Showing posts with label ရသစာစုများ. Show all posts
Showing posts with label ရသစာစုများ. Show all posts

ပင်လယ်သေလို လူစားများ

စာတွေ လိုက်ဖတ်ရင်း Dead Sea လို့ခေါ်တဲ့ ပင်လယ်သေအကြောင်းကို ဖတ်ရတဲ့အခါ သူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို စဉ်းစားနေရင်း အတွေးနယ်ချဲ့နေ မိပါတယ်.. ပင်လယ်သေဆိုတာ  ဂျော်ဒန်နိုင်ငံနဲ့ အစ္စရေး နှစ်နိုင်ငံကြားမှာ တည်ရှိပြီး အဲဒီနေရာဟာ ကမ္ဘာ့မြေပြင်ရဲ့ အနိမ့်ဆုံးအပိုင်းလို့ ဆိုရလောက်အောင် ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း ၁၃၀၀ကျော်ခန့် နိမ့်နေခဲ့ပါတယ်။  ပင်လယ်သေ လို့သာ ခေါ်ဆိုကြပေမဲ့ အားလုံးသိကြတဲ့အတိုင်း အခြားသော ပင်လယ်တွေလို ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကြီးမျိုး မဟုတ်ဘဲ တကယ်တမ်းတော့  သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီး တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပင်လယ်သေ ရေအိုင်ကြီးထဲမှာ ဆားပျော်ဝင်မှုနှုန်း အင်မတန်မှ မြင့်မား လှတဲ့အတွက် လူရဲ့ ခန္ဓာကိုယ် ကိုတောင် ရေပေါ်မှာ ပေါ်စေနိုင်ပါတယ်။ တစ်ချို့များဆို ရေမျက်နှာပြင်ပေါ် မှာ ပေါလောပေါ်နေ ရင်း အေးအေးလူလူ စာအုပ်ဖတ်နေတဲ့သူတောင် ရှိပါတယ်။ 



Image Hosted by PicturePush - Photo Sharing

ပင်လယ်သေ (Dead Sea)


Image Hosted by PicturePush - Photo Sharing


ပင်လယ်သေ ရေပြင်ပေါ်မှာ ပေါလောဖြင့် စာဖတ်နေသူများ

ပင်လယ်သေထဲကရေဟာ ဆားပါဝင်မှုနှုန်း ၃၃.၇ ရာခိုင်နှုန်းရှိပြီး ရိုးရိုး သာမာန် ပင်လယ်တစ်ခုမှာ ပျော်ဝင်နေတဲ့ ဆားပမာဏထက် ၁၀ရာခိုင်းနှုန်းနီးပါး ပိုမို များပြားပါတယ်။ ဒီလို ငံကျိနေတဲ့ ရေပြင်ထဲမှာ ဘယ်လို သက်ရှိသတ္တဝါမှ မရှင်သန်နိုင်သလို၊ ပင်လိုအပင်မျိုးမှလဲ မပေါက်ရောက်နိုင်ပါဘူး။ ဒီလောက် ကျယ်ပြောလှတဲ့ ကန်ကြီးထဲမှာ ရေမှာပျော်တဲ့ငါး၊ လိပ်၊ စတဲ့ သတ္တဝါတွေ၊ ရေထဲမှာ ရှင်သန်ပေါက်ရောက်တဲ့ အပင်တွေဆိုတာ ဘာတစ်ခုမှ ရှိမနေတဲ့ ဆားငံပျော်ရည်တွေသာ ပြည့်နေတဲ့ ရေအိုင်ကြီး ဖြစ်နေပါတော့တယ်. ပင်လယ်သေဟာ ၁၂၄ဝပေအထိ နက်ရှိုင်းပြီး ရေတွေကတော့ ကြည်လင်ပြာလဲ့နေကာ အမှိုက်တစ်စတောင် မမြင်ရပေမဲ့ ကမ်းစပ် တစ်လျှောက်မှာတော့ ဆားပွင့်လေးတွေ ဖွေးနေပြီး ကမ်းခြေ တစ်လျှောက်ဟာလည်း ခြောက်သွေ့ပြီး အပင်မရှိသလောက် ကျဲပါးတဲ့ ကုန်းခေါင်ခေါင် မြေရိုင်းသာဖြစ်နေပါတယ်။ အလျား ၄၂မိုင် အနံ ၁၁မိုင် ရှည်လျားပြီး ကြီးမားလှတာကြောင့် ရေကန်လို့ မခေါ်ဘဲ ပင်လယ်လို့ ခေါ်ကြပုံရပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရေကန်စပ်တစ်လျှောက်က ဆားပွင့်များ

ပင်လယ်သေအကြောင်း စဉ်းစားနေရင်းမှာဘဲ အာရုံထဲကို ဝင်ရောက်လာတာက ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ ဂါလိလီပင်လယ် အကြောင်းပါဘဲ။ ဂါလိလီ ပင်လယ်ဟာလည်း ရေအိုင်သာဖြစ်ပြီး ဂျော်ဒန်မြစ်စီးဝင်တဲ့ အိုင်ကြီးဖြစ်ပါတယ်။ ဂါလိလီဟာ အရှည် ၁၃မိုင်ရှိပြီး အကျယ်အားဖြင့် ၈မိုင်ရှိပါတယ်. ပင်လယ်မျက်နှာပြင်ထက် ပေ ၇၀၀ ခန့် နိမ့်ကျပြီး ပင်လယ်သေပြီးရင် ကမ္ဘာ့အနိမ့်ဆုံး ရေအိုင်ကြီး ဖြစ်ပါတယ်.။ ရေအိုင်ကြီးနှစ်ခု တူတဲ့အချက်က အဲဒီ ရေအိုင် နှစ်ခု စလုံးဟာ ဂျော်ဒန် မြစ်ရေတွေ စီးဆင်း ဝင်ရောက်တဲ့ ရေကန်တွေ ဖြစ်ပါတယ်.. ဒါပေမဲ့ မတူတဲ့ အချက်ကတော့ ဂါလိလီရေအိုင်ကြီးဟာ ချိုမြိန်တဲ့ ရေတွေရှိပြီး ပင်လယ်သေ ကတော့ ရေငံများသာ ရှိတဲ့ ရေပြင်ဖြစ်ပါတယ်.   ဂါလိလီရေပြင်ဟာ လှပ သန့်ရှင်းတဲ့ ရေချိုတွေ ရှိတာကြောင့် ရေထဲမှာ သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားလို့ နေပါတယ်. အပင်များစွာနဲ့ ငါးအမျိုးပေါင်း စုံလင်စွာ ကျက်စား မြူးတူးလို့ နေပါတယ်။ အစ္စရေးတို့ရဲ့ အဓိက သောက်သုံးရေ အရင်းအမြစ် လည်း ဖြစ်ပါတယ်။
 လှပစိမ်းစိုပြီး သက်ရှိတို့ ရှင်သန်ပေါက်ဖွားအားထားရာ ဂါလိလီပင်လယ်

မြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့ ရေကန်နှစ်ခုဟာ ဘာကြောင့်များ မတူ ကွဲပြားနေရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်. တစ်နေရာတည်းမှာ တည်ရှိနေပြီး မြစ်တစ်ခုတည်းက ရေကို ရရှိနေတဲ့ ပင်လယ်( ရေအိုင်ကြီး) နှစ်ခုဟာ တစ်ခုကတော့ သက်ရှိတွေ နေထိုင် မပေါက်ဖွားနိုင်တဲ့ ရေပြင်မျိုးကို ပိုင်ဆိုင်နေပြီး တစ်ခုကတော့ သက်ရှိတွေ မှီတင်းနေထိုင်နိုင်တဲ့ ရေပြင်မျိုး ဘာကြောင့်များ ဖြစ်နေရတာလဲ.. အဖြေရှာ စဉ်းစားကြည့်တဲ့ အခါမှာတော့.. 



Image Hosted by PicturePush - Photo Sharing
ဂျော်ဒန်မြစ် စီးဝင်ရာ ဂါလိလီပင်လယ်နှင့် ပင်လယ်သေတို့၏ မြေပုံ 

ဂျော်ဒန်မြစ်ဟာ ဂါလိလီပင်လယ်ထဲကို မြောက်ဘက် ကနေ စီးဝင်ပြီးမှ တောင်ဘက်  ကနေ ပြန်စီးထွက် သွားခဲ့ပါတယ်.. ဂါလိလီ ပင်လယ်ထဲကရေဟာ အဝင်ရော အထွက်ပါရှိတဲ့ ရေအရှင်ဖြစ်တာကြောင့် သန့်ရှင်းကြည်လင်တဲ့ ရေချိုဖြစ်နေပြီး သက်ရှိပေါင်းများစွာ ပေါက်ဖွားနေထိုင်နိုင်ကာ သတ္တဝါနဲ့ အပင်တွေအတွက် မှီခိုအားထားရာ ဖြစ်စေခဲ့ပါတယ်။  သို့သော် ဂါလိလီ ပင်လယ်ထဲကနေ ပြန်လည် စီးထွက် လာတဲ့ ဂျော်ဒန်မြစ်ကြီး တစ်ခုလုံးက ရေတွေ စီးဝင်နေတာခြင်း တူပေမဲ့လို့ ပင်လယ်သေကတော့ သက်ရှိလည်း မနေနိုင်၊ ဆားတွေ သတ္ထုဓာတ်တွေ များပြားနေတဲ့ ရေပြင်ဟာလည်း ငံကျိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ စီးဝင်တဲ့ ရေသာ ရှိပြီး ပြန်လည် စီးဆင်းသွားတဲ့ မြစ်၊ ချောင်း စတဲ့ ရေထွက်ပေါက် တစ်ခုမှ မရှိတဲ့ ရေသေဖြစ်လို့ပါ။ 

စီးဆင်းမှု မရှိတဲ့ ပင်လယ်သေရဲ့ ရေပြင်ထုဟာ ခန့်မှန်းခြေ တန်ချိန် တစ်သိန်းကျော်ခန့် နေ့စဉ် နေ့စဉ် အငွေ့ပျံသွားပါတယ်.။  ရေတွေတန်ချိန်များစွာ အငွေ့ပျံသွားတဲ့အခါ ကန်ထဲမှာ ဆားနဲ့ သတ္တုတွေသာ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ဆားပါဝင်မှုနှုန်း များပြားလွန်းလို့ သက်ရှိတွေ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရပါတယ်. ပင်လယ်သေဟာ ဂျော်ဒန်ုမြစ်ဆီက စီးဝင်တဲ့ ရေသာရှိပြီး စီးဝင်လာတဲ့ရေကို ပြန်လည် ထုတ်ပေးခြင်းမရှိဘဲ သူ့ပင်လယ်ထဲမှာ ထိမ်းသိမ်းထားလိုက်တဲ့ အတွက် ပင်လယ်သေအဖြစ်ကို ရောက်ခဲ့ရပါတယ်။ 

ပင်လယ်သေရဲ့ သဘောတရားကို ကြည့်ပြီး လူတွေရဲ့ ဘဝကို စဉ်းစားကြည့်မယ်ဆိုရင်...

လူဆိုတာဟာ သူတစ်ပါးကို ပြန်ပေးတာမျိုးမရှိဘဲ ကိုယ်ကသာ သူတစ်ပါးဆီက ယူတတ်သူတစ်ယောက် သက်သက်အဖြစ်သာ ရှင်သန်ရမဲ့အရာ မဟုတ်ပါဘူး။ ဂါလိလီပင်လယ်အတိုင်း ကိုယ်ကလည်း ယူသလို သူတစ်ပါးကိုလည်း ပြန်လည် မျှဝေပေးတတ်သူအဖြစ် ရှင်သန်ရမှာပါ။ ဘဝမှာ စည်းစိမ်ဥစ္စာ၊ ပညာ စသည်တို့ကို ရှာဖွေစုဆောင်းပြီး ရရှိလာတဲ့အခါ  ပြန်လည် မျှဝေခြင်း၊ လှူတန်းခြင်း စသည်တို့ မရှိဘဲ မိမိစည်းစိမ်းဥစ္စာ၊ မိမိသိထား၊ တတ်ထားတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ကိုယ်တစ်ယောက်တည်း အတ္တကြီးစွာနဲ့ လျှို့ဝှက်သိမ်းဆည်း ထားမယ်ဆိုရင် သက်ရှိတွေ ဘယ်လိုမှ မရှင်သန်နိုင်တဲ့  ပင်လယ်သေလိုဘဲ ချစ်ခြင်းမေတ္တာ၊ အကြင်နာ ၊ ပျော်ရွှင်မှု၊   လူတွေရဲ့လေးစားယုံကြည်ခြင်း စတဲ့အရာတွေနဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း များစွာတို့ဟာ အငွေ့ပျံသလို  ဖယ်ကြဉ် ရှောင်ခွာ၊ ပျောက်ကွယ် သွားကြမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ကိုယ်ဟာ လောကကြီးနဲ့ သူတစ်ပါးဆီက ရသမျှ အကုန်ယူမဲ့  အယူသာရှိပြီး အပေးမရှိတဲ့ ပင်လယ်သေလို အတ္တသမား သက်သက်အဖြစ် ရှင်သန်မလား၊ ဒါမှမဟုတ် စီးဝင်တဲ့ ရေလည်း ရှိပြီး ပြန်စီးထွက်တဲ့ ရေထွက်ပေါက်လည်းရှိတဲ့ ဂါလိလီပင်လယ်လို အယူလည်းရှိသလို အပေးလည်းရှိတဲ့ သူတစ်ယောက်အဖြစ် မျှတစွာ ရှင်သန်မလား ဆိုတာကတော့ မိမိရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။ ပင်လယ်သေလို လူစားတွေ များများစားစားမရှိဘဲ ဂါလိလီပင်လယ်လို လူတွေက ပိုများမယ် ဆိုရင်တော့ ကမ္ဘာကြီးဟာ ပိုပြီး သာယာလှပနေမှာ အသေအချာသာ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်မတို့လည်း အပေးမရှိ အယူသာရှိတဲ့ ပင်လယ်သေလို လူစားတွေမဖြစ်အောင် မိမိ တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတို့ကို အခြားသူများကို ပြန်လည်မျှဝေပေးကာ မိမိပတ်ဝန်းကျင်က အားနည်းသူ၊ အကူအညီ လိုအပ်နေသူကိုလည်း မိမိမှာ ရှိတဲ့ထဲက တတ်နိုင်သမျှပြန်လည် ဝေမျှသူတွေ ဖြစ်အောင် ကြိုးစားသင့် ကြတယ် မဟုတ်ပါလားနော်။ 


လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။


 Inspiration from Dead Sea and Sea of Galilee


Image Hosted by PicturePush - Photo Sharing

မေတ္တာလေလံ


လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိပ်ကိုချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိခဲ့ပါတယ်။ အသက်ကြီးပြီဖြစ်တဲ့ သူဌေးကြီးဟာ ဇနီးကလည်း ဆုံးသွားတာကြာခဲ့ပြီဖြစ်တော့ တစ်ဦးတည်းကျန်ခဲ့တဲ့ သူရဲ့သားကို သိပ်ကို ချစ်မြတ်နိုးပါတယ်။ သူဌေးကြီးရဲ့သားဟာ အနုပညာကို အလွန်ဝါသနာပါပြီး ပန်းချီကားတွေ စုဆောင်းတာ သိပ်ကို နှစ်သက် သဘောကျပါတယ်။ သားကို သိပ်ချစ်တဲ့ ဖခင်သူဌေးကြီးကလည်း သားနဲ့အတူ ကမ္ဘာတစ်ခွင် လှည့်လှည်ပြီးတော့ နာမည်ကျော် တန်ဖိုးကြီးပန်းချီကားတွေကို သားစိတ်တိုင်းကျ ဝယ်ယူ စုဆောင်းပါတယ်။ သူဌေးကြီးရဲ့သား ဝယ်ယူစုဆောင်းထားတဲ့ ပန်းချီကားတွေထဲမှာ ပီကာဆို၊ မိုးနေး၊ ဗင်ဂိုး တို့လို နာမည်ကျော် ပန်းချီဆရာများရဲ့ လက်ရာတွေတောင် ပါဝင်ပါတယ်။  တန်ဖိုးကြီး ပန်းချီကားတွေကို ကျွမ်းကျင်စွာ စုဆောင်းနိုင်သူဖြစ်လာတဲ့ သူ့သားလေးကို ကြည့်ပြီး သူဌေးကြီးဟာ ကျေနပ်အားရ ဖြစ်နေခဲ့ပါတယ်။ သားဖြစ်သူဟာ အလွန်ထူးချွန်ထက်မြက်တဲ့ အမြင်အာရုံမျိုးရှိပြီး ကမ္ဘာတစ်ဝှန်းက ပန်းချီကား စုဆောင်းထားသူတွေဆီကနေ တန်ဖိုးကြီးပန်းချီကားတွေကို ရအောင် ဝယ်ယူနိုင်တဲ့ သူ့သားရဲ့ ဆက်ဆံရေး ကောင်းမွန်ပုံ၊ အမြင်အာရုံ စူးရှထက်မြက်ပုံ၊ ပန်းချီကားတွေကို အကဲဖြတ်ရာမှာ ကျွမ်းကျင်ပုံတို့အတွက်လည်း သူဌေးကြီးက အလွန်ဂုဏ်ယူနေခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing




တစ်ခုသော ဆောင်းရာသီရောက်ခါနီးမှာတော့ တိုင်းပြည်ကြီးမှာ စစ်ဖြစ်လာပါတော့တယ်။ အဲဒီတော့ တိုင်းပြည်ကို ကာကွယ်ဖို့အတွက် လူငယ်တိုင်းစစ်ထဲဝင်ကြတဲ့ နည်းတူ သူဌေးကြီးရဲ့သား လူငယ်လေးမှာလည်း ဘယ်လိုမှ တားမရဘဲ စစ်ထဲဝင်ဖို့ အိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ လူငယ်လေး စစ်ထဲဝင်သွားပြီး အချိန်အနည်းငယ်ကြာတဲ့အခါမှာ သူဌေးကြီးဟာ ကြေးနန်းတစ်စောင်ကို လက်ခံရရှိပါတယ်။ ကြေးနန်းစာထဲမှာ သူဌေးကြီးရဲ့သားဟာ စစ်မြေပြင်တစ်ခုမှာ ပျောက်ဆုံးနေကြောင်း၊ တာဝန်ရှိသူများက ကြိုးစား ရှာဖွေနေကြကြောင်း ပါဝင်ပါတယ်။ သူဌေးကြီးဟာ စိုးရိမ်ပူပန်စိတ်တွေနဲ့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး သူ့သားလေးရဲ့ နောက်ထပ်သတင်းတွေကို စောင့်မျှော်နေခဲ့ပါတယ်။ သူ့စိတ်ထဲမှာလည်း သူ့သားလေးကို ဘယ်တော့မှ ပြန်မတွေ့ရတော့မှာကို ထိတ်လန့် ကြောက်ရွံ့လို့နေပါတယ်။ သိပ်မကြာခင်မှာတော့ သူစိုးရိမ်မိတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။ သူ့သားသေဆုံးကြောင်း အတည်ပြုတဲ့ကြေးနန်းကို လက်ခံရရှိလိုက်ပါတယ်။ ချမ်းသာတဲ့ သူဌေးကြီးဟာ သူ့အမွေတွေကို ဆက်ခံမဲ့ တစ်ဦးတည်းသော သူ့သားလေးအတွက် မချိတင်ကဲ ကြေကွဲဝမ်းနည်းစွာနဲ့ စိတ်နှလုံးထိခိုက်ပြီး အိပ်ရာထဲမှာ လဲပါတော့တယ်။ 

တစ်ခုသော ခရစ္စမတ်ရဲ့ မနက်ခင်းမှာတော့  ဝမ်းနည်းကြေကွဲမှုတွေကိုသာ အဖော်လုပ်လို့ နေရတဲ့ သူဌေးကြီးအိမ်တံခါးကို တစ်စုံတစ်ဦးက လာခေါက်ပါတယ်။ စိတ်နှလုံး ညှိုးချုံးပင်ပန်းစွာ အိပ်ရာထဲလဲနေတဲ့ သူဌေးကြီးဟာ ချိနှဲ့လေးကန်တဲ့ ခြေလှမ်းတွေနဲ့ တံခါးရှိရာကို လျှောက်လှမ်းသွားခဲ့ပါတယ်။ အိမ်တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ စစ်ဝတ်စုံပြည့်နဲ့ လူငယ်လေးတစ်ယောက်က အဖိုးအိုကို နှုတ်ခွန်းဆက်စကား ဆိုလာပါတယ်။ လူငယ်စစ်သားလေးရဲ့ လက်ထဲမှာတော့  အထုတ်ကြီးတစ်ခုကို ပွေ့ပိုက်ထားပါတယ်။ လူငယ်လေးဟာ “ကျွန်တော်ဟာ ဦးလေးရဲ့ သားနဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းပါ.. ကျွန်တော် ဦးလေးကို ပြစရာရှိလို့ အိမ်ထဲခဏ ဝင်ခွင့်ပြုနိုင်မလားခင်ဗျာ” သူ့ကိုယ်သူ မိတ်ဆက်ရင်း ယဉ်ကျေးစွာ ဝင်ခွင့်တောင်းပါတယ်။

ဧည့်ခန်းမှာ ထိုင်ပြီးတဲ့အချိန်မှာ စစ်သားလေးက စကားစပြောပါတယ်။ “သူဌေးကြီးရဲ့သားဟာ လူတိုင်းကို သူနဲ့ သူ့အဖေတို့ အနုပညာကို ဘယ်လောက်တောင် ချစ်မြတ်နိုးကြပုံ၊ ကမ္ဘာလှည့်ပြီး အနုပညာနဲ့ ပတ်သက်တဲ့ ပန်းချီကားတွေ စုဆောင်းကြပုံတို့ကို အမြဲပြောပြလေ့ရှိပါတယ်။ ပြီးတော့  ကျွန်တော်ဟာ ဒဏ်ရာရပြီး စစ်မြေပြင်မှာ လဲနေတဲ့အချိန်မှာ ဦးလေးရဲ့သားက ကျွန်တော့်ကို လာကယ်ခဲ့တာပါ။ သူကယ်တဲ့အသက်ဘဲ ကျွန်တော့်မှာ ရှိတော့တာပါ။ သူ့ကျေးဇူးကြောင့် အသက်ရှင်ခွင့်ရခဲ့တာပါ။ ကျွန်တော်လည်း ပန်းချီကို ဝါသနာပါတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ဒီကိုလာတာက ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့ ဦးလေးရဲ့ သားကိုယ်စား ဦးလေးကို လက်ဆောင်တစ်ခု ပေးချင်လို့ ရောက်လာတာပါ ” လို့ ပြောပြီး အဖိုးကြီးလက်ထဲကို ထုပ်ပိုးထားတဲ့ အထုပ်တစ်ခုကို ထည့်ပေးလိုက်ပါတယ်။ သူဌေးကြီးက အထုပ်ပေါ်က စက္ကူတွေကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ သူ့ရဲ့ ချစ်လှစွာသော သားဖြစ်သူရဲ့ ပုံတူပန်းချီကား ဖြစ်နေပါတယ်။ ပန်းချီကားထဲမှာ သူ့သားလေးရဲ့ မျက်နှာပေါ်က အသေးစိတ် အချက်အလက်လေးတွေကိုပါ အနုစိတ် ထည့်သွင်းရေးဆွဲထားခဲ့တာကြောင့် သူဌေးကြီး စိတ်ထဲမှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် သူ့သားရဲ့ မျက်နှာကို အပြင်မှာတကယ် တွေ့လိုက်ရတဲ့ ခံစားချက်မျိုးပင် ဖြစ်ပေါ်လို့လာပါတယ်။

စိတ်လှုပ်ရှားခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းကြေကွဲခြင်းများစွာကို တစ်ပြိုင်တည်း ခံစားလိုက်ရပြီးတဲ့နောက် သူဌေးကြီးဟာ လူငယ်လေးကို ပန်းချီကားလက်ဆောင်အတွက် ကျေးဇူးစကားဆိုပါတယ်။ ပြီးတော့လည်း သူ့သားရဲ့ ပုံတူပန်းချီကားကို ဧည့်ခန်းကနံရံပေါ်မှာ အမြဲတမ်းချိတ်ဆွဲထားမဲ့အကြောင်း ကတိပေးပါတယ်။ အချိန်အနည်းငယ်ကြာ စကားပြောကြပြီး လူငယ်စစ်သားလေးက သူဌေးကြီးကို နှုတ်ဆက်ကာ ပြန်သွားပါတယ်။ လူငယ်လေးပြန်သွားပြီးတဲ့နောက်မှာ သူဌေးကြီးက သူ့ကတိအတိုင်း သူ့သားလေးရဲ့ ပုံတူပန်းချီကားလေးကို အခြားသော နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ ဒေါ်လာများစွာ တန်ဖိုးရှိတဲ့ ပန်းချီကားတွေနဲ့ တစ်တန်းတည်း နံရံပေါ်မှာ ချိတ်ဆွဲထားလိုက်ပါတော့တယ်။ ပြီးတော့ ဧည့်ခန်းကြီးထဲက ထိုင်ခုံလေးတစ်ခုပေါ်မှာထိုင်ပြီး ထူးထူးခြားခြား ခရစ္စမတ်လက်ဆောင်ရလိုက်တဲ့ သူ့သားပုံတူ ပန်းချီကားလေးကို တစ်စိမ့်စိမ့်ကြည့်နေပါတယ်။ သူ့သားရဲ့ ပုံတူပန်းချီကားချပ်ကြီးက ဖခင်ဖြစ်သူကို ပြုံးပြလို့နေသလိုပါဘဲ။ ဘယ်သောခါမှ အိမ်ပြန်မလာနိုင်တော့မဲ့ သားတစ်ယောက်ကို လွမ်းဆွတ်သတိရခြင်းများစွာနဲ့ အဖိုးအိုပါးပြင်ပေါ် မျက်ရည်တွေ စီးကျလို့ လာပါတော့တယ်။

ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါမှာတော့ သူ့သားလေး သေဆုံးရတဲ့အကြောင်းရင်းကို သူဌေးကြီးက တိတိကျကျ ကြားသိလာရပါတော့တယ်။ သူ့သားဟာ စစ်မြေပြင်မှာ ဒဏ်ရာရထားတဲ့ လူနာများစွာကို ရဲရဲရင့်ရင့် ကယ်တင်ရင်း ကျည်ဆန်ထိမှန်ပြီး သေဆုံးရတယ်ဆိုတာရယ် သူမသေခင်လေးမှာ အသက်ပေါင်းများစွာကိုလည်း ကယ်တင်သွားနိုင်ခဲ့တယ် ဆိုတဲ့အကြောင်းတွေကို သိရပါတယ်။ သူ့သားရဲ့ ဂုဏ်ယူဖွယ်ရာ ကြီးကျယ်မြင့်မြတ်တဲ့ လုပ်ရပ်အတွက် ဖခင်သူဌေးကြီးဟာ အင်မတန်မှာ ဂုဏ်ယူမိပါတယ်။ ပြီးတော့လည်း သူ့သားသေဆုံးသွားရတဲ့အတွက် ပူဆွေးဝမ်းနည်း ဖြစ်ရခြင်းကနေလည်း စိတ်ဖြေသာရာ ရသွားခဲ့ပါတယ်။ သူ့သားရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် လူတိုင်းကို ဂုဏ်ယူစွာ ပြောပြတတ်သလို၊ သူ့သားလေးရဲ့ ပုံတူပန်းချီကားဟာလည်း သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်ကြောင်း၊ သူ့ဘဝမှာ ရခဲ့သမျှ လက်ဆောင်တွေထဲမှာ အဲဒီပန်းချီကားလောက် ဘယ်အရာကမှ တန်ဖိုးမရှိကြောင်းကို  အမြဲတမ်း အားမာန်အပြည့်နဲ့ ပြောဆိုတတ်ပါတယ်။ သူ့သားဟာ သေဆုံးသွားပေမဲ့ သူ့အတွက်တော့ ဂုဏ်သိက္ခာရှိရှိ ရှင်သန်နေတဲ့သူဖြစ်တယ်လို့ သူကိုယ်တိုင် ခံယူထားပါတယ်။ သူဌေးကြီးဟာ သူ့သားရဲ့ ပုံတူပန်းချီကိုလည်း သူကိုယ်တိုင် တယုတယ ဖုန်သုတ်ခြင်း၊ သန့်ရှင်းရေးခြင်းတို့ လုပ်တတ်ပါတယ်။

နွေဦးရာသီတစ်ခုမှာတော့ သူဌေးကြီးဟာ  အပြင်းအထန် နာမကျန်းဖြစ်လာပါတယ်။ နာမကျန်းဖြစ်ပြီး မကြာခင်မှာဘဲ သူဌေးကြီးဟာ ဆုံးပါးသွားခဲ့ပါတယ်။ အဖိုးကြီး ဆုံးပါးသွားတဲ့သတင်းဟာ  ပန်းချီကား စုဆောင်းသူတွေရဲ့လောကမှာ အပြင်းအထန် ဂယက်ရိုက်ခတ်ပါတော့တယ်။ သူဌေးကြီးမှာ အမွေဆက်ခံသူ တစ်ဦးတည်းသော သားဟာလည်း ဆုံးပါးသွားပြီဖြစ်လို့ သူစုဆောင်းထားတဲ့ ကမ္ဘာကျော် ပန်းချီကားတွေကို ဘယ်လိုဆက်လုပ်မှာပါလိမ့် ဆိုပြီး လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ နာမည်ကျော် ပန်းချီကားတွေဖြစ်လို့ လူတိုင်းကလည်း ဒီပန်းချီကားတွေကို လိုချင်နေကြသူတွေ ဖြစ်ပါတယ်။ မကြာခင်မှာဘဲ သတင်းတစ်ခု ထွက်လာပါတယ်။ သူဌေးကြီးရဲ့ သေတမ်းစာအရ သူစုဆောင်းထားတဲ့ အဖိုးတန်ပန်းချီကားအားလုံးကို လေလံတင် ရောင်းချမှာဖြစ်ပြီး အဲဒီလေလံတင်မဲ့ရက်ဟာ ခရစ္စမတ်နေ့ဖြစ်ကြောင်း ပန်းချီကားစုဆောင်းသူ၊ ပန်းချီချစ်မြတ်နိုးသူတွေ သိအောင် ကြေငြာပါတယ်။ သူဌေးကြီးဟာ သူ့သားရဲ့ ပန်းချီကားကို အမှတ်တရ လက်ဆောင်အဖြစ် ရခဲ့တဲ့ ခရစ္စမတ်နေ့ကို လေလံပွဲ ကျင်းပပေးဖို့ သေတမ်းစာမှာ ထည့်သွင်းရေးထားခဲ့တာ ဖြစ်ပါတယ်။
လေလံပွဲကျင်းပမဲ့ ခရစ္စမတ်နေ့ကို ရောက်ပါပြီ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပန်းချီမြတ်နိုးသူတွေ၊ ပန်းချီကား စုဆောင်းသူတွေဟာ လေလံပွဲကျင်းပရာ နေရာကို အသီးသီး ရောက်ရှိလို့လာပါတယ်။ သူတို့တွေရဲ့ စိတ်ထဲမှာလည်း အဖိုးတန်ပန်းချီကားတွေကို မရရအောင် ဈေးပြိုင်ပေးပြီး လေလံဆွဲဝယ်ယူကြဖို့ စိတ်ကူးကိုယ်စီ ရှိနေခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ ပြည့်ဝအောင် အကောင်အထည် ဖော်နိုင်ကြတော့မှာပါ။ ခန်းမထဲမှာရောက်ရှိနေကြသော လေလံပွဲကို တက်ရောက်လာကြသူတိုင်း သူဌေးကြီးရဲ့ ပန်းချီကား အကြောင်းတွေကိုသာ စိတ်ဝင်စားစွာ ပြောဆိုနေခဲ့ကြပါတယ်။
လေလံပွဲ စချိန်မှာတော့ အစီအစဉ်ကျင်းပတဲ့သူက ပထမဦးစွာ ပန်းချီကားတစ်ချပ်ကို ယူလာပါတယ်။ လေလံပွဲကို ရောက်လာကြတဲ့သူတွေ တစ်ဦးကမှ အဲဒီပန်းချီကားကို မမြင်ဖူးကြသလို၊ ပန်းချီကားဟာလည်း နာမည်ကျော် ပန်းချီဆရာတစ်ဦးဦးက ရေးဆွဲထားတဲ့ ပန်းချီကား မဟုတ်ဘူးဆိုတာ သိကြပါတယ်။ ပြိုင်ပွဲကျင်းပသူက ထိုပန်းချီကားဟာ သူဌေးကြီးသားရဲ့ ပုံတူပန်းချီကားဖြစ်ကြောင်း လေလံပွဲကို ၄င်းပန်းချီကားနဲ့ စပြီး ဖွင့်လှစ်မှာဖြစ်ကြောင်း ကြေငြာပါတယ်။ ကြော်ငြာပြီးတာနဲ့ လေလံပွဲ ကြွရောက်လာသူများထဲမှ စတင်ပြီး ဈေးဖွင့်လှစ်ပေးဖို့ ကမ်းလှမ်းပါတယ်။ သို့သော်လည်း ခန်းမကြီးတစ်ခုလုံး ဘယ်သူကမှ ဈေးမဖွင့်ကြဘဲ တိတ်ဆိတ် ငြိမ်သက်လို့ နေကြပါတယ်။

Image Hosted by PicturePush - Photo Sharing
အချိန်အတန်ကြာတဲ့အထိ ဘယ်သူကမှ ဈေးဖွင့်ခြင်းမရှိတာနဲ့ အစီအစဉ်ကျင်းပသူက စတင် ကြေငြာပါတယ်။  
“ဒီပန်းချီကားကို ဒေါ်လာတစ်ရာနဲ့ ကြမ်းခင်းဈေး သတ်မှတ်ပါတယ်။ ဘယ်သူက ဒီဈေးကို စပြီးပေးပါမလဲခင်ဗျာ”  

ထိုပန်းချီကားကို ဘယ်သူကမှလည်း ဒေါ်လာတစ်ရာတန်တယ်လို့ မထင်ကြတဲ့အတွက် တစ်ဦးတစ်ယောက်ဆီကမှ အသံထွက်မလာခဲ့ပါ။
ထိုစဉ်မှာ ထောင့်တစ်နေရာကနေ အသံထွက်လာပါတယ်။ “ဘယ်သူက သူ့သားရဲ့ ပုံတူကို စိတ်ဝင်စားမှာလဲ။ အဲဒီ ပန်းချီကားကြီးကို ထားလိုက်စမ်းပါ။ အဖိုးတန်တဲ့အချိန်တွေ အလကားဖြစ်တယ်။ တစ်ခြား နာမည်ကျော် ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားကို လေလံစဖွင့်ပါ။” လို့ အော်လိုက်တဲ့အသံ ဖြစ်ပါတယ်။ အဲဒီလူရဲ့ စကားသံဆုံးတာနဲ့ အခြားသော လူအသီးသီးတွေဆီကလည်း သူ့လေသံအတိုင်း အဲဒီပန်းချီကားကို ထားလိုက်ဖို့ အသံတွေ ကြွက်စီကြွက်စီ ထွက်လာပါတော့တယ်။ ဘယ်သူကမှ သူဌေးကြီးသားရဲ့ ပုံတူကို စိတ်ဝင်စားပုံမရသလို၊ ဝယ်ကြမဲ့ပုံလည်း မရပါဘူး။ သို့သော်လည်း လေလံကျင်းပသူက အခိုင်အမာပြောပါတယ်။ “ ဝမ်းနည်း ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့မှာ ဒီပန်းချီကားကို အရင်ဆုံးရောင်းရမဲ့တာဝန် ရှိပါတယ်။ ဒါကြောင့် ဒီပန်းချီ ကားကိုသာ အရင်ဆုံး လေလံဆွဲကြဖို့ အသိပေးလိုပါတယ်ခင်ဗျာ”
အရင်ကအတိုင်းပါဘဲ .. ဘယ်သူ့ဆီကမှ အသံထွက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လေလံပွဲကို ပွဲကြည့်ပရိတ်သတ်အဖြစ်သာ ရောက်လာတဲ့ အဖိုးအိုတစ်ဦးက

 “ ကျုပ်မှာ ဒေါ်လာတစ်ဆယ် ရှိပါတယ်။ ဒီပန်းချီကားကို ၁၀ဒေါ်လာနဲ့ ရောင်းမယ်ဆိုရင် ကျုပ်ဝယ်ပါ့မယ်၊ ကျုပ်မှာလဲ ဒီထက်ပိုပြီး မရှိတော့လို့ပါ။ ”  ဆိုတဲ့စကားသံ ထွက်လာပါတယ်။
“တစ်ယောက်ယောက်က ဒေါ်လာတစ်ဆယ်ထက် ပိုပေးနိုင်ပါသေးလား ” လေလံပွဲကျင်းပသူက အသံမြှင့်ပြီး အော်လိုက်ပါတယ်။ သို့သော် မည်သည့်အသံမှ ထွက်မလာပါ။ သူ သုံးကြိမ် သုံးခါ အော်မေးပါတယ်။ အသံထွက်မလာပါ။
လေလံပွဲကျင်းပသူက စပြီး အမှတ်စဉ် ရေတွက်ပါပြီ…
“၁…….       ၂……..    ၃……… ”
“အမှတ်စဉ် သုံးထိ ရေတွက်ပြီးပေမဲ့ ဒေါ်လာတစ်ဆယ်ထက် ဘယ်သူကမှ ပိုပေးနိုင်သူ ထွက်မလာတော့တဲ့အတွက် ဒီပန်းချီကားကို ဒေါ်လာတစ်ဆယ်ပေးတဲ့ အဖိုးက ပိုင်သွားပါပြီခင်ဗျား”

အားလုံးဆီက လက်ခုပ်သြဘာသံတွေ ထွက်လာပါတယ်။ တကယ်တမ်း သူတို့လက်ခုပ်တီးတာက ဒီပန်းချီကားကြီး ရောင်းထွက်သွားတဲ့အတွက် နောက်လေလံပွဲ မြန်မြန်ကျင်းပတော့မှာမို့ ဝမ်းသာတဲ့အတွက် တီးကြတဲ့ လက်ခုပ်သံတွေ ဖြစ်ပါတယ်။
“ကဲ.. အခု နာမည်ကျော်ပန်းချီကားတွေ စပြီး လေလံတင်တော့ဟေ့၊ စောင့်ရတာကြာနေပြီ” တစ်စုံတစ်ယောက်က အသံကျယ်ကြီးနဲ့ အော်လိုက်ပါတယ်။ ကျန်တဲ့သူတွေကလည်း လေလံပွဲ မြန်မြန်စဖို့ လိုက်အော်ကြပါတယ်

လေလံပွဲကျင်းပသူက ဧည့်ခန်းထဲမှာ ရှိနေတဲ့ ပရိတ်သတ်တွေကို တည်ငြိမ်စွာကြည့်လိုက်ပြီးတဲ့နောက် “ လေလံပွဲ ပြီးဆုံးပါပြီခင်ဗျား” လို့ ကြေငြာလိုက်ချိန်မှာတော့ အံ့သြနေတဲ့  ပရိတ်သတ်အတွင်းက မကျေမနပ် ဆူပူသံများ ထွက်လာပေါတော့တယ်။ “ ဘာပြောတယ်ကွ… ငါတို့ဒီလေလံပွဲကိုလာတာ ဘာမဟုတ်တဲ့ လူတစ်ယောက်ရဲ့ ပန်းချီကားကို လေလံဆွဲဖို့မဟုတ်ဘူး. တစ်ခြား ပန်းချီကားတွေ ဘယ်မလဲကွ၊ အဲဒါတွေကို လေလံမတင်တော့ဘူးလား၊ မင်းတို့ဒီလိုလုပ်လို့ရမလား” စသဖြင့် တစ်ယောက်တစ်ပေါက် အော်ဟစ်သံများက ခန်းမကြီးတစ်ခုလုံး ဖုံးလွှမ်းသွားပါတယ်။

လေလံပွဲကျင်းပသူက အောင်မြင်ခန့်ညားတဲ့ အသံနဲ့ “အားလုံးမျှော်လင့်နေတဲ့ ဒေါ်လာများစွာ တန်ဖိုးရှိတဲ့ ပန်းချီကားတွေက ဒီမှာဘဲ ရှိပါတယ်ခင်ဗျာ၊ ခင်ဗျားတို့ကို ကျွန်တော်ရှင်းပြပါ့မယ်။ ရိုးရိုးလေးပါဘဲဗျာ. သားကို သိပ်ချစ်တဲ့ ဖခင်တစ်ယောက်ရဲ့ သေတမ်းစာအရ သူ့သားရဲ့ ပန်းချီကားကို တန်ဖိုးထားပြီး ဝယ်ယူတဲ့သူဟာ ဟောဒီက အဖိုးတန် ပန်းချီကားတွေကိုလည်း အလိုလို ပိုင်ဆိုင်ခွင့်ရသွားပြီ ဖြစ်ပါတယ်” လို့ ကြေငြာလိုက်ပါတယ်။
အဲဒီနေ့က လေလံပွဲကို တက်ရောက်ကြသူတွေအားလုံးဟာ ဒီလေလံပွဲမှာ တူညီစွာ ရှာဖွေတွေ့ရှိလိုက်ရတာက စစ်ပွဲမှာ အခြားသူတွေရဲ့ အသက်ကိုကယ်တင်ရင်း သူရဲကောင်းပီသစွာ ကျဆုံးသွားသော သားတစ်ယောက်အပေါ် ထားရှိတဲ့ ဖခင်တစ်ယောက်ရဲ့ တန်ဖိုးထားခြင်း၊ ချစ်ခြင်းမေတ္တာကြီးမားခြင်းတို့ပဲ ဖြစ်ပါတော့တယ်။   


The Devoted Son ( Author Unknown) ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။




Image Hosted by PicturePush - Photo Sharing

အမေ့ကိုမုန်းတယ်

ကျွန်တော် အမေ့ကိုမုန်းတယ်…

ကျွန်တော့်အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး။ သူ့မှာ မျက်လုံးတစ်ဘက်ဘဲရှိတယ်…. အတော်ကို ရုပ်ဆိုးပါတယ်… သိပ်ကိုရှက်ဖို့လည်းကောင်းတယ်။ ဈေးဆိုင်လေး ခပ်သေးသေး ၊ စုတ်ပြတ်ပြတ်လေးမှာ အမေက ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ်..    ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို ကြည့်ပြီး ကျွန်တော် ရှက်တယ်။ အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး ကြတယ်။ ဈေးသည်မရဲ့သားလို့လည်း ကျွန်တော့်ကို ကဲ့ရဲ့ကြတယ်။သူများအမေတွေလို ချမ်းသာအောင် ဘာလို့မလုပ်သလဲဆိုတာ အမေ့ကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ဒါကြောင့် အမေ့ကို ကျွန်တော်မချစ်ဘူး.. မုန်းတယ်။

ဒီနေ့ ကျွန်တော်တို့ကျောင်းမှာ အားကစား ပြိုင်ပွဲတွေ လုပ်တော့ ကျောင်းအုပ်ချုပ်သူတွေက ကျောင်းသား မိဘတွေကို ဖိတ်တယ်လေ။ ကျွန်တော်က အမေ့ကို မလာစေချင်ဘူး။ အမေလာရင် ကျွန်တော် အရှက်ကွဲမယ်ဆိုတာ သိနေတယ်။ ဒါကြောင့် အမေမလာပါစေနဲ့လို့ စိတ်ထဲက အခါခါ ဆုတောင်းမိတယ်။ ဒါပေမဲ့ ကျွန်တော် ဆုတောင်းမပြည့်ပါဘူး။ အမေ  ကျောင်းကို ရောက်လာခဲ့တယ်။ ကျွန်တော် ဒေါသတွေ အလိပ်လိုက်ထွက်မိတယ်။ အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..  လူတွေကြားမှာ ကျွန်တော့်ကို သက်သက် အရှက် လာခွဲတာနဲ့ အတူတူဘဲ။ ရှက်စရာ ကောင်းလိုက်တာ.. အခုတော့ ကျွန်တော့်အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းက သူငယ်ချင်းတွေ အကုန် သိကုန်ပြီ…သူငယ်ချင်းတွေ ကျွန်တော့်ကို လှောင်သလိုလိုနဲ့ ဝိုင်းကြည့်တဲ့အခါ ကျွန်တော် မခံနိုင်တော့ဘူး ကျွန်တော် အမေ့ကို ခါးခါးသီးသီး ကြည့်လိုက်မိတယ်။ ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတော့တယ်။


နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး စကြ နောက်ကြတယ်။ "မင်းအမေက မျက်လုံး တစ်ဘက်တည်းရှိတယ်နော်၊ ရုပ်ကလည်းဆိုးလိုက်တာ " တဲ့။ ဒီလိုပြောတာတွေ ကျွန်တော် မခံနိုင်ဘူး။ ဒေါသလဲထွက်၊ ရှက်လဲရှက်မိတယ်။ အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ် သွားပါစေလို့ကို ဆုတောင်းမိတယ်… ကျွန်တော့်အမေက သူများအမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ မရှိဘူး.. ပိုက်ဆံလဲ မချမ်းသာဘူး..... မျက်လုံးတစ်ဖက်တည်းနဲ့ အတော့်ကိုကြည့်ရဆိုးတဲ့ ကျွန်တော် အမေ့ကို အရမ်းမုန်းတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့အနားကိုသွားပြီး အေးစက်မာကြောစွာနဲ့ မေးပစ်တယ်..  


အမေ.. အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက် သွားတာလဲ ..  အမေက သူများအမေတွေ လိုလဲ မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…  အမေဘာကြောင့် မြန်မြန်မသေတာလဲ"  

အမေက ဘာမှကို ပြန်မပြောရှာပါဘူး။   ၀မ်းနည်းကြေကွဲနေတဲ့ မျက်နှာလေးနဲ့ တိတ်တိတ် ဆိတ်ဆိတ်ဘဲ  လုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ကျွန်တော် အမေ့ကို အဲလို ပြောလိုက်မိလို့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်သွားမိတယ်… ဒီစကားက သိပ်ကို ရက်စက်လွန်းရာကျသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်..  ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ အဲဒီလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်။ ကျွန်တော် တစ်ချိန်လုံး အမေ့ကို အဲဒီစကားတွေ ပြောချင်နေခဲ့တာလေ။

အဲဒီည….      ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား ခန်းထဲကို  အသွား အခန်းထောင့်ကလေးမှာ ကုတ်ကုတ်လေးထိုင်ပြီး တိတ်တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်..   ကျွန်တော် နိုးသွားမှာစိုးလို့ အသံမထွက်ရှာဘဲ တိုးတိုးလေး  ငိုနေတဲ့ အမေ။        အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး ထမင်းစားခန်းကနေ အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်။ တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကားကြောင့် ကျွန်တော် ကိုယ်တိုင်လည်း  အသည်းနှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ နေသလိုပါဘဲ။ ဒါပေမဲ့  အရုပ်ဆိုးလှတဲ့  မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို ကျွန်တော် မုန်းတယ်။

ဒီတော့….  ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်….

"ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်  ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်…  ငါ့ဘ၀ကို အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ စုတ်ပြတ်ဆိုးဝါး လှတဲ့ ဆင်းရဲခြင်းကို ငါမုန်းတယ်။ ဒီကနေ ငါ လွတ်အောင် ရုန်းမယ်။   အမေ့ဆီကနေ…..  ပြီးတော့ ဆင်းရဲခြင်းဆီကနေ ငါ ရုန်းထွက်တော့မယ်။ "

ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ အမေ့အိမ်ကနေ ထွက်လာပြီး ဆိုလ်းမြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားတယ်.. ကျွန်တော့်ဘ၀အတွက်၊ ရှေ့ခြေလှမ်းတွေအတွက်၊ ရည်မှန်းချက် အပြည့်နဲ့ပေါ့။ အထက်တန်းအောင်တော့  ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်. ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်၊  ခိုင်မာလာတယ်။ ကျောင်းပြီးတော့ လှပချောမောတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ကျွန်တော် အိမ်ထောင်ပြုတယ်။ စီးပွားရေးလဲ အဆင်ပြေတော့ ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာတယ်။  သားသမီးတွေ ရလာတယ်။   ခုတော့ ကျွန်တော့် ဘ၀မှာ  ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ်  ရပ်တည်နေနိုင်ပြီ။  ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်။ ကျွန်တော်ဘ၀ရဲ့ အတိတ်၊ ရုပ်ဆိုးလှတဲ့ ကျွန်တော့်အမေအကြောင်း၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀  အဲဒါတွေကို သတိရစရာ ပြန်အမှတ်ရစရာ ဘာမှလဲ မရှိတော့ဘူး။ အစဖော်ပေးမဲ့သူလည်း မရှိတော့ဘူး။ ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ။  ကျေနပ်နေပြီ။

ဒါပေမဲ့.. ဒါပေမဲ့ပေါ့.. ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်းမှာ  လုံးဝ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ သူတစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်.. သူ့ကို ကျွန်တော် ရုတ်တရက်တော့ မမှတ်မိပါဘူး။ အတော်ကို အသက်ကြီးပြီး ပိန်ချုံးချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အဝတ်အစားတွေက တော်တော်ကို နွမ်းရိလို့နေတယ်။ အဲဒီ အဖွားကြီးကို ကျွန်တော် သေချာကြည့်လိုက်မိတော့

"ဘုရားရေ..   အမေပါလား.."
အမေက ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း။    ဘယ်လိုက ဘယ်လို ကျွန်တော့ဆီရောက်လာတာလဲ။ ဆိုးလိုက်တာဗျာ

ကောင်းကင်ကြီး တစ်ခုလုံး  ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ….  အိမ်ရှေ့မှာ ဆော့ကစားနေတဲ့ ကျွန်တော့သမီးလေးက မျက်လုံး တစ်ဖက်တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို မြင်တော့ လန့်အော်ပြီး အိမ်ထဲကို ပြေးဝင်သွားတယ်..  အိမ်ရှေ့မှာ ရပ်နေတဲ့ အမေ့ကိုတစ်လှည့်၊ လန့်ပြီး အိမ်ထဲပြေးဝင်သွားတဲ့ ကျွန်တော့်သမီးကို တစ်လှည့် ကြည့်ရင်းနဲ့ ကျွန်တော့်ဒေါသတွေ ဒီရေလို တက်လာတယ်။

"ခင်ဗျားဘယ်သူလဲ..  ဘာကြောင့် ဒီအိမ်ရှေ့မှာ လာရပ်နေတာလဲ။ ခင်ဗျားကို ကျုပ်မသိပါလား ..  ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး လန့်သွားပြီ။ သွား…..   ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်ရှေ့က ထွက်သွား"

ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို  မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်.. အော်ငေါက်ပစ်လိုက်တယ်။

"အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ"…

အမေက တိုးတိုးတိတ်တိတ် တုန်ယင်နေတဲ့ လေသံလေးနဲ့ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေ တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်..  "တော်ပါသေးရဲ့..ဘုရား မ လို့..   အမေ ကျွန်တော့်ကို မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်.. "   ကိုယ့်ကိုယ်ကို ပြောမိတယ်.. "ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…   ငါ့ဘ၀တစ်လျှောက်လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ  မဟုတ်တော့ဘူး" အမေလှည့်မထွက်ခင်မှာ မျက်လုံးထဲမှာ မျက်ရည်တွေ ရစ်ဝိုင်းနေတာကို သူတွေ့လိုက်မိသလိုလိုတော့ ရှိသား။ ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကို မစဉ်းစားချင်တော့ဘူး။ သာယာလှပ အခြေကျနေပြီဖြစ်တဲ့ ကျွန်တော့်ဘဝထဲကို ဆင်းရဲပြီး ရုပ်ဆိုးလှတဲ့ အမေ့ကို ခေါ်မသွင်းနိုင်တော့ဘူး။

တစ်နေ့ ကျွန်တော့်ဇာတိရွာကလေးက ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်။ ကျွန်တော်ဒီမှာ ရှိနေတယ်ဆိုတာ စီးပွားဖက်ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဟောင်း တစ်ယောက်ကနေ သိသွားပြီး ဖိတ်စာရောက်လာခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အတိတ်အကြောင်းတွေ ပြန်လည် ခြေချမိမဲ့ အဲဒီနေရာကို ကျွန်တော်မသွားချင်ပါဘူး။ မသွားချင်ပေမဲ့ သူငယ်ချင်းမျက်နှာကြောင့် ကျွန်တော် သွားရဦးမယ်။ ကျွန်တော့်မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်။ ကျွန်တော့်ရဲ့ ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ။

မွေးရပ်မြေရောက်တော့ ကျွန်တော် တည်းခိုခန်းတစ်ခုမှာ တည်းပါတယ်။ ကျောင်းမှာပြုလုပ်တဲ့ တွေ့ဆုံပွဲပြီးတော့  ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို သွားကြည့်ချင်စိတ်တွေ ပေါက်လာတယ်။ တကယ်တော့ အိမ်လို့သာ ခေါ်တာပါ.. အိမ်နဲ့တောင် မတူပါဘူး…  အမိုးအကာ မလုံတဲ့ တဲကုတ်လေးပါ…  စိတ်ထဲက ဘာရယ်မဟုတ်ဘဲ စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ ဖြစ်နေမှာပါလိမ့် လို့ တွေးမိပြီး ကြည့်ချင်တာနဲ့ ထွက်လာခဲ့တာပါ။ ကျွန်တော်ရောက်သွားတော့ အိမ်တံခါးက သော့မခတ်ထားပါဘူး။ ကျွန်တော် တံခါးကို အသာတွန်းဖွင့်လိုက်တော့ တံခါးက ပွင့်သွားခဲ့တယ်။ အဲ.. အဲဒီမှာ အဖွားအိုတစ်ယောက် အေးစက်စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ တွေ့လိုက်ရတယ်။   ဘယ်သူများဖြစ်မလဲ. ကျွန်တော့်အမေဘဲပေါ့။ ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့   ၀မ်းနည်းတဲ့ စိတ် နည်းနည်း လေးတောင်  မဖြစ်မိဘူး။ အမေမှန်းသိလိုက်ရလို့ အနားကို တိုးကပ်ပြီး ငုံ့ကြည့်လိုက်တော့ အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခု ဆုပ်ကိုင်ထားတာကို တွေ့ရတယ်…  ဘာများဖြစ်မလဲလို့ ကျွန်တော်ယူကြည့်မိလိုက်တော့ အမေရဲ့ မပီမသ၊ မလှမပ ပဲပင်ပေါက်လို လက်ရေး လေးတွေနဲ့ ရေးထားတဲ့ စာလေးတစ်စောင်..

အမေချစ်တဲ့ သားလေးရေ…

အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ။   အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင် ပါဘူးကွယ် ….  သားလေးရှိတဲ့ဆိုလ်းကိုလဲ နောက်တစ်ကြိမ် ဘယ်တော့မှ အမေရောက်နိုင်တော့မှာ မဟုတ်ပါဘူး။   အမေ့ဆီ တစ်ခေါက်လောက် သားလေးကို လာလည် စေချင်လိုက်တာကွယ်။ အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ၊ တွေ့ချင်လွန်းလို့ပါ၊  ကျောင်းသား ဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေးလာမယ်ဆိုတာ သတင်းကြားမိတော့ အမေ ၀မ်းသာ လိုက်တာ.. ဒါပေမဲ့ သားလေးရဲ့ကျောင်းကို အမေမလာဖို့ ဆုံးဖြတ် ထားပါတယ်…  အဲဒါက ငါ့သားအတွက်ပါကွယ်။ အမေလာရင် သားလေး သိမ်ငယ်မှာ အမေသိပါတယ်။ အမေ့မှာက  မျက်စိတစ်ဖက်ထဲ ရှိတာကိုး။ ဒီအတွက်နဲ့  သားကို အရှက်ရစေတာ အမေ     ၀မ်းနည်းပါတယ်သားရယ်။

ဘာကြောင့် အမေ့မှာ မျက်လုံးတစ်ဖက်ထဲ ရှိတယ်ဆိုတာ အမေပြောပြပါ့မယ်သားရယ်…  အမှန်တော့ သားငယ်ငယ်တုန်းက  ဆော့ကစားရင်း  မတော်တဆဖြစ်ပြီး မျက်စိတစ်ဖက် ပျက်စီး သွားခဲ့တယ်။ မိခင် တစ်ယောက် အနေနဲ့ မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက်နိုင်ပါ့မလဲကွယ်။ သားကြီးလာရင် မျက်စိတစ်ဖက်တည်းနဲ့ လူတွေကြားမှာ ဘယ်လိုများ နေမလဲလို့ အမေတွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်။ ယူကျုံးမရ ဖြစ်ရတယ်။ ကြီးလာရင် ငါ့သားလေး ရှက်တော့မယ်ဆိုတာ အမေသိတယ်။ အမေက  အသက်ကြီးပြီ။  သားက လူ့ဘ၀ကို အရှည်ကြီး လျှောက်လှမ်းရဦးမှာလေ…  ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဖက် သားကို ပေးလိုက်တာပါ။

ငါ့သားလေး လောကကြီးကို အမေ့ရဲ့မျက်လုံးနဲ့ ကောင်းကောင်းမွန်မွန် ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး  အမေ၀မ်းသာမိတယ်။ ကျေနပ်မိတယ်။ အမေ့မှာ မျက်လုံးတစ်ဖက် သားကိုပေးလိုက်ရပေမဲ့ အဲဒီအတွက် အမေဘယ်တော့မှ  စိတ်မကောင်း မဖြစ် ပါဘူး။ ၀မ်းလဲ မနည်းခဲ့ဘူး၊    ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုးခဲ့ဖူးတယ်။ စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့၊ ဆိုခဲ့တာတွေ  အမေ သားကို ဘယ်တော့မှ ဗွေမယူခဲ့ပါဘူး။ ငါ့သားလေးငါ့ကို ချစ်လို့ပြောတာဘဲလို့  အမေတွေးခဲ့ပါတယ်..  အမေသားကို ချစ်တယ် သားရယ်၊ သားဟာ အမေ့ရဲ့ ဘ၀ ၊ အမေရဲ့ ကမ္ဘာပါကွယ်။

စာကို ကိုင်ထားတဲ့ ကျွန်တော့လက်တွေ တစ်ဆတ်ဆတ် တုန်ရီလာသလို၊ ကျွန်တော့ ခြေထောက်တွေစာလည်း မြေပြင်ပေါ်မှာ ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံး အင်အားချည့်နှဲ့ကုန်ပါပြီ။ "အိုး..   ကျွန်တော့်အသည်းတွေကွဲပါပြီ။ အမေရယ် သားကိုခွင့်မလွှတ်ပါနဲ့၊ ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့။"

ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ။ ကျွန်တော် သိပ်မုန်းခဲ့တဲ့၊ မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့် အတွက် သူ့မျက်လုံးကို စွန့်လွှတ်ခဲ့တယ် ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ.. ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော် လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ။ 

 ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား၊ မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊ မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ။



ဆုံးမရှိသော အနန္တမေတ္တာရှင် မိခင်ကျေးဇူးကို အထူးအောက်မေ့သတိရလျှက် A Mother's Sacrifice ( Unknown Author) ကို ရင်နင့်စွာ ဘာဘာပြန် ရေးဖွဲခဲ့ပါသည်။


Image Hosted by PicturePush - Photo Sharing


လွန်ခဲ့သော တစ်နှစ်ကျော် ဘလောဂ့်ရေးခါစက တင်ခဲ့ဖူးတဲ့ ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို မဖတ်ရသေးသူများ၊  ဖတ်ပြီးသူများလည်း ပြန်လည်ခံစားကြည့်စေချင်တာကြောင့် ဘလော့ဂ်ပေါ် ပြန်တင်မိပါတယ်။



မေတ္တာရနံ့


ညနက်သန်းကောင် အေးစက်နေသော လေတွေသည် Dallas ရဲ့ ဆေးရုံသေးသေးလေးတစ်ခုတွင် ရောက်နေသော ဒိုင်ယာနာ၏ အခန်းဘေးပတ်ဝန်းကျင်တွင် ခပ်ပြင်းပြင်းတိုက်ခတ်လို့ နေခဲ့သည်။ ခွဲစိတ်ခန်းထဲမှ ထုတ်ယူခြင်း ခံထားရတာ မကြာသေးသော သူမသည် မူးနောက်ရီဝေနေသော အရှိန်က မပြယ်သေးပေ။ သူမယောက်ျား ဒေးဗစ်က သူမရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်ပြီး ဘေးနားကနေ တစ်ဖွဖွ အားပေးစကား ပြောနေခဲ့သော်လည်း သူမရင်ထဲမှာတော့ မကြာခင်ကမှ ခွဲပြီး မွေးလိုက်ရတဲ့ သမီးလေးအတွက် ပူပင်သောကတွေ ရင်နဲ့မမျှအောင် ခံစားနေမိရသည်။
သူမသမီးလေးသည် ကိုယ်ဝန် ၂၄ပတ်ဖြင့်သာ အချိန်မတိုင်ခင် စောစီးစွာ မွေးဖွားလာခဲ့သောကြောင့်  အလွန်သေးငယ်ပြီး ပေါင်ချိန်မှာလည်း တစ်ပေါင်နှင့် ၉အောင်စသာ ရှိနေခဲ့သည်။ ဆရာဝန်က သူမတို့ကို တတ်နိုင်သမျှ နူးညံ့ညင်သာသော စကားလုံးများဖြင့် နှစ်သိမ့်ပြောကြားလာသော်လည်း သူမတို့နားတွင်တော့ ဗုံးကွဲသည်ထက် ပြင်းထန်လို့ နေခဲ့သည်။ “သူမတို့သမီးလေးသည် ထိုနေ့ညထက် ကျော်လွန်ပြီး အသက်ရှင်သန်ဖို့ အခွင့်အရေးမှာ ၁၀ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုလေသည်။ အကယ်၍ ကံကောင်းထောက်မပြီး အသက်ရှင်သန်ခဲ့လျှင်တောင်မှ သူမလေး၏ ဘ၀သည် အခြားကလေးငယ်များလို လှပသော အနာဂတ် ရရှိနိုင်လိမ့်မည်မဟုတ်။ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်၊ အသိဥာဏ်လည်း အခြားသူများလို ပြည့်ဝနိုင်မည် မဟုတ်သလို မျက်စိပင် မြင်နိုင်လိမ့်မည် မဟုတ် ” စသဖြင့် သမီးလေး၏ ဆိုးဝါးသော အနာဂတ်အကြောင်း ဆရာဝန်က ရှင်းပြလေသည်။
ဆရာဝန်ပြောသမျှ စကားကို ဒိုင်ယာနာကတော့ မယုံကြည်နိုင်ခြင်းများစွာဖြင့် “မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး”ဟု သွေးရူးသွေးတန်း အသွင်သား ငြင်းဆိုနေခဲ့မိတော့သည်။ သူမတို့ သမီးလေးတွင် ထိုမျှလောက်ဆိုးဝါးသော ဘ၀ကို ပိုင်ဆိုင်ရလိမ့်ဟု သူမ မယုံကြည်နိုင်ပါ။ သူမရယ် သူမယောက်ျား ဒေးဗစ်ရယ်၊ ငါးနှစ်အရွယ် သားလေးတို့သည် သမီးလေးတစ်ယောက် တိုးလာမည့် မိသားစု လေးယောက်ဘ၀ကို ပိုင်ဆိုင်ကြဖို့ စိတ်ကူးယဉ်ခဲ့ကြတာ ကြာပြီဖြစ်သည်။ ခုတော့ ထိုအိပ်မက်သည် ဆရာဝန်၏ စကားအောက်မှာ တစ်စစီ ပြိုကွဲ ပျောက်ကွယ် ရပေတော့မည်။ သူမ စိတ်ကူးယဉ်မျှော်လင့်ခဲ့ရသော အိပ်မက်ကိုဖြင့် လွယ်လွယ်နှင့် လက်မလျှော့ချင်ပါ။ သူမတို့ မိသားစုအားလုံး တစ်ညလုံး မအိပ်နိုင်ဘဲ သမီးလေးကို အရိပ်တကြည့်ကြည့် ကြည့်နေမိသလို သမီးလေးအတွက်လည်း ဆုတောင်းပေးနေခဲ့မိသည်။
သမီးလေးသည် အသက်ကို မျှဉ်းမျှဉ်းကလေးရှူကာ သူမ၏ အနာဂတ်ကို ဘာမှမသိနိုင်စွာ မျက်လုံးလေးမှိတ်ပြီး အိပ်နေခဲ့သည်။ လှုပ်ရှားမှု ဘာတစ်ခုမှ မရှိ။ ဒိုင်ယာနာမှာလည်း အိပ်ပျော်လိုက် နိုးထလိုက်ဖြင့် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့သလို မနက်အာရုဏ်တက်လာချိန်တွင်တော့ သူမသမီးလေး အသက် ရှင်သန်ရမည် ဆိုသော ယုံကြည်မှုကို ပိုမို ခိုင်မာလာခဲ့သည်။ သူမတို့ သမီးလေးသည် အများသူငှာလို ကျန်းမာသော၊ ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ခွင့်ရလိမ့်မည်ဟုသာ သူမ တွေးချင် ယုံကြည်ချင်မိပါသည်။ သို့သော်လည်း ဒေးဗစ်ကတော့ အသုဘ စီစဉ်သောအဖွဲ့နှင့် ကြိုတင်စီစဉ်စရာရှိတာ စီစဉ်ထားသင့်သည်ဟု ထင်မိသည်။ သူ့သမီးလေးအသက်ရှင်သန်ဖို့ မျှော်လင့်ချက်မရှိသလောက် နည်းနေပြီဟု ဆရာဝန်က ပြောထားသည် မဟုတ်လားလေ။
ဒိုင်ယာနာကတော့ ဒေးဗစ်မျှော်လင့်သလို သူမက မမျှော်လင့်ချင်ပါ။ ဆရာဝန်တွေ အကောင်းဆုံးကြိုးစားပေးခဲ့ကြသည်ကို သူမ သိပါသည်။ သို့သော်လည်း သူမတို့၏ သမီးလေး ဆက်လက် မရှင်သန်နိုင်တော့ဘူး ဆိုသည့်စကားကိုတော့ သူမ မကြားလို၊ နားလည်း မထောင်လို။ ထို့ကြောင့် ဒေးဗစ်ကို သူမ ပြောမိသည်က “ ကျွန်မတော့ လက်မလျော့ဘူး။ ကျွန်မသမီးလေး အသက်မရှင်ဘူးဆိုတဲ့ အဖြစ်ဟာ ဖြစ်ကို ဖြစ်လာမှာ မဟုတ်ဘူး။ ဆရာဝန် ဘာပြောပြော ကျွန်မ လက်မခံနိုင်ဘူး ။ ကျွန်မတို့သမီးလေးဟာ အသက်ဆက်ပြီး ရှင်သန်ရမယ်။ မကြာခင် ဆေးရုံကနေ ကျွန်မတို့နဲ့အတူတူ အိမ်ပြန်ခွင့်ရလာမယ်လို့ ကျွန်မ ယုံကြည်တယ်။  တစ်နေ့နေ့မှာ သမီးလေးဟာ အများတကာ မိန်းခလေးငယ်တွေလို သမီးလေးဟာ ပုံမှန်အတိုင်း ကြီးထွားလာမှာ” ။
ဒိုင်ယာနာဟာ သမီးလေးရဲ့ အနားကနေ တစ်ဖဝါးမှ မခွာဘဲ အချိန်တိုင်း သမီးလေး၏ ဘေးနားတွင် ထိုင်ကာ စကားတွေ တစ်တွတ်တွတ်  ဆိုနေခဲ့သလို ဆရာဝန်တွေကိုလည်း သမီးလေးအတွက် လိုအပ်သော ကုသမှုအားလုံးကို ပြုလုပ်ပေးဖို့ အသနားခံ တောင်းဆိုလေသည်။ ဒိုင်ယာနာ၏ ထက်သန်သော ဇွဲ၊ ယုံကြည်မှု၊ မေတ္တာတရား၊ တောင်းပန်မှုတို့ကြောင့် ဆရာဝန်တွေသည်လည်း အလွန်သေးကွေးလှသော ကလေးလေးအတွက် စက်ကိရိယာ၊ ဆေးဝါး၊ ကုသမှု စသော လိုအပ်တာ မှန်သမျှကို လုပ်ပေးခဲ့ကြသော်လည်း သမီးလေးမှာ အနည်းငယ်လေးတောင် လှုပ်ရှားမှု ရှိမလာ။ သို့သော် အသက်တော့ မှန်မှန်ရှူနေခဲ့သည်။ သမီးလေးမှာ ဖွဖွလေး နမ်းခြင်း၊ ညင်သာစွာ ကိုင်တွယ်ထိတွေ့ခြင်း တို့ကိုပင် ခန္ဓာကိုယ်က လုံးဝ ခံနိုင်ရည်မရှိဟု ဆရာဝန်တို့က ပြောကြားပြီးနောက်  ကလေးလေးကို ထိတွေ့ကိုင်တွယ်ခြင်း မပြုဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။  နောက်တစ်ရက်တွင်တော့ သမီးလေးကို အလင်းရောင်ပေးထားသော ဖန်ပေါင်းချောင် လေးထဲတွင် ထည့်ထားလိုက်လေတော့သည်။ အနည်းငယ်လေးတောင် လှုပ်ရှားမှုမရှိသော သမီးလေးကို ကြည့်ကာ မျက်ရည်သွင်သွင် စီးကျရင်းသာ သမီးလေးအသက်ရှင်သန်ဖို့ ဆုတောင်းနေမိတော့သည်။
တစ်ပတ်ခန့် ကျော်လွန်လာသည့်အချိန်တွင် သမီးလေးမှာ တစ်အောင်စခန့် ပေါင်ချိန်အနည်းငယ် တိုးလာပြီဟု ဆရာဝန်က အသိပေးလေသည်။ ဆေးရုံတွင် နှစ်လခန့် အချိန်ကုန်သွားပြီးနောက်တွင်တော့ ဒိုင်ယာနာ၏ သမီးငယ်လေးမှာ ထိတွေ့ကိုင်တွယ်နိုင်သော အခြေအနေသို့ ရောက်လာခဲ့လေပြီ။ ထိုချိန်ကျမှ သူမတို့မှာ သမီးလေးကို လက်မောင်းပေါ်တွင် ပထမဦးဆုံး အနေနှင့် ပွေ့ချီခွင့်ရကြလေတော့သည်။ သို့သော်လည်း ဆရာဝန်များမှာ သူမတို့သမီးလေးသည် အခြားသော ကလေးငယ်များလို ပုံမှန်အခြေအနေအတိုင်း ကြီးထွားနိုင်ဖို့တော့ အခွင့်အရေး အလွန်နည်းကြောင်း ပြောဆိုနေတုန်းသာ ရှိလေသည်။  သို့သော် နောက်ဆုံးတွင်တော့ သမီးလေသည် မိခင်ဖြစ်သူ ခန့်မှန်းသကဲ့သို့ပင် ဆေးရုံမှ အိမ်သို့ ဆင်းခွင့်ရခဲ့လေတော့သည်။ သို့သော် တဖြေးဖြေး ကြီးပြင်းလာမည့် သမီးလေးသည် အများသူငှာကဲ့သို့ ခန္ဓာကိုယ် ကြီးထွားလာပါ့မလား.. ဦးနှောက်အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ပါ့မလား ဟူ၍ စိုးရိမ်နေရပေဦးတော့မည်။
တစ်ဆယ့်ငါးနှစ်ကြာပြီးနောက် ၁၉၉၆ခုနှစ်တွင် သမီးလေး အဲန်နီသည် ကိုယ်လုံးသေးသွယ်သော်လည်း မီးခိုးဖျော့ဖျော့ မျက်ဝန်းလေးများနှင့် တက်ကြွသော၊ ငယ်ရွယ်နုပျိုသော  မိန်းခလေးဖြစ်နေခဲ့ပြီ။ ဒေးဗစ် မရှိတော့သည့် နောက်ပိုင်းတွင် သူမတစ်ယောက်တည်း သားနှင့် သမီးတို့ကို  လူလား မြောက်အောင် ပြုစုစောင့်ရှောက် ကျွေးမွေးလာခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ သမီးလေး အဲန်နီတွင် စိတ်မူမမှန်သော လက္ခဏာများ၊ ဦးနှောက်မပြည့်သည့် အနေအထား စသည်ဖြင့် ဘာတစ်ခုမှ ရှိမနေသလို လောကကြီး အကြောင်း ပျော်ရွှင်စွာ၊ ရင်ခုန်စွာ၊ စူးစမ်းလိုစိတ်များစွာတို့ဖြင့် သင်ယူလေ့လာရန် အဆင်သင့်ဖြစ်နေသော မိန်းမငယ်လေး တစ်ယောက် ဖြစ်နေလေပြီ။ သူမတို့အရွယ် အခြားသော မိန်းခလေးများလုပ်နိုင်သည့် မည်သည့်အလုပ်မျိုးမဆို အဲန်နီကလည်း လုပ်နိုင်ခဲ့သည်။
ကောင်းကင်ကြီးတစ်ခုလုံး ပြာပြာလွင်လွင်ဖြင့် နေသာနေကာ ၀န်းကျင်တစ်ခွင် လှပသာယာနေသော နွေဦး၏ နေ့လည်ခင်း တစ်ခုတွင် အဲန်နီနှင့် သူမ၏မိခင် ဒိုင်ယာနာတို့သည် အိမ်နှင့် မလှမ်းမကမ်းရှိ မြက်ခင်းတစ်ခုပေါ်တွင် ထိုင်ကာ အဲန်နီ၏အစ်ကို ဘရိုင်ယန် ပါဝင်ကစားသော ဘေ့စ်ဘောအသင်း၏ လေ့ကျင့်ခန်း ဆင်းနေပုံကို ကြည့်ရှုအားပေးနေခဲ့ကြသည်။ ဘရိုင်ယန်၏ အားကြိုးမာန်တက် ကစားနေပုံကို ကြည့်ကာ အဲန်နီလေးမှာ မရပ်မနား လက်ခုပ်လက်ဝါးများတီးကား အားပေးနေလေသည်။ ဒိုင်ယာနာကတော့ သမီးလေးပုခုံးကို ခပ်ဖွဖွလေးဖက်ကာ လှုပ်ရှားတက်ကြွ ပျော်ရွှင်နေသော သမီးငယ်လေးကို ကြည့်ပြီး ပီတိဖြစ်နေခဲ့သည်။ သူမတို့သမီးလေးသည် ယခုလိုမှ အရွယ်ရောက်လာပါ့မလား၊ ဦးနှောက်အသိဥာဏ်မှ ဖွံ့ဖြိုးပါ့မလားဟူ၍ ခြောက်အိပ်မက် မက်ခဲ့ရသော နေ့ရက်များမှ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် သမီးလေးမှာ လက်ခုပ်တီးနေရာမှ ရပ်လိုက်ပြီး နှာခေါင်းလေးကို ရှုံ့ပွ ရှုံ့ပွလုပ်ရင်း လေထဲမှာ အနံ့ခံနေတော့သည်။ ပြီးနောက် ဒိုင်ယာနာလက်မောင်းကို ဖက်လိုက်ပြီး “မေမေ.. မေမေ့နှာခေါင်းမှာ အနံ့တစ်ခုခု မရဘူးလားဟင်။”  ဟု သူမကို မေးလေသည်။ သူမကလည်း သမီးလုပ်သကဲ့သို့ နှာခေါင်းထဲသို့ လေကို ရှုသွင်းလိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ ရုတ်တရက်တော့ သူမ ဘာအနံ့ကိုမှ မခံစားမိပေ။ သို့သော်  ခဏတွင် သူမ သိလိုက်သည်။ မိုးသားတိမ်ရိပ် မရှိပါဘဲနှင့်လေထဲတွင် နှစ်သက်စဖွယ် အနံ့တစ်မျိုးလေး ရနေသည်။ ထိုအနံ့သည် မိုးရွာတော့မည့် မိုးနံ့သာဖြစ်လေသည်။ နွေဦးမိုး ရွာလေတော့မည်။  “မေမေ အနံ့ရလားဟင် ” ဟု သမီးလေးက  ပြန်မေးသောအခါ ဒိုင်ယာနာ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ “ရတာပေါ့ သမီးရဲ့ မိုးရွာတော့မဲ့ အနံ့လေ။ မိုးနံ့ပေါ့” ဟု ပြန်ပြောလိုက်လေသည်။ သမီးလေး အဲန်နီက ခေါင်းကို အသာအယာညိတ်လိုက်ပြီး “ဟုတ်တယ်မေမေ.. မိုးနံ့ ရနေပြီ။ ပတ်ဝန်းကျင်ကို အေးမြလန်းဆန်းစေနိုင်တဲ့ အဲဒီအနံ့ကို သမီးတော့ မေမေ့ရဲ့ မေတ္တာနံ့လို့ တင်စားချင်တယ်။ ဘာလို့လဲဆိုတော့ မေမေရဲ့ မေတ္တာက  သန့်စင်တယ်။ အေးမြတယ် တကယ်တမ်းတော့ သမီးအသက်ရှင်သန်ခွင့်ရတာဟာလည်း ပြင်းပြတဲ့ မေမေရဲ့ မေတ္တာစိတ်ကြောင့်ပါ။ အခုရတဲ့ မိုးနံ့ကလည်း အေးအေးလေးနဲ့ သန့်စင်နေတယ်လေ။ ဒီတော့ အဲဒီ မိုးနံ့က မေမေရဲ့ မေတ္တရနံ့နဲ့ တူနေတာပေါ့ မေမေရဲ့”။
ပြုံးပြုံးလေး ပြောနေသော သမီးလေး အဲန်နီရဲ့ စကားသံက သူမရင်ထဲ အေးမြလန်းဆန်းလို့ သွားစေခဲ့သည်။ လေ့ကျင့်ခန်းပြီးဆုံး၍ ခပ်လှမ်းလှမ်းမှ လက်ပြကာ သူမတို့ ရှိရာဘက်သို့ လျှောက်လှမ်းလာနေသော သားလေး ဘရိုင်ယန်၏ အပြုံးကလေးကလည်း သူမကို ကြည်လင် ရွှင်လန်းစေနိုင်သည်သာလေ။ အိုး.. မကြာခင်ရွာတော့မည့် မိုးရနံ့သည်လည်း သူမ ချစ်သော သားသမီးတို့၏ မေတ္တာရနံ့နှင့် အတူတူသာ ဖြစ်သည်ဟု သူမ ထင်ပါသည်။ မေတ္တာရနံ့တို့မည်သည် အေးမြစေသော သဘောရှိသည် မဟုတ်လားနော်။ အနားသို့ ရောက်လာသော သားနှင့် သမီးကို ပွေ့ပိုက်လိုက်ရင်း သူမရင်ထဲတွင်တော့ ကြည်နူးပီတိအဟုန်တို့ကြောင့် အေးမြလန်းဆန်းကာ ငြိမ့်ငြိမ့်ညင်သာလေး ခံစားနေမိရတော့သည်။

Stephen ရဲ့ The smell of rain ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။


Image Hosted by PicturePush - Photo Sharing

ယောက္ခမအတွက် အဆိပ်ခွက်



သူမနံမည်က လီလီ..

အိမ်ထောင်ကျပြီး ယောင်နောက်ဆံထုံးပါကာ ယောက်ျားဖြစ်သူနဲ့ အတူနေဖို့ မောင့်တစ်မျက်နှာ တစ်ရွာထင်ပြီး လိုက်ပါလာခဲ့သူ ဖြစ်သည်။ သူမသည် ယောက်ျားအိမ် ရောက်သည့်အခါတွင်တော့ ယောက်ျားဖြစ်သူ၏ မိခင်နှင့် ရင်ဆိုင်ရတော့သည်။ လီလီနှင့် ယောက္ခမဖြစ်သူတို့မှာ ဘယ်နေရာမှ အကြိုက်ချင်း မတူသလို အကျင့်စရိုက်ချင်းကလည်း ခြားနားကြသည့်အတွက် မကြာခဏ အငြင်းပွားရသလို စကားများရသည်မှာ အမြဲလိုလို   ဖြစ်သည်။ ဒေါသကြီးသော လီလီကလည်း ယောက္ခမဖြစ်သူကို ဘယ်တော့မှ သည်းမခံ၊ ပြန်ပြော၊ ပြန်အော်ရင်း သူမရောက်လာပြီးကမှ ထိုအိမ်သည် နေ့စဉ်နေ့တိုင်း ယောက္ခမနှင့်ချွေးမ ရန်ပွဲများ တစ်ချိန်းချိန်း ဖြစ်နေရလေတော့သည်။ မိခင်ဖြစ်သူကိုလည်း မပြောရဲ၊ မိန်းမဖြစ်သူကိုလည်း ပြော၍မနိုင်သော လီလီ့ယောက်ျားခမျာ နေ့စဉ်နှင့်အမျှ မိခင်နှင့်မိန်းမကြား စိတ်ဆင်းရဲ သောကများ ရလေတော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာတိုင်း ယောက္ခမအပေါ် အမြင်မကြည်လင်မှု၊ စိတ်ဆိုးဒေါသထွက်မှုတို့က လျော့ပါးသွားသည် မရှိဘဲ ပိုတိုးတိုးလာပြီး နောက်ဆုံးမှာတော့ သူမ၏ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်လွန်သွား တော့သည်။  ယောက္ခမဖြစ်သူနှင့် ရေရှည် ဆက်ပြီး နေထိုင်ဖို့လည်း သူမအတွက် မည်သို့မျှ ဖြစ်နိုင်တော့မည်မဟုတ်ဟု တွေးမိကာ ယောက္ခမကို တစ်ခုခု လုပ်ရန် ကြံစည်မိသည် အထိ တူးတူးခါးခါး မုန်းတီးမိလေတော့သည်။ ထို့နောက် လီလီသည် ဆုံးဖြတ်ချက်တစ်ခုကို ချကာ သူမဖခင်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော တိုင်းရင်းပရဆေးများ ရောင်းချသူထံ သွားရောက်ကာ သူမ၏ ယောက္ခမအကြောင်းကို ပြောပြပြီး ယောက္ခမနှင့် နေရသော အခြေအနေကို မခံစားနိုင်တော့သောကြောင့် ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အဆိပ်ပြင်းသော ဆေးတစ်မျိုး ရောင်းပေးပါရန် အကူအညီ တောင်းလေတော့သည်။

လီလီဖခင်၏ သူငယ်ချင်းဖြစ်သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် “ ကောင်းပြီ။ သမီး သမီးအဖေရဲ့ မျက်နှာကို ထောက်ပြီး သမီးလိုချင်တဲ့ ဆေးမျိုး ဦးလေး ပေးလိုက်မယ်.. ဒါပေမဲ့ သမီးက ဦးလေးပြောစကားကို နားထောင်ပါ၊ ဦးလေး ခိုင်းတဲ့အတိုင်း သမီး သေချာလုပ်ပါ။ အဲဒီလိုလုပ်မယ်လို့ ကတိပေးမှ သမီးလိုချင်တဲ့ ဆေးကို ဦးလေး ပေးမယ် ” ဟူ၍ လီလီကို ပြောလိုက်လျှင် “အို ဟုတ်ကဲ့ ဒီဆေးသာရမယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်မ နားထောင်ပါ့မယ်။ ဦးလေး ခိုင်းတဲ့အတိုင်း သေချာလုပ်ပါ့မယ် ” ဟုလီလီက ၀မ်းသာအားရ ပြန်ပြောလိုက်ပါတော့သည်။

ဆေးဆိုင်ပိုင်ရှင်သည် အိမ်နောက်ဖက်သို့ ၀င်သွားကာ သူပြန်ထွက်အလာတွင် အထုပ်လေးတစ်ထုပ်ကို လက်က ကိုင်လာသည်။ ထို့နောက် လီလီ့ကို “တကယ်လို့  ချက်ခြင်း အစွမ်းပြတဲ့ အဆိပ်ကို သမီးက သုံးလိုက်လို့ သမီးရဲ့ယောက္ခမ ဆုံးသွားခဲ့ရင် လူတွေက သမီးကို သံသယ ဖြစ်ကြလိမ့်မယ်။ ဒီတော့ ဦးလေးက သမီးကို ဆေးတစ်မျိုး ပေးလိုက်မယ်။ အဲဒီဆေးကို  သမီးယောက္ခမ စားမဲ့ ထမင်းဟင်းထဲကို သူမသိအောင် နည်းနည်းချင်း ထည့်ကျွေးရမယ်။ ဆေးထဲမှာပါဝင်တဲ့ အဆိပ်ရဲ့ အစွမ်းက ချက်ခြင်းမပြဘဲ ဖြေးဖြေးချင်းမှ ပြလိမ့်မယ်။ နောက်တစ်ခုက အခုကတည်းက သမီးဟာ ယောက္ခမနဲ့ တည့်တဲ့သူ၊ ယောက္ခမနဲ့ အဆင်ပြေတဲ့သူအဖြစ် ဘေးပတ်ဝန်းကျင်က ထင်အောင် နေရမယ်. ဒီလိုဆို အချိန်နည်းနည်း ကြာတဲ့အခါ  ဒီအဆိပ်ကြောင့်  သမီးယောက္ခမ ဆုံးသွားရင်တောင် လူတွေက သမီးကို သံသယဖြစ်တော့မှာ မဟုတ်ဘူး။ ယောက္ခမနဲ့ ရန်ဖြစ်တာ အငြင်းအခုန် ဖြစ်တာမျိုးကို မလုပ်ပါနဲ့။ သူ့ကို ဂရုတစိုက် ကျွေးမွေးပြုစုတယ်လို့ လူတွေ မြင်အောင် သမီးနေထိုင်ပြရမယ်။ ကိုယ့်မိဘကို လုပ်ကျွေး သလိုမျိုး သူ့ကို ကျွေးမွေးပါ။ သူ့ပြောစကားတွေ သမီးနားထောင်ပြပါ။ ယောက္ခမကို ရိုလေလေးစားတဲ့ ချွေးမ တစ်ယောက်လို နေထိုင်ပါ။ ဒါဟာ သမီးဆန္ဒတွေ ပြည့်ဝဖို့အတွက် သည်းခံရမှာ ဖြစ်တယ်.. ဘယ်လိုလဲ ဦးလေး ပြောတဲ့အတိုင်း သမီး လုပ်နိုင်ပါ့မလား” ဟု ပြောလေသည်။

လီလီသည် သူမဖခင်၏ သူငယ်ချင်းအား ကတိအထပ်ထပ်ပေးကာ ကျေးဇူးစကားဆိုရင်း ဆေးထုပ်ကို ယူ၍ ဆေးဆိုင်မှ ပျော်ရွှင်စွာ ပြန်လာခဲ့ပါတော့သည်။ သူမ၏ အိမ်အပြန်လမ်းတွင်တော့ ယောက္ခမမရှိတော့သည့် အိမ်ကလေးတွင် သူမနှင့် သူမယောက်ျားတို့ နှစ်ယောက်တည်း ပျော်ရွှင်ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ နေခွင့်ရတော့မည့်အရေးကို  စိတ်ကူးလေး ယဉ်ကာ သီချင်းလေး တညည်းညည်းဖြင့် လိပ်ပြာလေးတစ်ကောင်ပမာ သူမစိတ်တွေ ၀ဲပျံမြူးတူးနေကာ ခြေလှမ်းတွေ သွက်လက်နေတော့သည်။

ထိုနေ့မှ စကာ လီလီသည် ယောက္ခမအား လုပ်ကြံရန် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလေတော့သည်။  ယောက္ခမအတွက် ထမင်းဟင်းကိုလည်း သူမကိုယ်တိုင် ပြင်ဆင် ခူးခပ်ကာ ယူလာသော အဆိပ်ဆေးကို နည်းနည်းချင်း ဟင်းထဲထည့်ကာ  ကျွေးမွေးလေသည်။ ယောက္ခမဖြစ်သူအားလည်း ယခင်ကနှင့်မတူ ချိုသာသိမ်မွေ့စွာ ဆက်ဆံသလို၊ ယောက္ခမက ဆူပူလျှင်လည်း သူမ၏ဒေါသတို့ကို မြိုသိပ်ကာ ဘာမှ ပြန်မပြောဖြစ်အောင် ကြိုးစားထိန်းချုပ်လေသည်။ လီလီက သည်းခံလိုက်သဖြင့် အိမ်တွင် ယခင်က အမြဲဖြစ်နေကျ ချွေးမနှင့် ယောက္ခမ ရန်ပွဲမှာ ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားကာ အခြေအနေများ ပြောင်းလဲ လာရလေတော့သည်။ ထိုသို့ ပြောင်းလဲလာသော အခြေအနေကို သူမ ယောက္ခမနှင့် ယောက်ျားဖြစ်သူတို့က အံ့အားသင့်နေကြသလို ဘာမှမသိရှာသော ယောက်ျားဖြစ်သူကတော့ ပျော်ရွှင် စိတ်ချမ်းသာနေခဲ့လေသည်။

လီလီသည် ယောက္ခမအား အဆိပ်ခတ်ထားသော ဟင်းခွက်များကို တစ်ရက်ပြီးတစ်ရက် ကျွေးမွေးကာ အခြေအနေကို စောင့်ကြည့်နေခဲ့သလို  ယောက္ခမ ဖြစ်သူမှာလည်း သူ့အပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ဂရုတစိုက် ကျွေးမွေးပြုစုပြီး၊ သူ့ စကားလည်း နားထောင်လာသော ချွေးမဖြစ်သူအပေါ် တဖြေးဖြေး သဘောထား ပြောင်းလဲကာ ပြန်လည် နွေးထွေးစွာ ဆက်ဆံလာလေသည်။ အလွန် ဒေါသကြီးသော လီလီမှာ သူမ၏ ဒေါသများကိုလည်း ထိန်းချုပ်လာနိုင်စွမ်း ရှိလာကာ၊ ယောက္ခမအပေါ် သည်းခံစိတ်များ မှာလည်း ယခင်ကထက် ပိုမို ထားရှိလာနိုင်သည်ကို တွေ့ရလေသည်။ သူမအပေါ် ပြောင်းလဲဆက်ဆံလာသော ယောက္ခမအားလည်း ရင်ထဲက လေးနက်စွာ ပြန်လည် ချစ်ခင်စိတ်များ ဖြစ်ပေါ်လာရလေတော့သည်။

ရက်ကိုလစား၍ အချိန် အနည်းငယ် ကြာပြီးနောက်တွင်တော့ လီလီ့ယောက္ခမကြီးသည် အိမ်အလည်လာသော သူမ၏ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများအား လီလီသည် အလွန် ကြင်နာပြီး သဘောကောင်းသော ချွေးမဖြစ်၍ သူမကို မိခင်သဖွယ်ပြုစုသူ ဖြစ်ကြောင်း၊  ချွေးမပင် ဖြစ်သော်လည်း သမီးရင်းကဲ့သို့ပင် အားကိုးရကြောင်း၊ သူမကလည်း လီလီကို သမီးတစ်ယောက်လို ချစ်ခင်ကြောင်း စသဖြင့် လီလီ ကောင်းကြောင်း များကို အမြဲတမ်း ပြောလေ့ ရှိလာသည်။ လီလီကိုယ်တိုင်မှာလည်း ယောက္ခမအပေါ်တွင် အကောင်းမြင်လာကာ စိတ်ရင်းအတိုင်း စိတ်ပါလက်ပါ ကျွေးမွေးပြုစုလာသလို မိခင်ရင်းကဲ့သို့ သံယောဇဉ်လဲ ဖြစ်မိလေတော့သည်။ လီလီတို့အိမ်သည် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသကဲ့သို့ မေတ္တာတရား အပြန်အလှန် သက်ရောက်ရင်း ပျော်ရွှင်သာယာ ချမ်းမြေ့သော မိသားစုလေးတစ်ခု ဖြစ်နေခဲ့လေပြီ။

ထိုချိန်တွင် လီလီသည် စိုးရိမ်တကြီး ဖြစ်လာရသည်က သူမ နေ့စဉ်တိုက်ကျွေးခဲ့သော အဆိပ်ဆေးမြစ်များကြောင့် သူယောက္ခမ တစ်ခုခုဖြစ်မှာကို ပူပင်လာမိတော့သည်။ ထို့ကြောင့် ဆေးမြစ်များ ပေးလိုက်သော သူမ ဖခင်၏ သူငယ်ချင်းထံသို့ အပြေးအလွှား သွားရောက်ကာ “ဦးလေး ကယ်ပါဦး  ဦးလေးရယ်။ ဦးလေးပေးလိုက်တဲ့ ဆေးရဲ့ အဆိပ်တွေ ကျွန်မ ယောက္ခမကို ကျွေးလာတာ ကြာပြီ။ ကျွန်မယောက္ခမတော့ မကြာခင် သေတော့မယ် ထင်ပါတယ်။ အခု ကျွန်မအပေါ် သူ စိတ်သဘောထား ပြောင်းလဲလာပြီ။ ကျွန်မကိုလဲ သူ့သမီးအရင်းလို ချစ်ပြီး ကျွန်မကလည်း အမေအရင်း တစ်ယောက်လို သံယောဇဉ် ဖြစ်နေမိပါပြီ။ ဒါကြောင့် သူ့ကို မသေစေချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မကျွေးလာတဲ့ အဆိပ်တွေက အတော်များနေပြီထင်တယ်.. ဘယ်လိုလုပ်ရမလဲ ဦးလေးရယ်.. ကယ်ပါဦးနော် ” ဟူ၍ စိုးရိမ်ပူပန်စွာနှင့် ပြောမိပါတော့သည်။

ထိုအခါ ဆေးဆိုင်ပိုင်ရှင်က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီးနောက် “ သမီး လီလီ ဘာမှ စိတ်မပူပါနဲ့။ ဦးလေးက သမီးကို အဆိပ်ဆေး ပေးလိုက်တာ မဟုတ်ပါဘူးကွယ်။ အဲဒီဆေးဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အားဆေး သက်သက်ပါ။ တကယ်တမ်းတော့ အဆိပ်ဆိုတာ သမီးရဲ့ ကိုယ်ထဲက ယောက္ခမကို မုန်းတဲ့အမုန်းတွေပါ။ ခုတော့ သမီး ရင်ထဲမှာ  အမုန်းတွေလဲ မရှိတော့တဲ့အတွက် အမုန်းတွေအစား အချစ်တွေ ၀င်ရောက်လာခဲ့ပြီ မဟုတ်လား။ အရင်ကတည်းက ယောက္ခမအပေါ်ထားတဲ့ သမီးရင်ထဲက  အဆိပ် ဆိုတဲ့ အမုန်းတွေကို ဖယ်ထုတ်ပါလို့ ဦးလေးက  ပြောလိုက်ရင် သမီး လွယ်လွယ်ကူကူ ဖယ်ထုတ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိလို့ ဆေးတွေကို အဆိပ်ပါလို့ ပြောပြီး သမီးစိတ်တွေ သူ့အပေါ် တဖြေးဖြေး ပြောင်းလဲနိုင်မဲ့ နည်းကို သုံးလိုက်ရတာပါ။ ဆေးအတွက် သမီး ဘာမှ စိတ်ပူပန်နေစရာ မလိုပါဘူး။ အန္တရာယ်လဲ မဖြစ်နိုင်ပါဘူး။ ကဲ ခုချိန်က စပြီး သမီး ရင်ထဲမှာ အဆိပ်ဆိုတဲ့ အမုန်းတွေ မရှိတော့တာမို့ သမီးတို့ မိသားစု အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်း သာသာနဲ့ နေနိုင်ပါပြီကွယ်” ဟု ပြန်ပြောလိုက်ပါတော့သည်။


~~~~~~~~~@@@~~~~~~~~~


ထိုပုံပြင်လေးအတွက်တော့ လူတိုင်းကြားဖူးနေကျ ဆိုရိုးဟောင်းလေးတစ်ခုကိုသာ ဆိုချင်ပါသည်။ “မေတ္တာဟူသည် အလျားအနံမရှိသော်လည်း အသွားအပြန် ရှိစမြဲဖြစ်သည်” သင်မုန်းနေသော လူတစ်ယောက်အား အမုန်းတရားဖြင့် မကြည့်ဘဲ ချစ်ခင်သော မျက်စိဖြင့် ကြည့်နိုင်အောင် ကြိုးစားမည်ဆိုပါက သင့်ရင်ထဲက အမုန်းဆိပ်များ လွင့်ပြယ်သွားမည် ဖြစ်လေသည်။


Li Li and her Mother- in- law ( Unknown Author) ကို ဘာသာပြန်ရေးဖွဲ့ပါသည်။ ဖတ်ဖူးပြီးသား ဖြစ်ခဲ့ပါက တိုက်ဆိုင်မှုအတွက် ခွင့်လွှတ်ပေးပါရန် ပန်ကြားပါသည်။

နွားနို့တစ်ခွက်...


သူက အမိအဖမရှိ တစ်ကောင်ကြွက်..

ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေရသူတစ်ယောက်လည်း ဖြစ်သေးရဲ့။ ကျောင်းစရိတ် ကူညီထောက်ပံ့သူ မရှိတဲ့အတွက် ပညာတတ် ဖြစ်ချင်လွန်းသောစိတ်ဖြင့် မီးဖိုချောင်သုံး အသေးအမွှားပစ္စည်းတွေ၊ ငရုပ်၊ကြက်သွန် စတဲ့ ဟင်းသီးဟင်းရွက် လေးတွေကို အိမ်ပေါက်စေ့ လိုက်လံ ရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ပင်ပန်းဆင်းရဲလွန်းတဲ့ဘ၀ပါ။ ရသမျှငွေလေးကို ကျောင်းစရိတ်အတွက် ချွေတာ စုဆောင်း နေရတာနဲ့ အစားအသောက်ကို ခြိုးခြံချွေတာပြီး မစားရက်မသောက်ရက် ဖြစ်နေတတ်ခဲ့တယ်။


တစ်နေ့မှာတော့… အဲဒီလို ဈေးလိုက်ရောင်းရင်း သူ့ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေခဲ့ပါတယ်။ ခြေလှမ်းတွေတောင် ဆက်ပြီးလှမ်းဖို့ သူ့မှာ အင်အား မရှိသလောက် ဖြစ်နေရပါပြီ။ လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်..  ဒီငွေလေးဟာလည်း အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေ ပမာဏ မဟုတ်တော့ပါဘူး…. ဒါကြောင့်  သူဆုံးဖြတ်လိုက်တာက နောက်တစ်အိမ်မှာတော့ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ပါ။ ဒါပေမဲ့လည်း သူခေါက်လိုက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ ရှက်ရွံ့စိတ်နဲ့ သူ  တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒီတော့ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေလို့သာ သူ့နှုတ်က  ထွက်သွားခဲ့မိတော့တယ်။ သို့ပေမဲ့ ပါးနပ်တဲ့ မိန်းမပျိုလေးက သူ့ကြည့်ရတာ သိပ်ဆာနေပုံရတယ်လို့ တွေးလိုက်မိပြီး နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်.. ကောင်လေးက နွားနို့ခွက်ကို ဖြေးညင်းစွာ သောက်ရင်းက  သူမလေးကို မေးလိုက်ပါတယ်….

“ဒီနွားနို့အတွက် ငွေဘယ်လောက်ကျပါသလဲ ခင်ဗျာ” လို့…

သူ့အမေးကို မိန်းကလေးက ပြန်ဖြေပါတယ်…   

“နွားနို့က ကျွန်မ စေတနာနဲ့ တိုက်တာပါ။ အဲဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး။ ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ  အတွက် တန်ဖိုးအဖြစ် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက်မခံဖို့  ကျွန်မကို သင်ပေးထားပါတယ် ”

“အိုး… ဒီလိုဆိုရင်ဖြင့် ဒီနွားနို့တစ်ခွက်အတွက် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… ခင်ဗျာ။ ကျွန်တော် သိပ်ကိုဆာနေခဲ့တာပါ ”  လို့ သူ ကျေးဇူးတင်လွန်းစွာ ပြန်ပြောလိုက်မိပါတယ်။


နွားနို့တစ်ခွက်ကုန်အောင် သောက်လို့ပြီးတာနဲ့ အားအင်ပြည့်ဝစွာနဲ့ အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်… ဒီနွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ ခွန်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက်လာတယ်လို့ သူယုံကြည်လာတယ်.. လောကကြီးမှာ သူ့ကို နွားနို့တစ်ခွက် တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲစွာ ရုန်းကန်နေရတဲ့ သူ့ဘ၀ကြီးကို တခါတခါ စိတ်ကုန်မိပြီး လောကကြီးကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်..  ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ။


နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်။ အဲဒီမြို့က ဆရာဝန်တွေဟာ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေပြီး မိန်းခလေးရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုဆိုးဆိုးလာပါတယ်။ နောက်ဆုံးတော့ မြို့တော်က ဆေးရုံကြီးတစ်ရုံမှာ အခု မိန်းခလေးမှာ ဖြစ်နေတဲ့ ရောဂါမျိုးတွေကို ကုသရာမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိကြောင်းနဲ့ ထိုဆရာဝန်ကို သွားတွေ့ပြီး ကုသမှု ခံယူသ့င်ကြောင်း သူမကို ကုနေတဲ့ ဆရာဝန်တွေက တိုက်တွန်းတာနဲ့ မိန်းခလေးရဲ့ မိဘတွေက သူမကို ဆေးကုသခံဖို့ မြို့တော်ကြီးကို ခေါ်ဆောင်လာပါတယ်…  ဆေးရုံကြီးဆီရောက်လို့ သူမ မိဘတွေက ဆရာဝန်ကြီးနဲ့တွေ့ပြီး လူနာအကြောင်း ပြောပြတဲ့အချိန်မှာတော့ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ  ကြားလိုက်ရော    ဆရာဝန်ကြီးရဲ့ မျက်နှာနဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်မှုတစ်ချို့ ပေါ်လာပါတယ်။ ချက်ခြင်းပဲ ဆရာဝန်ကြီးက ထိုင်နေရာကနေ အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျော ၀င်ရောက်သွားပါတယ်။ ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာမိန်းကလေးကို သွားကြည့်ပါတယ်။ ဒီမှာတင်ဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

တွက်ချက်မထားသော တန်ဖိုး

စကားလုံးတွေနဲ့ သိုင်းဝိုင်းတန်ဆာ ဆင်မထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ချစ်စွာသော မိတ်ဆွေများကို ဖော်ပြပေးချင်ပါတယ်… အောက်က ပုံလေးတွေနဲ့သာ စာတစ်လုံး စကားတစ်ခွန်းမှမပါဘဲ ခံစားကြည့်နိုင်ပါတယ်ရှင်…












အရေးတကြီး လုပ်ရမဲ့အလုပ်



ဆီယာတယ်ကနေ ဒါးလက်စ်ကို နောက်ဆုံးထွက်မဲ့ လေယာဉ်ပေါ်မှာ ကျွန်မ ရောက်ရှိလို့နေပါတယ်.. ခုံတစ်ခုံမှာ နေရာယူပြီးတဲ့နောက် လေယာဉ် ပျံသန်းချိန်အတွင်း လုပ်ရမဲ့ အလုပ်တွေအတွက် ကျွန်မရဲ့ လက်ပ်တော့လေးကို  ပေါင်ပေါ်တင်ကာ ဖွင့်ဖို့ လုပ်နေမိပါတယ်။ အဲဒီချိန်မှာ လေယာဉ်ပေါ်ကို ကလေးသုံးယောက်နဲ့ အမျိုးသမီး တစ်ယောက်တို့ဟာ ဆူညံလှုပ်ခတ်စွာ တက်ရောက်လာပါတယ်.. သူတို့ကို ကြည့်ပြီး  ကျွန်မထိုင်နေတဲ့ ခုံအနီးတစ်ဝိုက်မှာ လာမထိုင်ဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိတယ်.. ဒါပေမဲ့ ဆုတောင်းက မပြည့်ပါဘူး။ အမျိုးသမီးနဲ့ လေးနှစ်အရွယ် ကလေးငယ်လေးတို့ဟာ ကျွန်မနောက်က ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ ၁၃နှစ်အရွယ် ကလေးမလေးနဲ့ ၁၁နှစ်အရွယ် ချာတိတ်လေးတို့ကတော့ ကျွန်မဘေးခုံမှာ ၀င်ထိုင်လိုက်ကြပါတယ်.. ထိုင်ပြီးတာနဲ့ တပြိုင်နက် သူတို့နှစ်ယောက်ဟာ စကားတွေ အပြန်အလှန်ပြောရင်း အငြင်းပွားနေပြီး ယောက်ျားလေးဟာ အငြိမ်မနေဘဲ ခုံပေါ်မှာ တွယ်တက်လိုက်၊ ခုန်ဆင်းလိုက် လုပ်နေပါတော့တယ်။ တခါတခါ ထိုင်ခုံကို ဆောင့်ကန်တာမျိုးတောင် လုပ်နေပါသေးတယ်..

ပြီးတော့လည်း လေယာဉ်ထွက်ပြီး မကြာခင်မှာဘဲ ကောင်လေးဟာ သူရဲ့ အစ်မဖြစ်သူကို “မမ.. လေယာဉ်က အခု ဘယ်ရောက်နေပြီလဲ” ဆိုတဲ့ မေးခွန်းကို မိနစ်အနည်းငယ် ကြာတိုင်းမှာ မေးခွန်းထုတ်ပါတော့တယ်.. သူမေးတိုင်းလည်း သူ့အစ်မ ဖြစ်သူ ကောင်မလေးက “ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း… ငါလဲ ဘယ်သိမှာလဲ” လို့ စိတ်မရှည်သံ၊ မာကြောသံဖြင့် ပြန်ပြောပြီး မှုန်ကုပ်ကုပ်နဲ့ ထိုင်နေပါတယ်.. ဒါပေမဲ့ ချာတိတ်လေးဟာ အငြိမ်လည်း မနေသလို၊ အလျှော့မပေးဘဲ မိနစ် အနည်းငယ်ကြာတိုင်း အဲဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေပါတယ်။ သူတို့ ၂ယောက်က ဆူရတဲ့အထဲမှာ အနောက်က ကလေးလည်း ငိုယိုနေပါတော့တယ်. အမျိုးသမီးကတော့ အင်မတန်မှ ညိုးနွမ်း စိတ်အားငယ်နေတဲ့ ပုံစံနဲ့ ကလေးငယ်ကို ချော့မော့နေပေမဲ့ အားရှိပုံ မရပါဘူး။ သူတို့ကို ကြည့်ပြီး ကျွန်မမှာ စိတ်တွေရှုပ်၊ ခေါင်းတွေလည်း မူးနောက်လာသလို ခံစားရပါတော့တယ်။

“ကလေးတွေဟာ ဘာမှ နားလည်မှုကို မရှိကြဘူး။ တကယ့် လူဆိုးလေးတွေပဲ..” စိတ်ပေါက်ပေါက်နဲ့ ကျွန်မ တွေးမိပါတယ်။ လေယာဉ်ပေါ်မှာ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အလုပ်ကိစ္စတွေလည်း  ကြက်ပျောက်၊ ငှက်ပျောက် အကုန် ပျောက်ကုန်ပါတော့တယ်။ စိတ်တိုတိုနဲ့ တွေးနေမိတုန်းမှာ ဘေးနားက ချာတိတ်လေးဆီက သူ့အစ်မကို မေးတဲ့  “မမ… ငါတို့တွေ အခု ဘယ်နေရာ ရောက်နေပြီလဲ ” ဆိုတဲ့ မေးခွန်းက ထွက်လာပြန်ပါတယ်..

အမှတ်တရ အ၀ါရောင်နှင်းဆီ



ကျွန်မဟာ ဘာဝယ်မယ်ဆိုတဲ့ မယ်မယ်ရရ စိတ်ကူး ရည်ရွယ်ချက် မရှိပါဘဲနဲ့ အသီးအရွက်တွေ၊ စားသောက်ကုန်တွေ ရောင်းတဲ့ စတိုးဆိုင်လေးထဲကို ရောက်လာခဲ့ပါတယ်.. တစ်ခုခု ဖွယ်ဖွယ်ရာရာ ချက်စားချင်တဲ့ စိတ်လည်း ကျွန်မမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မ ဒီဆိုင်လေးထဲကို ၀င်ရောက်လာခဲ့မိပါတယ်.. ဘာလို့လဲဆိုတော့ ဒီဆိုင်လေးထဲမှာ ကျွန်မအတွက် အမှတ်ရစရာတွေ ရှိနေလို့ပါဘဲ… ဒီဆိုင်လေးကို ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ အမြဲတမ်း အတူလာလေ့ ရှိပြီး အသီးအရွက်တွေ၊ စားသောက်ကုန်တွေ ၀ယ်လေ့ရှိကြတယ်လေ… ခုတော့ ကျွန်မ တစ်ယောက်တည်းပါ။ သူ မပါတော့ပါဘူး.. မပါတော့ဘူးဆိုတာထက် သူဟာ ကျွန်မနဲ့အတူ ဘယ်ကိုမှလည်း မလိုက်ပါနိုင်တော့ပါဘူး.. လွန်ခဲ့တဲ့သုံးလလောက်ကဘဲ.. သူ… ကျွန်မခင်ပွန်း ဆုံးသွားခဲ့ပါပြီ။ အသက် ၃၇နှစ်ဆိုတာ တကယ်တမ်းတော့ လူ့လောကကြီးထဲက ထွက်ခွာဖို့ စောလွန်းပါသေးတယ်.. ဒါပေမဲ့ သူဟာ ကျွန်မကိုထားရစ်ခဲ့ပြီး ထွက်ခွာသွားခဲ့ပါပြီ။ ခုတော့ ကျွန်မတစ်ယောက်တည်း အထီးကျန်ခြင်းဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကို လေးလံစွာ သယ်ပိုးထားရသူတစ်ယောက် ဖြစ်လို့နေခဲ့ပါတယ်။

ဒီဆိုင်လေးထဲ ကျွန်မတို့၂ယောက် အတူတူ ဈေးလာဝယ်တိုင်း ကျွန်မခင်ပွန်းဟာ ကျွန်မအတွက် အ၀ါရောင် နှင်းဆီပန်းလေး သုံးပွင့်ကို အမြဲတမ်း ၀ယ်ပေးလေ့ရှိပါတယ်.. ပန်းတွေထဲမှာ ကျွန်မက နှင်းဆီပန်းကို အကြိုက်ဆုံးဖြစ်သလို အ၀ါရောင်နှင်းဆီကို အခြားအရောင်တွေထက်လည်း အနှစ်ခြိုက်ဆုံး ဖြစ်ပါတယ်.. ဒါကို သူလည်း သိပါတယ်. ဒါကြောင့်လည်း သူဟာ ကျွန်မအတွက် အ၀ါရောင် နှင်းဆီလေးကို အမြဲ ၀ယ်ပေးတတ်တာပါ။ ခုတော့ နှင်းဆီအ၀ါရောင်လေး ၀ယ်ပေးမဲ့ သူက ကျွန်မအနားမှာ မရှိတော့ပါဘူး။ စတိုးဆိုင်လေးထဲ လှည့်ပတ်ကြည့်နေရင်း ပန်းတွေရောင်းတဲ့ နေရာကိုရောက်တော့ လှပလန်းဆန်းနေတဲ့ အ၀ါရောင် နှင်းဆီတွေကို ငေးခနဲကြည့်မိရင်း ကျွန်မ ရင်ဘတ် တစ်နေရာက စူးစူးနင့်နင့် နာကျင်လို့ လာပါတော့တယ်.. အတိတ်ရဲ့ အရိပ်တွေက ကျွန်မကို အသစ်ပြန်ဖြစ်စေခဲ့ပြီ။ ဒါကြောင့်လည်း တစ်ခုခုဝယ်ပြီးတော့ ဆိုင်ထဲက အမြန်ဆုံး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။

အသားတွေ ရောင်းတဲ့အတန်းဘက်ကို လျှောက်လာမိတော့ သူကြိုက်တတ်တဲ့ ၀က်ပေါင်ခြောက်တွေကို မြင်လိုက်စဉ်မှာ သူ့ကို ပိုပြီး သတိရသွားစေခဲ့ပါတယ်. ဘာလို့ဆို ကျွန်မခင်ပွန်းက ၀က်ပေါင်ခြောက် သိပ်ကြိုက်တတ်သူပါ။ ခုနေ သူ့ကို ၀က်ပေါင်ခြောက်လေး ကျွေးချင်ပေမဲ့ သူ မစားနိုင်တော့ပါဘူး။ အသားတွေ စီထားတဲ့ အတန်းရှေ့မှာ ခဏရပ်နေရင်း ငေးကြည့်မိနေတုန်းမှာ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် အစိမ်းရောင်ဝတ်စုံလေးနဲ့ ချစ်စဖွယ် အမျိုးသမီးလေးတစ်ယောက်ဟာ အမဲသားကောင်းကောင်း တစ်ထုပ်ကို ရွေးယူလိုက်ပြီး သူ့တွန်းလာတဲ့ ဈေးဝယ်တွန်းလှည်းလေးရဲ့ ခြင်းထဲကို တွန့်ဆုတ်ဆုတ်နဲ့ ထည့်လိုက်ပါတယ်.. ပြီးတော့ ခြေလှမ်းတစ်လှမ်းတောင် မလှမ်းရသေးခင်မှာဘဲ အမဲသားထုပ်ကို ခြင်းထဲက ပြန်ထုတ်ပြီး မူလနေရာမှာ ထားလိုက်ပြန်ပါတယ်.. ပြီးတော့တစ်ခါ ပြန်ကောက်ကိုင်ပြန်ပါတယ်.. သူမဟာ အမဲသားကို ၀ယ်ချင်ပုံလည်း ရပါတယ်. ပြီးတော့ ချီတုံချတုံလည်း ဖြစ်နေပုံရပါတယ်..

ထို့နောက်တော့ သူ့ကို ကြည့်နေတဲ့ ကျွန်မကို မြင်တွေ့သွားပြီး ရှက်ပြုံးလေးတစ်ခု ပြုံးလိုက်ရင်းက “ကျွန်မ ယောက်ျားက အမဲသားသိပ်ကြိုက်တာ၊ သူ့ကို ၀ယ်ကျွေးချင်ပါရဲ့။ ဒါပေမဲ့ ဒီအသားတွေက သိပ်ဈေးကြီးတာဘဲ.. ” လို့ ခပ်နွမ်းနွမ်း အပြုံးလေးနဲ့ ပြောလိုက်တော့  ကျွန်မရင်ထဲ စိတ်မကောင်း ဖြစ်သွားမိပါတယ်. ပြီးတော့ သူ့ချထားတဲ့ အမဲသားထုပ်ကို ငဲ့ကြည့်လိုက်ပြီး ခြောက်သွေ့ ကွဲအက်နေတဲ့အသံနဲ့ “ ရှင့်ယောက်ျား အတွက် သူတကယ် ကြိုက်တာလေးတွေကို ၀ယ်ပေးဖို့ဆိုရင် နှမြောမနေပါနဲ့ရှင်။ ၀ယ်ကျွေးလိုက်ပါနော်။ ကျွန်မ ယောက်ျားကတော့ လွန်ခဲ့တဲ့ ၃လလောက်က ဆုံးသွားခဲ့ပါပြီ။ ခုချိန်မှာ သူသိပ်ကြိုက်တဲ့ ၀က်ပေါင်ခြောက်ကို ကျွန်မ ၀ယ်ကျွေးချင်ပေမဲ့ ကျွေးလို့ မရတော့ပါဘူး။ ရှင့်မှာ သူကြိုက်တာလေးတွေ ကျွေးခွင့် ရနေသေးတာကိုက သိပ်ကံကောင်းပါတယ်.. ကျွေးခွင့် မရနိုင်တော့တဲ့ အခြေအနေရောက်မှ နောင်တရတာမျိုး မဖြစ်ရအောင် ခုလို ကျွေးခွင့်ရချိန်မှာ နှမြောတွန့်ဆုတ်မနေဘဲ ၀မ်းမြောက်စွာနဲ့ ကျွေးလိုက်ပါနော်။ ” လို့ ပြောလိုက်မိပါတယ်.။

အစိမ်းရောင်ဝတ်စုံလေးနဲ့ သူမဟာ စိတ်လှုပ်ရှား တွေဝေသွားတဲ့ မျက်နှာနဲ့ ကျွန်မကို ငေးခနဲ လှမ်းကြည့်လိုက်ပြီး ချက်ခြင်းဘဲ အပြုံးလေးတစ်ပွင့်နဲ့ ခေါင်းလေးကို တစ်ဆတ်ဆတ်ငြိမ့်လို့ အမဲသားထုပ်ကို ပြန်ကောက်ယူလိုက်ကာ သူ့ခြင်းလေးထဲ ထည့်လိုက်ချိန်မှာတော့ လုံးဝ တွန့်ဆုတ်ခြင်း မရှိတော့ပါဘူး။ ကျွန်မကို ကျေးဇူးတင် စကားလေးဆိုရင်း သူ့ရဲ့ ဈေးဝယ်တွန်းလှည်းလေးကို တွန်းပြီး အသားတွေ ထားတဲ့ စင်နားကနေ ထွက်ခွာသွားပါတော့တယ်.. ကျွန်မလည်း ကိုယ့်တွန်းလှည်းလေးကို အသာတွန်းလို့ နွားနို့တွေ ရောင်းတဲ့ စင်ဘက် လျှောက်လာခဲ့ပါတယ်. နွားနို့တွေ တင်ထားတဲ့ အတန်းမှာတော့ ကျွန်မလိုချင်တဲ့ တံဆိပ်နဲ့ နွားနို့ ၂ပုလင်းကို ခြင်းထဲထည့်လိုက်ပါတယ်.. ပြီးတော့ ဒီဆိုင်ကို ရောက်တိုင်း ကျွန်မအမြဲစားနေကျ ရေခဲမုန့် တစ်ဗူး သွားဝယ်ပါတယ်။

ရေခဲမုန့်ဗူးလေးဝယ်ပြီး တွန်းလှည်းလေးကို ခပ်ဖြေးဖြေးတွန်းလို့ Casher ကောင်တာနား ရောက်ချိန်မှာတော့ အစောက အစိမ်းရောင်ဝတ်စုံနဲ့ မိန်းခလေး ကျွန်မရှေ့ကို  ရောက်လာပါတယ်.. သူမရဲ့ မျက်နှာပေါ်မှာတော့ အင်မတန်မှ လှပတဲ့ အပြုံးလေးကို ဆင်မြန်းထားပြီး လက်ထဲမှာတော့ ပန်းစည်းလိုလို ရှည်မျှောမျှော အထုပ်ကလေး တစ်ထုပ်ကို ကိုင်ထားပါတယ်.. ကျွန်မအနားရောက်တော့ မိန်းမချောလေးက ဒါဟာ “အစ်မအတွက်လက်ဆောင်ပါ” လို့ပြောပြီး သူမရဲ့လက်ထဲက အထုပ်လေးကို ကျွန်မကို လှမ်းပေးလိုက်ပါတယ်… မိန်းခလေး ကျွန်မကိုပေးတဲ့ လက်ဆောင်လေးကို ဖြေလိုက်တော့ အစိမ်းရောင် ပါကင်စက္ကူနဲ့ ထုပ်ပိုးထားတဲ့  ရိုးတံရှည်ရှည် အ၀ါရောင် နှင်းဆီပန်းတွေဘဲ ဖြစ်ပါတယ်။ ပန်းတွေကိုကြည့်ပြီး ထူးဆန်းစွာ တိုက်ဆိုင်မှုကြောင့် ကျွန်မရဲ့ ရင်ထဲမှာ ခံစားချက်တစ်မျိုးနဲ့ အံ့သြလို့ နေမိပါတယ်..  ကျွန်မ နှင်းဆီပန်းကြိုက်တာ သူ ဘယ်လိုသိပါလိမ့်။ ပြီးတော့ ကျွန်မခင်ပွန်း အမြဲပေးနေကျအတိုင်း နှင်းဆီတွေက ဘာလို့များ အ၀ါရောင် ဖြစ်နေပြီး တိုက်ဆိုင်လှစွာဘဲ ၃ပွင့်တိတိ ဖြစ်နေခဲ့ပါလိမ့်။

သူမက “အစ်မဟာ ကျွန်မကို အသိတရားလေးတစ်ခု ပေးလိုက်တာပါဘဲ။ အသက်ရှင်သန်ချိန်လေးမှာ တစ်ဦးကိုတစ်ဦး ဂရုစိုက်ရမယ်.. ကြင်နာရမယ်ဆိုတာ ကျွန်မ နားလည်သွားပါတယ်.. အစ်မ ပြောသလိုဘဲ ကျွန်မတို့ ချစ်တဲ့သူတွေ၊ မိသားစုတွေ ကိုယ့်ဘေးနား ရှိနေချိန်မှာ ဂရုတစိုက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိသင့်ကြပြီး သူတို့တွေ မရှိတော့ချိန်ကျရင် ဂရုစိုက်ချင်ရင်တောင် မစိုက်နိုင်တော့ဘူးဆိုတာ အချိန်မှီ သိလိုက်ရလို့ တကယ်ကို ကျေးဇူးတင်မိတာပါ။ ကျွန်မရဲ့ လက်ဆောင်လေးကို အစ်မ သဘောကျမယ်လို့ ထင်ပါတယ်..” လို့  ကျွန်မကိုပြောပြီး ကျွန်မအနားကနေ ထွက်ခွာသွားပါတော့တယ်.. ကျွန်မ စကားတစ်ခွန်းမှ ပြန်မပြောလိုက်နိုင်ဘဲ ဆွံ့အပြီးကျန်ခဲ့ပါတယ်.. ဘာကြောင့်များ ဒီလောက် တိုက်ဆိုင်နေရတာပါလဲ။ လက်ထဲက အ၀ါရောင် နှင်းဆီလေးသုံးပွင့်ကို ငုံ့ကြည့်လိုက်မိတော့ ကျွန်မခင်ပွန်း သက်ရှိထင်ရှားရှိစဉ်က  ပေးခဲ့ဖူးတဲ့ အ၀ါရောင် နှင်းဆီတွေလိုဘဲ လှလို့စွင့်လို့၊ ရနံ့လေးကလည်း သင်းသင်းကို မွှေးလို့ပါဘဲ။ ကျွန်မတို့ အတူတူရှိခဲ့တဲ့ အချိန်တွေဟာ ကျွန်မအတွက် တန်ဖိုးရှိတဲ့ အမှတ်ရစရာ၊ ပျော်စရာအချိန်တွေ ဖြစ်သလို သူစားချင်တာ၊ သူဖြစ်ချင်တာတွေ ကျွန်မ အမြဲ ဖြည့်ဆည်းပေးနိုင်ခဲ့သလို သူကလည်း ကျွန်မအတွက် ကျွန်မ နှစ်သက်တတ်တာလေးတွေ၊ မြတ်နိုးတတ်တာလေးတွေကို အလိုက်သတိနဲ့ ဖြည့်ဆည်းပေးတတ်ခဲ့ပါတယ်..

ခုလည်း ကျွန်မနှစ်သက်တဲ့ မြတ်နိုးတဲ့ နှင်းဆီပွင့်လေး သုံးပွင့်က တိုက်ဆိုင်စွာ ကျွန်မလက်ထဲ ရောက်လို့လာခဲ့ပြီ။ ဒါဟာ သူပို့ပေးလိုက်တဲ့ နှင်းဆီလေးတွေ မဟုတ်ဘူးလို့ ဘယ်သူက ပြောနိုင်မလဲနော်။ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးလေးဟာလည်း တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတဲ့ ထူးဆန်းမှုလေးတစ်ခုဘဲ မဟုတ်ပါလား။သေချာပါတယ်။ ကျွန်မဘေးမှာ ကျွန်မရဲ့ခင်ပွန်းဟာ ရှိနေတုန်းဘဲ၊ ကျွန်မကို အမှတ်ရနေတုန်းဘဲ ထင်ပါရဲ့။  ဒီတစ်သက်မှာ အခုလို နှင်းဆီပန်း အ၀ါလေးသုံးပွင့်ကို ကျွန်မကိုပေးမဲ့သူ ဘယ်သူမှ ရှိတော့မှာမဟုတ်ဘူး။ ကျွန်မ နှင်းဆီပန်းတွေ ချစ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ အမှတ်ရတော့မှာ မဟုတ်ဘူးလို့ ထင်နေခဲ့မိတာ။ ခုတော့ မမျှော်လင့်ဘဲ ကျွန်မ လက်ခံရလိုက်မိတဲ့ နှင်းဆီပန်းလေးတွေက ကျွန်မတစ်ယောက်တည်း အထီးကျန်နေတာ မဟုတ်ဘူးလို့ အသိပေးလိုက်သလိုပါဘဲ။ ကျွန်မရဲ့မျက်ဝန်းက မျက်ရည်စက်လေး တစ်ချို့ကတော့ အ၀ါရောင် နှင်းဆီပွင့်လေးပေါ်ကို စွန်းထင်းလို့ သွားခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက် အတူရှိစဉ်က ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာရှိခဲ့တဲ့ အချိန်များစွာရှိခဲ့တာကြောင့် သူမရှိတော့ပေမဲ့ ကျွန်မရင်ထဲမှာတော့ သူဟာ အမှတ်ရစရာ များစွာနဲ့ အမြဲတမ်း ရှင်သန်နေမှာပါလေ။


The Angel of Roses ( Unknown Author) ကို နှစ်သက်စွာ ဘာသာပြန်ပါသည်။