Showing posts with label လူမှုရေးရာ. Show all posts
Showing posts with label လူမှုရေးရာ. Show all posts

ခြံစည်းရိုးလေး လုံပါစေ

Photo Source - cjbnc@flickr.com


နယ်မှာရှိတဲ့ ကျွန်မတို့အိမ်ဟာ ရေချောင်းလေးတစ်ခုရဲ့ဘေးမှာ ရှိပါတယ်။ ကျွန်မတို့အိမ်မှာ ရှေ့မျက်နှာစာ ပေ ၇၀လောက်ရှိပြီး အနောက်ဖက်မှာတော့ ချောင်းရိုးစပ်အထိ ပေ ၁၅၀ခန့် ကျယ်ဝန်းတဲ့ ရှည်မျောမျော ခြံဝင်း ရှိပါတယ်။ ဘေးနှစ်ဖက်မှာတော့ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တည်ရှိနေပါတယ်။ ကျွန်မ အခု ပြောချင်တာက ကျွန်မတို့အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်းအကြောင်းပါ။ ကျွန်မ ၅တန်းအရွယ်လောက်မှာ ကျွန်မတို့ ဘေးခြံကို တစ်ခြား တစ်မြို့တစ်ရွာကလူတွေ ဝယ်ယူလိုက်ကြပြီး ပြောင်းရွေ့နေထိုင်ဖို့ ရောက်လာကြပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်း အဟောင်းတွေကတော့ ရွာအစွန်က ခြံကို ပြောင်းရွေ့သွားကြပါတယ်။ အိမ်နီးခြင်း အသစ်တွေဟာ စီးပွားရေး ချောင်လည်ပုံရပါတယ်။ သို့ပေမဲ့လည်း ကျွန်မတို့ ရွာသူ ရွာသားတွေလို  ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ မရှိကြပါဘူး။ မျက်နှာထား ခပ်တင်းတင်းနဲ့ နေတတ်ကြပါတယ်။

သူတို့မိသားစုထဲမှာ ဆေးသမားတစ်ယောက် ပါလာပါတယ်။ အဲဒီ ဆေးသမားဟာ ဆေးချစရာ ပိုက်ဆံမရှိရင်၊ အိမ်ကလူတွေ ပိုက်ဆံမပေးရင် တွေ့ကရာပစ္စည်းတွေ ရောင်းချပြီး ဆေးချတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကနေ အဖိုးမတန်ပစ္စည်းတွေက အထိ ခိုးယူပြီး ဆေးချတတ်သူပါ။ သူတို့အိမ်က ပစ္စည်းတွေဟာလည်း အဲဒီဆေးသမား ခိုးပြီးရောင်းတာ မနည်းမနော ရှိနေပုံရပါတယ်။ အိမ်ခြင်းက နီးနေတော့ တစ်ဖက် ဆူသံပူသံတွေကို အတိုင်းသား ကြားနေရတဲ့အတွက် ပစ္စည်းပျောက်တာတွေ၊ ဆေးသမားကို အော်ဟစ်နေတာတွေ တွေ့နေမြင်နေ ရတာကြောင့်လည်း သိနေရတာပါ။ ဆေးသမားဆိုတာကလည်း ဆေးချဖို့အတွက် အိမ်ကပိုက်ဆံမပေးရင် ရတဲ့ပစ္စည်းကို ခိုးယူ တတ်ကြသူတွေပါ။

ကျွန်မတို့ နယ်ဘက်တွေက ရွာတွေရဲ့ ထုံးစံ ခြံစည်းရိုးကို အခိုင်အခံ့ ကာရံတယ်ဆိုတာ မရှိသလောက် ပါဘဲ။ ဝါးခြမ်းနဲ့ သော်လည်းကောင်း သစ်သားအပိုများနဲ့သော်လည်း တစ်အိမ်နဲ့တစ်အိမ် ခြံစည်းရိုး ကာရံလေ့ရှိပါတယ်။ ပြီးတော့လည်း တောရွာဆိုလေတော့ အိမ်တွေကလည်း ဂရံတွေဘာတွေ ရှိတာမျိုး၊ ခြံဝင်းရဲ့ အတိုင်းအတာကလည်း အတိအကျ တိုင်းတာထားကြတာမျိုး မရှိကြပါဘူး။ အဲဒီလိုပါဘဲ ကျွန်မတို့အိမ်နဲ့ ဘေးအိမ်ဟာ ခြံစည်းရိုးကို ဝါးနဲ့ကာတဲ့အခါ ကာ၊ သစ်သားနဲ့ကာတဲ့အခါ ကာပါတယ်။ ဝါးခြံစည်းရိုး ဆိုတာကတော့ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက်သာ ခံသာမို့ မကြာခဏ အသစ်ပြန်ပြန် ကာရပါတယ်။  သစ်သားခြံစည်းရိုးကတော့ အနည်းဆုံး ၄နှစ်လောက်တော့ ခံပါတယ်။ ကျွန်မတိုရဲ့အရင် အိမ်နီးချင်း အဟောင်းတွေနဲ့ တုန်းကတော့ ခြံစည်းရိုး ပြဿနာ လုံးဝ မရှိဘဲ သူ့ဘက်က ကာလိုက်၊ ကိုယ့်ဘက်က ကာလိုက်နဲ့ အဆင်ပြေတဲ့သူက ကာလိုက်ကြတာပါဘဲ။ ဘယ်သူကာကာ ထူးထူးခြားခြား ဘာမှ ပြောတာဆိုတာမျိုး မရှိတတ်ကြပါဘူး။ အိမ်ရှင် အသစ်တွေဟာ ဘေးအိမ်ကို ရောက်လာပြီး သိပ်မကြာခင်မှာ ကျွန်မတို့ခြံစည်းရိုးနဲ့ ကပ်လျှက်မှာ ဝါးပင်ငယ်လေးတွေ စိုက်ပျိုးတာကို တွေ့ရပါတယ်။ အပင်ပေါက် ခပ်ငယ်ငယ်မို့ စိမ်းစိမ်းစိုစိုရှိပြီး ဝါးရွက်လေးတွေဟာ သေးသေးချွန်ချွန်နဲ့ ချစ်ဖို့လည်း ကောင်းပါတယ်။

ကျွန်မတို့အိမ်နဲ့ အဲဒီဘေးအိမ် တို့ကြားမှာ ခြံစည်းရိုး အသစ်မလဲတာ ကြာတဲ့အခါ စည်းရိုးနဲ့ အကာ အရံတွေက ရာသီဥတုဒဏ်တွေ၊ ခြစားတဲ့ဒဏ်တွေကြောင့် ဆွေးမြေ့ပြီး ခွေးတိုးပေါက်တွေဖြစ်နေတာ၊ ပြိုကျတာတွေ ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အပေါက်အပြဲတွေ ဖြစ်နေရင်တော အိမ်မှာ စိုက်ထားတဲ့ ငှက်ပျောခိုင်ဆိုတာ ရင့်လာကာစ ရှိသေးတယ်။ အခိုင်လိုက် ခုတ်ယူသွားတာမျိုး၊ လိုချင်တဲ့ အဖီးအကြီးကြီးတွေကိုသာ ရွေးပြီး ခုတ်သွားတာမျိုးတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။ ခြံထဲမှာ အဝတ်တွေ လှန်းထားလို့ သတိ မထားမိလိုက်ရင် လှန်းထားတဲ့ အဝတ်တွေ ပျောက်သွားတာမျိုး မကြာခဏ ဖြစ်ပါတယ်။ တစ်ခါသား ဆိုင်ကယ် အစီးလိုက် ခြံထဲကနေ ပျောက်သွားခဲ့ပါသေးတယ်။ အခြားသော ပစ္စည်းတွေ ပျောက်တယ် ဆိုတာလည်း ရေတွက်မကုန်အောင်ပါဘဲ။ သို့ပေမဲ့ ဘယ်သူခုတ်တယ်ဆိုတာ လက်သည် မပေါ်ပါဘူး။ ကျွန်မတို့အနေနဲ့ကလည်း ဘယ်သူက ခိုးလို့ ခိုးမှန်း အတိအကျ မပြောနိုင်ပါဘူး။

ထင်စရာရှိတာက ဘေးအိမ်က ဆေးသမားလက်ချက်လို့ဘဲ ထင်စရာရှိတာပါဘဲ။ သို့ပေမဲ့လည်း အဲဒီတစ်ယောက်ရယ်လို့ ကျွန်မတို့အနေနဲ့ အတိအကျ ယိုးစွတ်လို့ မရပါဘူး။ အိမ်က တစ်ယောက်ယောက်ကများ အဲဒီဆေးသမား ခိုးတာဘဲဖြစ်မှာပါလို့ မိသားစုထဲ  ပြောမိရင်တောင် လက်ပူးလက်ကြပ် မမိတာရယ်၊ ကိုယ့်ခြံကကို မလုံခြုံတဲ့ အားနည်းချက် ရှိတာကြောင့်ရယ်ကြောင့် သူတစ်ပါးကို အရမ်းမစွတ်စွဲပါနဲ့လို့ ကျွန်မတို့ မိဘတွေက ဆုံးမလေ့ရှိပါတယ်။ “ကိုယ့်ခြံကမှ မလုံတာ သူခိုးက ဝင်တော့မှာပေါ့။ ဒီတော့ သူခိုးမဝင်စေချင်ရင် ခြံကို လုံအောင် ကာဖို့ဘဲ ရှိတယ်” လို့ ဖေဖေက ပြောပါတယ်။

အဲဒီလိုနဲ့ ပေါက်ပြဲနေတဲ့ ခြံစည်းရိုးကို ဖြိုချပြီး ကိုယ့်ခြံလုံခြုံအောင် အသစ်ကာဖို့အတွက် သစ်ဝါးတွေ စတင် စုဆောင်း ပြင်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်ခြံက လူတွေက ဖေဖေကို လာတွေ့ပြီး ဦးလေးတို့ အေးအေးဆေးဆေးသာ နေပါ။ ခြံကို သူတို့ကာပါ့မယ်လို့ လာပြောကြပါတယ်။ အဲဒီလိုလာပြောတော့ သူတို့ကာတော့လဲ ကိုယ့်ဘက်က အကုန်အကျ သက်သာတာပေါ့ကွာ ဆိုပြီး ဖေဖေတို့က လက်ခံလိုက်ပါတယ်။ အဲဒီလိုနဲ့ တစ်ဖက်ခြံက လူတွေဟာ ခြံစည်းရိုး ပျက်စီးဟောင်းနွမ်းတိုင်း တစ်နှစ်တစ်ခါ (သို့မဟုတ်) ၂နှစ်တစ်ခါ သူတို့ဘက်က တာဝန်ယူပြီး ကာရံပေးပါတယ်။ အဲဒီလို စစချင်းနှစ်တွေမှာတော့ ကျွန်မတို့ဘက်ကလည်း ဘာမှ သတိမထားမိဘဲ သူတို့ခြံကာတာကို အမှတ်မဲ့နေလိုက်မိပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာတော့မှ ခြံစည်းရိုးဟာ တစ်နှစ်ထက် တစ်နှစ် ကျွန်မတို့အိမ်နဲ့ မသိမသာ နီးနီးလာတာကို သိလာတော့ တစ်ဖက်ခြံရှင်တွေဟာ စေတနာ ကောင်းလွန်းလို့ခြံကာတာ မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့ ခြံကာတာမှန်း သိလာရပါတော့တယ်။

ကျွန်မတို့မောင်နှမတွေဟာ ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ ဆော့ကစားလိုက်နဲ့ အချိန်တွေကုန်ရင်း တဖြေးဖြေး လူလားမြောက် ကြီးပြင်းလာသလို အဲဒီဝါးပင်တွေဟာ တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာပါတယ်။ မောင်နှမတွေမှာ ကိုယ်ပိုင်အလုပ်တွေ၊ စီးပွားတွေနဲ့ ဖြစ်လာသလို တစ်ဖက်ခြံက ဝါးပင်ငယ်တွေကနေ ဝါးရုံကြီး ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်လာပါတယ်။ သို့ပေမဲ့ အဲဒီဝါးပင်တွေဟာ ဝါးအကြီးမျိုးလည်း မဟုတ်ပါဘူး။ ထီးရိုးဝါးလို ခပ်သေးသေး အရွယ်ငယ်ငယ် ဝါးပင်တွေပါ။ ဒါပေမဲ့ ဝါးရုံကြီးဟာ ကြာလေ ကြီးလေ၊ ကြာလေ ပွားလာလေ ဖြစ်လာပါတယ်။ ကျွန်မတို့လည်း အသက်ရလာလို့ ငယ်စဉ်ကထက် အသိဥာဏ် ကြီးရင့်လာသလို အဲဒီလို ဝါးပင်တွေ ကြီးရင့်ရှည်လျားပြီး ပွားချင်တိုင်း ပွားလာတော့မှ ခြံစည်းရိုးနားမှာ ဝါးပင်တွေ စိုက်ထားတဲ့ အိမ်နီးချင်းရဲ့ ရည်ရွယ်ချက်ကို အကောင်လိုက် မြင်ရပါတော့တယ်။

သူတို့ဟာ ခြံစည်းရိုးကို ဘယ်တော့မှ ကျွန်မတို့ဘက်က အကာမခံပါဘူး။ ခြံစည်းရိုး ဟောင်းပြီဆိုတာနဲ့ သူတို့ဘက်က ကာပါတယ်။ ကာတိုင်းလည်း ခြံစည်းရိုးနေရာဟာ မသိမသာ ကျွန်မတို့ဘက်ကို တိုးလာတာပါ။ နောက်တစ်ခုက သူတို့စိုက်ထားတဲ့ ဝါးရုံပင်ပါ။ အဲဒီဝါးရုံပင်တွေဟာ ကြီးထွား များပြား လာတဲ့အခါ တဖြေးဖြေး ကျွန်မတို့ ခြံဘက်ထဲကိုပါ အပင်တွေက ပွားလာတာပါ။ အဲဒီလို ပွားလာတဲ့ ဝါးရုံကြီးဟာ သူတို့ စိုက်ထားတာ ဖြစ်တယ်ဆိုကာ ခြံစည်းရိုးကာတဲ့အခါ ဝါးရုံကြီးတစ်ခုလုံး သူတို့ခြံဘက် ပါအောင် ကာပါတယ်။ အဲဒီလို ကာတဲ့အခါမှာ ကျွန်မတို့ခြံထဲ ပေါက်နေတဲ့ ဝါးပင်တွေကိုပါအောင် သူတို့ရဲ့ ခြံစည်းရိုးကို ချဲ့ကာတဲ့အတွက် ကျွန်မတို့ ခြံဘက်က မြေတွေပါ ပါကုန်တာပါဘဲ။ သူတို့ရဲ့ လွန်လွန်းလာတဲ့ လုပ်ရပ်တွေကို ကျွန်မတို့လို လူငယ်တွေက ဘယ်လိုမှ သည်းခံနိုင်ခြင်း မရှိတော့ပါဘူး။ အိမ်ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ဖေဖေနဲ့ မေမေ့ကို တစ်ဖက်ခြံကလူတွေကို တစ်ခုခု ပြောဖို့ ဝိုင်းပြောကြတဲ့အခါ တရားသမားတွေဖြစ်တဲ့ ဖေဖေနဲ့ မေမေက “ မြေကြီးဆိုတာ သေရင်ကိုယ့်နောက်မှာ ပါမှာမှ မဟုတ်တာ။ သူတို့ မဟုတ်တာလုပ်ရင် သူတို့ခံရမှာပါ။ ဘာမှ ပြောဖို့ မလိုပါဘူး. ” လို့ ပြောတတ်ပါတယ်။

ကျွန်မတို့ မိဘတွေဟာ အနေအေးပြီး ပူလောင်ဒေါသတွေ အတော်နည်းကြသူတွေ ဖြစ်ပါတယ်။ ကျွန်မတို့ မောင်နှမတွေက တစ်ဖက်ခြံရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသတွေ ထွက်နေပေမဲ့ ဖေဖေနဲ့ မေမေကတော့ ဘာမှ မဖြစ်သလိုဘဲ နေနိုင်ကြပါတယ်။ ကျွန်မတို့ အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် သူတို့ခြံထဲမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ တိုင်ငုတ်တို တစ်ခု ရှိပါတယ်။ အဲဒီတိုင်ငုတ်တိုဟာ ခြံစည်းရိုးနဲ့ သုံးတောင်လောက် ကွာနေပါတယ်။ တကယ်တမ်းတော့ အဲဒီတိုင်ငုတ်တိုဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက မိဘတွေ ကာခဲ့တဲ့  ခြံစည်းရိုး ငုတ်နေရာပါ။ တဖြေးဖြေးနဲ့ တိုးလာတဲ့ တစ်ဖက်က ခြံစည်းရိုးကြောင့် အရင်ခြံစည်းရိုး တိုင်ဟောင်းက သူတို့ခြံထဲ ရောက်နေတာသာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ဥာဏ်များပြီး လိုချင်လောဘကြီးလိုက်တဲ့ လူတွေလည်း ဆိုတာ ဒီခြံစည်းရိုးက သက်သေပြနေခဲ့ပါတယ်။ ကျွန်မတို့လူငယ်တွေက တစ်ဖက်ခြံကို သွားပြောကြရင် သူတို့ဘက်ကနင်ဘဲ ငဆ ပြောလွတ်တတ်ပါတယ်။ 

အနေအေးပြီး တရားကို နှလုံးသွင်းတဲ့ ကျွန်မတို့ မိဘတွေကဘာမှ မပြောပေမဲ့ လူငယ်တွေဖြစ်တဲ့ ကျွန်မတို့ မောင်နှမ တစ်တွေကတော့ သူတို့တွေရဲ့ လုပ်ရပ်ကို သည်းမခံနိုင်လောက်အောင် ဖြစ်ရပါတယ်။ နောက်ဆုံးမှာတော့ ဆက်လက် သည်းခံဖို့ရာ မဖြစ်နိုင်တော့တဲ့ မိသားစုအားလုံး တိုင်ပင်ကြပြီး  ခိုင်ခံ့တဲ့ အုတ်တံတိုင်း ကာလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခြံစည်းရိုးကို အုတ်တံတိုင်းကာဖို့ ဆုံးဖြတ်ကြတာမှာ တစ်နှစ်တစ်ခါ ခြံစည်းရိုးပြန်ကာရတာမျိုး မဖြစ်တော့အောင် ခိုင်ခိုင်ခံ့ခံ့ ဖြစ်သွားစေချင်တာရယ်၊ ပွားများလာတဲ့ ဝါးပင်တွေကို အကြောင်းပြုပြီး ဖြေးဖြေးချင်း တိုးလာတဲ့ ကျွန်မတို့ပိုင် ခြံမြေကို ကျူးကျော်လာတဲ့ကိစ္စကို ဟန့်တားချင်တာရယ် အတွက်ကြောင့် ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ 

ခြံစည်းရိုး အသစ်ကာတဲ့အခါမှာ အရင်က ရှိခဲ့ဖူးတဲ့ ခြံစည်းရိုး အဟောင်းအကြောင်း၊ ဝါးပင်တွေအကြောင်း ကျွန်မတို့ လုံးဝ မပြောတော့ဘဲ ပါသွားပြီးသား မြေတွေကို ရှိစေတော့ဆိုပြီး ယခုလက်ရှိသူတို့ယူထားတဲ့  အနေအထားအတိုင်း ခိုင်ခန့်တဲ့ အုတ်တံတိုင်းကို ကာရံလိုက်ပါတယ်။ ခြံစည်းရိုးကာဖို့ ပန္နက်ချတဲ့နေ့မှာ တစ်ဖက်အိမ်က လူတွေကို ခေါ်ပြီး သူတို့အရင်က ကာခဲ့တဲ့ ခြံစည်းရိုးအတိုင်း အုတ်ပန္နက်ချမဲ့ အကြောင်းကို ခေါ်ပြပါတယ်။ မြေကြီးလည်း သူတို့ဘက် ပါထားတဲ့အတိုင်း ကာမယ်ဆိုတဲ့အတွက် တစ်ဖက် အိမ်ရှင်တွေက မကျေနပ်ကြောင်း ဘာမှ မပြောသာပါဘူး။ သို့ပေမဲ့ အုတ်တံတိုင်း ခတ်မယ်ဆိုတာ ကိုတော့ သိပ်သဘောကျပုံ မရပါဘူး။ သို့ပေမဲ့လည်း အဲဒီလို ခြံစည်းရိုးကောင်းကောင်းမှ မကာရင် တဖြေးဖြေးနဲ့ မြေခိုးလာတဲ့ သူတို့ကို ဟန့်တားဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ငွေအကုန်ခံပြီး အုတ်တံတိုင်း ကာလိုက်ရခြင်း ဖြစ်ပါတယ်။


သေချာ ခိုင်မာတဲ့ ခြံစည်းရိုး ကာလိုက်ပြီးတော့မှဘဲ ကျွန်မတို့ခြံမြေကို တစ်တိတိ ဖဲ့ယူနေတဲ့ အိမ်နီးချင်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ အုတ်တံတိုင်းကာလိုက်တဲ့အတွက် ခြံစည်းရိုးကို ခြစားမှာလည်း မစိုးရိမ်ရတော့ပါဘူး။ တကယ်တမ်းတော့ ခြဆိုတဲ့အကောင်ကလေးတွေက သေးသေးလေးတွေဖြစ်ပေမဲ့လို့ ခြံစည်းရိုးတစ်ခုလုံးကို ပြိုပျက်သွားနိုင်စေတယ်လေ။ ခြံက လုံလုံခြုံခြုံဖြစ်သွားတဲ့အတွက် အိမ်ရဲ့ ပစ္စည်းပျောက်တာတွေ၊ အသီးအနှံတွေ ခိုးခံရတာတွေ လုံးဝကို မရှိတော့ပါဘူး။ အဲဒီတော့မှ ကိုယ့်အိမ်လုံခြုံဖို့၊ ကိုယ့်ခြံထဲက မြေတွေ ပါမသွားဖို့ဆိုတာ ခြံစည်းရိုးဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ အိမ်နီးချင်းဆိုးဆိုးနဲ့ တွေ့ကြုံရတဲ့ ကျွန်မတို့ ကောင်းကောင်းကြီး သဘောပေါက် သင်ခန်းစာ ရလိုက်ပါတော့တယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင် မကာနိုင်ရင်၊ ကာထားတဲ့ခြံစည်းရိုး ခြစားရင်၊ ခြံစည်းရိုးက မလုံတော့ ကိုယ့်ခြံထဲက ပစ္စည်းပျောက်ရင်တောင် သူတစ်ပါးကို အပြစ်တင်လို့ မရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပြီး ဥာဏ်များတဲ့ အိမ်နီးချင်းတွေနဲ့ တွေ့တဲ့အခါ ဒုက္ခရောက် တတ်ကြောင်း နားလည်မိပြီမို့ ခုချိန်မှာတော့ ကျွန်မဟာ ဘယ်ဒေသကိုရောက်ရောက် ဘယ်မှာဘဲ နေနေ အိမ်လုံခြုံဖို့ အတွက် ခြံစည်းရိုးကို လုံခြုံ ခိုင်ခန့်အောင် ကာရံဖို့၊ ခြံစည်းရိုး ခြစားမခံရဖို့ အမြဲတမ်း သတိထား မိပါတော့တယ်။ 

တကယ်လို့များ မိတ်ဆွေတို့လည်း မိမိတို့အိမ်ကို လုံခြုံစေပြီး၊ အိမ်နီးချင်းဆိုးရန်က ကင်းဝေးကာ မိမိရဲ့ မိသားစုဝင်တွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်ဆိုရင်တော့ မိမိတို့ရဲ့ အိမ်ခြံစည်းရိုးလေးတော့ လုံအောင်ကာထားကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ရှင်...



 Image Hosted by PicturePush - Photo Sharing

ပျော်ပျော်နေပါ သူငယ်ချင်း..



“ပျော်ပျော်နေပါ” တဲ့..  စကားလေးက သိပ်ကို ရိုးစင်းလွန်းပါတယ်..  တကယ်တမ်းတော့ ကျွန်မတို့ရဲ့ ဘ၀မှာ ပျော်ရွှင်မှုတွေကို သူတစ်ပါးက ဖန်တီးပေးနိုင်သလို ကိုယ်တိုင်ကလည်း ဖန်တီးယူနိုင်ပါတယ်.. ဒါပေမဲ့ တကယ်တမ်းတော့ ကိုယ့်စိတ်နေစိတ်ထား၊ ကိုယ့်ရွေးချယ်မှုကနေပြီးတော့ ပိုပိုသာသာရနိုင်ပါတယ်.. တကယ်လို့များ သင်ဟာ အရာရာကို အကောင်းဘက်ကသာ ကြည့်မယ် တွေးမယ်ဆိုရင် အမြဲပျော်ရွှင်နေတဲ့ သူတစ်ယောက် ဖြစ်နေမှာပါ။

ကျွန်မတို့ရဲ့ ဘ၀တွေမှာ လူတိုင်းဟာ နိမ့်မြှင့်တက်ကျ လောကဓံရဲ့ သဘောတရားကို ကြုံတွေ့ကြရမှာပါ။ ကြုံလာတဲ့ အခြေအနေကို ဘယ်လိုရှုမြင် သုံးသပ်မလဲ ဆိုတာတော့ ကိုယ့်ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်.. လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူညီနိုင်ပါဘူး။ အကောင်းမြင်တတ်သူက လောကကြီးရဲ့ ပျော်ရွှင်မှုကို ပိုပြီး ခံစားရတယ်လို့ ဆိုပါတယ်.။  စကားပုံလေးတစ်ခုတောင် ရှိပါသေးတယ်  “လောကကြီးက ကိုယ့်ကို သံပုရာသီး ပေးလာတဲ့အခါ သံပုရာရည် လုပ်သောက်လိုက်ပါ” ဆိုတဲ့ သိုးဆောင်း စကားပုံလေးပါ။ ဆင်းရဲဒုက္ခနဲ့ ကြုံလာရင် အဲဒီဒုက္ခကို ကြံ့ကြံ့ခံပြီး ကိုယ့်အတွက် ရနိုင်သလောက် သင်ခန်းစာကို ယူသင့်ပါတယ်.. အထူးသဖြင့် စိတ်ဓာတ် အလွယ်တကူ မကျဖို့တော့ လိုအပ်ပါတယ်..

ဘ၀မှာ ဘယ်လိုများ ပျော်ပျော်ရွှင်ရွှင် နေကြမလဲ......


၁. များများပြုံးပါ။ ရယ်မောပါ။ တွေ့တဲ့လူတိုင်းကို ကြည်ကြည်လင်လင် ပြုံးပြနိုင်ဖို့ကြိုးစားပါ။ ပြန်လည်တုံ့ပြန်မှု မရှိသည့်လူ ဖြစ်ပါစေ။ ကိုယ့်အပြုံးကြောင့်တော့ ထိုသူလည်း အနည်းငယ်တော့ ပျော်ရွှင်သွားနိုင်ပါတယ်။ ပြုံးလိုက်မိတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ဖိစီးမှုတွေ၊ တင်းမာနေတဲ့ ကြွက်သားတွေ လျော့သွားစေနိုင်ပါတယ်။ ရယ်မောစရာတွေကို ရှာကြံပြီး အားပါးတရ ရယ်မောပါ။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ကုစားနိုင်တဲ့ အလွယ်ဆုံး နည်းတစ်ခုလည်း ဖြစ်ပါတယ်..


၂. သီချင်းဆိုပါ။  အချို့သူများဟာ စိတ်ညစ်တဲ့အချိန်မှာ စိတ်ထွက်ပေါက်အတွက် သီချင်တွေ အော်ဆိုတတ်ကြပါတယ်.. ဒါဟာ မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်. မယုံရင် သင်ကိုယ်တိုင် စမ်းကြည့်ပါ။ ဒေါသဖြစ်နေလျှင်ဖြစ်စေ ၊ စိတ်ညစ်နေလျှင်ဖြစ်စေ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုလိုက်ပါ။ အိမ်မှာ ကာရာအိုကေစက်ရှိလျှင် စက်ဖြင့် ဆိုပါ။ အကယ်၍ မရှိလျှင် ဆိုင်၊ သူငယ်ချင်းအိမ်မှာဆို၊ ဒါမှ အဆင်မပြေရင် ရေချိုးခန်းထဲမှာဆို၊ ဒါမှ အဆင်မပြေဘူး ဆိုရင်တော့ စဉ့်အိုးတစ်လုံးထဲ ခေါင်းစိုက်ပြီးသာ အော်ဆိုပါ. (ပတ်ဝန်းကျင်က မေးရင် အဆိုတော်လုပ်ဖို့ အသံကျင့်နေတယ် ဖြေပေါ့။ လူအထင်ကြီးခံရနည်းလားနော်)  မကြာခင်မှာ သင့် စိတ်ထဲမှာ ခံစားနေတဲ့ ဖိအားတွေ လျော့ပါးလာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်. (ဒီနည်းကတော့ ကျွန်မအတွက် လက်တွေ့မှန်ကန်တဲ့နည်း ဖြစ်ပါတယ်..)


၃. အကောင်းမြင်စိတ်နှင့် အရာရာကို တွေးတောပါ။ ရှုမြင်သုံးသပ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်သူများထံမှ စိတ်နေစိတ်ထား နည်းလမ်းများ ရယူပါ။ ပျော်ရွှင်စွာနေတတ်သူ၊ ဟာသဥာဏ် ရှိသူတို့ဟာ သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်း ရှိတတ်ကြပါတယ်.. ဒါကြောင့် မိမိပတ်ဝန်းကျင်မှာ လောကကြီးကို အကောင်းမမြင်၊ အရာရာကို အဆိုးဘက်မှ ပြောဆိုနေသူများထက်၊ အကောင်းမြင်စိတ်နဲ့ ဖြောင်းဖျ ပြောဆိုတတ်သူ၊ မိမိကို ရယ်မောပျော်ရွှင်စေသူတို့ကို ရှာဖွေ ပေါင်းသင်းပါ။


၎. ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ။ လှုပ်ရှား တက်ကြွနေသူများဟာ ပျော်ရွှင်တတ်သူတစ်ယောက် ဖြစ်ဖို့ လွယ်ကူပါတယ်.. သင့်ကို တက်တက်ကြွကြွ လုပ်ရှားစေမဲ့ အားကစားလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ အစုအဖွဲ့များဖြင့် လူမှုရေး လုပ်ငန်းများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ခြင်း၊ သူငယ်ချင်းများနှင့် မကြာခဏ တွေ့ဆုံ သွားလာခြင်း၊ ချက်ပြုတ်စားသောက်ခြင်း တို့ဟာလည်း သင့်အား အထီးကျန်သူတစ်ယောက် မဖြစ်စေဘဲ လောကကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူတစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်..


၅. တီထွင်ဖန်တီးပါ။ မိမိရဲ့ ဖန်တီးမှု၊ အားထုတ်မှုလေးတွေဟာလည်း စိတ်ပျော်ရွှင်မှုကို ပေးနိုင်ပါတယ်.. တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်လို့ အောင်မြင်သွားတဲ့အခါ ရလာတဲ့ ပီတိဟာ သင့်အတွက် ခွန်အားတွေဖြစ်ပါတယ်.. တီထွင်ဖန်တီးပါ ဆိုတဲ့ နေရာမှာ လက်လှမ်းမမှီ၊ ကိုယ်နဲ့ မဖြစ်နိုင်တဲ့ အရာတွေကို ဖန်တီးခိုင်းတာမျိုးမဟုတ်ပဲ မိမိ ၀ါသနာကို အရင်းခံပြီး အသစ်အဆန်းလေးတွေ ဖန်တီးတာမျိုးကို ဆိုလိုပါတယ်.. ဥပမာ- ပန်းချီ ၀ါသနာပါသူက ခါတိုင်းဆွဲပုံနဲ့ မတူတဲ့ ပန်းချီကားအသစ်လေးတွေ ဆွဲတာ၊ ပန်းပု ဒီဇိုင်းအသစ်လေးတွေ ထုတာ၊ မရောက်ဖူးသေးတဲ့ နေရာတွေကို ခရီးထွက်တာ၊ ကကွက်ဆန်းတွေ ကတာ၊ ဟင်းချက် ၀ါသနာပါသူများကလည်း မချက်ဖူးသေးတဲ့ ဟင်းအမယ်သစ်လေးတွေ စမ်းချက်ကြည့်တာ၊ အပင်လေးတွေ အသစ်စိုက်ပျိုးတာ၊ အိမ်ကို ခန်းဆီးလိုက်ကာ အသစ်လဲတာ၊ ပန်းအိုးလေးတွေ အသစ်ဝယ်ပြီး နေရာချတာ၊  စသဖြင့် ခါတိုင်းနဲ့ မတူတာလေးတွေကို လုပ်ကြည့်တာမျိုး ဖြစ်ပါတယ်.. (မှတ်ချက်- ရည်းစားအသစ်ပြောင်းတာ၊ အိမ်ထောင်အသစ်ရှာတာ အဲဒါတွေ မပါဘူးနော်  :)  ) စိတ်ကူး အသစ်အဆန်းလေးနဲ့ တီထွင်ဖန်တီးပြီး လုပ်ကြည့်ခြင်းဟာလည်း စိတ်ပျော်ရွှင်မှုကို ရှာဖွေခြင်း တစ်နည်းဖြစ်ပါတယ်။  


၆. တခါတရံ ကလေးဆန်းပါ။ မိမိငယ်စဉ်က ပြုမူခဲ့တဲ့ အပြုအမူကလေးများကို ပြန်လည်ပြုမူခြင်းအားဖြင့် မိမိကိုယ်ကို ငယ်မူငယ်သွေး ပြန်ပေါ်လာစေပြီး လန်းဆန်း တက်ကြွသူတစ်ယောက် ဖြစ်လာစေပါတယ်.. ငယ်ငယ်ကလို ခုန်ပျံကျော်လွှားကစားခြင်း၊ လမ်းမပေါ်က ဘီယာဘူးခွံ၊ ဖျော်ရည်ဘူးခွံများကို အားပါးတရ ဆော့ကစား ကန်ကျောက်ခြင်း၊( သူငယ်ပြန်နေပြီလို့ ပြောခံရရင် စာရေးသူနဲ့ မဆိုင်ပါ :) )  ငယ်ငယ်က သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံပြီး ငယ်ဘ၀အကြောင်းများ ပြန်ပြောင်းသတိတရ ပြောကြခြင်း စတာတွေဟာလည်း မိမိကို ပျော်ရွှင် လန်းဆန်းစေနိုင်ပါတယ်။ 

၇. အခြားသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ တိရိစ္ဆာန်များကို ချစ်ခင်စာနာပါ၊ ကြင်နာငဲ့ညှာပါ။ နွေးထွေးယုယစွာ နေထိုင်ပါ။ စကားကို ချိုသာစွာပြောဆိုခြင်း၊ သူတပါးအတွက် လိုအပ်နေသော်လည်း မိမိအတွက် အပန်းမကြီးသော အကူအညီများကို ပေးခြင်း၊ သူတပါး အခက်အခဲကို စာနာနားလည်းခြင်း၊ စသော စိတ်နှလုံး သိမ်မွေ့နူးညံ့စေသည့် အဖြစ်အပျက်၊ ချစ်ခြင်း မေတ္တာတရားတို့သည်လည်း မိမိစိတ်ကို ပျော်ရွှင်စေသော အရာများ ဖြစ်ပါတယ်။

၈. တိတ်ဆိတ်သောနေရာ၊ အချိန်များတွင် မျက်စိမှိတ်၍ ငြိမ်သက်စွာ အနားယူခြင်း၊ တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း စသည်တို့သည် စိတ်ခွန်အားကို တိုးပွားလာစေပြီး ၊ ပြန်လည် လန်းဆန်းလာစေသော နည်းလည်း ဖြစ်ပါတယ်. သီချင်းအေးအေးများကို နားထောင်ခြင်း ၊ရေချိုးကန်တွင် အချိန်ယူ၍ ရေစိမ်ချိုးခြင်း၊ ဖယောင်းတိုင်မီးရောင်လို ခပ်မှိန်မှိန် မီးရောင်အောက်တွင် အနားယူခြင်း၊ စသည်တို့ကို တခါတရံ လုပ်ပေးသင့်ပါတယ်.

၉. ဘ၀ကြီးဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ ခက်ခဲပင်ပန်းလွန်းတယ်လို့ ပြောလာခဲ့ရင် အဲဒီစကားကို လစ်လျှူရှုလိုက်ပါ။ မနက်ခင်းတိုင်း နိုးထလာချိန်မှာ မိုးရွာနေသည့်နေ့ ဖြစ်နေပါစေ.. မနက်ခင်းကို မြင်တွေ့ရပြီး ရှင်သန်ခွင့်ရတဲ့ တစ်နေ့အတွက် လောကကြီးကို ကျေးဇူးစကား ဆိုလိုက်ပါ။ မည်သည့်အခက်အခဲကိုမှ လွယ်လွယ်နှင့် လက်လျှော့ အရှုံးပေးလိုက်ဖို့ မစဉ်းစားပါနှင့်။

၁၀. တစ်ရက်ကို စိတ်ရွှင်လန်းစရာ အလေ့အထလေးတစ်ခုကို ကြိုစားလုပ်ဆောင်ပါ။ သင့်မိတ်ဆွေအိမ်တစ်အိမ်ကို အလည်အပတ်ထွက်ခြင်း၊ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ခြင်း ဘုရားတက်ခြင်း၊ အိမ်တွင်ဘုရားပန်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရားကန်တော့ခြင်း၊ သစ်ပင်ကလေးများ စိုက်ပျိုး ပြုစုပျိုးထောင်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။


ဖော်ပြပါ အချက်တွေဟာ ကျွန်မ ဖတ်မှတ်ထားမိတာတွေထဲက အကျဉ်းချုပ် ပြန်လည်ဖော်ပြလိုက်တဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်တဲ့ နည်းတစ်ချို့ ဖြစ်ပါတယ်.. အချက်တွေ တော်တော်များများဟာ လက်တွေ့ကျင့်သုံးတဲ့အခါမှာ တကယ်ကို အထောက်အကူဖြစ်တာ တွေ့ရတာမို့ ချစ်သော မိတ်ဆွေများအတွက် ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. တကယ်တမ်းတော့ စိတ်ညစ်တယ်ဆိုတာ ဘ၀မှာ ခဏတာကြုံလာတဲ့ အခက်အခဲကြောင့် အခိုက်အတန့် စိတ်ညစ်ရခြင်းသာ ဖြစ်ပါတယ်.. ပျော်ရွှင်ရတဲ့ အချိန်တွေလည်း ကိုယ့်ဘ၀မှာ ကြုံရဦးမှာ ဖြစ်ပါတယ်.. လူတိုင်း မိမိလိုဘဲ အဆင်မပြေမှုတွေနဲ့ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့  ကြုံရသူတွေ ချည်းသာပါ။ သူဌေးမှာလည်း သူ့ဘ၀နဲ့သူ စိတ်ညစ်စရာရှိသလို ဆင်းရဲသားမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ညစ်ရမှုတွေ ရှိနိုင်ပါတယ်. ဒါပေမဲ့ စိတ်ညစ်စရာကို ဟာသ အနေနဲ့ ဖြေပြီးတွေးတတ်ဖို့ လိုသလို မိမိ စိတ်ညစ်ခြင်းဟာ တဒင်္ဂ အတွက် စိတ်ညစ်ခြင်းဖြစ်တယ်လို့ နားလည်ထားပြီး နက်နက်ရှိုင်းရှိုင်း မခံစားဖို့၊ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့တော့ အသိတရား ရှိထားသင့်ပါတယ်.  မကြာခင်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ဦးမှာ ဖြစ်ပါတယ်..  ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်မသိမ်းထားတတ်သူတွေ ဖြစ်ကြပါတယ်.. ဒါကြောင့်လည်း စိတ်ညစ်နေသူများရှိရင် “ပျော်ပျော်နေပါ သူငယ်ချင်း”  ဆိုတဲ့ စကားလေးကို ပြောလိုက်ပါရစေနော်....



 “When life gives you lemons, make lemonade”



နောက်လာမဲ့ ပိုစ့်မှာတော့ နေပြည်တော်ရဲ့ ရေပန်းဥယျာဉ်အကြောင်းလေး ဖော်ပြပေးချင်ပါတယ်.. စောင့်မျှော် အားပေးကြပါဦးလို့.... :)  :)

ပျော်ရွှင်တဲ့ဘဝ




ဘ၀ကို ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ ကျော်ဖြတ်နိုင်ဖို့ အောက်ပါအချက်အလက်တွေက သင့်ကို အထောက်အကူ ပြုနိုင်ပါတယ်။

၁. တစ်ရက်ကို ၁၀မိနစ်မှ မိနစ်၃၀အထိ နေ့စဉ် ပုံမှန် လမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း မျက်နှာကို ပြုံးပြုံးရွှင်ရွှင်ထားပါ။



၂. နေ့စဉ် ၁၀မိနစ်ခန့် အချိန်ပေး၍ တစ်နေရာတွင် စိတ်အာရုံမပျံ့လွင့်စေဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နိုင်အောင် ကြိုးစားပါ။

၃. တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပါ။



၎. အလုပ်ကို ခွန်အားစိုက်ထုတ်၍ တက်တက်ကြွကြွ၊ နိုးနိုးကြားကြားနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက်ပြီး အခြားသူများကိုလည်း မျှဝေတတ်သော စိတ်ကို မွေးမြူပါ။


၅. ဥာဏ်ရည်ထက်မြက်စေသော ကစားနည်းများ ကို မကြာခဏ ကစားပေးခြင်း၊ ရနိုင်သမျှ အချိန်တို့တွင် စာများများ ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပါ။


၆. တတ်နိုင်သမျှ ရေများများသောက်ပါ။ အချိုရည်ကို လျှော့သောက်ပါ။


၇. အပင်မှရသော သဘာဝ အသီးအနှံများကို များများစားပြီး ပြုပြင်ဖန်တီးထားသော အစားအသောက်များကို လျှော့စားပါ။



၈. နံနက်စာကို များများစားပြီး နေ့လည်စာကို အတင့်အသင့်စားကာ ညစာကို တတ်နိုင်သမျှ နည်းအောင်စားပါ။

၉.တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ၄င်းတို့သည် စိတ်ကိုတည်ငြိမ်အေးချမ်းစေ၍ ခွန်အားများကို ရရှိစေပါသည်။



၁၀. ရယ်စရာများကို တတ်နိုင်သမျှ ရှာဖွေပါ။ နှစ်နှစ်ခြိုက်ခြိုက် ဟက်ဟက်ပက်ပက် ရယ်မောပါ။ တစ်ရက်ကို အနည်းဆုံး လူသုံးယောက်ကို ပြုံးရွှင်အောင် လုပ်ပါ။



၁၁. မိမိ၏ အဖိုးတန် အချိန်များ၊ ခွန်အားများကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနှင့်။

၁၂. မိမိ မတတ်နိုင်၊ အလုပ်နိုင် သော ကိစ္စရပ်များအတွက် အဆိုးမြင်ပြီး စိတ်ဆင်းရဲ၊ ဒေါသဖြစ်နေမည့်အစား စိတ်ချမ်းသာစရာ အကြောင်းအရာများကိုသာ တွေးတော ရှာဖွေပါ။

၁၃. အသက် ၇၀ကျော် လူကြီးသူမများ၊ အသက် ၆နှစ်အောက် ကလေးငယ်များနှင့် အချိန်ပေး၍ စကားပြောဆိုပါ။




၁၄.ဘ၀သည် တိုတောင်းလွန်းလှသောကြောင့် မိမိအချိန်များကို အခြားသူတစ်ဦးဦးအား မုန်းတီးခြင်း၊ ဂလဲ့စားချေခြင်း တို့ဖြင့် အချိန်မကုန်ဆုံးစေသင့်ပါ။

၁၅. မိမိကိုယ်မိမိ ဘယ်နေရာမှ ငါမရှိလျှင်မဖြစ်၊ ငါမပါလျှင်မပြီး ဟူသော အတွေးမျိုးကို ဖျောက်ဖျက်ပါ။

၁၆. မကောင်းသော အတိတ်ကာလ အကြောင်းအရာများကို မေ့ဖျောက်ပစ်ပါ။ မိမိချစ်သူခင်သူများ၏ အတိတ်က အမှားများကို မကြာခဏ ပြောဆိုခြင်း၊ သတိပေးခြင်း မပြုလုပ်သင့်ပါ။ ထိုအရာများသည် သင်၏ လက်ရှိပျော်ရွှင်မှုများကို ဖျက်ဆီးပစ်မည့် အရာများသာ ဖြစ်သည်။


၁၇.မည်သည့် အငြင်းအခုန်မျိုးတွင်ဖြစ်စေ၊ ပဋိပက္ခများတွင်ဖြစ်စေ သင်အနိုင်ရမှဖြစ်မည်ဆိုသော အတွေးကို ပယ်ဖျောက်ပါ။ အငြင်းပွားခြင်းသည် မိတ်ဆွေ လျှော့နည်းစေသော အကြောင်းတရားတစ်ခု ဖြစ်သည်။


၁၈. သင်၏ဘ၀ကို အခြားသူများနှင့် နှိုင်းယှဉ်၍ စိတ်ပျက်အားငယ်ခြင်း၊ မနာလိုခြင်းတို့ မည်သည့်အခါမျှ မဖြစ်ပါစေနှင့်။ အခြားသူများ၏ ဘ၀သည် တသမတ်တည်း ရှိမည်ဟူ၍ သင် အတတ်မပြောနိုင်သလို သင်၏ ဘ၀အခြေအနေသည်လည်း ယခုအတိုင်း အမြဲတမ်းရှိနေမည်ဟု မည်သူကမှ မပြောနိုင်ပါ။

၁၉.အလုပ်ကိုသာ ဦးစားပေးပြီး မိတ်ဆွေ သူငယ်ချင်းများကို မေ့လျှော့နေတာမျိုး၊ အချိန်မပေးနိုင်တာမျိုး မဖြစ်အောင်ကြိုးစားပါ။ သင်နေမကောင်းလျှင်၊ အကူအညီလိုအပ်လျှင် သင့်အလုပ်က သင့်ကို လာရောက်ကူညီမည်မဟုတ်။ သင့်မိတ်ဆွေ သူငယ်ချင်းများကသာ ကူညီပေးနိုင်ပါလိမ့်မည်။



၂၀. ခွင့်လွှတ်တတ်သော စိတ်ကို မွေးမြူပါ။

၂၁. မိသားစုများနှင့် မကြာခဏ ရင်းနှီးနွေးထွေးစွာ နေထိုင်ပါ။ အဝေးမှာရောက်နေလျှင်လည်း မကြာခန အဆက်အသွယ်ပြုလုပ်ပါ။



၂၂. ကောင်းမြတ်သောအရာများကို အခြားသူများအား ပြန်လည် မျှဝေနိုင်ရန်ကြိုးစားပါ။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်တတ်သူဖြစ်အောင် ကြိုးစားပါ။

၂၃. ၀င်ငွေထွက်ငွေကို မျှတစွာ သုံးစွဲတတ်သူ ဖြစ်ပါစေ။

၂၄. သစ်ပင်စိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ မွေးမြူခြင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို ရင်းနှီးနွေးထွေးစွာ စကားပြောဆိုခြင်း၊ စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကြင်နာ ဂရုစိုက်တတ်သော အလေ့ကောင်းကို မွေးမြူပါ။



၂၅. မိမိရဲ့ နိုးထလာသော မနက်ခင်းတိုင်းကို အကောင်းမြင်စိတ်ဖြင့် နိုးထကျင့်ကို ပျိုးထောင်ပါ။ ထိုသို့ဖြစ်နိုင်ရန်မှာ အလုပ်ချိန်နီးမှ ကပျာကယာ ထခြင်းထက် အချိန်စော၍ ကြိုတင်နိုးထခြင်းက သင့်အတွက် စိတ်ချမ်းသာ ပျော်ရွှင်သော မနက်ခင်းဖြင့် စတင်နိုင်ပါလိမ့်မည်။

အထက်ပါအချက်တွေကို ကျွန်မကိုယ်တိုင်လည်း နှစ်သက်မိသလို ကြိုးစားလိုက်နာဖို့လည်း လိုသေးတာမို့ ကိုယ်တိုင်လည်း သတိထားဖို့၊ အခြားသူများလည်း မျှဝေဖို့ ဖတ်မိတာလေးကို ဘာသာပြန်ပြီး ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါတယ်ရှင်။

ပျော်ရွှင်သာယာသော ဘ၀ကို လူတိုင်းတည်ဆောက်နိုင်ကြပါစေရှင်။


ချော(အစိမ်းရောင်လွင်ပြင်)


Source from http://www.funzug.com/

Photo from google

ကမ်းလင့်မဲ့ လက်များသို့.....

  

 



Save the Aged လို့ခေါ်တဲ့ ကျွန်မကိုယ်တိုင်လဲ အသင်းဝင်ထားခဲ့တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ထောက်ပံ့ရေး အသင်းသူ အသင်းသားများဟာ ခုချိန်မှာ ပရဟိတ လုပ်ငန်းများကို စွမ်းစွမ်းတမံ အားတက်တရော လုပ်ဆောင်နေကြတာ ကြားရမြင်ရတာ အားတက်စရာကောင်းလွန်းလှပါတယ်.. အသင်းကြီးရဲ့ လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် လိုလှပါသော်လည်း ရန်ကုန်နဲ့ အလှမ်းဝေးတဲ့ တစ်နေရာမှာ ရောက်ရှိနေတာမို့ တတ်နိုင်ကြတဲ့သူတွေ လုပ်ကြကိုင်ကြ လှူကြ တန်းကြတာတွေကို အဝေးကနေ ကြားရ ဖတ်ရ မြင်ရသမျှလောက်နဲ့ ကျေနပ်ပီတိ ဖြစ်နေခဲ့ရတာပါ…

 ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သော်လည်း အဝေးကနေ တတ်အားသရွေ့တော့ ငွေအားဖြင့်သော်လည်းကောင်း၊ ကျန်စေတနာရှင်များကို လှုံ့ဆော်ပေးခြင်းအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီ ဆောင်ရွက်ပေးလိုစိတ် ဖြစ်မိပါတယ်.. အခုလဲ  Save The Aged ( STA) အသင်းဝင်များဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ရေရှားပါးမှု၊ သောက်သုံးရေ ပြတ်လပ်မှုတို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ အစီအစဉ်တွေ ပြုလုပ်နေတာ သိရပါတယ်.. ဒီအစီအစဉ်ကိုလည်း လှိုက်လှဲ ၀မ်းသာစွာ ထောက်ခံကြိုဆိုမိသလို  အခြားသူများလည်း တတ်စွမ်းအားသမျှ ပါဝင်ကူညီ ဆောင်ရွက်စေလိုပါတယ်.. ကျွန်မတို့တွေဟာ ကိုယ့်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေကြရင်း လူမှုရေး လုပ်ငန်းတွေမှာလည်း တတ်အားသလောက် ပါဝင် ဆောင်ရွက်သင့်ကြပါတယ်နော်..






ကမ္ဘာကြီးတစ်ခုလုံး ယခင်ခေတ်ကာလများနဲ့မတူ ပိုမို ပူနွေးလာပြီး နေရာတကာမှာ ရာသီဥတု ဖောက်ပြန်မှုများကို ကြုံတွေ့နေရပြီ ဖြစ်ပါတယ်.. ယခုအခါမှာ နွေနေရဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် ရာသီဥတုဟာ သိသိသာသာပူပြင်းလာတဲ့ အတွက် မြန်မာပြည်ရဲ့ နေရာအနှံ့အပြားမှာ ရေရှားပါးခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ကို ကြုံတွေ့နေကြရပါတယ်.. ဘယ်တုန်း၊ ဘယ်ခါကမှ ရေမခမ်းခဲ့တဲ့ အရပ်ဒေသတွေမှာလည်း မကြုံစဖူး ဆိုးဆိုးဝါးဝါး ရေခမ်းပြီး သောက်ရေ သုံးရေတွေ  ပြတ်လပ်နေကြတာကို နေ့စဉ် ကြားနေရပါပြီ.. ကိုယ်တွေရောက်နေတဲ့အရပ်၊ ကိုယ်လက်ရှိနေထိုင်ရာ အရပ်မှာ ရေမရှားဘူး၊ ရေမပြတ်ဘူးဆိုပေမဲ့လို့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ကျွန်မတို့နဲ့လည်း ပတ်သက်နေတာဘဲ မဟုတ်ပါလားရှင်.. ကိုယ်ဒုက္ခရောက်တာ မဟုတ်လို့ ကိုယ်နဲ့ မဆိုင်သလို မနေသင့်ကြဘဲ တတ်အားသမျှတော့ လိုအပ်နေတဲ့နေရာလေးတွေမှာ တစ်ပိုင်တစ်နိုင် လက်ကလေးတွေ ကမ်းပေးကြပါစို့လားနော်..

 



 ဓာတ်ပုံ- ပိုးရွှေအိမ်







 ရေ... ရေ.... ရေ


ရေပြတ်လပ်မှု မှတ်တမ်းဓာတ်ပုံများ



ရန်ကုန်နဲ့ ဝေးတဲ့ ပြည်တွင်းပြည်ပက စေတနာရှင်များ၊ ပရဟိတလုပ်ငန်းမှာ ၀ါသနာပါသူများ အနေနဲ့ ကိုယ်တိုင်တိုင်ကျ မပါဝင် မလုပ်ဆောင်နိုင်တဲ့အတွက် အသင်းကြီးရဲ့ လူမှုရေးလုပ်ငန်းများကို ရှေ့ဆက် အောင်မြင်အောင် ငွေကြေးများ ပါဝင်လှူဒါန်းလို့ရသလို၊ ရန်ကုန်မြို့ပေါ်က လူငယ်များ အနေနဲ့ အသင်းကြီးနဲ့ အတူ ၀ိုင်းဝန်းလက်တွဲပြီး အကူအညီ လိုအပ်နေတဲ့ နေရာများမှာ တတ်နိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက် နိုင်ကြပါတယ်.. အသင်းကြီးရဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းများ အကြောင်းကိုလည်း http://savetheaged.ning.com/ ဒီနေရာမှာ ၀င်ရောက်ကြည့်ရှု လေ့လာလို့ ရပါတယ်. အသင်းရဲ့ လူမှုရေး ဆောင်ရွက်ချက်များကိုလည်း အမာခံ အသင်းဝင်တစ်ဦးဖြစ်တဲ့ ကျွန်မရဲ့ ချစ်လှစွာသော အစ်မဖြစ်သူ မမြသွေးနီ ရေးသားတဲ့ ဘလော့  http://myathwayyni.com/ မှာလည်း ဖတ်ရှုနိုင်ကြပါတယ်.. ကမ္ဘာတစ်လွှားက အသင်းဝင်တွေကို  STA က လက်ခံ ကြိုဆိုနေပါတယ်.. အောက်မှာတော့ STA အဖွဲ့ကြီးရဲ့ ရေလှူဒါန်းမဲ့ အစီအစဉ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..



 

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း

ရေသန့်လှူမည့်ကျေးရွာ ......... ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ ရွာ တို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့်ရှိကြသည်။ အဆိုပါ ရွာများတွင် ပို မို ဒုက္ခ ရောက်နေ သည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။

 ပါဝင်လှူဒါန်းမည့် အလှူရှင်များ ဆက်သွယ်ပေးပါရန်.............

 ....................လှုမည့်အစီအစဉ်..............................


၁။ရေသန့် ဗူးကြီး တစ်ဗူး - နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

၂။သုံးရေ အနေနဲ့ လှူချင်ရင် ဘောက်ဆာ ကား ရှာပြီး ရေ လှူပေးလို့ ရနိုင်ပါသည်။မြို့တော်စည်ပင်တွင်ရနိုင်ပါသည်။

၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

၎။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

စုရပ်...........................တိုကျိုဒိုးနပ်ရှေ့ မနက်(9.00) တိတိ

ယုဇနဥယျဉ်မြို့တော် (9.45) တိတိ

လှူမည့်နေ့စွဲ............... 16.5.2010 ( Sunday)

လှူမည့်နေရာ............ ညောင်လေးပင်ရွာ၊ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမ

အာလုံးပါဝင်လှူဒါန်းနိုင်ရန်မေတ္တာရပ်ခံအပ်ပါသည်။

စည်သူ@နိုင်စစ်သွေး

Visit သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး at: http://savetheaged.ning.com/?xg_source=msg_mes_network


 --------------------------------------------------------------------------------------------------------//

သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း 

 ယခု အခါ ရေ ရှားပါးမှု ပြသနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ်နေပါသည်။ ထို့ အတူပဲ ရန်ကုန်တိုင်း အ တွင်း ရှိ မြို့ နယ် များ ကျေးရွာများနှင့် ပဲခူးတိုင်းအတွင်း ရှိ ကျေးရွာ အနှံ့အပြားတွင်လည်း အဆိုပါ ပြသနာများ ဖြစ်ပေါ်နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။ သောက်သုံးရေ ပြတ်လပ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ရောဂါဘယတွေ ထူထပ် များပြားလာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်းရောဂါ ဖြစ်သည်။ ဒီ ပို့စ် လေးကို ရေးဖြစ် သွားတာကလည်း အဖြစ်ပျက်လေး တစ်ခုကြောင့်ပါ။

 လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူလာခံသော မိသားစုတစ်စုကြောင့် ဖြစ်သည်။ ပေရေညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်ကဆွဲပြီး မျက်ရည်လည်ရွှဲနဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲ့လောက် ထင် မထားမိခဲ့ပေ။ နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ ရာဇာသောက်ရေသန့် လာပို့သော လူငယ်တစ်ဦးနှင့် စကားစပ်မိရာမှ ကုလားဝဲရွာနှင့် ရွာနီးချုပ်စပ်တို့၏ ဒုက္ခ အစုံစုံကို ကြား သိလိုက်ရသည်။အဆိုပါ ရာဇာ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ယူပြီး ရေလှူချင်သူများကို ကူညီနေလျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ်ဝန်းကျင်ကို အားတက်သရော သွားလှူဖြစ်နေခဲ့ သည်။ နေရာ အနှံ့အပြားတွင် ဖြစ်နေသော ရေအခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

 ဒီပို့စ်လေးကို ရေးဖြစ်သွားရသည့် နောက်အကြောင်းအချက်တစ်ခုမှာ ယနေ့ နေ့ခင်းချိန်လောက်တွင် save the aged C-Box တွင် အားကိုးတကြီး လာရောက် အကူညီ တောင်းသွားသော ပဲခူးသား ဆိုသူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဖြစ်နိုင်လျှင် ပဲခူးသို့ ရေလာရောက် လှူစေလိုကြောင်း အကူညီတောင်းသွားခဲ့ သည်။  အဆိုပါ ပဲခူးသားမှာ ကျွန်တော်တို့ တစ်ဖွဲ့တည်းသာမက အခြားအခြားသော ပရပိာတ အဖွဲ့များကိုပါ အားကိုးတကြီးနဲ့ အကူညီ လိုက်တောင်းနေပါသည်။ ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာနောက်ထား ရေအသက် တစ်မနက် ဆိုတာကိုပဲ အဓိက ထားပြီး ကူညီရန်အတွက် နီးစပ်ရာ ရေဒုက္ခသည် ရွာသို့ ကျွန်တော် ကွင်းဆင်းကြည့်ရှု့ရန် သူငယ်ချင်းများအား တိုင်ပင်လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေတစ်ဦးမှ သူ့ Taxiဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေသွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဓါပေါက်သွားပြီး ရေသန့် ဗူး (၂၅) ဗူးစာအဖြစ် ငွေကျပ် ငါးထောင် လှူဒါန်းသွားပါသည်)

 ကျွန်တော် ကွင်းဆင်းကြည့်မိသောရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇနဥယျာဉ် မြို့တော်အကျော် ပဲခူးမြစ်လမ်းအဆုံးက ပဲခူးတံတားကြီး၏ တစ်ဘက်ခြမ်း၌ တည်ရှိသော ကုလားဝဲရွာပင် ဖြစ်သည်။ ရွာတွင် အိမ်ခြေ လေးရာ့ရှစ်ဆယ်ကျော်ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခုနှစ်တွင်မှ အခက်ခဲဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲရွာအထိ ကားလမ်းပေါက်ပြီး တစ်ခြား ရွာနီးချုပ်စပ်များသို့ လှည်းလမ်းကနေ ထော်လာဂျီနှင့်သွားမှ ရောက်ကြောင်း အဆိုပါရွာများသို့ ကုလားဝဲအထိ လာလှူထားသော သုံးရေ သောက်ရေများအား ပြန်လည်ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု့ မရှိသေးကြောင်း အလှူရှင်များလည်း စဉ်ဆက်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (၃၀၀) ဝန်းကျင်ခန့် ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမိုဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြပါသည်။ ကုလားဝဲကို အခြေတည်ပြီးပဲ ပို့ပေးနိုင်သောကြောင့် အခြားရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်းနိုင်မည်ဆိုလျင် ပိုမို အဆင်ပြေနိုင်ပါသည်။ ဖြစ်နိုင်လျှင် အသင်းအနေနဲ့ လှူဖြစ်ခဲ့ရင် လက်ဖက်ရည် တစ်ခွက်ဖိုးသာသာ ရေတစ်ဗူး နှစ်ရာသာရှိကြောင်း အဖွဲ့သားများအား နိုးဆော် တိုက်တွန်းလိုက်ရပါသည်။

 ၁။ရေသန့် ဗူးကြီး တစ်ဗူး - နှစ်ရာ ကျပ် (ရာဇာ ရေသန့် ပါ)

 ၂။သုံးရေအနေနဲ့ လှူချင်ရင် ဘောက်ဆာကား ရှာပြီး ရေလှူပေးလို့ ရနိုင်ပါသည်။ မြို့တော်စည်ပင်တွင် ရနိုင်ပါသည်။

 ၃။ပစ်ကပ် ကား လိုအပ်ပြီး ကူညီပေးနိုင်သူများ ဆက်သွယ်နိုင်သည်။

 ၄။လူအင်အားလည်း လိုအပ်ပါသောကြောင့် လုပ်အားပေးနိုင်သူများလည်း ဆက်သွယ်နိုင်ပါသည်။

 ဆက်သွယ်ရန်--

 သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်း အဖွဲ့ဝင်များ

(၁)ဇင်အိအိဝင်း zineiei.savetheaged@gmail.com

(၂)ဗေဒါဇော် baydarzaw@gmail.com

(၃) ခရေ sunwe.sta@gmail.com

(၄)စည်သူထွန်း sithuhtun21@googlemail.com

(၅)မမြသွေးနီ myathwayyni@gmail.com

မရွှေရည်(09.5119939)လှူဒါန်းနိုင်သောAချိန်( ရုံးဖွင့်ချိန် - 9:00am ~5:00pm)

(၆)အနက်ရောင်(01538273) anatyaung.sta@gmail.com

(၇)မိုးညချမ်း moenyachan@gmail.com

(၈)စိမ်းလန်း samelann@gmail.com

(၉)နွေးနွေး nklinn21@gmail.com

(၁၀)ဒေါက်တာနတ်ဆိုး 84.natsoe@gmail.com

(၁၁)ကိုဇော်လင်းထွန်း saucysage@gmail.com

(၁၂)ဖြူစင်သူ phyusinthu25@gmail.com

 ဒီစာတွေက STA အဖွဲ့ရဲ့ နှိုးဆော်စာလေးတွေပါ။
 --------------------------------------------------------------------------------------------------//









 တန်းစီပြီး စောင့်ရာဝယ်..




ကြည့်ကြပါ.. ရေတစ်ခွက် တစ်ပုံးရဖို့ ကျွန်မတို့တွေသာ နေပူကျဲကျဲအောက်မှာ ဒီလို စောင့်ရမယ်ဆိုရင် ဘယ်လိုများ နေမလဲရှင်....










အသက်ကြီးသူလဲ မနေသာ ရေရှာရပြီပေါ့..

ဒီလို အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ လူတိုင်းမှာ တာဝန်ရှိတဲ့ အသိစိတ်ကလေးများနဲ့ ၀ိုင်းဝန်းကူညီသင့်ကြပါတယ်နော်.. အဆိုးဝါးဆုံးက ရေရှားပါးမှုကြောင့်ဖြစ်လာမဲ့ နောက်ဆက်တွဲ ရောဂါတွေပါဘဲ.. အခုတောင် တစ်ချို့မြို့နယ်တွေမှာ ၀မ်းရောဂါတွေ ဖြစ်နေကြပြီလို့ ကြားရပါတယ်.. နွေရာသီ ကုန်ဆုံးဖို့ အချိန်တွေ အများကြီး လိုသေးတာမို့ ရှေ့ဆက်ပြီး ရေရှားပါးမှု ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ တာဝန်ရှိသူများ  အဖြေရှာသင့်ကြပါတယ်.. ရေလှူတာနဲ့ပတ်သက်ပြီး ဆောင်ရွက်ကြမဲ့ အခြားသော ပရဟိတ အဖွဲ့အစည်းလေးတွေလည်း အများကြီး ရှိပါသေးတယ်.. ဆောင်ရွက်နေကြတဲ့ အဖွဲ့အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်.... စေတနာရှင်များကလည်း မိမိတို့နီးစပ်ရာ အဖွဲ့အစည်းလေးတွေမှာ တတ်နိုင်သမျှလေး အကူအညီ လိုအပ်နေသူများကို ပါဝင် ကူညီလို့ လောကရဲ့ ကောင်းကျိုးကို တစ်ထောင့်တစ်နေရာလေးကနေ ၀ိုင်းဝန်း ဖြည့်ဆည်းပေးကြပါစို့လို့ ဒီစာလေးနဲ့အတူ တိုက်တွန်း နိုးဆော်လိုက်ပါတယ်ရှင်...

 အားလုံးဘဲ ဘေးဘယာ ဝေးကွာလို့ ချမ်းသာကိုယ်စိတ် မြဲကြပါစေရှင်...

ဓာတ်ပုံများကို  http://mmcybermedia.com/ မှ စိုင်းဖြိုးဝေလျှံရဲ့ volunteer အနေဖြင့်  တတ်စွမ်းသမျှ ကူညီကြရအောင်လား ပိုစ့်မှ မျှဝေအသုံးပြုပါသည်။ ဓာတ်ပုံပို့ပေးတဲ့ မောင်လေးကိုဖြိုးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်..

---------------------------------------------------------------------------------------------// 

ချော(အစိမ်းရောင်လွင်ပြင်)

ပျော်ပျော်ရွှင်ရွှင် လူမှုဝန်းကျင်

 



photo from Here


 


လောကကြီးမှာ နေထိုင်သွားလာလှုပ်ရှားရင်း လူအများနဲ့ သဟဇာတ ဖြစ်အောင် နေထိုင်ရတာ တကယ်တမ်းတော့ မလွယ်လှပါဘူးနော်.. လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်လဲ ထပ်တူမကျနိုင်၊ အတွေးအခေါ် အမြင်ချင်းလဲ အခြအနေပေါ် မူတည်ပြီး အများကြီးကွဲပြားသွားနိုင်ပါတယ်.. တစ်ယောက်နဲ့ တစ်ယောက်ရေရှည်မှာ  အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ဖို့ ခက်တော့ ခက်ခဲပါတယ်.. ဒါပေမဲ့ နည်းလမ်းတွေ ရှိမှာပါ..  ကျွန်မ ဖတ်ထားဖူးတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေထိုင်နည်း အချက်အလက် အချို့ကို ဒီစာမျက်နှာပေါ်မှာ ပြန်လည်မျှဝေပေးချင်ပါတယ်.. အချက် အားလုံးကို မလုပ်နိုင်ရင်တောင်မှ တစ်ချို့ဟာလေးတွေကို လိုက်လုပ်နိုင်တယ် ဆိုရင်တောင် အတော်လေးတော့ အဆင်ပြေမယ်လို့ ထင်ပါတယ်.. တစ်ချို့သော အချက်ကလေးတွေဟာ မိမိ ကိုယ်တိုင်အတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်…


 


၁.  များများပြုံးပါ.. သင့်အပြုံးဟာ တစ်ဘက်လူကို ရွှင်လန်းစေလောက်တဲ့ အထိနှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ်ပါ။ များများ ပြုံးရယ်ခြင်းဟာ မျက်နှာပြင်ပေါ်ရှိ ကြွက်သားများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလဲ ဖြစ်ပါတယ်.. ထို့ကြောင့် များများ ပြုံး၊ များများ ရယ်မောကြပါ။


 


၂.  မှန်ကန်တဲ့ စားသောက်မှုကို ရွေးချယ်ပါ။ ပြုပြင်ဖန်တီးထားသော အစားအသောက်များထက် ကျန်းမာရေး အတွက် သင့်တော်မဲ့ သဘာဝ အသီးအနှံများကို များများစားပါ..  အသီးအရွက် များများ စားခြင်းအားဖြင့် ခန္ဓာကိုယ် အလေးချိန်ကို ကျဆင်းစေပြီး ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ်။


 


၃.  လေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ် ပုံမှန် လုပ်နိုင်ရန်ကြိုးစားပါ.. ခန္ဓာကိုယ် အလေးချိန် ကျဆင်းဖို့အတွက်သာ မက  သွေးလည်ပတ်မှုကောင်းမွန်၍ ခန္ဓာကိုယ်တွင်း အဆိပ် အတောက်များကို ပြေပျောက်စေနိုင်ပြီး ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုလဲ ဖြစ်ပါတယ်။


 


၎. ရေများများသောက်ပါ။ အရောင်ပါသော ဖျော်ရည်အမျိုးမျိုးထက် သဘာဝရေကို များများသောက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်.. ရေမှာ သကြားဓာတ်နဲ့ အခြား ဓာတုပစ္စည်းများ မပါဝင်သဖြင့် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။


 


၅. တစ်ခုခုကို လေ့လာသင်ယူပါ.. စာများများဖတ်ပါ.. မိမိ၏ အချိန်နှင့် ငွေကြေးကို အကျိုးရှိစွာ အသုံးချခြင်းသည် မိမိဘ၀အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တစ်ခုလည်း ဖြစ်ပါသည်။


 


၆. သူတစ်ပါးကို ချစ်ခင်ကြင်နာပါ..ဂရုစိုက်အလေးထားပါ.. ထိုအရာများသည် ဘ၀အတွက် စိတ် အာဟာရလေးများ ဖြစ်လာနိုင်ပါတယ်။


 


၇. မိမိယုံကြည်ရာ ဘာသာတရား၏ အဆုံးအမကို ခံယူပါ။ ဘာသာတရားသည် မိမိစိတ်ကို ကြည်လင်စေသည်.. မိမိ ယုံကြည်ချက်ကို မြှင့်တင်ပေးနိုင်စွမ်းပါတယ်။


 


၈. မိမိချစ်ခင်သူများကို ချစ်ခင်မြတ်နိုးကြောင်းကို ပါးစပ်မှ မကြာခန ဖွင့်ပြောပါ.. ချစ်ခင်ကြောင်းကို အမူအရာများ ပြသပါ.. မေးမှ ပြောချင်းထက် မိမိချစ်ခင်သူတို့သည် သင့်ထံမှ ဂရုစိုက်မှု အလေးထားမှုတို့ကို မကြာခနကြားချင်သူ မြင်ချင်သူများဖြစ်ကြောင်း သတိရပါ။


 


၉. ထိုသူတို့နှင့် မကြာခန စကားလက်ဆုံပြောနိုင်အောင် ကြိုးစားပါ.. တစ်ယောက်အကြိုက် တစ်ယောက် ပိုမိုသိလာနိုင်သလို သံယောဇဉ် ပိုမို ခိုင်မာစေသော အကြောင်းတရားတစ်ခုလဲ ဖြစ်ပါတယ်။


 


၁၀.  အချိန်ရတိုင်း အားခြားသူများနှင့် နွေးထွေးစွာ စကားပြောဆိုပါ။ အတွေ့အကြုံ ရင့်ကျက်သူများ ထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ ဖလှယ်ရယူခြင်းဖြင့် သင့်အတွက် အကျိုးရှိစေနိုင်ပါတယ်။


 


၁၁. မိတ်ဆွေ သူငယ်ချင်းအိမ် လည်ပတ်သွားလာပါ..  အဝေးရောက်နေသူများထံ အမှတ်တရ၊ သတိတရ ကဒ်ကလေးများပို့ခြင်း၊ စာရေးဆက်သွယ် မကြာခနလုပ်ပါ။ ဖုန်း မကြာခန ဆက်ပါ။ မိမိက သတိတရ ရှိကြောင်း၊ အမှတ်ရကြောင်းကို ထိုသူများ သိပါစေ။


 


၁၂. မိမိနှင့် သိသူဖြစ်စေ မသိကျွမ်း မရင်းနှီးသူများဖြစ်စေ အတတ်နိုင်ဆုံး အပြုံးလေးကို လက်ဆောင်ပေး နိုင်အောင် ကြိုးစားပါ။ ပွင့်လင်းဖော်ရွေသော ချိုသာ ကြည်လင်သော အပြုံးတစ်ချက်သည် သင့်အား အများနှင့်မတူ တစ်မူခွဲထွက်စေသော အားသာချက်တစ်ရပ် ဖြစ်စေနိုင်ပါသည်။


 


၁၃. အိမ်သူအိမ်သားများကို ကူညီပါ.. မိမိအိမ်တွင် ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အိမ်သူအိမ်သားများ မအားသောအချိန်များတွင် သူတို့မတတ်နိုင်သည်များကို ကူညီ လုပ်ကိုင်ပေးခြင်းတို့ကို ဆောင်ရွက်ပါ။


 


၁၄. ပျော်ပျော်ရွှင် နေထိုင်ကျင့်ကို ကြိုးစားလေ့ကျင့်ပါ။ အရာရာကို အကောင်းမြင်စိတ်ဖြင့် ကြည့်နိုင်လျှင် သင်ကိုယ်တိုင်လည်း စိတ်ချမ်းသာမည်.. သူတစ်ပါးအတွက်လဲ အဆင်ပြေမည် ဖြစ်ပါတယ်။

 

၁၅. ရိုးရိုးရှင်းရှင်းနှင့် မှန်ကန်သော စကားကိုသာ ပြောပါ။ စကားများများပြောပြီး လိမ်ညာ စကားလုံး သုံးတတ်သူများကို မည်သူကမှ လေးစားလိုစိတ်ရှိမည်မဟုတ်ပါ။ ထိုသူများအား လူမှုအသိုင်းအ၀ိုင်းမှ အလိုလို ဘေးဖယ်ခံရတတ်ပါတယ်။


 


၁၆. အချိန်ရလျှင် အဖွဲ့အစည်း လှုပ်ရှားမှုများ၊ ပရဟိတ လုပ်ငန်းများတွင်ပါဝင်လှုပ်ရှားပါ။ အကူအညီအမှန်တကယ် လိုအပ်နေသူများကို ကိုယ်ရောစိတ်ပါ ကူညီပါ။ အားပေးနှစ်သိမ့်ပါ။


 


၁၇. မိမိ ပါတ်ဝန်းကျင်အား တတ်နိုင်သလောက် အကျိုးပြုနိုင်ရန်ကြိုးစားပါ .. ဥပမာ သစ်ပင်စိုက်ခြင်း၊ ပန်းအလှပင်စိုက်ခြင်း၊ မိမိတစ်ပိုင်တစ်နိုင် သန့်ရှင်းရေးပြုလုပ်ခြင်း။


 


၁၈. ပြန်လည် အသုံးပြုနိုင်သော ပစ္စည်းများကို အကျိုးရှိစွာ အသုံးချပါ.. ပလပ်စတစ်၊ စက္ကူ အစရှိသည် တို့သာမက မိမိ အတွက် မလိုအပ်သော အ၀တ်အစား အသုံအဆောင်များကို အခြား လိုအပ်သူများ၊ ဆင်းရဲနွမ်းပါးသူများအား ပြန်လည်မျှဝေ လှူဒါန်းပေးပါ။


 


၁၉. ကမ္ဘာကြီး ပိုမို ပူနွေးလာသော အကြောင်းအချက်များကို ဖော်ထုတ်ရှာဖွေခြင်း၊ ကာကွယ်ဖြေရှင်းခြင်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါ။


 


၂၀. အရာရာကို သတိနှင့်လုပ်ဆောင်ပါ.. ဖြစ်တတ်သော အရေးပေါ်အခြေအနေများအတွက် ကြိုတင် ပြင်ဆင် တတ်သည့် အလေ့အကျင့်ကို မွေးမြူပါ။


 


၂၁. ကောင်းမွန်သာယာသော လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်  ဖြစ်တည်လာရန်အတွက် မိမိဆက်စပ် ပါတ်သက်ရာ အဖွဲ့အစည်း အသိုင်းအ၀ိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပါ။


 


၂၂. လွယ်လွယ်နှင့် ခွင့်လွှတ်တတ်သူ၊ နားလည်စာနာစိတ်ထားတတ်သူ တစ်ယောက် ဖြစ်လာအောင် ကြိုးစားပါ.. သူတစ်ပါးကို နားလည်ခွင့်လွှတ်တတ်သူသည် ကိုယ်တိုင်လည်း စိတ်၏ ချမ်းမြေ့ခြင်းကို ရရှိနိုင်ပါတယ်။


 


၂၃. မိမိ၏ ၀င်ငွေ ထွက်ငွေကို စနစ်တကျ စီမံ ခန့်ခွဲတတ်သူဖြစ်ပါစေ..  အမှန်တကယ် လိုအပ်သော ကိစ္စမျိုးတွင်သာ ငွေကို သုံးစွဲတတ်အောင် စနစ်ကျသူ ဖြစ်ပါစေ။


 


 


Anolia Orfrecio Facun ရဲ့ The Ways to Make a Difference to Yourself and Others ကို ဘာသာပြန်ပါသည်။


 


အားလုံးဘဲ မိမိလက်ရှိ လူမှု ပါတ်ဝန်းကျင်၊ လုပ်ငန်းခွင်များနှင့် အဆင်ပြေပြီး ပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်။


 


ချော(အစိမ်းရောင်လွင်ပြင်)


 

အိပ်မက်လှလှ မက်ရအောင်


 


 


လူတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့ညတွေ များလာမယ်ဆိုရင် သူ့ရဲ့ စွမ်းဆောင် နိုင်အားတွေ၊ ဥာဏ်ရည်ထက်မြက်မှုတွေဟာလည်း ကျဆင်းလာနိုင်ပါတယ်.. ဒါကြောင့် ကျွန်မတို့တွေရဲ့ ဘ၀မှာ နေ့စဉ် အိပ်ရေး၀၀ အိပ်စက်ခွင့်ဟာ သိပ်ကိုအရေးကြီးပါတယ်.. တစ်ချို့သော သူတွေအတွက် ညတွေမှာ အိပ်ပျော်ဖို့ကို ခက်ခက်ခဲခဲ  ကြိုးစားနေ ရပါတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို  ရှာဖွေလေ့လာ တွေ့ရှိထား သလောက် ဝေမျှပေးလိုက်ပါတယ်... ကြိုးစားပြီး လိုက်နာကြည့်မယ် ဆိုရင် လှပတဲ့ အိပ်မက်ည လေးတွေကို  ပိုင်ဆိုင်လာနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်. 


 


၁. ညမအိပ်ခင် အစားအသောက် အနည်းငယ်ကို စားသောက်ပြီးမှာ အိပ်သင့်ပါတယ်.. ဗိုက်ဆာခြင်းဟာလည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါ… ညမအိပ်ခင် နွေးနွေး ထွေးထွေး အရည်တစ်ခုခုကို သောက်သုံးခြင်းဟာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အားပေးပါတယ်.. စပ်လွန်းသော အစာများကိုတော့ ရှောင်ကျဉ်သင့်ပါတယ်.. အလွန်အမင်း ဆာနေသော အခြေအနေ၊ ဗိုက်အရမ်းတင်းပြည့်အောင် စားသောအခြေအနေ ၂ မျိုးလုံးကို မရောက်အောင် ဆင်ခြင်သင့်ပါတယ်…


 


၂. မအိပ်ခင် ၂နာရီစောပြီး ရေနွေးနွေးဖြင့် ရေချိုး သင့်သည်။ ရေနွေးချိုးခြင်းအားဖြင့် ခန္ဓာကိုယ် ညောင်းညာမှု၊ စိတ်ဖိစီးမှုများမှ သက်သာစေနိုင်ပါသည်။


 


 ၃. နေ့စဉ်နေ့တိုင်း အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်ကို တစ်ရက်နှင့်တစ်ရက် အတူတူ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားအိပ်ပါ။ အလေ့အထတစ်ခုအဖြစ် အကျင့် ရသွားပါလိမ့်မည်။ မကြာခင် မိမိကိုယ်ခန္ဓာသည် ထိုအချိန်ရောက်လျှင် အိပ်ချင်သည့်စိတ် အလိုလို ပေါ်ပေါက်လာပါလိမ့်မည်။


 


၎. သက်သောင့်သက်သာ အိပ်နိုင်မည့် နေရာကို ရွေးချယ် သင့်သည်။ ထူလွန်းသော မွေ့ရာ၊ ပါးလွှာသော အိပ်ရာ၊ အလွန်မြင့်သော ခေါင်းအုံးများ ကို ရှောင်သင့်ပါသည်။


 


၅. မိမိအိပ်မည့်နေရာကို သန့်ရှင်းသပ်ရပ်စွာ နေပျော်ချင်စဖွယ် ဖြစ်အောင်ထားပါ။ အိပ်ရာခင်း၊ ခေါင်းအုံးဖုံးတို့ကို အစဉ်သန့်ရှင်း သပ်ရပ်အောင် ဂရုစိုက်သင့်သည်။ အိပ်ခန်းနံရံများတွင် အစိမ်းရောင် များများပါသော ရှုခင်းပုံများ၊ စိတ်ကို ကြည်လင် ချမ်းမြေ့စေမည့် သာယာလှပသော သဘာဝအလှပုံများကို ဦးစားပေး ကပ်ထားသင့်ပါသည်။ အိပ်ရာကို အိပ်စက်နားနေရန် သက်သက်အဖြစ်သာ အသုံးချပါ။ တီဗီ ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို အိပ်ရာနှင့် ဝေးဝေးထားပါ။


 


၆. သင်အိပ်မည့်နေရာသည် တိတ်ဆိတ်ငြိမ်သက်သော၊ အလင်းရောင်နည်းသော၊ လေ၀င် လေထွက် ကောင်းမွန်သော နေရာဖြစ်သင့်ပါသည်။ လင်းထိန်နေသော မီးရောင်အစား ညအိပ်မီး ခပ်မှန်မှိန်ကိုသာ ထွန်း၍ အိပ်သင့်ပါသည်။ တောက်ပသော အလင်းရောင်သည် သင်၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။


 


 ၇. နေ့ခင်းအချိန်တွင် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းကို ရှောင်သင့်ပါသည်။ ဖြစ်နိုင်လျှင် ၁၀မိနစ် ၁၅ မိနစ်ခန့်သာ အနားယူ အိပ်စက်ပါ။ နေ့ခင်း အချိန်ကြာကြာ အိပ်ထားပါက ညဘက် အိပ်ပျော်ရန် ခက်ခဲတတ်ပါသည်။


 


၈. မနက် အိပ်ရာမှ နိုးလျှင်နိုးချင်း အိပ်ရာမှ ချက်ခြင်းထ၍ တစ်နေ့တာ လုပ်စရာများကို စတင် လုပ်ဆောင်သင့်ပါသည်။ အိပ်ရာထဲတွင် ပျင်းရိ လှဲလျှောင်းနေခြင်းက လိုအပ်သော အိပ်စက်ချိန်ထက် ပိုမို အိပ်မိအောင် အားပေးနိုင်ပါသည်။


 


၉. နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို ညအိပ်ရာမ၀င်မီ ၃နာရီမှ ၆ နာရီ ထိခြား၍ လုပ်ပါ။


 


၁၀. ညအိပ်ရာဝင်ခါနီး စာဖတ်ခြင်း၊ တရားထိုင်ခြင်း စသော အလေ့အကျင့်တစ်ခုခုကို ပျိုးထောင်ပါ။


 


၁၁. စိတ်ပင်ပန်းစရာ၊ ဒေါသထွက်စရာ၊ အလုပ်ကိစ္စ စသော အကြောင်းအရာများကို ညအိပ်ရာ ၀င်ချိန်တွင် မတွေးမိအောင် ကြိုးစားပါ။


 


၁၂. တစ်ရေးနိုးတိုင်း နာရီကြည့်သည့်အကျင့်ကို ရှောင်ပါ။ နာရီမကြာခန ကြည့်ခြင်းသည် အိပ်ပျော်ရန် နှောင့်နှေးစေသော အကြောင်းတစ်ရား တစ်ခု ဖြစ်နိုင်ပါသည်။ နာရီကို အိပ်ရာနှင့် ဝေးရာတွင်ထားပါ။


 


၁၃. အခြားသူများအား ကူညီသော အကျင့်ကောင်းကို မွေးမြူပါ။ (ဥပမာ လူကြီး သူမများကို ကူညီစောင့်ရှောက်ခြင်း၊ ကလေးငယ်များ၊ အိမ်မွေး တိရိစ္ဆာန်များကို ကျွေးမွေး စောင့်ရှောက်ခြင်း၊ လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခြင်း) ၄င်း ကိစ္စတို့သည် သင်အိပ်ရာဝင်ချိန်တွင် အပူအပင် ကင်းဝေးသော အိပ်စက်ခြင်းကို ရရှိဖို့ အထောက်အကူ ဖြစ်စေနိုင်ပါသည်။


 


၁၄. ညအိပ်ရာဝင်ခါနီး အရက်၊ ကဖင်းဓာတ်ပါသော အစားအသောက်၊ ကော်ဖီ လဘက်ရည် သောက်သုံးခြင်းကို ရှောင်ပါ။ အရက်ကို ရှောင်ကျဉ်ရန် လုံးဝခက်ခဲပါက သင့်တော်သော ပမာဏကို ချင့်ချိန်၍သာ သောက်သုံးသင့်ပါသည်။


 


၁၅. သင်းပျံ့သော မွှေးရနံ့တစ်ခုခုသည် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အားပေးသဖြင့် မိမိအိပ်ရာဘေးတွင် မွှေးရနံ့ ရှိစေမည့် အရာလေးများ၊ ပန်းအိုးလေးများကို ထားခြင်း သည်လည်း လှပသော အိပ်မက်ညလေးကို ပိုင်ဆိုင်ဖို့ နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်လေသည်။


 


လှပတဲ့ အိပ်မက်များကို ပိုင်ဆိုင်ကြပါစေရှင်…..


 


ချော (အစိမ်းရောင်လွင်ပြင်)

 

HELLO ဂျာနယ်အတွက် ရေးထားတဲ့ ဆောင်းပါးလေးပါ..

http://mmhealthylife.com/page/2  မှာလဲ တင်ထားပါတယ်...

ခြောက် အိပ်မက်




တစ်ခါက သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ၂ယောက် ရှိကြပါတယ်.. သူတို့၂ယောက်ချစ်နေတဲ့ အကြောင်းကို ကောင်မလေးရဲ့ အဖေက သိသွားတော့ ကောင်လေးနဲ့ လုံးဝကို သဘောမတူပါဘူးတဲ့… ဒါနဲ့ဘဲ ကောင်လေးနဲ့ ကောင်မလေးတို့ ၂ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လဲ မခွဲနိုင်မခွာရက် သိပ်ချစ်နေ ကြတော့ အိမ်ကနေ ထွက်ပြေးကြပြီး ၂ယောက်တည်းကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..





သူတို့၂ယောက် ထွက်ပြေးသွားတော့ ကောင်မလေးအဖေက နေရာအနှံ့ လိုက်လို့ရှာပေမဲ့ ဘယ်မှာမှကို ရှာလို့မတွေ့ပါဘူး…  နောက်ဆုံးတော့ ကောင်မလေးအဖေဟာ သူတို့၂ယောက်လုံးကို ပြန်လာခဲ့ဖို့နဲ့ လက်ထပ်ပေးစားပါမယ် သူတို့ ၂ယောက်ကို ဘဘောတူ လက်ခံပါတယ် ဆိုတဲ့ အကြောင်း သတင်းစာမှာ ကြော်ငြာထည့်ရပါတော့တယ်…





ကြော်ငြာကို တွေ့တဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အိမ်ကို ပြန်လာကြပြီး  မင်္ဂလာဆောင်ဖို့ ပြင်ဆင်ကြပါတယ်…  နောက်တစ်နေ့မနက်မှာ သူတို့၂ယောက်ဟာ မင်္ဂလာဆောင် ၀တ်စုံရွေးဖို့အတွက် မြို့ထဲကို ထွက်လာကြပါတယ်.. အဲဒီမနက်ခင်းမှာ ကောင်လေးဟာ ရှပ်အင်္ကျီအဖြူလေးကို ၀တ်ဆင်လာပါတယ်.. မြို့ထဲမှာ တစ်ဆိုင်ပြီး တစ်ဆိုင် ၀င်ထွက်ကာ မင်္ဂလာဝတ်စုံကို ရွေးချယ်ကြရင်းနဲ့ နေက ပူသထက်ပူလာတော့ ကောင်မလေးဟာ ရေငတ်လာပါတယ်.. ဒါနဲ့  ကောင်လေးကို ရေဆာကြောင်း သူက ပြောတော့ ကောင်လေးကလဲ လမ်းတစ်ဘက်မှာရှိတဲ့ စတိုးဆိုင်လေးတစ်ခုမှာ ကောင်မလေး အတွက် ရေသန့်ဘူး သွားဝယ်ဖို့ လမ်းကို ဖြတ်ကူးလိုက်ပါတယ်..





 ဒီအချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် ဘရိတ်ပေါက်နေတဲ့ ကားတစ်စီးဟာ ဘယ်လိုမှ အရှိန်မထိန်းနိုင်ဘဲ ကောင်လေးကို ပြင်းထန်စွာ တိုက်မိသွားပါတယ်.. ကောင်မလေးဟာ ချက်ခြင်းဘဲ ကားတိုက်ခံရပြီး ခပ်ဝေးဝေး ကို  လွှင့်စင်သွားတဲ့ ကောင်လေးရှိရာကို ပြေးသွားပါတယ်. ဒီမှာတင် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကောင်မလေးဟာ ကောင်လေးဘေးနားမှာဘဲ သတိလစ်ပြီး လဲကျသွားပါတယ်.. သိပ်ပြင်းထန်လွန်းတဲ့ ကားတိုက်ခံရတဲ့ အရှိန်ကြောင့်  ကောင်လေးဟာ မမှတ်မိနိုင်လောက်အောင်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီး ပွဲချင်းပြီး သေဆုံးနေပါပြီ….







နာရီပေါင်း အတော်ကြာတော့မှ ကောင်မလေးဟာ ပြန်သတိရလာပါတယ်.. ကောင်လေးအိမ်က မိသားစုနဲ့ ကောင်မလေးမိသားစုတို့ဟာ ကောင်လေးကို မီးသဂြိုင်္လ်ဖို့ အမြန်ဆုံး စီစဉ်ကြပါတယ်.. ဘာလို့ဆိုတော့ ပြင်းပြင်းထန်ထန် ရုတ်ပျက်ဆင်းပျက် ကားတိုက်ခံထားရတဲ့ အတွက် သူ့ရုပ်ကလပ်ကို ကြာရှည် မထားသင့်ဘူးလို့ ယူဆတာကြောင့်ပါ..





ကားတိုက်ခံရပြီးလို့ ၂ရက်မြောက်တဲ့နေ့မှာ ကောင်မလေးအမေဟာ အိပ်မက်တစ်ခု မက်ပါတယ်.. အိပ်မက်ထဲမှာ အသက်ကြီးကြီး မိန်းမတစ်ယောက်ဟာ ကောင်မလေးရဲ့ အကျီ င်္မှာ စွန်းပေနေဆဲဖြစ်တဲ့ ကောင်လေးရဲ့ သွေးတွေကို အမြန်ဆုံး ပြောင်စင်အောင် လျှော်ဖွတ်ဖို့ ကောင်မလေးရဲ့ မိခင်ကို သတိလာပေးပါတယ်..  ဒါပေမဲ့ ကောင်မလေးရဲ့ အမေက အိပ်မက်ကို ဂရုမထားဘဲ အမှုမဲ့ အမှတ်မဲ့နဲ့ နေလိုက်ပါတယ်.. နောက်တစ်နေ့ညမှာတော့ ကောင်မလေးရဲ့ ဖခင်ဟာ အလားတူအိပ်မက်ကို ထပ်မက်ပါတယ်… ဖခင်ကလဲ အိပ်မက်ကို မေ့မေ့ပျောက်ပျောက်ဘဲ သဘောထားလိုက်ပါတယ်..





တတိယအကြိမ် ညမှတော့ အဲဒီအိပ်မက်ကိုဘဲ ကောင်မလေးက မက်ပါတော့တယ်.. ကောင်မလေးဟာ ထိတ်လန့်ကြောက်ရွံ့စွာနဲ့ အိပ်မက်ကနေ လန့်နိုးလာပါတယ်.. သူ့မိခင်နဲ့ ဖခင်ကို အိပ်မက်အကြောင်း ပြောပြတော့ ၃ယောက်လုံးဟာ ဒီအိပ်မက်ကိုဘဲ ထပ်တူမက်နေတယ် ဆိုတာ သိလိုက်ရပါတယ်.. ဒီတော့ ကောင်မလေးမိခင်က စွန်းပေနေတဲ့ သွေးတွေကို အမြန်ဆုံးလျှော်ဖွတ်ဖို့ ကောင်မလေးကို တိုက်တွန်းပါတယ်.. ကောင်မလေးဟာ သွေးစွန်းနေတဲ့ အ၀တ်ကို အမြန်ဆုံးဘဲ လျှော်ဖွတ်ပါတော့တယ်.. ဒါပေမဲ့ အားလုံး ပြောင်စင်အောင် လျှော်လို့မရဘဲ တစ်ချို့ သွေးစက်လေးတွေဟာ ကျန်ရစ်နေဆဲ ဖြစ်ပါတယ်…





နောက်ညမှလဲ ကောင်မလေးဟာ ဒီအိပ်မက်ကိုဘဲ ထပ်ပြီး မက်ပြန်ပါတယ်.. အဲဒီညအိပ်မက်မှာတော့ အဖွားကြီးဟာ ကောင်မလေးကို နောက်ဆုံးအကြိမ် အနေနဲ့ သွေးစွန်းအ၀တ်ကို ပြောင်စင်အောင် လျှော်ဖွတ်ဖို့နဲ့ ပြောင်အောင် မလျှော်ဘူးဆိုရင် တစ်စုံတစ်ခု အဖြစ်အပျက်ဟာ မကြာခင်မှာ ဖြစ်ပျက်လာဖို့ ရှိတယ်လို့ သတိပေးပါတယ်.. ကောင်မလေးဟာ အိပ်မက်က လန့်နိုးနိုးချင်း သူ့ရဲ့ အ၀တ်ကို ပြောင်စင်အောင် ကြိုးစားပြီး လျှော်ဖွတ်ပြန် ပါတယ်..  လျှော်ရလွန်းလို့ သူမရဲ့ အ၀တ်လေးဟာ စုတ်ပြဲလုနီးပါး ဖြစ်နေသလို သူမလက်ဖ၀ါးလေးတွေဟာလည်း နီရဲပွန်းပဲ့လို့ နေပါပြီ… ဒါပေမဲ့ စွန်းနေတဲ့ တစ်ချို့ သွေးစလေးတွေ ကတော့ မပြောင်နိုင်သေးပါဘူးတဲ့.. ကောင်မလေးဟာလည်း မောပန်း နွမ်းနယ်လွန်းနေပြီး နောက်ဆုံးတော့ ဘယ်လိုမှ မစင်နိုင်တဲ့အတွက် ဒီအတိုင်း ထားလိုက်ရ ပါတော့တယ်..





အဲဒီညနေမှာ ကောင်မလေးရဲ့ အဖေနဲ့အမေဟာ ကိစ္စ တစ်ခုနဲ့ အပြင်ထွက်သွားတော့ အိမ်မှာ ကောင်မလေး တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်.. တစ်အိမ်လုံးလဲ ခြောက်ခြားစရာ ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်... အဲဒီ အချိန်လေးမှာ တံခါးခေါက်သံတစ်ခုက တိတ်ဆိတ် ငြိမ်သက်ခြင်းကို ဖြိုခွင်းပြီး    ပေါ်ထွက် လာပါတယ်..  တံခါးခေါက်သံကြောင့် ကောင်မလေးဟာ တံခါးကို သွားဖွင့်လိုက်တဲ့ အချိန်မှာတော့ အိပ်မက်ထဲက အဖွားကြီးကို တွေ့လိုက်ရတဲ့ အတွက် ကြက်သီးမွေးညှင်းများ ထောင်ထလာအောင် ထိတ်လန့် ကြောက်ရွံ့မိပြီး ကြက်သေ သေနေမိ ပါတော့တယ်.. အဖွားအိုက ကောင်မလေးကို စိမ်းစိမ်းကြီး ကြည့်လိုက်ပြီး သူ့လက်ထဲမှာ ကိုင်လာတဲ့ အရာလေးတစ်ခုကို ကောင်မလေးထက်ထဲကို ထည့်ပေးလိုက်ပါတယ်.. ပြီးတော့ ကောင်မလေးကို သူ့ရဲ့ အသံ အက်ကွဲကွဲနဲ့ စကားတစ်ခွန်း ပြောလိုက်ကာ အိမ်ရှေ့ကနေ လှည့်ထွက်သွားပါတယ်.. ကောင်မလေးဟာ တုန်လှုပ်ခြင်းများစွာနဲ့ သူမလက်ထဲ ရောက်လာတဲ့ အရာလေးကို အထိတ်တလန့် ကြည့်လိုက်မိပါတယ်…  သူမ တွေ့လိုက်တဲ့ ဟာလေးက  လုံးဝ မမျှော်လင့်ထားတဲ့အရာ .... အဲဒါလေးက …… ?  ?  ?





************* ****

************ *..

***********. .

*********..

********

*****..

****.

***

**.
 *

**.
*
..
.
.
.*

*.



 *ဆပ်ပြာမှုန့်လေးတစ်ထုပ်ပါ..* 



 



အဖွားကြီး ပြောသွားတဲ့ စကားတစ်ခွန်းကတော့ “ဒီဆပ်ပြာ နဲ့ လျှော်မှ စင်မှာ”  တဲ့…    :)  :)   :)





ဆပ်ပြာမှုန့်ကြော်ငြာတာ ဟုတ်ဘူးနော်...  :P





စိတ်အပန်းပြေကြပါစေရှင်...



လေးစားစွာဖြင့်





ချော (အစိမ်းရောင်လွင်ပြင်)


ကူညီဝေမျှ ပရဟိတ


 



 


ကျွန်မ ဒီအကြောင်းအရာလေးကို ရေးချင်ခဲ့တာ ကြာပါပြီ.. အခုတော့ အကြောင်း တိုက်ဆိုင်လာတဲ့ အတွက် ရေးချင်နေတဲ့ အကြောင်းအရာလေးကို ရေးဖြစ်ပါပြီ.. ကျွန်မရေးချင်တဲ့အကြောင်းအရာလေးက ပရဟိတ အကြောင်းလေးပါ..  လူတွေရဲ့ ဘ၀မှာ တစ်နေ့တစ်နေ့ ကိုယ့်အလုပ်နဲ့၊ ကိုယ့်မိသားစုအရေးနဲ့ ၊ ကိုယ့်လူမှုရေး ကိစ္စတွေကြား  ဗျာများနေကြလေ့ရှိပါတယ်.. ဒါဟာ လူတိုင်းပါဘဲ.. အဲဒီလို ကိုယ့်အလုပ်တွေနဲ့ မအား မလပ် ဖြစ်နေတဲ့ ကြားထဲမှာ ကိုယ့်အတွက်လို့ ဆိုတဲ့  “အတ္တဟိတ” ကို လုပ်နေကြသလို လူပီပီသသ နေထိုင်ကြဖို့ အတွက် “ပရဟိတ” ဆိုတာလေးနဲ့ပါ တွဲပြီးတော့ လုပ်သင့်တယ်လို့ ကျွန်မခံယူပါတယ်..


 


ကျွန်မတို့ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလဲ ပရဟိတနဲ့ ပတ်သက်ပြီး ဟောကြားချက်လေး တစ်ခု ရှိခဲ့ပါတယ်.. အဲဒါကတော့ လောကကြီးမှာ နေထိုင်ကြတဲ့ လူသားတို့ကို အမျိုးအစားလေးမျိုး ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ခွဲခြားပြခဲ့ပါတယ်.. အဲဒီလူ အမျိုးအစားလေးမျိုးက


၁. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊


၂.ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊


၃. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊


၎.ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊


စသည်တို့ ဖြစ်ပါတယ်.. ဒီလူတန်းစား လေးမျိုးထဲမှာမှ နံပါတ်၎ မှာရှိတဲ့ ကိုယ့်အကျိုးလည်းလုပ် ပရဟိတ လည်း ဆောင်ရွက်သူဟာ အမြတ်ဆုံးလို့ ဘုရားရှင်က ဟောကြားခဲ့ကြောင်း ဖတ်မှတ်ခဲ့ရဘူးပါတယ်ရှင်..


 


ကျွန်မတို့ဟာ မိမိဘ၀ တိုးတက်ရာတိုးတက်ကြောင်းကို လုပ်ဆောင်နေကြသလို တစ်ဘက်တစ်လမ်းကလဲ ကိုယ်တတ်နိုင်သလောက် အများအကျိုးဆောင်တဲ့ လူမှုရေး လုပ်ငန်းတွေမှာလဲ ပါဝင်ဆောင်ရွက်သင့်ပါတယ်.. တကယ်တမ်းတော့ ပရဟိတ ဆိုတဲ့ အများအကျိုး ဆောင်ရွက်ခြင်းဟာ မွန်မြတ်လှပါတယ်.. အချို့သူတွေက ပရဟိတကို လုပ်လိုသော်လည်း စိတ်သာရှိပြီး အချိန်မရှိတဲ့ အတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက် နိုင်ခြင်း မရှိကြပါဘူး.. အချို့ကျတော့လည်း ရေခြားမြေခြားမှာ အလုပ်တွေများ၊ အချိန်ကရှား ဖြစ်နေတဲ့အတွက် ပရဟိတလုပ်ငန်းတွေမှာ မပါဝင်နိုင်ဘူးလို့ ဆိုကြပါတယ်.. ဒီလိုဆိုရင် ပရဟိတ လုပ်ငန်းကို ဒီလိုလူတွေက မလုပ်နိုင်တော့ဘူးလား မေးစရာရှိပါတယ်.. လုပ်နိုင်ပါတယ်.. လုပ်လို့ရပါတယ်. မိမိ ဘယ်ဒေသဘဲ ရောက်နေနေ ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ပရဟိတလုပ်ငန်းကို လုပ်ဆောင် လို့ရပါတယ်.. ပရဟိတ လုပ်တဲ့နေရာမှာလည်း လူအား၊ ငွေအားဖြင့် ပါဝင်ဆောင်ရွက်ကြသူတွေရှိသလို လူအားမတတ်နိုင်တဲ့အတွက် ငွေအားသက်သက်နဲ့ ဆောင်ရွက်သူများလည်း ရှိကြပါတယ်..


 


ကျွန်မကိုယ်တိုင်လည်း ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ နေရာမှာရောက်နေတဲ့ အတွက် ပရဟိတ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်တောင်မှ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ကြိုးစား နေမိပါတယ်… ကျွန်မ လောလောဆည် အဖွဲ့ဝင်ထားတဲ့ ပရဟိတ လူမှုရေးအဖွဲ့က Save The Aged လို့ ခေါ်တဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေးအသင်း ဖြစ်ပါတယ်.. အသက်အရွယ်ကြီးပြီး အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖိုးအဖွားတို့ကို ကူညီပေးကမ်းစောင့်ရှောက်ခြင်းနဲ့ အခြား ပရဟိတ လုပ်ငန်း တွေမှာပါ ကူညီဖို့ ကြိုးစားနေတဲ့ အဖွဲ့လေး ဖြစ်ပါတယ်.. အဝေးရောက်နေတဲ့ မြန်မာလူမျိုးများ http://savetheaged.ning.com/  ဒီနေရာမှာ အသင်းဝင်လို့ရသလို ရန်ကုန်မြို့မှ လူငယ် လူရွယ်များကိုလဲ မိမိတို့ရဲ့ အားလပ်ချိန်လေးမှာ သူတစ်ပါးကို ကူညီစောင့်ရှောက်တတ်တဲ့ အကျင့်ကောင်းလေးတွေကို မွေးမြူရင်း ပရဟိတလုပ်ငန်းကို လုပ်နိုင်ကြဖို့ အသင်းဝင်အဖြစ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်..


 


ဒီ ပရဟိတ အဖွဲ့မှ မဟုတ်ပါဘူး… ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ပေါင်း များစွာ ရှိပါတယ်.. ဘယ်အဖွဲ့ကို မဆို မိမိနီးစပ်ရာ အဖွဲ့လေးတွေမှာ ပါဝင်ကြရင်း လောကကောင်းကျိုးကို တစ်ဘက်တစ်လမ်းက သယ်ပိုး ထမ်းရွက်သင့်ကြပါတယ်.. သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေး အသင်း (STA) ဟာ လစဉ် လူမှုရေးလုပ်ငန်းများကို လုပ်ဖို့ စီစဉ်ထားပါတယ်. အခု ဖေဖော်ဝါရီလအတွက် လူမှုရေး လှုပ်ရှားမှု ဆောင်ရွက်မဲ့ အစီအစဉ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင်.. အသင်းမ၀င်ခင်မှာ အသင်းရဲ့ ဆိုဒ်ထဲကို အရင် လေ့လာကြည့်ဖို့ အသိပေးပါရစေ.. အသင်းကို လူကြီးလူငယ်မရွေး ၀င်လို့ရပါတယ်.. အသင်းရဲ့ စည်းကမ်းချက် များကိုလည်း ဆိုဒ်ထဲမှာ အသေးစိတ် ဖော်ပြပေးထားပါတယ်.. လုပ်ငန်း အစီအစဉ်များကိုလည်း အလှူငွေထည့်ဝင်ပုံ၊ လှူဒါန်းပုံတို့ကိုလဲ ရှင်းလင်းချက်များနဲ့ တွေ့ရမှာဖြစ်ပါတယ်.. နိုင်ငံအသီးသီးမှ အလှူငွေ ပါဝင်လှူဒါန်းလိုသူများအတွက်လည်း ဆက်သွယ်ရမဲ့ သူရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ၀က်ဆိုဒ်ထဲမှာ ဖော်ပြပေးထားပါတယ်...


 


ဒီလ ၂၁ ရက် တနင်္ဂနွေနေ့မှာ အဖွဲ့ဝင်များ ကိုယ်တိုင်ကိုယ်ကျ စုစုဝေးဝေးနဲ့ ပရဟိတလုပ်ငန်းလေးတစ်ခု သွားလုပ်ကြဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်.. ဒါကြောင့်လဲ ဒီရက်ကိုအမီ ပရဟိတလုပ်ငန်းကို ၀ါသနာ ပါသူများ၊ ကိုယ်တိုင်လိုက်ပါလိုသူများအတွက် ဒီပိုစ့်လေးကို အချိန်မှီ ရေးဖြစ်ပါတယ်.. ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် လူငယ်အချင်းချင်း စည်းလုံးညီညွှတ်မှု ရှိလာနိုင်သလို အဖွဲ့အစည်း စိတ်ဓာတ် တိုးပွားလာခြင်းအားဖြင့် တစ်ကိုယ်ကောင်း ဆန်လိုတဲ့ စိတ်ဓာတ်တွေ လျှော့ပါးသွားနိုင်ပြီး ကူညီချင်တဲ့ စိတ်ဓာတ်ကောင်းလေးတွေ မွေးဖွားလာစေနိုင်ပါတယ်.. လူငယ်များ စုစုရုံးရုံး သွားလာကူညီကြခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရှိလာနိုင်သလို၊ မိတ်ဆွေ သစ်များလည်း တိုးပွားလာနိုင်ပါတယ်..  ဗဟုသုတလဲရ ၊ ပျော်စရာလဲကောင်း ကုသိုလ်လဲရ ပါတယ်..


 


အောက်က အစီအစဉ်လေးက တနင်္ဂနွေနေ့မှာ ဆောင်ရွက်ကြမဲ့ အစီအစဉ်လေးဖြစ်ပါတယ်.. အဖွဲ့ဝင်တွေကို အကြောင်းကြားတဲ့ စာလေးပါ.. မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ်..


 


 


သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး

 

A message to all members of သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး

မင်္ဂလာပါ

ကျွန်တော်တို့ SaveTheAged အဖွဲ့မှ ဖေဖေါ်ဝါရီ လ အတွက်  လူမှု့ရေးနှင့် ပရပိာတလုပ်ငန်း အတွက် ရွေးချယ်ထားသောနေရာ
ရွှေပြည်သာမြို့နယ်  အနောက်အုတ်ကျင်း
ဘုန်းတော်ကြီး သင် ပညာရေးကျောင်း ရှိ ကျောင်းသား ကျောင်းသူများ ကို


အဟာရ ( ကြာဇံချက် ) ကျွေးမွေးခြင်း

Savetheaged အဖွဲ့ဝင် ဆေးအဖွဲ့မှ ကျောင်းသားကျောင်းသူများကို ကျန်းမာရေး   .စစ်ဆေးပေးခြင်း ။

ကလေးသူငယ်များကို လက်သည်းညှပ်ပေးခြင်း ၊ စကားပြောခြင်း ၊ ပုံပြင်ပြောပြခြင်း၊ ဆော့ကစားခြင်း .

စသည် ဖြင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အစီအစဉ်များကို ပြုလုပ်သွားမှာဖြစ်ပါတယ် ။
ထိုကြောင့် ကျွန်တော်တို့နှင့်အတူ ပါဝင်ကုသိုလ်ပြု လှူဒါန်းနိုင်စေ ရန် လေးစားစွာ ဖိတ်ကြား ပါတယ် ခင်ဗျာ.....၊


နေ့ရက်          -  21-02-2010 (တနင်္ဂနွေ) နေ့

 
စုရပ် ( ၁ )   


အချိန်            -   မနက်( 8:35 ) နာရီအရောက်လာရန် နှင့် ( ၉ )နာရီ
                        အထိစောင့်ဆိုင်းပေးသွားပါမည်။  9  နာရီထိုးသည်နှင့် စုရပ် ( ၂ )နေရာ
                        သို့ ထွက်ခွာမည်ဖြစ်ပါသည်။


နေရာ            -  38 လမ်းထိပ်၊ပန်းဆိုးတန်းကားဂိတ်အနီး မှာရှိတဲ့ Tokyo Donut    
                       ရှေ့နားမှာဖြစ်ပါတယ်။အလှူကြိုပို့ကားကို ယင်းနေရာနှင့် မနီးမဝေး ရှိ
                       ၃၈ လမ်းထိပ် ချာပ့်ကျောင်းနားတွင် ရပ်ထားပါမည်။


စုရပ် ( ၂ )   

အချိန်           -   မနက်( 9:00 ) နာရီအရောက်လာရန် နှင့် ( 9:30 ) နာရီ တွင် စုရပ် (၁ )
                      .မှလာသော အလှူကြိုပို့ကားဖြင့်စတင်ထွက်ခွာမည်ဖြစ်သည်။
           


နေရာ            - ရန်ကုနု အင်စိန် လမ်းမ ရှိ လှည်းတန်း IT လ္ဘက်ရည်ဆိုင် 
                      ( YKKO ကြေးအိုးဆိုင်နဘေး ) တွင်ဖြစ်သည်။


လှူဒါန်းမှုအစီစဉ်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၉)နာရီခွဲအတိ စုရပ် (၂) ကထွက်ခွာမှာဖြစ်ပါတယ်။ အနောက်အုတ်ကျင်း ဘုန်းတော်ကြီး သင်
ပညာရေးကျောင်း (၁၀) နာရီမခွဲခင်အရောက်သွားမှာဖြစ်ပါသည်။
ရောက်သည်နှင့်


၁. စာရင်းအဖွဲ့ မှ တစ်နေရာ နေရာယူ၍ အလှူငွေ လက်ခံခြင်း
     ( မသန္တာ ,မဆုဆုကျော်  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၂. ဆေးအဖွဲ့မှ တစ်နေရာယူ၍ ကလေးသူငယ်များ၏ ကျန်းမာရေးကို စစ်ဆေးပေးခြင်း
     ( သော်ဇင် ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၃. ကျောင်းသားကျောင်းသူများကို အဟာရ ကျွေးမွေးရာတွင် ဝိုင်းဝန်းကူညီခြင်း
    ( စည်သူထွန်း , အနက်ရောင်  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


၎.အဟာရ သုံးဆောင်ရန် အလှည့်ကျ စောင့်ဆိုင်းနေသော
    .ကျောင်းသားကျောင်းသူများကလေးငယ်များကို လက်သည်းညှပ်ပေးခြင်း
    ( ဗေဒါရောင် . စနိုး  ဦးဆောင်၍ ဆောင်ရွက်ပါမည်)


၅.အဟာရ သုံးဆောင်ပြီး ကျောင်းသားကျောင်းသူများကို ပရဟိတ ဗဟုသုတရစေရန်
ပုံပြောခြင်း ၊ အခြားဗဟုသုတများကို နွေးထွေးစွာ ပြောပြရင်း နှီးစွာနေရန်နှင့် ကလေးငယ်များ စုပေါင်းလုပ်ဆောင်တဲ့စိတ်ဓါတ်၊ ပရဟိတ စိတ်ဓါတ် ကိန်းဝတ် အတုယူတတ်စေရန် ဆောင်ရွက်ခြင်း ၊ဆော့ကစားခြင်း ၊ နွေးနွေးထွေးထွေး နေခြင်း ။
( ကိုသူရအောင် , ခရေ  ဦးဆောင်၍ ဆောင်ရွက်ပါမည် )


စသည်ဖြင့် အရွယ် အလိုက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

လိုက်ပါမည့်သူများ အနေနှင့် မိမိတို့ ကိုသိုလ်ယူလိုသော နေရာ တွင် ပါဝင် ကုသိုလ်ယူနိုင်ပါသည်။
အစီစဉ်အားလုံးကို ၂ နာရီ တွင်ပြီးဆုံးမှာဖြစ်ပြီး မြို့ထဲ စုရပ်သို့ ၃ နာရီတွင် ပြန်ရောက်မည်ဖြစ်သည်။


လိုက်ပါမည့်သူများကို ယာဉ်စီး ခ တစ်ယောက် ( ၅၀၀ ) ကောက်ခံမည်ဖြစ်သည်။
စုရပ် ( ၁ ) တွင် ကိုဗေဒါဇော် နှင့်ဇင်ဇင်တို့ မှ ဦးဆောင်  စောင့်ဆိုင်းနေမည်ဖြစ်ပြီး .
စုရပ် ( ၂) တွင် အနက်ရောင် နှင့်  ဗေဒါရောင်  တို့မှ ဦးဆောင် စောင့်ဆိုင်းနေမည်ဖြစ်သည်။


ကားစီစဉ်ထားမူ အဆင်ပြေစေရန်တွက် လိုက်ပါမည့်သူများ
အောက် တွင်စာရင်းပေးသွားပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


စာရင်းပေးရန်နေရာ  http://savetheaged.ning.com/forum/topics/2122010-1
Visit သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေး at: http://savetheaged.ning.com/?xg_source=msg_mes_network

 


အတ္တနဲ့ပရ မျှတစွာ ဆောင်ရွက်ကြပါစို့လားရှင်.....


 


ချော (အစိမ်းရောင်လွင်ပြင်)