကြပါတော့တယ်။ ပြောနေသမျှ စကားတွေမှာ သူတို့နှစ်ဦးစလုံးဟာ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က ပုံချပြောဆိုနေကြတာဘဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေ မြင်နေကြတာ ဘယ်လောက်တောင် များတယ်ဆိုရင် အလုအယက်ပြောနေကြတာဟာ အသက်တောင် မရှူကြဘူးလို့တောင် ထင်ရပါတယ်။

အချိန်အတော်ကြာပြီးတဲ့ နောက်ဆုံးမှာမှ သူ့ထက်ငါ ဦးအောင် ပြစ်တင် ပြောဆိုနေကြတာကို မောပန်းလာဟန်နဲ့ ရပ်လိုက်ကြပါတော့တယ်။ သူတို့ကိုကြည့်ရတာ ဒီတော့မှဘဲ အသက်ဝဝ ရှူနေကြရပုံ ပေါ်ပါတယ်။ သူတို့စကားသံ ရပ်သွားတော့မှ အကြံပေးသူက "ကဲ.. ခင်ဗျားတို့ နှစ်ယောက်စလုံး တစ်ယောက်ရဲ့ အပြစ်တွေ၊ မကောင်းတဲ့အချက်တွေကို တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ပြောဆိုပြီးကြလို့ ကုန်လောက်ပြီထင်ပါတယ်။ ဒီလိုဆိုရင် ခုချိန်က စပြီး ခင်ဗျားတို့ နှစ်ယောက်ရဲ့ တစ်ယောက်စီမှာ ရှိတဲ့ ကောင်းကွက်လေးတွေကို မြင်တဲ့အတိုင်း ပြောကြည့်ကြစို့လားဗျာ" အဲဒီစကားသံအဆုံးမှာ လင်မယား နှစ်ယောက်ကြား လုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်။ ဘာသံမှ ဆက်ပြီး ထွက်မလာတော့ပါဘူး။ အချိန်အတော်ကြာတဲ့အထိလည်း ဘယ်သူကမှ စပြီး စကားမပြောတော့ပါဘူး။ အကြံပေးဖြစ်သူကလည်း စကားမပြောဘဲ သူတို့နှစ်ဦးကိုသာ စိုက်ကြည့်ပြီး အကဲခတ်နေတဲ့အတွက် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ အေးစက်မှုန်မှိုင်းခြင်များသာ လွမ်းမိုးလို့နေပါတယ်။

မိနစ်အနည်းငယ်ကြာတဲ့အထိ ဘယ်သူကမှ စပြီးမပြောလာတဲ့အတွက် အကြံပေးသူက ထိုလင်မယားနှစ်ယောက်ကို ဘောလ်ပင် တစ်ယောက်တစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ ပေးလိုက်ပါတယ်။ ပြီးတော့မှ "ခင်ဗျားတို့နှစ်ယောက်ကြားက တစ်ယောက်ရဲ့ ကောင်းကွက်ကို တစ်ယောက်က ပါးစပ်နဲ့ ထုတ်ပြောပြဖို့ ခက်ခဲနေတယ်ဆိုရင်လည်း ဒီစာရွက်ပေါ်မှာ ချရေးပေးပါ" လို့ ပြောလိုက်ပါတယ်။ စာရွက်နဲ့ ဘောလ်ပင်ကိုယ်စီ လက်ထဲရောက်လာပေမဲ့ နှစ်ဦးစလုံးဟာ ဘယ်သူကမှ ချမရေးကြပါဘူး.. ငုတ်တုတ်ထိုင်ပြီး လက်ထဲက စာရွက်ကို နှစ်ဦးသား စိုက်ကြည့်လို့သာ နေကြပါတယ်။ အချိန်အတန်ကြာတဲ့အထိတောင် ဘယ်သူကမှ တုတ်တုတ် မလှုပ်ပါဘူး။ အကြံပေးဖြစ်သူကလည်း နောက်ထပ် ဘာမှ မတိုက်တွန်းဘဲ သူတို့နှစ်ဦးကို ဒီအတိုင်းသာ ကြည့်နေခဲ့ပါတယ်။ မကြာခင်မှာဘဲ လင်ယောက်ျားဖြစ်သူဟာ ခေါင်းငုံ့လိုက်ပြီး စာရွက်ပေါ်ကို တစ်စုံတစ်ခုကိုချရေးပါတော့တယ်။ ယောက်ျားဖြစ်သူ ဘောလ်ပင်ကောက်ကိုင်ပြီး ရေးတာကိုမြင်လိုက်တော့မှ မယားဖြစ်သူကလည်း ဒေါသတကြီးနဲ့ စာရွက်ကိုဆွဲယူကာ ခပ်ကြမ်းကြမ်းနဲ့  မြန်မြန်ဆန်ဆန် ရေးခြစ်ပါတော့တယ်။

မကြာခင်မှာ နှစ်ဦးစလုံးဟာ ရေးနေတာကို ရပ်လိုက်ကြပြီး စကားတစ်ခွန်းမှ ဆက်မပြောဘဲ ငြိမ်သက်နေကြပါတယ်။ အခန်းကလေးထဲမှာတော့ ဘာသံမှ မကြားရတော့ဘဲ လူသုံးဦးအကြား ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါတယ်။

ခဏအကြာမှာ မယားဖြစ်သူက သူမ ရေးခြစ်ထားတဲ့စာရွက်ကို အကြံပေးသူရှေ့ကို တွန်းပို့လိုက်ပါတယ်။ သို့သော်လည်း အကြံပေးသူက သူမ ဘေးက လင်ယောက်ျားဖြစ်သူထံကိုသာ ထိုစာရွက်ကို ပေးလိုက်ဖို့ အရိပ်အကဲပြပါတယ်။ မယားဖြစ်သူက အင်တင်တင်ဖြင့် စာရွက်ကို သူတို့ လင်မယားနှစ်ယောက်ကြားက ကွက်လပ်ရှေ့ကိုသာ တွန်းပေးလိုက်ပါတယ်။ ယောက်ျားဖြစ်သူက သူ့စာရွက်ကိုလည်း မယားရှေ့ကို တွန်းပို့လိုက်ပြီး မိန်းမဖြစ်သူရဲ့ စာရွက်ကို ဆွဲယူလိုက်ကာ စာရွက်ပေါ်က အကြောင်းအရာတွေကို စဖတ်ပါတယ်။ မိန်းမဖြစ်သူကလည်း ယောက်ျားရဲ့ စာရွက်ကို ကဗျာကယာ ဆွဲယူလိုက်ပြီး ဘာတွေရေးထားမလဲ သိလိုစိတ်ဖြင့် ဖတ်ပါတော့တယ်။

အကြံပေးသူကလည်း စကားတစ်ခွန်းမှ မပြောတော့ဘဲ သူတို့နှစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပါတယ်။

မကြာခင်မှာ စာဖတ်နေတဲ့ အမျိုးသမီးရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတော့တယ်။ သူမရဲ့လက်ထဲမှာတော့ သူ့ယောက်ျားရဲ့လက်ရေးတွေပါတဲ့ စာရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ ထားပါတယ်။ စာရွက်ပေါ်မှာ သူမရဲ့ ကောင်းတဲ့အချက်လေးတွေကို ယောက်ျားဖြစ်သူက ရေးထားခဲ့မယ်ဆိုတာ မလွဲနိုင်ပါဘူး။ အမျိုးသမီးအတွက် ယောက်ျားဖြစ်သူက သူမရဲ့ ကောင်းကွက်လေးတွေကို ချီးကျုးထားတဲ့ စာရွက်လေးထဲက အကြောင်းအရာတွေဟာ သူမရဲ့နှလုံးသားကို နူးညံ့စွာ ထိခိုက် ခံစားသွားစေခဲ့ဟန် တူပါတယ်။ ယောက်ျားဖြစ်သူဟာလည်း အမျိုးသမီးရဲ့ စာရွက်လေးကို ဖတ်ပြီး မျက်ရည်မကျသော်လည်း အောက်မျက်ဝန်းများ တစ်ဆတ်ဆတ် လှုပ်ခုန်နေတာကို ကြည့်ချင်းအားဖြင့် သူကိုယ်တိုင်လည်း ထိခိုက်ခံစားနေရဟန် တူပါတယ်။

အခန်းတွင်းရဲ့ အခြေကနေဟာ ထိုလင်မယားစုံတွဲ ဝင်လာကာစ အခြေအနေနဲ့ မတူတော့ဘဲ ပြောင်းလဲသွားလို့ သွားပါပြီ။ အေးစက်စက် မှုန်မှိုင်းမှိုင်း အခန်းလေးဟာ တဖြေးဖြေးနဲ့ နွေးထွေးလို့လာပြီး နေချင့်စဖွယ်ဖြစ်လာခဲ့ပါတယ်။ အကြံပေးသူဟာ ယခုအချိန်မှာတော့ ထိုလင်မယားနှစ်ဦးကြားမှာ ဘယ်လိုစကားတစ်ခွန်းကိုမှ ဆက်ပြောဖို့ မလိုတော့ဘူးဆိုတာ သဘောပေါက် နားလည်လိုက်ပါတယ်။ သူတို့ လင်မယားနှစ်ယောက်ဟာ တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က အမြဲတမ်း ပြစ်တင် ပြောဆိုနေခြင်းသာ ရှိခဲ့ကြပြီး တစ်ဦးရဲ့ ကောင်းကွက်ကို တစ်ဦးက ပြောဆို ချီးမွမ်းဖို့ မေ့လျော့နေခဲ့ကြဟန် တူပါတယ်။ အဲဒီလိုနဲ့ နှစ်ဦးသားရဲ့ကြားက ဆက်ဆံရေးဟာ အေးခဲလာခဲ့ကြဟန် ရှိပါတယ်။ ခုချိန်မှာတော့ နှစ်ဦးစလုံးရဲ့ ကောင်းကွက်များကို ချီးမွမ်းထားတဲ့ စာရွက်ကလေးများက သူတို့နှစ်ဦးကြားက အေးစက်နေတဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်နွေးထွေးစေခဲ့ပါပြီ။

လင်မယား၊ ချစ်သူစုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တစ်ယောက်ရဲ့ ကောင်းကွက်များကို တစ်ယောက်က ကြည့်မြင်တတ်ကာ ချီးမွမ်း ပြောဆိုခြင်းဟာလည်း မဖြစ်မနေ ပြုလုပ်သင့်ကြောင်းကို အတိုင်ပင်ခံဖြစ်သူက ကောင်းမွန်စွာ နားလည်နေခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ စာရွက်ကလေးတွေကို လက်တစ်ဖက်က တင်းတင်းဆုပ်ကိုင်ပြီး အခြားလက်တစ်ဖက်ဖြင့် တစ်ယောက်လက်ကို တစ်ယောက်တွဲကာ အခန်းထဲမှ ကြည်ကြည်နူးနူး ထွက်ခွာသွားကြတာကို ပီတိအပြုံးနဲ့ ငေးကြည့်ရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

လူတစ်ဦး၏ ကောင်းကွက်များကို ချီးမွမ်းပြောဆိုခြင်းသည် ထိုသူ၏ နှလုံးသားတွင်းမှ ဒဏ်ရာများစွာတို့ကို ကုစားပေးနိုင်စွမ်းရှိသော ဆေးကောင်းတစ်လက် ဖြစ်လေသည်။ 



To heal a thousand wounds
( Carlos Valles) ကို ဘာသာပြန်ပါသည်။
5720889 -

အနီရောင် ပဟေဠိနှင်းဆီ

သူမ ရောက်လာတာ့မည့်အချိန် နီးကပ်လာပြီဖြစ်သောကြောင့် ရေတပ်ဗိုလ်လေး John Blanchard သည် ခုံတန်းလေးပေါ်ကနေ ထလိုက်ကာ သူ၏ ယူနီဖောင်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်ပြီး Grand Central Station ရှိရာကို ဦးတည်ကာ လာနေကြတဲ့ ခပ်လှမ်းလှမ်းက လူစုများဆီ လှမ်းကြည့်နေမိသည်။ သူ့မျက်နှာပေါ်မှာတော့ ရင်ခုန် စိတ်လှုပ်ရှားခြင်း၊ မျှော်လင့်ခြင်းတို့က အထင်းသား ပေါ်လွင်လို့ နေမှာကို သူကိုယ်တိုင် သိရှိနားလည်နေသည်။ သူမျှော်နေတာက နှင်းဆီပန်းကလေးတစ်ပွင့်အား ရင်ဘတ်မှာ ထိုးလာမည့် မိန်းခလေးတစ်ယောက်ကို ဖြစ်လေသည်။ အရှင်းဆုံးဆိုရလျှင် နှလုံးသားချင်း ရင်းနှီးစွာ နားလည်မှုကိုယ်စီ ရရှိထားခဲ့ပြီးသော်လည်း မျက်နှာခြင်း တစ်ခါမှ မဆုံဖူးသေးသော မိန်းခလေးတစ်ယောက်ကို သူ စောင့်မျှော်နေခြင်းသာပါ…

ထိုမိန်းခလေးသည် ဘယ်ကဲ့သို့မျက်နှာမျိုး၊ ဘယ်လိုအသွင်သဏ္ဍာန်မျိုး ရှိလေမည်လဲ သူမခန့်မှန်းနိုင်ပါ. သို့သော် သေချာတာက သူတို့နှစ်ဦးသား တစ်ယောက်အသည်းနှလုံး တစ်ယောက် ထွင်းဖောက်မြင်နိုင်ခဲ့ကြပြီး လူမမြင်ဖူးကြဘဲ တွယ်တာနေကြသူနှစ်ဦးလည်း ဖြစ်နေလေသည်။ သူတို့နှစ်ယောက် ယခုကဲ့သို့ လူချင်းမမြင်ဖူးကြဘဲ ရင်းနှီးတွယ်တာသွားခဲ့ကြသည်မှာ လွန်ခဲ့သော တစ်နှစ်ကျော်ကာလက ဖလော်ရီဒါရှိ စာကြည့်တိုက်တစ်ခုသို့  John Blanchard ရောက်ရှိခဲ့သည်မှ အစပြုခဲ့သည်ဟု ဆိုရပါမည်။

စာကြည့်တိုက်အတွင်း စာအုပ်များ ရှာဖွေရန်ရောက်ရှိနေခဲ့သော သူသည် စာအုပ်စင်ပေါ်က စာအုပ်လေးတစ်အုပ်ကို လှမ်းယူလိုက်ပြီး စာမျက်နှာများကို လှန်လှော ကြည့်လိုက်မိသည်တွင် စာမျက်နှာများပေါ်ရှိ တစုံတရာက သူ့ကို စိတ်ဝင်စားသွားစေခဲ့သည်။ ထို တစုံတရာမှာ စာအုပ်အတွင်းရှိ စာများမဟုတ်သလို၊ စာအုပ်ထဲက အကြောင်းအရာများလည်း မဟုတ်ခဲ့ပါ။ စာအုပ်တွင်းရှိ စာမျက်နှာများ၏ ဘေးလိုင်း အနားတွင် ခဲတံဖြင့် ဖွဖွလေး ရေးခြစ် မှတ်သားထားခဲ့သော လှလှပပ လက်ရေးကလေးများက သူ့စိတ်အာရုံတစ်ခုလုံးကို ဆွဲညို့လို့ သွားခဲ့လေသည်။ လက်ရေးကိုကြည့်သည်နှင့် နူးညံ့သိမ်မွေ့သော မိန်းခလေးတစ်ယောက်၏ လက်ရေးဖြစ်လိမ့်မည်ဟုလည်း သူ့စိတ်ထဲတွင်လည်း သေချာလို့နေခဲ့သည်။

စာအုပ်ရှေ့မျက်နှာစာကို သူရှာဖွေကြည့်မိတော့ ထိုစာအုပ်ကို ပိုင်ဆိုင်ခဲ့သူ၏ နံမည်နှင့် လိပ်စာကို ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။ စာအုပ်ပေါ်တွင် မိန်းခလေးနံမည် Hollis Maynell ဟုရေးထားပြီး ရက်စွဲနှင့် သူမ နေထိုင်ဟန်ရှိသည့် နယူးယောက်မြို့ရှိ လိပ်စာတစ်ခုကို တွေ့ရလေသည်။ ထို့နောက်တွင် John Blanchard သည် ထိုလိပ်စာရှင် Hollis Maynell ထံ သူ့အကြောင်းသူ မိတ်ဆက်ထားသည့် စာတစ်စောင်ကို ရေးပို့လိုက်ပြီး စာထဲတွင် သူ့အားခင်မင်ပါရန်နှင့် သူ၏ ခင်မင်မှုအား လက်ခံအသိအမှတ် ပြုသည်ဆိုပါက စာပြန်ရန် တောင်းဆိုထားခဲ့သည်။ သို့သော်  ဒုတိယကမ္ဘာစစ်ဖြစ်ပွားနေသော အချိန်ဖြစ်သောကြောင့် ထိုစာကို စာတိုက်ကနေ ထည့်လိုက်ပြီး နောက်တစ်နေ့တွင် သူတာဝန်ကျသော သင်္ဘောနှင့်အတူ အမေရိကန်နိုင်ငံမှ  မဟာမိတ်တပ်များ ထိုးစစ်ဆင်နွဲနေရာ ဥရောပစစ်မျက်နှာသို့ ထွက်ခွာလာခဲ့ရသည်။

စစ်မြေပြင်တွင် ကြာခဲ့သည့် တစ်နှစ်နှင့် တစ်လအတွင်း လိပ်စာပါ ထိုမိန်းခလေးနှင့် အပြန်ပြန် အလှန်လှန် စာချင်း ဆက်သွယ်ရင်းနှီးရာမှ တစ်စောင်ထက်တစ်စောင် သံယောဇဉ်ပိုတိုးလာခဲ့သလို၊ တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုသိလာခဲ့ကြသည်။ စာတစ်စောင်ချင်းစီသည် နှလုံးသားမှ သံယောဇဉ် အချစ်ပန်းများ ဖူးပွင့်ရှင်သန်လာစေသည့် မြေသြဇာပမာ ဖြစ်လာကာ လူချင်း မမြင်ဖူးကြသေးသော်လည်း တစ်ရက်ပြီးတစ်ရက် ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးသား ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် ငြိတွယ်မိခဲ့ကြတော့သည်။

စာချင်းခင်မင်ရင်းနှီးလာပြီး အချိန်အတော်ကြာလာသည့်တစ်နေ့ John Blanchard က  စာထည့်လျှင် မိန်းခလေး၏ ဓာတ်ပုံလေး တစ်ပုံပါ ထည့်ပေးပါရန် သူမအား တောင်းဆိုခဲ့သော်လည်း မိန်းခလေးက ပို့ပေးရန် ငြင်းဆိုခဲ့သည်။ John Blanchard သည် သူမအား နှလုံးသားဖြင့် တကယ်နှစ်သက် ချစ်ခင်မြတ်နိုးသည်ဆိုပါက သူမ မည်သည့် ပုံသဏ္ဍာန်ဖြစ်နေပါစေ ချစ်နိုင်ရမည်ဟု သူမက တုံ့ပြန်သဖြင့် John Blanchard သည် နောက်တစ်ကြိမ် ဓာတ်ပုံမတောင်းဖြစ်တော့ပေ။

ဥရောပတွင် တစ်နှစ်ကျော်ကြာပြီးနောက် အမေရိကသို့ John Blanchard ပြန်လာရချိန်တွင် သူတို့နှစ်ယောက်၏ ပထမဦးဆုံး ဆုံတွေ့ကြမည့် နေရာကို နယူးယောက်မြို့ Grand Central Station ကြီးရှေ့တွင် ညနေ ၇နာရီတိတိတွင် ဆုံကြမည်ဟု ချိန်းဆိုထားကြသည်။ သူတို့နှစ်ယောက် ဆုံတွေ့ချိန်တွင် သူမအား John Blanchard  က  အလွယ်တကူ သိရှိနိုင်ရန် သူမ၏ ကုတ်အင်္ကျီရင်ဘတ်ပေါ်တွင် အနီရောင်နှင်းဆီတစ်ပွင့်ကို ထိုးစိုက်လာခဲ့မည်ဟု မိန်းခလေး၏ စာထဲတွင် ရေးထားခဲ့သေးသည်။

ထို့ကြောင့်လည်း John Blanchard တစ်ယောက် Grand Central Station ရှေ့က ခုံတန်းပေါ်တွင် ထိုင်ကာ ၇နာရီထိုးမည့်အချိန်ကို စိတ်လှုပ်ရှားစွာနှင့် စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သူ ချစ်ခင်တွယ်တာနေမိသော မိန်းခလေးသည် ဘယ်ကဲ့သို့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားမည်နည်၊ ဘယ်ကဲ့သို့သော ပုံစံမျိုးလေး ရှိမည်နည်းဟု တစ်နှစ်ကျော်ကျော် သူမှန်းဆကြည့်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူမှန်းဆကြည့်ခဲ့သော မျက်နှာပိုင်ရှင်လေးကို မျက်ဝါးထင်ထင် တွေ့မြင်ရပေတော့မည်။  ယခု ညနေ ၇နာရီထိုးပြီဖြစ်၍ တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးသေးသည့် သူချစ်ရသော သူမ လာမည့်လမ်းကို မှန်းမျှော်ကြည့်ရင်း ခြေဖျား လက်ဖျားများပင် အေးစက်လာသည်ကို ခံစားမိလေသည်။

ထိုအချိန်လေးမှာပင် အရပ်ရှည်ရှည် သွယ်လျလျ မိန်းမပျိုလေးတစ်ဦး ခပ်လှမ်းလှမ်းမှ လျှောက်လှမ်းလာသည်ကို သူတွေ့လိုက်ရသည်။ သူမ၏ ရွှေဝါရောင်ဆံနွယ်လေးများက နားရွက်နားဆီမှ အခွေခွေ အလိပ်လိပ်လေးဖြင့် ကျောပြင်ပေါ် လှပစွာ ဝဲဖြာကျနေခဲ့ပြီး သူမ၏ မျက်ဝန်းလေးများကတော့ ပန်းပွင့်လေးများ ပမာ ပြာလွင်တောက်ပလို့နေသည်။ သူမ၏ နှုတ်ခမ်းလေးများမှာ နီရဲစိုထွေးနေပြီး မေးစေ့သွယ်သွယ်လေးနှင့် ချိုရွှင်နေသော ဖြူစင်ဝင်းပနေသည့် မျက်နှာလေးက လန်းဆန်းတောက်ပသော အသရေတစ်မျိုးဖြင့် တင့်တယ်လို့နေသည်။ သူမ ဝတ်ဆင်လာသော အစိမ်းဖျော့ဖျော့ ဝတ်စုံလေးက နွေဦးရာသီနတ်သမီးလေး သက်ရှိထင်ရှား ကိုယ်ထင်ပြသလား ထင်မှတ်ရအောင် လင်းပ ဝင်းဖြာလို့နေသည်။ လှလိုက်သည့်ဖြစ်ခြင်း...

ရုတ်တရက် သူမ၏ အလှရေယဉ်ကြောမှာ မှင်သက်မိအောင် မျှောပါသွားခဲ့ပြီးမှ သတိပြန်ဝင်လာကာ အပြေးအလွှား သွားရောက်ကာ သူမရှေ့တွင် ရပ်လိုက်မိတော့သည်။ သူ၏ သတိလက်လွတ်မှုက မိန်းခလေး၏ အင်္ကျီပေါ်တွင် အနီရောင်နှင်းဆီတစ်ပွင့် ရှိနေသည်၊ မရှိနေသည်ကိုပင် ကြည့်ဖို့ကိုပင် သူ လုံးလုံး မေ့လျော့သွားခဲ့မိအောင် မိန်းခလေး၏ အလှက သူ့ကို ဖမ်းစားနိုင်စွမ်း လွန်းခဲ့သည်။ သူမရှေ့တွင် သူရပ်လိုက်မိသောတခဏ မိန်းခလေး၏ မျက်ဝန်းများပေါ်တွင် ခပ်ပါးပါး အပြုံးရိပ်ရိပ်လေးတစ်ခုကို သူမြင်လိုက်ရသည်.. ထို့နောက်တော့ သူမသည် နှုတ်ခမ်းလေး ခပ်ကော့ကော့လေးဖြစ်အောင် လှလှပပလေး ပြုံးလိုက်ပြီးနောက် "ကျွန်မကို လမ်းဖယ်ပေးပါ.. ရေတပ်ဗိုလ်ကလေး၊ ကျွန်မ ရှင့်ကို မသိဘူး ထင်ပါတယ်နော် " ဟု  ညင်သာသိမ်မွေ့သော အသံလေးဖြင့် သူ့အား ပြောလိုက်လေတော့သည်။ သို့သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းကင်းမဲ့စွာ သတိလက်လွတ်ဖြင့် ထို မိန်းခလေးအနားသို့ နောက်ထပ် ခြေတစ်လှမ်းလှမ်းကာ ပိုမိုနီးကပ်အောင် တိုးသွားမိသောအချိန်တွင် သူ့မြင်ကွင်းထဲသို့ နှင်းဆီပန်း အနီရောင်တစ်ပွင့်ကို ရင်ဘတ်ပေါ်တွင် ထိုးစိုက်ထားသော အမျိုးသမီးတစ်ဦးက မိန်းခလေး၏ အနောက်နားတွင် ကပ်လျှပ် ပေါ်ထွက်လို့လာသည်။

အိုး.. သူ့ရှေ့က အစိမ်းနုရောင်ဝတ်စုံနှင့် မိန်းခလေးသည် သူတွေ့ချင်နေသော Hollis Maynell မဟုတ်ပါဘဲလား။ သူမလေး၏ ရင်ဘတ်ပေါ်တွင် မည်သည့်နှင်းဆီပန်းမှ ရှိမနေခဲ့ပါ။ ထိုခဏမှာပင် သူ့ရင်ထဲတွင် အဖိုးတန်ဆုံးသော တစုံတရာ ဆုံးရှုံးသွားသလို ဝမ်းနည်းကြေကွဲစွာ ခံစားမိရလေတော့သည်။ နှင်းဆီပန်းလေး ထိုးထားကာ နောက်မှရောက်လာသော အမျိုးသမီးကသာလျှင် Hollis Maynell ဖြစ်လေသည်။ သို့သော် ထိုအမျိုးသမီသည် သူ ထင်မှတ်ထားခဲ့သလို ငယ်ငယ်ရွယ်ရွယ် လှလှပပ မိန်းမချောလေးတစ်ယောက် မဟုတ်ခဲ့ပါ။ အသက် လေးဆယ်ကျော်အရွယ် ခပ်ဝဝ အမျိုးသမီးတစ်ဦး ဖြစ်နေလေသည်။ ခေါင်းပေါ်တွင် အသက်ကြီးကြီး အမျိုးသမီးများကြိုက်တတ်သည့် ဦးထုပ်ကို ဆောင်းထားပြီး ဦးထုပ်အောက်တွင် ငွေရောင်ဆံပင်များကို ထွက်ပေါ်နေသည်ကို မြင်တွေ့နေရသည်။ အမျိုးသမီး ဝတ်ဆင်ထားသော စကပ်အောက်မှ ခြေသလုံး တုတ်တုတ်များကိုပင် အထင်းသား တွေ့မြင်နေရလေသည်။ ထိုအချိန်တွင် သူ့ရှေ့တွင် အစောကရှိခဲ့သော  အစိမ်းရောင်ဝတ်စုံပိုင်ရှင် မိန်းခလေးမှာ ခပ်ဝေးဝေးသို့ပင် ရောက်ရှိသွားခဲ့လေပြီ။ 


ထိုတဒင်္ဂလေးတွင် သူ့ခန္ဓာကိုယ်အား နှစ်ကိုယ်ခွဲကာ တစ်ကိုယ်အား အစိမ်းရောင်ဝတ်စုံနှင့် မိန်းခလေးနောက်သို့ လိုက်သွားချင်မိပြီး နောက်တစ်ကိုယ်မှာ ယခု သူ့ရှေ့တွင် ရောက်နေသည့် သူနှင့် စာချင်းအဆက်အသွယ်ဖြင့် သံယောဇဉ်ဖြစ်ခဲ့ရသည့် အမျိုးသမီးအား နှုတ်ဆက်စကား ဆိုရမည့် အသိစိတ်တို့ဖြင့် ဝေခွဲမရ ဖြစ်နေလေမိသည်။ အနီရောင်နှင်းဆီပွင့်ကို ထိုးစိုက်ထားသော အမျိုးသမီးသည် ခပ်ဝဝဖြစ်သော်လည်း နွေးထွေးကြင်နာတတ်မည့် မိခင်တစ်ယောက်၏ မျက်နှာသွင်ပြင်မျိုးရှိပြီး ခဲသားရောင်မျက်ဝန်းများကလည်း အကြင်နာတရားဖြင့် တောက်ပနေခဲ့သည်။ ဖြူဖျော့သော်လည်း သိမ်မွေ့ဟန်ရှိသည့် မျက်နှာပြင်ကတော့ ရင့်ကျက်ခြင်းများဖြင့် တည်ငြိမ်နေလေသည်။ သူသည် လက်ထဲတွင် ဆုပ်ကိုင်ထားသော Hollis Maynell ၏ လက်ရေးများရှိနေသည့် အပြာရောင် သားရေဖုံး စာအုပ်လေးကို ထုတ်လိုက်ကာ သူတို့နှစ်ယောက် တွေ့ဆုံခြင်း၏ သက်သေအဖြစ် အမျိုးသမီးလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

မိခင်အရွယ် ထိုအမျိုးသမီးသည် သူ့အတွက် ချစ်သူတစ်ယောက် မဖြစ်လာနိုင်သော်ငြားလည်း အဖိုးတန် မိတ်ဆွေကောင်းအဖြစ် သို့မဟုတ် ချစ်သူအဖြစ်ထက် ပိုမိုအဓိပ္ပါယ်ရှိသော ခင်မင်တွယ်တာခြင်းမျိုးနှင့် ဆက်လက် ခင်မင်နိုင်ကြသေးသည်ဟု သူက ယူဆမိပါသည်။ ထို့နောက်တော့ သတိအနေအထားဖြစ်အောင် ကိုယ်ခန္ဓအား ပြင်ရပ်လိုက်ပြီး ထိုအမျိုးသမီးကို အလေးပြုလိုက်ကာ သူ့ရင်ထဲက တစ်နှစ်ကျော် ခံစားခဲ့ရသော သံယောဇဉ်၊ တွယ်တာချစ်ခင်ခြင်းများ၊ ပျက်ပြယ်သွားသော မျှော်လင့်ချက်တို့ကြောင့် နာကျင်ကြေကွဲခြင်းများ တို့ဖြင့် ဆို့နင့် မွန်းကျပ်နေသော်လည်း တည်ကြည်လေးနက်သော ယောက်ျားကောင်းပီသစွာဖြင့် ထိုအမျိုးသမီးအား စကားပြောရန် အားထုတ်ရပါတော့သည်။

"ကျွန်တော်က ရေတပ်အရာရှိ John Blanchard ပါ။ ခင်ဗျားက Hollis Maynell ဖြစ်မယ်ထင်ပါရဲ့နော်။ ခုလို တွေ့ဆုံရတာ သိပ်ဝမ်းသာပါတယ်ခင်ဗျာ။ ခင်ဗျားကို ကျွန်တော် ညစာ လိုက်ကျွေးပါရစေ ခင်ဗျာ"

သူ့စကားအဆုံးတွင် အမျိုးသမီး၏ မျက်နှာပြင်သည် ပြည့်ဝ သဘောကောင်းသော အပြုံးစဖြင့် တောက်ပလာလေသည်။ ထို့နောက် "မင်းတို့ချင်း ဘယ်လိုကိစ္စရှိတယ်ဆိုတာ အန်တီမသိပါဘူးကွယ်။ ဒါပေမဲ့ မိန်းခလေးတစ်ယောက်က အန်တီရဲ့ ကုတ်အင်္ကျီပေါ်မှာ ဒီနှင်းဆီပန်းကလေး ထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ပြီးတော့ သူက ပြောပါသေးတယ်။ တကယ်လို့ သားကသာ အန်တီ့ကို ညစာ ဖိတ်ကျွေးဖို့ ကမ်းလှမ်းခဲ့တယ် ဆိုခဲ့ရင် ဒီလမ်းရဲ့ တစ်ဖက်က စားသောက်ဆိုင်ကြီးတစ်ခုမှာ အဲဒီမိန်းခလေးက သားကို စောင့်နေတဲ့အကြောင်းကိုပါ အသိပေး ပြောပြဖို့လည်း မှာလိုက်ပါတယ်။ ပြီးတော့လည်း သူက ဒါဟာ သားလေးကို စမ်းသပ်တဲ့ နည်း တစ်ခုလည်း ဖြစ်တယ်လို့ ပြောပါသေးတယ်။ အဲဒီမိန်းခလေးကတော့ ခုနတင် ဒီရှေ့နားကနေ သွားလိုက်တဲ့ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းခလေးပါ။ ကဲသားရေ. ဒီနှင်းဆီ အနီရောင်လေးကို ယူပြီး မိန်းခလေးဆီ အမြန်ဆုံး သွားပေတော့ကွယ်"

အမျိုးသမီး လှမ်းပေးလိုက်သော အနီရောင်နှင်းဆီလေးကို သူ တယုတယ ကိုင်ဆောင်ကာ အစိမ်းရောင်ဝတ်စုံနှင့် မိန်းခလေး စောင့်နေမည့် စားသောက်ဆိုင်ရှိရာဆီသို့ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။ ထိုခဏခြင်းမှာပင် မှောင်ရီသန်းကာစ ညခင်းချိန်ခါသည်ပင် ကြည်နူးပျော်ရွှင်ခြင်းတို့ကြောင့် လှလှပပလေး လင်းလက်ဝင်းဖြာ လဲ့ရီနေသည်ဟု ထင်မိလေတော့သည်။

A Test of Love (Author Unknown) ကို ဘာသာပြန်ပါသည်။

Image Hosted by PicturePush - Photo Sharing

ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်..

ခိုက်ခိုက်တုန်အောင် အေးခဲလှတဲ့ မနက်ခင်းတစ်ခု...

ကျွန်တော်ဟာ လမ်းလျှောက်ရာကနေ အိမ်ကိုပြန်လာတဲ့လမ်းမှာ ပိုက်ဆံအိတ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ လမ်းဘေးနားက မြက်ပင်တွေကြား ကျနေတဲ့ ပိုက်ဆံအိတ်ဟာ ကျွန်တော့်လိုဘဲ လမ်းလျှောက်တဲ့ သူတစ်ဦးဦးက ပြုတ်ကျခဲ့ဟန် တူပါတယ်။ ပိုက်ဆံအိတ်လေးကို ပိုင်ရှင်ထံ ပြန်ပေးလိုတဲ့အတွက် အိတ်ပိုင်ရှင်ရဲ့ အချက်အလက် တစ်ခုတစ်လေ ရလိုရငြား အိတ်ကို ဖွင့်ကြည့်ချိန်မှာတော့ အိတ်ထဲမှာ ၃ဒေါ်လာမျှသာ ရှိတဲ့ ငွေစအနည်းငယ်နဲ့အတူ  တွန့်ကြေဟောင်းနွမ်းနေတဲ့ စာအိတ်လေးတစ်လုံးကို တွေ့လိုက်ရပါတယ်။ စာအိတ် ဝါကျင့်ကျင့်အရောင်ကို ကြည့်ချင်းအားဖြင့် ဒီစာဟာ သက္ကရာဇ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဟန် တူပါတယ်။


Image Hosted by PicturePush - Photo Sharing 
စာအိတ်ပေါ်မှာတော့ ဒီစာကို လက်ခံသူရဲ့ လိပ်စာကို မတွေ့ရဘဲ စာရေးလိုက်သူရဲ့ လိပ်စာကိုသာ မြင်တွေ့ရပါတယ်။ ကျွန်တော်ဟာ စာထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ရဲ့ လိပ်စာ သို့မဟုတ် သဲလွန်စ တစ်ခုခုတွေ့ရမလားဆိုပြီး စာအိတ်ကိုဖွင့်ကာ ဟောင်းနွမ်းနေတဲ့ စာရွက်ကို ထုတ်ယူပြီး ဖြန့်ဖတ်မိပါတော့တယ်။ စာရွက်ထိပ်စီး နေ့စွဲနေရာမှာ တွေ့လိုက်တဲ့ ရက်စွဲတစ်ခုက ကျွန်တော့်ကို အလွန်အမင်း အံ့အားသင့်စေခဲ့တယ်.။

ဘုရားရေ..  ဒီစာဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀လောက်က ရေးခဲ့တဲ့ စာပါလား ” အပြာရောင်နုနု စာရွက်ကလေးပေါ်မှာ အင်မတန်မှ သပ်ရပ်လှပတဲ့ လက်ရေးလေးတွေ ရှိပြီး စာရွက်ထောင့် ဘယ်ဘက်မှာတော့ ပန်းပွင့်ကလေးတွေကို တွေ့ရတာကြောင့် စာမဖတ်ခင်မှာ ဒီစာဟာ မိန်းခလေး တစ်ဦးဦးက ရေးတဲ့စာလို့ ကျွန်တော် ခန့်မှန်းလိုက်မိပါတယ်။

စာကိုဖတ်ကြည့်တော့ စာရေးသူမိန်းခလေးက သူမချစ်သူ မိုက်ကယ်ထံ ရေးတဲ့စာ ဖြစ်တာကို သိရပါတယ်။  မိန်းခလေးက သူမရဲ့ အမေကြောင့် မိုက်ကယ်နဲ့ ထပ်မံဆုံတွေ့ဖို့ မဖြစ်နိုင်တော့ကြောင်းနဲ့ ဘယ်လိုပင်ဖြစ်စေ သူမကတော့ မိုက်ကယ်ကို အမြဲတမ်း ချစ်နေမှာဖြစ်ကြောင်း ရေးထားတဲ့ စာဖြစ်ပါတယ်.။ စာရဲ့ အောက်ဆုံးမှာတော့ စာရေးသူအမည် ဟန်နာလို့ လက်မှတ်ရေးထိုးထားပါတယ်.။ ကျွန်တော်ထင်ခဲ့သလို မိန်းခလေးတစ်ဦးက ရေးတဲ့စာ ဖြစ်ကြောင်း ထင်ရှားနေပြီးတော့ လက်ခံသူ မိုက်ကယ်ဆိုသူရဲ့ လိပ်စာ မပါတာကြောင့် လူကြုံနဲ့ပါးတဲ့စာ ဖြစ်ပါလိမ့်မယ်။

ဒါနဲ့ ကျွန်တော်ဟာ စာအိပ်ပေါ်မှာပါတဲ့ ဟန်နာဆိုသူ မိန်းခလေးရဲ့ လိပ်စာကို ဆက်သွယ်နိုင်ဖို့ အတွက် တယ်လီဖုန်းရုံးကို ဖုန်းဆက်ပြီး အော်ပရေတာထံကို တောင်းဆိုမှုတစ်ခု လုပ်ပါတယ်။

“ကျွန်တော်ကို တစ်ခုလောက် ကူညီပါလားခင်ဗျာ။ ကျွန်တော်ဟာ ဒီမနက်က ပိုက်ဆံအိတ်တစ်လုံးကို ကောက်ရထားပါတယ်။ အဲဒီအိတ်ကို ပိုင်ရှင်ဆီ ပြန်ပေးချင်တဲ့အတွက် ပိုက်ဆံအိတ်ထဲမှာတွေ့ရတဲ့ စာအိပ်ပေါ်က လိပ်စာရှင်ကို စုံစမ်းနေတာပါ။ လိပ်စာထဲက အိမ်ရှင်နဲ့ စကားပြောချင်ပါတယ်။ တယ်လီဖုန်းနံပါတ်ကို ကျေးဇူးပြု၍ ပြောပြပါလားခင်ဗျာ”

တယ်လီဖုန်း အော်ပရေတာက သူတို့ဌာနရဲ့ ကြီးကြပ်ရေးမှူးနဲ့ စကားပြောကြည့်ဖို့ ကျွန်တော့်ကို အကြံပေးပြီး ဖုန်းကို  ကြီးကြပ်ရေးမှူးထံ လွှဲပြောင်းပေးပါတယ်။ ကြီးကြပ်ရေးမှူးဟာ ဖုန်းထဲကနေ ကျွန်တော်ပြောပြတဲ့ အကြောင်းအရာကို နားထောင်ပြီးနောက် ဘယ်လိပ်စာဆိုတာကို မေးပါတယ်။ ကျွန်တော်လည်း စာအိတ်ပေါ်က လိပ်စာကို ပြောပြလိုက်တဲ့အခါ သူတို့က တယ်လီဖုန်းရှိတဲ့ လိပ်စာစာရင်းတွေထဲ လိုက်ရှာပြီးနောက်မှာ ကျွန်တော့်ကို အကြောင်းပြန်ပါတယ်။

“ရှင် ပြောတဲ့ လိပ်စာကို ကျွန်မတို့စာရင်းထဲမှာလိုက်ရှာတော့  တယ်လီဖုန်းရှိတာကို တွေ့ရပါတယ်။  ဒါပေမဲ့ အဲဒီဖုန်းနံပါတ်ကို ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ရှင့်ကို ပေးဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲ.. ကျွန်မတစ်ခု ကူညီနိုင်တာက အဲဒီဖုန်းနံပါတ်ကို ကျွန်မတို့ ဆက်သွယ်ပြီး ရှင်ပြောပြတဲ့ အကြောင်းတွေကို သူတို့ကို ပြောပြလိုက်လို့ သူတို့က ရှင်နဲ့ စကားပြောချင်တယ်ဆိုရင်တော့ အဲဒီဖုန်းနံပါတ်က အိမ်သားတွေနဲ့ ရှင့်ကို ဆက်သွယ်ပေးပါ့မယ်။” လို့ ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

မိနစ်အနည်းငယ် အကြာမှာတော့ ကျွန်တော့ဆီ ဖုန်းပြန်ဝင်လာပြီး တစ်ဖက်က အိမ်ရှင်က ကျွန်တော်နဲ့စကားပြောဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောပြီးတဲ့နောက် အခြားသူတစ်ယောက်ရဲ့အသံ ပေါ်လာပါတယ်။ တစ်ဖက်က စကားပြောနေတဲ့အသံဟာ အသက် ၅၀ကျော်အရွယ် မိန်းမအသံ ဖြစ်ပါတယ်။  စာထဲက အောက်ဆုံးမှာ လက်မှတ်ထိုးထားတဲ့ ဟန်နာဆိုသူနဲ့ တွေ့လိုကြောင်း ကျွန်တော်က ပြောတဲ့အချိန်မှာ အတန်ကြာ စဉ်းစားနေပြီးနောက် ထိုမိန်းမထံမှ အသံထွက်လာပါတယ်။


“ အိုး..  အန်တီတို့က ဒီအိမ်ကို ဟန်နာတို့ဆီက ဝယ်လိုက်တာပါ။ ဒါပေမဲ့ ဒီအိမ်ကို ဝယ်လိုက်တာ နှစ်ပေါင်း ၃၀တောင် ရှိပါပြီကွယ်။”


“ဒါဆို သူတို့ မိသားစု အခုဘယ်မှာနေတယ်ဆိုတာ အန်တီသိပါသလားခင်ဗျာ” လို့ ကျွန်တော်မေးတော့ စဉ်းစားနေဟန်နဲ့ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီး

“အဲ အန်တီတစ်ခု မှတ်မိပြီ။ ဟန်နာက လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူ့အမေကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ လာတွေ့တာ သိလိုက်ရတယ်။ အဲဒီလိပ်စာမှာ သွားစုံစမ်းရင်တော့ သူတို့သတင်းကို မင်းကြားရလိမ့်မယ်ထင်တယ်”  လို့ပြောလာပါတယ်။

ထိုအမျိုးသမီးက စောင့်ရှောက်ရေး ဂေဟာတစ်ခုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ရယ်၊ ဟန်နာဆိုတဲ့ အမျိုးသမီးရဲ့ မိခင်နာမည်ရယ်ကို ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော်လဲ အဲဒီစောင့်ရှောက်ရေး ဂေဟာကို ဖုန်းဆက်ရပြန်ပါတယ်။ စောင့်ရှောက်ရေးဂေဟာနဲ့ ဖုန်းရတော့ ကျွန်တော်မေးတဲ့ အမျိုးသမီးဟာ ထိုဂေဟာမှာ ရှိခဲ့သော်လည်း လွန်ခဲ့တဲ့ နှစ်များစွာကဘဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်းပြောပြပါတယ်။ သို့ပေမဲ့ ဖုန်းနံပါတ်တစ်ခုတော့ ကျွန်တော့်ကိုပေးလာပြီး အဲဒီဖုန်းနံပါတ်မှာတော့ ထိုအမျိုးသမီးကြီးရဲ့ သမီး ရှိနေနိုင်သေးသည် ထင်ကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်စကားပြောပြီး ဖုန်းကိုချလိုက်ကာ သူတို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို ထပ်ဆက်ပြန်ပါတယ်။ တစ်ဖက်က ဖုန်းကိုင်တဲ့ အမျိုးသမီးက ဟန်နာဆိုသော အဖွားမှာ ယခုအခါတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် နေထိုင် လျှက်ရှိကြောင်း ဖြေကြားပြန်ပါတယ်။ သူပေးတဲ့ လိပ်စာဟာ အစောက ကျွန်တော်ဖုန်းဆက်တဲ့ စောင့်ရှောက်ရေးဂေဟာ မဟုတ်ပါဘူး။ ဒီလိပ်စာက ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာတစ်ခုက သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟောတစ်ခုရဲ့ လိပ်စာပါ။ 
  
ဖုန်းကို ချလိုက်ပြီးနောက် “ငါတော်တော်မိုက်တဲ့သူဘဲ ” လို့ မိမိကိုယ်ကို ပြောလိုက်မိပါတော့တယ်။ ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီး ပိုက်ဆံအိတ်ထဲက ၃ဒေါ်လာလေးနဲ့ နှစ်ပေါင်း ၆၀ကြာနေပြီဖြစ်တဲ့ စာလေးတစ်စောင်ကို ပြန်ပေးဖို့အတွက် ဒီလောက်တောင် အလုပ်ရှုပ်ခံပြီး ဖုန်းဆက်နေတဲ့ ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတော့တယ်။ သို့သော်လည်း ကိစ္စတစ်ခုခုဆို ရေဆုံးရေဖျားလိုက်တတ်တဲ့ ကျွန်တော်ရဲ့ အကျင့်အတိုင်းဘဲ ထပ်ရလာတဲ့ စောင့်ရှောက်ရေးဂေဟာကို ဖုန်းဆက်ပြန်ပါတယ်။ ဖုန်းဖြေတဲ့သူ ထံကနေ “ဟုတ်ကဲ့ ဟန်နာဆိုတဲ့ အမျိုးသမီးဟာ ကျွန်တော်တို့ရဲ့ စောင့်ရှောက်ရေး ဂေဟာမှာ နေပါတယ်” ဆိုတဲ့ အဖြေကြားတော့မှ စိတ်သက်ကာရာရပြီး သက်ပြင်း ချလိုက်မိပါတော့တယ်။

ဒီသတင်းရချိန်ဟာ ည ၁၀နာရီ ရှိနေပါပြီ.. သို့ပေမဲ့ စိတ်အားထက်သန်လှတဲ့ ကျွန်တော်ရဲ့ တွေ့ချင်မှုကို ထိန်းချုပ်ဖို့ရာ မတတ်သာဘဲ “ကျွန်တော်သူ့ကို အခုလာတွေ့လို့ ရမလား မသိဘူး” လို့ တောင်းဆိုမိတော့ တစ်ဖက်က အဲ.. ဆိုပြီး အသံခေတ္တ တိတ်သွားပါတယ်. ထို့နောက်မှ “အင်း သူတကယ်လို့ မအိပ်သေးရင်တော့ ခင်ဗျား တွေ့ရမှာပါ။ အခု တွေ့ချင်တယ်ဆိုရင် သွားတွေ့ကြည့်လိုက်ပါ။ သူ မအိပ်သေးရင်တော့ ဧည့်ခန်းမှာ တီဗီကြည့်နေလောက်ပါတယ်။  အိပ်ပြီဆိုရင်တော့ ဒီနေ့ တွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး ”

တစ်ဖက်က ဖုန်းချသွားတာနဲ့ ကျွန်တော်က ကားသော့ကို ယူပြီး လိပ်စာပါ သက်ကြီးရွယ်အို ဂေဟာကို သွားပါတော့တယ်။

ဂေဟာကို ရောက်ချိန်မှာ အစောင့်နဲ့ ညဆိုင်းတာဝန်ကျ သူနာပြုတစ်ဦးတို့က ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်။ ပြီးတော့ သူနာပြုက ဓာတ်လှေကားဆီ ဦးဆောင်ခေါ်သွားပြီး အဆောက်အဦးကြီးရဲ့ တတိယထပ်ကို တက်ခဲ့ကြပါတယ်။ တီဗီထားကြည့်ရာ ခန်းမကျယ်ကြီးမှာတော့ အဖွားအို တစ်ချို့ တီဗီကြည့်နေကြပါတယ်။ သူနာပြုဆရာမက အဖွားအိုများထဲက တစ်ဦးကို ညွှန်ပြကာ ထိုအဖွားရဲ့ အမည်မှာ ဟန်နာ ဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်။ အဖွားဟာ အင်မတန်မှ ချိုသာတဲ့ မျက်နှာထားရှိပြီးတော့ ငွေရောင်ဆံပင်များက တစ်ခေါင်းလုံးကို ဖုံးလွှမ်းနေခဲ့ပါတယ်။ မျက်ဝန်းတစ်ဝိုက်နဲ့ မျက်နှာပြင် တစ်ခုလုံးပေါ်မှာတော့ ဇရာရဲ့ အရေးအကြောင်းများစွာက ရှုပ်ရှက်ခတ်နေခဲ့သော်လည်း ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပြုံးပြနေတဲ့ သူ့အပြုံးက ငယ်ရွယ်စဉ်တုန်းက အင်မတန်ချောမောလှပ ချစ်စရာကောင်းခဲ့တယ်ဆိုတာ သက်သေပြနေခဲ့ပါတယ်။

ကျွန်တော်က ပိုက်ဆံအိတ်တစ်လုံး ကောက်ရထားတာကြောင့် ပိုင်ရှင်ဖြစ်သူကို လိုက်ရှာနေကြောင်း ၊ အိတ်ထဲက စာလေးတစ်စောင်ကြောင့် ဒီနေရာကို အဆင့်ဆင့် စုံစမ်းပြီးမှ ရောက်လာရကြောင်းကို ပြောပြလိုက်ပြီး စာလေးကို အဖွားအိုရဲ့လက်ထဲ ထည့်ပေးလိုက်ပါတယ်။  စာအိတ်ကို ဖွင့်ကြည့်လိုက်လို့ ထောင့်နားမှာ ပန်းတွေပါတဲ့  အပြာရောင်နုနု စာရွက်လေးကို မြင်လိုက်ရင်ဘဲ အဖွားအိုရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အံ့သြခြင်း၊ ကြည်နူးခြင်း၊ ရှက်သွေးဖြာခြင်း စတဲ့ ခံစားမှုအရိပ်အယောင်တွေ ပေါ်လာတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ အဖွားအိုက တုန်ယင်နေတဲ့ လက်ကလေးတွေနဲ့ စာရွက်ကိုကိုင်ထားပြီး စာရွက်ပေါ်က စာလုံးတွေကို တစ်လုံးချင်း သေချာအားစိုက် ဖတ်နေခဲ့ပါတယ်။ ပြီးတော့မှ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကာ “လူကလေး.. ဒီစာဟာ အဖွားနဲ့ မိုက်ကယ်ကြားထဲက နောက်ဆုံး စာတစ်စောင်ပါဘဲ။ ဟုတ်ပါတယ် အဖွားကိုယ်တိုင် ဒီစာကို ရေးခဲ့တာပါ။” အဖွားအိုဟာ မမြင်နိုင်တဲ့ ခပ်ဝေးဝေး တစ်နေရာကို လွမ်းလွမ်းဆွေးဆွေး ကြည့်လိုက်ပြီး အတန်ကြာ ငြိမ်သက်သွားပါတယ်။

ခဏကြာမှ “အဖွားနဲ့သူဟာ တစ်ယောက်ကိုတစ်ယောက်  သိပ်ချစ်ခဲ့ကြပါတယ်.။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အဖွားအသက်က ၁၆နှစ်ဘဲ ရှိသေးတော့ အဖွားအမေက သိပ်ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖွားကို မိုက်ကယ်နဲ့ သဘောမတူခဲ့ပါဘူး။ ဒါကြောင့် အဖွားလည်း မိုက်ကယ်ကို ချစ်ရက်နဲ့ အဆက်ဖြတ်ခဲ့ရပါတယ်။ မိုက်ကယ်ဟာသိပ်ချောပြီး ယောက်ျားပီသတဲ့သူတစ်ဦးပါ။ စိတ်သဘောလည်း သိပ်ကောင်းပါတယ်။ သူကလည်း အဖွားကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါ။ သူ့နာမည်အပြည့်အစုံက မိုက်ကယ် ဂိုလ်းစတိုင်းပါ။ တကယ်လို့များ သူ့ကို လူကလေး တွေ့ခဲ့တယ်ဆိုရင် ပြောပြလိုက်ပါနော်. အဖွားက သူ့ကို အမြဲတမ်း သတိရနေခဲ့တယ် ဆိုတဲ့အကြောင်းနဲ့.. ” အဖွားက စကားကို ဆက်ပြောဖို့ အနည်းငယ်တွန့်ဆုတ်သွားဟန်နဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး စကားပြောရပ်သွားပါတယ်။

ထို့နောက်မှာတော့ “ အဖွားသူ့ကို ခုချိန်ထိ ချစ်နေသေးတဲ့အကြောင်း၊ အဖွားဟာ ဘယ်တုန်းကမှ ဘယ်သူနဲ့မှ လက်မထပ်ခဲ့ပါဘူး။ အဖွားဘဝမှာ မိုက်ကယ်ကလွဲလို့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူးဆိုတာ သူ့ကို ပြောပြလိုက်ပါ လူလေးရယ်” လို့ ဆက်ပြောကာ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတော့တယ်။ ကျွန်တော်လည်း အဖွားအိုကို စိတ်မကောင်းစွာနဲ့ ပုခုံးလေးကို ဖက်လိုက်ပြီး “သူနဲ့ တွေ့ခဲ့ရင် အဖွားပြောတာကို ဆက်ဆက်ပြောပေးပါ့မယ် ” လို့ ပြောလိုက်ပြီးနောက် နှုတ်ဆက်ကာ ပြန်လာခဲ့ပါတော့တယ်။ ကျွန်တော့်ရင်ထဲမှာတော့ လူတစ်ယောက်ကို နှစ်ပေါင်း ၆၀ကြာ မတွေ့ခဲ့ရသည့်တိုင် မမေ့နိုင်သေးဘဲ ချစ်နေဆဲလို့ ပြောလာတဲ့ အဖွားအိုရဲ့ ချစ်ခြင်းမေတ္တာကို လေးစားအံ့သြမိတာ အမှန်ပါ။


ပထမထပ်ကို ဆင်းဖို့အတွက်  ဓာတ်လှေကားကို စောင့်နေတုန်းမှာ အစောက အစောင့်နဲ့ ထပ်တွေ့ပါတယ်။  “ဘယ်လိုလဲဗျ.. အဖွားအိုဆီက ခင်ဗျားသိချင်တာတွေ သိလိုက်ရဲ့လား ” လို့မေးလာပါတယ်။ ကျွန်တော်လည်း “ ဟုတ်ကဲ့.. သူ့ဆီကတော့ နောက်ထပ် သဲလွန်စတစ်ခု ကျွန်တော်ရခဲ့ပါတယ်။ နာမည်တစ်ခုရဲ့ အနောက်က စာလုံးပေါ့ဗျာ။ ဒါပေမဲ့ ဒီနေ့အဖို့တော့ ရှာဖွေတဲ့အလုပ် ရပ်တော့မှဖြစ်မယ် ။ ကျွန်တော် မနက်ကနေ ဒီနေ့တစ်နေ့လုံး ဒီပိုက်ဆံအိတ်ရဲ့ပိုင်ရှင်ကို ရှာနေတာ ခုချိန်ထိပါဘဲ။” ပိုက်ဆံအိတ်ကို အစောင့်မြင်သာအောင် ထောင်ပြလိုက်ပြီး ပြောလိုက်မိပါတယ်။ ကျွန်တော်ကောက်ရတဲ့ ပိုက်ဆံအိတ်ဟာ အညိုရောင် ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်လေးဟာ သူလိုငါလို သာမန်အိတ်ကလေးပါဘဲ ။ ဘာမှ ထူးထူးခြားခြား မဟုတ်ပေမဲ့ အညိုရောင်သားရေအိတ်ရဲ့ ထောင့်မှာ အနီရောင် အမှတ်အသားလေး တစ်ခု ရှိနေခဲ့ပါတယ်။

အစောင့်ဖြစ်သူက ကျွန်တော်ထောင်ပြလိုက်တဲ့ ပိုက်ဆံအိတ်ကို သေသေချာချာ စိုက်ကြည့်နေခဲ့ပါတယ်။ “ဟေး.. ခဏ.. ခဏနေပါဦးဗျ.. ကျွန်တော်မှတ်မိပြီ.. ဒီပိုက်ဆံအိတ်ဟာ အဖိုးအို ဂိုလ်းစတိုင်းရဲ့ အိတ်ပဲ.. ဒီအိတ်ကို ကျွန်တော်ဘယ်နေရာမှာတွေ့တွေ့ မှတ်မိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအိတ်ရဲ့ ထောင့်မှာပါတဲ့ အနီရောင် အမှတ်အသားကြောင့်ပါဘဲ။ သူဟာ ဒီအိတ်ကို ခဏခဏကျပျောက်တတ်တယ်. ကျွန်တော်တောင် သူ့အိတ်ကို ဒီအဆောက်အဦးထဲမှာ ကောက်ရလို့ ပြန်ပေးရတာ ၃ကြိမ်လောက် ရှိဖူးတယ် ”

“ဗျာ.. ဘယ်သူ အဖိုးဂိုလ်းစတိုင်းဟုတ်လား ” မေးလိုက်တဲ့ ကျွန်တော့်အသံထဲမှာ အံ့သြမှုတွေ ပါဝင်နေခဲ့သလို ကျွန်တော့ရဲ့ လက်တွေတောင် တုန်ယင်လို့လာပါတယ်။

“ဟုတ်တယ် အဖိုးဂိုလ်းစတိုင်းဆိုတာ ဒီသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာရဲ့ ရှစ်ထပ်မှာ နေထိုင်တဲ့ အစောင့်အရှောက်ခံ အဖိုးအိုတစ်ဦးဘဲလေ။ ဒီအိတ်ဟာ မနက်ခင်း သူလမ်းလျှောက်ထွက်တဲ့အခါ ကျခဲ့တာဖြစ်မယ်။ ဒီဝင်းထဲမှာတော့ တစ်နေရာရာမှာ ကျခဲ့ရင် ကျွန်တော်တို့ ပြန်တွေ့မှာဘဲလေ ”

ကျွန်တော် အစောင့်ဖြစ်သူကို ကျေးဇူးတင်စကားပြောပြီး ဂေဟာရုံးခန်းကို အပြေးအလွှားသွားရောက်ကာ အစောင့်ပြောလိုက်တဲ့ စကားတွေကို ပြောပြလိုက်ပြီးနောက် သူနာပြုတစ်ချို့နဲ့ ကျွန်တော်တို့ဟာ ဓာတ်လှေကားကနေ ရှစ်ထပ်ကို တက်လာခဲ့ကြပါတယ်။ အဖိုး ဂိုလ်းစတိုင်းတစ်ယောက် အိပ်ရာမဝင်ပါစေနဲ့ဦးလို့ ဓာတ်လှေကားစီးနေတဲ့ တစ်လျှောက်လုံး ကျွန်တော် ဆုတောင်းနေမိပါတယ်။

ရှစ်ထပ်ရောက်ချိန်မှာတော့