Showing posts with label ရသစာစုများ. Show all posts
Showing posts with label ရသစာစုများ. Show all posts

တတိုင်းမွှေးပန်းကလေးများ

ကျွန်မဟာ သမီးလေးဂျုံး မင်္ဂလာဆောင်အတွက် လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မနေမနား အလုပ်များနေခဲ့ရပါတယ်။ အိမ်နဲ့ မိုင်လေးဆယ်အကွာ မြို့ကလေးတစ်ခုက ဘုရားကျောင်းမှာ ကျင်းပမဲ့ မင်္ဂလာဆောင်အတွက် ပန်းဆိုင်ပြေးရ၊ အဝတ်အစားဆိုင်ပြေးရ၊ အစားအသောက်ဧည့်ခံကျွေးမွေးဖို့ စီစဉ် ပြေးလွှားရနဲ့ အသက်တောင် ဝအောင် ရှုဖို့အချိန် မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မ ကျေနပ်ပါတယ်။ ပျော်ရွှင် စိတ်ချမ်းမြေ့ပါတယ်။ သမီးလေးကို ချစ်ခင်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ မင်္ဂလာဆောင်ကို အကောင်းဆုံး အပြည့်စုံဆုံး ဆောင်ရွက်ပေးချင်တဲ့ စိတ်ဆန္ဒ အပြည့်အဝ ရှိနေခဲ့တာကြောင့် မောရ၊ ပင်ပန်းရလွန်းပေမဲ့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

သို့ပေမဲ့လည်း မုဆိုးမဖြစ်တဲ့ကျွန်မမှာ စုဆောင်းထားတဲ့ ငွေကြေးလေးက များများစားစား ရှိမနေခဲ့ပါဘူး။ မင်္ဂလာဆောင် တစ်ခုရဲ့ ကုန်ကျစရိတ် ဆိုတာကလည်း သိတဲ့အတိုင်း၊ လိုအပ်တာတွေ များလွန်းလှပြီးတော့ ဝယ်လို့၊ ခြမ်းလို့ ၊ စီစဉ်လို့ မကုန်ဆုံးနိုင်အောင် ဖြစ်နေပါတော့တယ်။ ဒီတော့ သမီးလေး မင်္ဂလာဆောင်ကို အကောင်းဆုံးလဲ ဖြစ်ရအောင် ကျွန်မမှာရှိတဲ့ငွေကလေးနဲ့ လောက်ငှသင့်တင့်ရအောင် စီစဉ်ရတာတွေက ဦးနှောက် စားလွန်းလှပါတယ်။  သမီးကိုလဲမျက်နှာ မငယ်စေချင်ပါဘူး.. သမီးလေးရဲ့ အစ်ကို ဂျက်ခ်က ကောလိပ်တက်နေတဲ့အတွက် အိမ်နဲ့ဝေးတဲ့ မြို့ကြီးတစ်ခုမှာ ရောက်နေပေမဲ့လို့ မင်္ဂလာဆောင်နေ့မှာ သမီးလေးရဲ့ လက်ကိုတွဲပြီး သတို့သားလက်ထဲ ထည့်ပေးတဲ့ ဖခင်နေရာအစား သူက တာဝန်ယူပေးဖို့ အရောက်လာမယ်လို့ အကြောင်းကြားလာ ပါတယ်။ တကယ်တမ်းတော့ သမီးလေးက သူ့ဖခင်က သတို့သားဆီ ပို့ပေးရမှာဖြစ်ပေမဲ့လည်း သူတို့ရဲ့ အဖေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ကျွန်မရဲ့ သမီးလေးက တတိုင်းမွှေးပန်းကလေးတွေကို အရမ်းနှစ်သက်သူပါ။ သူက ကျွန်မကို သူချစ်တဲ့ တတိုင်းမွှေးပန်းကလေးတွေနဲ့ မင်္ဂလာဆောင်ကို အလှဆင်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်.။ ဟုတ်ပါတယ်… တတိုင်းမွှေး ပန်းကလေးတွေရဲ့ မွှေးကြိုင်သင်းပျံ့တဲ့ ရနံ့နဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ အပွင့်ကလေးတွေ၊ စိမ်းစိမ်းမြမြကလေး ရှိတဲ့ အရွက်ကလေးတွေက မင်္ဂလာဆောင်တစ်ခုကို အစွမ်းကုန် အလှဆင်ယင် ပေးနိုင်ဖို့အတွက် လုံလောက်တဲ့ လှပမှု၊ ဖြူစင်မွှေးမြမှုတို့ကို ပေးနိုင်တာ သေချာပါတယ်လေ။ ဒါကြောင့်လဲ တတိုင်းမွှေး ပန်းကလေးတွေကိုများများရဖို့အတွက်  အပင်ကြီးကြီးရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေအိမ်မှာ လိုက်လံ ခူးဆွတ် စုဆောင်းပါတယ်။ ဒါဟာ ကျွန်မအနေနဲ့ ပိုက်ဆံချွေတာခြင်း တစ်မျိုးလဲ ဖြစ်ပါတယ်.. ရလာတဲ့ပန်းတွေကို  မင်္ဂလာပွဲ မတိုင်မှီ ညနေမှာ သယ်ဆောင်လာပြီးတော့ မင်္ဂလာပွဲ ပြုလုပ်ကျင်းပမဲ့ ဘုရားကျောင်း တစ်ခုလုံးကို အလှဆင်ပါတော့တယ်။ အနက်ရောင် သစ်သား နောက်ခံပေါ်မှာ ကြွရွလှပ နေတာကတော့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေပါဘဲ။ လှလိုက်တာ.. မွှေးလိုက်တာ.. ဘုရားကျောင်းတစ်ခုလုံးကို ဖြူစင်ခြင်းနဲ့ မွှေးမြထုံရီခြင်းရနံ့တွေက ဖုံလွှမ်းလို့… ဘယ်လောက်တောင်များ စိတ်ချမ်းသာဖို့ ကောင်းလိုက်ပါသလဲ.. ဒီပန်းကလေးတွေကို တွေ့ရင် သမီလေး ဘယ်လောက်များ ပျော်ရွှင်ကြည်နူး သွားလိုက်လေမလဲနော်။



Image Hosted by PicturePush - Photo Sharing


ကျွန်မ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ ဘုရားကျောင်းကို လှည့်ပတ်ကြည့်ရှုရင်း ဘာတွေများ လိုအပ်နေဦးမလဲလို့ တစ်ခုချင်း ပြန်စဉ်းစားနေမိပါတယ်.. ။ စီစဉ်ထားတဲ့ အစီအစဉ်တွေ အားလုံးလဲ လိုလေသေးမရှိအောင် အကွက်ကျကျ စီစဉ်ပြီးသား၊ ပြန်စဉ်းစားကြည့်တိုင်း စိတ်ကျေနပ်စရာ ဖြစ်နေပြီ၊ အစားအသောက်၊ မင်္ဂလာလက်စွပ်၊ အကျွေးအမွေး၊ ဧည့်ခံပွဲ၊ ညစာ ကိစ္စ၊ တီးဝိုင်း၊ ဘာတစ်ခုမှ လိုအပ်တာမရှိတော့.. သမီးလေးအတွက် သူ့တစ်သက်တာမှာ အမြဲတမ်း အမှတ်နေဖို့ ကျွန်မရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု၊ အထူးသဖြင့် တတိုင်းမွှေးပန်းကလေးတွေနဲ့ ဆင်ယင်ထားတဲ့ ဧည့်ခံပွဲကို သမီးလေး အကျေနပ်ဆုံး၊ သဘောအကျဆုံး ဖြစ်မှာပါလေ။ သမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခွင့် ရလိုက်တဲ့ မိခင်တစ်ယောက်ရဲ့ ပီတိကရော ဘာနဲ့များ တိုင်းတာပြလို့ရနိုင်ပါ့မလဲ။

Image Hosted by PicturePush - Photo Sharing



မင်္ဂလာနေ့မနက်ဟာ ကျွန်မဘ၀မှာ အလုပ်အများဆုံး နေ့တစ်နေ့ ဖြစ်ပါတော့တယ်.. သမီးလေးရဲ့ သူငယ်ချင်း သတို့သမီး အရံလေးတွေက သမီးကို အ၀တ်အစား ကူညီ ၀တ်ဆင်ပေးနေတယ်.. အဲဒီထဲက ကောင်မလေးတစ်ယောက်ရဲ့ ရည်းစားဖြစ်တဲ့ တန်မ်က ဘုရားရှိခိုးကျောင်းထဲက အပြင်အဆင်တွေကို မင်္ဂလာပွဲချိန် မတိုင်မီ နောက်ဆုံးတစ်ကြိမ် စစ်ဆေးဖို့ ကျွန်မနဲ့အတူတူ လိုက်လာပါတယ်. တစ်ညလုံး ပိတ်ထားခဲ့တဲ့ ဘုရားရှိခိုးကျောင်းတံခါးကိုလဲ ဖွင့်လိုက်ရော ဘုရားရှိခိုးကျောင်းထဲက လှောင်ပိတ်မိနေတဲ့ လေပူတွေဟာ ဝေါခနဲ ထိုးထွက်လာပါတော့တယ်…. ပြီးတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး ကျွန်မ ကြက်သေ သေသွားခဲ့ပါတယ်. ဘုရားရေ… မနေ့ညနေကတင် လှလှပပ လန်းလန်းဆန်းဆန်း ဆင်ယင်ထားခဲ့တဲ့ ဖြူဖြူဖွေးဖွေး တတိုင်းမွှေး ပန်းကလေးတွေအားလုံး မဲမှောင် ညိုးနွမ်းလို့ပါလား..  ညတုန်းက ဖွင့်ပြီးထားခဲ့တဲ့ လေအေးစက်ဟာ တစ်စုံတစ်ခု အကြောင်းကြောင့် ချို့ယွင်းပြီး ရပ်ဆိုင်းသွားခဲ့ဟန်တူပါတယ် ။ ယခုလို ပူအိုက်လွန်းလှသော နွေရာသီရဲ့ လေပူတွေက ပန်းကလေးတွေ နွမ်းသွားအောင်၊ ညှိုးယော် ခြောက်သွေ့ သွားအောင် လုပ်ပစ်လိုက်လေပြီ။

ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်တို့ဖြင့် ရုတ်တရက် ပြာဝေသွားအောင် ခံစားလိုက်ရပါတော့တယ်.. အိုး.. ဒီအချိန်မှာမှ မိုင် ၄၀ ဝေးတဲ့ နေရာက ကျွန်မတို့မြို့ကို ကားမောင်းပြန်ပြီး ပန်းတွေသွားယူဖို့ဆိုတာ ဘယ်လိုလုပ် အချိန်မှီပါတော့မလဲ.. နောက်နှစ်နာရီလောက်ဆိုရင်ဘဲ မင်္ဂလာ အခမ်းအနား စတော့မည်လေ။ ဘယ်လိုလုပ်ရပါ့.. ဘယ်ကနေ ပန်းတွေရပါ့မလဲ.. သွေးရူးသွေးတန်း အပြင်းအထန် စဉ်းစားနေမိသည်..

“အန်တီ.. အန်တီက ပန်းတွေအမြန်သွားရှာပါ.. ကျွန်တော် ဒီညှိုးရော်နေတဲ့ ပန်းတွေအားလုံး ဖယ်ထုတ် ထားလိုက်မယ်..  ပန်းအသစ်တွေ အမြန်ဆုံး ပြန်ထိုးကြရအောင်” ပြာပြာသလဲ ပြောလိုက်သော တန်မ်ရဲ့ စကားကြောင့် ကျွန်မလဲ “အင်းအင်း  အိုကေ အိုကေ.. ငါသွားရှာလိုက်မယ်.. ” လို့ ကယောင်ကတန်း ပြန်ပြောလိုက်ရင်း ဘုရားကျောင်းထဲကနေ ကျွန်မ အပြေးကလေး ပြန်ထွက်လာမိပေမဲ့“ ဒီအချိန်မှတော့ ဘယ်နေရာမှာ ဒီပန်းတွေကို သွားရှာရပါ့မလဲ.. ပြီးတော့ အခုရောက်နေတဲ့ ဒီမြို့ကလေးမှာ ကျွန်မရဲ့အသိဆိုတာလည်း တစ်ယောက်မှ ရှိတာမဟုတ်.. အိုး. သေပါတော့ ငါဘာလုပ်ရပါ့မလဲ…” ပူပင်စွာ တွေးလိုက်မိရင်း ဘုရားကျောင်းဘက် ပြန်လှည့်ပြီး ဘုရားသခင်ကို ရည်မှန်းပြီးတော့ “အရှင်.. ကယ်တော်မူပါ။ တပည့်တော်မကို စိတ်အားထက်သန်စွာ ကူညီပြီး ပန်းရှာဖွေပေးနိုင်မဲ့သူ တစ်ယောက်ယောက်  အမြန်ဆုံး ကူညီစောင်မတော်မူပါ.. ”  ကျွန်မနှုတ်က အသံထွက်ပြီး ဆုတောင်းလိုက်မိပါတော့တယ်.. ။

Image Hosted by PicturePush - Photo Sharing

ဘုရား ရှိခိုးကျောင်းကနေ ကားမောင်းထွက်လာခဲ့ပြီးနောက် ကံကောင်းထောက်မ စွာဘဲ  မဝေးလှတဲ့ အိမ်တစ်အိမ်မှာ တစ်ပင်လုံးကျွတ် ဖွေးဖွေးလှုပ်အောင် ပွင့်ဝေနေတဲ့ တတိုင်းမွှေးပင်ကြီးကို တွေ့လိုက်ရပါတော့တယ်.။ ကျွန်မ အားရ ၀မ်းသာစွာဘဲ ကားကို ရပ်လိုက်ကာ အိမ်အနားကို တိုးကပ်သွားမိပြီး တံခါးကို ကျယ်ကျယ်လေး ခေါက်လိုက်မိပါတယ်.. အိမ်ထဲမှာ ကိုက်မဲ့၊ ဟောင်မဲ့ ခွေးတစ်ကောင်တစ်လေမှ ရှိမနေတာ တော်ပါသေးရဲ့။ အဖိုးအိုတစ်ယောက်က တံခါးကို လာဖွင့်ပေးတော့ ကျွန်မက အကူအညီ လိုအပ်နေလို့ ရောက်လာတာဖြစ်ကြောင်း ပြောပြပြီး မင်္ဂလာပွဲအတွက် တတိုင်းမွှေး ပန်းကလေးတွေ လိုချင်ပါကြောင်း ရှင်းပြလိုက်ပါတယ်..  အဖိုးကြီးက “အိုး ၀မ်းသာလိုက်တာ.. သိပ်ကို ကူညီချင်ပါတယ်.. ” လို့ လိုလို လားလား၊ ပြုံးပြုံးရွှင်ရွှင် ပြန်လည်ဖြေကြားပြီး  လှေခါးလေး တစ်ခုကို သွားယူလာပါတယ်. ပြီးနောက် တတိုင်းမွှေးပင်ကြီးပေါ်သူကိုယ်တိုင် တက်ရောက်ကာ ပန်းကိုင်းများကို ကပ်ကြေးတစ်လက်ဖြင့် ကိုက်ဖြတ်ပြီး အပင်အောက်က ကျွန်မဆီကို လှမ်းလှမ်းပေးပါတော့တယ်။


Image Hosted by PicturePush - Photo Sharing


မိနစ်အနည်းငယ် အကြာမှာတော့ ဧည့်ခံပွဲအတွက် ပန်းတွေ လုံလောက်ယုံမက ပိုလျှံနေအောင် ရနေပြီဖြစ်လို့ အဖိုးအိုကို တော်လောက်ပြီဖြစ်ကြောင်း လှမ်းပြောလိုက်ရပါတယ်။ ပန်းတွေကို  ကျွန်မရဲ့ ကားနောက်ခန်းထဲကို ထည့်လိုက်ပြီး အဖိုးအိုကို ကျွန်မရင်ထဲကနေ လှိုက်လှဲစွာ ပြောလိုက်မိပါတယ်။ 

“ကျေးဇူးတင်လိုက်တာရှင်… ရှင်ဟာ သတို့သမီး တစ်ယောက်ရဲ့မိခင်ကို စိတ်ချမ်းသာ  ပျော်ရွှင်မှုတွေ ရအောင် လုပ်ပေးလိုက်တာပါဘဲ..

“မဟုတ်တာ.. ကျုပ်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ.. ”  အဖိုးအိုက ကျွန်မကို ပြန်ပြောပါတယ်.. ပြီးတော့ သူဆက်ပြောတာက  “ ဒီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ခင်ဗျား နားမလည်ပါဘူး ”

“အိုး .. ဘာတွေများ ဖြစ်ခဲ့လို့လဲရှင်.. ” ကျွန်မနားမလည်စွာနဲ့ ပြန်မေးလိုက်မိပါတယ်…

“ဒီမှာ.. လွန်ခဲ့တဲ့ တနင်္လာနေ့က အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ ကျုပ်ရဲ့ ဇနီးဆုံးသွားခဲ့တယ်..  အင်္ဂါနေ့မှာ အသုဘအိမ်အဖြစ် ကျုပ်တို့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ၊ သားသမီး မြေးမြစ်တွေ အားလုံးရောက်လာ ကြပြီး ဗုဒ္ဓဟူးနေ့မှာတော့”  အဖိုးအိုက ပြောလက်စ စကားကို ခနရပ်လိုက်ပါတယ်.. အိုး... ကြည့်ပါဦး..  အဖိုးအိုရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေနဲ့ပါလား..

“ဗုဒ္ဓဟူးနေ့မှာ ကျုပ်ဇနီးကို သဂြိုင်္လ် လိုက်ရတယ်..”  သူက အဝေးကို မျှော်ငေးကြည့် လိုက်ပြီး “ကြာသပတေး နေ့မှာ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ အားလုံး ပြန်ကုန်ကြပြီ။ အင်း မနေ့က .. မနေ့က သောကြာနေ့မှာတော့ ကျုပ်ရဲ့ သားသမီးတွေ၊ မြေးတွေမြစ်တွေ အားလုံးဟာ ပြန်သွားကြပြီ.. ”

ကျွန်မ ခေါင်းကို ငြိမ့်လိုက်ပြီး သူ့စကားကို စိတ်ဝင်စားစွာ နားထောင်နေမိပါတယ်. အဖိုးအိုရဲ့ အသံမှာ နာကျင်ကြေကွဲခြင်းတွေ စိမ့်ဝင်နေလို့ပါဘဲလား… တုန်ရီနေတဲ့အသံက သူဘယ်လောက် ခံစားနေရတယ် ဆိုတာ ပါးစပ်က စကားလုံးအနေနဲ့ ဖော်ပြစရာ မလိုတော့အောင် ပြည့်စုံနေပါပြီလေ။ အဖိုးအိုက ဆက်ပြီးပြောပါတယ်။

 “ဒီနေ့မနက်မှာ ကျုပ် .. ဧည့်ခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်ပြီး ကျုပ်ရဲ့ဇနီးကို သတိရတဲ့စိတ်နဲ့ ၀မ်းနည်းစွာ ငိုကြွေးနေမိတယ်..  တစ်ချိန်က ကျုပ်ဟာ ကျုပ်မိသားစု၊ ကျုပ်သားသမီးတွေ အတွက် မရှိမဖြစ် လိုအပ်ခဲ့တယ်.. သူတို့ လိုအပ်သမျှကို ကျုပ်က ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်. သူတို့တွေ အရွယ်ရောက်လို့ အိမ်ကနေ အသီးသီး ထွက်ခွာသွားတော့ ကျုပ်နဲ့ ကျုပ်ဇနီးဘဲ အိမ်မှာ ကျန်ရစ်ခဲ့တယ်.. ကျုပ်ဇနီး မသေဆုံးခင်ကလည်း ကျုပ်ဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့တုန်းပဲ.. သူဟာ မသေဆုံးခင် လွန်ခဲ့တဲ့ ၄နှစ် ၅နှစ်လောက်ကတည်းက ကျန်းမာရေး ချို့တဲ့လာခဲ့တယ်.. အဲဒီချိန် တစ်လျှောက်လုံးလည်း ကျုပ်က သူ့ကိုပြုစုခဲ့တယ်.. ဂရုစိုက်ခဲ့တယ်.. သူဆုံးသွားခဲ့ပြီး ခုလို ချိန်ကျတော့ အသက်၈၆နှစ် ရှိနေပြီဖြစ်တဲ့ ကျုပ်ကို ဘယ်သူကမှ မလိုအပ်တော့ဘူး။ ကျုပ်သားသမီး၊ ကျုပ်မြေးမြစ်တွေက အစ ကျုပ်လို သက်ကြီး ရွယ်အိုတစ်ယောက်ကို မလိုအပ်ကြတော့ဘူး.. နေရာမပေးချင်တော့ဘူး.. ခုတော့ သူတို့အားလုံး ကျုပ်ကို ထားရစ်ကြပြီး သူတို့အိမ်တွေကို ပြန်ကုန်ကြပြီ.. ဘယ်သူကမှ ကျုပ်ကို အရေးတယူ လိုလိုလားလား မရှိကြတော့ဘူး။ တစ်အိမ်လုံးမှာ ခြောက်ခြားစရာ ကောင်းတဲ့ တိတ်ဆိတ်မှုတွေနဲ့ သက်ကြီးရွယ်အို ကျုပ်တစ်ယောက်တည်း ရှိနေခဲ့တယ်.. ဒီလိုတွေးမိပြီး  တနင့်တပိုး ခံစားချက်တွေနဲ့ ကျုပ် မျက်ရည်ကျနေမိခဲ့တယ်.. ငိုနေခဲ့မိတယ်.. လောကမှာ ကိုယ့်ကို ဘယ်သူကမှ မလိုအပ်တဲ့ အဖြစ်ဟာ ဘယ်လောက်တောင် နာကျင်ခံခက်စရာ ကောင်းတယ်ဆိုတာ ခင်ဗျား ကိုယ်ချင်းစာနိုင် ပါ့မလား မသိဘူး.. ကျုပ်ကတော့ ခုနက အဲဒီ ခံစားချက်တွေနဲ့ ငိုနေခဲ့မိတာပါဘဲ။

ဒီအချိန်လေးမှာ ခင်ဗျားက ကျုပ်အိမ်တံခါးကို လာခေါက်တယ်.. ပြီးတော့ အကူအညီ လိုနေတဲ့ အကြောင်း လာပြောတော့ ကျုပ်ဘယ်လောက် ၀မ်းသာသွားတယ် မှတ်သလဲ.. ငါ့အကူအညီ လိုတဲ့သူတွေလည်း ရှိပါသေးလားဆိုတဲ့ စိတ်ခံစားမှုရဲ့ သက်သာရာရမှု၊ ပျော်ရွှင်ကြည်နူးမှုလေးကို ကျုပ်က ရလိုက်တဲ့အတွက် ပေးလိုက်ရတဲ့ ပန်းထက်မကတဲ့ တန်ဖိုးတစ်ခုကို ကျုပ်က ပြန်ရလိုက်တာဘဲဖြစ်တယ်.. အဲဒီ အချိန်မှာ ပန်းတွေကို ခူးနေရင်းကျုပ်တွေးနေမိတာက မင်းဟာ နတ်သမီးတစ်ပါးများ ဖြစ်နေမလားဆိုတာပါဘဲ.. ကျုပ်ကို လောကကြီးမှာ ဘယ်လိုဆက်ပြီး ရှင်သန်ရပ်တည်ရမယ်ဆိုတာ  လမ်းပြလိုက်သလို၊ ကျုပ်ရင်ထဲကို အလင်းကလေးတစ်ခု ထွန်းညှိပေးလိုက်သလိုပါဘဲ..  ကျုပ် ရှေ့ဆက်ပြီး ဘယ်လို ရှင်သန်နေထိုင်သွားဖို့  ဒီအချိန်တိုလေးတွင်းမှာ စဉ်းစားလိုက်သလဲ ခင်ဗျားသိရဲ့လား..” သူက ကျွန်မကို မေးပါတယ်.. ကျွန်မက မသိပါဘူးလို့ပြောရင်း  ခေါင်းကို အသာ ယမ်းပြလိုက်တော့ သူက ဆက်ပြောပါတယ်..

“ကျုပ်ဆုံးဖြတ်လိုက်တယ်.. ကျုပ်ကို လိုအပ်တဲ့သူတွေရှိနေသေးတယ်.. ပြီးတော့ ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို လိုအပ်နေတဲ့သူတွေ ရှိနေသေးတယ်ဆိုတာ ကျုပ်သိသွားပြီ.. ဒီတော့ ကျုပ်ဘာကြောင့် ဒီပန်းကလေးတွေကို လိုနေတဲ့သူတွေရဲ့ လက်ထဲကို ရောက်အောင် မပို့ပေးနိုင်ရမှာလဲ.. ကျုပ်မှာ ဒီအိမ်ကြီးရဲ့ နောက်ဖက်တစ်ခြံလုံးမှာ ဒီပန်းပင်တွေကြီးဘဲ ရှိနေတယ်.. ဒီတော့ ဒီလောက်များတဲ့ ပန်းတွေကို လိုနေတဲ့ လူတွေ အများကြီး ရှိနေမှာဘဲ.. ဥပမာ ဆေးရုံက လူနာတွေ၊ ဘုရားကျောင်းတွေ၊ မင်္ဂလာဆောင်မဲ့သူတွေပေါ့.. ကျုပ်ရဲ့ တတိုင်းမွှေး ပန်းကလေးတွေကို သူတို့တွေ၊ လိုနေတဲ့သူတွေဆီ ပို့ပေးမဲ့အလုပ်ကို ကျုပ်က လုပ်တော့မယ်။ လူတွေကို ကျုပ်ရဲ့ မေတ္တာနဲ့အတူ မွှေးပျံ့တဲ့ တတိုင်းမွှေး ပန်းကလေးတွေရဲ့ ရနံ့ကို အခမဲ့ ခံစားရစေမယ်။ ဒီအလုပ်ကို ဒီလောကကြီးထဲ ကျုပ်နေခွင့်ရနေတဲ့ အချိန်ထိ လုပ်သွားတော့မယ်။ ကျုပ်ကို လိုအပ်နေသူတွေ ရှိသေးကြောင်း အသိလာပေးတဲ့ ခင်ဗျားကို ကျုပ်က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။  ခင်ဗျားဟာ ကျုပ်ဘ၀ရဲ့ ကျန်တဲ့အချိန်လေးကို လက်ကျန်စွမ်းအားလေးနဲ့ လင်းလက်တောက်ပဖို့ အလင်းတစ်ပွင့် ပေးလိုက်သူသာ ဖြစ်ပါတယ်..”


Image Hosted by PicturePush - Photo Sharing


ကျွန်မဟာ တတိုင်းမွှေးပန်းကလေးတွေနဲ့အတူ အဲဒီအိမ်ကနေ ထူးဆန်းဝမ်းမြောက်ခြင်း၊ ရွှင်လန်း ချမ်းမြေ့ခြင်း စတဲ့ ခံစားချက်တွေ ပွေ့ပိုက်ပြီး ဘုရားကျောင်းကို ပြန်လာခဲ့ပါတယ်.. လူတွေရဲ့ဘ၀မှာ ကိုယ့်စိတ်ကို ပျော်ရွှင်အောင် နေထိုင်ဖို့ဆိုတာ တကယ်တမ်းတော့ ခက်ခဲလှတယ် မဟုတ်ပါဘဲနော်.. ကိုယ့်ဆီက အကူအညီ လိုအပ်နေသူတွေကို တတ်နိုင်တဲ့ အရာနဲ့ အကူအညီပေးဖို့ ကြိုးစားခြင်းဟာလည်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း တစ်မျိုးဆိုတာကိုလည်း အဖိုးအိုဆီက ကျွန်မ သိလိုက်ရတဲ့ သင်ခန်းစာလေး တစ်ခုသာဖြစ်ပါတယ်.. တစ်နည်းမဟုတ် တစ်နည်းနဲ့ ကိုယ့်ကို လိုအပ်နေသူတွေ ရှိတတ်ပါသေးလား ဆိုတဲ့အသိကြောင့် လူတစ်ယောက်ရဲ့စိတ်ဟာ ဒီလောက် ပြောင်းလဲသွားနိုင်တယ် ဆိုတာကို ကျွန်မ သိနားလည်ခွင့် ရလိုက်တာဟာလည်း သမီးလေးရဲ့ မင်္ဂလာနေ့ အမှတ်တရပါဘဲရှင်… သမီလေးကတော့ ဘာမှမသိဘဲ အပူအပင်ကင်းမဲ့စွာနဲ့ မင်္ဂလာပွဲ ဆင်ယင် ကျင်းပနေလေရဲ့.. မင်္ဂလာပွဲ ပြီးသွားတဲ့အချိန်ရောက်လို့ အေးအေးဆေးဆေး ဖြစ်သွားတဲ့အခါ ဒီအဖြစ်အပျက်လေးအကြောင်း သမီးလေးကို မင်္ဂလာအမှတ်တရ လက်ဆောင်စကားလေးအဖြစ် ပြောပြဖို့ ကျွန်မစိတ်ထဲမှာ တွေးနေမိပါတော့တယ်..

လူတွေကို ကူညီဖို့စိတ်နဲ့ အသက်ဆက်ရှင်သွားဖို့ အသိအလင်းကလေး ရသွားတဲ့ အဖိုးအိုရဲ့ စိတ်ကလေးဟာ နေတတ်ရင်ကျေနပ်စရာဆိုတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေရဲ့ဘ၀မှာ ကိုယ့်အကူအညီ လိုအပ်နေသူတွေကို ဖြူဖြူစင်စင် စေတနာစိတ်ကလေးနဲ့ ကိုယ်တတ်နိုင်သလောက် ကူညီမှုပေးရင်း တတိုင်းမွှေးပန်းကလေးတွေလို လောကကို မွှေးမြ အလှဆင်သူများ ပေါများလာမယ်ဆိုရင် မေတ္တာရနံ့တို့ဖြင့် ကမ္ဘာကြီးဟာ သင်းထုံမွှေးမြလို့ လှပနေပါတော့မယ်ဆိုတာ သေချာလောက်ပါရဲ့ရှင်….


Chicken Soup for the Soul 2 မှ Edna Ellison ရဲ့ Magnolias ကို ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။


ကြည်လင်မွှေးပျံ့သော မေတ္တာရနံ့ကို အားလုံးဘဲ ခံစားနိုင်ကြပါစေရှင်…





Image Hosted by PicturePush - Photo Sharing

နှလုံးသားကန်ရေပြင်ပေါ်က ဖေဖေ

ငါးမျှားတံကို ရေထဲချလိုက်တဲ့အချိန်မှာတော့  ရော့ကီးတောင်တန်း ထိပ်ဖျားပေါ်က ရေခဲဖုံးတောင်ထွတ်တွေရဲ့ အရိပ်က ရေကန် မျက်နှာပြင်ပေါ် ရောင်ပြန် ဟပ်လို့ နေခဲ့သည်။ ဒီနေရာလေးကို လွန်ခဲ့သော နှစ်များစွာကတည်းက ကျွန်မရဲ့ ဖေဖေနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါသည်။ ခုလဲ ရောက်လာရပြန်ပါပြီလေ … ရော့ကီး တောင်တန်းတွေ တည်ရှိရာ အမျိုးသားပန်းခြံတွင်းက အလွန်လှပတဲ့ ရေကန်ကြီးရဲ့ ကမ်းနှဖူးမှာ   ငါးမျှားဖို့ ပြင်ဆင်နေမိရင်း  ကျွန်မရဲ့ အသိစိတ် လိပ်ပြာလေးက အတိတ်လွင်ပြင် ကို တောင်ပံခတ်ကာ ပျံသန်းလို့ သွားမိတော့သည်။

ဒီနေရာလေးမှာပါဘဲ..  ကျွန်မကို ဖေဖေက  ငါးမျှားနည်းကို စပြီး သင်ပေးခဲ့သည်လေ.. ငါးမျှားတံမှာ ငါးမျှားကြိုးကို ဘယ်လို ချည်ရမည်၊  ဘယ်လို ငါးမျှားကြိုးကို သုံးရမည်၊ ဘယ်လို ငါးစာကို ရွေးချယ်ရမည်၊ ငါးမျှားချိတ်မှာ ငါးစာ ဘယ်လိုတပ်ရမည် ဆိုတာတွေကအစ ငါးမျှားချိတ်မှာ ငါးလာတွတ်ပြီး ဘယ်လောက်အကြာမှာ ငါးမျှားတံကို ဆတ်ခနဲ အပေါ်ကို ရုပ်ရမယ်ဆိုတာက အဆုံး အသေးစိတ်ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ဖူးပါသည်။

ငါးမျှားဖို့ နေရာ သေချာရွေးချယ်တတ်ဖို့ကိုလဲ ဖေဖေက ကျွန်မကို အကောင်းဆုံး သင်ကြားပေးခဲ့ သည်ပါဘဲလေ…  ဖေဖေ ရွေးချယ်ပေးတဲ့နေရာက နက်ရှိုင်း မဲမှောင်နေပြီး တည်ငြိမ်သော ရေပြင်ရှိသည့် ကြီးမားလှသော ကျောက်ဆောင်ကြီးနဲ့ နံဘေးနေရာ.. 
" ဒီနေရာမှ ငါးမျှားကြိုးကိုချ " ဖေဖေက ကျွန်မကို ပြောလိုက်သည်။

" ဘာလို့လဲဖေဖေ "

"  ဒီနေရာမှာ သမီးအတွက် အကောင်းဆုံးနဲ့အကြီးဆုံး ငါးရှိနေတယ်.. "

" ဖေဖေက ဘယ်လိုသိတာလဲ"

"ဖေဖေပြောသလိုသာ လုပ်ကြည့်ပါသမီးရယ် "

ဖေဖေညွှန်ပြသည့် နေရာမှာဘဲ ကျွန်မရဲ့ ငါးမျှားတံကို အတိအကျ နေရာ ချလိုက်တော့ အစာတတ်ထားသည့် ငါးမျှားချိတ်လေးက နက်ရှိုင်းလှသည့် ကန်ရေပြင်အောက်ကို ကြိုးအရှည်ရှိသလောက် ငုတ်လျှိုးလို့ သွားခဲ့သည်။ ဖေဖေ့ကို နောက်ထပ် ဘာမှ ပြန်မေးနေစရာ မလိုတော့ပါ … သူ့ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်စွာ လိုက်လုပ်ရုံသာရှိပါသည် …  မကြာခင်မှာ  ငါးလာတွတ်သည့် ခံစားချက်မျိုးကို လက်က ခံစားလိုက်မိသည့်အတွက် ငါးမျှားတံကို ဆွဲကိုင် မြောက်လိုက်ချိန်မှာ ကွက်တိပါဘဲ ဖေဖေပြောသလို ကြီးမားလှတဲ့ ငါးကြီးတစ်ကောင်.. ငါးမျှားတံထိပ်မှာ တစ်လူးလူး တစ်လွန့်လွန့်နှင့် ပါလာခဲ့တော့သည်။
ဒီ အဖြစ်အပျက်လေးကို ပြန်သတိရမိတော့ ဖေဖေဟာ ကျွန်မကို ငါးမျှားပုံ မျှားနည်းတင်သာမက ဘ၀မှာ ဘယ်လိုရှင်သန် ရပ်တည်ရမယ်ဆိုတာတွေပါ သင်ကြားပေးခဲ့တာကို ကောင်းစွာ သဘောပေါက်လာ မိပါသည်။

 ဒီနေရာမှာ ငါးမျှားချိတ်ကို မချနဲ့…. "

" ဘာလို့လဲဖေဖေ"

" ဒီနေရာရဲ့ ကန်ရေပြင်အောက်ခြေဟာ မှော်ပင်တွေ အရမ်းထူထပ်တယ်… သမီးရဲ့ ငါးမျှားချိတ်ရော ငါးစာပါ ဆုံးရှုံးရလိမ့်မယ်"  လို့ ညွှန်ကြားခဲ့သလို  ဘ၀အတွက်လည်း "သမီး ဒီလမ်းကိုတော့ မရွေးချယ်ပါနဲ့ ဒီလမ်းဟာ သမီးအတွက် အန္တရာယ်များလွန်းတယ် " စသဖြင့် ဆုံးမ သွန်သင်ခဲ့ပါသည်။ ကျွန်မဘ၀အတွက် အန္တရာယ်တွေကို  ဖေဖေက ကြိုတင်တွေးတော၊ ကြိုတင် သိနားလည်လို့ နေခဲ့သည်။ ကျွန်မအတွက် ဘယ်လို အမျိုးသားဟာဖြင့် ဘ၀ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာပါ စိတ်ရှည်လက်ရှည်နဲ့ ဖေဖေက သင်ပြညွှန်ကြားခဲ့ပါရဲ့။

ဖေဖေမှန်ခဲ့ပါသည်လေ။

ကျွန်မရဲ့ ဘဝသည် ဖေဖေ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု အောက်တွင် အသားကျနေထိုင်ရင်း အဆင်ပြေ ပျော်ရွှင်သော အိမ်ထောင်သည်ဘ၀နဲ့အတူ တန်ဖိုးရှိသော အိမ်ထောင်ရှင်မကောင်း တစ်ယောက်ရဲ့ ဘဝနှင့် အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ သားလေး၂ယောက်ရပြီးသည့် နောက် ယခုဆိုလျှင် သူတို့တွေ သည်လည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ကုန်ပြီ ဖြစ်သည်။ နောက်ဆုံးတော့လည်း အိမ်ကလေးမှာ  ကျွန်မခင်ပွန်းနဲ့ ကျွန်မနဲ့ ၂ယောက်တည်းသာ ကျန်ခဲ့တော့သည်လေ။ ဖေဖေ၏ အကူအညီ၊ ဖေဖေ့လမ်းညွှန်မှုသာ မရခဲ့လျှင် ကျွန်မ၏ ဘဝသည် ယခုလောက် အဆင်ပြေ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။

ရော့ကီးတောင်တန်းအနီးက ရေကန်ကြီးရဲ့ ကမ်းနဖူးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိရင်း လက်ရှိ ခုချိန်မှာတော့ ကျွန်မဟာ ပီဘိ ကလေးမလေး ပြန်ဖြစ်နေခဲ့ပါပြီ။ ရေထဲချထားသော ငါးမျှားကြိုးလေးကို အသာအယာ ပြန်ဆွဲယူပြန်တော့ ကန်ရေပြင်က လှိုင်းဂယက်လေးတွေ ထသွားလေသည်။ ထိုလှို်င်းဂယက်လေးများ ထနေသော ကန်ရေမျက်နှာပြင်ကိုကြည့်ရင်း  ကျွန်မဖေဖေ၏ စကားတစ်ချို့ကို ပြန်ကြားယောင်မိသည်။

"သမီးရေ…. သမီးဟာ ဖေဖေရဲ့ အကောင်းဆုံး ငါးမျှားသမားတစ်ယောက်ပဲ…"

"အိုး ဖေဖေ.. "

"သမီးအတွက် ဖေဖေဂုဏ်ယူပါတယ်.. "

"သမီး ငါးမျှားတတ်သွားလို့လား ဖေဖေ"

"သမီးဟာ ဖေဖေ မျှော်လင့်ထားသလို အကောင်းဆုံး အမျိုးသမီးတစ်ယောက်ရဲ့ဘ၀နဲ့ အောင်မြင်စွာ လူလား မြောက်သွားလို့ ပေါ့ကွယ်.. "  

ဖေဖေက ကျွန်မကို ကြည်ကြည်နူးနူးလေး ပြုံးပြလိုက်ရင်း ပြန်ဖြေခဲ့ပါသည်။ ဖေဖေနှင့်အတူ ကျွန်မလဲ ကြည်ကြည်နူးနူးလေး ပြုံးလိုက်မိပါသည်။

ထိုချိန်လေးတင် အသက်ကြီးကြီး စုံတွဲတစ်တွဲ လမ်းလျှောက်လာရင်း  ကျွန်မကို မြင်တော့ နှုတ်ဆက်စကား ဆိုရင်းက "ငါး ရပြီလား" ဟု လှမ်းမေးပါသည်။ "ဘာမှ မရသေးပါဘူး" လို့ ကျွန်မပြန်ဖြေလိုက်ရင်း ပါးပေါ်တွင်  မျက်ရည်စီးကြောင်း၂ခုက အလိုလို စီးကျလာပါတော့သည်။ ကျွန်မကို ကြည့်ကာ ဇဝေဇ၀ါ အတွေးတွေနှင့် စိတ်ရှုပ်သွားပုံရသော  အမျိုးသားကြီးက "  စိတ်မပူပါနဲ့ကွယ်.. မကြာခင်တော့ မိမှာပါ။ ဒီကန်မှာ ငါးမျှားနေကြတဲ့ လူတိုင်းဆီကို ရောက်ခဲ့ပြီး လိုက်မေးကြည့်တာ ဘယ်သူကမှ ငါးမရကြသေးပါဘူး.. "  ဟူ၍  ကျွန်မကို ပြန်နှစ်သိမ့်ပြီး အနားကနေ ကသုတ်ကယက် ထွက်ခွာသွားကြ ပါတော့သည်။

ကြည့်ရသည်မှာ  တစ်ယောက်တည်း ငါးမျှားနေပြီး အချိန်ကြာသည်ထိ ငါးမရသေး၍ စိတ်မငြိမ်မသက် ဖြစ်နေသည်ဟု ကျွန်မကို ထင်သွားသည့်ပုံ ရသည်လေ။ ကိစ္စမရှိပါ… ကျွန်မနှင့် အတူတူ ဖေဖေရှိနေသည်ကို သူတို့ သိနိုင်မည် မဟုတ်သလို နားလည်နိုင်မည်လဲ မဟုတ်ပါ။  ငါးတစ်ကောင်တစ်လေ ငါးမျှားချိတ်တွင် လာတွတ်လျှင်ပင် ကျွန်မ စိတ်ကူးလေးထဲတွင် ကျွန်မနှင့် အတူတူ  ဖေဖေ ရှိနေသည်ဆိုသည့် အတွေး၊ ဖေဖေနှင့် ငါးမျှားခဲ့ရချိန်တုန်းက ရရှိခဲ့သော ပျော်စရာအချိန် လေးတွေအကြောင်းကို  သတိတရ ပြန်တမ်းတ နေမိတာလေးတွေ အနှောက်အယှက်တောင် ဖြစ်သွားနိုင်ပါသည်။ ခုချိန်တွင် မည်သည့်ငါးမျှ မရသော်လည်း ဖေဖေ့မေတ္တာတရားကို ပြန်လည် တသ သတိရနေမိသည်က ကျွန်မအတွက် ပိုကောင်းသည်ပဲ မဟုတ်ပါလား။

ကျွန်မဘ၀ကနေ ဖေဖေပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့လို့ ယခုအချိန်ထိ ဖေဖေပေးခဲ့သော ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ ဖြစ်လေသည်။ ဒီလိုအချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်မိရင်း နှလုံးသား ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေသော ဖေဖေ့ပုံရိပ်လေးကို ချစ်ခင်နှစ်သက်မိစွာ ပြုံးရင်း ကြည့်နေမိပါတော့သည်။

Chicken Soup for the Fisherman's Soul မှ Kathleen Kovach Ripples of Reflection ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။ ကမ္ဘာပေါ်ရှိ ဖခင်များအားလုံး ကိုယ်စိတ်နှလုံးချမ်းမြေ့ကြပါစေ။



လေးစားချစ်ခွင်စွာ


Image Hosted by PicturePush - Photo Sharing



ရွှေရောင်ပြူတင်းပေါက်ကလေး

ကောင်မလေးဟာ  ဆင်းရဲပြီး ရိုးသားအေးဆေးတဲ့ မိသားစုမှ မွေးဖွားလာသူတစ်ဦး ဖြစ်ပါတယ်.. သူမတို့ရဲ့ အိမ်ကလေးဟာ တောင်ကုန်းတစ်ခုရဲ့ အပေါ်မှာရှိပြီး သိပ်မကျယ် လှတဲ့ ခြံကလေး ထဲမှာဘဲ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာခဲ့ရပါတယ်.. အိမ်ကလေးရဲ့ ခြံစည်းရိုး ကနေ ကျော်ကြည့် လိုက်မယ်ဆိုရင် အခြားတောင်ကုန်းလေး တစ်ခုကို လှမ်းမြင်နိုင်ပါတယ်.. အဲဒီတောင်ကုန်းလေးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်အိမ်ကတော့ ကောင်မလေးရဲ့အမြင်မှာ အင်မတန်မှ လှပခမ်းနားပြီး ရွှေရောင် ၀င်းလက် တောက်ပနေတဲ့ ပြူတင်းပေါက်လေးတွေ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအိမ် ပြူတင်းပေါက်လေးရဲ့ ရွှေရောင် တောက်ပနေမှုက ကောင်မလေးရဲ့ စိတ်အစဉ်ကို အမြဲ ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ကောင်မလေးတို့ရဲ့ ရိုးရှင်းလှတဲ့  ဒီအိမ်ကလေးနဲ့စာရင် ဟိုဘက် တောင်ကုန်းပေါ်က အိမ်မျိုးမှာ နေထိုင် ကြီးပြင်းခွင့်သာ ရခဲ့မယ်ဆိုရင် ဘယ်လောက် များ ပျော်ရွှင် ကြည်နူးဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ကောင်းလိုက်မှာပါလဲ လို့ အမြဲတမ်း တွေးနေ မိပါတယ်။ 


ကောင်မလေးဟာ သူ့မိခင်ဖခင်နဲ့ သူ့မိသားစုကို ချစ်ခင်တွယ်တာပေမဲ့ ဟိုဘက် တောင်ကုန်းပေါ်က အိမ်ကလေးကိုသာ တမ်းတလို့သာ နေရှာပါတယ်… အဲဒီအိမ်ကလေးဟာ  သူမအမြဲမက်နေတဲ့ အိပ်မက်လေး တစ်ခုလည်း ဖြစ်လာပါတယ်.. ထိုတောင်ကုန်းပေါ်က ရွှေရောင် ပြူတင်းလေးတွေနဲ့ အိမ်ကလေးဟာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး နေရထိုင်ရတာ သက်တောင့် သက်သာရှိလိမ့်မယ်၊ နေပျော်ချင်စဖွယ် ရှိနေလိမ့်မယ် လို့လည်း သူမက ယုံကြည်နေပြန် ပါတယ်။ ကောင်မလေး ဟာ အချိန်အားရရင် ခြံစည်းရိုးကလေးကနေ တစ်ဘက်တောင်ကုန်းက အိမ်ကလေးကို မျှော်ငေးရင်း အချိန်ကုန်နေတတ်ခဲ့ပါတယ်..

 သူမဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းလာနိုင်တဲ့အရွယ်၊ စဉ်းစားဆင်ခြင်နိုင်တဲ့အရွယ် ရောက်လာတဲ့ အချိန်မှာတော့ သူမတို့ ခြံစည်းရိုးကလေးကနေ အပြင်လောကကို ထွက်ပြီး လေ့လာကြည့်လိုတဲ့ ဆန္ဒတွေ ဖြစ်လာပါပြီ….  သူမအိမ်က စက်ဘီး အဟောင်း ကလေးနဲ့အတူ သူမတို့အိမ်ရဲ့ ခြံစည်းရိုး အပြင်ဘက် တောင်အောက်က လမ်းကလေးပေါ် စက်ဘီးစီးခွင့်ပြုဖို့ မိခင်ကို အကြိမ်ကြိမ် အခါခါ တောင်းပန်ပါတယ်.. နောက်ဆုံးတော့ သူမရဲ့ မိခင်ဖြစ်သူက ကောင်မလေးရဲ့ ဆန္ဒကို လိုက်လျော ခွင့်ပြုလိုက်ပါတယ်.. အိမ်ကလေးကနေ လွတ်လပ် ပျော်ရွှင်စွာနဲ့ တောင်ကြားလမ်းလေး တစ်လျှောက် စက်ဘီးလေး စီးလို့ ထွက်လာတဲ့ ကောင်မလေးဟာ သူမ သွား နေတဲ့  ဦးတည်ရာကို သေချာ သိနေပါတယ်.. သူမ အသွားချင်ဆုံး၊ အကြည့်ချင်ဆုံး၊ ရင်အခုန်ဆုံး နေရာလေးဖြစ်တဲ့ တစ်ဘက် တောင်ကုန်းပေါ်က အိမ်ကလေးဘဲပေါ့… ကောင်မလေးဟာ သူမ တွယ်ငြိနေတဲ့ တောင်ကုန်း ထိပ်က အိမ်ကလေးရဲ့ အနီးဆုံးနေရာကို  စက်ဘီးကလေးနဲ့ မမောမပန်းနိုင် ရောက်အောင် တက်သွားနေပါတယ်။

ကုန်းထိပ်လေးရောက်တော့ အိမ်ကလေးရဲ့ ခြံဝင်းတံခါးပေါက်နဲ့ အနီးဆုံးနေရာမှာ စက်ဘီးကို ရပ်လိုက်ပါတယ်.… ပြီးတော့ ခြံဝင်း ထိပ်ကနေပြီး အိမ်ကလေးဆီကို ဦးတည်သွားနေတဲ့ လမ်းကလေး၊ ခြံဝင်းတစ်ခုလုံး၊ နောက်ဆုံး အိမ်ကြီးတစ်ခုလုံးကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာ ကြည့်ရှုပါတော့တယ်.. ပြီးတော့ သူမ အစွဲလန်းခဲ့ဆုံး ပြူတင်းပေါက်ကလေးများပေါ့.. ဒီမှာတင်ဘဲ သူမရဲ့ ဒီအိမ်ကလေးအပေါ်ထားတဲ့  ငြိတွယ်မှုတွေ အားလုံး နိဂုံး ချုပ်သွားစေမဲ့ အရာက ရွှေရောင်တောက် ပနေပြီး သိပ်ကို ထူးခြား ဆန်းပြားစွာ လှပ လွန်းပါတယ်လို့ ကောင်မလေး ထင်ခဲ့ဘူးတဲ့ ပြူတင်းပေါက်လေး။ အခု လက်တွေ့ တကယ်တမ်း သူမ တွေ့နေရတာက ဘာ အရောင်အဆင်းမှ မရှိဘဲ မှေးမှိန်ဖျော့တော့လို့နေတဲ့ ခပ်ညစ်ညစ် ပြူတင်းပေါက်လေးများသာ။ အဝေးကနေ လှပထယ်ဝါ တင့်တယ်ခမ်းနားပါတယ်လို့ ထင်ခဲ့တဲ့ အိမ်ကလေးဟာလည်း လူမနေတော့ဘဲ စွန့်ပစ်ထားခဲ့တာ ကြာပြီဖြစ်ပုံရတဲ့ ဘာမှထူးခြားမှုမရှိတဲ့ ခပ်ဟောင်းဟောင်း အိမ်ကလေး တစ်လုံးမျှသာ… ရွှေရောင်ပြူတင်းပေါက်လေး ဆိုတာဟာလည်း နေရောင်ခြည် ဖြာဝေ လင်းပတဲ့ အချိန်မှာ ရွှေရောင်တောက်ပနေတယ်လို့ အဝေးကနေမြင်ခဲ့ရတဲ့ ကောင်မလေးရဲ့ အထင် သက်သက်မျှသာ…

တကယ်မရှိတဲ့ ရွှေရောင် ပြူတင်းပေါက် ကလေးအတွက် ကြေကွဲဆုံးရှုံးမှုကို ခံစားလိုက်ရတဲ့ ကောင်မလေးဟာ တကယ်တမ်းတော့ သူမရဲ့ ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကလေး တစ်ခုကို လက်လွတ်လိုက်ရခြင်းလဲ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ စွဲလမ်းမှုလေးအတွက် နှမြောတသစိတ် ၀မ်းနည်းကြေကွဲစိတ်တွေနဲ့ ကောင်မလေးဟာ သူ့ရဲ့စက်ဘီးလေးကို ပြန်စီးနင်းလိုက်ပြီး ထိုအိမ်ရှိရာ တောင်ကုန်းလေးထိပ်ကနေ ထွက်ခွာ လာပါတော့တယ်.. စက်ဘီးလေးကို အားစိုက်နင်းနေရင်းက အတော်ကြာတော့ သူမရဲ့ခေါင်းလေးကို အသာမော့လို့ ကြည့်လိုက်တဲ့အခါ သူမတွေ့လိုက်ရတာက နေရောင်ခြည်လေးေ တွဟာ သူမတို့ရဲ့ အိမ်ကလေးပေါ်ကို ရွှန်းလဲ့ဖြာကျလို့ ၀င်းဝင်း ၀ါဝါကလေး.... ပြူတင်းပေါက်လေးတွေ ဟာလည်း ရွှေရောင်တောက်ပလို့.. “အိုး…… လှလိုက်တဲ့ ပြူတင်းပေါက်လေး..” တောင်ကြားလမ်းကလေး တစ်လျှောက်က အိမ်ကလေးတွေရဲ့ အပေါ်မှာလည်း နေခြည်လဲ့လဲ့က ၀ါရွှေလင်းမြလို့။ ပြူတင်းပေါက်တွေ မှာလည်း ရွှေရောင်ဖွဖွ ရွှန်းပလို့……  လှလိုက်ပါဘိ.။

ကောင်မလေး သဘောပေါက်ပါပြီ.. တကယ်တမ်းတော့ သူမဟာ ရွှေရောင်ပြူတင်းပေါက်လေးတွေ ရှိတဲ့အိမ်မှာ နေထိုင်ခွင့် ရနေခဲ့တာ သူမကိုယ်တိုင် ဘယ်တုန်းကမှ မသိခဲ့ပါဘူး… ခုလို မြင်သာတဲ့နေရာ ရောက်တဲ့ အခါမှသာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရဲ့ တန်ဖိုးနဲ့ အလှအပကို ကောင်းကောင်း မြင်တွေ့နိုင်ခွင့် ရလိုက်တာပါ… သူမရဲ့ အိမ်ကလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ နွေးထွေးလုံခြုံခြင်းတွေ အပြည့်နဲ့ အလွန်လှပတဲ့ ရွှေရောင် ပြူတင်းပေါက် ကလေးတွေနဲ့ အိမ်ကလေးတစ်လုံးသာ ဖြစ်ပါတယ်… ဒီနေရာမှာ သူမကို ချစ်ခင်တဲ့ မိသားစုလည်း ရှိနေတယ်လေ.…. အိမ်အပြန်လမ်းမှာတော့ ကောင်မလေးဟာ ကြည်လင်ရွှင်ပြခြင်း ရွှင်လန်း ဝမ်းမြောက်ခြင်း အပြည့်နဲ့ စက်ဘီးကလေးကို ခပ်သွက်သွက်လေး စီးနင်းရင်းပေါ့။ သူမဦးတည်ရာ အရပ်ဟာ ချစ်ခြင်းမေတ္တာနဲ့ မိသားစုဝင်တွေရဲ့ နွေးထွေးလုံခြုံခြင်းတွေ ရှိနေမဲ့ ရွှေရောင် ပြူတင်း နဲ့ ရွှေရောင် လင်းလက်နေတဲ့ ချစ်ဖွယ်ရာ သူမရဲ့ အိမ်ကလေး တစ်လုံးသာ ဖြစ်တယ် မဟုတ်ပါလား။
******@@@******


တစ်ခါတစ်လေမှာတော့ ကျွန်မတို့ဟာ ကိုယ်နေတဲ့ အိမ်ကလေးကိုကျော်ပြီး တစ်ဘက်က အိမ်ကလေးကို ကိုယ့်အိမ်ထက်ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတယ်၊ သာယာလှပတယ်လို့ ထင်တတ်ကြပါတယ်..  တကယ်တမ်း မှာတော့ ကိုယ်နေထိုင်ရာ ကိုယ့်မိသားစုရှိတဲ့ အိမ်ကလေး ကသာလျှင် မိမိကို နွေးထွေးတဲ့ မေတ္တာတရားတွေပေးမဲ့ ရွှေရောင် ရိပ်မြုံလေးသာ ဖြစ်တယ် မဟုတ်ပါလားနော်။ အိမ်နဲ့ဝေးနေသူများအားလုံး နွေးထွေးတဲ့ အိမ်ရိပ်ကို အမြန်ဆုံး ပြန်လည် ခိုလှုံနိုင်ကြပါစေလို့ ဆုမွန်ခြွေလျှက်    The House with The Golden Windows (Author Unknown) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။



Image Hosted by PicturePush - Photo Sharing

အမာရွတ်များ

လွန်ခဲ့တဲ့ နှစ်များက ဖလော်ရီဒါမြောက်ပိုင်းဒေသရဲ့ ပူအိုက်လှတဲ့ တစ်ခုသော နွေရာသီမှာ အသက် ၇နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့အိမ်နောက်ဖက်က ရေကန်မှာ ရေဆင်းကူးဖို့ စိတ်ကူး ရလိုက်တာနဲ့ အိမ်နောက်ဖေးတံခါးကနေ ပြေးထွက်သွားပါတယ်.. ရေကန်ဘက်ကို သွားနေရင်းနဲ့ ဖိနပ်၊ ခြေအိတ်၊ အင်္ကျီ စတာတွေကိုလည်း ဆွဲချွတ်သွားခဲ့ ပါတယ်။ ရေကန်နားရောက်တယ် ဆိုရင်ဘဲ အေးစိမ့်နေတဲ့ရေပြင်ထဲကို ဒိုင်ဗင် ထိုးဆင်းလိုက်ပါတော့တယ်။

ကောင်လေး ရေကန်ထဲမှာ ကူးခတ်ကစားနေရင်းနဲ့ တဖြေးဖြေး ရေကန်အလယ်ကို ရောက်ရှိသွားပါတယ်။ အဲဒီအချိန်မှာဘဲ ရေကန်ရဲ့ တစ်ဖက်ခြမ်းမှာ ရောက်နေတဲ့ မိကျောင်း တစ်ကောင်ဟာ ကောင်လေးကို မြင်လိုက်ပြီး ကောင်လေးရှိရာကို တိတ်တဆိတ် ကူးခတ် လာခဲ့ပါတော့ တယ်။ အဲဒီမြင်ကွင်းကို အိမ်ထဲက ပြတင်းပေါက်ကနေ သားလေး ရေကူးတာ ကို စောင့်ကြည့်နေတဲ့ မိခင်ဖြစ်သူက လှမ်းမြင်လိုက်ပါတယ်။ မိကျောင်းနဲ့ တဖြေးဖြေး နီးကပ်နေပြီဖြစ်တဲ့ သားလေးအတွက် စိုးရိမ်ပူပန်စိတ်တွေနဲ့ အိမ်ထဲကနေ ရေကန်ဆီ ပြေးထွက်လာတဲ့ မိခင်ဖြစ်သူဟာ ပါးစပ်ကနေလည်း သူ့သာလေးကြားအောင် အသံကျယ်နိုင်သမျှ ကျယ်ကျယ်အော်ပြီး ကမ်းစပ်ကို ပြန်ကူးလာဖို့ အော်ဟစ် ပါတော့တယ်။


သူ့အမေအော်သံကို ကြားလိုက်တဲ့ ကောင်လေးဟာ အလန့်တကြားဖြစ်ပြီး မိခင်ရှိရာဘက်ကို အလျှင်အမြန် ပြန်လည် ကူးခတ်လာပေမဲ့ ကမ်းစပ်ကို ရောက်ချိန်မှာ မိကျောင်းဟာလည်း သူ့အနီးကို ရောက်လာပါပြီ။ မိခင်က ကောင်လေးရဲ့ လက်ကို လှမ်းဆွဲ လိုက်နိုင်ချိန်မှာ မိကျောင်းကလည်း ကလေးရဲ့ ခြေထောက်ကို လှမ်းကိုက်လိုက်ပါပြီ။ အဲဒီမှာ မိကျောင်းနဲ့ လူအကြား အကြိတ်အနယ် ပြိုင်ပွဲ တစ်ခု ဖြစ်လာပါတယ်။ မိခင်ဟာ အားစိုက်ပြီး ကလေးရဲ့ လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး အပေါ်ကို ဆွဲတင်ပါတယ်။ မိကျောင်းကလည်း ခြေထောက်ကို မလွတ်တမ်း ဆွဲကိုက်ထားပါတယ်။ 

ရေကန်စပ်မှာ မိခင်နဲ့ မိကျောင်းတို့ အားပြိုင်ပြီး ဆွဲနေကြတာဟာ မယုံနိုင်လောက်အောင် အံ့သြဖို့ ကောင်းလှပါတယ်။ မိကျောင်းဟာ မိခင်ဖြစ်သူထက် အင်အား ပိုမိုသန်မာသော်လည်း သားကို ချစ်တဲ့ မိခင်ရဲ့ ဇောဟာ ကြီးမားလွန်းလှတဲ့အတွက် မိခင်ဟာ လုံးဝအလျော့မပေးဘဲ သားလေးရဲ့ လက်တွေကို တင်းကြပ်အောင် ဆုပ်ကိုင်ထားပြီး ကမ်းပေါ်ကနေ အတင်းဆွဲထားပါတယ်။ အဲဒီအချိန်မှာ အော်သံတွေကို ကြားတဲ့ အခြားသော အိမ်နီးချင်းတွေ ရောက်လာပြီး မိကျောင်းကို ဝိုင်းပြီး ရိုက်နှက် ပစ်ခတ်ကြတော့မှ မိကျောင်းဟာ ကလေးကို လွှတ်ပြီး ထွက်သွားပါတော့တယ်။ 

အဲဒီဖြစ်ရပ်အပြီးမှာ မိကျောင်းကိုက်ခံရလို့ ခြေထောက်မှာ ဒဏ်ရာများစွာ ရရှိသွားတဲ့ ကလေးငယ် ဟာ ဆေးရုံမှာ တက်ရောက်ကုသ ခံယူရပါတယ်။ လပေါင်းများစွာကြာလို့ ဒဏ်ရာတွေ သက်သာ လာပေမဲ့ ခြေထောက်မှာတော့ ရုပ်ဆိုးလှတဲ့ အမာရွတ်ကြီးတွေ ကျန်ရစ်ခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာတွေကတော့ ကလေးငယ်ရဲ့ လက်ပေါ်က ခပ်နက်နက် ခြစ်ရာကြီးတွေ ဖြစ်ပါတယ်။ အဲဒါကတော့ ကလေးငယ်ကို မိကျောင်းပါးစပ်ထဲ ပါမသွားစေလိုတာကြောင့် စိုးရိမ်ပူပန်တဲ့ မေတ္တာဇော အပြည့်နဲ့ အားစိုက်ပြီး ဆွဲလိုက်တဲ့ မိခင်ဖြစ်သူရဲ့ လက်သည်းတွေဟာ ကလေးရဲ့ လက်မောင်းသားထဲကို နက်နက်နဲနဲ ဝင်ရောက်သွားခဲ့တဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ 

ကောင်လေး ဆေးရုံက ဆင်းတဲ့အခါမှာ သတင်းစာတစ်စောင်ရဲ့ သတင်းထောက်တစ်ယောက်က မိကျောင်းရန်ကနေ လွတ်မြောက်ပြီး အသက်ရှင်လာတဲ့ ကောင်လေးကို အင်တာဗျုး လုပ်ဖို့ရောက်လာပါတယ်။ သတင်းထောက်ဖြစ်သူက ကောင်လေးရဲ့ ဒဏ်ရာတွေကို ပြဖို့ တောင်းဆိုတဲ့ အခါ ကောင်လေးဟာ မျက်နှာ မသာမယာနဲ့ မိကျောင်းကိုက်ခံရတဲ့ သူ့ခြေထောက်က ဒဏ်ရာတွေကို ဘောင်းဘီရှည် လှန်ပြီး ပြပါတယ်။ ခြေထောက်က အမာရွတ်ကြီးတွေဟာ ကြီးမားပြီး ရုပ်ဆိုးလှပါတယ်။ မြန်မြန်ပြပြီးတာနဲ့ သူ့ဘောင်းဘီကို ပြန်ဆွဲချလိုက်ပြီးနောက် သူ့ရဲ့ အင်္ကျီလက်ကို ပင့်လိုက်ပြီး လက်ဖျံပေါ်က  ဒဏ်ရာတွေလည်း သတင်းထောက်ကို ပြပါတယ်။ အဲဒီအခါမှာတော့ ကောင်လေးရဲ့ မျက်နှာဟာ မသာမယာမဟုတ်တော့ပါဘူး။ 

“ ဟောဒီမှာကြည့်.. ဒီမှာလည်း ကျွန်တော်ဒဏ်ရာတွေ ရထားတယ်။ ဒီဒဏ်ရာတွေကတော့ ကျွန်တော့် မေမေဟာ ကျွန်တော် မိကျောင်းနောက်ကို ပါသွားမှာစိုးလို့ သူ့လက်တွေနဲ့ တအား ဆုပ်ကိုင်ထားတဲ့ အတွက် ရလိုက်တဲ့ ဒဏ်ရာတွေပါ။ ကျွန်တော့်မေမေက ပိန်ပိန်းလေးရယ် ဒါပေမဲ့ ကျွန်တော့်ကို မိကျောင်းကိုက်တော့မှ မေမေ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ ကျွန်တော် သိသွားတော့တယ်” လို့  ကောင်လေးဟာ ဂုဏ်ယူစွာနဲ့ သတင်းထောက်ကို  ပြောလိုက်ပါတော့တယ်။

ကောင်လေးရဲ့ မျက်နှာပေါ်မှာ သူ့လက်ပေါ်က အမာရွတ်တွေအတွက် စိတ် အနှောက်အယှက်ဖြစ်ပုံမရဘဲ ဂုဏ်ယူနေဟန် အထင်းသား တွေ့နေရပါတယ်။ မိကျောင်းတစ်ကောင်ရဲ့ ခွန်အားကိုတောင် တုဖက်ပြိုင်နိုင်တဲ့အထိ သူ့မေမေဆီမှာ သားသမီးကို ချစ်တဲ့၊ စိုးရိမ်တဲ့ စိတ်ဇောတွေနဲ့ ခွန်အားတွေ ရှိလာတာကို ဂုဏ်ယူနေပုံလည်း ရပါတယ်။ မိခင်တိုင်းဟာ သားသမီးတွေနဲ့ ပတ်သက်လာရင် ချစ်ခြင်းမေတ္တာ ဘယ်လောက် ကြီးမားတယ်ဆိုတာ ကောင်လေးရဲ့ လက်ဖျံပေါ်က အမာရွတ်တွေက သက်သေဘဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ကြီးမားတဲ့ အန္တရာယ်ဖြစ်ပါစေ မိခင်တွေက သားသမီးတွေရှေ့ကနေ မားမားမတ်မတ် ကာကွယ်ကြ၊ ကယ်တင် ပေးတတ်ကြပါတယ်။ ဒါဟာ နှိုင်းတုလို့မရတဲ့ အနှိုင်းမဲ့ မိခင်တွေရဲ့  ချစ်ခြင်းမေတ္တာဘဲ မဟုတ်ပါလား။


Alligator Scars (Unknown Author) ကို ကမ္ဘာ့မိခင်များနေ့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်များကို ဦးညွှတ်ရင်း ခံစားရေးဖွဲ့ ဘာသာပြန်ပါတယ်။ သားသမီးတိုင်းရဲ့ အားလုံးသော မိခင်များ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင်။ 




ကျွန်မနှင့် အချစ်ဦး

ကျွန်မ မှတ်မိသလောက် ပြန်စဉ်းစားရရင် ကျွန်မဟာ ငယ်စဉ်ကတည်းက  မျက်စိနောက် စရာ ကောင်းလောက်အောင် ဆူညံ ခုန်ပေါက် နေတတ်ပြီး စူးစမ်းလိုစိတ်များကာ စိတ်ဓာတ်လည်း ပြင်းထန် တဲ့ မိန်းခလေး တစ်ယောက်ပါ။ ကျွန်မရဲ့ မေမေကတော့ ကျွန်မနဲ့ ဆန့်ကျင်စွာဘဲ အေးဆေး တည်ငြိမ်ပြီး ရှေးရိုးစွဲ အစဉ်အလာခပ်ကြီးကြီး၊ စကားနည်းနည်းနည်းနဲ့ အိမ်ရှင်မကောင်း တစ်ဦး ဖြစ်ပါတယ်။ မေမေနဲ့ ကျွန်မ သဘောထားခြင်း မတိုက်ဆိုင်တိုင်း  ကျွန်မနဲ့ မေမေ့ကြားက အသက်အရွယ် ကွာဟမှုကိုအကြောင်းပြပြီး ကျွန်မက မေမေ့ကို အပြစ်တင်လေ့ရှိတတ်ပါတယ်.. မေမေက ကျွန်မကို အသက် ၃၈နှစ်မှာမှ မွေးခဲ့တာပါ။ ကျွန်မကို မွေးတဲ့ခေတ်အနေအထားနဲ့ဆို အသက်၃၈နှစ်ဆိုတာ ကလေးမွေးဖို့ သိပ်ကို နောက်ကျနေတဲ့ အသက်အရွယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မမိဘတွေရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သူငယ်ချင်း အသိုင်းအ၀န်းကြားမှာ ရှက်ကိုးရှက်ကန်းဖြစ်တဲ့ ခံစားချက်မျိုးတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး… ကျွန်မကို စိတ်အနှောက်အယှက် ဖြစ်စေတာက မေမေတို့ရဲ့ စည်းကမ်းတင်းကြပ်မှုနဲ့ ရှေးရိုးဆန်လွန်း အားကြီးမှုသာ…

အမြဲတမ်း တက်ကြွလှုပ်ရှားပြီး ပြာလောင်ခတ်နေတဲ့ ကျွန်မနဲ့ အေးဆေးတည်ငြိမ်ပြီး အိနြေ္ဒကြီးတဲ့ မေမေရဲ့ကြားမှာ ပဋိပက္ခဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရမဲ့ ကိစ္စတွေသာဖြစ်ပါတယ်.. ကျွန်မရဲ့ ဆယ်ကျော်သက်အရွယ် အချိန်ကာလေတွေတုန်းက မေမေနဲ့အမြဲတမ်း အငြင်းအခုန်ဖြစ်ရတယ်.. သဘောထားတွေ ကွဲလွဲနေခဲ့တယ်.. အဲဒီချိန်တုန်းက မေမေနဲ့ ကျွန်မကြား အကြီးမားဆုံး ပြဿနာတစ်ခုက ယောက်ျားလေး ကိစ္စနဲ့ ပါတ်သက်လို့ပဲ ဖြစ်ပါတယ်.. ယောက်ျားလေးတွေနဲ့ တွဲသွားတွဲလာ လုပ်ဖို့ကို မေမေက အပြင်းအထန် ကန့်ကွက်ပါတယ်..  တော်တော်လေးလည်း ချုပ်ချယ်ခဲ့ပါတယ်.. ကျွန်မရဲ့ အသက်  ၁၈နှစ်ကို ရည်းစားထားဖို့ အရမ်း ငယ်သေးတယ်လို့ အကြောင်းပြပါတယ်..

ကျွန်မက ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ သူတစ်ယောက် လည်း ဖြစ်တော့ မေမေ့ အကြောင်းပြချက်ကို လက်ခံနိုင်စရာ မရှိဘူး ဖြစ်နေပါတယ်.. ဒီအသက်အရွယ်ဟာ ကိုယ့်ကိုယ်ကို တာဝန်ယူနိုင်တယ် အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ပါတယ်.. စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့ ကျွန်မအနေနဲ့ လူတစ်ယောက်ကို တကယ် မချစ်ခင်မနှစ်သက်ဘဲ အပျော် သက်သက် တွဲမှာ၊ လက်ခံမှာ မဟုတ်ဘူး ဆိုတာတော့ မေမေ နားလည်ပေးသင့်တယ် လို့ တွေးမိခဲ့ပါတယ်..  ဒီတော့ မေမေရဲ့ ရှေးရိုးစွဲ အစဉ်အလာကို မုန်းမိသလို မေမေ့ကိုလည်း ကိုယ့်သမီးအပေါ်မှာ နားလည်မပေးနိုင်ရကောင်းလားလို့ မကျေမနပ် ဖြစ်မိပါတယ်.. မေမေဟာ အသက်အရွယ်ကြီးနေပြီဖြစ်လို့ ဒီနေ့ခေတ်နဲ့ အလှမ်းကွာနေပြီး ခေတ်လူငယ်တွေကို နားလည် မပေးနိုင်တော့ဘူး၊ ခေတ်ကို မသုံးသပ်နိုင်တော့ဘူးလို့ ကျွန်မ ယူဆခဲ့တယ်။

ကျွန်မ တက္ကသိုလ် ပထမနှစ်မှာ ကျွန်မချစ်သူနဲ့စပြီး ဆုံတွေ့ခဲ့တယ်… သူက လူတော် တစ်ယောက်ပါ.. ရုပ်ရည်လဲရှိ၊ ပညာလဲတော်တယ်.. စိတ်သဘောထားလဲ မဆိုးဘူးလို့ ပြောရမယ်... သူနဲ့ ချစ်သူဘ၀ ရောက်သွားတဲ့အခါ ကျွန်မမိဘတွေနဲ့ သူ့ကို မိတ်ဆက်ပေးပါတယ်.. မေမေတို့က ရည်ရည်မွန်မွန် ရှိတဲ့ သူ့ကို သဘောကျပါတယ်.. ဒါပေမဲ့ မေမေရဲ့ မျက်နှာပေါ်မှာတော့ ကျွန်မအပေါ်ထားတဲ့ စိုးရိမ်သောကလေးကို တွေ့နေရဆဲပါ.. မေမေက ကျွန်မကို ဘယ်တုန်းကများ ယုံကြည်စိတ် ထားခဲ့လို့လဲလေ.. ကျွန်မချစ်သူနဲ့ ကျွန်မဟာ တကယ်လဲ နှစ်နှစ်ကာကာ ချစ်ခင်မြတ်နိုးကြပါတယ်.. တစ်ယောက်နဲ့တစ်ယောက်လဲ ကြင်ကြင်နာနာ ရှိခဲ့ကြပါတယ်.. ဒီလိုနဲ့ ချစ်သူသက်တမ်း တစ်နှစ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကျော်ဖြတ် လာပြီးတဲ့နောက်မှာတော့ မမျှော်လင့်တဲ့ အကြောင်းတွေကြောင့် ကျွန်မချစ်သူနဲ့ ရုတ်တရက် လမ်းခွဲလိုက်ရပါတယ် သူဟာ ကျွန်မရဲ့ပထမဦးဆုံး ရည်းစားဦးလဲဖြစ်တယ်.. ကျွန်မကိုယ်တိုင်က နှစ်နှစ်ကာကာ ချစ်ခင်စုံမက်ခဲ့ရသူလဲ ဖြစ်တဲ့အတွက်  သူနဲ့လမ်းခွဲချိန်မှာ ကျွန်မအသည်းနှလုံးတစ်ခုလုံး မွမွကြေသွားသလို ခံစားရပါတယ်.. ဘ၀ရဲ့ မျှော်လင့်ချက်တွေ ၊ရည်မှန်းချက်တွေ အားလုံး ပျက်စီးကုန်တယ်ပါတယ်.. ကိုယ့်ကိုယ်ကို ရင့်ကျက်ပြီ၊ အရာရာကို သိနားလည်ပြီလို့ ထင်ခဲ့တဲ့ ကျွန်မဟာ ချက်ခြင်းဘဲ ဘာမှ မသိ၊နားမလည်တဲ့သူ တစ်ယောက်လို ဖြစ်သွားခဲ့ရပါတယ်။




ကျွန်မချစ်သူနဲ့ လမ်းခွဲပြီးချင်းချင်းမှာဘဲ ကျွန်မဟာ မေ့မေဆီကို ပြေးသွားပြီး သူ့ပုခုံးပေါ်မှာ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုချမိပါတယ်..  အဲဒီချိန်မှာ မေမေဟာ ကျွန်မကို အပြစ်တင်တာ၊ ဆူပူကြိမ်းမောင်းတာ ဘာတစ်ခုမှ မလုပ်သလို  ငါမပြောဘူးလား အစက ဒီလိုဖြစ်လာမယ်ဆိုတာ စတဲ့ စကားတွေလည်း ဘာတစ်ခွန်းမှ မပြောခဲ့ပါဘူး။ ကျွန်မရဲ့ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ပြီး ငယ်ငယ်က မေမေ နမ်းနေကျ ပုံစံအတိုင်း ကျွန်မရဲ့နဖူးလေးကို ဖွဖွလေးနမ်းပါတယ်.. ကျွန်မ အရှက်ရအောင်၊ ကိုယ့်ကိုယ်ကို အပြစ်တင်ချင်တဲ့စိတ်တွေ ဝင်လာအောင် မေမေက ဘာတစ်ခွန်းမှ အပြစ်တင်စကား၊ ဆုံးမစကား မပြောခဲ့ပါဘူး.. ကျွန်မပြောသမျှကို တိတ်တိတ်ဆိတ်ဆိတ်ဘဲ ကျွန်မကို ကြည့်ပြီး အလေးအနက် နားထောင်နေပါတယ်  မေမေရဲ့ မျက်ဝန်းမှာလည်း လောလောလတ်လတ် အသည်းကွဲနေတဲ့ ကျွန်မနဲ့ထပ်တူ မျက်ရည်တွေ ကျနေခဲ့ပါတယ်။

စကားတွေလဲ ပြောပြီးလို့ ငိုလို့ အားရပြီးတဲ့နောက် မေမေ့ကို ရင်ဖွင့်လိုက်ရတဲ့အတွက် ကျွန်မစိတ်လဲ အတော်အတန် ပေါ့ပါးသွားပါပြီ.. ဒါပေမဲ့ ကျွန်မရင်ထဲမှာတော့ နားမလည်နိုင်ခြင်းများစွာ ဖြစ်နေခဲ့ပါတယ်.. စိတ်တွေလဲ ရှုပ်ထွေးနေခဲ့တယ်.. ဘာလို့များ ဒီအဖြစ်အပျက်တွေဟာ ကျွန်မကိုမှ လာပြီးဖြစ်တာလဲ.. ဒီလောက်ချစ်ခဲ့တဲ့ ချစ်သူရဲ့ အပြစ်မြင် စွန့်ခွာခြင်းကို ဘာကြောင့်များ ကျွန်မရရှိတာလဲ.. ကျွန်မရင်ထဲမှာ ဒေါသတွေလဲ ထွက်နေခဲ့ပါတယ်။ မေမေ့ကိုလဲ ဒီအကြောင်းကို ဖွင့်ပြောမိတယ်.. ဒေါသတကြီး ပြောနေတဲ့လေသံကို ကျွန်မကိုယ်တိုင်တောင် အံ့အားသင့်မိတယ်.. ကျွန်မဟာ သူငယ်နှပ်စားမဟုတ်သလို မလှမပနဲ့ အသိဥာဏ် မရှိတဲ့သူလည်း မဟုတ်ပါဘူး။ ဒါနဲ့တောင် ကျွန်မချစ်သူက ဘာကြောင့်များ လမ်းခွဲရတာလဲ.. ကျွန်မတို့ဟာ ဘာကြောင့်များ အဆင်မပြေဖြစ်ရတာလဲ .. ကျွန်မ တော်တော်လေးကို ခံပြင်းမိပါတယ်။ ဝမ်းလည်းနည်းတယ် ယူကျုံးမရလည်း ဖြစ်မိပါတယ်။ ဘဝမှာ ဆက်ပြီး နေချင်စိတ် မရှိတော့သလိုကို ခံစားရပါတယ်။

ကျွန်မမေမေဟာ ဘယ်တော့မှ ဖွင့်မပြောခဲ့တဲ့ ပွင့်လင်းမှုမျိုးနဲ့ ကျွန်မကို ငြင်ငြင်သာသာ ရှင်းပြပါတယ်.  မေမေဟာ သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟပြောတယ်ဆိုတာ  ဘယ်တုန်းကမှ မရှိခဲ့ပါဘူး.. အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့ စည်းကမ်းတင်းကြပ်သူမို့ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ မေမေရဲ့ငယ်ဘဝဟာ ဘယ်လိုများ နေပါလိမ့်လို့ သိပ်ကို သိချင်စိတ် ပြင်းထန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ မေမေ့ကို ဘယ်တုန်းကမှ မမေးရဲခဲ့ပါဘူး။ အခုတော့ မေမေဟာ သူ့ငယ်ဘဝအကြောင်းကို ပြောပြနေခဲ့ပါပြီ. သူရဲ့ ပထမဆုံး အချစ်ဦးနဲ့ ကွဲခဲ့ရတဲ့အချိန်မှာ သေလုမတတ် ခံစားရခဲ့ရပြီး ဘဝကြီးတစ်ခုလုံး ပျက်စီးသွားတော့မတတ် ဖြစ်ခဲ့ဖူးကြောင်း၊ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့အကြောင်းတွေ ပြောပြပြီး အချိန်တစ်ခု ကုန်ဆုံးသွားတဲ့ချိန်မှာတော့ ဘယ်လိုခံစားချက်သာ ရှိတော့တယ် ဆိုတာတွေ  ပြောပြပါတော့တယ်။

မေမေဟာ သူ့ရည်းစားဦးကြောင့် အသည်းကွဲတဲ့အချိန်မှာ နှစ်ပတ်တိတိ မရပ်မနား ငိုကြွေးနေခဲ့ပါတယ်တဲ့.. အဲဒီချိန်မှာ လောကကြီးဟာ သူ့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့သလို၊ ဘ၀ကြီးတစ်ခုလုံးဟာလည်း အဓိပ္ပါယ် မရှိတော့သလို ခံစားခဲ့ရကြောင်းနဲ့ အချိန်အတိုင်းအတာ တစ်ခုကို ကျော်ဖြတ်ပြီးသွားချိန်မှာတော့ နာကျင်ခံစားခဲ့ရတာတွေဟာ တစ်ဖြေးဖြေး ပျောက်ကွယ်သွားရပြီးတဲ့နောက် မှတ်ဥာဏ်ထဲမှာ အဲဒီအသည်းကွဲတဲ့ ဒဏ်ရာဟာ ခပ်မှိန်မှိန်လေးသာ ကျန်ရစ်ခဲ့တော့ကြောင်း ပြောပြပါတယ်.. ပြီးတော့လဲ ကျွန်မကိုပြောတာက တစ်ချိန်ချိန်မှာ ကျွန်မဟာ နောက်ထပ် ချစ်ရမဲ့သူ တစ်ယောက်ယောက်နဲ့တွေ့ပြီး လက်ထပ်ပြီးတဲ့အချိန်မှာ အခုအသည်းကွဲတဲ့ အဖြစ်ကို ပြန်တွေးလိုက်တဲ့ချိန်မှာတော့ ပြုံးစရာလေး တစ်ခုအဖြစ်နဲ့သာ ကျန်ရစ်တော့မှာ သေချာပါတယ်လို့ ပြောပါတယ်။

မေမေရဲ့ စကားတွေကိုကြားမိတော့ ကျွန်မ စိတ်သက်သာရာ ရလာသလို အံ့သြတကြီးလဲ ဖြစ်ရပါတယ်..   ကျွန်မ အကြီးအကျယ်အံ့သြမိတာက တစ်ခြားမဟုတ်ပါဘူး.. မေမေ့ရဲ့အချစ်ဦးဟာ ကျွန်မရဲ့ဖေဖေ မဟုတ်ခဲ့တာကိုပါ…  လူတော်တော်များများဟာ ချစ်တိုင်းလည်း ညားကြတာ မဟုတ်သလို၊ အချစ်ဦးတိုင်းနဲ့လည်း ပေါင်းခွင့်ရချင်မှ ရတာဖြစ်ကြောင်း မေမေက သူ့ကိုယ်သူ နမူနာပြပြီး ကျွန်မကို ရှင်းပြပါတယ်.. မေမေဟာ ခုချိန်မှာ ကျွန်မရဲ့ မိခင်တစ်ဦးအဖြစ်သာမက ကျွန်မလို အဖြစ်မျိုးကို ကြုံခဲ့တဲ့ ဘ၀တူ မိန်းမသားတစ်ဦး ဖြစ်နေတာကိုပါ သိခွင့်ရလိုက်တော့ အံ့သြမိတဲ့ စိတ်နဲ့အတူ မေမေ့အပေါ်မှာလည်း ပိုပြီး ရင်းနှီး တွယ်တာစိတ် ဖြစ်လာတယ်.. ပြီးတော့လည်း ကျွန်မရဲ့ အသည်းကွဲဒဏ်ရာကလည်း သက်သာရာ ရလာသလို ခံစားမိရပါတယ်.. သူ့အကြောင်းတွေကို ဘယ်တုန်းကမှ မပြောပြခဲ့တဲ့ မေမေဟာ ခုချိန်မှာတော့ မေမေရဲ့အချစ်ဦးအကြောင်းတွေကို ကျွန်မကို မကွယ်မဝှက်ပြောနေတဲ့ အတွက် မေမေ့ အပေါ်မှာ ကျွန်မရဲ့ ခံစားချက်က မိခင်တစ်ဦး အဖြစ်သာမက အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် အဖြစ်ပါ စိတ်ထဲမှာ လက်ခံ သဘောထားလာမိပါတော့တယ်.။

ဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့ ကျွန်မဘဝမှာ ဘယ်လိုဘဲ အခက်အခဲကြုံလာ၊ ဘယ်လောက်ပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့လာပါစေ မေမေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မေမေ့ဆီက အကြံဥာဏ်တွေ၊ စကားတွေ ခွန်အားတွေနဲ့ အတူ ကျွန်မရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်.. သူငယ်ချင်း အပေါင်းအသင်းကိစ္စ၊ အလုပ်အကိုင်၊ ကျွန်မရဲ့ ရည်းစား ကိစ္စ၊ စတဲ့ ကိစ္စအားလုံးကို မေမေ့ကို ကျွန်မက မချွင်းမချန် ပြောပြလေ့ရှိပါတယ်။ နောက်ထပ်လည်း အသည်းကွဲတဲ့ ဖြစ်ရပ်တွေ ကျွန်မဘ၀မှာ ထပ်ပြီး ကြုံတွေ့လာရပါတယ်။ ဒါပေမဲ့ မထမဆုံး အသည်းကွဲတုန်းကလို အသည်းအသန် ခံစားချက်မျိုး မဖြစ်တော့ပါဘူး။ ဒါကြောင့်လည်း လူတွေဟာ အချစ်ဦးကြောင့် ခံစားရတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူးလို့ ခိုင်းနှိုင်းကြတာဘဲ ဖြစ်ပါလိမ့်မယ်.။ ဟုတ်ပါလိမ့်မယ်လေ .. အချစ်ဦးဆိုတာ အချစ်နဲ့ ပတ်သက်တဲ့ ဘ၀ရဲ့ ပထမဆုံး အတွေ့အကြုံလဲဖြစ်တာကိုး။

ကျွန်မက ဘယ်လိုကိစ္စမျိုးမဆို မေမေ့ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တယ်။ အသိပေးတယ်.. မေမေ့ဆီက အကြံဥာဏ်တွေရယူလေ့ရှိတယ်.. ကျွန်မနဲ့ မေမေရဲ့ ဆက်ဆံရေးက သားအမိဆက်ဆံရေးထက် အရင်းနှီးဆုံး သူငယ်ချင်း ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးနဲ့ ဥပမာပေးတာက ပိုပြီး နီးစပ်ပါလိမ့်မယ်.. အဲဒီလို မေမေနဲ့ နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ပြောဆိုတိုင်ပင်ရတာကိုလည်း ကျွန်မက သဘောကျတယ်.. ကျွန်မရဲ့ သူငယ်ချင်းတွေကတောင် မေမေနဲ့ ကျွန်မတို့ ၂ယောက်ရဲ့ ဆက်ဆံရေးမျိုးကို အားကျကြတဲ့အကြောင်း မကြာခန မှတ်ချက်ပေးရလောက်အောင် ကျွန်မနဲ့မေမေဟာ စေးကပ်ရင်းနှီးခဲ့ကြပါတယ်.. ဒါကိုလည်း ကျွန်မနဲ့ မေမေက ဂုဏ်ယူကြပါတယ်။

နှစ်အတန်ကြာလို့ ကျွန်မခင်ပွန်းလောင်းဖြစ်လာမဲ့သူနဲ့ စပြီးဆုံတွေ့တော့ ပထမဆုံး ကျွန်မလုပ်တဲ့ အလုပ်က အဝေးက မေမေ့ဆီက ဖုန်းခေါ် မိတာပါဘဲ… ဖုန်းခေါ်ပြီးတော့ ကျွန်မခင်ပွန်းလောင်းဖြစ်တဲ့ သူ့အကြောင်းတွေ ပြောပြပါတော့တယ်.. သူ့အကြောင်းတွေပြောပြနေတဲ့အခါ တစ်ဘက်ကနေ မေမေက ကျွန်မစကားသံကို တိတ်ဆိတ်စွာ နားထောင်နေရင်း စကား ဆုံးခါနီးတော့ ကျွန်မကို စကားလေး တစ်ခွန်း လှမ်းမေးပါတယ်..         “ သမီး…  သမီးရဲ့ ပထမဦးဆုံး ရည်းစားဦးကြောင့် အသည်းကွဲခဲ့တာကို မှတ်မိသေးလား” တဲ့.. ကျွန်မလဲ မေမေရဲ့ အမေးကို ခပ်ဖွဖွရယ်သံလေးနဲ့ “ မှတ်မိတယ်မေမေ.. ဘာဖြစ်လို့မေးတာလဲ ” လို့ ပြန်မေးလိုက်တော့ မေမေရဲ့ ပြန်ပြောသံလေးမှာ ကျွန်မအပေါ် ကြင်နာသနားမှုနဲ့ နားလည်စာနာမှု အပြည့်ပါတဲ့ လေသံလေးဖြစ်ကြောင်းကို ကျွန်မရင်ထဲက ခံစားလိုက်မိပါတယ်.. မေမေက အဲဒီချိန်မှာ ကျွန်မကို ပြန်ပြောတဲ့စကားလေးတစ်ခွန်းက  “သမီး အခု အဲဒီအကြောင်း ပြန်စဉ်းစားမိတော့ ပြုံးနေတယ်မဟုတ်လား ”  တဲ့။

ကျွန်မ နားလည်လိုက်ပါတယ်.. မေမေဘာကြောင့် ဒီချိန်မှာ ဒီလိုမေးခွန်းလေးကို မေးလိုက်တယ်ဆိုတာကိုပေါ့.. ကျွန်မ ပထမဆုံး ရည်းစားဦးနဲ့ ကွဲတဲ့အချိန်တုန်းက ကျွန်မဘ၀ကြီးတစ်ခုလုံး အဓိပ္ပါယ်မဲ့သွားခဲ့တယ်၊ မျှော်လင့်ချက်ဟူသမျှ ဆိပ်သုဉ်းသွား ခဲ့တယ်၊ ဒီအသည်းကွဲတဲ့ ခံစားချက်ကြီးကဘဲ ဘဝတစ်ခုလုံးအတွက် အရေးအကြီးဆုံး ဖြစ်ခဲ့တယ်လို့ ထင်ခဲ့မိတယ်လေ..  အသက်ဆက်ရှင်သန်ဖို့တောင် အင်အားမရှိတော့သလို ခံစားခဲ့ရတယ် မဟုတ်လား.. ဒါပေမဲ့ အချိန်ကာလလေး တစ်ခု ကြာသွားတဲ့အခါမှာတော့ အသည်းကွဲတုန်းက ခံစားခဲ့ဖူးတဲ့ ဒီခံစားချက်တွေဟာ အခု ပြန်တွေးလိုက်ချိန်မှာတော့ ပြုံးစရာလေးတစ်ခုသာ ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။


Chicken Soup for Every Mom's Soul မှ Sophia Valles Bligh ရဲ့ First Love  ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


(လွန်ခဲ့တဲ့ ၂နှစ်က ဘာသာပြန်ခဲ့တဲ့ စာလေးပါ။ လတ်တလော အသည်းကွဲနေတဲ့ ညီမလေးတစ်ယောက် အတွက် ဒီစာလေးကို ပြန်တင်ပေးလိုက်တာ ဖြစ်ပါတယ်။ )




ကူးစက်သွားသည့်အကြင်နာ




ကျွန်မဟာ ကိုးနှစ်အရွယ် သမီးလေးကို လက်တွဲပြီး လေယာဉ်ကွင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီခရီးဟာ သမီးလေးကို သူ့အဖေရှိတဲ့ ဖလော်ရီဒါ ကို ခေါ်ဆောင်လာတဲ့ ခရီးဖြစ်ပါတယ်။ သူ့အဖေဖြစ်တဲ့ ကျွန်မ ခင်ပွန်း Mike ဟာ အိမ်နဲ့ခွဲပြီးတော့ ဖလော်ရီဒါက အင်တာနက် ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတာ ၅လလောက် ရှိပါပြီ။ သမီးလေးဟာ သူ့ဖခင်ကို ပြင်းပြင်းထန်ထန် လွမ်းဆွတ်နေတာကြောင့် သူ့ဖခင်နဲ့ပေးတွေ့ဖို့ အိမ်ကနေ ထွက်လာတဲ့ ခရီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သားအမိနှစ်ယောက်လုံးအတွက် စိတ်လှုပ်ရှားဖွယ် ခရီးလည်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကျွန်မတို့အိမ်ရှိတဲ့ Charlotte နဲ့ ဖလော်ရီဒါကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်ဟာ အမြဲတမ်း လူပြည့်တတ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

လေယာဉ်ကွင်းထဲ ရောက်တာနဲ့ ကျွန်မတို့စီးမဲ့ လေယာဉ်ကိုသွားတဲ့ ဂိတ်ပေါက်ဝမှာ လေ့လာရေး ခရီးသွားကြမဲ့ဟန် တူတဲ့ ကျောင်းသားလူငယ် အုပ်စုလိုက်ကြီးကိုလည်း တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ လက်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး စိတ်လှုပ်ရှား ကြောက်ရွံ့နေပုံရတဲ့ သမီးလေးကို ကျွန်မက “ သမီးရေ.. ဘာမှ စိတ်မပူနဲ့နော်။ လေယာဉ်ပေါ်ရောက်ရင် အားလုံး အိုကေသွားမှာ။ ဟိုးမှာကြည့် အဲဒီ လူအုပ်ကြီးလည်း မေမေတို့ စီးမဲ့ လေယာဉ်ပေါ်မှာ ပါလာမှာလေ.. လူတွေအများကြီးဘဲ သမီးဘာမှ မကြောက်နဲ့နော်” လို့ အားပေးလိုက်မိပါတယ်။ နောက်ပြီးတော့လည်း လူများလှတာကြောင့် လေယာဉ်လက်မှတ်ဝယ်ရာမှာ ကျွန်မနဲ့ သမီးလေးဟာ ထိုင်ခုံနေရာ အတူတူမရဘဲ ကြားမှာအလယ်လျှောက်လမ်း ခြားပြီး တစ်ယောက် တစ်ဖက်စီ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ လေယာဉ်ပေါ်မှာရောက်ရင်တော့ ကိုယ့်ဘေးက လူတွေကို နေရာလဲထိုင်ဖို့ တောင်းပန်ပြောဆို ရင်တော့ ရကောင်းပါရဲ့ လို့ တွေးနေမိ ပါတယ်။

လေယာဉ်ပေါ်ရောက်လို့ နေရာတွေမှာ ထိုင်တဲ့အခါ မိခင်နဲ့အတူ ထိုင်ခွင့်မရတဲ့ သမီးလေးဟာ ငိုမဲ့မဲ့လေးဖြစ်နေ ရှာပါတယ်။ လေယာဉ်စီးရမဲ့ ခရီးအတွက် စိတ်လှုပ်ရှားတာက တစ်မျိုး ၊ မိခင်နဲ့ တစ်နေရာစီဖြစ်လို့ ကြောက်လန့် အားငယ်တာက တစ်မျိုးနဲ့ သမီးလေးကို ကြည့်ရတာ ကျွန်မရင်ထဲမှာလည်း တကယ်ကို မသက်မသာ ခံစားနေရပါတယ်။ ဒီတော့ ကျွန်မဟာ သမီးလေး ကြောက်စိတ်ပြေအောင် သူစိတ်ဝင်စားမဲ့ ပုံပြင်စာအုပ်လေးကို ဖတ်ပြနေခဲ့ပါတယ်. သို့ပေမဲ့လည်း လေယာဉ်ပေါ်ကို လူတွေ တစ်ယောက်ပြီးတစ်ယောက် တက်နေကြတော့ အလယ်လျှောက် လမ်း ခြားနေတဲ့ ကျွန်မနဲ့သမီးကြား စာဖတ်ပြနေရတာဟာလည်း ဘယ်လိုမှ အဆင်မပြေပါဘူး။

 ခဏ အကြာမှာ ကျွန်မဘေးက ခုံမှာ ခရီးသွား အမျိုးအသီး နှစ်ယောက် လာထိုင်ပါတယ်။ ကျွန်မက သူတို့ကို ကျွန်မ သမီးလေးနဲ့ နေရာချင်း လဲထိုင်ပေးဖို့နဲ့ သမီးလေးနေရာဟာ ပြူတင်းပေါက် ဘေးနားမှာ ရှိတာမို့ ပြူတင်းပေါက် ကနေလည်း ရှုခင်းတွေကြည့်နိုင်ကြောင်း ပြောပြပြီး အကူအညီတောင်းတော့ တစ်ယောက်မှ လဲထိုင်ချင်တဲ့ ဆန္ဒ ရှိပုံမပြဘဲ “ကိုယ့်နေရာကိုယ် ထိုင်တာဘဲကောင်းပါတယ်” လို့ ပြန်ပြောတာကြောင့် ပါးစပ်ပိတ်ပြီး ငြိမ်နေလိုက် ရပါတယ်။ ကျန်တဲ့ လေယာဉ်ပေါ်က လူတွေကလည်း ကျွန်မတို့အဖြစ်ကို မြင်ပေမဲ့လည်း ဘယ်သူကမှ နေရာလဲပေးဖို့ စိတ်ကူး မရှိကြဘဲ ဖာသိဖာသာ နေနေကြပါတယ်။

အဲဒီချိန်လေးမှာ ကလေးပွေ့ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ နောက်ထပ် ခပ်ငယ်ငယ် ကလေး၃ယောက်နဲ့ အတူ လေယာဉ်ပေါ် တက်လာပါတယ်။  ကလေးတွေဟာ ဝရုန်းသုန်းကားနဲ့ တက်လာတာဖြစ်ပြီး မိခင်ဖြစ်သူဟာလည်း ကလေးပွေ့ထားတာက တစ်ဖက်နဲ့ သူမရဲ့ ကလေးတွေကို နိုင်အောင် မထိန်းနိုင် ဘဲ ဖြစ်နေပါတယ်။ သူတို့တွေဟာလည်း တစ်မိသားစုလုံး အတူတူ ထိုင်ခွင့်မရဘဲ ထိုင်ခုံနေရာတွေက တစ်ကွဲ တစ်ပြားစီ ဖြစ်နေပါတယ်။ ကလေးပွေ့ထားတဲ့ အမျိုးသမီး ဘာများ လုပ်မလဲလို့ ကျွန်မလည်း တစ်စေ့ တစောင်း အကဲခတ် ကြည့်တော့ အမျိုးသမီးငယ်ဟာလည်း ကျွန်မနည်းတူ သူ့ဘေးက ခရီးသည်တွေကို နေရာရွေ့ ထိုင်ပေးနိုင်မလား မေးတဲ့အခါ အားလုံးက ငြင်းပယ်ကြပါတယ်။ အဲဒီအချိန်မှာ သူမ ပွေ့ထားတဲ့ ကလေးက လွဲလို့ ကျန်တဲ့ ကလေးတွေဟာ လေယာဉ်ပေါ်မှာ ဗြောင်းဆန်အောင် အော်ဟစ်  နေကြပါတယ်။ မိခင်ကလည်း သူမရဲ့ ကလေးတွေကိုကြည့်ပြီး ကူကယ်ရာ မဲ့စွာနဲ့ မျက်ရည်လေး စမ်းစမ်း ဖြစ်လာပါတော့တယ်။
 
အဲဒီချိန်မှာဘဲ ကျောင်းသားလူငယ်စုရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူငယ်တစ်ဦးက ရုတ်တရက် ထရပ်လိုက်ပြီး “ အစ်မကြီး ကျွန်တော်တို့ အစ်မကြီးကို ကူညီနိုင်ပါလိမ့်မယ်.. ခဏစောင့်ပါ” လို့ပြောပြီး သူ့ကျောင်းသားအုပ်စုကြီးကို စီစဉ်နေရာချလိုက်ကာ ထို အမျိုးသမီးငယ် မိသားစုအတွက် နေရာလွတ် ၄ခု ပေါ်လာပါတော့တယ်။ သူ့ရဲ့ကျောင်းသားကလေးတွေဟာလည်း ဘာစောဒက တက်တာ မျိုးမှ မလုပ်ကြဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အခြားနေရာတွေကို ရွေ့ပြောင်းထိုင်ပေးလိုက်ကြတာကို တွေ့ရပါတယ်။ ကလေးတွေနဲ့ မိခင်ခမြာလည်း ခုတော့မှ ပြုံးရယ်နိုင်ပါတော့တယ်။ 

ကျွန်မရဲ့ သမီးလေးကလည်း မိခင်နဲ့အတူတူ ထိုင်ချင်ကြောင်း တစ်ဖွဖွ ဂျီကျနေတဲ့အတွက် ကျွန်မမှာလည်း ဘေးနားက ခရီးသည်တွေကို တောင်းပန်လို့ မရတဲ့အဆုံး “သမီးရယ် ထိုင်ခုံလက်မှတ်က ဒီအတိုင်းဘဲ ရတာဆိုတော့ အမေလည်း ပြောလို့မရဘူးဖြစ်နေတယ်။ အမေတို့ထိုင်ချင်သလို ထိုင်လို့မရဘူးလေ.. ဒီလက်မှတ်ပေါ်မှာ ရေးထားတဲ့ ခုံနံပါတ်အတိုင်းဘဲ ထိုင်ရမှာ” လို့ ပြန်ပြောမိပါတယ်။ အံ့သြစရာပါဘဲ။ အဲဒီအချိန်လေးမှာ အစောက ကျောင်းသားတွေရဲ့ခေါင်းဆောင်ဖြစ်သူရဲ့ ဘေးနားမှာ ကပ်လျှက်ထိုင်နေတဲ့ (သူကိုယ်တိုင်ကတော့ ကျောင်းသား အဖွဲ့ထဲက မဟုတ်ပါ)  လူငယ်တစ်ဦးဟာ ကျွန်မဘက်ကို လှည့်လိုက်ပြီး “အစ်မကြီးရော ကျွန်တော်တို့ နှစ်ယောက်နဲ့ နေရချင်း လဲထိုင်ချင်သလား ခင်ဗျာ” လို့ သူ့ခုံနဲ့ သူ့ဘေးက ကျောင်းသားခေါင်းဆောင်ရဲ့ ခုံကို လက်ညိုးညွှန်ပြီး လှမ်းမေးပါတယ်။

ကျွန်မလည်း အားရဝမ်းသာ ခေါင်းညိတ်လိုက်ပြီး သမီးလေးနဲ့ အတူတူ ထိုင်ခွင့်ရဖို့ အတွက် နေရာလဲ ထိုင်လိုက် ပါတယ်။ မိခင်နဲ့အတူတူ ထိုင်ခွင့်ရသွားတဲ့ သမီးလေးဟာ  ပြုံးပြုံးရယ်ရယ် ဖြစ်လာပါတယ်။ လေယာဉ်ခရီး တစ်လျှောက်လုံး ပြူတင်းပေါက်က မြင်နေရတဲ့ ရှုခင်းတွေကြည့်လိုက်၊ ပုံပြင်ဖတ်ပြခိုင်းလိုက်နဲ့ ကျွန်မတို့ သားအမိနှစ်ယောက် ပျော်ပျော် ရွှင်ရွှင် ခရီးဆက်လာခဲ့ကြပါတယ်။ ဖလော်ရီဒါကို မရောက်ခင် လေယာဉ်ပေါ်မှာ ထိုင်နေရင်း ကျွန်မတွေးမိတာလေး တစ်ခုက တကယ်လို့များ ကျောင်းသားခေါင်းဆောင် လူငယ်လေးကသာ ကလေး ၄ယောက်ရဲ့ မိခင်ကို ထိုင်ခုံနေရာ လဲမပေးခဲ့ဘူးဆိုရင် ကျွန်မကို ထိုင်ခုံလဲပေးတဲ့ လူငယ်လေးကရော နေရာ လဲပေးပါ့မလားလို့ စဉ်းစားမိတာပါ။ 

နေရာ လဲပေးမယ် မလဲပေးဘူးဆိုတာ ကျွန်မအနေနဲ့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မ သေချာ သိလိုက်တာ တစ်ခုကတော့ အကြင်နာတရား ဆိုတာ တစ်ဦးကနေ တစ်ဦးကို ကူးစက်တတ်တယ် ဆိုတာပါဘဲ။ ကျောင်းသားခေါင်းဆောင်လေးရဲ့ ကြင်နာတတ်တဲ့ အပြုအမူဟာ သူ့ဘေးက လူငယ်ဆီကိုလည်း ကူးစက်ခံစားရပြီး ကျွန်မကို နေရာလဲပေးဖို့ စိတ်ကူးရခဲ့ဟန် တူပါတယ်။ အကြင်နာတရားဟာ အမှန်တကယ်သာ ကူးစက်တတ်တယ် ဆိုရင်ဖြင့် တစ်ဦးတစ်ယောက်ကနေ စလိုက်တဲ့ ကြင်နာတတ်မှုဟာ ကမ္ဘာပေါ်က လူသားတိုင်းဆီ အကြင်နာတွေ ကူးစက်ပြီး လောကကြီးဟာ ဘယ်လောက်များ နေချင်စရာ ကောင်းလိုက်မလဲနော်။

Kindness is Contagious  (Phyllis Yearick ) ကို ဘာသာပြန်ပါတယ်။ အကြင်နာတရားကို လူသားတိုင်း ပိုင်ဆိုင်နိုင်ပါစေရှင်..



မရခဲ့ဖူးတဲ့လက်ဆောင်...

အဖွားမေရီသည် စိတ်သဘောပြည့်ဝပြီး အေးချမ်းသိမ်မွေ့ကာ အဖိုးအပေါ်မှာလည်း အစွမ်းကုန် ချစ်ခင်ပြုစု ယုယတတ်သူ တစ်ယောက် ဖြစ်ပါသည်။ အဖိုးကတော့ တစ်ချိန်တုန်းခါက စိတ်မြန် လက်မြန်နှင့် တက်ကြွ လှုပ်ရှားသူ၊ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးတို့ကို အစစ ဦးဆောင်သူ ဖြစ်ခဲ့သော်လည်း ၂ကြိမ်လောက် လေဖြတ်ခံရပြီး နောက်ပိုင်းတွင် အိမ်တွင်း အိမ်ပြင် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်၊ စကားပြောဖို့ပင် နှုတ်က မသွက်တော့ဘဲ လေးလံ ထိုင်းမှိုင်း ဖြစ်နေရပါပြီ။ ဘုရားကျောင်းလည်း မသွားနိုင်၊ အိမ်နီးနားချင်းများ၏ အိမ်တွေကိုပင် မလည်ပတ်နိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါသည်။ အဖိုးသည် သူပိုင်ဆိုင်သော အချိန်တော်တော်များများအား တီဗီရှေ့တွင် ထိုင်ပြီး  အချိန်ဖြုန်းနေရသည်ကသာ များလေသည်။ အဖိုး တစ်ယောက် အဖွားမေရီ အလုပ်လုပ်နေချိန်များတွင် တီဗီမှ လာသော သတင်း အစီအစဉ်နှင့် အခြား အစီအစဉ်များကို ထိုင်ကြည့်လို့ နေခဲ့ရသည်။ အဖွား အားလပ်သည့်အခါတွင်တော့ ၂ယောက်သား စကားပြောရင်း၊ တီဗီကြည့်ရင်း၊ စာဖတ်ကြရင်း အချိန်ကုန်ရတော့သည်။ အဖိုးအတွက်မှာ အဖွား၏ အကူအညီသာ မပါလျှင် ထိုင်ခုံကနေ နေရာရွှေ့ဖို့၊ အိပ်ရာဆီ သွားဖို့တောင် ခက်ခဲလွန်းလှ ပါသည်။

အဖွားသည်  အဖိုးကို နေ့စဉ် အိပ်ရာမှ နိုးထစေပြီး  နံနက်စာကျွေးမွေးရန် ထမင်းစားခန်းသို့ သွားနိုင်ဖို့ရန် ကူညီပေးလေ့ ရှိသည်..  နံနက်စာ စားသောက်ပြီးချိန် မှာတော့ အဖွားက ပန်းကန်များကို ဆေးကြော သန့်စင်နေစဉ် အဖိုး ခေတ္တ အနားယူစေနိုင်ရန် ဧည့်ခန်းတွင်းရှိ အဖိုးထိုင်နေကျ ပက်လက် ကုလားထိုင်လေးမှာ ထိုင်ခိုင်းထားကာ တီဗီကြည့်စေသည်။ ပန်းကန်ဆေးကြော သန့်စင်နေရင်းမှာပင် အဖိုးများ တစ်ခုခု လိုအပ်နေသလား၊ ဘာလုပ်ပေးဖို့ လိုဦးမလဲ ဆိုသည်ကို မကြာခန လှမ်းလှမ်း ကြည့်ပြီး အဖွားက မေးလေ့ ရှိသည်။ ထို အဖြစ်အပျက်တွေသည် အဖိုးနှင့် အဖွားတို့၏ နေ့စဉ် အဖြစ်အပျက် ကလေးတွေသာ ဖြစ်ပါသည်။ အဖိုးအပေါ်တွင် အဖွားမေရီ တစ်ယောက် မငြီးမငြူ ဂရုတစိုက် ပြုစုယုယကာ အိမ်ထောင်သက်နှစ်-၅၀ ကြာလာသည့်တိုင် အဖိုးအပေါ် သူမ၏ ချစ်ခင်မြတ်နိုးမှုက လန်းဆန်း တောက်ပနေတုန်း၊ အိမ်ထောင်ဦး ကာလက ကဲ့သို့ နုနယ် ပျိုမြစ်နေ တုန်းသာ။

အဖွားသည် အဖိုးအပေါ်တွင် အလွန်တရာ ချစ်ခင်မြတ်နိုးစွာ ရှိခဲ့သ်ာလည်း  အဖိုးကတော့ အိမ်ထောင်တစ်ခုကို သူ့တာဝန်ကျေအောင် ထမ်းဆောင်လျှင် ပြီးပြီဟုသာ သဘောထားပြီး ဇနီးမယား အပေါ် ယုယုယယ မနေတတ်ခဲ့သူ ဖြစ်ပါသည်။ အဖိုးရင်ထဲမှ အချစ်ဆိုသည့် အရာကိုလည်း အဖွားသိအောင် ဘယ်ခါမှ ထုတ်မပြောတတ်သူ ၊ ပြောခဲ့သူတစ်ယောက် မဟုတ်ခဲ့ပါ။ အိမ်ထောင် သက်တမ်း ကာလတစ်လျှောက်တွင် အဖိုးက အဖွားအတွက် အမှတ်တရ လက်ဆောင်ဆိုသည်မှာ ဘယ်သောခါမှ ၀ယ်ပေးသည် မရှိခဲ့ဖူးပါ။ အဖိုး၏ ခံယူချက်မှာ ငွေကြေးဥစ္စာ လုံလောက်အောင် ရှာဖွေပေးပြီး ဖြစ်သောကြောင့် အဖွား လိုအပ်တာ မှန်သမျှ စိတ်တိုင်းကျ ဝယ်ယူခွင့် ရှိနေပြီဖြစ်၍ “သူမ ကြိုက်နှစ်သစ်ရာ ဝယ်ယူနိုင်သည်၊ သူကိုယ်တိုင် ဝယ်ပေးရန် မလို။” ဟူသော အတွေးမျိုး ရှိသူဖြစ်သည်။

အဖိုး၏ ထိုအကျင့်စရိုက်သည် ညားကာစ အိမ်ထောင်ဦးကာလတွင် အဖွားအတွက် စိတ် အနှောက်အယှက် ဖြစ်စရာ၊ မကျေနပ်စရာ ဖြစ်ခဲ့ရသည်။ အဖိုးသည် သူမအား တကယ် ချစ်မှ ချစ်ခဲ့ပါရဲ့လား ဟူသော သံသယသည် အဖွားမေရီ စိတ်ထဲတွင် အမြဲတမ်း ဖိစီးခဲ့သော်လည်း အိမ်ထောင် သက်တမ်း ကြာလာသည်နှင့် အမျှ  မိမိအိမ်ဦးနတ်ကို သဘောပေါက် နားလည်နိုင်အောင် ကြိုးစားရတော့သည်။ အဖိုးသည် အိမ်ထောင် တစ်ခုလုံးအတွက်ရော သူမအတွက်ပါ အလွန်ကောင်းမွန်သော အိမ်ထောင်ဦးစီးကောင်း တစ်ဦး ဖြစ်သည်မှာ သူမ အသိဆုံးဖြစ်သည်။ မိသားစု အတွက် လိုလေသေး မရှိရအောင် ငွေကြေးကို ရှာဖွေပေးခဲ့သည်။ အဖွား လိုချင်သော ပစ္စည်းဟူသမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့်ပေးထားခဲ့သည်။ ထို့ကြောင့်လည်း အဖိုး ကိုယ်တိုင် ဝယ်ပေးလေ့ မရှိသော လက်ဆောင်နှင့်၊ ထုတ်မပြတတ်သော အဖိုး၏ အကြင်နာတို့အတွက် လိုချင် တပ်မက်စိတ်၊ မက်မောစိတ် ဖြစ်မနေတော့အောင် သူမကိုယ်ကို ကြိုးစား၍ စိတ်ကို ဖြေသိမ့်တတ် ခဲ့ပြီ ဖြစ်သည်။ အဖိုး၏ ချစ်ခင်ယုယမှု၊ အသိအမှတ်ပြုမှု တို့ကိုလည်း ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ အဖိုးအပေါ်ထားသော သူမ၏ ချစ်ခင်မြတ်နိုးစိတ်၊ ကြင်နာသဒ္ဓါစိတ် တို့ကိုတော့ဖြင့် ယခင်အတိုင်း ထားမြဲ ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

တစ်ခုသော ဖေဖော်ဝါရီလ၏ အေးမြသော မနက်ခင်းတစ်ခုတွင် တီဗီကြည့်နေသာ အဖိုးထံသို့ လျှောက် လာကာ “ကျွန်မ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” .. ဟု တီဗီ ကွန်ထရိုလ်းကို အဖိုးလက်ထဲ ထည့်ပေးလိုက်ရင်း အဖွားက ပြောလိုက်ပါသည်။ “တစ်ခုခု လုပ်ချင်တာ၊ လိုချင်တာရှိရင် ကျွန်မ အပြင်ထွက်လာတဲ့အထိ ခဏလောက်စောင့်နော်.. တစ်ယောက်တည်း မနိုင်မနင်း လျှောက်မလုပ်နဲ့”.. ဟု စိတ်မချစွာ အထပ်ထပ်ပြောရင်း မီးဖိုခန်းထဲသို့ ဝင်ရောက်သွားပါသည်။ အချိန်အနည်းငယ် ကြာသော် စားသောက်စရာများ ချက်ပြုတ်ပြီး၍ အိမ်ရှေ့သို့ အဖွား ပြန်ထွက်အလာတွင် အဖိုးကို ကုလားထိုင်တွင် မတွေ့ရတော့ပေ။

အဖွားမှာ ရုတ်တရက် ပြာဝေသော စိတ်ဖြင့် အဖိုးကိုင်နေကျ တောင်ဝှေးထားရာ နေရာကို ကြည့်လိုက်သည့် အခါတွင် တောင်ဝှေးမှာ နေရာတွင် မရှိတော့ပေ။ အဝတ်ဘီရိုမှာလည်း ပွင့်လျှက်ရှိပြီး အဖိုး၏ အပေါ်ဝတ် ကုတ်အင်္ကျီနှင့် ဦးထုပ်မှာ ပျောက်ဆုံးနေခဲ့ပြီ။ အဖိုးသည် တစ်နေရာရာသို့ ထွက်ခွာ သွားပေပြီ။ အဖွားမှာ သွေးရူး သွေးတန်းဖြင့် ဘီရိုတွင်းမှ ကုတ်အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ  အိမ်တွင်းမှ အပြေးတစ်ပိုင်း ထွက်ကာ ဟိုဟိုဒီဒီ မျှော်ကြည့် မိလေသည်။ အဖိုးသည် ခပ်ဝေးဝေး ကိုတော့ဖြင့် ရောက်လိမ့်ဦးမည်ဟု သူမ မထင်ပေ။ အဖိုး တစ်ယောက်တည်း လမ်းလျှောက်နိုင်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်ရမည်မှာ သေချာလေသည်။ ထိုအချိန်သည် အလွန် အေးချမ်း လှသော ဖေဖော်ဝါရီလ ဖြစ်သော်ကြောင့် နှင်းပွင့်လေးများက ကျဆင်းနေချိန် ဖြစ်လေ သည်။  အပြင် ဘက်တွင်လည်း နှင်းပွင့်လေးများ အဆက်မပြတ် ကျဆင်းနေမှုကြောင့် လမ်းမထက်တွင် အဖြူရောင် နှင်းပြင်ကြီးက ဖုံးလွှမ်းစ ပြုနေပြီဖြစ်သည်။

ယခုလိုအချိန်တွင် နှင်းတို့ဖုံးလွှမ်းနေသော  လမ်းမထက်တွင် လူကောင်းတစ်ယောက်ပင် လမ်းလျှောက်ဖို့ ခက်ခဲနေပြီဖြစ်ရာ အဖိုးလို အခြားသူတစ်ဦးဦး၏  အကူအညီနှင့်မှ လမ်းလျှောက်နေရသူ တစ်ဦးအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ “သူဘယ်ရောက်နေပြီလဲ .. ဘာကြောင့်များ အိမ်ကနေ မပြောမဆို တစ်ယောက်တည်း ထွက်သွားရတာလဲ ” စသည်ဖြင့် သူမ အတွေးတွေတွင် ပူပန်ခြင်း၊ နားမလည်နိုင်ခြင်း များစွာ ရောထွေးလျှက် လက်နှစ်ဖက်ကို ဆုပ်နှယ်နေမိရင်း  ဂဏှာမငြိမ်စွာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်ဖြင့် လမ်းမပေါ်တွင် အရူးတစ်ယောက်နှယ် ရှိနေရလေသည်။ ကျဆင်း လာနေသော နှင်းဖွဲများကိုလည်း ဂရုမထားမိ၊ ရက်စက်လွန်းစွာ အေးစက်လှသော ဆောင်းဒဏ်ကိုလည်း သတိမပြု မိလောက်အောင် သူမ၏ စိတ်အစဉ် တစ်ခုလုံး အဖိုးအတွက် ပူပန်ရခြင်းများဖြင့်သာ ရင်မှာ လောင်မြိုက်၍ နေလေတော့သည်။

ထိုစဉ် လမ်းထောင့် တစ်နေရာမှ တစ်လှုပ်လှုပ် လျှောက်လာသော တစ်စုံတစ်ယောက်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရလေသည်။ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ အဖိုးဖြစ်မှန်း သေချာသွားလေသည်။ “အိုး သူပြန်လာပြီ” အဖိုး ဘယ်နေရာသို့သွားပြီး ပြန်လာသည်ဖြစ်စေ သူမမျက်စိရှေ့တွင် ဘေးမသီ ရန်မခ မြင်လိုက်ရသည်ကပင် ဝမ်းသာလွန်းလှပြီ။ သူမကျေနပ်ရပါပြီ.. အဖိုး၏ ကုတ်အင်္ကျီသည် ပုခုံးထက်မှ လျှောကျလို့ နေပြီး အဖိုး၏ လက်တစ်ဖက်တွင် တောင်ဝှေးနှင့် အတူ အထုပ်တစ်ထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ အဖိုးရောက်အလာကို စောင့်ဆိုင်းဖို့ စိတ်မရှည်နိုင်တော့ပဲ  သူ့ဆီသို့ အမြန်ရောက်အောင် ပြေးသွားမိတော့သည်။ အဖိုးအနား ရောက်သောအခါတွင်မှ  အခြေ အနေ ကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သက်ရာ ရပြီးနောက်တွင် သူမပါးစပ်မှ စကားလုံး များ အဆက်မပြတ် ထွက်လာမိတော့သည်။

“ကျွန်မ ရှင့်ကို ခနလေး ထားပြီး နေ့လည်စာ သွားပြင်ချိန်လေးမှာ ကျွန်မ ပြန်အလာကိုတောင် မစောင့်နိုင်ဘဲ တစ်ယောက်တည်း ထွက်သွားရအောင်က ရှင်ကဘာကိုများ ဒီလောက်အရေးတကြီး လိုအပ်နေလို့လဲ။ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် စိတ်ပူရတယ်ဆိုတာ ရှင်မသိဘူးလား… ဒီကမ္ဘာကြီးမှာ ဘယ်အရာ ကများ ရှင့်ကို အရေးတကြီး အပြင်ထွက်သွားရအောင် စွမ်းဆောင်နိုင်ခဲ့တာလဲ ” ဟု ပြောပြော ဆိုဆိုဖြင့် သိချင်စိတ်ကို ထိမ်းချုပ်မရတော့ဟန်နှင့် အဖိုးလက်ထဲတွင် ကိုင်ထားသော အထုပ်ကလေးကို အလျှင်အမြန် ဆွဲယူလိုက်လေသည်။  အဖိုးထံမှ ထွက်ပေါ်လာမည့် ရှင်းပြ စကားကိုပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပါ။ လျှင်မြန်လွန်းလှသော စိတ်ဇောဖြင့် အထုပ်ပေါ်မှ စက္ကူများကို ဆွဲဖြည်မိတော့သည်။ စက္ကူများ ပြေသွားသည့် အထုပ်တွင်းတွင် ဘူးကလေးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ဘူးကလေးအား တုန်ယင်သော အဖွား၏ လက်အစုံဖြင့် ဖွင့်ကြည့်လိုက်သည်တွင် ထွက်ပေါ်လာသည်က

ပုလဲ ဆွဲကြိုးလေးတစ်ကုံး…


အံ့သြခြင်းကြီးစွာဖြင့် အဖိုးမျက်နှာကို အဖွားက စောင်းငဲ့၍ ကြည့်လိုက်သည်တွင် “ဒီနေ့ဟာ ငါတို့ ၂ယောက်ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လည်း ဖြစ်သလို ချစ်သူများနေ့လည်း ဖြစ်တယ်လေ။ ငါ့ဘဝမှာ မင်းကို  လက်ဆောင်ဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူးနော်။ ဒီတစ်ခေါက်တော့ ငါ့ရင်ထဲမှာ မင်းကို လက်ဆောင်ပေးချင်စိတ် ပြင်းပြင်းပြပြကို ဖြစ်မိတယ်။ မင်းဟာ ငါ့အပေါ် အမြဲတမ်း ကောင်းနိုင်ခဲ့၊ ချစ်နိုင်ခဲ့တယ်။ ခုလို ငါ မသန်မစွမ်း ဖြစ်တော့လဲ အနစ်နာခံပြီး မငြိုမငြင် ပြုစုခဲ့တယ်။ ဒါပေမယ့် ငါ့ဘက်က မင်းအပေါ်မှာ ဘာမှ တာဝန် မကျေခဲ့သလို ခံစားမိတယ်။ မင်းရဲ့ ဂရုတစိုက်၊ ချစ်ခင် မြတ်နိုးမှုတွေကို အသိအမှတ် မပြုသလို နေခဲ့မိတယ်။  ဒါကြောင့် မင်း မီးဖိုထဲမှာ ချက်ပြုတ်နေတုန်း ခန အပြင်ထွက်သွားပြီး ဒါလေးကို သွားဝယ်တာပါ…  ဒီ လက်ဆောင်လေးဟာ ငါ့တစ်သက်မှာ မင်းကိုပေးဖူးတဲ့ ပထမဆုံး လက်ဆောင်လဲ ဖြစ်လိမ့်မယ်နော်။ ဒါလေးကို ငါတို့ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ လက်ဆောင်အဖြစ်ရော၊ ငါ့ရဲ့ ချစ်လက်ဆောင် အဖြစ်ပါ အသိအမှတ်ပြုပြီး မင်းလက်ခံပေးပါနော်”  သူမဘယ်တုန်းကမှ မရရှိခဲ့ဖူးသည့် နူးညံ့ချိုသာသော အသံကို အဖိုးထံမှ တိုးညှင်းစွာ၊ ဖြေးလေးစွာ၊ တုန်ယင်စွာနှင့် မသဲမကွဲ ကြားလိုက်ရတော့သည်။ သို့သော် မသဲကွဲပေမဲ့လည်း အဖိုးပြောသမျှကို သူမ လုံးစေ့ပတ်စေ့ နားလည်နိုင် ပါသည်။ ဒီလူနှင့် နေခဲ့သည်မှာ နှစ် ၅ဝပင် ရှိခဲ့ပြီ မဟုတ်ပါလားလေ။


အဖိုး၏ စကားဆုံးသွားသည့်အခါ အဖွားမျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံ အိုင်ထွန်း လာပါတော့သည်။ အဖွားသည် အဖိုး၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ သူမ ပါးပြင်နှစ်ဘက်ပေါ် အပ်ထားမိ လိုက်သည့် အချိန်တွင်တော့ အဖွား၏ မျက်ရည်များက အဖိုး၏ လက်ပေါ်သို့ တသွင်သွင် စီးကျလာ တော့သည်။   ထို့နောက်တွင် အဖွားသည် အဖိုး၏ လက်ကို  ခိုင်မြဲစွာ တွဲကာ အိမ်ဆီသို့ ၂ယောက်သား ပြန်လာခဲ့ကြတော့သည်။ အဖွား၏ မျက်နှာပေါ်တွင် မျက်ရည်စများနှင့်။ သို့သော် မျက်ရည်စများကြားမှပင် ကြည်နူးမှု အပြုံးလေးတစ်စက တွဲခိုလျှက် ရှိနေလေသည်။ အဖိုး၏ မျက်နှာပေါ်တွင်လည်း အပြုံးလေးက မပီဝိုးဝါး ခပ်ရေးရေးလေး။ သို့သော် အဖိုး၏ ကြည်နူးရိပ် သန်းနေသောအပြုံးကို အဖွားတစ်ယောက် ကောင်းစွာ ခံစား သိရှိပါလိမ့်မည်။ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးသော အဖိုး၏ အချစ်တို့သည် ယခုအချိန်ရောက်မှ အဖွားတစ်ယောက် သိခွင့် ရလိုက်သော်လည်း အဖွားစိတ်ထဲတွင် တွေးနေမိသည်က “အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”.. ဟူ၍သာ..။ ထို့နောက်တော့ “ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” ဟု ရှက်ပြုံး၊ ကြည်နူးသည့် အပြုံးလေးနှင့် အဖိုးကို ပြောလိုက်ပါတော့သည်။




ဒီရက်ပိုင်း ကျွန်မ စာအသစ်ထပ်ရေးဖို့ မအားမလပ် ဖြစ်နေတဲ့အတွက် လွန်ခဲ့တဲ့ ၂နှစ် နီးပါးလောက် က ရေးခဲ့တဲ့ ဒီပိုစ့်လေးကို ပြန်တင်လိုက်ခြင်း ဖြစ်ပါတယ်ရှင်။ ဒီပိုစ့်ဟာ Chicken Soup for the Bride's Soul မှ Danise Jacoby ရဲ့ A Change of Heart ကို ဆီလျှော်အောင် ဘာသာပြန်ခြင်း ဖြစ်ပါတယ်။ အားလုံးဘဲ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အေးချမ်းကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

ပျော်ရွှင်ခြင်းများနဲ့ မနက်ဖြန်



သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ အသက်၉၂နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ ဒီနေ့ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ပြောင်းလာပါတယ်။ သူဟာ နေစရာ မရှိလို့ ဒီဂေဟာ ကို ပြောင်းရွေ့လာတာ မဟုတ်ပါဘူး။ သူ့မှာ ကောင်းမွန်တဲ့ အိမ်တစ်လုံးလည်း ရှိပါတယ်။ အဖိုးအိုဟာ သူနဲ့ နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ အတူတူ နေထိုင် အသက် ၇၀ကျော်အရွယ် သူ့ဇနီးဆုံးပါးသွားတာနဲ့ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ အိမ်ကို မိဘမဲ့ ကလေးတွေအတွက် လှူဒါန်းလိုက် ပါတယ်။ သူကိုယ်တိုင်ကတော့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှာ သူမသေခင် အချိန် အတွင်းမှာ နေထိုင်ဖို့ ပြောင်းရွေ့လာတာ ဖြစ်ပါတယ်။ သူမသေခင်လေး သူပိုင်ဆိုင်သမျှတွေကို လိုအပ်တဲ့ သူတွေဆီ လှူဒါန်းခဲ့ချင်တယ်လေ။

ဂေဟာကို ရောက်ရှိပြီးတဲ့နောက် သူနေထိုင်ရမဲ့ အခန်းကို လိုက်ပြပေးမဲ့ သူကို ဂေဟာရဲ့ ဧည့်ခန်းမှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အဖိုးအိုကို လိုက်ပြဖို့ တာဝန်ကျတာက ကျွန်တော်ပါ။ ကျွန်တော်က  သူ့အနီးကို သွားလိုက်ပြီး အဖိုးရဲ့အခန်း အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်းနဲ့ အခန်းရှိရာကို ကျွန်တော် လိုက်ပို့မဲ့အကြောင်း အဖိုးအိုကို ပြောပြလိုက်တော့ အဖိုးအိုက ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကျွန်တာ် ညွှန်ပြတဲ့ လမ်းအတိုင်း လိုက်လာဖို့ သူ့ရဲ့ တောင်ဝှေးကို အသုံးပြုပြီး ဓာတ်လှေကား ရှိရာကို ဖြေးဖြေး မှန် မှန် လျှောက်လာ ပါတယ်။ ခပ်ဖြေးဖြေး တုန်ချိချိ လျှောက်နေတဲ့ အဖိုးအိုကို စောင့်ရင်း ကျွန်တော်လည်း ခြေ လှမ်းကို ဖြေးဖြေးသာ လှမ်းနေမိပါတယ်။ အဖိုးကို တွဲမယ်လို့ ကျွန်တော်က လုပ်တော့ အဖိုးအိုက လက်မခံပါဘူး။ သူ့ဖာသာ လျှောက်နိုင်ပါတယ်လို့ ကျွန်တော့်ကို ပြုံးပြီး ပြန်ပြောပါတယ်။

ဓာတ်လှေကားထဲ ရောက်ချိန်မှာ ကျွန်တော် အဖိုးအို နေရမဲ့ အခန်းအကြောင်းကို ပြောပြပါတယ်။ အခန်းလေးက ခပ်ကျဉ်းကျဉ်းလေးဖြစ်ပြီး နေရောင်ရတဲ့ နွေးနွေးထွေးထွေး အခန်းဖြစ်ကြောင်း၊ အခန်းရဲ့ ပြတင်းပေါက်သေးသေးလေးမှာ ခန်းစီးလေးတစ်ခုလည်း လုပ်ပေးထားကြောင်း အဖိုးအိုကို ကျွန်တော် ပြောပြတော့ အဖိုးအိုက “ ဟုတ်လား.. အခန်းလေးကို အဖိုးသဘောကျပါတယ်။ အဲဒီလိုအခန်းလေးကို ရမယ်လို့လည်း အဖိုးက မျှော်လင့်ထားတာပါ ” လို့ လူငယ်လေးတစ်ယောက် လိုချင်တာရလိုက်တဲ့ တက်ကြွမှုမျိုးနဲ့ ကျွန်တော့်ကို ပြန်ပြောပါတယ်။ “ အဖိုးမှ အခန်းကို မမြင်ရသေးဘဲ။ အခန်းက ခပ်ကျဉ်းကျဉ်းလေးပါ။ ပရိဘောဂတွေလည်း သိပ်မရှိပါဘူး။ အခန်းကိုကြည့်ပြီးမှ အဖိုး သဘောကျ မကျ ဆုံးဖြတ်ပါ။ သဘောမကျရင် အခြားအခန်းတစ်ခု စီစဉ်ပေးလို့ရပါတယ် ” လို့ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။

ကျွန်တော့ စကားဆုံးတော့ အဖိုးအိုက ပြုံးလိုက်ပြန်ရင်း ကျွန်တော့်ကို မော့ကြည့်လိုက်ပါတယ်။ ပြီးတော့ “ ဘယ်အခန်းကိုဘဲ ရရ အဖိုးအတွက်က အတူတူပါဘဲကွယ်။ ကျန်ရှိနေတဲ့ သက်တမ်း တစ်လျှောက် လုံး ပျော်ပျော် ရွှင်ရွှင် နေထိုင်သွားဖို့ အဖိုးက ဆုံးဖြတ်ပြီးသားပါ။ ပျော်ရွှင်မှုဆိုတာ အခန်းထဲက ပရိဘောဂတွေ ပစ္စည်းကောင်းတွေနဲ့ မသက်ဆိုင်ပါဘူးကွယ်။ ကိုယ့်ရဲ့ စိတ်နဲ့သာ သက်ဆိုင်ပါတယ်။ ဘယ်နေရာမှာဘဲ နေရ နေရ၊ ပျော်ပျော်ရွှင်ရွှင်သာ နေသွားမယ်လို့ ဆုံးဖြတ်ပြီးပြီဖြစ်လို့ အဖိုးအတွက် ဘယ်လိုနေရာဖြစ်ဖြစ် ပျော်ပျော် နေနိုင်မှာပါ။  အဖိုးမှာ ဒီအသက်အရွယ်အထိ အသက် ရှင်သန်ခွင့် ရထားပြီးပြီဘဲ.. ကိုယ့်ကိုယ်ကို စိတ်ညစ်နွမ်းစေမဲ့ အတွေးတွေ မတွေးတော့ဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်မဲ့ အကြောင်း အရာတွေကိုဘဲ တွေးတော့မှာပေါ့။ ” လို့ ပြန်ပြောပါတယ်။

“ဒီလိုဆို အဖိုးလို စိတ်ကို ပျော်ပျော်ရွှင်ရွှင် ထားနိုင်ဖို့ဆိုတာ မလွယ်ဘူးထင်တယ်နော်” ကျွန်တော်က မေးတော့  “ လွယ်ပါတယ် ငါ့မြေးရယ်။ ကိုယ်နေထိုင်တဲ့ ကိုယ်ရောက်နေတဲ့ အနေအထား၊ ပတ်ဝန်းကျင်၊ နေရာထိုင်ခင်း စတာတွေမှာ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းကို မရှာပါနဲ့။ ကိုယ့်ရဲ့ အတွင်းစိတ်ထဲ မှာဘဲ ပျော်ပျော် ရွှင်ရွှင်နေမယ် လို့ ခံယူပြီး နေတတ်ရင် ဘယ်နေရာရောက်ရောက် ဘယ်လို အခက်အခဲ ကြုံကြုံ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါတယ် ငါ့မြေးရယ်။  ကုန်လွန်ခဲ့ပြီးတဲ့ အချိန်တွေအတွက် ဘာမှလုပ်လို့ မရတော့ပေမဲ့ ရှေ့ဆက် ဖြတ်သန်းရမဲ့ နေ့ရက်တွေအတွက်တော့ အဖိုးတို့ ကိုယ်တိုင် ပြုပြင် ဖန်တီးလို့ ရတယ်လေ။ မနက်ဖန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် နေမယ်လို့ ဆုံးဖြတ်ပြီးရင် ဒီနေ့က စပြီး ပျော်ပျော်နေဖို့ ကြိုးစားလို့ရပါတယ်။ အသက်ရှင်သန်ခွင့် ရနေတဲ့ နေ့ရက်တိုင်းဟာ ကိုယ်ရရှိထားတဲ့ တန်ဖိုးရှိတဲ့ ရက်တွေဘဲလို့ တွေးပြီး မနက် အိပ်ရာထလို့ မျက်လုံးဖွင့်လာတာနဲ့ ငါဒီနေ့ ဘယ်လို ပျော်ပျော်ရွှင်ရွှင်နေမလဲ လို့တွေးပြီး နေ့တစ်နေ့ကို စတင်ဖို့ကြိုးစားပါ။ ” လို့ အေးချမ်းတဲ့ အပြုံးလေး နဲ့ ပြန်ဖြေပါတယ်။ 

စိတ်ကို ပျော်ပျော် ရွှင်ရွှင် ထားတတ်သူ တစ်ယောက်မို့လို့လား မသိပါဘူး။ အဖိုးအိုရဲ့ မျက်နှာမှာ ဘာ ပူပင်သောကမှ ရှိမနေဘဲ အေးချမ်း ကြည်လင်လို့ နေပါတယ်။ အဖိုးအိုဟာ မသေခင်ကတည်းက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စွန့်လွှတ်ပြီး ဒီ ဂေဟာမှာ လာနေတယ် ဆိုကတည်းက သူ့စိတ်တွေမှာ လိုချင်တပ်မက်မှု ကင်းနေပြီး ဘယ်လို အနေအထားမှာဘဲဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်ဆိုတာ သံသယရှိစရာ မလိုတော့ပါဘူး။ ကျွန်တော်လည်း အဖိုးအိုလို မနက်ဖြန်တိုင်းကို ပျော်ပျော် ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ ဒီနေ့ကစပြီး မိမိရဲ့ အတွင်းစိတ်ထဲမှာ ပျော်ရွှင်ခြင်းကို မွေးမြူနိုင်ဖို့ ကြိုးစား ရပါဦးမယ်။



Every day is a gift ( Author Unknown) ကို ဘာသာပြန်ပါသည်။ 

 


ကျွန်မတို့လည်း ပျော်ရွှင်ခြင်းကို ဝေးဝေးမှာ မရှာဘဲ မိမိရဲ့ အတွင်းစိတ်ထဲမှာ ရှာဖွေကြည့်ကြပါစို့လားနော်။


Image Hosted by PicturePush - Photo Sharing