မတူရင် မတုနဲ့


တစ်နေ့တော့ အောင်မြင်ထင်ရှားတဲ့ စကားပြောကောင်းသူ Mr A ဟာ သူရဲ့ပရိသတ်ကို စကား ဟောပြောဖို့အတွက် စင်ပေါ်ကို ရောက်နေပါတယ်…. စင်ပေါ်မှာ စိတ်လှုပ်ရှား တက်ကြွ စရာ စကားတွေပြောနေရင်းနဲ့ သူက စကားလေးတစ်ခွန်းကို ပရိသတ်ကို ပြောလိုက်ပါတယ်..

ကျွန်တော်ဗျာ….ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး အချိန်တွေကို  ကျွန်တော့မိန်းမ မဟုတ်တဲ့ အခြားမိန်းမတစ်ယောက်ရဲ့ လက်ထဲမှာ ကုန်ဆုံးခဲ့တယ် ”

အဲလိုလဲပြောလိုက်ရော ပရိသတ်ကြီးဟာ တစ်ခါတည်း အံ့သြပြီး ငြိမ်ကျသွားတယ်…ဒီလူ ဘယ်လိုများ ပြောလိုက်တာပါလိမ့်…ဒီလိုပေါ်တင်ကြီး ပြောစရာလားပေါ့….

အဲဒီချိန်မှာဘဲ ဆက်ပြီးသူပြောလိုက်တဲ့စကားက “  အဲဒီအမျိုးသမီးကတော့ ကျွန်တော့ အမေပါ ” တဲ့…

သူရဲ့စကားကြောင့် နားထောင်နေတဲ့ ပရိတ်သတ်တွေအားလုံး အားရပါးရ ရယ်မောကြပြီး အားရပါးရ လက်ခုပ် သြဘာ ပေးလိုက်ကြတယ်…

နောက်တစ်ပတ်ကြာတဲ့အခါ သူရဲ့ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ရာထူးကြီးကြီး အရာရှိကြီး တစ်ယောက်က ဒီ Mr A ရဲ့ ထိရောက်လှတဲ့ ဟာသလေးကို အိမ်မှာ ပြန်ပြီး အရွှန်းဖောက်ဖို့ စိတ်ကူးရလိုက်တယ်..

အဲဒီညနေခင်းမှာ ထမင်းမစားခင် အရာရှိကြီးဟာ အရက်တော်တော်များများကလဲ သောက်ထားတော့ ခပ်ထွေထွေဖြစ်နေပြီ…..သူ့မိန်းမက ညနေစာအတွက် ထမင်းပွဲ ပြင်နေတယ်… သူ့မိန်းမကြားအောင် အရာရှိကြီးက အော်ပြောလိုက်တယ်…

“ငါ့တော့ ငါ့ဘ၀ရဲ့အကောင်းဆုံးအချိန်တွေကို မင်းမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လက်ထဲမှာဘဲ ကုန်ဆုံးခဲ့ပြီဟေ့”
အရာရှိကြီးရဲ့ မိန်းမက တအံ့တသြနဲ့ “ရှင်ဘာပြောလိုက်တယ် …ပြန်ပြောစမ်းပါဦး ” ဒေါသတကြီး လှမ်းအော်ပါတော့တယ်…

အရက်ကြောင့် ထွေနေတဲ့ အရာရှိကြီးက ရုတ်တရက် ဘာဆက်ပြောရမှန်း စဉ်းစား မရတော့ဘူး…..ဟောပြောပွဲမှာတုန်းက Mr A က ဘယ်လို ဆက်ပြောလိုက်တယ် ဆိုတာကိုလဲ ပြန်စဉ်းစားမရတော့ဘူးတဲ့… ဒီတော့ သူက ပြောမိပြောရာ ပြောလိုက်မိတာက

“ဟာ….အဲဒီမိန်းမက ဘယ်သူလဲဆိုတာ ငါလဲဆက်စဉ်းစားလို့မရတော့ဘူးကွ…..မေ့သွားပြီ ”

နောက်ဆုံးတော့ အဲဒီအရာရှိကြီးက ဆေးရုံ ရောက်သွားပါတယ်….ရေနွေးပူပူနဲ့ အပက်ခံ လိုက်ရလို့ပါတဲ့…… ပက်လိုက်တဲ့သူကိုတော့ စာဖတ်သူများ ရိပ်မိပြီးဖြစ်မှာပါနော်……


ဒါကြောင့် ကျွန်မတော့ Don’t copy if you can’t paste! ဒီစာသားလေးကို “မတူရင်မတုနဲ့” လို့ ဘဲ နံမည်ပေးလိုက်ပါတယ်….. ပျော်ရွှင်ကြပါစေနော်…


ချော ( အစိမ်းရောင်လွင်ပြင်)

ရွှေရောင်သေတ္တာလေး



သနားစရာ ကလေးမလေးဟာ အခန်းထောင့်မှာထိုင်ရင်း တရှုပ်ရှုပ်ငိုကြွေးနေပါတယ်… ခရစ်စမတ် သစ်ပင် ထည့်တဲ့သေတ္တာကို အလှဆင်ဖို့ ရွှေရောင် စက္ကူ လိပ်လေးကို ယူဆော့ပစ် လိုက်မိတဲ့အတွက် သူမအဖေရဲ့ အပြစ်ပေးခြင်းကို ခံထားရတာကြောင့်ပါ…. ငွေကြေး ကြပ်တည်း လွန်းနေတဲ့ အခုလို အချိန်မျိုးမှာ ကလေးမလေးရဲ့ ဖြုန်းတီးမှုအတွက် ဖခင်ဖြစ်သူက သီမခံနိုင်လောက်အောင် စိတ်ပျက်သွားမိပါတယ်..ငွေရှာရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ကလေးမလေးက နားမလည်ဘူးလေ…

သို့ပေမဲ့ နောက်တစ်နေ့မနက် မိုးလင်းတော့ ကလေးမလေးက သေချာထုပ်ပိုးထားတဲ့ ရွှေရောင် လက်ဆောင် သေတ္တာကလေးတစ်ခုကို ယူလာပြီး ” ဖေဖေ ..ဒီထဲမှာ ဖေဖေ့အတွက် လက်ဆောင် သမီးထည့်ထားပါတယ်” လို့ ပြောလိုက်တော့ သူမဖခင်က မနေ့က ကလေးအပေါ် ဒေါသတွေနဲ့ ဆက်ဆံခဲ့မိတာ အပြစ်ပေးခဲ့မိတာကို စိတ်မကောင်း ဖြစ်သွားပါတယ်… လက်ဆောင်ထည့်ထားတဲ့ သေတ္တာ ကို ဖွင့်ကြည့် လိုက်ချိန်မှာတော့ သူ့ရဲ့ ဒေါသအိုးက ပေါက်ကွဲလုနီးပါး ပြန်ဖြစ်လာပါတယ်….သေတ္တာလေးထဲမှာက ဘာမှ မရှိဘဲ ဗလာ သက်သက်သာ ဖြစ်နေပါတယ်..  “တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင် တစ်ခုခု ထည့်ပြီးမှ ပေးရတယ် ဆိုတာ မင်းနည်းနည်းမှ မသိဘူးလား ကောင်မလေး” လို့ ကြမ်းတမ်းတဲ့အမူအရာနဲ့ ဒေါသတကြီး ပြောလိုက်မိတယ်…

ကလေးမလေးက မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးလေးနဲ့ သူမရဲ့အဖေကို ကြည့်ပြီး    ”အိုး..ဖေဖေရယ်..သေတ္တာလေးက အလွတ် မဟုတ်ပါဘူး  ဒီထဲမှာ ဖေဖေ့ အတွက် သမီးရဲ့ အနမ်းတွေကို ပြည့်အောင်ထည့်ထားပါတယ်” လို့    ၀မ်းနည်းစွာ ပြန်ပြောပါတယ်…. ဒီအချိန်မှာ ဖခင်ဖြစ်သူက အရုပ်ကြိုးပြတ် ၀မ်းနည်း ပက်လက် ဖြစ်သွားပြီး ဒူးထောက်လှဲပြိုကာ ကလေးမလေးကို ဖက်ပွေ့လိုက်မိရင်းနဲ့ မလိုအပ်ဘဲ ထွက်မိတဲ့ ဒေါသတွေအတွက် ခွင့်လွတ်ဖို့ တတွတ်တွတ် တောင်းပန် နေမိပါတော့တယ်….

သိပ်မကြာခင် အချိန်လေးမှာဘဲ မတော်တဆကြောင့် ကလေးမလေးဟာ လူ့လောကကနေ စောစီးစွာဘဲ ထွက်ခွာ သွားခဲ့ပါတယ်….သူမလေး မရှိတော့ပေမဲ့ ဖခင် ဖြစ်သူကတော့ ရွှေရောင် သေတ္တာလေးကို အိပ်ရာဘေးမှာ သူ့ဘ၀တစ်လျှောက်လုံး သိမ်းဆည်းထားခဲ့တယ်….သူ့ရဲ့ဘ၀မှာ အခက်အခဲတွေ ကြုံလာတိုင်း စိတ်ပျက် အားငယ်စရာတွေ ကြုံလာတိုင်း ရွှေရောင်သေတ္တာလေးကိုဖွင့်ကြည့်မိတယ်…..ဖွင့်ကြည့်မိတိုင်းလဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်ကူးအနမ်းလေးတွေကို ထည့် ထားခဲ့တဲ့ ကလေးမလေးရဲ့မေတ္တာကို ခံစားမိရင်း ဘ၀မှာ ကြုံတွေ့နေတဲ့ အခက် အခဲတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားသစ်တွေ အလိုလိုမွေးဖွားလာတယ်…သတ္တိတွေရှိလာတယ်….ချစ်ခြင်းမေတ္တာ ဆိုတာ အစွမ်းထက် လှသလို တန်ဖိုးဖြတ်ဖို့လဲ ခက်လှပါတယ်…



———————————————————————————————–

ကျွန်မတို့ရဲ့ဘ၀မှာလည်း သားသမီးတွေ၊ မိဘတွေ၊ သူငယ်ချင်း မိတ်ဆွေတွေက ပေးထားတဲ့ ရွှေရောင် သေတ္တာလေးတွေ ကိုယ်စီ ရှိကြပါတယ်… အဲဒီထဲမှာ သာမန် မျက်စိနဲ့ကြည့်လို့ မမြင်နိုင်တဲ့ ချစ်ခြင်း မေတ္တာတွေ အနမ်းတွေနဲ့အပြည့်ပါ…ဒီ ရွှေရောင် သေတ္တာလေးတွေကို တန်ဖိုးထား တတ်ဖို့သာ လိုပါတယ်… ပိုင်ဆိုင်သမျှ အဖိုးတန်အရာတွေ ထဲမှာ ဒီ သေတ္တာလေး လောက် တန်ဖိုးဖြတ်မရတဲ့အရာ ဆိုတာ မရှိပါဘူး….အချိန် မနှောင်းခင်လေးမှာ မိမိမှာရှိတဲ့ ရွှေရောင်သေတ္တာလေးကို အချိန်မှီ ဖွင့်ကြည့်ကြစို့ရဲ့နော်……


http://www.dobhran.com/greetings/GRinspire498.htm ကနေဘာသာပြန်ဝေငှပါတယ်ရှင်…


ချော (အစိမ်းရောင်လွင်ပြင်)

၁၀၀ ရာခိုင်နှုန်းအပြည့် ပေးပြီးပြီလား



ဒီညနေ ဖတ်လိုက်ရတဲ့ဇာတ်လမ်းလေးကို နှစ်သက်ခံစားမိတဲ့အတွက်  မိတ်ဆွေ သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်…တစ်နေ့မှာ မူလတန်းအရွယ် ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အတူတူပျော်ပျော်ရွှင်ရွှင် ပြေးလွှား ဆော့ကစားနေကြပါတယ်..ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေကို ပါလာပြီး ကောင်လေး ဆီမှာတော့ ဂေါ်လီလုံးများ ရှိပါတယ်…အဲဒီမှာ ကောင်လေးက ကောင်မလေးကို မင်းလက်ထဲမှာရှိတဲ့ သကြားလုံး အားလုံး  ငါ့ကိုပေးမယ် ဆိုရင်  ငါမှာရှိတဲ့ ဂေါ်လီလုံး အားလုံး အပြန်အလှန်အဖြစ် မင်းကို ငါပေးမယ်လို့ပြောပါတယ်..ကောင်မလေးကလဲ သဘောတူ လက်ခံ လိုက်ပါတယ်…

ဒါပေမဲ့..ကောင်လေးက အကြီးဆုံး အလှဆုံး ဆိုတဲ့ ဂေါ်လီလေးကို ကောင်မလေးမသိအောင် ဖွက်ထားပြီး  ကျန်တဲ့ဂေါ်လီအားလုံးကို ကောင်မလေးကို ပေးလိုက်ပါတယ်..ကောင်မလေး ကတော့ ကနဦး သူတို့သဘောတူ ကတိပြုထားခဲ့တဲ့အတိုင်းဘဲ သကြားလုံး အားလုံးကို  ကောင်လေးကို ပေးလိုက်ပါတယ်…

အဲဒီညမှာတော့ ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိုင်ခဲ့ပြီး  ကောင်လေး ကတော့ အိပ်လို့မပျော်ခဲ့ပါဘူးတဲ့.. သူ့စိတ်ထဲမှာ  ကောင်မလေးဟာ  သကြားလုံးကို အကုန်မပေးဘဲ ငါ့လိုဘဲ အကောင်းဆုံး အကြီးဆုံး သကြားလုံးကိုများ  ချန်ထားခဲ့ လေမလားရယ်လို့ တွေးနေမိပါတယ်တဲ့…..

ဒီပုံပြင်လေးကပြောတဲ့သင်ခန်းစာလေးကတော့ ဘယ်လို ပေါင်းသင်း ဆက်ဆံရေး မှာဘဲဖြစ်ဖြစ် တကယ်လို့ သင်ဟာ ၁၀၀ရာခိုင်နှုန်းအပြည့် ပေးသူ မဟုတ်ခဲ့ဘူး ဆိုရင် တစ်ဘက်လူက ၁၀၀ ရာခိုင်နှုန်း အပြည့် ပြန်ပေးသော်လည်း မငြိမ်းချမ်းနိုင်တဲ့ သံသယ စိတ်တွေနဲ့ ပူလောင်နေ တတ်ပါတယ်တဲ့….ဒီသင်ခန်းစာကလေးက နမူနာယူပြီး လူမှုရေး နယ်ပယ်မှာ ရှိတဲ့ လူတိုင်း အတုယူ ယူကျင့်သုံးသင့်ပါတယ်…ချစ်သူနှစ်ဦးကြားမှာ သော် လည်းကောင်း အလုပ်ရှင်အလုပ်သမား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော် လည်းကောင်း   သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေး တွေမှာ သော် လည်းကောင်း သင် တတ်စွမ်း နိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာ ပေးပြီး ငြိမ်းချမ်းစွာ အိပ်စက်လိုက်ပါ…. သံသယတွေနဲ့ပူလောင် နေခြင်းကနေ ကင်းဝေးပါလိမ့်မယ်…

————————————————————————————————

ကျွန်မတို့ကရော ကိုယ့်ဘေးပါတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဆီကနေ ၁၀၀ရာခိုင်နှုန်း အပြည့် ကို မျှော်လင့်နေကြပေမဲ့ မိမိကိုယ်တိုင်က ရာနှုန်းပြည့် ပြန်ပေးမိရဲ့လား ဆိုတာ တွေးတော မိကြမယ် မထင်ပါဘူး..ပုံပြင်ထဲက ကောင်ကလေးလို အိမ်မပျော်တဲ့ ညတွေနဲ့ ဘယ် လောက်ထိ  ပူလောင် နေကြဦးမယ်ဆို မပြောနိုင်ပါဘူး…ဒါကြောင့် ကိုယ်က ၁၀၀ရာနှုန်းပြည့်လိုချင်တယ်ဆိုရင် မိမိကိုယ်တိုင်က ရာနှုန်းပြည့် အရင်ပေးနိုင်အောင် ကြိုးစား ကြည့်ကြပါစို့နော်…

ဒီဇာတ်လမ်းကလေးကတော့ http://www.funzug.com/index.php/stories/love-is-complete-trust-and-faithfulness-story.html ထဲကပါ… မူရင်းဇာတ်လမ်းလေးရဲ့ ပေးချင်တဲ့ရသကို မမှီခဲ့ရင် စာအရေးအသား အားနည်းတဲ့ ကျွန်မရဲ့ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါတယ်..