Showing posts with label နှစ်သက်မိသော စာစုများ. Show all posts
Showing posts with label နှစ်သက်မိသော စာစုများ. Show all posts

လွတ်လပ်ခြင်း တံခါးများ...

ကျောင်းနေဖို့ အသက်ပြည့်ပြီဖြစ်လို့ ကောင်ကလေးဟာ ကျောင်း စတက်ရပါတော့မယ်… သူတက်ရမဲ့  ကျောင်းကြီးကို ကြည့်ပြီး ကောင်ကလေးက ကျေနပ် ပျော်ရွှင်လို့ နေပါတယ်… သူဟာ ကျောင်းစတက်ခါစ အခြားကလေးငယ်တွေကို ငိုယိုနေတာမျိုး၊ အော်ဟစ်နေတာမျိုး မရှိဘဲ ကျောင်းနေပျော်မဲ့ ကျောင်းသားကလေး တစ်ယောက်ပမာ ပျော်ရွှင် တက်ကြွလို့နေခဲ့တယ်။ သူတက်ရမဲ့ အခန်းဟာ ကျောင်းတံခါးဝကနေ မြက်ခင်းပြင်ကို ဖြတ်ပြီး သွားရင် တောက် လျောက် ရောက်နိုင်တဲ့ နေရာမှာ ရှိတဲ့အတွက် သိပ်ကျေနပ် သဘောကျနေခဲ့ပါတယ်။ 

သူကလေး ကျောင်းစတက်တဲ့ ရက်မှာဘဲ ဆရာမက “ ဒီနေ့တော့ ပုံဆွဲတာ စသင်မယ်” လို့ ပြောလာတဲ့အတွက် ကောင်ကလေးက သိပ်ကို ဝမ်းသာသွားပါတယ်။ သူက ပုံဆွေဲရတာ အလွန်ဝါသနာပါပြီး ကျား၊ ခြင်္သေ့၊ ကြက်၊ ငှက်၊ နွား ၊ ရထား၊ လှေ စတဲ့ပုံတွေအားလုံးကို သူက ကောင်းကောင်းကြီး ဆွဲတတ်ပါတယ်။ သူဟာ ပျော်ရွှင်စွာနဲ့ သူရဲ့ ရောင်စုံလေးတွေကို ထုတ်လိုက်ပြီး စာရွက်ပေါ်မှာ ပုံစဆွဲဖို့ ပြင်ပါတော့တယ်။ 



“ဟေး… ကောင်လေး မဆွဲနဲ့ဦး.. ” လို့ ဆရာမက သူ့ကို လှမ်းအော်လိုက်ပါတယ်။ ပြီးတော့ အတန်းသားတွေ အားလုံး အဆင်သင့်ဖြစ်မဖြစ် ဆရာမက စောင့်ကြည့်လိုက်ပြီး အားလုံး ပုံဆွဲဖို့ အဆင်သင့်ဖြစ်ပြီဆိုတော့မှ “ကဲ.. အခု ပန်းပွင့်ကလေးတွေရဲ့ပုံ စဆွဲမယ်” လို့ ပြောလိုက်တော့ ကောင်လေးက “ ပန်းပွင့်ပုံ ဆွဲရင်လည်း ကောင်းသားဘဲ.. ငါ ပန်းပွင့်ပုံ ကောင်းကောင်းဆွဲတတ်သားဘဲ” လို့ တွေးလိုက်ပြီး ပန်းရောင်၊ လိမ္မော်ရောင်၊ အပြာရောင် ရောင်စုံခဲတံလေးတို့နဲ့ ပန်းပွင့်ပုံ ဆွဲပါတော့တယ်။

သို့ပေမဲ့လည်း “နေဦး.. မဆွဲနဲ့ဦး.. ဆရာမအရင် ဆွဲပြမယ်.” လို့ပြောပြီး နံရံပေါ်က သင်ပုန်းပေါ်မှာ ဆရာမက ပန်းပွင့်ပုံကို ဆွဲပြပါတယ်. ဆရာမဆွဲတဲ့ ပန်းပွင့်က အနီရောင်နဲ့ ရိုးတံက အစိမ်းရောင်ပန်းပွင့်ကလေးပါ။ ကဲ.. အခု ဆရာမဆွဲပြတဲ့အတိုင်း လိုက်ဆွဲကြတော့ ” လို့ ပြောပြီး ပန်းပွင့်ပုံ စဆွဲခိုင်းပါတယ်။ ကောင်လေးဟာ ဆရာမဆွဲထားတဲ့ အနီရောင်ပန်းပွင့်လေးကိုကြည့်လိုက်.. သူဆွဲထားတဲ့ ပန်းပွင့်လေးကို ကြည့်လိုက် ကြည့်နေပြီး သူ့စိတ်ထဲမှာလည်း သူဆွဲထားတဲ့ ပန်းပွင့်လေးကိုသာ ပိုပြီး သဘောကျပါတယ်.။ သို့သော်လည်း ကောင်လေးဟာ ဘာမှ မပြောတော့ဘဲ စာရွက်နောက်တစ်ရွက် လှန်လိုက်ပြီး သူ့ဆရာမ ဆွဲပြထားတဲ့အတိုင်း အနီရောင်ပန်းပွင့်လေးနဲ့ ရိုးတံအစိမ်းလေးကို ဆွဲလိုက်ပါတယ်။ 

နောက်တစ်နေ့ ကျောင်းရောက်တော့ ကောင်လေးဟာ သူ့အနားက အခန်းပြူတင်းပေါက်ကနေ ကျယ်ပြန့်သာယာစွာ မြင်နေရတဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကို ငေးမောကြည့်ရင်း သဘောကျကျေနပ်နေပါတယ်။ အဲဒီအချိန်မှာ အတန်းထဲကို ဆရာမ ဝင်လာပါတယ်။ “ ဒီနေ့တော့ ရွံ့စေးတွေနဲ့ အရုပ်တွေလုပ်ကြမယ်ဟေ့” လို့ အတန်းသားတွေကို ပြောလိုက်တော့ ကောင်ကလေးက ဝမ်းသာသွားပါတယ်။ ရွံ့စေးရောင်စုံလေးတွေနဲ့ နှင်းလူ၊ မြွေ၊ ဆင်၊ ကြွက် ၊ ကား စတဲ့အရုပ်လေးတွေကို လုပ်ရတာ သူ သိပ်သဘောကျပါတယ်။ ဒါနဲ့ ကောင်ကလေးက ဝမ်းသာအားရနဲ့ သူ့ရဲ့ ရွံ့စေးဘူးလေးကို ဆွဲထုပ်လိုက်ပြီး လက်ကလေးနဲ့ ဖိညှစ်လိုက်ကာ ထွက်လာတဲ့ ရွံ့စေးလေးတွေကို လက်နဲ့ အလုံးကလေး လုပ်ပါတော့တယ်။ 

Image Hosted by PicturePush - Photo Sharing


“ နေဦး.. မလုပ်နဲ့ဦး ” ဆရာမရဲ့ အော်သံထွက်လာပါတယ်. သူက ရွံ့စေးလေးကို လုံးနေရာက ရပ်လိုက်ပြီး ဆရာမထံ လှမ်းကြည့်လိုက်တော့ ဆရာမက အတန်းသားတွေ အားလုံး အဆင်သင့် ဖြစ်အောင် စောင့်လိုက်ပြီးမှ “ ကဲ.. အခု အားလုံးဘဲ ပန်းကန်ပြားလေး စလုပ်ကြည့်ရအောင် ” လို့ ပြောလိုက်ပါတယ်။ ကောင်ကလေးကလည်း “ ကောင်းတယ်.. ပန်းကန်ပြား လုပ်မယ်ဆိုရင်လည်း ကောင်းတာဘဲ.. ငါပန်းကန်းပြားတွေ ကောင်းကောင်းလုပ်တတ်တာပေါ့” လို့ တွေးလိုက်ပြီး လျှင်မြန်သွက်လက်လှတဲ့ သူ့ရဲ့လက်တွေက ရွံ့စေးလေးတွေနဲ့ ပန်းကန်ပြား အရွယ်မျိုးစုံတို့ကို ရွံ့စေး ရောင်စုံလေးတွေနဲ့ လုပ်ပါတော့တယ်။ 

Image Hosted by PicturePush - Photo Sharing


“ဟေး.. နေကြဦး.. ပန်းကန်ပြား ဘယ်လိုလုပ်ရတယ်ဆိုတာ ဆရာမ ပြမယ်၊ ကိုယ့်သဘောနဲ့ကိုယ် အရင်မလုပ်နဲ့ဦး” လို့ အော်လိုက်ပြီး ဇောက် ခပ်နက်နက် ပန်းကန်ပြားတစ်ချပ်ကို ဆရာမက လုပ်ပြလိုက်ပြီး “ကဲ.. အခု ဆရာမပြတဲ့အတိုင်း ပန်းကန်ပြား စလုပ်လို့ရပြီ” လို့ ပြောလိုက်ပါတယ်။ ကောင်ကလေးဟာ ဆရာမရဲ့ ပန်းကန်ပြားကိုကြည့်လိုက်၊ သူလုပ်ထားတဲ့ ပန်းကန်လေးတွေကိုကြည့်လိုက် လုပ်နေပြီး သူ့စိတ်ထဲမှာ သူလုပ်ထားတဲ့ ပန်းကန်လေးတွေကို ပိုပြီး သဘောကျပေမဲ့ ဘာမှ မပြောတော့ဘဲ သူလုပ်ထားတဲ့ ပန်းကန်တွေကို အားလုံး လုံးခြေလိုက်ပြီး ရွံ့စေး အလုံးကြီးကြီး ဖြစ်သွားတဲ့အခါ ဆရာမပြတဲ့ ပုံစံအတိုင်း  ဇောက်နက်နက် ပန်းကန်တစ်ခုကို စတင် ပြုလုပ်လိုက်ပါတယ်။ ပန်းကန်ကို ပုံစံလေးဖော်လိုက် ဆရာမလုပ်ထားတဲ့ ပန်းကန်ကိုကြည့်လိုက်၊ အဲဒီပုံအတိုင်းဖြစ်အောင် လုပ်လိုက်နဲ့ အချိန်အတော်ကြာတဲ့အထိ သူ့ကိုယ်ပိုင် စိတ်ကူးနဲ့ ဘာတစ်ခုမှ မလုပ်ဖြစ်လိုက်ပါဘူး။ 

အဲဒီကျောင်းမှာနေပြီး အချိန်အတော်ကြာတဲ့အခါမှာ သူ့မိသားစုဟာ အလုပ်ကိစ္စနဲ့ အခြားမြို့ကို ပြောင်းရွေ့ ရပါတယ်။ ကောင်ကလေးဟာ အဲဒီမြို့က ကျောင်းအသစ်မှာ ကျောင်းတက်ရပြန်ပါတယ်။ အဲဒီကျောင်းဟာ ယခင်က သူတက်ခဲ့တဲ့ ကျောင်းထက်ကို ကြီးပါတယ်။ သို့ပေမဲ့ အဲဒီကျောင်းမှာ သူတက်ရတဲ့ စာသင်ခန်းဟာ ကျောင်းဝင်းထဲကနေ  တောက်လျောက် ရောက်နိုင်တဲ့ မြေညီထပ်မှာ ရှိမနေပါဘူး။ လှေကားတွေကို တက်ပြီးနောက် ဟောလ်ခန်းမကြီးကို ကျော်ဖြတ်ပြီးမှသာ သူစာသင်ရမဲ့ အခန်းကို ရောက်ပါတယ်။ 

သူရဲ့ ပထမဆုံး ကျောင်းစတက်ရက်မှာ ဆရာမက “ ဒီနေ့တော့ ပုံဆွဲကြရအောင်” လို့ အော်ပြောလိုက်ပါတယ်။ ဆရာမရဲ့ စကားကိုကြားတော့ ကောင်လေးကလည်း “သိပ်ကောင်းတာဘဲ.. ငါလည်း ပုံဆွဲချင်နေတာ” လို့ ပါးစပ်က ရေရွတ်လိုက်ပြီး ပုံဆွဲစာရွက်နဲ့ ရောင်စုံလေးတွေကို ထုတ်လိုက်ကာ ဆရာမဘာပုံဆွဲခိုင်းမလဲ ဆိုတာကို စောင့်နေပါတယ်။ ဒါပေမဲ့လည်း ဆရာမဖြစ်သူက ဘာစကားမှ မပြောဘဲ အခန်းထဲမှာ လမ်းလျှောက်ပြီး ကလေးတွေပုံဆွဲနေတာကို လိုက်ကြည့်နေပါတယ်။ ဆရာမဟာ ကောင်လေးရဲ့ အနားကိုရောက်လာတော့ ဘာမှ မဆွဲသေးဘဲ ထိုင်နေတဲ့ကောင်လေးကိုတွေ့တော့ “သားက ပုံမဆွဲဘူးလား” လို့ သူ့ကို မေးလိုက်ပါတယ်။ သူကလည်း “ဟုတ်ကဲ့.. ဆွဲမှာပါဆရာမ.. ကျွန်တော်တို့ ဘာပုံဆွဲရမလဲ” လို့ ဆရာမကို ပြန်မေးပါတယ်။

ဆရာမကလည်း “ သားဘာပုံဆွဲချင်လဲဆိုတာ ဆရာမ မသိဘူးလေ” လို့ ပြန်ပြောပါတယ်။ “ ဒါဆို ဘာပုံဖြစ်ဖြစ် ဆွဲလို့ရသလား ဆရာမ” လို့ သူက မေးတော့ “ ရတာပေါ့။ သားကြိုက်တဲ့ပုံဆွဲလေ” လို့ ဖြေပါတယ်။ “ဘာအရောင်နဲ့ဖြစ်ဖြစ် ဆွဲလို့ရလား” လို့ သူက ပြန်မေးပြန်ပါတယ်။ “ရတယ်လေ.. သားကြိုက်တဲ့ပုံကို သားကြိုက်တဲ့အရောင်နဲ့ ဆွဲနိုင်တယ်။ သားတို့စိတ်ကြိုက် ဆွဲနိုင်ဖို့အတွက် ဆရာမက ဘယ်ပုံကိုဆွဲ၊ ဘယ်အရောင်ကိုသုံးလို့ မပြောတာပေါ့။ တကယ်လို့ အားလုံးက ပုံစံအတူတူဆွဲပြီး ဆေးရောင် အတူတူခြယ်ထားရင် အဲဒီပုံတွေကြည့်ပြီး ဘယ်သူက ဘယ်ပုံကိုဆွဲထားတယ်ဆိုတာ ဆရာမ ဘယ်မှတ်မိပါ့မလဲ။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ပုံနဲ့ မတူတဲ့အရောင်တွေကိုဆွဲမှ မှတ်မိမှာပေါ့သားရဲ့” လို့ ပြောလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဆရာမရဲ့စကားကိုကြားလိုက်တာနဲ့ ကောင်ကလေးဟာ ပန်းရောင်၊ လိမ္မော်ရောင်၊ အပြာရောင်တို့နဲ့ ပန်းပွင့်လေးတွေ ဆွဲပါတော့တယ်။ နောက်နေ့တွေမှာလည်း ကောင်ကလေး စိတ်ကူးရှိတဲ့အတိုင်း ရွံ့စေရုပ်ကလေးတွေ အမျိုးမျိုးကို ပြုလုပ်ရပါတယ်။ အဲဒီအချိန်က စပြီး ကောင်ကလေး ဟာ ကျောင်းသစ် ကြီးမှာ ပျော်ရွှင်သွား ပါတော့တယ်။ ကျောင်းသစ်ကြီးမှာ ကျောင်းပေါက်ဝကနေ သူ့စာသင်ခန်းကို တစ်ခါတည်းရောက်နိုင်တဲ့ တံခါးတွေ ရှိမနေပါဘူး။ ဒါပေမဲ့ ပိတ်မထားဘဲ လွတ်လပ်စွာဖွင့်ထားတဲ့ တံခါးပေါက်တွေတော့ ရှိနေခဲ့ပါတယ်။ သူစိတ်ကူးရှိတဲ့ အတိုင်း ဖော်ပြခွင့် ရတဲ့ ကျောင်းသစ်ကြီးဟာ သူ့အတွက် နေရာမှန် တစ်ခုဆိုတာ ကောင်ကလေးသိသွားခဲ့ပါပြီ။ 


လွတ်လပ်ခြင်းတံခါးများကို ပိတ်ဆို့ကာဆီးခြင်းသည် တိုးတက်ခြင်းကို နှေးကွေးကြန့်ကြာစေသည်။ 


သူငယ်ချင်း SSY လက်ဆောင်ပို့ပေးသော Chicken Soup for the Soul မှ Helen E. Buckley ရဲ့ The Little Boy ကိုဖတ်မိပြီး နှစ်သက်မိတဲ့အတွက် ဘာသာပြန်ပါတယ်။ စိတ်ကူးဆန္ဒများ အားလုံး ပြည့်ဝကြ ပါစေရှင်...





Image Hosted by PicturePush - Photo Sharing

စိတ်ရဲ့ ပြူတင်းပေါက်



အိမ်ထောင်ကျကာစ လင်မယားအသစ်ကလေး တစ်စုံဟာ  နေရာသစ်က တိုက်ခန်းအသစ်လေး တစ်ခုကို ပြောင်းရွေ့လာကြပါတယ်။ သူတို့နေရတဲ့တိုက်ခန်းအသစ်ဟာ ပြင်ပ ၀န်းကျင်ကို ကောင်းကောင်း ကြည့်မြင်နိုင်တဲ့  မှန်ပြူတင်းပေါက်တွေ ရှိနေခဲ့ပါတယ်။



နောက်တစ်နေ့မနက် သူတို့နှစ်ယောက် မနက်စာ စားနေချိန်မှာ ထမင်းစားခန်းရဲ့ ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ တစ်ဖက် အိမ်က ခြံဝင်းထဲမှာ အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားတာ တွေ့လိုက်ရပါတယ်။

အဲဒီအ၀တ်တွေကိုကြည့်ပြီး အမျိုးသမီးလေးက “အ၀တ်တွေကြည့်ရတာ စင်တဲ့ပုံလည်းမရဘူး။ အဲဒီအ၀တ်တွေကို လျှော်တဲ့ မိန်းမဟာ အ၀တ်လည်း ကောင်းကောင်း မလျှော်တတ်ဘူးထင်တယ်။ ဒါမှမဟုတ် သူတို့သုံးတဲ့ ဆပ်ပြာမကောင်းလို့လား မသိဘူး” ဆိုတဲ့ မှတ်ချက် ချပါတယ်။
Image Hosted by PicturePush - Photo Sharing


တစ်ဖက် အိမ်ကလည်း နေ့စဉ်နေ့တိုင်း အ၀တ်တွေ အများကြီးကို လျှော်ဖွတ်ပြီး လှမ်းထားသလို မိန်းခလေးဟာလည်း  အဲဒီပြူတင်းပေါက်ကနေ ကြည့်မိတိုင်း သူတို့လျှော်တဲ့ အ၀တ်တွေ မစင်တဲ့အကြောင်း၊ အ၀တ် မလျှော်တတ်ကြောင်း၊ ဆပ်ပြာမကောင်းကြောင်း စတဲ့မှတ်ချက်တွေကို ချတတ်ပါတယ်။
နောက်တစ်နေ့ မနက်စားစားချိန်မှာတော့ ထုံးစံအတိုင်း မိန်းခလေးဟာ တစ်ဖက် ခြံဝင်းထဲကို ကြည့်လိုက်ပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing

“ဟယ်..  ကိုယ်ရေ ဒီနေ့တော့ ထူးထူးခြားခြားတော်..  ဟိုဖက်တိုက်ခန်းက အ၀တ်တွေ လျှော်ထားတာ ပြောင်စင်နေပါလား။ ဆပ်ပြာကောင်းကောင်းသုံးပြီထင်တယ်.. ကိုယ်ရော မြင်ရလား အ၀တ်တွေ ပြောင်အောင် လျှော်ထားတာကိုလေ..” လို့ အံ့သြတကြီး ပြောလိုက်ရင်းက  သူ့ အမျိုးသားကို လှမ်းမေးလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီတော့ မိန်းခလေးရဲ့ အမျိုးသားက “ အော်.. အဲဒါ ပြောဖို့ မေ့နေတာ။ ကိုယ် ဒီမနက် စောစောနိုးတာနဲ့ အိမ်ရဲ့ ပြူတင်းပေါက်မှန်တွေကို သေချာဆေးကြော သန့်စင်ထားလိုက်တယ်။ တကယ်က ဟိုဖက်အိမ်က မိန်းမ အ၀တ်လျှော်တာ မစင်လို့ မဟုတ်ပါဘူး။ ကိုယ်တို့ပြူတင်းပေါက်မှန်က ညစ်ပေနေလို့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။


 ~~~~~~~~~~~~@@@~~~~~~~~~~~~~~~


တကယ်တော့ တစ်ဖက်သားကို ကြည့်တဲ့အခါ ကြည်ကြည်လင်လင် မြင်နိုင်ဖို့ဆိုရင် မိမိရဲ့ အတွင်းစိတ်ဖြစ်တဲ့ ပြူတင်းပေါက်လေးဟာလည်း သန့်ရှင်းကြည်လင်နေမှသာ ကြည်ကြည် လင်လင် မြင်ရမှာ ဖြစ်ပါတယ်။ မကြည်လင်နေတဲ့ စိတ်အခံနဲ့ လူတစ်ယောက်ကို ကြည့်တဲ့အခါ အမြင်မှန်ကို မြင်နိုင်ဖို့ မလွယ်ကူပါဘူး။ ကျွန်မတို့တွေ မိမိရဲ့ အတွင်းစိတ် ပြူတင်းပေါက်တွေ ညစ်နွမ်းနေတာကို သတိမထားမိဘဲ သူတစ်ပါးကို  မှတ်ချက်အမှားတွေ ကောက်ချက်အလွှဲတွေ ဘယ်နှကြိမ်များ ချနေမိခဲ့ပြီလဲ မသိနော်.. ဒါကြောင့် အရာရာကို ကြည်လင်ပီသစွာ မြင်နိုင်ဖို့ မိမိရဲ့ စိတ်ပြူတင်းပေါက်တွေကိုလည်း သန့်ရှင်းရေး လုပ်သင့်တယ်ဆိုတာကို  ကျွန်မကိုယ်တိုင်လည်း မိမိကိုယ်ကို သတိပေးတဲ့အနေနဲ့ ဒီပိုစ့်လေးကို တင်ဖြစ်ပါတယ်ရှင်။




Inspiration from; A window from open visit ( Funzug.com)
Photo from : google

အစိမ်းရောင် ဆိုးကြသူများ ...




ဦးဘောဂဟာ သိပ်ကို ကြွယ်ဝချမ်းသာတဲ့ သူဌေးကြီးတစ်ဦးပေါ့။ ပိုက်ဆံချမ်းသာလွန်းတော့လဲ သူ့ဘ၀မှာ သူလိုချင်တာမှန်သမျှ ဘာမှ မရတာ မရှိနိုင်လောက်အောင် ပြည့်စုံနေတော့တာပါဘဲ.. ဘာစားချင်လဲ. ဘာလုပ် ချင်လဲ.. ဘာဝတ်ချင်လဲ. ဘယ်သွားချင်လဲ. သူလုပ်ချင်တာ ဖြစ်ချင်တာ မှန်သမျှ သူပါးစပ်က ဟစရာ မလိုအောင်ကို ဖြည့်ဆည်းပေးမဲ့ သူတွေကလည်း သူ့ဘေးနားမှာ ၀ိုင်းဝိုင်းကိုလည်နေတာပါဘဲ.. ပိုက်ဆံကြွယ်ဝ ချမ်းသာသူတွေ၊ ရာထူးအာဏာ မြင့်မားသူတွေ ဘေးနားမှာဆို မျက်နှာလိုအားရ လုပ်ပေးချင်ကြတဲ့သူတွေ ၊ ခစားဝိုင်းရံနေသူတွေ များနေတတ်တာ လောကရဲ့ ဓမ္မတာတစ်ခုဘဲ မဟုတ်လားလေ.. ဒီတော့လည်း ဦးဘောဂဘေးနားမှာ အခွင့်အရေးလိုချင်သူတွေ၊ နေရာကောင်းရချင်သူတွေ ၀ိုင်းနေတာ မဆန်းဘူးပေါ့။

သို့သော်လည်း ငွေကြေးချမ်းသာပြီး လိုတိုင်းတ ရနေတဲ့ ဦးဘောဂမှာ ဘယ်လိုငွေကြေး၊ ချမ်းသာမှုတွေနဲ့မှ ၀ယ်လို့မရတဲ့အရာတွေ ရှိနေခဲ့ပါတယ်.. အဲဒါက မေတ္တာတရားနဲ့ ကျန်းမာရေးပါ။ ဦးဘောဂမှာ တကယ့် မေတ္တာစစ်မှန်နဲ့ စိုးရိမ်ပူပန်ပေးမဲ့သူ၊ ချစ်ခင်ပေးမဲ့သူတွေ သူ့အနားမှာ မရှိပါဘူး.. ပိုက်ဆံချမ်းသာပြီး တော်ရုံလူကို လူမထင်တတ်တဲ့ စိတ်သဘောထားရှိပြီး ခက်ထန် ကြမ်းတမ်းတဲ့ ဦးဘောဂရဲ့ ဒေါသတကြီး ရိုက်နှက် နှိပ်စက်တဲ့ဒဏ်တွေကို မခံနိုင်တဲ့အတွက် ဦးဘောဂရဲ့ ဇနီးဟာ သူ့ကို ကွာရှင်းထားခဲ့ပြီး သားသမီးတွေခေါ်ကာ အိမ်ကနေ ဆင်းသွားခဲ့ပါတယ်.. အဲဒီကတည်းက သူတို့ကို နေရာအနှံ့ လိုက်ရှာပေမဲ့ ခုချိန်ထိ ရှာလို့မတွေ့တော့အောင် သူ့ဇနီးဟာ ခြေရာဖျောက်သွားခဲ့ပါတယ်။ ငွေကြေးအင်အား၊ လူအင်အားများစွာ သုံးပြီး သူ့ဇနီးနဲ့ ကလေးတွေကို မြို့ရွာအနှံ့၊ တိုင်းပြည်အနှံ့ လိုက်ရှာပေမဲ့ သတင်းအစအနလေးတောင် ရှာမတွေ့ခဲ့ရတော့ပါဘူး။

အဲဒီကတည်းက ဦးဘောဂရဲ့ မျက်လုံးတွေဟာ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲတဲ့ ရောဂါဝေဒနာကို အကြီးအကျယ် ခံစားနေရပါတော့တယ်.. သူ့ရောဂါကို ကုသဖို့ ဆရာဝန်ကြီးတွေ အထူးကုကြီးတွေ၊ မြောက်မြားစွာနဲ့ ငွေတွေ အများကြီး အကုန်ုအကျခံပြီး ကုသပေမဲ့ အဲဒီ မျက်စိဝေဒနာဟာ လုံးဝ မသက်သာပါဘူး။ မျက်စိရောဂါ သက်သာဖို့ သောက်ရတဲ့ ဆေးတွေဆိုတာ မရေ မတွက်နိုင်တော့သလို ထိုးလိုက်ရတဲ့ ဆေးတွေကလည်း သူ့အသားမှာ အပ်ဖျားရာ လွတ်တဲ့နေရာတောင် ကျန်သေးရဲ့လားလို့ ထင်ရစရာပါဘဲ.. ဒါပေမဲ့ ဘယ်လိုပဲ နံမည်ကြီးဆရာတွေ၊ ဆေးအကောင်းစားတွေ၊ အထူးကု ဆေးခန်းတွေနဲ့ ပြနေပါစေ၊ ကုနေပါစေ.. သူ့ရောဂါဟာ မသက်သာတဲ့အပြင် ယခင်ကထက်ပိုပြီး တစ်နေ့တစ်ခြား ပိုဆိုးလာပါတယ်..

တစ်နေ့တော့ ဦးဘောဂဟာ မျက်စိဝေဒနာတွေကို ကုသရာမှာ အစွမ်းထက်တဲ့ ဘုန်းကြီးတစ်ပါး ရှိတယ် ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရပါတယ်.. ဒါနဲ့  သူ့တပည့်တပန်းတွေ အများကြီးခေါ်ဆောင်ပြီး အဲဒီဘုန်းကြီးရှိရာကို သွားရောက်ကာ သူ့မျက်စိဝေဒနာကို ကုသပေးဖို့ တောင်းပန် ပြောဆိုပါတယ်. ဘုန်းကြီးဟာ ဦးဘောဂဖြစ်နေတဲ့ မျက်စိဝေဒနာအကြောင်း စုံစမ်းမေးမြန်းပြီးတာနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတာ နားလည်လိုက်ပါတယ်.. ဒါကြောင့် ဦးဘောဂကို သူ့ဝေဒနာအတွက် အကောင်းဆုံး ပေးလိုက်တဲ့ ကုသနည်းက အစိမ်းရောင်ကို အာရုံစူးစိုက်ပြီး ကြည့်ပေးဖို့ အကြံပေးတာပါ။ တစ်ခြား အရောင်တွေကို လုံးဝ မကြည့်ပါနဲ့။ ကြည့်ရင် မျက်စိနာတာ ပျောက်မှာ မဟုတ်ဘူး။ အဲဒီ အစိမ်းရောင် တစ်ရောင်တည်းအပေါ်မှာသာ အာရုံစူးစိုက်ပြီး ကြည့်ပေးမယ် ဆိုလို့ရှိရင် ကြာလာရင် သူခံစားနေရတဲ့ မျက်စိနာကျင် ကိုက်ခဲတာတွေဟာ တဖြေးဖြေး သက်သာလာပြီး နောက်ဆုံးမှာ လုံးဝ ပျောက်ကင်းသွားမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒါနဲ့ ဦးဘောဂတို့အုပ်စုဟာ ဘုန်းကြီးထံကနေ ၀မ်းသာအားရ ပြန်လာကြပြီးတဲ့နောက် အိမ်ရောက်တဲ့အခါ သူဌေးကြီးက တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်ဖို့ အမိန့်ပေးလိုက်ပါတယ်.. ဒီတော့ သူဌေးကြီးရဲ့ အမိန့်ကို ဘာဆို ဘာမှ စောဒက မတက်ရဲ၊ ပြန်မပြောရဲကြတဲ့ သူရဲ့ တပည့် လက်သားတွေကလည်း တစ်အိမ်လုံးကို အစိမ်းရောင်ဆေး သုတ်ဖို့ ပြင်ဆင်ကြသလို အိမ်ရဲ့ အသုံးအဆောင်၊ အိုးခွက်ပန်းကန်၊ ခန်းဆီးလိုက်ကာ၊ ကော်ဇော၊ အိပ်ရာခင်း စသည်အားလုံးကို အစိမ်းရောင်တွေ ရှာဝယ်ပြီး တစ်အိမ်လုံးကို အစိမ်းရောင်ဖြစ်အောင် ပြောင်းလိုက်ကြပါတယ်။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အစိမ်းရောင်ကလွဲလို့ အခြား ဘာအရောင်ကိုမှ မမြင်ရအောင် ပြင်ဆင်ထားကြတာပေါ့လေ။ ဦးဘောဂ သဘောကျဖြစ်ဖို့၊ သူ့အကြိုက် ဖြစ်အောင် အားကြိုးမာန်တက် ကြိုးစားလိုက်ကြတာမှာ ဦးဘောဂရဲ့ ငွေတွေ အများကြီး ကုန်ကျသွားသလို တစ်အိမ်လုံးဟာလည်း အစိမ်းရောင်တွေ ဖုံးလွှမ်းလို့ပေါ့။ အစိမ်းရောင် ၀ယ်လို့မရနိုင်တဲ့ အသုံးအဆောင်တွေ ဆိုရင်လည်း ဆေးအစိမ်းရောင်တွေ သုတ်ပစ်လိုက်ကြတယ်လေ။

ဒီလိုနဲ့ လအနည်းငယ် ကြာလာတဲ့ တစ်ရက်မှာ အစိမ်းရောင်ကို အာရုံစူးစိုက်ဖို့ ပြောကြားလိုက်တဲ့ ဘုန်းကြီးဟာ သူဌေးကြီး ဦးဘောဂတို့မြို့ကို ရောက်လာပါတယ်။ ဘုန်းကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သက်သာရဲ့လား.. ဘယ်လိုနေလဲဆိုတဲ့ သတင်း မေးချင်တာနဲ့ ဦးဘောဂတို့အိမ်ကို ရောက်လာပါတယ်. သူဌေးကြီးနဲ့တွေ့ဖို့ ဘုန်းကြီး ကြွလာတယ်လဲ ဆိုရော ဦးဘောဂရဲ့တပည့်တွေဟာ အပြေးအလွှား ရောက်လာကြပြီး အစိမ်းရောင် ခြုံထည်ကြီးတစ်ထည်ကို ဘုန်းကြီးရဲ့ အပေါ်ကို လွှမ်းခြုံပေးလိုက်ကြပါတယ်။ ဒီတော့ ဘုန်းကြီးဟာ တအံ့တသြဖြစ်ပြီး သူ့တပည့်တွေကို ဘာဖြစ်လို့ သူ့ကို ဒီဟာကြီး လာခြုံပေးရတာလဲလို့ မေးပါတယ်။ ဒီတော့ ဦးဘောဂရဲ့ တပည့်တွေက “ဟာ အရှင်ဘုန်းကြီးပဲ တပည့်တော်တို့သူဌေးကို အစိမ်းရောင်ကိုပဲ ကြည့်ရမယ် တစ်ခြားအရောင်တွေ ကြည့်ရင် မျက်စိဝေဒနာပျောက်မှာ မဟုတ်ဘူး ပိုဆိုးလာမယ်လို့ ပြောထားခဲ့တာလေ.. ဒါကြောင့် ဘုန်းကြီးရဲ့သင်္ကန်းအရောင်ကို မြင်ရင် သူဌေးကြီးရဲ့ ဝေဒနာ ပိုဆိုးမှာစိုးလို့ တပည့်တော်တို့က အစိမ်းရောင်ကို လာခြုံပေးတာပါ” လို့ ပြန်ဖြေကြပါတယ်။

ဒီတော့မှ ဘုန်းတော်ကြီးဟာ အိမ်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်တော့ ပန်းအိုးတွေ လိုက်ကာခန်းဆီး ကော်ဇော မြင်မြင်သမျှ အရာအားလုံးဟာ အစိမ်းရောင်တွေကြီး ဖြစ်နေတာကို တွေ့ရပါတော့တယ်.. ဒါတွေကို တွေ့လိုက်တယ်ဆိုရင်ပဲ ဘုန်းကြီးက အားရပါးရ အသံထွက်အောင် ရယ်မောလိုက်ပါတယ်.. ပြီးတော့ “ ဖြစ်မှ ဖြစ်ရလေ.. သူဌေးကြီးရဲ့ တပည့်တွေဟာ ဒီလောက်တောင်ဘဲ အတွေးချော်ရလေသလား၊ ဒီထက်ကောင်းတာ မစဉ်းစားနိုင်ကြတော့ဘူးလား ” လို့ ပါးစပ်က ပြောလဲပြော ရယ်လဲ ရယ်နေပါတော့တယ်။ သူဌေးကြီးရဲ့ တပည့်တွေက ဘုန်းကြီး ဘာကြောင့်မို့ ဒီလောက် ရယ်မောနေတယ်ဆိုတာ နားမလည်နိုင် ဖြစ်နေတော့ ဘုန်းကြီးကို “အရှင်ဘုရား ဘာကြောင့် ဒီလောက်ရယ်နေတာလဲ” လို့ မေးမြန်း လျှောက်တင်ကြတယ်လေ။ ဒီတော့မှ ဘုန်းတော်ကြီးက “ခုလို တစ်အိမ်လုံးကို အစိမ်းရောင် ပြောင်းပစ်လိုက်တော့ ပိုက်ဆံတွေ ဘယ်လောက်များ ကုန်သွားပြီလဲ။ တကယ်လို့များ မင်းတို့သူဌေးအတွက် အစိမ်းရောင်မှန်နဲ့ လုပ်ထားတဲ့ မျက်မှန်စိမ်းလေး တစ်လက်လောက်သာ ၀ယ်ပေးလိုက်ရင် ပိုက်ဆံ နည်းနည်းလေးဘဲ ကုန်မယ် မဟုတ်ဘူးလား။ မျက်မှန်တပ်ပြီး ကြည့်မယ်ဆိုရင် မြင်သမျှ အစိမ်းရောင်ဖြစ်ပြီပေါ့ကွယ်။ ဒါကို မတွေးမိဘဲ အစိမ်းရောင်ပြောင်းဖို့ ဒီလောက် ကုန်ကျစရိတ်တွေ အများကြီး သုံးပြီး အကျယ်ချဲ့ထားတာကို အံ့သြမိပါတယ်ကွာ။ ” လို့ ပြန်ပြောလိုက်ပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~


ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်. ကျွန်မက ဒီပိုစ့်ခေါင်းစဉ်ကို “အစိမ်းရောင်ဆိုးကြသူများ” လို့ နာမည် ပေးလိုက်ပါတယ်.. ပုံပြင်ထဲက ပေးချင်တဲ့ မက်ဆေ့လေးကိုတော့ စာဖတ်သူများကိုယ်တိုင် နှစ်သက်သလို ရှာဖွေကြည့်ကြပါစို့လို့...


Sulina Menon ရဲ့ Let us Change Our Vision ကို ဘာသာပြန်ပါသည်။



ရင်ကိုမှန်တဲ့ အုတ်ခဲတစ်လုံး

ကျွန်တော်ဟာ ကုမ္ပဏီကြီးတစ်ခုမှာ စီနီယာ မန်နေဂျာ ရာထူးနဲ့အတူ ကောင်းမွန်တဲ့လစာ၊ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်မှာ စိတ်အေးချမ်းစွာ ရှိနေခဲ့ပါတယ်.. အပူအပင်သိပ်မရှိဘဲ သက်သောင့် သက်သာနဲ့ ဘ၀ကို ကျော်ဖြစ်ခဲ့တဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်..  ပြီးတော့ ၀ယ်ထားတာ ၂လဘဲ ရှိသေးတဲ့ အသစ်စက်စက် ပြောင်လက်နေတဲ့ အနက်ရောင် ဂျာဂွာကားသစ်လေးနဲ့ ကိုယ့်ကိုယ်ကို စတိုင်ကျကျနဲ့ သပ်ရပ် ကြော့မော့နေတတ်တဲ့ ကျွန်တော့်အတွက် အရာရာ အဆင်ကိုပြေနေတော့တာပါဘဲ။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရင်း အိမ်နဲ့ကုမ္ပဏီ သွားလိုက်လာလိုက်နဲ့ ကျွန်တော့ဘ၀လေးကို ကျေနပ်နေခဲ့ပါတယ်…

တစ်နေ့ ကျွန်တော် အလုပ်တွေပြီးတော့ ကုမ္ပဏီကနေ အိမ်အပြန် ကျွန်တော့်ရဲ့ ကားသစ်လေးနဲ့ မြို့ပြင်ဘက်ကို အပျင်းပြေ ကားမောင်းထွက်ခဲ့ပါတယ်.. အရှိန်ပြင်းပြင်းနဲ့ ကားကိုမောင်းနေရင်း မျက်လုံးကိုလည်း လျှင်လျှင် ထားရပါသေးတယ်.. ကားလမ်းမပေါ် ကလေးတွေ ရုတ်တရက် ဖြတ်ပြေးတာမျိုး၊ လမ်းကွေ့ကနေ ကားတွေ ချိုးကွေ့ထွက်လာတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။  အရှိန်နဲ့ မောင်းနေရင်း ရှေ့နားမှာ Slow Down အချက်ပြတစ်ခုကို တွေ့လိုက်တာမို့ ကားကို အရှိန် လျော့လိုက်ပါတယ်.. အဲဒီမှာ  မမျှော်လင့်ဘဲ ကျွန်တော့်ကားမှန်ကို တစ်စုံတစ်ခု လာရောက်ထိမှန်သံ ကြားလိုက်ရပါတယ်.. လှည့်ကြည့်လိုက်တော့ နောက်ခန်းထဲမှာ အုတ်ခဲကျိုး တစ်ခုက ရောက်နေခဲ့ပြီ။ ဘုရားရေ.. ကျွန်တော့်ရဲ့ တောက်ပ ပြောင်လက်နေတဲ့ ဂျာဂွာကားမှန်အသစ်ဟာ ကွဲသွားပါရောလား…


ကျွန်တော် ကားဘရိတ်ကို ဆောင့်နင်းပစ်လိုက်ပြီး တာယာကို အသံမြည်အောင် ကားကို ဆွဲကွေ့ပစ်ကာ  ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူကို အပူတပြင်း လိုက်ရှာပါတယ်…. အုတ်ခဲနဲ့ ပေါက်လိုက်တဲ့ သူကိုလည်း တွေ့ရော ကားကို ထိုးရပ်လိုက်ပြီး ကားအပြင်ဘက်ကို ထွက်ကာ ဒေါသတကြီး ကားတံခါးကို ဆောင့်ပိတ်လိုက် ပါတယ်.. တကယ်တော့ ကျွန်တော့်ကားကို ခဲနဲ့ ပေါက်လိုက်တဲ့သူဟာ အလွန်ဆုံးရှိမှ အသက် ၁၂နှစ်လောက်ဘဲ ရှိဦးမှာပါ။ ကျွန်တော် သူ့ရဲ့ အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ပစ်လိုက်ပြီး လက်သီးနဲ့တစ်ချက် ထိုးချလိုက်ပြီးတဲ့နောက် မြေပြင်ပေါ်ကို ကြမ်းတမ်းစွာ ဆောင့်တွန်းပစ်လိုက်ပါတယ်..  

ပြောစမ်း.. မင်းဘယ်သူလဲ.. မင်းက ဘယ်လောက်သတ္တိရှိလို့ ငါ့ကားကို ခဲနဲ့ပေါက်ရတာလဲ… မင်း ဒီလိုဘဲ သူများတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်တတ်တဲ့ကလေးလား.. အခု မင်းအုတ်ခဲနဲ့ထုလိုက်လို့ ငါ့ကားမှန်ကွဲသွားပြီ.. ဒီကားမှန် တစ်ချပ် ဘယ်လောက်တန်တယ်ဆိုတာ မင်းသိရဲ့လား.. ဟင်…  မင်း လျော်နိုင်လို့လား.. ပြောစမ်း.. ငတုံးရဲ့

“ကျ.. ကျ.. ကျွန်တော် တောင်းပန်ပါတယ်ဗျာ… ခဏလောက် ကျွန်တော် ပြောတာ နားထောင်ပေးပါခင်ဗျာ. ဒီလိုမှ မလုပ်ရင် မဖြစ်လို့ပါ။ ဒီနေရာမှာ ကျွန်တော် ကားတွေတားတာ ဘယ်ကားမှ ရပ်မပေးကြလို့ ဘာလုပ်ရမယ်မှန်း မသိတော့တာကြောင့် ခုလို လုပ်လိုက်မိတာပါ။ ”

ကျွန်တော်ရဲ့ ဒေါသတွေနဲ့ ကြမ်းတမ်းလှတဲ့ အမေးကို မြေပြင်ပေါ်လဲကျနေတဲ့ ကောင်လေးက တုန်လှုပ် ခြောက်ခြားစွာ ဖြေနေပါတယ်. သူ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက စီးကျလို့ လူတစ်ကိုယ်လုံးလဲ တုန်ရီနေခဲ့ပါတယ်.. ပြီးတော့ တစ်နေရာကို လက်ညိုးညွှန်လိုက်ပြီး “ဟိုမှာ ကျွန်တော့်ရဲ့ အစ်ကိုပါ..  သူ့ရဲ့ ၀ီးချဲဟာ ဒီလမ်းပေါ်ကနေ ကျော်ပြီး ကုန်းအဆင်းလေးကို အရှိန်နဲ့ လိမ့်ဆင်းသွားပြီး  မှောက်သွားပါတယ်..  နဂိုကလည်း လမ်းမလျှောက်နိုင်ပါဘူး..  အခုလည်း သူ့မှာ ဒဏ်ရာ ရထားပါတယ်.. သူ့ကိုယ်က သိပ်လေးတော့   ၀ီးချဲပေါ် ပြန်တင်ဖို့ ကျွန်တော် မနိုင်ဘူး ပြီးတော့လဲ ဒီနေရာကို ရောက်အောင်ဝီးချဲကို ပြန်တွန်းတက်လာဖို့လည်း မနိုင်ဘူးဖြစ်နေလို့ပါ.. ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့အစ်ကိုကို ၀ီးချဲဆီ ပြန်တင်ပေးပါလား ခင်ဗျာ.. အစ်ကိုကြီးရယ် ကျွန်တော့်ကို ကူညီပါလို့ တောင်းပန်ပါတယ်ဗျာ”  

ငိုရှိုက်ရင်းပြောနေတဲ့ ကလေးရဲ့ အသံနဲ့ တုန်ရီနေတဲ့ ကိုယ်ခန္ဓာလေးက ကျွန်တော့်ရင်ထဲက ကြမ်းရိုင်းနေတဲ့ ဒေါသမုန်တိုင်းတွေကို လွှင့်ပါးသွားစေခဲ့တယ်.. ကျွန်တော်မှားသွားခဲ့ပြီ။ ကျွန်တော့်အမှားအတွက် လည်ပင်းထဲမှာ အလုံးကြီးတစ်လုံးက လာဆို့နေသလို ခံစားရပြီး တံတွေးကိုတောင် ခက်ခက်ခဲခဲ မြိုချလိုက်ရပါတယ်.. ကျွန်တော်ဟာ ကိုယ့်ပစ္စည်း ဆုံးရှုံးခံလိုက်ရတာနဲ့ဘဲ မေးမြန်းစူးစမ်းခြင်းမရှိဘဲ ကလေးတစ်ယောက်ကို အနိုင်ကျင့်မိသလို ဖြစ်သွားခဲ့ရပါပြီ။ စိတ်မကောင်းခြင်း နောင်တရခြင်းတွေနဲ့  ကောင်လေးရဲ့ အစ်ကို လဲကျနေတဲ့နေရာကို သွားရောက်ပြီး သူ့ကို ထူမပေးကာ ၀ီး ချဲပေါ် တင်ပေးလိုက်ပါတယ်.. ပြီးတော့ သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနာတရ ပွန်းပဲ့ရာတွေကို တွေ့ရတော့ ကျွန်တော့်ကားထဲမှာ အမြဲပါတတ်တဲ့ ဆေးသေတ္တာလေးကို သွားယူလာပြီး အရက်ပျံနဲ့ဆေးကြောလို့ ဆေးတွေ ထည့်ပေးမိပါတယ်.. ပြီးတော့ အားလုံး အိုကေပြီးဆိုတော့မှ ၀ီးချဲကို လမ်းမကြီးပေါ်ရောက်အောင် တွန်းတင်ပေးလိုက်ပါတယ်..

ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောပြီးနောက်မှာ ကောင်လေးနှစ်ယောက်ဟာ ကျွန်တော့်ရှေ့ကနေ ထွက်ခွာသွားကြပါတယ်.. တွန်းလှည်းလေးရဲ့ ဘီးကို သူ့အစ်ကိုက လက်တစ်ဖက်နဲ့ တွန်းပြီး လှည့်နေသလို သူ့ညီငယ်လေးဟာလည်း အနောက်ကနေ တွန်းကူပေးနေရင်း လမ်းမကြီးရဲ့ဘေး တစ်နေရာက သူတို့အိမ်ကလေးရှိရာကို တရွေ့ရွေ့ သွားနေကြတဲ့ ညီအစ်ကို နှစ်ယောက်ကိုကြည့်ရင်း ကျွန်တော့်ရင်ထဲ တစ်ဆို့ပြီး ကျန်ခဲ့ပါတယ်.. ကျွန်တော်ဟာ အကောင်းစား ဂျာဂွာကားကြီး စီးနေချိန်မှာ ကိုယ့်ကိုယ်ကိုတောင် ထူမတ်ခြင်းငှာ မစွမ်းသာတဲ့ ၀ီးချဲပေါ်က ကောင်လေးတွေလို မသန်စွမ်းတဲ့သူတွေလဲ ရှိပါသေးလား ဆိုတာ သိလိုက်ရပါတယ်.. ကိုယ့်ကမ္ဘာ ကျဉ်းကျဉ်းလေးမှာဘဲ ကျေနပ်နေတဲ့ ကျွန်တော်ဟာ လူမှုရေး၊ ပရဟိတ ဆိုတာတွေကို စိတ်မ၀င်စားခဲ့မိပါဘူး။ ပြီးတော့လဲ ကိုယ့်ပစ္စည်းထိတာနဲ့ ဒေါသတကြီး မစူးစမ်း အဆင်ခြင်ဘဲ စိတ်မြန်လက်မြန် ကိုယ့်ဒေါသကို ဖောက်ခွဲပစ်ဖို့ ကလေးတစ်ယောက်ကို ကိုယ်ထိ လက်ရောက် ပြုလုပ်ဖို့လဲ ၀န်မလေးတတ်သူ တစ်ယောက် ဖြစ်နေခဲ့တာ သိလိုက်ရပါတယ်.

ကျွန်တော့်ကားရှိရာကို ပြန်လျှောက်လာတဲ့ခြေလှမ်းတွေဟာ လေးကန်ဖင့်နွဲနေခဲ့တယ်.. ကားဆီကိုရောက်တော့ ကွဲနေတဲ့ ကားမှန်ကို တွေ့လိုက်တော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်.. ဒီကားမှန်ကို ကျွန်တော် ဘယ်တော့မှ အသစ်ပြန်မလဲတော့ပါဘူး… ဒီမှန်ကွဲနေတာလေးကို မြင်တိုင်း ကျွန်တော် ကားကို ဘယ်တော့မှ အမြန်မမောင်းဖို့၊ အရေးတကြီး အကူအညီ လိုအပ်နေတဲ့သူတွေကို မသိလိုက်ဘဲ ကျော်ဖြတ်သွားမိတာမျိုး မဖြစ်အောင် သတိထားနေမိတော့မှာပါ။ ပြီးတော့လဲ ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသကို အလျင်စလို မထွက်တတ်အောင်လဲ ဆင်ခြင်ဖို့ အသိတရားတွေ ရလိုက်ပါတယ်.. ကားမရပ်ပေးလို့ အုတ်ခဲနဲ့ပေါက်ပြီး တားရတဲ့ အကူအညီတောင်းရသူတွေရဲ့ အဖြစ်ကို ကျွန်တော် ကောင်းကောင်းကြီး ခံစား နားလည်နိုင်ခဲ့ပါပြီ။ တကယ်တော့ ချာတိတ်လေးပေါက်လိုက်တဲ့ အုတ်ခဲဟာ ကျွန်တော့်ကားမှန်ကို ထိရုံသာမဟုတ်ဘဲ ကျွန်တော့်ရင်ကိုပါ လာရောက်ထိမှန်တဲ့ အုတ်ခဲတစ်လုံးသာ ဖြစ်ပါတယ်။ ဒီအုတ်ခဲနဲ့အတူ ကျွန်တော် သိလိုက်ရတာက လောကမှာ အကူအညီ လိုအပ်နေသူတွေ အများကြီး ရှိနေတယ် ဆိုတာပါဘဲ။ ဒီလို အကူအညီ လိုအပ်နေသူတွေကို တွေ့ရင် မျက်နှာလွဲပစ်တာမျိုး၊ မသိလိုက် မသိဖာသာ ကျော်သွားတာမျိုး မလုပ်ကြဘဲ တတ်နိုင်သမျှ ကူညီနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ် မဟုတ်ပါလားဗျာ။


The brick ( unknown author) ကို ဘာသာပြန်ပါသည်။


လေးစားချစ်ခင်စွာဖြင့်

မထင်မှတ်တဲ့ အကြင်နာ .....


ကက်သရင်းနဲ့ ကျွန်မဟာ အလွန်ချစ်ခင်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ကြပါတယ်.. ငယ်စဉ်ကတည်းက တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က ကူညီလို့ တစ်ယောက်ခံစားချက် တစ်ယောက် ဝေမျှခဲ့ကြသူတွေဖြစ်ပြီး နှစ်ကိုယ့်တစ်စိတ်လို့ ပြောရလောက်အောင် စေးကပ်နွေးထွေးခဲ့ကြတဲ့ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်…. ဒါပေမဲ့ ကက်သရင်းဟာ အိမ်ထောင်ရေး ကံမကောင်းရှာပါဘူး… ပြီးခဲ့တဲ့ ၃နှစ်လောက်က သူ့အိမ်ထောင်နဲ့ ကွာရှင်းပြီးနောက် ဒီမြို့မှာ ဆက်မနေချင်လောက်အောင် စိတ်ထိခိုက်သွားတဲ့ ကက်သရင်းဟာ အခြားပြည်နယ်တစ်ခုကို ပြောင်းရွေ့သွားခဲ့ပါတယ်..  ဘယ်လောက်ဘဲ ဝေးကွာသွားကြပေမဲ့ ကျွန်မတို့နှစ်ယောက်ဟာ အဆက်အသွယ် မပြတ်ကြဘဲ စာတွေ၊ ပိုစ့်စကဒ်တွေ အမြဲတမ်း ပို့နေခဲ့ကြသလို တစ်ပတ်တစ်ခါ တယ်လီဖုန်း အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။

စနေနေ့ ညနေခင်းတစ်ခုမှာတော့ ကက်သရင်းဆီက ခေါ်လာတဲ့ဖုန်းဟာ သတင်းဆိုးတစ်ခုကို ယူဆောင်လို့လာခဲ့ပါတယ်.. ဖုန်းသံမြည်လာလို့ ကျွန်မ ကောက်ကိုင်လိုက်တယ်ဆိုရင်ဘဲ ခါတိုင်းနဲ့မတူ တုန်လှုပ်ခြောက်ခြားနေတဲ့ အသံနဲ့ ကက်သရင်းက ကျွန်မကို နှုတ်ဆက်ပါတယ်.. အသံကို နားထောင်ပြီး ကက်သရင်း တစ်ခုခုဖြစ်နေမှန်း သိလိုက်တာမို့ “ကက်သရင်း တစ်ခုခုဖြစ်နေသလား… နေကောင်းရဲ့လား.. ဘာတွေဖြစ်နေလဲ” လို့ ကျွန်မက အလျင်စလို မေးလိုက်မိတော့ ကက်သရင်းဟာ အတန်ကြာ တိတ်ဆိတ်သွားခဲ့ပါတယ်..  ပြီးတော့မှ “ ငါ… ငါ့ ရင်ဘတ်မှာ အကျိတ်တစ်ခု တွေ့လို့…”  ဆိုတဲ့ စကားကို အတော်အားယူလိုက်တဲ့ လေသံနဲ့ တုန်ရီစွာ ပြောလိုက်ပါတယ်… သူ့စကားလည်း ကြားလိုက်ရော ကျွန်မ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး စကားသံ မထွက်နိုင်လောက်အောင်လည်း တဒင်္ဂဆွံ့အ သွားခဲ့ရပါတယ်… ခဏကြာတော့မှာ “ဆရာဝန်နဲ့ စစ်ဆေးကြည့်ပြီးပြီလား..” လို့ ကက်သရင်းကို မေးလိုက်တော့ “ ဆရာဝန်ပြပြီးပြီ..  အကျိတ်ကရတဲ့ အသားစကိုလည်း (Biopsy) စစ်ဆေးပြီးပြီ။ ကင်ဆာကျိတ်လို့ အဖြေထွက်တယ်.. ငါ့ကို အင်္ဂါနေ့မှာ ခွဲစိတ်ဖို့ စီစဉ်ထားတယ်”  ကက်သရင်းက ရှိုက်သံလေးစွက်ပြီး ပြောလာပါတယ်..

သနားဖို့ကောင်းလှတဲ့ ကက်သရင်းပါဘဲ… အိမ်ထောင်ရေးမှာ ကံဆိုးတဲ့အပြင် အခုလည်း ကင်ဆာကျိတ် တွေ့ပြန်ပြီတဲ့… ကျွန်မ ကက်သရင်းကို နှစ်သိမ့်နိုင်ဖို့ ကြိုးစားပါတယ်.. ဒါပေမဲ့ ဘယ်လို စကားလုံးတွေနဲ့ နှစ်သိမ့်ရမယ်ဆိုတာ မသိအောင် ဖြစ်နေခဲ့ပြီး ကျွန်မကိုယ်တိုင်လည်း တည်ငြိမ်မှုရဖို့ကို မနည်းကြိုးစားနေခဲ့ရပါတယ်.. ခုချိန်မှာ ကက်သရင်းဟာ သိပ်ခံစားနေရမယ်၊ တုန်လှုပ်ခြောက်ခြား၊ အားငယ်နေမယ်ဆိုတာ ကျွန်မသိပါတယ်.. သူဟာ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သလို ညီအစ်မအရင်းတွေလို ချစ်ခင်ရသူဆိုရင်လဲ မမှားပါဘူး။ ကိုယ်ခင်မင်တွယ်တာ ရသူတစ်ဦးဦးမှာ ကင်ဆာဖြစ်နေပြီ ဆိုတဲ့အသိဟာ ဘယ်လောက်တောင် ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းတယ်ဆိုတာ စဉ်းစားကြည့်ဖို့တောင် ခက်ခဲလွန်းပါတယ်.. ကျွန်မတို့ နှစ်ယောက်လုံး သူ့ရဲ့ ကင်ဆာအကြောင်းကို ဆက်မပြောဖြစ်တော့ဘဲ ဘာမှမဖြစ်သလိုနဲ့ တစ်ခြား အကြောင်းအရာတွေကိုသာ ဆက်ပြီးပြောနေခဲ့ပါတယ်.. ကျွန်မလဲ ကက်သရင်းစိတ်ပျော်ရွှင်မဲ့ အကြောင်းအရာမျိုးလေးတွေကို ရွေးပြီး ဂရုစိုက် ပြောဆိုနေခဲ့ပေမဲ့ ရင်ထဲမှာတော့ ပူလောင်လို့နေပါတယ်.. အတန်ကြာဖုန်းပြောပြီး ကက်သရင်းက နှုတ်ဆက်ကာ ဖုန်းချသွားခဲ့ပါတယ်..

သေခြင်းတရားနဲ့ အနီးဆုံးလို့ ပြောရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကင်ဆာဟာ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ကက်သရင်းကို ထိုးနှက်နေပါပြီ။ ကျွန်မရဲ့ အချစ်ဆုံး မိခင်ဟာလည်း ကင်ဆာနဲ့ဘဲ လွန်ခဲ့တဲ့ ၇နှစ်လောက်က ကျွန်မတို့ကို ခွဲခွာသွားခဲ့တာ ဖြစ်ပါတယ်.. ကက်သရင်း ဘယ်လောက်များ ကြောက်လန့်၊ ခံစားနေရရှာမလဲ။ အိမ်ထောင်ကွဲပြီး သားသမီးလည်း မကျန်ခဲ့တဲ့ ကက်သရင်းဟာ ခွဲစိတ်မဲ့အချိန်မှာ သူ့ဘေးမှာ အရင်းနှီးဆုံးသူဆိုတာ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး… အဲဒီချိန်မှာ သူဘယ်လောက်များ အားငယ်နေမလဲဆိုတာ မှန်းဆကြည့်လို့ ရပါတယ်.. ကက်သရင်းဟာ ကျွန်မကို လာစေချင်တယ်လို့ တစ်ခွန်းမှ ပြောမသွားခဲ့သလို ကျွန်မကလည်း လာခဲ့မယ်လို့ တစ်ခွန်းမှ ပြန်မပြောဖြစ်ခဲ့ပါဘူး.. ဒါပေမဲ့ ကက်သရင်းကျွန်မကို လာစေချင်မှန်း ကျွန်မရင်ထဲက သိနေခဲ့သလို ကျွန်မ မဖြစ်ဖြစ်အောင် သူ့ဆီ ရောက်လာလိမ့်မယ်ဆိုတာ ကက်သရင်း သိနေမယ်လို့ ကျွန်မခံစားမိပါတယ်.. ပြီးတော့ ကျွန်မလည်း အဲဒီချိန်လေးမှာ သူ့ဘေးနားမှာ ရှိနေချင်ပါတယ်.. သူဟာလည်း ကျွန်မကို လိုအပ်နေမှာ သေချာပါတယ်..   ဒါကြောင့် ကက်သရင်းအကြောင်း ကျွန်မခင်ပွန်းကို ပြောပြလိုက်ပြီး ခွဲစိတ်မှု ခံယူမဲ့နေ့မှာ သူ့ဆီကို သွားချင်တဲ့အကြောင်း ခွင့်တောင်းပါတယ်.. နားလည်ပြည့်ဝတဲ့ ကျွန်မရဲ့ အမျိုးသားဟာလည်း အင်္ဂါနေ့မနက်ခင်းထွက်မဲ့ လေယာဉ်အတွက် ချက်ခြင်းဘဲ လက်မှတ် ဘွတ်ကင်လုပ်ပေးပါတယ်..

နှစ်ရက်လုံးလုံး စိတ်နဲ့ကိုယ် မကပ်မိအောင် ဖြစ်နေခဲ့ရကာ ကက်သရင်းအတွက် တစ်ချိန်လုံး စိတ်သောက ရောက်နေခဲ့မိပါတယ်.. ဒီရက်အတွင်း လုပ်စရာရှိတဲ့အလုပ်တွေကို ပြီးပြတ်အောင် ကြိုစားလုပ်ခဲ့ပြီး အင်္ဂါနေ့မနက်ခင်းမှာ လေဆိပ်ကို ကျွန်မရဲ့ အမျိုးသားက လိုက်ပို့ပါတယ်.. အ၀တ်အစားအိတ်တစ်လုံးနဲ့ ကျွန်မကို လေဆိပ်မှာထားခဲ့ပြီး သူ့အလုပ်ကို ထွက်ခွာသွားခဲ့ပါတယ်.. လေဆိပ်ရောက်တဲ့ အချိန်မှာတော့ ကက်သရင်းရှိတဲ့မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ရောင်းတဲ့ ကောင်တာမှာ တန်းစီနေတဲ့ လူတန်းရှည်ကြီးကို တွေ့လိုက်ရပါတော့တယ်.. ကျွန်မအလှည့် ရောက်ဖို့ကိုဘဲ မိနစ် ၂၀ကျော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပါတယ်.. ကောင်တာရှေ့ရောက်တော့ ကျွန်မရဲ့ မှတ်ပုံတင်ကဒ်ပြားကို ကောင်တာက အမျိုးသမီးလေးကို လှမ်းပေးလိုက်ပြီး လက်မှတ်မှာထားကြောင်း ပြောပြတော့ ကွန်ပျူတာကို ခဏလောက် စစ်ဆေးပြီးတာနဲ့ အမျိုးသမီးလေးက ကျွန်မရဲ့ မှတ်ပုံတင်ကဒ်လေးကို ပြန်ထိုးပေးပြီး “၀မ်းနည်းပါတယ်ရှင်.. ခုလောလောဆယ်ထွက်မဲ့ လေယာဉ်အတွက်တော့ လက်မှတ် မရနိုင်တော့ပါဘူး.. အားလုံးကုန်သွားပြီ ဖြစ်ပါတယ်.. မနက်ဖန်ထွက်မဲ့ လေယာဉ်ဆိုရင်တော့ လက်မှတ်ရဖို့ စီစဉ်ပေးနိုင်ပါတယ် ” လို့ ပြောလာပါတယ်..

“ ဒါ.. ဒါပေမဲ့ ကျွန်မ ကြိုတင်မှာထားခဲ့တာ လွန်ခဲ့တဲ့ ၂ရက်ကတည်းပါ။ ဒီနေ့လေယာဉ်နဲ့ လိုက်မှ ဖြစ်မှာမို့ပါ။ ဒီခရီးဟာ ကျွန်မအတွက် အပျော်သွားမဲ့ခရီး မဟုတ်ပါဘူး…. ကျွန်မအတွက် အရေးကြီးပါတယ်..  ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းဟာ မကြာခင် ခွဲစိတ်ခန်းဝင်ရတော့မှာပါ.. သူ ကျွန်မကို လိုအပ်နေလိမ့်မယ်.. ကျွန်မလဲ သူ့ဘေးမှာ ရှိနေဖို့ လိုအပ်တယ်… ဒါကြောင့် ဒီနေ့လေယာဉ်ကို ဖြစ်အောင် စီစဉ်ပေးပါ”  လက်မှတ်ရောင်းသူ အမျိုးသမီးလေးကို အငမ်းမရ ဗလုံးဗထွေးနဲ့ ထစ်ငေါ့စွာ ပြောနေမိပါတယ်.. “ ၀မ်းနည်းပါတယ်ရှင် .. အားလုံးဟာ သူ့ကိစ္စနဲ့သူ အရေးကြီးနေကြတာကြီးပါဘဲ… လက်မှတ်ရဖို့ ဒီလိုဘဲ အကြောင်းပြကြမှာပါဘဲ။ အစ်မက လက်မှတ်ကို မှာရုံမှာထားပြီး လာမဖြတ်ထားတဲ့အတွက် ဒီမနက်ဘဲ ရောင်းလိုက်ပါပြီ.. ခုတော့ လက်မှတ်က ဘယ်လိုမှ မရှိတော့တဲ့အတွက် ခုထွက်မဲ့လေယာဉ်နဲ့ လိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး… မနက်ဖြန်ထွက်မဲ့ လေယာဉ်အတွက်ဆိုရင် လက်မှတ်ရပါမယ်..” ကျွန်မလဲ ဘယ်လိုမှ အချိန်ဆိုင်းဖို့ မဖြစ်နိုင်တဲ့အတွက် ညွှတ်နူးစွာတောင်းပန်ဖို့ လေသံကို အတတ်နိုင်ဆုံး လျှော့ချပြီး  “ညီမရယ်.. တကယ်ကို အရေးကြီးလို့ပါ .. အစ်မအတွက် မသွားမဖြစ် ခရီးမို့ပါကွယ်.. ဒီနေ့ထွက်မဲ့ လယာဉ်အတွက်ဘဲ အတတ်နိုင်ဆုံး ကူညီပါ ညီမရယ်” လို့ ပြောလိုက်ပေမဲ့ “ ဘယ်လိုမှ မတတ်နိုင်လို့ပါအစ်မ.. မနက်ဖန်မှဘဲ ရပါမယ်.. တစ်ရက်တော့ စောင့်ပါ”    ကောင်မလေးက ပုခုံးလေးကို တွန့်ကာ ပြန်ပြောလိုက်ပြီး ကျွန်မကို အရေးမစိုက်တော့ဘဲ နောက်တစ်ယောက် လို့ အော်လိုက်ပါတော့တယ်..

ကောင်တာကနေ နှေးကွေးလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ထွက်ခွာလာပြီးတဲ့နောက်မှာ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်မိကာ နီးရာ ခုံလွတ်တစ်ခုမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိပါတော့တယ်.. မျှော်လင့်မထားတဲ့ အခက်အခဲကြောင့် စိတ်တွေထိခိုက်လွန်းရပြီး ကျွန်မပါးပြင်ပေါ်မှာလည်း မျက်ရည်တွေ စီးကျလာပါတော့တယ်.. ပိုက်ဆံအိတ်လေးထဲက တစ်ရှူးစကို ထုတ်လိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို အသာတို့ သုတ်လိုက်ချိန်မှာတော့ လေဆိပ်အသံချဲ့စက်ကနေ မကြာခင်မှာ လေယာဉ်ထွက်ခွာတော့မဲ့အကြောင်း ကြေငြာသံ ထွက်လာပါတယ်..  လူတစ်ချို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လေယာဉ်ရှိရာကို သွားကြဖို့ ပစ္စည်းတွေ အဆင်သင့် ပြင်ဆင်နေတာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ နာနာကျင်ကျင် ခံစားရပြီး အလုံးကြီးတစ်ခုကလည်း ရင်ဘတ်ထဲမှာ ဆောင့်တက်လာခဲ့သလို  ၀မ်းဗိုက်တစ်ခုလုံးပါ နာကျင်စွာ ခံစားနေရပါတယ်.. မျက်ရည်တွေက အဆင်မပြတ် ပါးပြင်ပေါ် ပြန်လည် စီးကျလာပြန်ပါတယ်.. ကက်သရင်း ကျွန်မကို စောင့်နေရှာတော့မှာဘဲ… ကျွန်မ အချိန်မှီရောက်မသွားခဲ့ရင် သူဘယ်လောက် ၀မ်းနည်း အားငယ်နေမှာပါလိမ့်…  ဒါပေမဲ့ ကျွန်မ သူ့ဆီ ဒီနေ့တော့ မရောက်နိုင်တော့ဘူး.... စိတ်ထိခိုက်စွာ တွေးမိရင်း စီးလာတဲ့ မျက်ရည်တွေကို သုတ်ဖို့ မကြိုးစားတော့ဘဲ သက်ပြင်းကို လေးကန်စွာ ချလိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာနဲ့ အောက်မှာ ချထားတဲ့ ကျွန်မရဲ့ အ၀တ်အစားအိတ်ကို ငုံ့ကာ ကောက်ယူလိုက်ပါတော့တယ်..

“အန်တီ တစ်ခုလောက် ကူညီပါရစေလား” .. နူးညံ့တဲ့ အသံလေးတစ်ခုကို ကြားလိုက်ရတာကြောင့် ခေါင်းကို ပြန်မော့ပြီး ကြည့်လိုက်တော့ အပြာရောင်မျက်ဝန်းတစ်စုံနဲ့ အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးက ကျွန်မကို ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်.. လေဆိပ်ရဲ့ မှန်ပြူတင်းတွေကို ဖြတ်သန်းပြီး ၀င်ရောက်လာတဲ့ နံနက်ခင်း နေခြည်နုနုလေးတွေက အမျိုးသမီးကြီးရဲ့ ဆင်စွယ်ရောင် အသားအရေကို ပိုမိုဝင်းလက် တောက်ပနေစေခဲ့ကာ ငွေမှင်ရောင်သန်းနေတဲ့ ခေါင်းပေါ်က ဆံပင်တွေကလည်း သူမရဲ့ သွယ်လျကျက်သရေရှိတဲ့ မျက်နှာကို အနားသတ်ထားသလို ရှိနေခဲ့ပါတယ်.. အသက်ကြီးနေပေမဲ့လို့ ရင့်ကျက် အိနြေ္ဒတွေနဲ့ နူးညံ့သိမ်မွေ့တဲ့ မျက်နှာပြင်က ခန့်ထည်စွာ ကြည့်ကောင်းနေဆဲပါ။ ကျွန်မက မျက်ရည်တွေကို သုတ်ပစ်လိုက်ရင်း နားမလည်နိုင်စွာနဲ့ “ဘယ်လိုများ ကူညီမလို့ပါလဲ”  လို့ ပြန်မေးလိုက်တော့  “သမီး လက်မှတ်ကောင်တာမှာ အခြေအတင် စကားပြောနေတာ အန်တီကြားရပါတယ်.. ခွဲစိတ်ခန်းဝင်မဲ့ လူနာအတွက်လည်း အန်တီ ကိုယ်ချင်းစာမိပါတယ်.. ဒီတော့ အန်တီက ခုံနံပါတ် 7B မှာ နေရာရထားပြီးသားပါ.. သမီး အန်တီလက်မှတ်ကို ယူပြီး ဒီလေယာဉ်နဲ့ လိုက်သွားမယ်ဆိုရင် အန်တီ ၀မ်းသာမိမှာပါကွယ်..” သူမက လေယာဉ်လက်မှတ်လေးနဲ့ ၀င်ခွင့် ဖြတ်ပိုင်းလေးကို ပြလိုက်ရင်း ကျွန်မကို ပြောလိုက်ပါတယ်..

ရုတ်တရက်တော့ ကျွန်မ ၀မ်းသာစိတ် ဖြစ်မိလိုက်ပေမဲ့ သူ့ဆီက လက်မှတ်ကို ယူဖို့ဆိုတာ စဉ်းစားကြည့်လိုက်တော့ တွေဝေသွားခဲ့ပါတယ်.. ကိုယ့်ကြောင့် သူရဲ့ ခရီးစဉ်နှောင့်နှေးသွားမှာ၊ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့မှာကိုလည်း ကျွန်မ မလိုလားပါဘူး… ဒါကြောင့် “ကျွန်မ အန်တီ့လက်မှတ်ကို မယူပါရစေနဲ့….. ကျွန်မကြောင့် အန်တီ့ခရီး အနှောက်အယှက် မဖြစ်စေချင်ပါဘူး.. အန်တီလဲ ခရီးဆုံးကို စောစောစီးစီး ရောက်ချင်မှာဘဲ မဟုတ်လား”  လို့ ကျွန်မက ပြောလိုက်တော့ သူမက ခပ်ဖွဖွလေး တစ်ချက် ပြုံးလိုက်ပြီး “ အန်တီ့ အိမ်အပြန်ခရီးကို ဘယ်သူကမှ စောင့်မနေပါဘူးကွယ်.. အရေးတကြီး ပြန်စရာအကြောင်းလဲ မရှိပါဘူး.. စောရောက်သည်ဖြစ်စေ.. နောက်ကျမှ ရောက်သည်ဖြစ်စေ အန်တီ့အတွက် ဘာမှ မထူးပါဘူး.. အန်တီက တစ်ယောက်တည်း နေတဲ့သူပါ.. ဒီမြို့မှာ တစ်ရက်လောက် ထပ်နေရလဲ အန်တီ့အတွက်ထူးပြီး စိတ်အနှောက်အယှက် မဖြစ်ပါဘူး.. မသွားဖြစ်တော့ဘူးလို့ ဖုန်းဆက်လိုက်တာနဲ့ အန်တီ့သမီးက လေဆိပ်ကိုရောက်လာပြီး သူ့အိမ်ကို ပြန်ကြိုသွားမှာပါ.. အန်တီရဲ့ မြေးကလေးတွေကိုတောင် အံ့သြအောင် လုပ်လို့ရပါသေးတယ်.. သမီး စိတ်ဖြောင့်ဖြောင့်နဲ့ အန်တီ့နေရာကို ယူပြီး သွားလိုက်ပါ.. သမီး သူငယ်ချင်း လူနာအတွက် အရေးကြီးပါတယ်.. ”

“ ခုလို ကူညီတာ သိပ်ကျေးဇူးတင်ပါတယ်အန်တီ… ဒါပေမဲ့ အန်တီနဲ့ ကျွန်မတို့ နောက်ကို ပြန်မတွေ့ဖြစ်ကြရင် အန်တီ့ကို အပြန်အလှန်အားဖြင့် အကူအညီတစ်ခုခု ဘယ်လိုမှ ပြန်ပေးနိုင်မှာမဟုတ်တဲ့ အတွက် အန်တီ့ဆီက အကူအညီယူဖို့ဆိုတာ သိပ်ကို အားနာပါတယ်.. ” လို့ ကျွန်မ ခေါင်းမာမာနဲ့ ပြန်ပြောမိတော့ “ သိပ်မစဉ်းစားပါနဲ့ သမီးရယ်.. သမီးသူငယ်ချင်းဆီကို  ဒီနေ့ရောက်အောင် သွားဖို့တာ စဉ်းစားပါ…” သူက ကျွန်မကို သူကိုင်ထားတဲ့ လက်မှတ်ကို အတင်းထိုးပေးပြီး တိုက်တွန်းပါတယ်.. ကျွန်မလဲ သူ့ရဲ့ ရက်ရောတဲ့ အကူအညီကို လက်ခံယူဖို့ ဆုံးဖြတ်လိုက်ပြီး နှစ်ယောက်သား လက်မှတ်ရောင်းတဲ့ ကောင်တာကို ထွက်လာကြကာ သူ့ခုံနေရာနဲ့ ကျွန်မ လိုက်ခွင့်ရဖို့အတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ လုပ်ကြရာ အချိန်အနည်းငယ်အတွင်းမှာဘဲ အားလုံး ပြေလည်သွားပါတော့တယ်.. ဒီနေ့တော့ ကက်သရင်းဆီ မရောက်နိုင်တော့ဘူးလို့ ထင်ထားကာမှ ဘယ်လိုမှ မမျှော်လင့်တဲ့ သူတစ်ယောက်ရဲ့ ကြင်နာမှုကြောင့် ကျွန်မ ဒီလေယာဉ်နဲ့ လိုက်ခွင့်ရလိုက်ပါပြီ။

လေယာဉ်ဆီ ထွက်ခွာဖို့ အဆင်သင့်ဖြစ်ချိန်မှာ ကျွန်မဟာ အင်မတန် ရက်ရော သဘောကောင်းလှတဲ့ အမျိုးသမီးကြီးရဲ့လက်ကို တင်းတင်းကြပ်ကြပ် ကျေးဇူးတင်စွာ ဆုပ်ကိုင်လိုက်ရင်း မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျေးဇူးတင်စကား အထပ်ထပ် ဆိုနေမိပါတယ်..  သူမကလည်း ကျွန်မရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်ပြီး “ တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်ဟာ ခုလို သောကတွေ၊ ပူပန်မှုတွေပိုက်ပြီး စိတ်ဆင်းရဲကြီးစွာ ခံစားနေရတာကို တွေ့ကြုံလာခဲ့ရင် အန်တီ့နေရာမှာ သမီးသာဆို ခုလိုဘဲ ပြန်ကူညီမယ်ဆိုတာ အန်တီယုံကြည်ပါတယ်.. ”  ဆိုတဲ့စကားနဲ့အတူ အားပေးပြုံးလေး တစ်ချက် ပြုံးလိုက်ရင်း ကျွန်မလက်ကို လွှတ်ပေးလိုက်ပါတယ်.. ကျွန်မလဲ သူ့ကို နှုတ်ဆက်စကားဆိုပြီး အ၀တ်အစားအိတ်ကို ကောက်ယူလိုက်ကာ လေယာဉ်ရှိရာကို အပြေးအလွှား ထွက်ခွာလာခဲ့ပါတော့တယ်..


ကက်သရင်းရဲ့ ခွဲစိတ်ကုသမှု အစီအစဉ်ကို အချိန်မှီဘဲ ကျွန်မ ရောက်သွားခဲ့ပါတယ်.. ကံကောင်း ထောက်မစွာဖြင့် အားလုံးဟာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်..  ခွဲစိတ်ကုသမှုလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့သလို ဆရာဝန်ကြီးကလည်း ကက်သရင်းရဲ့ ကင်ဆာဖြစ်ခါစ အကျိတ်နဲ့ အသားစအားလုံးကို ဖယ်ရှားပြီးကြောင်းနဲ့ စိတ်ချမ်းသာစွာ နေနိုင်ပြီ ဖြစ်ကြောင်း ရှင်းပြပါတယ်..  လေဆိပ်မှာ ကျွန်မကို ကူညီလိုက်တဲ့ အမျိုးသမီးအကြောင်း ကက်သရင်းကို ပြောပြလိုက်တော့ ကက်သရင်း ကလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောပါတယ်. ကျွန်မကိုယ်တိုင်လည်း ကြင်နာတတ်တဲ့ အဲဒီအမျိုးသမီးကို မကြာခဏ သတိရနေခဲ့မိပါတယ်.. သူတစ်ပါးကို ကူညီဖို့အတွက် သူ့ရဲ့ အဆင်ပြေချောမွေ့မှုတွေကို စွန့်လွှတ်သွားခဲ့တဲ့ အမျိုးသမီးကြီးလို လူမျိုးတွေဟာ လောကကို အလှဆင်နေကြတဲ့ သူတွေထဲမှာ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်.. ကျွန်မကိုယ်တိုင်လည်း အကူအညီ လိုအပ်နေတဲ့သူတွေကို တွေ့လာချိန်မှာ မျက်နှာလွှဲမပစ်ဘဲ တတ်နိုင်တဲ့ အကူအညီကို ပေးနိုင်အောင် ကြိုးစားသွားဖို့ ဆုံးဖြတ်မိပါတယ်.. အဲဒါဟာလည်း ကျွန်မကို ကူညီသွားခဲ့တဲ့ အမျိုးသမီးကြီးကို ပြန်လည် ကျေးဇူးဆပ်ခြင်းဖြစ်သလို လောကကြီးကို အလှဆင်နေတဲ့ သူတွေထဲမှာ တစ်ထောင့်တစ်နေရာက တစ်ယောက်သောသူအဖြစ် ပါဝင်အားဖြည့်ခြင်းလဲ ဖြစ်တယ် မဟုတ်ပါလားရှင်။


Chicken Soup for the Soul ( Older and Wiser) မှ Suzanne A. Baginskie ရဲ့ A Friendly Act of Kindness ကို နှစ်သက်စွာ ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


ရင်ထဲက လူစွမ်းကောင်း



ဒေါက်တာ မာရီလင်က ကျွန်မတို့ ၀န်ထမ်းတွေကို Staff meeting မှာ မိန့်ခွန်းတစ်ခုပြောပါတယ်.. သူဟာ ကျွန်မတို့ကို  ကျွန်မတို့ရဲ့ စိတ်အာရုံတစ်ခုလုံးကို အကောင်းမြင်တဲ့ ရှုထောင့်ကနေ ပိုပြီး ကြည့်တတ်ဖို့ အလေ့အကျင့်လေးတွေကိုလည်း သင်ကြားပြောပြပါတယ်..  သူက “မျက်လုံးလေးတွေ မှိတ်လိုက်ပြီးတော့ မင်းတို့ရဲ့ ငယ်စဉ်က အကြောင်းလေးတွေကို ပြန်စဉ်းစားကြည့်ရအောင်.. ငယ်ငယ်တုန်းက မင်းတို့ရဲ့ဘ၀မှာ အဖြစ်ချင်ခဲ့ဆုံး တစ်ခုက ဘာလဲ… အဲဒီအချိန်တုန်းက မင်းတို့ရဲ့ အိပ်မက်က ဘာတွေများ ဖြစ်မလဲ… မျက်လုံးလေးပိတ်ပြီး ပြန်စဉ်းစားကြည့်ကြပါနော်….” ဆိုပြီး သူက ကျွန်မတို့ကို သူရဲ့သြဇာပြည့်ဝ ကြည်လင်တဲ့အသံနဲ့ လွှမ်းမိုးပြောဆိုပါတယ်..

ကျွန်မ မျက်လုံးလေးကို အသာမှိတ်လိုက်ပြီး ကျွန်မ ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားပါတယ်.. “ကျွန်မ ငယ်တုန်းက ဘာဖြစ်ချင်ခဲ့တာပါလိမ့်… စဉ်းစားစမ်း.. သေချာ ပြန်စဉ်းစားကြည့်ပါဦး..” ကိုယ့်ကိုယ်ကိုပြောရင်း ကျွန်မရဲ့ မှတ်ဥာဏ်တွေကို အလုပ်ပေးလိုက်မိတော့  “အိုး.. သိပြီ.. ကျွန်မ သတိရပြီ.. ငယ်တုန်းက ကျွန်မဘာဖြစ်ချင်ခဲ့တယ်ဆိုတာ သတိရလိုက်ပါပြီ..”

ဒေါက်တာ မာရီလင်က သူ့ရဲ့ ငယ်စဉ်က အဖြစ်ချင်ခဲ့ဆုံးဆန္ဒက စာရေးဆရာမလို့ ပြောပါတယ်.. ခုချိန်မှာတော့ သူဟာ ဆောင်းပါးတွေ များစွာကို ရေးသားခဲ့တယ်.. ထုတ်ဝေခြင်းခံခဲ့ရတယ်. ဒါပေမဲ့ အဲဒီဆောင်းပါးတွေအတွက် သူဟာ အခကြေးငွေ မယူခဲ့ဘူးလို့ ပြောပါတယ်..  ဒေါက်တာ မာရီလင်ရဲ့ စကားက ကျွန်မရဲ့ နှလုံးသားကို ရိုက်ခတ်သွားစေခဲ့ပါတယ်..

ကျွန်မ ငယ်ငယ်တုန်းကလည်း ကျွန်မတို့အိမ်နဲ့ မနီးမဝေး လမ်းထောင့်က ဆေးဆိုင်လေးတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်.. ကျွန်မအသက်နဲ့စာရင် အလုပ်လုပ်ဖို့ သိပ်ကို ငယ်ရွယ်သေးတဲ့အချိန် ဖြစ်ပေမဲ့ အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်. ဘာလို့လဲဆိုတော့ ကျွန်မရဲ့အဖေက အဲဒီဆိုင်ပိုင်ရှင် ဖြစ်လို့ပါ။ ဖေဖေက ကျွန်မတို့ကို ပိုက်ဆံရဲ့ တန်ဖိုးကိုနားလည်အောင်၊ အလုပ်ကို ချစ်တတ်လာအောင် သင်ကြားပေးတဲ့အနေနဲ့ အလုပ်လုပ်စေခဲ့တာ ဖြစ်ပါတယ်.. အဲဒီအလုပ်ကနေ ကျွန်မအတွက် အတွေ့အကြုံတွေ အများကြီးရခဲ့သလို ဘ၀ကို ရင်ဆိုင်ဖို့ ခွန်အားတွေလဲ ရရှိခဲ့ပါတယ်.. အလုပ်ကိုလည်း ဂရုတစိုက်လုပ်တတ်လာသလို ကိုယ်ရဲ့လုပ်အားနဲ့ ရတဲ့ ငွေကြေးကိုလည်း တန်ဖိုးထားတတ်လာခဲ့ပါတယ်..

အဲဒီဆေးဆိုင်မှာ အလုပ်လုပ်ခဲ့ချိန်က ကျွန်မဟာ ဖေဖေ့ဆီမှာလုပ်တယ်ဆိုပေမဲ့လို့ အလုပ်ချိန်မှာ မခိုမကပ်နဲ့ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပါတယ်..  အလုပ်နားချိန်ဖြစ်တဲ့ နေ့လည်စာစားချိန်ကိုလည်း ကျွန်မဟာ တန်ဖိုးထားပါတယ်.. အစားအသောက်အတွက်ကြောင့် တန်ဖိုးထားတာမဟုတ်ဘဲ အဲဒီ ခဏနားရတဲ့ အချိန်လေးမှာ ကျွန်မဟာ ရုပ်ပြစာအုပ်တွေကို သည်းကြီးမည်းကြီး ဖတ်ပါတယ်.. အချစ်ဇာတ်လမ်းတွေ၊ ဟာသတွေ ဖတ်တာမဟုတ်ပါဘူး.. ကျွန်မဖတ်ခဲ့တဲ့ စာအုပ်တွေက စွန့်စားခန်းတွေပါတဲ့ အက်ရှင်ကာတွန်းစာအုပ်တွေပါ.. အဲဒီစာအုပ်တွေထဲက လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေက ကျွန်မရဲ့ ငယ်စဉ်ဘ၀ကို လွှမ်းမိုးခဲ့တယ်.. သူတို့ရဲ့ အနစ်နာခံမှုတွေ၊ လူထုအတွက် အကျိုးပြုခဲ့ပုံတွေ၊ လူတွေကို ကယ်တင်ခဲ့ပုံတွေ၊ မကောင်းမှုဘက်တော်သားတွေကို တိုက်ခိုက်ခဲ့ပုံတွေ၊ ပြီးတော့ လူထုက သူတို့ကို ချစ်ခင်မြတ်နိုးကြပုံတွေ အားလုံးဟာ အားကျစရာ၊ လေးစားစရာတွေချည်းပါဘဲ.. ကျွန်မလေ သူတို့ရဲ့ ဘ၀ကို အားကျခဲ့တယ်.. သူတို့လို ဖြစ်ချင်ခဲ့တယ်..

ဟုတ်တယ်.. အခု မျက်လုံးလေးမှိတ်ပြီး ပြန်စဉ်းစားလိုက်တော့ ကျွန်မ ငယ်စဉ်ခါက ဘာဖြစ်ချင်ခဲ့တယ်ဆိုတာ ကျွန်မရဲ့အာရုံမှာ ပြက်ပြက်ထင်ထင် ပေါ်လာတယ်.. ကျွန်မ ဘာဖြစ်ချင်ခဲ့တာလဲဆိုတော့ လူတွေကို အကျိုးပြုတဲ့ လူစွမ်းကောင်း တစ်ယောက် ဖြစ်ချင်ခဲ့တာ…. အက်ရှင်ကာတွန်းတွေဖတ်ပြီး ကျွန်မ အားကျခဲ့ရတဲ့ ဇာတ်လိုက် လူစွမ်းကောင်းတစ်ချို့တွေက စူပါမင်း၊ လင်းနို့လူသား၊ ပင့်ကူလူသား၊ သံမဏိလူသား စတာတွေဘဲ ဖြစ်ပါတယ်..  သူတို့တွေဟာ ငယ်စဉ်ဘ၀ ကျွန်မဖတ်ခဲ့တဲ့ ရုပ်ပြ စာအုပ်တွေထဲမှာ ပါဝင်ခဲ့တဲ့ ကျွန်မရင်ထဲက လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်..  သူတို့လို လူစွမ်းကောင်းတွေဟာ ထူးခြားထင်ရှားတဲ့ အချက်နှစ်ချက်နဲ့ လူသားတွေ ဖြစ်ကြတာကို သတိထားမိပါတယ်..

ပထမတစ်ချက်က အဲဒီ လူစွမ်းကောင်းတွေဟာ ကောင်းမှုနဲ့ မကောင်းမှုတို့ရဲ့ အားပြိုင်မှုတွေ၊ တိုက်ပွဲတွေကြားထဲမှာ ကောင်းမှုဘက်ကနေ အမြဲတမ်း တိုက်ပွဲဝင်ရသူတွေ၊ ရပ်တည်ကြသူတွေ ဖြစ်ပါတယ်.. မကောင်းမှုဘက်က တိုက်ခိုက်လာတဲ့ အလွန်ကြီးမားတဲ့ ရန်သူတွေ၊ အခက်အခဲတွေ၊ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ လူစွမ်းကောင်းတွေဟာ ထိပ်တိုက်ရင်ဆိုင်ရပေမဲ့ ဘယ်လောက်ဘဲ အင်အားကြီးမားတဲ့ ရန်သူတွေဘဲ ဖြစ်ပါစေ.. ကောင်းမှုဘက်က ရပ်တည်ပြီး စိတ်ဓာတ်ကောင်းမွန်မြင့်မြတ်တဲ့ လူစွမ်းကောင်းတွေကသာ နောက်ဆုံးမှာ အနိုင်ရသွားကြပါတယ်..

ဒုတိယအချက်အနေနဲ့ လူစွမ်းကောင်းတွေရဲ့ ထူးခြားထင်ရှားချက်က သူတို့တွေဟာ သူတို့ ပါဝင်ဆောင်ရွက်လိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်း၊ လူမှုရေး၊ ကယ်ဆယ်ရေးလုပ်ငန်းကနေ ဘယ်လို အခကြေးငွေ တံစိုးလက်ဆောင် တစ်စုံတစ်ရာကိုမှ မယူခြင်းဘဲ ဖြစ်ပါတယ်.. သူတို့ဟာ လူမှုရေး လုပ်ငန်းတွေကို အားကြိုးမာန်တက် အခမဲ့ ကူညီဆောင်ရွက် ပေးခဲ့ကြသလို သူတို့မှာ အသက်မွေးဝမ်းကြောင်းအတွက်  သူတို့ ကူညီပေးနေတဲ့ လူမှုရေးအကျိုးပြုကိစ္စတွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ ကိုယ်ပိုင်ဝင်ငွေ ရှိသော သီးသန့်အလုပ်အကိုင် ကိုယ်စီ ရှိထားကြပါတယ်..

စူပါမင်းဟာ သတင်းထောက်တစ်ယောက်အဖြစ် ၀င်ငွေ ရှိသလို လင်းနို့လူသားဟာ ချမ်းသာတဲ့ စက်မှုလုပ်ငန်းရှင် တစ်ယောက်အဖြစ် ကိုယ်ပိုင်လုပ်ငန်း ရှိသူဖြစ်ပါတယ်.. ပင့်ကူလူသားကျတော့ ဓာတ်ပုံဆရာ ပီတာပါကာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုပြီးတော့ သံမဏိလူသားကျတော့ တိုနီစတတ် အဖြစ်နဲ့ စတပ် စက်မှုလုပ်ငန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်.. သူတို့ ကူညီပေးလိုက်တဲ့ ၊ ကယ်တင်ပေးလိုက်တဲ့ သူတွေဆီကနေ၊ လူထုအကျိုးပြု လုပ်ငန်းတွေကနေ အကျိုးအမြတ် တစ်စုံတစ်ရာ၊ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မယူကြဘဲ ကောင်းမှုဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး စိတ်သဘောထားမြင့်မြတ်စွာနဲ့ ပြည်သူတွေကို အခမဲ့ ကူညီနေသော လေးစားထိုက်ဖွယ် တကယ့် လူစွမ်းကောင်းတွေ ဖြစ်ကြပါတယ်.. လူစွမ်းကောင်းဆိုတဲ့သူတွေက ဘာအခွင့်အရေးမှ မမျှော်ကိုးဘဲ စေတနာသက်သက်နဲ့ လူထုကို ကူညီပေးနေတာကြောင့်လည်း သူတို့တွေကို ပြည်သူတွေက ချစ်ခင် မြတ်နိုးကြတာဘဲပေါ့နော်...

အခုလည်း ငယ်စဉ်ကျွန်မရဲ့ အိပ်မက်ကို ပြန်စဉ်းစားမိရင်းက ဒေါက်တာ မာရီလင်ရဲ့ သူလုပ်ခဲ့တဲ့ လူမှုရေး လုပ်ငန်းတွေ ဆီကနေ အခကြေးငွေ မယူခဲ့တဲ့အကြောင်းတွေကို ပြောပြနေတဲ့ စကားတွေကို ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်နေမိပါတယ်.. ဟုတ်ပါတယ်.. သူဟာ ပရဟိတလုပ်ငန်းတွေ၊ ကင်ဆာဖောင်ဒေးရှင်းတွေ၊ မသန်မစွမ်းသူများ စောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ဆောင်းပါးတွေ စာတွေ မြောက်မြားစွာ ရေးခဲ့ပါတယ်.. ဒါပေမဲ့ အဲဒါတွေအတွက် အခကြေးငွေ မယူခဲ့တဲ့သူပါ။ သူပြောတာက “တကယ့် လူစွမ်းကောင်းတွေဟာ သူတို့ဆောင်ရွက်လိုက်တဲ့ လူမှုရေးလုပ်ငန်းတွေကနေ ဘယ်တော့မှ အခကြေးငွေ မယူကြပါဘူးတဲ့…” ဒီလိုလူမျိုးတွေကို လူစွမ်းကောင်းတွေလို့ ခေါ်ဆိုနိုင်ပါတယ်တဲ့… လူတိုင်းဟာလည်း မိမိပါတ်ဝန်းကျင်လေးကို တတ်နိုင်သလောက် အကျိုးပြုရင်း လူစွမ်းကောင်းအလုပ်ကို လုပ်ခွင့်ရနိုင်ကြပါတယ်တဲ့…

အိုး . ဟုတ်သားဘဲနော်.. တကယ်တမ်းတော့ ကျွန်မဖြစ်ချင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ရဲ့ဘ၀ဟာ ခုချိန်မှာ တကယ်ကို ဖြစ်လာနေတာပါဘဲလား.. ဒါကို ကျွန်မက သတိမထားမိခဲ့ဘူး… ကျွန်မဟာ မျက်မမြင်ကျောင်းတစ်ကျောင်းမှာ စာသင်တဲ့အလုပ်ကို အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်း လုပ်ပေးနေခဲ့တာ အတော်ကြာပါပြီ။ ဒီလိုဆို ကျွန်မဟာလည်း လူစွမ်းကောင်းတစ်ယောက် ဖြစ်နေခဲ့တယ် မဟုတ်လားနော်..

တစ်ခြားသူတွေလည်း ကိုယ့်ရဲ့ သားသမီးတွေကို စောင့်ရှောက်ခြင်း၊ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေကို တတ်အားသလောက် ကူညီပေးခြင်း၊ ကိုယ့်မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့ အကူအညီ လိုအပ်သူများကို နည်းတယ်များတယ် သဘောမထားဘဲ ကူညီပေးနိုင်ခြင်း၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် စောင့်ရှောက်ခြင်း စတဲ့ လူမှု ပရဟိတအလုပ်တွေကို ကူညီလုပ်ကိုင်ပေးနိုင်ခြင်း၊ အခြားသူများအပေါ်မှာ အပြန်အလှန် ငွေကြေးတစ်စုံတစ်ရာ မျှော်လင့်ချက် မထားဘဲ စေတနာအပြည့်နဲ့ကူညီဆောင်ရွက်လိုက်ခြင်းအားဖြင့် လူတိုင်းဟာ လူစွမ်းကောင်းတွေ ဖြစ်ခွင့် ရနိုင်ကြတယ် မဟုတ်ပါလားရှင်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူသားတွေ ကောင်းကျိုးကို ဆောင်ရွက်နေကြသူတွေ၊ ကောင်းမှုဘက်က ရပ်တည်ပြီး မကောင်းမှုကို ပြတ်ပြတ်သားသား တိုက်ထုတ်နေကြသူတွေ၊ ငွေကြေးတစ်စုံတစ်ရာအတွက် မဟုတ်ဘဲ စေတနာမေတ္တာသက်သက်ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်ဆောင်နေသူတွေကို လူတိုင်းက လူစွမ်းကောင်းတွေအဖြစ် ရင်ထဲကနေ လှိုက်လှဲစွာ လက်ခံပြီး လေးစား ကြည်ညိုတတ်ကြတယ် မဟုတ်ပါလားနော်.. အခွင့်အရေးကို မျှော်ကိုးပြီး စေတနာမပါတဲ့ ဆောင်ရွက်ချက်တွေနဲ့ နံမည်တစ်လုံး ရယူနေသူများကိုတော့ ဘယ်သူကမှ သူရဲကောင်းတွေ၊ လူစွမ်းကောင်းတွေလို့ သတ်မှတ်ပြီး ချစ်ခင်ကြည်ညိုကြလိမ့်မယ် မထင်ပါဘူး...

တကယ်လို့များ သင်ရဲ့ ဘ၀မှာ အလေးစားဆုံး၊ လွှမ်းမိုးမှုအရှိဆုံး အားကျစရာအကောင်းဆုံး လူစွမ်းကောင်းဟာ ဘယ်သူများလဲလို့ ကျွန်မတို့ ကိုယ့်ရင်ထဲကို ပြန်ပြီး မေးကြည့်ကြမယ်ဆိုရင် ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ်သီးခံနိုင်စွမ်းရှိခြင်း၊ စိတ်သဘောထားမြင့်မြတ်ခြင်း၊ အခွင့်အရေးတစ်စုံတစ်ရာ မျှော်ကိုးမှုမရှိခြင်း စတဲ့ အရည်အချင်းများစွာနဲ့ ကိုယ့်ရဲ့အကျိုးကို မငဲ့ကွက်ဘဲ နှစ်ပေါင်းများစွာ စွန့်လွှတ်ပြီး ပေးဆပ်နေတဲ့ သူတစ်ယောက်တော့  ရင်ထဲက လူစွမ်းကောင်းအဖြစ် ကျွန်မတို့ ကိုယ်စီရဲ့ရင်ထဲမှာ ရှိနေလိမ့်မယ် ထင်ပါတယ်နော်။


Nathaniel Bronner Jr.  ရဲ့ Super Hero ကို နှစ်သက်စွာ ဘာသာပြန်ခံစား ရေးဖွဲ့ပါသည်။

မနိုင်ဝန်ထမ်းခြင်း



ဒီတစ်ပတ် ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဒီနေရာလေးကနေ ပြန်လည်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်းအတိုင်းဘဲ ပုံမှန်လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ရှိပါတယ်.. စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများလည်း တွေးလေ့မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။ မောင်နီကတော့ ကုန်ပစ္စည်းတွေကိုလည်း အများကြီးသယ်သလို ခြေလှမ်းကိုလည်း အပြေးတစ်ပိုင်း သွက်လက်စွာ လှမ်းလေ့ရှိပါတယ်.. ဒီလိုနဲ့ သူတို့မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို အချိန်အနည်းငယ်ကြာတော့ သခင်ဖြစ်သူက သတိထားမိလာပါတယ်.. အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်း မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာပါတယ်.. မောင်နီလိုဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ဖို့၊ ကုန်တွေသယ်ပိုးပြီး ခြေလှမ်းမြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်.. ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်းမြန်လာဖို့၊ အလုပ်ပိုကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံနေရပါတော့တယ်..

တစ်ရက်တော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေကျပြီး “ သူငယ်ချင်းမောင်နီရေ ဒီအလုပ်မှာ ငါတို့နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တစ်ယောက်ထက် တစ်ယောက် သာချင်တဲ့စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ငါတို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့လျှောက်ကြပြီး  တာဝန်ကျေအောင် လုပ်ကြရအောင်လေ၊ ကိုယ်တတ်နိုင်တာထက် ပိုပြီးလုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာမဟုတ်ဘူး.. ငါတို့အတွက် ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့သာ ရှိတယ်.”  လို့  ပြောဆိုတိုင်ပင်ပါတယ်.. မောင်နီကတော့ မောင်ဖြူပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နောက်တစ်နေ့ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်းသယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်.. ဒီတော့ ပိုင်ရှင်ဖြစ်သူက  ပုံမှန်သာ သွားနေတဲ့မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေထွက်ပြန်ပါတယ်.. ရိုက်နှက်ပြန်ပါတယ်.. နောက်တစ်နေ့ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ်ကိုရော  ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေးပြန်ပါတယ်.. မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက်မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ်တွေကြောင့် အရင်ကလောက်တောင်  မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်.. ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသထွက်လွန်းတဲ့အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်.. ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန်မလျှောက်နိုင်သလို သယ်ရတဲ့ပစ္စည်းတွေ များလွန်းလေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင်ဖြစ်နေရပါတယ်.. ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူမြန်မြန်လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက်ပါတော့တယ်..  နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကိုဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွားပါတော့တယ်..

ယခုအခါမှာ ပြိုင်ဘက်မရှိတော့ပြီဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်.. မြန်သထက်မြန်အောင်လည်း ကြိုးစားလျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများသယ်ပေးပါတယ်.. ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူအစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူခိုင်းပါတယ်.. နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက်ရင်တောင် မြည်းပိုင်ရှင်က မောင်နီ့ကို အလုပ်မှာ ခိုကပ်တယ်… အရင်လို အလုပ်ကို မကြိုးစားဘူးဆိုပြီး မြည်တွန်တောက်တီးကာ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီလိုနဲ့ ကုန်တွေကို  နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကိုရောက်အောင် မသယ်ပိုးနိုင်ဘူးဆိုပြီး ပိုင်ရှင်နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်..

အချိန်တွေကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့အပြင် ကုန်တွေအများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေဖိစီးပြီး အားနည်းပိန်ချုံးကာ ချိနဲ့လာတော့တယ်.. သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကိုမီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန်ပါတယ်.. ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက်ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီ့ကို သတ်ပစ်လိုက်ပြီး တစ်ခြား မြည်းအသစ်တစ်ကောင် ၀ယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..

တစ်ခါတစ်လေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ငြင်းပယ်လို့ခက်တာကြောင့်သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း မတန်တဆအလုပ်ကို လက်ခံပြီး လုပ်ရတဲ့အခါမျိုးတွေ၊  ကိုယ် မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်ပါသေးတယ်.. အဲဒီအခါမျိုးမှာ ကိုယ်မနိုင်တဲ့ဝန်ကို အားနာစိတ်နဲ့ သော်လည်းကောင်း၊ မနိုင်မှန်းသိရက်နဲ့ သူဌေးငြိုငြင်မှာ စိုး၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် လုပ်ပေးနေရပေမဲ့ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးကြီးမားပြီး စိတ်သောက များရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေလည်း ကြုံတွေ့လာရတတ်ပါတယ်.. အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန်စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်းအတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ကျန်ပါရဲ့လား။  သင့်သူဌေးကရော သင်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုပါရဲ့လား။ မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူများ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှမဟုတ်ဘဲ ဒီမတန်တဆအလုပ်ကို ငြင်းဖို့အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ၀န်ထုပ်ဝန်ပိုးကြီး သက်သက် တစ်ခုလို မနိုင်မနင်းဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတစ်ပါးကို တိုက်ခိုက်ဖို့ ၊ သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ဒီအလုပ်ကို လုပ်ဖို့ ပြန်စဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါတယ်နော်။

Don't overload oneself ( Unknown Author) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန်ပါသည်။


အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး



အပ်ချုပ်သမားတစ်ယောက်ဟာ အ၀တ်စကြီးတစ်စကို ယူလာပြီး အင်္ကျီတစ်ထည် ဖြစ်လာဖို့အတွက် အားစိုက်ပြီး ချုပ်လုပ်နေပါတယ်.. အ၀တ်စကို လက်၊ ကိုယ်လုံး၊ ကော်လံ စသည်ဖြင့် တစ်ပိုင်းစီ သူ့အပိုင်းလိုက် ပုံပေါ်အောင် ကပ်ကျေးနဲ့ ညှပ်ဖြတ်ပါတယ်..  ညှပ်ပြီးသွားပြန်ရင် ကပ်ကျေးလေးကို သူ့ရဲ့ ခြေထောက်နားကို ပစ်ချထားလိုက်ပါတယ်.. ပြီးတော့ အပ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်ရင်း အပ်ချည်ဖြည့်ကာ အစောက ညှပ်ထားတဲ့ အပိုင်းအစလေးတွေကို သူ့နေရာသူ တွဲဆက်ပြီး ချုပ်ပါတော့တယ်.. အစလေးတွေ အားလုံးကို အပ်နဲ့ အပ်ချည်ကိုအသုံးပြုလို့  ကျွမ်းကျင်စွာ တွဲဆက်ပြီးချိန်မှာတော့ အလွန်ကောင်းမွန် သေသပ်လှပတဲ့ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်လာပါတော့တယ်. ဒီအခါမှာ သူဟာ အင်္ကျီချုပ်တဲ့ အပ်ကလေးကို တရိုတသေနဲ့ သူ့ခေါင်းက ခေါင်းပေါင်းစမှာ ထိုးစိုက်ထားလိုက်ပါတယ်။

သူအင်္ကျီချုပ်တာကို ဘေးနားကနေထိုင်ကြည့်နေတဲ့ သူ့ရဲ့သားလေးက သူ့ဖခင် အပ်ချုပ်သမားရဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်လေးကျုံ့ကာ မေးခွန်းထုတ်ပါတော့တယ်.. “ အဖေ..  အဖေ့ရဲ့ အပ်ကလေးက သေးသေးလေးရယ်.. ဈေးကလဲပေါသေးတယ်.. အပ်ထက်စာရင် ကပ်ကျေးက ပိုပြီး ဈေးကြီးတယ်.. လှလဲလှတယ်.. ဒါပေမဲ့ အဖေက ကပ်ကျေးကိုကျတော့ ခြေထောက်နားကို ပစ်ချလိုက်တယ်.. အပ်ကလေးကကျတော့ ဘာမှလည်း တန်ဖိုးမရှိဘူး… အဖေ လိုချင်ရင် ဒါဇင်နဲ့ချီပြီး လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာဘဲ.. ဒါပေမဲ့ အဲဒီအပ်ကလေးကိုတော့ အဖေက တယုတယနဲ့ ခေါင်းပေါင်းမှာ ထိုးစိုက်ထားလိုက်တယ်.. အဖေလုပ်ပုံက တန်ဖိုးမထားသင့်တာကိုကျတော့ တန်ဖိုးထားနေသလိုဘဲ။ အဖိုးတန်တဲ့ ကပ်ကျေးကိုကျတော့ ပစ်စလက်ခတ် ထားတယ်.. အဲဒါ ဘယ်လိုအကြောင်းကြောင့်လဲ အဖေ”

“ အော်.. ငါ့သားက အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာကိုး.. သားပြောတာ ဟုတ်တော့ဟုတ်ပါတယ် .. ကပ်ကျေးမှာလည်း သူ့ရဲ့ အသုံးဝင်တဲ့ အချက် ရှိပါတယ်.. ဒါကို သံသယရှိစရာ မလိုပါဘူး… ဒါပေမဲ့ ကပ်ကျေးရဲ့ အသုံးကျမှုက အ၀တ်စတွေကို အပိုင်းအပြတ်လေးတွေ ဖြစ်သွားအောင်ဘဲ သူညှပ်ပေးနိုင်တယ်..  ဒါထက်ပိုပြီး သူဘာမှ မလုပ်ပေးနိုင်ဘူး .. အဲ…  အဖေ့ခေါင်းပေါ်က အပ်ကလေးကျတော့ အ၀တ် အပိုင်းအစလေးတွေကို ပေါင်းစပ်စုစည်းစေပြီး သေသပ်လှပတဲ့ အင်္ကျီတစ်ထည် ဖြစ်လာအောင် ချုပ်လုပ်ပေးတယ်လေ.. ဒီအပ်ကလေးရဲ့ စွမ်းဆောင်ချက်ကြောင့် အ၀တ်စတွေဟာ ပိုပြီး တန်ဖိုးရှိလာတယ် မဟုတ်လား။ အင်္ကျီဖြစ်သွားတာကြောင့် လူတွေအတွက်လည်းပိုပြီး အသုံးဝင်သွားတယ်လေ.. ဒါကြောင့် အဖေ့အတွက်တော့ အပ်ကလေးရဲ့ စွမ်းဆောင်ချက်ကို  ပိုပြီး တန်ဖိုးထားမိတယ်..  တန်ဖိုးဆိုတာ ၀ယ်တဲ့ဈေးနှုန်း ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသုံးပြုနိုင်တဲ့ အရည်အချင်း ကြည့်ပြီး ဆုံးဖြတ်ရတယ် သားရဲ့”

“အဲဒီလိုဘဲ သားရဲ့ .. လူတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့နေရာမှာလည်း အဲဒီလူရဲ့ သြဇာအာဏာ ကြီးမားမှု၊ ပြည့်စုံကြွယ်ဝမှု၊ အောင်မြင်ထယ်ဝါမှု၊  ဟိတ်ဟန်ကြီးကျယ် ခမ်းနားမှု၊ အပေါ်ယံ ရုပ်ရည်လှပချောမွေ့မှုတွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့။ လူ့လောက ကောင်းကျိုးအတွက် သူ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေအကျိုးပြုခဲ့ပြီလဲ၊ သူ့လုပ်ရပ်က လူသားတွေအတွက် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ရှိခဲ့ပြီလဲ။ လောကကြီးအတွက် သူဟာ ဘယ်လောက်အသုံးဝင်သလဲ၊ သူဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါ.. တစ်ချို့လူတွေက အပေါ်ယံအားဖြင့်တော့ ကပ်ကျေးလို အမြင်လှပြီး အင်အားလည်းကြီးမားပေမဲ့ တကယ်တမ်း အသုံးဝင်မှုက နည်းနည်းလေးရယ်..  တစ်ချို့လူတွေကျတော့ အပ်ကလေးလို သေးငယ်ပြီး အမြင်မလှပေမဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းအားက အများကြီး ရှိတတ်ပါတယ်..  အဆုံးအဖြတ် မမှားပါစေနဲ့သားရေ” ဆိုတဲ့ စကားလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေကြားရင်း တစ်လက်စတည်း ဆုံးမစကားပါ ပြောကြားလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့တွေကရော လူတွေကို သူ့တို့ရဲ့ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်အရာတွေကို ကြည့်ပြီး တန်ဖိုးဖြတ်ကြပါမလဲ။ ရွေးချယ်ကြရတော့မယ်ဆိုရင် လူတွေရဲ့ တန်ဖိုးနဲ့ အရည်အချင်းကိုရော  မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါ့မလား။ အပြိုင်အဆိုင် ကြော်ငြာနေတဲ့ခေတ်ကြီးမှာ ကိုယ်ရွေးချယ်တာ မှန်ကန်ဖို့၊ အရွေးမမှားဖို့တော့ လိုမယ် ထင်ပါတယ်နော်....

Lakshmi Raj Sharma ရဲ့    The Tailor's Needle ကို နှစ်သက်မိသောကြောင့် ဘာသာပြန်ပါသည်။


လူတိုင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခွင့် ရကြပါစေရှင်......

ဘ၀လမ်းပေါ်က အမှိုက်ကားများ



တစ်ရက်မှာ ကျွန်တော်ဟာ အရေးပေါ်ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့  လေဆိပ်ကိုသွားဖို့ရာ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့  တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်.... ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော့်ရှေ့လာရပ်တာနဲ့ ကားပေါ် တက်လိုက်ပါတယ်.. ကျွန်တော်ငှားစီးလာတဲ့ ကားဆရာက ခပ်မှန်မှန်လေးနဲ့ ညာဘက်လမ်းကြောင်းအတိုင်း မောင်းလာပါတယ်.. လေဆိပ်သွားတဲ့ လမ်းဟာ လမ်းမကြီးဖြစ်တာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်းနေကြပါတယ်။

အဲဒီအချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲ အရှိန်နဲ့ မောင်းထွက်လာပါတော့တယ်.. ကျွန်တော်တော့ တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စိကို စုံမှိတ်လိုက်မိပါတယ်.. ဒါပေမဲ့ ကျွန်တော်မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာ ရပ်နေပါပြီ။ တက္ကစီမောင်းသူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ အကျယ်ကြီးမြည်ပြီး လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပါတယ်..  ကျွန်တော် စီးလာတဲ့ ကားဆရာရဲ့ ကျွန်းကျင်မှုနဲ့ သတိရှိမှုကြောင့်သာ ယဉ်တိုက်မှု ဖြစ်မသွားခဲ့ရတာပါ။ လမ်းကွေ့က ထွက်လာတဲ့ ကားရဲ့ ဘေးကနေ၀င်တိုက်ဖို့ရော အနောက်က အရှိန်နဲ့ မောင်းလာတဲ့ကားက ၀င်ဆောင့်တာကိုခံရဖို့ရော သီသီလေး လွတ်သွားခဲ့ရပါတယ်။

ကျွန်တော်ထင်တာက ကျွန်တော့်တက္ကစီဆရာတော့ ဟိုဘက်က ကားသမားကို အော်ဟစ်တော့မယ်လို့ ထင်လိုက်ပါတယ်.. တကယ်တမ်း လမ်းစည်းကမ်းအရဆို လမ်းမကြီးပေါ်ကမောင်းလာတဲ့ ကျွန်တော်တို့ကားက အမှန်ပါ။ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှ ထွက်ရမှာ ဖြစ်ပါတယ်. ဒါပေမဲ့ အခုကျတော့ ပြောင်းပြန်ဗျာ...  လမ်းသွယ်ကထွက်လာတဲ့ ကားမောင်းသူက သူမှားမှန်းသိသိကြီးနဲ့ ကားထဲကနေ ခေါင်းထွက်ပြီး ကျွန်တော့်စီးလာတဲ့ တက္ကစီးသမားကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်.. ကျွန်တော်လည်း ကြည့်နေရင်း အတော်ကို ဒေါသထွက်သွားမိတယ်.. ဒါပေမဲ့ အံ့သြစရာက တက္ကစီမောင်းသူက ဘာမှ ပြန်မပြောဘဲ ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီး လက်ကလေးတစ်ဖက်တောင် ဝှေ့ရမ်းပြလိုက်ပါသေးတယ်.. ကြည့်ရတာ တကယ့်ကို မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုးပါဘဲ။

ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ တက္ကစီသမားကို “ခင်ဗျားသူနဲ့ အရင်ကတည်းက သိနေတာလား” လို့ မေးလိုက်တော့ သူက “မသိပါဘူး .. တစ်ခါမှ မမြင်ဖူးခဲ့ဘူး” လို့ ပြန်ပြောပါတယ်။

“ဗျာ.. တစ်ခါမှလည်း မမြင်ဖူးဘူး ဟုတ်လား………  အံ့ရောဗျို့ ခင်ဗျားကိုတော့.. ကိုယ့်ကားကိုလည်း တိုက်မလိုဖြစ်အောင် သူ့ဘက်ကလည်း မှားသေးတယ် သူကလဲ ပြန်အော်သွားသေးတယ်.. ဒီလိုလူကို ခင်ဗျားက စိတ်မဆိုးတဲ့အပြင် မိတ်ဆွေတွေလိုတောင် နှုတ်ဆက်လက်ပြ လုပ်နိုင်သေးတယ်.. တကယ်ပါဘဲဗျာ.. ဟိုကားဆရာလုပ်ပုံက ကံကောင်းလို့ ကျုပ်တို့ ဆေးရုံမရောက်တာ”

ကျွန်တော့်စကားအဆုံးမှာ တက္ကစီမောင်းသူက အပြုံးလေးတစ်ချက်နဲ့ ကျွန်တော့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး “ကျွန်တော်ကတော့ အမှိုက်ကားဥပဒေသ အတိုင်းဘဲ သဘောထား နေထိုင်တာပါဗျာ” လို့ ပြန်ပြောပါတယ်။

“ဗျာ…. အမှိုက်ကား ဥပဒေသ ဟုတ်လား………… ခင်ဗျားဟာက အဆန်းပါလားဗျို့.. ကျွန်တော်တော့ တစ်ခါမှကို မကြားဖူးပါဘူး.. လုပ်ပါဦး .. အဲဒီအမှိုက်ကား ဥပဒေသကို ကျွန်တော်သိအောင် ရှင်းပြပါဦးဗျ ”

ကျွန်တော်က မေးလိုက်တော့ တက္ကစီသမားဟာ သူခံယူထားပါတယ်ဆိုတဲ့ အမှိုက်ကား ဥပဒေသကို ကျွန်တော့်ကို ရှင်းပြပါတော့တယ်။

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်.. သူတို့ တင်ဆောင်ထားတဲ့ အမှိုက်တွေက မပြေလည်မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်တာတွေ၊ မာနတွေ၊ ဆိုတဲ့ အမှိုက်တွေဘဲ ဖြစ်တယ်.. အဲဒီလို စုံလင်လှတဲ့ အမှိုက်တွေကို ပြည့်လျှံနေအောင် တင်ဆောင်လာတဲ့ သူတို့ရဲ့ကားတွေဟာ ဒီအမှိုက်တွေကို သွန်ချဖို့ နေရာတစ်ခုခုတော့ လိုလိမ့်မယ်ဗျာ.. ဒီတော့ တစ်ခါတစ်လေမှာ အဲဒီအမှိုက်တွေကို လမ်းမှာ မတော်တဆတွေ့မိတဲ့ ခင်ဗျားအပေါ်လဲ လာသွန်ချမိတတ်တယ်.. အဲဒီလို အမှိုက်တွေကို ခင်ဗျားဆီ လာသွန်ချချိန်မှာ ခင်ဗျားက စိတ်တိုဒေါသထွက်ရင် သူတို့ဆီက အမှိုက်တွေကို လက်ခံယူသလိုမျိုး ဖြစ်သွားလိမ့်မယ်.. ပြီးတော့တစ်ခါ အဲဒီဒေါသအမှိုက်တွေကို ခင်ဗျားကသယ်ဆောင်သွားပြီး   ခင်ဗျားရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်းပေါ်မှာ စတဲ့ ကိုယ့်အနီးအနား ကိုယ့်ဝန်းကျင်က လူတွေကို ပြန်သွန်ချမိတတ်ပြန်ရော။ ဒီတော့ သူတစ်ပါးဆီက အမှိုက်တွေကို ခင်ဗျားက ပြန်ပြီး မသယ်ဆောင်သွားပါနဲ့။ မတော်တဆ လာသွန်ချမိတဲ့ သူတို့ကို အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါ။ လက်လေးသာ ပြလိုက်ပါ. ပြီးရင် ခင်ဗျားလမ်းကို ခင်ဗျား ဆက်သွားလိုက်ပါ…   ဘ၀ဟာ တိုတိုလေးပါဗျာ.. ကိုယ်အသက်ရှင်နေထိုင်တဲ့ အချိန်တွေမှာ အမှိုက်တွေနဲ့တူတဲ့ ဒေါသမာနတွေ၊ မကျေနပ် မုန်းတီးမှုတွေ၊ မနာလို ၀န်တိုမှုတွေနဲ့ ပူလောင်မနေဘဲ အေးချမ်းပျော်ရွှင်စွာနဲ့ ကိုယ့်ရဲ့ အချိန်တွေကို ကုန်ဆုံးတာက အကောင်းဆုံးပါဘဲ .. ဒါကြောင့် ကျွန်တော် ကျင့်သုံးခံယူတဲ့ အမှိုက်ကား ဥပဒေသက သူတစ်ပါးဆီက အမှိုက်တွေကို လက်မခံသလို၊ ကိုယ့်ဆီက အမှိုက်တွေကိုလည်း သူတစ်ပါးကို ပြန်ပြီး မသွန်ချမိပါနဲ့... ဆိုတာပါဘဲ”

တက္ကစီမောင်းသူရဲ့ စကားအဆုံး ကျွန်တော် ကိုယ့်ကိုယ်ကို တော်တော်ရှက်သွားခဲ့မိပါတယ်.. သူပြောတာ သိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘ၀လမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်။ ခုနက ကားသမားကို မကျေမနပ် ဒေါသတွေနဲ့ တုံ့ပြန် ပြောဆိုလိုက်မိရင် ဟိုဘက်ကလူကလည်း ပြန်လှန်ပြောဆိုရင်း မပြီးနိုင် မစီးနိုင်ဘဲ ကိုယ့်မှာ ဒေါသတွေ ပိုပိုထွက်လာရဖို့သာ ရှိပါတယ်… အဲဒီဒေါသတွေဟာ အလွယ်တကူ မပြေပျောက်နိုင်တော့ဘဲ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းခွင်တွေဆီ သယ်ယူသွားခဲ့မိတဲ့ခါ တစ်နေ့တာ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အဆင်မပြေနိုင်တော့ဘဲ ထစ်ခနဲဆို အစောက ဒေါသထွက်ထားတဲ့အရှိန်နဲ့ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တော့ဘဲ စိတ်တို ဒေါသထွက်ဖို့သာ အဆင်သင့် ဖြစ်နေတတ်ပါတယ်.. ဒါဟာ ကျွန်တော်တို့ တကယ်ကြုံတွေ့ရတတ်တဲ့ အမှန်တရားတစ်ခုပါ။ တက္ကစီသမားရဲ့ အမှိုက်ကား ဥပဒေသဟာ သိပ်ကောင်းမွန်တဲ့ ဥပဒေသလေးပါဘဲ။ လေးစားလိုက်နာသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..  ကိုယ့်ကိုဒေါသတွေနဲ့ ဆက်ဆံလာတဲ့သူကို တန်ပြန်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ အေးချမ်းတဲ့ အပြုံးလေးနဲ့ တုံ့ပြန်လိုက်မယ်ဆို တစ်ဖက်က ဒေါသတကြီးဖြစ်နေသူလည်း ဒေါသအရှိန်တွေ လျော့သွားမှာ ဖြစ်သလို ကိုယ်တိုင်လည်း သူ့ရဲ့ဒေါသတွေ ကူးစက်ခြင်း မခံရတော့ဘဲ အေးချမ်းတဲ့စိတ်ကလေးနဲ့ ဆက်ပြီး နေသွားနိုင်မှာ ဖြစ်ပါတယ်.. လူတိုင်းဒီလိုသာ နေနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က ပူလောင်နေတဲ့ လူသားတွေရဲ့ ဒေါသတွေ လျော့ကျသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။


David J. Pollay ရဲ့ The Law of the Garbage Truck ကို နှစ်ခြိုက်မိသဖြင့် မိမိကိုယ်တိုင် ဆင်ခြင် ဖတ်ရှုနိုင်ဖို့ ဘာသာပြန်ပါသည်။

အမှိုက်ကင်းတဲ့နေ့ရက်များကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။



အပြုံးတစ်ခုရဲ့ နောက်ကွယ်








ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်… အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ.. လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်.. မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။




အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်.. ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့ ၀င်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက် လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့ သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့် သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်.   သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့် သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။




သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့ သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ” လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့  သူ့နံမည်က ကာလ်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။




အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ ပြောလာကြရင်း  ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်. ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့ ၀ါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို ၀င်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့ ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င် ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။




နောက်တနင်္လာနေ့မနက်ရောက်တော့  ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန် သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့ လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့ ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်.. အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။




အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်.. အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့ ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်.. သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။




အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့ ၄နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့ ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။ မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့ သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင် ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က  ကပ်သီးကပ်သပ် လူတစ်ယောက်လို့ ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့် ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး  “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့ ပြောပြီး အားပေးလိုက်တော့  ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး “ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။




သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်.. ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး  ကျွန်တော်တို့ကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။ နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”




အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက် သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့ သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က  စာအုပ်တွေတနင့်တပိုးနဲ့ မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။




ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်..  အဲဒီနေ့  ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့ ကျွန်တော့်ကို  အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..”  သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “ ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ် ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ”  လို့ စကားကို ဆုံးအောင်ပြောသွားခဲ့ပါတယ်။




ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။ မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ  အသေးအမွှားလေး တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက် နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊ အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။ ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..





John Deru ရဲ့ One small gesture can change a person's life ကို ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။






Photo from Google