သဲပြင် သို့မဟုတ် ကျောက်တုံးပေါ်မှာရေးမလား

 



      picture from yourrockstore.com



တစ်ခါတုန်းက အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်.. သူတို့၂ယောက်ဟာ သဲကန္တာရကြီး တစ်ခုကို ခြေကျင် ဖြတ်ကျော် နေကြပါတယ် ခရီးလမ်း တစ်နေရာမှာ သူငယ်ချင်း၂ယောက် အငြင်းအခုံ ဖြစ်ကြပါတယ်.. စကားများကြရင်း ဒေါသတွေ ပါလာပြီး သူငယ်ချင်း တစ်ယောက်က တစ်ခြားတစ်ယောက်ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်ပါတယ်.. အရိုက် ခံလိုက်ရတဲ့ တစ်ယောက်က ဘာမှပြန်မလုပ်၊ ဘာမှပြန်မပြောဘဲ သဲပြင်ပေါ်မှာ စာရေးချလိုက်ပါတယ်..


 


ဒီနေ့….. ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းက ငါ့မျက်နှာကို ရိုက်တယ် …


 


ဒီလိုနဲ့ သူတို့နှစ်ယောက် ရှေ့ကို ခရီးဆက်ကြပါတယ်.. အိုအေစစ်လေးတွေ့တော့ ခနတစ်ဖြုတ် ရပ်နားပြီး ရေချိုးကြဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ရေချိုးဖို့ ရေထဲ အဆင်းမှာ မျက်နှာကို အရိုက်ခံထားရတဲ့ သူငယ်ချင်းက နွံထဲမှာ ခြေထောက် နစ်သွားပါတယ်.. ရုန်းလေနစ်လေ ရုန်းလေနစ်လေ ဖြစ်နေတဲ့ သူ့ကို သူငယ်ချင်းက ကယ်တင် လိုက်ပါတယ်.. ကမ်းပေါ်မှာ နှစ်ယောက်သား အနားယူကြရင်း ရေနစ်တဲ့ သူငယ်ချင်းက ကျောက်တုံး တစ်တုံးကို ယူလိုက်ပါတယ်.. ပြီးတော့ ကျောက်တုံး ပေါ်မှာ စာတစ်ကြောင်း ရေးထွင်းလိုက်ပါတယ်..


 


ဒီနေ့….. ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းက ငါ့အသက်ကို ကယ်လိုက်တယ်…..


 


သူ့မျက်နှာကို ရိုက်ခဲ့ပြီးမှ အခု အသက်ပြန်ကယ်လိုက်တဲ့ သူငယ်ချင်းက မေးပါတယ်…


 


“ ငါ   မင်းမျက်နှာကို ရိုက်တုန်းကတော့ သဲပေါ်မှာ စာရေးတယ်.. အခု ကျတော့ ကျောက်တုံးပေါ်မှာ ရေးတယ်. အဲဒါ ဘာသဘောလဲကွာ.. ”


 


ကျောက်တုံးပေါ်မှာ ထွင်းရေးနေတဲ့ သူငယ်ချင်းက ပြုံးပြီး ပြန်ဖြေပါတယ်..


 


“တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာဘဲ ချရေးသင့်တယ်.. ဒါမှလဲ ခွင့်လွှတ်ခြင်းဆိုတဲ့ လေကလေး တိုက်ခတ်လာတဲ့အခါ ရေးထားတဲ့စာ အားလုံး လွှင့်ပျောက် သွားနိုင်တယ်လေ… ဒါပေမဲ့ တစ်ယောက်ယောက်က ကိုယ့်အပေါ်မှာ ကောင်းတာ လုပ်ပေးခဲ့တယ်.. အကူအညီပေးခဲ့တယ် ဆိုရင် အခုလို ကျောက်တုံးပေါ်မှာ ထွင်းထားရမယ် .. ဒီလို ထွင်းထားတဲ့အတွက် ဘယ်လို လေမုန်တိုင်း မျိုးဘဲ ဖြစ်စေ ပျောက်ပျက်အောင် လုပ်နိုင်ဖို့ မလွယ် တော့ဘူးလေ… ဘယ်လိုအရာကမှ ပျက်သွားအောင် မလုပ်နိုင်တော့ဘူးပေါ့”


 


----------------------------------------------------------------------------------------------------------------------------------------------


 


ပုံပြင်လေးက ဒီလောက်လေးပါဘဲ … ဒါပေမဲ့ ဒီပုံပြင်နဲ့ ဆက်စပ်ပြီး စဉ်းစားစရာတွေက အများကြီးပါနော်… ကျွန်မတို့ရဲ့ ဘ၀မှာ သူငယ်ချင်း မိတ်ဆွေတွေဆီက အကူ အညီတွေ ရခဲ့ကြဖူးမှာပါ….. အဲလိုရခဲ့ဖူးတဲ့ အကူအညီ တွေအတွက် အမြဲတမ်း သတိတရနဲ့ ရှိနေခဲ့ကြပါရဲ့လား… ခနလေးနဲ့ဘဲ မေ့ပျောက်ပစ်လိုက်ကြ ပါပြီလား… ဘ၀မှာ ကိုယ့်အပေါ် အးဆိုးတွေနဲ့ ဆက်ဆံခဲ့သူတွေ ရှိသလို ၊ ကိုယ့်ကို စာနာ နားလည် ကူညီတတ်တဲ့ သူငယ်ချင်းမိတ်ဆွေကောင်းတွေလဲ မထင် မှတ်တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်..


 


ကျွန်မတို့တွေက ကိုယ့်အပေါ်ကို ရက်စက်သွားတဲ့၊ ကိုယ့်အပေါ် နာကျင်အောင် လုပ်သွားတဲ့ သူတွေကိုသာ ခံပြင်း နာကျည်းစိတ်နဲ့၊ ဒေါသ အငြိုးအတေးစိတ် တွေနဲ့ မမေ့နိုင်အောင် ရှိနေခဲ့ကြပေမဲ့ ၊ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်ကို ကျေးဇူး ပြုခဲ့ဖူးသူတွေကိုတော့ အမှတ်တမဲ့နဲ့ နေတတ်ကြပါတယ်.. အမှန်အားဖြင့်တော့ အငြိုးအတေးနဲ့ ဒေါသစိတ်တွေဟာ လူကို ပူလောင်စေသလို ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူးနော်.. ဒီတော့ တစ်ယောက်ယောက်ကများ ကိုယ့်ကို ထိခိုက် နာကျင်အောင် လုပ်ခဲ့ရင် သဲပြင်ပေါ်မှာ ရေးမှတ်ထားလိုက်ပါရှင်.. မကြာခင်မှာ မေ့ပျောက် သွားပါလိမ့်မယ်… ကိုယ့်အပေါ် သိပ်ကောင်းတဲ့ သူငယ်ချင်းမိတ်ဆွေများ ၊ ကျေးဇူး ရှိခဲ့ဖူးသူများကိုတော့ ဘယ်သောခါမှာ မမေ့ပျောက်ဖို့အတွက် နှလုံးသား ကျောက်တုံးပြင်ပေါ်မှာ ရေးထွင်းထား ကြရအောင်လားရှင်….


 


မူရင်း   Motivational blog မှ   “Sand and Stone” ကို ဘာသာပြန် ဝေငှပါတယ်ရှင် ………..


 


အေးချမ်းကြပါစေ


 


ချော (အစိမ်းရောင်လွင်ပြင်)

ချစ်ခြင်းရဲ့ အသံ


                                                                        google search


           


 


မြို့ငယ်ကလေးတစ်မြို့မှာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိပါတယ်..  သို့သော် မိန်းခလေးရဲ့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းက ကောင်လေးနဲ့ တွဲနေတာကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပါတယ်… မိန်းခလေးက ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက ဖြစ်တာကြောင့် ကောင်လေးနဲ့ လက်ထပ်ခဲ့မယ် ဆိုရင် မိဘဆွေမျိုး တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်းပြီး ၊ သူမဘ၀ တစ်လျှောက်လုံးလည်း ဆင်းရဲပင်ပန်းစွာနဲ့  စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူးလို့ ယူဆကြတဲ့ အတွက်ကြောင့်ပါ… 


 


သူတို့နှစ်ဦးဟာ ဘယ်လိုပင် မြတ်မြတ်နိုးနိုး ချစ်ခင်ကြပေမဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ ဖိအားပေးမှုကြောင့် အဆင်မပြေဖြစ်ပြီး မကြာခန စကားများ ရန်ဖြစ် ရလေ့ရှိပါတယ်..  ကောင်မလေးက ကောင်လေးကို မကြာခန မေးတတ်တဲ့ စကားလေးတစ်ခွန်းက    “နင် ငါ့ကို ဘယ်လောက်အထိ ချစ်လဲ” ဆိုတဲ့စကားလေးပါ.. ကောင်လေးက စကားကို ဖွဲ့နွဲ့ပြောတတ်တဲ့သူမဟုတ်တဲ့အတွက် ကောင်မလေး စိတ် ကျေနပ်လောက်တဲ့ အဖြေစကားမျိုးကို သူ မပြောနိုင်ခဲ့ပါဘူး… မပြောတတ်ခဲ့ပါဘူး…


 


သူမလိုချင်တဲ့အဖြေစကား မကြားရတာကြောင့်ရော၊ မိဘတွေ သဘောမတူတာတွေကြောင့်ပါ ပေါင်းပြီး ကောင်မလေးမှာ မကြာခန စိတ်ပျက် အားငယ်ခြင်း၊          ၀မ်းနည်းခြင်း တွေ ဖြစ်ရပါတယ်.. ဒါကြောင့်လဲ ကောင်လေးအပေါ် ဒေါသနဲ့ဆက်ဆံမိတယ်.. ရန်လုပ်မိပါတယ်.. ကောင်လေးကတော့  သူမလေးကို ဘယ်တော့မှ ပြန်ပြီး ရန်မလုပ်ပါဘူး… မိန်းခလေးပြောသမျှ ခေါင်းငုံ့ခံရင်း သဘောကောင်းပုံ၊ စိတ်ရှည် သီးခံပုံရတဲ့ အမူအရာလေးနဲ့သာ ခပ်မဆိတ် နှုတ်ပိတ်လို့ ငြိမ်သက် နေခဲ့ပါတယ်..


 


၂နှစ်လောက်ကြာတဲ့အခါ တက္ကသိုလ်ကနေ သူတို့ဘွဲ့ရပါပြီ.. ဒီတော့ ကောင်လေးက ပညာသင်ဆုလျှောက်ပြီး နိုင်ငံခြားမှာ ပညာဆက်လက် ဆည်းပူးဖို့ ဆုံးဖြတ် လိုက်ပါတယ်.. သူ့ရဲ့ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိပြီး နိုင်ငံခြားကို ပညာသင်ဖို့ ထွက်ခွာရပါတော့မယ်.. မသွားခင်မှာ  သူက ကောင်မလေးကို လက်ထပ်ခွင့် တောင်းပါတယ်..


 


“ကောင်မလေးရေ.. ငါက စကားသိပ်မပြောတတ်ပါဘူး.. ဒါပေမဲ့ နင့်ကို ငါမြတ်မြတ်နိုးနိုး ချစ်တယ် ဆိုတာ နင် ယုံကြည် ပေးပါနော်.. နင် ခွင့်ပြု ကြည်ဖြူမယ်ဆိုရင် ငါ့ ဘ၀တစ်လျှောက်လုံး နင့်ကို ဂရုတစိုက်နဲ့ စောင့်ရှောက်သွားချင်ပါတယ်..  တစ်သက်လုံး နင့်ကို ရိုးမြေကျ ပေါင်းသင်းပါ့မယ်..  ပြီးတော့ နင့်မိဘတွေ သဘောတူ လက်ခံလာအောင်လဲ အတတ်နိုင်ဆုံး ငါတို့ကြိုးစားကြမယ်လေ… နင် ငါ့ကို လက်ထပ်ပါနော်…”


 


မိန်းခလေးက ကောင်လေးကို လက်ထပ်ဖို့ သဘောတူ လက်ခံလိုက်ပါတယ်..  သူတို့၂ယောက်ရဲ့ ကြိုးပမ်းမှုကြောင့် မိဘတွေ ကလဲ သဘောတူ အသိအမှတ် ပြုလိုက်ရပါတယ်.. ဒါကြောင့် ကောင်လေး နိုင်ငံခြား မထွက်ခွာခင်မှာ သူတို့၂ယောက် စေ့စပ် ကြောင်းလမ်း ကြပါတယ်..


 


စေ့စပ်ပွဲ ပြီးတဲ့နောက် ကောင်လေးက နိုင်ငံခြားကို ပညာဆက်သင်ဖို့ ထွက်ခွာသွားပါပြီ. ကောင်မလေးကတော့ သူမလုပ်နေကျ ကုမ္ပဏီမှာ အလုပ် ဆက်လုပ်ပါတယ်…  ဝေးကွာနေကြတဲ့အခိုက်မှာ သူတို့၂ဦးဟာ အီးမေလ်း အပြန်အလှန် ပို့ကြခြင်းနဲ့ တယ်လီဖုန်း ထဲကနေ စကားပြောကြခြင်းတို့နဲ့သာ အလွမ်းဖြေကြရပါတယ်..  သူတို့၂ယောက်ရဲ့ အချစ်ခရီးလမ်းက လွယ်လွယ် ကူကူ မဟုတ်ခဲ့ပေမဲ့ လက်လျှော့ အရှုံးပေးကြဖို့တော့ ၂ယောက်လုံးက စိတ်ကူး မရှိကြပါဘူး…


 


တစ်နေ့… ထုံးစံအတိုင်း ကောင်မလေးက အလုပ်ဆင်းဖို့ ကုမ္ပဏီကိုအသွား မမျှော်လင့်ဘဲ လမ်းမှာ ကားတိုက်ခံရပါတယ်.. ကားတိုက်ခံရပြီး ပလက်ဖောင်းနဲ့ သူမဦးခေါင်းတို့ ပြင်းထန်စွာ ထိခိုက်မိပြီး သတိမေ့သွားခဲ့ပါတယ်..  ကောင်မလေး ပြန်သတိရ လာတဲ့အခါ ဦးခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲလို့ နေပါပြီ …  သူမ ပြင်းပြင်း ထန်ထန် ဒဏ်ရာရနေပြီ ဆိုတာ သိလိုက်ပါတယ်.. ကုတင်ဘေးမှာတော့  သူမရဲ့ မိဘနှစ်ပါး….. ငိုကြွေးနေတဲ့ သူမအမေကို ကြည့်ပြီး နှစ်သိမ့်စကား ပြောဖို့ ပါးစပ်ကို ကြိုစားပြီး ဖွင့်လိုက်ပါတယ်.. အသံထွက်မလာပါဘူး… အကြိမ်ကြိမ် ကြိုးစား ပါတယ်.. ထပ်ခါတစ်လဲလဲ စကား ပြောကြည့်ပါတယ်.. နောက်ဆုံးတော့ သူမ သဘောပေါက်လိုက်ပါပြီ.. ကောင်မလေးရဲ့ ပါးစပ်က လေသံ သဲ့သဲ့လေးက လွဲလို့ ဘာစကားသံကိုမှ ထွက်နိုင်စွမ်း မရှိတော့ ပါဘူး..  သူမအသံကို ဆုံးရှုံးလိုက်ရပါပြီ.. စကားမပြောနိုင် တော့ပါဘူး..


 


ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှုက သူမရဲ့ အသံကိုပါ ဆုံးရှုံး လိုက်ရတာဖြစ်ကြောင်း ဆရာဝန်က ရှင်းပြပါတယ်.. သူမကို နှစ်သိမ့် နေတဲ့ ဆရာဝန်နဲ့၊ မိဘရဲ့ စကားသံကို နားထောင်နေရင်း တစ်ခုခု ပြန်ပြောချင်စိတ်က ရင်ထဲမှာ ကြီးစိုးလို့လာပါတယ်.. သို့သော်လည်း  နာကျည်းဖို့ ကောင်းတာက ဘာစကားသံလေးကိုမှ သူမ ပြောနိုင်တော့ခြင်းပါဘဲ.. အိုး.. ဘယ်လောက်များ ဆိုးဝါး ထားပါသလဲ. သူမလို ငယ်ရွယ်တက်ကြွတဲ့ မိန်းခလေး တစ်ယောက်က စကားမှ မပြောနိုင်တာ့ဘူးဆိုရင် ဒီလောကကြီးဟာ ဘယ်မှာများ နေပျော်စရာ ကောင်းပါဦးမလဲ… သူမရဲ့ အနာဂတ် တစ်ခုလုံး ရိုက်ချိုး ခံလိုက်ရတာနဲ့ ဘာများထူးးဦးမှာလဲ..


 


ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့တစ်လျှောက်လုံး သူမရဲ့ တိုးတိုးဖွဖွ ငိုကြွေးသံလေးကို ကြားရသူတိုင်းက ကရုဏာ သက်ကြပါတယ်   သူမမှာ ပိုင်ဆိုင်တဲ့ အသံ ဆိုလို့လဲ  ဒီ ငိုရှိုက်သံ တိုးတိုးလေးကလွဲလို့ ဘာမှမရှိတော့ပါဘူး.


 


ဆေးရုံကဆင်းလို့ သူမအိမ် ပြန်ရောက်တဲ့အခါ မြင်သမျှအရာရာက ဘာမှ မပြောင်းလဲပါဘူး… ဖုန်းသံလေး တစ်ခုက လွဲလို့  ယခင်အတိုင်း ပါဘဲ.. ယခင်တုန်း ခါကတော့ ဖုန်းသံလေး မြည်သံကြားတိုင်း ချစ်သူဆီက ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက် လေးနဲ့ ရွှင်လန်း တက်ကြွစွာ အပြေးအလွှား သွားရောက်ကိုင်နေကျ… ခုချိန်မှာတော့ ထိုဖုန်းသံက သူမရဲ့ အသည်းနှလုံးကို ဓားထက်ထက်နဲ့ ထိုးနှက် နေသလိုပါဘဲ.. သူမရဲ့ သတင်းဆိုးအကြောင်း ချစ်သူလေးကို မသိစေချင်သလို သတင်းကြားလို့ ကောင်လေး စိတ်ဆင်းရဲ ပူဆွေး မှာကိုလည်း သူမ မလိုလားပါဘူး… ကောင်လေးအပေါ်ချစ်တဲ့ အချစ်က ပျော်ရွှင်စရာတွေကိုသာ မျှဝေချင်ပြီး စိတ်ဆင်းရဲ ပူဆွေးစရာ သောကများကိုတော့ သူမ တစ်ယောက်တည်းသာ ကြိတ်မှိတ်လို့ ခံယူချင်တဲ့ အချစ်မျိုးနဲ့ပါ.. သူမလို စကားမပြောနိုင်တော့တဲ့ မိန်းခလေး တစ်ယောက်ကြောင့်လဲ သူမ သိပ်ချစ်ရတဲ့ ကောင်လေးရဲ့ ဘ၀မှာ ဆူးငြောင့်ခလုပ် တစ်ခုလို မဖြစ်စေချင်တော့ပါဘူး…


 


ဒါကြောင့် မိန်းခလေးက ကောင်လေးဆီကို စာတစ်စောင်ရေးလိုက်ပါတယ်.. စာထဲမှာတော့ သူမ ကောင်လေးကို မစောင့်နိုင် တော့တဲ့ အတွက် အခြားသူ တစ်ဦးနဲ့ လက်ထပ်သွားပြီ ဖြစ်ကြောင်း၊ သူမကို မေ့လိုက်ဖို့ အကြောင်းကို ရေးလိုက်ပါတယ်.. စာနဲ့အတူ  သူတို့၂ဦး စေ့စပ် ကြောင်းလမ်းစဉ်က ကောင်လေး ၀တ်ဆင် ပေးခဲ့တဲ့ လက်စွပ်လေးကိုပါ ထည့်ပေးလိုက်ပါတယ်..


 


ကောင်လေးဆီကနေ အီမေလ်းနဲ့ရော၊ စာတိုက်ကနေပါ စာအစောင်ပေါင်း မြောက်မြားစွာ ရောက်လာပါတယ်.. ဖုန်းအကြိမ်ပေါင်း မရေ မတွက်နိုင်အောင် နေ့စဉ် နေ့တိုင်း ခေါ်နေခဲ့ပါတယ်.. ကောင်လေး မယုံကြည်နိုင်ပါဘူး…သူ့ကို ထားခဲ့ပြီး တစ်ခြားသူ တစ်ဦးနဲ့ ကောင်မလေး လက်ထပ်သွားမယ်ဆိုတာ သူဘယ်လိုမှကို မယုံကြည်ပါဘူး.. ရောက်လာတဲ့စာတွေ အီမေလ်းတွေကို ဖတ်တိုင်း၊ ဖုန်းခေါ်သံတွေ ကြားရတိုင်း မိန်းခလေးမှာ အသံမထွက်ဘဲ ငိုကြွေးလို့သာ နေပါတော့တယ်.. ဒီ ဖုန်းခေါ်သံတွေ စာတွေက သူမရင်ကို ပြင်းပြင်းထန်ထန် နှိပ်စက်လို့ နေပါတော့တယ်..


 


နောက်ဆုံးတော့ ကောင်လေးကို မိန်းခလေးက တစ်ဖြေးဖြေးနဲ့ မေ့သွားအောင် တစ်ခြားမြို့ရွာကို ပြောင်းရွေ့ဖို့ မိန်းခလေးရဲ့ မိဘတွေက ဆုံးဖြတ်လိုက်ကြပါတယ်..


 


နေရာအသစ်၊ ပါတ်ဝန်းကျင် အသစ်မှာ နေသားကျဖို့ ကောင်မလေး ကြိုးစားပါတယ်.. အဲဒီမြို့ကလေးမှာ သူမတို့လို ဆွံ့အ  စကား မပြော နိုင်သူများအတွက် ဖွင့်လှစ်ထားတဲ့ ခြေဟန်လက်ဟန်နဲ့ စကားပြောနည်းကို လေ့လာသင်ယူခဲ့ပါတယ်.. သူမနေ့စဉ် ရင်ထဲကပြောနေတဲ့ စကားတစ်ခွန်းက “ကောင်လေးကို ငါ မေ့ပစ်ရမယ်”  ဆိုတဲ့ စကားလေးပါ..  သူမအသိဆုံးပါ ကောင်လေးကို မေ့ဖို့ဆိုတာ သူမအတွက် ဘယ်လောက် ခက်ခဲ ပင်ပန်းတယ်ဆိုတာ..


 


တစ်နေ့မှာတော့ သူမနေခဲ့တဲ့ မြို့လေးက သူငယ်ချင်း မိန်းခလေးတစ်ယောက် သူမထံ အလည် ရောက်လာပါတယ်.. အဲဒီ သူငယ်ချင်း ဆီကနေ ကောင်လေး ပြန်ရောက်နေကြောင်းကို  မမျှော်လင့်ဘဲ သိခွင့်ရလိုက်ပါတယ်.. မိန်းခလေးက သူငယ်ချင်း ဖြစ်သူကို  သူမရဲ့ အဖြစ်အပျက်အားလုံး ကောင်လေးကို လုံးဝ အသိမပေးဖို့ အတန်တန် ကတိတောင်းပါတယ်..တစ်ရက် နှစ်ရက် နေပြီးတော့ သူမ သူငယ်ချင်းလဲ ပြန်သွားပါတယ်.. အဲဒီချိန်က စလို့ ကောင်လေးရဲ့သတင်းကို မိန်းခလေး ထပ်မကြား ရတော့ပါဘူး…


 


တစ်နှစ်လောက်အကြာမှာ ယခင်နှစ်က အလည်ရောက်ခဲ့ဖူးတဲ့ သူမရဲ့ သူငယ်ချင်း ပြန်ရောက်လာပါတယ်.. သူငယ်ချင်းဖြစ်သူရဲ့ လက်ထဲမှာ တော့ မင်္ဂလာဆောင် ဖိတ်စာလေးတစ်ခုပါ… ဘယ်သူ့မင်္ဂလာဆောင်လဲလို့ သူမက ခြေဟန်လက်ဟန်နဲ့ မေးလိုက်တဲ့ အခါ  သူမ သူငယ်ချင်းက ကောင်လေးရဲ့ မင်္ဂလာဆောင်လို့ ပြန်ဖြေပါတယ်.. ဖိတ်စာလေးက မိန်းခလေးရဲ့ လက်ကနေ လွှတ်ကျ သွားခဲ့ပါတယ်.. တကယ်တမ်းတော့ ကောင်လေးကို သူမ ခုချိန်ထိ မေ့လို့ မရနိုင်ခဲ့ပါဘူး… ကောင်လေး လက်ထပ်တော့မယ်လဲ ကြားရော သူမ တင်းထားသမျှ ပြိုလဲသွားပါပြီ.. သူမပါးပြင်ပေါ်မှာ ၀မ်းနည်းခြင်း မျက်ရည်စက်များ စီးကျလာပါတယ်..


 


သူမသူငယ်ချင်းက ဖိတ်စာလေးကို ပြန်ကောက်ပေးပြီး ဖွင့်ကြည့်လိုက်ဖို့ တိုက်တွန်းပါတယ်..  သူမ ဖိတ်စာလေးကို တုန်ယင်နေတဲ့ လက် အစုံနဲ့ ဖွင့်လိုက်ပါတယ်… သတို့သားက သူမ ချစ်လှစွာသော ကောင်လေးနံမည်ပါ… သတို့သမီး နံမည်နေရာမှာတော့


 


အံ့သြ ထူးဆန်းပါဘိ……….. မမှားပါဘူး..    သူမ အထပ်ထပ် အခါခါ ပြန်ကြည့်မိပါတယ်..  


 


သူမရဲ့ နံမည်ပါ…


 


အံ့သြစိတ်နဲ့ သူငယ်ချင်းဖြစ်သူကို မေးဖို့ ခေါင်းပြန်အမော့မှာ သူမရှေ့မှာ ရပ်နေခဲ့သူက သူမရဲ့ ကောင်လေးပါ. ကောင်လေးက သူမသုံးနေတဲ့ ခြေဟန်လက်ဟန် အမူအရာ စကားနဲ့ သူမကို လှမ်းပြောပါတယ်…  


 


“ငါက တစ်နှစ်လုံးလုံး ဒီ အမူအရာ သုံးတဲ့ ဘာသာစကားကို လေ့လာနေခဲ့တာပါ.. နင့်ကို ငါဘယ်လိုမှ မမေ့ဘူးဆိုတာ နင်သိစေချင်တယ်.. ပြီးတော့ နင့်ကို  ပေးထားခဲ့တဲ့ ငါ့ရဲ့ ကတိစကားကိုလဲ ဘယ်တော့မှ မမေ့ပါဘူး… နင့်ကို တစ်သက်လုံး စောင့်ရှောက်သွားမယ် ဆိုတာလေ…ခုချိန်မှာ နင် စကားမပြောနိုင်တော့ပေမဲ့ စိတ်မပျက်ပါနဲ့.. ငါရှိနေပါတယ်.. ငါ့ကို နင့်ရဲ့အသံလေး အဖြစ်နဲ့ နင့်ဘေးနားမှာ တစ်သက်လုံး နေခွင့်ပေးပါနော်… ငါ နင့်ကို အရမ်း ချစ်တယ်.. တစ်ဘ၀လုံးစာ ချစ်ပါတယ်..”


 


ကောင်လေးက အိတ်ထဲက လက်စွပ်လေးတစ်ကွင်းကို ထုတ်လိုက်ပြီး မိန်းခလေးရဲ့ လက်သူကြွယ်လေးမှာ ပြန်စွပ်ပေးလိုက်ပါတယ် ဒီလက်စွပ်လေးဟာ ကောင်လေးကို သူမ ပြန်ပို့ပေးလိုက်တဲ့ လက်စွပ်လေးပါ…  မိန်းခလေးရဲ့ ပါးပြင်မှာတော့ ချမ်းမြေ့ခြင်း ပီတိတို့နဲ့အတူ မျက်ရည်စလေးများ စီးကျလာပါတယ်..  ကောင်လေးက စီးကျလာတဲ့ မျက်ရည်စတို့ကို တယုတယ ဖယ်ရှားပေးလိုက်ပါတယ်..  အသံမထွက်ဘဲ ငိုရှိုက်နေတာ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ မထွက်နိုင်တော့တဲ့ သူမ အသံ အတွက် ၀မ်းနည်း ကြေကွဲမနေတော့ပါဘူး… သူမဘေးမှာ သူမရဲ့ အသံလေးအဖြစ် တစ်သက်လုံး ရှိနေတော့မဲ့ ချစ်သူကောင်လေး ရှိနေခဲ့ပြီဘဲလေ….   


 


————————————————————————————————————————


 


ကိုယ့်ချစ်သူ မိန်းခလေးက စကားမပြောနိုင်တဲ့သူ တစ်ယောက်ဖြစ်သွားခဲ့တာတောင် သစ္စာရှိစွာနဲ့ မေတ္တာမပျက် ချစ်ခင်နိုင်တဲ့ ကောင်လေးရဲ့ အချစ်ကလည်း ချီးကျူး လေးစားစရာနော်…လူတိုင်းဟာ မိမိချစ်တဲ့သူကို စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတို့နဲ့ ချစ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့ မလွယ်လှပါဘူး… အဲဒီလို မလွယ်တာကို လုပ်နိုင်တဲ့ လူတွေကို ကျွန်မတို့က လေးစားစရာအဖြစ် တန်ဖိုးထား ရမှာပါ..  မိမိချစ်သူအပေါ် ဘယ်လို စောင့်ရှောက် ဖေးမရမယ်ဆိုတဲ့ ကောင်လေးရဲ့ အချစ်ကို အတုယူသင့်လှပါတယ်… သူရဲ့ အချစ်ကြောင့် အားငယ်နေတဲ့ ချစ်သူ မိန်းခလေး ဘယ်လောက်တောင် ကျေနပ် ပျော်ရွှင်သွားမလဲနော်.. ဒီိလို အချစ်မျိုးတွေနဲ့သာ လောကကို အလှဆင် ထားမယ်ဆိုရင်ဖြင့် ကမ္ဘာကြီးဟာ အချစ်ရဲ့ စွမ်းအားတို့နဲ့ သာယာလှပနေတော့မှာပါ…


 


 


မူရင်း ရေးသားသူ  Cutie Mermaid ရဲ့  A Silent Love ကို ချစ်တတ်ကြသူများအတွက် ဘာသာပြန် ဝေငှ ပါတယ်ရှင်..


 


ချော (အစိမ်းရောင်လွင်ပြင်)

ပြေးလမ်းပေါ်က အိမ်မက်တစ်စုံ

ကျွန်တော်ဟာ  တာဝေး အပြေးသမား တစ်ယောက်ပါ… ကြုံတွေ့ရတဲ့ အဖြစ်အပျက် ကလေးကတော့ ကျွန်တော့်ရဲ့ ပြေးလမ်း တစ်ခုပေါ်က အမှတ်တရ လေးပါ ကျွန်တော် မီတာ ၃၂၀၀  အပြေးပြိုင်ပွဲ ၀င်ဖို့အတွက် တစ်ရာသီလုံး လေ့ကျင့်မှုတွေ ကျွန်တော် အကြိမ်ကြိမ် လုပ်နေခဲ့ ပေမဲ့ အရင်တုန်း ကတည်းက ရထားတဲ့ ခြေထောက် ဒဏ်ရာက ခုချိန်ထိ မသက်သာသေးပါဘူး.. ဒါကြောင့်လဲ ကျွန်တော်ဟာ ဒီပြိုင်ပွဲကို  ၀င်သင့် မ၀င်သင့် အတန်တန် စဉ်းစားခဲ့တယ်.. ဘယ်လိုပင် ဖြစ်စေကာမူ  ပြိုင်ပွဲနေ့ရောက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် မပြိုင်ဘဲနေဖို့ဘယ်လိုမှ ထိန်းချုပ်လို့ မရခဲ့ပါဘူး။ ဒီမီတာ ၃၂ဝဝ ပြိုင်ပွဲမှာ ဆုကိုတော့ မိန်းခလေး သီးသန့်၊  ယောက်ျားလေး သီးသန့် ပေးမှာ ဖြစ်ပေမဲ့ ပြိုင်ပွဲဝင်သူ လူဦးရေနည်းတာကြောင့် ပြိုင်ပွဲ ကျင်းပချိန်မှာတော့ မိန်းခလေးနဲ့ ယောက်ျားလေး တစ်ပြိုင်တည်း ပြုလုပ်တာ ဖြစ်ပါတယ်။




အသင့်ပြင်..

နေရာယူ

ဒိုင်း……………….

သေနတ်သံက ကျယ်လောင်စွာ ထွက်လာပြီး ကျွန်တော်တို့လဲ တာလွှတ်တဲ့ နေရာကနေ ပြေးထွက်လာ ကြပါတော့တယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့် ရှေ့ကနေ ပြေးနေတာကို ကျွန်တော်တွေ့ရတယ်… ပထမ အပြေးပတ်လမ်း သုံးပတ် ပြည့်တဲ့အချိန်မှာ ခြေထောက်က နာကျင် လွန်းလို့ ထော့နင်း ထော့နင်း ဖြစ်နေပါပြီ.. ကောင်မလေးရဲ့ နောက်မှာ ကျွန်တ်ာဟာ တစ်ဖြေးဖြေး ဝေးပြီး ကျန်ရစ်ခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက်မိတယ်.. ဒီအခါမှာတော့ အရှက်တကွဲ ဖြစ်ပြီဆိုတဲ့ စိတ်အနှောက်အယှက်က ပိုပိုပြီး ဖိစီးလာပါတယ်.. ပထမနေရာက ဦးဆောင်ပြေးနေသူ မိန်းခလေးက ကျွန်တော့်ထက် ပြေးလမ်း ၂ပတ် စောနေခဲ့ ပါတယ်..


မိန်းခလေးက ပန်းတိုင်ကို ၀င်သွားတဲ့ အချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဆီက ဝေး ဆိုတဲ့ အလွန် ကျယ်လောင်လှတဲ့ လက်ခုပ် သြဘာသံနဲ့ အော်ဟစ် အားပေးတဲ့ အသံကြီးကို ကျွန်တော်ကြားလိုက်ရပါတယ်.. ကျွန်တော့်တစ်သက်မှာ ကြားဖူးသမျှ အားပေးသံတွေ ထဲမှာ အကျယ်လောင်ဆုံး အသံတွေဘဲ ဖြစ်ပါတယ်.. အဲဒီချိန်မှာ ကျွန်တော် စဉ်းစားလိုက်မိတာက ဒီပြိုင်ပွဲကနေ ကျွန်တော် ထွက်သင့်ပြီ ဆိုတာပါဘဲ.. ဒီပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ်တွေက ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပြေးနေတဲ့ ကျွန်တော့်လို လူ တစ်ယောက်ရဲ့ ပန်းတိုင် ၀င်ချိန်ထိအောင် စောင့်ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး… ဒါပေမဲ့လည်း ကျွန်တော့် အတွင်း စိတ် ကတော့ ဆက်ပြေးဖို့ ကိုဘဲ တိုက်တွန်းနေခဲ့ပါတယ်..

ပန်းဝင်ဖို့ ပြေးလမ်း ၂ပတ်လောက် ကျန်သေးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တွေက ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲလို့နေပါပြီ.. နာကျင်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ ဆက်ပြေးနေရင်းနဲ့ နောက်နှစ်တွေမှာ ဒီအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက် မိပါတယ်.. တကယ်လို့ ကျွန်တော့်ခြေထောက် ပြန်ကောင်းလာခဲ့ရင်လည်း ကျွန်တော် မပြိုင် ချင်တော့ပါဘူး.. ကျွန်တော့်ထက် ပြေးလမ်း ၂ပတ်စောပြီး ပန်းဝင် သွားတဲ့ မိန်းခလေး တစ်ယောက်ကိုတောင် ကျွန်တော်နိုင်အောင် မပြေးနိုင် ခဲ့တာ  ရှက်ဖို့ တော်တော်ကောင်းပါတယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့်ကို အနိုင် ရသွားတဲ့အဖြစ်..  တွေးကြည့်ရင် ကျွန်တော် ဘယ်လောက်များ အသုံးမကျလိုက်တဲ့ လူလဲဗျာ…..

ကျွန်တော် ပန်းဝင်မျဉ်းကြောင်းကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ ခုနက ပထမဆုံးပန်းဝင်သွားတဲ့ မိန်းခလေးကို အားပေးကြသလိုမျိုး ကျယ်လောင်လှတဲ့ အားပေး အော်ဟစ်သံ၊ လက်ခုပ်တီးသံ တွေကို ကြားလိုက်ရပါတယ်.. ဘာတွေ ဒီလောက် အော်ဟစ်နေကြပါလိမ့်…  ကျွန်တော် ကိုယ့်ကိုယ်ကို မေးလိုက်မိတယ်… ဟိုကြည့် ဒီကြည့်နဲ့ သေချာအောင် ကျွန်တော် လိုက်ရှာမိတော့ နောက်ပြိုင်ပွဲ တစ်ခုအတွက် ပြိုင်ပွဲဝင်မဲ့ လူတွေက နေရာယူနေကြတာ တွေ့ရပါတယ်…. ဒီတော့ သူတို့ကို အားပေး နေကြတာဘဲလို့ တျွန်တော် သဘောပေါက်မိပြီး ရေချိုးခန်းဘက်ကို လျှောက်လာခဲ့ပါတယ်..   အဲဒီချိန်မှာ ပထမဆုံး ပန်းဝင်သွားတဲ့ ကောင်မလေးနဲ့  မမျှော်လင့်ဘဲ  ၀င်တိုး မိပါတယ်..

သူက ကျွန်တော့်ကို

“အိုး….. ရှင်က အရမ်း တော်တာဘဲနော်… ဒီလို ရဲရင့်တဲ့ ခွန်အား ၊သတ္တိတွေ ရှင် ဘယ်ကများရပါလိမ့်…”

“ ရဲရင့်တယ်? ”

သူ တစ်ယောက်ယောက်နဲ့ လူမှားနေပုံရတယ်.. ကျွန်တော်က ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လူလေ..

“ကျွန်မသာ ရှင့်နေရာမှာဆိုခဲ့ရင် ဒီ ၂မိုင်လောက် ရှိတဲ့ ပြေးပွဲကို ဘယ်လိုမှ ၀င်ပြိုင်နိုင်မယ် မထင်ဘူး.. ပထမ ပြေးလမ်း မှာတင် ထွက်ဖြစ်မှာ သေချာပါရဲ့… ရှင့်ခြေထောက်က ဘာများ ဖြစ်လို့လဲ … ဒီလောက် နာကျင်နေတဲ့ကြားက ရှင် ကြိုးကြိုး စားစားနဲ့ ပန်းတိုင်ကို ရောက်အောင် ပြေးနိုင်တယ်နော်… ကျွန်မတို့တွေ ရှင့်ကို အော်ဟစ် အားပေး နေကြတာ ရှင်ကြားတယ် မဟုတ်လား… ပွဲကြည့်တဲ့သူတွေ အားလုံးကလဲ နာကျင်နေ တာတောင် အရှုံမပေးဘဲ ပြီးအောင် ပြိုင်ပွဲဝင်သွားတဲ့ ရှင့်ရဲ့ စိတ်ဓာတ်ကို ချီးကျုး လေးစားပြီး အားလုံးက လက်ခုပ်တီး၊ အော်ဟစ်ပြီး အားပေး နေခဲ့ကြတာလေ…”

အိုး… အံ့သြစရာပါလား..ကျွန်တော် ယုံတောင် မယုံနိုင်အောင်ပါဘဲ.. တစ်စိမ်းပြင်ပြင် မိန်းခလေးတစ်ယောက်နဲ့ ပွဲကြည့်ပရိတ်သတ်တွေက ကျွန်တော့်ကို အော်ဟစ် အားပေးနေခဲ့တာတဲ့.. အဲလိုအားပေးခြင်းဟာ ဒီပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲစေလိုသောကြာင့်မဟုတ်ဘဲ.. ကျွန်တော့်အား ပြိုင်ပွဲကို ဆက်လက်ပြီး ပြေးစေချင် သောကြောင့်၊ လက့်လျှော့ အရှုံးမပေး စေလိုသောကြောင့် အားပေး နေကြခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သိရပါပြီ.. ကျွန်တော့်မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ပြန်လည် တောက်ပလို့ လာခဲ့ပါပြီ… ကျွန်တော်ဆုံးဖြတ်ချက် ချလိုက် ပါတယ်… နောက်နှစ်မှာ အပြေးပြိုင်ပွဲကို ကျွန်တော် ပြန်ဝင်ဖြစ်အောင် ၀င်ပါတော့မယ်..

တော်ပါသေးရဲ့… ကျွန်တော်ရဲ့ ချွတ်ခြုံ ကျသွားခဲ့တဲ့ စိတ်ဓာတ်နဲ့၊ ပျောက်ရှ သွားတော့မဲ့ အိပ်မက်ကို ပြန်လည် အသက်သွင်းပေးလိုက်သူက ထို ပထမ ရသွား ခဲ့သော မိန်းခလေးသာ ဖြစ်ပါတယ်..   အဲဒီနေ့က ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာလေး၂ခုမှာ


ပထမတစ်ခုက     တစ်စုံတစ်ဦးဆီက ရလိုက်တဲ့ အကြင်နာတရားနဲ့ အားပေး ချီးကျူးစကားတွေဟာ မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ ဘ၀ကို ကောင်းကောင်းကြီး ပြောင်းလဲ သွားစေနိုင်တယ် ဆိုတာရယ်.


ဒုတိယအချက်က   ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ ဆုတံဆိပ်၊ အောင်မြင်မှု ဆိုတာတွေနဲ့ တိုင်းတာလို့မရဘဲ ပြိုင်ပွဲကို ဘယ်လို အခက် အခဲဘဲ ကြုံတွေ့လာပါစေ.. ပြီးဆုံးအောင် ယှဉ်ပြိုင်ခြင်းနဲ့သာ တိုင်းတာသင့်ကြောင်း နားလည်ခွင့် ရလိုက်ပါတယ်..

ကြီးကျယ်သော ခွန်အားရှိသူ၊ ဘ၀ကို အောင်နိုင်သူများ ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ဆိုလိုတာ မဟုတ်ဘဲ ဘ၀မှာ အရှုံးနဲ့ ကြုံတွေ့ရသော်လည်း အလွယ်တကူ အားမလျှော့ဘဲ၊ မလျှော့သောဇွဲ၊လုံ့လတို့နဲ့ ရည်ရွယ်ရာ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့ သူတွေကိုသာ ခေါ်ဆိုပါတယ်… အခုတော့ ကျွန်တော့်မှာ အိမ်မက်လေး တစ်ခု ရှိလာပါပြီ.. အဲဒီအိပ်မက်လေးက တစ်ခြားမဟုတ်ပါဘူး… အကြီးတန်းအပြေးသမား ဘ၀နဲ့ဘဲ ဖြစ်ဖြစ် ကျွန်တော့် ခွန်အားသစ်တွေနဲ့ အပြေး ပြိုင်ပွဲကို ပြန်ဝင်ပြီး အနိုင်ရအောင် ယှဉ်ပြိုင်ပါမယ်.. အဲဒီချိန်ကျရင် ကျွန်တော်ရှုံးနိမ့်ခဲ့စဉ်က ရခဲ့ဖူးတဲ့ အားပေးချီးကျူးသံ လက်ခုပ်သံတွေကို ပြန်လည်ရရှိ နိုင်လိမ့်လို့ ကျွန်တော် ယုံကြည်မိပါတယ်.ဒီအိမ်မက်လေးကို ပြန်လည် မွေးဖွားပေးလိုက်တဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော့်ထက်အရင် ပန်းဝင်သွားသူ မိန်းခလေးကို ကျေးဇူးတင် သတိရနေမိမှာပါခင်ဗျာ။

Image Hosted by PicturePush - Photo Sharing 

အတင်းပြောကောင်းသူ

 



                  picture from google


 


တစ်ခါတုန်းက အတင်းအဖျင်း ပြောတာ အလွန်ကို ၀ါသနာကြီးတဲ့ မိန်းမကြီးတစ်ယောက် ရှိပါတယ်.. သူဟာ သူတစ်ပါးရဲ့ မကောင်းကြောင်း အတင်းအဖျင်းတွေကို ပြောဖို့ဆိုရင် ထမင်းမစား ဟင်းမစားနဲ့ အိမ်တကာကို လျှောက်လည်ပြီး ပြောနိုင်တဲ့သူ တစ်ဦးဖြစ်ပါတယ်.. တစ်နေ့တော့ အဲဒီ အတင်းပြောကောင်းတဲ့ မိန်းမကြီးဟာ သူ့အိမ်နီးနားချင်း တစ်ယောက်ရဲ့ အတင်းတစ်ခုကို အိမ်ပေါက်စေ့အောင် လျှောက်ပြောထားပါတယ်.. သူရဲ့ သတင်းဖြန့်မှုကြောင့် ထိုအကြောင်းမှာ တစ်မြို့လုံးနီးပါး ပျံ့နှံ့ကုန်ပြီး… ကာယကံရှင်ဖြစ်တဲ့ အိမ်နီးချင်း ဟာလည်း လူတွေရှေ့ မျက်နှာမပြရဲအောင် အရှက်တကွဲ ဖြစ်ရပါတော့တယ်..


 


နောက်ရက်အနည်းငယ် ကြာတော့ အတင်းပြောတဲ့မိန်းမဟာ သူလျှောက်ပြောမိတဲ့ အကြောင်းတွေဟာ မှားနေတဲ့ အတင်းအဖျင်းတွေသာ ဖြစ်ကြောင်း သူသိသွားခဲ့ပါတယ်… အဲလိုလဲသိရော သူ့အမှားအတွက်ရော၊ သူ့အိမ်နီးချင်း အတွက်ပါ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်.. ဒါနဲ့ သူမလည်း သူ့အမှားအတွက် အိမ်နီးချင်းရဲ့ အရှက်တကွဲ ဖြစ်မှုကို ဘယ်လို ပြန်ဖြေရှင်းပေးရင် ကောင်းမလဲလို့ စဉ်းစားမိတယ်.. အဖြေမထွက်ပါဘူး.. ဒါနဲ့ဘဲ ပညာဥာဏ် အမြော်အမြင်ရှိတဲ့ လူတစ်ယောက်ဆီ သွားတယ် ပြီးတော့ အကျိုးအကြောင်း ပြောပြပြီး သူမ ဘယ်လို လုပ်ပေးရင် ကောင်းမလဲလို့ အကြံ တောင်းခံပါတယ်..


 


အဲဒီ ပညာရှိတဲ့လူက သူမကိုပြောတယ်… ဈေးကိုသွားပါ.. ဈေးထဲက ကြက်တစ်ကောင်ကိုဝယ်..   ပြီးရင် အဲဒီ ကြက်ကို သတ်ခိုင်းလိုက်.. ကြက်မွှေးတွေကို နှုတ်ပြီးရင် အိမ်ပြန်တဲ့ လမ်းတလျှောက်လုံး  အဲဒီ ကြက်မွှေးတွေကို ပစ်ချထားခဲ့လို့ အကြံပေးပါတယ်.. မိန်းမကြီးဟာ ပညာရှိရဲ့ အကြံပေးချက်ကို အံ့သြမိပေမဲ့ ဘာမှပြန်မပြောဘဲ ပညာရှိ ပြောတဲ့ အတိုင်း ဈေးထဲက ကြက်ကိုဝယ်.. အမွှေးနှုတ်ပြီး အပြန်လမ်း တစ်လျှောက်လုံး ချထား ခဲ့ပါတယ်..


 


နောက်တစ်နေ့ မနက်ကျတော့ ပညာရှိက  မိန်းမကြီးကို


 


 “ ကဲ အခု  ခင်ဗျား မနေ့က ချထားခဲ့တဲ့ အမွှေးတွေကို ရအောင် အကုန် ပြန်ကောက်လာပြီး ကျုပ်ဆီကို ယူလာခဲ့ပါ ”  လို့ ပြောပါတယ်.. 


 


မိန်းမကြီးကလဲ မနေ့က  အမွှေးတွေ ချထားခဲ့တဲ့ လမ်းအတိုင်း ပြန်သွားပြီး ချထားခဲ့ သမျှတွေကို ပြန်ကောက်ဖို့ ကြိုးစားပါ သော်လည်း သူမ ထိတ်လန့်စွာ သိလိုက်ရတာက အမွှေးတွေဟာ လေနဲ့ လွှင့်ပါသွားကုန်ပြီမို့ မတွေ့ရ တော့ပါဘူးတဲ့… နာရီပေါင်း အတော်ကြာ ကြိုးစားပြီး ရှာဖွေပြီးတဲ့နောက် ကြက်မွှေးလေး ၃ မွှေးကိုသာ ရှာတွေ့နိုင် ခဲ့ပြီး  ပညာရှိထံကို ပြန်လာ ခဲ့ပါတယ်..


 


ပညာရှိကို အကျိုးအကြောင်း ပြောပြတော့ ပညာရှိက မိန်းမကြီးကို ပြောပါတယ်..


 


“ကဲကြည့် .. သင် တွေ့ပြီမဟုတ်လား.. ကြက်မွှေးတွေဟာ ချထားခဲ့တုန်းက လွယ်သလောက် အခုပြန်ကောက်တဲ့အခါ အကုန်မပြောနဲ့ တစ်ဝက်တောင် ပြန်ရနိုင်သေးရဲ့လား… စကားပြောတဲ့ နေရာမှာလည်း   ဒီလိုဘဲ ကိုယ့်ပါးစပ်က လျှောက်ပြော ရတာ ဘယ်လောက်လွယ်သလဲ.. ပြီးတော့ မကောင်းသတင်းဆိုတာ ပြန့်ပွားဖို့ သိပ်ကို လွယ်ကူတယ်.. ခင်ဗျား လုပ်ပြီး သွား ပေမဲ့  အခုမှ မှားမှန်းသိလို့ ပြန်ရုပ်သိမ်းဖို့ကျတော့ ဖြစ်နိုင်သေးရဲ့လား… လွယ်ကူ သေးရဲ့လား.. ဒါကို သင်ခန်းစာယူပြီး နောက်ကို ဘယ်လို ကိစ္စမျိုး မဆို မပြောခင်မှာ အတန်တန် စဉ်းစားပါ…  မသေချာတဲ့ သတင်းစကားကို ဘယ်တော့မှ လွယ်လွယ် မပြောပါနဲ့..  မဖြန့်ဝေမိပါစေနဲ့တဲ့”


 


----------------------------------------------------------------------------------------------------------------------


 


ကျွန်မ ဒီဇာတ်လမ်းလေးကို ဖတ်လိုက်တာနဲ့ ဘာသာပြန်ပြီး တင်ဖို့ ချက်ခြင်းဘဲ ဆုံးဖြတ်မိပါတယ်..  ဒီဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာ လေးကိုလဲ ချပြ ချင်ပါတယ်.. သတင်းတစ်ခု ပြန့်နှံ့သွားဖို့ဆိုတာ ခုခေတ်မှာ  ဟိုး အရင် ခေတ်တွေတုန်းကလို အိမ်တကာလည်ပြီး ပြောစရာ မလိုတဲ့ခေတ် ရောက်နေပါပြီ.. ကွန်ပျူတာ ကီးဘုတ်ပေါ်က ခလုပ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲ သွားအောင် လုပ်ဆောင်လို့ ရနေကြပါပြီ..  တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ အီမေလ်းတွေက တစ်ဆင့် ၀င်ရောက် လာတတ်ကြတဲ့ လူတစ်ဦး တစ်ယောက်ကို ထိခိုက်စေနိုင်တဲ့ မေလ်းမျိုးတွေကို သေချာ စဉ်းစားချင့်ချိန်ပြီးမှ Forward လုပ်သင့်ကြပါတယ်.. ကိုယ့်မေလ်းထဲ ရောက်လာတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေသည် ကိုယ်တိုင်လဲ မမြင်မတွေ့ရသော အကြောင်းများ ၊ ကိုယ်နှင့်လဲမသိ၊ မသက်ဆိုင်သော လူများသာ ဖြစ်နေတတ်ပါတယ်.. အမှန်အမှားကို ကိုယ် သေချာမသိနိုင်သော၊ တစ်ဘက်လူရဲ့ ဂုဏ်သိက္ခာကို ပယ်ပယ်နယ်နယ် ထိခိုက်စေ နိုင်သော အကြောင်းအရာများကို ပြန်လည် မျှဝေခြင်းအားဖြင့် မိမိတွင်ရော ဘယ်လို အကျိုး ဖြစ်ထွန်းနိုင်ပါသလဲ…. သေချာတာက မိမိတွင် မည်သို့မှ အကျိုးမရှိသော်လည်း  မေလ်းထဲမှာ ပါဝင် နေသော လူများ၊ ဓာတ်ပုံပိုင်ရှင် များမှာတော့ ဂုဏ်သိက္ခာ နစ်နာ ဆုံးရှုံးမှု အလွန် ကြီးမားတာကို တွေးဆသင့်လှပါတယ်..   နံမည်ကြီးချင်လွန်းလို့ တမင်ဖြန့်ဝေသော သူများကိုတော့  မဆိုလိုပါ..


 


သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများကို ဗဟုသုတ အတွက် သော်လည်းကောင်း၊ ရသတစ်ခုခု အတွက် သော်လည်းကောင်း၊ သတင်းသိရန် အတွက် သော်လည်းကောင်း ၊ ထိုကဲ့သို့ အကျိုးရှိသော အကြောင်းအရာများကိုသာ ပြန်လည် မျှဝေ သင့်ပါတယ်.. ကျွန်မအနေနဲ့တော့ လူတစ်ဦး တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ထိခိုက်အောင် ဖြန့်ဝေထားသော မေလ်းမျိုး ကိုယ့်ဆီရောက်လာခဲ့ပါလျှင် ဘယ်သောခါမှ ပြန်လည် မဖြန့်ဝေမိအောင် သတိထားပါတယ်.. ကိုယ့်အတွက်လဲ ဘယ်လိုအကျိုးမှ မရှိသလို ၊သူတစ်ပါး အတွက်လည်း အကျိုးမရှိ နိုင်လို့ ယူဆတဲ့ အတွက်ကြောင့်ပါ..  လွယ်လွယ် ချခဲ့ပြီးမှ ပြန်ကောက်လို့ မရတော့တဲ့ ကြက်မွှေးတွေ အတွက် နောင်တ မရမိကြအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ကြပါစို့လို့ အကြံပြုပါရစေလားရှင်….


 


Chicken Soup For The Teenage Soul မှ Helen Hazinski ၏ The Gossiper  ကို စာဖတ်သူများအား ပြန်လည် မျှဝေပါသည်..  ထိုစာအုပ်လေးကို ကျွန်မ အတွက် တကူးတက ရှာဖွေ ပေးပို့လာသော  မောင်ငယ်လေး ကိုဖြိုးအား  ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားပါရစေရှင်..


 


မေတ္တာဖြင့်


 


ချော (အစိမ်းရောင်လွင်ပြင်)

လှချင်ရက် စက်စက်ယိုတဲ့ မိန်းမသားဘဝ


မိန်းမတွေများ လှချင်ရက် စက်စက်ယိုဆိုတာ အရမ်းကို မှန်ပါတယ်နော်.. အောက်က ပုံတွေကို ကြည့်ကြည့်ရင် တွေ့ပါလိမ့်မယ်.. ထူးဆန်းအံ့သြဖွယ် ဒီဇိုင်းများနဲ့ တန်ဆာ ဆင်ထားတဲ့ ဦးထုပ်မျိုးစုံပါ... သူတို့မို့ ဆောင်း ချင်ပါတယ်..  ဒီလိုဦးထုပ်တွေ


           ဒီဦးထုပ်က အင်္ဂလန်ရဲ့ မြင်းပြိုင်ပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက် ၀တ်ဆင်လာတဲ့ ချိစ်တုံးနဲ့ စပျစ်သီး ထည့်ထားတဲ့ ပန်းကန်ပြား ဦးထုပ် ဒီဇိုင်း ဘဲဖြစ်ပါတယ်..


                ဒီပုံလေးကိုတော့ ကင်းကောင်သာ မြင်တွေ့ရင် သဘောကျလောက်ပါတယ်..   မော်ဒယ်တစ်ယောက်   ၀တ်ဆင်   ထားတဲ့  ကင်းကောင်ရဲ့လက် ဒီဇိုင်းပုံဖော်ထားတဲ့ ဦးထုပ်အပြားဘဲဖြစ်ပါတယ်..


               ဒါကတော့ တစ်မျိုးဆန်းနေပြန်တဲ့ ဘောလုံးကွင်းကြီး ခေါင်းပေါ်ရွက်ထားရှာတဲ့ အင်္ဂလန်သူတစ်ဦးပါ..


                 ကဲ... ရေချိုးခန်းကြီးတစ်ခုလုံး ခေါင်းပေါ် ရောက်နေပြန်ပါပြီ..


      မြင်းခေါင်းကြီးက ဒီလိုတော့လဲ လှလိုက်တာ...


          အင်္ဂလန်ရဲ့ အလံဒီဇိုင်းက ဒီလိုဖြစ်သွားပြန်ပြီ...


             အာ..... ဒီဆေးလိပ်နဲ့ ဆေးလိပ်ပြာခွက် ဦးထုပ်ကြီးတော့ ဆောင်းချင်ဘူး....


                 မြင်းတွေက ခေါင်းပေါ်မှာ အပြေး ပြိုင်နေကြပြန်ပါရောလား.......



                  အထူးတန်း ပွဲကြည့်စင်က ဒီမှာလေ....



       ဒါလေးက ဖုန်း ကြော်ငြာနေတာလားမသိ



    တော်တော်နေရခက်မဲ့ ဦးထုပ်ဘဲ..



                   လန်ဒန်ဖက်ရှင်ရှိုးတစ်ခုက တေးဂီတနုတ်စ် စာရွက်များနဲ့ ဦးထုပ်... 
                 စာရွက်တွေ မပစ်နဲ့တော့နော်..  ဦးထုပ်လုပ်လို့ရတယ်..



             စားကြဦးမလား..ဟောဒီက  Sandwiches ..........

Cool High-Concept Hats ကနေ မျှဝေပါတယ်ရှင်..

ချော (အစိမ်းရောင်လွင်ပြင်)