မေမေ့ရဲ့ ၈ကြိမ်မြောက်လိမ်ညာခြင်း



picture from google



ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ ” ….    ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ…




ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်..     “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက်  လိမ်ညာခြင်း




တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ  ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက      “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု




ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်..   “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး” မေမေ့ရဲ့  ၆ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့  ၇ကြိမ်မြောက် လိမ်ညာခြင်းပါ..




မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်…  ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်…  မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး..  မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ…




၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ…


—————————————————————————————————————————————–


ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ… ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ..  ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ..  ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်…..




http://www.funzug.com/sweet-8-lies-of-a-mother-story.html မှ ဘာသာပြန်ကာ  ကမ္ဘာပေါ်ရှိ  အမေ အားလုံးကို ဂုဏ်ပြု လိုက်ပါတယ်ရှင်…









ချော (အစိမ်းရောင်လွင်ပြင်)

ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီ




picture from google search



ကောင်မလေးရေ… ငါတို့ ၂ယောက် ပထမဆုံး စတင် ဆုံစည်းကြတဲ့နေ့ကို နင်မှတ်မိ သေးရဲ့လား… အဲဒီနေ့ဟာ ဒီနှစ် စာသင်နှစ်ရဲ့ ပထမဆုံး ကျောင်းစတက်ရက် လည်းဖြစ်တယ်လေ…ငါက ကျောင်းနောက်ကျနေတော့ ကျောင်းဝင်းထဲကို အလျှင်စလို ပြေးအ၀င်….နင်က နင်တို့အိမ်က လိုက်ပို့တဲ့ ဗော်လ်ဗိုကား အကောင်းစားကြီး  ထဲကနေ အထွက် မမျှော်လင့်ဘဲ နင့်ကို ငါဝင်တိုက်မိလိုက်တယ်..နင့်လက်ထဲမှာ ကိုင်လာတဲ့ စာအုပ်တွေအားလုံး  မြေကြီးပေါ်ကို ပြုတ်ကျကုန်တယ်..  ငါ နင့်စာအုပ်တွေကို ကပျာကယာ ပြန်ကောက်ပေးပြီး တောင်းပန်စကားနဲ့ အတူ နင့် လက်ထဲကို ထည့်ပေးလိုက်ပေမဲ့ ငါ့ကို ပြန်ကြည့်လိုက်တဲ့ ဒေါသပါတဲ့ ခပ်စိမ်းစိမ်း အကြည့်တစ်ချက်က လွဲလို့ ဘာ တုန့်ပြန်မှုမှ ငါမရခဲ့ပါဘူး… ငါရဲ့ ပထမဆုံး ထင်မြင်လိုက်တဲ့ အမြင်ကတော့ နင်ဟာ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ခပ်ရင့်ရင့် ဘ၀င်မြင့်မြင့် ကောင်မလေးတစ်ယောက် ဆိုတာပါဘဲ… နင့်ရဲ့ မဖော်ရွေတဲ့ အမူအရာကြောင့် ငါနင့်ကို နောက်ထပ် ထပ်တွေ့ရလိမ့်မယ်လို့ မမျှော်လင့် တော့ပေမဲ့ အံ့သြစရာက နင်ဟာ ငါနဲ့တစ်ခန်းထဲ စာသင်ရမဲ့သူအဖြစ် ပြန်လည် တွေ့ဆုံ ရတာပါဘဲ…. တွေးမိတိုင်း သတိရနေတုန်းဘဲ ကောင်မလေးရယ်….





မတ်လ ၂၂ရက်နေ့


ကျောင်းတက်ရက် နည်းနည်းရလာတော့မှ ငါဟာနင့်အကြောင်းတွေကို ပိုပြီး သိလာရတယ်… နင့်အပေါ် ရှိခဲ့တဲ့ ငါ့ထင်မြင်ချက်တွေဟာ ပြောင်းလဲလာတယ်.. နင်ဟာ ချမ်းသာတဲ့ မိသားစုကနေ ပေါက်ဖွားလာတာ ဖြစ်ပေမဲ့ ငါထင်သလို ဘ၀င်မြင့်တဲ့ မိန်းခလေးတစ်ယောက် လုံးဝ မဟုတ်ခဲ့ဘူး…… နင်ဟာ အရမ်းကို သဘောကောင်းပြီး ဖော်ဖော်ရွေရွေနဲ့ ခင်မင်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါ… နင်နဲ့ငါ စတွေ့တဲ့ ပထမဆုံးနေ့က နင်အရမ်း ကြိုက်နှစ်သက်တဲ့ ကဗျာစာအုပ် ပေါင်းချုပ် လေးကို ငါက တက်နင်းလိုက်မိပြီး စာအုပ်ပေါ်မှာ ငါ့ခြေထောက်ရာ ထင်သွားခဲ့တာကြောင့် နင်ငါ့ကို ဒေါသထွက်နေခဲ့တယ် ဆိုတာ ခုမှ ငါသိလိုက်ရတာပါ ဒီအတွက် ဆောရီးပါ ကောင်မလေးရယ်..






ဧပြီလ ၅ရက်နေ့


နေ့လည်စာစားဖို့ ကျောင်းခနဆင်းတဲ့အချိန်တွေမှာ နင့်ကို မကြာခန ငါ သတိထားမိတဲ့ တစ်ခြား မိန်းခလေးတွေနဲ့ လုံးဝကို မတူတဲ့အချက်က ကဗျာ စာအုပ်တွေ အပေါ် ထားတဲ့ နင့်ရဲ့ မြတ်နိုး တန်ဖိုးထားမှုပါဘဲ… နင်ဟာ တစ်ခါတစ်လေမှာ ပါးစပ်ကနေ တစ်စုံတစ်ခု ကို တိုးတိုးဖွဖွလေး ရွတ်ဆို နေလေ့ရှိတယ်.. အစကတော့ ငါထင်ခဲ့တာက နင်ဟာ ပေါ့ပ် သီချင်း တစ်ပုဒ်ကို ဆိုနေတာဘဲလို့…ဒါပေမဲ့ ငါနောက်မှ သိလာရတာက နင်ဟာ ကျော်ကြားတဲ့ တရုတ် ကဗျာဆရာကြီး တစ်ယောက်ရဲ့  ကဗျာတွေကို အလွတ် ကျက်နေတယ် ဆိုတာပါဘဲ.. နင်ဟာ ကဗျာနဲ့ ပါတ်သက်ရင် ဘာမဆို အကုန်သိနေခဲ့တယ်.. ကဗျာဆရာတိုင်းကို နင်အကုန် သိနေသလို ဘယ်ကဗျာကို ဘယ်သူက ရေးဖွဲ့ခဲ့တယ် ဆိုတာက အစ အားလုံး နင်သိနေခဲ့တယ်… နင်ဟာ ကဗျာကို ရူးရူးမူးမူး နှစ်သက်စွဲလမ်းတဲ့ ကောင်မလေး တစ်ယောက်ပါ…  ဒါကြောင့်လည်း ငါနင့်ကို တော်တော်လေး အထင်ကြီး လေးစားမိခဲ့တယ်… တော်ပါပေတယ် ကောင်မလေးရယ်





မေလ ၈ရက်နေ့


ငါနင့်ကို ကျောင်းစာကြည့်တိုက်မှာ တွေ့လိုက်တဲ့နေ့က နင်ဟာ တရုတ် ဂန္တ၀င် စာပေဖြစ်တဲ့ “ ရှေးခေတ် ဘုရင်များ၏ အချစ်ဇာတ်လမ်းများ ” ဆိုတဲ့ စာအုပ်ကို ဖတ်နေခဲ့တယ်.. တရုတ်ဂန္တ၀င်စာပေတွေကို လေ့လာလိုက်စားတဲ့၊  စွဲလန်းနှစ်သက်တဲ့ နင့်ရဲ့အရည်အချင်းကို ငါအားကျမိတယ်..  ချီးကျူးစရာ ကောင်းလောက်အောင် နင်ဟာ ဘယ်သူနဲ့မှ မတူ ထူးခြားလွန်းတဲ့ ကောင်မလေး တစ်ယောက်ပါ…. လေးစားပါတယ် ကောင်မလေးရယ်..






မေလ၁၅ရက်နေ့


အဲဒီကစလို့ နင်နဲ့ငါဟာ ကျောင်းစာကြည့်တိုက်မှာ တရုတ်ဂန္တ၀င်စာအုပ်ထဲက လူတွေရဲ့ စရိုက်နဲ့ပါတ်သက်ပြီး အားနည်းချက် အားသာချက် တွေကို    မကြာခန ဆွေးနွေးဖြစ်ကြတယ်.. နင်မှတ်မိသေးလား .. ကြာဘောင်ယွီ က လင့်တိုင်ယွီကို  ထိခိုက်နာကျင်စေတယ် ဆိုတာနဲ့ပါတ်သက်ပြီး ဟုတ်တယ် မဟုတ်ဘူးနဲ့ နင်နဲ့ငါ အကြီးအကျယ် အငြင်းအခုန် ဖြစ်ကြတယ်လေ.. နင်နဲ့ငါရဲ့ အငြင်းပွားမှုက တော်တော့်ကို ပြင်းထန်ခဲ့တယ်.. အဲဒီ တစ်ပါတ်လုံး ငါတို့၂ယောက် မခေါ်နိုင် မပြောနိုင်ဖြစ်ခဲ့ကြပေမဲ့ .. နောက်တစ်ပတ် သောကြာနေ့ စာကြည့်တိုက်မှာ ပြန်ဆုံ ကြတော့ အဲဒီအကြောင်းကို ပြန်ပြောပြီး ၂ယောက်လုံး ရယ်မိကြတယ်… ပြီးတော့လဲ နောက်ထပ်ငြင်းစရာတွေ ထပ်ပေါ်လာပြန်ရော… နင်နဲ့အတူတူ စာတွေဖတ်ရပြီး ငြင်းရတာ ပျော်စရာ ကောင်းလိုက်တာ ကောင်မလေးရယ်






သြဂုတ်လ ၇ရက်နေ့


ငါမငြင်းနိုင်ပါဘူး.. ငါရင်ထဲမှာ တစ်စုံတစ်ရာ ခံစားချက်လေး ရှိနေပြီ.. ဘာလဲဆိုတာ အတိအကျတော့ ပြောဖို့ခက်တယ်.. နင် တစ်ခြားကောင်လေး တစ်ယောက်ယောက်နဲ့ ပြုံးရယ်နေတာတွေ့ရင် ငါ့ရင်ထဲမှာ ပြောမပြတတ်တဲ့ ခံစားချက်တွေဖြစ်လာတယ်.. ဒီတော့မှ ကိုယ့်ကိုကိုယ် သိလိုက်တယ်.. ငါနင့်ကိုချစ်နေပြီ.. တစ်ခြားကောင်လေးတွေနဲ့ နင် ရယ်မောနေတာတွေ့ရင် ငါ့ရင်ထဲမှာ မနာလိုတဲ့စိတ်၊ သ၀န်တိုတဲ့စိတ်တွေ ဖြစ်နေတာ… ဒါတွေ နင်သိအောင် ငါပြောပြချင်ပေမဲ့ နင် အထင်လွဲမှာ ငါကြောက်တယ်… ခုလို နင်နဲ့ ရင်းရင်းနှီးနှီး အခြေ အနေလေးကို ငါနှမြောတယ်… တော်ကြာ ငါဖွင့်ပြောလိုက်လို့ နင်စိတ်ဆိုးပြီး သူငယ်ချင်း အဖြစ်နဲ့တောင် ဆက်ဆံခွင့် မရတော့ရင် ဆိုတဲ့ အတွေးတွေက ငါ့ကို နှိပ်စက် နေတယ်… ဒါကြောင့် ဖွင့်မပြောတော့ဘူး လို့ငါဆုံးဖြတ်လိုက်တယ်..… တိတ်ဆိတ်စွာဘဲ ငါနင့်ကို ချစ်နေပါ့မယ် ကောင်မလေးရယ်





အောက်တိုဘာလ ၁ရက်နေ့


သတင်းဆိုးတစ်ခုကြောင့် ငါတုန်လှုပ်သွားတယ်.. နင်ဟာ ကျောင်း ကင်တင်းမှာ မေ့လဲကျသွားတယ်တဲ့… နင့်ကို သယ်ဆောင်သွားတဲ့ လူနာတင်ကားကို ကြည့်ပြီး နင့်အတွက် ပူပန်နေတဲ့ ငါ့စိတ်တွေကို မျက်နှာကနေ တစ်ဆင့် လူတွေ မြင်မှာစိုးလို့ မနည်းကို ထိန်းချုပ် လိုက်ရတယ်.. ဆောက်တည်ရာ မရအောင် ယောက်ယက်ခတ် နေတဲ့ ငါ့စိတ်တွေဟာ နင်နဲ့ အတူတူ လိုက်ပါသွားခဲ့တယ်….  စိတ်ပူလိုက်ရတာ ကောင်မလေးရယ်..







အောက်တိုဘာလ ၂ရက်နေ့


ဒီနေ့တစ်နေ့လုံး မိုးဖွဲဖွဲလေး ကျနေတယ်.. ငါတို့အတန်းပိုင်ဆရာမက နင် ကင်ဆာ ဖြစ်နေပြီ ဆိုတဲ့ အကြောင်းကို အတန်းထဲမှာ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကြေငြာလိုက်တယ်.. ဆရာမရဲ့ နောက်ဆုံး စကားလဲဆုံးရော အပြင်မှာ ကျနေတဲ့ မိုးဖွဲဖွဲဟာ ရုတ်တရက် သည်းကြီးမည်းကြီး ရွာချလိုက်သလိုဘဲ….. ငါ့နားထဲမှာ မိုးသံကလွဲလို့ ဘာအသံကိုမှ မကြားတော့ဘူး.. ဆရာမရဲ့ စာသင်ချိန်အပြီး နင့်ကိုတွေဖို့ ဆေးရုံကြီးကို အပြေးအလွှား ငါလာခဲ့မိတယ်.. ဆေးရုံရဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ နင့်မျက်နှာလေးဟာ သွေးရောင်ဆိုလို့ တစ်စက်မှကို မရှိတော့ဘဲ အဖြူဆွတ်ဆွတ်သာဖြစ်နေခဲ့တယ်.. နင့်ကို ခွဲစိတ်ကုသမှု လုပ်ထားတယ်ဆိုတာ ငါနားလည်လိုက်ပါတယ်.. နင့်အသက်ဆက်ဖို့ အထောက်အကူအဖြစ် သွင်းထားတဲ့ ဆေးပုလင်းနဲ့ ပိုက်တွေက ရှုပ်ရှက်ခပ်ပြီး အညာအတာ ကင်းမဲ့စွာနဲ့ မင်းရဲ့ ဘယ်ဘက် လက်ကောက်ဝတ်မှာ ဖောက်ဝင်နေကြတယ်.. “ ငါနေကောင်းပါတယ်… ဒီလောက်စိတ်ပူစရာမရှိပါဘူး.. အခုဖြစ်တာက သွေးအားနည်း တာကြောင့်ပါ.. ငါ့ကို ယုံစမ်းပါ… ငါနေပြန်ကောင်းလာမှာပါ..ငါ့အဖေနဲ့အမေက ငါ့ကို ပြောပြီးပြီ..” နင့်အသံက တကယ့်ကို ယုံကြည်ချက်အပြည့်နဲ့ ပြောနေတဲ့ လေသံ… နင့်စိတ်ကို ငါသိပါတယ် ကောင်မလေးရယ်… နင် ငါစိတ်ပူမှာ စိုးနေတယ် မဟုတ်လား.. နင့်ကိုယ်နင် နှစ်သိမ့်နေတာလား ဒါမှမဟုတ် ငါ့မျက်နှာပေါ်မှာ ပေါ်နေတဲ့ ထိတ်လန့်ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု တွေကို နင်သိသွားလို့များ နှစ်သိမ့်နေတာလား လို့ ကိုယ့်ကိုကိုယ် မေးနေမိတယ်.. ငါဟာ နင့်စကားကို ပြန်တုံ့ပြန်ဖို့ အင်အားတောင် မရှိတော့ပါဘူး ကောင်မလေးရယ်.. ခေါင်းလေးကို အသာငြိမ့်ပြပြီး အားပေးတဲ့ အပြုံးလေးနဲ့ဘဲ နင့်ကိုငါ နှစ်သိမ့် နိုင်ပါတော့တယ်… နင်ကလဲ ငါ့ကို ပြန်ပြုံးပြတယ်… ဒါပေမဲ့ အဲလောက်လေး ပြုံးပြဖို့ကို နင်ဘယ်လောက် ခက်ခက်ခဲခဲ အင်အား စိုက်ထုတ် လိုက်ရတယ်ဆိုတာ ငါရင်နာနာနဲ့ သိလိုက်ပါတယ်.. သနားလိုက်တာ ကောင်မလေးရယ်..





အောက်တိုဘာလ ၅ရက်နေ့


သူများတွေအတွက်တော့ ပုံမှန်နေ့တစ်နေ့ပါဘဲ .. ဒါပေမဲ့ ငါ့အတွက်တော့ အရေးကြီးတဲ့ နေ့တစ်နေ့ပါ.. ငါ့ရင်ထဲမှာ နင့်ကိုချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောလိုက်ဖို့ တစ်စုံတစ်ရာ နိုးဆော် တိုက်တွန်းနေတယ်… ငါ နင့်ရဲ့ကုတင်ဘေးကို လျှောက်သွားပြီး နင့်ရဲ့ လက်ကလေးကို အသာဆုပ်ကိုင်လိုက်ရင်း သာမန် ကောင်လေး တစ်ယောက်က ကဗျာတွေကို ချစ်တတ်ပြီး တရုတ်ဂန္တ၀င်စာပေတွေကို ထူးထူးခြားခြား နှစ်သက်တဲ့ ကောင်မလေး တစ်ယောက်ကို ဘယ်လောက်ထိအောင် ချစ်ခင်မြတ်နိုးနေတယ် ဆိုတဲ့ ဇာတ်လမ်းလေးတစ်ခုကို ပြောပြ နေမိတယ်.. ဇာတ်လမ်းလေးကို ပြောနေရင်း ငါ့မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်လာတယ်.. ပြီးတော့ ငါ့ အသံတွေ တုန်ရီလာပြီး နောက်ဆုံးတော့ ဘယ်လိုမှ ချုပ်တီးလို့ မရတော့ဘဲ ငါ့မျက်ရည်တွေ စီးကျ လာတော့တယ်… ငါရှိုက်ကြီးတငင် ငိုကြွေးနေမိပါတယ်… ဒါပေမဲ့ နင်က ငါ့ရဲ့ခေါင်းလေးကို တွန်းလိုက်ပြီး မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးလေးနဲ့ “ နင့်ဇာတ်လမ်းလေးထဲက အချစ်ကို ငါနားလည်တယ်.. ငါခံစားလို့ရပါတယ်.. ဒါကြောင့် အဲဒီထဲက ကောင်မလေးကလည်း နားလည်မှာပါ” လို့ပြောတယ်.. အဲဒီအချိန် ငါနင့်ကို ကြည့် လိုက်မိတော့ နင်မျက်ရည်တွေ ကျနေတယ်… ပြီးတော့ နင့်နှုတ်ခမ်းလေးတွေ နီလာတာ ပထမဆုံးအကြိမ်အဖြစ် ငါတွေ့လိုက်ရတာပါဘဲ… ငါ နင့်ကို သိပ်ချစ်တယ် ကောင်မလေးရယ်..





အောက်တိုဘာလ ၂၆ရက်


ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့.. စာမေးပွဲ ဖြေပြီးချင်းချင်း ဆေးရုံကြီးကို ငါအပြေးအလွှား ထွက်လာခဲ့တယ်.. ဟိုနေ့က နင့်ကိုငါ ပြောပြနေတဲ့ ဇာတ်လမ်းလေးကို ဆက်ပြောဖို့ စိတ်ကူးနဲ့ပေါ့… ဒါပေမဲ့ ဆေးရုံကို ရောက်တော့ နင်အိပ်နေကျ ကုတင်လေးမှာ သူနာပြုဆရာမတစ်ယောက်က အိပ်ရာခင်းတွေ ပြန်ပြင် ခင်းနေတာကိုဘဲ တွေ့လိုက်ရတယ်.. ဆရာမကို ငါ နင့်အကြောင်း မေးမိတော့ နင်ဆုံးသွားပြီ ဆိုပြီး ခံစားချက်ကင်းမဲ့တဲ့ လေသံနဲ့ ငါ့ကိုပြန်ပြောတယ်.. မိုးကြိုးပစ်ချလိုက်သလို ငါခံစားလိုက်ရပါတယ်.. ကောင်မလေးရယ်.. အဲဒီနေရာမှာဘဲ လှုပ်ရှားမှု ကင်းမဲ့စွာနဲ့ ငါ အကြာကြီး ရပ်နေခဲ့တယ်.. ဒီစာမေးပွဲ အတွက်ကြောင့် စာကျက်နေရတာနဲ့ နင့်ဘေးကို မရောက်လာဖြစ်တဲ့ နေ့တွေအတွက် ငါ့ကိုယ်ငါမုန်းမိတယ်.. နင့်ကို ငါသိပ်ချစ်တဲ့အကြောင်း စောစောစီးစီး ဖွင့်မပြောမိခဲ့တဲ့ ငါ့ကိုယ်ငါ မုန်းတယ်… နောက်ဆုံးတစ်ခေါက် နင့်ဆီကို ရောက်လာတုန်းက နင့်ဘေးမှာ ကြာကြာ မနေခဲ့မိတဲ့အတွက်လည်း ငါ့ကိုယ်ငါ မုန်းမိတယ်..  ဒါပေမဲ့ နင်က မရှိတော့ဘူး .. ငါ့ကိုယ်ငါ သိပ်ကို မုန်းမိပါတယ်… အိမ်ကို ဘယ်လို ပြန်ရောက်လာတယ် ဆိုတာလည်း ငါမမှတ်မိတော့ဘူး… ငါအိပ်ရာကနိုးတော့ ငါ့အခန်းထဲ ပြန်ရောက် နေခဲ့တယ်ဆိုတာ သိလိုက်တယ်…. ငါ့ခေါင်းအုံးလေး တစ်ခုလုံးလဲ ရွှဲရွှဲစိုနေတာကို ငါတွေ့ရတယ်.. ခုကျမှ ငိုနေမိတဲ့အတွက် ငါ့ကိုယ်ငါမုန်းတယ်…. ငါ့ကိုယ်ငါ မုန်းလိုက်တာ ကောင်မလေးရယ်…





အောက်တိုဘာလ ၂၇ရက်


နင်ရဲ့ အသုဘကို လိုက်ပို့ဖို့ ထွက်လာခဲ့တယ်.. နင့်အဖေဆီက ငါသိလိုက်ရတာက နင်ဟာ သေဆုံးမဲ့နေ့အထိ နင့်မွေးနေ့ တုန်းက ငါလက်ဆောင်ပေးခဲ့တဲ့ ကဗျာ စာအုပ်လေးကို ဖတ်နေခဲ့တယ်တဲ့… ကောင်မလေးရယ် နင့်ရဲ့ ပုံတူ ပန်းချီကားရှေ့မှာ ငါရပ်နေမိတယ်.. ဒါပေမဲ့ ငါမျက်ရည်မကျပါဘူး… ငါ့မှာ မျက်ရည်တွေ ခမ်းခြောက် သွားခဲ့ပြီ.. နင်ဆုံးတဲ့နေ့က ငါ့မျက်ရည်တွေ အားလုံး ကုန်သွားခဲ့ပြီ ထင်ပါရဲ့… ငါသိတာကတော့ ငါ့ရင်ထဲမှာ ပူလောင် ဆွေးမြေ့မှုတွေနဲ့ အတူ ငါ့အသည်းနှလုံး တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ပြီး နင်နဲ့အတူတူ သေဆုံး သွားခဲ့ပါပြီ…… ငါ့ရင်ထဲက ၀မ်းနည်းခြင်း ကြေကွဲခြင်း တွေဟာလည်း ဘယ်တော့မှ ပျောက်ပျက် နိုင်တော့မယ် မထင်ပါဘူး ကောင်မလေးရယ်…






ဇန်န၀ါရီလ ၂ရက်နေ့


ကျောင်းတွေပြန်ဖွင့်တော့ မင်းထိုင်နေကျ နေရာလေးကို ကောင်မလေး အသစ်တစ်ယောက် လာထိုင်တယ်… သူဟာ မင်းလို ကဗျာ ကို နှစ်သက်တဲ့၊ ခံစားတတ်တဲ့ ကောင်မလေးမဟုတ်ဘူး… ဒါပေမဲ့ ပေါပ့်သီချင်းကိုတော့ ပါးစပ်က ညည်းနေတတ်တယ်… ငါက သူ့ကိုမေးလိုက်တယ်.. နင် ကြာဘောင်ယွီ ကို သိလားလို့.. အဲဒီကျောင်းသူသစ်က ဘာတွေလာမေးနေတာလဲ တဲ့ …




ကဗျာတွေကို ချစ်တဲ့ တရုတ်ဂန္တ၀င်စာပေတွေကို မြတ်နိုးတဲ့ ကောင်မလေးရေ… နင်သေဆုံးသွားပေမဲ့ ငါ့အတွက်တော့ မင်းနေရာ လေးဟာ ပိုင်ရှင်မဲ့နေတုန်းပါ.. ဘယ်တော့မှလဲ ဘယ်သူမှလဲ ပိုင်ဆိုင်နိုင်တော့မယ် မထင်ပါဘူးကွယ်… နင်မရှိတော့ပေမဲ့ ငါနင့်ကို လွမ်းနေတယ်.. သတိရနေတယ်.. တမ်းတနေတယ်.. သတိရခြင်းတွေ လွမ်းဆွတ်ခြင်းတွေ တနင့်တပိုးနဲ့ပါ ကောင်မလေးရယ်…





————————————————————————————————



အချစ်ဆိုတာ လူတွေရဲ့စိတ်ကို အလွှမ်းမိုးနိုင်ဆုံး ခံစားချက်တစ်ခုပါ… လူတစ်ယောက်ကို ချစ်မိပြီဆိုရင် မေ့ပျောက်ဖို့ ခက်သလို မုန်းမေ့ဖို့လဲ ခက်လှပါတယ်….. မနက်ဖန်ဆိုတာကို ဘာဖြစ်လာမယ်လို့ ကြိုတင်မှန်းဆ မရနိုင်တဲ့ လောကကြီးမှာ အချိန်တွေ ဆွဲပြီး နှောင့်နှေးမနေဘဲ ကိုယ်ချစ်နေတဲ့သူကို အမြန်ဆုံး ဖွင့်ပြောပြီး ပျော်စရာကောင်းတဲ့ ချစ်သူဘ၀တွေကို လျှောက်လှမ်းလိုက်ပါလို့ စာဖတ်သူများကို တိုက်တွန်းလိုက်ပါတယ်.. ဘယ်လိုဘဲဖြစ်ဖြစ် အချစ်ဆိုတာ လူတွေရဲ့ စိတ်ကို အလွှမ်းမိုးနိုင်ဆုံး ခံစားချက်ပါဆိုရင် စာဖတ်သူများ လက်ခံနိုင်မယ် ထင်ပါတယ်…. ဒီလောကကြီးမှာ အချစ်နဲ့ ကင်းနိုင်တဲ့သူ ဆိုတာမှ မရှိဘဲလေ…





http://www.lovefatedestiny.com/romancestories2.htm ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်….






ချော ( အစိမ်းရောင်လွင်ပြင်)

အဖေ့ရဲ့လက်ဆောင်



picture from google search



မောင်မောင်ဟာ တက္ကသိုလ် ကနေ မကြာခင် ဘွဲ့ယူရတော့မဲ့ လူငယ် တစ်ယောက်ပါ… သူ့အဖေဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်.. ဘွဲ့ယူရတော့မဲ့ သူ့အနေနဲ့ ခုချိန်မှာ သူ အလိုချင်ဆုံး တစ်ခုက မော်တော်ကား အရောင်းပြခန်းတစ်ခုမှာ တွေ့ခဲ့တဲ့ သိပ်ကိုလှပတဲ့ ပြိုင်ကားလေး တစ်စီးပါ… ဒီကားလေးဟာလည်း မောင်မောင် သိပ်ကို လိုချင် မက်မော နေတဲ့ ကား ဆိုတာ သူ့အဖေကို ပြောပြပြီးသား ဖြစ်သလို ဒီကားလေးကို သူ့ အဖေ ၀ယ်ပေး နိုင်တယ်ဆိုတာ လည်း မောင်မောင်က သိပါတယ်…




မောင်မောင် ဘွဲ့ယူဖို့ရက် နီးကပ်လာလေ သူ့အဖေ ကားဝယ်ပေးတော့မှာဘဲ ဆိုတဲ့ မျှော်လင့်ချက်က ကြီးလေလေ ဖြစ်လာပါတယ်… နောက်ဆုံးမှာတော့ မောင်မောင် မျှော်လင့် တဲ့ရက် ရောက်လာပါပြီ.. ဘွဲ့ယူမဲ့နေ့ မနက်စောစော သူ့အဖေက မောင်မောင်ကို စာကြည့်ခန်းထဲ ခေါ်သွားပါတယ်….




မောင်မောင့််လို တော်တဲ့လိမ္မာတဲ့သားမျိုး ရတဲ့အတွက် သူဘယ်လောက် ဂုဏ်ယူကြောင်းနဲ့ မောင်မောင်ကို ဘယ်လောက် ချစ်ကြောင်းတွေ သူ့အဖေက ပြောပါတယ်… ပြောလို့ ပြီးတော့ လှလှပပ ထုပ်ပိုးထားတဲ့ လက်ဆောင် ဗူးလေးတစ်ခုကို မောင်မောင့်လက်ထဲ ထည့်ပေးလိုက်ပါတယ်… မောင်မောင် စိတ်ပျက်လက်ပျက် ခံစားလိုက်ရပါတယ်…… ဒီလက်ဆောင်ထုပ်လေးဟာ သူစောင့်စားနေတဲ့ သိပ်ကို လိုချင်နေတဲ့၊ မျှော်လင့်နေတဲ့ မော်တော်ကားတစ်စီး မဖြစ်နိုင် တော့ပါဘူး…. စိတ်မပါလက်မပါနဲ့ ဗူးလေးကို သူ့အဖေရှေ့မှာ ဖွင့်လိုက်ပါတယ်




ဗူးလေးထဲကနေ သားရေအဖုံး ကျကျနန ဖုံးအုပ်ထားတဲ့ ချစ်စရာ ကျမ်းစာအုပ်လေးတစ်အုပ် ထွက်လာပါတယ်.. ကျမ်းစာအုပ်ကိုလဲ မြင်လိုက်ရော မောင်မောင့် ဒေါသက အထွတ်အထိပ်ကို ရောက်သွားပါတော့တယ်…




“ အဖေ့မှာရှိတဲ့ ပိုက်ဆံတွေနဲ့၊ အဖေချမ်းသာသမျှ ငွေတွေနဲ့ သားဘွဲ့ယူမဲ့နေ့ကို ဂုဏ်ပြုလိုက်တာက ဒီ ကျမ်းစာအုပ်တဲ့လား အဖေ ”



သူ ဒေါသတကြီး အဖေ့ကို အော်ပြောလိုက်ပြီး ကျမ်းစာအုပ်ကို ပစ်ချ လိုက်တယ်… ပြီးတော့ အိမ်ထဲကနေ လေရဲ့ အဟုန်လို ပြေးထွက် ခဲ့ပါတော့တယ်…တစ်ချက်ကလေးမှ အဖေ့ကို သူ လှည့်မကြည့်ခဲ့တော့ပါဘူး….




နှစ်ပေါင်းများစွာ ကြာတဲ့ အခါမှာ မောင်မောင်ဟာ စီးပွားရေးလောကမှာ အလွန် အောင်မြင် ထင်ရှားတဲ့ သူ တစ်ယောက် ဖြစ်နေပါပြီ.. အများက အားကျ မက်မော လောက်တဲ့ အိမ်ကြီးအိမ်ကောင်းနဲ့ ပျော်ရွှင်စရာ မိသားစု လေးကိုလည်း ပိုင်ဆိုင်ထားပါပြီ…. သူနဲ့ သူ့အဖေ တို့ဟာ သူဘွဲ့ယူမဲ့ နေ့ အိမ်က ထွက်လာကတည်းက တစ်ခါမှ ပြန်မတွေ့ ဖြစ်တော့ပါဘူး…. သူ့အဖေဟာ ခုချိန်မှာ အသက်အရွယ်ကြီးရင့်နေပါပြီ… သူ့အနေနဲ့ အဖေ့ကို သွားတွေ့ သင့်တယ် ဆိုတာ သူသဘောပေါက် နားလည်လာပေမဲ့ အလုပ်များလွန်းတာကြောင့် မသွားနိုင် ခဲ့ပါဘူး..




အဖေ့ကို သွားတွေ့ဖို့ စိတ်ထဲမှာ ရှိနေပေမဲ့ သူအစီအစဉ် မလုပ်နိုင်ခင်မှာဘဲ ကြေးနန်းတစ်စောင် ရောက်လာ ပါတယ်… သူ့အဖေ ဆုံးသွားပါပြီ.. သူ့အဖေ သေတမ်းစာ ထဲမှာ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး မောင်မောင့် နံမည်နဲ့ လွှဲပေးခဲ့တဲ့အတွက် သူမဖြစ်မနေ အဖေ့အိမ်ကို သွားရပါတော့မယ်… ပစ္စည်းတွေကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရပါတော့မယ်…




သူ့အဖေ့အိမ်ကို ပြန်ရောက်တော့ အဖေကို သတိတရနဲ့ ၀မ်းနည်းစိတ်တွေ ၊ နောင်တတွေနဲ့ ရင်ထဲမှာ ဆို့နင့်လာပါတယ်…. သူ့အဖေရဲ့ အရေးကြီး စာရွက်စာတမ်း တွေကို သူလိုက်ကြည့်ရင်း နဲ့ စာကြည့်ခန်းထဲ ရောက်တဲ့အခါ သူဘွဲ့ယူမဲ့နေ့က အဖေ သူ့ကိုပေးခဲ့တဲ့ ကျမ်းစာအုပ်လေးကို တွေ့လိုက်ပါတယ်…. ဒီလောက် နှစ်တွေ ကြာခဲ့တာတောင် သူထားရစ်ခဲ့စဉ်က အတိုင်း အသစ်စက်စက်ဘဲ ရှိနေပါသေးတယ်…




စာအုပ်လေးကို ကြည့်ပြီး မောင်မောင့်ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာပါတယ်… နောင်တတွေ ၀မ်းနည်း ပူဆွေးမှုတွေနဲ့ စာရွက်လေးတွေကို တစ်ရွက်ချင်း လှန်ကြည့်နေမိပါတယ်…. အဲဒီလို လှန်ကြည့်နေတုန်း ကျမ်းစာအုပ်လေးရဲ့ နောက်ဆုံးမှာ ညှပ်ထားတဲ့ စာအိပ်လေးထဲကနေ ကားသော့လေးတစ်ချောင်း ထွက်ကျ လာပါတယ်…




ကားသော့လေး နဲ့အတူ ဘောင်ချာဖြတ်ပိုင်းလေးတစ်ခု ကို သူ တွေ့လိုက်ရတယ်… အဲဒီ ဘောင်ချာမှာ မော်တော်ကား အရောင်းပြခန်းရဲ့ နံမည်နဲ့ လိပ်စာကိုပါ တွေ့ရတယ်.. သူမှတ်မိပါတယ်.. အဲဒီပြခန်းဟာ သူသိပ်လိုချင်ခဲ့ဖူးတဲ့ ပြိုင်ကားကို ရောင်းခဲ့တဲ့ အရောင်းပြခန်းပါ…. ပြီးတော့ ဘောင်ချာပေါ်မှာ သူဘွဲ့ယူတဲ့ နေ့စွဲလေးနဲ့ အတူ ငွေအကျေ ပေးချေပြီး ဆိုတဲ့ စာလုံးလေးပါ…..




အဖေမရှိတော့တဲ့ ခုလိုအချိန်မှာမှ အဖေ့စေတနာ မေတ္တာကို သူနားလည်သွားခဲ့ပြီ.. မြင်တွေ့လာရပါပြီ.. ဒါပေမဲ့ အဖေသိအောင် သူဘယ်လို ပြောပြရတော့မလဲ.. ဘွဲ့ယူတဲ့မနက်က ဒီကျမ်းစာအုပ်လေးကို ဘာလို့များ သေချာ မကြည့်ခဲ့ရတာလဲဆိုတဲ့ ယူကျုံးမရ နောင်တတွေနဲ့ ငိုကြွေး နေမိပါတယ်… သူဘွဲ့ယူတဲ့နေ့ကသာ ဒီကားသော့လေး သူတွေ့ခဲ့မိရင် အဖေ့စေတနာ မေတ္တာကို အထင်လွဲခဲ့မိမှာမဟုတ်ဘူး… သူလည်း ကျေနပ် ပျော်ရွှင်စွာနဲ့ အဖေနဲ့အတူ တစ်ချိန်လုံး ရှိနေခဲ့မှာ သေချာပါရဲ့.. သူမရှိတဲ့ အချိန်တွေမှာ အဖေ တစ်ယောက်တည်း ဘယ်လောက်တောင် အထီးကျန် ၀မ်းနည်းနေခဲ့မှာပါလိမ့်… ခုတော့ အရာရာ နောက်ကျသွားပါပြီ… သူ့အမှားတွေအတွက် အဖေ့ကို တောင်းပန်ခွင့်၊ အဖေရဲ့ခွင့်လွှတ် စကားသံကို နားထောင်ခွင့် သူမရနိုင်တော့ပါဘူး……..



-------------------------------------------------------------------------------------------------------------------------------------------------------



ကျွန်မတို့ဟာ ငယ်ရွယ်တဲ့အချိန်မှာ မိဘတွေရဲ့ မေတ္တာကို သေချာနားမလည် ခဲ့ကြပါဘူး… မိဘတွေနဲ့ ဝေးရာကို ရောက်နေတဲ့အခါ… ဒါမှမဟုတ် မိဘတွေ ဆုံးပါးသွားတဲ့ အခါမှသာ မိဘရဲ့စေတနာ မေတ္တာတွေကို သဘောပေါက် နားလည်တတ်ကြပါတယ်… အဲဒီအချိန်ဟာ နောက်ကျနေတတ်ပါတယ်… ဒီတော့ အချိန် မနှောင်းခင်လေးမှာ မိဘရဲ့ မေတ္တာ စေတနာတွေကို ရှာဖွေတွေ့ရှိအောင် ၊ အထင်မမှားအောင် ကြိုးစားသင့်လှပါတယ်…. ပြီးတော့လဲ ကျွန်မတို့ တွေရဲ့ဘ၀မှာ သေချာဂရု မစိုက်မိတဲ့အတွက် အခွင့်အရေး ကောင်းတွေကို လက်လွတ် ဆုံးရှုံးခဲ့ရတာ ဘယ်လောက်များပြီလဲ ဆိုတာ မသိနိုင်ပါ ဘူးနော်.. တစ်ခါတစ်လေမှာ အခွင့်အရေးဆိုတာ အပေါ်ယုံကြည့်ယုံနဲ့ မမြင်ရတတ်ပါဘူး…. ဘာနဲ့တူလဲဆိုတော့ ကိုယ်မမျှော်လင့်ထားတဲ့ ပုံစံနဲ့ ထုပ်ပိုးထားတော့ ဂရုမစိုက်မိဘဲ ဆုံးရှုံးသွား ရတာမျိုး ဖြစ်တတ်ပါတယ်… ဒါလေးကတော့ ဒီပုံပြင်လေးက ပေးတဲ့ သင်ခန်းစာလေးပါရှင်…..






ခရီးထွက်နေတုန်း  ဘာသာပြန်ဖို့ ကျွန်မစက်ထဲကို သိမ်းသွားတဲ့အခါ မူရင်းလင့်ခ်ကို မသိမ်းလိုက်မိတဲ့အတွက် ပြန်ရှာရ ခက်ခဲသွားလို့ မူရင်းကို မဖော်ပြနိုင်တဲ့ အတွက် တောင်းပန်လိုက်ပါတယ်ရှင်…




မူရင်းလေး ပြန်ရှာတွေ့ပါပြီ .. ဒီမှာပါ..http://www.4evayoung.com/touching-life-story/




ချော (အစိမ်းရောင်လွင်ပြင်)

ဂျင်နီလေးရဲ့ ပုလဲဆွဲကြိုး



ဂျင်နီ လေးဟာ တောက်ပတဲ့ မျက်လုံးလေး တစ်စုံနဲ့ အသက်၅နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကလေးမလေး တစ်ယောက်ပါ…


တစ်နေ့တော့ ဂျင်နီနဲ့ သူမအမေတို့ဟာ ကုန်စုံဆိုင်လေးတစ်ခုမှာ ဈေးဝယ်ဖို့ ရောက်နေကြပါတယ်… ဆိုင်ထဲကိုလျှေက်ကြည့်ရင်း တစ်နေရာမှာ လှလှပပလေး လုပ်ထားတဲ့ ပလပ်စတစ်ပုလဲ ဆွဲကြိုးလေးကို ဂျင်နီက တွေ့သွားပြီး သူ့အမေကို ၀ယ်ပေးဖို့ပူဆာပါတယ်…




” အင်း လှတော့ လှပါတယ် သမီးရယ် …. ၂.၅ ဒေါ်လာဆိုတာ ဈေးများလွန်းပါတယ်…. ပိုက်ဆံအကုန်အကျ သိပ်များတယ်.. ဒါပေမဲ့ သမီး သိပ်လိုချင်နေတယ် ဆိုရင်တော့ မေမေတစ်ခုပြောမယ်…. ဒီပုလဲဆွဲကြိုးကို မေမေ၀ယ်ပေးမယ် .. ဒါပေမဲ့ အိမ်ပြန်ရောက်ရင် သမီးလုပ်ရမဲ့ အိမ်အလုပ်တွေကို မေမေက စာရင်းနဲ့ လုပ်ပေးမယ်.. အိမ်အလုပ်ကူလုပ်လို့ ရတဲ့ မုန့်ဖိုးကို သမီးက စုထားရမယ်…. ပြီးတော့ သမီးမွေးနေ့ ရောက်တော့မှာကိုလဲ မမေ့ဘူး မဟုတ်လား…… သမီးဖွားဖွားက သမီးကို မွေးနေ့လက်ဆောင် အဖြစ်နဲ့ မုန့်ဖိုးပေးဦးမယ်လေ….. သမီးက အဲဒီငွေတွေကို စုထားပြီး အခုဝယ် လိုက်တဲ့ ဆွဲကြိုးလေးရဲ့တန်ဖိုး ပြည့်တဲ့ တစ်နေ့မှာ သမီးကို ဒီဆွဲကြိုးလေး မေမေထုတ်ပေးမယ်… ကဲ ..သမီးသဘောတူသလား”




ဂျင်နီလေး သဘောတူလိုက်ပါတယ်.. အိမ် အလုပ်တွေကို နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစား လုပ်ပါတယ်.. ရတဲ့ မုန်းဖိုးလေးတွေ စုထားတယ်…မွေးနေ့ရောက်တော့ သူမရဲ့အဖွားက သူမကို မွေးနေ့လက်ဆောင်အဖြစ် မုန့်ဖိုး ထပ်ပေးလိုက်တဲ့အခါမှာ ဂျင်နီလေးရဲ့ ပုလဲဆွဲကြိုး တန်ဖိုး ပြည့်သွာခဲ့ပြီ… ဒီတော့ ပုလဲ ဆွဲကြိုးလေးကို ဂျင်နီ့အမေက ထုတ်ပေးလိုက်ပါတယ်…..




ဂျင်နီလေးဟာ ပုလဲဆွဲကြိုးလေးကို ဘယ်လောက်တောင် နှစ်သက်မြတ်နိုးသလဲဆိုရင် အချိန်တိုင်း နေရာတိုင်းမှာ အဲဒီဆွဲကြိုးလေးကို ၀တ်ဆင် ထားပါတယ်… ကျောင်းသွားတဲ့အခါ၊ အိပ်တဲ့အခါ ၊သူ့အမေနဲ့ အပြင်ကို ထွက်တဲ့ အခါမှာလည်း ဆွဲကြိုးလေးကို အမြဲတမ်း ၀တ်ဆင်ထား တတ်ပါတယ်… ဆွဲကြိုး မ၀တ်ဆင်တဲ့ အချိန်ဆိုလို့ ရေချိုးတဲ့ အချိန်ဘဲရှိပါတယ်.. ဒါတောင် ဂျင်နီ့အမေက ဆွဲကြိုးလေးကို ၀တ်ပြီး ရေချိုးရင် လည်ပင်းတစ်ခုလုံး အစိမ်းရောင် ဖြစ်သွားတတ်တယ်လို့ ပြောထားတာကြောင့်ပါ…




ဂျင်နီဟာ သူ့အဖေကိုလည်း အရမ်းချစ်ခင်တဲ့ သမီးလေးဖြစ်ပါတယ်… သူ့အဖေကလည်း သူမကို ချစ်ပါတယ်.. ဂျင်နီ ည အိပ်ရာဝင်တိုင်း သူမအဖေဟာ သူထိုင်နေကျ အနှစ်သက်ဆုံး ထိုင်ခုံကလေးကနေ ထလာပြီး ဂျင်နီ သဘောကျတတ်တဲ့ ပုံပြင်တွေကို ဖတ်ပြလေ့ ရှိပါတယ်… တစ်ည … ဂျင်နီ့အဖေက  ပုံပြင်ဖတ်ပြလို့ ပြီးသွားတဲ့အခါ  ဂျင်နီ့ကိုမေးပါတယ်…




“ဂျင်နီ.. သမီးလေး ဖေဖေ့ကို ချစ်တယ်မဟုတ်လား ”


“ အို..သမီးချစ်တာ ဖေဖေသိပါတယ်… သမီး အရမ်း ချစ်တာပေါ့ဖေဖေရယ်… ” ဂျင်နီလေးက ပြန်ဖြေပါတယ်…


“ ဖေဖေ့ကို ချစ်တယ်ဆိုရင် သမီးရဲ့ ပုလဲဆွဲကြိုးလေး ဖေဖေကို ပေးပါလားသမီး ”




“အိုး ဖေဖေရယ် ..ပုလဲဆွဲကြိုးလေးတော့ မယူပါနဲ့နော် .. ရိုစီ ဆိုတဲ့အရုပ်လေး ဖေဖေယူလိုက်နော်… ဖေဖေမှတ်မိသေးလား ..မနှစ်က သမီး မွေးနေ့တုန်းက ဖေဖေပေးထားတဲ့ သမီး အရမ်းသဘောကျတဲ့ အရုပ်လေးလေ.. နော်ဖေဖေ..အဲဒါလေး ယူလိုက်နော်..”




“တော်ပါပြီ သမီးလေးရယ်… ရပါပြီ…….ဖေဖေ မယူတော့ပါဘူး …သမီးလေး အိပ်တော့နော်.. ဂွတ်နိုက် ” သူမပါးလေးကို နမ်းလိုက်ပြီး သူ့အဖေက ပြောလိုက်ပါတယ်..


တစ်ပတ်လောက်ကြာပြန်တဲ့အခါ.. သူမအဖေက ဂျင်နီကို မေးပြန်တယ်.




“ သမီး ဖေဖေ့ကိုချစ်လား”


“ဟုတ်ကဲ့ ချစ်ပါတယ်ဖေဖေ ”


“ဒါဆို သမီးရဲ့ ပုလဲဆွဲကြိုးလေး ဖေဖေ့ကိုပေးနော်..”


“ပုလဲလေးကိုတော့ မယူပါနဲ့ဖေဖေ… ဖေဖေ့ကို သမီးရဲ့ မြင်းရုပ်ကလေးပေးပါ့မယ် ..အဲဒီအရုပ်လေးဟာလည်း သမီးအကြိုက်ဆုံး အရုပ်လေးပါ… သူ့အမွှေးလေးတွေက အရမ်းနူးညံ့တော့ အဲဒါလေးနဲ့ ကစားရတာ ဖေဖေသဘောကျမှာပါ… ဆံကျစ်လေးတွေ ကျစ်ပြီးဆော့လို့လဲရတယ်လေ ဖေဖေရဲ့…”


“ကဲကဲ…. ဖေဖေမယူတော့ပါဘူး…. သမီးလေးအိပ်တော့….အိပ်မက်လှလှလေးမက်ပါစေနော်…” ပြောပြီး သူမအဖေက ဂျင်နီရဲ့ပါးလေးကို အသာအယာ နမ်းလိုက်ပါတယ်..




ရက်ပေါင်းတော်တော်လေး ကြာသွားပြီးတဲ့တစ်နေ့…. ဂျင်နီ့ဖေဖေက ပုံပြင်ဖတ်ပြဖို့ သူမကုတင်လေးဆီကို ရောက်လာတဲ့အခါ ဂျင်နီလေးက ကုတင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်..  သူမနှုတ်ခမ်းလေးတွေ  တုန်ရီနေပြီးတော့  “ ဖေဖေ …ဒီမှာကြည့် ” လို့ပြောပြီး လက်ဝါလေးကို အသာ ဖြန့် ပြလိုက်ပါတယ်… လက်ထဲမှာတော့ သူမ အရမ်းနှစ်သက် သဘောကျတဲ့ ပုလဲ ဆွဲကြိုးလေးပါ..  ဆွဲကြိုးလေးကို သူမအဖေရဲ့ လက်ထဲကို ထည့်ပေး လိုက်ပါတော့တယ်… သူမရဲ့ဖေဖေက လက်တစ်ဘက်က  ဂျင်နီရဲ့ ပလပ်စတစ် ပုလဲဆွဲကြိုးလေးကို ဆုပ်ကိုင် ထားရင်း နောက်လက်တစ်ဘက်နဲ့ သူ့အင်္ကျီ အိပ်ထဲကို အသာ နှိုက်လိုက်ပါတယ်..




လက် ပြန်အထုတ်မှာ အပြာရောင် ကတ္တီပါ ဘူးလေးတစ်ဘူး  ….




ဘူးလေးရဲ့ အထဲမှာတော့ အလွန်လှပ အဖိုးထိုက်တန်တဲ့ ပုလဲအစစ် ဆွဲကြိုးလေး တစ်ကုံး……




သူမအဖေရဲ့  လက်ထဲမှာ  ဒီပုလဲအစစ်လေးက ဂျင်နီကို ပေးဖို့ တစ်ချိန်လုံး ရှိနေခဲ့ပါတယ်…ဈေးပေါပေါ ပလပ်စတစ် ပုလဲလေးကို ဂျင်နီလေး စွန့်လွှတ်နိုင်တဲ့တစ်နေ့ ပုလဲအစစ် ဆွဲကြိုးလေးကို ပေးနိုင်ဖို့အတွက် စောင့်နေခဲ့တာပါ….




………………………………………………………………………………………





ကျွန်မတို့တွေရဲ့ ဘ၀မှာ မကောင်းတဲ့ အလေ့အကျင့်၊ မပေါင်းသင်းအပ်တဲ့ သူငယ်ချင်းမိတ်ဆွေ၊ မလိုလားအပ်တဲ့ ၀ါသနာ ၊ စရိုက်တို့အပေါ်မှာ ငြိတွယ် စွဲလန်း နေတတ်ပြီး စွန့်လွှတ်နိုင်ဖို့ ခက်ခဲလေ့ ရှိပါတယ်… အဲဒီ မလိုလား အပ်တဲ့ စရိုက်တွေ၊ ၀ါသနာ၊ အပေါင်းအသင်းတွေကို စွန့်လွှတ် လိုက်ခြင်း အားဖြင့် ဘ၀မှာ အလွန် အဖိုးထိုက် တန်တဲ့ အခွင့်အရေးကောင်းတွေ လက်ကမ်း ကြိုနေတတ်တာကို သတိပြု သင့်လှပါတယ်… ကျွန်မတို့ရဲ့ လက်ရှိ အလုပ်၊ ဘက်ရှိဘ၀လေးမှာ သာယာ ကျေနပ်နေတတ်ပြီး နောက်ထပ် ခြေလှမ်း တစ်ဆင့် တက်နိုင်ဖို့၊ စွန့်စားဖို့  ၀န်လေး နေတတ် ကြပါတယ်… စွန့်စားမှု၊  စွန့်လွှတ်မှု မရှိဘဲ အခွင့် အရေး ကောင်း တစ်ခုခုကို ဆုပ်ကိုင်မိဖို့ဆိုတာ ခက်ခဲပါတယ်….. တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရပြီဆိုရင် သူ့နေရာမှာ သူ့ထက် ပို တန်ဖိုးကြီးတဲ့ အရာတစ်ခုခု အစားထိုး ပြန်ပေးဖို့ အဆင်သင့် စောင့်နေပါတယ်ဆိုတာ ဒီ story လေးက ပေးလိုက်တဲ့ သင်ခန်းစာလေး တစ်ခုပါ….






Pearls ( Unknown Author) ကို ဘာသာပြန်ပါသည်။









ချော ( အစိမ်းရောင်လွင်ပြင်)



ပညာရှိနဲ့ မြင်း၁၉ကောင်


တစ်ခါတုန်းက ရွာတစ်ရွာမှာ မြင်း ၁၉ကောင်ကို ပိုင်ဆိုင်တဲ့ လူကြီးတစ်ယောက်ရှိပါတယ်…  တစ်နေ့    သူသေဆုံးတော့  သေတမ်းစာ တစ်စောင် ချန်ထားခဲ့တယ်.. အဲဒီသေတမ်းစာထဲမှာက  ဥာဏ်စမ်း ပဟေဠိလေးနဲ့ သူပိုင်ဆိုင်တဲ့ မြင်း၁၉ကောင်ကို အမွေ ခွဲဝေပေးခဲ့ပါတယ်… သူ့သေတမ်းစာထဲက အမွေ ခွဲဝေပေးခဲ့ ပုံလေးက ဒီလိုပါ…


သူပိုင်တဲ့ မြင်း ၁၉ ကောင်ထဲက  တစ်ဝက်တိတိကို သူ့ရဲ့သားကို ခွဲပေးရမှာဖြစ်ပြီး လေးပုံတစ်ပုံကိုတော့ ရွာက ဘုရားကျောင်းအတွက်၊ ကျန်တဲ့ ငါးပုံတစ်ပုံကိုတော့ သူ့အပေါ်မှာ တစ်သက်လုံး သစ္စာရှိရှိနဲ့ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေ အတွက် ခွဲဝေပေးရန်ဖြစ်ပါတယ်တဲ့..


ရွာထဲက အသက်ကြီးတဲ့ လူကြီးတွေက  အဲဒီသေတမ်းစာကို ဖတ်ပြီး ဦးခေါင်းတွေ ကွဲတော့မတတ် စဉ်းစားပြီး စိတ်ရှုပ်နေကြတယ်… ဘယ်လိုများ အမွေ ခွဲပေးရ ပါ့မလဲတဲ့… မြင်းက ရှိတာက ၁၉ ကောင် .. တစ်ဝက်ခွဲရမယ် ဆိုတော့ နောက်ဆုံးမြင်းတစ်ကောင်ကို တစ်ဝက် ပိုင်းရမလိုဖြစ်နေပြီ…

( စာဖတ်သူများ … ရှေ့ဆက်မဖတ်သေးဘဲ မြင်း၁၉ကောင်ကို သေတမ်းစာထဲက ညွှန်ကြားချက်အတိုင်း အတိအကျ ဖြစ်အောင် ဘယ်လိုများ ခွဲဝေမလဲလို့ ဒီနေရာလေးမှာ စဉ်းစားကြည့်ပါလားရှင်…)

စဉ်းစားလို့ မရဘူးဆိုရင်တော့ ရှေ့ဆက်ဖတ်ပါနော်………..


အဲဒီလိုနဲ့ သေတမ်းစာထဲက ပဟေဠိကို အဖြေမညှိနိုင်တဲ့ အတွက် ၂ပတ်တိတိကြာတဲ့တိုင်အောင် အမွေ မခွဲပေးနိုင်သေးဘဲ ဖြစ်နေပါတယ်..  နောက်ဆုံးတော့ သူတို့နေထိုင်တဲ့ ရွာနဲ့ မနီးမဝေး ရွာတစ်ရွာမှာနေတဲ့ ပညာရှိကြီးကို ဒီပဟေဠိကို ဖြေရှင်းပေးဖို့အတွက်  အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..

လူလွတ်ပြီး  အခေါ်ခိုင်းလိုက်လို့ ပညာရှိကြီးဟာ သူရဲ့ မြင်းကိုစီးပြီး ရောက်လာပါတယ်… ပြီးတော့ သူဘာများ ကူညီပေးရပါ့မလဲလို့ ရွာလူကြီးတွေကိုမေးပါတယ်…  ရွာလူကြီးတွေက သေတမ်းစာ အကြောင်းကို ပြောပြပြီး  အဲဒီထဲမှာ ၀ှက်ထားတဲ့ ပဟေဠိလေးကို ဖြေရှင်းပေးဖို့ အကူအညီ တောင်းရခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်..
အဲဒီ သေတမ်းစာ အကြောင်းကို သိရတာနဲ့ တစ်ပြိုင်တည်း ပညာရှိကြီးဟာ နှောင့်နှေးခြင်း တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ခြင်းဘဲ ဖြေရှင်းပေး လိုက်ပါတယ်…

သူဖြေရှင်းပေးပုံလေးက ဒီလိုပါရှင်

မြင်း ၁၉ကောင်ကို ရှေ့နောက် ၂တန်း အညီ စီခိုင်းပါတယ်..  အဲလိုစီတဲ့အခါ ရှေ့အတန်းမှာ မြင်း ၁၀ကောင်ရှိပြီး နောက်အတန်းမှာတော့ မြင်းကိုးကောင်ဘဲ ရှိပါတယ်.. နောက်ဆုံးတန်းက လွတ်နေတဲ့ တစ်နေရာမှာ သူ့ရဲ့ မြင်းကို ထည့်ပြီး စီလိုက်ပါတယ်.. အားလုံးစုစုပေါင်း အကောင်၂၀ ဖြစ်သွားပါပြီ… ဒီတော့မှ  ပထမအတန်းက တစ်ဝက် ဖြစ်တဲ့ ၁၀ ကောင်ကို သေတမ်းစာထဲက အတိုင်း သားဖြစ်သူကို ခွဲပေးလိုက်ပါတယ်….  အကောင်၂၀ရဲ့ လေးပုံ တစ်ပုံဖြစ်တဲ့  ၅ကောင်ကို   ရွာဘုရားကျောင်း အတွက် ခွဲဝေလိုက်ပြန်တယ်…  နောက်ထပ် ငါးပုံတစ်ပုံ ဖြစ်တဲ့ မြင်း ၄ကောင်ကို သစ္စာရှိ အလုပ်သမားတွေကို  ခွဲဝေပေးလိုက်ပါတယ်.. ၁၀ကောင်ရယ်   ၅ကောင်ရယ် ၄ကောင်ရယ် ပေးပြီးသွားတဲ့  နောက်ဆုံးမှာတော့ သူစီးလာတဲ့ မြင်း တစ်ကောင်သာ ကျန်နေခဲ့ပါတယ်…  ဒီတော့ ပညာရှိကြီးဟာ ရွာသားတွေကို စကား အနည်းငယ် ပြောပြီးတဲ့နောက် သူ့မြင်းကို စီးပြီး ပြန်ထွက်သွားပါ တော့တယ်….

ရွာသားတွေဟာ ပညာရှိကြီးရဲ့ ဥာဏ်ပညာထက်မြက်ပုံကို အံ့အားသင့်ခြင်း မယုံနိုင်ခြင်း နှစ်ထောင်းအားရ ဖြစ်ခြင်းများစွာနဲ့  ကျန်နေခဲ့ပါတယ်.. ပညာရှိကြီး ပြောသွားခဲ့တဲ့ စကားတွေဟာလည်း သူတို့ရဲ့ရင်ထဲ အသည်းထဲမှာ ကဗျည်းထိုးလိုက်သလို ကျန်ရစ်ခဲ့ပါတယ်. အဲဒီစကားလေးကိုလဲ သူတို့ရဲ့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး ကျင့်သုံး သွားခဲ့ကြပါတယ်…

ပညာရှိကြီးက ရွာသားတွေကိုပြောသွားတဲ့စကားလေးက

ကျွန်တော်တို့ ဘ၀မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်ပျက်တွေ  အကြောင်းအရာတွေ  ကြားထဲမှာ တစ်ခါတစ်လေ မမျှော်မှန်းနိုင်တဲ့  ဖြေရှင်းလို့ မရနိုင်ဘူးလို့ ထင်ရတဲ့  ပြဿနာတွေ ကြုံတွေ့ ရတတ်ပါတယ်..  ဥပမာ အခု ဖြစ်တဲ့ မြင်း၁၉ကောင်လို ပဟေဠိ ပြဿာနာမျိုးကို ခင်ဗျားတို့ အနေနဲ့ အဖြေမရှိဘူး မဖြေရှင်းနိုင်ဘူးလို့ ထင်ခဲ့ကြသလိုမျိုးပေါ့ဗျာ…. ဘယ်လောက် ခက်ခဲတဲ့ ပြဿနာမဆို အဖြေ တစ်ခုခုတော့ ထွက်ပေါက် အနေနဲ့ ရှိပါတယ်..အဲဒီလို ကြုံတွေလာတဲ့ အခက်အခဲတွေကို ခေါင်းအေးအေးထား စဉ်းစားဖို့နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ဘယ်လောက် ခက်ခဲတဲ့ ပြဿနာမဆို မာကြောတဲ့ ရေခဲတုံးဟာ တစ်ဖြေးဖြေး အရည်ပျော်သွားပြီး နောက်ဆုံးမှာ အငွေ့ပျံ ပျောက်ကွယ်သွား သလိုဘဲ  ခင်ဗျားတို့ အခက်အခဲ၊ ပြဿာနာဟာလည်း တဖြေးဖြေးနဲ့ အဖြေကို ရှာတွေ့လာပြီး…. နောက်ဆုံး မှာတော့ အားလုံးကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်..  ကျွန်တော်တို့ ဘ၀တွေကို ဖြတ်သန်းတဲ့အခါ  ချစ်ခြင်းမေတ္တာ နဲ့ သစ္စာတရားဆိုတာ လက်ကိုင်  ထားရပါမယ်…   ချစ်ခြင်းမေတ္တာ နဲ့ သစ္စာတရားဆိုတာ ရေနဲ့တူပြီးတော့ ကျွန်တော်တို့တွေက လှေနဲ့တူပါတယ်.. လူတစ်ဦးနဲ့တစ်ဦး သစ္စာ တရားတွေ ထားပြီး မေတ္တာ ပွားကြမယ် ဆိုရင် ရေပေါ်မှာ သွားတဲ့ လှေလို သက်တောင့်သက်သာနဲ့ဘ၀ပန်းတိုင်ကို ခရီးဆက်နိုင်ပါလိမ့်မယ်.. တကယ်လို့ ချစ်ခြင်း မေတ္တာ မပါဘူး သစ္စာမရှိဘူးဆိုရင် ရေမရှိတဲ့ ကုန်းမြေပေါ်မှာ  ပင်ပင်ပန်းပန်းနဲ့ဒရွတ်ဆွဲပြီး ပန်းတိုင်ရောက်ဖို့ ခက်ခက်ခဲခဲ သွားနေတဲ့ လှေနဲ့ တူပါတယ်…ဒါကြောင့် လူတိုင်းလူတိုင်း တစ်ဦးကိုတစ်ဦး စေတနာထားကြပါ.. မေတ္တာတရားလက်ကိုင်ထားကြပါ..  ဆိုတဲ့ စကားတွေဘဲ ဖြစ်ပါတယ်..

——————————————————————————————
စာဖတ်သူတို့ ဘ၀မှာလည်း တစ်စုံတစ်ရာ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလွယ် တကူ လက်လျှော့ အရှုံမပေးပါနဲ့ … အချိန်ယူပြီး ခေါင်းအေးအေးနဲ့ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် ပြဿာနာရဲ့ အဖြေကို တွေ့နိုင်မှာပါ… ပြီးတော့လဲ အခက်အခဲတွေ ပြဿာနာတွေ ပြည့်နေတဲ့ လောကကြီးကို ဖြတ်သန်းတဲ့အခါ သစ္စာတရားနဲ့ မေတ္တာတရားဆိုတဲ့ ရေပေါ်မှာ ဘ၀ဆိုတဲ့လှေကလေးနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင် ဖြတ်ကူး နိုင်ကြပါစေနော်…

 
http://www.funzug.com/index.php/stories/19-horses-inspirational-story.html မှ ဆီလျှော်အောင် ဘာသာပြန်ပါသည်..


ချော (အစိမ်းရောင်လွင်ပြင်)