Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

အိမ်နောက်ဖေးက ချောင်းကလေး




ကျွန်မတို့ အိမ်နောက်တွင် အလွန်သာယာ စိမ်းလဲ့ကြည်လင်စွာ စီးဆင်းနေသော ချောင်းကလေးတစ်ခု ရှိခဲ့ပါသည်။  ကျွန်မမွေးဖွားရာ ဇာတိရှိ ကျွန်မတို့အိမ်သည် ချောင်းကမ်းဘေးတွင် မှေးတင် ဆောက်လုပ်ထားသော အိမ်တစ်အိမ်ဖြစ်ပါသည်။ အိမ်များသည် လမ်းမကို မျက်နှာမူကာ ဆောက်လုပ်ရခြင်းဖြစ်သောကြောင့် ထိုချောင်းကလေးသည် ကျွန်မတို့၏ အိမ်နောက်ဖက်တွင် ရှိနေပါသည်။ အိမ်နောက်ဖက် ပြူတင်းပေါက်မှ မျှော်ကြည့်လိုက်မည် ဆိုပါလျှင် ချောင်းထဲမှ မြင်ကွင်းစုံကို မြင်နေရပြီး သွဲ့သွဲ့ညင်ညင် စီးဆင်းနေသော ချောင်းရေစီးသံ  ကြားနေရလောက်အောင် နီးကပ်စွာရှိနေခဲ့ပါသည်။ ချောင်းကလေးသည် ကြည်လင်စိမ်းလဲ့စွာ၊ သာယာလှပ၊ တည်ငြိမ်အေးမြစွာ ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းနေခဲ့ပါသည်။

မနက်ခင်း အိပ်ရာထချိန်တွင် တောင်တန်းများကို ကျော်ဖြတ်၍ ရောက်ရှိလာသော နေရောင်ခြည်သည် စိမ်းလဲ့ကြည်နေသော ချောင်းရေပြင်ပေါ်သို့ ဖြာအကျတွင် လျှပ်တိုက်ပြေးလွှား ဆော့ကစားနေသော လေပြေ လေညင်းကြောင့် ချောင်းရေပြင်ပေါ် ယှက်ဖြာနေသော ဘော်ငွေရောင် လှိုင်းကြက်ခွပ် ကလေးများသည် တလက်လက်ဖြာကာ ငွေမှုန်လေးများ ကြဲပက်လိုက်သကဲ့သို့ ရောင်ပြန်ဟပ်ပြီး ၀န်းကျင်တစ်ဝိုက်ကိုပင် လင်းလဲ့ ၀င်းဖြာ နေသည့် မြင်ကွင်းသည် ကြည်နူးစရာ၊ ရွှင်လန်းစရာအတိ ဖြစ်ခဲ့ဖူးပါသည်။ စီးဆင်းနေသော ချောင်းရေသည် အောက်ခံ ကျောက်တုံးကျောက်သားများကိုပင် မြင်ရလောက်အောင် ကြည်လင်စိမ်းမြလို့ နေခဲ့သည်။ ချောင်းထဲတွင် ပေါများလှသော ငါးမျိုးစုံတို့သည်လည်း အုပ်စုဖွဲ့ကာ အေးချမ်းသာယာစွာ ကူးခတ် နေသည်ကိုပင်လျှင် အတိုင်းသား မြင်ရလောက်အောင် ချောင်းရေသည် ကြည်လင် သန့်စင်လွန်းလှသည်။

ဆောင်းအခါတွင်တော့ မြူနှင်းများအောက်တွင် ကြည်လင်နေသော ရေပြင်စိမ်းစိမ်းပေါ်မှာ ဖြူလွလွ အငွေ့များ တလူလူထွက်စေလျှက် နွေးထွေးစွာ စီးဆင်းနေတတ်ခဲ့သည်။ ပြင်ပ၀န်းကျင်တစ်ခုလုံး နှင်းငွေ့မှုန်များဖြင့် အေးစက်နေသော်လည်း ချောင်းရေမှာထူးထူးခြားခြား နွေးထွေးနေလေ့ ရှိပါသည်။ ချောင်းကမ်းစပ်များတွင်တော့ နှင်းရည်စိုလူးနေသော စိမ်းလဲ့လဲ့ မြက်ခင်းများနှင့် စိမ်းညို့ညို့ စိုက်ခင်းတို့က ချောင်းကလေး၏အလှကို သဘာဝဆန်ဆန် ကျက်သရေရှိစေခဲ့သည်။ ညအချိန်တွင် ရွှေရောင်လင်းဖြာကျနေသော လရောင်အောက်တွင် တည်ငြိမ်စွာ စီးဆင်းနေသော ချောင်းရေနှင့် ဂီတသံပမာ ညင်ညင်သာသာ ထွက်ပေါ်နေသော ရေစီးသံသည် လရောင်ဆမ်းသော ညချမ်းများကို အလှဆုံးဖြစ်အောင် ပံ့ပိုးပေးနေခဲ့ဖူးပါသည်။

ချောင်းရေသည် နက်သည့်နေရာတွင် ၀ါးတစ်ပြန်ကျော်အထိ နက်ပြီး ကျွန်မတို့ ရေငုပ်ပြီး ချောင်းအောက်ခြေက မြေကြီးကို ဆုပ်ပြီး ပြန်တက်လာကြေး ကစားကြလျှင်ပင် ချောင်းအောက်ခြေကို ရောက်အောင် ငုပ်နိုင်သူ ရှားသည်အထိ ချောင်းရေက နက်ရှိုင်းပါသည်။ လူအများရေချိုးကြသော ရေချိုးဆိပ်များတွင်တော့ အလွန်ဆုံး ရင်ဘတ်လောက်ထိသာ အနက်ရှိပြီး ချောင်း အောက်ခြေသည်လည်း နှုံးများ၊ ရွံ့များကင်းစင်စွာ ချောမွတ်သော ကျောက်တုံးငယ်များ ပြည့်နေသည့် ကြမ်းပြင်သာ ဖြစ်လေသည်။ မိုးရာသီတွင် တောင်ကျချောင်းရေများ၊ မိုးရေများကြောင့် ထိုအချိန်တွင် စီးဆင်းနေသော ချောင်းရေမှာ နောက်ကျိကာ ရွံ့နွံများ ပါနေတတ်သော်လည်း ကျန်သည့်အချိန်များတွင်တော့ အိမ်နောက်ဖေးက ချောင်းကလေးသည် ကျောက်တုံးများနှင့် ငြိမ့်ညောင်းသာယာစွာ စီးဆင်းတတ်ပြီး ရေသန့်စင်မှုမှာလည်း စိတ်ချရလောက်အောင် ကြည်လင်သန့်စင်သော ချောင်းလည်းဖြစ်ခဲ့ပါသည်။

ထိုအချိန်က ကျွန်မတို့ဒေသတွင် ရေတွင်း၊ အ၀ီစိတွင်းဟူ၍ မရှိသလောက် ရှားပါသည်။ ချောင်းရေသည် ကျွန်မတို့ ဒေသတစ်ခုလုံး၏ သောက်ရေ သုံးရေအဖြစ် အားကိုးအားထားရာ ဖြစ်ခဲ့သည်။ ဒေသတစ်ခုလုံးက လူများသည်လည်း ချောင်းထဲတွင်သာ ရေချိုးကြပါသည်။ မနက်စောစောတွင် သောက်ရေ၊ သုံးရေအဖြစ် ချောင်းထဲမှ ရေကို ခပ်ကြသလို၊ နေ့ခင်း၊ ညနေစောင်းတို့တွင် ချောင်းထဲတွင် အိုးခွက်ပန်းကန်ဆေး၊ အ၀တ်လျှော်၊ ရေချိုး စသည်တို့ကို ပြုလုပ်ကြရသည်။ ကြည်လင်လှသော ချောင်းရေသည် ဒေသတစ်ခုလုံး၏ မှီခိုအားထားရာ အသက်သွေးကြောတစ်ခု ဖြစ်ခဲ့ပါသည်။ ချောင်းထဲတွင် သစ်ဖောင်များ၊ ၀ါးဖောင်များ မျှောချခြင်း၊ ဆည်များပိတ်၍ ငါးဖမ်းခြင်း၊ မြုံးထောင်ခြင်း၊ ငါးမျှားခြင်း၊ စက်လှေများ ပြေးဆွဲခြင်း၊ ချောင်းကမ်းဘေး မြေလွတ်များ၊ နွေအခါ ပေါ်လာတတ်သော ကျွန်းများပေါ်တွင် သီးပင်များ စိုက်ပျိုးခြင်း၊ ကမ်းစပ်များတွင် သစ်သားပြားအင်ဝိုင်းလေးဖြင့် တစ်ပိုင်တစ်နိုင် ရွှေကျင်ခြင်း စသည်တို့သည်လည်း ချောင်းနှင့်ဆက်စပ်၍ လုပ်ကိုင်နေကြသော အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ ဖြစ်လေသည်။

ချောင်းထဲတွင် ငါး၊ လိပ်၊  စသော ရေသတ္တ၀ါများ ပေါများလှသည်သာမက ကလေးသာသာအရွယ် ငါးကြီးများ (ငါးထွေ ဟု သိရသည်) သည်လည်း ဘုန်းတော်ကြီးကျောင်း ရေဆိပ်တွင် အများအပြားရှိပြီး ထိုနေရာမှလွဲကာ အခြားနေရာသို့လည်း သွားလေ့မရှိသဖြင့် ဘုန်းကြီးငါးဟုလည်း ခေါ်ကြသည်။ ဘုန်းတော်ကြီးကျောင်းကြီးမှ မနက်ဆယ်နာရီ သံချောင်းခေါက်လျှင် ထိုငါးကြီးများသည် ကမ်းစပ်သို့ ရောက်လာပြီး ဘုန်းကြီးကျောင်းသားများ၊ ရပ်သူရွာသားများ ကျွေးသော ထမင်းကို ကျယ်ပြန့်ကြီးမားသော ပါးစပ်ကြီးများ ဟကာ ဟကာနှင့် လာရောက် စားသောက်ကြလေသည်။ ကျွန်မတို့ကလေးတစ်သိုက်မှာ ငါးစာကျွေးချိန်တိုင်း ကျောင်းရေဆိပ်သို့သွားကာ ကြီးမားလှသော ငါးကြီးများကို အစာကျွေးရင်း တအံ့တသြ ငေးမောခဲ့ဖူးပါသည်။ ကျွန်မတို့ ရွာကလေးသို့ အခြားမြို့ရွာမှ ဧည့်သည်များ လာပါကလည်း ၄င်းဧည့်သည်များအား ဘုန်းကြီးကျောင်းမှ ငါးကြီးများကို ဂုဏ်ယူစွာ ပြသခဲ့ကြပါသည်။ ထိုစဉ်ချိန်က ၄င်းငါးကြီးများသည်လည်း ဤချောင်းကလေး၏ နံမည်ကျော် ရတနာများ ဖြစ်ခဲ့ဖူးပါသည်။

ချောင်းတစ်ဖက်ကမ်းတွင်တော့ စိမ်းလန်းသော တောအုပ်များ တောင်တန်းများ ရှိပြီး ဟင်းရှာ၊ ထင်းရှာ၊ ၀ါးရှာ၊ မျှစ်ချိုးသူများသည် ဝေးဝေးလံလံ သွားစရာမလိုဘဲ ချောင်းတစ်ဖက်ကမ်းသို့ အလွယ်တကူ သွားရောက်ပြီး  ရှာဖွေနိုင်သည်။ သဘာဝ အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များ၊ ၀ါးပင်များ၊ ဘုရားအိုးထိုးရန် သပြေပန်းမှစ သော်ကပန်း၊ ဖက်ဆွတ်ပန်း၊ အင်ကြင်းပန်း စသည် တောပန်း၊တောင်ပန်းများလည်း အလွန်ပေါလှပါသည်။ ကျွန်မတို့ အိမ်နောက်ကနေ မျှော်ကြည့်လိုက်လျှင်ပင် တောအုပ်စိမ်းစိမ်းလေးကို လှမ်းမြင်နေရပြီး တောင်တန်းများပေါ်မှ ရေသောက်ဆင်းလာသည့် မျောက်များ၊ ချေများ၊ သမင်၊ ဆတ်တို့ကိုပင် ရံဖန်ရံခါ တွေ့မြင်နိုင်ပါသေးသည်။ ချောင်းကမ်းစပ် တောအုပ်ထဲမှ တောကောင်များ အော်သံ၊ ချေဆတ်သံ၊ သမင်တောက်သံများကိုပင် ကြားရလေ့ရှိပါသည်။ ချောင်းထဲရှိ ငါးများမှာလည်း နယ်သူနယ်သားများအတွက် ဖူလုံရုံသာမက၊ ဖမ်း၍မကုန်အောင်ပင် ပေါများလွန်းလှပါသည်။

ချောင်းထဲတွင် ဆော့ကစားရင်း ကလေးငယ်တိုင်း ၅နှစ် ၆နှစ်အရွယ်တွင် မသင်ရဘဲ ရေကူးတတ်လာကြသလို ကလေးတို့အတွက် အချိန်ဖြုန်းရာ အကောင်းဆုံးနေရာသည်လည်း ချောင်းအတွင်းဆော့ကစားခြင်း ဖြစ်လေသည်။ ချောင်းထဲတွင် ကလေးလူကြီး ရေကူး၊ ရေငုတ်ပြိုင်ခြင်း၊ အပျော်လှေစီးခြင်း၊ ကျောက်တုံးများ ငုတ်တမ်းကစားခြင်း၊ ငါးဖမ်းခြင်း စသည်ဖြင့် ပျော်စရာ ကောင်းလှသလို၊ ကလေးများမှာမူ ချောင်းထဲရောက်လျှင် အိမ်မှ လူကြီးတစ်ယောက်ယောက် လိုက်မခေါ်မချင်း မပြန်တော့သည်မှာ ကလေးအားလုံး၏ သဘာဝလို ဖြစ်နေခဲ့သည်။ မိမိအိမ်ရှိ ကလေးတစ်ယောက်ယောက် အိမ်တွင် ပျောက်နေပါက ရေချောင်းတွင် လိုက်ရှာရမည်မှာလည်း လူကြီးတိုင်းက သိနားလည်ပြီး ဖြစ်လေသည်။ ကလေးတိုင်းက ချောင်းကလေးတွင် ပျော်မွေ့ကြသည်။ ချောင်းကလေးကို ချစ်ခင် နှစ်သက်ကြလေသည်။ ထိုစဉ်ချိန်က မြို့ရွာတိုင်းရှိ ချောင်းကမ်းစပ်သည် ရေချိုးသူများ၊ ချောင်းထဲတွင် ဆော့ကစားသူများ၊ အ၀တ်လျှော်၊ အိုးခွက်ဆေးသူများနှင့် အလွန်စည်ကားပြီး ပျော်ရွှင်စရာ ကောင်းလှသည်။ ရပ်ရွာထဲမှ လူကြီးလူငယ်များ အချင်းချင်း သတင်းစကား၊ အတင်းစကားများ ပြောစရာရှိလျှင်ပင် ရေချောင်းထဲတွင် ရေချိုးရင်း၊ အ၀တ်လျှော်ရင်း၊ အိုးခွက်ပန်းကန်ဆေးရင်း တွေ့ဆုံ ချိန်းချက်လုပ်ကာ ပြောကြလေ့ရှိသည်အထိပင် ချောင်းကလေးမှာ များစွာ အရေးပါခဲ့ဖူးပါသည်။

တစ်ခါတစ်ရံ ချောင်းထဲတွင် ရေချိုးရင်း ကောက်ရတတ်သော ကျောက်တုံးအချို့သည် အဖိုးများစွာ ထိုက်တန်သော ကျောက်စိမ်းများ ဖြစ်နေတတ်ခဲ့သည်။ ချောင်းကမ်းဘေးမှ မြေကြီးများကို ကျင်ယူလျှင်ပင် ရွှေမှုန်လေးများပါဝင်သောကြောင့် ဒေသခံလူအချို့ ရွှေကျင်ခြင်း၊ ကျောက်စိမ်းရှာဖွေရန် ရေငုတ်ကျင်းမျာဖြင့် တစ်ပိုင်တစ်နိုင် တူးဖော်ခြင်း၊ စသည်တို့ဖြင့်လည်း ချောင်းကလေးကို မှီခိုကာ အသက်မွေးဝမ်းကျောင်း လုပ်နိုင်ခဲ့လေသည်။ သို့ဖြင့် အဖိုးတန် ကျောက်စိမ်းရော၊ ရွှေပါ ထွက်သဖြင့် ချောင်းကလေး၏ အမည်နာမသည် ကျော်ကြား ထင်ရှား လာလေတော့သည်။ တဖြေးဖြေးနှင့် ချောင်းကလေး ရှိရာအရပ်ဆီသို့ ဒေသအသီးသီး၊ မြို့ရွာအနှံ့အပြားမှ လူများ ရောက်ရှိလာကြသကဲ့သို့ ချောင်းပတ်ဝန်းကျင် မြို့ရွာများသည်လည်း လူနေအိမ်ခြေများ ထူထပ်လာလေတော့သည်။

Image Hosted by PicturePush - Photo Sharing 
နောက်ကျိနေသော ချောင်းကလေး

ယခုတော့ ကျွန်မတို့ အိမ်နောက်ဖေးက ချောင်းကလေးသည် ရွှေများ၊ ကျောက်စိမ်းများ ထွက်သောကြောင့် နာမည်ကျော်ကြားဆဲ ဖြစ်သော်လည်း ယခင်ကလို သာယာလှပသော ချောင်းကလေးတော့ မဟုတ်တော့ပါပြီ။ ယခင်တုန်းက မိုးရာသီမှလွဲ၍ ကျန်သည့်အချိန်များတွင် စိမ်းလဲ့ကြည်လင် ငြိမ့်ညောင်းနေခဲ့သော ရေအပြင်သည် ယခုအချိန်တွင် နောက်ကျိ ၀ါဝင်းနေသော ရွံနှစ်ရေများသာ စီးဆင်းနေခဲ့လေပြီ။ ယခင်က ကျောက်တုံးများကို ဖြတ်သန်းပြီး စီးဆင်းရသောကြောင့် ထွက်ပေါ်နေကျ ချောင်းရေစီးသံ ချိုလွင်လွင်ပင်လျှင် ယခုတော့ နှုံးမြေများ၊ နွံနှစ်များကိုသာ ဖြတ်သန်းစီးဆင်းရပြီ ဖြစ်သောကြောင့် ငြင်သာငြိမ့်ညောင်းသော ချောင်းကလေး၏ တေးသံကိုပင် မကြားရတော့သည်မှာ ကြာခဲ့ပြီ။ ဘယ်သို့သောအကြောင်းကြောင့် ချောင်းရေများ ၁၂လရာသီလုံး နောက်ကျိနေရပါသနည်း၊ တေးသံများ မသီကြွေးနိုင်တော့ပါသနည်းဟု မေးလာသော် ဖြေစရာအဖြေက လူတို့၏ လောဘကြောင့် ဟူ၍သာ ဖြေစရာရှိပါသည်။




ချောင်းရေကို လွဲကာ အောက်ခြေကြမ်းပြင်တွင် ရတနာရှာဖွေပုံများ


ကျောက်စိမ်းနှင့် ရွှေများကြောင့် နံမည်ကျော်သော ကျွန်မ၏ မွေးရပ်မြေသည် ယခုခေတ်တွင် ငွေအင်အားများစွာတို့ဖြင့် ၀င်ရောက်လာသော ကျောက်မျက်ကုမ္ပဏီများ၊ ရွှေတူးဖော်သော လုပ်ငန်းများ နေရာအနှံ့ လက်ညိုးထိုးမလွဲအောင် ရောက်ရှိလို့ လာလေပြီ။ စက်ကိရိယာ အစုံအလင်ဖြင့် တူးဖော်ရင်း ရလာသမျှ မြေကြီးများကို ချောင်းကမ်းစပ် လူနေအိမ် အနီးတစ်ဝိုက်တွင် စွန့်ပစ်ခြင်းကြောင့် တောင်လိုပုံနေသော မို့မောက်မြေပြင်များလည်း နေရာအနှံ့ပင်။ မြေကြီးများကို ရေအင်အားများများဖြင့် မျှောတိုက်ပြီး ရွှေရှာခြင်းတို့ကြောင့် လုပ်ကွက်အသီးသီး၊ မှော်နယ်မြေအနှံ့မှ ရွံ့မြေများ ပျော်ဝင်နေသောရေများ ချောင်းကလေးအတွင်းသို့ စီးဝင် လာရခြင်းကြောင့်လည်း ချောင်းကလေးမှာ ယခင်ကလို နက်ရှိုင်းခြင်းမရှိ၊ ကြည်လင်ခြင်းလည်းမရှိ၊ ရွံ့နွံများကြောင့် တဖြေးဖြေးနှင့် တိမ်ကောလာနေချေပြီ။ ယခုအခါမှာတော့ သာယာလှပသော စိမ်းလဲ့ကြည်လင်သော၊ သန့်စင်အေးမြသော ချောင်းကလေး မဖြစ်နိုင်တော့ပြီ။ တေးသံလွင်လွင် မချိုမြနိုင်တော့ပေ။


ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း



ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို  မုန်းတီးမိသည်။ သို့သော်  ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည်  အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။  ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။
အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။  အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ  ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင်  ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို  ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ”  ဆိုပြီး  ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ  “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး ... သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”.... ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။  ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်... ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

အပင်နှင့်တူသော သူများ



ကျွန်မမှာရှိတဲ့ ၀ါသနာလေးတစ်ခုက အပင်လေးတွေ စိုက်တာဘဲ ဖြစ်ပါတယ်.. ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ချစ်စရာကောင်းတဲ့ အပင်လေးတွေ၊ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းပင်လေးတွေကို နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည်ဖြစ်စေ၊ နေရာ ကျဉ်းကျဉ်းသာ ရတဲ့နေရာဖြစ်စေ ရှိတဲ့နေရာလေးမှာ  အိုးကလေးတွေနဲ့ စိုက်ပျိုးတတ်ပါတယ်.. လက်ရှိ ကျွန်မရောက်နေတဲ့ နေရာလေးရဲ့ အိမ်ရှေ့မျက်နှာစာမှာ ကျယ်ဝန်းတဲ့ ၀ရံတာ ရှိတဲ့အတွက် အဲဒီဝရံတာလေးမှာ အပင်မျိုးစုံကို အိုးကလေးတွေနဲ့ စိုက်ထားမိတာ အပင်မျိုးပေါင်း တော်တော်စုံနေပါပြီ။ ကျွန်မစိုက်ထားတဲ့အပင်တွေဟာ ကျွန်မသဘောကျနှစ်သက်တဲ့ အပင်လေးတွေချည်း စုဆောင်းထားတာ ဖြစ်ပါတယ်.. စိုက်ထားတဲ့ ပန်းအိုးတွေဟာ ၀ရံတာတစ်လျှောက် တန်းစီနေပြီးတော့ အရွယ်စုံ၊ မွှေးရနံ့အစုံနဲ့ သူတို့ စွမ်းအား ရှိသလောက်လေးနဲ့ ပတ်ဝန်းကျင်ကို အလှဆင်နေကြပါတယ်။ စိုက်ပျိုးထားတဲ့ အပင်မျိုး စုံလင်လှသလို အဲဒီအပင်လေးတွေကိုလည်း ရည်ရွယ်ချက် မတူညီစွာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
စိမ်းစိမ်းစိုစို

ပန်းပင်လေးတွေကို ကျွန်မ ရေလောင်းတဲ့ အချိန်က ညနေပိုင်းအချိန်တွေ ဖြစ်ပြီး တခါတလေ ညနေပိုင်း အလုပ်များလို့ဖြစ်စေ၊ မေ့လျော့သွားလို့ ဖြစ်စေ မလောင်းဖြစ်ခဲ့ရင်တော့ မနက်အိပ်ရာထတာနဲ့ ရေလောင်းဖြစ်ပါတယ်.. ကျွန်မအနေနဲ့ ရေလောင်းတိုင်းမှာလည်း အပင်လေးတွေမှာ ဖြစ်လာတဲ့ ထူးခြားချက်လေးတွေကို ဂရုတစိုက် ကြည့်မိတတ်ပါတယ်.. ဘယ်အပင်က အဖူးလေး ထွက်လာတာ၊ ဘယ်အပင်ကတော့ဖြင့် ပိုးကောင်လေးတွေ ကိုက်ခံနေရတာ စသဖြင့် အပင်တွေရဲ့ အခြေအနေကို ကြည့်ပြီး လိုအပ်ရင် ပိုးသတ်ဆေးဖြန်းရတာ၊ မြေသြဇာထည့်ရတာ၊ အပင်သန်ဆေး ကျွေးရတာ၊ ပေါင်းမြက်တွေနှုတ်တာ စသဖြင့် လုပ်ပေးရပါတယ်။ အပင်စိုက်သူမှန်သမျှတိုင်းဟာ ကိုယ်စိုက်ပျိုးထားတဲ့ အပင်ကြားမှာ အခုလို ပေါက်လာတတ်တဲ့ ပေါင်းပင်တွေ၊ မြက်ပင်တွေကို နှုတ်ပစ်ရတာ သဘာဝပါ။ ဘာလို့လဲ ဆိုတော့ ပေါင်းမြက်ပင်တွေဟာ ကိုယ်စိုက်ပျိုးတဲ့ အပင်တွေကို အနှောက်အယှက် ဖြစ်စေနိုင်ပြီးတော့ မြေဆီ မြေသြဇာနဲ့ ရေ စသည်တို့ကို ပေါင်းမြက်ပင်တွေက စုပ်ယူ စားသုံးသွားတာကြောင့် ကိုယ်စိုက်ပျိုးတဲ့ အပင်လေးတွေဟာ၊ အစာအဟာရ လုံလောက်အောင် မရနိုင်တော့တာ တွေ ဖြစ်လာပြီး အပင်မသန်တော့ဘဲ ကျုံလှီသွားနိုင်ပါတယ်။




Azalea နှင်းဆီလိုအပင်



ချစ်စရာ သနပ်ခါးပန်းပင်ပုလေး

 
ကျွန်မစိုက်ပျိုးထားတဲ့ ပန်းအိုးအရွယ်စုံတွေထဲမှာ အပွင့်ပွင့်တတ်တဲ့ နှင်းဆီ၊ ယုဇနပင်အပုလေး၊ မလေးရှားစကားလို့ခေါ်ကြတဲ့ ကန္တာရနှင်းဆီ၊ အပွင့်သေးသေး ၀ါဝါလေးပွင့်တတ်တဲ့ သနပ်ခါးပန်းပင်၊ စပါယ်ပင် တို့ကို အိုးလေးတွေနဲ့ စိုက်ထားပါတယ်… အဲဒီအပွင့်ပွင့်တတ်တဲ့ အပင်တွေ ကိုတော့ လှပတဲ့ ပန်းပွင့်တွေ၊ပို မျက်စိပသာဒ ဖြစ်ဖို့နဲ့ မွှေးပျံ့သင်းထုံတဲ့ ရနံ့တွေကို ညွှတ်နူး ခံစားချင်တဲ့ ဆန္ဒကြောင့် စိုက်ခဲ့တာဖြစ်ပြီး အပင်ပုပုလေးနဲ့ တစ်ပင်လုံးညွှတ်ခဲနေအောင် သီးတတ်တဲ့ ငရုပ်ပင်လေးကျတော့ ရုတ်တရက် လိုအပ်တဲ့ အချိန် အသုံးပြုနိုင်အောင်ရယ်၊ တစ်ပင်လုံး အသီးနီနီ ရဲရဲလေးတွေကြောင့် ပန်းပင်လေးတစ်ပင်လို လှလွန်းအားကြီးတာမို့ စိုက်ပျိုးဖြစ်တာပါ။ ပန်းအိုးတွေထဲမှာ ဆွမ်းမွှေးရွက်လို အပွင့်မပွင့်ဘဲ အရွက်စိမ်းစိမ်းတွေ ဖြာဖြာဝေနဲ့ အပင်လေးတွေလဲ ရှိပါတယ်။ ဆွမ်းမွှေးရွက်ကို စိုက်ပျိုးတဲ့ရည်ရွယ်ချက်က စိမ်းစိမ်းစိုစိုနဲ့ မျက်စိ အေးစေတာရယ်၊ အရွက်ကို ခူးပြီး ထမင်းချက်တဲ့အခါ ထည့်လိုက်ရင် ထမင်းအိုး ကျက်သွားတဲ့အခါမှာ အလွန်ကို မွှေးကြိုင်တဲ့ ကောက်ညှင်းရနံ့မျိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်လဲ အဲဒီအရွက်ကို ဆွမ်းမွှေးရွက်လို့ ခေါ်ကြတယ် ထင်ပါတယ်။ ဆွမ်းမွှေးရွက်ကို အချို့က ဖျော်ရည်ပြုလုပ်တာတွေ၊စားစရာ မုန့် ပြုလုပ်တဲ့နေရာတွေ၊ အစားအစာ ချက်ပြုတ်တဲ့နေရာတွေမှာ နည်းမျိုးစုံနဲ့ အသုံးချကြပါတယ်။

 

မလေးရှားစကားပန်း (ခ) ကန္တာရ နှင်းဆီ

  

ဆွမ်းမွှေးရွက် (ခ) Padan Leaves




နောက်ထပ်စိုက်ပျိုးထားတဲ့ အပင်လေးက ဘွန်ဇိုင်းလို့ခေါ်တဲ့ သက်ကြီးပုပင်လေးပါ။ ဘွန်ဇိုင်းလုပ်ထားတဲ့ သီးပင်သေးသေးလေးက ကွေ့ကွေ့ကောက်ကောက် သစ်ကိုင်းတွေနဲ့ တကယ့် အပင်ကြီးတစ်ပင်ရဲ့ အင်္ဂါရပ်တွေ ပြည့်စုံနေပြီး ချစ်စရာကောင်းလွန်းတာမို့ သဘောကျပြီး စိုက်ပျိုးထားတာဖြစ်ပါတယ်။ အိမ်ကို အလည်လာကြသူတိုင်းလည်း ချစ်စရာကောင်းတယ်လို့ ချီးကျူးသွားခြင်း ခံရတဲ့ အပင်လေးဖြစ်ပါတယ်။ အခြား တယုတယစိုက်ဖြစ်တဲ့ ပန်တစ်မျိုးက ညလယ်ယံမှသာ ဖြူစင်မွှေးမြစွာ လန်းဆန်းဝေဆာတဲ့  ကုမုဒြာပန်းပါ။ ကုမုဒြာပန်းရဲ့ ထူးခြားချက်က ညအခါ လရောင်ဖြာမှသာ ပွင့်ပြီး မနက်ရောက်တာနဲ့ ညှိုးနွမ်းသွားတတ်ပါတယ်.. အနံ့လေးက သင်းသင်းလေးမွှေးတာကြောင့် အဲဒီပန်းပွင့်တဲ့ညတွေမှာ ပျံ့ပျံ့သင်းနေတဲ့ ရနံ့လေးကို တစ်ညလုံး ရနေတာကိုက စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ ပန်းပွင့်ဖို့အချိန်ကြာကြာ စောင့်ရပေမဲ့ ပွင့်မဲ့ပွင့်တော့ တစ်ညတည်းသာ ခံတဲ့ပန်းဖြစ်တာမို့ ရှားပါးတဲ့ ပန်းလို့ ပြောလို့ရပါတယ်။ အခြားသော အမည်မသိတဲ့ ပန်းပင်လေးတွေလည်း ကျွန်မဆီမှာ ရှိပါသေးတယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်မရဲ့ အပင်လေးတွေဟာ သူ့ပင်ကိုယ်အရည်အချင်း၊ သူ့အစွမ်းအစလေးတွေနဲ့  တတ်စွမ်းသမျှတော့ လောကကို အလှဆင်နေကြ၊ အကျိုးပြုနေကြပါတယ်။



ဘွန်ဇိုင်းပင်


ကျွန်မတို့ လူနေမှု အသိုင်းအ၀ိုင်း မှာလည်း လူတိုင်းဟာ သစ်ပင် ပန်းပင်လေးတွေကဲ့သို့ ကိုယ်နေထိုင်ရာ လောကကြီးအတွက် ကိုယ်စီကိုယ်ငှ  တတ်စွမ်းသမျှ အလှဆင်သင့်ကြပါတယ်။ ပတ်ဝန်းကျင်ကို အလှဆင်ပေးနိုင်တဲ့ ပန်းတွေပွင့်တဲ့အပင်၊ မွှေးမြစေတဲ့ ရနံ့တွေ ဖန်တီးပေးနိုင်တဲ့ အပင်၊ လူတွေအတွက် အသုံးဝင်စေတဲ့ သစ်ပင်ကြီးတွေ၊ အပင်ငယ်တွေကို လူတိုင်းက တယုတယ စိုက်ပျိုးလို့ တန်ဖိုးထားတတ်ကြသလိုပါဘဲ။ မိမိပတ်ဝန်းကျင်ရှိ လူတွေအတွက် အကျိုးပြုသူ၊ စိတ်ကောင်း စေတနာ ထားတတ်ကြသူ၊  အများအကျိုး ရွက်ဆောင်ကြသူများကိုတော့ လူတိုင်းက လိုလား နှစ်သက်ကြပါတယ်..  ပတ်ဝန်းကျင်ကို မိမိတတ်နိုင်သလောက်လေးမှ အကျိုးပြုရကောင်းမှန်းမသိ၊ ကောင်းကျိုးမပေးဘဲ အဖျက်အဆီး ပြုတတ်သူ၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ နေရာဒေသတို့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုလုပ်တတ်ကြသူမျိုးကိုတော့ မိမိတို့စိုက်ပျိုးထားတဲ့ အပင်တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ပေါင်းမြက်တွေကို ဖယ်ရှားနှုတ်ပယ်ပစ်ကြသလို လူအများက ရှောင်ရှားတတ်ကြပါတယ်..  ထိုလူမျိုးအတွက်လည်း လောက အသိုင်းအ၀ိုင်းမှာ နေရာမရှိအောင် ကျဉ်းမြောင်းလှပါတယ်။


Orange Jasmine Plant


Orange Jasmine ခေါ် ယုဇနပန်း




အသက်ရှင်သန်စဉ် အချိန်လေးမှာတော့ တစ်စုံတစ်ဦးအတွက် ဖြစ်စေ၊ ကိုယ့်မိသားစုအတွက်၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်း တစ်ခုခု အတွက်ဖြစ်စေ၊ ကိုယ့်မြို့ရွာ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး စသဖြင့် မိမိတတ်နိုင်သမျှ အကျယ်ချဲ့ရင် ချဲ့နိုင်သလောက် ကိုယ်စွမ်းနိုင်သလောက် အကျိုးပြုသွားသင့်ပါတယ်.. လောကကောင်းကျိုးရယ်လို့ ကြီးကြီးမားမား လုပ်ဆောင်တာ အသာထားလို့ ကောင်းကျိုးတစ်ခုခု မပြုလုပ်နိုင်ခဲ့ရင်တောင်မှ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ်နေထိုင်ရာ အရပ်ဒေသတို့ကို နံမည်ပျက်အောင် ဖျက်သွားသူများ မဖြစ်သင့်ကြပါဘူးနော်..  မိမိတစ်ဦးအတွက်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံး၊ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ ကျဆင်းရမယ်ဆိုရင် ဒီအလုပ်မျိုး လုပ်သင့်မလုပ်သင့် စဉ်းစားချင့်ချိန်ရမှာ ဖြစ်ပါတယ်။


ကျွန်မတို့တွေဟာ မိမိကိုယ်ကို နှင်းဆီပင်လေး တစ်ပင်လောက်ပဲဖြစ်ဖြစ်၊ ရေကန်သာကို ကျက်သရေ ဝေဖြာစေနိုင်တဲ့ ကြာပင်လေးတစ်ပင်အဖြစ်၊ အင်အားရှိသူများကလည်း ကြီးမားခက်ဖြာ စိမ်းစိုလန်းဆန်းပြီး အရိပ်အာဝါသလည်းပေးနိုင်၊ အသီးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီးဝေနိုင်တဲ့ သစ်ပင်ကြီး အဖြစ်ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ အင်အားတို့နဲ့ တစ်ထောင့်တစ်နေရာကနေ လောကကို အလှဆင်မလား.. ဒါမှမဟုတ် ဘယ်နေရာမှ အကျိုးမပြုဘဲ အနှောင့်အယှက်သက်သက်သာ ဖြစ်စေနိုင်တဲ့ ပေါင်းပင်တို့လို ရှင်သန်မလား ဆိုတာ လူတိုင်းမှာ ရွေးချယ်ခွင့်ကိုယ်စီ ရှိနေနိုင်တာမို့ ဘယ်လိုအပင်မျိုးအဖြစ် ရှင်သန်ကြမလဲဆိုတာ ကျွန်မတို့ကိုယ်ကို စဉ်းစားကြည့်ကြပါစို့လားရှင်။


Image Hosted by PicturePush - Photo Sharing

တို့ရဲ့ ဧရာဝတီ

 



photo from http://public.fotki.com/


 


ကျွန်မရဲ့ဘ၀မှာ နံမည်လေးကြားယုံနဲ့ စိတ်ဝင်တစားဖြစ်ခဲ့ရတဲ့ အရာလေးတစ်ခု ရှိခဲ့ပါတယ်...  အဲဒီနံမည်လေး က ဧရာဝတီ ဆိုတာဘဲ ဖြစ်ပါတယ်.. ငယ်စဉ်က ပထ၀ီဝင် ဘာသာရပ်ကို စတင် သင်ကြားခွင့်ရတဲ့ အချိန်မှ စပြီး ဒီအမည်လေးနဲ့  ရင်းနှီးခွင့်ရခဲ့တာပါ.. ဘယ်လောက်တောင် ကြီးကျယ် ခမ်းနားပြီး ချစ်စရာကောင်းတဲ့ အမည်လေးလဲနော်….  နံမည်လေးကိုက အဓိပ္ပယ် အပြည့်နဲ့ လေးနက်လှတယ် မဟုတ်လားရှင်.. ဧရာ ဆိုတာ ကြီးမားလှသော ၀တီ ဆိုတာ ရေအပြင် ဆိုတော့  ကြီးမားကျယ်ဝန်းလှသော ရေပြင်ကျယ်ကြီး တစ်ခုမို့ နံမည်နဲ့ လိုက်ဖက်လှပါပေတယ်... ဒါကြောင့် ငယ်စဉ်ကတည်းက မမြင်ဖူးသေးတဲ့ ဧရာဝတီမြစ်ကြီးကို တွေ့ချင်စိတ်က အသည်းနှလုံးထဲမှာ သန္ဓေတည်ခဲ့ပါတယ်...


 


တကယ်တမ်း ဧရာဝတီမြစ်ကြီးနဲ့ တကယ် စတင် ထိတွေ့ခွင့်ရတဲ့အချိန်ဟာ ကျွန်မအတွက် တော့ ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်.. ကျွန်မ ကိုးတန်းအရောက်မှာ မြစ်ကြီးနားမြို့ကို ကျောင်းတက်ဖို့ ရောက်လာပြီး ရောက်စရက်တွေမှာ ကျောင်းအပ်ဖို့ ကိစ္စ၊ နေထိုင်ဖို့ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် ဧရာဝတီမြစ်ကြီးကို နှုတ်ဆက်ခွင့် မရသေး ပါဘူး.... ရက်အနည်းငယ်အကြာမှာ အားလုံး အစအစအရာရာ နေသားကျသွားတော့ စက်ဘီလေးစီးပြီး ဧရာဝတီမြစ်ကြီးကို နှုတ်ဆက် ဖို့ သူငယ်ချင်းများနဲ့ အဆောင်ကနေ ထွက်လာခဲ့ကြပါတယ်..


 


မြစ်ဆိပ်နဲ့ နီးလာတာနဲ့ အမျှ ပတ်ဝန်းကျင်မှာ လွှမ်းခြုံထားတဲ့  အအေးဓာတ်ကို သိသိ သာသာ ခံစားလာ ရပါတယ်.. ပြီးတော့ လတ်ဆတ်သန့်ရှင်းတဲ့လေ... အဲဒီလေရဲ့ အနံ့လေး ကိုလည်း ရင်ထဲက ဆွတ်ပျံ့စွာ ရှုရှိုက်မိလိုက်ပါတယ်.. ဟော.. ရှေ့မှာ တွေ့ပါပြီ.   လှလိုက်တဲ့ ဧရာဝတီ..... ကြည်လင်သန့်စင်ပြီး မြသားရောင် လွှမ်းခြုံနေတဲ့ မြစ်ဧရာ.. သိမ့်သိမ့် ကလေးနဲ့ ငြိမ့်ငြိမ့်လေးစီးဆင်းလို့... အမှိုက်တစ်စသော်မျှ မတွေ့ရဘဲ. ရင့်ကျက် အိနြေ္ဒ အပြည့်နဲ့  တည်တည်ငြိမ်ငြိမ် စီးဆင်းနေပါရဲ့..  မြစ်ကမ်းနား ရေတိမ်ပိုင်းမှာတော့ မြစ်ကြမ်းပြင် အောက်ခြေက ကျောက်တုံးလေး တွေကိုတောင် မြင်နေရအောင် မှန်သားတစ်မျှ ကြည်လင် လှပါပေတယ်... ဧရာဝတီမြစ်ကြီးရဲ့ အလှကို ကြည့်ပြီး ကျွန်မမှာ ဆွေ့ဆွေ့ခုန် မိလောက်အောင် ၀မ်းသာ ပျော်ရွှင် ဖြစ်ရပါတယ်.. ငယ်စဉ်ကတည်းက နံမည်လေး ကြားယုံနဲ့တင် ချစ်ခင် ရင်းနှီးခဲ့ရတဲ့ ဧရာဝတီ.. ခုလို တကယ်တမ်း ဆုံတွေ့ခွင့် ရချိန်မှာတော့ သိကျွမ်းဟောင်း တစ်ယောက်ကို ပြန်လည် ဆုံဆည်းခွင့်ရသလို လှိုက်လှဲဝမ်းသာ ဖြစ်မိရပါတယ်... ကျယ်ဝန်းလှပကာ  စိမ်းလဲ့လဲ့ ကြည်ပြီး သန့်စင်လွန်း လှပါပေတယ်.. 


 


 


ဧရာဝတီမြစ်ဟာ ရေခဲတောင်တွေရှိတဲ့နေရာကနေ ဖြစ်ဖျားခံ စီးဆင်းလာတာမို့  မြစ်ရေက အေးစိမ့် နေတယ်တဲ့ .. တစ်ခါမှ မြစ်ရေကို လက်နဲ့ မတို့ထိဖူးတဲ့ ကျွန်မဟာ သူငယ်ချင်း ဖြစ်သူရဲ့ အပြောကြောင့် မြစ်ရေကို လက်ကလေးနဲ့ ထိတွေ့ချင်စိတ်တွေ ဖြစ်လာမိတယ်.. ဒါကြောင့်လဲ ကမ်းစပ်နားရောက်အောင် ဆင်းလာခဲ့ပြီး မြစ်ရေကို လက်ခုပ်လေးနဲ့ အသာခပ်ယူလိုက်ပါတယ်.... ဟုတ်ပါရဲ့…  စိမ့်စိမ့်ကိုအေးနေလိုက်တာ.. ကျွန်မငယ်ငယ်က ထိတွေ့ခဲ့ရဖူးတဲ့ ဇာတိဒေသက ဥရုချောင်းရေရဲ့ အထိအတွေ့နဲ့ မတူ တစ်မူထူးခြားလှတဲ့ ဧရာဝတီမြစ်ရေပါလား... ကျွန်မအတွက် ထူးဆန်း အံ့သြစရာတွေသာ ဖြစ်လို့နေပါတယ်...


 


ဧရာဝတီမြစ်ရဲ့ ဟိုတစ်ဘက်ကမ်း ဆီမှာတော့ စေတီပုထိုး တစ်ချို့နဲ့  မြို့ငယ်၊ ရွာငယ်လေးများရဲ့ အိမ်ခြေလေးတွေကို မှုန်ပြပြ လှမ်းမြင်နေရပါတယ်.. ဒီ့နောက်မှာတော့  မှိုင်းပြာရီနေတဲ့ တောင်စဉ် တောင်တန်းများ...  အထပ်အထပ်နဲ့...ခန့်ညားထည်ဝါလို့... ဘယ်ဆီမှာ ဆုံးမယ်မှန်းမသိအောင်  မျက်စိတစ်ဆုံး တည်ရှိနေ လိုက်တာ.... မြစ်အလယ်  အချို့နေရာတွေမှာ သဲသောင်ပြန့်ပြန့်လေးတွေ ထွန်းနေတာကို တွေ့မြင်ရပါတယ်.. နေရဲ့ ၀ါရွှေရွှေဖျော့ဖျော့ အလင်းရောင်နဲ့ သဲမှုန်လေးတွေ အတွေ့မှာ စိန်ပွင့်လေးတွေလို တစ်လက်လက်နဲ့ ဖြိုးဖြိုးဖျက်ဖျက် တောက်ပလို့ မျက်စိပင် ကျိန်းလောက်ပါတယ်.. ဖြူဖြူဖွေး သောင်ပြင်ပေါ်မှာလဲ ရေထဲမှာတစ်ခါ သဲပြင်ပေါ်တစ်လှည့် စီးမျှော ဆော့ကစားနေတတ်တဲ့ ဟင်္သာအုပ်တွေက လွတ်လပ်ခြင်း အပြည့်နဲ့.. သူတို့ရဲ့ ဘ၀ကိုတောင် အားကျမိသလိုလို.... ကြည်နူးချမ်းမြေ့စရာ ကောင်းလွန်းလှပါတယ်..


 


မြစ်ကြီးနားမြို့နဲ့ ၂၈မိုင်အကွာမှာ ဧရာဝတီမြစ်ကြီးကို စတင်ဖြစ်ပေါ်စေတဲ့ မေခ နဲ့ မေလိခ ဆိုတဲ့ မြစ်နှစ်မွှာ ပေါင်းဆုံရာ နေရာလေးရှိပါတယ်.. ဒီမြစ်နှစ်မွှာဟာ  တောတောင် အထပ်ထပ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျော်ဖြတ်လာတာ ဖြစ်တဲ့အတွက် ရေစီးသန်လှပါတယ်.. ကမ်းခြေ တစ်ခုလုံး ကျောက်တုံးကျောက်လုံးများရဲ့ သဘာဝအလှနဲ့ တန်ဆာဆင်ထားတဲ့ မြင်ကွင်းဟာ အလွန်ဘဲ နှစ်သက်စဖွယ် ကြည်နူးစဖွယ် ကောင်းလှ ပါတယ်.. ဓာတ်ပုံရိုက်ဖို့ အလွန်လှပတဲ့ ရှုခင်းလေး တစ်ခုလဲဖြစ်ပါတယ်.. သမိုင်းဝင် ဧရာဝတီမြစ်ကြီး ဖြစ်လာဖို့ ဒီနေရာလေးကနေ မွေးဖွားပေးလိုက်တာ ဖြစ်တဲ့အတွက် ဧရာဝတီရဲ့ အရေးပါဆုံး နေရာတစ်ခု ဆိုရင်လဲ မမှားပါဘူးရှင်..  မြစ်ကမ်းပေါ်မှာတော့  တိုင်းရင်းသား ရိုးရာ အစားအစာများ ရောင်းချရာ ဆိုင်လေးတွေမှာ ကချင်ပြည်နယ်ရဲ့ ရိုးသားလှတဲ့ အစားအသောက်များကို ရရှိနိုင်ပါတယ်.. မြစ်ဆုံရဲ့ ငါးကင်ဟာ မြစ်ထဲကရလာတဲ့ လတ်လတ်ဆတ်ဆတ် ငါးများကို ကင်ပြီးရောင်းတာဖြစ်တဲ့အတွက် ဘယ်နေရာက ငါးကင်အရသာနဲ့မှ မတူအောင် ကောင်းမွန်လှပါတယ်.. ကြိုက်တတ်သူများအတွက် ခေါင်ရည်ချိုချို မွှေးမွှေးလေးကိုလဲ သုံးဆောင် နိုင်ပါသေးတယ်..


 


ဧရာဝတီဟာ မြန်မာပြည်သားတို့အတွက် စားဝတ်နေရေးကို ပံ့ပိုးပေးနေတဲ့ သဘာဝမိခင်ကြီးလည်း ဖြစ်ပါတယ်.. ဒီဧရာဝတီကို အမှီပြုလို့ လူသားများစွာအတွက် အလုပ်အကိုင်များစွာကို ဖန်တီးပေးပြီး စာဝတ်နေရေးကို ပြေလည်စေခဲ့ပါတယ်..  မြန်မာပြည် မြာက်ဖျားပိုင်းမှ စလို့ နိုင်ငံတစ်နံ တစ်လျားကို ဖြတ်သန်း စီးဆင်းနေတဲ့အတွက် လူသားတွေရဲ့ ကုန်စည်စီးဆင်းမှုကိုလည်း ချောမွေ့အောင် ဆောင်ရွက်ပေးနေတဲ့ ပို့ဆောင်ရေး လမ်းကြောင်း အသက်သွေးကြော တစ်ခုအဖြစ်လဲ အသုံးဝင်ပြန်ပါတယ်.. မြေအောက်မှာ ရှိတဲ့ ရွှေအပါအ၀င် အဖိုးတန် သယံဇာတ များစွာကို လူသားတွေအတွက် အကျိုးရှိစွာ ထုတ်ဖော် ပေးပြန်ပါတယ်.. မြစ်ဧရာဟာ စိုက်ပျိုးမြေ ဧကပေါင်း များစွာကိုလဲ ရေပေးဝေပြီး လောကကောင်းကျိုးကို သယ်ပိုးနေတဲ့ သားကောင်းမိခင် တစ်ဦးနဲ့လဲ အလားသဏ္ဍာန် တူပါတယ်..


 


ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ ခေတ်အဆက်ဆက် ရာဇ၀င်များစွာကို သယ်ပိုးရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာမှသည် ယနေ့ချိန်ထိတိုင် စီးဆင်းနေတဲ့ သမိုင်းရေစီး တစ်ခုလဲဖြစ်ပါတယ်.. သူဟာ သမိုင်းကြောင်း များစွာကို သိုမှီး သိမ်းဆည်းထားတဲ့ မော်ကွန်းစာမျက်နှာ များလဲ ဖြစ်ပါတယ်.. တကယ်လို့များ ဧရာဝတီမြစ်ကြီးရဲ့ ကြမ်းပြင်ကိုသာ စေ့စေ့စပ်စပ် ရှာဖွေကြည့်မယ်ဆိုရင် ကျွန်မတို့ မြန်မာတွေရဲ့ ရာဇ၀င်များစွာကို အထောက်အထား အစုံအလင်နဲ့ ပြောပြနိုင်မဲ့ သက်သေတွေ အများကြီး ရှိပါတယ်..  မြန်မာတို့ရဲ့ သမိုင်းကြောင်းမှာ ဧရာဝတီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်ဘဲ အရေးပါခဲ့ပါတယ်.. ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလို့များ ကြည့်မယ်ဆိုရင်လဲ ဧရာဝတီနဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်း များစွာကို မြစ်ရိုးတစ်လျှောက်မှာ အခိုင်အမာ တွေ့နိုင်ပါတယ်..


 


မြန်မာ့မြေပေါ်မှာ စတင်မွေးဖွားပြီး မြန်မာပြည်ထဲမှာ အဆုံးသတ်သွားတဲ့ မြန်မာအဆန်ဆုံး မြန်မာပြည်သားစင်စစ် ဧရာဝတီလဲ ဖြစ်ပါတယ်.. အိနြေ္ဒကြီးတဲ့ ရာဇ၀င်များစွာတို့ရဲ့ အခမ်းနားဆုံး သတို့သမီး၊ မြန်မာပြည်သားတို့ရဲ့ နှလုံးသည်းပွတ် ဧရာဝတီမြစ်ကြီးကို ကမ္ဘာတည်သရွေ့ တည်တံ့နေစေချင်သလို လူသားတို့ရဲ့ လောဘပယောဂကြောင့်လည်း မြစ်ကြီးရဲ့ ရေစီးသံ ဆိတ်သုန်း ပျောက်ကွယ် သွားမှာကို စိုးရိမ်မိပါတယ်.. ဒါကြောင့် ကျွန်မချစ်တဲ့ ဧရာဝတီမြစ်ကြီး မြန်မာ့မြေ မြန်မာ့ရင်ခွင်မှာ  တေးသံထာဝစဉ် ဆိုညည်း နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်ရှင်....


 


--------------------------------------------------------------------------------------------------------------------


 


တို့ရဲ့ဧရာဝတီ နံမည်နဲ့ အက်ဆေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတဲ့ ကျွန်မနဲ့ တစ်ပြည်နယ်တည်းသား စာရေးဖော် ကိုအင်းသားလေး ကျေနပ်မယ် ထင်ပါတယ်.. အချိန်ကြာ သွားတဲ့ အတွက် နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်.. ဒီအက်ဆေးကို (၁၂.၂.၂၀၁၀) ပြည်ထောင်စုနေ့ အမှတ်တရ အဖြစ် ဖော်ပြပေး လိုက်ပါတယ်နော်...


 


 


ချော (အစိမ်းရောင်လွင်ပြင်)