Showing posts with label နှစ်သက်မိသော စာစုများ. Show all posts
Showing posts with label နှစ်သက်မိသော စာစုများ. Show all posts

အလှပဆုံး မင်္ဂလာနှစ်ပတ်လည် လက်ဆောင်

ငွေကြေးသိပ်မပြည့်စုံတဲ့ တစ်ခြားသော လူငယ်စုံတွေနဲ့ သိပ်မထူးခြားနားပါဘူး။ ကျွန်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာဦး ကာလတွေဟာ ခြစ်ခြစ်ကုတ်ကုတ်နဲ့ ချွေတာပြီး နေနေရတဲ့ အချိန်တွေပါဘဲ။ ဒီနေ့ဟာ ကျွန်မတို့ နှစ်ယောက်ရဲ့ မင်္ဂလာတစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ပါ။ ဒါပေမဲ့ မင်္ဂလာနှစ်ပတ်လည် ရောက်လို့မှ နာမည်ကြီးဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ နှစ်ပတ်လည် အခမ်းအနားကို ဆင်နွဲဖို့ မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် အမှတ်တရအဖြစ် ပေးစရာလက်ဆောင် ခမ်းခမ်းနားနား၊ လှလှပပလေးတောင် မရှိခဲ့ပါဘူး။  ဈေးခပ်ပေါပေါ ပန်းစည်းလေးနဲ့ မင်္ဂလာနှစ်ပတ်လည် ကဒ်လေးသာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင် ပေးလိုက်ကြပါတယ်။ မခမ်းနား မထည်ဝါလှတဲ့ အိမ်မှာ ရှိတာလေးနဲ့ ချက်ထားတဲ့ စားသောက်ဖွယ်ရာလေးတွေကို တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူး စားသောက်ပြီးတော့မှ ပျော်ရွှင်ကြည်နူးစရာ အချစ်ဇာတ်ကားလေးကို အတူတူကြည့်ရင်း ကျွန်မတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို အေးအေးချမ်းချမ်းဘဲ ဖြတ်သန်းလိုက်ကြတယ်။ ပကာသနမပါ၊ တန်ဖိုးကြီးလက်ဆောင်မပါတဲ့ မင်္ဂလာနှစ်ပတ်လည်လေးကို ကျွန်မတို့ နှစ်ယောက်လုံး ကျေနပ်ကြပါတယ်။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့၊ နှစ်ယောက်အတူတူ ရှိနေခွင့် ရတဲ့ ကံကောင်းမှုမျိုး ရှိနေမှတော့ ဘယ်လို လက်ဆောင်မှ မလိုတော့ဘူးပေါ့လေ။



ကျွန်မတို့နှစ်ယောက် အေးအေးချမ်းချမ်းနဲ့ တီဗီကြည့်နေစဉ်မှာဘဲ အိမ်ရှေ့က တံခါးခေါက်သံ ပေါ်ထွက်လို့ လာပါတယ်။ ဧည့်သည်တွေ ဘာတွေ မျှော်လင့်မထား၊ ဖိတ်လည်း ဖိတ်မထားတဲ့ ကျွန်မတို့ဟာ တံခါးခေါက်သံကို အနည်းငယ်တော့ ထူးဆန်းသွားမိပါတယ်။ တံခါးဖွင့်လိုက်တော့ စာပို့လုလင်လေးတစ်ယောက်က ကျွန်မတို့ နှစ်ယောက် နာမည်နဲ့ ရောက်လာတဲ့ ပါဆယ်ထုပ် တစ်ထုပ်လာပို့တာ ဖြစ်နေပါတယ်။ အရွယ် ခပ်လတ်လတ် ပါဆယ်ထုပ်လေးဟာ ကျွန်မရဲ့ အမေဆီကနေ ရောက်လာတဲ့ အထုပ်ကလေးပါ။ ကျွန်မတို့နှစ်ယောက်လုံးဟာ မမျှော်လင့်ဘဲ ရောက်လာတဲ့ ပါဆယ်ထုပ်လေးကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေမိကြပါတယ်။ အထဲမှာ ဘာလေးများ ရှိနေမှာပါလိမ့်ပေါ့။ သိချင်စိတ်တွေနဲ့ ပါဆယ်ထုပ်လေးကို အလျှင်အမြန် ဖြေကြည့်လိုက်တော့ အထဲက ပစ္စည်းလေးကိုလည်း မြင်လိုက်ရော ကျွန်မ မျက်ဝန်းမှာ မျက်ရည်တွေ စိမ့်အိုင်လာပါတော့တယ်။ အမေရဲ့ လက်ဆောင်လေးက ထူးထူးခြားခြားဖြစ်တာမျိုး၊ တန်ဖိုးကြီးမားတာမျိုးတော့လည်း မဟုတ်ပါဘူး။  ဂွမ်းကပ်နဲ့ သပ်သပ် ရပ်ရပ်လေး ချုပ်ထားတဲ့ အိပ်ရာဖုံးလေး တစ်ခုပါ။ သေချာတာကတော့ ဒီဂွမ်းကပ်အိပ်ရာဖုံးလေးဟာ အမေ ကိုယ်တိုင် သူ့လက်နဲ့ ချုပ်လုပ်ထားတာ ဖြစ်တယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။




အဖြူရောင် အစပေါ်မှာ ဇာလေးတွေ အနားကွပ်ထားပြီး ရွှေရောင် ချည်မျှင်လေးတွေနဲ့ ယှက်ဖောက် ချုပ်လုပ် ထားပါတယ်။ အဖြူရောင် အစပေါ်မှာ ခရမ်းရောင် ပန်းပွင့်လေးတွေကို ပန်းထိုး ချည်လေးနဲ့ ခပ်ကျဲကျဲ ပုံဖော်ထားတာဟာ လွန်ခဲ့တဲ့ တစ်နှစ် ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ ကိုင်ခဲ့တဲ့  သတို့သမီး လက်ကိုင်ပန်း ခရမ်းရောင် လေးကို အမှတ်ရစေပါတယ်။ လှပ ချစ်စရာ ဂွမ်းကပ်အိပ်ရာဖုံးလေးနဲ့အတူ မညီမညာ မလှမပသော်လည်း မေတ္တာ အပြည့်နဲ့ ရေးလိုက်တဲ့ အမေရဲ့ စာလေးတစ်စောင် ပါလာပါတယ်။




သမီးနဲ့ သားတို့ရေ




ပျော်ရွှင်စရာ မင်္ဂလာနှစ်ပတ်လည်လေး ဖြစ်ပါစေကွယ်… သမီးနဲ့ သားတို့အတွက် အမေ့ရဲ့ မင်္ဂလာနှစ်ပတ်လည် လက်ဆောင်လေးကို အမေကိုယ်တိုင် လုပ်ပြီး ထည့်ပေးလိုက်ပါတယ်။ ရွှေရောင် ချည်မျှင်လေးတွေကတော့ သားတို့ သမီးတို့ မင်္ဂလာနေ့က လှဲလှယ်ခဲ့ကြတဲ့ ရွှေလက်စွပ်လေးတွေကို ကိုယ်စားပြုပြီးတော့ ခရမ်းရောင် ပန်းပွင့်လေးတွေကတော့ သမီးနဲ့ သားတို့ရဲ့ မင်္ဂလာပွဲတုန်းက အရောင်လေးကို  ကိုယ်စားပြုပါတယ်။ အမေ့ရဲ့ လက်ဆောင် ဂွမ်းကပ် အိပ်ရာဖုံးလေးဟာ အေးချမ်းတဲ့ အချိန်တွေမှာ သားနဲ့ သမီးကို နွေးထွေးစေပြီးတော့ ဒီအိပ်ရာဖုံးလေးကို မြင်တိုင်း သားနဲ့ သမီးတို့ နှစ်ယောက်ရဲ့ မင်္ဂလာနေ့ရက်ကို အမှတ်ရစေလိမ့်မယ်လို့ အမေယုံကြည်ပါတယ်။



ချစ်ခြင်းများစွာနဲ့

အမေ


အမေရဲ့ မညီမညာလက်ရေးလေးတွေနဲ့ စာဟာ ကျွန်မတို့ နှစ်ယောက်လုံးရဲ့ နှလုံးသားကို ထိခိုက် လှုပ်ရှားစေခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်မှာ မင်္ဂလာနှစ်ပတ်လည်ကို ခမ်းခမ်းနားနား ကျင်းပဖို့ ငွေကြေးမရှိဘူး ဆိုတာ အမေက ကောင်းကောင်းကြီး သိနေပုံပါဘဲ။ အမေ့မှာလည်း မင်္ဂလာနှစ်ပတ်လည် လက်ဆောင် တန်ဖိုးကြီးကြီး၊ ကောင်းကောင်းပေးဖို့ ပိုက်ဆံသိပ်မရှိရှာတာ ကျွန်မကလည်း သိပြီးသားပါ။ ဒါကြောင့်လည်း အမေဟာ သူ့လက်နဲ့ ကိုယ်တိုင်ချုပ်တဲ့ ဂွမ်းကပ်လှလှလေးကို ကျွန်မတို့အတွက် ပို့လိုက်တာဖြစ်မှာပါဘဲ။ ဒီဂွမ်းကပ်လေးဖြစ်လာဖို့ အချိန်ယူပြီး စိတ်ရှည်လက်ရှည်နဲ့ ချုပ်လုပ်နေတဲ့ အမေ့ကို ကျွန်မရဲ့ အတွေးထဲမှာတင် တရေးရေး မြင်ယောင်လာမိပါတယ်။ ဒီဂွမ်းကပ်လေးပေါ်မှာ ပြေးလွှားနေမဲ့ အမေ့ရဲ့ လက်ချောင်းလေးတွေမှာ ချစ်ခြင်းမေတ္တာတွေ စီးမျှောနေလိမ့်မယ်… အမေ့ရဲ့ မျက်နှာဟာလည်း ချစ်ခြင်းတွေနဲ့ ပြုံးနေလိမ့်မယ်.. အမေ့ရဲ့ မျက်လုံးလေးတွေတောင် ချစ်ခြင်းတွေနဲ့ တောက်ပနေလိမ့်မယ်ဆိုတာ သိပ်သေချာတာပေါ့။ ဒီဂွမ်းကပ်လေးဟာ အမေ့ရဲ့ မေတ္တာတွေနဲ့ ယှက်ဖောက်ထားပြီး အမေ့ရဲ့ ချစ်ခြင်းတွေနဲ့ လှလှပပ ချုပ်လုပ်ထားတာပါ။

နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်သွားပေမဲ့  ကျွန်မတို့ နှစ်ယောက်ရဲ့ ပထမဦးဆုံးမင်္ဂလာနှစ်ပတ်လည် လက်ဆောင်လေးကို ဘယ်သူ ကမှ မမေ့ကြပါဘူး။ ကျွန်မရဲ့ ခင်ပွန်းဟာ “မင်းရခဲ့ဖူးတဲ့  အကောင်းဆုံး မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်ဟာ ငါ့ဆီက မဟုတ်ဘဲ မင်းရဲ့ အမေဆီက ဖြစ်နေတာကို လုံးဝ မနာလိုဘူး” လို့ ပြုံးပြုံး ရယ်ရယ် ချစ်ခင်စွာနဲ့ ကျွန်မကို အမြဲတမ်း စနောက် တတ်ပါတယ်။

  

ဟုတ်ပါတယ်လေ.. မိခင်တစ်ယောက်ရဲ့ နွေးထွေးတဲ့မေတ္တာတွေ၊ သိမ်မွေ့တဲ့ ချစ်ခြင်းတရားတွေနဲ့ ချုပ်လုပ်ထားတဲ့ လက်ဆောင်လေးထက် ပိုမိုကောင်းမွန် ပြီးပြည့်စုံစေတဲ့ မင်္ဂလာ နှစ်ပတ်လည် လက်ဆောင်ဆိုတာ ဘယ်မှာများ သွားရှာရပါ့မလဲနော်။


The wedding quilt by Stephenie Speck ကို ဘာသာပြန်ပါသည်။


လမ်းပေါ်က ကျောက်တုံး

တစ်ရက်မှာ လယ်သမားတစ်ယောက်ဟာ သူ့ရဲ့လယ်ကနေ မြို့ကိုပြန်အလာ လမ်းလယ်ကောင် တည့်တည့် မှာ ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့နေတာကို တွေ့လိုက်ရပါတယ်။ လမ်းကလေးက ခပ်သေးသေးမို့ ပိတ်နေတဲ့ ကျောက်တုံးကြောင့် ချောက်ကမ်းပါးနားကနေ ကပ်ပြီး ကျော်သွားရပါတယ်။ လယ်သမားဟာ အဲဒီကျောက်တုံးကြီး ဘေးကနေ ကျော်ဖြတ်ရင်း ပါးစပ်ကလည်း “ ဘယ်သူကများ ဒီကျောက်တုံးကို လမ်းမလယ်ကောင် ပိတ်ထားအောင် လုပ်ထားတာပါလိမ့်။ လမ်းသွားလမ်းလာတွေ ခက်ခဲမယ်ဆိုတာ မသိဘူးလား မသိဘူး။ လူတွေဟာ ကိုယ်ချင်းစာစိတ်ကို မရှိကြဘူး။ ဒီကျောက်တုံးကြီး ပိတ်နေတာကို ဘယ်သူ တစ်ယောက်ကမှလည်း ဖယ်ပစ်လိုက်ကြဖို့ စိတ်ကူး မရှိကြဘူးလား မသိဘူး” လို့ တစ်တွတ်တွတ် ရေရွတ်ရင်း  ကျောက်တုံးကြီးကို ကျော်ဖြတ် သွားလိုက်ပါတယ်။



နောက်တစ်ရက်မှာ ကုန်သည်တစ်ယောက်က အဲဒီနေရာကို ရောက်လာပြန်ပါတယ်။ သူကလည်း လမ်းလယ်ကောင်က ကျောက်တုံးကြီးကိုကြည့်ပြီး မနေ့က လူလိုဘဲ ပါးစပ်က မြည်တွန် ရေရွတ်ပါတယ်။ “ကျောက်တုံးကြီးက လမ်းပေါ်မှာ ပိတ်နေတော့ လမ်းကိုဖြတ်သွားဖြတ်လာ လုပ်တဲ့သူတွေ အတွက် အခက်အခဲဖြစ်ရတယ်။ ဘယ်သူကမှလည်း ဒီကျောက်တုံးကို မဖယ်ကြဘူး။ မတော် ချောက်ထဲ ပြုတ်ကျကုန်ရင် ဘယ်လိုလုပ်မလဲ” စသဖြင့် ပါးစပ်က ပြောဆိုပြီးနောက် ကျောက်တုံးကိုကွေ့ပြီး ကမ်းပါးနားကနေ ကပ်သွားလိုက်ပြန်ပါတယ်။

နောက်တစ်ခါ အဲဒီနေရာကို လူငယ်လေးတစ်ယောက် ရောက်လာပြန်တော့ ကျောက်တုံးကိုမြင်လိုက်တယ် ဆိုရင်ဘဲ တစ်ခြားသူတွေ ဒီနေရာကို ဖြတ်သွား ဖြတ်လာလုပ်လို့ ကျောက်တုံးက ပိတ်နေတဲ့ အတွက် ချောက်ကမ်းပါးနား ကပ်ပြီး သွားရတဲ့အခါ မတော်တဆ ပြုတ်ကျမှာကို တွေးလိုက်မိပြီး ကျောက်တုံးကို ဖယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အင်အား အကုန် ထုတ်သုံးပြီး ကျောက်တုံးကြီးကို ချောက်ထဲကျသွားအောင် လမ်းပေါ်ကနေ တွန်းဖယ်လိုက်ပါတယ်။ ကျောက်တုံးက အတော်ကြီးတာကြောင့် တော်တော်လေးကို အင်အားစိုက်ထုတ်ရပါတယ်။ ဒါပေမဲ့ သူဟာ ဘာမှ ပြောဆိုငြီးတွားမနေဘဲ ကျောက်တုံးကြီးကိုသာ လမ်းဘေး ကျသွားအောင် ဖယ်ထုတ်ဖို့ ကြိုးစားအားထုတ်ပါတယ်။ မကြာခင်မှာဘဲ ကျောက်တုံးကြီးလဲ ဘေးကို လိမ့်ဆင်းကျသွားပါတော့တယ်။

ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ပုံပြင်ထဲက အတိုင်းသာ ဆိုရင်တော့ ကျောက်တုံးအောက်မှာ ရတနာသေတ္တာလေး တွေ့ကောင်းတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အခုကတော့ ရတနာသေတ္တာတွေ ဘာတွေ ရှိမနေပါဘူး။ အဲဒီ ကျောက်တုံးနေရာလေးမှာ စာရွက်လေး တစ်ရွက်သာ ပေါ်လာတာကို တွေ့လိုက်ရပါသတဲ့။ လူငယ်လေးဟာ စာရွက်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ “သင်ဟာ အပြောထက် လက်တွေ့ အလုပ်လုပ်တဲ့သူ တစ်ယောက်ပါ ” လို့ ရေးထားတာကို တွေ့လိုက် ရပါတော့တယ်။

ဒီဇာတ်လေးဖတ်ပြီး စဉ်းစားမိတာက ဇာတ်လမ်းထဲက  လူ၂မျိုး၂စား မှာ တစ်မျိုးက ကိုယ်တိုင်က အလုပ်မလုပ်ဘဲ သူတစ်ပါးကိုသာ ကဲ့ရဲ့အပြစ်တင် ပြောဆိုတတ်တဲ့ အပြောသက်သက် သမားနဲ့ ဘယ်သူ့ကိုမှ ပြောဆိုမနေဘဲ လုပ်စရာရှိတာကို လုပ်သွားတတ်တဲ့ သူတွေပါ။ လမ်းပေါ်မှာ ကျောက်တုံးတွေ တွေ့ခဲ့ရင် ကိုယ်တိုင်က ဘာမှမလုပ်ဘဲ ပါးစပ်က ရေရွတ်ရင်း ကျော်သွားတဲ့သူလား၊ ကျောက်တုံးကို ဘေးကို တွန်းဖယ်မဲ့သူလား ဆိုတာ ကျွန်မကိုယ်တိုင်လည်း ဘယ်ထဲမှာပါနေမလဲလို့ စဉ်းစားမိရင်း မိတ်ဆွေတို့ကရော ဘယ်လိုလူစားထဲမှာ ပါနေမလဲလို့ စဉ်းစား ကြည့်ရအောင်လား။ 


 

Image Hosted by PicturePush - Photo Sharing

သကြားထက် ချိုသောအရာ




အသက် အတော်ကြီးနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်မှုန်မှိုင်းနေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ  အရေးတယူ မရှိကြပါ။ ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ။ ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီ အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုးက သူ့အတွက် သိပ်ကို လိုအပ်နေမှာတော့ အမှန်ပါ။

ဒီအချိန်လေးမှာ အသက် ၃၅နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်းပေါ် လျှောက်လာရင်းနဲ့  အမျိုးသမီးဟာ ထိုအဖိုးအို အနားကို အရောက်မှာ ခြေစုံရပ်တန့်လိုက်ပါတော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား”  လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်း လွှာထဲက ဖြစ်မယ်ဆိုတာ  အဖိုးအိုက သိလိုက်ပါတယ်။ သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပြီး သန့်ရှင်းသပ်ရပ်လို့နေပါတယ်။ ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောအခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူကထင်လိုက်ပါတယ်။ ဒီအမျိုးသမီးဟာလည်း တစ်ခြား လမ်းသွား လမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ။ ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေတာကို မနှောက်ယှက်စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြောလိုက်ပါတယ်။

အံ့သြစရာက ထို အမျိုးသမီးဟာ သူ့ရဲ့ အော်ဟစ်သံကို ကြောက်လန့်ပြီး ထွက်သွားတာမျိုး မဟုတ်ဘဲ နေရာမှာ ဆက်ပြီး ရပ်နေတုန်းပါ။  ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်။ “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ သူက စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြီး ပြန်ဖြေ လိုက်ပါတယ်။ အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး။ ပြီးတော့ သူ့ဘေးနား ထိုင်ချလိုက်ပြီး အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ချိန်မှာတော့ “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီလေ။ ကျုပ်ကို မနှောက်ယှက်ပါနဲ့။ ခင်ဗျား ဒီနေရာက ထွက်သွားပါ”  လို့ အဖိုးအို ဆီက ဒေါသတကြီး အော်ဟစ်သံက ဟိန်းထွက်လာပေါတော့တယ်။

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး  ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးလာတော့ အမျိုးသမီးက  “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်။ ဒီလူကို မတ်တပ်ရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ။ ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်..  ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ၊  သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး၊ သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..

 “ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား။ ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်။ ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်ပြီး နွေးနွေးထွေးထွေး နေစေချင်ပါတယ် ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး  ” အကြောက်အကန် ငြင်းဆန်နေရင်းမှာဘဲ သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ သူ့ကို ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်။ “ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ၊ ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ ဆိုင်ကို ဆွဲခေါ်လာတဲ့ လမ်းတစ်လျှောက်မှာလည်း အဖိုးအို ဂျက်ဟာ အော်ဟစ်ရုန်းကန် နေတုန်းပါဘဲ။

 “ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့”  ရဲအရာရှိက လေသံခပ်မာမာနဲ့ သူ့ကို ပြန်ပြောပါတယ်။  နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာ အနီးမှာထိုင်စေလိုက်ပါတယ်။ အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်။  ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်။

 “ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး။ သူ့ကို ဒီအစ်မကြီးက အစားအသောက် ကျွေးမွေးချင်လို့ ခေါ်လာတာပါ.. ”  ရဲအရာရှိရဲ့ စကားအဆုံးမှာ    “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်။ လမ်းပေါ်က ဒီလို စုတ်ပြတ်ပြတ် လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်နာမည်ပျက်ပြီး ကျွန်တော်တို့ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်။”  လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်။

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား။ ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်၊ ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်။

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး  ပြုံးပြလိုက်ရင်းက “  မန်နေဂျာ..  ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီဂရုပ်ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ”   လို့ မေးလိုက်ပါတယ်။ ဒီတော့ ဆိုင်မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်။ ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်။

အမျိုးသမီးက  “ ဒါဆိုရင် ရှင်တို့ဆိုင်မှာ လုပ်တဲ့သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ  ခင်ဗျားနဲ့မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံ ရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်။

 “ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

 “ဗျာ…. ”   အမျိုးသမီးရဲ့ နာမည်လည်း ကြားလိုက်ရော မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်.။

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခုချက်ခြင်း ကျင်းပချင်ပါတယ်။ ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်စရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း   ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

 “တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေတဲ့အတွက် စားဖို့ မဖြစ်နိုင်ပါဘူး”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”  

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်။

မန်နေဂျာ ပြန်ထွက်သွားတာကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” လို့ လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒီလို ထုတ်မပြောရင် မဖြစ်တော့တာမို့ ထုတ်ပြောလိုက်ရတာပါ။ ကျွန်မ  အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” လို့ ပြောလိုက်ပြီး အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. ထို့နောက် အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်။

“ အန်ကယ် ဂျက်...  ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေပြီး “ ကျုပ်ထင်တာ ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မရုပ်ရည်က ဟိုတုန်းကထက် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မရဲ့  ငယ်စဉ်ကာလ  ရှင် ဒီဆိုင်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ အချိန်တွေ၊  အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ဆာလောင်ငတ်မွတ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် ဆိုင်တွေဆီမှာ အလုပ်တောင်းခဲ့ရဖူးတဲ့ အချိန်တွေကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”

“ အစ်မကြီး” 

ဘေးနားက နားထောင်နေတဲ့ ရဲအရာရှိထံမှ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လိုမှ ယုံကြည်လက်ခံနိုင်ပုံ မရပါ။

အမျိုးသမီးက သူ့ဘဝနောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်။ “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့  အလုပ် တစ်ခုတလေမှကို တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး။ ဘယ်သူကမှလည်း အလုပ် မပေးခဲ့ကြပါဘူး။ နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး နည်းနည်းကလွဲလို့ ဘာမှ မကျန်တော့တဲ့အခါ အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို အခန်းပိုင်ရှင်က မောင်းထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း နောက်ဆုံးမှာ ဒီနေရာလေးကို စားစရာ တစ်ခုတလေ ရလို ရငြား ရောက်လာခဲ့ပါတယ်။”

အဖိုးကြီးဂျက်ဟာ  ပါးစပ်ကို ဟလိုက်ပြီး “  အိုး ကျုပ်မှတ်မိပြီ။ အဲဒီတုန်းက ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တာလေ။ ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ တောင်းဆိုတယ်လေ။ ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာ ကျတဲ့အတွက် အလုပ် မပေးနိုင်ပါဘူးလို့ ကျုပ်က ပြောခဲ့တယ်လေ။ ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်။ အန်ကယ်ဟာ ကျွန်မ တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဝစ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့်  ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မစားတဲ့ အစားအစာအတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ရတယ်။ ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်။ ကျွန်မဘဝမှာ အဲဒီအချိန်တုန်းက ဆာဆာနဲ့ စားခဲ့ရတဲ့ ဆင်းဒဝစ်လောက် ဘယ်အစားအသောက်ကမှ အရသာမရှိခဲ့ပါဘူး။ ခုချိန်ထိလည်း သတိရနေပါတယ်။”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ”  အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ် သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်။ အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်။ ကြိုးစားတယ်။ ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘဝကို ပြန် မသွားချင်ဘူးလေ. ဒီတော့ ဘာလုပ်သလဲ... သူများထက် ပိုကြိုးစားရတာပေါ့။ ကျွန်မရဲ့ ဇွဲ၊လုံ့လ အကျိုးကြောင့် အချိန်နည်းနည်း ကြာတဲ့အခါ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်။ ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ။ ”  စကားပြောရင်း အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ပြီး

“အန်ကယ်ဂျက်.. ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ အန်ကယ်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ အ၀တ်အစားဝယ်ဖို့၊ နေထိုင် စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်၊ အန်ကယ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်။ အန်ကယ် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ။ ကျွန်မ အန်ကယ်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အမျိုးသမီးရဲ့ စကားအဆုံးမှာ အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပါတော့တယ်။  “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ” လို့ တုန်ယင်လှိုက်လှဲနေတဲ့ အသံနဲ့ ပြောလိုက်ပါတယ်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်။ ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ။  အန်ကယ်ရဲ့ ကူညီထောက်ထားတတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ အန်ကယ် ကျွေးခဲ့တဲ့ ဆင်းဒဝစ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး။ ကျွန်မကို ခုလို သူတစ်ပါးကို ကူညီတတ်အောင် လမ်းစကို လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်။ ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အဝနားမှာ ခေတ္တရပ်ပြီး  အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်။

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့် ရင်ထဲကို တော်တော် ထိပါတယ်..  ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ  “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ကော်ဖီက အချိုပေါ့ ထင်တယ်။ နို့ ဖြစ်ဖြစ်၊ သကြားဖြစ်ဖြစ် ထပ်ယူမလား ” လို့မေးတော့ ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ပြီတော့ ပြုံးလိုက်ပါတယ်။ ပြီးတော့

ကျွန်တော့်အတွက် သကြားတွေ၊ နို့တွေ မလိုတော့ပါဘူးဗျာ၊ ဒီနေ့ အန်ကယ်ဂျက်ကို ခင်ဗျားပေးလိုက်တဲ့ စေတနာ၊ မေတ္တာတွေက သကြားတွေ နို့တွေထက် ချိုပါတယ်။ တန်ဖိုးလည်း ကြီးလှပါတယ်။ စေတနာ မေတ္တာတို့၊ ကျေးဇူးသိတတ်ခြင်းတို့ဆိုတာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လှပါတယ်၊ ကျွန်တော့်ရင်ထဲမှာလည်း အဲဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လိုသကြားမှ မလိုတော့အောင် ပီတိတွေနဲ့ ချိုနေပါပြီဗျာ။


Kindness ( Unknown Author) ကို ဘာသာပြန်တာပါ။ ခုတလော စာအသစ် မရေးဖြစ်သေးတာကြောင့် လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးခဲ့တဲ့ ဒီပိုစ့်လေး ပြန်တင်ဖြစ် တာပါ။ နားလည်ခွင့်လွှတ်ပြီး ဖတ်ရှုပေးကြပါလို့ တောင်းပန် ချင်ပါတယ်။ ဒီစာထဲကလို  စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန် လှပါတယ်ဆိုရင် ကျွန်မတို့လဲ  သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့ ကြိုးစားကြပါဦးစို့လားနော်။
လေးစားချစ်ခင်စွာ


မရခဲ့ဖူးတဲ့လက်ဆောင်...

အဖွားမေရီသည် စိတ်သဘောပြည့်ဝပြီး အေးချမ်းသိမ်မွေ့ကာ အဖိုးအပေါ်မှာလည်း အစွမ်းကုန် ချစ်ခင်ပြုစု ယုယတတ်သူ တစ်ယောက် ဖြစ်ပါသည်။ အဖိုးကတော့ တစ်ချိန်တုန်းခါက စိတ်မြန် လက်မြန်နှင့် တက်ကြွ လှုပ်ရှားသူ၊ မိသားစုရဲ့ စီးပွားရေး၊ လူမှုရေးတို့ကို အစစ ဦးဆောင်သူ ဖြစ်ခဲ့သော်လည်း ၂ကြိမ်လောက် လေဖြတ်ခံရပြီး နောက်ပိုင်းတွင် အိမ်တွင်း အိမ်ပြင် လမ်းလျှောက်ဖို့တောင် အနိုင်နိုင်၊ စကားပြောဖို့ပင် နှုတ်က မသွက်တော့ဘဲ လေးလံ ထိုင်းမှိုင်း ဖြစ်နေရပါပြီ။ ဘုရားကျောင်းလည်း မသွားနိုင်၊ အိမ်နီးနားချင်းများ၏ အိမ်တွေကိုပင် မလည်ပတ်နိုင်ခဲ့သည်မှာ တစ်နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပါသည်။ အဖိုးသည် သူပိုင်ဆိုင်သော အချိန်တော်တော်များများအား တီဗီရှေ့တွင် ထိုင်ပြီး  အချိန်ဖြုန်းနေရသည်ကသာ များလေသည်။ အဖိုး တစ်ယောက် အဖွားမေရီ အလုပ်လုပ်နေချိန်များတွင် တီဗီမှ လာသော သတင်း အစီအစဉ်နှင့် အခြား အစီအစဉ်များကို ထိုင်ကြည့်လို့ နေခဲ့ရသည်။ အဖွား အားလပ်သည့်အခါတွင်တော့ ၂ယောက်သား စကားပြောရင်း၊ တီဗီကြည့်ရင်း၊ စာဖတ်ကြရင်း အချိန်ကုန်ရတော့သည်။ အဖိုးအတွက်မှာ အဖွား၏ အကူအညီသာ မပါလျှင် ထိုင်ခုံကနေ နေရာရွှေ့ဖို့၊ အိပ်ရာဆီ သွားဖို့တောင် ခက်ခဲလွန်းလှ ပါသည်။

အဖွားသည်  အဖိုးကို နေ့စဉ် အိပ်ရာမှ နိုးထစေပြီး  နံနက်စာကျွေးမွေးရန် ထမင်းစားခန်းသို့ သွားနိုင်ဖို့ရန် ကူညီပေးလေ့ ရှိသည်..  နံနက်စာ စားသောက်ပြီးချိန် မှာတော့ အဖွားက ပန်းကန်များကို ဆေးကြော သန့်စင်နေစဉ် အဖိုး ခေတ္တ အနားယူစေနိုင်ရန် ဧည့်ခန်းတွင်းရှိ အဖိုးထိုင်နေကျ ပက်လက် ကုလားထိုင်လေးမှာ ထိုင်ခိုင်းထားကာ တီဗီကြည့်စေသည်။ ပန်းကန်ဆေးကြော သန့်စင်နေရင်းမှာပင် အဖိုးများ တစ်ခုခု လိုအပ်နေသလား၊ ဘာလုပ်ပေးဖို့ လိုဦးမလဲ ဆိုသည်ကို မကြာခန လှမ်းလှမ်း ကြည့်ပြီး အဖွားက မေးလေ့ ရှိသည်။ ထို အဖြစ်အပျက်တွေသည် အဖိုးနှင့် အဖွားတို့၏ နေ့စဉ် အဖြစ်အပျက် ကလေးတွေသာ ဖြစ်ပါသည်။ အဖိုးအပေါ်တွင် အဖွားမေရီ တစ်ယောက် မငြီးမငြူ ဂရုတစိုက် ပြုစုယုယကာ အိမ်ထောင်သက်နှစ်-၅၀ ကြာလာသည့်တိုင် အဖိုးအပေါ် သူမ၏ ချစ်ခင်မြတ်နိုးမှုက လန်းဆန်း တောက်ပနေတုန်း၊ အိမ်ထောင်ဦး ကာလက ကဲ့သို့ နုနယ် ပျိုမြစ်နေ တုန်းသာ။

အဖွားသည် အဖိုးအပေါ်တွင် အလွန်တရာ ချစ်ခင်မြတ်နိုးစွာ ရှိခဲ့သ်ာလည်း  အဖိုးကတော့ အိမ်ထောင်တစ်ခုကို သူ့တာဝန်ကျေအောင် ထမ်းဆောင်လျှင် ပြီးပြီဟုသာ သဘောထားပြီး ဇနီးမယား အပေါ် ယုယုယယ မနေတတ်ခဲ့သူ ဖြစ်ပါသည်။ အဖိုးရင်ထဲမှ အချစ်ဆိုသည့် အရာကိုလည်း အဖွားသိအောင် ဘယ်ခါမှ ထုတ်မပြောတတ်သူ ၊ ပြောခဲ့သူတစ်ယောက် မဟုတ်ခဲ့ပါ။ အိမ်ထောင် သက်တမ်း ကာလတစ်လျှောက်တွင် အဖိုးက အဖွားအတွက် အမှတ်တရ လက်ဆောင်ဆိုသည်မှာ ဘယ်သောခါမှ ၀ယ်ပေးသည် မရှိခဲ့ဖူးပါ။ အဖိုး၏ ခံယူချက်မှာ ငွေကြေးဥစ္စာ လုံလောက်အောင် ရှာဖွေပေးပြီး ဖြစ်သောကြောင့် အဖွား လိုအပ်တာ မှန်သမျှ စိတ်တိုင်းကျ ဝယ်ယူခွင့် ရှိနေပြီဖြစ်၍ “သူမ ကြိုက်နှစ်သစ်ရာ ဝယ်ယူနိုင်သည်၊ သူကိုယ်တိုင် ဝယ်ပေးရန် မလို။” ဟူသော အတွေးမျိုး ရှိသူဖြစ်သည်။

အဖိုး၏ ထိုအကျင့်စရိုက်သည် ညားကာစ အိမ်ထောင်ဦးကာလတွင် အဖွားအတွက် စိတ် အနှောက်အယှက် ဖြစ်စရာ၊ မကျေနပ်စရာ ဖြစ်ခဲ့ရသည်။ အဖိုးသည် သူမအား တကယ် ချစ်မှ ချစ်ခဲ့ပါရဲ့လား ဟူသော သံသယသည် အဖွားမေရီ စိတ်ထဲတွင် အမြဲတမ်း ဖိစီးခဲ့သော်လည်း အိမ်ထောင် သက်တမ်း ကြာလာသည်နှင့် အမျှ  မိမိအိမ်ဦးနတ်ကို သဘောပေါက် နားလည်နိုင်အောင် ကြိုးစားရတော့သည်။ အဖိုးသည် အိမ်ထောင် တစ်ခုလုံးအတွက်ရော သူမအတွက်ပါ အလွန်ကောင်းမွန်သော အိမ်ထောင်ဦးစီးကောင်း တစ်ဦး ဖြစ်သည်မှာ သူမ အသိဆုံးဖြစ်သည်။ မိသားစု အတွက် လိုလေသေး မရှိရအောင် ငွေကြေးကို ရှာဖွေပေးခဲ့သည်။ အဖွား လိုချင်သော ပစ္စည်းဟူသမျှ စိတ်တိုင်းကျ ၀ယ်ယူခွင့်ပေးထားခဲ့သည်။ ထို့ကြောင့်လည်း အဖိုး ကိုယ်တိုင် ဝယ်ပေးလေ့ မရှိသော လက်ဆောင်နှင့်၊ ထုတ်မပြတတ်သော အဖိုး၏ အကြင်နာတို့အတွက် လိုချင် တပ်မက်စိတ်၊ မက်မောစိတ် ဖြစ်မနေတော့အောင် သူမကိုယ်ကို ကြိုးစား၍ စိတ်ကို ဖြေသိမ့်တတ် ခဲ့ပြီ ဖြစ်သည်။ အဖိုး၏ ချစ်ခင်ယုယမှု၊ အသိအမှတ်ပြုမှု တို့ကိုလည်း ရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ အဖိုးအပေါ်ထားသော သူမ၏ ချစ်ခင်မြတ်နိုးစိတ်၊ ကြင်နာသဒ္ဓါစိတ် တို့ကိုတော့ဖြင့် ယခင်အတိုင်း ထားမြဲ ထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။

တစ်ခုသော ဖေဖော်ဝါရီလ၏ အေးမြသော မနက်ခင်းတစ်ခုတွင် တီဗီကြည့်နေသာ အဖိုးထံသို့ လျှောက် လာကာ “ကျွန်မ နေ့လည်စာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” .. ဟု တီဗီ ကွန်ထရိုလ်းကို အဖိုးလက်ထဲ ထည့်ပေးလိုက်ရင်း အဖွားက ပြောလိုက်ပါသည်။ “တစ်ခုခု လုပ်ချင်တာ၊ လိုချင်တာရှိရင် ကျွန်မ အပြင်ထွက်လာတဲ့အထိ ခဏလောက်စောင့်နော်.. တစ်ယောက်တည်း မနိုင်မနင်း လျှောက်မလုပ်နဲ့”.. ဟု စိတ်မချစွာ အထပ်ထပ်ပြောရင်း မီးဖိုခန်းထဲသို့ ဝင်ရောက်သွားပါသည်။ အချိန်အနည်းငယ် ကြာသော် စားသောက်စရာများ ချက်ပြုတ်ပြီး၍ အိမ်ရှေ့သို့ အဖွား ပြန်ထွက်အလာတွင် အဖိုးကို ကုလားထိုင်တွင် မတွေ့ရတော့ပေ။

အဖွားမှာ ရုတ်တရက် ပြာဝေသော စိတ်ဖြင့် အဖိုးကိုင်နေကျ တောင်ဝှေးထားရာ နေရာကို ကြည့်လိုက်သည့် အခါတွင် တောင်ဝှေးမှာ နေရာတွင် မရှိတော့ပေ။ အဝတ်ဘီရိုမှာလည်း ပွင့်လျှက်ရှိပြီး အဖိုး၏ အပေါ်ဝတ် ကုတ်အင်္ကျီနှင့် ဦးထုပ်မှာ ပျောက်ဆုံးနေခဲ့ပြီ။ အဖိုးသည် တစ်နေရာရာသို့ ထွက်ခွာ သွားပေပြီ။ အဖွားမှာ သွေးရူး သွေးတန်းဖြင့် ဘီရိုတွင်းမှ ကုတ်အင်္ကျီတစ်ထည်ကို အမြန်ကောက်ဝတ်ကာ  အိမ်တွင်းမှ အပြေးတစ်ပိုင်း ထွက်ကာ ဟိုဟိုဒီဒီ မျှော်ကြည့် မိလေသည်။ အဖိုးသည် ခပ်ဝေးဝေး ကိုတော့ဖြင့် ရောက်လိမ့်ဦးမည်ဟု သူမ မထင်ပေ။ အဖိုး တစ်ယောက်တည်း လမ်းလျှောက်နိုင်ဖို့ရန် ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်ရမည်မှာ သေချာလေသည်။ ထိုအချိန်သည် အလွန် အေးချမ်း လှသော ဖေဖော်ဝါရီလ ဖြစ်သော်ကြောင့် နှင်းပွင့်လေးများက ကျဆင်းနေချိန် ဖြစ်လေ သည်။  အပြင် ဘက်တွင်လည်း နှင်းပွင့်လေးများ အဆက်မပြတ် ကျဆင်းနေမှုကြောင့် လမ်းမထက်တွင် အဖြူရောင် နှင်းပြင်ကြီးက ဖုံးလွှမ်းစ ပြုနေပြီဖြစ်သည်။

ယခုလိုအချိန်တွင် နှင်းတို့ဖုံးလွှမ်းနေသော  လမ်းမထက်တွင် လူကောင်းတစ်ယောက်ပင် လမ်းလျှောက်ဖို့ ခက်ခဲနေပြီဖြစ်ရာ အဖိုးလို အခြားသူတစ်ဦးဦး၏  အကူအညီနှင့်မှ လမ်းလျှောက်နေရသူ တစ်ဦးအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။ “သူဘယ်ရောက်နေပြီလဲ .. ဘာကြောင့်များ အိမ်ကနေ မပြောမဆို တစ်ယောက်တည်း ထွက်သွားရတာလဲ ” စသည်ဖြင့် သူမ အတွေးတွေတွင် ပူပန်ခြင်း၊ နားမလည်နိုင်ခြင်း များစွာ ရောထွေးလျှက် လက်နှစ်ဖက်ကို ဆုပ်နှယ်နေမိရင်း  ဂဏှာမငြိမ်စွာ ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်ဖြင့် လမ်းမပေါ်တွင် အရူးတစ်ယောက်နှယ် ရှိနေရလေသည်။ ကျဆင်း လာနေသော နှင်းဖွဲများကိုလည်း ဂရုမထားမိ၊ ရက်စက်လွန်းစွာ အေးစက်လှသော ဆောင်းဒဏ်ကိုလည်း သတိမပြု မိလောက်အောင် သူမ၏ စိတ်အစဉ် တစ်ခုလုံး အဖိုးအတွက် ပူပန်ရခြင်းများဖြင့်သာ ရင်မှာ လောင်မြိုက်၍ နေလေတော့သည်။

ထိုစဉ် လမ်းထောင့် တစ်နေရာမှ တစ်လှုပ်လှုပ် လျှောက်လာသော တစ်စုံတစ်ယောက်၏ ပုံရိပ်ကို သူမ တွေ့လိုက်ရလေသည်။ စူးစူးစိုက်စိုက် ကြည့်လိုက်သောအခါ အဖိုးဖြစ်မှန်း သေချာသွားလေသည်။ “အိုး သူပြန်လာပြီ” အဖိုး ဘယ်နေရာသို့သွားပြီး ပြန်လာသည်ဖြစ်စေ သူမမျက်စိရှေ့တွင် ဘေးမသီ ရန်မခ မြင်လိုက်ရသည်ကပင် ဝမ်းသာလွန်းလှပြီ။ သူမကျေနပ်ရပါပြီ.. အဖိုး၏ ကုတ်အင်္ကျီသည် ပုခုံးထက်မှ လျှောကျလို့ နေပြီး အဖိုး၏ လက်တစ်ဖက်တွင် တောင်ဝှေးနှင့် အတူ အထုပ်တစ်ထုပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ အဖိုးရောက်အလာကို စောင့်ဆိုင်းဖို့ စိတ်မရှည်နိုင်တော့ပဲ  သူ့ဆီသို့ အမြန်ရောက်အောင် ပြေးသွားမိတော့သည်။ အဖိုးအနား ရောက်သောအခါတွင်မှ  အခြေ အနေ ကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် စိတ်သက်သက်ရာ ရပြီးနောက်တွင် သူမပါးစပ်မှ စကားလုံး များ အဆက်မပြတ် ထွက်လာမိတော့သည်။

“ကျွန်မ ရှင့်ကို ခနလေး ထားပြီး နေ့လည်စာ သွားပြင်ချိန်လေးမှာ ကျွန်မ ပြန်အလာကိုတောင် မစောင့်နိုင်ဘဲ တစ်ယောက်တည်း ထွက်သွားရအောင်က ရှင်ကဘာကိုများ ဒီလောက်အရေးတကြီး လိုအပ်နေလို့လဲ။ ကျွန်မ ရှင့်ကို ဘယ်လောက်တောင် စိတ်ပူရတယ်ဆိုတာ ရှင်မသိဘူးလား… ဒီကမ္ဘာကြီးမှာ ဘယ်အရာ ကများ ရှင့်ကို အရေးတကြီး အပြင်ထွက်သွားရအောင် စွမ်းဆောင်နိုင်ခဲ့တာလဲ ” ဟု ပြောပြော ဆိုဆိုဖြင့် သိချင်စိတ်ကို ထိမ်းချုပ်မရတော့ဟန်နှင့် အဖိုးလက်ထဲတွင် ကိုင်ထားသော အထုပ်ကလေးကို အလျှင်အမြန် ဆွဲယူလိုက်လေသည်။  အဖိုးထံမှ ထွက်ပေါ်လာမည့် ရှင်းပြ စကားကိုပင် စောင့်ဆိုင်းနိုင်ခြင်း မရှိတော့ပါ။ လျှင်မြန်လွန်းလှသော စိတ်ဇောဖြင့် အထုပ်ပေါ်မှ စက္ကူများကို ဆွဲဖြည်မိတော့သည်။ စက္ကူများ ပြေသွားသည့် အထုပ်တွင်းတွင် ဘူးကလေးတစ်ခု ထွက်ပေါ် လာခဲ့သည်။ ဘူးကလေးအား တုန်ယင်သော အဖွား၏ လက်အစုံဖြင့် ဖွင့်ကြည့်လိုက်သည်တွင် ထွက်ပေါ်လာသည်က

ပုလဲ ဆွဲကြိုးလေးတစ်ကုံး…


အံ့သြခြင်းကြီးစွာဖြင့် အဖိုးမျက်နှာကို အဖွားက စောင်းငဲ့၍ ကြည့်လိုက်သည်တွင် “ဒီနေ့ဟာ ငါတို့ ၂ယောက်ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့လည်း ဖြစ်သလို ချစ်သူများနေ့လည်း ဖြစ်တယ်လေ။ ငါ့ဘဝမှာ မင်းကို  လက်ဆောင်ဆိုတာ ဘယ်တုန်းကမှ မပေးခဲ့ဖူးဘူးနော်။ ဒီတစ်ခေါက်တော့ ငါ့ရင်ထဲမှာ မင်းကို လက်ဆောင်ပေးချင်စိတ် ပြင်းပြင်းပြပြကို ဖြစ်မိတယ်။ မင်းဟာ ငါ့အပေါ် အမြဲတမ်း ကောင်းနိုင်ခဲ့၊ ချစ်နိုင်ခဲ့တယ်။ ခုလို ငါ မသန်မစွမ်း ဖြစ်တော့လဲ အနစ်နာခံပြီး မငြိုမငြင် ပြုစုခဲ့တယ်။ ဒါပေမယ့် ငါ့ဘက်က မင်းအပေါ်မှာ ဘာမှ တာဝန် မကျေခဲ့သလို ခံစားမိတယ်။ မင်းရဲ့ ဂရုတစိုက်၊ ချစ်ခင် မြတ်နိုးမှုတွေကို အသိအမှတ် မပြုသလို နေခဲ့မိတယ်။  ဒါကြောင့် မင်း မီးဖိုထဲမှာ ချက်ပြုတ်နေတုန်း ခန အပြင်ထွက်သွားပြီး ဒါလေးကို သွားဝယ်တာပါ…  ဒီ လက်ဆောင်လေးဟာ ငါ့တစ်သက်မှာ မင်းကိုပေးဖူးတဲ့ ပထမဆုံး လက်ဆောင်လဲ ဖြစ်လိမ့်မယ်နော်။ ဒါလေးကို ငါတို့ရဲ့ နှစ်၅ဝပြည့် မင်္ဂလာ လက်ဆောင်အဖြစ်ရော၊ ငါ့ရဲ့ ချစ်လက်ဆောင် အဖြစ်ပါ အသိအမှတ်ပြုပြီး မင်းလက်ခံပေးပါနော်”  သူမဘယ်တုန်းကမှ မရရှိခဲ့ဖူးသည့် နူးညံ့ချိုသာသော အသံကို အဖိုးထံမှ တိုးညှင်းစွာ၊ ဖြေးလေးစွာ၊ တုန်ယင်စွာနှင့် မသဲမကွဲ ကြားလိုက်ရတော့သည်။ သို့သော် မသဲကွဲပေမဲ့လည်း အဖိုးပြောသမျှကို သူမ လုံးစေ့ပတ်စေ့ နားလည်နိုင် ပါသည်။ ဒီလူနှင့် နေခဲ့သည်မှာ နှစ် ၅ဝပင် ရှိခဲ့ပြီ မဟုတ်ပါလားလေ။


အဖိုး၏ စကားဆုံးသွားသည့်အခါ အဖွားမျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံ အိုင်ထွန်း လာပါတော့သည်။ အဖွားသည် အဖိုး၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ သူမ ပါးပြင်နှစ်ဘက်ပေါ် အပ်ထားမိ လိုက်သည့် အချိန်တွင်တော့ အဖွား၏ မျက်ရည်များက အဖိုး၏ လက်ပေါ်သို့ တသွင်သွင် စီးကျလာ တော့သည်။   ထို့နောက်တွင် အဖွားသည် အဖိုး၏ လက်ကို  ခိုင်မြဲစွာ တွဲကာ အိမ်ဆီသို့ ၂ယောက်သား ပြန်လာခဲ့ကြတော့သည်။ အဖွား၏ မျက်နှာပေါ်တွင် မျက်ရည်စများနှင့်။ သို့သော် မျက်ရည်စများကြားမှပင် ကြည်နူးမှု အပြုံးလေးတစ်စက တွဲခိုလျှက် ရှိနေလေသည်။ အဖိုး၏ မျက်နှာပေါ်တွင်လည်း အပြုံးလေးက မပီဝိုးဝါး ခပ်ရေးရေးလေး။ သို့သော် အဖိုး၏ ကြည်နူးရိပ် သန်းနေသောအပြုံးကို အဖွားတစ်ယောက် ကောင်းစွာ ခံစား သိရှိပါလိမ့်မည်။ ဘယ်တုန်းကမှ မဖော်ပြခဲ့ဖူးသော အဖိုး၏ အချစ်တို့သည် ယခုအချိန်ရောက်မှ အဖွားတစ်ယောက် သိခွင့် ရလိုက်သော်လည်း အဖွားစိတ်ထဲတွင် တွေးနေမိသည်က “အချစ်အကြောင်း ပြောဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူးလေ”.. ဟူ၍သာ..။ ထို့နောက်တော့ “ကျွန်မကို လက်ဆောင်မပေးလဲ ရှင့်ကို အမြဲချစ်နေမှာ၊ ဂရုစိုက်နေမှာပါ အဖိုးကြီးရယ်” ဟု ရှက်ပြုံး၊ ကြည်နူးသည့် အပြုံးလေးနှင့် အဖိုးကို ပြောလိုက်ပါတော့သည်။




ဒီရက်ပိုင်း ကျွန်မ စာအသစ်ထပ်ရေးဖို့ မအားမလပ် ဖြစ်နေတဲ့အတွက် လွန်ခဲ့တဲ့ ၂နှစ် နီးပါးလောက် က ရေးခဲ့တဲ့ ဒီပိုစ့်လေးကို ပြန်တင်လိုက်ခြင်း ဖြစ်ပါတယ်ရှင်။ ဒီပိုစ့်ဟာ Chicken Soup for the Bride's Soul မှ Danise Jacoby ရဲ့ A Change of Heart ကို ဆီလျှော်အောင် ဘာသာပြန်ခြင်း ဖြစ်ပါတယ်။ အားလုံးဘဲ ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ အေးချမ်းကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

မမေ့နိုင်တဲ့ လက်ဆောင် ခရစ္စမတ်ပန်း


မမေ့နိုင်တဲ့ လက်ဆောင်
*********

 
ကျွန်မအဖေဟာ သူငယ်စဉ်ဘဝရဲ့ ၁၅နှစ်လုံးလုံးကို ယူကရိန်းနိုင်ငံမှာ ကုန်လွန်ခဲ့ရပါတယ်။ အဲဒီမှာ နေခဲ့စဉ် သူ့ဘဝရဲ့ ထူးဆန်း အံ့သြဖွယ် အဖြစ်အပျက်အကြောင်းကို အဖေက ကျွန်မတို့ ငယ်စဉ် ကတည်းက ပြောပြခဲ့လို့ အလွတ် ရလောက်အောင် မှတ်မိနေခဲ့ပါတယ်။ အဲဒီ ယူကရိန်းမှာ နေထိုင် စဉ် တစ်ခုသော ခရစ္စမတ်မှာတော့ အဖေရဲ့အစ်ကို နှစ်ယောက်ဟာ မိသားစုအတွက် ခရစ္စမတ် လက်ဆောင်လေး တစ်ခု ယူလာပေးပါတယ်။ အဲဒါလေးကတော့ သံပတ်ပေးလိုက်ရင် သီချင်းသံလေး ထွက်လာတဲ့ ဂျာမန်လုပ် အသံဘူးကလေးတစ်ခုပါ။ သံပတ်လေးပေးလိုက်ရင် Silent Night ဆိုတဲ့ သံစဉ်လေးက သာယာနာပျော်ဖွယ် ကောင်းစွာ အေးအေးငြိမ့်ငြိမ့်လေး ထွက်ပေါ်လာပါတယ်။



ခရစ္စမတ်ပြီးလို့ သိပ်မကြာခင်မှာဘဲ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်လာပါတော့တယ်။ ယူကရိန်းဟာလည်း စစ်ဒဏ်ကို ခံရတဲ့နိုင်ငံတစ်ခု ဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးလည်း မငြိမ်မသက်ဖြစ်နေပါတော့တယ်။ ဒီကြားထဲမှာဘဲ ရုရှတော်လှန်ရေးကြီး ဖြစ်လာပြန်ပါတယ်။ လူထုအုံကြွ တော်လှန်ရေးကြီး ဖြစ်နေချိန်မှာ လူဆိုး၊ သူခိုးများလည်း တိုင်းပြည်အနှံ့ပေါ်ပေါက်လာပြီး အိမ်တွေကို ဝင် ဓားပြတိုက်၊ လုယက်၊ စတဲ့ဖြစ်ရပ်တွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာပါတယ်။ အကြမ်းဖက် သူတွေဟာ သူတို့ဝင်ရောက် လုယက်တဲ့ အိမ်ထဲမှာ အစားအသောက်တွေ ရှာဖွေလုယက်ပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ယူငင်သွားကြရုံမက မိန်းမတွေရှိရင် အနိုင်ကျင့် အကြမ်းဖက် နှိပ်စက်ပြီး ယောက်ျားတွေကိုတော့ ဖမ်းဆီးပြီး သတ်ပစ်တာမျိုးတွေအထိ သောင်းကျန်းလာကြတော့ လူတိုင်းဟာ ကျီးလန့်စာစားဘဝနဲ့ မိမိအိမ်ထဲမှာဘဲ ရင်တစ်ထိတ်ထိတ်နဲ့ နေနေကြရပါတယ်။ 


အဲဒီလိုနဲ့ ခရစ္စမတ် အကြိုညကို ရောက်လာပါတယ်။ အဖေတို့ဟာ မိသားစုနဲ့အတူ ခရစ္စမတ်အကြိုညကို အိမ်ထဲမှာ တိုးတိုးတိတ်တိတ် ပြင်ဆင်ကျင်းပနေကြပါတယ်။ ခရစ္စမတ်သစ်ပင် ခပ်သေးသေးလေးကို ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ဆင်ယင် ခင်းကျင်းထားပြီးတော့ အပင်ရှေ့မှာစုထိုင်လိုက်ကြပြီး အရင်နှစ်က အဖေရဲ့ အစ်ကိုတွေ လက်ဆောင်အဖြစ်ယူလာတဲ့ အသံဗူးလေးကို သံပတ်လေးပေးပြီး ဖွင့်လိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ Silent Night သံစဉ်လေးနဲ့အတူ မိသားစုတွေဟာ သီချင်းကို လိုက်ဆိုနေကြပါတယ်။ အဲဒီတုန်းမှာဘဲ အိမ်ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲဆို ပွင့်ထွက်သွားပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူရမ်းကားတစ်စု ဝင်ရောက်လာပါတော့တယ်။ 

Silent Night သီချင်းကို ဆိုနေတဲ့ အသံတွေအားလုံး ရုတ်တရက် ရပ်တန့်သွားကြပြီး ဝင်ရောက်လာတဲ့ လူဆိုးတွေကို ထိတ်လန့်တကြား  ကြောင်ပြီး ကြည့်နေမိကြပါတယ်။ မိသားစုဝင်တွေ အားလုံးရဲ့ သီချင်းဆိုသံ ရပ်သွားပေမဲ့ အလယ်မှာ ရှိနေတဲ့ အသံဗူးလေးဆီကတော့ Silent Night တီးလုံးသံလေးက ဆက်လက် ထွက်ပေါ်နေပါတယ်။ ဘယ်သူကမှ လှုပ်ရှားဖို့ သတိမရကြဘဲ အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မှာကို  သိလိုက်ကြတာမို့လည်း ကြောက်မက် ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။ မဖိတ်ခေါ်ဘဲ ရုတ်တရက် ဝင်ရောက်လာတဲ့ လက်နက်ကိုင် လူဆိုးတွေနဲ့ အိမ်သားတွေကြားမှာ ဘယ်သူကမှ ရုတ်တရက် အသံမထွက်လာပေမဲ့ အစောက သံပတ်ပေးဖွင့်ထားခဲ့တဲ့ Silent Night တီးလုံးသံလေးက လွှင့်ပျံထွက်ပေါ်နေပေမဲ့ ထိတ်လန့်တုန်လှုပ်မှုကြောင့် ဘယ်သူကမှ ပိတ်လိုက်ဖို့လည်း သတိမရခဲ့ကြပါဘူး။

လူဆိုးတွေထံကလည်း အသံမထွက်လာဘဲ တီးလုံးသံလေးထွက်လာရာ အသံဗူးလေးနဲ့ ခရစ္စမတ် သစ်ပင်ကိုကြည့်လိုက် ၊ မိသားစုဝင်တွေကို ကြည့်လိုက်နဲ့ ခေတ္တကြည့်နေပြီးတော့မှ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ လူဆိုးတစ်ဖွဲ့လုံးဟာ ပြန်လည် ထွက်ခွာသွားကြပြီး တံခါးကို ပြန်ပိတ်ပေးသွားခဲ့ကြပါတယ်။ အိုး တကယ်လဲ အဲဒီအဖြစ်အပျက်ဟာ သိပ်ကို ထူးဆန်းဖွယ်ကောင်းတဲ့ ခရစ္စမတ်အကြိုနေ့ပါဘဲ။ အဖေ့အတွက် တစ်သက်လုံး မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်ခဲ့ရသလို အဖေပြန်ပြောပြလို့ သိလာရတဲ့ ကျွန်မတို့အတွက်လည်း အဖေတို့မိသားစုကို သေတွင်းကနေ ကယ်တင်ခြင်း ခံခဲ့ရတဲ့ အဲဒီနေ့ကို ဘယ်လိုမှ မမေ့နိုင်ပါဘူး။ အဲဒီအချိန်တုန်းက အဖေတို့မိသားစု ခရစ္စမတ်အကြိုနေ့မှာ ဖွင့်ခဲ့တဲ့ အသံဗူးလေးဟာ ခုဆိုရင် ကျွန်မရဲ့ လက်ထဲမှာ ရောက်နေပါပြီ။ ကျွန်မတို့ မိသားစုရဲ့ အမှတ်တရ ပစ္စည်းလည်း ဖြစ်တာကြောင့် အမြတ်တနိုး သိမ်းဆည်းထားခဲ့ကြတာမို့ ဒီဗူး ကလေးဟာ ဟောင်းနွမ်း လို့ နေပေမဲ့ ခုချိန်ထိ အသံကောင်းကောင်း ထွက်ပါသေးတယ်။ အထဲက စက် ကိရိယာတွေ မပျက်စီးသေးပါဘူး။ ကျွန်မတို့ မိသားစုအတွက်တော့ ဒီအသံဗူးလေးဟာ အလွန်တန်ဖိုး ကြီးမားလှတဲ့ ခရစ္စမတ် လက်ဆောင်လေးတစ်ခုဘဲ မဟုတ်ပါလား။


Katherine Kehler  ရဲ့ An Awesome Christmas Eve ကို ဘာသာပြန်ပါသည်။ 

              **************************@@@******************************


ခရစ္စမတ်ပန်း


Image Hosted by PicturePush - Photo Sharing

 ခရစ္စမတ်ပန်း( Poinsettia)


နိုင်ငံ အသီးသီးကလူတွေဟာ ခရစ္စမတ်ရောက်တော့မှာမို့ ရက်ရှည် အားလပ်ရက်တွေ၊ ခွင့်ရက်တွေ၊ ဘောနပ်စ်တွေ ရပြီး ပျော်တဲ့ သူတွေက ပျော်၊ ခရီးထွက်တဲ့သူတွေက ထွက်နဲ့ လူတိုင်းလူတိုင်း စိတ် လှုပ်ရှားနေကြတာ ကြည့်ရတာနဲ့တင် ပျော်ရွှင်ကြည်နူးဖို့ ကောင်းပါတယ်နော်။ ဒီလို ခရစ္စမတ်ကာလမှာ ခရစ္စမတ်နဲ့ ဆိုင်တဲ့ ပန်းတစ်မျိုးအကြောင်း ပြောပြ ချင်ပါတယ်။ ခုလို ရာသီချိန်ခါ မှာတော့ နေရာအနှံ့မှာ ထင်ထင်ရှားရှား တွေ့ရတဲ့ ပန်းတစ်မျိုးကတော့ ရဲရဲနီတဲ့ အရောင် အဆင်းနဲ့ နေရာတိုင်းမှာ တွေ့ရပြီဖြစ်တဲ့ ခရစ္စမတ်ပန်းဖြစ်ပါတယ်။ အခြား ဘယ်လိုနာမည်မျိုး ရှိသေးလဲမသိပေမဲ့ ကျွန်မတို့ကတော့ ခရစ္စမတ်ရာသီမှာ အစွမ်းကုန် နီရဲတောက်ပနေလို့ အဲဒီပန်းကို ခရစ္စမတ် ပန်းလို့ဘဲ ခေါ်ပါတယ်။ အခြားအမည်များ ရှိရင် ကော်မန့်မှာ ရေးသွားပေးလို့ ရပါတယ်နော်။ ပြီးတော့လည်း ခရစ္စမတ်ကျင်းပတဲ့ အခမ်းအနားတွေမှာ မပါမပြီးတဲ့ ပန်းလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လို Poinsettia လို့ ခေါ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ တကယ်တမ်းတော့ နီရဲနေတဲ့အပိုင်းဟာ အပွင့် မဟုတ်ဘဲ အရွက်တွေသာ ဖြစ်ပါတယ်။ 


အပင်ကြီးမဟုတ်ဘဲ ခပ်နိမ့်နိမ့် အပင်မျိုးဖြစ်တဲ့ ခရစ္စမတ်ပန်းပင်ဟာ အမြင့် ၂ပေကနေ ၁၆ပေထိ မြင့်နိုင်ပါတယ်။ အရွက်ဟာ အနည်းငယ် ရှည်သော အမျိုးအစားဖြစ်ပြီး ၃လက်မကနေ ၆လက်မ အထိရှည်ပြီး အစိမ်းရင့်ရောင် ရှိပါတယ်။ ဒီဇင်ဘာလလို ဆောင်းရာသီမျိုးမှာ ထိပ်ဖျားပိုင်း အရွက်နုတွေဟာ ရဲရဲနီလာတတ်ပြီး အများအားဖြင့် အနီရဲရဲရောင်သာ ဖြစ်သော်လည်း လိမ္မော်ရောင်၊ အဝါဖျော့၊ အစိမ်းဖျော့ရောင်၊ ခရင်မ်ရောင်၊ ပန်းနုရောင်၊ အဖြူရောင် တို့ကိုလည်း တွေ့ရတတ်ပါတယ်။ အပင်ရဲ့ မူလ အရွက်စိမ်းနဲ့ မတူတော့တဲ့ အရောင်တွေကြားမှာ အပွင့်သေးသေး ဝါဝါလေးများကို မထင်မရှား တွေ့ရနိုင်ပါတယ်။ ခရစ္စမတ်ပန်းပင်ရဲ့ မူလဇာတိဟာ မက္ကဆီကိုဖြစ်ပြီး သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့ရသော်လည်း ယခုခေတ် အခါမှာတော့ နေအိမ်များ၊ ပန်းခြံများ၊ ဟိုတယ်နဲ့ ဧည့်ခမ်းဆောင်များ၊ ဥယျာဉ်ခြံကြီးများမှာ အလှပင်အဖြစ် အမြတ်တနိုး စိုက်ပျိုးလာကြသလို ခရစ္စမတ်ရာသီနဲ့ တိုက်ဆိုင်တဲ့အတွက်လည်း ခရစ္စမတ်ပွဲများ ကျင်းပရာမှာလည်း အလှဆင် ထည့်သွင်းကြပါတယ်။



poinsettias



poinsettias

အရောင်စုံခရစ္စမတ်ပန်းပင်များ

photo


photo



photo

photo
ခရစ္စမတ်အမှီရောင်းဝယ်ဖောက်ကားနေကြသူများ


photo

photo
 အဝါဖျော့

photo

photo

 အစိမ်းဖျော့

photo

poinsettias
 ပန်းရောင်


poinsettias
အများဆုံးတွေ့ရတဲ့ အနီရောင် 

photo

poinsettias
ဖြူနီ အရောင်စပ်ကြား

http://0.tqn.com/d/poolandpatio/1/0/5/_/-/-/orangies.jpg
လိမ္မော်


poinsettias

photo

Image Hosted by PicturePush - Photo Sharing

အဖြူရောင်(ခရင်မ်ရောင်)



photo

ခရစ္စမတ်မှာထွန်းညှိတဲ့ ခရစ္စမတ်ပန်းပုံ မီးလုံးများ
Image Hosted by PicturePush - Photo Sharing
ခရစ္စမတ်ကဒ်

Image Hosted by PicturePush - Photo Sharing

photo


photo
 
မက္ကဆီကိုနိုင်ငံနဲ့ ဂွာတီမာလာ တို့မှာတော့ Noche Buena ရယ်လို့ လူသိများပြီး ခရစ္စမတ်အကြို ညနေခင်း လို့ အဓိပ္ပါယ်ရပါတယ်။ စပိန်နိုင်ငံမှာတော့ Floe de Pascua လို့ခေါ်ပြီး အီစတာပန်းလို့ အဓိပ္ပါယ်ရပါတယ်။ ချီလီနဲ့ ပီရူးမှာတော့ Crown of the Andes ပန်းလို့ လူသိများပါတယ်။ အမေရိကားကိုတော့ ၁၈၂၅ခုနှစ်မှသာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မက္ကဆီကိုဆိုင်ရာ ပထမဦးဆုံး သံအမတ် ဖြစ်သူ Joel Robert Poinsette  က မက္ကဆီကိုမှာ တာဝန်ကျချိန်မှာ အမေရိကန်မှာ မရှိတဲ့ ဒီပန်းမျိုးတွေကို အမေရိကားသို့ ပို့ဆောင်ပေးလိုက်တဲ့အတွက် ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ် စကားပြောနိုင်ငံတွေကတော့ ဒီပန်းကို သူ့အမည်ဖြစ်တဲ့ Poinsetteလို့ ခေါ်ဆိုခဲ့ကြပါတယ်။  ဒီပန်းကို ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပန်းလို့ သတ်မှတ်ခဲ့တာကတော့ ၁၆ရာစုကနေ စတင်ခဲ့ပါတယ်။ ခရစ္စမတ်နဲ့ သက်ဆိုင်တဲ့ ပိုစ့်ကဒ်တွေမှာပါ မပါမပြီး ပါဝင်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ မျိုးပွားစိုက်ပျိုးထားတဲ့ ခရစ္စမတ်ပန်းပင် အမျိုးအစား တစ်ရာကျော်ခန့်ကို အမျိုးမျိုးသော အရောင်များဖြင့် ဒေသ အသီးသီးမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။



ချစ်သော မိတ်ဆွေများအားလုံး ခရစ္စမတ်အားလပ်ရက်များမှာ ပျော်ရွှင်အေးချမ်း ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

လက်ဆောင်



ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက်  ကျွန်ုပ်က  ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။ 


Image Hosted by PicturePush - Photo Sharing

ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.


Image Hosted by PicturePush - Photo Sharing

ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။  


Love The Mother Nature


သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.


Image Hosted by PicturePush - Photo Sharing





 အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.

ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။


Image Hosted by PicturePush - Photo Sharing

 မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။

ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ 


Love The Mother Nature

မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်

Love The Mother Nature

ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်


Love The Mother Nature

အမှိုက်တွေကို စည်းကမ်းမရှိ ပစ်ထားကြတယ်


Image Hosted by PicturePush - Photo Sharing
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်


Image Hosted by PicturePush - Photo Sharing

သစ်တောတွေ ပြုန်းတီးစေတယ်


Image Hosted by PicturePush - Photo Sharing

သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။

Image Hosted by PicturePush - Photo Sharing 

တောတောင်တွေ ဖျက်ဆီးကြတယ်



သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။ 


ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။

Image Hosted by PicturePush - Photo Sharing



Love The Mother Nature


Love The Mother Nature



lemurs


Love The Mother Nature


Image Hosted by PicturePush - Photo Sharing







ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။


 seals 12 Killing Animals – Unethical and Immoral




Love The Mother Nature



 wolf 22 Killing Animals – Unethical and Immoral
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်

wolves 12 Killing Animals – Unethical and Immoral
အမွှေးကိုလိုချင်လို့ သတ်တယ်

Whaling 32 Killing Animals – Unethical and Immoral



အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်

gorillas 23 Killing Animals – Unethical and Immoral
 ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်



Image Hosted by PicturePush - Photo Sharing

 အလှထားဖို့ သတ်ကြတယ်


 အသုံးအဆောင်အတွက် သတ်ကြတယ် 

ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။  ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။ 

ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..



Image Hosted by PicturePush - Photo Sharing

 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







တိရိစ္ဆာန်တွေကို ကြင်နာပါ

Image Hosted by PicturePush - Photo Sharing
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။

Image Hosted by PicturePush - Photo Sharing
 ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်


Image Hosted by PicturePush - Photo Sharing
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။ 

 ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
  



အင်တာနက်ပေါ်က Love The Mother Nature ကို ဘာသာပြန်ပါသည်။


သဘာဝတရားက ပေးထားတဲ့ လက်ဆောင်များကို လူတိုင်း ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ကြပါစေ...

Image Hosted by PicturePush - Photo Sharing