ဝေမျှခြင်းရဲ့ ရလဒ်

 




   photo from google


 


တစ်ခါက ပြောင်းတွေကို အကြီးအကျယ် စိုက်ပျိုးတဲ့ ယာသမားကြီး တစ်ဦးရှိပါတယ်… သူဟာ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ သီးနှံပြပွဲ ပြိုင်ပွဲမှာ သူ့ပြောင်း တွေကို ပြိုင်ပွဲ ၀င်ပါတယ်.. ပြိုင်ပွဲ ၀င်တိုင်းလည်း အမြှင့်ဆုံးဆုဖြစ်တဲ့ ဖဲကြိုးပြာဆုကို အမြဲရရှိအောင် သူ့ပြောင်းတွေဟာ အရည်အသွေး ကောင်းမွန် မြင့်မားလှပါတယ်..


 


တစ်နှစ်မှာ  ယာသမားကြီး ပြပွဲက ဆုရအပြီး သတင်းထောက် တစ်ယောက်ဟာ သူ့ကို အင်တာဗျူး လုပ်ပါတယ်.. နှစ်စဉ် ဒီလို ဆုရအောင် အရည်အသွေး ကောင်းမွန်တဲ့ ပြောင်းတွေကို ဘယ်လိုများ စိုက်ပျိုးပါသလဲလို့  မေးတော့ ယာသမားကြီးက သူ့ပြောင်းမျိုးစေ့တွေကို အနီးအနားက ယာခင်းတွေ အားလုံး မျှဝေပေးပြီး စိုက်ပျိုးစေတယ် ဆိုတာကို သတင်းထောက်က သိလိုက်ရပါတယ်….


 


ဒီတော့ သတင်းထောက်က နှစ်စဉ် ပြပွဲတိုင်းမှာ ဆုရတဲ့ ဒီ ပြောင်းမျိုးစေ့ကောင်းတွေကို ဘာစိတ်ကူးနဲ့များ  သူများတကာကို မျှဝေပေးတာလဲ ကိုယ်တစ်ယောက်တည်း စိုက်ပျိုးတော့ မျိုးကောင်းကို ကိုယ်တစ်ယောက်တည်း မပိုင်ဆိုင်ရပါလား ၊ ကိုယ်တစ်ယောက်တည်း စီးပွားမဖြစ် ပေဘူးလားလို့ မေးပါတယ်..


 


ယာသမားကြီးက "ဘာလို့ မဝေရမှာလဲဗျာ.. ခင်ဗျား သိရဲ့လား ပြောင်းပင်မှာ ပန်းပွင့်လေးတွေ ဖူးပွင့်တဲ့ အချိန် ရောက်တဲ့ အခါ လေပြေက ပြောင်းဝတ်မှုန် လေးတွေကို သယ်ဆောင်ပြီး စိုက်ခင်း တစ်ခုကနေ တစ်ခု ၀တ်မှုန် ကူးစေနိုင်တယ်လေ.. စိုက်ခင်းများလေ ၀တ်မှုန်ကူးတာ အောင်မြင်လေ ပြောင်းတွေ အရည်အသွေး အထွက်နှုန်း ကောင်းလေ ပေါ့ဗျာ… တကယ်လို့ ကျွန်တော့် စိုက်ခင်းနား နီးချင်းတွေကသာ မျိုး မကောင်းတဲ့ ပြောင်းတွေကို စိုက်ပျိုးမယ် ဆိုရင် မကောင်းတဲ့ ပြောင်းဝတ်မှုန်တွေနဲ့ အပြန်အလှန် ၀တ်မှုန်ကူးခံရတဲ့ ကျွန်တော့် ပြောင်းတွေကရော အရည်အသွေး၊ အထွက်နှုန်း ကောင်းနိုင် ပါဦးမလား.. ဒီတော့ ပြောင်း မျိုး ကောင်းတွေ ကျွန်တော် လိုချင်တယ်ဆိုရင် ကျွန်တော့် ယာနီးနားချင်း အားလုံး ကိုလဲ ပြောင်း မျိုးစေ့ ကောင်းတွေ စိုက်ပျိုးနိုင်ဖို့ ကျွန်တော် ကူညီရမယ်လေ " လို့ ပြန်ဖြေလိုက်ပါတယ်…


 


ယာသမားကြီးဟာ လောက သဘာဝကြီးရဲ့ ဆက်စပ်မှုကို သေချာဂဏစွာ နားလည်သူတစ်ဦးဖြစ်ပါတယ်.. သူ့အိမ်နီးနားချင်းတွေ စိုက်ပျိုးတဲ့ ပြောင်းတွေ မကောင်းဘဲနဲ့ သူ့အတွက်လည်း ပြောင်းမျိုးကောင်းကို မရနိုင်ဘူးဆိုတာ သဘောပေါက် နားလည် ထားသူပါ.... မျှဝေခြင်း ဆိုတဲ့  အသိတရားကောင်းရဲ့ ရလဒ်ကိုလဲ ပိုင်ဆိုင်ထားသူ တစ်ဦးလဲ ဖြစ်ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------


 


 ကျွန်မတို့တွေကရော ယာသမားကြီးလောက် အသိတရားကြွယ်ဝသူများ ဟုတ်ပါရဲ့လား.. မိမိ တတ်ထား၊ သိထားသမျှကို သိုဝှက်လို့ တစ်ကိုယ် တည်း ကောင်းအောင် ကျင့်ကြံနေသူများ ဖြစ်နေမလားနော်.. စဉ်းစား ကြည့်မယ်ဆိုရင်  မျှဝေနိုင်တဲ့စိတ်ထားမျိုး ရှိဖို့ဆိုတာ တကယ်တမ်းတော့ မခက်ခဲ လှပါဘူးရှင်.. တစ်ဖက်သားကို မျှဝေလိုက်ခြင်းအားဖြင့် မိမိတွင်လည်း တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို မလွဲမသွေ ပြန်ခံစားရမှာ ဖြစ်ပါတယ်.. လုပ်ငန်းခွင်မှာ ကိုယ့်အသင်းအဖွဲ့ တစ်ခုလုံး နာမည်ကောင်း ရဖို့၊ အောင်မြင်ဖို့ ဆိုတာ ကိုယ်တစ်ဦး တစ်ယောက်တည်း တော်နေ၊ တတ်နေရုံနဲ့ မဖြစ်နိုင်ပါဘူး.. မိမိ ကိုယ်တိုင်ရော အဖွဲ့ဝင်တွေပါ တော်ဖို့၊ တတ်ဖို့၊ ညီညွှတ်ဖို့ လိုပါတယ်.. ဒီလိုဆိုရင် မိမိမှာ ရှိတဲ့ အရည်အချင်း ကောင်းတွေကို တစ်ပါးသူတွေကိုပါ ပြန်လည် မဝေမျှ သင့်ဘူးလားရှင်… အပြန်အလှန် မျှဝေခြင်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘော တရားအရ နှစ်ဦး နှစ်ဘက်လုံး အကျိုးရှိစေနိုင်ပါတယ်..


 


အချို့သော ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဟာ မိမိတို့ လုပ်ငန်း၊ အကျိုးစီးပွားကို အောင်မြင်ဖို့ အလွန်အမင်း ဆန္ဒ ရှိကြသော်လည်း မျှဝေဖို့ကို မေ့လျှော့ နေတတ်ကြပါတယ်.. မိမိ အကျိုးစီးပွား တိုးတက် အောင်မြင်ဖို့၊ အလုပ်သမားများ ကောင်းမွန်စွာ၊ စေတနာပါပါ အလုပ် လုပ်ပေးကြဖို့ ဆိုတာ အလုပ်ရှင်များဘက်မှ အလုပ်သမားများအပေါ် ထိုက်သင့်တဲ့ အခွင့်အရေး ၊ ထိုက်သင့်တဲ့ ဝေမျှမှုကို ပေးထားပါမှသာ အလုပ်သမားများ ဘက်မှလည်း ကောင်းမွန်သော လုပ်အားများ ထုတ်လုပ် ပေးချင်ကြမှာ ဖြစ်ပါတယ်.. စေတနာပါတဲ့ အလုပ်သမားနဲ့ စေတနာကောင်းတဲ့ အလုပ်ရှင်  ဒီနှစ်ဦး နှစ်ဝ ကြားမှာ အောင်မြင်တဲ့ ရလာဒ်က ခက်ခဲမယ် မထင်တော့ပါဘူးနော်.... မိမိအပေါ် ကောင်းမွန် မျှတတဲ့ အလုပ်ရှင်များ အပေါ် ဘယ်အလုပ်သမားကမှ သစ္စာဖောက်ဖို့၊ အလုပ်ခိုကပ်ဖို့၊ အလုပ်က ထွက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့  ဆန္ဒ ရှိတော့မှာ မဟုတ်ပါဘူး.. ဒါဆိုရင် အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဟာ ဝေမျှခြင်းလို့ ပြောရင်လဲ ထိုက်သင့်သလောက်တော့ မှန်ကန်မယ် မဟုတ်ပါလားရှင်…. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ ဝေမျှခြင်းဟာ တကယ်တမ်းတော့ ဘာမှမပြောပ လောက်ပေမဲ့ ပြန်ရတဲ့ အကျိုးတရားက ဘယ်အတိုင်း အတာ ထိအောင် ရှိမယ်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်နိုင်ပါဘူးနော်…


 


ဒီတော့ ပြောင်းစိုက်တဲ့ ယာသမားကြီးရဲ့ ဝေမျှခြင်း သဘောတရားကို နမူနာယူပြီးတော့ ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းခွင် တွေမှာ တတ်နိုင်သလောက် မျှဝေသူများ ဖြစ်အောင် ကြိုးစား ကြည့်ကြပါစို့လားရှင်….


 


Funzug.com မှ Growing Good Corn ကို ဘာသာပြန်၍ ပြောင်းစိုက်သမားကို အားကျကာ ဝေမျှပါသည်................ :)


 


ချော(အစိမ်းရောင်လွင်ပြင်)


 


 


 

သင် သေသွားခဲ့သော်..........





တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာပြီး လောဘကြီးတဲ့ လယ်ပိုင်ရှင်ကြီး တစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သူ့ထက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က လယ်ပိုင်ရှင်ကြီးကို ငါပိုင်တဲ့ မြေတွေထဲမှာ မနက်ကနေစပြီး လမ်းလျှောက်သွားလို့ ညနေ နေ၀င်ချိန်မှာ စလျှောက်သွားတဲ့ နေရာကို ရောက်အောင် ပြန်လာနိုင်တဲ့ မင်း လျှောက်နိုင်သလာက် မြေကြီးကို ငါပေးမယ်လို့ ပြောပါတယ်..




ဒါနဲ့ လောဘကြီးတဲ့ မြေပိုင်ရှင်ကြီးကလဲ သူ့မှာ မြေတွေအများကြီး ရှိနေပါရက်နဲ့ မတော် လောဘတက်ပြီး အလကား လိုချင်တော့ မနက် စောစောထပြီး အဲဒီမြေနေရာကို သွားပါတယ်.. ပြီးတော့ စမှတ်တစ်ခုကို မှတ်သားထားပြီး  ၄င်းနေရာကနေ လမ်းစ လျှောက် ပါတယ်.. ဖြေးဖြေး လျှောက်ရင် နေရာများများ မရမှာ စိုးတဲ့အတွက် လယ်ပိုင်ရှင်ကြီးဟာ အပြေးတစ်ပိုင်း လမ်းလျှောက် ပါတယ်.. မြန်နိုင်သမျှ မြန်မြန် လျှောက်ပါတယ်.. သူဟာ မောပန်းလွန်းနေပြီ ဖြစ်သော်လည်း အနားယူဖို့၊ ရပ်တန့် ပစ်လိုက်ဖို့ စိတ်ကူး မရှိပါဘူး.. သူ့ဘ၀မှာ အခုထက် ပိုပြီး ကြွယ်ဝ ချမ်းသာလာဖို့ ဒီတစ်ခါသာရတဲ့ အခွင့်အရေးကို လက်လွတ် မခံချင်တဲ့အတွက် မရပ်မနား လျှောက်နေဆဲပါ…..




နေ့လည်စောင်းလာတော့ သူ့ကိုယ်သူ ခရီးတော်တော်များများ ပေါက်ခဲ့ပြီ ဆိုတာ သဘောပေါက်လာတယ်.. နေ၀င်ချိန် အမှီလဲ စ မှတ်ကို ပြန်ရောက်ရဦးမယ် ဆိုတော့ သူ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ပါတယ်.. သူ့လောဘစိတ်ရဲ့ စေ့ဆော်မှု ကြောင့်သာ ဒီလောက် အကွာ အဝေးကို သူလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်.. သူနောက်ကြောင်း ပြန်လှည့်လျှောက်ရင်း မျက်လုံးက နေကိုသာ စူးစူးစိုက်စိုက် ကြည့်ပြီး လျှေက်လာပါတယ်.. နေ၀င်ခါနီးလေ မြန်အောင်ပြေးလေ.. နေ၀င်ခါနီးလေး မြန်သထက် မြန်အောင်ပြေးလေ ပါဘဲ.. နေ၀င်သွားလို့ သူစလျှောက်ခဲ့တဲ့ နေရာကို မရောက်ရင် ဒီမြေတွေကို သူရမှာ မဟုတ်တော့ဘူးလေ.. ဒီတော့ ပြေးရင်းပြေရင်း မောပန်းလွန်းလို့ အသက် တောင် မရှူနိုင်အောင် ဖြစ်လာပါတယ်..




နောက်ဆုံးတော့ သူစလျှောက်တဲ့ နေရာလဲ ရောက်ရော မြေပိုင်ရှင်ကြီးဟာလဲ အမောဆို့ပြီး လဲကျသွားပါရော.. နေ၀င်ချိန် မတိုင်ခင်မှာတော့ အစကို ပြန်ရောက်ခဲ့ပါရဲ့.. သို့သော်လည်း အမောဖောက် နှလုံးခုန်ရပ်ပြီး အဲဒီနေရာလေးမှာဘဲ သေဆုံး သွားခဲ့ပါတယ်..သူသေသွားတော့ အဲဒီသူပိုင်သွားပြီ ဖြစ်တဲ့ မြေကြီးမှာဘဲ လူတွေက သူ့ကို မြုပ်နှံ လိုက်ကြပါတယ်.. မြေပိုင်ရှင်ကြီး သေတော့ နောက်ဆုံး လိုအပ်တာ၊ သူပိုင်သွားတာက  သူ့တစ်ကိုယ်စာ မြုပ်နှံဖို့ ခြောက်ပေအရှည် မြေကွက်လေး တစ်ကွက်မျှသာ………………




ကဲ သင်သေသွားတဲ့ နောက် ဘယ်လိုပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုမျိုးက သင့်နောက်ကို လိုက်ပါသွားပါသလဲ.....




-------------------------------------------------------------------------------------------------------------------------------



သတိ သံဝေဂယူစရာ ပုံပြင်လေးတစ်ပုဒ်ပါနော်.... အချို့သောသူတွေဟာ ငွေကြေးဥစ္စာနောက်ကို အာသာငမ်းငမ်း လိုက်နေကြတယ်.. သားသမီး အတွက်၊ မိဘအတွက်၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း ချစ်သူခင်သူများအတွက်  ပေးစရာ အချိန်မရှိလောက်အောင် ငွေနောက်ကို ကောက် ကောက်ပါ နေကြတဲ့ သူတွေအများကြီးပါ.. ဘာသာရေးနဲ့ လူမှုရေး လုပ်ငန်းတွေကိုပါ လှည့်မကြည့် နိုင်လောက်အောင် အချိန် ရှားပါး နေကြတယ်.. ကျိကျိတက် ချမ်းသာနေသော်လည်း မိသားစုနဲ့ ထမင်းစားဖို့တောင် အချိန်မပေးနိုင်၊ လည်ပတ်သွားလာ အပန်းဖြေဖို့တောင် အချိန်မပေးနိုင်ရင် ဘ၀ရဲ့ ချမ်းသာခြင်းဟာ ပြီးပြည့်စုံပါရဲ့လား စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား... လူချမ်းသာသော်လည်း စိတ်မချမ်းသာရင် ချမ်းသာသုခနဲ့ ပြည့်စုံတယ်လို့ ခေါ်ဆိုထိုက်ပါရဲ့လား.... ဘ၀ ရှင်သန် ရပ်တည်ဖို့ ငွေကြေးဥစ္စာ လိုအပ်သလို အဓိပ္ပယ်ရှိတဲ့ ဘ၀ဖြစ်ဖို့ ဆိုတာလဲ စိတ်၏ ချမ်းသာခြင်းနဲ့လဲ ပြည့်စုံဖို့ လိုအပ်ပါတယ်.. စိတ်၏ ချမ်းသာခြင်းကို ဘယ်လိုရှာဖွေမလဲ.... မေးချင်စရာပါ.. ခက်ခက် ခဲခဲတော့ မဟုတ်ပါဘူး.. မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားလာခြင်း၊ လူမှုရေးလုပ်ငန်းတွေမှာ အလျှဉ်း သင့်သလို ပါဝင် ဆောင်ရွက်ခြင်း၊ ဘာသာရေး ကိစ္စတွေမှာ အချိန် အနည်းငယ်ပေးခြင်း မိမိဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်ဆောင်ခြင်း (ဥပမာ စာဖတ်ခြင်း၊ စာရေးခြင်း၊ သီချင်းဆိုခြင်း၊ လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊..........) စသဖြင့် စိတ်အပန်းဖြေနိုင်မဲ့ အရာတွေ အတွက်လည်း အချိန်ကို ခွဲဝေ ပေးသင့်ပါတယ်... လောဘတကြီး ငွေနောက် လိုက်နေကြပေမဲ့  မိမိသေတဲ့အခါမှာတော့ အားလုံးကို ချန်ရစ်ခဲ့ ရမှာပါ... အသက် ရှင်သန်နေစဉ် လေးမှာတော့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းမြေ့စွာနဲ့ အတ္တနဲ့ပရ ကို မျှတအောင် ကြိုးစားသွားကြပါစို့လားရှင်...






ဖတ်လိုက်ရတဲ့ Inspirational ဘလော့ဂ် တစ်ခုထဲက  Where Does It end? ကို စာဖတ်သူများအား ဘာသာပြန်၍ ပြန်လည်မျှဝေပါတယ်ရှင်...




ချော (အစိမ်းရောင်လွင်ပြင်)

ဘ၀ရဲ့ ပဲ့တင်သံ


photo from google search


 


တစ်နေ့   ရွာလေးတစ်ရွာမှာရှိတဲ့ သားအဖ ၂ယောက်ဟာ တောင်တက် တောလမ်းလေးတစ်ခုကို ဖြတ်သန်းလာကြပါတယ်.. ရုတ်တရက် သား ဖြစ်သူက ခြေခေါက်ပြီး လဲကျသွားပါတယ်..  နာကျင် လွန်းတဲ့အတွက် သူ့ပါးစပ်မှာ အား ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်မိပါတယ်..  ချက်ခြင်းဘဲ တောင်တန်း တစ်နေရာမှ သူအော်လိုက်သော အသံအတိုင်း အား လို့ ထပ်ခါထပ်ခါ ထွက်ပေါ်လာသော အသံများကို ကြားလိုက် ရပါတယ်…


 


သူက ဘယ်သူက အော်လိုက်တာပါလိမ့်လို့သိချင်တဲ့ အတွက် “မင်းဘယ်သူလဲ” လို့ ပြန်အော်ဟစ်ပြီး မေးလိုက်ပါတယ်…  တစ်ဖက်ကလဲ “မင်း ဘယ်သူလဲ” လို့ပြန်အော်မေးသံကို သူကြားလိုက်တယ်..


 


တစ်ခါသူက  မင်းကို ငါ လေးစားပါတယ်.” လို့ ပြန်အော်လိုက်ပြန်တယ်… တစ်ဘက်ကလည်း သူ့အတိုင်းဘဲ “မင်းကို ငါ လေးစား ပါတယ် ” လို့ ပြန်အော် လာတယ်..


 


နောက်တစ်ခါ သူက ဟေ့ သတ္တိနည်းတဲ့ကောင်” လို့အော်ပြန်တော့ သူ့အတိုင်းဘဲ “ဟေ့ သတ္တိနည်းတဲ့ ကောင် ” လို့ အော်သံ ထွက်လာ ပါတယ်..


 


ဒီတော့ ကောင်လေးက သူ့အဖေကို မေးလိုက်တယ်.. “အဖေ သူက ဘယ်လို ဖြစ်တာလဲ ကျွန်တော်အော်တဲ့ အတိုင်းပြန်အော်နေတယ်. ဘယ်သူက အော်နေတာလဲ ” တဲ့ .. သူ့အဖေက ပြုံးလိုက်ပြီး “သား သေချာနားထောင်နော်…” အဲလိုပြောပြီး “ဟေ့ မင်းဟာ လူတော် တစ်ယောက်ဘဲ ” လို့ အော် ဟစ်လိုက်ပါတယ်.. ဒီတော့ သူ့အဖေရဲ့အသံအတိုင်းဘဲ အော်သံပြန်ထွက်လာပါတယ်.. သားဖြစ်သူက အဖေကို အံ့သြတကြီး ကြည့်နေ ပါတယ်.. သူ့အဖေ ဘာလုပ်နေတာလဲဆိုတာ သူ သဘောမပေါက် ပါဘူး…


 


ဒီနောက် အဖေလုပ်သူက သားကို ရှင်းပြတယ်..


 


 “သား ဒီဟာကို လူတွေက ပဲ့တင်သံလို့ခေါ်ကြတယ်.. အမှန်တော့ အဲဒါဟာ ဘ၀ဘဲ.. သားဘ၀မှာ ဘာဘဲလုပ်လုပ် ၊ ဘာဘဲ ပြောပြော သားပြောတဲ့ လုပ်တဲ့ အတိုင်းဘဲ သားရဲ့ဘ၀မှာ ပြန်ပြီး ထင်ဟပ်လာတယ်..  သားကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ပြန်ခံစားရမယ်.. ဆိုးတာလုပ်ရင် ဆိုးကျိုးကို မလွဲမသွေ ပြန်ခံစားရမှာဘဲ. သားပြုသမျှ အရာရာဟာ ခုနက သား ကြားလိုက် ရတဲ့ ပဲ့တင်သံလိုဘဲ ထပ်တူထပ်မျှ ကိုယ့်ဆီကို ပြန်လာလိမ့်မယ်… ဘ၀မှာ အောင်မြင်မှုဆိုတာ တိုက်ဆိုင်မှုတွေ ကြောင့် ဖြစ်လာတာ မဟုတ်ဘူး.. ကိုယ့်ကြိုစားမှုကြောင့် ပဲ့တင်သံသဖွယ် တုံ့ပြန်ရရှိလာတဲ့ ရောင်ပြန် ဟပ်ခြင်းတွေဘဲ ဖြစ် တယ်... ”


 


-------------------------------------------------------------------------------------------------------------------------------------


ဒီဇာတ်လမ်းလေးထဲက အဖေဖြစ်သူပြောတဲ့ စကားလေးလိုပါဘဲ.. ကျွန်မတို့တွေဟာ ဘ၀မှာ အောင်မြင်ချင်တယ် ဆိုရင် ကြိုးစားကြဖို့ လိုပါ တယ်..  မကြိုးစားဘဲနဲ့ တိုက်ဆိုင်မှုကြောင့် ဆိုပြီး ရလာဒ်ကောင်းတွေကို ရရှိလာမှာ မဟုတ်ပါဘူး... အချို့သောသူတွေက စိတ်ပျက် ညီးတွား တတ်ကြတယ်.. ငါတို့မှာ နောက်ခံ အင်အား မကောင်းပါဘူး... မိတ်ကောင်းဆွေကောင်း မရှိပါဘူးဆိုပြီး ကြိုးစားဖို့ စိတ်ကူးမရှိတော့ဘဲ စိတ်ပျက် လက်ပျက် မှိုင်တွေနေတတ်ကြတယ်.. အခွင့်အလမ်းကောင်းဆိုသည်မှာ ကိုယ့်ဆီကို အလိုလို ရောက်လာ တတ်တဲ့ အရာမျိုး မဟုတ် ပါဘူး.. မိမိကသာ လိုက်လံရှာဖွေရမဲ့ အရာဖြစ်ပါတယ်.. အခွင့်ကောင်း မတွေ့သေးတဲ့အချိန်မှာ မိမိလုပ်နေရမဲ့ အရာသည် လိုအပ်သော အရည် အချင်း များကို ဖြည့်ဆည်းထားဖို့ အရေးကြီးပါတယ်.. ကြိုးစားသူများအတွက် အောင်မြင်မှု ပန်းတိုင်ဆိုတာ လက်တစ်ကမ်း အကွာမှာ ရှိနေ တတ်ပါ တယ်.. မကြိုးစားဘဲ ထိုင်နေလျှင်တော့ အောင်မြင်မှု ပန်းတိုင်နဲ့ တစ်ဖြေးဖြေး ဝေးကွာသွားမှာ သေချာ သလောက်ပါ. လေ့လာ သင်ယူ စရာ များပြားလှသော ယခုခေတ်တွင် လူငယ်များ အချိန်ဖြုန်းမနေသင့်ဘဲ ဘ၀အတွက် အသုံးကျမည် အကျိုးရှိမည် ဟု ထင်ရသော ပညာများကို လေ့လာ ၊သင်ယူထားသင့်ပါတယ်.. . တစ်ချိန်ချိန် အခွင့်အလမ်းနှင့် ကြုံတွေသည့်အခါ မိမိတွင် လိုအပ်သော အရည်အချင်းများ ပြည့်စုံစွာ ဖြည့်ဆည်းထားပြီး ဖြစ်သောကြောင့် ၄င်းအခွင့်အလမ်းနှင့် လွှဲချော်သွားစရာ အကြောင်းမရှိတော့ပါ... ထိုအချိန်တွင်မှ မိမိတွင် မဖြည့်ဆည်း ခဲ့ရသော အရာများအတွက် နောင်တရနေမည် ဆိုလျှင်တော့ နောက်ကျသွား ပါပြီ.. ဘ၀ဆိုသည်မှာ ကြိုးစား နေသူများ အတွက်တော့  နေရာ တစ်နေရာ အမြဲတမ်း ရှိနေတတ်ပါတယ်ရှင်........


 


Unknown Author ရဲ့ Echo ကို ဘာသာပြန်ထားပါသည်..


 


အင်အားရှိကြပါစေရှင်.............


 


ချော(အစိမ်းရောင်လွင်ပြင်)

ကမ္ဘာတစ်လွှား ရေတံခွန်များ

 

ကမ္ဘာပေါ်ရှိ ရေတံခွန်များစွာတို့အနက် ထင်ရှားကျော်ကြားတဲ့ ရေတံခွန်များကို ဗဟုသုတအတွက် ဖော်ပြပေးလိုက်ပါတယ်..



ဒီရေတံခွန်က ဗင်နီဇွဲလားနိုင်ငံ Canaima အမျိုးသားဥယျာဉ်မှာရှိတဲ့ Angel Falls ပါ.. စုစုပေါင်း အမြင့်ပေ  ၃၂၁၂ ပေမြင့်တဲ့ ကမ္ဘာ့ အမြင့်ဆုံး ရေတံခွန် တစ်ခုဖြစ်ပါတယ်...

 



 

တောင်အာဖရိကနိုင်ငံရှိ အမြင့်ပေ ၃၁၁၀ ရှိ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး Tugela Falls ပါ

 



ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိတဲ့ ဥရောပမှာ အကြီးဆုံးရေတံခွန်ဖြစ်တဲ့ Rhine Falls ပါ  ဂျာမဏီနယ်စပ်နဲ့ မိုင်အနည်းငယ်သာကွားဝေးပါတယ်. ရိုင်းမြစ်ထဲကို ရေပမာဏ အများဆုံး စီးဆင်းတဲ့ ရေတံခွန်ဖြစ်ပါတယ်...

 



အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်  Yosemite အမျိုးသားဥယျာဉ်ရှိ Yosemite Falls ပါ.. အမြင့်ပေ ၂၄၂၅ မြင့်ပြီးတော့  မတူတဲ့ ပုံစံ ၃မျိုးနဲ့ စီးဆင်းတဲ့နေတဲ့ ရေတံခွန်ဖြစ်ပါတယ်..



အာဖရိကနိုင်ငံ Victoria အမျိုးသားဥယျာဉ် ရှိ  Victoria Falls ပါ.. အမြင့်ပေအားဖြင့် ၃၅၀ သာရှိသော်လည်း အလွန်ကျယ်ပြန့် ကြီးမားတဲ့ ရေတံခွန် ဖြစ်ပါတယ်.. အကျယ်အားဖြင့် ၅၇၀၀ ပေ ကျယ်ဝန်းပါတယ်...



ပီရူးနိုင်ငံရှိ ကမ္ဘာ့ ပဉ္စမမြောက် အမြင့်ဆုံး Gocta ရေတံခွန်ပါ... ပီရူးအစိုးရရဲ့ ကြိုးပမ်းချက်နဲ့ သိပ်မကြာသေးခင်ကမှ ထင်ရှားကျော်ကြား လာတဲ့ ရေတံခွန်လဲ ဖြစ်ပါတယ်..



နော်ဝေးနိုင်ငံရှိ အမြင့်ပေ ၂၈၂၂ ရှိ Vinnufossen ရေတံခွန်ပါ.. ပင်မရေတံခွန်ကနေ ရေတံခွန်အသေး လေးဖြာ ခွဲထွက်စီးဆင်း နေပါတယ်..

 

 



အာဂျင်တီးနားနှင့် ဘရာဇီးနှစ်နိုင်ငံ နယ်စပ်ရှိ  ကြီးမားထင်ရှားလှသော Iguacu Falls ဘရာဇီးနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၂၅%ကို ထုတ်လုပ် ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများ အား အဆွဲဆောင်နိုင်ဆုံးသောရေတံခွန်တစ်ခုလဲ ဖြစ်ပါတယ်..

 



နယူးဇီလန်နိုင်ငံရှိ လူသိများထင်ရှားသော Sutherland Falls , ရေခဲတောင်များမှ စီးကျလာသော ရေများစုစည်းရာ ရေကန်ကြီးမှ ဖြာစီး ကျဆင်းလာသော ရေတံခွန်ကြီးတစ်ခုလည်းဖြစ်ပါတယ်.



 အမေရိကန်နှင့် ကနေဒါ နယ်စပ်ကြားရှိ ကမ္ဘာ့အလှဆုံး၊ ကမ္ဘာလှည့် ခရီးသွားများ အသွားများဆုံးသော Niagara Falls

 http://www.treehugger.com/galleries/2009/06/amazing-waterfalls-around-the-world.php?page=7  မှ မျှဝေပါသည်...

 

ပျော်ရွှင်ကြပါစေရှင်..

 

ချော (အစိမ်းရောင်လွင်ပြင်)

စကားလေးနှစ်ခွန်း

 



                                 picture from google


 


ကောင်မလေးနဲ့ ကောင်လေးနှစ်ယောက် လမ်းလျှောက်လာကြပါတယ်...


 


ကောင်မလေး ။                 ။ နင်ငါ့ကို တကယ်ချစ်တာ သေချာလား


 


ကောင်လေး   ။                 ။ သေချာတာပေါ့..တကယ်ဘဲဟာ


 


ကောင်မလေး ။                 ။ ဒါဆို ချစ်တယ် လို့နင်ငါ့ကို ပြောပါလား.. ငါကြားချင်လို့..


 


ကောင်လေး   ။                 ။ မပြောချင်ပါဘူး


 


ကောင်မလေး။                  ။ဘာလို့လဲ.. နင်ပြောတော့ တကယ်ချစ်တယ်ဆို.. ဘာကြောင့် မပြောချင်ရတာလဲ….


 


ကောင်လေး  ။                  ။ အင်း… ဘာကြောင့်လဲဆိုတော့…..


 


ကောင်မလေး။                  ။ပြောစမ်းပါဟယ်.. နင့်ပါးစပ်က ပြောတာ ငါကြားချင်လို့ပါ..


 


ကောင်လေး  ။                  ။ဟင့်အင်း ..မပြောနိုင်ပါဘူး


 


ကောင်မလေးထံမှ ငိုရှိုက်သံ သဲ့သဲ့လေးထွက်လာပါတယ်.. ပြီးတော့ကောင်လေးကို ပြောလိုက်တယ်..


 


ဒါဆို နင်ငါ့ကို တကယ်မချစ်ဘူးပေါ့နော်…


 


ကောင်လေး ဘာမှပြန်မပြောပါဘူး.. သူတို့၂ယောက်လုံး တိတ်ဆိတ်စွာနဲ့ လမ်းဆက်လျှောက်နေကြတယ်.. ကောင်မလေး အိမ်ရှေ့ရောက်တော့ ၂ယောက်လုံး ရပ်လိုက် ကြပါတယ်    ပြီးတော့ ကောင်လေးက ကောင်မလေးလက်ကို အသာ ဆုပ်ကိုင်လိုက်တယ်..


 


ကောင်မလေး။                  ။ နင်ဘာမှ ပြောစရာမရှိတော့ဘူးလား


 


ကောင်လေး  ။                  ။ ငါပြောမဲ့ စကားကို နင်တကယ် ကြားချင်တာလား….


 


ကောင်မလေး။                  ။ (ခပ်ရွံ့ရွံ့တွန့်ဆုတ်ဆုတ် လေသံလေးနဲ့ )  အင်း


 


ကောင်လေးက ကောင်မလေးရဲ့ ပုခုံးလေးကို အသာအယာပွေ့ဖက်လိုက်တယ်.. ပြီးတော့ နှဖူးလေးကို ဖွဖွညင်သာ နမ်းရှိုက်လိုက်ပြီး ကောင်မလေးရဲ့ နားရွက် နားလေးကို ကပ်ကာ နူးညံ့တဲ့အသံနဲ့ တိုးတိုးလေး  ပြောလိုက်ပါတယ်..


 


ဘာလို့ငါမပြောချင်တာလဲဆိုတော့ နင့်ကိုချစ်တဲ့အချစ်တွေက ချစ်တယ်”  ဆိုတဲ့ စကားလေး နှစ်ခွန်းနဲ့ ငါ့အချစ်ကို လုံလောက်အောင် မဖော်ပြ နိုင်လို့၊ မပြည့်စုံနိုင်လို့ပေါ့ကွယ်…


 


 ==============================================================


 


မှန်ပါတယ်နော်.. တစ်ခါတစ်လေမှာ ချစ်တယ်ဆိုတဲ့ ရင်ထဲက ခံစားချက်ဟာ စကားလေး၂လုံးနဲ့ ပြည့်စုံလုံလောက်အောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ခဲလွန်းနေပါ သေးတယ်...  တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် ချစ်တဲ့စိတ်နဲ့ ကိုယ့်ဘ၀ကြီးတစ်ခုလုံး အချစ်ရနံ့တွေ ထုံမွန်းပြီး လှပ နေတတ်တယ်.. အရာရာကို ပျော်ရွှင်စရာ တွေနဲ့၊ လောကကြီးတစ်ခုလုံး သာယာ ကြည်နူးစရာရယ်လို့ထင်တတ်ကြပေမဲ့ ချစ်သူနဲ့ ဝေးကွာ၊ ခွဲခွာနေတဲ့အခါမှာတော့ လောကကြီးတစ်ခုလုံးဟာ အထီးကျန် စရာ၊ စိတ်ပျက်ငြီးငွေ့စရာရယ်လို့ မြင်တတ်ကြပြန်ပါတယ်.. ဒါဟာ အချစ်ဆိုတဲ့ အရာလေးရဲ့ စွမ်းဆောင်ချက်ကြောင့်ဘဲ မဟုတ်ပါလား… အချစ်ရှိရင် ကမ္ဘာ လောကကြီး တစ်ခုလုံးကို အကောင်းမြင်နေတတ်ပေမဲ့ အချစ်မရှိတော့တဲ့အခါ လောကကြီးတစ်ခုလုံးကို အဆိုးမြင်လာအောင် စွမ်းဆောင်နိုင်တဲ့ ဒီအချစ်ကို ဘယ်လိုများ စကားလေး၂လုံးနဲ့ စာဖွဲ့လို့ပြည့်စုံနိုင်မှာလဲရှင်… ဒီတော့ စကားလေးနဲ့ ပြောဖို့ မလုံလောက်တဲ့အခါ ကိုယ်ဘယ်လောက် ချစ်ကြောင်း ချစ်သူကို သိစေဖို့အတွက် အမူအရာလေးတွေ ဂရုစိုက်မှုလေးတွေ ၊နားလည်မှုလေးတွေ ပြဖို့ လိုအပ်လာတာပေါ့နော်… ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ပိုချစ်လာတဲ့ အခါ အကြင်နာ စိတ်တွေ ပိုလာကြသလို နားလည် သိတတ်မှုတွေလည်း ပိုတိုးလာကြပါတယ်.. ဒါဟာ အချစ်အကြောင်းကို ညွှန်းဆိုပြသ နေကြခြင်းသာ ဖြစ်ပါတယ်…  စာဖတ်သူ များလည်း ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း သူသိအောင် ပြောပြဖို့အတွက် စကားလေး၂လုံးနဲ့ မလုံလောက်တဲ့အခါ နားလည်မှု၊ စာနာဂရုစိုက်မှု ၊ ကြင်နာ သိတတ်မှုလေးတွေနဲ့ အချစ်အကြောင်းလေးတွေကို ပိုပြီး ပြည့်စုံ လေးနက်အောင် ပြောပြလိုက်ကြပါလို့…………


 


Author unknown   ရဲ့  Three Words  ကို ဘာသာပြန်ပါတယ်ရှုင်...


 


ချစ်တတ်ကြသူများ ဖြစ်နိုင်ကြပါစေရှင်.......


 


ချော (အစိမ်းရောင်လွင်ပြင်)