မေတ္တာ တေးသံ


                photo from google search


 


ကာရင်ဟာ သားလေး မိုက်ကယ်ကိုမွေးပြီး နောက်ထပ် ကိုယ်ဝန်ဆောင်ထားရတဲ့ သားသည် မိခင်တစ်ဦးပါ… သုံးနှစ်သားအရွယ်လေး မိုက်ကယ်လေးရဲ့ တောင်းဆိုချက် ကြောင့် ဒုတိယ ကိုယ်ဝန်ကို ယူလိုက်တာ ဖြစ်ပါတယ်... ကလေးလေးကိုယ်ဝန်ဆောင်ပြီး လအနည်းငယ် အကြာမှာ မိန်းခလေး ဖြစ်ကြောင်း သိရပါတယ် မိုက်ကယ်က ကလေး လေးကို  မမွေးခင်ကတည်းက ညီမလေးရတော့မယ်ဆိုပြီး အပျော်လွန်နေပါတယ်..  အမေ့ ဗိုက်ထဲက ကလေးလေးအတွက် နေ့ရော ညပါ ဗိုက်နားနား ကပ် ကပ်ပြီး သီချင်းဆိုပြတတ်ပါတယ်.. တစ်ရက်ထဲမဟုတ်… နေ့စဉ် နေ့တိုင်း သူ့ညီမလေးကို မိုက်ကယ် ဟာ သီချင်း ဆိုပြလေ့ရှိပါတယ်…


 


ကိုယ်ဝန်တစ်ဖြေးဖြေးနဲ့ရင့်လာပြီး မွေးဖွားမဲ့နေ့ရောက်တော့ ကာရင်ဟာ ဗိုက်နာလာပါတယ်..ဗိုက်နာတဲ့အချိန်သာ ကြာလာပေမဲ့ ကလေးက တော်တော်နဲ့ မမွေးနိုင် ဖြစ်နေပါတယ်… နာရီပေါင်းများစွာ ကြာပြီးမှဘဲ မိုက်ကယ့်အတွက် ညီမလေးကို ခက်ခက်ခဲခဲ မွေးပေးလိုက် နိုင်ပါတယ်.. ဒါပေမဲ့ မွေးလာတဲ့ ကလေးက အတော်လေးကို စိုးရိမ်ရတဲ့ အခြေအနေကြောင့် စိန့်မေရီ ဆေးရုံကို အရေးတကြီးပို့လိုက်ရပါတယ်.. မွေးကင်းစ ကလေးတွေကို ထားတဲ့ အခန်းကျယ်ကြီးမှာ ဆရာဝန်ကြီးတွေက အထူး ဂရုတစိုက်နဲ့ ကြပ်မတ်ကုသမှု ပေးနေကြပေမဲ့ ကလေးအထူးကု ဆရာဝန်ကြီးက မျှော်လင့်ချက် အလွန်နည်းနေပြီ ဖြစ်ကြောင်းနဲ့ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ကို အသိပေး ပြောကြားပါတယ်… မိုက်ကယ်လေးဟာ သူ့အဖေအမေကို သူ့ညီမလေးဘေးမှာ သီချင်းလေးတွေ သီဆိုခွင့်ပေးဖို့ တောင်းပန်ရှာ ပါတယ်... သို့သော်လည်း မွေးစကလေးတွေထားတဲ့ အထူးကြပ်မတ် ကုသဆောင်မှာ  မိုက်ကယ်လို ကလေးတွေ ၀င်ခွင့်မရတဲ့အတွက် သူ့အမေက ခွင့်မပြုပါဘူး…


 


ဒီလိုနဲ့ တစ်ပတ်လောက်ကြာတဲ့အထိ ကလေးအခြေအနေက တိုးတက်မလာဘဲ ပိုပိုပြီးသာ ဆိုးဝါးလားပါတယ်.. ကာရင်နဲ့ သူ့ယောင်္ကျား တို့ဟာ မကြာခင်မှာတော့ ကလေးလေးရဲ့ နာရေးကို ပြင်ဆင်ရဖွယ်ရှိတယ်လို့ဘဲ မျှော်လင့်ထားကြပါတော့တယ်.. သူတို့ဒေသက သုသာန်ကို အဆက်အသွယ်လုပ်ပြီး ကလေးမြုပ်နှံဖို့ မြေကွက် တစ်နေရာကို ကြိုတင် မှာကြားထားလိုက်ကြပါပြီ.   သူတို့အိမ်မှာလည်း ကလေးလေး မမွေးခင်ကတည်းက သူလေးကိုထားဖို့အတွက် အခန်းလေးတစ်ခန်းကို အထူး တလည် ပြင်ဆင် ထားခဲ့ပေမဲ့ ခုချိန်မှာတော့ ကလေးရဲ့ နာရေးအတွက်လို ဖြစ်သွားရပါပြီ.. မိုက်ကယ်လေးကတော့ နေ့စဉ်နေ့တိုင်း ညီမလေးကို သီချင်းဆိုပြ ခွင့်ပြုဖို့ သူ့အမေကို တောင်းဆိုနေ ဆဲပါ.. နောက်တော့ ဆေးရုံက သဘောတူသည် ဖြစ်စေ မတူသည်ဖြစ်စေ မိုက်ကယ်လေးကို ကလေးထားတဲ့ ကုသဆောင်ကို ခေါ်သွားဖို့ ကာရင်ဆုံးဖြတ်လိုက်ပါတယ်.. တကယ်လို့များ အခုချိန်မှ မိုက်ကယ့်ကို သူ့ညီမလေးဆီ ခေါ်မသွားဘူးဆိုရင် သူ့ညီမကို အသက်ရှင်ရက်နဲ့ နောက် ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ကာရင်က သိနေခဲ့ပါပြီ..


 


ဒီလိုနဲ့ ကာရင်ဟာ  နွမ်းနွမ်းဖတ်ဖတ်နဲ့ အလွန်ကြီးမား ပွယောင်းလှတဲ့  ၀တ်စုံကို မိုက်ကယ့်ကို ၀တ်ဆင်ပေးပြီး ကလေးကိုထားတဲ့ အထူးကြပ်မတ် ဆောင်ကို ခေါ်ဆောင် လာပါတယ်.. ရုတ်တရက် ကြည့်ရင်  မိုက်ကယ်လေးဟာ အ၀တ်ထည့်တဲ့ ခြင်းတစ်လုံး အတိုင်းပါဘဲ.... ဒါပေမဲ့ သူနာပြု ဆရာမကြီး တစ်ယောက်က မိုက်ကယ့်ကို ကလေးတစ်ယောက်မှန်း မှတ်မိသွားပြီး အော်ဟစ်ပါတော့တယ်..


 


“ ဒီထဲကို ကလေးမ၀င်ရဘူးဆိုတာ မသိဘူးလား.. ခုချက်ခြင်း ဒီနေရာက ထွက်သွားပါ… ”


 


ကာရင်ဟာ သူမရင်ထဲက မိုက်ကယ့်ကို သူ့ညီမလေးနဲ့ တွေ့ပေးချင်တဲ့စိတ်တွေ ပိုပြီး ပြင်းထန်လာပါတယ်.. ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့တဲ့ သဘောထားရှိသူ ကာရင်ဟာ ခုချိန်မှာတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခက်ထန်မာကြောတဲ့ အကြည့်နဲ့ ဆရာမကို ကြည့်လိုက်ပြီး


 


“သူ သူ့ညီမဘေးမှာ သီချင်းမဆိုရမချင်း ပြန်မှာမဟုတ်ဘူး ”   လို့ လေသံမာမာနဲ့ ပြောလိုက်ပါတယ်..


 


အပြင်းအထန် ငြင်းခုံကြရင်း နောက်ဆုံးတော့ ဆရာမက ခွင့်ပြုလိုက်ရပါတော့တယ်… ဆရာမ၊ ကာရင်နဲ့ မိုက်ကယ်ဟာ မွေးစ ကလေးလေးရဲ့ ဘေးမှာ ရပ်လိုက်ကြ ပါတယ်..  ပြီးတော့မိုက်ကယ်ဟာ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကလေးလေးကို ကြင်နာစွာကြည့်လိုက်ပြီး သုံးနှစ်သားအရွယ်လေး ရှိသေးတဲ့ သူ့ရဲ့ နှလုံးသားထဲက လာတဲ့ အသံချိုချို အေးအေးလေးနဲ့ သီချင်းစဆိုပါတယ်..


 


မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ………………  ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်……………  ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ …………………..   မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့…………….    နေရောင်ခြည်လေးပါ.


 


အံ့သြစရာပါ… မွေးစကလေးငယ်လေးရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်းဟာ တစ်ဖြေးဖြေး တည်ငြိမ်လာပြီး ပုံမှန်ဖြစ်လာပါတယ်.. မိုက်ကယ်လေး ကတော့ သီချင်းလေးကို ဆက်ဆိုနေပါတယ်…


 


နင့်ကို ငါဘယ်လောက်ချစ်ရတယ် ဆိုတာ………….. နင်သိမှာမဟုတ်ပါဘူး အချစ်လေးရယ်…. ကျေးဇူးပြုပြီး ………….. ငါ့ရဲ့နေရောင်ခြည်လေးကို …………..အဝေးကို ယူဆောင် မသွားပါနဲ့လားကွယ်………………


 


မွေးစကလေးလေးရဲ့ နှေးကွေးလေးလံနေတဲ့ အသက်ရှုနှုန်းဟာ တစ်ဖြေးဖြေး ပုံမှန်ဖြစ်လာပါပြီ.. မိုက်ကယ်လေးကတော့ သီချင်းဆက်လက် သီဆိုနေဆဲ…


 


တစ်ညတုန်းက………. အိပ်နေရင်း…………….. နင့်ကို ငါ့လက်ပေါ်မှာ ပွေ့ပိုက်ထားရတယ်လို့………..အိပ်မက် မက်ခဲ့တယ်….


 


မိုက်ကယ့်ညီမလေးဟာ ရောဂါတွေ ပျောက်ကင်း သက်သာသွားသလို ပိုပိုပြီး သက်တောင့် သက်သာဖြစ်လာတာကို တွေ့ရပါတယ်.  မိုက်ကယ်ကတော့ သီချင်းလေး ဆက်ဆိုနေဆဲပါ..


 


မိုက်ကယ်လေးရဲ့ အသံလေးကို နားထောင်နေရင်း ဆရာမကြီးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်များ စီးကျလာပါတယ်.. ကာရင်ကတော့ ကြည်နူး ၀မ်းမြောက်ခြင်း များနဲ့ သူမ မျက်နှာက ၀င်းလက်နေပါတယ်…


 


မင်းဟာ ငါ့ရဲနေရောင်ခြည်လေးပါ………………  ငါရဲ့ တစ်ခုတည်းသောနေရောင်ခြည်လေးပါကွယ်……………  ကောင်းကင် တစ်ခုလုံး ညိုမှောင်နေတဲ့အခါ …………………..   မင်းက ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့…………….    နေရောင်ခြည်လေးပါ.


 


စီစဉ်ထားတဲ့ နာရေးအစီအစဉ် ပျက်သွားပါပြီ…  နောက်နေ့... နောက်နေ့တွေမှာ ကလေးလေးဟာ အခြေအနေ ကောင်းမွန်လာပြီး ဆေးရုံက ဆင်းရတဲ့ အဖြစ်ကို ရောက်ရှိလို့သွားပါပြီ… Woman’s Day မဂ္ဂဇင်းက ထိုအဖြစ်အပျက်လေးကို အစ်ကိုတစ်ယောက်ရဲ့ ထူးဆန်း အံ့သြဖွယ် သီချင်းသံ လို့ အမည်တပ်ပြီး မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်.. ဆေးရုံက ၀န်ထမ်းတွေ အားလုံးကလည်း ထူးဆန်းအံ့သြဖွယ် သီချင်းသံလို့ ပြောဆိုကြပါတယ်….  မိုက်ကယ့်အမေ ကာရင်ကတော့ ထိုအဖြစ် လေးကို  ချစ်ခြင်းမေတ္တာရဲ့ ထူးခြား ဆန်းကျယ်တဲ့ လေးနက်မှုလို့ သူမယုံကြည်ပါတယ်…


 


.......................................................................................................................................................................


စာဖတ်သူတို့ကရော ဒီအဖြစ်အပျက်လေးကို ဘယ်လိုများ မြင်ပါသလဲရှင်..ကျွန်မကတော့ ကာရင် ပြောသလိုပါဘဲ ကလေးလေး တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ကြောင့်မို့ သူ့ညီမလေးရဲ့ အသက်ကို ကယ်လိုက်နိုင်တယ်လို့ ယုံကြည်ပါတယ်.. .. ကိုယ်ချစ်တဲ့ သူတွေအတွက် ဘယ်တော့မှ လွယ်လွယ်နဲ့ လက်မလျှော့ လိုက်ကြ ပါနဲ့နော်.. တစ်ခါတစ်လေမှာ မေတ္တာရဲ့ စွမ်းအားဟာ ထူးခြား လေးနက်လှပြီး အံ့သြဖို့ ကောင်းလွန်းလှ ပါတယ်... ဇာတ်လမ်းလေးကို ဖတ်ပြီး ကြည်နူး ၀မ်းမြောက်မိတဲ့ စိတ်ကြောင့် စာဖတ်သူများကို  ပြန်လည်ဝေမျှပါတယ်ရှင်....


 


 


Author unknown   ရဲ့  Keep on Singing ကို ဘာသာပြန် မျှဝေပါတယ်ရှင်..


 


 


ချော (အစိမ်းရောင်လွင်ပြင်)


 


 


 


 

သစ်သားဇလုံလေး

 


 



 


 photo from   http://www.thewoodturnersstudio.co.nz/pages/Gallery3.htm


 


တစ်ခါက အသက်အရွယ်အိုမင်းလှပြီဖြစ်တဲ့ အဖိုးအိုတစ်ဦးဟာ သူရဲ့သား၊ ချွေးမ၊ လေးနှစ်အရွယ် မြေး တို့နဲ့ တစ်အိမ်ထဲမှာ အတူတူ နေပါတယ် .. အဖိုးအိုဟာ အသက်လဲကြီးပြီဖြစ်လို့ မျက်စိတွေ မှုန်ဝါးနေပါပြီ... ပြီးတော့ သူရဲ့လက်တွေဟာ တုန်တုန်ရီရီ ဖြစ်နေပြီး ဘာကိုမှ မြဲမြံအောင် ကိုင်နိုင်စွမ်း မရှိနိုင်တော့ဘဲ...  လမ်းလျှောက်ပြန်တော့လဲ သူ့ကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်စွမ်း မရှိ တော့ပါဘူး... အဖိုးအိုဟာ အိမ်သားတွေနဲ့ ညတိုင်း ထမင်းအတူတူ စားလေ့ရှိပါတယ်.. ဒါပေမဲ့ သူ့ခြေအနေကြောင့် အဖိုးအိုဟာ ထမင်းစားသောက်တဲ့အခါမှာ အခက်အခဲ အများကြီး ဖြစ်ရပါတယ်.. မှုန်ဝေသီနေတဲ့ သူ့မျက်လုံးတွေနဲ့ တုန်ရီ နေတဲ့ သူ့လက်တွေကြောင့် သူကိုင်ထားတဲ့ ဇွန်းထဲက ပဲလုံးတွေ ဟင်းတွေဟာ ကြမ်းပြင်ပေါ်ကို အမြဲတမ်း ပြုတ်ကျကုန်လေ့ ရှိပါတယ်... နွားနို့သောက်ပြန်တော့လဲ နွားနို့တွေဟာ စားပွဲပေါ်ကို ဖိတ်ကျကုန်တဲ့ အတွက် စားပွဲခင်းတွေ စွန်းထင်း ညစ်ပတ် ကုန်ပါတယ်....


 


ထမင်းအတူတူ စားသောက်နေတဲ့ သူ့သားနဲ့ ချွေးမဟာ အဖိုးအိုရဲ့အဖြစ်ကို ကြည့်ပြီး ကရုဏာသက်ရမဲ့အစား စိတ်ရှုပ်ပြီး အနှောက်အယှက် ဖြစ်လာတယ်လို့ ခံစားရပါတယ်..  ငါတို့တော့ အဖေနဲ့ပါတ်သက်ပြီး တစ်ခုခု လုပ်မှဖြစ်တော့မယ် အဖေနဲ့ အတူတူ ထမင်းစားရင် ရှုပ်ပွနေတဲ့ စားပွဲနဲ့ အမှိုက်တွေနဲ့ အတူတူ စားနေရသလိုဘဲ.. ပြီးတော့ အဖေ့ဆီကနေ ထွက်နေတဲ့ အသံမျိုးစုံကလဲ နားညီးစရာ ကောင်းလွန်းတယ်.. ထမင်းကို ကောင်းကောင်းမစားရဘူး… လို့ပြောပါတယ်.. ပြီးတော့ အဖိုးအိုရဲ့ သားနဲ့ ချွေးမဖြစ်သူတို့ဟာ အဖိုးအို ထမင်းစားဖို့ ထမင်း စားခန်းရဲ့ ထောင့်ကလေးမှာ စားပွဲသေးသေးလေး တစ်လုံး သီးသန့် လုပ်ပေး လိုက်ပါတယ်..  ချွေးမ၊သားဖြစ်သူနဲ့ မြေးငယ်တို့ဟာ ထမင်းစားပွဲမှာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေချိန်မှာ အဖိုးအိုက ချောင်ငယ်လေး တစ်နေရာရဲ့ စားပွဲလေးမှာ မမြင်မကန်းနဲ့ တစ်ယောက်တည်း ထိုင်ပြီး ထမင်းစားနေရ ရှာပါတယ်..  အဖိုးအို ကြောင့် ထမင်း ပန်းကန်ပြား တစ်ချပ် နှစ်ချပ် ကျကွဲသွားကတည်းက  သူ့အတွက်  သစ်သား ဇလုံလေးနဲ့ဘဲ ထမင်းကို ထည့်ပေး ပါတော့တယ်..


 


သူတို့တွေဟာ ထမင်းစားနေရင်း အဖိုးအိုကို တစ်ချက်တစ်ချက် ကြည့်လိုက်မိတဲ့အခါ မျက်ရည်တွေပြည့်နေပြီး မှုန်သီနေတဲ့ မျက်လုံးအစုံနဲ့ တစ်ယောက်တည်း အထီးကျန်စွာ ထမင်းစားနေရှာတဲ့ အဖိုးအိုကို တွေ့ရပေမဲ့ ထမင်းစားပွဲကို အတူတူ ပြန်ခေါ် စားဖို့ စိတ်ကူးကို မရှိကြပါဘူး… အဖိုးအိုရဲ့ လက်ကနေ ဟင်းတစ်ချို့ ပြုတ်ကျ သွားတဲ့ အခါတို့၊ ဇွန်း လွတ်ကျသွားတဲ့အခါတို့ မှာသာ သားဖြစ်သူနဲ့ ချွေးမ ပါးစပ်က မြည်တွန် တောက်တီးသံ၊ သတိပေးသံ ထွက်လာတတ်ပါတယ်.. သနားစရာ သက်ကြီး ရွယ်အို များရဲ့ ဘ၀ပါပေ…. အသက်လေးနှစ်အရွယ် ကလေး ငယ်လေးကသာ ဘာမှမပြောဘဲ အဖြစ်အပျက်အားလုံးကို တိတ်တိတ် ဆိတ်ဆိတ်နဲ့ စောင့်ကြည့်နေပါတယ်…


 


တစ်နေ့ ညစာမစားခင် ညနေခင်းတစ်ခုမှာ အဖိုးအိုရဲ့ သားဖြစ်သူက သူ့သား ချာတိတ်လေးဟာ လက်သမားကိရိယာတွေနဲ့ သစ်သားလေးကို ထွင်းထုနေတာ တွေ့ရတော့ ချိုသာတဲ့ အပြုံးလေးနဲ့   သား ဘာတွေလုပ်နေတာလဲ လို့မေးလိုက်ပါတယ်..  ကလေးကလဲ ကြည်ကြည် သာသာလေးဘဲ ပြန်ဖြေပါတယ်..  သားကြီး လာတဲ့ အချိန်ရောက်ရင်  ဖေဖေနဲ့မေမေကို ထမင်းထည့် ကျွေးဖို့ အတွက် သစ်သား ဇလုံလေးတွေ လုပ်နေတာပါဖေဖေ..  ကောင်လေးက အပြုံးလေးနဲ့ ပြောလိုက် ရင်း သူ့အလုပ်ကို သူဆက်လုပ်နေလိုက်ပါတယ်..  ကောင်လေးရဲ့ စကားကြောင့် သူ့မိဘတွေဟာ ထိတ်လန့်တုန်လှုပ်မှု၊ စိတ်ထိခိုက်မှု တို့နဲ့ တိတ်ဆိတ် ငြိမ်သက် သွားပါတော့တယ်..  ဘာစကားမှကို မပြောနိုင်တော့ပါဘူး…  ပြီးတော့ ပါးပြင်ပေါ်မှာ မျက်ရည်စများ စီးကျလာပါတယ်.. ဘာစကားမှ မပြောဖြစ်ကြသော်လည်း  သူတို့ ဘာလုပ်ရမယ်ဆိုတာ ၂ယောက်လုံး သိလိုက်ကြပါပြီ..


 


 


အဲဒီနေ့ ညစာစားချိန်မှာတော့ သားဖြစ်သူဟာ အဖိုးအိုရဲ့လက်ကို ကြင်နာယုယစွာနဲ့ ညင်ညင်သာသာ တွဲခေါ်လာပြီး မိသားစု ညစာ စားပွဲကို  ပြန်လည် ခေါ်ဆောင် လာပါတော့တယ်… ထိုနေ့ကစလို့ အဖိုးအိုဟာ သူ့မိသားစုတွေနဲ့ အတူတူ ထမင်းစားခွင် ပြန်လည်ရရှိပါခဲ့ပါပြီ..  အဖိုးအို ဇွန်းပြုတ်ကျသည် ဖြစ်စေ၊ နွားနို့ဖိတ်ကျ သည် ဖြစ်စေ၊ ဟင်းပြုတ်ကျလို့ စားပွဲခင်း ညစ်ပတ်သည် ဖြစ်စေ ဘာအကြောင်းနဲ့မှ သားဖြစ်သူနဲ့ ချွေးမဖြစ်သူဆီက အပြစ်တင်သံ ဆူပူသံကို မကြားရတော့ပါဘူး….


 


-----------------------------------------------------------------------------------------------------------------------------------------


 


တကယ်တမ်းတော့ ကလေးတွေဟာ အလွန်မှလဲ အမှတ်သညာ ကောင်းလှ ပါတယ်.. သူတို့ဟာ မျက်လုံးတွေအမြဲဖွင့်ထားပြီး နားကို အမြဲတမ်း စွင့်ထား တတ်ပါတယ်.. သူတို့ပါတ်ဝန်းကျင်မှာ မြင်သမျှကို စူးစမ်းလေ့လာတတ်ပြီး မှတ်သားထားဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေကြပါတယ်…  ကျွန်မတို့ဟာ ကိုယ့်အိမ်မှာ ကိုယ့်ထက်ကြီးသူများ၊ လူကြီးမိဘများကို ရိုသေစွာ ဆက်ဆံ တတ်သူ ၊ လေးစားစွာဆက်ဆံတတ်သူများ ဖြစ်ခဲ့မယ်ဆိုရင် ကလေးတွေဟာလည်း သူတို့ရဲ့ ဘ၀တစ်လျှောက်လုံး လူကြီး မိဘကို ရိုသေတတ်သူ လေးစားတတ်သူများအဖြစ် ကြီးပြင်းသွားမှာ သေချာပါတယ်သူတို့လေးတွေဟာ အတုခိုး အလွန်မြန် ကြပါတယ်.. လူကြီးတွေ ပြုမူတဲ့ အမူအရာ စိတ်နေစိတ်ထားဟာ သူတို့ရဲ့ နုနယ်တဲ့ စိတ်သဏ္ဍာန်မှာ အမြဲတမ်း ထင်ဟပ် နေတတ်ပါတယ်..  အိမ်ထောင်ရှိသူ များကလည်း မိမိတို့ရဲ့ သားသမီးများရှေ့မှာ မိခင် ဖခင်အိုများကို ရိုသေလေးစား ကျွေးမွေး စောက်ရှောက်ပြပါမှ မိမိတို့ သားသမီးများမှာလည်း မိဘကို ကျွေးမွေး စောက်ရှောက် တတ်တဲ့ အလေ့အကျင့် ကောင်းလေးတွေကို အတုခိုးကြမှာ ဖြစ်ပါတယ်…  ကျွန်မတို့တွေဟာလည်း အဖိုးအိုရဲ့ အရွယ်မျိုးကို တစ်နေ့မှာ မလွှဲမသွေ တွေ့ကြုံ ကြရ ဦးမှာပါ ဆိုတာ ဆင်ခြင်သင့်စရာလေးအဖြစ် စာဖတ်သူများကို မျှဝေလိုက်ပါတယ်ရှင်…..


 


Motivational Blog မှ The Wooden Bowl  ကို ဘာသာပြန်ဝေငှပါတယ်ရှင်...


 


ချော (အစိမ်းရောင်လွင်ပြင်)

ချိုင်းထောက်နဲ့လူ မှသည် ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ်သို့

 



 photo from /cunningham_glenn.htm


 


လွန်ခဲ့တဲ့ နှစ်များစွာက အမေရိကား ကင်းဆပ်ပြည်နယ်ရဲ့ အဲလ်(က)ဟာ့တ်  မြို့လေးမှာ ညီအစ်ကို ၂ယောက်ရှိပါတယ်.. သူတို့ညီအစ်ကို ၂ယောက်ဟာ မြို့ကလေး က ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ပါတယ်.. သူတို့၂ယောက်ဟာ နေ့စဉ်နေ့တိုင်း မနက်စောစော ကျောင်းကို သွားပြီးတော့ ကျောင်းခန်းထဲမှာရှိတဲ့ မီးဖိုကြီးထဲကို ကျောင်းသားတွေ မရောက်ခင် မီးမွှေးပေးရပါတယ်.. ချမ်းအေးလွန်းလှတဲ့ မနက်ခင်း တစ်ခုမှာ အစ်ကိုဖြစ်သူက မီးဖိုကို သန့်ရှင်းရေးလုပ်ပါတယ်.. ပြီးတော့ မီးဖိုကြီးထဲကို ထင်းတွေနဲ့ ဖြည့်နေပါတယ်.. ညီဖြစ်သူက ရေနံဆီ ပုလင်းကို ကိုင်လာပါတယ်… ပြီးတော့ မီးဖိုပေါ်က သစ်တုံးတွေပေါ် လောင်းချလိုက်ပြီး မီးမွှေး လိုက်ပါတယ်.. ရုတ်တရက် မထင်မှတ်တဲ့ ပေါက်ကွဲ မှုကြီး ဖြစ်ပွားပြီး မီးဖိုဟောင်းကြီးတစ်ခုလုံး ပြိုကျသွားပါတယ်.. အဲဒီမှာ အစ်ကိုဖြစ်သူက သေဆုံး သွားပြီးတော့ ညီဖြစ်သူရဲ့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရပါတယ်.. နောက်ပိုင်းမှ သိရတာက ပုလင်းထဲကို ရေနံဆီအစား ဓာတ်ဆီကို မှားဖြည့်မိတဲ့အတွက် မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီကြောင့် ပေါက်ကွဲမှုကြီး ဖြစ်သွားတယ် ဆိုတာပါဘဲ…………….


 


ဆရာဝန်က ကောင်လေးရဲ့ ခြေထောက်က ဒဏ်ရာကို ကြည့်ပြီး အခြေအနေဆိုးလွန်းတဲ့ အတွက် ဖြတ်တောက်ပစ်မှ ရမယ်လို့ ပြောပါတယ်… ဆရာဝန်ရဲ့ စကားကို ကြားရတဲ့ မိဘတွေမှာ ၀မ်းနည်းပက်လက် ယူကြုံးမရ ဖြစ်ရပါတယ်.. သူတို့မှာ သားတစ်ယောက်လဲ ဆုံးရှုံးရပြီ.. အခု သားအငယ်ရဲ့ ခြေထောက်ကို လဲ ဆုံးရှုံးရ ပြန်ဦးမယ်ဆိုတော့ ဘယ်မှာလာပြီး စိတ်ကောင်းနိုင်ပါတော့မလဲ.. ဒါပေမဲ့လည်း သူတို့ရဲ့ ယုံကြည် ချက် ကိုတော့ မစွန့်လွှတ်ပါဘူး…. သူတို့သားလေး ခြေထောက် ဖြတ်ဖို့ရက်ကို ရွေ့ဆိုင်းပေးဖို့ ဆရာဝန်ကို တောင်းဆိုပါတယ်… အဲလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဆရာဝန်ကို တောင်းပန်ပြီး ရက်တွေ ရွေ့နေတုန်းမှာဘဲ ကောင်လေးရဲ့ ခြေထောက် ပြန်ကောင်းလာဖို့ နေ့တိုင်း ယုံယုံကြည်ကြည်နဲ့ ဆုတောင်းရင်းနဲ့ စောင့်ကြည့်နေကြပါတယ်… နှစ်လလောက်အကြာမှာ ဆရာဝန်နဲ့ မိဘတွေအကြား အငြင်းပွားစရာ ဖြစ်လာပါတယ်.. ခြေထောက်ကို ဖြတ်တောက် ကုသဖို့ မကုသဖို့ပေါ့… ဆရာဝန်က ကောင်လေးဟာ လမ်းပြန် လျှောက်နိုင်ဖို့တောင် မလွယ် တော့ ဘူးလို့ ပြောပါတယ်…


 


သို့သော်လည်း နောက်ဆုံးတော့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ခြေထောက်ကို မဖြတ်တောက် ဖြစ်လိုက်ကြပါဘူး… စီးထားတဲ့ ပတ်တီးတွေ ကို ဖြေလိုက်တဲ့ အခါမှာတော့ ခြေထောက် မီးလောင်ဒဏ်ရာက ကောင်းမွန်လု နီးပါး ဖြစ်နေပါပြီ.. ဒါပေမဲ့လည်း ကောင်လေးရဲ့ ညာဘက် ခြေထောက်က ဘယ်ဘက် ခြေထောက်ထက် ၃လက်မတိတိ တိုနေခဲ့ပြီ… ခြေချောင်းလေးတွေ အားလုံးနီးပါးလည်း မီလောင်ကျွမ်းကုန်ပြီ… သူ့လို ငယ်ရွယ်သေးတဲ့ ကောင်လေး တစ်ယောက် အတွက်တော့ ဒီအဖြစ်က ရက်စက်လွန်းပါတယ်.. လမ်းလျှောက် ရင်တောင် ချိုင်းထောက် လေးနဲ့ လျှောက်နေရတဲ့ သူ့အဖြစ်က အနာဂတ်ဆိုတာ မှုန်ဝါးဝါး ဖြစ်လို့နေပါပြီ….. ဒါပေမဲ့ ကောင်လေးက တော်တော်လေးကို စိတ်ဓာတ် ကြံ့ခိုင်ပါတယ်.. လုံးဝကို စိတ်ဓာတ်မကျပါဘူး…သူက သူ့ခြေထောက်တွေ နာကျင်နေတုန်းဘဲ ရှိပေမဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းကို ကြိုးစားပြီး လုပ်ပါတယ်..သူ့ကိုယ်သူလဲ အားပေးတယ်.. ငါ လမ်းလျှောက်ကို လျှောက်နိုင်ရမယ်တဲ့.. ဒီလိုနဲ့ တစ်ဖြေးဖြေး သူ့ခြေထောက် အနာလဲ သက်သာလာတယ်.. နောက်တော့ ချိုင်းထောက်ကို လွှင့်ပစ်လိုက်ပြီး ပုံမှန် လူကောင်း တစ်ယောက်လို လမ်းလျှောက်လာနိုင်တယ်…. မကြာခင်မှာ စပြီး အပြေးလေ့ကျင့် ပါတော့တယ်… နေ့စဉ်နေ့တိုင်း ပြေးတယ်.. မပျက်မကွက် ပြေးပါတယ်..


 


နောက်ဆုံးမှာတော့ စိတ်ဓာတ် ကြံ့ခိုင်သူတွေရဲ့ ရလာဒ်အတိုင်း အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိလို့သွားပါပြီ.. ခြေထောက်တွေ ဖြတ်ပစ်လုခံရဆဲ အခြေအနေမှ ကမ္ဘာ့စံချိန်တင် အပြေးသမား တစ်ယောက်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ…ဘယ်သူယုံနိုင်မလဲ…. ချိုင်းထောက်နဲ့ သွားနေရတဲ့ လူတစ်ယောက်က ကမ္ဘာကျော် အပြေးသမားတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့….. ဒီကောင်လေးနံမည်က တစ်ခြားသူမဟုတ်ပါဘူး ကမ္ဘာ့အမြန်ဆုံး လူသားရယ်လို့ ခေါ်တွင်ရတဲ့ ဂလဲန်  ကန်နင်ဟမ် ဖြစ်ပါတယ်.. သူဟာ ပြည်တွင်း ထိပ်သီး မိုးလုံလေလုံကွင်း အတွင်း ကျင်းပသော ပြေး-ခုန်-ပြစ် ပြိုင်ပွဲကြီး ခြောက်ခုတွင် ဗိုလ်စွဲခဲ့ရုံမက ၁၉၃၆ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပြန်ပါတယ်..၁၉၃၈ ခုနှစ် အရောက်မှာ သူဟာ ဒါးမောက် တက္ကသိုလ်မှာ ကမ္ဘာ့စံချိန် အသစ်ကို တင်နိုင်ခဲ့ ပါတယ်..  အဲဒီနှစ်မှာဘဲ နယူးယောခ့် တက္ကသိုလ်က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ကိုလဲ လက်ခံ ရရှိခဲ့ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------------------------


 


သူလိုလူတစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းထန်မှုကလဲ အားကျ ချီးကျူးစရာ၊ အတုယူစရာနော်..လူတစ်ယောက်ရဲ့ဘ၀မှာ စိတ်ဓာတ်က အရေးအကြီးဆုံးပါ.. စိတ်ဓာတ် ပြင်းထန်ရင် ဘာကို မဆို အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါဘဲ… ကျွန်မရဲ့ ဘ၀မှာလည်း ဖြစ်နိုင်မယ်မထင်ခဲ့တဲ့ အရာတွေဟာ စိတ်ဓာတ် ပြင်းပြင်းပြပြနဲ့ လုပ်ခဲ့တဲ့အတွက်ကြောင့် အောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်..  အလုပ်တစ်ခုကို မလုပ်ခင်မှာ မဖြစ်နိုင်ပါဘူးကွာ မလုပ်တော့ပါဘူးလို့ နေမဲ့အစား ငါဖြစ်ကို ဖြစ်ရမယ်၊ အောင်မြင်အောင် လုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ကို မွေးမြူပြီး လုပ်သင့်ပါတယ်.. မဖြစ်နိုင်ဘူးထင်ပြီး မလုပ်ဘဲနေခဲ့ရင် ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်သလို ဘာအကျိုးကိုမှ ခံစားရမှာ မဟုတ်ပါဘူး…. အကယ်၍ လုပ်လိုက်လို့ အရှုံးနဲ့ တွေ့ခဲ့ရင်တောင် အဲဒီအရှုံးကနေ သင်ခန်းစာယူလို့ ရပါ သေးတယ်နော်.. ကျွန်မအနေနဲ့တော့ စာဖတ်သူများကို အကြံပေးချင်တာက တစ်ခုခုကို လုပ်မယ်ဆိုရင် ယုံကြည်ချက် ပြင်းပြစွာနဲ့ ဖြစ်ရမယ် ဖြစ်အောင်ကို လုပ်မယ်ဆိုတဲ့ စိတ်ကလေးကို အရင်ဆုံး မိမိရဲ့ ရင်ထဲမှာ မွေးမြူပါ..မိမိရဲ့ယုံကြည်မှုကို ဘယ်သူကမှ လာတည်ဆောက် ပေးလို့မရပါဘူး… မိမိဖာသာ တည်ဆောက် ရမှာပါ… ဒီစာလေးတွေဖတ်ပြီး စာဖတ်သူတွေရဲ့ ရင်ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ကလေး မွေးဖွားလာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်…..


 


“Chicken Soup For the Teenage Soul” မှ  From Crutches to  World-Class Runner ကို ဘာသာပြန်ဝေငှပါတယ်… ဒီဇာတ်လမ်းလေးကို ဘာသာပြန်ဖို့ အချက်အလက် ကူညီရှာဖွေ ပေးခဲ့သော သူငယ်ချင်းများကို ကျေးဇူးအထူး တင်ပါတယ်ရှင်…


  


Ref:  Kansas Historical Society about /cunningham_glenn.htm


  


  


ချော (အစိမ်းရောင်လွင်ပြင်)

ကလေးတစ်ယောက်ရဲ့ အတွေး

 



              photo from google


                                                  


တစ်နေ့……. ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ရေခဲမုန့်ရောင်းတဲ့ဆိုင်လေးထဲကို ၀င်လာတယ်..  စားပွဲတစ်လုံးမှာ ၀င်ထိုင်လိုက် ပြီးတော့  စားပွဲထိုး အမျိုးသမီး တစ်ယောက်ကို လှမ်းမေးပါတယ်… 


 


“ ရေခဲမုန့် တစ်ခုကို ဘယ်လောက်ပါလဲ ခင်ဗျာ..”

  

အမျိုးသမီးက ၇၅ ဆင့်လို့ပြန်ဖြေပါတယ်..  ကောင်လေးက သူ့လက်ထဲမှာ ရှိတဲ့ ပိုက်ဆံလေးတွေကို  ရေတွက်လိုက်ပြီးတော့ အသေး ဆိုရင်ရော တစ်ခု ဘယ်လောက် ပါလဲလို့ ထပ်မေးပါတယ်.. ဒီအခါ စားပွဲထိုးအမျိုးသမီးက စိတ်မရှည်စွာနဲ့ ၆၅ဆင့်လို့ ဆောင့်ဆောင့် အောင့်အောင့် ပြန်ဖြေပါတယ်… ကောင်လေးက ဒါဆို ကျွန်တော် ခွက်သေးတစ်ခု ဘဲယူပါမယ်  ပြောပြီး ကျသင့်ငွေ ၆၅ ဆင့်ကို ရှင်းပေးလိုက်ပါတယ်.. … ရေခဲမုန့် စားပြီးတဲ့အခါ  ကောင်လေးက ပြန်ထွက် သွားပါတယ်.. ခုနက စားပွဲထိုး အမျိုးသမီး ရောက်လာပြီး ကောင်လေး စားသွားတဲ့ ခွက်ကို သိမ်းဖို့ ယူလိုက်တဲ့အချိန်မှာ ၁၀ဆင့် လေးတစ်ဆင့်ကို သူမအတွက်  ချန်ထားခဲ့တာ တွေ့လိုက်ရပါတယ်… အမျိုးသမီးရဲ့ ရင်ထဲမှာတော့ သူမရဲ့ စိတ်မရှည် လိုက်မှုအတွက် စိတ်ထိခိုက်ခြင်း၊ အားနာ ရှက်ရွံ့ခြင်း များနဲ့ပါ….


 


ကောင်လေးက ရေခဲမုန့်မမှာခင်မှာ စားပွဲထိုး အမျိုးသမီးအတွက်  အရင် ထည့်စဉ်းစားပါတယ်.. အမှန်တော့ ကောင်လေး လက်ထဲမှာ ရေခဲမုန့်အကြီး တစ်ခုစာ ပိုက်ဆံအပြည့် ပါပါတယ်.. ဒါပေမဲ့ အမျိုးသမီးအတွက် ၁၀ဆင့်ကို ပေးဖို့ချန်ပြီးမှ ကျန်ငွေနဲ့ သူ့အတွက် ရေခဲမုန့်ကို မှာလိုက်တာ ဖြစ်ပါတယ်.. ငယ်ရွယ်သူ ဖြစ်သော်လည်း သူတစ်ပါးအတွက် ထည့်စဉ်းစားတတ်တဲ့ စိတ်ထားလေးက အတုယူစရာ ကောင်းလှ ပါတယ်ရှင်… တစ်ခါတစ်လေမှာ လူကြီးဖြစ်တဲ့ ကျွန်မတို့ တွေဟာ ကလေးတွေဆီက သင်ယူစရာတွေ ရှိနေပါသေးလားလို့ သဘော ပေါက် မိပါတယ်.. ကိုယ့်အတွက်ထက် သူတစ်ပါးအတွက် အရင် စဉ်းစား ပေးတတ်တဲ့ သူ့လို လူမျိုးတွေ ချည်းသာဆိုရင် လောကကြီးက ကိုယ်ချင်း စာစိတ် ၊မေတ္တာစိတ်တွေနဲ့ ခုထက်ပိုပြီး သာယာလှပနေမှာ သေချာပါတယ်နော်…


 


great motivational blogspot မှ Consideration ကို ပြန်လည်ဝေမျှပါတယ်ရှင်…


 


အတုယူနိုင်ကြပါစေရှင်……..


 


ချော (အစိမ်းရောင်လွင်ပြင်)


 

လျှို့ဝှက် တပ်ဆင်ထားသော ဗီဒီယိုကင်မရာများ

နည်းပညာ ထွန်းကားလှတဲ့ ဒီခေတ်ကြီးမှာ သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်ရှင်… ဘာလို့ ဒီလို ပြောရတာလဲ ဆိုရင်ဖြင့် အောက်မှာ ဖော်ပြထားတဲ့ ပုံလေး တွေကို ကြည့်ပါ.. ဘယ်လိုမှ ထင်မှတ်မထားတဲ့ လျှို့ဝှက် ဗီဒီယို ကင်မရာလေးတွေပါ.. ကိုယ့်ရဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကို လျှို့ဝှက်စွာ ယူငင်သွားမဲ့ ကြောက်စရာ သိပ္ပံမျက်လုံးများ ဖြစ်ပါတယ်.. အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှာ  ရောက်ရှိနေကြတဲ့  မြန်မာ အမျိုးသမီး လေးများ၊ နိုင်ငံတွင်းရှိ အမျိုးသမီးလေးများ ပိုပြီး သတိပြု နိုင်စေရန်အတွက်  အသိပေး ဖော်ပြ လိုက်ပါတယ်…


ရုတ်တရက်ကြည့်ရင် သာမာန် ခါးပတ်ခေါင်းလေး တစ်ခုပါ….သေချာ ကြည့်ရင် ခါးပတ်ခေါင်းမှာ အပေါက်လေးကို တွေ့ရပါလိမ့်မယ်………




အဲဒီ အပေါက်လေးဟာ ကင်မရာတစ်ခုရဲ့ မှန်ဘီလူးလေးပါ.. ဘေးမှာတော့ ကင်မရာ တစ်လုံးရဲ့ ခလုပ်များအပြည့်အစုံပါရှိပါတယ်..


ဂက်စ်မီးခြစ်တစ်လုံးကဲ့သို့ အယောင် ဖျောက်ထားတဲ့ ကင်မရာပါ.. ဆေးလိပ်လဲမပါဘဲ မီးခြစ်လေးတစ်ကိုင်ကိုင် ကိုယ့်ရှေ့လာလုပ်နေရင် သတိထားနော်…


 ဒါလေးကလဲ ဂဏန်းတွက်စက်နဲ့ချွတ်စွပ်တူတဲ့ ကင်မရာပါ.. ခလုပ်တွေထားတဲ့ နေရာနဲ့ မှန်ဘီလူးရှိတဲ့ နေရာကို ရှင်းပြထားပါတယ်..




 ဒါလေးကလဲ iPod သဏ္ဍာန် ကင်မရာလေးပါဘဲ..  ဘောင်းဘီအိတ်တို့ အင်္ကျီအိတ်တို့မှာ ခုလို ချိတ်လိုက်တော့  မှန်ဘီလူးက ရှေ့မြင်ကွင်းကို ချိန်ပြီးသားပေါ့..




                                  

ဒီပုံကတော့ ချိတ်စရာမပါတဲ့ ရိုးရိုး iPod သဏ္ဍာန် ကင်မရာလေးပါ.




ဒီလို ဒီလို ချွင်းဂမ်း(ပီကေ) အိတ်လေးနဲ့ဆို အမှတ်တမဲ့ကြည့်ရင် ကင်မရာလို့ ဘယ်သူက သိမှာလဲနော်.

              

ကား သော့ control နဲ့ တူတဲ့ ကင်မရာပါ..  function လေးတွေ ရှင်းပြထားပါတယ်..




           

ကဲ……….ဒီလို အချိုရည်ဗူးတွေမှာ ကင်မရာ တပ်ဆင်ထားပါတယ်ပြောရင် ဘယ်သူယုံနိုင်မလဲနော်..




                                       အဲဒီအချိုရည်ဘူး တွေရဲ့ လျှို့ဝှက်ချက်တွေပါ  

                                                  

                                     ဒါလေးကလဲ မီးခြစ်ပုံစံ ဗီဒီယို ကင်မရာလေးပါဘဲ


 ဒါကတော့ မီးပလပ်ပုံစံ ကင်မရာပါ… ဟော်တယ်တို့ ရုံးခန်းတို့လိုနေရာမျိုးမှာ လျှို့ဝှက် တပ်ဆင်လို့ အကောင်းဆုံးပုံစံပါ..  (သတိပြုကြပါရန်)

                        

  မျက်မှန်မှာ တပ်ဆင်တဲ့လျှို့ဝှက်ကင်မရာလေးပါ..  နားကြပ်လေးတောင် ပါသေးတယ်နော်…    




                                                 နာရီမှာ တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာလေးတွေပါ 

  

ဘောပင်လေးတစ်ချောင်း ချိတ်ထားပြီး လာစကားပြောနေရင်လဲ သတိထားနော်…မဟုတ်တာတွေ လျှောက်မပြောမိစေနဲ့……..


                 ဦးထုပ်ဆောင်းထားရင်လဲ သတိထားတဲ့… ဦးထုပ်မှာလဲ ကင်မရာ တပ်လို့ရတယ်နော်



 ကဲ.. နောက်ဆုံးတော့ လည်စည်း စည်းထားတဲ့သူတောင် သတိထားရမလို ဖြစ်နေပြီ..  

——————————————————————————————
အားလုံးဘဲ ဗဟုသုတအတွက်ရော.. သတိပြုကြဖို့အတွက်ပါ ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်..  Original from  FunShip Group 

  
သတိပြုနိုင်ကြပါစေရှင်…..

   

ချော (အစိမ်းရောင်လွင်ပြင်)