အလင်းရောင် ပေးကြသူများ

 



 picture  from http://images.google.com/imgres?imgurl


 


လေရော မိုးပါ သည်းကြီး မည်းကြီး ရွာချနေသော  ညတစ်ည... ၁၁နာရီခွဲအချိန်  အာဖရိကန် ကပြား အမျိုးသမီးကြီး တစ်ယောက်ဟာ ကားမောင်း လာနေရင်း ဟိုင်းဝေးလမ်းမကြီးရဲ့ တစ်နေရာမှာ ကားတာယာ ပေါက်သွားတဲ့အတွက် လမ်းဘေးမှာ သူမကားကို ထိုးရပ်လိုက်ရပါတယ်.. ထိုအချိန်မှာ လေနဲ့မိုးက သည်းသည်းမည်းမည်း ရွာသွန်းတိုက်ခတ် နေသော်လည်း ကားထဲထိုင်နေပါက သူမကို ဘယ်သူကမှ မတွေ့မှာ စိုးတဲ့အတွက်  ကားပြင်ထွက်ပြီး အကူအညီပေးနိုင်မဲ့ ကားတစ်တစ်စီးစီးကို ရပ်ဖို့ လက်ပြ တားနေပါတယ်… အမေရိကန်မှာ ၁၉၆၀ခုနှစ်လို လူဖြူ လူမည်း လူတန်းစား ခွဲခြားမှု ပြင်းထန်နေသေးတဲ့အချိန် သူမလို လူမည်း ကပြား အမျိုးသမီး တစ်ယောက်ယောက်ကို လူဖြူတွေက ကားရပ်ပြီး ကူညီပေးဖို့ ဆိုတာ မျှော်လင့်ချက်တော့ နည်းလှပါတယ်…


 


သူမ မိုးရေထဲမှာ ရပ်နေတာ နာရီဝက်ကျော်သွားပြီ ဖြစ်ပါတယ်.. ဖြတ်သွားသမျှ ကားတွေက သူမကို ကြည့်ယုံသာ ကြည့်သွားကြပြီး ဘယ်ကား တစ်စီး တစ်လေ ကမှ ရပ်မပေးကြပါဘူး.. ခနအကြာမှာ ကားတစ်စီး သူမဘေး လာရပ်ပါတယ်.. ကားထဲကနေ ခပ်ငယ်ငယ် လူဖြူကောင်လေး တစ်ယောက် ထွက်လာပြီး သူမကို ထီးမိုး ပေးရင်းက ဘာကူညီရမလဲလို့မေးပါတယ်.. သူမ အရမ်းကို ၀မ်းသာမိပါတယ်.. ချမ်းလဲ ချမ်း၊ လေလဲ တိုက် ၊ ညဉ့်လဲနက်နေတဲ့ ခုလိုချိန်မှာ ဒီကောင်လေးဟာ သူမအတွက်တော့ ကယ်တင်ရှင် တစ်ပါးသာ ဖြစ်ပါတယ်…


 


ကောင်လေးဟာ.. ၀ပ်ရှော့ကို ဖုန်းဆက်ပြီး သူမကားကို သွားယူပေးဖို့ ပြောပေးရှာပါတယ်..  ပြီးတော့ အမျိုးသမီးကြီးကို ကားနဲ့ တင်လာပြီး လမ်းမှာ နွေးနွေးထွေးထွေး ရှိဖို့ ကားကို အပူချိန်မြှင့်ပေးပါတယ်.. သူမ ရေစိုခေါင်းကို သုတ်ဖို့ တဘက်လေး တစ်ထည်ကိုလည်း ပေးပါတယ်.. ပြီးနောက် ကားကို တက္ကစီရှိရာကို မောင်းသွား ပေးပြီး သူမကို တက္ကစီ တစ်စီးပေါ် တင်ပေးပါတယ်.. အမျိုးသမီးဟာ ကောင်လေးရဲ့ နေရပ် လိပ်စာကို မေးပြီး သူမ မှတ်စုစာအုပ်လေးထဲ ချရေးလိုက်ကာ အလျှင်စလို အမူအရာဖြင့်  တက္ကစီနဲ့ ထွက်ခွာ သွားပါတယ်..


 


ဒီအဖြစ်အပျက်အပြီး ၇ ရက်မြောက်တဲ့နေ့မှာ တစ်စုံတစ်ဦးက ကောင်လေးအိမ်တံခါးကို  လာခေါက်ပါတယ်… တံခါးဖွင့်ကြည့်လိုက်တဲ့ အခါမှာ အံ့သြစရာတစ်ခုကို တွေ့လိုက်ရတာက အလွန်ကြီးမားလှသော တီဗီကြီး တစ်လုံးကို သူ့အိမ်အတွက် လာပို့ကြောင်း သိလိုက်ရပါတယ်.. တီဗီကြီးမှာ ချိတ်ထားတဲ့ ကဒ်ပြားတစ်ခုပေါ်မှာ ရေးထားတာက  


 


မိုးသည်းသည်း ညတစ်ညက ဟိုင်းဝေးလမ်း တစ်နေရာမှာ ရခဲ့တဲ့ အကူအညီအတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်… အဲဒီညက ရွာတဲ့မိုးဟာ အဒေါ်ရဲ့ အ၀တ်တွေတင်သာ ရွှဲရွှဲစိုတာ မဟုတ်ဘဲ အဒေါ်ရဲ့ စိတ်ဓာတ် တွေကိုပါ ရွှဲရွှဲစိုစေခဲ့တာပါ.. မိုးထဲလေထဲမှာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ စိတ်ဓာတ်ကျ ၊ အားငယ်၊ ၀မ်းနည်း နေတဲ့ အချိန် မင်းက ရောက်လာခဲ့တာပါ… မင်းကူညီပေးလို့လဲ  အဒေါ့်ယောက်ျားရဲ့ နောက်ဆုံး အချိန်လေးကို အချိန်မီ ရောက်သွားခဲ့တာပါ.. အဒေါ်ရောက်ပြီး မကြာခင်မှာ သူဟာ ဆုံးပါး သွားခဲ့ပါတယ်.. မင်းလို လူတန်းစား မခွဲခြားဘဲ ကူညီတတ်တဲ့ ကလေးဟာ လူတွေရဲ့ အမြဲတမ်း သတိရခြင်းကို ခံယူထိုက်တဲ့ အလင်းရောင်လေး တစ်ခုပါဘဲကွယ်..  


 


-------------------------------------------------------------------------------------------------------------------


 


ကျွန်မတို့ဟာ ဒုက္ခရောက်နေတဲ့ သူတွေကို တွေ့ရင် ကိုယ်တတ်နိုင်သလောက် ကူညီ သင့်ကြပါတယ်နော်.. ဆင်းရဲချမ်းသာ မရွေး၊ လူတန်းစား အယုတ်၊ အလတ်၊ အမြတ်မရွေး ကူညီနိုင်အောင် ကြိုးစားသင့်ပါတယ်.. သူတစ်ပါးဆီက အကူအညီ ရရှိဘူးသူတွေကလည်း မမေ့မလျှော့ ပြန်ပြီး အမှတ်ရသင့် ကြပါတယ်.. ကူညီသူက တုံ့ပြန်မှု တစ်စုံတစ်ရာကို မမျှော်ကိုးသော်လည်း အကူအညီ လက်ခံရသူက တစ်ဘက်သားရဲ့ ကျေးဇူးကို ပြန်လည် သိတတ်၊ ပေးဆပ်သူများ ဖြစ်သင့်ကြပါတယ်.. ဒီဇာတ်လမ်းလေး ထဲကလိုပါဘဲ.. တစ်စုံ တစ်ယောက်ကို ကူညီ လိုက်ခြင်းအားဖြင့် ကိုယ့်မှာလဲ ဖော်မပြနိုင်သော ကြည်နူးပီတိကို ခံစားရသလို တစ်ချိန်ချိန်မှာ  ကိုယ့်ကို ပြန်ကူညီမဲ့သူ အချိန်မရွေး ပေါ်လာနိုင်ပါတယ်.. ကျေးဇူးသိတတ်သူနဲ့၊ ကူညီဖို့  ၀န်မလေး သူများဟာ လူ့လောက ကြီးကို  တစ်နည်းတစ်ဖုံ အားဖြင့် အလင်းရောင် ပေးနေသူများသာ  ဖြစ်ကြပါတယ်..  ကျွန်မတို့လဲ ကိုယ်တတ်နိုင်သမျှ ပိုးစုန်းကြူးလောက် အလင်းရောင်လေးနဲ့ဘဲ ဖြစ်ဖြစ် လောကကြီးကို ကူညီ ထွန်းလင်းပေး ကြရအောင်ပါနော်...


 


inspirationalblogs မှ  Pickup in the Rain ကို ဘာသာပြန်ပါသည်။


 


ကူညီတတ်သူများ ဖြစ်ကြပါစေရှင်...


 


ချော (အစိမ်းရောင်လွင်ပြင်)


 

နှလုံးသား လှသူ

 



 


 ကောင်မလေးဟာ လှပချောမောသူ တစ်ယောက်တော့ မဟုတ်ပါဘူး… သူမဟာ သာမန် ရုပ်ရည်ထက် မပိုတဲ့အတွက်  လူတွေကြားထဲမှာ ထူးထူး ခြားခြား ပေါ်လွင်ထင်ရှားတဲ့ အလှအပမျိုး မရှိရှာပါဘူး…. မောင်နှမ စုစုပေါင်း ခြောက်ယောက် ရှိတဲ့ မိသားစုမှာ အကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့် မိသားစုတာဝန်ကို အရွယ်မရောက်ခင် ကတည်းက လိမ္မာ သိတတ်စွာ ထမ်းဆောင်ခဲ့ရပါတယ်… သူမဟာ သန်မာ ဖြတ်လတ်စွာ၊ ဥာဏ်ရည် ထက်မြက်စွာ ကြီးပြင်းလာပါတယ်.. သူမဟာ ပညာထူးချွန်သူ တစ်ယောက်လဲ ဖြစ်ပါတယ်…. အရွယ်ရောက် လာတော့ သူမနဲ့တွေ့ဆုံ ခင်မင်ခွင့် ရသူတိုင်းကို ၀မ်းသာကြည်နူးအောင်၊ ပျော်ရွှင် လန်းဆန်းအောင် လုပ်ပေးနိုင်တဲ့ စိတ် ကလေးကို  သူမ တတ်နိုင်လောက် မွေးမြူ ထားပါတယ်.. သူမဟာ လှပချောမွေ့တဲ့ မိန်းခလေး တစ်ယောက် မဟုတ်ခဲ့ပေမဲ့လည်း လူ တစ်ဘက်သား နာကျင်ခံစားနေရတဲ့ အခါ အကောင်းဆုံး နှစ်သိမ့် စာနာပေးတတ်သူ တစ်ယောက်ပါ…  ..


 
တစ်ရက်မှာ ကောင်မလေးဟာ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ကြပါတယ်.. ကောင်မလေးဟာ စာတော်သူ ဖြစ်တဲ့အတွက် ကောင်လေး နားမလည်တဲ့စာတွေကို ကောင်မလေးက ရှင်းပြပါတယ်…  စာရှင်းပြပေးရင်းနဲ့ ကောင်လေး လိမ္မာလာအောင် ပြုပြင်ပေးတယ်.. ရန်ဖြစ်တတ်တဲ့ ကောင်လေးကို ရန်ဖြစ်တဲ့ ဆိုးကျိုးတွေ သိလာအောင် သွန်သင်ပေးပါတယ်..  စာဖတ်တာကို ၀ါသနာ ပါလာအောင် ကြိုးစားပေးတယ်…. ကောင်လေး စိတ်ဓာတ်ကျ အားငယ်တဲ့အခါ အားပေး နှစ်သိမ့်တတ်တယ်.. ပြီးတော့ ကောင်လေးကို တက္ကသိုလ် ဆက်တက်ဖို့ တိုက်တွန်းတယ်.. ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေလို  ဖြစ်လာကြပါတယ်.. ရုပ်မချောတဲ့ ကောင်မလေးဟာ ခပ်ချောချော၊ ခပ်ဆိုးဆိုး ကောင်လေးကို သံယောဇဉ် တွယ်မိပါတယ်… ကောင်လေးကတော့ လှလှပပလဲ မဟုတ်၊ ဆွဲဆောင်မှု လဲ မရှိတဲ့ သူမကို သူငယ်ချင်း တစ်ယောက်ထက် မပိုခဲ့ပါဘူး…..


 
မကြာခင်မှာ ကောင်လေးဟာ  ရုပ်ချောချော ကောင်မလေး တစ်ယောက်ကို စိတ်ဝင်စား မိပါတယ်.. လူဆိုတာကလည်း လှတာလေးကိုမှသာ လိုချင်ကြတယ် မဟုတ်ပါလား…. ကောင်လေး စိတ်ဝင်စားမိတဲ့ ကောင်မလေးဟာ အလွန်ကိုမှ ချောမောလှပသူပါ… သူမရဲ့ ဆံနွယ်လေးတွေဟာ ပုခုံးထက်မှာ တောက်ပစွာ ဖြာဝေကျဆင်းလို့… သူမရဲ့ မျက်လုံးလေး တွေဟာလည်း ပင်လယ်ပြင်ရဲ့ အပြာရောင်လို လှပ နက်ရှိုင်းလို့… ကောင်လေးက သူရဲ့ သူငယ်ချင်းမလေးကို သူချစ်နေတဲ့ ကောင်မလေး အကြောင်း ပြောပြရာမှာ သူချစ်တဲ့ ကောင်မလေးဟာ သိပ်ကိုလှပတဲ့ နတ်သမီးလေး တစ်ပါးနဲ့ တူပါတယ်လို့ မကြာခန တင်စား ပြောဆိုတတ်ပါတယ်… ကောင်မလေးရဲ့ လှပချောမောမှုကိုလည်း ဂုဏ်ယူ ၀င့်ကြွားစွာ ပြောဆိုတတ်ပါတယ်...


 


ကောင်မလေးဟာ ကောင်လေးရဲ့ စကားတွေ နားထောင်ပြီး သူမ ရင်ဘတ်ထဲမှာ ဆို့နင့် ခံစားရပါတယ်.. သူမဟာ ရုပ်ရည် ချောမော လှပခြင်း မရှိတဲ့ အတွက်ကြောင့် သူမ ချစ်ခင် မြတ်နိုးရသူကို ပိုင်ဆိုင်ခွင့် မရှိတဲ့ ဘ၀ပါ….  ဒါပေမဲ့ သူမရဲ့ ဆုံးရှုံးမှုကို ဂရု မစိုက်ပါဘူး.. ကောင်လေး ပျော်နေရင် သူလဲ ပျော်ပါတယ်.. ကောင်လေး ပျော်အောင်လဲ သူ ကြိုးစားပေး ချင်ပါတယ်… ကောင်လေး သူ့ကို မချစ်ရင်လဲ သူမဘက်က မေတ္တာမပျက်ပါဘူး… ကောင်လေး သူ့ချစ်သူကိုပေးဖို့ ရည်းစားစာ တောင်မှဘဲ အကောင်းဆုံးဖြစ်အောင် သူမကိုယ်တိုင် ရေးပေးပါတယ်… ကောင်လေးအတွက် သင့်တော်မဲ့ အ၀တ်အစား၊ ကောင်မလေးနဲ့ တွေ့တဲ့အခါ  ဘယ်လိုစကား ပြောရမယ်.. ဘယ်လို လက်ဆောင်မျိုးလေး ပေးရင် ကောင်းမယ် ဆိုတာက အစ အကူအညီ ပေးတတ်၊ အကြံပေးတတ်ပါတယ်… ဒီလိုနဲ့ ကောင်မလေးရဲ့ အကူအညီကြောင့်ဘဲ သူမ သိပ်ချစ်တဲ့ ကောင်လေးဟာ လှပတဲ့ ကောင်မလေးနဲ့ ချစ်သူများ ဖြစ်သွားကြပါတယ်..


 
လှပချောမောတဲ့ ကောင်မလေးဟာ ကောင်လေးအတွက်တော့ ပျော်ရွှင်စရာ အမြောက် အများကို ဆောင်ကျဉ်းပေးသူ  ဖြစ်သော်လည်း၊  ရုပ်မလှတဲ့ ကောင်မလေး အတွက်တော့ နာကျင်မှုများစွာကို ယူဆောင် ပေးသူ ဖြစ်လို့ နေပါတယ်… ကောင်လေးရှေ့မှာ အပြုံးမပျက် ဟန်ဆောင်နေရင်း အကူအညီ များစွာကို ပေးနေသော်လည်း၊ ကောင်လေး နောက်ကွယ်မှာ ကြိတ်ငိုနေရတဲ့ သူမအဖြစ်က သနားစရာပါ… ဒါပေမဲ့ သူမမှာ မျှော်လင့်ချက် လုံးဝ မရှိသော်လည်း ကောင်လေးကို ပေးနေတဲ့ အကူအညီကို  လုံးဝ ရပ်မပစ်ပါဘူး.. သူတို့ ချစ်သူ နှစ်ယောက်အတွက် သူမ တတ်နိုင်သလောက် အကောင်းဆုံး အကူအညီကို ပေးနေတုန်း၊ ပေးနေဆဲပါ…


 
တစ်နေ့မှာ ကောင်လေးရဲ့ ချောမောလှပတဲ့ မိန်းခလေးဟာ ကောင်လေးကို ထားခဲ့ပြီး သူ့ထက် ပိုက်ဆံချမ်းသာကာ၊ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ယောက်နောက်ကို ပါသွားခဲ့ပါတယ်.. ကောင်လေးဟာ ရူးမတတ် ခံစားရပါတယ်… နာကျင် စိတ်ဆင်းရဲခြင်း များစွာနဲ့ ရက်ပေါင်း အတော်ကြာ ဘယ်သူ့ကိုမှလဲ စကားမပြော၊ အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ဘဲ နေနေပါတော့တယ်… ဒီတော့ ကောင်မလေးဟာ ကောင်လေး ဆီကို နှစ်သိမ့်အားပေးဖို့ ရောက်သွားခဲ့ပါတယ်.. ကောင်မလေးကို တွေ့တဲ့အချိန်မှာ ကောင်လေးဟာ ကောင်မလေးရဲ့ ပုခုံးလေးပေါ်မှာ ငိုကြွေးရှာပါတယ်.. ကောင်မလေးကလဲ ကောင်လေးနဲ့အတူတူ ငိုကြွေးခဲ့ပါတယ်.. နှစ်ယောက်သား တစ်ဦးပုခုံးပေါ်တစ်ဦး မှီပြီး မျက်ရည်တွေနဲ့ ဝေမျှ ခံစားကြပါတယ်…  ကောင်လေး ပြင်းထန်စွာ နာကျင် ခံစားရသလိုဘဲ ကောင်မလေးလဲ နာကျင် ခံစားရပါတယ်..


 
ဒီလိုနဲ့ ကောင်မလေးဟာ ကောင်လေး ဝေဒနာ သက်သာအောင် အားပေးနှစ်သိမ့်ရင်း ဖေးမ ကူညီ ပေးခဲ့ပါတယ်..  အချိန်ဆိုတဲ့ သမားတော်ရဲ့ ကုစားပေးမှုနဲ့  ကောင်မလေးရဲ့ အားပေး နှစ်သိမ့်မှု တို့ကြောင့်  တစ်ဖြေးဖြေးနဲ့ ကောင်လေးရဲ့ နာကျင်မှုတွေဟာ  သက်သာ လာပါတယ်..  သူဘယ်တုန်းကမှ နားမလည်ခဲ့တဲ့၊ နားလည် အောင်လဲ မကြိုးစားခဲ့တဲ့ ကောင်မလေးနဲ့ ပါတ်သက်ပြီး တစ်စုံတစ်ရာကိုလည်း သဘောပေါက် နားလည်စ ပြုလာ ပါတယ်..


 


သူမလေးရဲ့ ရယ်သံလေးဟာ ချိုချိုလွင်လွင်လေးနဲ့ သာယာလှတာ၊ သူမရဲ့ အပြုံးလေးဟာ အလွန်ဘဲ တောက်ပ ချစ်ခင်စရာ ကောင်းတာ၊ သူမရဲ့ ဖြူစင်တဲ့ ရိုးသားမှုလေးများဟာ စွဲမက်စရာ ကောင်းလှတာကို ကောင်လေး နားလည် သဘောပေါက်လာပါပြီ.. ရုပ်မချောတဲ့ ကောင်မလေးရဲ့ အလှအပကို ကောင်လေး တွေ့မြင်စ ပြုလာပါပြီ… မိန်းခလေးတစ်ယောက်မှာ အပေါ်ယံ ရုပ်ရည် အလှအပထက်၊ စိတ်နှလုံး ဖြူစင် ရိုးသားမှုကသာ  တန်ဖိုးအရှိဆုံးသော အလှဆုံးသော အရာ ဆိုတာ သူသိသွားပါပြီ… ဒီ ရွက်ကြမ်းရေကျိုသာ ရှိတဲ့ ကောင်မလေးဟာ ကောင်လေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အလှ ပိုင်ရှင် ဆိုတာကို  ခုတော့ သဘောပေါက် နားလည်ပါပြီ… ကောင်မလေးကို သူချစ်ခင် နှစ်သက်စ ပြုလာပါပြီ.. ချစ်ခင်လာတဲ့ စိတ်နဲ့ ကြည့်မိတော့လဲ ကောင်မလေးဟာ သူ့အမြင်မှာတော့ လှပသူလေး အဖြစ် ပြောင်းလဲလို့ လာပါတယ်…


 
ဒါကြောင့်လဲ အလုပ်ကိစ္စ တစ်ခုနဲ့ ခရီးသွားပြီး ပြန်အလာမှာ သူပြန်ရောက်ကြောင်း ကောင်မလေးကို အသိပေးဖို့နဲ့၊ သူချစ်နေမိပြီ ဆိုတဲ့ အကြောင်း ကောင်မလေးကို ဖွင့်ပြောဖို့ သတ္တိတွေမွေးပြီး အိမ်မှ ထွက်လာခဲ့ပါတယ်.. ကောင်မလေးနဲ့ မတွေ့ဖြစ်တာလဲ ရက်အတော်ကြာ နေပြီလေ.. မတွေ့ရတော့မှ ကောင်မလေးရဲ့ တန်ဖိုးကို သူနားလည်လာတယ်.. သူဘယ်လောက် ကောင်မလေးကို သတိရ လွမ်းဆွတ်နေမိတယ် ဆိုတာကိုလဲ သူ့ကိုယ်သူ သိလာတယ်… ပြီးတော့လဲ  သူ့အပေါ်မှာ ကောင်မလေးလောက် နားလည်ပေးမဲ့သူ၊ ကြင်နာနိုင်မဲ့သူ ဘယ်သူမှ မရှိနိုင်တော့ဘူး ဆိုတာလဲ သူကောင်းကောင်း သိနေပါပြီ… ကောင်မလေး အိမ်ကို လျှောက်လာတဲ့ လမ်း တစ်လျှောက်လုံး သူ့စိတ်တွေ မငြိမ်မသက် ဖြစ်နေမိပါတယ်..  တုန်လှုပ်ခြင်း တစ်မျိုးကိုလဲ ခံစား နေမိပါတယ်.. သူ့ခေါင်းထဲမှာတော့ အတွေးတွေက တောင်စဉ်ရေမရ ပြေးလွှားဆော့ ကစားရင်း ကောင်မလေးကို ဖွင့်ပြောဖို့ စကားလုံးတွေ စီနေမိပါတယ်.. သူ့အမြင်မှာ ကောင်မလေးဟာ ဘယ်လောက်တောင် လှပသူ ဖြစ်ကြောင်း သူမကို ဘယ်လောက် တောင် ချစ်ခင်နေမိကြောင်း စတာတွေကို ဖွင့်ပြောဖို့ စဉ်းစားနေမိပါတယ်…


 
ကောင်မလေး အိမ်ရှေ့ရောက်တော့ တံခါးကို ခေါက်လိုက်ပါတယ်…  အိမ်ထဲက ဘာတုံ့ပြန်မှုမှ မရပါဘူး.. တံခါးကို ဘယ်သူမှလဲ လာဖွင့် ပေးမဲ့သူ မရှိပါဘူး…. ကောင်လေးဟာ ဘေးအိမ်တွေကို စုံစမ်း ကြည့်တော့မှ ကောင်မလေးကို ဆေးရုံတင်ထားရတဲ့ အကြောင်းကို သိလိုက်ပါတယ်.. ဒါနဲ့ ကောင်မလေး တက်နေတဲ့ ဆေးရုံကို လိုက်သွား ပါတယ်.. အဲဒီမှာ အကျိုးအကြောင်းကို သိလိုက်ရပါပြီ.. ကောင်မလေးရဲ့ ဦးနှောက်တွင်းမှာ အလွန်ကြီးမားသော အကြိတ်ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်းနဲ့၊ နောက်ကျပြီးမှ သိလိုက်ရပြီ ဖြစ်တဲ့အတွက် အချိန် မမီတော့ကြောင်း ခွဲစိတ်ကုသလို့လဲ မရနိုင်တော့ကြောင်းကို ကြေကွဲစွာ ကြားသိလိုက်ရပါတယ်…


 
ကောင်မလေးဟာ ဆေးရုံမှာဘဲ သေမဲ့ရက်ကို စောင့်နေတဲ့သူလို ဖြစ်နေပါပြီ.. တစ်ဖြေးဖြေးနဲ့ သူမဝေဒနာ ပိုပိုဆိုးလာပြီး နောက်ဆုံးမှာ သတိ မရတော့ဘဲ မေ့မြောလို့သာ နေပါ တော့တယ်….  ကောင်လေးဟာ သူမလေးရဲ့ လက်ကို ဆုပ်ကိုင်ရင်း၊ သူမ ဆံပင်လေးတွေကို သပ်တင် ပေးရင်း နဲ့ ကောင်မလေး ဘေးမှာ ငိုရှိုက်နေမိပါတယ်.. သူ ငိုကြွေးနေမိ သော်လည်း ခုချိန်မှာ အရာရာ နောက်ကျသွားပါပြီ.. ကောင်မလေးဟာ သူ့အတွက် ဘယ်လောက်တောင် လှပတယ်၊ ဘယ်လောက်တောင် တန်ဖိုးရှိတယ်၊ သူဘယ်လောက်ထိ ကောင်မလေးကို ချစ်နေတယ် ဆိုတာ ကောင်မလေး မသိနိုင်တော့ပါဘူး.. ကောင်မလေး ကြားအောင်လဲ ဖွင့်ပြောခွင့် မရတော့ပါဘူး… ခုချိန်မှာတော့ ကောင်မလေးဟာ ဘာဆို ဘာမှ မသိနိုင်တော့ပါဘူး…


 


ကောင်မလေး ဆုံးသွားပြီးတဲ့နောက် သူမကို သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာ ဂူသွင်း မြုပ်နှံ လိုက်ကြပါတယ်… အုတ်ဂူဖြူဖြူလေးရဲ့ ဘေးမှာ စိမ်းလန်းတဲ့ မြက်ခင်း နူးနူးညံ့ညံ့ လေးတွေနဲ့ တောက်ပစိမ်းစိုလို့ …. ပန်းပင်လေးတွေမှာလည်း ပန်းရောင်စုံလေးတွေ ဝေစီဖူးပွင့်လို့… သင်းပျံ့တဲ့ ရနံ့လေးတွေက ဘေးဝန်းကျင်မှာ မွှေးရီလွှင့်ဝဲလို့.. နေခြည်နွေးနွေးက အုတ်ဂူလေးပေါ် လဲ့လဲ့လွှင်လွှင်လေး လင်းဝေဖြာကျလို့….  သစ်ပင်ပေါ်က ရွှေဝါရောင် ရွက်ကြွေလေးတွေကလည်း ကောင်မလေးရဲ့ အုတ်ဂူဖြူဖြူလေးပေါ်ကို အတားအဆီးမဲ့ တစ်လွှင့်လွှင့် တစ်ဖြုတ်ဖြုတ်နဲ့ လေအဟုန်မှာ စီးမျှောကြွေကျလို့ နေပါတယ်… ကမ္ဘာပေါ်က အလှဆုံး ကောင်မလေး အတွက် ၀မ်းနည်း ကြေကွဲစွာ ငိုကြွေးရင်း နှုတ်ဆက်နေကြ သလိုပါဘဲ…


 
ကောင်လေးက ကောင်မလေးရဲ့ အုတ်ဂူရှေ့မှာ ရီဝေဆွေးမြေ့စွာ ရပ်ရင်း သူ့ကို ထာဝရ ခွဲခွာသွားတဲ့ ကောင်မလေးကို ကြေကွဲစွာ နှုတ်ဆက်နေပါတယ်… ငြိမ်းချမ်းစွာ အိပ်စက် အနားယူပါတော့ စိတ်နှလုံး ဖြူစင်လှပလွန်းတဲ့ ကောင်မလေးရယ်.. ဟုတ်ပါတယ် ကောင်မလေး ဟာ ကောင်လေး အတွက်တော့ အလှဆုံး မိန်းခလေးပါ.. သူ့ဘ၀ကို လမ်းညွှန်ပေးခဲ့သူ၊ ပြုပြင်တည့်မတ် ပေးခဲ့သူ၊ ဆိုးသွမ်းတဲ့ သူ့ကို လိမ္မာ လာအောင် ပဲ့ပြင်ပေးခဲ့သူလည်း ဖြစ်ပါတယ်… အချစ်ဆိုတာ အပေါ်ယံ အလှအပ သက်သက်နဲ့ မရွေးချယ် သင့်ကြောင်း ကိုလဲ ကောင်မလေး ကြောင့် သူသဘောပေါက် နားလည်ခွင့် ရလိုက်ပါတယ်… လောကမှာ ဖြူစင် ရိုးသားခြင်းကသာ အလှဆုံး ဖြစ်ကြောင်း ကောင်လေးသိပါပြီ.. ကောင်မလေးဟာ ကောင်လေး အတွက်တော့ ကမ္ဘာမှာ အလှဆုံး မိန်းခလေးတစ်ဦး အဖြစ် နှလုံးသားရဲ့ တစ်နေရာမှာ ထာဝရ တည်ရှိနေမှာပါ……….


 
--------------------------------------------------------------------------------------------------------------------------------------


 
တစ်ချို့သူတွေက အပေါ်ယံအလှကိုသာ အလှစစ်ထင်ပြီး ရုပ်လှသူကိုသာ ချစ်သူအဖြစ် ရွေးချယ် တတ်ကြပါတယ်.. တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ ရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေ ကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူ ကိုတော့ ရုတ်တရက် ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ့် အလှစစ်နဲ့ လှတဲ့သူကို သေချာ ရှာတတ်ဖို့ လိုပါတယ်… အပေါ်ယံ ရုပ်ရည်ကိုသာ ကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါ ရက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသား အလှ ပိုင်ရှင်လေးများ ကို လက်လွတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်… ရုပ်အလှ ပြည့်စုံသူ များလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသော သူများ ဖြစ်နိုင်ကြပါစေရှင်….


 

 
 
Lovefatedestiny မှ  She was Not Beautiful ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


 
အလှစစ်ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေရှင်…


 


ချော (အစိမ်းရောင်လွင်ပြင်)

ဆန့်ကျင်ဘက် အမြင်


picture from http://img.wallpaperstock.net:81/black-white-flower-wallpapers_3614_1024.jpg 


 


တစ်ခါတုန်းက တစ်မိသားစု တစ်ခုတည်းကနေ ပေါက်ဖွားလာတဲ့ ညီအစ်ကို နှစ်ဦးရှိပါတယ်… ညီအစ်ကိုရင်း ဖြစ်သော်လည်း ဆန့်ကျင်ဘက် စရိုက်နဲ့၊ ဆန့်ကျင်ဘက် အခြေအနေ ရှိသူများ ဖြစ်ကြပါတယ်… တစ်ဦးက မူးယစ်ဆေးဝါးစွဲနေပြီး အရက်ကို အလွန်အကျွံ သောက်စားသူ ဖြစ်ကာ မိသားစုကိုလည်း ညှင်းပန်းနှိပ်စက်သူ ဖြစ်သောကြောင့် လူတိုင်းက ပေါင်းသင်းဆက်ဆံခြင်း ပြုလုပ်ဖို့ ရှောင်ရှားခံရသူ ဖြစ်ပါတယ်…


 


 နောက် တစ်ဦးကတော့ သူနဲ့ ဆန့်ကျင်စွာဘဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသူ၊ လူမှုအသိုင်းအ၀ိုင်းမှာ နေရာ ၀င်ဆန့်သူ၊ လူအများက လေးစားရသူ  ဖြစ်ပါတယ်… ပျော်ရွှင်သာယာတဲ့ မိသားစု ဘ၀ကို ပိုင်ဆိုင်ထားသူလဲ ဖြစ်ပါတယ်…   တစ်မိသားစုတည်းက ဆင်းသက် လာတဲ့ ညီအစ်ကိုရင်း ဖြစ်ပြီး၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုတည်းမှာ ကြီးပြင်းလာကြသော်လည်း ယခုလိုဆန့်ကျင် ကွဲပြား လွန်းတဲ့ အနေအထားကြောင့် လူတွေက သူတို့ညီအစ်ကို နှစ်ယောက် အကြောင်းကို အလွန်ဘဲ စိတ်ဝင်စားကြပါတယ်..


 


 ဒါကြောင့်မို့ အရက်သမားဖြစ်နေတဲ့ အစ်ကို ဖြစ်သူထံ သွားရောက်ကြပြီး      "ခင်ဗျား ဘာကြောင့်မို့ ခုလို မူးယစ်ဆေးဝါးသုံးစွဲပြီး ၊ အရက် သမား ဖြစ်ရတာလဲ.. ကိုယ့်မိသားစုအပေါ်မှာ မကြင်နာဘဲ ဘာကြောင့်များ ညှင်းပန်းနှိပ်စက် ရတာလဲဗျာ..  ခင်ဗျားကို ဒီလို ဖြစ်အောင် ဘယ်လို အရာတွေကများ တွန်းအားပေးလို့လဲ  " လို့ မေးခွန်း မေးကြပါတယ်..   ဒီတော့ အရက်သမားက ပြန်ဖြေတယ်  ကျွန်တော့်အဖေကြောင့် ခုလိုဖြစ်တာ   ပါ လို့ပြန်ဖြေပါတယ်...


 


 ခင်ဗျားအဖေက ဘာများဖြစ်လို့လဲ ”  မေးတော့   ကျွန်တော့်အဖေလဲ ကျွန်တော် ငယ်စဉ်ကတည်းက မူးယစ်ဆေးသုံးတယ်… အရက်သောက်တယ်.. မိသားစုကို နှိပ်စက်တယ်..  ကဲ..  ဒီတော့ ကျွန်တော်ကရော ဘာကောင်များ ဖြစ်လာဦးမှာလဲ.. အဖေရဲ့ အကျင့် စရိုက် အတိုင်းဘဲ လာမှာပေါ့..  ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်တော့မလဲ…  ကျွန်တော့် အဖေ ကိုယ်တိုင်ကမှ မကောင်းတာ ”    လို့ ပြန်ဖြေပါတယ်…


 


ဒါနဲ့ လူတွေက ချမ်းသာနေတဲ့ ညီဖြစ်သူထံ သွားရောက်ပြီး ခုလိုဘဲ မေးခွန်းများကို မေးပါတယ်..   “ ခင်ဗျားက စီးပွားရေးမှာလဲ အောင်မြင်တယ်..အကျင့် သိက္ခာနဲ့လည်း ပြည့်စုံတယ်.. မိသားစုကိုလည်း ချစ်ခင် ကြင်နာတယ်… ဒီလိုဖြစ်ဖို့ ဘယ်လို အကြောင်း တရားတွေက ခင်ဗျားကို တွန်းအား ပေးခဲ့ပါသလဲ လို့မေးပါတယ်..   ဒီတော့ အဲဒီ ညီဖြစ်သူ က ပြန်ပြောပါတယ်..   “ ကျွန်တော် အခုလို ဖြစ်လာရတာ ကျွန်တော့် အဖေကြောင့်ပါဘဲ ”   တဲ့…..   ကျွန်တော် ငယ်ငယ်ကလေးတည်းက ကျွန်တော့်အဖေဟာ အရက်သောက်တယ် ..မူးယစ် ဆေးဝါး သုံးတယ်…မိသားစုကို နှိပ်စက်တယ်…  အဲဒီချိန် ကတည်းက အဖေ့ကို ကြည့်ပြီး  ကျွန်တော့်စိတ်ထဲမှာ   အခုလို အဖေလုပ်နေတဲ့ အမှားမျိုး ဘယ်တော့မှ ကျွန်တော် မဖြစ်စေရဘူးလို့ ဆုံးဖြတ်ခဲ့တယ်.....  သင်ခန်းစာယူခဲ့တယ်.. ဟူ၍ ဖြစ်ပါတယ်..


 


အစ်ကိုဖြစ်သူကတော့ ဖခင်၏ အပြုအမူ အကျင့်စရိုက်သည် အတုခိုးစရာ ဟူ၍ ရှုမြင်လက်ခံပြီး၊ ညီဖြစ်သူမှာတော့ ဖခင်အပြုအမူသည် အတုခိုးရန်မဟုတ်၊ ရှောင်ကျဉ်ရန်သာ ဖြစ်သည်ဟူ၍ နားလည်လက်ခံသူ ဖြစ်ပါသည်။ သူတို့နှစ်ဦးစလုံး ယခုကဲ့သို့ ကွဲပြား ခြားနားသော အခြေအနေ၊ အကျင့်စရိုက်များ  ဖြစ်ပေါ်လာဖို့ ဖန်တီးလာခြင်းသည် အကြောင်းတရား ရင်းမြစ် တစ်ခုတည်းပေါ်တွင် အခြေခံသော်လည်း နားလည်လက်ခံပုံ၊ ရှုမြင်သုံးသပ်ပုံ၊ သင်ခန်းစာယူပုံခြင်း ကွဲပြားတဲ့ အတွက် ကြီးပြင်းလာသောအချိန်တွင် ခြားနားသော ဘ၀ကိုယ်စီကို ပိုင်ဆိုင်ရခြင်း ဖြစ်လေသည်။


 


 --------------------------------------------------------------------------------------------------------------------------------


Story လေးထဲက ပေးချင်တဲ့ သင်ခန်းစာသည် လူတစ်ဦး၏ မကောင်းသော အကျင့်စရိုက်သည် အတုခိုးရန်မဟုတ်.. သင်ခန်းစာယူရန်သာ ဖြစ်သည်.. အဖေ အရက်သမားဖြစ်၍ သားလည်း အရက်သမား ဖြစ်လာရမည်၊ အမေ နှစ်လုံးထီ၊ ချဲထီထိုးတိုင်း သားသမီးများလည်း ထိုကဲ့သို့ ဖြစ်လာရမည်    ဟူသော သတ်မှတ်ချက်၊ ခံယူချက်သည် အလွန် မှားယွင်းမှုသာ ဖြစ်လေသည်။ မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မကောင်းမှု ကျူးလွန်သူများ၊ ဒုစရိုက် အမှုကို မွေ့လျော်သူများ ရှိပါက ထိုသူများကို ကြည့်၍ သင်ခန်းစာ ယူတတ်ရမည်..... သင်ခန်းစာ ယူ၍ ရှောင်ကျဉ်ရန် သာ ဖြစ်ပါသည်။ မိမိဘ၀တွင် မိမိ ကိုယ်တိုင်သာလျှင် ပဲ့ကိုင်ရှင် ဖြစ်ပါသည်။ အကောင်းအဆိုး ဖြစ်လာဖို့ မိမိကိုယ်တိုင်သာ ဖန်တီးနိုင်ပါသည်။ မျိုးရိုး ဗီဇ အကျင့်စရိုက် ဟူသည် မိမိ အသိဥာဏ်၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိသင့်ပါသည်။  မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အကောင်းအဆိုး၊ အကြောင်းအကျိုးကို သေချာလေ့လာ၍  အတုခိုးသင့်သည်၊ မခိုးသင့်သည်ကို ဦးနှောက်ဖြင့် ချင့်ချိန် ဆုံးဖြတ်သင့်လှပါ သည်။ ပါတ်ဝန်းကျင်နှင့် မျိုးရိုး၏ လွှမ်းမိုးမှုကို မခံယူသင့်ပါ၊ သင်ကိုယ်တိုင်သာ သင့်ဘ၀ကို စီရင် ဆုံးဖြတ်ပိုင်ခွင့် ရှိသူဖြစ်ပါသည် ။


 


WE ARE ALL MOTIVATED - EITHER POSITIVELY OR NEGATIVELY ကို ဘာသာပြန်ပါသည်။


 


မိမိဘ၀ကိုယ် မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်သူများ ဖြစ်ကြပါစေရှင်...................


 


ချော (အစိမ်းရောင်လွင်ပြင်)

ကန္တာရထဲက ပန်းပင်လေးတစ်ပင်








တစ်ခါတုန်းက သဲကန္တာရကြီး တစ်ခုထဲမှာ ပေါက်နေတဲ့ ပန်းပင်ငယ်လေး တစ်ပင် ရှိခဲ့ပါတယ်… တစ်ခြား ပန်းပင်တွေ၊ ပန်းပွင့်တွေ အားလုံး ညိုးရော် ခြောက်သွေ့နေချိန်မှာ သူမတစ်ဦးတည်းသာ ရှင်သန်နိုင်ခဲ့ပါတယ်.. ပန်းပင်လေးဟာ ခုလို ရှင်သန်နိုင်တဲ့အတွက် နေ့စဉ်နေ့တိုင်း  ရွှင်လန်း ၀မ်းမြောက် နေပါတယ်.. ပြီးတော့လဲ နေမင်းကြီးကို မော့ကြည့်ပြီး  “ကျွန်မ ဘယ်တော့များ ကြီးပြင်းလာမှာလဲ ” .. လို့မေးတတ်ပါတယ်.. နေမင်းကြီးက “ စိတ်ရှည်ရှည်နဲ့ စောင့်ပါ ကလေးမရယ်.. ငါ့နေရောင်ခြည်နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အတွက် မင်းဟာ ဖြေးဖြေးချင်း ကြီးထွားလာနေပါပြီ  ”  လို့ ပြန်ဖြေပါတယ်…




နေမင်းကြီးရဲ့ စကားကို ကြားရတော့ ပန်းပင်လေးဟာ ပျော်ရွှင် ကြည်နူးရပါတယ်… သူမက ပန်းပွင့်လေးတွေ အများကြီး ပွင့်ပြီး ဒီသဲကန္တာရ ကြီးကို အလှဆင် ပေးချင်ပါသေးတယ်.. အဲဒါဟာ သူအဖြစ်ချင်ဆုံး ဆန္ဒလေး တစ်ခုလဲ ဖြစ်ပါတယ် သူမ အသက်ရှင်နေစဉ် အချိန်အတွင်းမှာ တတ်နိုင်သလောက်တော့  လောကကြီးကို အလှဆင်ပေးနိုင်သူ ၊ လောကကြီးအတွက် ကောင်းကျိုးလေးတစ်ခု ဆောင်ရွက် ပေးခဲ့ချင်သူ ဖြစ်ပါတယ်...




တစ်နေ့မှာ မုဆိုးတစ်ယောက်ဟာ မျက်စိလည်ပြီး ကန္တရ အတွင်းကို ရောက်လာပါတယ်… ပြီးတော့ ပန်းပင်လေးကို နင်းမိသွားပါတယ်… သူမဟာ မြေပြင်ပေါ်မှာ ပြားပြားဝပ်သွားခဲ့ရပါပြီ… ဒီတော့ ပန်းပင်လေးဟာ အရမ်းဘဲ ၀မ်းနည်းသွားမိတယ်..သူမ သေရပါတော့မယ်.. ဒီသဲကန္တာရကို အလှလေးတောင် ဆင်ပေးခွင့်၊ ပန်းလေးတွေ ဖူးပွင့်ခွင့်တောင် မရတော့ဘဲ သူမ သေဆုံးသွားတော့မှာကို တွေးမိပြီး ၀မ်းနည်းလွန်းတာပါ…. ပန်းပင်လေးက လောကကြီးကို သူတတ်စွမ်းသမျှ အလှဆင်ပေးချင်သူလေ…




သူမရဲ့ ပြင်းပြတဲ့ ဆန္ဒကို ကြားသိသွားတဲ့ နတ်မင်းကြီးတစ်ပါးက “ဒီပန်းပင်လေးဟာ လောကကို အလှဆင်ပေးချင်တဲ့ စိတ်ရှိတယ်.. ကောင်းကျိုးကို လိုလားတယ်.. ဒါကြောင့် သူအသက်မသေသင့်ဘူး… သူ့ဆန္ဒလေးကို ပြည့်အောင် ဖြည့်ဆည်းပေးရမယ်.. ” လို့ ဆုံးဖြတ်ပြီး ပန်းပင်လေးရှိရာကို ဆင်းသက် လာပါတယ်… ပြီးတော့ ပန်းပင်ကလေးကို လက်နဲ့ အသာအယာ ထိတွေ့ ကိုင်တွယ်ပြီး အသက် ဇီဝဓာတ်ကို ပြန်လည် ဖြည့်သွင်းပေးလိုက်တဲ့ အခါ ပန်းပင်ကလေးဟာ ထူထူထောင်ထောင် ပြန်ဖြစ်လာပါတယ်…




သိပ်မကြာခင်မှာ ပန်းပင်လေးမှာ လှပတဲ့ ပန်းကလေးတွေ ဖူးပွင့်ဝေဆာလာပါတယ်… ပန်းပွင့်လေးတွေမှာလည်း သင်းပျံ့တဲ့ ရနံ့လေးတွေနဲ့… ကန္တာရကြီးဟာ ပန်းပွင့်လေးတွေရဲ့ အလှ၊ သူတို့ရဲ့ မွှေးရနံ့လေးတွေနဲ့ လှပ တင့်ဆန်းလို့….. မွှေးရီ သင်းထုံလို့ နေပါတော့တယ်….. ပန်းပင်လေးဟာ မြင်ရသူအပေါင်းကို ကြည်နူး ချမ်းမြေ့ စေတဲ့  ရွှင်လန်း ပီတိကို ပေးဝေမျှလို့ပေါ့……………





--------------------------------------------------------------------------------------------------------------------------------------



ပုံပြင်လေးက ဒါပါဘဲရှင်... ကျွန်မကတော့ ပုံပြင်လေးထဲက ပန်းပင်လေးရဲ့ စိတ်ဓာတ်ကို အရမ်းဘဲ နှစ်ခြိုက်မိပါတယ်... ကျွန်မတို့တွေဟာ လောကကြီးထဲမှာ ရှင်သန်နေစဉ် အချိန်လေးမှာ ပန်းပင်လေးလို စိတ်ထားမျိုး ထားသင့်ကြပါတယ်နော်.. လောကကြီးအတွက် ကောင်းရာ ကောင်းကျိုးကို ဘာတစ်ခုမှ မလုပ်ဆောင်ဘဲ အသက်ရှည်ရှည် နေထိုင်နေကြတဲ့ လူတွေထက်စာရင် ကိုယ် တတ်နိုင်သလောက်လေး  တစ်ထောင့်တစ်နေရာ၊ ကဏ္ဍလေး တစ်ခုခုကနေ ပါဝင် လုပ်ဆောင်ရင်းနဲ့ အသက်တိုတိုလေး နေသွားရဦးတော့ လောကကြီးမှာ နေထိုင်ခဲ့ရကျိုး နပ်တယ် မဟုတ်ပါလားရှင်... အဓိပ္ပာယ်ရှိသော ရှင်သန်ခြင်းလဲ ဖြစ်ပါတယ်... လူတိုင်း မိမိကိုယ်ကို စဉ်းစားသင့်ပါတယ်.. ငါဟာ လောကကြီး အတွက် ကောင်းကျိုးတစ်ခုခု လုပ်ခဲ့ပြီးပြီလား.. လောကကြီးကို တစ်ထောင့် တစ်နေရာကနေ အလှဆင်ဖို့ ကြိုးစားခဲ့ပြီလား.... မလုပ်ရသေးဘူး ဆိုရင် ကိုယ် မသေခင်မှာ တတ်နိုင်သလောက်လေး လောကကြီးကို အလှဆင်သွားကြပါဦးနော်... ကိုယ်လို လူတွေ များလာတဲ့ အခါ ကမ္ဘာ လောကကြီး တစ်ခုလုံးဟာ ကောင်းကျိုးတွေ ဝေဖြာပြီး အေးချမ်း သာယာလို့ လှပနေမှာပါ... ကျွန်မလဲ တစ်ထောင့် တစ်နေရာ ကနေ ကိုယ် တတ်စွမ်းသမျှလေးနဲ့  လောကကြီးကို နည်းနည်းလေးဘဲ ဖြစ်ဖြစ် အလှဆင်နိုင်သူ ဖြစ်အောင် ကြိုးစားပါဦးမယ်ရှင်.............






Flower in The Desert ( Unknown Author) ကို နှစ်ခြိုက်လွန်းစွာ ဘာသာ ပြန်ပါသည်....






ချော (အစိမ်းရောင်လွင်ပြင်)

အလိုအပ်ဆုံးအရာ





တစ်နေ့မှာ အမျိုးသမီးတစ်ဦးဟာ အိမ်အပြင်ကို ထွက်အလာမှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ အဖိုးအို သုံးဦးကို တွေ့လိုက်ရပါတယ်.. အဖိုးအို သုံးယောက်လုံးဟာ ဖြူဖွေးတဲ့ မုတ်ဆိတ်မွှေးများ ကိုယ်စီ ရှိကြပါတယ်.. အမျိုးသမီးက အဖိုးအို သုံးဦးကို ကြည့်ပြီး သူမ မသိတဲ့ သူတွေ ဖြစ်နေတဲ့အတွက် အနည်းငယ်တော့      ဇဝေ ဇ၀ါ  ဖြစ်သွားခဲ့ပါတယ်..




“အဖိုးတို့ကို ကျွန်မ တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ထင်ပါတယ်... ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပါ.. အဖိုးတို့ကို ကြည့်ရတာ ဆာနေရောပေါ့နော်.. အိမ်ထဲကို ၀င်ပါလား.. ကျွန်မ တစ်ခုခုနဲ့ ဧည့်ခံပါရစေ.. ”  လို့ အမျိုးသမီးက အဖိုးအိုတို့ကို ပြောပါတယ်…




“အိမ်ထဲမှာ ယောက်ျားသား တစ်ယောက်ယောက် ရှိသလား” လို့   အဖိုးတို့က ပြန်မေးပါတယ်..




မရှိပါဘူးရှင်.. သူအပြန်ထွက်သွားပါတယ်…”




ဒါဆိုရင် ငါတို့ ၀င်လို့ မဖြစ်ဘူး”  လို့    ပြန်ပြော ပြီး အဖိုးအိုတို့က သူမရဲ့ ဖိတ်ခေါ်ချက်ကို ငြင်းပယ်ပါတယ်…




ညနေစောင်းလို့ သူမယောက်ျား ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက အကျိုးအကြောင်း ပြောပြပါတယ်… သူမ အမျိုးသားက     “ ကောင်းပြီလေ… ငါပြန်ရောက်ပြီဘဲ.. သူတို့ကို အိမ်ထဲကို လာခဲ့ဖို့ ပြန်ဖိတ်ခေါ်ခဲ့.. ”  လို့ပြောပါတယ်..




အမျိုးသမီးကလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို ဖိတ်ခေါ်ပြန်ပါတယ်…




အဖိုးအိုတို့က “ ငါတို့က သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ဘူး”   လို့    ပြန်ပြောပြန်ပါတယ်…




အမျိုးသမီးက သိချင်စိတ်ဖြစ်လာတာနဲ့ “ဘာကြောင့် သုံးယောက်လုံး တစ်ပြိုင်တည်း ၀င်ဖို့ မဖြစ်နိုင်ရတာပါလဲ” လို့ မေးပါတယ်..




အဖိုးအို တစ်ဦးက အခြားအဖိုးအို တစ်ဦးကို လက်ညိုးညွှန်လိုက်ရင်း  “သူ့နံမည်က ဦးချမ်းသာ ဖြစ်ပါတယ်… ”  နောက်တစ်ဦးကို လက်ညိုးထပ်ညွှန်ရင်း  “သူကတော့ ဦးအောင်မြင် ၊ ကျုပ်နံမည်ကတော့ ဦးမေတ္တာပါ.... အဖိုးတို့ သုံးယောက်မှာ တစ်ယောက်သွားရင် ကျန်တဲ့၂ယောက်က နေခဲ့ရမှာ ဖြစ်ပါတယ်...  ကဲ အခု အိမ်ထဲကို ပြန်သွားပြီး အဖိုးတို့ သုံးယောက်ထဲက ဘယ်သူ့ကို အိမ်ထဲဝင်ခွင့် ပြုမလဲ ဆိုတာကို သမီးယောက်ျားနဲ့ သွားတိုင်ပင်လိုက်ပါဦး.. ” လို့ပြောပါတယ်..




အမျိုးသမီးဟာ အိမ်ထဲကို ပြန်ဝင်သွားပြီး သူမယောက်ျားနဲ့ တိုင်ပင်ပါတယ်… သူ့ယောက်ျားက ပျော်ရွှင် ၀မ်းသာ စွာနဲ့    “ အိုး ဘယ်လောက် ၀မ်းသာစရာ ကောင်းလိုက်သလဲ.. ကဲ.. ဒီလိုဆိုရင် ဦးချမ်းသာကို သွားခေါ်ခဲ့ ..သူ အိမ်ထဲရောက်လာရင် ငါတို့ တစ်အိမ်လုံး ချမ်းသာခြင်းကို ပိုင်ဆိုင်ပြီပေါ့ကွာ…” လို့ပြောလိုက်ပါတယ်..




သူ့မိန်းမက သဘောမတူပါဘူးတဲ့… “ ယောက်ျားရယ်… ကျွန်မတို့ ဘာကြောင့် ဦးအောင်မြင်ကို မဖိတ်ခေါ်ရမှာလဲ.. အောင်မြင်လာပြီဆို ချမ်းသာခြင်းကလဲ အလိုလို ရောက်လာတော့မယ်လေ..  မဟုတ်ဘူးလား ”  လို့ပြောပါတယ်..




အိမ်ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်လေး နားထောင်နေတဲ့ သမီးလေး ဖြစ်သူက   “ဘာဖြစ်လို့ ဦးမေတ္တာကို မဖိတ်ခေါ်ရမှာလဲ .. ချစ်ခြင်းမေတ္တာသာ ရှိရင် အရာရာ ပြည့်စုံပြီပေါ့.. အိမ်မှာ ချစ်ခြင်းမေတ္တာတွေသာ လွှမ်းမိုးနေမယ်ဆိုရင် ဘယ်လောက်များ သာယာ ပျော်ရွှင်စရာ ကောင်းမလဲ”  လို့ ပြောပါတယ်..




ဒီတော့ သူမလေးရဲ့ အဖေက “ ဟုတ်တယ် ငါ့ သမီးလေး ပြောတာ မှန်တယ်..  သွား မိန်းမရေ.. ဦးမေတ္တာကိုသာ အိမ်ထဲကို ဖိတ်ခေါ်ခဲ့ဟေ့.. သူသာ ငါတို့ အတွက် အကောင်း ဆုံးဧည့်သည် အဖြစ်ထိုက်ဆုံးပဲ ”  လို့ပြောလိုက်ပါတယ်…




အမျိုးသမီးကြီးလဲ အိမ်အပြင်ဘက် ပြန်ထွက်လာပြီး အဖိုးအို သုံးဦးကို “ အဖိုးတို့အထဲက ဘယ်သူက ဦးမေတ္တာပါလဲရှင်… ဦးမေတ္တာကို ကျွန်မတို့ အိမ်ရဲ့ ဧည့်သည် အဖြစ် ရွေးချယ် လိုက်ပါပြီ..  အိမ်ထဲကို ကြွပါရှင်”  လို့ပြောလိုက်ပါတယ်…




ဦးမေတ္တာဖြစ်တဲ့ အဖိုးအိုတစ်ဦးက ထိုင်ရာမှ ထလိုက်ပြီး အိမ်ထဲကို လျှောက်လှမ်း သွားပါတယ်.. ကျန်တဲ့အဖိုးအို နှစ်ဦးကလည်း ထိုင်ရာမှ အသီးသီး ထ လိုက်ကြပြီး ဦးမေတ္တာ နောက်ကို  လိုက်လာကြပါတယ်….




အမျိုးသမီးဟာ အံ့သြသွားပြီး “ကျွန်မဖိတ်တာ ဦးမေတ္တာဆိုတဲ့ အဖိုး တစ်ယောက်ထဲ ကိုပါ.. အဖိုးတို့ ၂ယောက်က ဘာကြောင့် လိုက်လာကြပါသလဲ…. အဖိုးတို့ပြောတော့ သုံးယောက်လုံး တစ်ပြိုင်တည်း အိမ်ထဲဝင်လို့ မရဘူးဆို ”  လို့ မေးလိုက်ပါတယ်…




အဖိုးအို သုံးဦးတို့ဟာ “တကယ်လို့ သမီးကသာ ဦးအောင်မြင် ဒါမှမဟုတ် ဦးချမ်းသာ တစ်ဦးဦး ကိုသာ ဖိတ်မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာနေခဲ့မှာပါ.. ခုတော့ သမီးတို့က ဦးမေတ္တာကို ဖိတ်ခေါ်တဲ့ အတွက် အဖိုးတို့က သူသွားရာနောက်ကို လိုက်ရပါတယ်.. ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံနေရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းဟာ လိုက်ပါလာစမြဲပါကွယ် လို့ ပြန်ဖြေပါတယ်….”



-------------------------------------------------------------------------------------------------


စာဖတ်သူတို့ကရော  ယခုလို ဦးချမ်းသာ၊ ဦးအောင်မြင်၊ ဦးမေတ္တာ ဆိုတဲ့ အဖိုးအို သုံးဦးနဲ့များ ဆုံတွေ့ခဲ့ရင် ဘယ်သူ့ကို ရွေးချယ်မှာပါလဲ…. ဦးမေတ္တာကို ရွေးချယ်မှာပါလား?.. ဟုတ်ပါတယ်နော်... အိမ်တစ်အိမ်မှာ အရေးအကြီးဆုံးက ချစ်ခြင်းမေတ္တာပါ.. မိသားစုတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ရှိဖို့က သိပ်ကို လိုအပ်ပါတယ်... ဘယ်လောက်ပဲ ငွေကြေး ချမ်းသာနေပါစေ.. ဘယ်လောက်တောင် အောင်မြင်တိုးတက် နေတဲ့ အိမ်တစ်အိမ် ဖြစ်နေပါစေ.. မိသားစုဝင်တွေ အချင်းချင်း ချစ်ခင်ကြင်နာမှု မရှိဘဲ.. မသင့်မမြတ် ဖြစ်နေကြမယ်ဆိုရင် စိတ်ချမ်းသာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု မဖြစ်နိုင်ပါဘူးနော်... အိမ်သားတွေ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိပြီး စီးပွားရေး၊ ကြီးပွားရေး တို့ကို ၀ိုင်းဝန်းလုပ်ဆောင်ကြရင် ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းကို ရရှိဖို့ လွယ်ကူပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်တဲ့ ချစ်ခြင်းမေတ္တာတရားကို တစ်ဦးနဲ့ တစ်ဦး ပြည့်ပြည့်၀၀ ထားနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်...





Unknown Author ရဲ့ Invitation ကို ဘာသာပြန်ပါသည်....






ချစ်ခြင်းမေတ္တာ ပြည့်ဝကြပါစေရှင်...









ချော ( အစိမ်းရောင်လွင်ပြင်)