ပြည့်ဝအိုး



photo from http://www.georgewashingtonwired.org/wp-content/uploads/2008/12/washington-on-horse-final.jpeg



တစ်ခါက မြင်းစီးထားတဲ့ လူတစ်ယောက်ဟာ စစ်သားတွေ မနိုင် မနင်းနဲ့ ၀ိုင်းပြီး မနေတဲ့ လေးလံသော ၀န်တင် ပစ္စည်းနားကို ရောက်လာ ပါတယ်.. လူအင်အားနဲ့ ပစ္စည်းရဲ့ အလေးချိန် မမျှတဲ့အတွက် သူတို့ မ နေတဲ့ ပစ္စည်းဟာ နေရာကနေ နည်းနည်းလေးတောင် မရွေ့ပါဘူးတဲ့… အဲဒီနားမှာတော့ တပ်ကြပ်လေး တစ်ယောက်ဟာ ၀ိုင်းဝန်း မတင်နေကြတဲ့ စစ်သားလေးတွေကို မကူညီဘဲ ဘေးကနေသာ ရပ်ကြည့် နေခဲ့ပါတယ်.. ဒါကို သတိထားလိုက်မိတဲ့ မြင်းစီး လူကြီးက တပ်ကြပ်လေးကို  မေးလိုက်ပါတယ်..




“ဒီလူတွေ ဒီလောက် မနိုင်မနင်း ဖြစ်နေတာ ဘာကြောင့် ၀ိုင်းပြီး မကူညီတာလဲ ” တဲ့…  တပ်ကြပ်လေးက ပြန်ဖြေ ပါတယ်..  “ ကျွန်တော်က တပ်ကြပ်လေ.. ဒီအဖွဲ့မှာ ခေါင်းဆောင်ဗျ.. ကျွန်တော်က သူတို့ကို အမိန့်ပေးရတာ...အမိန့်ပေးတဲ့လူ ဆိုတာ  ၀ိုင်းလုပ်ဖို့ မလိုဘူး ” တဲ့..   ဒီတော့ မြင်းစီး တဲ့လူက ဘာမှမပြောတော့ဘဲ မြင်းပေါ်က ဆင်းလိုက် ပါတယ်..  ပြီးတော့ ပစ္စည်းကို ၀ိုင်းပြီး မနေတဲ့ စစ်သားတွေ အနားကို သွားပြီး ၀ိုင်းကူ လိုက်ပါတယ်..  သူရဲ့ ကူညီမှုကြောင့် ပစ္စည်း ဟာ နေရာကနေ ရွေ့သွား ပါတယ်…  ဒီနောက် မြင်းသမားက မြင်းပေါ်ကို ပြန်တက်လိုက်ပြီး တပ်ကြပ်လေး ရှိရာဘက်ကို လှည့်လိုက်တယ်...  “ နောက်တစ်ခေါက် မင်းရဲ့ လူတွေ အကူအညီ လိုရင် စစ်ဦးစီးချုပ်ကို အခေါ်လွှတ်လိုက်… ”    လို့ ပြော ပြီး မြင်းကိုစီးကာ ထွက်ခွာသွားပါတယ်..




သူထွက်သွားပြီးမှ သိလိုက်ရတာက မြင်းစီးထားတဲ့ လူကြီးဟာ စစ်ဦးစီးချုပ် ဂျော့ခ်ျ ၀ါရှင်တန် ဖြစ်တယ် ဆိုတာပါဘဲ…



…………………………………………………………………………………………………………………………..



ဒီဇာတ်လမ်းလေးက တိုတိုလေးပါဘဲ.. ဒါပေမဲ့ ဆင်ခြင်တတ်ရင် သင်ခန်းစာ ယူစရာပါ.. တပ်ကြပ်လေးရဲ့ အဖြစ်က ဘာနဲ့တူသလဲဆိုရင် မပြည့်တဲ့အိုးနဲ့ တူပါတယ်.. ကျွန်မတို့ရဲ့ မြန်မာ စကားပုံလေး ရှိပါတယ်.. မပြည့်တဲ့ အိုး ဘောင်ဘင် ခတ်တယ် ဆိုတာပါဘဲ.. အိုးတစ်လုံးမှာ ရေကို ပြည့်အောင် မထည့်ထားတဲ့ အတွက် ရေအိုးကို လှုပ်ခါတိုင်း ရေဟာ ဘောင်ဘင်ခတ်ပြီး အသံပိုကျယ်ပါတယ်..  ဒီလိုလူမျိုးတွေ လောကကြီးမှာ များများစားစား ရှိနေပါတယ်.. ကိုယ့်ကိုယ်ကို ဘ၀င်မြင့် နေတတ်သော၊ ကိုယ်တိုင်လဲ ၀င်မလုပ်၊ သူများ လုပ်တာကို ထိုင်ကြည့်ပြီး အပြစ်ပြောနေတတ်တဲ့ လူတွေဟာ မပြည့်ဝတဲ့အိုးလို လူမျိုးတွေပါ…




ပြည့်ဝတဲ့အိုးများကျတော့ လှုပ်ခတ်မှုလည်း နည်းပြီး အသံကျယ်ကျယ်လဲ မမြည်ပါဘူး… လုပ်စရာ ရှိတာကို စကားများများ မပြောဘဲ တိတ်တိတ် ဆိတ်ဆိတ် ၀င်လုပ်ပြီး စာနာစိတ်၊ ထောက်ထားစိတ် များနဲ့ ကူညီတတ်သူ၊ လက်အောက်ငယ်သားနဲ့ လူအများအပေါ် ကိုယ်ချင်းစာစိတ် ထားတတ်သူ၊ နားလည် ကြင်နာတတ်သူများဟာ ပြည့်ဝအိုးလို လူစားမျိုး ဖြစ်ကြပါတယ်.. ဒီလိုလူစားမျိုးဟာ ဘယ်နေရာ၊ ဘယ်အခြေ အနေဘဲ ရောက်ရောက် ကိုယ့် အောက်က လူတွေနဲ့ သဟဇာတ ဖြစ်တတ်ပြီးတော့ လူချစ်လူခင်များပါတယ်.. လူတွေကလဲ လေးစား ကြည်ညို ကြပါတယ်..




မောက်မာပြီး ဘ၀င်မြင့်တဲ့ လူ၊ လက်အောက် ငယ်သားများကို ကိုယ်ချင်းမစာ တတ်သူများဟာ  မပြည့်ဝအိုးနဲ့ သဏ္ဍာန်တူပြီး ရာထူး အရှိန်အ၀ါ ကြောင့်သာ လူတွေက သူ့ကို ကြောက်ရွံ့ နေရသော်လည်း၊ လူတိုင်းကလဲ မကြည်ဖြူ၊ စေတနာမရှိ ဖြစ်တတ် ပါတယ်...  ကျွန်မတို့ဟာလည်း ပြည့်ဝအိုးလို လူစားလား.. မပြည့်ဝတဲ့ အိုးလို လူစားလား ဆိုတာ စဉ်းစားကြည့်ပြီး မပြည့်ဝသေးရင် လိုအပ်တာ လေးတွေကို ဖြည့်ဆည်းပြီး လောက ကောင်းကျိုးကို တစ်ထောင့်တစ်နေရာက ကူညီနိုင်ဖို့ ကြိုးစား ကြည့်ကြပါစို့လားရှင်…..







* In The Book of Virtues, edited by William J. Bennett, Simon & Schuster, New York, 1993, p. 204 မှ Practice Humility ကို ဘာသာပြန်ပါသည်..






ချော (အစိမ်းရောင်လွင်ပြင်)




ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်





တစ်ခါက လူကြီးတစ်ယောက်ဟာ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့အတွက် သူ့ရဲ့သားကို ပညာရှိတစ်ဦးထံ စေလွှတ် လိုက်ပါတယ်.. လူငယ်လေးဟာလည်း စူးစမ်းလိုစိတ်ရဲ့ ဦးဆောင်မှုနဲ့ ပညာရှိကြီး ရှိတဲ့အရပ်ကို ခရီးထွက်ပါတယ်..  ပညာရှိထံ ရောက်ဖို့ လမ်းခရီးမှာ ကန္တာရကြီး တစ်ခုကို ရက်ပေါင်း ၄၀ကြာအောင် ကျော်ဖြတ်ရပါတယ်.. နောက်ဆုံးတော့ တောင်ထိပ်ကြီး တစ်ခုမှာ လှပ ခန့်ညားစွာ တည်ရှိနေတဲ့ ရဲတိုက်ကြီး တစ်ခုဆီကို ရောက်လို့ သွားပါတော့တယ်.. အဲဒီ ရဲတိုက်ကြီးဟာ  ပညာရှိကြီး နေထိုင်ရာ နေရာဖြစ်ပါတယ်.




ပညာရှိကြီးကို ရှာဖွေရင်း လူငယ်လေးဟာ ခန်းမကျယ်ကြီး တစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်.. အဲဒီအခန်းထဲမှာ လူတွေဟာ ပျားပန်းခတ်မျှ လှုပ်ရှား သွားလာနေကြပြီး  လူတစ်ချို့ဟာ ခန်းမကြီးရဲ့ ထောင့်မှာ စကားဝိုင်းဖွဲ့ပြောနေကြသလို ၊တီးဝိုင်းငယ် တစ်ခုကလည်း သာယာ ငြိမ့်ညောင်းတဲ့ တေးသွားလေးများကို တီးခတ်ဖျော်ဖြေ နေပါတယ်.. စားသောက်စရာတွေ တည်ခင်းထားတဲ့ စားပွဲကြီးမှာတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊အရသာအရှိဆုံးလို့ ထင်ရလောက်တဲ့ စားသောက်ဖွယ်ရာ မျိုးစုံကို ပန်းကန်ပြားများပေါ်မှာ လှပစွာ တည်ခင်းထားပါတယ်.. ပညာရှိကြီးဟာလည်း လူတစ်ဦးချင်းဆီသို့ လိုက်လံနှုတ်ဆက် နေပါတယ်..  လူငယ်လေးဟာ ပညာရှိကြီး သူ့ဆီ ရောက်လာဖို့ကို ၂နာရီလောက် ကြာအောင် စောင့်လိုက်ရပါတယ်..




ပညာရှိကြီးက လူငယ်လေး ရှင်းပြနေတဲ့ ဒီရဲတိုက်ကြီးကို လာရောက်ရခြင်း အကြောင်းရင်းကို သေချာ အာရုံစိုက်ပြီး နားထောင် နေပါတယ်… ပြီးတော့ လူငယ်လေးကိုလည်း အခု လောလောဆည်တော့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ အချိန် မရှိသေး ကြောင်းနဲ့ ဒီရဲတိုက်ကြီးကို လှည့်လှည်ကြည့်ရှုပြီး ၂နာရီအကြာမှာ ပြန်လာဖို့ ပြောပါတယ်… အဲဒီလို လျှောက်ကြည့်နေစဉ် အတွင်းမှာ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်..လို့ပြောပြီး ပညာရှိက လ္ဘက်ရည်ဇွန်း တစ်ဇွန်းထဲကို ဆီ အနည်းငယ် ထည့်ပြီး လူငယ်လေးကို ပေးလိုက်ပါတယ်… ပြီးတော့


မင်း ဘေးပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတုန်း ဒီဇွန်းလေးကိုပါ ယူသွားပါ.. ဇွန်းထဲက ဆီကို လုံးဝ မဖိတ်စင် အောင်လဲ ဂရုစိုက်ပါ..လို့ ပြောပါတယ်..



ကောင်လေးဟာ ရဲတိုက်ကြီးအတွင်း အပြင်ကို ဆင်းလိုက် တက်လိုက် နဲ့ လှေကားထစ်ပေါင်း များစွာကို ကျော်ဖြတ်ရင်း  သူ့ရဲ့ အကြည့်ကိုလည်း ဆီထည့်ထားတဲ့ဇွန်းပေါ်မှာမှ တစ်ပါး အခြားဘယ်ကိုမှ အာရုံမစူးစိုက်မိ၊ မလေ့လာမိဘဲ လျှောက်သွား နေခဲ့ပါတယ်.. ပညာရှိပြောတဲ့ ၂နာရီ ပြည့်တဲ့ အချိန်မှာ သူ ရှိနေတဲ့ အခန်းထဲကို ပြန်လာခဲ့ပါတယ်..




ကဲ ကောင်းပြီ.. မင်း အခုလိုလျှောက်ပြီး လှည့်လည် ကြည့်ရှုခဲ့ပြီဆိုတော့ ဘာတွေများ မြင်တွေ့ခဲ့လဲ.. ငါ့ထမင်းစားခန်းထဲမှာ ပြင်ဆင် ထားတဲ့ ပြင်သစ်လက်ရာ ပန်းထိုးပန်းချီရဲ့ ကြီးကျယ် ခမ်းနားမှုတွေကို တွေ့ခဲ့လား၊ ပန်းဥယျာဉ်ကြီးထဲမှာ ငါ့ရဲ့ အကောင်းဆုံး ဥယျာဉ်မှူးကြီး ၁၀နှစ် ကြာအောင် လက်စွမ်းပြထားတဲ့ အလှအပကို တွေ့ခဲ့ရဲ့လား၊ ငါ့ရဲ့ စာကြည့်ခန်းထဲက ရှေးဟောင်း ပုရပိုဒ်စာတွေ တွေ့ခဲ့ရဲ့လား လို့မေးပါတယ်..




လူငယ်လေးဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး သူဘာကိုမှ မကြည့်ခဲ့မိကြောင်းကို ၀န်ခံလိုက်ပါတယ်.. သူ့အာရုံ တစ်ခုလုံးနဲ့ အကြည့်ကို ပညာရှိကြီးက မဖိတ်စင်စေနဲ့လို့ မှာလိုက်တဲ့ ဆီဇွန်းပေါ်မှာသာ စူးစူးစိုက်စိုက် ထားရှိခဲ့မိပါတယ်..




ဒါဆို ပြန်သွားပြီးတော့ ငါ့ရဲတိုက်ကြီးရဲ့ ခမ်းနားလှပမှုကို သေချာ ပြန်သွားကြည့်ခဲ့. မင်းမသိတဲ့ နေရာတစ်ခုက၊ လူတစ်ယောက်ကို မင်း ယုံကြည်ဖို့ ခက်လိမ့်မယ်..  ဒီတော့ သေချာ သိအောင် လေ့လာခဲ့ပါ  လို့ပြောလိုက်ပါတယ်..




ဒါနဲ့ဘဲ ကောင်လေးဟာ ဆီဇွန်းလေးကို ကိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပညာရှိထံက ပြန်ထွက်လာခဲ့ပါတယ်.. ဒီတစ်ခေါက် မှာတော့ လူငယ်လေးဟာ နံရံနဲ့ မျက်နှာကြက်ပေါ်က အနုပညာ လက်ရာ၊ ကျယ်ဝန်း ခမ်းနားလှတဲ့ ဥယျာဉ်ကြီးရဲ့ မွေးမြ သင်းထုံနေတဲ့ပန်းပေါင်းစုံရဲ့ ရနံ့၊ ရဲတိုက်ကြီး တည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အလှအပ၊ ဖူးပွင့်ဝေစီနေတဲ့ ပန်းပွင့်ကလေးများရဲ့လှပမှု စသဖြင့် အရာရာအားလုံးကို သေချာ လေ့လာခံစားရင်း ပညာရှိထံ ပြန်လာခဲ့ပါတယ်… ပညာရှိနဲ့ တွေ့တော့ သူတွေ့ခဲ့သမျှ၊ မြင်ခဲ့ရသမျှ အရာ အားလုံးကို ပညာရှိကြီးအား ပြန်ပြောပြ ပါတယ်..




ကဲ .. ကြည့်ခဲ့တာတွေတော့ ဟုတ်ပါပြီ.. ဒါပေမဲ့ ဘယ်မှာလဲ မင်းကို ငါထည့်ပေးလိုက်တဲ့ ဆီတွေ ဘယ်ရောက်ကုန်ပြီလဲ..




ဒီတော့မှ လူငယ်လေးဟာ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဇွန်းထဲက ဆီတွေကို သတိရမိပါတော့တယ်.. ဇွန်းထဲမှာ ဆီတွေဟာ တစ်စက် မှကို မကျန်ရစ် တော့ပါဘူး…




အဲဒါဟာ ငါ မင်းကို ပေးနိုင်တဲ့ အကြံပါဘဲ… ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ကမ္ဘာလောကကြီးရဲ့ အံ့မခန်း လှပ ဆန်းကျယ်မှုတွေကို လေ့လာကြည့်ရှုရင်း လက်ထဲက ဆီဇွန်းကိုလဲ ဘယ်တော့မှ မမေ့ပါနဲ့ဆိုတာပါဘဲ…………….




----------------------------------------------------------------------------------------------------------------------



ပညာရှိကြီး ပြောသွားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ အခြားတော့ မဟုတ်ပါဘူး... လူတိုင်းဟာ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် သွားနေတဲ့အချိန်မှာ မိမိရဲ့ အလုပ်၊ မိမိစီးပွားရေး၊ မိမိ ကိုယ်ရေးကိုယ်တာ ကိုသာ ဦးစားပေးပြီး ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်မိ၊ စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် အချိန်မပေးနိုင် ဖြစ်နေတတ်ကြပါတယ်.. မိမိဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကြိုးစား နေရင်းနဲ့ဘဲ  စိတ်အပန်း ဖြေစရာ အချိန်လေးများ၊ ပျော်စရာ အကြောင်းအရာ လေးများကိုလည်း မိမိ ပတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်တတ်ဖို့ဘဲ ဖြစ်ပါတယ်..




အချို့လူများ ကျတော့ ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အပျော်အပါး ကိစ္စတွေမှာဘဲ အချိန်ကုန်ဆုံးလို့ နေတတ်ကြပါတယ်... ထိုကဲ့သို့ အပျော်အပါးမှာ နှစ်မြုပ် နေသူများသည် လက်ထဲက  ဆီဇွန်းကို ဂရုမထား လိုက်မိတဲ့ အဖြစ်မျိုးလိုပါဘဲ.. ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မရှာဖွေမိခဲ့တဲ့ အတွက် နောက်ဆုံးမှာ ကိုယ့်လက်ထဲမှာ ဘာဆို ဘာမှ မကျန်တော့မဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ရတတ်ကြောင်းကို သတိပေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်..




ဒီတော့ ကျွန်မတို့ဟာ ပညာရှိကြီး အကြံပေးသလို  ပညာသင်ကြား နေရင်းဘဲဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာ ၀င်ရောက် နေသည်ဘဲဖြစ်စေ၊ စီးပွားရေး နယ်ပယ်ထဲမှာဘဲ ဖြစ်စေ၊ ပျော်ရွှင်မှုနဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို မျှမျှတတ ဖြစ်အောင် ရှာဖွေကြည့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. အပျော်အပါးကို တရားလွန် ၀ါသနာ ကြီးသူများကလည်း အသိ တစ်ခါးချပ်လေး လှပ်ပြီးတော့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ မိမိလက်ထဲက ဆီဇွန်းလေးကို သတိထားမိ နိုင်ပါစေလို့ အကြံပြုလိုက်ပါတယ်ရှင်..




Paulo Coelho ရဲ့  secret of happiness ကို ဘာသာပြန် ဝေငှပါသည်ရှင်..........





ချော (အစိမ်းရောင်လွင်ပြင်)

ကိုယ်ချင်းစာစိတ်နှင့် စဉ်းစား ကြည့်ကြပါစို့..


photo from google search


 


တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီး စိတ်ပျက်အားငယ်နေတဲ့ မျက်စိမမြင်ရှာသူ မိန်းခလေးတစ်ယောက်ရှိပါတယ်…. သူမဟာ မမြင်နိုင်တဲ့ လောကကြီး အတွက် အရာရာ အားလုံးကို မုန်းတီးရင်း အလိုမကျ စိတ်တွေနဲ့ အမြဲတမ်း ပူလောင်နေတတ်ပါတယ်.. ကောင်မလေးရဲ့ ချစ်သူ ကောင်လေးကတော့ ကောင်မလေးဘေးမှာ လိုအပ်တာ လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ အမြဲတမ်း  အဆင်သင့် ရှိနေတတ်ပါတယ်.. ချစ်သူ ကောင်လေးကိုတော့ မိန်းခလေးက အားလဲကိုး ချစ်ခင်မြတ်နိုးစိတ်လဲ ရှိပါတယ်.. သူမ မမုန်းတဲ့ အရာဆိုလို့ လောကကြီးမှာ သူ့ချစ်သူ ကောင်လေး တစ်ယောက်သာ ရှိပါတယ်..  ကောင်မလေးက ကောင်လေးကို ပြောနေကျ စကားတစ်ခွန်းက ငါသာ လောကကြီးကို မြင်ရပြီဆိုတဲ့ တစ်နေ့  မင်းကို ငါလက်ထပ်မယ် ဆိုတာဘဲ ဖြစ်ပါတယ်..


 


တစ်နေ့မှာတော့ ကောင်မလေးအတွက် မျက်စိတစ်စုံလုံး  လှူမဲ့ အလှူရှင် ပေါ်ပေါက်လာပါတယ်… အဲဒီအလှူရှင်ရဲ့ မျက်လုံးကို ကောင်မလေး မျက်အိမ်ထဲ ခွဲစိတ်ကုသမှုနဲ့ ထည့်သွင်းပြီးနောက် ပတ်တီးဖြေလိုက်တဲ့ အခါမှာတော့ သူမ အရာရာ အားလုံးကို မြင်တွေ့နိုင်ပါပြီ.. သူမရဲ့ ချစ်သူ ကောင်လေးကိုပါ ဘေးမှာ တွေ့မြင်နေရပါတယ်.. သို့သော်လည်း ကောင်လေးဟာ မျက်စိမမြင် တဲ့သူ ဖြစ်နေတာကို တွေ့လိုက် ရပါတယ်.... သူချစ်တဲ့ကောင်လေးဟာ မျက်စိမမြင်တဲ့သူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ သူမ လုံးဝကို မထင်မှတ်ခဲ့ပါဘူး.. ကောင်လေးက ကောင်မလေးကို "နင်အခု မျက်စိမြင်ပြီ ဖြစ်လို့ ငါ့ကို လက် ထပ်နိုင်ပြီလား " လို့ မေးတဲ့အခါ ကောင်မလေးက "မျက်စိမမြင်တဲ့လူတစ်ယောက်ကို ဘယ်လိုလုပ် တစ်သက်လုံး အတွက် အားကိုးဖို့ ဖြစ်နိုင်မလဲ လက်မထပ်နိုင်ပါဘူး" လို့ ပြန်ပြောလိုက်ပါတော့တယ်..


 


ကောင်လေးက မျက်ရည်စတွေနဲ့ ကောင်မလေးအပါးက ထွက်ခွာသွားပါတယ်.. ကောင်မလေးအတွက် ချန်ရစ်ခဲ့တဲ့ စာထဲမှာတော့


 


အချစ်ရေ…..မင်းရဲ့မျက်လုံးတွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်လိုက်ပါကွယ်.. အဲဒီမျက်လုံးတွေဟာ တစ်ချိန်က ငါ့ရဲ့ မျက်လုံးတွေပါ.. ခုတော့ မင်းနဲ့အတူထားရစ်ခဲ့ပါပြီ..


 


-------------------------------------------------------------------------------------------------------


 


Story လေးထဲမှ သင်ခန်းစာသည် လူတွေ၏ စိတ်အနေအထားသည် ဘ၀အခြေနေ အနိမ့်အမြင့်ပေါ်တွင် မူတည်၍ ပြောင်းလဲ တတ်ကြ သည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့သော သူများသည် ဘ၀အခြေအနေ နိမ့်ပါးနေချိန်တွင် ကိုယ်ချင်းစာ ကူညီတတ်သူများ ဖြစ်ကြ သော်လည်း မြင့်မားလာသော ဘ၀အနေအထားတွင် ကိုယ်ချင်းစာ နားလည်စိတ်များ လျှော့ပါး သွားတတ်ကြသည်။ မည်သည့် အခြေအနေတွင် မဆို တူညီသောစိတ်ထားမျိုး ထားနိုင်သူ နည်းပါးလှပါသည်။ မိမိ ဘ၀ တိုးတက် မြင့်မားလာချိန်တွင် မိမိထက် နိမ့်ပါးသူများကို ပိုမို ညှာတာ ကိုယ်ချင်းစာသင့်လှပါသည်။ ဘယ်အခြေအနေမျိုးမဆို ရောက်ရှိနေစေကာမူ ကိုယ်ချင်းစာတရား လက်ကိုင်ထားနိုင်သူများသည် လောကဓံကို ကြံ့ကြံ့ ခံနိုင်သူများလည်း ဖြစ်ကြလေသည်။ ဘ၀ဆိုသည်မှာ အမြဲတမ်း တသမတ်တည်း ရှိနေတတ်သော အရာမဟုတ်ပါ. နိမ့်မြှင့်တက်ကျ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။ မိမိဘ၀ထက် နိမ့်ပါးသော သူများ လောကကြီးတွင် အများအပြားရှိနေသည်ကို မမေ့လျှော့သင့်ပါ..


 


သင့်ပါးစပ်မှ ဒေါသစိတ်ကြောင့်  ကြမ်းတမ်း ခက်ထန်သော စကားများ မထွက်မှီ  သတိရသင့်သည်မှာ  သင်ကဲ့သို့ စကားပင်ပြောနိုင်စွမ်း မရှိသော သူများ ရှိနေပါသေးသည်။


 


သင်စားနေသော အစားအသောက်သည် အလွန်အမင်းညံ့ဖျင်းလွန်းသည်ဟု ထင်နေချိန်တွင် ကမ္ဘာကြီးတစ်နေရာတွင် စားစရာမရှိ၊ သောက်စရာမဲ့  ငတ်ပြတ် ဆင်းရဲခြင်းကို ခံနေရသောသူများကို သတိရသင့်ပါသည်။


 


သင်၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချစ်သူရည်းစား၊ အပေါင်းအသင်းတို့အား အပြစ် မြင်နေချိန်တွင် ပေါင်းသင်းစရာ၊ မှီခိုအားထားရာ ကင်းမဲ့စွာ လမ်းပေါ်တွင် တောင်းရမ်းနေရသော လူများ ရှိနေသေးသည်ကို သတိရသင့်ပါသည်။


 


မိမိသည် ကိုယ်ပိုင်ကား မောင်းရင်း မီးပွိုင့်မိနေချိန်တွင် သော်လည်းကောင်း၊ ဓာတ်ဆီဆိုင်တွင် တန်းစီရ၍ စိတ်မရှည်နိုင် ဖြစ်နေချိန်တွင်များတွင် ကိုယ်ပိုင်ကားပင်မရှိ၊ ကားငှားစီးဖို့ပင် မတတ်နိုင်ဘဲ ဘတ်စ်ကား စီးနေရသူများ၊ လမ်းလျှောက်နေရသူများ ရှိနေသေးသည်ကို သတိရသင့် ပါသည်။


 


မိမိ၏ အလုပ်တွင် အဆင်မပြေမှုများ၊ စိတ်ညစ်စရာများ တွေ့ကြုံ၍ အလုပ်ထွက်လိုသည့် ဆန္ဒ ဖြစ်ပေါ်နေချိန်တွင် ကမ္ဘာပေါ်တွင် အလုပ်မရှိ၍ ဒုက္ခရောက်နေသောလူ များစွာ ရှိနေပါသေးသည်။


 


သင့်ဘ၀ကို ဆိုးဝါးလွန်းပါသည်ဟု စိတ်ပျက်နေချိန်တွင် လူ့လောကကြီးမှ စောစီးစွာ ထွက်ခွာ သွားရသူများ ရှိနေသည်ကို သတိရသင့်သည်။


 


ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးလေးတစ်ချက်ကို ဆင်မြန်းလိုက်ပြီး ယခုအချိန်ထိ အသက်ရှင်လျှက် ရှိနေသေးသော ကျွန်မတို့ဘ၀ကြီးရဲ့ ကံကောင်းမှု အကြောင်းကို ၀မ်းမြောက်စွာ စဉ်းစားလိုက် ကြပါစို့လားရှင်……….


 


http://www.funzug.com/  မှ A Blind Girl ကို ဘာသာပြန်ပါသည်..


 


ချော (အစိမ်းရောင်လွင်ပြင်)


 

လင်းယုန်တစ်ကောင်ရဲ့ ပုံပြင်




ရှးအခါက တောင်စောင်းကြီးရဲ့ တစ်နေရာမှာ လင်းယုန်ငှက် အသိုက်တစ်ခု ရှိခဲ့ဖူးပါတယ်.. အဲဒီလင်းယုန်ငှက်အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်.. တစ်နေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတစ်လုံးဟာ တောင်စောင်းကနေ တစ်လိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာရှိတဲ့ ရွာလေးတစ်ရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်.. ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောက်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်.. ဒါကြောင့်  အသက်ကြီးတဲ့ ကြက်မကြီးက တာဝန်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်..




ဒီလိုနဲ့ တစ်နေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာပါတယ်  ၀မ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့် ပေးခြင်း ခံရပါတယ်.. ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကိုယ်လဲ ကြက် တစ်ကောင် အဖြစ်သာ ထင်မှတ်လို့ နေပါတယ်.. လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင်ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်.. သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်…




တစ်နေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်..  အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ  ၀ဲပျံနေတဲ့ လင်းယုန်အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်.. ဒီတော့ သူက "အိုး.. သူတို့လို ငါလဲ ပျံတတ် ချင်လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်"  လို့ပြောလိုက်ပါတယ်.. သူ့စကားကို ကြားတော့ အတူတူဆော့နေတဲ့ ကြက်ကလေးတွေက ၀ိုင်းပြီး လှောင်ရယ် ကြ ပါတယ်.. "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ.. မင်းက ကြက်လေ… ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ၀ိုင်း ပြော ကြပါတယ်..




လင်းယုန်ငှက်ကလေးဟာ သူ့အမျိုး အဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိပ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်.. နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ဆန္ဒတွေ အကြိမ်ကြိမ်  ဖြစ်ပေါ် လာတိုင်းလဲ ဘေးက ကြက်တွေ ၀ိုင်းပြောကြတဲ့ မဖြစ်နိုင်ပါဘူးကွာ စိတ်ကူးမယဉ်ပါနဲ့ ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်..  ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်း နိုင်တဲ့ ငှက်မျိုးဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့  ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ်လိုက် ပါတယ်.. နောက်ဆုံးတော့  သူရဲ့ ဘ၀ အချိန်တွေကို ကြက်တစ်ကောင်ရဲ့ အနေအထိုင် အလေ့ စရိုက်အတိုင်း နေထိုင် သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်…




သင့်ကိုယ်သင် လင်းယုန်ငှက်လို အမြင့်ကို ပျံနိုင်မယ်လို့ ယုံကြည်ရင် ဖြစ်အောင်ကြိုးစားပါ .. ကြက်တွေလို  ဘေးကလူတွေပြောတဲ့ စကားကို ဘယ်တော့မှ နားမယောင်ပါနဲ့….




----------------------------------------------------------------------------------------------------------------------------------





ဒီ story လေးထဲက လင်းယုန်ငှက်လို လူတွေ လောကမှာ ဘယ်လောက်များများ ရှိနေမလဲနော်..မိမိကိုယ်တိုင်မှာ ပင်ကိုယ် အရည်အချင်း   အစွမ်းအစတွေ ရှိနေပါရက်နဲ့ ဖော်ထုတ်ခွင့်မရကြဘဲ ဘ၀ရဲ့ အချိန်တွေကို ကုန်ဆုံးနေကြတဲ့ သူတွေ အများကြီး ရှိနေကြမှာပါ.. ပတ်ဝန်းကျင်စကားကို နားယောင်ရင်း မိမိရဲ့ အိပ်မက် တွေကို စွန့်လွှတ်လိုက်ကြတဲ့ သူတွေလဲ ရှိကြမှာပါနော်..  မိမိကိုယ်ကို ယုံကြည်စိတ် ရှိသူ တွေဟာ တစ်ပါးသူစကားကို နားယောင် တတ်လေ့ မရှိပါဘူး.. ကိုယ်ရဲ့ အိပ်မက်တွေ ဖူးပွင့်လာဖို့အတွက်သာ တစ်စိုက်မတ်မတ် ကြိုးစား တတ်ကြပါတယ်.. ဘေးပတ်ဝန်းကျင် စကားဟာ ကိုယ့်ကို အကြောက်တရားနဲ့ ယုံကြည်ကင်းမဲ့ စိတ်ကို တိုးပွားစေပါတယ်  အကြောက်တရားနဲ့ ယုံကြည်မှု ကင်းမဲ့စိတ်ဟာ လူငယ်တွေအတွက်  လမ်းကြောင်းသစ်ကို ဖောက်ထွက်ဖို့ အကြီးဆုံး အဟန့်အတားလဲ ဖြစ်ပါတယ်. မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ..





ကိုယ်ဟာ ဘယ်ပတ်ဝန်းကျင် ၊ဘယ်အသိုင်းအ၀ိုင်းမှာ ရောက်နေတယ် ဆိုတာ ကို မစဉ်းစားပါနဲ့.. ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာ ဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ် ချက်နဲ့ ကြိုးစားသင့်ပါတယ်.. မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ ဘေးစကားကို နားထောင် နေမယ်ဆိုရင် သင့်ဘ၀ဟာ ကြက် တစ်ကောင် အဖြစ်နဲ့သာ ဘ၀ကို ကုန်ဆုံးသွားရှာတဲ့ လင်းယုန်တစ်ကောင်ရဲ့ အဖြစ်နဲ့ ထူးမခြားနားသာ ဖြစ်ပါလိမ့်မယ်..  ဒီတော့ ကျွန်မတို့ဟာ မိမိကိုယ်ကို ယုံကြည်စိတ်မွေးပြီး ဘေးပတ်ဝန်းကျင် စကားကို နားမယောင်ကြဘဲ ကိုယ့်စိတ်ကူးအိပ်မက်တွေ မှန်ကန်လာဖို့ လင်းယုန်ငှက်တို့ရဲ့ ပျံသန်းနိုင်တဲ့ ပင်ကိုယ် ဗီဇလိုမျိုး၊ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ်လို့ မြင့်မြင့်ပျံသန်း ကြပါစို့လားရှင်..







Tezza ရဲ့  The Chicken and the Eagle ကို ဘာသာပြန် ဝေငှပါသည်.... ဒီပုံပြင်လေးကို ရေးသားဖို့ အကြံပေးပြီး နှုတ်တိုက်ပါ ပြောပြသွားတဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲ လူငယ်လေး တစ်ယောက်ကိုလဲ ကျေးဇူးတင်ပါကြောင်း ပြောလိုက်ပါရစေရှင်...






လူငယ်တွေအားလုံး မိမိရဲ့ စိတ်ကူးအိပ်မက်များအတိုင်း မြင့်မြင့်ပျံသန်းနိုင်ကြပါစေရှင်.................







ချော (အစိမ်းရောင်လွင်ပြင်)



ဝေမျှခြင်းရဲ့ ရလဒ်

 




   photo from google


 


တစ်ခါက ပြောင်းတွေကို အကြီးအကျယ် စိုက်ပျိုးတဲ့ ယာသမားကြီး တစ်ဦးရှိပါတယ်… သူဟာ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ သီးနှံပြပွဲ ပြိုင်ပွဲမှာ သူ့ပြောင်း တွေကို ပြိုင်ပွဲ ၀င်ပါတယ်.. ပြိုင်ပွဲ ၀င်တိုင်းလည်း အမြှင့်ဆုံးဆုဖြစ်တဲ့ ဖဲကြိုးပြာဆုကို အမြဲရရှိအောင် သူ့ပြောင်းတွေဟာ အရည်အသွေး ကောင်းမွန် မြင့်မားလှပါတယ်..


 


တစ်နှစ်မှာ  ယာသမားကြီး ပြပွဲက ဆုရအပြီး သတင်းထောက် တစ်ယောက်ဟာ သူ့ကို အင်တာဗျူး လုပ်ပါတယ်.. နှစ်စဉ် ဒီလို ဆုရအောင် အရည်အသွေး ကောင်းမွန်တဲ့ ပြောင်းတွေကို ဘယ်လိုများ စိုက်ပျိုးပါသလဲလို့  မေးတော့ ယာသမားကြီးက သူ့ပြောင်းမျိုးစေ့တွေကို အနီးအနားက ယာခင်းတွေ အားလုံး မျှဝေပေးပြီး စိုက်ပျိုးစေတယ် ဆိုတာကို သတင်းထောက်က သိလိုက်ရပါတယ်….


 


ဒီတော့ သတင်းထောက်က နှစ်စဉ် ပြပွဲတိုင်းမှာ ဆုရတဲ့ ဒီ ပြောင်းမျိုးစေ့ကောင်းတွေကို ဘာစိတ်ကူးနဲ့များ  သူများတကာကို မျှဝေပေးတာလဲ ကိုယ်တစ်ယောက်တည်း စိုက်ပျိုးတော့ မျိုးကောင်းကို ကိုယ်တစ်ယောက်တည်း မပိုင်ဆိုင်ရပါလား ၊ ကိုယ်တစ်ယောက်တည်း စီးပွားမဖြစ် ပေဘူးလားလို့ မေးပါတယ်..


 


ယာသမားကြီးက "ဘာလို့ မဝေရမှာလဲဗျာ.. ခင်ဗျား သိရဲ့လား ပြောင်းပင်မှာ ပန်းပွင့်လေးတွေ ဖူးပွင့်တဲ့ အချိန် ရောက်တဲ့ အခါ လေပြေက ပြောင်းဝတ်မှုန် လေးတွေကို သယ်ဆောင်ပြီး စိုက်ခင်း တစ်ခုကနေ တစ်ခု ၀တ်မှုန် ကူးစေနိုင်တယ်လေ.. စိုက်ခင်းများလေ ၀တ်မှုန်ကူးတာ အောင်မြင်လေ ပြောင်းတွေ အရည်အသွေး အထွက်နှုန်း ကောင်းလေ ပေါ့ဗျာ… တကယ်လို့ ကျွန်တော့် စိုက်ခင်းနား နီးချင်းတွေကသာ မျိုး မကောင်းတဲ့ ပြောင်းတွေကို စိုက်ပျိုးမယ် ဆိုရင် မကောင်းတဲ့ ပြောင်းဝတ်မှုန်တွေနဲ့ အပြန်အလှန် ၀တ်မှုန်ကူးခံရတဲ့ ကျွန်တော့် ပြောင်းတွေကရော အရည်အသွေး၊ အထွက်နှုန်း ကောင်းနိုင် ပါဦးမလား.. ဒီတော့ ပြောင်း မျိုး ကောင်းတွေ ကျွန်တော် လိုချင်တယ်ဆိုရင် ကျွန်တော့် ယာနီးနားချင်း အားလုံး ကိုလဲ ပြောင်း မျိုးစေ့ ကောင်းတွေ စိုက်ပျိုးနိုင်ဖို့ ကျွန်တော် ကူညီရမယ်လေ " လို့ ပြန်ဖြေလိုက်ပါတယ်…


 


ယာသမားကြီးဟာ လောက သဘာဝကြီးရဲ့ ဆက်စပ်မှုကို သေချာဂဏစွာ နားလည်သူတစ်ဦးဖြစ်ပါတယ်.. သူ့အိမ်နီးနားချင်းတွေ စိုက်ပျိုးတဲ့ ပြောင်းတွေ မကောင်းဘဲနဲ့ သူ့အတွက်လည်း ပြောင်းမျိုးကောင်းကို မရနိုင်ဘူးဆိုတာ သဘောပေါက် နားလည် ထားသူပါ.... မျှဝေခြင်း ဆိုတဲ့  အသိတရားကောင်းရဲ့ ရလဒ်ကိုလဲ ပိုင်ဆိုင်ထားသူ တစ်ဦးလဲ ဖြစ်ပါတယ်..


 


------------------------------------------------------------------------------------------------------------------------------


 


 ကျွန်မတို့တွေကရော ယာသမားကြီးလောက် အသိတရားကြွယ်ဝသူများ ဟုတ်ပါရဲ့လား.. မိမိ တတ်ထား၊ သိထားသမျှကို သိုဝှက်လို့ တစ်ကိုယ် တည်း ကောင်းအောင် ကျင့်ကြံနေသူများ ဖြစ်နေမလားနော်.. စဉ်းစား ကြည့်မယ်ဆိုရင်  မျှဝေနိုင်တဲ့စိတ်ထားမျိုး ရှိဖို့ဆိုတာ တကယ်တမ်းတော့ မခက်ခဲ လှပါဘူးရှင်.. တစ်ဖက်သားကို မျှဝေလိုက်ခြင်းအားဖြင့် မိမိတွင်လည်း တစ်စုံတစ်ရာသော အကျိုးကျေးဇူးကို မလွဲမသွေ ပြန်ခံစားရမှာ ဖြစ်ပါတယ်.. လုပ်ငန်းခွင်မှာ ကိုယ့်အသင်းအဖွဲ့ တစ်ခုလုံး နာမည်ကောင်း ရဖို့၊ အောင်မြင်ဖို့ ဆိုတာ ကိုယ်တစ်ဦး တစ်ယောက်တည်း တော်နေ၊ တတ်နေရုံနဲ့ မဖြစ်နိုင်ပါဘူး.. မိမိ ကိုယ်တိုင်ရော အဖွဲ့ဝင်တွေပါ တော်ဖို့၊ တတ်ဖို့၊ ညီညွှတ်ဖို့ လိုပါတယ်.. ဒီလိုဆိုရင် မိမိမှာ ရှိတဲ့ အရည်အချင်း ကောင်းတွေကို တစ်ပါးသူတွေကိုပါ ပြန်လည် မဝေမျှ သင့်ဘူးလားရှင်… အပြန်အလှန် မျှဝေခြင်းအားဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘော တရားအရ နှစ်ဦး နှစ်ဘက်လုံး အကျိုးရှိစေနိုင်ပါတယ်..


 


အချို့သော ကုမ္ပဏီကြီးများ လုပ်ငန်းရှင်ကြီးများဟာ မိမိတို့ လုပ်ငန်း၊ အကျိုးစီးပွားကို အောင်မြင်ဖို့ အလွန်အမင်း ဆန္ဒ ရှိကြသော်လည်း မျှဝေဖို့ကို မေ့လျှော့ နေတတ်ကြပါတယ်.. မိမိ အကျိုးစီးပွား တိုးတက် အောင်မြင်ဖို့၊ အလုပ်သမားများ ကောင်းမွန်စွာ၊ စေတနာပါပါ အလုပ် လုပ်ပေးကြဖို့ ဆိုတာ အလုပ်ရှင်များဘက်မှ အလုပ်သမားများအပေါ် ထိုက်သင့်တဲ့ အခွင့်အရေး ၊ ထိုက်သင့်တဲ့ ဝေမျှမှုကို ပေးထားပါမှသာ အလုပ်သမားများ ဘက်မှလည်း ကောင်းမွန်သော လုပ်အားများ ထုတ်လုပ် ပေးချင်ကြမှာ ဖြစ်ပါတယ်.. စေတနာပါတဲ့ အလုပ်သမားနဲ့ စေတနာကောင်းတဲ့ အလုပ်ရှင်  ဒီနှစ်ဦး နှစ်ဝ ကြားမှာ အောင်မြင်တဲ့ ရလာဒ်က ခက်ခဲမယ် မထင်တော့ပါဘူးနော်.... မိမိအပေါ် ကောင်းမွန် မျှတတဲ့ အလုပ်ရှင်များ အပေါ် ဘယ်အလုပ်သမားကမှ သစ္စာဖောက်ဖို့၊ အလုပ်ခိုကပ်ဖို့၊ အလုပ်က ထွက်ဖို့ဆိုတာ တော်ရုံတန်ရုံနဲ့  ဆန္ဒ ရှိတော့မှာ မဟုတ်ပါဘူး.. ဒါဆိုရင် အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ဟာ ဝေမျှခြင်းလို့ ပြောရင်လဲ ထိုက်သင့်သလောက်တော့ မှန်ကန်မယ် မဟုတ်ပါလားရှင်…. ကိုယ့်ဘက်က ပေးလိုက်ရတဲ့ ဝေမျှခြင်းဟာ တကယ်တမ်းတော့ ဘာမှမပြောပ လောက်ပေမဲ့ ပြန်ရတဲ့ အကျိုးတရားက ဘယ်အတိုင်း အတာ ထိအောင် ရှိမယ်ဆိုတာ ခန့်မှန်းဖို့တောင် မလွယ်နိုင်ပါဘူးနော်…


 


ဒီတော့ ပြောင်းစိုက်တဲ့ ယာသမားကြီးရဲ့ ဝေမျှခြင်း သဘောတရားကို နမူနာယူပြီးတော့ ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ငန်းခွင် တွေမှာ တတ်နိုင်သလောက် မျှဝေသူများ ဖြစ်အောင် ကြိုးစား ကြည့်ကြပါစို့လားရှင်….


 


Funzug.com မှ Growing Good Corn ကို ဘာသာပြန်၍ ပြောင်းစိုက်သမားကို အားကျကာ ဝေမျှပါသည်................ :)


 


ချော(အစိမ်းရောင်လွင်ပြင်)