Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

အလှနတ်သမီးလေး မလိခ...



ပူတာအိုကနေ ဆယ်မိုင်ကျော်ဝေးတဲ့ ရွာကလေးကနေတစ်ဆင့် စက်လှေစီးပြီး နတ်ကျွန်းဆီ သွားတဲ့ခရီးဟာ မလိခမြစ်ရဲ့ အလှကို ရင်သပ်ရှုမော တွေ့ရတဲ့ ခရီးတစ်ခုပါပဲ။ ကမ်းစပ်ဘေး၂ဘက်မှာ ကြီးမားလှတဲ့ ကျောက်စိုင် ကျောက်သားကြီးတွေ စီရရီ ရှိနေပြီး နှစ်ပေါင်းများစွာ ရေတိုက်စားခံရတော့ နဂိုမူလ ကျောက်ဆောင်ကြီးကနေ ပုံသဏ္ဍန်အမျိုးမျိုးသော ကျောက်တုံးတွေ ဖြစ်လာရတော့တာပါပဲ။ ဒါကိုကြည့်ပြီး မိုးတွင်းဆိုရင်တော့ မလိခမြစ်ရေဟာ ရေစီးဘယ်လောက် သန်မယ်ဆိုတာ ခန့်မှန်းကြည့်မိတယ်။ အချို့နေရာတွေမှာ မြစ်ရေဟာ ရုတ်တရက် နိမ့်ကျသွားတော့ လှိုင်းတွေအလိပ်လိုက် ထအောင် ရေစီးက ကြမ်းတမ်းလှတာကြောင့် စက်လှေစီးရတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းလှတယ်။ စက်လှေမောင်းတဲ့သူတွေသာ မကျွမ်းကျင်ရင် မြစ်ထဲက ကျောက်ဆောင်ကြီးတွေနဲ့ စက်လှေနဲ့ ဝင်ဆောင့်မိလောက်တယ်။ ဒါပေမဲ့ စက်လှေမောင်းသူတွေရဲ့ မျက်နှာကိုကြည့်တော့ အေးအေးဆေးဆေးပါပဲ။ မောင်းလာတာ ကြာလှပြီမို့ အတွေ့အကြုံ ရင့်ကျက်ပြီး ကျွမ်းကျင်နေဟန်ရှိတယ်။










နတ်သမီးလေးတစ်ပါးလို့တောင် တင်စားလို့ရအောင် လှပတဲ့ မြစ်တစ်စင်းဟာ မလိခမြစ်ပါပဲ။ အောက်ခံကျောက်တုံးကျောက်ခဲတွေကို အတိုင်းသား မြင်နေရပြီး ကြည်လင်ပြာလဲ့နေတာများဆို ရေထဲ ငုံ့ကြည့်ရင် ကိုယ့်မျက်နှာကိုယ်တောင် ရှင်းလင်းပြတ်သားစွာ မြင်နေရတယ်။ ရေက ကြည်လင်လွန်းတော့ ကောင်းကင်ပြာပြာအောက်မှာဆိုရင် ရေအပြင်က ပြာလဲ့နေပြီး ကမ်းစပ်က တောအုပ်စိမ်းစိမ်းတွေ ရှိတဲ့နေရာဆိုရင် မြစ်ရေက စိမ်းရင့်ညိုမှောင်လို့ နေပြန်တယ်။ ရေကသိပ်ကြည်လွန်းတော့ ပတ်ဝန်းကျင်ရဲ့ အရောင်ကိုလိုက်ပြီး မြစ်ရေအရောင်က လိုက်ပြောင်းလဲတယ်။








မြစ်တွေကို လိင်အမျိုးအစား ခွဲခြားလို့ ရသလားလို့ မေးရင်တော့ အင်္ဂလိပ်စာ အသုံးအနှုန်းမှာလည်း မြစ်ကို ရေးတဲ့အခါမှာ She လို့ သုံးကြတယ်။ ကျွန်မတို့ မြန်မာပြည်မှာလည်း မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်။ ရာဇဝင်ထဲက သတို့သမီး ဆိုတဲ့ ထူးအိမ်သင် သီချင်းထဲမှာတောင် ဧရာဝတီမြစ်ကို တင်စားထားတာ တွေ့ရမှာပါ။ ခုခေတ်ရောက်မှ မ လိင်အနေနဲ့ သုံးတာတော့လဲ မဟုတ်ပါဘူး။ ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုပြီး ပါဠိမှာ သုံးထားတာ တွေ့ရတော့ ဟိုးရှေးကတည်းက မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတယ်လို့ မှတ်ယူရပါတယ်။ ဘာကြောင့် မြစ်တွေကို အမျိုးသမီးနဲ့ တင်စားကြတာလဲ။ လှလို့လား၊ ကောက်ကွေ့လို့လား၊ မာယာများလို့လားလို့ သေချာ မပြောတတ်ပါဘူး။ ....






ဒီဒေသကလူတွေ သူတို့ဆီမှာ ဒီလို လှပတဲ့ နတ်သမီးလေးတစ်ပါး ရှိနေတာ တကယ်ကို ဂုဏ်ယူစရာပဲ။ အဲဒီ နတ်သမီးလေးရှိရာကို ကိုယ်တွေကတော့ တကူးတက သွားပြီး ကြည့်ရတာလေ။ တကယ်တမ်းတော့ ကိုယ့်မွေးရပ်မြေမှာလည်း ဒီလို နတ်သမီးလေးတစ်ပါး ရှိခဲ့ပါရဲ့။ အဲဒီ နတ်သမီးလေး နာမည်က ဥရုချောင်း (ဥရုမြစ်)ပေါ့လေ။ ဖားကန့်မြို့နယ်က ကျောက်စိမ်းထွက်တဲ့အရပ်မှာ ရှိတဲ့ချောင်းကလေး။ ငယ်တုန်းကတော့ ဒီချောင်းထဲမှာ ရေချိုး၊ ဒီချောင်းရေကို သောက်ခဲ့တာပါပဲ။ ချောင်းရေ ကြည်လင်ပုံ၊ သာယာလှပပုံကလည်း အခုမြင်ရတဲ့ မလိခမြစ်လိုပဲ။ ကိုယ်တွေအတွက်တော့ မြို့တွေမှာလို ကစားကွင်းတွေ ဘာတွေ မလိုဘူး။ ဒီချောင်းလေးဟာ ကိုယ်တွေရဲ့ ဆော့ကစားရာ နေရာပဲ။


ချောင်းထဲမှာ ရေချိုးဆိုပြီး ဆင်းသွားရင် တခါတလေ ၂နာရီ ၃နာရီကြာလည်း ပြန်တက်မလာလို့ အိမ်က အမေက တုတ်တစ်ချောင်းကိုင်ပြီး လိုက်အော်ခေါ်ရအောင် ဒီချောင်းကလေးမှာ ပျော်ခဲ့ကြဖူးတယ်။ ချောင်းထဲမှာ လှေလှော်ကြတယ်၊ သူငယ်ချင်းတွေနဲ့ ရေငုတ်ပြိုင်ကြတယ်၊ ချောင်းထဲမှာ ကျောက်တိုက် ထိုးကြတယ် ( ကျောက်ခဲတုံးကြီးကြီးတွေကို ရေငုတ်၊ လိုက်ရှာပြီး လူတစ်ရပ်မက ကျော်တဲ့ ရေအနက်မှာ စုပုံထားကြတယ်။ တဖြေးဖြေးနဲ့ ကျောက်ခဲပုံကြီးက မြင့်တက်လာပြီး လူတက်ရပ်လိုက်ရင် ခေါင်းလေး ရေပေါ်ပေါ်လာအောင် လုပ်တာကို ကျောက်တိုက် ထိုးတယ် ခေါ်ကြတယ်) ၊ စားစရာတွေ ယူသွားပြီး ချောင်းဘေးက သစ်တုံးတွေ၊ ကျောက်တုံးတွေပေါ်မှာ ထိုင်ပြီး စားကြသောက်ကြလုပ်ကြတယ်။ အပျော် ငါးဖမ်းကြတယ်။ ကိုယ်တို့ချောင်းကမ်းစပ်က မြေကြီးတွေထဲမှာ ရွှေလဲ ထွက်တော့ ခမောက်လို သစ်သားပြား အဝိုင်းကြီး ယူသွားပြီး ရွှေကျင်တမ်းလဲ ဆော့ကြသေးတယ်။ ပြီးသွားရင် ရွှေကျင်လို့ ရလာတဲ့ ရွှေမှုန်မှုန်မွှားမွှားလေးတွေများ အိမ်ပြန်တဲ့ခါ ချောင်းထဲ ဒီတိုင်း ပြန်လွှင့်ပစ်ခဲ့တယ်။ ဘယ်သူမှ မယူကြဘူး။ ငါးဆိုလဲ ဒီလိုပဲ သေးသေးလေးတွေဆို ပြန်လွှတ်ပေးခဲ့ကြတယ်။ ချောင်းလေးမှာ ကစားခဲ့ကြတာတွေ ရေးပြရင် ကုန်ဦးမှာ မဟုတ်ဘူး။ ပျော်ခဲ့တာ၊ အမှတ်တရတွေ ရှိခဲ့တာတွေလည်း အများကြီးပဲ။ မြို့မှာ ကျောင်းသွားတက်တော့ ကိုယ်အလွမ်းဆုံးက ဒီဥရုချောင်းကလေးပဲပေါ့။

မွေးရပ်မြေအကြောင်း စဉ်းစားလိုက်တိုင်းလည်း သတိအရဆုံးနဲ့ နှမြောတသ အဖြစ်ရဆုံးက ဒီချောင်းကလေးပါပဲ။ ဘာလို့လဲဆိုတော့ ခုချိန်မှာ ဥရုချောင်းရေဟာ မလိခမြစ်လို ကြည်လင်သာယာပြီး လှပဖို့ဆိုတာ မဖြစ်နိုင်တော့လို့ပါ။ မှော်အသီးသီးက ကျောက်တူးပြီး မြေစာပုံတွေကနေ စီးကျလာတဲ့ အနယ်အနှစ်တွေ၊ ရွံ့နွံတွေကြောင်း ချောင်းရေက ဝါထိန်နေပြီး ချောင်းထဲမှာ ရေချိုးလို့လည်း မရ၊ သောက်သုံးလို့လည်း မရတော့အောင် ပျက်စီးသွားခဲ့ပြီလေ။ အရင်တုန်းက ဝါးတစ်ပြန်သာသာအနက်ရှိတဲ့ နေရာတွေဆိုရင် ခုများ မယုံနိုင်စရာ ဒူးသာသာလောက်ပဲ နက်တော့တယ်။ ချောင်းထဲမှာ ပြည့်နေတဲ့ နှုန်းတွေ မြေကြီးတွေကြောင့် ချောင်းရေအနက်က ရှိသင့်သလောက် မရှိတော့တဲ့အခါ နှစ်တိုင်း မိုးတွင်းရောက်ပြီဆို ရွာတွေမှာ ရေလျှံပြီး ရေဘေးဒုက္ခ ခံစားကြရတယ်။

တကယ်တမ်းတော့ မလိခရဲ့ အလှအပအကြောင်းကိုသာ ကြည်နူးဖွယ် ရေးချင်တာပါပဲ။ ဒါပေမဲ့ မလိခမြစ်ကိုတွေ့ခဲ့တော့ ဟိုးအရင်တုန်းက သာယာလှခဲ့ဖူးတဲ့ ကိုယ်တို့ရဲ့ နတ်သမီးလေး ဥရုချောင်းကို ပြန်သတိရ လွမ်းဆွတ်မိတာပါ။ မလိခမြစ်နားတလျှောက်မှာ သတ္တုတွေ၊ တန်ဖိုးကြီး ကျောက်မျက်တွေ မထွက်တာကလည်း သဘာဝအတိုင်းလေး လှနေဖို့ အကောင်းဆုံး အခြေအနေတစ်ခုပါပဲ။ မဟုတ်ရင် လောဘသမားတွေ ရောက်လာပြီဆိုရင် အဲဒီနေရာဒေသဟာ ပျက်စီးသွားဦးမှာလေ။ ကိုယ်တို့ ဥရုချောင်းလို တန်ဖိုးကြီး ကျောက်စိမ်းတွေထွက်ရင် ခုချိန်မှာ မလိခဟာ နတ်သမီးလေးတစ်ပါးလို လှနိုင်တော့မှာ မဟုတ်လောက်ဘူး မဟုတ်လား။ တခါတလေတော့ စိတ်ပေါက်ပေါက်နဲ့ တွေးမိသေးတယ်။ ရှိသမျှ ကျောက်စိမ်းတွေ အကုန်ယူသွားကြ။ ကိုယ်တို့လို ဒေသခံတွေအတွက် ဟိုတုန်းက ဥရုချောင်းလေးပဲ ပြန်ပေးခဲ့ကြပါလို့။

အဲဒီလိုပြောတော့ ကျောက်စိမ်းမထွက်ရင် နင်တို့ ဘာလုပ်စားကြမလဲ မေးကြမယ်ထင်တယ်။ ကျောက်စိမ်းထွက်တယ်လို့ နာမည်မကြီးခင်၊ တခြားဒေသတွေဆီက လူတွေ၊ ကုမ္ပဏီတွေ အများကြီး ရောက်မလာခင်က အဲဒီ ဒေသကလူတွေ ဒီချောင်းလေးကို အမှီပြုပြီး လယ်ယာကိုင်းကျွန်းလုပ်တယ်။ ချောင်းထဲမှာ ငါးတွေဆိုတာ ပေါလွန်းလို့ ဆပ်ပြာခွက်လို ဇကာလေးနဲ့ ဖမ်းလို့တောင် ရတယ်ဆိုရင် ပုံပြင်ထင်သွားကြဦးမယ်။ ကိုယ်တို့ရွာမှာ ဘုန်းကြီးကျောင်းနောက်က ချောင်းထဲမှာ ရှိနေတဲ့ ငါးကြီးတွေဆိုတာများ ကလေးမွေးစပေါက်ထက်တောင် ကြီးတယ်ဆိုရင် ချဲ့ကားတယ် ထင်ကြဦးမယ်။ ရွာကို လာတဲ့ ဧည့်သည်တွေကို ဒီငါးကြီးတွေ ခေါ်ခေါ်ပြပြီး ကြွားရတာ အမောရယ်။ အဲဒီခေတ်က အဲဒီဒေသကို ရောက်ဖူးတဲ့သူတွေ သိမှီလိုက်ကြမှာပါ။ ဘုန်းကြီးကျောင်းက ၁၀နာရီ အုန်းမောင်းခေါက်သံကြားတာနဲ့ ငါးတွေဟာ ကမ်းစပ်ကို ရောက်လာကြတယ်။ အဲဒီချိန်ဆိုရင် ရွာထဲ့ လူတွေဖြစ်စေ၊ ဘုန်ကြီးကျောင်းက ဘုန်းကြီးကျောင်းသားလေးတွေက ဖြစ်စေ ထမင်းတွေ အိုးလိုက် သယ်လာပြီး အဲဒီ ငါးကြီးတွေကို ကျွေးကြ မွေးကြနဲ့ သိပ်ပျော်စရာကောင်းခဲ့တယ်။ ကျောင်းပိတ်ရက်တွေဆို ၁၀နာရီထိုးတာနဲ့ ငါးကြီးတွေကိုကြည့်ဖို့ ဘုန်းကြီးကျောင်းပြေးတော့တာပဲ။

သစ်တောတွေ ထူထပ်လွန်းလို့ အိမ်နောက်ဖက် ချောင်းတစ်ဖက်ကမ်းမှာ ရေလာသောက်တတ်တဲ့ ဂျီ(ချေ)၊ ဆတ် ဆိုတာ အတိုင်းသား မြင်နေရတယ်။ ချောင်းကမ်းစပ် တစ်လျှောက်လုံး လိုက်ကြည့်ရင် စိုက်ခင်းတွေ ၊ စိုက်ခင်းတွေ စိမ်းစိုနေတာပဲ။ တောထဲသွား ဟင်းသီးဟင်းရွက်ခူးရင် မိသားစုတစ်စု ကောင်းကောင်းစားလို့ ပိုတောင် ပိုသေးတယ်။ ငယ်တုန်းက မြို့ကို ကျောင်းသွားတက်ပြီး အိမ်ပြန်ပြီဆို တောထဲတောင်ထဲ သိပ်လိုက်ချင်တာ။ လူကြီးတွေ ဟင်းရှာသွားရင် တောင်းတောင်းပန်ပန် လိုက်သွားပြီး အသီးအရွက်ခူးရတာ မမောနိုင်မပန်းနိုင်ပဲ။ တောထဲမှာ အသီးအရွက်၊ မျှစ် ဆိုတာ သိပ်ပေါတာလေ။ အဲလိုမျိုးသွားရတာ ပင်ပန်းတယ်လို့ကို မထင်ခဲ့ဘူး။ ဒီသစ်တောတွေမပြုန်းသရွေ့၊ ဒီချောင်းရေ မခမ်းသရွေ့ ဒေသခံတွေမှာ လုပ်ကိုင်စားသောက်စရာတွေမှ တပုံကြီးရယ်။

ခုချိန်မှာ လယ်ယာ ကိုင်းကျွန်းလုပ်ဖို့လည်း မြေတွေ မရှိတော့ဘူး။ သစ်တောဆိုတာ မူးလို့ရှူစရာမရှိတော့ဘူး ပြောရမယ်။ ကြီးမားလှတဲ့ တောင်ကြီးတွေကိုတောင် အပိုင်းပိုင်း ပြတ်အောင် တန်ခိုးတွေ ရှိနေကြမှတော့ သစ်ပင်/သစ်တောဆိုတာ ဘာပြောပလောက်မှာတဲ့လဲ။ သစ်တောဆိုတာ ပြောင်သလင်းခါသွားတာ ကြာခဲ့ပြီ။ သစ်ပင်ကြီးကြီးမားမားတွေဆို မြင်တောင် မမြင်ဖူးတော့လို့ တခြားဒေသမှာ တကူးတက လိုက်ကြည့်ရတဲ့ အနေအထားဖြစ်နေပြီ။ ဥရုချောင်းဆိုတာလည်း သူတို့လက်ထဲမှာတော့ ရေမြောင်းလေးသာသာပါပဲ။ သူတို့စိတ်တိုင်းကျ ဟိုဘက်ကို ရွေ့လိုက်၊ ဒီဘက်ကို ရွေ့လိုက်နဲ့ လုပ်ချင်တိုင်း လုပ်ခဲ့ကြတယ် မဟုတ်လား။ ကိုယ်တို့ဆီက သဘာဝပတ်ဝန်းကျင် လှလှပပဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးသွားခဲ့ရပြီ။

အရမ်းလှတဲ့ နေရာဒေသတွေ ရောက်တိုင်း အဲဒီ ဒေသရဲ့ အလှအပတွေအကြောင်း စာဖွဲ့တတ်တဲ့ ကိုယ်ဟာ တကယ်တမ်းတော့ ကိုယ့်ဒေသမှာ မရှိနိုင်တော့တဲ့၊ မတွေ့ရတော့ပြီဖြစ်တဲ့ အလှအပတွေကို တကူးတက လိုက်လံရှာဖွေနေခဲ့တာပါပဲ။ ကိုယ့်ဒေသလေး ပြန်လည် လှပလာဖို့အတွက် ကိုယ်ဟာ တန်ခိုးအာဏာ ရှိသူတစ်ယောက်လည်း မဟုတ်ခဲ့ပြန်တော့ စိတ်မကောင်းဖြစ်နေရုံကလွဲလို့ ဘာများတတ်နိုင်မှာတဲ့လဲ။ ကျောက်မျက်ရတနာဆိုတာ သဘာဝကြီးက ပေးတဲ့ လက်ဆောင်မွန်ပါ။ မတူးဖော်ပဲ နေရမယ် လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အဲဒီ ကျောက်မျက်ရတနာတွေကို အသုံးချဖို့ ထုတ်ယူသုံးစွဲရာမှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် / ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အတတ်နိုင်ဆုံး စီမံဆောင်ရွက်ရမယ်မဟုတ်လား။ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုလည်း ထည့်စဉ်းစားပေးရမယ် မဟုတ်လား။ ဒါပေမဲ့ လောဘနဲ့ အာဏာဟာ အရာရာကို ဥပက္ခာပြုနိုင်စွမ်းပါတယ်လေ။

အခုတော့ ကိုယ်တို့ဆီက ပျောက်ဆုံးသွားတဲ့ ဥရုချောင်းနတ်သမီးလှလှလေးကို လွမ်းဆွတ် သတိရမိရင်း ပူတာအိုက မလိခဆိုတဲ့ နတ်သမီးလေးကိုပဲ ငေးကြည့်နေခဲ့မိတော့တယ်။


(ချော-အစိမ်းရောင်လွင်ပြင်)


ငပိနံ့သင်းသင်း ညနေခင်း၊ သက်တံ့ဆယ်စင်း လင်း


သူမ ဒီရက်ပိုင်း ဝိတ်လျော့တော့မည်ဟု ဆုံးဖြတ်ထားသည်။ တဖြေးဖြေးနှင့် တစ်ရိပ်ရိပ်တက်လာသော ပေါင်ချိန်စက်ပေါ်မှ မြှားတံလေးကို အားနာသောအားဖြင့် နည်းနည်းချင်းစီ ကျပ်ကျပ်လာနေသော အဝတ်အစားများကို အားနာသောအားဖြင့် သူမ ဝိတ်လျော့ပါတော့မည်။ “အစားအသောက် လျှော့မည်၊ နေ့စဉ် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်တော့မည် ” ထိုသို့ဆုံးဖြတ်ချက် ခိုင်ခိုင်ချပြီး သကာလ အရင်က သွားသွား လာလာ စားစားသောက်သောက် တွဲနေကျ သူငယ်ချင်းများ ၊ အားလပ်ရက်များတွင် အိမ်သို့ ဖိတ်ကာ ထမင်း အမြဲကျွေးလေ့ရှိသော မိတ်ဆွေများ၊ ဆိုင်တွင်ကျွေးဖို့ ခေါ်သူများကို လုံးလုံး အဆက်ဖြတ်ပစ်လိုက်သည်။ အစားအသောက် သွားစားဖို့ ခေါ်သောသူများ၊ ကျွေးမည့်သူများကိုလည်း အားနာစရာကောင်းလောက်အောင် သူမ တွင်တွင်ငြင်းသည်။ ဝိတ်လျော့နေစဉ်တွင် မည်သို့သော အစားအသောက်ကျွေးမည့်သူဖြစ်စေ ၊ မည်မျှပင် ခင်မင်ရင်းနှီးသူ ဖြစ်ပစေ လုံးလုံးကို မလိုက်တော့ပါဘဲ အလုပ်ကိစ္စနှင့် အပြင်ထွက်ရသည်မှ လွဲ၍ အစားသောက်များနှင့် ဝေးဝေးရှောင်ကာ အိမ်တွင်သာ နေတော့သည်။ ဝိတ်လျော့သည် ဆိုရာတွင်လည်း အားနာခြင်း၊ ဇွဲမရှိခြင်း၊ ဆုံးဖြတ်ချက် မခိုင်မာခြင်း ၊ ပျင်းရိခြင်း စသည်တို့ရှိနေလျှင် အောင်မြင်ဖို့ ခက်ခဲတတ်သည်။ သို့ကြောင့်လည်း သူမက အစားအသောက် ကျွေးမည့်သူ၊ စားဖို့လာဆွယ်မည့်သူတို့ကို ယတိပြတ် ငြင်းဆိုလိုက်ခြင်း ဖြစ်လေသည်။

အိမ်က ညီမများကိုလည်း သူမအတွက် ထမင်းလျှော့ချက်ဖို့ သတိပေးထားသည်။ ထမင်းခူးလျှင်ပင် သူမအတွက် ထည့်သောပန်းကန်ထဲတွင် ထမင်းများကို အခါတိုင်း ထည့်သည့် ပမာဏထက်  တစ်ဝက်ခန့်သာ ထည့်ရန် မှာထားသည်။ သူမသည် မနက်ပိုင်းတွင် ထိုထမင်း တစ်ပန်းကန်ကိုပင် တစ်ဝက်ခန့်သာ စားပြီး နေ့လည် ဗိုက်ပြန်ဆာလာသည့်အချိန်တွင်မှ ကျန်သည့် တစ်ဝက်ကို ပြန်စားသည်။ သူမ ဖတ်ဖူးသော စာထဲတွင် ဝိတ်လျော့လိုလျှင် အစားသောက်ကို တစ်ကြိမ်တည်း အများကြီးစားတာထက် တစ်ကြိမ်ကို နည်းနည်းသာ စားသင့်သည်ဟု ဖတ်ဖူးထားသည်မဟုတ်လား။ ထိုသို့ အစားအသောက် လျှော့သည်သာမက မနက်တိုင်း၊ ညနေတိုင်းလည်း ပြေးစက်ပေါ်တက်ကာ ပြေးသည် ချွေးဒီးဒီးကျသည်အထိ ပြေးသည်။ ထို့နောက်  လေ့ကျင့်ခန်း ဆက်လုပ်သည်။ တော်ရုံအပြင်ထွက်စရာ ကိစ္စတွင်ပင် မထွက်တော့ဘဲ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သည်။ မပျက်မကွက် လုပ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင်လည်း ညနေပိုင်းတွင် နွားနို့ကဲ့သို့သော အရည်နှင့် အသီးအနှံ အချို့မှလွဲ၍ ထမင်းစသော အဖတ်များကို ဘာမှ မစားတော့ပါ။ ထိုသို့ဖြင့် သူမ အသည်းအသန် ဝိတ်လျော့ နေပါသည်။

ဝိတ်လျော့နေသည့် ဒုတိယအပတ်မြောက်ကာလ တစ်ခုသော ညနေတွင် သူမထံသို့ ပါဆယ်တစ်ထုပ် ရောက်လာသည်။ ပါဆယ်ထဲတွင် မည်သည့်ပစ္စည်းများ ပါမည်ကို ခန့်မှန်းမိသော သူမက ကျေနပ်သဘောကျစွာ ပြုံးလိုက်မိရင်း ပါဆယ်ထုပ်ကို ရင်ခုန်စွာ ဖြေမိလေသည်။ သူမ မျှော်လင့်ထားသည့် ပစ္စည်းများ ပါလာသည်ကို တွေ့ရပါသည်။ သို့သော်လည်း ပါဆယ်ထုပ်ထဲတွင် သူမ မမျှော်လင့်ထားသော ပစ္စည်းများလည်း ပါလာပါသည်။ သူမ မျှော်လင့်ထားသည့် အရာများကား စာအုပ်များဖြစ်ပြီး မမျှော်လင့်ထားသည့် အရာများကား ရယ်ဒီမိတ် စားသောက်ဖွယ်ရာများဖြစ်သော လ္ဘက်၊အကြော်စုံ၊ ငပိကြော်၊ အာပြဲခြောက်ကင်၊ သူမနှစ်သက်သည့် ပုဇွန်ခြောက် နီရဲရဲများ ဖြစ်လေသည်။ ထိုစားသောက်ဖွယ်ရာ များကိုတော့ဖြင့် သူမ လုံးဝ မမျှော်လင့်ထားခဲ့ပါ။ မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်အတွက်လည်း နှစ်သက်အံ့သြစိတ်ဖြင့် သဘောကျမိရသည်။



သို့သော် ငပိကြော်ပုလင်းမှာ ပါဆယ်ထုပ်ထဲတွင် ဇောက်ထိုးဖြစ်နေခဲ့ဟန် တူပါသည်။ ထိုငပိကြော်ပုလင်းထဲမှ ဆီများမှာ အပြင်သို့ ဖိတ်ကျနေသောကြောင့် ပါဆယ်ထုတ် တစ်ခုလုံး ငပိကြော်ဆီများ စွန်းပေလျှက် ရှိနေသည်။ စာအုပ်များတွင်ပင် ဆီစတို့ အနည်းငယ် ဖိတ်စင် စွန်းပေလျှက် ရှိလေသည်။ ထို့ပြင် ပါဆယ်ထုပ် တစ်ခုလုံးလည်း ငပိကြော်နံ့တို့ဖြင့် သင်းပျံ့ကြိုင်လှိုင်လျှက် ရှိလေတော့သည်။ ပျားပိတုန်းတို့သည် မွှေးကြိုင်သော ပန်းနံ့ကို ရသည့် အခါတွင် နေမထိ ထိုင်မသာ လှုပ်လှုပ်ခတ်ခတ် ဖြစ်တတ်သည့်ပမာ အစားသောက် လျှော့နေသည်မှာ ၂ပတ်ခန့်ရှိပြီး အစားကောင်းကောင်း မစားသည့် သူမ နှာခေါင်းဝတွင်လည်း ငပိကြော်၏ သင်းထုံလှသော ရနံ့မှာ ကလူ၏သို့ မြှူ၏သို့ဖြင့် ဆွဲဆောင်နေတော့သည်။ ထိုအချိန်တွင် သူမ၏ ဗိုက်အတွင်းမှ တစ်ဂွီဂွီဖြင့် မြည်သံများပင် ထွက်လာလေသည်။

ထိုအခါတွင် သူမ၏စိတ်အာရုံသည် မည်ကဲ့သို့ ထိန်းချုပ်၌မျှ မရတော့ဘဲ “ထမင်းကျန်သေးလား”ဟု ဘေးက ညီမတစ်ယောက်ကို လှမ်းမေးလေသည်။ ထိုညီမက “ထမင်းတော့ ကျန်သေးသည်။ ဟင်းတော့ဖြင့် မကျန်တော့ပါ.. မမက ထမင်းဟင်း လျှော့ချက်ဟု ပြောသည့်အတွက် နည်းနည်းသာ ချက်သည်”ဟု ဆိုလေသည်။ သို့သော် သူမအတွက် မည်သည့်ဟင်းမျှ မလိုပါ။ ပါဆယ်ထုပ်ထဲမှ ငပိကြော်ပုလင်းထက် မည်သည့်ဟင်းမျှ မသာနိုင်တော့ပြီကိုလည်း ခုချိန်မှာ သူမ အတိအကျ သိနေပါပြီ။ သူမသည် သွက်လက်သော လက်များဖြင့် ပလပ်စတစ် အထပ်ထပ် ပိတ်ထားသော ငပိကြော်ပုလင်းကို ဖွင့်လိုက်တော့သည်။ ရေနွေးတစ်ခွက် ထည့်လိုက်သည်။ ထို့နောက် ထမင်းဖြူကို တော်တော်ကြီးသော ပန်းကန်လုံး အကြီးတစ်လုံးခူးကာ ငပိကြော်ကို ထမင်းပေါ်ပုံ၍ သူမ စားတော့သည်။ အားရပါးရ စားသည်။ တရစပ် စားသည်။ အနောက်က ကျားလိုက်လာသလို စားသည်။ ထမင်းမစားရတာ ရက်ပေါင်းရာချီ ရှိနေသော သူတစ်ဦးလို အငန်းမရ စားပါတော့သည်။

သူမ ထမင်းစားနေပုံကိုကြည့်ပြီး အိမ်က ညီမများက အံ့သြနေကြသည်။ ပါးစပ်အဟောင်းသား ငေးကြည့်နေသည်။ ထူးဆန်းနေသည်။ အစားအသောက်နှင့် ပတ်သက်ကာ ဘယ်သူ ကျွေးကျွေး၊  မစားဘူး၊ မလိုက်ဘူး ဟု တွင်တွင်ငြင်းကာ လုံးဝ ရှောင်ရှားနေသော သူမသည် ယခုတော့ တစ်ခြားဟင်း ဘာတစ်ခုမှ မပါဘဲ ရေနွေးကြမ်း တစ်ခွက် ငပိကြော်တစ်ပုံနှင့်သာ မြိန်ရည်ရှက်ရည် စားနေသည့် ယခုအချိန်တွင် သူတို့အတွက်တော့ဖြင့် အလွန်ထူးဆန်းသော သတ္တဝါတစ်ကောင် ရောက်လာသလို အံ့သြတကြီး ဖြစ်နေကြလေသည်။ ညီမ တစ်ယောက်က “မမ ဝိတ်လျော့နေတယ်ဆို…. ခုကျတော့ ထမင်းပန်းကန်ကြီးက အကြီးကြီး.. အားရပါးရ စားနေလိုက်တာ” ဟု ဆိုလေရာ သူမက “ ငါ ဒီနေ့ ဝိတ်မလျှော့တော့ဘူး.. ဘာမှ လာမပြောကြနဲ့ ” ဟု ဘု ပြန်တောလိုက်သည်။ ထည့်ထားသော ထမင်းပန်းကန်ကြီးတစ်ပန်းကန် ကုန်လေသော် “ ဝါး … ဗိုက်တင်းသွားပြီ။ စားလို့ကောင်းလိုက်တာ… ငါတော့ အိပ်ခန်းထဲ စောစောဝင်တော့မယ်” ဟု ဆိုလိုက်ကာ ပါဆယ်ထုပ်ထဲမှ သူမ နှစ်သက် မျှော်လင့်ထားသည့် အရာလေးတစ်ခုကို ကောက်ကိုင်ကာ အိပ်ခန်းတွင်းသို့ စောစောစီးစီး ဝင်လာခဲ့လိုက်တော့သည်။

ထိုညနေချိန်မျိုးသည် ခါတိုင်းတွင်တော့ သူမ အပြေးစက်ပေါ်တွင် ပြေးသည့်အချိန်၊ ပြေးပြီးလျှင် ကိုယ်လက် လေ့ကျင့်ခန်းများ ဆက်တိုက်လုပ်နေသည့်အချိန်မျိုး ဖြစ်လေသည်။ သို့သော် သူမသည် ယနေ့ ညနေတော့ဖြင့် ထမင်းကို ငပိကြော် ပုလင်း တစ်ဝက်ခန့် ကုန်အောင် စားပြီးသကာလ အိပ်ရာပေါ်တွင် ဇိမ်နှင့် အနားယူပါတော့မည်။ သူမ လက်ထဲတွင်တော့ အဖြူရောင် အောက်ခံပေါ်တွင် အရောင်စုံ ခဲတံ ဆယ်ချောင်းဖြင့် သရုပ်ဖော်ထားသည့် ချစ်စရာလှပသော သက်တံဆယ်စင်း စာအုပ်ကလေး။ စာအုပ်ကလေးသည် ငပိကြော်ပုလင်းမှ ဆီ အနည်းငယ် စွန်းပေးသွားဟန် ဝါကျင်ကျင် ဆီကွက်လေး ပေစွန်းလို့ နေသည်။ သူမ စာအုပ်လေးကို ဖွင့်ကာ ကြည့်လိုက်သည့်အခါတွင်လည်း ငပိကြော်နံ့က သူမ နှာဝတွင် ကလူကျီစယ် ရောက်လို့ လာလေသည်။ ညနေခင်း နေရောင်ခြည်က အခန်းအတွင်းထိ ခပ်နွေးနွေးလေး ကျနေသည်။ လေနုနု အေးအေးများကလည်း သူမအခန်းရှိ ဖွင့်ထားသော  ပြူတင်းတံခါးမှ တဆင့် တစ်ချက်ချက် ဝင်ဝင် လာတတ်သေးသည်။ စာအုပ်လေးကို ဖတ်နေစဉ်တွင် လေနုအေးက အဝှေ့တိုင်းမတော့ သူမ နှာခေါင်းထဲသို့ ငပိကြော်နံ့ သင်းပျံ့ပျံ့က တိုးတိုးဝင်လာလေသည်။ သို့သော်လည်း စာအုပ်ထဲက အမျိုးအစား စုံလှသော သက်တံ့ရောင်စုံများ ကြားထဲတွင် မမောနိုင် မပန်းနိုင် ဝဲလှည့်ပျံသန်းနေသည့် သူမ အာရုံလိပ်ပြာလေးကိုတော့ ထိုငပိကြော်နံ့သည် အနှောင့်အယှက်မပေးနိုင်သည်မှာ သေချာလှသည်။

ပြီးခဲ့သည့်အပတ်က “သူမထံ ပါဆယ်ပို့စရာရှိသည်။ တစ်ခြား ဘာလိုချင်သေးလဲ” ဟု ချစ်လှစွာသော အစ်မ မမြသွေးနီက ပြောလာသည်တွင် “သက်တံဆယ်စင်း စာအုပ်လေးလည်း လိုချင်တယ်ဟု သူမ ဆိုသည့်အခါ ပါပါ့တော်.. မပါဘဲ ဘယ်နေမလဲ” ဟု သူမ မတောင်းဆိုခင်ကပင် ထည့်ပေးပြီးသား ဖြစ်နေလေသည်။ အင်မတန် ချစ်ဖို့ကောင်းသော ၊ စိတ်ရှည် သဘောကောင်းသော၊ သူတဖက်သားကို အလွန်လည်း အလိုက်သိတတ်လှသော အစ်မတော်ပါပေ။ အစ်မတော် (မမြသွေးနီ အပါအဝင်) ဘလောဂ့်ဂါ ဆယ်ယောက် ( ကိုညီလင်းသစ်၊ မယ်ကိုး၊ သတိုး၊ ဏီလင်းညို၊ ခင်လေးငယ်၊ မြစ်ကျိုးအင်း၊ အိမ့်ချမ်းမြေ့၊ စာအုပ်ဖြစ်မြောက်အောင် စုစည်း စီစဉ်သူ ကိုရန်အောင် ( ရေခဲငှက်) ၊ မြတ်မွန် စသော သူတို့၏ စာမူများဖြင့် ယှက်ဖွဲ့ထားသော သက်တံဆယ်စင်းမှာ သူမ လက်ထဲတွင် လှပစွာ သိမ်မွေ့စွာ။ စာအုပ်ကို စီစဉ်ရိုက်နှိပ်ပေးသည့် ကိုမော်ကြီး၏ သေသပ်လှပသော စိတ်ရှည်သော စေတနာဖြင့် ပုံဖော်ထားသည့် စာအုပ်မျက်နှာဖုံးကပင်လျှင် ချစ်စဖွယ်၊ ဖတ်ချင်စဖွယ် ကောင်းနေပြန်လေသည်။





ဘလောဂ့်ပေါ်မှာကတည်းက သူမ နှစ်သက်စွာ ဖတ်ခဲ့သည့် ဘလော်ဂါများ၏လက်ရာ စာမူကလေးများမှာ သက်တံဆယ်စင်းဟူသော ဖတ်ချင်စဖွယ် စာအုပ်လေးအဖြစ်သို့ ပုံနှိပ်စာလုံးများ အနေနှင့် ခန့်ခန့်ထည်ထည် ရောက်ရှိလို့လာလေပြီ။ အချို့သော စာများမှာ ဘလော့ဂ်ပေါ်တွင် ဖတ်ခဲ့ပြီးဖြစ်သော်လည်း ယခု ပြန်ဖတ်ရသည့်အချိန်တွင် ခံစားမှုအသစ်၊ ရင်ခုန်မှု အသစ်၊ ရသအသစ်မျာကို ပြန်လည် ပေးစွမ်းနိုင်တုန်းပင်။ ရင်ခုန်ရတုန်း၊ စိတ်လှုပ်ရှားရတုန်းပင်။ တစ်ခါမှ မဖတ်ရသေးသော စာမူအသစ်များကိုလည်း ရင်ခုန်သံအသစ်ဖြင့် စိတ်ဝင်စားဖွယ် ဖတ်ရှုခွင့်ရနိုင်သေးသည်။ သူမသည်လည်း သက်တံတို့၏ ခေါ်ဆောင်ရာကို စိတ်အညှို့ခံရသူ တစ်ဦးပမာ အလိုက်သင့် စီးမျှောလိုက်ပါရင်း တစ်ချက်ချက် စာအုပ်တွင် စွန်းပေနေသော ဆီစက်လေးမှရရှိသည့် ငပိကြော်သည် နှာဝတွင် ရှုရှိုက်မိနေရင်းက စာအုပ်လေးထဲမှ စာများသည်ပင်လျင် ပိုမို အသက်ဝင် နှစ်သက်ဖွယ် ကောင်းလာသလို စိတ်တွင် ထင်လာမိလေသည်။ ငပိကြော်နံ့လေးဖြင့် ဖတ်နေရသော သက်တံဆယ်စင်း သည်ပင်လျင် သူမအတွက်တော့ အရောင်စုံသော ပန်းခင်းထဲတွင် ပြေးလွှားမြူးထူးနေခိုက် တစ်ခါတစ်ရံ ပန်းများ၏ ရနံ့သာမက ဘေးပတ်ဝန်းကျင်မှ သစ်ပင်တို့၏ အသက်ဝင်လှသော ရနံ့ကိုပါ တစ်ချက်တစ်ချက် ရလိုက်သည့်ပမာ ပိုမို စိတ်လှုပ်ရှား ရင်ခုန်ဖွယ် ကောင်းလှသည်ဟုလည်း ထင်မြင်မိလေသည်။



စာအုပ်လေးထဲမှ အချို့သက်တံလေးများသည် နူးညံ့သိမ်မွေ့ လှပစွာ ယှက်ဖြာနေပြီး၊ အချို့သက်တံကတော့ စိတ်ခွန်အားကို ပေးနိုင်စွမ်းလေသည်။ တစ်ချို့သော သက်တံကတော့ နောင်တတရားတို့ဖြင့် ယှက်ဖောက်ထားပြီး  အချို့ သက်တံကတော့ သူမ မသိခဲ့ဖူး၊ မရောက်ခဲ့ဖူးသည့် ဒေသန္တရ ဗဟုသုများကို မျှဝေနေသည်။ အချို့ သက်တံဆီမှ အတွေးသစ် များစွာကို ရရှိစေကာ အမျှင်မပြတ်သော အတွေးစတွေကို တစ်သီကြီး ဖြစ်ပေါ်စေပြန်သည်။ အချို့ သက်တံကတော့ လောကကြီးထဲက အဖြစ်အပျက်များကို မီးမောင်းထိုးပြထားပြီး တရားကျဖွယ်၊ သင်ခန်းစွာ ယူဖွယ်တို့ကို ဖော်ပြနေပြန်သည်။ အချို့ သက်တံကတော့ဖြင့် မေတ္တာတရားကို လှပစွာ၊ ခန်းနားစွာ ဖော်ကျူးထားပြန်လေသည်။ အချို့သက်တံကတော့ အားကောင်းလှသော စကားလုံးများဖြင့် စာဖတ်သူကို ညှို့ယူဖမ်းစား ဆွဲဆောင်လို့ နေပြန်သည်။ ဘယ်သို့ပင်ဆိုစေ ထို စာအုပ်ဖြူဖြူလေးကို သက်တံဆယ်စင်းဖြင့် ယှက်ဖောက် ဖော်ကျူးထားသည့် ကောင်းကင်အဖြစ် သူမကတော့ နှစ်သက်စွာ သဘောကျမိလေသည်။ အခြားသော သက်တံလေးများလည်း ကောင်းကင်ပေါ်ဝယ် လင်းလက် တောက်ပစွာ ထွန်းလင်း နိုင်ကြပါစေဟုလည်း ဆန္ဒမွန်ဖြင့် ဆုတောင်းမိပါသေးသည်။

သက်တံဆယ်စင်းတို့၏ ဖမ်းစားမှုဖြင့် သူမသည် ထိုညနေခင်းက  လေ့ကျင့်ခန်း လုပ်ရမည်ကို လုံးလုံးလျားလျား မေ့လျော့သွား မိလေတော့သည်။



လမ်းမကြီးပေါ်က သင်ခန်းစာများ


သူမတို့အိမ်ရှေ့တွင် ကျယ်ဝန်းလှသော လမ်းမကြီး တစ်ခုရှိသည်။ လမ်းမကြီးသည် ကောင်းမွန် ချောမွေ့လှပြီး အပေါက်အပြဲ အဖာအရာ မရှိအောင် ကောင်းမွန်ေ သသပ်လှသည်။ လမ်းဘေး ဝဲယာတွင်တော့ လူသွားလမ်း ပလက်ဖောင်းရှိပြီး ၄င်းပလက်ဖောင်းပေါ်တွင် စိမ်းစိုလန်းဆန်းနေသော ကွမ်းပင်သဏ္ဍန် အပင်မြင့်များကို အတန်းလိုက် ၅ပေ ၆ပေခန့် ခြားပြီး စိုက်ပျိုးထားတာ တွေ့နိုင်ပေသည်။ ထို့ပြင် အသီးများ သီးတတ်သော ၆-ပေခန့်အရွယ် ပိန္နဲ၊ သရက်၊ သမင်မျက်လုံးသီးစသော သစ်ပင်များကို ရာသီအလိုက် ပန်းတွေ ပွင့်တတ်သည့်  ပန်းပင်ပုတို့က ခြံရံစိုက်ပျိုး အလှဆင်ထားသည်။ ကြည့်လိုက်လျှင် စိမ်းလန်း စိုပြေနေပြီး ပန်းပွင့်တွေကလည်း ရာသီအလိုက် ဖူးပွင့်ဝေဆာ လှပလို့နေသည်မှာ ပန်းဥယျဉ်သဖွယ် စိမ်းချမ်းမြေ့ဖွယ် ရှိရတော့သည်။ လူသွားလမ်း ပလက်ဖောင်းပေါ်မှ လမ်းလျှောက်သွားရသည်မှာ မြို့တွင်းတွင် လမ်းလျှောက်နေသည်နှင့်ပင် မတူ။ ပန်းဥယျာဉ်တွင်း လမ်းလျှောက်သွားနေရသည်နှယ် စိတ်ချမ်းမြေ့ဖွယ် ရှိလေသည်။



လမ်းမကြီးမှာတော့ ဥဒဟို သွားလာနေကြသောကားများ၊ ဆိုင်ကယ်များ များစွာရှိလေသည်။ သူမနေသည့်မြို့သည် ဆိုင်ကယ်ပေါသောမြို့ ဖြစ်သောကြောင့် လူငယ်လူရွယ်များကတော့ ဆိုင်ကယ်ကို အများအားဖြင့် စီးနှင်းကြသော်လည်း စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများ၊ ခရီးသွားများကတော့ ကိုယ်ပိုင်ကား၊ တက္ကစီစသည်တို့ အသုံးပြုကြသည်။ စီးပွားရေးအချက်အချာ မြို့လည်း ဖြစ်တာကြောင့် ကုန်တင်ကားကြီး ကားငယ်များလည်း ဝင်ထွက် သွားလာနေကြသည်မှာ ပျားပန်းခတ်မျှ ရှိလေသည်။ ကျယ်ဝန်းလှသော လမ်းမကြီးတွင် စည်းကမ်းတကျ သူ့လမ်းကြောင်းနှင့် သူ၊ သူ့ဦးတည်ရာနှင့်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီး၏ မြင်ကွင်းကိုအပေါ်စီးကနေ ကြည့်ရတာသည်မှာ မျက်စိပသာဒ ဖြစ်စရာကောင်းလှပေသည်ဟု သူမကထင်မိလေသည်။ ထို့ကြောင့်လည်းကားကြီးကားငယ် အသွယ်သွယ်၊ ဆိုင်ကယ် အမျိုးမျိုး၊ လူအဖုံဖုံ ဖြတ်သန်းသွားလာရာ လမ်းမကြီးသည် စိတ်ဝင်စားဖို့လည်းကောင်းလေသည်။

အိမ်ဝရံတာထက်မှ သူမနေ့စဉ် ငေးမောကြည့်ရှုမြဲဖြစ်သည့် ဖြောင့်တန်းရှည်လျားပြီး လှပသာယာသော လမ်းမကြီးနှင့် ပြေးလွှားသွားလာနေသောကားရောင်စုံ၊ ဆိုင်ကယ်မျိုးစုံတို့သည် လူ့လောကကြီးနှင့် ပမာတူလှသည်ဟု သူမက ထင်မိပါသည်။ ဦးတည်ရာမတူ၊ ရည်ရွယ်ချက် မတူညီကြသော်လည်း အားလုံးသည် လမ်းမကြီးပေါ်တွင် သူ့လမ်းကိုယ့်လမ်း၊ မိမိရွေးချယ်သည့်လမ်းကြောင်း၊ မိမိလိုလားသည့် ဦးတည်ရာကို အသီးသီးအသကကိုယ်စီကိုယ်ငှ သွားလာနေကြသည်။ ကားကလည်းကားလမ်းကြောင်း၊ ဆိုင်ကယ်ကလည်း ဆိုင်ကယ်လမ်းကြောင်း ၊ လူတွေသည်လည်းလူသွားလမ်းပလက်ဖောင်းပေါ်မှ စည်းကမ်းတကျ ရှိနေကြသည်။ အချိန်တိုင်း မရပ်မနား သွားလာနေကြသည်။ ထို့ကြောင့်လည်း ဖြောင့်တန်းနေသော လမ်းမကြီးသည် တနည်းအားဖြင့် မရပ်မနား လှုပ်ရှားနေသောလောကကြီးနှင့် လွန်စွာ တူလှပေသည်။

လမ်းမကြီးပေါ်တွင် သွားလာနေသောကားများ၊ ဆိုင်ကယ်များ ၊ လူများသည် မိမိလမ်းကြောင်းအတိုင်း၊ အစီအစဉ်တကျ သွားနေကြသည်။ စည်းကမ်းတကျ သွားနေကြသည် ဟု တွေးထင်စရာ ရှိသော်လည်း လမ်းမကြီးကိုအိမ်ပြူတင်းပေါက်မှ နေ့စဉ် ငေးမောကြည့်ရှုလေ့ရှိသောသူမသည် လမ်းမကြီးပေါ် သွားလာနေသော လူအချို့၏ ရက်စက် ရိုင်းစိုင်းသော ၊ ကောက်ကျစ်ယုတ်မာသော အမူအကျင့်၊ စိတ်နေ စိတ်ထားများကို မကြာခဏ မြင်တွေ့ရလေ့ ရှိသောအခါတွင် လမ်းမကြီးသည် လူ့လောကကြီးနှင့် ပိုပို၍ တူလာသည်ကို သူမအနေနှင့် ပို၍လက်ခံလာမိလေသည်။ စလင်းဘက် အိတ်ကလေးကိုလွယ်ကာ လမ်းမကြီးပေါ်တွင် ဆိုင်ကယ်တစ်စီးဖြင့် အေးအေးလူလူ သွားနေသော အမျိုးသမီးတစ်ဦးအား အခြား ဆိုင်ကယ်တစ်စီးပေါ်မှ ယောက်ျားနှစ်ယောက်က အမျိုးသမီး၏ စလင်းဘက်အိတ်ကိုလုယူပြီး ဆိုင်ကယ်ကို စက်ကုန်ဖွင့် မောင်းနှင်ထွက်ပြေးခြင်း၊ ဆိုင်ကယ်ပေါ်မှ လင်မယားစုံတွဲ၏ ပိုက်ဆံအိတ်ကို မရရအောင် လုပြေးသည့်အတွက် ဆိုင်ကယ်နောက်မှာ ထိုင်သည့်အမျိုးသမီးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဦးခေါင်းဆောင့်မိကာ အုတ်ဆက်ကွဲ၍ သေဆုံးသွားရသောမြင်ကွင်း၊ ဆွဲကြိုးဖြတ်ပြေးသည့်မြင်ကွင်း စသည့် ဆင်တူ အဖြစ်အပျက်များကို တစ်နှစ်အတွင်း အကြိမ်များစွာ မြင်တွေ့ခဲ့ရဖူးသည်။ ခတ္တခဏဆိုပြီး  လမ်းဘေးတွင် ရပ်ထားသောဆိုင်ကယ်ကို သော့ဖျက်ပြီး ခိုးယူသွားသည့် ဖြစ်ရပ်မျိုးလည်း အခါများစွာသူမ ရှိတတ်ပါသည်။

တစ်ကြိမ်တွင်မူ အလျင်စလို မောင်းလာသော တက္ကစီတစ်စီးက အခြားကားတစ်စီးအား ကျော်တက်ရင်း အရှိန်လွန်ပြီး လမ်းကြောင်းမှန် မောင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိကာဆိုင်ကယ်သမား ပွဲချင်းပြီး အသက် ဆုံးရှုံးသွားသည့်ဖြစ်ရပ်မျိုး၊ ဆိုင်ကယ်နှင့်အမျိုးသမီးတစ်ဦး လမ်းကြားမှ ကွေ့ထွက်လာသည်ကို အရှိန်ပြင်းပြင်း မောင်းလာသည့်ကားက တိုက်မိပြီး ထိုကားသည် တစ်ချက်လေးမှ လှည့်မကြည့်တော့ဘဲ မောင်းထွက်ပြေးသွားသည့် ဖြစ်ရပ်မျိုး၊ ကိုယ်ပိုင်ကားတစ်စီးမှ အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို တိုက်မိလိုက်သော်လည်း ဆင်းပင်မကြည့်ဘဲကားကို အသံမြည်အောင် မောင်းပြေးသွားသော်လည်း ကံဆိုးစွာဘန်ဘာပြုတ်ကျပြီး ကားနံပါတ်ပြားပါ ကျကျန်ရစ်ခဲ့သောကြောင့် ထိုညမှာပင် မော်တော်ကားရော ၊ လူပါ အဖမ်းခံလိုက်ရသည့်ဖြစ်ရပ်မျိုး၊ အရှိန်ပြင်းပြင်းမောင်းလာသည့် ဆိုင်ကယ်က ရပ်ထားသည့် ကားကို ဝင်တိုက်ပြီး မကြည့်ရက်စရာ ဒဏ်ရာဒဏ်ချက်များစွာဖြင့် သွေးချင်းချင်းနီရဲအောင် ထိခိုက်ဒဏ်ရာ ရသွားသည့် မြင်ကွင်းမျိုး ၊ ကားတိုက်ခံရသည့် သူက သတိမေ့မသွားဘဲ သွေးချင်းချင်းနီရဲနေသော်လည်း မတ်တပ်ထရပ်ကာ ဖြစ်သွားဖြတ်လာ အခြားသောကားများကို ဆေးရုံလိုက်ပို့ပေးဖို့ အကူအညီ တောင်းရာတွင် ကားကို ရပ်မပေးဘဲမောင်းပြေးသော ဖြစ်ရပ်မျိုးစသည့် အနိဌာရုံဖြစ်ရပ် များစွာတို့ အပြင် လမ်းဘေးတစ်လျှောက်တွင် စိုက်ထားသော အလှပန်းပင်များကို စည်းကမ်းမဲ့စွာ ခူးယူချိုးဖျက်သွားကြသည့်သူများ၊ အမှိုက်များကို စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာများ ရှိပါလျက်ကယ်နှင့် ၄င်းနေရာတွင် မပစ်ဘဲ လမ်းမကြီးပေါ်သို့ အလွယ်တကူ ပစ်ချသွားသည့်သူများ စသဖြင့် လမ်းမကြီးပေါ် သွားလာနေကြသူ လူပေါင်းစုံတို့၏ မသိသားဆိုးဝါးလှသော စရိုက်အဖုံဖုံကို ထို လမ်းမကြီးထက်တွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။

တစ်ခါတရံတွင်မူ ကားတိုက်မှုဖြစ်သောအခါ မိမိနှင့် မဆိုင်သော်လည်း ကားရပ်ပြီးတတ်နိုင်သမျှ ကူညီပေးသောသူများ၊ ကားပျက်နေသူများကို လမ်းသွားရင်း ဝင်ကူညီတွန်းပေးသွားသူများ၊ မိမိအစွမ်းရှိသမျှ စေတနာထားကာ ပြင်ပေးသွားသူများ၊ လိုအပ်သည့် အကူအညီ ပေးသွားသူများ၊  ကားပေါ်မှ စွန့်ပစ်သွားသော အမှိုက်သရိုက်များကို လမ်းပေါ်တွင် အပြေးလေ့ကျင့်နေသူတစ်ဦးမှ ကောက်ယူကာ အမှိုက်ပုံးထဲ ထည့်သွားပေးသော မြင်ကွင်းများ၊ လမ်းသွားလမ်းလာ တစ်ဦးဦးမှ ကျကျန်ရစ်ခဲ့သော ပိုက်ဆံအိတ်ကို အခြားကောက်ရသူ တစ်ဦးမှ ရဲစခန်းသို့ သွားအပ်သည့် အဖြစ်အပျက်များ စသည်တို့ကိုလည်း တွေ့ရတတ်ပါသေးသည်။ သို့သော်လည်း ထိုသို့သောလှပသည့် မြင်ကွင်းမျိုးမှာလည်း တွေ့တောင့်တွေ့ခဲ ရှားပါးလှပါသည်။

လူသားတို့နေထိုင်ရာဘဝခရီးကို ဖြတ်သန်းကျင်လည်ရာလောကကြီးတွင် ကောင်းသူနှင့် မကောင်းသူဟူ၍ လူအမျိုးမျိုးရှိသကဲ့သို့ပင် သူမအိမ်ရှေ့မှ လမ်းမကြီးပေါ်တွင် ဖြတ်သန်း သွားလာနေကြသူများတွင်လည်း စိတ်နှလုံး ကောင်းမွန်သည့်သူ၊ ကူညီတတ်သည့်သူများ ရှိသလို ဆိုးသွမ်းရိုင်းစိုင်းသူ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူ၊ စိတ်ဓာတ် အောက်တန်းကျသူများကိုလည်း တွေ့နေမြင်နေရသည်သာ ဖြစ်လေသည်။ အချို့သောသူများသည် မိမိကောင်းဖို့ အဆင်ပြေဖို့အတွက် သူတစ်ပါးကို ထိခိုက်အောင် လုပ်သူများရှိသလိုပင်။ လမ်းမကြီးပေါ်တွင်လည်း မိမိလမ်းကြောင်းအတိုင်း သွားနေသူများကိုကားဖြင့် ဝင်တိုက်ကာ တာဝန်မယူဘဲ ထွက်ပြေးသူများ၊ အေးအေးလူလူသွားနေသူများထံမှ ပိုက်ဆံအိတ် လုပြေးသူများ စသဖြင့် ရှိသည်တို့မှာလည်း လူ့လောကကြီးထဲမှ စိတ်ဓာတ်နိမ့်ပါးသူ စုန်းပြူးတစ်ချို့၏ စရိုက်များ ဖြစ်လေသည်။ ထိုသို့သော အဖြစ်အပျက်များစွာ မြင်တွေ့ရသည့် လမ်းမကြီးသည် လူ့လောကရှိ လူတို့၏ စိတ်နေစိတ်ထား၊ အကျင့်စရိုက်များကို ဖော်ပြနေသောဇာတ်ခုံတစ်ခု ပမာလည်း ဖြစ်လေသည်။

မည်သို့ပင် ဖြစ်စေကာမူလမ်းမကြီးကတော့ လူဖြူ၊ လူမည်း၊ ယောက်ျား၊ မိန်းမ၊ ကလေးအပါအဝင် လူမျိုးဘာသာ မခွဲခြားဘဲ ကောင်းသူကိုရော ဆိုးသူများကိုပါ မည်သူ့ကိုမှ ခွဲခြားမှုမရှိ။ သူ့အပေါ်မှ နေ့တဓူဝ ဖြတ်သန်းသွားလာခွင့် ပေးမြဲပေးလျက်ပင် ဖြစ်သည်။ ဆိုးသွမ်းသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးတွင် စိတ်ဆိုးခြင်း၊ စိတ်ပျက်ခြင်း ရှိပုံမရဟု သူမတွေးမိသည်။ တခါ လူကောင်း၊ သူကောင်း စိတ်ကောင်းရှိသူများ ဖြတ်သန်းသွားလာနေကြသည့် အတွက် လမ်းမကြီးများ ဂုဏ်ယူပြီး အပျော်လွန်နေလေမလား လို့လည်း သူမတွေးမိပါသေးသည်။ လမ်းမကြီးကား တည်တည်ငြိမ်ငြိမ်နှင့်ပင် ထိုသို့ မဟုတ်တန်ရာဟု ပြောနေသယောင် ရှိနေပြန်ပါသည်။ လမ်းမကြီးကား ကောင်းခြင်းဆိုးခြင်း၊ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်း တည်းဟူသော လောကဓံတို့ကို ကောင်းမွန် ကျနစွာသဘောပေါက် နားလည် ထားသည့် ပမာ ရှိနေသည်ဟုလည်း သူမ တွေးထင်မိပြန်ပါသည်။

တဖြည်းဖြည်းနှင့် လမ်းမကြီးကို လမ်းမကြီးတစ်ခုအဖြစ် သူမ မမြင်မိတော့။ လမ်းမကြီးကို လောကကြီးအား ကောင်းကောင်း ဖြတ်သန်းနားလည် သဘောပေါက်ခဲ့ပြီးသူ၊ အလွန်အင်မတန်မှ ရင့်ကျက်တည်ငြိမ်သည့် အသွင်သဏ္ဍာန်ရှိသော သက်ရှိထင်ရှားလူကြီးတစ်ဦး (သို့မဟုတ်) သူကိုယ်တိုင် လောကကြီးအဖြစ် သူမစိတ်တွင် တဖြည်းဖြည်း ထင်မြင်လာမိသည်။ အဖြစ်အပျက် တစ်ခုကို သူမ မြင်တိုင်းမြင်တိုင်း သက်ရှိထင်ရှား လူတစ်ဦးဦးနှင့် တူသော လမ်းမကြီးက ထိုအဖြစ်အပျက်ကို သူမအားကိုယ်တိုင် ပြောပြနေသည်ဟုလည်း ခံစားမိလာလေသည်။ နောက်ပိုင်းအချိန်တွေမှာ လမ်းမကြီးနှင့် နေ့တိုင်း သူမ စကားပြောဖြစ်သည်။ တစ်ခါတစ်ရံ သူမကသွားစူးစမ်းလို့ ဖြစ်စေ၊ တစ်ခါတစ်ရံ အသံတစ်သံသံနှင့် လမ်းမကြီး လှမ်းအချက်ပေး၍ ဖြစ်စေ သူမတို့ အကြောင်းအရာများစွာကို အကြိမ်များစွာ ပြောဖြစ်ခဲ့ကြ လေသည်။  လမ်းမကြီးကို နေ့စဉ်ငေးကြည့်မိရင်း၊ လမ်းမကြီးနှင့် နေ့စဉ် အသံတိတ် စကားတွေ ပြောမိရင်းက လမ်းမကြီးနှင့် အကျွမ်းတဝင် ဖြစ်လာရင်း လမ်းမကြီးဆီမှ အလွန် အဖိုးတန်သော သင်ခန်းစာကို သူမရရှိခဲ့ပါသည်။

ထိုအရာကတော့ လူတိုင်းလူတိုင်းအနေဖြင့် ဘဝလမ်းခရီးကို သွားကြရာတွင် ဖြစ်စေ၊ ခရီးတစ်ခုခုကို သွားရာလမ်းတွင် ဖြစ်စေလူဆိုး၊ လူမိုက်များ၊ မကောင်းသူ၊ မသိသားဆိုးဝါးသူများနှင့် မည်သူမျှ ကြုံချင်ကြမည် မဟုတ်သည်မှာ အားလုံး၏ဆန္ဒဖြစ်ကြမည်မှာ သေချာပါသည်။ သို့သော်လည်း အဆိုပါခရီးတစ်ခု လမ်းခရီးပင်ဖြစ်စေ၊ ဘဝလမ်းခရီးတွင် ဖြစ်စေ၊ မိမိမကြုံချင်သော်လည်း မတော်တဆ ဖြစ်ဖြစ်၊ ရှေးအတိတ်ကံကြောင့် ဖြစ်ဖြစ် လူဆိုးလူမိုက် လူမလိမ္မာများနှင့် ကြုံရဆုံရတတ်သည်မှာလည်း ဓမ္မတာတစ်ခုပင် ဖြစ်ပါသည်။ သို့အတွက် ဘဝခရီး၊ သံသရာခရီးသွားများ ဖြစ်ကြသော သူမတို့ လူသားများ အနေဖြင့်လည်း မည်သည့် အခြေအနေတွင် မဆိုကြုံတွေ့ရသော အရာအားလုံးကို သတိကြီးကြီး၊ ဥာဏ်ကြီးကြီးဖြင့် ရှုမြင် သုံးသပ်၍ ဆိုးသွမ်းသူ၊ ရိုင်းစိုင်းနိမ့်ပါးသူများနှင့် ကြုံရဆုံရသော အခါများတွင် မိမိတို့ နေ့တဓူဝ သွားလာနေကြသော လမ်းမကြီးပမာ မတုန်မလှုပ် တည်ကြည်ခိုင်ခံ့ပြီး မှန်မှန်ကန်ကန် တုံ့ပြန်မှု ပြုလုပ်ရန် လိုသကဲ့သို့ လူကောင်း၊ သူကောင်း၊ သူတော်ကောင်းများ အတ္တဟိတ၊ ပရဟိတ မျှတအောင် ကြည့်ရှု ဆောင်ရွက်တတ်သူများနှင့် ကြုံကြိုက်သည့် အခါတွင်လည်း ထိုသူများကို တတ်နိုင်သမျှ တန်ဖိုးထားလေးစားပြီး မိမိတို့ ကိုယ်ကိုလည်း ရုပ်ပိုင်းဆိုင်ရာတွင်သာမက၊ စိတ်ပိုင်းဆိုင်ရာများတွင်ပါ ကောင်းသထက်ကောင်းသော၊ အဆင့်မြင့်သည်ထက် ပိုမြင့်မားသော သူများ ဖြစ်အောင် ကြိုးစား အားထုတ်သင့်ကြကြောင်း စသည့် အချက်များသည် လမ်းမကြီးက သူမကို ပြောပြေနေသော အဖိုးတန် သင်ခန်းစာများ ဖြစ်လေတော့သည်။


 


အာရုံပြူတင်းပေါက်များ


သူမနေသော တိုက်ခန်းတွင် ၇ပေခန့်ရှည်ပြီး ၆ပေခန့်ကျယ်သည့်ပြူတင်းပေါက်များ ပါဝင်သည်။ ထိုပြူတင်းပေါက် များသည် မှန်ဖြင့်ပြုလုပ်ထားကာ တစ်ဖက်ဖက်သို့တွန်းလိုက်ရသော လျှောတံခါးများ ဖြစ်ပြီး ခြင်လုံဆန်ကာကို နောက်တစ်ထပ် ပြန်ကာရံထားလေသည်။ ခြင်ဆန်ကာပြီးလျှင်တော့ ခန်းဆီးစ အပြာရောင်နုနုလေးကို တတ်ဆင်ထားပြန်သည်။ သူမသည် ရာသီဥတု သာယာသောနေ့များတွင် တစ်အိမ်လုံးရှိ ပြူတင်းပေါက်များကို အကျယ်ဆုံး ဖွင့်လှစ်ထားတတ်ရာ ဟိုးတောင်တန်း ပြာလွင်လွင်များကို ကျော်ဖြတ်ကာ တိုက်ခတ်လာသော လေပြေလေညှင်းတို့က အိမ်နောက်ဖက် ပြူတင်းမှနေ၍ အမြဲမပြတ် ဝင်ရောက်လို့နေတတ်သည်။ အိမ်ရှေ့ပြူတင်းဆီမှတော့ နေရောင်ခြည် ဝင်းဝါဝါတို့က ဖြာကျ လင်းလဲ့လို့နေလေသည်။ သူမ နေသောအရပ်သည် တောင်တန်းများ ပတ်ဝိုင်းကာထားသော အရပ်ဖြစ်သောကြောင့် ရာသီဥတုမှာ အေးမြစိုစွတ်နေတတ်သည်မို့ ပြူတင်းဆီမှဖြာကျလာသော နေရောင်ခြည်သည်လည်း ပူပြင်း၍ မနေဘဲ နွေးနွေးထွေးထွေးဖြင့် ချစ်စဖွယ် ကောင်းနေတတ်ပြန်သည်။

သူမက ပြူတင်းပေါက်များကို နှစ်သက် စွဲမက်တတ်သူဖြစ်သည်။ ထို့ကြောင့်လည်း နေစရာအိမ်ရှာတိုင်း ပြူတင်းပေါက် ကျယ်ကျယ်လွင့်လွင့်ရှိပြီး လေပြေလေညင်းများ ဝင်ရောက် တိုက်ခတ်နိုင်သော အထပ်အမြင့် အဆောက်အဦးမျိုးကို ရွေးချယ်လေ့ရှိပါသည်။ ထို့ပြင် ဘေးပတ်ဝန်းကျင်တွင် အဆောက်အဦး ခပ်နိမ့်နိမ့်သာ ရှိသည့်နေရာမျိုးလည်း ဖြစ်ရမည်။ သို့မှသာ သူမနေသော အခန်းလေးဆီသို့ လေပြေလေညင်းများ အဆီးအတားမရှိ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။ အိမ်ရှေ့ပြူတင်းပေါက်သည်တော့ လမ်းမနှင့် နီးသဖြင့် လမ်းပေါ်မှ ဆူဆူညံညံ ကားသံများကို ကြားရလေ့ရှိသဖြင့် သူမ သဘောမကျပါ။ အိမ်တစ်အိမ်လုံးတွင် သူမ သဘောအကျဆုံး ပြူတင်းပေါက်မှာ အိမ်နောက်ဖက် ပြုတင်းပေါက်ဖြစ်သည်။ ထို့ကြောင့်လည်း သူမနေဖို့အခန်းကိုတော့ လေဝင်လေထွက် ကောင်းသော ထိုပြူတင်းပေါက်ရှိသည့် အိမ်နောက်ဖက်ရှိ အခန်းကို ရွေးချယ်ထားလေသည်။

ထိုပြူတင်းပေါက်အနီးတွင် သူမ အလုပ်လုပ်ရန် စားပွဲတစ်လုံးကို ထားလိုက်ပြီး စားပွဲပေါ်တွင်တော့ အလုပ်အတွက် လိုအပ်သည့် ကွန်ပျုတာ ၊ တယ်လီဖုန်း ဖက်စ်၊ ပရင်တာ တွဲရက်ပါသည့် စက်တစ်လုံး၊ ဘောလ်ပင်ခဲတံထည့်ရန် ခွက်လှလှလေးတစ်ခုနှင့် အရွက်ကလေးများ ဖားဖားလျားလျားဖြင့် စိမ်းစိုလှပလှသည့် ပန်းအိုးလေးတစ်လုံးလည်း ရှိပါသည်။ အလုပ်အားလပ်ချိန်များတွင်  စာတိုပေစများ ရေးရန်ဝါသနာပါသော သူမသည် အင်တာနက်ပေါ်တွင်လည်း မတောက်တခေါက် စာရေးလေ့ရှိသည်။ ထို့ကြောင့် သူမအတွက် အပန်းဖြေစရာ နောက်ထပ် အရာတစ်ခုမှာ စာရေးစာဖတ်ခြင်း ဖြစ်လေသည်။ ကွန်ပျူတာ တင်ထားသည့် စားပွဲကို ထားဖို့နေရာ ရွေးချယ်သောအခါ ထွေထွေထူးထူး စဉ်းစားစရာမလိုပါ။ ပြူတင်းပေါက်နှင့် အနီးဆုံးနေရာကိုသာ သူမက ရွေးချယ်ပါသည်။

Image Hosted by PicturePush - Photo Sharing


ထိုပြူတင်းပေါက်မှ ငေးမောကြည့်သည့် အခါတွင်လည်း သူမတို့ မြို့ကလေးကို ပတ်ဝိုင်းကာရံထားသည့် တောင်တန်းပြာပြာကြီးများကို နွေဦးအခါများတွင် မှုန်ရီသီဝေစွာ၊ မိုးရာသီတွင်တော့ တိမ်မျှင်တိမ်ခိုးများ၊ တောင်ခိုး တောင်ငွေ့များ  လွှမ်းပတ် ရစ်သိုင်းကာ၊ ဆောင်းရာသီတွင် နှင်းမှုန်နှင်းစက်များ သိုင်းခြုံရီဝေစွာ ရှိနေတတ်ပြန်တာကိုလည်း သူမက သဘောကျသူဖြစ်သည်။ တောင်တန်းကြီးတွေကတော့ ဘယ်အချိန် ဘယ်ရာသီဘဲဖြစ်ဖြစ် လှလှပပ ခန့်ခန့်ထည်ထည် ရှိနေတတ်သည်ဘဲလေ။ တောင်တန်းပြာပြာကြီးနှင့် သူမတို့မြို့ကလေးကြားတွင် စိမ်းလန်းသော လယ်ကွင်းများ၊ စိုက်ခင်းများ ရှိလေသည်။ လယ်ကွင်းများ၊ ပန်းခင်းများ၊ သီးနှံစိုက်ခင်းများကို ဖြတ်သန်းလာသောလေသည် တရံတခါတွင် လန်းဆန်းသော ကောင်ပင်ပျိုတို့၏ ရနံ့များကိုပင် သယ်ဆောင်လာတတ်သည်။ တခါတလေတွင် ပန်းခင်းများဆီမှ မွှေးထုံသင်းပျံ့သော ပန်းရနံ့များကိုလည်း သယ်ဆောင်လာတတ်ပြန်သည်။


သူမ အလုပ်လုပ်နေစဉ်၊ သို့မဟုတ် စာရေးနေစဉ် ပြူတင်းပေါက်မှ ဝင်ရောက်လာသော လေပြေကလေးများက သူမ၏ဆံနွယ်များ၊ အင်္ကျီစလေးများ၊ သူမ မျက်နှာပြင်ပေါ်၊ သူမ လက်မောင်းသားလေးများကို ပွတ်သပ် ကျီစယ်နေတတ်သည်ကို သဘောကျမိသည်။ အလုပ်လုပ်ရင်း ၊ စာရေးရင်း လက်ညောင်းလာသည်ဖြစ်စေ၊ စိတ်အာရုံများ ညောင်းညာလာလျှင်ဖြစ်စေ စာရေးနေသည်ကို ရပ်လိုက်ပြီး ပြူတင်းပေါက်မှ မြင်နေရသော စိမ်းပြာပြာ မှိုင်းညို့ညို့ တောင်တန်းကြီးများ၊ စိမ်းစိုနုပျိုနေသော စိုက်ခင်းပြင်ကျယ်ကြီးများ၊ ရောင်စုံဖူးပွင့်ဝေဆာနေသော ပန်းခင်းကြီးများ၊ နေဝင်ဆည်းဆာချိန်များတွင် အိပ်တန်းတက်ရန် အုပ်စုဖွဲ့ ပျံသန်းတတ်သော ငှက်အုပ်များ ကို ငေးမော၍ ကြည့်ရှုလိုက်လျှင် သူမ၏နွမ်းနယ်နေသော စိတ်အာရုံများက အမြဲလိုလို ပြန်လည် လန်းဆန်းလာသည်သာ ဖြစ်လေသည်။




သူမတို့အိမ်တွင် ဝရံတာ မပါရှိပါ။ ကျယ်ဝန်းသော ပြူတင်းပေါက်များသာ ရှိပါသည်။ သစ်ပင်များကို ချစ်တတ်သော သူမက ရသည့်နေရာတွင် အပင်လေးများကို စိုက်ပျိုးတတ်သြူုဖစ်သည်။ သူမတို့အိမ်၏ ပြူတင်းပေါက် အပြင်ဖက်တွင်တော့ တစ်ထွာခန့် ကျယ်ဝန်းသည့် အုတ်ဘောင် ရှိလေသည်။  အိုးကလေးများဖြင့် အပင်များကို စိုက်ပျိုးပြီး ထိုဘောင် ကလေးပေါ်တွင် တင်ထားလေသည်။ မနက်တစ်ခါ ညနေတစ်ခါ ရေဖြန်း ဗူးလေးဖြင့် စိတ်ရှည်လက်ရှည် ရေဖြန်းရင်း လေညင်းခံရတာကို၊ စာရေးရန် အကြောင်းအရာ စဉ်းစားရတာကိုက စိတ်ချမ်းသာဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဟုလည်း သူမက ယူဆပြန်သေးသည်။ သူမစိုက်ထားသော အပင်ကလေးများမှာ ပွင့်သည့်အပင်က ပွင့်ဖူးသည့်အပင်က ဖူးဖြင့် သူမ၏ ပြူတင်းပေါက်ကလေး လှပဖို့ တစ်တပ်တစ်အား ပါဝင်လို့နေသည်။ လမ်းမပေါ်က ကြည့်လိုက်လျှင် ပန်းပင်လေးများဖြင့် လှပနေသော ပြူတင်းပေါက်များ ရှိသည့်အိမ်သည် သူမတို့ တစ်အိမ်တည်းသာ ဖြစ်လေသည်။ မိတ်ဆွေတစ်ချို့က သူမတို့ အိမ်ရှေ့ လမ်းမပေါ်မှ အဖြတ်တွင် ပန်းအိုးလေးများရှိသော သူမတို့အိမ်ကို ဝေးဝေးကပင် မြင်နိုင်လေသည်။ ထို့ကြောင့် သူမတို့အိမ် လာမည့်သူများကိုလည်း အထူးတလည် ညွှန်းစရာမလိုပါ။ ပန်းအိုးလေးတွေရှိသော ပြူတင်းပေါက်နှင့်အိမ်ဆိုလျှင် သိသွားကြသည်သာ ဖြစ်သည်။ သူမတို့အိမ်ကို အခြားအိမ်များနှင့် မတူ ကွဲပြားစေသော ပြူတင်းပေါက် လေးများကို သူမ ချစ်သည်။

ပြူတင်းပေါက်လေး ဖွင့်ကြည့်လိုက်လျှင် လောက ပတ်ဝန်းကျင်၏ သဘာဝအလှများကို မြင်တွေ့နေရခြင်း၊  ငှက်ကလေးများ၏ တေးသီသံများကို ကြားရခြင်းနှင့် လေပြေလေးများ၏ ကလူကျီစယ်ခြင်းကို ထိတွေ့ခံစားရခြင်းကိုလည်း နှစ်သက်တတ်သည်။ ဘယ်လိုပင်ဖြစ်စေ သူမသည် ပြူတင်းပေါက်လေးများကို ချစ်သူဖြစ်လေသည်။ သူမ၏အာရုံများကို လတ်ဆတ် လန်းဆန်း နုပျိုစေသော ပြူတင်းပေါက် များကိုလည်း သူမက အာရုံပြူတင်းပေါက်လေးများဟု သူမဘာသာ သူမ နာမည် ပေးထားမိသည်။ သူမသည် ထိုစားပွဲလေးတွင် သူမလုပ်စရာအလုပ်များကို စိတ်အာရုံနှစ်မြုပ်ပြီး လုပ်လေ့ရှိသကဲ့သို့  အချိန်အားရသည့်အခါတိုင်း ပြူတင်းပေါက်လေးနားရှိ ကွန်ပျူတာရှေ့တွင် ထိုင်ကာ စာရေးနေလေ့ရှိသည်။ ပြူတင်းဝမှ ဝင်ရောက်လာသော လေညင်းကလေးများ၊ မိုးနံ့ပါသော လေပြေများ၊ ပန်းရနံ့လေးများ ၊ ဝေးဝေးက မှိုင်းပြပြ တောင်တန်းများတို့က အလုပ်တွေကို လျှင်လျှင်မြန်မြန်ပြီးစီးဖို့  တက်တက်ကြွကြွ လုပ်နိုင်ဖို့ တွန်းအားများဖြစ်သလို ဝါသနာပါရာ စာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်ရေးဖို့အတွက် ခွန်အားများ ဖြစ်ခဲ့လေသည်။


သို့သော် သူမနှစ်သက်သော ပြူတင်းပေါက်လေးမှ မြင်တွေ့နေရသော မြင်ကွင်းများ၊ အတားအဆီးမရှိ ဝင်ရောက်နေသော လေပြေလေညင်းများသည် ထာဝရ ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ခြင်းသည် မှားယွင်းခဲ့လေသည်။ ယခုနှစ်ဦးပိုင်းမှ စကာ သူမတို့အိမ်နောက်ရှိ မြေကွက်လပ် ကျယ်ကျယ်တစ်ခုကို ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ရောက်လာကာ ဆောက်လုပ်ရေးကိရိယာများ၊ လုပ်သားများ၊ အိမ်ဆောက်ပစ္စည်းများစွာ တဖြေးဖြေး လာရောက်နေရာ ချပြီးနောက်တွင် မြေညှိ၊ နေရာရှင်းစသည်တို့ကို အချိန်တိုတိုအတွင်း အမြန်ဆုံးပြီးစီးအောင် လုပ်ကိုင်နေကြတာကို တွေ့ရသော်လည်း သူမသည် စိတ်ထဲတွင် မည်သို့မျှ မရှိခဲ့ပေ။ မြေပိုင်ရှင်များ အဆောက်အဦးတစ်ခုခု ဆောက်တော့မည် ဟုသာ တွေးထင်ခဲ့မိလေသည်။ သို့ရာအတွင် အချိန်နည်းနည်း ကုန်သွားလေ သူမ မျက်စိရှေ့တွင် အဆောက်အဦးတစ်ခု ဖြေးဖြေးချင်း ပီပီပြင်ပြင်ဖြစ်လာချိန်တွင် တုန်လှုပ်ရတော့သည်။


ယခုမှ သတိထားမိသည်။ သူမတို့ အနီးအနား ပတ်ဝန်းကျင်အားလုံး ယခင် ခပ်နိမ့်နိမ့် အိမ်ယာများ၊ မြေကွက်လပ်များမှာ အဆောက်အဦး အမြင့်များ အသစ်ဆောက်လာကြပြီး အရင်က သူမတို့အခန်း ရှိသည့်တိုက်သာ အမြင့်ဆုံးဖြစ်ခဲ့သော်လည်းယခုအခါတွင် ဘေးနားဝန်းကျင်များတွင်  ထိုအဆောက်အဦး အမြင့်များ ဖြစ်လာလေပြီ။ ထို့အတူ သူမချစ်သော ပြူတင်းပေါက်လေးရှိသည့် နေရာမှ အဆောက်အဦးမှာလည်း တဖြေးဖြေး မြှင့်တက်လာနေပါပြီကော။ ဘယ်နှစ်ထပ်အထိ ဆက်ပြီး ဆောက်ဦးမည် မသိသော်လည်း သူမ မြင်နေကျ မြင်ကွင်းများကို ထိုအဆောက်အဦးက တဖြေးဖြေး ဖုံးကွယ်လာနေပြီ။ ထိုအခါမှ သူမ အထိတ်တလန့်ဖြစ်ရလေတော့သည်။ ပြူတင်းပေါက်ကနေ မြင်နေရသော တောင်တန်းပြာပြာကိုလည်း တစ်ဝက်တစ်ပြက်သာ တွေ့ရတော့ပြီး အိမ်တွင်းသို့ ဝင်လာနေကျ လေပြေ လေညှင်းများလည်း ရောက်မလာတော့ပေ။ 

တစ်နှစ်နီးပါးခန့် ကြာသောအခါတွင်တော့ ၁၀ထပ်တိုက်ကြီး တစ်ခုပီပီပြင်ပြင် ဖြစ်လာပေပြီ။ ထိုအခါမှ အောက်ထပ်တွင် ဈေးဆိုင်ခန်းများ အပေါ်ထပ်များတွင်၊ ရုံးခန်းများ ၊ လူနေတိုက်ခန်းများ အဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိလာရလေသည်။ အင်မတန်မှ လှပသေသပ်ပြီး လက်ရာမြောက်သော အဆောက်အဦးကြီး ဖြစ်သော်လည်း သူမအတွက်တော့ စိတ်ညစ်ညူးဖွယ် အဆောက်အဦးကြီး အဖြစ်သာ မြင်မိလေသည်။ ထိုအဆောက်အဦး မြင့်မြင့် ကွယ်သွားသောကြောင့် ပြူတင်းပေါက်လေးဆီမှလည်း လေပြေတို့မဝင်ရောက်နိုင်၊ သူမ အာရုံကို လန်းဆန်းစေသော မြင်ကွင်းများကိုလည်း မမြင်ရ၊ တောင်တန်းပြာပြာကြီးကိုလည်း မတွေ့ရသည့်အခါ သူမ နှစ်သက်ခဲ့သော ပြုတင်းပေါက်လေးကိုပင် မုန်းတီးမိလာတော့သည်။ 

ကွန်ပျူတာရှေ့တွင်ထိုင်ကာ လုပ်နေကျ အလုပ်လုပ်ရသည်ပင် စိတ်မရွှင်မလန်း ဖြစ်လာရပြီး စာရေးမည် ကြံလိုက်တိုင်းလည်း နောက်ကျိနေသော စိတ်အာရုံများက မည်သည့် စာလုံးကိုမျှ ရေးချင်စိတ် မရှိတော့ပေ။ ဤသို့ဖြင့် သူမသည် တဖြေးဖြေးနှင့် စိတ်တို တတ်လာသည်။ ရန်လိုတတ်လာသည်။ စာရေးလည်း ကျဲလာလေသည်။ ကွန်ပျူတာကို အခြားပြူတင်းပေါက်အနီးတွင် ရွေ့ရန် စိတ်ကူးမှာလည်း လက်တွေ့တွင် အကျိုးထူးမည် မဟုတ်ပါ။ တစ်အိမ်လုံးတွင် ရှုခင်းအကောင်းဆုံး ၊ လေဝင်လေထွက် အကောင်းဆုံးနေရာမှာ ဒီပြူတင်းပေါက်လေးသာ ရှိသည်။ အခြားပြူုတင်းပေါက်တို့မှာ လမ်းမနှင့်နီးသည့်အတွက် ဆူဆူညံညံ ရှိလှပြီး ထိုဖက်ခြမ်းတွင်လည်း တိုက်အမြင့်များက ကွယ်ထားသည်သာ ဖြစ်လေသည်။

သူမနေထိုင်ရာ ပတ်ဝန်းကျင်သည် အဆောက်အဦမြင့်မြင့်များ၊ ကောင်းမွန်သပ်ရပ်သော လမ်းမများ၊ ခမ်းနားထည်ဝါလှသော စူပါမားကက်များ၊ ကွန်ဒိုများဖြင့် ရုပ်ဝတ္ထုတို့မှာ တိုးတက်လာသော စိတ်နှလုံးကို အာဟာရဖြစ်စေမည့် သဘာဝ ပတ်ဝန်းကျင်များ၊ ရေမြေတောတောင်များ၊ စိတ်အေးချမ်းဖွယ် စိမ်းလန်းသော သစ်ပင်များ၊ ရှုခင်းများကို မြင်တွေ့မှု နည်းပါးလာနေပေပြီ။ အလုပ်ကို စိတ်နှလုံး ကြည်ကြည်လင်လင် လုပ်ရန် သို့မဟုတ် စာရေးခြင်းကို စူးစိုက်စွာ လုပ်နိုင်ရန် မည်သို့မျှ စိတ်အာရုံများကို စုစည်း၍ မရတော့သည့်အဆုံး သူမ အိမ်ပြောင်းရန် ဆုံးဖြတ် လိုက်တော့သည်။ သူမ အိမ်ရှာရပါဦးမည်။ 

ပြူတင်းပေါက်များ ကျယ်ကျယ်ဝန်းဝန်းရှိပြီး တောင်တန်းပြာပြာများ၊ စိုက်ခင်းစမ်းစိမ်းများ၊ ပန်းခင်း လှလှများကို မြင်တွေ့ရပြီး လေပြေလေညင်းများ ဝင်ရောက်နိုင်သော ပြူတင်းပေါက်များပါသည့် အိမ်ခန်းတစ်နေရာကို သူမ ရှာဖွေရပါဦးမည်။ ပိတ်ဆို့ခံထားရသော ပြူတင်းပေါက်များကို သူမ မလိုချင်ပါ၊ သူမ အတွေးများ၊ အာရုံများ လွှင့်ပျံချင်တိုင်း ပျံခွင့်ရသော၊ လတ်ဆတ် လန်းဆန်းသော လေပြေများ ဝင်ချင်တိုင်း ဝင်၍ရနိုင်သော၊ နှင်းငွေ့ခြုံသော တောင်တန်းများကို မြင်တွေ့ခွင့်ရနိုင်သော၊ ပုဇွန်ဆီရောင် သမ်းသော ညနေခင်းများတွင်  အုပ်စုလိုက်  အိပ်တန်းတက်သော ငှက်လေးများကို  အမြဲမြင်နိုင်သော ပြူတင်းပေါက်လေးများသည် သူမအာရုံများကို လွတ်လပ်ပွင့်လင်းစွာ ဖွင့်လှစ်ပေးနိုင်သော အရာများ ဖြစ်သည် မဟုတ်ပါလား။



Image Hosted by PicturePush - Photo Sharing 

Photo credit goes to their respective owners.




အနီရောင်လမ်းကလေး

သူမ ရောက်နေသော မြို့ကလေးတွင် အလွန်လှပ သာယာသော လမ်းကလေးတစ်ခု ရှိလေသည်။ ထိုလမ်းကလေးသည် မြစ်ကမ်းဘေးတွင် ရှိပြီး တာရိုးသဖွယ် မြစ်ရေကို တားသော အရံအတား အဖြစ် ပြုလုပ်ထားသည့် ဖို့မြေပေါ် ဖောက်လုပ်ထားသောလမ်း ဖြစ်လေသည်။ မြို့ကလေးသို့ သူမ ရောက်စ အချိန်က လမ်းကလေးသည် ပြုပြင်ကာစဖြစ်သည်။ ကတ္တရာပင် မခင်းရသေးသော ဖုန်ထူထူ လမ်းကလေး ဖြစ်နေခဲ့သည်။ သို့သော် မကြာမီတွင် ထိုလမ်းကလေးအား သပ်ရပ်ကောင်းမွန်သော လမ်းကလေးအဖြစ် ပြင်ဆင် လိုက်ကြသည်။ ညက်ညောလှသော ကွန်ကရစ် လမ်းကလေး ဖြစ်လာ သည်။ ပြီးလျှင် မြစ်ကမ်းတောက်လျှောက် တံတိုင်းကာလိုက်ပြီး တံတိုင်းဘေးတွင် ထိုင်စရာ ခုံကလေးများ ပြုလုပ် ထားပေးပြီး လမ်းတစ်ဖက် တစ်ချက်စီတွင် စက္ကူပန်းပင်များနှင့် အခြားသော အလှ ပန်းပင်များကို စိုက်ပျိုးလာသည်။ 

အပင်လတ် တစ်ချို့ကိုတော့ အမြစ်ပါ တူးယူလာပြီး လမ်းမဘေး နှစ်ဖက်တွက် စီစီရီရီ စိုက်ပျိုး လာသည့်အခါ ညနေတိုင်း မြစ်ကမ်းလေးရှိ ထိုလမ်းကလေးဆီသို့ လမ်းလျှောက်လေ့ရှိသော သူမသည် အစတွင် ဘာအပင်မှန်း မသိခဲ့ပါ။ အရွက်နှင့် အကိုင်းလုံးဝမပါဘဲ ထိုးထိုးထောင်ထောင် ပင်စည် ရှည်မျောမျောဖြင့်သာ အတိပြီးသော ထိုအပင်များကို ရုပ်ဆိုးသည်ဟုလည်း သူမက ထင်ခဲ့သေးသည်။ အပင်များကို မိုးဦးကျတွင် လာရောက် စိုက်ပျိုးထားသည်ဖြစ်၍  မိုးဖြိုင်ဖြိုင် ကျလာသောအချိန်တွင်တော့ အမြစ်ပါ ပါသည့် ထိုပင်စည်တို့မှာ ဖက်ဖူးစိမ်းရောင် ရွက်နုတို့  ဟိုတစ်စ ဒီတစ်စ ပေါ်လာလေတော့သည်။ အကိုင်းဟူ၍ လုံးဝမရှိသော ပင်စည်တွင်ကပ်လျှက် ထွက်နေသော အရွက်နု စိမ်းစိမ်းတို့ကို ကြည့်ရသည်မှာ ကင်ပွန်းရွက်နှင့်ပင် တူသလိုလို ထင်ခဲ့သော်လည်း ဘာပင်မှန်းတော့ဖြင့် အတိအကျ မသိခဲ့သလို စိတ်လည်း သိပ်မဝင်စားခဲ့ပါ။ 

ထိုအပင်များသည် စိုက်ပြီး ၂နှစ်အကြာတွင် အကိုင်းအခက် အလက်များ ဝေဆာလာပြီး စိမ်းစိမ်းစိုစို အပင် ခပ်အုပ်အုပ်ကလေးများ ဖြစ်လာလေသည်။ သူမစိတ်ထဲတွင် ထိုအပင်များမှာ အပွင့်မပွင့်သော တစ်နှစ်လုံး စိမ်းရင့်နေသော အရွက်စိမ်းစိမ်း အပင်မျိုးသာဖြစ်မည်ဟု ထင်မိခဲ့လေသည်။ သန့်ရှင်းသပ်ရပ်ပြီး လှကလာသော လမ်းကလေးကို သံယောဇဉ်တွယ်ငြိဆဲမှာပင်  ထိုမြို့ကလေးဆီမှ အခြားသော မြို့ တစ်မြို့သို့ သူမ ပြောင်းရွေ့သွား ခဲ့ရလေသည်။ ထိုသို့ ပြောင်းသွားခဲ့ပြီး နောက် နှစ်နှစ်ခန့် အကြာ တစ်ခုသော နွေနှောင်းချိန်ခါတွင် ထိုမြို့ကလေးဆီသို့  အလည်အဖြစ် ပြန်ရောက်လာခဲ့ရသည့်အခါ ညနေတိုင်း လမ်းလျှောက်ဖြစ်ခဲ့သည့် တာရိုးလမ်းကလေးဆီသို့ ထွက်လာခဲ့မိသည်။ 

ထိုစဉ်မှာဘဲ မယုံကြည်နိုင်စရာ မြင်ကွင်းက သူမကို ဆီးကြိုလို့ နေခဲ့သည်။ သူမရှိစဉ်က အရွက်စိမ်းစိမ်း တို့သာ မင်းမူခဲ့သော လမ်းဘေး တစ်ဖက်တစ်ချက်က အပင်တို့မှာ ရဲရဲနီသော အပွင့်များဖြင့် အနီရောင်ခြယ်ထားသည့် ဆေးရေးပန်းချီကားတစ်ချပ်ပမာ လှပနေခဲ့သည်။ လမ်းတစ်လျှောက်လုံးရှိ အပင်တိုင်းမှာ ပွင့်ချင်တိုင်း ပွင့်ခွင့်ရသဖြင့် ပွင့်လွှာပွင့်ဖတ် ပွင့်ချပ်တို့မှာ အစွမ်းကုန်အောင်ပင် ပတ္တမြားသွေး လိမ်းခြယ် လို့နေတော့သည်။ လှလိုက်သည့်ဖြစ်ခြင်း။ သည်တော့မှ သူမ သိလိုက်သည်က ထိုအပင်များသည် အပွင့်နီနီတို့ ရဲရဲရင့်ရင့် ဖူးပွင့်တတ်သော စိန်ပန်းပင်များ ဖြစ်လေသည်။ စိတ်ကူး ကောင်းလိုက်ပါဘိ။ ပင်လုံးကျွတ် ပွင့်တတ်သည့် စိန်ပန်းပင်များကို ဒီလိုလှပသည့် မြစ်ကမ်းဘေးက လမ်းကလေးမှာ လာရောက် စိုက်ပျိုးဖို့ စိတ်ကူးရသည့် သူများကို မချီးကျုးဘဲ မနေနိုင်အောင် မြင်သူတိုင်းက ကြည်နူး မိရလောက်သည့် ထိုလမ်းကလေးမှာ စိန်ပန်းနီနီတို့ဖြင့် အစွမ်းကုန်လှပလို့ နေလေတော့သည်။ 

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

စိန်ပန်းနီနီများ လမ်းဘေးဝဲယာ ပွင့်ဝေနေသော ဒီလမ်းကလေးကို သူမက အနီရောင်လမ်းကလေးဟု နာမည်ပေးလိုက်သည်။ ထိုလမ်းကလေးမှာ နာမည်နဲ့ လိုက်ဖက်အောင်ဘဲ ရဲရဲနီသော ပွင့်လွှာပွင့်ချပ်တို့ဖြင့် လမ်းနှစ်ဖက်လုံးကို အလှဆင်ထားလေသော စိန်ပန်းပွင့် နီလွင်လွင်တို့ကြောင့် အင်မတန် ချစ်စရာကောင်းပြီး သက်ဝင် လှပလွန်းလှသည်။ စိတ်ထဲမှ တိတ်တိတ်လေး သူမပေးထားသည့် အနီရောင်လမ်းကလေး ဆိုသည့် အမည်နှင့်လည်း ထိုလမ်းကလေးမှာ လိုက်ဖက်လွန်း လှသည်ဟု သူမက ထင်မိလေသည်။ ပင်လုံးကျွတ်နီးပါး ပွင့်ဝေနေသော ထို စိန်ပန်းပွင့်များသည် ရဲရဲနီသော အဆင်းဖြင့် စိမ်းမြမြ သစ်ရွက်တို့ကြားမှာ ပွင့်ဝေနေကြသည်မှာ မြကဗ္ဗလာပြင်ထက်က ပတ္တမြားကျောက်မျက်တို့ စီခြယ်ထားသည့်နှယ် စိမ်းမြမြ အရောင်နှင့် ရဲရဲနီနေသော အရောင်တို့က ထိုလမ်းကလေးကို လှရေးကြွယ်နေစေတော့သည်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မြစ်ပြင်မှ ဖြတ်တိုက်လာသော လေပြေလေညင်းတို့ကြောင့် ပင်ပေါ်ထက်ဆီမှ ပွင့်ချပ်လွာနီနီတို့က တစ်ဖြုတ်ဖြုတ် လွင့်ဝဲ ကြွေကျလာပုံမှာ  ဆန်းကြယ်လှပ တိမ်းမူးလောက်ဖွယ် ကဗျာ ဆန်လွန်း လှတော့သည်။ လမ်းမထက်တွင်လည်း ကြွေလွင့်နေသော ပွင့်ဖတ်နီရဲရဲတို့က အနီရောင် ကဗ္ဗလာ ခင်းထားသည့်နှယ် လမ်းမကြီးကို အလှဆင်လို့နေသည်။ ပွင့်ဝေနေသော စိန်ပန်းပင်ကြီး ကို မော့ကြည့် လိုက်ပါလျှင် မိုးကောင်းကင်ပြာပြာ နောက်ခံနှင့် ရဲရဲနီသော အပွင့်တို့မှာလည်း လိုက်ဖက် တင့်မောဖွယ် ကောင်းလှပေသည်။ အချို့သော အပင်တို့မှာ အဖူးတွေငုံကာစ ရှိသေးသဖြင့် အပွင့်နှင့် ရောနေသော စိမ်းစိမ်းစိုစို ချစ်စဖွယ် အဖူးအငုံလေးများ မှာလည်း အလှကျက်သရေ တစ်မျိုးပင် ဖြစ်လေသည်။ 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


စိန်ပန်းပင်တို့အောက်ရှိ ကွန်ကရစ်ထိုင်ခုံများပေါ်တွင် ချစ်သူသမီးရည်းစား အတွဲများ၊ မိသားစုများ၊ လူငယ်လူရွယ်များ ပျော်ပျော်ပါးပါး စကားဝိုင်းဖွဲ့သူလည်းရှိ၊ လေညင်းခံသူလည်းရှိ၊ အေးအေးလူလူ စာဖတ်နေသူ၊ သီချင်းနားထောင်နေသူများလည်း ရှိလေသည်။ မျက်စိတစ်ဆုံး အနီရောင်လွှမ်းနေသော လမ်းမထက် ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ကစားနေသူများ၊ စကိတ်စီးနေသူ၊ ဆိုင်ကယ်မောင်းနေသူ၊ ကားမောင်းနေသူများလည်း မရှားလှပေ။ ပွင့်ဝေနေသော  စိန်ပန်းပင်ကြီးနောက်ခံဖြင့် အိုင်တင် အမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်နေသူများလည်း ပေါများလှပါသည်။ 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


ခါးလောက်သာရှိသည့် မမြင့်လှသော တံတိုင်းပေါ်ထိုင်ပြီး လှမ်းမျှော်ကြည့်လျှင် မှိုင်းညို့ပြာ လွင်နေသော တောင်တန်းပြာပြာတို့ကို မည်သည့် နေရာကို ကြည့်ကြည့် မြင်ရမည်သာ ဖြစ်သောကြောင့် ထိုမြို့ကလေးသည် တောင်တွေက တံတိုင်းလို ဝိုင်းရံနေသောမြို့ဟုလည်း ဆိုနိုင်ပါသည်။ နွေနှောင်း ရာသီ ဖြစ်သောကြောင့် မြစ်ထဲရှိ ရေအနက်မှာ လည်း ပေါင်လည် သာသာ၊ အချို့နေရာတွင် ဒူးသာသာလောက်သာ ရှိတော့သဖြင့် ကမ်းစပ် တစ်လျှောက်တွင် သဲသောင်ပြန့်ပြန့် ပေါ်ထွန်းနေပြီး မြစ်ရေ မှာလည်း စိမ်းမြ ကြည်လင်စွာဖြင့် စီးဆင်းနေသောကြောင့် မြစ်ထဲ ရေဆင်းချိုးကြ သူများ၊ ဆော့ကစားနေ ကြသူများ၊ ကမ်းစပ်သောင်ပြင်တွင် လမ်းလျှောက်နေသူများ၊ ငါးမျှားနေသူများ စသဖြင့် အနားယူ အပန်းဖြေစရာနေရာ တစ်ခု လည်း ဖြစ်နေလေတော့သည်။ တာရိုးဘေးတစ်ဖက်တွင် အစားအသောက် မျိုးစုံ ရောင်းချသည့် ဈေးဆိုင် တန်းများ အချို့လည်း ရှိသောကြောင့် မြစ်ပြင် ရှုခင်းကို ငေးမော ရင်းလည်း စားသောက်နိုင်သေးသည်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

သာယာလှသော ထိုလမ်းကလေးတစ်ဝိုက်သည် အေးချမ်းသာယာမှုတို့လွှမ်းခြုံနေသော လမ်းကလေးဟု သူမ စိတ်ထဲ သတ်မှတ်ထားမိလေသည်။ သို့သော် အရာရာ အေးချမ်းသာယာ လှပနေသော ထိုလမ်းကလေးတွင် အလှအပကို ဖျက်ဆီးနေသည်ဟု သူမ ထင်မိလေသော အချက်မှာ လူငယ်လေးငါးဦးခန့်သည် စိန်ပန်းပင်တို့၏  အကိုင်းအခက်များကို တွဲခိုစီးပြီး အော်ဟစ် ဆော့ ကစား နေကြခြင်း ဖြစ်လေသည်။ စိန်ပန်းပင် ဟူသည် ကျွတ်ဆတ်သည့် သဘာဝရှိသော အပင် ဖြစ်လေသောကြောင့် ထိုလူငယ်လေးများ ခိုစီးဆော့ကစားမှုကြောင့် အချို့သော အကိုင်းအခက် များမှာ ကျိုးပဲ့ကျကာ အပင်အောက်တွင်လည်း စိန်ပန်းပွင့်ကြွေများက ရဲရဲနီနေတော့သည်။  လူငယ်လေးများ၏ ပုံသဏ္ဍာန်မှာလည်း အနည်းငယ် မူးယစ်သောက်စားထားသည့် လက္ခဏာရှိလေသည်။ ပါးစပ်မှလည်း အသံပေါင်းစုံ အော်ဟစ်နေကြကာ အပျော်ကျူးနေသည့်ဟန်က အထင်သားရှိလေသည်။

သူတို့အသွင်သဏ္ဍာန်မှာ မည်သူ့ကိုမှ ဂရုမထား။ မိမိ၏ ပျော်ရွှင်မှုအတွက် လှပသော ပတ်ဝန်းကျင်ကို အကျည်းတန်အောင် ဖျက်ဆီးနေသကဲ့သို့ ရှိလေသည်။ လမ်းကလေး ပတ်ဝန်းကျင်ရှိ အခြားသူများမှာလည်း ထိုမြင်ကွင်းကိုကြည့်ပြီး စိတ် အနှောက် အယှက် ဖြစ်နေကြဟန် ရှိလေသည်။ ထိုလူငယ်လေးကြောင့် သာယာသည့် ပတ်ဝန်းကျင်မှာ အရုပ်ဆိုးနေ သကဲ့သို့ ဖြစ်နေတော့သည်။ ထိုလူငယ်တို့မှာတော့ မိမိကြောင့် အခြားသူများ စိတ် အနှောက်အယှက် ဖြစ်ရသည်ကို ဂရုထားမိဟန်မတူ၊ အော်ဟစ်မြဲ၊ သစ်ပင်၊ သစ်ကိုင်းများကို တွဲခိုစီးနေကြဆဲသာ ရှိလေသည်။ သူမသည်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်မသက်မသာ ခံစားမိလေသည်။ လောကကြီးတွင် မိမိဝန်းကျင်ကို သာယာလှပအောင် ကြိုးစား လုပ်ဆောင်နေသူများ ရှိသကဲ့သို့ ဖျက်လိုဖျက်ဆီး လုပ်နေကြသူများလည်း ရှိတတ်ကြသည်ကို သဘောပေါက်မိရသည်။  အရေးကြီးသည်မှာ ဖျက်ဆီးသူနှင့် အလှဆင်သူများတွင် မိမိကိုယ်တိုင်က အလှဆင်သူအုပ်စုထဲ ပါဝင်ဖို့ လိုအပ်လှပါသည်။ 

Image Hosted by PicturePush - Photo Sharing

ဝေးဝေးက မြင်ရသည့် အနီရောင်လမ်းကလေး

လောကအလှကို ဖျက်ဆီးသူနှင့် အလှဆင်သူများတွင် အလှဆင်သူ အရေအတွက်က ပိုများလာလျှင် လောကကြီးမှာလည်း ပို၍ သာယာ လှပလာသည်မှာ သေချာလှတော့သည်။ ထိုမြို့ကလေးမှ သူမ ပြန်ခဲ့ချိန်ထိ အနီရောင် လမ်းကလေး၏ အလှအပက သူမ အာရုံထဲမှာ စွဲမြဲ ကျန်နေရစ်ခဲ့သည်။ မျက်လွှာလေးကို မှေးမှိတ်လို့ ပြန်လည် စဉ်းစားမိတိုင်းလည်း အနီရောင် ပတ္တမြားပွင့်လွှာတို့ဖြင့် နီစွေး လှပလွန်းသည့် အနီရောင်လမ်းကလေးကို တရေးရေး မြင်ယောင်မိတော့သည်။ ချစ်စရာ အနီရောင် လမ်းကလေး အမြဲတမ်း သာယာလှပနေပြီး ဖျက်ဆီးသူများ ကင်းဝေးပါစေကြောင်းဖြင့်လည်း ဆုတောင်း မိရပါသေးတော့သည်။


Image Hosted by PicturePush - Photo Sharing

အနားသတ်ဆည်းဆာ


ရွာကလေး၏ တောင်ထိပ်ပေါ်တွင်ရှိသော ထုံးဖွေးဖွေး စေတီကလေးပေါ်တွင် ပုတီးစိတ်၊ တရားထိုင်ပြီး တောင်ပေါ်မှ ဖြေးညင်းစွာ သူ ပြန်ဆင်းလာခဲ့သည်။ တောင်ထိပ်ဟု ဆိုသော်လည်း မြင့်မား မတ်စောက်သည့် တောင်မျိုး မဟုတ်။ ပြေပြေလေး တက်သွားရသော ခပ်နိမ့် နိမ့် ကုန်းကလေးသာ ဖြစ် သည်။ တောင်ကုန်းထိပ်ကလေးရှိ စေတီ တည်ရှိရာအရပ်သည် အလွန် တရာမှ အေးချမ်း ဆိတ်ငြိမ်လှကာ တောင်ကုန်းကလေး၏ တစ်ဖက် တောအုပ်ထဲမှ ကျေးငှက်တို့ သီးကျူး သံ၊ မျောက်စသော တောကောင်ငယ်တို့ အော်မြည်သံများကိုပင် အတိုင်းသာ ကြားနေ ရလောက်အောင် လူသူသံ ကင်းဝေးပြီး သာယာလှသော နေရာကလေး ဖြစ်သည်။ ထိုတောအုပ် သည် မည်သည့်တော တိရိစ္ဆာန်ကိုမျှ ပစ်ခတ်ဖမ်းဆီးခြင်း မပြုရသော ဘေးမဲ့တောလည်း ဖြစ်လေသည်။ တောင်ကုန်းပေါ် ရှိ စေတီလေးပေါ်သို့ ညနေခင်းတိုင်း လမ်းလျှောက်လာကာ ပုတီးစိတ်၊ တရားထိုင်၊ ဘုရားပန်းများ ညှိုးနေလျှင် အနီးနား တောစပ်က သပြေပန်းများနှင့် တောပန်းကလေးများ ချိုးကာ လဲပေးခြင်း၊ စေတီပရဝုဏ် အနီးတစ်ဝိုက် အမှိုက်သရိုက်များ လှဲကျင်းပေးခြင်း စသောဝေယျာ ဝစ္စတို့သည် သူ့အတွက်တော့ မိုးမရွာသော ရာသီဥတု သာယာသည့် နေ့တိုင်း ပြုလုပ်မြဲ ကုသိုလ် အမှုလည်း ဖြစ်လေ သည်။ 

ယနေ့တွင်လည်း ဘုရားရှိခိုး၊ ပုတီးစိတ်၊ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် လက်တွင် ကိုင်လာသော တောင်ဝှေးကို ခပ်ဖြေးဖြေးထောက်ကာ တောင်ကုန်းလေးဆီမှ သူဆင်းလာခြင်း ဖြစ်သည်။ တောင်ခြေအရောက်တွင် ရွာကလေးကို ရစ်ခွေ စီးဆင်းနေသော ချောင်း ကမ်းစပ်နားတွင် ထိုင်ကာ ဝင်လုဆဲ ညနေခင်း၏ ဆည်းဆာအား ထိုင်ကြည့် တော့ သည်။ တောင်ကုန်းပေါ်မှ ဆင်းလာတိုင်းလဲ နေဝင်ဆည်းဆာကို သူထိုင်ကြည့်လေ့ ရှိပါသည်။ နေ့တစ်နေ့၏ နောက်ဆုံး လက်ကျန်အဖြစ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ကာ ကမ္ဘာလောကကြီးအား နှုတ်ဆက်နေ ပေပြီ။ နေမင်းကြီး ဆီမှ ဖြာဆင်း လာသော ရောင်ခြည်များသည် သူမြင်တွေ့နေ ရသည့် ပတ်ဝန်းကျင် တစ်ခုလုံးကို လိမ္မော်ရောင် ခြယ်ပစ်သည် သာမက ချောင်းရေပြင်သည် ပင်လျှင် လိမ္မော်ရည်များ လိမ်းကျံထားဘိသို့ ရှိသည့် အတွက် လိမ္မော်ရောင် ဆည်းဆာဟု သူက စိတ်ထဲမှ တီးတိုး ရေရွတ်မိလိုက်သည်။





ညနေဆည်းဆာကို သူ နှစ်သက် သဘောကျမိသည်မှာ ငယ်စဉ်ကတည်းက ဖြစ်ခဲ့သည်။ ငယ်စဉ်တုန်း က နှစ်သက်မိခြင်းသည် ဘယ်လို အတွေးမျိုးရှိ၍မှ မဟုတ်ဘဲ လိမ္မော်ရောင် နေလုံးကြီးတဖြေးဖြေး ဝင်ရောက် ပျောက်ကွယ်သွားသည်ကို ကြည့်ကောင်းကောင်း ဖြင့် နှစ်သက်မိခြင်းသာ ဖြစ်သော်လည်း ယခု အသက် ၇ဝ ကျာ်နေပြီ ဖြစ်သော အရွယ်တွင်တော့ ညနေဆည်းဆာကို နှစ်သက်ရခြင်းသည် အဓိပ္ပါယ် ရှိလာခဲ့ပြီ။ ညနေနေဝင်ချိန် ဆည်းဆာ ဟူသည်ကား နေ့တစ်နေ့၏ နောက်ဆုံးအချိန် ဖြစ်သည်။ တစ်နေ့တာ၏ အဆုံးသတ်ချိန် ဆိုပါတော့။ လောကကြီးတွင် မွေးဖွား သက်ရှင်နေထိုင်ကြသော လူတိုင်း၏ ဘဝတွင်လည်း နေ့တစ်နေ့၏ နေ့ဝင်ချိန်ကဲ့သို့ ဘဝ၏ နေဝင်ချိန်လည်း ရှိသည်သာဖြစ်သည်။ ငယ်ရာမှ ကြီး၊ ကြီးရာမှ အို စသဖြင့် ဖြတ်သန်းရသော ဘဝဖြစ်စဉ် အဆင့်ဆင့်တွင် အိုမင်းလာသော သူ့လို အသက်အရွယ် ချိန်ခါသည် ဘဝ၏ နေဝင်ဆည်းဆာချိန် ရောက်လေပြီ။ 


 ထိုဆည်းဆာချိန် ရောက်သည့်အခါ  လူတစ်ယောက်သည် သူဖြတ်သန်းလာခဲ့သော ဘဝ၏ လမ်းကြောင်း ကို နောက်ပြန်လှည့်ကြည့် သုံးသပ်သင့်သည်ဟု သူက ယူဆသည်။  နေခြည်နုနု ဖြာကျခါစ လို ငယ်ရွယ်နုနယ်သည့် နေ့ရက်များ၊ ခပ်ပြင်းပြင်း နေ့လည်ခင်းနေခြည်နှင့်တူသော တည်ငြိမ်ရင့်ကျက် လာသော သက်လတ်ပိုင်းနေ့ရက်များ ၊ ယခုကဲ့သို့ လိမ္မော်ရောင် ဆည်းဆာဖြင့် လောကကြီး ကို နှုတ်ဆက် စ ပြုနေသော သက်ကြီးပိုင်း နေ့ရက်များ စသည့် သူဖြတ်သန်း ခဲ့သော ဘဝလမ်းကြောင်း တစ်လျှောက် သူပြုခဲ့သည့် ကိစ္စရပ်များ၊ လုပ်ဆောင်ချက်များကို သူ ပြန်လည် သုံးသပ်သည်။ ဘယ်တုန်းက ဘယ်အချိန် တွင် သူလုပ်သင့်တာကို မလုပ်ခဲ့ဘူးလား၊ ဘယ်အခွင့်အရေး မျိုးကို သူအရမယူနိုင်ဘဲ ဆုံးရှုံးခဲ့သလား၊ ဘဝအတွက် ယခု နောက်ဆုံးနေဝင်ချိန်တွင် သူဖြတ်သန်းခဲ့ရသော နေ့ရက်များအတွက် လိပ်ပြာသန့်ပါ ရဲ့လား၊ စသည်ဖြင့် သူ ပြန်လည် စဉ်းစားကာ မိမိကိုယ်ကို မေးမြန်းလ့ ရှိသည်။ 

သူ့ဘဝကို ပြန်လည် စဉ်းစားဆင်ခြင်သုံးသပ်ရာတွင် မလုပ်သင့်သည်ကို လုပ်ခဲ့မိသော နောင်တ ရစရာ ဟူ၍ များများ စားစားမရှိလှပါ။ သူက ဘဝကို လူသားဆန်ဆန် ရိုးရိုးသားသား ရှင်သန်လိုသောသူ ဖြစ်လေသည်။ သူတစ်ပါး မျက်ရည်ပေါက် ကီးငယ် ကျစေခဲ့သော လုပ်ရပ်များ၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ယုတ်မာခဲ့သော လုပ်ရပ်များလည်း သူ မပြုလုပ်ခဲ့ပါ။ မည်သူ့အပေါ်တွင်မှ ကလိန်ကကျစ် ကျခဲ့ခြင်းမျိုးဖြင့် သူ့ဘဝကို မရှင်သန်ခဲ့ဖူးပါ။ ငယ်စဉ်အချိန် ပညာသင်ယူစရာရှိတာကို သင်ယူပြီး အရွယ်ရောက်လျှင် အသက်မွေး ဝမ်းကြောင်းအတွက် ထိုက်သင့်သည့် အလုပ်ကို လုပ်ခဲ့သည်။ သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့် မတရားစီးပွားကို မလုပ်ခဲ့ပါ။ သမာအာဇီဝ ကျကျ စီးပွားရေး လုပ်ငန်းကိုသာ သူ လုပ်ဆောင်ခဲ့သည်။ 

အချို့သော စီးပွားရေးမိတ်ဆွေများက လူတိုင်းအပေါ်တွင် သူ၏ စိတ်ရင်းအတိုင်း ရိုးရိုးသားသား ဆက်ဆံမှု အပေါ် ပျက်လုံး ထုတ်တတ်ကြသည်။ စီးပွားရေးလုပ်လျှင် ခွက်ခွက်လန် ရှုံးမည်ဟုလည်း စကားတင်း ဆိုကြသည်။ သို့သော် ရိုးရိုးသားသား နေထိုင် စီးပွားရှာကာ ကတိစကား တစ်ခွန်းကို စောင့်ထိန်းတတ်သူ သူ့အတွက်တော့ စီးပွားရေးလောကတွင်ရော၊ လူမှုရေးလောကတွင်ပါ နာမည်ပျက်မရှိဘဲ လူတိုင်းက လေးစားခဲ့သည် ဖြစ်လေသည်။ လူအများက အာရုံစိုက်ရလောက်အောင် ကြီးကျယ်စွာ ချမ်းသာသော ဘဝကို မပိုင်ဆိုင်ခဲ့သော်လည်း သင့်တင့်သော စီးပွားရေးနှင့် ချစ်ခင်ဖွယ်ရာ မိသားစုလေး တစ်ခုကို သူပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုအတွက်လည်း သူ့ဘဝကို သူ ကျေနပ်မိရသေးသည်။ ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သော ပျော်ရွှင်ခြင်းကို သူရရှိခဲ့သည်သာဖြစ်သည်။ အလွန်တရာ ချမ်းသာသော သူများသည် သူ့လောက် ဘဝကို ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့် ရချင်မှ ရလိမ့်မည်။ နာမည်ပျက်မရှိ လူမှု အသိုင်းအဝိုင်းတွင် အများက လေးစား ကြသော သူဖြစ်ချင်မှ ဖြစ်ကြလိမ့်မည်။ သူတို့သည် မိသားစုနှင့် ပျော်ပျော် ရွှင်ရွှင် နေခွင့် ရချင်မှ ရလိမ့်မည်။ ငွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း မိသားစုအတွက် စိတ်ပျော်ရွှင်မှုများကို ဖန်တီးပေးဖို့ မေ့လျော့ထားချင် ထားကြလိမ့်မည်။ ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှု၊ အေးချမ်းမှု စသည့်အရာတို့ကို သူတို့သည် ငွေကြေးအတွက် လဲပစ်ကောင်း လဲပစ်ကြလိမ့်မည်။

သူ့အတွက်တော့ ထိုအရာများကို  ငွေကြေးထက် ပိုမို မက်မောခဲ့လေသည်။  ပိုက်ဆံငွေကြေး၊ ပိုင်ဆိုင်ခွင့်များ မတန်တဆ ရှိဖို့မလို၊ စိတ်ချမ်းမြေ့ဖွယ် မိသားစုလေးတစ်ခုနှင့်အတူ ဘဝကို အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့်ရသည်ကပင် သူကျေနပ်မိရသည်။ ဘဝအတွင် အရေးအကြီး ဆုံးသော လိုအပ်ချက်မှာ ချစ်ခင် သူများနှင့် ပျော်ပျော်ရွှင်ရွှင် စိတ် ချမ်းချမ်းသာသာ နေနိုင်ဖို့ဟု သူက ယူဆမိပါသည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိကိုယ်တိုင် ရေးကြသည်။ မိမိတို့ဘဝ အသက်ရှင် နေထိုင်ချိန်တွင် လုပ်ခဲ့၊ ပြုခဲ့သော ကောင်းမှု၊ မကောင်းမှုတို့သည် တစ်ချိန်ချိန် တွင် ရောင်ပြန် ခံစားရမည်ဟု သူကတော့ ယုံကြည်မိသည်။ ထို့ကြောင့်လည်း မကောင်းမှုကို နည်းနိုင်သမျှ နည်းအောင် နေထိုင်ခဲ့သည်။ 

လူ့လောကကြီးတွင် ဧည့်သည်အဖြစ် ရောက်လာသော တစ်ခဏသာအတွက် ဧည့်သည်ဆိုးတစ်ယောက် သူမဖြစ်ချင်ခဲ့ပါ။ လောကကြီးအတွက် အကျိုးမပြုနိုင်ဦးတော့တောင်  ဆိုးကျိုတော့ဖြင့် မပေးလိုပါ။ သူ သားသမီးဖြစ်စဉ်က မိဘတို့ကို ပြန်လည် သိတတ်ခဲ့ပြီး ပြုစု လုပ်ကျွေးခွင့်ရခဲ့သောကြောင့် မိဘကို မကျွေးမွေး မစောင့်ရှောက် လိုက်ရသော နောင်တမျိုး မရခဲ့ပါ။  ယခု သူ့အသက် ကြီးရင့်လာသော အခါတွင်လည်း သူ၏ သားသမီးမြေးမြစ်တို့က သူ့ကို ပြန်လည် စောင့်ရှောက်ကြလေပြီ။ သူသည် ကြွေးဟောင်းကို ဆပ်ခဲ့ပြီးပြီ။ ကြွေးသစ်ကိုလည်း ချခဲ့ပြီးပြီ။ သူ့အတွက် ဘာမှ အပန်းတကြီး ဖြစ်စရာ အခြေအနေလည်း မရှိတော့ပါ။ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးရန်သာ ရှိတော့သည်။

ဘုရားကုန်းပေါ်မှ ဆင်းလာပြီးတိုင်း ချောင်းဘေးက ခုံတန်းလျားတွင်ထိုင်ကာ နေဝင်ချိန်ကို အမြဲတမ်း စောင့်ကြည့်လေ့ရှိပြီး သူ့ဘဝအကြောင်းများနှင့်  ဘဝတစ်လျှောက်လုံး သူလုပ်ခဲ့သော ကောင်းမှု၊ လုပ်ရပ်များကို စဉ်းစားတိုင်းလည်း  ကျေနပ်မိရပါသည်။ လိမ်ညာ လှည့်ဖြားခဲ့ ခြင်း၊ ခေါင်းပုံ ဖြတ် ခဲ့ခြင်း၊ လောဘဇောဖြင့် မတရားစီးပွားရှိခဲ့ခြင်း၊ သူတစ်ပါးကို နှိပ်စက် ညှင်းပန်းခဲ့ခြင်းမျိုးကို မပြုလုပ်ခဲ့သည့်အတွက် သူဖြတ်သန်းခဲ့သော နေ့ရက်များသည် လိပ်ပြာမလုံခြင်း၊ ထိတ်လန့် စိုးရွံ့နေရခြင်း စသည့်နေ့ရက်မျိုး မရှိခဲ့ပါ။ ဘဝတစ်လျှောက်လုံး သူတစ်ပါးအပေါ် မတရားမလုပ်ခဲ့သော၊ လောဘတကြီး  သူ့အတွက် ဘဝ ဆည်းဆာချိန်သည်လည်း ပူပင်ထိတ်လန့်သော စိတ်နှလုံးမျိုး မရှိဘဲ အေးချမ်းငြိမ် သက်လို့ နေလေသည်။


လူတိုင်းသည် မိမိ သေလွန်သွားသည့်အခါတွင် စုဆောင်းထားသော မည်သည့် ပစ္စည်းဥစ္စာမှ ယူဆောင်မသွားနိုင်ပါ။ အရာအားလုံးကို ထားပစ်ခဲ့ရမည်သာ ဖြစ်လေသည်။ သို့သော် ယူဆောင် သွားနိုင်သည့် တစ်ခုတည်းသော အရာမှာ ကုသိုလ်ကောင်းမှု ဖြစ်သည်။ ကုသိုလ်ကောင်းမှုလည်း တတ်နိုင်သမျှ သူလုပ်ခဲ့ပြီးပြီ။ လုပ်နေဆဲ လည်း ဖြစ်သည်။ နေဝင်ချိန်ဟူသည် နေ့နှင့်ညကို ပိုင်းခြား ကန့်သတ်လိုက်သည့် အနားသတ်ဟု သူက ယူဆပါသည်။ ဆည်းဆာချိန်ရောက်ပြီ ဆိုသည်နှင့် တစ်နေ့တာ ကုန်ဆုံးတော့မည်။ ယခု သူ့ဘဝသည်လည်း နေဝင် ဆည်းဆာချိန် ရောက်နေပေပြီ။ မကြာသောတစ်နေ့တွင် သူထွက်ခွာရတော့မည်။ ယခုအချိန်တွင် အေးချမ်းသော သူ့ဇာတိရွာကလေးမှာ သူ့ဘဝနေဝင်ချိန်ကို ကုန်ဆုံးဖို့ ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

Image Hosted by PicturePush - Photo Sharing


အစောဆီက လိမ္မော်ရောင် အဆင်းဖြင့် လင်းချင်းတောက်ပကာ ကမ္ဘာမြေကြီး၏ တစ်နေ့တာ အား နောက်ဆုံး နှုတ်ဆက်နေခဲ့သော  နေမင်းကြီးသည် ဂေါယံဆီသို့ ယွန်းသွားလေပြီ။ ကောင်းကင်ပြင်နှင့် တိမ်စိုင်တစ်ချို့ကတော့ လိမ္မော်သွေးများ လိမ်းကျံထားဆဲ ရှိလေသည်။ သို့သော် ထိုလိမ္မော်ရောင် သည်လည်း မကြာခင်တွင် စုန်းစုန်း ပျောက်ကွယ်ကာ မဲမှောင်လာပေတော့မည်။ သူသည် ခုံဘေးတွင် ချထားခဲ့သော တောင်ဝှေးကို ကောက်ယူလိုက်ပြီး ထိုနေရာမှ တစ်လှမ်းချင်း ထွက်ခွာကာ အိမ်ဆီသို့ ဖြေးဖြေးမှန်မှန် တည်တည်ငြိမ်ငြိမ် ခြေလှမ်းများဖြင့် လျှောက်လှမ်း သွားနေလေသည်။ 

ထိုအချိန်တွင် ပေါက်တူး တစ်လက်ကို ထမ်းကာ လယ်တောများဘက်ဆီမှ ပြန်လာသော သူနှင့် အသက် မတိမ်းမယိမ်း အဖိုးအို တစ်ဦးသည် သူ့ကိုကြည့်ကာ ထူးဆန်း အံ့သြနေသည်ကို သူမသိလိုက်တော့ပါ။ ထိုအဖိုးအိုသည် လယ်တောစပ်ရှိ အင်းကလေးများတွင် ဖားရှာ၊ ငါးရှာအလုပ်ကို နေ့စဉ် လုပ်ကိုင်ပြီး ခုကဲ့သို့ ညနေစောင်းတွင် ပြန်လာလေ့ရှိရာ ချောင်းကမ်းဘေးတွင် ညနေခင်းတိုင်း ထိုင်တတ်သောသူနှင့် အမြဲဆုံတတ်သည်။ ဆုံတိုင်းလည်း နေဝင် ဆည်းဆာကို ထိုင်ကြည့်နေသော သူ့ကိုကြည့်ကာ အထူး အဆန်း ဖြစ်နေရသည်။ အလုပ်မရှိ အလုပ်ရှာကာ နေဝင်ချိန်ကို လာကြည့်နေသည်ဟုလည်း ထို အဖိုးအိုက ထင်လေသည်။ နေဝင်ချိန်သည် ဘာများ ထူးဆန်းလို့ နေ့စဉ် စောင့်ကြည့်သည်ကိုလည်း သူက မေး ကြည့်ချင် ပါသေးသည်။ 

သူ့လက်ထဲတွင် ပါလာသော ငါးအတွဲကို ပြန်ကြည့် မိလိုက်တော့ နေဝင် ချိန်ကို စောင့်ကြည့်ကာ အချိန်ဖြုန်းခြင်းထက် သူ့လို အကျိုးရှိသည့် အလုပ်ကို လုပ်သည်က တော်သေးသည် ဟု  တွေးလိုက် မိသည်။ တစ်ဆက်တည်းတွင် ငါးများများ ဖမ်း၍ရလျှင် ဈေးတွင် ရောင်းချပြီး ငွေးကြေးကလေးစုမိ ဆောင်းမိ ရှိပါက တီဗီ ခပ်ကြီးကြီးတစ်လုံး ဝယ်မည်ဟု သူက တွေးမိပြန်သည်။ သို့မှသာ သူ့သားသမီး မြေးမြစ် ကလေးများနှင့် ပို၍ ပျော်ပျော် ရွှင်ရွှင် ကြည့်နိုင်မည်ဟု စဉ်းစားရင်း ပြုံးလိုက်မိသေးသည်။ စဉ်းစားနေရင်းမှ သူ့စိတ်သည် အိမ်ဆီသို့ရောက်သွားကာ ခုချိန်တွင်တော့  သူ့မြေးကလေးများက တီဗီရှေ့တွင် ဆူညံစွာ ရှိနေပေတော့မည်။ ယနေ့ညသည် သူကြိုက်သည့် ဇာတ်ကားတွဲ လာမည် ဆိုတာကို တွေးလိုက်မိပြန် လျှင်တော့ ခြေလှမ်း များမှာ စောစောကထက် ပိုသွက်လက် လာလေတော့ သည်။ 

နေ့တစ်နေ့ကို အနားသတ်ပေးနေသော ညနေဆည်းဆာ ကုန်ဆုံးချိန် နေဝင် ချုပ်ညရီတွင် ရှေ့ ဆင့် နောက်ဆင့် လျှောက်လှမ်း သွားနေသော အဖိုးအို နှစ်ဦး၏ ခြေလှမ်းများသည် တူသယောင်ယောင် ရှိသော်လည်း မတူ ကွဲပြားနေသည် ကိုတော့ သေချာ ကြည့်မည်ဆိုလျှင် တွေ့နိုင်ပေလိမ့်မည်။ တစ်ဦး၏ ခြေလှမ်းများက အေးဆေး တည်ငြိမ် နေပြီး နောက်တစ်ဦး၏ ခြေလှမ်းများ ကတော့ အလျင်စလို သုတ်သုတ်ပြာပြာဖြင့် အလောတကြီး နိုင်နေလေသည်။ ထိုသို့ ကွဲပြားနေသည်ကား ညနေ ဆည်းဆာချိန်ကို ဖြတ်သန်းပုံချင်း မတူညီသောကြောင့်သာ ဖြစ်လေတော့သည်။


Image Hosted by PicturePush - Photo Sharing

ချစ်သော ဧရာဝတီ




ကျွန်မတို့ကချင်ပြည်နယ်မှာ သိပ်ကို ဂန္တဝင်ဆန် လှပတဲ့ သူမ ရှိပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေတဲ့ သူမပါ။ သူမဆိုတာ တစ်ခြားတော့ မဟုတ်ပါ။ သိပ်လှတဲ့ ဧရာဝတီမြစ်ဖြစ်ပါတယ်။ ကချင်ပြည်နယ်က စလို့ မြစ်ဖျားခံစီးဆင်းပြီး မြန်မာနိုင်ငံအလယ်ပိုင်း အောက်ပိုင်း တို့ကို ဖြတ်သန်းကာ နောက်ဆုံးမှာ ပင်လယ်ကြီးထဲ စီးဝင်ပျောက်ကွယ်သွားတဲ့ မြန်မာပြည်သူစစ်စစ် သူမဟာ ခမ်းနားတဲ့ မြစ်တစ်စင်းဖြစ်ပါတယ်။ ကျွန်မ ဧရာဝတီမြစ်ကို သိပ်သဘောကျမိပါတယ်။

ဧရာဝတီမြစ်ကြီး ဖြတ်သန်းစီးဆင်းတဲ့ မြို့တွေ ရောက်လေတိုင်းမြစ်ပြင်ကို ပြက်ပြက်ထင်ထင် မြင်ရတဲ့ ရှုခင်းကောင်းကောင်း နေရာမျိုးကို ရောက်အောင် သွားတတ်ခဲ့ပါတယ်။ အားမာန်အပြည့်နဲ့ တည်ငြိမ်စွာ စီးဆင်းနေတဲ့ မြစ်ရေကိုမြင်ရတိုင်း ခွန်အားတွေ တိုးပွားလာတယ်လို့ ကျွန်မ စိတ်ထဲ ခံစားမိပါတယ်။ မေခ မေလိခမြစ်နှစ်စင်းဆုံလို့ ဖြစ်ပေါ်လာတဲ့ မြစ်ဧရာအကြောင်း ဟိုယခင်က အက်ဆေးလေးတစ်ပုဒ်အနေနဲ့ ရေးခဲ့ဖူးပါသေးတယ်။ ခုချိန်မှာ ဧရာဝတီမြစ် အကြောင်း ပြန်ရေးချင်စိတ်ပေါ်လာရတာက ပြီးခဲ့တဲ့ လပိုင်းက အိမ်အပြန်မှာ မြစ်ကြီးနား၊ ဗန်းမော်စတဲ့ မြို့တွေအရောက်မှာ ဧရာဝတီမြစ်ရဲ့ ရှုခင်းပေါင်းစုံက အလှတွေနဲ့အတူ မြစ်ဆုံအထိ သွားရောက်လို့ ဓာတ်ပုံတွေ များစွာ ရိုက်ယူခဲ့ပါတယ်။ သို့ပေမဲ့ ကံဆိုးစွာဘဲ မြစ်ကြီးနား၊ မြစ်ဆုံ ၊ ကရိန်နော်နဲ့ ကျွန်မရဲ့ ဇာတိဒေသက ဓာတ်ပုံတွေအားလုံး ၈၀%နီးပါးဟာ ကင်မရာထဲကနေ မင်မိုရီစတစ်ထဲ အကူးမှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့် ကျန်နေတဲ့ ၂၀%ထဲက ပုံတွေနဲ့ ပိုစ့်တွေတင်ဖြစ်ခဲ့ပါတယ်။ အခုလည်း ဧရာဝတီမြစ်ရဲ့ ဓာတ်ပုံတစ်ချို့ကို ကျွန်မထံမှာ ကျန်ရှိထားသလောက်လေး ဖော်ပြချင်ပါတယ်။

 
မြစ်ကြီးနားမှာ ကျွန်မကျောင်းတက်ခဲ့စဉ်က ကျွန်မတို့ သူငယ်ချင်းတစ်စုတွေ မြစ်ဆိပ်မှာ အမြဲတမ်း သွားသွားထိုင်တဲ့အကျင့် ရှိပါတယ်။ ဧရာဝတီဟာ တစ်ခါတစ်ရံ စိမ်းလဲ့ကြည်လင် နေတတ်သလို နေရောင်ဖြာကျချိန်မှာတော့ ငွေရောင်ဖိတ်လက်နေတတ်ပြန်တဲ့အခါ မြစ်ပြင်ကြီးက သိပ်ကိုလှပတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်. တစ်ဖက်ကမ်းက ညိုမှိုင်းမှိုင်း တောင်တန်းကြီးတွေကလည်း ဆွေးရိပ်သန်းစရာ လွမ်းစရာ ရှုခင်း ဖြစ်နေတတ်ခဲ့သလို မြစ်ပြင်က ကျွန်းလယ်မှာ ကူးခတ်ပျော်ပါး ဆော့ကစားနေတဲ့ အနီရောင် ဟင်္သာငှက်လေးတွေကို တွေ့ရတာကျပြန်တော့ ကြည်နူးစရာ ကောင်းနေပြန်ပါတယ်။ သိပ်လှတဲ့ မြစ်ဧရာရဲ့ အလှဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ ကြည့်မဝတဲ့ ရှုခင်းတွေ ဖြစ်ပါတယ်။

အခြားမြို့တွေမှာ ကျောင်းဆက်တက်ဖြစ်လို့ မြစ်ကြီးနားမြို့နဲ့ ဝေးသွားတဲ့အခါမှာလည်း အမြဲမြင်ခဲ့ရတဲ့ ဧရာဝတီမြစ်ရဲ့ အလှဟာ ကျွန်မရဲ့ အတွေးထဲမှာ အမြဲတမ်း စိုးမိုးထားခဲ့ဖူးပါတယ်။ မြစ်ဆိပ်မှာထိုင်ခဲ့ချိန်တွေ မြစ်ပြင်ရဲ့ ငွေရောင်ဖိတ်လက်နေချိန်တွေ ညနေဆည်းဆာချိန်ရဲ့ တစ်ဖက်ကမ်းက မှုန်ပြပြတောင်တန်းကြီးတွေ၊ သဲသောင်အပြန့် ကျယ်ကျယ်ကြီးတွေ၊ တစ်ဖက်ကမ်းက စိုက်ခင်း စိမ်းစိမ်းတွေ၊ ဆောင်းမနက်ခင်း နှင်းမှုန်တွေအောက်က အဖြူရောင်အငွေ့တွေ ဝေနေတတ်တဲ့  မြစ်ပြင်စိမ်းစိမ်း၊ လှပစီရီနေတတ်တဲ့ ကမ်းစပ်က ကျောက်တုံးတွေ စသဖြင့် မြင်ကွင်းတွေအားလုံးကို ပြန်မြင်ယောင်နေတတ်ခဲ့ပါတယ်။ မန္တလေးမှာ ကျောင်းတက်ချိန်ကျတော့ မြစ်ဆိပ်နဲ့ သိပ်ဝေးလွန်းတဲ့အတွက် စစ်ကိုင်းတံတားကြီးကိုဖြတ်ချိန်ရယ် မင်းကွန်းသွားချိန်ရယ်ကလွဲလို့ ဧရာဝတီမြစ်ဆီကို ကျွန်မ မရောက်ဖြစ်တော့ပါဘူး။


ဒီလိုနဲ့ ကျွန်မ  မြစ်ဧရာကို မတွေ့ရတာ အတော် ကြာသွားခဲ့ပါတယ်။ ဟိုတစ်လောက အိမ်ပြန်မှာ ဗန်းမော်မြို့ကို အလည်ရောက်ချိန်မှာ သူငယ်ချင်းကို ဧရာဝတီမြစ်ကို ကောင်းကောင်းမြင်ရတဲ့ နေရာကို လိုက်ပို့ပေးပါလို့ တောင်းဆိုပြီး လိုက်ပို့ခိုင်းမိပါတယ်။ သူငယ်ချင်းက ကျွန်မကို ဗန်းမော်မြို့ရဲ့ သဘောင်္ဆိပ်ကို လိုက်ပို့ပါတယ်။ အဲဒီမှာတော့ စက်လှေဆိပ်၊ သင်္ဘောဆိပ်ဆိုတဲ့အတိုင်း သင်္ဘောတွေ၊ စက်လှေတွေ၊ လူတွေ ၊ ဈေးဆိုင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ မြစ်ဆိပ် မြင်ကွင်းကို မြင်ရတာကြောင့် ဓာတ်ပုံ နည်းနည်းသာ ရိုက်ယူခဲ့ပါတယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
အိုးတွေ ရောင်းနေတဲ့ မြစ်ဆိပ်ကမ်းက ဆိုင်


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ပြီးတာနဲ့ သူငယ်ချင်းကို " ဧရာဝတီ မြစ်ပြင်ရဲ့ အလှကို လူတွေ စက်လှေတွေ၊ သင်္ဘောတွေ စတဲ့ အတားအဆီး၊ အမှိုက်သရိုက်မရှိဘဲ လွတ်လပ်ကျယ်ပြောစွာ မြင်ရတဲ့ ရှုခင်းမျိုး ကြည့်ချင်တာ " လို့ ထပ်မံတောင်းဆိုမိပါတယ်။ ဒီတော့ သူငယ်ချင်းဖြစ်သူက နေရာတစ်ခုကို လိုက်ပို့ပါတယ်။ အဲဒီမှာ သိပ်လှတဲ့ ဧရာဝတီမြစ်ကို ကျွန်မ တစ်ဖန် ပြန်မြင်ခွင့်ရခဲ့ပြန်ပါတယ်။ အဲဒီမှာတော့ ကျွန်မ ချစ်တဲ့ ဧရာဝတီမြစ်ကို ဓာတ်ပုံတွေ အားရပါးရ ရိုက်ယူခဲ့မိပါတယ်။