Showing posts with label ဘာသာပြန် ခံစားမှု ၀တ္ထုများ. Show all posts
Showing posts with label ဘာသာပြန် ခံစားမှု ၀တ္ထုများ. Show all posts

ကျွန်မရဲ့ချစ်သူ အကြောင်း

ကျွန်မရဲ့ ဘဝမှာ အချစ်မြတ်နိုးဆုံး လူတစ်ယောက် ရှိပါတယ်။ ကျွန်မ ချစ်ရတဲ့ သူ့အကြောင်းလေးကို အားလုံးသိအောင် ပြောပြချင်မိပါတယ်။ သူ့အကြောင်း မပြောခင်မှာ ကျွန်မအကြောင်းကို ဦးဆုံး ပြောပြဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ကျွန်မအကြောင်း စပြောရမယ်ဆိုရင် ကျွန်မနာမည်က Bobby ပါ။ ကျွန်မဟာ ငယ်ရွယ်စဉ်တုန်းကတော့ လှပချောမောပြီး ချစ်စရာ မိန်းမငယ်လေး ဖြစ်ခဲ့ပေမဲ့လည်း ခုချိန်မှာတော့ အသက် ၈၉နှစ် ဖွားဖွားအရွယ် ဖြစ်လို့နေပါပြီ။ အသက်ကြီးရင့်လာတဲ့ အဖွားတစ်ယောက် ဖြစ်နေတဲ့အပြင် ကျွန်မမှာ သားအိမ်ကင်ဆာရဲ့ ဖိစီးနှိပ်စက်မှုကြောင့်  ချုံးချုံးကျလို့ နေပါပြီ။ ဓာတ်ကင်တာလည်း အကြိမ်ကြိမ် လုပ်နေရပြီး ပြင်းထန်လှတဲ့ ကင်ဆာဆေးတွေကြောင့် ကျွန်မရဲ့ ခေါင်းပေါ်က ဆံပင်တွေဟာ ကျွတ်ကျကုန်ပြီးတော့ ခုချိန်မှာ ကတုံးနီးပါး  ဖြစ်နေခဲ့ရပါပြီ။ အဆိုးဆုံးကတော့ အာရုံကြောပါ ထိခိုက်ပြီး ကျွန်မရဲ့ ဘယ်ဘက်လက်နဲ့ ခြေထောက်ဟာ လှုပ်ရှားလို့ မရတော့တာကြောင့် လမ်းလည်း မလျှောက်နိုင်တော့ပါဘူး။

Image Hosted by PicturePush - Photo Sharing
ကျွန်မ အသက် ၈၉နှစ်အရွယ် ဖွားဖွား Bobby


အခုတော့ ကျွန်မဟာ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုက ဖွင့်လှစ်ထားတဲ့ အသက် ၇၅နှစ်အထက် သက်ကြီး ရွယ်အိုများ စောင့်ရှောက်ကုသရေး ဆေးရုံကလေးမှာ ဆေးကုသမှုကို သွားပြီး ခံယူနေရပါတယ်။ အဲဒီဂေဟာဟာ အသက်ကြီးနေတဲ့ လူမမာများ၊ ကင်ဆာရောဂါသည်များအတွက် ကျန်နေတဲ့ ဘဝလက်ကျန်အချိန်လေးမှာ ဆေးရုံတစ်ခုရဲ့ အငွေ့အသက်များကို လုံး ၀မခံစားရစေဘဲ အေးအေး ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားနိုင်ဖို့အတွက် အထူးအလေးထားပြီး ကူညီနေတာ ဖြစ်ပါတယ်။ အဲဒီမှာ ဆေးကုသခံယူခွင့်ရတာဟာ ကျွန်မအတွက် သက်သောင့်သက်သာ ရှိလှသလို အဆင်ပြေချောမွေ့ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက် ဝမ်းနည်းစရာကောင်းတာက လမ်းလည်းမလျှောက်နိုင်၊ ဘယ်ဘက် လက်ကလည်း မလှုပ်ရှားနိုင်ဘဲ ထိုင်ခုံတစ်လုံးပေါ်မှာသာ ငြိမ်သက်စွာ ထိုင်နေရတာကြောင့် ကျွန်မချစ်သူကို ဘာမှ ပြန်ပြီး မလုပ်ပေးနိုင်၊ မကူညီပေးနိုင်တော့တာကိုပါ။

Image Hosted by PicturePush - Photo Sharing

သူ… ကျွန်မသိပ်ချစ်တဲ့ ကျွန်မကိုလည်း သိပ်ချစ်ပြီး နာလည်းပေးတတ်လွန်းတဲ့ ကျွန်မချစ်သူကတော့ Gene Bonty ဖြစ်ပါတယ်။ သူက အခုဆို အသက် ၉၀ ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်မ မျက်စိထဲမှာတော့ ကြည့်ချင်စဖွယ် ကောင်းလောက်အောင် ခန့်ညားချောမောတုန်း၊ အားကိုးချင်စရာကောင်းနေတုန်းပါဘဲ။ Gene ဟာ ကျွန်မ ဒီ ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေချိန်ကစလို့ သူတစ်ယောက်တည်း အိမ်ကို သန့်ရှင်းရေးလုပ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ ဈေးဝယ် စတာတွေ လုပ်နေရပြီးတော့ ကျွန်မကိုလည်း ပြုစုစောင့်ရှောက်ရပါတယ်။ မနက်ခင်း နိုးလာချိန်တိုင်းဘဲဖြစ်ဖြစ်၊ သူလုပ်စရာ ရှိတာတွေ လုပ်ပြီးချိန်မှာဘဲဖြစ်ဖြစ် ကျွန်မရဲ့ နဖူးလေးကို အသာအယာစမ်းပြီးတော့ ဒီနေ့ဘယ်လိုနေလဲ၊ နေကောင်းရဲ့လား၊ သက်သာရဲ့လား စသဖြင့် ကြင်နာယုယစွာ မေးမြန်းတတ်ပါတယ်။ အဲဒီလိုချိန်မျိုးမှာ ကျွန်မရင်ထဲမှာ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စတဲ့ ခံစားချက်ပေါင်းစုံကို ခံစားရပါတယ်။ ဒုက္ခသည်တစ်ယောက်ဖြစ်နေတဲ့ ဇနီးမယားကို ငြူစူုခြင်းမရှိဘဲ ကြင်နာ ယုယစွာ ဂရုစိုက်တုန်း၊ ချစ်နေတုန်းရှိတဲ့ သူ့ကို ကျွန်မ ဘယ်လောက်တောင် အားကိုး တွယ်တာမိမလဲ ဆိုတာ ရှင်တို့ဘဲ စဉ်းစားကြည့်ပါလားနော်။

Image Hosted by PicturePush - Photo Sharing



အမြဲတမ်း ဒီလို ယုယကြင်နာတတ်တဲ့ ကျွန်မ ချစ်သူ Gene


Image Hosted by PicturePush - Photo Sharing
သူချက်ကျွေးတဲ့ အစားအစာတွေ စားသောက်ပြီးတာနဲ့ နေ့ခင်းတရေးတမောအိပ်ဖို့ ကျွန်မကို အိပ်ရာထဲ လိုက်ပို့ပါတယ်။ ကျွန်မအိပ်ရာထဲရောက်ပြီ ဆိုတာနဲ့ Gene ဟာ အိမ်နဲ့ အနည်းငယ်ဝေးတဲ့ စူပါမားကက်မှာ ဈေးသွားဝယ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
တစ်ယောက်တည်း ဈေးဝယ်နေတဲ့ Gene


Image Hosted by PicturePush - Photo Sharing

 ဈေးဝယ်ပြီး ပြန်လာပြီ


Image Hosted by PicturePush - Photo Sharing

ဈေးက ဝယ်လာတဲ့ စားသောက်ဖွယ်ရာတွေကို ရေခဲသေတ္တာထဲကို Gene က ထည့်နေတာပါ။ ရေခဲသေတ္တာ ပေါ်မှာတော့ ကျွန်မတို့၂ယောက်ရဲ့ ချစ်လှစွာသော မြေးတွေရဲ့ ဓာတ်ပုံကို ကပ်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing



ညနေစာ ပြင်ဆင်ချက်ပြုတ်နေတဲ့ Gene ကို ဘာတစ်ခုမှ မကူညီနိုင်ဘဲ ကျွန်မက ထိုင်ကြည့်နေခဲ့ပါတယ်။ ဘာမှ မကူညီနိုင်ပေမဲ့ သူလုပ်နေတာကို ခုလိုထိုင်ကြည့်နေရတာကို သူက စိတ်မညစ်ဘဲ ကျေနပ်နေတတ်ခဲ့သလို ကျွန်မအတွက်လည်း စိတ်ချမ်းမြေ့စွာနဲ့ ပျော်ရွှင်ကျေနပ်နေခဲ့ရတာပါ။ ကျွန်မတို့၂ယောက် အတူတူရှိနေခွင့်ရနေတာကိုက ကျေနပ်စရာဘဲ မဟုတ်ပါလားနော်။


Image Hosted by PicturePush - Photo Sharing



ဘေးနားကနေ  ကျွန်မက ခုလို စကားတွေ တစ်တွတ်တွတ် ပြောနေရင်လည်း သူက သဘောကျနေတတ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ကျွန်မစားနိုင်ဖို့ အားလုံး အဆင်သင့် လုပ်ပေးနေတဲ့ ကျွန်မချစ်တဲ့ Gene..

အစာစားတဲ့အချိန်မှာ တစ်ယောက်စီ စားသင့်တယ်လို့ ဆရာဝန်က ညွှန်ကြားထားတဲ့အတွက် စားပွဲမှာ ကျွန်မတစ်ယောက်တည်း စားသောက်နေရပါတယ်။

Image Hosted by PicturePush - Photo Sharing 
ညစာစားသောက်ပြီးတဲ့အချိန်မှာတော့ ဧည့်ခန်းထဲမှာ ထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတတ်ကြတယ်လေ။

Image Hosted by PicturePush - Photo Sharing 
အဲဒီလို ရှေးဟောင်းနှောင်းဖြစ်ပြောနေရင်းမှာ Gene က ဓာတ်ပုံတွေ သွားယူလာတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ဒီဓာတ်ပုံတွေ ပြန်ကြည့်မိတော့ ကျွန်မကိုယ်တိုင် ငယ်ရွယ်နုပျိုလာသလို ခံစားမိရတတ်ပါတယ်။

အပေါ်က ငယ်ရွယ်လှပတဲ့ စုံတွဲပုံက ဘယ်သူ့ပုံများ ဖြစ်မယ်လို့ထင်ပါသလဲရှင်..



အဲဒီဓာတ်ပုံဟာ လွန်ခဲ့သော ၆၈နှစ်က လက်ထပ်မင်္ဂလာပွဲ ဆင်နွဲစဉ်မှာ ရိုက်ကူးထားတဲ့ ကျွန်မနဲ့ ကျွန်မချစ်သူ Gene တိုရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ပုံထဲမှာတော့ ကျွန်မရော Gene ဟာ ငယ်ရွယ်နုပျိုဆဲ၊ လန်းဆန်းတက်ကြွဆဲ ဖြစ်နေတဲ့ ချစ်စရာအကောင်းဆုံး အရွယ်တွေပေါ့။ အဲဒီအချိန်တုန်းကလည်း ကျွန်မတို့ နှစ်ယောက်ဟာ သိပ်ချစ်ကြသလို အခု အသက် ၈၉နှစ်အရွယ် ကျွန်မနဲ့ အသက် ၉၀အရွယ် Gene တို့ဟာလည်း ငယ်ရွယ်စဉ်တုန်းက ချစ်ခဲ့ကြတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်နှစ်သက်ကြဆဲ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို  အသက်အရွယ်ကြီးရင့်ခြင်း၊ ရုပ်ဆိုးခြင်း၊ ဒုက္ခိတဖြစ်ခြင်း စတာတွေက ဘာတစ်ခုမှ နှောက်ယှက် ဟန့်တားနိုင်မှာ မဟုတ်သလို ကျွန်မတို့ရဲ့ အချစ်တွေ ပျက်စီးသွားအောင်လည်း ဘယ်လိုအရာကမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူးရှင်။

Gene ဟာ ကျွန်မဘဝအတွက် အကောင်းဆုံး ချစ်သူ ဖြစ်သလို အကောင်းဆုံး ခင်ပွန်းလဲဖြစ်ပါတယ်။ သူက ကျွန်မကို အမြဲတမ်း ချစ်နေမှာ ဖြစ်သလို ကျွန်မကလည်း သူ့ကို ကျွန်မ သေဆုံးချိန်ထိ ချစ်နေမှာပါ။ ကျွန်မပြောပြာတဲ့ ကျွန်မရဲ့ ချစ်သူအကြောင်းကို အားလုံးလည်း သိကြပြီ ထင်ပါတယ်နော်။ ကျွန်မဟာ သူနဲ့ ချစ်ခွင့်ရတဲ့အတွက်၊ သူနဲ့ အိမ်ထောင်ကျခဲ့မိတဲ့အတွက် ကံအကောင်းဆုံး ဖြစ်တယ်လို့လဲ  ထင်ပါတယ်။ ဒါကြောင့် အားလုံးလည်း ကျွန်မလို ကံကောင်းကြပါစေ၊ တစ်သက်လုံး ချစ်ခင်မြတ်နိုးနိုင်တဲ့ ချစ်သူနဲ့ တွေ့ဆုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်...


**************************************


အိမ်ထောင်ကွဲတွေ များပြားလာတဲ့ ဒီခေတ်မှာ သက်ထက်ဆုံးတိုင် ချစ်ခင် ကြင်နာသွားကြတဲ့ လေးစားဖွယ် အဖိုးအို Gene နဲ့ အဖွားအို Bobby တို့ရဲ့ ချစ်ခြင်းမေတ္တာကို အားကျ အတုယူစေနိုင်ဖို့ Vani Nalliah ရဲ့  Love and Care Story အမည်ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ဆီလျှော်အောင် ခံစားရေးဖွဲ့ဘာသာပြန်ပါတယ်ရှင်။



Image Hosted by PicturePush - Photo Sharing

လှပတဲ့ အချစ်လက်ဆောင်


တုတ်ကောက် အဖြူရောင်လေးကို လက်ကကိုင်ပြီး စမ်းကာစမ်းကာနဲ့ ကားပေါ်ကို တက်လာတဲ့ ဆူဆန်ကို  ဘတ်စ်ကားပေါ်က ခရီးသည်တွေက စာနာသနားတဲ့ အကြည့်နဲ့ ကြည့်လို့ နေကြပါတယ်… သူမက အသက် ၃၅ နှစ်အရွယ်ရှိပြီး ချောမောလှပ ဆွဲဆောင်မှုကောင်းတဲ့ မိန်းခလေး တစ်ယောက်ဖြစ်သလို ကိုယ်လုံး ခပ်သွယ်သွယ်လေးနဲ့ အ၀တ်အစားကိုလည်း စမတ်ကျကျ ၀တ်ဆင်ထားတာကြောင့် ကြည့်ရတာ ရှင်းသန့်ကြော့မော့လို့ နေပါတယ်။ ကားပေါ်ရောက်တော့  ကားမောင်းတဲ့လူကို  ပိုက်ဆံ လှမ်းပေးလိုက်ပြီး  သူ့လက်တွေနဲ့လိုက်စမ်းရင်း ခုံနေရာလွတ်ကို ရှာဖွေပါတယ်။ လူမရှိတဲ့ ထိုင်ခုံလွတ် တစ်ခုကိုတွေ့တော့ သူမက ထိုခုံလေးမှာ ထိုင်ချလိုက်ပြီး ကိုင်လာတဲ့ လက်ဆွဲအိတ်ကို ပေါင်ပေါ် တင်လိုက်ကာ  တုတ်ကောက်လေးကိုတော့  ခုံဘေးနားမှာ ထောင်ထား  လိုက်ပါတယ်..

ဆူဆန်ဟာ ချောမောလှပပေမဲ့ တကယ်တမ်းတော့  မျက်စိ မမြင်ရှာသူ တစ်ယောက်ပါ… လွန်ခဲ့တဲ့တစ်နှစ်လောက်မှာ သူမ နေမကောင်းဖြစ်တော့ မှားယွင်းတဲ့ ဆေးကုသမှုတစ်ခုကြောင့် မျက်စိ ၂ဘက်လုံး ကွယ်သွားတဲ့ ဘ၀ကို  ရောက်သွားခဲ့ရပါတော့တယ်။  အဲဒီချိန်က စလို့ ဆူဆန်ရဲ့ ဘ၀ဟာ မဲမှောင် အေးခဲနေတဲ့ ကမ္ဘာကြီးထဲကို ပစ်ချခံလိုက် ရသလို ဖြစ်သွားခဲ့ရပြီး ဘ၀ကို နာကျည်းတဲ့စိတ်တွေ၊  မုန်းတီး အားငယ်မှုတွေ၊ ကိုယ့်ကိုယ်ကို ယူကြုံးမရ၊ သနားမိတဲ့ စိတ်တွေ၊ ဒေါသတွေနဲ့ ပူလောင် နေခဲ့ရပါတယ်.. နောက်ဆုံးတော့ သူ့ဘ၀၊ သူ့အနာဂတ် တစ်ခုလုံးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ မတ်ခ်ကိုသာ လုံးလုံး မှီခိုအားကိုးဖို့သာ  ရှိပါတော့တယ်…


မတ်ခ်ဟာ လေတပ် အရာရှိတစ်ယောက် ဖြစ်ပြီး ဆူဆန့်ကိုလဲ အလွန်ကို ချစ်ခင်မြတ်နိုးပါတယ်…  သူမ မျက်စိ အမြင်အာရုံ ပျောက်ကွယ်သွားတော့ ဆူဆန်စိတ်ဓာတ်တွေ ပြန်လည် ကောင်းမွန် တက်ကြွလာအောင်၊ သူမ အားမငယ်အောင်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် ရပ်တည်လာနိုင်အောင်၊ ဂရုတစိုက်နဲ့ အစွမ်းကုန် ကူညီဖေးမပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..  ဆူဆန် ပြန်လည် ကျန်းမာ သန်စွမ်းလာတဲ့ အချိန်မှာ သူမနဲ့ သင့်လျှော်မဲ့ အလုပ်တစ်ခုခုကို အဆင်သင့် ထားရှိပေးဖို့ ဆူဆန်ရဲ့ အရင်အလုပ်ရှင်ထံမှာ သွားရောက် တောင်းဆို ပေးထားခဲ့ပါတယ်။

မတ်ခ်ရဲ့ ဂရုစိုက် ပြုစုယုယမှုတို့ကြောင့် ဆူဆန်ဟာ အလုပ်ပြန်လုပ်ဖို့အထိ စိတ်ရော ကိုယ်ပါ တဖြေးဖြေး တိုးတက် ကောင်းမွန်လာခဲ့တယ်.. တဖြေးဖြေးနဲ့ စိတ်ဓာတ်တွေ ကြံ့ခိုင် လာပါပြီ.. ဒါပေမဲ့ မျက်စိမမြင်သူ တစ်ယောက်အနေနဲ့ အလုပ်ကို ဘယ်လိုသွားမလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ.. အရင်ကတော့ သူမဟာ အလုပ်ကို ဘတ်စ်ကားနဲ့ အမြဲသွားခဲ့ပါတယ်.. ခုချိန်မှာတော့ ဘတ်စ်ကားစီးဖို့ဆိုတာ သူမ တစ်ယောက်တည်း အတွက်တော့ အတော့်ကို ထိတ်လန့် စိုးရိမ်စရာပါ…  ဒါပေမဲ့ အလုပ်ဝင်ချိန်မှာတော့ မတ်ခ်က  သူ့အလုပ်လုပ်တဲ့နေရာနဲ့  ဆူဆန် အလုပ်သွားရမဲ့ နေရာဟာ ဆန့်ကျင်ဘက် ဖြစ်နေပေမဲ့လို့ နေ့စဉ် နေ့တိုင်း ဆူဆန့်ကို ကားမောင်းပြီး အရင်လိုက်ပို့ပါတယ်.. ပြီးတော့မှ သူ့အလုပ်ရှိရာကို ပြန်သွားပါတယ်။ ညနေ အလုပ်ဆင်းချိန်မှာလည်း မတ်ခ်က ဂရုတစိုက် ပြန်လာကြိုပါတယ်.. အဲဒီလို မတ်ခ်ရဲ့ ဂရုစိုက်မှု၊ အကာအကွယ်ပေးမှု၊ စိတ်လက်ရှည်စွာနဲ့ စောင့်ရှောက်ပေးမှု တွေအတွက် ဆူဆန်ကလည်း ကျေနပ်ဝမ်းမြောက်ခြင်း၊ ကျေးဇူးတင်ခြင်း များစွာနဲ့ မတ်ခ်ကို ပိုလို့ အားကိုးချစ်ခင် မိရပါတော့တယ်။


ဒီလိုနဲ့ အလုပ်မှာ အသားကျလာပြီး သိပ်မကြာခင်မှာတော့ ဘတ်စ်ကားနဲ့ပဲ အလုပ်ကိုသွားဖို့ မတ်ခ်က ဆူဆန့်ကို တိုက်တွန်းလာပါတယ်.. မတ်ခ်ရဲ့စကားကို ကြားတော့ ဆူဆန်က သိပ်ကို ဒေါသဖြစ်မိပါတယ်. “သူမလို အမြင်အာရုံ ဆုံးရှုံးထားရသူက အပြင်ကို ဘယ်လိုများ တစ်ယောက်တည်း  သွားနိုင်မှာတဲ့လဲ…  ဒါကို မတ်ခ်က မစဉ်းစားမိဘူးလား၊ သူမကို ခုလို အလိုက်သွားပြန် ကြိုပို့လုပ်နေတာ ငြီးငွေ့ပြီလား၊ ပင်ပန်းတယ်လို့ ထင်နေပြီလား၊ သူ တာဝန်မယူချင်တော့ဘူးလား” လို့ စိတ်ထဲက တွေးမိရင်း ၀မ်းနည်း ဒေါသတွေ ဖြစ်လာရပါတော့တယ်… ဒါကြောင့်လဲ ဆူဆန်က မတ်ခ်ကို  ခါးခါးသီးသီးနဲ့ ပြင်းထန်စွာ ပြောလိုက်မိပါတယ်။


“ကျွန်မက အကန်းလေ၊ အကန်းတစ်ယောက်က ဘယ်နေရာကို ဘယ်လို သွားရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ..   ရှင်က ကျွန်မကို အခုလို ကြိုပို့ လုပ်ပေးရတာ၊ တာဝန် ယူရတာ ငြီးငွေ့ပြီလား… မပို့ပေးချင်တော့ဘူးလား၊ ကျွန်မထင်တာတော့ ရှင် ကျွန်မကို စွန့်ပစ်ချင်နေပြီ မဟုတ်လား ၊ ရှင်တို့ယောက်ျားတွေက ဒီလိုပါဘဲ။ ကြာလာရင် စိတ်မရှည်တော့ဘူး၊ အကြင်နာတွေလည်း လျော့လာကြပြီ၊ ငြီးငွေ့လာကြပြီ ဟုတ်တယ် မဟုတ်လား၊”


ဆူဆန့်ရဲ့ ခါးခါးသီးသီး စကားလုံးက မတ်ခ်ရဲ့ ရင်ထဲကို နင့်ခနဲဖြစ်စေခဲ့ပါတယ်.. ခက်ထန်လှတဲ့ ဆူဆန့်လေသံက သူ့ကို စိတ်ထိခိုက် ကြေကွဲစေပါတယ်.. ဒါပေမဲ့ သူ ဆူဆန့်ကို ဘာမှ တုံ့ပြန် မပြောတော့ပါဘူးး… သူ့အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ သူသိပြီးသားပါ..           သူက  မနက်ခင်းတိုင်း ဆူဆန်နဲ့ အတူတူ ဘတ်စ်ကား လိုက်စီးမဲ့အကြောင်းနဲ့၊ ညနေဆို သူ့ကားနဲ့ ပြန်လာကြိုမဲ့ အကြောင်း ဆူဆန့်ကို ကတိပေးပါတယ်..  ပြီးတော့လဲ အလုပ်ကို ဆူဆန် တစ်ယောက်တည်း ဘတ်စ်ကားနဲ့ မသွားနိုင်မချင်း ဘယ်လောက်ကြာကြာ သူလိုက်ပို့ပါ့မယ် ဆိုတာပါ ကတိပေးပါတယ်။


တကယ်လဲ မတ်ခ်ဟာ သူ့ လေတပ် ယူနီဖောင်းဝတ်ပြီး  မနက်ခင်းတိုင်း ဆူဆန်နဲ့အတူတူ ဘတ်စ်ကား လိုက်စီးပေးပါတယ်…. မျက်စိမမြင်ရပေမဲ့  ကိုယ့်ပတ်ဝန်းကျင်ကို  ဘယ်လို  အာရုံစူးစိုက်ရမယ်၊ မှတ်သားရမယ်ဆိုတာ ဆူဆန့်ကို  သင်ပြပေးပါတယ်.. အထူးသဖြင့် အကြား အာရုံကို အသုံးချဖို့ ပြောပြပါတယ်.. အသံကို နားထောင်ပြီး သူမ ဘယ်နေရာကို ရောက်နေပြီ.. ဘယ်လို ပတ်ဝန်းကျင်မှာ ရှိနေပြီဆိုတာကို မှန်းဆတတ်အောင်၊ ဆုံးဖြတ် တတ်အောင် ဂရုတစိုက် ရှင်းလင်း ပြောပြပါတယ်.. ဘတ်စ်ကားစီးတဲ့ အခါမှာလည်း မတ်ခ်ဟာ ဆူဆန့်အတွက် ထိုင်စရာ ခုံနေရာကို ရှာပေးပြီး သူကတော့ လမ်းတစ်လျှောက်လုံး ကားမောင်းသူရဲ့ အနောက်နားကနေ ဆူဆန့်ကို စောင့်ကြည့်ပြီး လိုက်ပါလာတတ်ပါတယ်..

အဲဒီလိုနဲ့ လမ်းတွေကို ဆူဆန့်အာရုံထဲမှာ မှတ်မိလာနိုင်ပြီလို့ ယူဆရတဲ့ တစ်နေ့မှာတော့ သူမတစ်ယောက်တည်း ဘတ်စ်ကားစစီးဖို့ ဆူဆန် ဆုံးဖြတ်လိုက်ပါတယ်.. တစ်ယောက်တည်း ကားစစီးမဲ့ တနင်္လာနေ့ မနက်ခင်းရောက်တော့   အိမ်က မထွက်ခင်မှာ ဆူဆန်က သူမရဲ့ ယာယီ ဘတ်စ်ကား စီးဖော်၊ သူမရဲ့ ချစ်လှစွာသော ခင်ပွန်း၊ သူမရဲ့ အကောင်းဆုံး ၊ အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်တဲ့ မတ်ခ်ကို သိုင်းဖက်လိုက်ပြီး နုတ်ဆက်စကားကို ပထမဆုံး အနေနဲ့ ပြောလိုက်ပါတယ်.. ဘာလို့ဆို သူမက တစ်ယောက်တည်း အလုပ်ကို သွားရတော့မှာ ဖြစ်လို့လေ၊ ခါတိုင်း ၂ယောက်အတူ သွားနေရာကနေ အခုတစ်ယောက်တည်း သွားရတော့မယ်ဆိုတော့ အားတော့ငယ်တာ အမှန်၊ ဒါပေမဲ့ သူမကိုယ် သူမ အားကိုးဖို့ အချိန်တန်ပြီလို့လည်း ဆူဆန်က တွေးမိပါတယ်.. အိမ်က မထွက်ခင် နှုတ်ဆက်စကားဆိုတဲ့ ဆူဆန်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်လေးတစ်ချို့တောင် ရစ်သိုင်းနေလေရဲ့။


ပထမဦးဆုံးနေ့ တစ်ယောက်တည်း အလုပ်သွားရပေမဲ့ အရာအားလုံး ဖြောင့်ဖြောင့်တန်းတန်းနဲ့ အဆင်ပြေသွားခဲ့ပါတယ်.. သူမဟာ ဘတ်စ်ကားကို တစ်ယောက်လည်း စီးနိုင်ခဲ့ပြီး အလုပ်ကို ချောချောမွေ့မွေ့ဘဲ ရောက်သွားနိုင်ခဲ့ပါတယ်.. ဒီလိုနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး…. နေ့တိုင်းနေ့တိုင်း ဆူဆန်အလုပ်ကို အဆင်ပြေစွာ သွားနိုင်ခဲ့တယ်.. သူမရင်ထဲမှာလည်း  ခါးသီးစိတ်၊ ၀မ်းနည်းစိတ်တွေ၊ လောကကြီးကို မကျေနပ်စိတ်တွေလဲ မဖြစ်မိတော့ပါဘူး.. သူမ ကိုယ့်အား ကိုယ် ကိုးနိုင်ခဲ့ပြီ.. အလုပ်ကို  သူမ ဖာသာ သွားနိုင်ခဲ့ပြီလေ။ သူများကို အားမကိုးရဘဲ ကိုယ်တိုင်လုပ်နိုင်လို့ အောင်မြင်သွားတဲ့အခါ ခံစားရတဲ့ ကျေနပ်ပီတိဟာ သိပ်ကို ချိုမြိန်မှန်းလည်း သူမ နားလည်ခဲ့ပါပြီ။


တစ်ယောက်တည်း သွားနေရတာ အသားကျလာပြီး ရက်နည်းနည်းရလာတဲ့ တစ်ခုသော မနက်ခင်းမှာ ခါတိုင်းလို ဘတ်စ်ကားစီးပြီး အလုပ်ကို ထွက်လာခဲ့တယ်..  ရုံးနားက သူမ ဆင်းနေကျ နေရာ ရောက်တော့ ကားပေါ်ကဆင်းဖို့ ပြင်လိုက်ပါတယ်…. အဲဒီချိန်လေးမှာ ကားမောင်းသူ ဦးလေးကြီးက သူမ မထင်မှတ်ထားတဲ့ စကားလေးတစ်ခွန်းကို လှမ်းပြောလိုက်ပါတယ်…



“သမီးရေ.. ဦးလေးတော့ မင်းကို အားကျ မိပါရဲ့..” တဲ့။


ဒီစကားကြားတော့ ဆူဆန် သူ့နားသူမယုံနိုင်အောင်ဖြစ်မိတယ်.. သူမကို ပြောတယ်လို့တောင် မထင်မိဘူး..  သူမလို မျက်စိမမြင်တဲ့သူ၊ ဘ၀ကို အဆင်ပြေအောင် မနည်း ကြိုးစား နေထိုင်နေရတဲ့ လူတစ်ယောက်ကို အမြင်အာရုံ ကောင်းနေသူတွေက အားကျတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ သူမရဲ့ ဘ၀ကို ဘယ်လိုလူကများ အားကျနိုင်မှာပါလိမ့်.. လို့ တွေးမိကာ သိလိုစိတ်၊ ထူးဆန်း အံ့သြစိတ်နဲ့ ဆူဆန်က ကားမောင်းသူကို ပြန်မေးမိပါတယ်..


“အားကျတယ် ဆိုတာ ကျွန်မကို ပြောတာလားရှင်။ ဘာကြောင့်များ ကျွန်မကို အားကျတယ်လို့ ပြောရတာလဲရှင်…”

သူမ အမေးကို ဦးလေးကြီးက ပြန်ဖြေပါတယ်.. 


အော် သမီးကို အမြဲတမ်း ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်ပေး၊ ပူပန် စောင့်ကြည့်ပေးမဲ့ လူ တစ်ယောက် ရှိနေတာ၊ တွေ့မြင်နေရတာကို  သဘောကျမိလို့ပါကွယ်.   တဲ့


မမြင်ရပေမဲ့ မျက်မှောင်လေး ကျုံ့လိုက်ပြီး ဆူဆန်က ဦးလေးကြီးကို “ဦးလေး ဘာကိုဆိုလိုတာလဲ..”  
လို့ နားမလည်နိုင်စွာ ပြန်မေးလိုက်ပါတယ်..


“အော် သမီးကတော့ ဘယ်သတိထားမိမလဲလေ၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက် သမီး ကားစစီး ကတည်းက လေတပ် ယူနီဖောင်း    ၀တ်ထားတဲ့  ခန့်ခန့် ညားညား လူတစ်ယောက်က ဟိုဘက်လမ်းထောင့်မှာ ရပ်ပြီး သမီး ကားပေါ်က ဆင်းတာကို အမြဲတမ်း စောင့်ကြည့်နေခဲ့တယ်.. သမီး ကားလမ်းကို  ဖြတ်ကူးပြီး ရုံးထဲကို  ၀င်သွားပြီ ၊ စိတ်ချရပြီ ဆိုတော့မှ  သမီးမမြင်မှန်းသိပေမဲ့ လက်ကလေးပြပြီး အဲဒီ နေရာကနေ ထွက်ခွာသွားတတ်တယ်.. သမီးကို သိပ်ဂရုစိုက်တဲ့သူမှန်း သိသာပါတယ်.. ကဲ ကိုယ့်ကို  ဒီလောက် ဂရုစိုက်တဲ့လူ၊ ဒီလောက် ချစ်တဲ့သူ မင်းမှာရှိနေတာ မင်းလောက် ကံကောင်းတဲ့သူ ရှိဦးမလားကွယ်..”  လို့ ပြန်ပြောလာပါတော့တယ်။

အော် တကယ်တမ်းတော့ မတ်ခ်ဟာ သူမကို သိပ်ချစ်ရှာပါလား ဆိုတာ သူမ နားလည်သွားရပါပြီ။ မတ်ခ်ဟာ သူမ ကိုယ်ကို အားကိုးတတ်လာအောင် ပြုစုလေ့ကျင့်ပေးပေမဲ့ သူ စိတ်မချနိုင်စွာနဲ့ သူမ မသိအောင် တိတ်တိတ်လေး စောင့်ရှောင့်ပေးနေခဲ့တာလေ။ ပျော်ရွှင် ကြည်နူးခြင်း၊ စိတ်လှုပ်ရှားခြင်းကြောင့်ကျတဲ့မျက်ရည်တွေ ဆူဆန့်ပါးပြင်ပေါ် စီးကျလာခဲ့ပါတယ်.. သူမဟာ မတ်ခ်ကို  အပြင်မှာ မမြင်နိုင်ပေမဲ့ သူမရဲ့ဘေးမှာ  သူမခင်ပွန်းဟာ အမြဲတမ်း ရှိနေတယ်ဆိုတာ ခံစားနားလည် နိုင်ခဲ့ရပါပြီ.. သူမ ကံကောင်းပါတယ်.. အရမ်းကို ကံကောင်းတယ်လို့ ယုံကြည်မိပါပြီလေ။


မတ်ခ်ဟာ သူမကို အမြင်အာရုံထက် ပိုပြီး တန်ဖိုးရှိ အစွမ်းထက်တဲ့ လှပတဲ့ အချစ် လက်ဆောင်လေး တစ်ခုပေးခဲ့တာပါ… အဲဒီအချစ်ရဲ့ လက်ဆောင် ဆိုတာကို ယုံကြည် လက်ခံဖို့အတွက် သူမ မမြင်နိုင်ပေမဲ့လဲ သိလိုက်နိုင်ပါပြီ.. ရင်ထဲကနေ ခံစားလို့ရပါပြီ.. ခုတော့လဲ သူမရဲ့ မဲမှောင်ပိန်းပိတ် နေတဲ့ ကမ္ဘာထဲကို  မတ်ခ် ပေးတဲ့ အချစ်လက်ဆောင်ရဲ့ ထူးခြားတဲ့ လင်းလက်မှုတွေနဲ့ ထွန်းလင်း တောက်ပလို့ နေခဲ့ပါပြီ.. သူမ ဘာကိုမှ မမြင်ရပေမဲ့ မတ်ခ်ရဲ့ အကြင်နာမေတ္တာကြောင့် သူမရဲ့ ဘ၀လေးဟာ လင်းလက်နေရပါပြီလေ။ ဆူဆန့်ရဲ့ မျက်ဝန်းတွေထဲမှာတော့  သူမအပေါ် ထားတဲ့ မတ်ခ်ရဲ့ သစ္စာရှိခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ချစ်ခင်မြတ်နိုးခြင်း တို့ကြောင့် ကျေးဇူးတင် ၀မ်းမြောက်တဲ့ ပီတိမျက်ရည်တွေနဲ့ ပြည့်လို့…


A gift of Love  ( Unknown Author)ကို ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။

 

ချစ်သူရဲ့ နှင်းဆီလက်ဆောင်


ကျွန်မရဲ့နံမည်က မနှင်းဆီပါ။ နံမည်နဲ့လိုက်အောင် ပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့စွာ လှပတယ်လို့ လူတိုင်းက ပြောကြသလို ကျွန်မရဲ့ ခင်ပွန်းကလည်း ဒီလိုအမြဲ ပြောတတ်ပါတယ်.. ပြီးတော့လည်း ကျွန်မ အနှစ်သက်ဆုံး ပန်းဟာလည်း အနီရောင် နှင်းဆီပန်း များသာ ဖြစ်ပါတယ်..  ကျွန်မရဲ့ ခင်ပွန်းက နှစ်စဉ် နှစ်တိုင်း ချစ်သူများနေ့မှာ ကျွန်မ ချစ်တဲ့ အနီရောင် နှင်းဆီပန်းတွေကို အလွန်လှပ ချစ်စရာကောင်းတဲ့ ပန်းစည်းလေး ပြုလုပ်ပြီး လက်ဆောင်ပေးလေ့ ရှိပါတယ်.. ကျွန်မ ခင်ပွန်းဟာ ကျွန်မကို အလွန် ချစ်ခင်ကြင်နာပြီး အလိုလိုက်တတ်သူ တစ်ယောက် လည်း ဖြစ်ပါတယ်.. ကျွန်မတို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်သာယာပြီး လူတကာ အားကျရတဲ့ စံပြ အိမ်ထောင်ရေး ဖြစ်ခဲ့ပေမဲ့ ကံတရားရဲ့ ရက်စက်စွာ ထိုးနှက်မှုကြောင့် ကျွန်မချစ်တဲ့ ခင်ပွန်းဟာ မမျှော်လင့်တဲ့ မတော်တဆမှု တစ်ခုနဲ့ တိမ်းပါး သွားခဲ့ရပါတယ်.. ကျွန်မဟာ လောကကြီးအလယ်မှာ တစ်ယောက်တည်း အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့သလို ၀မ်းနည်း ဆွေးမြေ့ခြင်း၊ အထီးကျန် အားငယ်ခြင်းတို့ကိုသာ အဖော်ပြုလို့ ဘ၀ကို ငြီးငွေ့စွာ ဖြတ်သန်းရပါတော့တယ်.. နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် ရှိခဲ့တဲ့ ဘ၀မှာ တစ်ယောက်တည်း ကျန်ရစ်တဲ့အခါ ဘယ်လောက်များ အထီးကျန်ခြောက်ကပ်ပြီး ပျင်းရိငြီးငွေ့ဖို့ ကောင်းတယ်ဆိုတာ ခံစားဖူးသူတွေ သိကြမှာပါ။

ဒီနေ့ဟာ ဖေဖော်ဝါရီလ ၁၄ရက် ချစ်သူများနေ့ဖြစ်ပါတယ်… မနက်စောစော အိပ်ရာနိုးနိုးခြင်း ကျွန်မ အရင်ဆုံး သတိရမိတာက ကျွန်မချစ်တဲ့ သူ့ကိုပါ.. ဒီနေ့ရောက်တိုင်း သူ့ဆီကနေ နှင်းဆီနီလေးတွေ လက်ဆောင် ရနေကျ.. ခုတော့ တစ်ယောက်တည်း ကြေကွဲ လွမ်းဆွတ် နေရတဲ့ အထီးကျန် ဘ၀ကို တွေးမိရင်း ၀မ်းနည်းစိတ်က ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဆို့တက်လို့ လာပါတယ်.. ပါးပြင်ပေါ်မှာတော့ ကြေကွဲမျက်ရည်စတွေ စီးဆင်း ကျလာမိပါတယ်.. အဲဒီချိန်လေးမှာဘဲ အိမ်တံခါးခေါက်သံကို ကျွန်မ ကြားလိုက်ရပါတယ်..  အိပ်ရာက အသာထလို့ အိမ်ရှေ့တံခါးအဖွင့်မှာ အံ့သြစရာ မြင်ကွင်းလေးတစ်ခုက ထူးဆန်းစွာ ဆီးကြို လိုက်ပါတယ်.. အလွန်လှပတဲ့ နှင်းဆီပန်းကြီး တစ်စီးက ကျွန်မရဲ့ အိမ်တံခါးအနီးမှာ .. အရောင်ကလည်း ကျွန်မ ကြိုက်တဲ့ အနီရောင်ရင့်ရင့် နှင်းဆီတွေ… မွှေးပျံ့တဲ့ ရနံ့လေးတွေကလည်း ကြူကြူသင်းလို့… နှင်းဆီပန်းလေးမှာ ချိတ်ထားတဲ့ ကဒ်လေးပေါ်မှာတော့ “ချစ်တဲ့ နှင်းဆီလေးအတွက် ချစ်လက်ဆောင်” တဲ့… အခါတိုင်း ကျွန်မ ခင်ပွန်းရှိစဉ်က ချစ်သူများနေ့မှာ ပေးနေကျ ပန်းလက်ဆောင်လေး အတိုင်း တသွေမတိမ်းပါဘဲ.. ရေးထားတဲ့စာက အစ ခါတိုင်းနှစ်တွေနဲ့ တစ်ပုံစံတည်း။





ကျွန်မ သိလိုက်ပါပြီ.. ကျွန်မခင်ပွန်းဟာ မကွယ်လွန်ခင်ကတည်းက ချစ်သူများနေ့မှာ ပန်းလက်ဆောင်ပေးဖို့ ပန်းဆိုင်မှာ ကြိုတင်ငွေချေပြီး မှာထားခဲ့ပုံရပါတယ်… ဒီနှစ်ရဲ့ ချစ်သူများနေ့ဟာ ကျွန်မအတွက် ချစ်ခင်ပွန်းဆီက နောက်ဆုံးရတဲ့ နှင်းဆီပန်း လက်ဆောင်လဲ ဖြစ်ပါလိမ့်မယ်.… ကျွန်မ ခင်ပွန်းဟာ သူသေဆုံးမှာကို ကြိုသိလို့ မှာထားခဲ့တာမျိုး မဖြစ်နိုင်ပါဘူး.. သူဟာ အလုပ်တစ်ခု လုပ်ရင် အချိန်မကျခင်ကတည်းက အမြဲတမ်း ကြိုတင် စီစဉ်တတ်တဲ့ အကျင့် ရှိသူတစ်ယောက်ပါ… တကယ်လို့ အလုပ်သိပ်များလို့ မေ့လျော့သွားခဲ့ ရင်တောင်  ကြိုတင် စီစဉ်ထားခြင်း အားဖြင့် အရာရာဟာ ပုံမှန် လည်ပတ်သွားနိုင်အောင် သူဟာ စေ့စပ်သေချာလှသူ ဖြစ်ပါတယ်…




ကျွန်မ နှင်းဆီပန်းစည်းလေးကို အိမ်ထဲကို တယုတယ ယူဆောင်လာပြီး ပန်းအိုး လှလှလေး  တစ်ခုထဲ ထိုးစိုက်လိုက်ပါတယ်..   ကျွန်မခင်ပွန်းရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံဘေးမှာ ပန်းအိုးလေးကို ချထားလိုက် ပြီးတော့ သူ သက်ရှိထင်ရှား ရှိစဉ်က ထိုင်နေကျ ခုံလေးမှာ ထိုင်ကာ ဓာတ်ပုံလေးနဲ့ ပန်းစည်းလေးကို အတော်ကြာအောင် စိုက်ကြည့်နေမိပါတယ်… ကြည့်နေရင်းမှာဘဲ ကျွန်မတို့ ၂ယောက်ရဲ့ အတိတ်က ပျော်စရာ အချိန်တွေကို တရေးရေးနဲ့ ပြန်မြင်ယောင်လာရင်း ကြည်နူး ပျော်ရွှင်စိတ်နဲ့အတူ ကြေကွဲ ၀မ်းနည်းစိတ်ပါ တစ်ပြိုင်တည်း ခံစားရပါတယ်… သူဟာ ဘာလို့များ ကျွန်မအနားကနေ စောစောစီးစီး ထွက်ခွာသွားရတာပါလဲ.. ခုလိုချိန်မှာ ကျွန်မရဲ့ ဘေးနားမှာ ရှိနေပြီး ဒီပန်းစည်းလေးဟာ သူ ကိုယ်တိုင် ပေးတဲ့ ပန်းစည်းလေးဖြစ်ခဲ့ရင် ဘယ်လောက်များ ပျော်စရာကောင်းလိုက်မလဲနော်.. ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့ ရရှိလိုက်တဲ့ ပန်းစည်းလေးကြောင့် ချစ်သူများနေ့ဟာ ကျွန်မအတွက် အထီးကျန်တဲ့ နေ့တစ်နေ့ မဟုတ်တော့ဘဲ အနည်းဆုံးတော့ ပန်းစည်းလေးကို သတိတရ စီစဉ်ပေးတဲ့သူ ရှိနေသေးတာဘဲ ဆိုတဲ့ စိတ်ခံစားမှုနဲ့အတူ ကျွန်မခင်ပွန်းရဲ့ ချစ်ခင်ကြင်နာခြင်းတွေကို အသစ်တစ်ဖန် ပြန်လည်ရရှိလိုက်သလို ခံစားရပါတယ်..


ဒီလိုနဲ့ တစ်နှစ် ကုန်ဆုံးသွားပြန်ပါပြီ.. ချစ်သူနဲ့ သေကွဲကွဲပြီး တစ်ယောက်တည်းနေရသူအဖို့ ဖြတ်သန်းရတဲ့နေ့တွေကတော့ ပျင်းရိငြီးငွေ့စရာ၊ ခြောက်ခြားစရာ ကောင်းလောက်အောင် လောကကြီး တစ်ခုလုံးဟာ  ကျွန်မအတွက်တော့ အထီးကျန် လွန်းလှပါတယ်.. ပျော်ရွှင်မှု ဆိုတာ ရှာဖွေလို့ မတွေ့တော့လောက်အောင် အရာရာဟာ ကြေမွ ဆိတ်သုန်းလို့၊ ယုံကြည်ချက် အနာဂတ်မဲ့စွာ လမ်းပျောက်နေတဲ့ သူလို ဖြစ်နေပါတော့တယ်… ဒီတစ်နှစ်လဲ ထုံးစံအတိုင်း ဖေဖော်ဝါရီ ၁၄ရက်ဆိုတဲ့ ချစ်သူများနေ့ ရောက်လာပြန်ပါတယ်.. ဒီနေ့ဟာတော့ ကျွန်မအတွက် ဘယ်လိုမှ ထူးခြားတဲ့နေ့ မဖြစ်နိုင်တော့ပါဘူး။ အရင်လို ကြေကွဲခြောက်ကပ်နေတဲ့ နေ့တစ်နေ့သာ ဖြစ်နေဦးမှာပါဘဲလေ။ အထီးကျန် ငြိမ်သက်ခြင်း အတွေးစတွေနဲ့ လွှင့်မျောနေတုန်းမှာဘဲ  အိမ်ရှေ့တံခါး ခေါက်သံလေး မြည်လာတဲ့အတွက်  အပြေးအလွှား သွားရောက်လို့ တံခါးဖွင့်ကြည့်တဲ့အခါမှာ

လရောင်အောက်မှာ...




ချောမာလှပတဲ့ ချစ်စရာ ဂျင်းနီလေးဟာ သူမတို့မိသားစု ပြောင်းရွေ့လာရတဲ့ အိမ်သစ်ကလေးကိုကြည့်ပြီး သိပ်ကို ပျော်ရွှင်ကျေနပ်နေပါတယ်… အိမ်ကလေးက ကြီးမားလှတယ် မဟုတ်ပေမဲ့ နေချင့်စဖွယ်ရှိပြီး သူမအတွက် သီးသန့်အခန်းလေးတစ်ခုလည်း ပါဝင်တာမို့ ပျော်ရွှင်နေမိတာပါ။ သူမက မကြာခင်မှာ  တက္ကသိုလ် စပြီးတက်ရတော့မယ်.. အသစ်စက်စက် တက္ကသိုလ်ကျောင်းသူလေး ဖြစ်လာတော့မဲ့ ဂျင်းနီအတွက် ကိုယ်ပိုင် သီးသန့်အခန်းလေးနဲ့တော့ နေချင်တယ်လေ. သူမတစ်သက်မှာ ကိုယ်ပိုင်အခန်းနဲ့ ဘယ်တုန်းကမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် အခု သူမအတွက် အပိုင်ရတဲ့ အခန်းလေးကို ကြည့်ပြီး တစ်စိမ့်စိမ့်နဲ့ ကျေနပ်ပီတိတွေ ဖြစ်နေခဲ့မိတယ်.. သူမရဲ့ ပစ္စည်း ပစ္စယ တွေကိုတောင် နေရာမချနိုင်သေးဘဲ အခန်းလေးရဲ့ ပြူတင်းမှာ တတ်ဆင်ထားတဲ့ လိုက်ကာလေးဟာ ပြင်ပက လေပြေညင်းလေးရဲ့ တိုက်ခတ်မှုကြောင့် တစ်ဖျတ်ဖျတ် လှုပ်ခါနေတာကိုကြည့်ပြီး သူမစိတ်တွေလည်း ဖျတ်ဖျတ် ခါလို့ပေါ့။ ဒီလိုကျတော့လည်း လောကကြီးက ပျော်ရွှင် ကျေနပ်စရာပါဘဲနော်.. တက္ကသိုလ်မှာ သူငယ်ချင်း အသစ်တွေရပြီး ပါတီတွေ ပျော်ပွဲရွှင်ပွဲတွေ နွဲရပေဦးတော့မယ်.. အိုး.. အဲဒီလို ဘ၀လေးဟာ သူမ သိပ်ကိုလိုချင်ခဲ့တဲ့ ဘ၀လေးပါဘဲလေ။ တက္ကသိုလ်ကျောင်းသူဘ၀ရဲ့ ပျော်ရွှင်လွတ်လပ်ခွင့်တွေ အပြည့်အ၀နဲ့ ပျော်ပစ်လိုက်ဦးမယ် လို့လည်း သူမက တွေးနေမိသေးတော့တယ်။

ကျောင်းစတက်တော့ သူမ မျှော်လင့်ထားသလိုပါဘဲ။ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်... သူငယ်ချင်း အသစ်တွေ အများကြီး ရသလို အတန်းထဲက ကောင်လေးတွေကလည်း ချစ်စရာကောင်းလှတဲ့ သူမကို စိတ်ဝင်စားကြတယ်။ ပြီးတော့ သူမအတွက် ဂုဏ်ယူဝံ့ကြွားစရာက သူမတို့တက္ကသိုလ်မှာ အားကစားသိပ်တော်ပြီး ချမ်းလည်းချမ်းသာ၊ ရုပ်လည်းချောတာကြောင့် နံမည်ကြီး ထင်ရှားနေတဲ့ ဘောလုံး အသင်းခေါင်းဆောင် ကျောင်းသား တစ်ယောက်ကပါ သူမကို စိတ်ဝင်တစားနဲ့ မိတ်ဆက် ချဉ်းကပ်လာတဲ့အတွက် ဂျင်းနီက သိပ်ကို ကျေနပ် ပျော်ရွှင်ပြီး ဂုဏ်ယူနေမိတယ်..   သူငယ်ချင်းမ အသစ်တွေကတောင် သူမကို မနာလိုတွေ ဖြစ်နေကြရတယ်လေ။ ဂျင်းနီကတော့ ကျေနပ်လို့ပေါ့။ သူမက ပေါ်ပြူလာဖြစ်ချင်သူ.. တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအကြားမှာ ထင်ရှားချင်တဲ့သူလေ.. ခုတော့ သူမ ဖြစ်စေချင်သလို ဖြစ်လာတော့မယ်ဆိုတာ ဂျင်းနီက သိနေပြီ.. ဒီတော့ ကျောင်းတက်ရတာ ပျော်ရွှင်စရာနေ့တွေ ဖြစ်လာတော့မယ်ဆိုတာလည်း သူမအတွက် သေချာလို့ဘဲပေါ့။

အချစ်ရဲ့ လှေကားထစ်လေးများ









လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို မေတ္တာသက်ဝင် ချစ်ခင်မိပါတယ်..  သူချစ်မိတဲ့ မိန်းခလေးဟာ ကောင်လေးထက် အသက်၁၀နှစ် ကြီးတဲ့အပြင် ကလေးရှိတဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်ပါတယ်.. ဒီတော့ အချစ်ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေ၊ မိဘ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက ကလေးအမေ မုဆိုးမလဲဖြစ်၊ ကောင်လေးထက်လဲ အသက်ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သဘောမတူ ကန့်ကွက်ကြတယ်ပေါ့နော်။   အဲဒီခေတ်ကာလတုန်းက  အသက်အများကြီး ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သူတို့ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ လက်ကိုင်ထားကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အတင်းစကားဆိုမှုတွေ၊ မိဘဆွေမျိုးတွေရဲ့ မကြည်ဖြူမှုတွေကို ရှောင်လွဲနိုင်ဖို့အတွက် ချစ်သူနှစ်ဦးဟာ လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်ပြေးကြပြီး ဘ၀သစ်ကို စကြဖို့ ဆုံးဖြတ်လိုက်ကြကာ သူတို့နေထိုင်တဲ့ မြို့ငယ်ကလေးနဲ့ဝေးရာ တောင်တန်းတစ်နေရာကို ထွက်ပြေးကြပါတော့တယ်။




လူနေမှုအသိုင်းအ၀ိုင်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ တောင်ပေါ်တစ်ခုက ကျောက်ဂူတစ်ခုထဲမှာ သူတို့ရဲ့ ဘ၀ကို စတင်ခဲ့ကြရတယ်.. အဲဒီမှာဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်.. သူတို့နေတဲ့ တောင်ထိပ်ရောက်အောင် တက်ဖို့ဆိုတာ လမ်းရယ်လို့လဲ မရှိဘဲ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တက်မှသာ ရောက်နိုင်ပါတယ်..  လက်ဗလာနဲ့ စတင်ကြတဲ့ သူတို့ဘ၀ဆီမှာ ဘာဆိုဘာမှ မရှိ၊ လျှပ်စစ်မီးမပြောနဲ့ စားစရာတောင် မရှိတဲ့ နေ့ရက်တွေကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်ကြရပါတယ်.. တောင်ပေါ်မှာတွေ့တဲ့ မြက်နုကလေးတွေ၊ စားကောင်းမယ် ထင်ရတဲ့ အရွက်တစ်ချို့နဲ့ သစ်ဥ၊ သစ်မြစ်ကလေးတွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်..  ကောင်လေးဟာ မိန်းခလေးကို အစစအရာရာ ညှာတာပြီး တောတောင်ထဲမှာ ရနိုင်သမျှ အစားအသောက်လေးတွေကို ရှာဖွေလို့ ကျွေးမွေးပြုစုရှာပါတယ်.. အနီးနားဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေတွေကိုလဲ ခုတ်ထွင်ရှင်းလင်းပြီး အသီးအရွက်လေးတွေ ရှာဖွေစိုက်ပျိုးပါတယ်။ ဘ၀က ခက်ခဲပင်ပန်းလွန်းပါတယ်.. ဒါပေမဲ့ သူတို့ ၂ယောက်ဟာ စိတ်မပျက်ဘဲ တစ်ယောက်ကို တစ်ယောက်အားပေးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။




ညအချိန်တွေမှာ ထွန်းညှိဖို့ မီးအိမ်လေးတစ်ခုကို ကောင်လေးက သူကိုယ်တိုင် ပြုလုပ်ပြီး သူတို့ဘ၀တစ်လျှောက်လုံး ဒီမီးအိမ်ကို အသုံးပြုခဲ့ကြပါတယ်.. မိန်းခလေးဟာ ကောင်လေးကို အမြဲမေးတတ်တဲ့ မေးခွန်းလေးတစ်ခုက “ မင်း ငါနဲ့အတူတူ ခုလို ဘ၀မျိုးနဲ့ ပင်ပင်ပန်းပန်း နေရတာ နောင်တမရဘူးလားဟင်” ဆိုတဲ့ မေးခွန်းလေးပါ။ ကောင်လေးက “ အချစ်ရယ်.. ငါတို့တွေ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်နေကြသားဘဲ။ ငါတို့ဘ၀ အခြေအနေတွေဟာလည်း ခုထက်ပိုပြီး ကောင်းမွန်လာမှာပေါ့။ ခုလဲ မင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေနေရသားဘဲ..  ဘာများ နောင်တရစရာ ရှိသလဲ”  လို့ အမြဲတမ်း ပြန်ဖြေတတ်ပါတယ်။ ဟုတ်သားဘဲနော် ချစ်သူနဲ့ ၂ယောက်အတူတူ နေရရင် ခက်ခဲဆင်းရဲပင်ပန်းပေမဲ့ ချစ်သူမျက်နှာ၊ ချစ်သူအပြုံးကိုကြည့်လို့ အမောဖြေနိုင်သားဘဲလေ။ ဘေးနားမှာ နားလည်ပေးနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူဟာ ကောင်လေးအတွက်တော့ ခွန်အားတစ်ခုဘဲမဟုတ်လား။




အဲဒီတောင်တန်းပေါ်က ဂူလေးတစ်ခုထဲမှာ အတူတူနေထိုင်ကြတာ ၂နှစ်မြောက်တဲ့ အခါမှာတော့ ကောင်လေးဟာ သူချစ်တဲ့ မိန်းခလေးအတွက် တောင်အောက်ကို အလွယ်တကူ တက်ဆင်းပြုနိုင်ဖို့ မာကြောတဲ့မြေသားတွေကို ထွင်းထုပြီး လှေခါးထစ်တွေကို စတင်ပြုလုပ်ပါတော့တယ်… ကောင်လေးဟာ အနှစ် ၅၀ လုံးလုံး တောင်နံရံတွေကို သူကိုယ်တိုင် ထွင်းထုပြီး လှေခါးထစ်တွေ လုပ်လာခဲ့တာ စုစုပေါင်း လှေခါးထစ်လေးတွေ ၆၀၀၀ ကျော်ပါတယ်..  သူဖောက်လုပ်ခဲ့တဲ့ လှေကားထစ်တွေဟာ ချစ်သူအတွက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဖောက်လုပ်ခဲ့တာမို့ နှစ်တွေဘယ်လောက်ကြာကြာ ခိုင်ခံ့စွာ တည်ရှိနေမယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူတို့ ချစ်သူနှစ်ဦးဟာ လူသူမနီး တောင်တန်းကြီးပေါ်က ဂူလေးထဲမှာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာနဲ့ နှစ်ပေါင်း ၅၀ကျော်တဲ့ အထိအောင် သားတွေ သမီးတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။





ဟိုတုန်းက အသက် ၁၉နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်ရလာလို့ အဖိုးအရွယ်ဖြစ်လာတဲ့ အသက်၇၂နှစ်မှာ သူနေ့စဉ် အလုပ်လုပ်နေကျ ယာခင်းလေးဆီကနေ အပြန် အိမ်အရောက်မှာ ရုတ်တရက် လဲပြိုကျသွားပြီး သူချစ်တဲ့ အမျိုးသမီးရဲ့လက်ထဲမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်.. အဖိုးအိုဟာ အသက် သေဆုံးသွားတာတောင် သူ့ချစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ အသက် ထွက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမျိုးသမီးက အသက်၈၂အရွယ် ရှိနေပါပြီ။ အဖွားအိုဟာ နေ့စဉ်နေ့တိုင်းဘဲ သူ့ယောက်ျားရဲ့ အလောင်းထည့်ထားတဲ့ အနက်ရောင်ခေါင်းတလား အစွန်းလေးကို ဆုပ်ကိုင်ပြီး “မင်း ငါ့ကို ကတိပေးခဲ့တယ်လေ. ငါသေတဲ့နေ့အထိ မင်းဟာ ငါ့ရဲ့ အနားကနေ တစ်ဖ၀ါးမှမခွာ ရှိနေပြီး ငါ့ကို စောင့်ရှောက်ပါ့မယ်ဆို။ ငါနဲ့အတူ ရှိနေပါ့မယ်ဆို။ ခုတော့ မင်းက ငါ့ကို အရင်ခွဲသွားခဲ့ပြီနော်။ မင်းမရှိဘဲနဲ့ ငါဘယ်လိုများ ဆက်ပြီး အသက်ရှင်နေထိုင်ရပါ့မလဲ” လို့ တတွတ်တွတ်နဲ့ ပြောဆိုရင်း ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက တစ်လိမ့်လိမ့် စီးကျနေခဲ့ပါတယ်။ အဖွားအိုစိတ်ထဲမှာ သေချာပေါက် တွေးနေပါလိမ့်မယ်.. “ဘာလို့များ သူ့ကိုပါ တစ်ပါတည်း ခေါ်မသွားဘဲ တစ်ယောက်တည်း ချန်ခဲ့ရတာလဲ” လို့။





အသက် ၇၂နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂နှစ်အရွယ် အဖွားအို





အဖိုးအို  Liu





နှစ်ယောက်အတူ ရှိစဉ်က အဖွားအို Xu ရဲ့ ကြည်ကြည်နူးနူး အပြုံး



ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုသော ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ချစ်သူနှစ်ဦး ထွက်ပြေးသွားကြပြီး ရာစုနှစ် တစ်ဝက်လောက်ကြာပြီးတဲ့ နောက် ၂၀၀၁ခုနှစ်မှာမှ  တောတောင်ထဲကို စွန့်စွန့်စားစား ခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသူမနီးတဲ့ တောကြီးထဲက အဖိုးအိုအဖွားအို စုံတွဲနဲ့အတူ အံ့သြဖွယ် လှေကားထစ်ကလေးတွေကို တွေ့ရှိရာကစလို့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေ သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။ အဖိုးအို အဖွားအိုတို့ရဲ့ ၇ယောက်မြောက် သားက “ကျွန်တော့်အဖေနဲ့ အမေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပါတယ်.. သူတို့၂ယောက်ဟာ အတူတူနေခဲ့ကြတဲ့ အနှစ်၅၀လုံးလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကလေးတောင် ခွဲပြီး မနေခဲ့ကြဖူးပါဘူး.. ကျွန်တော့်အမေဟာ တောင်အောက်ကို အတက်အဆင်း ပြုလုပ်ခဲပေမဲ့ အမေ သက်တောင့်သက်သာနဲ့ အတက်အဆင်းပြုလုပ်နိုင်ဖို့ အဖေဟာ သူကိုယ်တိုင် သူ့လက်နဲ့ တောင်နံရံတွေကို ထွင်းပြီး လှေကားထစ်လေးတွေ စုစုပေါင်း ၆၀၀၀ကျော်ကို နှစ်ပေါင်းများစွာ ဖောက်လုပ်ခဲ့တာပါ။ ” လို့  ပြန်ပြောပြပါတယ်။





ချစ်သူအတွက် ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်များပေါ်မှာ တွဲလက်ခိုင်ခိုင်





နေအိမ်ကလေးရဲ့ အတွင်းမှာ




အချစ်ကြီးကြသူ သူတို့၂ဦးရဲ့ အမှတ်ရစရာ ပုံရိပ်များ



တရုတ်ပြည်မှာတော့ ဒီဇာတ်လမ်းလေးဟာ နံမည်ကျော်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ် ထင်ရှားကျော်ကြားလာပါတယ်။ အဲဒီ ဒေသက နယ်မြေ အုပ်ချုပ်သူတွေကလည်း ချစ်သူနှစ်ဦး အတူတူနေထိုင်ခဲ့ကြတဲ့ နေရာလေးနဲ့ အဖိုးအို ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်လေးတွေကို ပြတိုက်လေးတစ်ခု အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်…. ဒီတော့ ချစ်သူနှစ်ဦးရဲ့ စံပြ အချစ်ဇာတ်လမ်းလေးနဲ့ အမှတ်တရတွေဟာ နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေပေလိမ့်ဦးမယ် မဟုတ်ပါလားနော်။ အချစ်စစ်အချစ်မှန်ရင် အဆင့်အတန်း၊ အသက်အရွယ်၊ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ဘယ်လောက်တောင် ခက်ခဲပင်ပန်းတဲ့ ဘ၀ကို ရင်ဆိုင်ရသည်ဘဲဖြစ်စေ သက်ထက်ဆုံးတိုင် အတူတကွ ချစ်ခင်မြတ်နိုးစွာ နေနိုင်ကြတယ်ဆိုတာ ဒီဇာတ်လမ်းလေးက အကောင်းဆုံး သက်သေဘဲ မဟုတ်ပါလား။ သို့သော်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာတော့ ခိုင်မာစွဲမြဲတဲ့ ချစ်ခြင်းမေတ္တာတရားက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေဖို့တော့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်တူကိုယ်တူ အပင်ပန်းခံ ကျော်ဖြတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။ ချစ်ခြင်းမေတ္တာကို အလေးအနက် တန်ဖိုးထားကြသူများအတွက် “အချစ်ရဲ့လှေကားထစ်လေးများ” က အင်အားတစ်ခု ဖြစ်နိုင်ကြပါစေရှင်။




Funzug.com မှ A Love Story of All Time ကို နှစ်ခြိုက်မိသဖြင့် မဖတ်ရသေးသူများ အတွက်ရော၊ ဖတ်ဖူးပြီးသူများပါ အသစ်တစ်ဖန် ပြည်လည်ခံစားနိုင်ဖို့ ဘာသာပြန်ကာ ပြန်လည် မျှဝေပါသည်။





စစ်မှန်သော ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ ခိုလှုံနိုင်ကြပါစေရှင်။







ချစ်တဲ့စိတ်နှင့် ကြည့်သောခါ










ချစ်တဲ့စိတ်နှင့် ကြည့်သောခါ







“မေမေ.. မေမေ  ဟိုမှာကြည့်ပါဦး...  ရုပ်ဆိုးဆိုးနဲ့လူကြီး..... တအားရုပ်ဆိုးတာဘဲ..... အဲဒီလူကြီးက ဘာလို့ ရုပ်ဒီလောက်ဆိုးနေရတာလဲဟင်.. သူ့ဘေးက အန်တီကျတော့ ချောလိုက်တာ” ငါးနှစ်အရွယ် ကလေးမလေးဟာ သူ့အမေရဲ့ လက်မောင်းကိုကိုင်လှုပ်ရင်း အရှေ့မျက်နှာချင်းဆိုင်က လမ်းလျှောက်လာနေတဲ့ အတွဲတစ်တွဲကို လက်ညိုးလေးညွှန်ပြီး စူးစူးဝါးဝါး အော်ပြောလိုက်ပါတယ်။




“အိုး.. သမီး ရှူး ….  သူများကြားသွားမယ်လေ.. ဒီလိုမပြောရဘူး ” ကလေးမလေးရဲ့ အမေက သူ့သမီးကို အလန့်တကြား တားမြစ်လိုက်ပါတယ်။




အိုး မေမေကလဲ တကယ်ရုပ်ဆိုးလွန်းလို့ပါ… ကြည့်ရတာ ကြောက်ဖို့ကောင်းလိုက်တာ........ အဲဒီအန်တီက ဒီလောက်ရုပ်ဆိုးတဲ့ မျက်နှာကြီးနဲ့လူကို ဘာလို့ တွဲလာလဲ မသိဘူးနော်”




ကလေးမလေးအမေဟာ အားတုံ့အားနာနဲ့ ရှေ့ကအတွဲကို လှမ်းကြည့်လိုက်ပြီး ကလေးမလေးကို သူတို့နဲ့ ဝေးရာကို ဆွဲခေါ်သွားပါတော့တယ်။




ဒါပေမဲ့ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ မနက်ခင်း အဲဒီအတွဲ လမ်းလျှောက်တဲ့အခါတိုင်းမှာ ထိုသားအမိနဲ့ တွေ့ရတတ်ပါတယ်.. တွေ့တိုင်းလည်း ကလေးမလေးဟာ သူ့အမေရဲ့ အနောက်ကို ၀င်ပုန်းပြီး “ မေမေ.. သမီးကြောက်တယ် .. သမီးမကြည့်ရဲဘူး.. အဲဒီလူကြီးက ရုပ်ဆိုးလွန်းတယ် ” ဆိုပြီး အော်ဟစ် နေတတ်ပါတယ်။




တစ်ရက်မှာတော့ ကလေးမလေးရယ် သူ့အမေရယ်ဟာ ကမ်းစပ်နားမှာ လေညှင်းခံနေကြတုန်း သူတို့ ၂ယောက် ရှိရာကို ရုပ်ဆိုးတဲ့သူနဲ့ အမြဲတွဲလာတဲ့ မိန်းမချောချောဟာ တစ်ယောက်တည်း ရောက်လာပြီး သူတို့ကို နူးညံ့သာယာတဲ့ အသံနဲ့ နှုတ်ခွန်းဆက် စကားဆိုပါတယ်.. ကလေးမလေးကိုလည်း အပြုံးချိုချိုလေးနဲ့ ပြုံးပြလိုက်တော့ ကလေးမလေးက ရှက်ကိုးရှက်ကန်းလေး ပြန်ပြုံးပြပြီး သူမကို မော့ကြည့်ကာ အားမနာတမ်း ပြောချလိုက်တာက “အန်တီက ဒီလောက်ချောပြီး အန်တီ့ယောက်ျားက ဘာလို့ ဒီလောက်ရုပ်ဆိုးရတာလဲဟင်”




ကလေးမလေးရဲ့ အမေဟာ သူ့သမီးရဲ့ ရိုင်းပျတဲ့ မေးခွန်းအတွက် အလွန်ကို အားနာသွားပြီး ကလေးမလေးကို ဆူပူကြိမ်းမောင်းပါတော့တယ်.. ဒီမှာတင် အမျိုးသမီး ချောချောလေးက “ ခနလောက်နေပါဦးရှင်… အစ်မရဲ့ သမီးဟာ ကျွန်မတို့ကို အမြဲတမ်းကြည့်ကြည့်နေတတ်တာ သတိထားမိပါတယ်.. တကယ်လို့ အစ်မတို့က ခွင့်ပြုမယ်ဆိုရင် ကျွန်မယောက်ျားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်.. ”




ကလေးမလေးရဲ့ အမေဟာ အားတုံ့အားနာ ဖြစ်သွားခဲ့ရပြီး ခေါင်းညိတ်လိုက်ကာ စကားပြောခွင့် ပြုလိုက်ပါတယ်။




“ပထမဆုံးက ကျွန်မနံမည်ကို အရင်ပြောပါမယ်.. ကျွန်မက ရိုဇယ်လာ.. သမီးလေး နံမည်ကရော”  ဆိုပြီး ကလေးကို ဦးတည်ပြီး မေးပါတယ်.. ဒီမှာတင် ကလေးမလေးနံမည်က နန်စီဆိုတာ သိလိုက်ရပြီး ကလေးမလေးရဲ့ အမေက မေရီ ဖြစ်ပါတယ်.. သူတို့်ဟာ ရိုဆယ်လာ ရဲ့ ဖိတ်ခေါ်မှုနဲ့ စားပွဲတစ်လုံးမှာ သွားထိုင်ကြပြီး သံပုရာရည် သုံးခွက်မှာလိုက်ပါတယ်.. ပြီးတော့မှာ ရိုဇယ်လာဟာ သူမရဲ့ ဇာတ်လမ်းကို စတင် ပြောပြပါတော့တယ်။




********************************





လွန်ခဲ့တဲ့ ၅နှစ်လောက်က ကျွန်မရယ် ကျွန်မ အမေရယ်ဟာ ဖလော်ရီဒါကို သွားလည်ကြပါတယ်.. ဖလော်ရီဒါကိုရောက်တော့ ဟိုတယ် တစ်ခုမှာ တည်းခိုကြပါတယ်.. အဲဒီအချိန်မှာဘဲ လေတပ်က အရာရှိ တစ်ချို့ဟာလည်း ကျွန်မတို့တည်းတဲ့ ဟိုတယ်မှာဘဲ တည်းခိုနေခဲ့ကြပါတယ်. အဲဒီအရာရှိတွေထဲကမှ ရုပ်ချောချော ခပ်ဖြောင့်ဖြောင့် လေတပ်အရာရှိတစ်ယောက်က ကျွန်မကို စိတ်ဝင်စားတဲ့ အမူအရာတွေ ပြလာပါတယ်.. ကျွန်မကို တွေ့တိုင်း သူ့အပြုံးချိုချိုလေးတွေနဲ့ ပြုံးပြတတ်ပြီး ကျွန်မတည်းခိုနေတဲ့ ဟိုတယ်အခန်းနံပါတ်ကိုလည်း သိအောင်စုံစမ်ပြီးတော့ ပန်းစည်းလေးတွေ ဟိုတယ် ၀န်းထမ်းတွေကို အကြိမ်များစွာ ပို့ခိုင်းတတ်ပါတယ်.. သူပို့လိုက်တဲ့ ပန်းစည်းတွေမှာ ချိတ်ထားတဲ့ ကဒ်ပြားပေါ်မှာလည်း သူနဲ့ အတူ တစ်ရက်လောက် ညစာစားခွင့်ပြုဖို့ တောင်းဆိုတဲ့စာ အမြဲတမ်း ပါလေ့ ရှိပါတယ်.. ကျွန်မရဲ့ အမေကလည်း သူ့ရဲ့ ရည်မွန်တဲ့ အပြုအမူ၊ အပြောအဆိုတွေကို မြင်တွေ့ပြီးသား ဖြစ်လေတော့ ညစာကျွေးတာကို လက်ခံလိုက်ဖို့နဲ့ မိတ်ဆွေတွေအဖြစ် အပေါင်းအသင်း လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်..




ဒါနဲ့ဘဲ ကျွန်မလည်း အဲဒီလူရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တစ်ရက်တော့ ဟိုတယ်မှာ သူနဲ့အတူ ညစာစားကြပါတယ်.. ညစာစားနေရင်းမှာဘဲ သူက ကျွန်မကို မြင်မြင်ချင်း မေတ္တာ သက်ဝင် ချစ်ခင်မိကြောင်းနဲ့ သူ့ကို အမြဲတမ်း တွေ့ခွင့်ပေးဖို့၊ မချစ်နိုင်သေးရင်တောင် မိတ်ဆွေတွေလို ဆက်ဆံပြီး သူ့ကို လေ့လာဖို့ ပြောလာပါတယ်.. ဒါပေမဲ့ ခက်တာက သူဟာ ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ ခန့်ညားတဲ့ အမူအရာမျိုး ရှိပေမဲ့ ကျွန်မဟာ အဲဒီလူကို စိတ်ဝင်စားလို့ မရဘူး ဖြစ်နေပါတယ်.. ထူးထူးဆန်းဆန်း အကြောင်းပြချက် မရှိဘဲကို သူ့အပေါ် အမြင်ကပ်တဲ့ စိတ်တွေ ကျွန်မရင်ထဲမှာ ရှိနေခဲ့ပါတယ်.. သူ့ကို ဘယ်လိုမှလည်း ရင်ခုန် စိတ်လှုပ်ရှားခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ဒီလူကို မိတ်ဆွေလိုလည်း မဆက်ဆံတော့ဘဲ ကျွန်မဦးနှောက်ထဲက ထုတ်ပစ်လိုက်ဖို့ဘဲ စဉ်းစားလိုက်မိပြီး နောက်ရက်တွေမှာတော့ သူ့ကို အတွေ့မခံတော့ဘဲ ရှောင်ဖယ်နေလိုက်ပါတော့တယ်.. .




တစ်ရက်တော့ ဟိုတယ်က အမှတ်တရ လက်ဆောင်လေးတွေရောင်းတဲ့ ဆိုင်မှာ ကျွန်မရှိနေတုန်း သူရောက်လာခဲ့ပါတယ်.. ပြီးတော့ ကျွန်မကို သူရဲ့ အပြုံးချိုချိုလေးနဲ့ ပြုံးပြပြီး နှုတ်ဆက်ပါတယ်.. သူဟာ တကယ်ကို ယောက်ျားပီသတဲ့ ရုပ်ရည်ရှိပြီး သူ့အပြုံးဟာလည်း နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုလည်း ရှိလှပါတယ်... ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ ဘယ်လိုမှ နှစ်သက်ခံစားလို့ မရတာကြောင့် သူကအပြုံးကို ပြန်ပြီးတုံ့ပြန်ခြင်း မပြုဘဲ မျက်နှာထားတင်းတင်းနဲ့ သူ့ရှေ့ကနေ ချာကနဲ လှည့်ထွက်ခဲ့လိုက်ပါတယ်..  အဲဒီချိန်လေးမှာ သူ့ဆီက ထွက်လာတဲ့ နာနာကျင်ကျင် စကားသံကို ကြားဖြစ်အောင် ကြားလိုက်မိတာက “ အော်.. ကျွန်တော့်ကို လုံးဝငြင်းပယ်လိုက်တယ် ဆိုတာကို ဒီနည်းနဲ့ ပြလိုက်တာဘဲပေါ့ နော်”  ဆိုတာဘဲ ဖြစ်ပါတယ်.. ကျွန်မလဲ သူ့အသံနဲ့ သူ့ကို လစ်လျူရှု ချန်ထားခဲ့လိုက်ပြီး ကျွန်မအခန်းရှိရာကို တက်လာခဲ့ပါတော့တယ်.. အခန်းထဲရောက်တော့ ကျွန်မ အမေက အိပ်ပျော်နေပါပြီ။ ကျွန်မလဲ အ၀တ်အစားလဲ မီးပိတ်ပြီး အိပ်ရာဝင်လိုက်ပါတယ်…




ကျွန်မ အိပ်ပျော်သွားပြီး ၂နာရီလောက်အကြာမှာ ကျယ်လောင်စူးရှစွာ မြည်နေတဲ့ အချက်ပေးသံကြောင့် အိပ်ရာကနေ နိုးထလာပါတယ်.. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာမို့ ဘယ်အချိန်ကတည်းက အချက်ပေးသံ မြည်နေတယ်ဆိုတာ မဝေခွဲနိုင်ခဲ့ပါဘူး… အိပ်မှုန်စုံမွှားဖြစ်နေတဲ့  ကျွန်မနဲ့ ကျွန်မအမေတို့ဟာ အခန်းရှေ့က ၀ရံတာလေးကို အလုအယက် ထွက်ကြည့်လိုက်ချိန်မှာ “ မီး … မီး ” ဆိုတဲ့ လူတွေရဲ့ ၀ိုင်းဝန်းအော်ဟစ်နေသံကို သွေးပျက်ဖွယ် ကြားလိုက်ရပြီး ကျွန်မတို့တည်းနေတဲ့ ဟိုတယ်ကြီးဟာ မီးတောက် မီးလျှံတွေ အရှိန်ပြင်းပြင်းနဲ့ တောက်လောင် ၀ါးမြိုခြင်း ခံနေရပါတယ်… ကျွန်မနဲ့ အမေတို့လည်း အခန်းကနေ ထွက်ပြေးဖို့ တံခါးကို ဖွင့်လိုက်တော့ အခန်းအပြင်ဘက်မှာ မီးတောက်ကြီးတွေက အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေပါပြီ။ ပြေးဖို့ လမ်းလဲ မမြင်တော့ပါဘူး..




ဒီလောက်  တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်ကြီးတွေကို ဖြတ်ပြီး ဟိုတယ်အောက်ထပ်ကို ရောက်နိုင်ဖို့က မလွယ်တော့ပါဘူး… မီးခိုးတွေကြောင့် အသက်ရှုမ၀ ဖြစ်လာပြီး မျက်လုံးတွေလဲ ကျိန်းစပ်လာတာမို့ ကျွန်မနဲ့ အမေဟာ သန့်စင်တဲ့လေကို ရှုရှိုက်ခွင့်ရဖို့ အခန်းအပြင်က ၀ရံတာလေးဆီ အလုအယက် ပြန်ပြေး ထွက်လာမိပါတယ်.. ဟိုတယ်ရဲ့ သုံးထပ်မြောက်မှာ ရှိနေတဲ့ ကျွန်မတို့ နေတဲ့ အခန်းရဲ့ ဒီဝရံတာလေးကနေ ခုန်ချဖို့ဆိုတာလဲ မိန်းမသားတွေဖြစ်တဲ့ ကျွန်မနဲ့ အမေ့အတွက် လုံးဝ မဖြစ်နိုင်ပါဘူး.. ခုန်ချရဲတယ်ဆိုရင်တောင် အောက်ရောက်ရင် အသက်ရှင်ဖို့ လမ်း မမြင်နိုင်ပါဘူး… အိုး ကျွန်မတို့ဟာ မီးလောင်ခံရပြီး  သေဆုံးရတော့မယ် ထင်ပါရဲ့လို့ဘဲ တွေးနေမိပါတော့တယ်..  ခုချိန်မှာတော့ ထွက်ပြေးဖို့လည်း လမ်းမရှိတော့ဘူး။ ဒါကြောင့် ထိတ်လန့် ကြောက်ရွံ့လွန်းစိတ်တွေနဲ့ ကျွန်မတို့၂ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ဖက်ရင်း တုန်လှုပ်စွာ ငိုကြွေးနေမိပါတော့တယ်..




ဟိုတယ် အပြင်ဘက် မီးလွတ်ရာ ကွင်းပြင် ကွပ်လပ်မှာတော့ ဟိုတယ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လူတွေ စုရုံးနေတာကို တွေ့ရပါတယ်.. အဲဒီလူအုပ်ထဲမှာတော့ ဗိုလ်မှူး ဘရောင်းကို တွေ့လိုက်ရပါတယ်.. ဘရောင်းဆိုတာ ကျွန်မကို နှစ်သက်သဘောကျနေတဲ့ သူရဲ့ နံမည်ပါ.. သူဟာ လူအုပ်ကြီးထဲမှာ ပြေးပြေးလွှားလွှား ဟိုဟိုဒီဒီ လိုက်ကြည့်နေတာကို တွေ့ရပြီး ကျွန်မတို့ကို လိုက်ရှာနေခဲ့ပုံရပါတယ်.. ဟိုတယ်ဧည့်ခန်းရှေ့ကိုလည်း သွားရှာကြည့်နေပါတယ်.. ဒါပေမဲ့ ကျွန်မတို့ကို အဲဒီမှာလည်း သူမတွေ့ရပါဘူး. အင်အားပြင်းထန်စွာ လောင်ကျွမ်းနေတဲ့ မီးကို ငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေဟာ ဟိုတယ် ၀င်ပေါက်ကို  ဘယ်သူမှ မ၀င်နိုင်အောင် တားမြစ်ထားပေမဲ့ ဗိုလ်မှူး ဘရောင်းကိုတော့ တားလို့ မရကြပါဘူး။ သူ့ကို အထဲမ၀င်နိုင်အောင် ၀ိုင်းဆွဲထားကြတဲ့ ၊ တားမြစ်နေတဲ့သူတွေ အားလုံးကို တွန်းထိုး ရုန်းကန်ထားရစ်ခဲ့ပြီး ဟိုတယ်ထဲကို လေရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ၀င်ရောက်သွားပါတယ်.. မကြာခင်လေးမှာဘဲ သူဟာ ကျွန်မတို့ အခန်းရှိရာဆီကို မီးတောက်မီးလျှံတွေ ကျော်ဖြတ်ပြီး ရောက်ရှိလာပါတော့တယ်။




**********************************




ရိုဇယ်လာဟာ ဒီနေရာအရောက်မှာ သူမရဲ့ ဇာတ်လမ်းလေးကို ခနရပ်နားလိုက်ပါတယ်.. နန်စီနဲ့ သူ့အမေတို့ဟာ သူမတို့ရှေ့က သံပုရာရည်ကို ထိတို့ဖို့၊ သောက်သုံးဖို့ မေ့နေကြလောက်အောင် ရိုဇယ်လာရဲ့ စကားတွေမှာ မျှောပါပြီး စိတ်ဝင်တစား နားထောင်နေကြပါတယ်.. နန်စီလေးဟာ သူ့အမေရဲ့ လက်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမလေးရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ပြည့်လျှံနေပါတယ်.. ရိုဇယ်လာဟာ ခေတ္တမျှ နားလိုက်ပြီး သူမရဲ့ သံပုရာရည်ကို ပိုက်နဲ့ စုပ်သောက်လိုက်ပါတယ်.. ထို့နောက်တော့ သူမရဲ့ ဇာတ်လမ်းကို ဆက်ပြန်ပါတော့တယ်..




အခန်းထဲကို ၀င်ရောက်လာတဲ့ဘရောင်းဟာ  ကျွန်မတို့အခန်းထဲမှာ ရှိနေတဲ့ စောင်၂ထည်ကို လှမ်းယူလိုက်ပြီး ရေချိုးခန်းထဲက ရေတွေစိုအောင် နှစ်ပစ်လိုက်ကာ ကျွန်မဆီ ပစ်ပေးလိုက်ပါတယ်.. ပြီးတော့ “ဒီစောင်နဲ့ မျက်နှာရော တစ်ကိုယ်လုံးကိုပါ သေချာလုံအောင် ခြုံထားလိုက်” လို့ အမိန့်ပေးသံနဲ့ လှမ်းအော်ပြောလိုက်ပါတယ်.. သူ့အမိန့်အတိုင်းပါဘဲ.. ကျွန်မနဲ့ အမေလည်း သူပစ်ပေးလိုက်တဲ့ စောင်နဲ့ မျက်နှာတစ်ခုလုံးနဲ့ ကိုယ်လုံးကို အုပ်မိအောင် ဖုံးထားလိုက်ကြပါတယ်.. သူကတော့ အခန်းထဲက ရေချိုးတဘက်လေး တစ်ထည်ကို သူ့မျက်နှာထက် ကာလိုက်ပြီး ကျွန်မတို့ကို “ ကျုပ်လက်မောင်းကို တင်းတင်းဆုပ်ထားကြ၊ ဟိုတယ် အပြင်ဘက် မီးလွတ်တဲ့နေရာထိ မရောက်မချင်း မလွတ်စေနဲ့ ” လို့ အမိန့်ပေးပြီးတာနဲ့ ကျွန်မနဲ့ အမေ့ကို သူ့လက်မောင်းတွေကြား တင်းတင်းညှပ်ပြီး အခန်းအပြင်ကို ပြေးထွက်ပါတော့တယ်.. သူ့ဦးဆောင်မှုနဲ့ ပူပြင်းတောက်လောင်နေတဲ့ မီးတောက်တွေကြားထဲကနေ ဟိုတယ် အပြင်ဘက်ရောက်အောင် ကျွန်မတို့ဟာ  ဖြတ်ပြေးပါတော့တယ်.. မျက်နှာရော တစ်ကိုယ်လုံးကို လုံအောင် ခြုံထားတဲ့ ရေစိုစောင်ကြောင့် ဘာကိုမှ မမြင်မတွေ့ရဘဲ သူရဲ့ ဆွဲခေါ်ရာနောက်ကိုသာ သူ့ကို လုံးလုံး အားကိုးပြီး ခြစ်ခြစ်တောက် ပူပြင်းလောင်မြိုက်နေတဲ့ မီးလျှံတွေကြားက အသက်လုကာ ပြေးလွှား ထွက်ပြေးခဲ့ရတာပါ။




သူရဲ့ ဦးဆောင်မှု၊ ဆွဲခေါ်မှုတို့ကြောင့် ဟိုတယ်အပြင်ဘက် ဘေးကင်းရာရောက်တော့မှ ကျွန်မရဲ့ မျက်နှာမှာ ကာထားတဲ့ စောင်ကို ဖယ်လိုက်ချိန်မှာတော့ ဘရောင်းရဲ့ မျက်နှာမှာ ကားထားတဲ့ တဘက်ဟာ မရှိတော့ဘဲ သူ့မျက်နှာတစ်ခုလုံးလဲ မှတ်မိချင်စရာ မကောင်းတော့လောက်အောင် အပြင်းအထန် မီးလောင်ကျွမ်း ခံထားရတာကို တွေ့လိုက်ရပါတော့တယ်..  ကိုယ်ခန္ဓာ နေရာအနှံ့အပြားမှာလည်း မီးလောင် ခံထားရပါတယ်.. သူဟာ လူ၂ယောက်ကို တစ်ပြိုင်တည်း ကယ်တင် ဆွဲခေါ်လာရတဲ့အတွက်  သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင် ဖြစ်သွားခဲ့ရတာပါ။ ဘရောင်းကို ချက်ခြင်းဘဲ ဆေးရုံကို တင်လိုက်ကြပြီး မီးလောင်သွားတဲ့ နေရာတွေကို အရေးတကြီး ဆေးကုသမှု ခံယူရပါတယ်..။




ဆေးရုံမှာ စိုးရိမ်စရာ အနေအထားနဲ့ တစ်ပတ်လောက်ကြာအောင် အသည်းအသန်ကုသမှု ခံနေခဲ့ရပြီး သူ့မျက်နှာ တစ်ပြင်လုံးဟာလည်း ပတ်တီးတွေနဲ့ စည်းနှောင်ထားခြင်း ခံရပါတယ်.. မျက်လုံးနေရာတောင်မကျန် ပတ်တီးတွေ ဖုံးလွှမ်းထားတာပါ။ ဘရောင်းဟာ ကျွန်မကို မမြင်နိုင်ပေမဲ့ သူ့ဘေးမှာ ကျွန်မ တစ်ချိန်လုံး ရှိနေတာကို သူသိနေပါတယ်.. ကျွန်မအမေကို ကျွန်မတို့အိမ်ရှိတဲ့ နယူးယော့ကို ပြန်ခိုင်းလိုက်ပြီး ကျွန်မကတော့ ဘရောင်းဆေးရုံက မဆင်းမချင်း သူ့ရဲ့ဘေးမှာ သူ့လက်တွေကို ဆုပ်ကိုင်ထားရင်း တစ်ချိန်လုံး နူးညံ့ငြင်သာတဲ့ စကားတွေနဲ့ အားပေးနေခဲ့တယ်.. ပြုစု ယုယပေးနေခဲ့ပါတယ်… ဆေးရုံမှာ ရက်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သူ့မျက်နှာပေါ်က ပတ်တီးတွေကို ဆရာဝန်တွေက ခွာလိုက်ကြပါတယ်။




အိုး…… ပတ်တီးတွေလည်း ခွာလိုက်ရော ယောက်ျားပီသပြီး ခန့်ညားချောမောပါတယ်ဆိုတဲ့ သူ့မျက်နှာဟာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ရပါပြီ။ ဒါပေမဲ့လည်း  အမာရွတ်တွေ ပြည့်နေတဲ့ သူမျက်နှာဟာ အခြားသူတွေအတွက် ရုပ်ဆိုးလွန်းနေပေမဲ့ ကျွန်မအတွက်တော့ သိပ်ကို လှနေခဲ့ပါပြီ။ အရင်က မြင်ခဲ့ရတဲ့ သူ့ရဲ့မျက်နှာထက် အခုမျက်နှာက ပိုပြီးလှနေတယ်လို့ ကျွန်မကတော့ ထင်နေခဲ့ပါတယ်.. သူ ရရှိလိုက်တဲ့ မျက်နှာပေါ်က အမာရွတ်တွေဟာ ကျွန်မကြောင့် ဖြစ်ရတာပါ။ သူသာ ကျွန်မကို မချစ်ခင် မနှစ်သက်ခဲ့ဘူး၊ ကျွန်မဟာလည်း အဲဒီအချိန်တုန်းက ဘရောင်းတို့ တည်းခိုတဲ့ ဟိုတယ်မှာ ရှိမနေခဲ့ဘူး၊ ဘရောင်းဟာ ကျွန်မကို မသိကျွမ်းခဲ့ဘူး၊ သူ့အတွက်ထက် ပိုပြီး ကျွန်မနဲ့ ကျွန်မအမေအတွက်  မပူပန်ခဲ့ဘူးဆိုရင် ဒီလို ရုပ်ဆိုးလှတဲ့ အမာရွတ်၊ ဒီလိုမျက်နှာမျိုး သူ့မှာ ဖြစ်လာဖို့အကြောင်း မရှိပါဘူး.. အရင်းစစ်လိုက်ရင် ဘရောင်းဟာ ကျွန်မကြောင့် သူ့မျက်နှာပေါ်က လှပခန့်ညားခြင်းတွေ  ဆုံးရှုံးသွားခဲ့ရတာပါ။ ကျွန်မကြောင့်သာ သူ့ဘ၀မှာ အဆိုးတွေ ကြုံတွေ့ခဲ့ရတာပါ။





***************************************





ဆေးရုံမှာရှိနေတဲ့ ကာလတစ်လျှောက်လုံး သူ့ဘေးမှာ အမြဲတမ်းရှိနေခဲ့ပြီး ကျွန်မအပေါ်ထားတဲ့  သူ့ရဲ့အချစ်စိတ်နဲ့ ပေးဆပ် အနစ်နာခံမှုတွေကို တွေးမိတိုင်း သူ့ကို အရင်က အမြင်ကပ်ခဲ့တာတွေဟာ အချစ်တွေအဖြစ် ပြောင်းလဲသွားပြီး ကျွန်မ သူ့အပေါ် လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာကို ချစ်မိပါတော့တယ်..  တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းလဲ ပိုနီးကပ်လာခဲ့ကြတယ်.. ဒီနောက်တော့ ဘရောင်းဆေးရုံက ဆင်းခွင့်ရတာနဲ့ ကျွန်မတို့ ၂ယောက်ဟာ လက်ထပ်လိုက်ကြပါတယ်.. လက်ထပ်ပြီးနောက်လဲ တစ်ရက်ထက်တစ်ရက် ပိုပိုပြီး ချစ်ခင်စုံမက်လာကြတယ်.. နားလည်မှုတွေ ခိုင်မြဲလာကြတယ်..  ကျွန်မတို့၂ယောက်ရဲ့ဘ၀ဟာ သိပ်ကို ပျော်ရွှင် ချမ်းမြေ့ခဲ့ကြပါတယ်။ ရုပ်ဆိုးခြင်း၊ ရုပ်လှခြင်း ဆိုတာတွေဟာ ကျွန်မတို့ရဲ့  အိမ်ထောင်ရေးကို ဘယ်လို ထိခိုက်မှုမျိုး၊ ဘယ်လို အကျိုး သက်ရောက်မှုမျိုးမှ ဖြစ်မလာနိုင်တော့ပါဘူး..”





ရိုဇယ်လာရဲ့ ဇာတ်လမ်းအဆုံးမှာ အလျှော့ပေးပုံမရသေးတဲ့ နန်စီက “အို.. ဒါပေမဲ့ အန်တီရယ် ဒီလောက်ဆိုးတဲ့ မျက်နှာကို အန်တီ နေ့တိုင်း ဘယ်လိုကြည့်ပြီး နေသလဲဟင်… ” ဆိုတဲ့ မေးခွန်းကို မေးလိုက်ပါတယ်.. ရိုဇယ်လာက နန်စီကို ပြုံးကြည့်လိုက်ပြီး “ အန်တီက သူ့ရဲ့ အမာရွတ်တွေနဲ့ မျက်နှာကို မြင်မှမမြင်တာ၊ အန်တီမြင်တာက အသက်အန္တရာယ်ကိုတောင် မငဲ့ကွက်ပြီး ကိုယ့်အပေါ် ချစ်တတ်တဲ့  လူတစ်ယောက်ရဲ့ အသည်းနှလုံးကိုသာ မြင်တာကိုး။  အန်တီက အပေါ်ယံ အရေပြား အလှထက်ကို သိပ်ကိုလှပတဲ့ သူ့ရဲ့ နှလုံးသားကို ကြည့်မြင်နိုင်ခဲ့တယ်.. အပေါ်ယံအလှထက် စိတ်နှလုံးသား အလှက ဘ၀အတွက် ပိုပြီးတန်ဖိုးရှိတယ် ဆိုတာကို သူ့ကြောင့် နားလည်နိုင်ခဲ့ပြီလေ. လူတစ်ယောက်ကို ချစ်တဲ့စိတ်နဲ့ ကြည့်တဲ့အခါ အရာရာကို အကောင်းမြင်လာတတ်ပါတယ်.. မလှတာကိုလဲ လှတယ်လို့ ထင်လာပါတယ်.. ပြီးတော့ မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြုံလာရင် အန္တရာယ်တွေကနေ အကာအကွယ် ပေးနိုင်မဲ့သူ၊ ကိုယ့်ကို မြတ်မြတ်နိုးနိုး သစ္စာရှိရှိနဲ့ စွဲစွဲလန်းလန်းချစ်နိုင်တဲ့ သူမျိုးနဲ့ ဆုံဆည်းခွင့်ရတာ၊ ဘယ်လောက် ကံကောင်းတယ်ဆိုတာ သမီးကြီးလာတဲ့အခါကျရင် နားလည်လာမှာပါကွယ် ” လို့ ပြောလိုက်ပါတယ်။





နန်စီနဲ့ သူ့အမေတို့ဟာ ကမ်းခြေဟိုတယ်ကနေ အရင်ထွက်ခွာတော့မဲ့ ဘရောင်းနဲ့ ရိုဇယ်လာတို့ကို မထွက်ခွာခင် တစ်ရက်မှာ နှုတ်ဆက် ဧည့်ခံပွဲလေးတစ်ခု ပြုလုပ်ပေးပါတယ်.. နန်စီလေးဟာ ဘရောင်းကို တွေ့မြင်ချိန်မှာ ရှက်ကိုးရှက်ကန်း အပြုံးလေးနဲ့ ပြုံးပြလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်.. ပြီးတော့ ဘရောင်းရဲ့လက်ကို ဆွဲပြီး တစ်ခုခုပြောလိုဟန်နဲ့ မော့ကြည့်နေပါတယ်.. ဘရောင်းကလည်း နန်စီလေး တစ်ခုခုပြောချင်နေမှန်း ရိပ်မိပြီး သူ့ဒူးခေါင်းကို ညွှတ်လိုက်ကာ နန်စီရဲ့ မျက်နှာနားကို သူ့နားလေး ကပ်ပေးလိုက်တဲ့အချိန်မှာ အားလုံးက မမျှော်လင့်ထားတဲ့ စကားလေး နန်စီ့နှုတ်က ထွက်လာပါတယ်။






နန်စီလေး ချစ်စဖွယ်ပြုံးပြီး ဘရောင်းကို ပြောလိုက်တဲ့ စကားက  “ အန်ကယ်ဘရောင်း…  အန်ကယ့်ကို ရုပ်ဆိုးတယ်လို့ သမီး မထင်တော့ပါဘူး.. အန်ကယ်ဟာ သိပ်ကို ချောမောခန့်ညားတဲ့  မျက်နှာကို ပိုင်ဆိုင်ထားတဲ့ သူ တစ်ယောက်ဆိုတာ သမီးသိသွားပါပြီ ” တဲ့….။







Helen Dowd ရဲ့ Because of me ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။







ကွာရှင်းပြတ်စဲခြင်း










ကွာရှင်းပြတ်စဲခြင်း








အပိုင်း(၁)



ထမင်းစားခန်းမှာ ညစာပြင်ဆင်နေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့်ရဲ့ စိတ်အစဉ်က ဟိုးလွန်ခဲ့တဲ့ ၁၀နှစ်တာကာလရဲ့ တစ်ခုသော နေ့လေးတစ်နေ့ကို ပြန်တွေးတော သတိရလိုက်မိပါတယ်..  အဲဒီနေ့က ကျွန်တော့်တို့၂ယောက်ရဲ့ မင်္ဂလာဦးနေ့။




ကျွန်တော်နဲ့ ကေသီကို သယ်ဆောင်လာတဲ့ မင်္ဂလာကားဟာ ကျွန်တော်တို့ ၂ယောက်နေထိုင်မဲ့ တစ်ထပ်တိုက်ပုလေးရှေ့မှာ ရပ်လိုက်တယ်ဆိုရင်ဘဲ ကျွန်တော်ဟာ ကေသီကို ကျွန်တော့်လက်တွေနဲ့ ပွေ့ချီပြီး ခြံဝင်းကလေးကနေ အိမ်ထဲကို ၀င်လာခဲ့ပါတယ်.. အဲဒီချိန်တုန်းက ကေသီရဲ့ မျက်နှာဟာ ကြည်နူးတဲ့ အလှဆုံးအပြုံးလေးနဲ့အတူ ရှက်သွေးတွေဖြာလို့ သိပ်ကို ချစ်စရာကောင်းနေခဲ့တယ်.. ကျွန်တော်ဟာလည်း ကမ္ဘာမှာ အပျော်ဆုံး သတို့သားတစ်ယောက် ဖြစ်ခဲ့တာပါဘဲ။




အဲဒီနေ့တွေဟာ ကျွန်တော်တို့အတွက် မမေ့နိုင်အောင် ပျော်ဖို့ကောင်းတဲ့ ကြည်နူးဖွယ်ရက်စွဲတွေ ဖြစ်ခဲ့ပါတယ်.. ကျွန်တော်တို့ အိမ်ထောင်ရေးဟာလည်း သန့်စင်ကြည်လင်နေတဲ့ ရေခွက်ထဲက ရေလိုပါဘဲ.. ကြည်ကြည်လင်လင်နဲ့ စိတ်ချမ်းသာဖို့ သိပ်ကောင်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ချစ်ချစ်ခင်ခင် ရှိခဲ့ကြပါတယ်..  သူငယ်ချင်းတွေကြားမှာ အားကျစရာ အိမ်ထောင်လေးတစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ကြတယ်..  အိမ်ထောင်သက် ၂နှစ်လောက်အကြာ သားတစ်ယောက် ရလာပြီးနောက်မှာတော့ ကျွန်တော့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်လာခဲ့တယ်.. ပိုင်ဆိုင်မှုတွေ တဖြေးဖြေး တိုးပွားလာသလို အလုပ်တွေလဲ များလာတယ်.. ကေသီကလည်း ရုံးတစ်ရုံးမှာ ၀န်ထမ်းဆိုတော့ မနက်တိုင်း အလုပ်သွားတာ ညနေမှ ပြန်ရောက်နိုင်တယ်.. ကျွန်တော်တို့ ၂ယောက်လုံး အိမ်ကနေ အတူတူထွက်ဖြစ်ကြပေမဲ့ အလုပ်ရှိရာအရပ်က တစ်ယောက်တစ်လမ်းစီမို့ ကေသီက ဘတ်စ်ကား စောင့်စီးပြီး ကျွန်တော်ကတော့ ကိုယ့်ကားနဲ့ကိုယ် ကုမ္ပဏီကို ထွက်သွားတတ်ပါတယ်။




ကျွန်တော်တို့ သားလေးကိုတော့ သူ့ပညာရေးအတွက် မြို့ကြီးပေါ်က ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားထားတဲ့အတွက် အိမ်မှာ မရှိပါဘူး..  ညနေဆို ကေသီက အိမ်ပြန်ရောက်တာ ပုံမှန်အချိန်ဖြစ်ပေမဲ့ အလုပ်များလွန်းတဲ့ ကျွန်တော့်အတွက်က ပုံမှန်အချိန်တိုင်း အိမ်ပြန်နိုင်ဖို့ မလွယ်တော့ဘူး။ လုပ်ငန်း အောင်မြင်လာတာနဲ့အမျှ အိမ်အတွက် အချိန်မပေးနိုင်တော့ဘဲ စီးပွားရေးမိတ်ဆွေတွေနဲ့ ဒင်နာသွားစားရတာတွေ၊ ဧည့်ခံ့ပွဲသွားရတာတွေနဲ့ တဖြေးဖြေး အိမ်ပြန်ချိန်ဟာ နောက်ကျကျလာတယ်.. ကေသီနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံတွေ့ချိန် နည်းလာတယ်.. ဒီလိုနဲ့ အိမ်ထောင်သက်တမ်း ကြာလာလေ ကျွန်တော်တို့ ၂ယောက်ကြားထဲက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုတွေဟာ ဒီရေကျသလို တစ်ဖြေးဖြေး ကျဆင်းလာတယ်.. အားကျစရာဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ၂ယောက်ရဲ့ ချစ်ခြင်းဟာ  အေးစက်လာခဲ့တော့တယ်.. အိမ်ပြန်ချိန်နောက်ကျတတ်တဲ့ ကျွန်တော့်ကို ကေသီက ထူးထူးခြားခြား ဘာမှမေးလေ့မရှိဘဲ ဘာသိဘာသာ နေတတ်တယ်.. ကေသီက ကျွန်တော့်ကို ယုံကြည်လွန်းတာဘဲလား.. ဥပက္ခာပြုထားတာဘဲလား  သွေးအေးလွန်းတာဘဲလား ကျွန်တော် သေချာ မခန့်မှန်းနိုင်ခဲ့ဘူး။ ကေသီ ကျွန်တော့်ကို မချစ်တော့ဘူး ထင်ပါတယ်။





ဒီလိုနဲ့ ကျွန်တော်တို့၂ယောက်ရဲ့ အချစ်တွေ အေးခဲသွားချိန်မှာ ကျွန်တော့်ဘ၀ထဲကို ဂျူလီ ၀င်ရောက်လာခဲ့တယ်.. ဂျူလီဟာ တည်ငြိမ်နေတဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘ၀ကို ယိမ်းယိုင်သွားဖို့ အစပျိုးလာပါတော့တယ်... ချစ်စရာကောင်းပြီး ငယ်ရွယ်ချောမောတဲ့ ဂျူလီဟာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း ကျွန်တော်နဲ့ သံယောဇဉ်ကြိုး သွယ်မိခဲ့ကြတာပါ။   ကေသီနဲ့ဆို အေးစက်ပြီးရင်ခုန်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်တော့် နှလုံးသားဟာ ဂျူလီရဲ့ အချစ်ကြောင့် တစ်ဖန်ပြန်လည်ပြီး ရင်ခုန်တတ်ခဲ့ပါပြီ..  အချစ်ဆိုတာကို ပြန်ပြီး ခံစားတတ်လာပါတယ်။ ဂျူလီကလည်း သိပ်ကို ကြင်နာတတ်သလို၊ အယုအယကလဲ သိပ်ကောင်းပါတယ်.. စကားကိုလဲ ချိုအီနေအောင် ပြောတတ်တော့ ကျွန်တော့်စိတ်အာရုံအားလုံး ဂျူလီ့အပေါ် ပုံကျသွားခဲ့တာပါဘဲ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၂)




တစ်ရက်မှာ တိုက်ခန်းက ၀ရံတာလေးမှာ ထွက်ရပ်ပြီး ကျွန်တော် အတွေးနက်နေတုန်း ဂျူလီက ကျွန်တော့်ရဲ့ အနောက်ကနေ သိုင်းဖက်လိုက်ပါတယ်..  ဒီတိုက်ခန်းဟာ ဂျူလီအတွက် ကျွန်တော် ၀ယ်ထားပေးတဲ့တိုက်ခန်းပါ။ ဂျူလီက “ကိုက အရမ်းချောတာဘဲ.. မိန်းခလေးတစ်ယောက်ရဲ့ နှလုံးသားကို ကောင်းကောင်းကြီး ဆွဲဆောင်ထားနိုင်စွမ်း ရှိတဲ့သူဘဲနော်.. ဒါကြောင့်လဲ ဂျူလီက ကို့ကို သိပ်ချစ်မိတာပေါ့”  လို့ တိုးတိုးလေးနဲ့ ကပ်ချွဲပြီးပြောလိုက်တော့ သူ့ရဲ့ စကားလုံးတွေက ကျွန်တော့်ဇနီး ကေသီကို ရုတ်တရက် အမှတ်ရသွားစေခဲ့ပါတယ်..  ကေသီနဲ့ကျွန်တော် အိမ်ထောင်ဦးကာလတုန်းကလည်း ကေသီက ကျွန်တော့်ကို “ မောင်ဟာ မိန်းခလေးတွေအတွက် အတော့်ကို ဆွဲဆောင်အားကောင်းတဲ့သူ.. ကေသီတော့ စိတ်မချ ဖြစ်နေရဦးတော့မယ်”  လို့ ပြောခဲ့ဖူးပါတယ်.. ဒီစကားကို ပြန်သတိရမိတော့ ကေသီကို သစ္စာဖောက်မိတာ နောင်တရမိသလို ဖြစ်သွားရပါတယ်.. ဒါပေမဲ့ အေးစက်နေတဲ့ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးဟာ ပြန်လည်နွေးထွေးလာဖို့လဲ မျှော်လင့်ချက် မရှိတော့ပါဘူး… ကျွန်တော်ကိုယ်တိုင်လည်း ငယ်ရွယ်လှပပြီး တီတီတာတာ ပြောတတ်တဲ့ ဂျူလီကို ချစ်နေမိပြီပဲလေ။




ကျွန်တော် ဂျူလီနဲ့ မျက်နှာခြင်းဆိုင် ရပ်လိုက်ပြီး “ဂျူလီ.. တိုက်ခန်းအတွက် လိုအပ်တဲ့ ပရိဘောဂတွေ သွားဝယ်မယ်ဆို.. သွားလေ.. ကိုယ် အလုပ်ရှိသေးလို့ ကုမ္ပဏီကို ပြန်သွားလိုက်ဦးမယ်..”  ကျွန်တော့် စကားကို ကြားတော့ ဂျူလီရဲ့ မျက်နှာ ညှိုးသွားပါတယ်.. ပရိဘောဂဆိုင်ကို ကျွန်တော်တို့၂ယောက် အတူ သွားကြမယ်လို့ သူ့ကို ကတိပေးထားခဲ့တာကြောင့် ၂ယောက် အတူတူ သွားလိမ့်မယ်လို့ ဂျူလီက မျှော်လင့်ထားတာပါ။ မကြာခင်မှာ ကေသီ့ကို ကျွန်တော်နဲ့ ဂျူလီအကြောင်း ဖွင့်ပြောပြီး တရားဝင် ကွာရှင်းမယ်.. ပြီးရင် ဂျူလီနဲ့အတူတူ နေကြမယ် ဆိုပြီး ကျွန်တော်တို့ စီစဉ်ထားခဲ့ကြပေမဲ့ ခက်နေတာက တကယ်တမ်း ကျွန်တော် ကေသီကို ကွာရှင်းစကား စပြောဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်.. ဘယ်လောက်ဘဲ တတ်နိုင်သလောက် ငြင်ငြင်သာသာ ဖြစ်အောင် ပြောပြော ကေသီအတွက်တော့ အပြင်းအထန် နာကျင်ခံစားရမှာပါဘဲ.. ကျွန်တော်တို့ ၂ယောက်ရဲ့ ကြားမှာ ဟိုးအရင် အိမ်ထောင်ဦးဘ၀ကလို ရင်ခုန်လှိုက်မောစွာနဲ့ ပူနွေးတဲ့ အချစ်မျိုး မရှိကြတော့တာကလွဲလို့ ကေသီဟာ ကျွန်တော့်အတွက်  သိပ်ကို ကောင်းတဲ့ ဇနီးတစ်ယောက်ပါ။





ကျွန်တော်ကြိုက်တတ်တဲ့ မနက်စာကို ကျွန်တော်မထခင်  သူတစ်ယောက်တည်း စောစောထပြီး အမြဲတမ်း ပြင်ဆင်ထားတတ်သလို ညနေလဲ ရုံးကနေလဲ အချိန်မှန် ပြန်ရောက်ပြီး ဘယ်လောက်တောင် အလုပ်ပင်ပန်းသည်ဖြစ်စေ မနားနိုင်ဘဲ ကျွန်တော်တို့ ၂ယောက်အတွက် ညစာကို ကျွန်တော်စားသည်ဖြစ်စေ၊ မစားဖြစ်သည်ဖြစ်စေ ပြင်ဆင်ချက်ပြုတ်ပါတယ်.. ကျွန်တော်ကတော့ စောစောပြန်ရောက်တဲ့ နေ့မှာတောင် သူ့ကို ကူဖော်မရဘဲ တီဗီရှေ့မှာထိုင်၊ တီဗီကြည့်ရင်း ကေသီချက်ပြုတ်ပြီးချိန်ထိ စောင့်နေတတ်ပါတယ်.. စားသောက်ပြီးတော့မှ တီဗီဆက်ကြည့်ရင်ကြည့်၊ မကြည့်ရင်လဲ ကွန်ပျူတာရှေ့မှာ အလုပ်များသလိုလိုနဲ့ ထိုင်နေပြီး ဂျူလီ့မျက်နှာလေးကို မှန်းဆကာ သူ့အကြောင်းလေးတွေ တွေးရင်း သူ့ကို သတိရနေတတ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကွာရှင်းစကားပြောဖို့တော့ ကျွန်တော့်နှုတ်က ထွက်ဖို့ ခက်ခဲလွန်းတာတော့ အမှန်ပါ။





ဒီကြားထဲမှာ ကျွန်တော် ကေသီကို နောက်သလိုလိုနဲ့ စကား စကြည့်ခဲ့ဖူးပါတယ်.. “ကေသီ တကယ်လို့များ မောင်တို့၂ယောက် ကွာရှင်းကြမယ်ဆိုရင် ကေသီဘာလုပ်မလဲ ”လို့ ရယ်ရယ်မောမော လှမ်းပြောလိုက်ပါတယ်.. ကေသီက ကျွန်တော့ကို အချိန်တော်တော်လေးကြာအောင် စိုက်ပြီးကြည့်နေခဲ့ပါတယ်.. စကားတစ်ခွန်းမှတော့ ပြန်မပြောပါဘူး.. ဒါပေမဲ့ သူ့စိတ်ထဲမှာ ဒီစကားဟာ နောက်ပြောင်တဲ့စကား ဖြစ်လိမ့်မယ်လို့ဘဲ ယုံကြည်ပုံ ရပါတယ်.. ဒါနဲ့တောင် ကေသီ့မျက်ဝန်းလေးတွေ မှာ မျက်ရည်စတွေနဲ့ လက်ခနဲ ဖြစ်သွားပြီး မှုန်မှိုင်းသွားပါတယ်.. စကားတစ်ခွန်းမှတောင် ခွန်းတုံ့မပြန်နိုင်ပါဘူး.. ကျွန်တော် ကွာရှင်းမဲ့ကိစ္စကို အတည်သာပြောမယ်ဆိုရင် ကေသီဘယ်လောက်များ ခံစားရမှာပါလိမ့်။ ကေသီဘယ်လိုများ တုံ့ပြန်မယ်ဆိုတာ ကျွန်တော် မှန်းဆလို့တောင် မရပါဘူး။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၃)




တစ်ရက်မှာ ကေသီဟာ သူတို့ရုံးကိစ္စတစ်ခုနဲ့ အပြင်ထွက်လာရင်း ကျွန်တော့်ကုမ္ပဏီကို ရောက်လာပါတယ်.. ကံကောင်းတာက အဲဒီအချိန်မှာ ဂျူလီက အပြင်ထွက်သွားချိန် ဖြစ်နေပါတယ်..  ဒါပေမဲ့ ကေသီဟာ ကျွန်တော့်ဝန်ထမ်းတွေရဲ့ မျက်နှာပေါ်က စာနာသနားတဲ့ ဂရုဏာအရိပ်အယောင်တွေ၊ ဖွင့်ဟမပြောပေမဲ့ တစ်စုံတစ်ရာ ဖုံးကွယ်ထားပုံရတဲ့ စကားလုံးတွေဆီကနေ သင်္ကာမကင်းဖြစ်စရာ အရိပ်အယောင်တစ်ခုခုကို ရှာတွေ့သွားပုံ ရခဲ့ပါတယ်.. သူဟာ ၀န်ထမ်းတွေကို ညင်ညင်သာသာလေး ပြုံးပြပြီး စကားပြောနေခဲ့ပေမဲ့လို့ သူ့မျက်ဝန်းတွေမှာတော့ နာကျင်တဲ့ ခါးသီးမှုတစ်မျိုးကို ကျွန်တော်တွေ့လိုက်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း နာကျင်နေပုံရတဲ့ ကေသီမျက်ဝန်းတွေကိုကြည့်ပြီး ၀မ်းနည်းလာမိပါတယ်.. ကေသီကို ကျွန်တော်မချစ်တော့ပေမဲ့ ရက်စက်နိုင်တဲ့စိတ်လည်း ကျွန်တော့်မှာ မရှိပါဘူး။ ကေသီဟာ  ပြန်ခါနီးကျတော့ ကျွန်တော့်ကို ကြည့်သွားတဲ့ အကြည့်တွေထဲမှာ အဓိပ္ပါယ်တစ်ချို့ ပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်သွားခဲ့ပါတယ်.. နာကျင်ရိပ် တစ်ချို့နဲ့အတူ တောင်းပန်ရိပ်လေးတွေ စွက်နေခဲ့တယ်လို့ ကျွန်တော် ခံစားနားလည်မိလိုက်ပါတယ်။




ဒီလိုနဲ့ ကွာရှင်းပြတ်စဲဖို့ ခုချိန်ထိ ပြတ်ပြတ်သားသား မလုပ်သေးဘဲ အချိန်ဆွဲနေတဲ့ ကျွန်တော့်ကို ဂျူလီကလည်း တစ်ချိန်လုံး ဖိအားတွေ ပေးလာနေပါပြီ။ ဒီတစ်ပတ်ထဲမှာဘဲ ကေသီကို ဖွင့်ပြောဖို့ ဂျူလီက ရာဇသံပေးပါတယ်.. ကျွန်တော်လည်း ပြတ်သားဖို့အချိန်တန်ပြီလို့ ဆုံးဖြတ်ပြီး ဒီတစ်ပတ်မှာ ပြောပါမယ်လို့ ဂျူလီကို ကတိပေးလိုက်ပါတော့တယ်.. ဖွင့်ပြောဖို့ ဆုံးဖြတ်ထားတဲ့ တစ်ရက်မှာတော့ ကေသီပြင်ဆင်ကျွေးမွေးတဲ့ ညနေစာကို စားသောက်ပြီးချိန်မှာ ကျွန်တော် သူ့လက်ကို အသာဆုပ်ကိုင်လိုက်ပြီး “ကေသီ မင်းကို မောင်ပြောစရာရှိတယ်..” လို့ စကားစ လိုက်ပါတယ်... ဒီအခါ ပန်းကန်သိမ်းဖို့ ပြင်နေတဲ့ ကေသီဟာ ထမင်းစားပွဲက ထိုင်ခုံမှာ ပြန်ထိုင်ချလိုက်ပြီး ကျွန်တော့်ကို ဘာမှ မမေး ၊ စကားလည်း တစ်ခွန်းမှ မဆိုဘဲ စားပွဲခင်းကိုသာ စိုက်ကြည့်နေပါတယ်.. သူ့မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို ကျွန်တော် တွေ့မြင်လိုက်ရပြန်ပါပြီ။ ကျွန်တော် ဘာပြောမယ်ဆိုတာ ကေသီ ရိပ်များ ရိပ်မိနေမလား… စဉ်းစားရင်း ကျွန်တော်ပါးစပ်က ကွာရှင်းဖို့ကိစ္စကို ပြောထွက်ဖို့ ချက်ခြင်းဘဲ ၀န်လေးသွားရပြန်ပါပြီ..  ဒါပေမဲ့ ကျွန်တော် တွေဝေနေလို့ မဖြစ်တော့ဘူး ပြောကိုပြောမှ ဖြစ်တော့မယ်.. ဂျူလီကလဲ ကျွန်တော်နဲ့ အမြဲတမ်း အတူတူနေချင်လှပြီ.. ခုလိုတစ်ခါတစ်လေမှ တွေ့ရတဲ့ ဘ၀ကို သူမကျေနပ်နိုင်တော့ဘူး.. ကျွန်တော် ကေသီကို တရားဝင်ကွာရှင်းပြီး ဂျူလီနဲ့ဘဲ ဘ၀အသစ်ကို စတော့မယ်..  ဒီလိုတွေးမိလိုက်ပြီး အားပြန်တင်းရင်း ကေသီ့ကို ကျွန်တော် ပြောချလိုက်ပါတယ်..




“မောင့်ကို ကွာရှင်းခွင့်ပေးပါ ကေသီ.. မောင် မင်းနဲ့ ကွာရှင်းချင်တယ်.. ”




ကျွန်တော့်စကားကို ကြားတဲ့ ကေသီဟာ ထူးထူးခြားခြား တုန်လှုပ်ဟန်၊ အံ့သြဟန်လဲ မပြဘူး.. ဒါပေမဲ့ သူ့မျက်ဝန်းကနေတော့ မျက်ရည်တွေ စီးကျလာတယ်.. ပြီးတော့ ကြေကွဲ ဆို့နင့်နေတဲ့ အသံနဲ့ “အကြောင်းပြချက်က ဘာကြောင့်လဲမောင် .. မောင့်အပေါ် ဘာတွေများ တာဝန်မကျေလို့လဲ.. ကေသီ့ဘက်က မယားဝတ္တရား ပျက်ကွက်တာ ဘာများ ရှိခဲ့လို့လဲ… ” မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ ကေသီ့မေးခွန်းတွေကို ပြန်ဖြေဖို့ ကျွန်တော် ဆွံ့အသွားပါတယ်.. ကျွန်တော်ထင်တာက ကျွန်တော့်စကားကို ကြားရင် ကေသီဟာ အော်ကြီးဟစ်ကျယ်  ရန်တွေ့မယ်.. ငိုယိုပြီး ကျွန်တော့်ကို ထုရိုက်မယ်၊ တွေ့ရာနဲ့ ကောက်ပေါက်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ တွေးထင်မထားခဲ့တာကြောင့် ကေသီကို ဘာပြန်ပြောရမှန်းမသိ ဖြစ်ခဲ့ရပါတယ်.. ကျွန်တော့်မျက်နှာကို မျက်ရည်တွေကြားကနေ အကြာကြီး စိုက်ကြည့်နေခဲ့ပြီး ကျွန်တော့်အဖြေကို ကေသီက စောင့်ဆိုင်းနေခဲ့တယ်.. ကျွန်တော့်ဆီက ဘာစကားသံမှ ထွက်မလာတဲ့အဆုံး “ကောင်းပြီလေ..  ကွာရှင်းဖို့ကို မောင့်ဘက်က တကယ် လိုလားနေတယ် ဆိုမှတော့ မောင့် စိတ်တိုင်းကျသာ ဆုံးဖြတ်ပါ…” လို့ ပြောပြီး ခါးခါးသီးသီး ရှိုက်သံတွေ၊ မျက်ရည်တွေနဲ့  ကေသီ ထမင်းစားခန်းထဲကနေ ပြေးထွက်သွားခဲ့ပါတယ်.. အဲဒီညက ကျွန်တော်တို့၂ယောက်ရဲ့ အိပ်ခန်းထဲကို ကေသီရောက်မလာပါဘူး.. အခန်းပိုတစ်ခုမှာ သူ့တစ်ယောက်တည်း သွားအိပ်ပုံရပါတယ်. ကေသီဟာ တစ်ညလုံး ငိုကြွေးနေမှာ သေချာပါတယ်.. အကြောင်းပြချက် မပေးပေမဲ့ ကေသီနားလည်မယ် ထင်ပါတယ်လေ. ကေသီနဲ့ပတ်သက်ရင် အေးစက်နေတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သူမြင်တွေ့နိုင်မှာပါ.. ခုချိန်မှာတော့ ကျွန်တော့ အသည်းနှလုံးက ဂျူလီအတွက်သာ ဖြစ်နေပါပြီ။ ဂျူလီဟာ ကျွန်တော့်ရင်ခုန်သံ မြန်အောင်ပြုစားနိုင်တဲ့ နတ်သမီးတစ်ပါးပါ။ ဂျူလီနဲ့ဆို ကျွန်တော် သိပ်ကိုပျော်မယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၄)




နောက်ရက်ကစပြီး ကျွန်တော်ဟာ ကေသီနဲ့ ကွာရှင်းပြတ်စဲဖို့ကိစ္စကို စတင် ဆောင်ရွက်ပါတော့တယ်.. ကွာရှင်းစာချုပ်တစ်စောင် အကြမ်းရေးပြီး ကေသီ့ကို ကျွန်တော် ပြလိုက်တယ်.. စာချုပ်ထဲမှာ အခုလက်ရှိ ကျွန်တော်နဲ့ ကေသီနေတဲ့အိမ်ရယ်၊ ကျွန်တော်စီးနေတဲ့ကားရယ်၊ ကျွန်တော့် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု ၃၀% ရယ်ကို ကေသီ့ကို ပိုင်ဆိုင်ခွင့်ပေးကြောင်း ထည့်ရေးထားတာပါ။ ကျွန်တော်ပြတဲ့ စာချုပ်အကြမ်းကို ကေသီက တစ်ချက်သာ ဖြတ်ခနဲကြည့်လိုက်ပြီး တစ်စစီ ဆွဲဆုတ်လိုက်ပြီးနောက်မှာ  ကျွန်တော့်ရှေ့မှာ ရှုံးပွဲချ ငိုကြွေးနေပါတယ်… ကြေကြေကွဲကွဲ ငိုကြွေးနေတဲ့ ကေသီကိုကြည့်ပြီး ကျွန်တော့ရင်ထဲမှာလဲ တစ်ဆစ်ဆစ်နဲ့ နာကျင်နေမိပါတယ်.. ဒါပေမဲ့ တစ်ခုခု နှစ်သိမ့်ဖို့ ကျွန်တော် မကြိုးစားချင်တော့ပါဘူး… စိတ်ရှိလက်ရှိ ငိုကြွေးလိုက်တာက သူ့ရင်ထဲမှာ ခံစားနေတာတွေ နည်းနည်းတော့ ဖြစ်ဖြစ် သက်သာသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်.. ခုလိုဆိုတော့ ဂျူလီအတွက်ကြောင့်  ၁၀နှစ်ကျော်ကြာအောင် ပေါင်းသင်းခဲ့တဲ့ မိန်းမတစ်ယောက်နဲ့ သူစိမ်းပြင်ပြင် ဖြစ်ရတော့မှာကို တွေးမိတော့ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမိတာတော့ အမှန်ပါ။ ကွာရှင်းဖို့ စီစဉ်နေရပေမဲ့ ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန်နေမိတယ်လို့ ကျွန်တော် ခံစားနေမိပါတယ်.. ဒါပေမဲ့ ကျွန်တော် နောက်ဆုတ်လို့လဲ မဖြစ်တော့ပါဘူး… ကေသီ့အပေါ် မတရားမှန်း ကျွန်တော်သိပေမဲ့ ဂျူလီရဲ့ အချစ်ကိုလည်း ကျွန်တော် မလွန်ဆန်နိုင်ဘူး...  ကျွန်တော်ဂျူလီနဲ့နေဖို့ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေပါပြီ။




အဲဒီညမှာ ကေသီဟာ စာရေးစားပွဲပေါ်မှာထိုင်ပြီး တစ်စုံတစ်ခုကို ရေးနေတာ တွေ့ရပါတယ်.. ညတစ်ရေးနိုးလို့ ရေထသောက်ချိန်ထိလဲ အဲဒီစားပွဲမှာ သူရှိနေတုန်းပါ… ကျွန်တော် ပြန်အိပ်ပျော်သွားပြီးလို့  မိုးလင်းတော့ မနက်စာ စားချိန်မှာ ကေသီဟာ သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ် အကြမ်းတစ်စောင်ကို လာပြပါတယ်.. သူ့စာချုပ်ထဲမှာ ကျွန်တော်နဲ့ ကွာရှင်းပြတ်စဲတဲ့အတွက် ဘယ်လိုရပိုင်ခွင့်မျိုးကိုမှ သူယူမှာမဟုတ်တဲ့အကြောင်း၊ ဒါပေမဲ့ ကျွန်တော်နဲ့ မကွာရှင်းခင် တစ်လတိတိ သူနဲ့အတူတူ ယခင်ကအတိုင်း ပုံမှန်အနေအထားမျိုး အတတ်နိုင်ဆုံး နေပေးဖို့ တောင်းဆိုထားပါတယ်.. သူ့အကြောင်းပြချက်က ကျွန်တော်တို့ ၂ယောက်ရဲ့ သားလေးဟာ နောက်၃ရက်လောက်ဆို နွေရာသီ ကျောင်းတစ်လပိတ်တာမို့ အိမ်ကိုပြန်လာတော့မှာ ဖြစ်ပါတယ်.. ကွာရှင်းတဲ့ကိစ္စကို သားရှေ့မှာ မဖြစ်စေချင်တာကြောင့် သားရှိနေတဲ့ ဒီတစ်လအချိန်အတွင်းမှာ ကျွန်တော်တို့၂ယောက် ပုံမှန်အတိုင်း နေပြချင်တယ်လို့ ကေသီက တောင်းဆိုတာပါ။ ကျိုးကြောင်း ဆီလျော်တဲ့ ကေသီရဲ့ တောင်းဆိုချက်ကို ကျွန်တော်လဲ လျောလျောရှူရှူ လက်ခံလိုက်ပါတယ်..




ကေသီက ကျွန်တော့်ကို “မောင်… ကေသီတို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်တုန်းက ကေသီ ဒီအိမ်ထဲကို ဘယ်လိုရောက်လာတယ်ဆိုတာ မောင်မှတ်မိသေးလား” လို့ နူးညံ့တဲ့ အသံလေးနဲ့ မေးလိုက်တဲ့ ကေသီ့မေးခွန်းက ကျွန်တော်တို့ ၂ယောက်ရဲ့ မင်္ဂလာဦးရက်ကို ပြန်အမှတ်ရ သွားစေခဲ့ပါတယ်.. “မောင်.. မှတ်မိပါတယ်”  လို့ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တော့ ကေသီက ဆက်ပြီးပြောပါတယ်.. “ မောင်က ကေသီ့ကို ပွေ့ချီပြီး ကားပေါ်ကနေ အိမ်ထဲ ခေါ်လာခဲ့တာလေ.. ဒီတော့ မောင့်ကို ကေသီတစ်ခု တောင်းဆိုချင်တာက မောင်နဲ့ မကွာရှင်းခင် အတူတူနေခွင့်ရတဲ့ ဒီတစ်လအတွင်းမှာ မောင်ရော ကေသီရော အလုပ်ကို သွားကြတဲ့ မနက်တိုင်း အိမ်ခန်းထဲကနေ ခြံဝင်းထိ မောင်က ကေသီ့ကို ပွေ့ချီသွားပေးပါ။ သားလေး ပြန်ရောက်တဲ့ နေ့ကစလို့ နောက် တစ်လတိတိ နေ့တိုင်း မပျက်မကွက် လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်.. ဒါလေးကို မောင် လိုက်လျောပေးနိုင်မလား ” ကေသီရဲ့ တောင်းဆိုစကားကို ကြားရတော့ ကျွန်တော် တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လိုက်လျောဖို့ သဘောတူလိုက်ပါတယ်.. ရက်ရက်စက်စက် ချန်ထားခြင်းခံရမဲ့ ကေသီအတွက် ဒီလောက်တော့ လိုက်လျောဖို့ ထိုက်တန်ပါတယ် လို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကေသီဟာ မင်္ဂလာဦးကာလတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အဖြစ်တွေကို ပြန်သတိရပြီး အခု ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စရာ အမှတ်တရတွေနဲ့သာ အဆုံးသတ်ချင်ပုံရပါတယ်..




ကျွန်တော်က ကေသီရဲ့ တောင်းဆိုချက်အကြောင်းကို ဂျူလီ့ကို ပြောပြပြီး တစ်လလောက် စောင့်ပေးဖို့ ပြောလိုက်တော့ ဂျူလီက မျက်နှာကို တစ်ချက်မဲ့လိုက်ပြီး အားရပါးရ ရယ်မောပါတယ်… ပြီးတော့ “ဒါ သက်သက်ညစ်တာ… ကို့မိန်းမက ဘာတွေ ပရိယာယ်ဆင်ဦးမလို့လဲ မသိဘူး.. သူဘာဘဲလုပ်လုပ်လေ နောက်ဆုံးတော့ ကွာရှင်းတာကိုဘဲ သူရမှာပါ” လို့ သူ့ကိုယ်သူ ယုံကြည်စွာနဲ့ အခိုင်အမာ ပြောလိုက်ပါတယ်.. ဂျူလီရဲ့ စကားက ကျွန်တော့်စိတ်ကို ကသိကအောက် ဖြစ်စေပြီး ကေသီအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. တကယ်တမ်းတော့ ကျွန်တော် ကွာရှင်းချင်တယ် ဆိုပေမဲ့ ကေသီ့မှာ ဘာမှ အပြစ်မရှိရှာပါဘူး… ဂျူလီကို ချစ်မိတဲ့ အကြောင်းတစ်ခုတည်းနဲ့ ကေသီကို ကျွန်တော် ထားခဲ့ရမှာပါ။




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၅)




အရင်ကတည်းက ကေသီနဲ့ကျွန်တော်ဟာ မင်္ဂလာဦး ကာလတွေတုန်းကလို  နှစ်နှစ်ကာကာ၊ သည်းသည်းလှုပ် ဖြစ်မနေတော့ဘဲ အေးစက်စက် ဖြစ်နေခဲ့တာ ကြာပြီဆိုပေမဲလို့ ကွာရှင်းဖို့ကိစ္စ ဖွင့်ပြောလိုက်တဲ့နေ့ကစပြီး ကေသီနဲ့ကျွန်တော့်အကြားမှာ အရိပ်မဲကြီးတစ်ခု ခြားသွားသလို ခံစားလိုက်ရပါတယ်.. ကေသီရဲ့ မျက်နှာပေါ်မှာလည်း အပြုံးတစ်စကိုမှ မတွေ့ရတော့ဘဲ ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာကိုသာ တွေ့ရတော့တယ်.. တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ကိုလည်း ရှောင်လွှဲနေခဲ့ကြတော့ တကယ့်ကို တစိမ်းပြင်ပြင် ဖြစ်သွားသလိုပါဘဲ..





ကျွန်တော်တို့ ၂ယောက် သဘောတူထားတဲ့ အတိုင်းပါဘဲ.. သားပြန်ရောက်လာတဲ့ ပထမဆုံးနေ့ ရုံးသွားချိန်မှာ ကေသီကို အခန်းထဲကနေ အိမ်ရှေ့ခြံဝင်း တံခါးပေါက်ထိ ကျွန်တော် ပွေ့ချီလာတော့ ၂ယောက်လုံး တောင့်တောင့်ကြီးတွေ ဖြစ်နေခဲ့ကြတယ်.. တစ်ယောက်နဲ့တစ်ယောက် ခုလို ကြင်ကြင်နာနာ၊ ယုယုယယ မနေဖြစ်ခဲ့တာ ကြာခဲ့ပြီ မဟုတ်လား..  ဘာမှ မသိရှာတဲ့ သားလေးကတော့ “ဟေး…  ဖေဖေက မေမေ့ကို ပွေ့ထားတယ်ကွ” လို့ အော်ဟစ်ပြီး ၀မ်းသာအားရ လက်ခုပ်လေးတီးရှာတယ်.. သားရဲ့ အသံက ကျွန်တော့် အသည်းနှလုံးကို ဖျစ်ညစ်လိုက်သလို ခံစားလိုက်ရပါတယ်.. အိမ်ရှေ့ခြံဝင်းထဲရောက်တော့ “ကွာရှင်းမဲ့ကိစ္စ သားလေးမသိပါစေနဲ့နော်” လို့ ကေသီက တိုးတိုးလေး ပြောလိုက်တော့ သူ့ကိုပွေ့ချီထားရက်နဲ့ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး “စိတ်ချပါကွာ” လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ခံစားနေရတာ အမှန်ပါဘဲ.. ခြံရှေ့ရောက်တော့ ကေသီကို ကျွန်တော် ချပေးလိုက်ပြီး ကားပေါ် မောင်းတက်ခဲ့လိုက်ပါတယ်.. ကေသီကတော့ ဘတ်စ်ကားဂိတ်ကို ထွက်ခွာသွားပါတယ်။




နောက်နေ့တွေမှာတော့ ပထမဆုံးနေ့ကလို  ခပ်တောင့်တောင့် ဖြစ်မနေကြတော့ဘဲ ကေသီ့ကို ပွေ့ချီရတာ သက်တောင့်သက်သာ ရှိလာတယ်..  ကေသီကလည်း ကျွန်တော်ရဲ့ လည်ပင်းကို ပြန်ပြီးသိုင်းဖက်လာတတ်တယ်.. ကေသီရဲ့ အင်္ကျီမှာ ဆွတ်ထားတဲ့ ရေမွှေးနံ့တောင် ကျွန်တော့ နှာဝမှာ အတိုင်းသား ရှုရှိုက်နေရတယ်.. အဲဒီရေမွှေးနံ့ကို ရလိုက်တော့မှ ကျွန်တော် ကေသီ့ကို ရေမွှေးပုလင်း မ၀ယ်ပေးဖြစ်တာ ဘယ်နှနှစ် ရှိသွားပြီလဲဆိုတာကို ပြန်စဉ်းစားတော့ ဘယ်လောက် ကြာသွားပြီဆိုတာ  မှတ်ကိုမမှတ်မိတော့..  ဟိုးယခင်တုန်းကတော့ ကေသီကြိုက်တတ်တဲ့ ရေမွှေးပုလင်းတွေတိုင်း ကျွန်တော် ၀ယ်ပေးခဲ့တာချည်းပါဘဲ..  တစ်အိမ်ထဲ နေကြပေမဲ့လို့ ကေသီနဲ့ပတ်သက်တဲ့ အကြောင်းတွေ ကျွန်တော် သတိမထားဖြစ်တာ ကြာခဲ့ပြီဘဲ။ သက်ပြင်းကိုဖွဖွ  ချလိုက်မိတော့ ကေသီက ကျွန်တော့် မျက်နှာကို မော့ကြည့်လာတယ်.. ကျွန်တော်လဲ ကေသီ့မျက်နှာကို ပြန်ငုံ့ကြည့်မိလိုက်ပြန်တယ်..  ဒီတော့မှ ကေသီ့မျက်နှာကို စေ့စေ့ မကြည့်ဖြစ်ခဲ့တာတောင် ကြာပြီဆိုတာကိုလည်း  သတိရသွားမိတော့တယ်.. အိုး ကေသီဟာ လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော်တို့ မင်္ဂလာဦးချိန်တွေတုန်းကလို ငယ်ရွယ်နုပျိုတဲ့ မိန်းခလေးတစ်ယောက် မဟုတ်တော့ပါဘဲလား… သူ့မျက်နှာနဲ့ မျက်လုံးထောင့်တွေမှာ အရေးအကြောင်း တစ်ချို့ ထင်စပြုနေခဲ့ပြီ။ လှပတဲ့ ကေသီ့မျက်နှာက ရင့်ကျက်ခြင်းနဲ့အတူ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလှကို ထပ်ဆောင်းထားခဲ့ပြီ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၆)




နောက်တစ်တစ်ပတ်လောက်မှာ့ ကေသီကို ကျွန်တော်ပွေ့ချီလိုက်တော့ ကေသီက “ညတုန်းက မိုးရွာထားတာ ခြံထဲက ကျောက်ပြားက ချောနေတယ်.. သတိထားနော်” လို့ တိုးတိုးလေး သတိပေးစကားကို ပြောလာတယ်.. ကျွန်တော့် ရင်ထဲမှာ နွေးကနဲ ခံစားလိုက်ရပြီး ကြည်ကြည်နူးနူး ပြုံးလိုက်တော့ ကေသီက မျက်နှာနီပြီး ခေါင်းကိုငုံ့သွားတယ်.. ကေသီ့ကို ပွေ့ထားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်ဟာ ပထမနေ့တုန်းကလို တာဝန်အရ လုပ်ရတာမျိုး မဟုတ်တော့ဘဲ တကယ့်ကို စိတ်ပါလက်ပါဖြစ်လာတယ်.. ဒါပေမဲ့ ဒီအကြောင်းတွေကို ဂျူလီကို ကျွန်တော်လုံးဝ မပြောမိဘူး… ဂျူလီရဲ့ “ဘာတွေထူးခြားသေးလဲ” ဆိုတဲ့ အမေးကို ဘာမှ “မထူးခြားပါဘူးကွာ” ဆိုပြီး ခပ်ပေါ့ပေါ့ အဖြေကိုသာ ပေးဖြစ်ခဲ့တယ်။




နောက်ရက်တွေမှာလည်း ကေသီဟာ ကျွန်တော်ရဲ့ အင်္ကျီကို  မီးပူတိုက်ပြီး ဘယ်ပေါ်မှာ တင်ထားတယ်.. ဘယ်ဘောင်းဘီနဲ့ ၀တ်သွား၊ ပြန်လာရင် ညနေအတွက် ဘယ်ဟိုတယ်မှာ သားလေးကြိုက်တာလေး ၀ယ်ခဲ့ပါ စသဖြင့် ပြောတတ်လာတယ်.. ညပြန်ရောက်ရင် သားရယ် ကေသီရယ်၊ ကျွန်တော်ရယ် ညစာအတူတူစားကြ၊ တီဗီကလာတဲ့ အစီအစဉ်တွေ ထိုင်ကြည့်ပြီး ရယ်မောကြနဲ့ ခါတိုင်း ဒီချိန်တွေမှာ ဂျူလီကို သတိရနေတတ်တဲ့ ကျွန်တော့်စိတ်တွေ မိသားစုပျော်ရွှင်မှုထဲ နှစ်မြုပ်လာတယ်.. ဂျူလီဟာ ကျွန်တော့် သတိရခြင်းတွေထဲမှာ မှုန်ဝါးဝါးဖြစ်လာခဲ့ပြီ။ ကေသီ့ကို ပွေ့ချီရတာလည်း တစ်ရက်ထက်တစ်ရက် ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတယ်လို့ ကျွန်တော် ထင်လာခဲ့တယ်။






ရက် ၂၀လောက်ကြာတော့ မနက် ရုံးသွားကြဖို့ အ၀တ်လဲနေတဲ့ ကေသီ့ကို ပွေ့ချီဖို့စောင့်ရင်း ကျွန်တော်က “ကေသီ မင်းကို ပွေ့ရတာ အရင်ကထက်စာရင် ပိုပြီးပေါ့သွားသလိုဘဲ.. မောင်က  ပိုပြီး သန်မာလာလို့ ဖြစ်မယ်ထင်တယ်နော်” လို့ နောက်ပြီး ပြောလိုက်ပါတယ်.. ကေသီက အ၀တ်တွေ တစ်စုံပြီးတစ်စုံ ရွေးနေရင်း သူနဲ့တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်နေဟန်နဲ့ သက်ပြင်းချလိုက်ပြီး “အင်္ကျီတွေလဲ တစ်နေ့တစ်နေ့ ပိုကြီးကုန်ပြီထင်တယ်.. ကျွန်မနဲ့ တော်တဲ့အင်္ကျီ ရှာမရတော့ဘူး.”. လို့ ငြီးတွားလိုက်တော့ ကျွန်တော်က ပြုံးလိုက်မိပါတယ်.. ဒါပေမဲ့ ကေသီ့ကို သေချာကြည့်လိုက်တော့မှ ကျွန်တော် သဘောပေါက်လိုက်မိ့ပြီ.. ကေသီဟာ တော်တော့်ကို ပိန်သွားခဲ့တာပါဘဲလား.... တကယ်တမ်းတော့  ကျွန်တော်က ပိုပြီးသန်မာလာလို့ မဟုတ်ဘဲ ကေသီကသာ ကျွန်တော်ပွေ့ကာစ အရင် နေ့တွေထက်စာရင် အများကြီး ပိန်သွားတာမို့ သူ့ဝတ်စုံတွေက သူနဲ့ မတော်တော့ဘဲ ကြီးနေခဲ့တာပါ။ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားပေမဲ့ တကယ်တမ်းတော့ ကျွန်တော်နဲ့ ကွာရှင်းဖို့ကိစ္စဟာ ကေသီ့ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံစားရပုံ ပေါ်ပါတယ်..  ကေသီ ဘယ်လောက်များ စိတ်ဆင်းရဲနေခဲ့ပါလိမ့်…




ပိန်သွားတဲ့ ကေသီ့ခန္ဓာကိုယ် သွယ်လျလျကိုကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ  ၀မ်းနည်းခြင်းတွေ တစ်လှိုက်လှိုက် တက်လာပါတယ်.. ကျွန်တော် ကေသီ့ခေါင်းကလေးကို ကြင်နာစိတ်ကလေးနဲ့ လှမ်းကိုင်လိုက်ဖို့ လက်ရွယ်လိုက်တုန်းမှာ သားလေးက အခန်းထဲကို ရုတ်တရက် ရောက်လာပြီး “ဖေဖေ.... မေ့မေ့ကိုပွေ့ချီပြီး အလုပ်သွားဖို့ အချိန်ရောက်ပြီလေ” လို့ သတိပေးစကား ပြောလာပါတယ်.. သားလေးကြည့်ရတာ သူ့အဖေဟာ အမေဖြစ်သူကို ပွေ့ပြီး အလုပ်သွားတာကို အမြဲတမ်းတွေ့နေရမဲ့ မြင်ကွင်းလို့ ထင်မှတ်ထားပုံရပါတယ်.. ကေသီက သားလေးအနားကို တိုးကပ်သွားပြီး တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါတယ်.. ကျွန်တော် ဒီမြင်ကွင်းကို ကြည့်ဖို့ အင်အားမရှိတော့တာကြောင့် မျက်နှာလွဲပစ်လိုက်မိပါတော့တယ်.. နောက်ဆုံးအချိန်နားနီးလာမှ ဆုံးဖြတ်ပြီးသား ကျွန်တော့်စိတ်တွေ ပြန်ပြောင်းလာမှာကိုလဲ စိုးမိပါတယ်.. ခနကြာတော့ ကေသီ့ကိုယ်လေးကို ကျွန်တော် ပွေ့ချီလိုက်ပြီး အိပ်ခန်းကနေ ခြံဝင်းတံခါးထိ လျှောက်လာတဲ့အချိန်မှာ ခါတိုင်းလိုဘဲ ကေသီက ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားပါတယ်.. ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ မင်္ဂလာဦးနေ့ကို ပြန်သတိရနေမိပေမဲ့ ကေသီရဲ့ ခန္ဓာကိုယ်ကတော့ မင်္ဂလာဦး အချိန်တွေတုန်းကထက် ပိုပြီးပေါ့ပါးသွားခဲ့ပြီ။ ဒီအဖြစ်က ကျွန်တော်ကို ထိထိခိုက်ခိုက် ကြေကွဲ ၀မ်းနည်းစေပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


အပိုင်း(၇)




ဒီနေ့ဟာ ကျွန်တော်တို့ ၂ယောက်ရဲ့ အိမ်ထောင်ရေး နောက်ဆုံးနေ့ပါဘဲ… ကျောင်းတွေပြန်ဖွင့်ပြီမို့ ညနေဆိုရင် သားလေးဟာ သူနေတဲ့ အဆောင်ကို ပြန်ရတော့မယ်.. ကျွန်တော်တို့၂ယောက်အတွက် နောက်ဆုံးနေ့မှန်းသိနေတော့ ကေသီ့ကိုပွေ့ချီထားတဲ့ ကျွန်တော့လက်တွေဟာ ခွန်အားမဲ့နေသလို ဖြစ်နေပြီး ခြေထောက်တွေကလည်း ခြေတစ်လှမ်းလှမ်းဖို့တောင် အနိုင်နိုင် ဖြစ်နေခဲ့မိတယ်.. ကျွန်တော့်လည်ပင်းကို သိုင်းဖက်ထားတဲ့ ကေသီရဲ့ လက်ဖျားလေးတွေဟာလည်း အေးစက်နေတာပါဘဲ.. တစ်ညလုံး ငိုကြွေးထားပုံရတဲ့  ကေသီရဲ့ မျက်ဝန်းတွေဟာလည်း နီရဲနေခဲ့တယ်.. သူ့ကိုပွေ့ချီလာတဲ့ လမ်းတစ်လျှောက်မှာ ကေသီကျွန်တော့်ကို ပြောလိုက်တဲ့စကားတစ်ခွန်းက “ကေသီစိတ်ထဲမှာ မင်္ဂလာဦးနေ့တုန်းကလိုဘဲ ကေသီတို့၂ယောက်လုံး အသက်ကြီးတဲ့အချိန်ထိ ကေသီ့ကို မောင့်လက်တွေနဲ့ အမြဲတမ်းပွေ့ချီလိမ့်မယ်လို့ ထင်ခဲ့မိတယ်” လို့ ကြေကြေကွဲကွဲ တုန်ရီဆို့နင့်တဲ့အသံနဲ့ ပြောလိုက်ပါတယ်.. ကျွန်တော် ကေသီ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး“ကေသီရယ် မောင်တို့ ၂ယောက်လုံးဟာ ခုလို အချစ်တွေ တဖြေးဖြေး လျော့ပါးလာတာကို သတိမမူမိခဲ့ကြဘူး.. စောစောကသာ သတိထားမိခဲ့ကြရင် သိပ်ကောင်းမှာဘဲ” လို့ပြောလိုက်မိပါတယ်.. ခြံရှေ့မှာ ကေသီရဲ့ ကိုယ်လေးကို ချလိုက်ပြီး ကျွန်တော် ကားတံခါးကိုတောင် သေချာမပိတ်နိုင်တော့ဘဲ ကားကို အလောတကြီး မောင်းထွက်လာခဲ့မိပါတော့တယ်..




ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော် ကြန့်ကြာလို့ မဖြစ်ဘူး.. ဒီတစ်ခါတော့ ဆုံးဖြတ်ချက်တွေ နှောင့်နှေးနေတာမျိုး မဖြစ်ချင်တော့ဘူး...  ကျွန်တော့်စိတ်တွေ ထပ်ပြီး ယိမ်းယိုင်သွားတာမျိုးလည်း အဖြစ်မခံနိုင်တော့ဘူး.. ကားကို ဂျူလီရဲ့ တိုက်ခန်းအောက်မှာ အသံမြည်အောင် ထိုးရပ်လိုက်ပြီး တိုက်ခန်း လှေကားထစ်တွေပေါ်ကို အပြေးကလေး တက်လာခဲ့မိပါတယ်.. ဂျူလီ့အခန်းရှေ့ရောက်လို့ တံခါးကိုခေါက်လိုက်တော့ ဂျူလီက ပြုံးချိုတဲ့ မျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးတယ်.. ရောက်ရောက်ချင်း အခန်းထဲကို လှမ်းမ၀င်နိုင်ဘဲ ဂျူလီ့ကို အလောတကြီး ပြောချလိုက်မိတာက  “ဂျူလီ ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ကိစ္စ မဖြစ်နိုင်တော့ဘူး” ကျွန်တော့်စကားကို ကြားလိုက်တဲ့ ဂျူလီဟာ အံ့သြသွားတဲ့ မျက်နှာနဲ့ “ဟင်.. ကို ဘာတွေပြောနေတာလဲ..နောက်နေတာလား.. ကြည့်စမ်းပါဦး  မျက်နှာလဲမကောင်းဘူး.. ကို ဖျားနေတာလား” ပြောပြောဆိုဆို ကျွန်တော့် နှဖူးကို သူ့လက်ကလေးနဲ့ လာစမ်းလိုက်ပါတယ်.. ကျွန်တော်က သူ့လက်ကို ဖယ်လိုက်ရင်း “ကိုယ်နောက်နေတာ မဟုတ်ဘူးဂျူလီ.. တကယ်ပြောနေတာ.. ဆောရီးပါဂျူလီ.. မင်းအတွက် ကိုယ်ဝမ်းနည်းပါတယ် ဆိုတာကလွဲလို့ တစ်ခြားလဲ ကိုယ်မပြောတတ်တော့ဘူး.. ကိုယ် ကေသီနဲ့ ကွာရှင်းဖို့ ဆိုတာ တကယ်ကို မလုပ်နိုင်တော့ဘူး… ကိုယ်နဲ့ ကေသီတို့ရဲ့ အိမ်ထောင်သည်ဘ၀ဟာ ပျင်းရိငြီးငွေ့စရာ ကောင်းခဲ့တာတော့ အမှန်ပါ။ အိမ်ထောင်သည် ဘ၀မှာ ဆက်လက်ရှိရမဲ့ အကြင်နာတွေ၊ ကရုဏာတွေ၊ ဂရုစိုက်နွေးထွေးမှုတွေကို ကိုယ်တို့ မေ့လျော့ခဲ့ကြတယ်.. တကယ်တမ်းတော့ တစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ယောက်က မရှိကြတော့လို့ မဟုတ်ကြပါဘူး.. ဒါကို ကိုယ်တို့၂ယောက် ခွဲရတော့မယ်ဆိုမှ နားလည်လာတယ်.. တန်ဖိုးထားရမှန်း သိလာတယ်.. ကိုယ် ကေသီကို မထားခဲ့နိုင်တော့ဘူး.. ကိုယ် အသက်ကြီးတဲ့အထိ ကေသီဟာ ကိုယ့်ဘေးနားမှာ ရှိရမဲ့ သူဘဲဆိုတာ ကိုယ် ခွဲခြားနားလည်သွားပြီ။ ဒါကြောင့် မင်းအတွက် ၀မ်းနည်းပါတယ်လို့ဘဲ ကိုယ်ပြောပါရစေဂျူလီ… ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့”




ကျွန်တော့်ရဲ့ စကားဆုံးသွားတော့မှ ဂျူလီဟာ ကျွန်တော် အလေးအနက် ပြောနေတယ်ဆိုတာ သိသွားပုံရပါတယ်.. အိပ်ရာက ရုတ်တရက်နိုးလာတဲ့သူလို ယောင်ယောင်ကန်းကန်း ကျွန်တော့်ကို ကြည့်နေရာကနေ သူရဲ့ လက်တစ်ဖက် မြောက်တက်သွားတာကို ကျွန်တော် မြင်လိုက်ပါတယ်.. ဒါပေမဲ့ ရှောင်လွဲဖို့ မကြိုးစားတော့ပါဘူး.. ကျွန်တော့်အပြစ်အတွက် ဒီလောက်တော့ ထိုက်တန်ပါတယ်.. မရှောင်ဘဲ ငြိမ်နေတဲ့ ကျွန်တော့် ပါးပေါ် ဂျူလီရဲ့ လက်ဝါးက အရှိန်ပြင်းပြင်း ကျလာပါတယ်.. ကျွန်တော့်မျက်နှာ လည်ထွက်သွားပြီး နောက်ဘက်ကို ယိုင်သွားတဲ့အချိန်မှာ ဂျူလီဟာ အခန်းတံခါးကို ၀ုန်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ အသံကို ကြားလိုက်ရပါတယ်.. ကျွန်တော်လဲ ဂျူလီရဲ့ ငိုသံတွေကို လစ်လျူရှု ကြောခိုင်းလိုက်ပြီး  အောက်ထပ်ကို ပြန်ဆင်းလို့ ကားပေါ်တက်ကာ ကုမ္ပဏီကိုဦးတည် မောင်းထွက်ခဲ့ပါတော့တယ်။





ကားမောင်းလာရင်း လမ်းမှာတွေ့တဲ့ ပန်းဆိုင်တစ်ဆိုင်မှာ ကားကိုရပ်ပြီး ကေသီကြိုက်တတ်တဲ့ နှင်းဆီအဖြူဆွတ်ဆွတ်တွေနဲ့ ပန်းစည်းလှလှလေးတစ်စည်း လုပ်ပေးထားဖို့နဲ့၊ ညနေ ရုံးဆင်းချိန်မှာ လာယူမဲ့အကြောင်းပြောပြီး အော်ဒါမှာလိုက်ပါတယ်.. ဆိုင်က ၀န်ထမ်းကောင်မလေးက ပန်းစည်းပေါ်ချိတ်မဲ့ ကဒ်ပြားမှာ ဘယ်လို အကြောင်းအရာမျိုးရေးမလဲလို့ လှမ်းမေးပြီးတော့ ကျွန်တော့်ကို စာရွက်အကြမ်းတစ်ရွက် လှမ်းပေးလိုက်ပါတယ်..  ကျွန်တော်က တစ်ချက်ပြုံးလိုက်ပြီး စာရွက်ပေါ် ချရေးလိုက်တာက “ မောင်တို့ ၂ယောက်လုံး အိုမင်းလာတဲ့အချိန်ထိ မောင် မင်းကို ပွေ့ချီသွားမှာပါ.” ဆိုတဲ့ စာသားလေးပါ။ ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်လို့ ဒီပန်းစည်းလေးကို သူ့လက်ထဲ ထည့်လိုက်တဲ့အခါ ပန်းစည်းပေါ်က စာသားလေးကိုဖတ်လိုက်ရရင် ကေသီဘယ်လောက်များ ပျော်ရွှင်သွားမှာပါလိမ့်။ တွေးလိုက်မိတာနဲ့တင်  ကြည်နူးမှုလှိုင်းတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျွန်တော့်ရင်ခုန်သံတွေကလည်း မင်္ဂလာဦးနေ့တုန်းကလို မြန်ဆန် နွေးထွေးလာပါတော့တယ်။




*****************************************************************************************************************






Love Stories Destiny မှ The Divorce ( Unknown Author) ကို နှစ်ခြိုက်မိသဖြင့် ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ အခြားသူများ ဘာသာပြန်ထားပြီးခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပါတယ်ရှင်.. ဒီဝတ္ထုလေး ဖတ်ပြီးချိန်မှာ နက်နက်ရှိုင်းရှိုင်း ခံစားမိသောကြောင့် စာဖတ်သူများကိုလည်း  ဒီဝတ္ထုကနေ တစ်စုံတစ်ရာ ရစေလိုသောစိတ်ဖြင့် ပြန်လည် ဝေမျှ ခံစားနိုင်ရန် ကြိုးစားပြီး ဘာသာပြန်ဖြစ်ပါတယ်..




ချစ်သူတိုင်း နားလည်စာနာခြင်း၊ နွေးထွေးယုယခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့ဖြင့် တွဲလက်ခိုင်ခိုင် မြဲနိုင်ကြပါစေရှင်။





ချော(အစိမ်းရောင်လွင်ပြင်)