နင့်ကို ငါချစ်တယ်





ကျွန်မနဲ့ မောင်ဟာ  ငယ်စဉ်ကတည်းက အတူတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့ သူငယ်ချင်းတွေပါ… ကျွန်မဟာ မောင့်အပေါ်မှာ မနှစ်ကအချိန်ထိ သူငယ်ချင်း တစ်ယောက်လိုဘဲ စိတ်ထဲရှိခဲ့ပေမဲ့ ကျွန်မတို့၂ယောက် ခရီးတစ်ခု အတူတူ သွားကြတဲ့ အချိန်မှာတော့ မောင့်ကို  ကျွန်မ ချစ်နေတယ် ဆိုတာ သိလိုက်ပါတယ်.. ကျွန်မမောင့်ကို  ချစ်နေတဲ့အကြောင်း  မောင်သိအောင် ပွင့်ပွင့်လင်းလင်း ၀န်ခံ လိုက်မိပါတယ်.. ဒါကြောင့်လဲ မကြာခင်မှာ ကျွန်မတို့ ၂ယောက်ဟာ စုံတွဲလေး တစ်တွဲ ဖြစ်လာခဲ့ပါတယ်..

 
ကျွန်မ မောင့်ကို သိပ်ချစ်မိတဲ့ အတွက် ကျွန်မရဲ့ စိတ်အာရုံ အားလုံးကို သူ့အပေါ်မှာဘဲ စူးစူးစိုက်စိုက် ထားရှိပါတယ်.. ဒါပေမဲ့ မောင် ကတော့ ကျွန်မလို မဟုတ် ပါဘူး သူ့မှာ မိန်းခလေးပေါင်း များစွာရှိပါတယ်.. မောင် ဟာကျွန်မအတွက် တစ်ဦးတည်းသော သူ ဖြစ်ပေမဲ့  ကျွန်မကတော့ သူ့အတွက် မိန်းခလေးများစွာ ထဲကမှ တစ်ယောက် အပါအ၀င်ပါ…

“မောင်ရေ.. ဒီနေ့ ရုပ်ရှင်ကောင်းတယ် သိလား..သွားကြည့်ရအောင်လေ..”    ကျွန်မက သူ့ကိုပြောလိုက်ပါတယ်…
“ ဟာ… သွားလို့မဖြစ်ဘူး”

“ ဟင် ..ဘာလို့လဲ ..အိမ်မှာ စာကြည့်မလို့လား”

 
“မဟုတ်ပါဘူး.. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့စရာရှိလို့ပါ…”


မောင်ဟာ အမြဲတမ်း အဲလိုပါဘဲ….  သူဟာ တစ်ခြား မိန်းခလေးတွေနဲ့ ကျွန်မရှေ့မှာတင် တွေ့တဲ့အခါ တွေ့တတ်ပါတယ်.. အဲလို တွေ့ချိန် မှာလည်း သူ့ဘက်က ဘာမှ မထူးဆန်းတဲ့ အလုပ်တစ်ခုခုကို ပုံမှန် လုပ်နေသလိုမျိုးပါဘဲ….. ကျွန်မဟာ မောင့်အတွက် ဘာမှ မထူးဆန်းတဲ့ သာမန်မိန်းခလေး တစ်ယောက် ပါဘဲလား…. ချစ်တယ် ဆိုတဲ့ စကားကိုလည်း ကျွန်မကသာ မောင့်ကိုပြောခဲ့ပေမဲ့ မောင့်ပါးစပ်ကတော့ ဒီနေ့အထိ ချစ်တယ်ဆိုတာ တစ်ခါမှာကို မပြောခဲ့ဖူး သေးပါဘူး… ရက်ပေါင်း ၁၀၀… ရက်ပေါင်း၂၀၀ .. စသည်ဖြင့် ချစ်သူသက်တမ်းသာ ကြာလာတယ်… ချစ်တယ် ဆိုတဲ့ စကားကိုတော့ သူ့ပါးစပ်က ဘယ်တော့မှ မပြောခဲ့ပါဘူး… ကျွန်မတို့၂ယောက် ကြားမှာ ချစ်သက်တမ်း အထိမ်း အမှတ် ဆိုတာလည်း မရှိခဲ့ပါဘူး… မောင်ဟာ ချစ်တယ်ဆိုတဲ့ စကားကိုပြောဖို့ ဘာကြောင့်များ ဒီလောက် တွန့်တို နေတယ် ဆိုတာ ကျွန်မ မတွေးတတ်တော့ပါဘူး…ချစ်သူစဖြစ်တဲ့ နေ့ကစပြီး မောင် မပျက် ကွက် လုပ်တဲ့ အလုပ်တစ်ခုက တစ်နေ့ကို အရုပ်လေးတစ်ရုပ် ကျွန်မကို ပေးခြင်းပါဘဲ… ဒီနေ့ထိ တစ်ရက်မှကို မပျက်ကွက် ခဲ့ပါဘူး…  ဒီအရုပ်တွေကို ဘာသဘောနဲ့ မောင်ပေးနေတယ် ဆိုတာလဲ ကျွန်မ မသိခဲ့ပါဘူး…

တစ်နေ့တော့    ကျွန်မက မောင့်ကို စကားစဖို့ ကြိုးစားတယ်…

“ မောင်…            ငါ..............     ငါလေ”
“ ဘာတွန့်ဆုတ်ဆုတ်ဖြစ်နေတာလဲဟ.. ပြောလေ”

“ငါ    နင့်ကိုချစ်တယ်”

“ ဟမ်..    နင်က ..ဟုတ်လား  အရူးထမနေနဲ့……ရော့ရော့ ဒီအရုပ်ကိုယူ.. ပြီးရင် အိမ်ထဲဝင်တော့..”

ကဲကြည့်.. ကျွန်မရဲ့အချစ်တွေကို မောင်ဟာ ဘယ်လောက်တောင် ဥပက္ခာပြုတယ် ဆိုတာ.. အရုပ်လေး ပေးပြီးတာနဲ့ ကျွန်မရှေ့ကနေ တစ်ခါတည်း ပျောက်ကွယ် သွားတော့တာဘဲ.. ပြေးပြီး ထွက်သွားသလား အောက်မေ့ ရလောက်အောင် လျှင်မြန်လွန်းနေတယ်.. သူ့ဆီက နေ့စဉ်နေ့တိုင်း ရနေတဲ့ အရုပ်ကလေး တွေဟာ ကျွန်မ အခန်း တစ်ခုလုံး တစ်ဖြေးဖြေးနဲ့ ပြည့်လာတယ်… အရုပ်လေးတွေမှ အများကြီးပါဘဲ…..

ဒီနေ့ဟာ ကျွန်မရဲ့  ၁၉ နှစ်မြောက် မွေးနေ့ပါ.. ကျွန်မ မနက်အစောကြီး အိပ်ရာကနေထတယ်.. သူနဲ့ အတူ မွေးနေ့ပွဲလေးတစ်ခု ပြုလုပ်ဖို့ စိတ်ကူးလေးနဲ့ ရင်ခုန် နေမိတယ်.. မောင်ခေါ်လာမဲ့ ဖုန်းသံလေးကို စောင့်နေမိတယ်…  ဒါပေမဲ့ နေ့လည်စာ စားပြီးချိန်ထိ သူ့ဆီက ဖုန်းခေါ်သံ မကြားရဘူး.. ညနေစာစားပြီးတဲ့ အချိန်ထိလည်း သူ့ရဲ့ ဖုန်းသံကို မရပါဘူး..  ကောင်းကင်တစ်ခုလုံး မဲမှောင်ပြီး ညနက်ချိန် ရောက်တဲ့ထိလည်း မောင်က ကျွန်မဆီကို ဖုန်းမခေါ်ခဲ့ပါဘူး… ကျွန်မ မောင့်ဆီက ဖုန်းခေါ်သံကို စောင့်ဖို့ အင်အားလဲ မရှိတော့ပါဘူး… ရင်ထဲမှာ စိတ်ပျက်ခြင်း ၊ ၀မ်းနည်းခြင်း ၊ ပင်ပန်း ငြီးငွေ့ခြင်းများနဲ့ ကျွန်မရင်ခွင် တစ်ခုလုံး နွမ်းလျှလို့ နေပါပြီ..

မောပန်း နွမ်းနယ်စွာနဲ့ အိပ်ပျော်သွားတဲ့  ကျွန်မကို ရုတ်တရက် လန့်နိုးစေလိုက်တာက ဖုန်းခေါ်သံလေးတစ်ခုပါ… နာရီကြည့်လိုက်တော့ မနက် ၂နာရီရှိနေပြီ..  ဖုန်းကို ကောက်ကိုင်ပြီး ထူးလိုက်တော့ မျှော်လင့်စောင့်စားခဲ့ရတဲ့ မောင်ရဲ့အသံ.. မောင်က ကျွန်မကို အိမ်အပြင်ဘက် ခနထွက်လာဖို့ ပြောပါတယ်… ကျွန်မရင်ထဲမှာ  ပျော်ရွင်ခြင်းများစွာနဲ့  အိမ်အပြင်ကို ပြေးထွက်လာခဲ့မိတယ်..

“မောင်”
“ဒီမှာ…. ရော့ ဒါကိုယူ ”    ထုံးစံအတိုင်း မောင့်လက်ထဲမှာ အရုပ်လေးတစ်ရုပ်

“ဒါက ဘာလဲ..”      ကျွန်မ မောင့်ကို မေးလိုက်တယ်..
“ငါ မနေ့က နင့်ကို မပေးလိုက်ရဘူးလေ.. အဲဒါ အခုလာပေးတာ ..ငါအခု အိမ်ပြန်တော့မယ် …. တာ့တာနော်”

“မောင်  ခနလေး ..ခနလေး စောင့်ပါဦး .. ဒီနေ့ဘာနေ့လဲ မောင်သိရဲ့လား”

“ဒီနေ့ .. ဟမ်… ဘာနေ့လဲ ငါ မသိဘူး”

ကျွန်မ အရမ်းကို ၀မ်းနည်းသွားမိပါတယ်.. ကျွန်မထင်ခဲ့တာက သူဟာ ကျွန်မမွေးနေ့ကို သတိတရ ရှိလိမ့်မယ်လို့ ဒါပေမဲ့  သူကတော့ ဘာမှ မဖြစ်သလိုဘဲ ကျွန်မရှေ့ကနေ လှည့်ထွက် သွားခဲ့တယ်..  ကျွန်မ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိတော့ဘဲ အော်လိုက်မိတယ်..

“မောင်  ခနနေဦး ”

“ဘာလဲ .. တစ်ခုခု ပြောစရာရှိလို့လား”

“မောင်   နင်ငါ့ကိုပြောစမ်းပါဦး   နင်ငါ့ကို တကယ်ချစ်ရဲ့လား.. ငါ့ကို တကယ်ချစ်တယ်ဆိုရင် နင်ဒီနေ့ ငါ့ကိုချစ်တယ်ဆိုတဲ့ စကားကို ပြောခဲ့ပါ”

“ဘာ.. နင်ရူးနေလား”
“ပြောစမ်းပါ မောင်ရဲ့ .. နင်ငါ့ကို ပြောစမ်းပါ…”  ကျွန်မ အသံက သနားစရာ ကောင်းလောက်အောင် တုန်ခါနေတယ်.. မောင့်ရဲ့ လက်တွေကို လှုပ်ခါပြီး တောင်းပန် တိုးလျှိုး ပြောနေမိပါတယ်..

ဒါပေမဲ့ မောင့်ဆီက ပြန်ရလိုက်တဲ့ အေးစက်စက် စကားလုံးတွေက ကျွန်မအသည်းကို ဓါးထက်ထက်နဲ့ မွန်းလိုက်သလိုပါဘဲ….

“ချစ်တယ်ဆိုတဲ့ စကားလုံးကို ငါ ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူ မပြောချင်ဘူး.. မင်း ဒီလောက်တောင် ကြားချင်နေတယ် ဆိုရင်တော့ တစ်ခြား တစ်ယောက် ယောက်ကို ရှာချင် ရှာလိုက်တော့”

ဒီစကားကို ချန်ထားရစ်ပြီး သူပြေးထွက်သွားပါတယ်.. ကျွန်မခြေထောက်တွေ ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့ပါဘူး.. မြေပြင်ပေါ်ကို ပြိုလဲကျသွားပါတယ်.. မောင်က ချစ်တယ်ဆိုတဲ့ စကားကို အလွယ်တကူ မပြောချင်ဘူးတဲ့လား.. သူဘယ်လိုများ ပြောထွက်လိုက်တာပါလိမ့် .. ကျွန်မသိလိုက်ပါပြီ.. မောင်ဟာ ကျွန်မအတွက် ထိုက်တန်တဲ့သူ တစ်ယောက် မဟုတ်ခဲ့ပါဘူး..

အဲဒီနေ့က စပြီး အိမ်ထဲအိမ်ပြင်မထွက်ဘဲ ကျွန်မငိုကြွေးနေခဲ့မိပါတယ်.. နေ့စဉ်ရက်ဆက် ငိုနေမိတာပါ..  မောင်ကတော့ နေနိုင်လွန်းပါတယ်.. ကျွန်မ စောင့်နေ ခဲ့ပေမဲ့ ဖုန်းတစ်ချက်တောင် ဆက်ဖော်မရခဲ့ပါဘူး…  ဒါပေမဲ့ ကျွန်မရဲ့ အိမ်အပြင် ဘက်မှာတော့ အရုပ်ကလေးတစ်ရုပ်ကို မနက်တိုင်း မနက်တိုင်း လာထားနေဆဲပါ..   အခန်းထဲမှာလည်း အရုပ်တွေနဲ့ ပြည့်လို့နေပါပြီ..

တစ်လလောက်ကြာတော့ ကျွန်မကိုယ့်ကိုယ်ကို အားတင်းပြီး ကျောင်းကို ထွက်လာခဲ့ပါတယ်.. ဒါပေမဲ့ ကျောင်းမရောက်ခင် ကျွန်မရင်ကို နာကျင်စေမဲ့ မြင်ကွင်း တစ်ခုကို မြင်လိုက် ရတယ်.. မောင်ရယ်လေ. ကောင်မလေး တစ်ယောက်နဲ့ ..  သူ့မျက်နှာပေါ်မှာလည်း ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ အပြုံးတွေနဲ့  ရွှန်းလက် တောက်ပလို့..   ကျွန်မကို ဒေါသ ထွက်စေတဲ့ အရာက မောင့်လက်ထဲမှာ ကိုင်လာတဲ့ အရုပ်ကလေး တစ်ရုပ်..  ကျွန်မ အိမ်ဘက်ကို အားကုန် ပြန်ပြေးခဲ့မိတယ်..

အိမ်ခန်းထဲကို ရောက်တော့ တစ်ခန်းလုံး ပြည့်လုမတတ် ရှိနေတဲ့ အရုပ်တွေကို ကြည့်ပြီး မျက်ရည်တွေ တားဆီးမရအောင် ကျလာမိတယ်… ဘာလို့များ ဒီအရုပ်တွေ ကျွန်မကို ပေးခဲ့တာတဲ့လဲ… ဒီအရုပ်တွေဟာ သူ တစ်ခြား ကောင်မလေးတွေ ဆီက ရလာတဲ့ အရုပ်တွေ ဖြစ်နိုင်သားဘဲလေ.. ဒေါသစိတ်နဲ့  အရုပ်တွေကို လွှင့်ပစ်နေမိတယ်.. ဒီအချိန်လေးမှာဘဲ ရုတ်တရက် ဖုန်းမြည်သံပေါ်လာတယ်…  မထင်မှတ်ထားဘဲ မောင့်ဆီက ဖြစ်နေတယ်..  မောင်က ကျွန်မတို့ အိမ်အနားက ဘတ်စ်ကား မှတ်တိုင်ကို ခန ထွက်လာဖို့ ပြောတယ်..  ကျွန်မ စိတ်တွေ တည်ငြိမ်အောင် ကြိုးစားပြီး ကားမှတ်တိုင်ကို လျှောက်လာခဲ့တယ်.   ကိုယ့်ကိုယ်ကိုလည်း သတိပေး နေမိတယ်..  ငါသူ့ကို မေ့အောင် ကြိုးစားတော့မယ်..  ငါဒီဇာတ်လမ်းကို ဒီနေ့မှာဘဲ အဆုံး သတ်တော့မယ်..

ကျွန်မ မြင်ကွင်းထဲကို အရုပ်ကြီး တစ်ရုပ်ကို လက်က ကိုင်ထားပြီး သူ ရောက်လာတယ်.. ပြီးတော့  စကား စ ပြောပါတယ်..

“ နင်ငါ့ကို စိတ်ပျက်သွားပြီလို့ ထင်နေခဲ့တာ ..  နင်တကယ် ထွက်လာတယ်နော် ” တဲ့

ကျွန်မ သူ့ကို  မုန်းလိုက်တာလေ..  သူနဲ့ ကျွန်မကြားမှာ ဘာမှကို ပြဿနာ မဖြစ်ခဲ့သလိုနဲ့ .. သူ သရုပ်ဆောင် တော်တော်ကောင်းပါတယ်.. ပြီးတော့ သူ့ထုံးစံအတိုင်း အရုပ်ကလေးကို ကျွန်မရှေ့ကို ထိုးပေးလိုက်တယ်..

“ငါ နင့်ဆီက အရုပ်တွေကို မလိုချင်တော့ဘူး … နောက်ကို ဘယ်တော့မှလဲ ငါ့ကို ပေးဖို့ မကြိုးစားနဲ့တော့”

“ဟင် .. ဘာဖြစ်လို့လဲ..”  သူက ဘာမှ မသိ နားမလည်တဲ့ လေသံလေးနဲ့ ကျွန်မကို ပြန်မေးနေတယ်..


ကျွန်မ သူ့လက်ထဲက အရုပ်ကို ဆွဲယူလိုက်ပြီး.  လမ်းမပေါ်ကို လွှင့်ပစ်လိုက်တယ်..

“ ငါ နင့်အရုပ်တွေကို မလိုချင်တော့ဘူး… နောက်လည်း ဘယ်တော့မှ မလိုတော့ဘူး.. နင့်လိုကောင်ရဲ့ မျက်နှာကိုလည်း ငါ ထပ်မတွေ့ချင်တော့ဘူး…”

ကျွန်မရင်ထဲမှာ မြိုသိပ်ထားခဲ့ရတဲ့ စကားလုံးတွေနဲ့ သူ့ကို အဆက်မပြတ် ပစ်ပေါက်နေမိတယ်.. ဒါပေမဲ့ အရင်နေ့တွေက အေးစက်စက် အမူအရာတွေနဲ့ မတူဘဲ မောင့်မျက်လုံးထဲက နာကျင်ရိပ်တွေ  ထိတ်လန့်တုန်လှုပ်နေတဲ့ ချောက်ခြားခြင်း တွေကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်..

“ ငါ ၀မ်းနည်းပါတယ်ဟာ… နင်ဒီလောက် ဒေါသဖြစ်နေမယ်မှန်း မသိခဲ့ပါဘူး..ငါ့ကိုခွင့်လွှတ်ပါ ”

မောင့်နှုတ်က တောင်းပန်တဲ့အသံတိုးတိုးလေး ထွက်လာတယ်..  မောင့် အသံထဲမှာ နာကျင်ခြင်းတွေနဲ့ ပြည့်လို့….

ပြီးတော့ မောင်က ကျွန်မလွှင့်ပစ်လိုက်တဲ့ အရုပ်လေးကို ကောက်ဖို့ ကားလမ်းမပေါ်ကို လျှောက်သွားတယ်…
“ နင်.. အရူးဘဲ .. ဘာလို့ ဒီအရုပ်ကို ကောက်နေသေးလဲ ..လွှင့်ပစ်လိုက်ပါလား”

ဒါပေမဲ့ မောင်က ကျွန်မစကားကို မကြားသလိုနဲ့ အရုပ်ကလေးဆီ လျှောက်သွားနေတယ်..  အဲဒီအချိန်မှာ ကျယ်လောင်တဲ့ ကားဟွန်းသံနဲ့ ကြီးမားလှတဲ့ ထရပ်ကားတစ်စီးက မောင့်ဆီကို တည့်တည့်ကြီး ဦးတည်ပြီး သွားနေတယ်….

“မောင်ရေ.. ကားလာနေပြီ ….ကား ..”   “ အမြန်ပြေး”

ကျွန်မအသံကုန် အော်လိုက်မိတယ်.. ဒါပေမဲ့ မောင်က ကြားပုံမရဘူး.. ထိုင်ချလိုက်ပြီး အရုပ်ကလေးကို ငုံ့ကောက်လိုက်တယ်..

“မောင်ရေ.. ကား”
ဒုန်း ဆိုတဲ့ ကျယ်လောင်လှတဲ့ ကြောက်စရာ အသံကြီးကို နောက်ဆုံး ကြားလိုက်ရတယ်..

အဲဒီကတည်းက မောင်ဟာ ကျွန်မရဲ့ အနားကနေ ထွက်ခွာသွားခဲ့ပါတယ်.. သူထွက်သွားတဲ့ အချိန်ထိ မျက်လုံး တစ်ချက်မှ မဖွင့် စကားလည်း တစ်ခွန်းမှ ကျွန်မကို ပြောမသွားခဲ့ပါဘူး…

အဲဒီနေ့ကစပြီး ကျွန်မဟာ  မောင်သေဆုံးရခြင်းအတွက် မိမိကိုယ်ကို  အပြစ်တင်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း တွေနဲ့ အရူးတစ်ယောက်လို ဖြစ်နေခဲ့တာ ၂လလောက် ကြာခဲ့ပါပြီ.. အခန်းထဲမှာ မောင်ပေးခဲ့တဲ့ အရုပ်တွေကြားထဲ ထိုင်ပြီး မောင့်ကို နေ့တိုင်း သတိရ လွမ်းဆွတ် ငိုကြွေးနေမိပါတယ်.. ဒီအရုပ်တွေဟာ ကျွန်မတို့၂ယောက် ချစ်သူတွေ ဘ၀ ရောက်ကတည်းက မောင်ပေးခဲ့တဲ့ တစ်ခုတည်းသော လက်ဆောင်တွေပါဘဲ..  မောင်ပေးခဲ့တဲ့ အရုပ်ကလေးတွေကို တစ်ခုခြင်း ကောက်ပြီး ရေတွက်နေမိရင်း ချစ်သူဘ၀ အချိန်တွေကို တစ်ရက်ခြင်း ပြန်အမှတ်ရ နေမိပါတယ်..

တစ် , နှစ် , သုံး , လေး …

လေးရာ ရှစ်ဆယ့်လေး…  လေးရာ့ရှစ်ဆယ့်ငါး  စုစုပေါင်း လေးရာ့ရှစ်ဆယ့်ငါးခု တိတိရှိပါတယ်.. ကျွန်မ ရှိုက်ကြီးတငင် ငိုကြွေးမိပြန်ပါတယ်..  အရုပ်ကလေးကို တင်းကြပ်စွာပွေ့ဖက်ရင်း ငိုကြွေးနေမိတယ်..

ရုတ်တရက်


နင့်ကိုငါ ချစ်တယ်.. နင့်ကို ငါချစ်တယ်..

ကျွန်မ အရုပ်ကလေးကို ထိတ်လန့်တကြား လွှတ်ချလိုက်မိပါတယ်..

အရုပ်ကို ပြန်ကောက်လိုက်ပြီး ဗိုက်ကလေးကို ဖိလိုက်မိတော့


နင့်ကို ငါချစ်တယ်..တဲ့.. မြည်လာပြန်တယ်

ရှိသမျှ အရုပ်တွေအားလုံးကို တစ်ခုချင်း ကောက်ယူပြီး ၀မ်းဗိုက်တွေပေါ် ဖိလိုက်တိုင်း
နင့်ကို ငါချစ်တယ်.
နင့်ကို ငါချစ်တယ်..
နင့်ကို ငါချစ်တယ်..


အဲဒီအသံတွေဘဲ မရပ်မနား ထွက်လာပါတယ်..

ကျွန်မ စောစောက ဘာလို့ သဘောမပေါက်ခဲ့မိရတာပါလဲ….. မောင့်အသည်းနှလုံးဟာ အစောကတည်းက ကျွန်မရဲ့ဘေးမှာ အတူတူ ရှိနေခဲ့တာပါလား… မောင်ကျွန်မကို ဒီလောက်ချစ်တယ်ဆိုတာ ဘာလို့များ မသိခဲ့ရပါလိမ့်..  ကျွန်မအရုပ်ကလေး တစ်ရုပ်ကို ကုတင်အောက်က ကောက်ယူလိုက်တယ်.. ခုနက ၄၈၅ ရုပ်တွေနဲ့ မတူဘဲ ထူးထူးခြားခြား ကြီးမားနေတဲ့ အရုပ်ကလေး … ဒီအရုပ်ကလေးဟာ မောင်နဲ့ နောက်ဆုံး တွေ့ခဲ့တဲ့နေ့က ကျွန်မကို မောင်ပေးခဲ့တဲ့ အရုပ်လေး..  ကျွန်မလမ်းပေါ်ကို လွှင့်ပစ် လိုက်မိတဲ့ အရုပ်လေးပါ .. အရုပ်လေးမှာ မောင့်ကိုယ်ပေါ်က သွေးစက်လေးတွေတောင် ခုချိန်ထိ စွန်းပေ နေသေးတယ်.. အရုပ်ကလေးကို လက်နဲ့ ဖိချ လိုက်တော့  ကျွန်မ လွမ်းဆွတ် တမ်းတနေတဲ့ မောင့်ရဲ့အသံလေး ထွက်လာတယ်..


“ဒီနေ့ဘာနေ့လဲ ဆိုတာ နင်သိလား… ငါတို့၂ယောက်ချစ်ခဲ့ကြတာ ၄၈၆ရက်ပြည့်တဲ့နေ့လေ..  ၄၈၆ ဂဏန်းဟာ ဘာအဓိပ္ပါယ်လဲ ဆိုတာ နင်သိတယ် မဟုတ်လား… နင့်ကို ငါချစ်တယ် ဆိုတဲ့ စကားကို မပြောဖြစ်ခဲ့တာက ဒီစကားကို ငါ့ပါးစပ်က ပြောရမှာ သိပ်ရှက်လို့ပါ…  ဒါကြောင့်လဲ  အရုပ်ကလေးတွေကို ငါ့ကိုယ်စား ပြောပေးဖို့အတွက် နင့်ကိုငါ နေ့တိုင်းပေးခဲ့တာပါ… နင်ငါ့ကို ခွင့်လွှတ်တယ်ဆိုရင် ဒီအရုပ်လေးကို  လက်ခံပါနော်…  နင့်ကို ငါသိပ်ချစ်ပါတယ်.. နောက်ကို နင့်ကို သိပ်ချစ်တယ်ဆိုတာ ငါအမြဲပြောပါ့မယ်.. နေ့တိုင်းပြောပါ့မယ်.. ငါသေတဲ့အထိ နင့်ကို ချစ်တယ်လို့ပြောပါ့မယ်..  နင့်ကို ငါအရမ်းချစ်ပါတယ်.. ကောင်မလေးရယ်..”


ကျွန်မပါးပြင်ပေါ်မှာ မျက်ရည်တွေ မြစ်လိုဘဲ စီးဆင်းလာပါတယ်.. ကံတရားက ဘာလို့များ ဒီလောက် ရက်စက်ရတာလဲ မောင်ရယ်  .. နင့်အချစ်တွေကို ဘာလို့များ နင်သေဆုံးပြီးချိန်မှ ငါသိခွင့် ရလိုက်တာလဲ.. ခုချိန်မှ ငါသိလိုက်ရတော့ နင်က ငါ့ဘေးမှာ မရှိတော့ဘူးလေ.. နင်ဟာ ငါ့ကို နောက်ဆုံး စက္ကန့်အထိ ချစ်သွားခဲ့တယ် ဆိုတာ ငါယုံပါပြီမောင်ရယ်.. ခုတော့ ငါတစ်ယောက်တည်း နင်ပေးခဲ့တဲ့ အရုပ်တွေကြားမှာ ဖြေမဆည်နိုင်တဲ့ နောင်တတွေနဲ့ ပူဆွေးရင်း သောကတွေနဲ့ လောင်မြိုက် နေရပါပြီ မောင်ရယ်…..


-------------------------------------------------------------------


အချစ်ဆိုတာ တကယ်တမ်းတော့ မိမိရရ ဖမ်းဆုပ်ဖို့ခက်ခဲလှပါတယ်.. တစ်ခါတစ်ရံ  ကိုယ့်လက်ထဲ ရောက်ရှိလာတဲ့အချစ်ဟာ  နားလည်မှု လွဲမှားတဲ့အခါ လက်ထဲက ပြန်လွှတ်ထွက် သွားတတ်ပါတယ်.. နားလည်မှု လွှဲမှားလို့ လမ်းခွဲခဲ့ကြတဲ့ ချစ်သူတွေ ဘယ်လောက်တောင် များကြပြီလဲ… တစ်ချို့သူတွေက ရင်ထဲကမပါပေမဲ့ စကားတွေကို တန်ဆာဆင်ပြီး သိုင်းဝိုင်းဖွဲ့နွဲ့လို့ ပြောတတ်ကြပေမဲ့ အချို့ကျတော့ ရင်ထဲမှာ ရှိသည့်တိုင်အောင် ပါးစပ်က ထုတ်ဖော် မပြောတတ် ကြပါဘူး… ချစ်ကြသူတွေ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်အောင် ကြိုးစားသင့်လှပါတယ်.. နားလည်မှု လွဲလို့ ခွဲခွာကြရတဲ့အခါ ခံစားရတဲ့ နာကျင်ခြင်း တွေက ပူလောင်မှုတွေဘဲ မဟုတ်ပါလား… ဒီဇာတ်လမ်းလေးက တစ်ခုခုကို သေချာအောင် မဆန်းစစ်သေးဘဲ ဆုံးဖြတ်ချက် အလျှင်စလို မချသင့်ကြောင်းကို သင်ခန်းစာ ပေးနေပါတယ်.. ဒါကြောင့် ကိုယ့်လက်ထဲက အချစ်ဆိုတဲ့အရာလေးကို သေချာ ဖမ်းဆုပ်မိနိုင်ဖို့အတွက် နားလည်မှုလေးနဲ့ တည်ဆောက် နိုင်ကြပါစေရှင်….


Lovefatedestiny မှ   I Love you ကိုးရီးယား အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်ထားပါတယ်…..၄၈၆ ဂဏန်းဟာ ကိုးရီးယားမှာ I Love you လို့ အဓိပ္ပါယ်ရပါတယ် ဆိုတာကို   သေချာအောင် ရှာဖွေပေးသော မောင်ငယ်လေး ကိုဖြိုးကို ကျေးဇူး အထူး တင်ရှိပါတယ်ရှင်..


ငြိမ်းချမ်းကြပါစေ..


ချော (အစိမ်းရောင်လွင်ပြင်)

ခရမ်းချဉ်သီး ရောင်းသူ

 


 


အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက် မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ် ….   သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်..    ပြီးတော့  ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ် စစ်ဆေး ပါတယ်…


 


စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်..   ပြီးရင် မင်း အလုပ် စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက်  ” လို့ ပြောပါတယ်..


 


ကောင်လေးက   “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ မသုံးတတ်ပါဘူး..  ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး”        လို့ ပြန်ပြော လိုက်ပါတယ်..


 


“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော ဘဲကွာ….  ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက  အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..”    လို့ မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..


 


ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန် ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……


 


စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ…  သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့ တစ်သေတ္တာကို  ၀ယ်လိုက် ပါတယ်..  ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက  ၂ဆ ဖြစ်သွားခဲ့ပါပြီ..  ၃ကြိမ်မြောက်  ၀ယ်ယူပြီး  ပြန်ရောင်းချလို့ အကုန်မှာ ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို  ပြန်နိုင်ခဲ့ပါတယ်..


 


ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ…  သူ့ဘ၀ရပ်တည်ရေးအတွက် ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ.. မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်..  ညနက်မှ အိမ်ပြန် ရောက်တယ်..    ဒီလိုနဲ့ သူ့ငွေတွေဟာ   နေ့တိုင်းနေ့တိုင်းကို  ၂ဆ ၃ဆ  တိုးပွားလာပါတယ်..


 


မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ…….  ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို ပိုင်ဆိုင်သွားခဲ့ပါပြီ….


 


၅နှစ်အကြာမှာ…  အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့ အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့ ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..


 


သူဟာ  အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်.. စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို အီမေလ်းလိပ်စာ တောင်းပါတယ်..  သူဌေးက  “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ မရှိပါဘူး.. ကွန်ပျူတာလဲ  မသုံးတတ်ပါဘူး”       လို့ပြန်ပြောတယ်..


 


ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်…   “ခင်ဗျားမှာ အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင်  ဒီလောက် အောင်မြင်တဲ့ စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်.. ခင်ဗျားမှန်းကြည့်စမ်းပါ….  တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား  ဒီထက်ကို ဘယ်လောက် အောင်မြင် ကြီးကျယ်လာမလဲလို့….”


 


သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..


 


“ကျုပ်သာ ကွန်ပျူတာ တတ်မယ်.. အီမေလ်း လိပ်စာသာ ရှိခဲ့မယ် ဆိုရင် ခုချိန်မှာ မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်”      တဲ့


————————————————————————————————————————————


 


ဒီ  story  လေးက လိုပါဘဲ.. လူတွေ အရူးအမူး ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့် ကျွန်မတို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ်    အင်တာနက်၊ ကွန်ပျူတာ တို့နဲ့ အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ ရှိနေပါသေးတယ်..  အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်.. ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက ကျပါတယ်….  ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေရှင်….


 


မူရင်း http://www.funzug.com/ ကနေ နှစ်သစ် လက်ဆောင်အဖြစ် အင်အား တစ်ခုခု ရစေဖို့  ဒီပိုစ့်လေးကို ဘာသာပြန် ဝေမျှလိုက်ပါတယ်..


 


ကြီးပွားတိုးတက်ကြပါစေရှင်….


 


ချော (အစိမ်းရောင်လွင်ပြင်)

ဖေဖေရဲ့ New Year စိတ်ကူး

                                                          photo from flickr
မွန်ဘိုင်းမြို့မှာ နေတဲ့ အသက်အရွယ်ခပ်ကြီးကြီး အဖိုးအိုတစ်ယောက်က နယူးယောခ့်မှာ ရှိနေတဲ့ သူ့သားဆီဖုန်းဆက်တယ်..

"သားရေ မင်းကို အဖေ အနှောက်အယှက်ပေးရတာ စိတ်တော့မကောင်းပါဘူးကွာ... ဒါပေမဲ့ မပြောမဖြစ်လို့ပြောရတော့မယ်.. အဖေ မင်းအမေနဲ့ ကွာရှင်းတော့မလို့   မင်းအမေရဲ့ ဒုက္ခတွေကို ၃၅ နှစ်လုံးလုံး အဖေ ခံလာရပြီးပြီ... အဖေ ထပ်ပြီး သီးမခံနိုင်တော့ဘူး..တော်လောက်ပြီ.. "

"အဖေ... ဘာတွေပြောနေတာလဲ "  သားဖြစ်သူက ဖုန်းထဲကနေ အဖေဖြစ်တဲ့သူကို အော်ပြောလိုက်ပါတယ်..

အဖေက ပြန်ပြောပါတယ်        "ငါတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ကို မကြည့်ချင်ကြတော့ဘူး...ရေရှည် အတူတူဆက်နေဖို့လဲ မဖြစ်နိုင်တော့ဘူး.. .. တော်ပြီ..ဒီအကြောင်းအဖေ ထပ်မပြောချင်တော့ဘူး... ဟောင်ကောင်က မင်းအစ်မကို မင်းဘဲ ဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်တော့... အဖေတော့ ဘာမှ မပြောချင်တော့ဘူး"

ကသုတ်ကရက်နဲ့ ချက်ခြင်းဘဲ သားဖြစ်သူက ဟောင်ကောင်က အစ်မဆီကို ဖုန်းခေါ်ပါတယ်.. ပြီးတော့ ဖုန်းထဲကနေ ဒေါသတကြီးနဲ့ အစ်မလုပ်သူကို အဖေ ပြောသွားတဲ့  စကားတွေကို ပြန်ပြောပြနေတယ်.. အစ်မဖြစ်သူက ပြန်ပြောတယ်..

"မပူနဲ့ ငါကြည့်လုပ်လိုက်မယ် " တဲ့..

ချက်ခြင်းဘဲ အဖေအမေရှိတဲ့ မွန်ဘိုင်းကို ဖုန်းခေါ်ပါတယ်.. ဖုန်းထဲကနေ အဖေလုပ်သူကို အော်ပြောပါတယ်..

"အဖေ ကွာရှင်းဖို့ကိစ္စ လုံးဝ မလုပ်နဲ့ဦး .. သမီးမလာမချင်း အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ဘာကိုမှ မဆုံးဖြတ်ကြနဲ့ဦး.. ဘာမှလဲ မလုပ်နဲ့ဦး .. မောင်လေးကို သမီးဖုန်းပြန်ခေါ်ဦးမယ်.. မနက်ဖြန် သမီးတို့ ၂ယောက်စလုံး အဲဒီကို ရောက်အောင်လာခဲ့မယ်.. သမီးတို့မရောက်ခင် ဘာမှမလုပ်နဲ့ .. အဖေ.. ကြားရဲ့လား.. "

ပြောပြီးဖုန်းချသွားပါတယ်..  ပြီးတော့ သူ့မောင်ရှိရာ နယူးယောခ့်ကို ဖုန်းထပ်ခေါ်ပြီး  မနက်ဖန် ရရာလေယာဉ်နဲ့ အိမ်ကို ထွက်လာခဲ့ဖို့ လှမ်းပြောပါတယ်...

အဖိုးကြီးက ဖုန်းကို ချလိုက်ပြီး မိန်းမဖြစ်သူ အဖွားကြီးကို  ပြုံးပြီးပြောလိုက်တယ်..

" အိုကေ .. အဆင်ပြေသွားပြီ... မနက်ဖန် New Year Party ကို သူတို့ ၂ယောက်လုံး လေယာဉ်နဲ့ ရောက်အောင် လာကြလိမ့်မယ်.. ဒါဆိုရင် နှစ်သစ်ကူးမှာ မိသားစု အားလုံး စုံစုံညီညီ ဖြစ်သွားပြီပေါ့ကွာ....ရိုးရိုး တန်းတန်းခေါ်ရင် အလုပ်အကြောင်းပြပြီး လာကြမှာ မဟုတ်ဘူး.. ခုလို နည်းနဲ့ခေါ်လိုက်တော့ သူတို့ မလာဘဲ မနေတော့ဘူးလေ.."
----------------------------------------------------------------------------------------------------------------------------
လူတိုင်းဟာ ၃၆၅ရက်လုံးတော့ အလုပ်မများကြပါဘူး.. ခွင့် နည်းနည်းယူပြီး သင်တို့ရဲ့ အချစ်ဆုံးသူတွေကို သွားတွေ့လိုက်ရင် ကောင်းကင်ကြီး ပြိုကျ မသွား ပါဘူးတဲ့ .. သင်လုပ်နေတဲ့ အလုပ်ဆိုတာ ဘ၀တစ်ခုလုံး မဟုတ်သလို ငွေကြေးဆိုတာလဲ ဘ၀ရဲ့ အရာအားလုံးကို ဖန်တီး မပေး နိုင်ပါဘူး.. ကိုယ်ချစ်ရတဲ့ သူတွေ ၊ ကိုယ့်မိသားစုတွေလောက် ဘယ်အရာကမှ အရေးမကြီးနိုင်ပါဘူး.....ဒီလို နေ့ထူးနေ့ရက်တွေမှာ  မိမိတို့ကို သတိတရ ရှိနေမဲ့သူ တွေ့ချင်နေတဲ့သူတွေ ရှိနေ သေးတယ်ဆိုတာ သတိရကြပါစို့..  ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို သွားတွေဖို့ ဘာအကြောင်းနဲ့မှ နှောင့်နှေး မနေပါနဲ့    အချိန်လေးပေးပြီး သွားတွေ့ လိုက်ကြပါစို့နော်...
http://www.funzug.com/index.php/stories/making-money-is-not-everthing-in-life-story.html လေးကို နှစ်သစ်နဲ့ လိုက်လျှောညီထွေ ဖြစ်အောင် ဘာသာ ပြန်ဆိုလိုက်ပါတယ်..
  
အားလုံးဘဲ HAPPY NEW YEAR ပါနော်
  
စာဖတ်သူ အားလုံး အတွက် ပျော်ရွှင် ချမ်းမြေ့ဖွယ် နှစ်သစ်ဖြစ်ပါစေ...၂၀၁၀ မှာ အကောင်းဆုံး ရလာဒ်တွေကို ပိုင်ဆိုင်နိုင်ပါစေ.. လောက ကောင်းကျိုးကို ဆထက် တိုးပြီး ဆောင်ရွက်နိုင်ကြကာ ...ကံကောင်းခြင်းတွေနဲ့ ပြည့်စုံကြပါစေနာ်...

ချော (အစိမ်းရောင်လွင်ပြင်)

တရုတ်မြန်မာ နယ်စပ် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး

                                              
မူဆယ်မြို့အ၀င် ရပ်တော်မူဘုရား (မျက်နှာတော်မှာပျားစွဲနေ)   


                                                                       
 မူဆယ်အ၀င်လမ်းမ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအကြောင်း ကျွန်မသိထားသလောက် ဒီနေရာလေးကနေ ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်.. မြန်မာပြည် နယ်စပ်မြို့ ဖြစ်တဲ့ မူဆယ်မြို့လေးဟာ တရုတ်ပြည်က ကုန်စည်များ ပြည်တွင်းသို့ စီးဆင်းရာ အဓိက ပင်မ ၀င်ပေါက် တစ်ခု ဖြစ်ပါတယ်.. တောင်ကုန်း အတက်အဆင်းတွေ ပေါလှသလို သုံးဘီး ၊ဆိုင်ကယ်၊ ကားများနဲ့ ဆူညံ အသက်ဝင်နေတဲ့ မြို့ကလေးလဲ ဖြစ်ပါတယ်… မန္တလေးက လာမယ်ဆိုရင် မူဆယ်မြို့ မရောက်ခင် ၁၀၅မိုင်စခန်းလို့ လူသိများတဲ့ မိုင်းယုရွာလေးကို အရင် ဖြတ်ရမှာ ဖြစ်ပါတယ်… အဲဒီမှာ ကုန်အ၀င်အတွက် စစ်ဆေးရေး ဂိတ်များ၊ မှတ်ပုံတင် စစ်ဆေးရေးဂိတ်များ စသဖြင့် ဌာနဆိုင်ရာ ဂိတ် ၊ စစ်ဆေးရေးစခန်း  မြောက်များစွာ ရှိပါတယ်.. မည်သည့်ကားမဆို ထိုစခန်းမှာ စစ်ဆေးခံ ရပါတယ်…  မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မဲ့ ကုန်တင်ကားကြီးများဟာ  ၁၀၅ မိုင်စခန်းမှာ ညအိပ် ရပ်နားပြီး ပါလာတဲ့ လိုင်စင်နဲ့ တင်လာတဲ့ ကုန်ပစ္စည်း ကိုက်ညီမှု ရှိမရှိ စစ်ဆေး ခံရပါတယ်.. စစ်ဆေးခံပြီးလို့ လိုင်စင်နဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းများ မှန်ကန်ပြီဆိုပါမှ ၊ သတ်မှတ် ဂျူတီနှုန်း ပေးဆောင်ပြီးပါမှ  ကားပေါ်ပါလာတဲ့ပစ္စည်းများကို ခေါက်တိုကားလို့ ခေါ်တဲ့ အခြားကားတစ်စီးပေါ် ပြန်ပြောင်း တင်ရပါတယ်…  ကျွန်မသိသလောက်တော့ ခေါက်ရှည် (ရန်ကုန် - မန္တလေးမှ တိုက်ရိုက် တင်လာသော ကားများ ) တရုတ်ပြည် ကျယ်ခေါင်အထိ ပစ္စည်းများ တိုက်ရိုက် တင်ဆောင်ခွင့် မရှိပါဘူး… အချို့သော ကုန်စည်းများကို  မြန်မာနိုင်ငံ ၁၀၅မိုင် စခန်းတွင်သာ ရောင်းချခွင့် ပြုထားပါတယ်..  ဥပမာ သစ်သီးများနဲ့ ရေထွက် ပစ္စည်းများ ဖြစ်ပါတယ်… တရုတ်ပြည်ဘက်မှ ကုန်သည်များက ၁၀၅မိုင်စခန်းအထိ လာရောက်ပြီး ဈေးဖြတ် ပေးဝယ် ကြပါတယ်..

                                       
 တရုတ်မြန်မာ အ၀င်အထွက် ပင်မ ဂိတ်( တရုတ်ဘက်ခြမ်းမှမြင်ကွင်း)





                                                            ကျယ်ခေါင်ရဲ့ နေ့မြင်ကွင်း



                                                            

 ကျယ်ခေါင်ရဲ့ည ရှုခင်း


 ပဲ၊ နှမ်း ၊ပြောင်း၊ ရာဘာ ၊သီဟိုစေ့၊ ကြက်ဆူ ၊ဆီးသီးခြောက် ၊ ကြက်သွန် စတဲ့ ကုန်ပစ္စည်းများကို ခေါက်တို လို့ခေါ်တဲ့ ကားနဲ့ ပြန်ပြောင်းတင်ပြီး ကျယ်ခေါင် - ရွှေလီ အထိ ၀င်ရောက် ရောင်းချခွင့်ရှိပါတယ်.. ရောင်းချတဲ့ စနစ်ကတော့ ရွှေလီ ကျယ်ခေါင်မှာရှိတဲ့ တရုတ်လူမျိုးပိုင် ဂိုဒေါင်တွေမှာ ပစ္စည်းကို ထားကြပြီး ၀ယ်လက် တရုတ်  ကုန်သည်တွေနဲ့ ဈေးစကားဆိုရပါတယ် .. ရွှေလီအ၀င် တရုတ် အကောက်ခွန်ဌာနမှာ ပေးဆောင်စရာရှိတဲ့ အခွန်အခကို ဂိုဒေါင်ပိုင်ရှင်မှ  စိုက်ထုတ် ပေးဆောင်ထားပါတယ်..  ရောင်းချရာတွင် မိမိကြိုက်ဈေး မရမချင်း ဂိုဒေါင်မှာ ထားခွင့်ရပါတယ်.. လိုအပ်ပါက သို့မဟုတ် ပစ္စည်း ပိုင်ရှင်က တောင်းဆိုပါက ပိုးသတ်ပေးခြင်းကိုလည်း ထိုဂိုဒေါင် ပိုင်ရှင်များမှ အခမဲ့ ဆောင်ရွက် ပေးပါတယ်.. ဈေးကိုက်လို့ ရောင်းပြီဆိုပါက ဂိုဒေါင်ပိုင်ရှင်ကို အကျိုးဆောင်ခ ရာခိုင်နှုန်း အလိုက်ပေးရပါတယ်.. အကျိုးဆောင်ခ သတ်မှတ်တဲ့ နှုန်းထားကတော့ သီးနှံ အလိုက် ခွဲခြား သတ်မှတ် ထားပါတယ်.. မကြာခနလဲ အပြောင်းအလဲ ရှိတတ်ပါတယ်… အကျိုးဆောင်ခ အပြင် အလုပ်သမားခနှင့် အကောက်အခွန်အတွက် စိုက်ဆောင်ထားသော ငွေကိုပါ ထည့်တွက်လေ့ရှိပါတယ်… အလုပ်သမားခ ဆိုတာကတော့ ကားပေါ်က ကုန်ပစ္စည်းများ တင် ချတဲ့အခါ ဂိုဒေါင်ရှိ အလုပ်သမားများနဲ့ အတင်အချ ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပါ.. တရုတ်ပြည်မှာ အသုံးပြုတဲ့ ငွေကြေးက ယွမ်ဖြစ်ပါတယ်.. ခုလောလောဆည် ငွေပေါက်ဈေးက မြန်မာငွေ တစ်သိန်းကို တရုတ်ငွေ ၆၇၄ ယွမ်လောက် ရှိပါတယ်… တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၁၄၈ ကျပ်ပါ ငွေဈေးကတော့ နေ့စဉ် အတက်အကျ အပြောင်း အလဲ ရှိပါတယ်..

                                                    
  နံမည်ကျော်ရွှေလီမြစ် (ယခင်တံတားဟောင်းအုတ်တိုင်များ)



                                                                   
ယခု ရွှေလီတံတား


တရုတ်မြန်မာ နယ်နမိတ်ကို ရွှေလီမြစ်က ခွဲခြား သတ်မှတ် ပေးထားပါတယ်..  ကျယ်ခေါင်လို့ခေါ်တဲ့ နေရာလေးဟာ မြန်မာဘက်ကမ်းမှာ ရှိပေမဲ့ တရုတ်ပိုင်နက် ဖြစ်ပါတယ်.. ယခင်ကတော့ မြန်မာတွေရဲ့ ပိုင်နက်ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်… တရုတ်အစိုးရက သူတို့နိုင်ငံရဲ့ ကုန်စည် စီးဆင်းမှုလွယ်ကူအောင် မြန်မာဘက်ကို လာရောင်းနိုင်ရင် ပိုတွက်ချေကိုက်မယ်ဆိုတဲ့ မူဝါဒနဲ့ အဲဒီနေရာလေးကို အပိုင် ၀ယ်ယူလိုက်တယ်လို့  ပါးစပ်ရာဇ၀င်အနေနဲ့ မှတ်သားဖူးပါတယ်.. ခုချိန်မှာတော့ ကျယ်ခေါင်ဆိုတဲ့ နေရာလေးဟာ တိုက်တာအိမ်ခြေ သစ်သစ်လွင်လွင် တွေနဲ့ မိုးထိလု အဆောက်အဦးတွေနဲ့ ကြီးကျယ်တဲ့ ဆိုင်ခန်းတွေနဲ့ အရင်ကနဲ့တော့ ကွာချင်တိုင်း ကွာခြားနေပါပြီ…. တရုတ်ပြည်တစ်ပြည်လုံးက စက်ရုံတွေ အတော်များများဟာ ကျယ်ခေါင်မှာ ကိုယ်စားလှယ်တွေ ဆိုင်ခွဲတွေနဲ့ မြန်မာပြည်ရဲ့ ၀ယ်လို အားကို ဖြည့်ဆည်းနိုင်ဖို့ ပစ်မှတ်ထားနေကြပါတယ်.. အမျိုးအမည်ပေါင်း စုံလင်စွာနဲ့ ဆိုင်အမျိုးအစားပေါင်းများစွာ ရှိနေပါတယ်.. တရုတ်ဆိုင်ကယ် အလွန် ပေါပါတယ်.. လျှပ်စစ်ပစ္စည်း နဲ့ MP4, MP3, ကွန်ပျူတာ ပစ္စည်း ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်ပစ္စည်း ၊ဓာတုပစ္စည်း ၊ အ၀တ်အထည်၊ စသဖြင့် စုံလင် လှပါတယ်.. အားလုံးထည့်ရေးမယ်ဆိုရင် ပြီးဖို့မမြင်လို့ ဒီလောက်ဘဲ ထည့်ရေးထားပါတယ်.. လိုချင်တဲ့ပစ္စည်းမှန်သမျှ အကုန်ရနိုင်ပါတယ်..

ပစ္စည်းအဆင်သင့်  မရှိရင်တောင်မှ ကိုယ်လိုချင်တဲ့ ပစ္စည်း အမျိုးအစားကို စရံငွေပေးပြီး အော်ဒါမှာလို့ရပါတယ်…  လိုချင်တဲ့ တံဆိပ် လိုချင်တဲ့ဈေးနှုန်း ကို မှီအောင် လုပ်ပေးနိုင်တဲ့အထိ တရုတ်တွေရဲ့ နည်းပညာက ထွန်းကားလှပါတယ်.. ဈေးနှုန်းနည်းလေ ပစ္စည်း quality ကတော့ စကားပြောလေ ဖြစ်ပါတယ်… နိုင်ငံတကာ ပေါင်းစုံရဲ့ ဘယ်လို တံဆိပ်မျိုးကို မဆို မရမရှိစေရအောင် လုပ်ပေးနိုင်ကြပါတယ်.. တရုတ်အစိုးရကလဲ ပစ္စည်းအတုနဲ့ အရည် အသွေးညံ့ ပစ္စည်းများကို အတော်လေး ထိန်းချုပ် ကွပ်ကဲပါတယ်.. သို့သော်လည်း ၀ိသမလောဘ ကိုတော့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှတယ် မဟုတ်ပါလားရှင်.. အတုကတော့ နေရာတကာမှာ ပေါပေါများများ တွေ့နေရဆဲပါ…


                                                
ကျယ်ခေါင်ရှိ တရုတ်ဆိုင်တန်းများ







                                                     
  နံမည်ကြီး ဆိုင်ကယ်ဝယ်မယ်ဆိုရင် ခုလိုတန်းစီ


အချို့သော စက်ရုံကြီးများကတော့ quality နဲ့ Image ကို ထိန်းသိမ်းကြပါတယ်.. တံဆိပ်အတုနဲ့ အရည် အသွေးညံ့ ပစ္စည်းများ အော်ဒါလက်ခံခြင်း လုံးဝမပြုလုပ်ကြပါ..  အဲလို စက်ရုံမျိုးကိုလည်း ကျွန်မကိုယ်တိုင် ဆက်ဆံ ဖူးပါတယ်..  ထိုစက်ရုံများကိုတော့ လေးစားစွာ ဂုဏ်ပြု လိုက်ပါတယ်.. မြန်မာပြည်မှ အော်ဒါမှာသော ပစ္စည်းများ မြန်မာပြည်ဈေးကွက်အတွက် ရည်ရွယ်တဲ့ ပစ္စည်းများကို  တင်ဆောင်လာသော တရုတ်ပြည် အရပ်ရပ် စက်ရုံမှ တင်ပို့လိုက်တဲ့ ကားများဟာ အများအားဖြင့် ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာ အဆုံးသတ်ပါတယ်..  အဲဒီကမှတစ်ဆင့် ကားဂိတ်တွေမှာ နောက်ထပ် ကားချိန်းပြီး ရွှေလီမြို့ကို ရောက်လာပါတယ်.. ရွှေလီမြို့ရဲ့ သက်ဆိုင်ရာ ဂိတ်အသီးသီးမှာ ပစ္စည်းများ ချပါတယ်..  ပြီးတော့မှ ကားအသေးများနဲ့ ကျယ်ခေါင်ကို တစ်ခါ ပြန်သယ်ဆောင်ဖို့ စီစဉ်ရပါတယ်… ကျယ်ခေါင်ကို သယ်တဲ့အခါ   ရွှေလီမြို့အလွန် အကောက်အခွန် ဌာနရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရပါတယ်.. တရုတ်အစိုးရရဲ့ စီးပွားရေး မူဝါဒ တစ်ခုက သူတို့နိုင်ငံသားများကို အချို့သော ကုန်ပစ္စည်း အတွက် Export လုပ်တဲ့အခါ ငွေပြန်အမ်းပေးပါတယ်.. အများဆုံး ၁၇ ရာခိုင်နှုန်းအထိ draw back   ပြန်ရတယ်လို့ သိရပါတယ်.. စာရွက်စာတမ်းတော့ ပြည့်စုံရပါမယ်..   အခွန်မဆောင်ရဘဲ အစိုးရက ငွေပြန်ထုတ်ပေးတဲ့ စနစ်ပါ.. ကိုယ်တွေဆီမှာ တစ်ခါမှ မကြားခဲ့ဖူးလို့ အံ့သြမိရပါသေးတယ်..



                                                   
  ရွှေလီတံတားအလွန်တရုတ်အကောက်ခွန်ဌာန



  မြန်မာ ကုန်ကားများ တရုတ်အကောက်ခွန်ဌာနအ၀င်


ကားတစ်စီးလုံးအပြည့် ကုန်တစ်မျိုးတည်း သယ်ဆောင်လာတဲ့ကားများတော့ တရုတ်ပြည် စက်ရုံမှနေပြီး ကျယ်ခေါင်အထိ တိုက်ရိုက် တင်ပို့ကြပါတယ်.. ဥပမာ အိမ်ဆောက်ပစ္စည်းများ… ဆိုင်ကယ်များ ပန်းသီးများ လျှပ်စစ်ပစ္စည်းများ အစရှိသဖြင့် ဖြစ်ပါတယ်..  တရုတ်ပြည်ထုတ် ဆိုင်ကယ်ကတော့ မြန်မာပြည်ရဲ့ ၀ယ်လိုအား အမြင့်ဆုံး ပစ္စည်းထဲမှာ ထိပ်ဆုံးက ပါပါတယ်… တစ်ရက်တစ်ရက်ကို ဆိုင်ကယ်စင်းရေပေါင်း ထောင်နဲ့ချီပြီး နယ်စပ်ကနေ ထွက်ပါတယ်.. ခုလက်ရှိ  မြန်မာကုန်သည်များ ယူဝယ်ပြီးတဲ့ပစ္စည်းများကို ကျယ်ခေါင်တွင် ကားတင်ပြီး မူဆယ်မြို့ကို ဖြတ်သန်းကာ  ၁၀၅မိုင်စခန်းမှာ စစ်ဆေးခံရပါတယ်… စစ်ဆေးခံပြီးတော့မှ ကားများကို ထွက်ခွာခွင့်ပြုပါတယ်…  လားရှိုးမြို့မရောက်ခင် ရေပူစခန်းမှာလဲ စစ်ဆေးရေးဂိတ်ရှိပါတယ်… အဲဒီစခန်းမှာလဲ အလာတုန်းက ကားတိုင်း စစ်ဆေးခံရသလို အပြန်မှာလဲ စစ်ဆေးခံရပါတယ်… စခန်းတွေအားလုံး ည ၉နာရီ တိတိမှာ ဂိတ်ပိတ်ပါတယ်.. ၉နာရီနောက်ပိုင်း မည်သည့်ကားမှ ဖြတ်သန်းခွင့် မရှိပါ…


 

 ညအမှောင်နဲ့အတူ ခရီးဆက်ကြမဲ့ ဆိုင်ကယ် မင်းသားများ



တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့ကလေးရဲ့ နေလို့ကောင်းတဲ့ အချက်တွေက ရာသီဥတု အေးချမ်းပါတယ်.. အအေးကြိုက်သူများအတွက်တော့ အဆင် ပြေပါတယ်.. ဒီဒေသမှာ ရှမ်းတရုတ်အစားအစာပေါများပါတယ်.. အစားအသောက် အကြောင်း နောက်မှ သီးသန့်ရေးပါဦးမယ်.. တရုတ်ပြည်က ထုတ်တဲ့ Mobile Phone card များကို နေရာတကာမှာ လွယ်လင့်တကူ ၀ယ်ယူနိုင်ပါတယ်.. တရုတ်ငွေ ၆၀ ယွမ် (မြန်မာငွေ 9000) လောက်နဲ့ SIM Card တစ်ခု ရနိုင်ပါတယ်.. ဖုန်းထဲမှာ ၅၀ယွမ် ပါရှိပြီးသားဖြစ်ပါတယ်.. လက်ကိုင်ဖုန်းတစ်လုံး ကိုင်ဖို့အတွက် ငွေ ၁၅ သိန်း ရှိဖို့မလိုတဲ့ နေရာလေးတစ်ခုပါ…  ဖုန်းထဲမှာ ပိုက်ဆံလက်ကျန် နည်းနေပြီ ဆိုရင်လည်း နီးရာဖုန်းဆိုင် (သို့မဟုတ်) လမ်းဘေးမှာ ရှိနေတဲ့ ပိုက်ဆံသွင်းစက်ထဲကို ခလုပ်လေးတွေနှိပ်ပြီး စက်ထဲကို  ပိုက်ဆံ ထည့်လိုက်ရုံပါဘဲ..  တန်းစီနေစရာ စာအုပ်ထပ်စရာ အချိန်ကုန်စရာ မလိုတဲ့နည်းတွေနဲ့ ဖုန်းဘီလ် ဆောင်လို့ရပါတယ်..  မြန်မာပြည်တွင်းဖုန်းကို ခေါ်မယ်ဆိုရင်တာ့ oversea call ဖြစ်တဲ့အတွက် ဈေးအလွန်ကြီးပါတယ်.. ထည့်ထားတဲ့ပိုက်ဆံ ခနလေးနဲ့ ကုန်သွားနိုင်ပါတယ်.. ဒါကြောင့် ပြည်တွင်းကို စီးပွားရေး လုပ်ငန်းအတွက် ဆက်သွယ်ဖို့ဆိုရင်တော့ မြန်မာဖုန်းကဒ်နဲ့ ဆက်သွယ်မှသာ အဆင်ပြေပါလိမ့်မယ်… လုပ်ငန်းရှိသူများကတော့ တရုတ်ဖုန်းရော မြန်မာဖုန်းပါ ကိုင်ကြရပါတယ်.. တရုတ်ပြည်ထုတ် Nokia, Sony Ericsson,  Samsung နဲ့ တရုတ်တံဆိပ် ဖုန်းမျိုးစုံ အလွန်ပေါပါတယ်..
လေ့လာမိသလောက် ရေးပြတာပါ.. နောက်မှ ဆက်ရေးပါဦးမယ်...



ချော (အစိမ်းရောင်လွင်ပြင်)

မေမေ့ရဲ့ ၈ကြိမ်မြောက်လိမ်ညာခြင်း



picture from google



ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ ကျွန်တော့်ကို ညာပြောခဲ့ပါတယ်.. ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်.. တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက် မရှိပါဘူး… ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်.. သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို ပြောင်းထည့်ပေးရင်းနဲ့ ”သား စားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ ” ….    ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ…




ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်… မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာဖြစ်ပါတယ်… တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်..ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်.. ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်.. ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်.. ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်..     “သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ “.. ဒါက မေမေ့ရဲ့ ၂ကြိမ်မြောက်  လိမ်ညာခြင်း




တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်.. မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်.. အိမ်ပြန်ရောက်တော့ မီးခြစ်ဆံ အသစ်လေးတွေ ပြန်ဖြည့်ပြီး ဈေးထဲမှာပြန်ရောင်းပါတယ်.. အဲဒီက ရတဲ့ ငွေကလေးနဲ့ အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်.. ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်…. ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်.. ကျွန်တော်က “မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ  ဆက်လုပ်လို့ ရသားနဲ့..” မေမေက ပြုံးပြီး ပြန်ပြောပါတယ်.. “သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး..” ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့…. မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကို လိုက်လာတယ်.. ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော် စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်.. စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ ကျွန်တော်ပြေးသွားတယ်..မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်.. မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက် မချိုဘူးဆိုတာ ကျွန်တော် ပြောရဲပါတယ်ဗျာ.. နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက      “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး” ဒါက မေမေရဲ့ ၄ကြိမ်မြောက်လိမ်ညာမှု




ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါတော့တယ်.. . မေမေ့အရင် အလုပ်ဟောင်းကိုဘဲ ဆက်လုပ်တယ်… မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်.. ငတ်လုနီးပါး ဖြစ်လာတယ်.. အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်.. အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်.. ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်.. တိုက်တွန်းကြတယ်.. ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်.. “ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး.. အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး” ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့ မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ…. ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ… ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်..   “မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ် မေမေ ငွေမလိုပါဘူး” မေမေ့ရဲ့  ၆ကြိမ်မြောက် လိမ်ညာခြင်းပါ..




ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်.. မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်.. လူနေမှု အဆင့်အတန်း မြှင့်မြှင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင် ပါသေးတယ်.. ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို ငြင်းပါတယ်.. “မေမေ မလာတော့ ပါဘူးသားရယ် . မေမေက သား အခု ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး..မေမေပျော်မှာ မဟုတ်ပါဘူးကွယ်..” မေမေရဲ့  ၇ကြိမ်မြောက် လိမ်ညာခြင်းပါ..




မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့် ဆေးရုံမှာ ရောက်နေပြီ… ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်… မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်.. အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး… ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်…  ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး … မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်.. မျက်ရည်တွေ အလိုလို ကျလာတယ်…  မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်.. “မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး..  မေမေ နေကောင်းပါတယ်”.. ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ…




၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ ဆုံးသွားခဲ့ပါတယ်.. မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ…


—————————————————————————————————————————————–


ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘော ပေါက်မိပါတယ်…… ကျွန်မတို့ရဲ့ အမေတွေ ကလည်း ကျွန်မတို့ အပေါ်မှာ ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်… သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ… ကျွန်မတို့ ဘ၀ တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့ အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်…. သားသမီးတွေဘက်ကရော.. အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက် ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ..  ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ..  ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်…..




http://www.funzug.com/sweet-8-lies-of-a-mother-story.html မှ ဘာသာပြန်ကာ  ကမ္ဘာပေါ်ရှိ  အမေ အားလုံးကို ဂုဏ်ပြု လိုက်ပါတယ်ရှင်…









ချော (အစိမ်းရောင်လွင်ပြင်)