ထမင်းထုပ်လေးရဲ့ ငိုကြွေးသံ

 



 


 


အေးမြ အမေ ဒေါ်မြကြည်က ဘူတာမှာ ထမင်းထုပ် ရောင်းသူ... 


အေးမြတို့ရွာကလေးက မန္တလေး မြစ်ကြီးနား ရထားသံလမ်းဘေးတွင် ရှိပြီး ရွာဘူတာငယ်လေး တစ်ခုလဲ ရှိသည်။ သေးငယ်သော ဘူတာ ဖြစ်သောကြောင့် အထူးအမြန်၊ ဒုတိယအမြန်လို အမြန်ရထားများ မရပ်ပဲ စာပို့ရထား၊ ခေါက်ပြန်ရထားများသာ ရပ်နေကျ .. တစ်ခါတစ်လေ ရထားဆုံမည့် နေ့မှသာ အထူးအမြန်ကဲ့သို့ ရထားများ ရပ်တတ်သည်... ထိုအခါမျိုးတွင် ဒေါ်မြကြည်တို့ ဈေးရောင်း ကောင်းတတ်ပါသည်.. ဒေါ်မြကြည်က ဒေါ်ဝတုတ်မ ထမင်းဆိုင်မှ ထမင်းနှင့် ကြက်သားကြော် အပါ တစ်ထုပ်ကို  ၄၅၀ နှင့် ၀ယ်၍ ရထားတွဲများတွင်  ၅၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသည့် အလုပ်ကို သူမ ယောက်ျား ဆုံးကတည်းက လုပ်လာတာ ၂နှစ်ရှိပြီ.. ဈေးရောင်းကောင်းသည့်နေ့တွင် တစ်ရက်ကို တစ်ထောင် ကျော်ကျော်လောက် ကျန်တတ်သော်လည်း ပုံမှန် ရက်များတွင် ၇၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သည်..


 


ပဲပေါ်သည့်ရာသီချိန်တွင် ဈေးရောင်းသည့်အလုပ်ကို ဒေါ်မြကြည် မလုပ်တော့.. ပဲနှုတ်သည်က ဈေးရောင်းသည်ထက် ပိုက်ဆံပိုရသဖြင့် ပဲနှုတ် လိုက်ဖြစ်သည်က များသည်။  မနေ့က ပဲနှုတ်ပြီးအပြန် ချောင်းထဲတွင် ရေဆင်းချိုးရာ ဒေါ်မြကြည် အပူရှပ်ပြီး အဖျား တက်တော့သည်.. ဒီနေ့တော့ ပဲနှုတ် မလိုက်နိုင်သဖြင့်  ၇တန်းကျောင်းသူ သမီး အေးမြကို ကျောင်းမတက်ခိုင်းဘဲ ဘူတာတွင် ထမင်းထုပ် ရောင်းခိုင်းဖို့ကို  ဒေါ်မြကြည် စဉ်းစား ရတော့သည်..  အေးမြ ဈေးရောင်း မထွက်လျှင် ညနေ စားစရာ ထမင်းပင် ရှိမည်မဟုတ်.. တစ်ရက်လုပ်မှ တစ်ရက် စားရသော ဒေါ်မြကြည်တို့ ဘ၀တွင် တစ်ရက် ဖျားသည်နှင့် စားစရာမရှိသည့်ဘ၀....


 


“သမီး   အေးမြ ”


“ရှင်... အမေ”


 


“သမီး ကျောင်းမသွားနဲ့တော့... အမေ ဒီနေ့ ပဲနှုတ်မလိုက်နိုင်တော့ဘူး.. သမီး ဘူတာမှာ ထမင်းထုပ် သွားရောင်းလိုက်နော်.. မဟုတ်ရင် ညနေကျ အမေတို့ စားစရာမရှိဘဲ နေလိမ့်မယ်.. ခုမနက်တော့ ပဲပြုတ်နဲ့ ထမင်းကြမ်း စားသွားလိုက်နော် သမီး.. သမီး ဈေးရောင်းလို့ ပိုက်ဆံရလာရင် ဆန်နို့ဆီဗူး ၂လုံးလောက် ၀ယ်လာခဲ့ .. ပိုက်ဆံ ပိုရင် ဦးကုလား ဆေးဆိုင်မှာ အမေနေမကောင်းတာ ပြောပြပြီး သောက်ဆေး နည်းနည်း ၀ယ်လာခဲ့နော်...”


 


“ဟုတ်ကဲ့ အမေ..  ဒါဆို သမီး ထမင်းစားပြီး သွားလိုက်တော့မယ် .. အမေ အခုဘာစားမလဲဟင်.. သမီးဆန်ပြုတ်လေး ပြုတ်ထားခဲ့မယ်နော်..”


 


“ အေးအေး ရတယ်သမီး.. အမေ နေ့လည်လောက်မှ သောက်တော့မယ်... ”


 


အေးမြ ထမင်းကြမ်းလေးကို ရေထည့်ပြီး အမေ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်ရင်း ထမင်းကို ပဲပြုတ်လေးနှင့် နယ်ကာ ဆီမဆမ်းနိုင်ဘဲ မြိန်ရည်ရှက်ရည် စားရတော့သည်။ စားသောက်ပြီးသည်နှင့် မန္တလေးမှ လာသော စာပို့ရထားကို အမီ ထမင်းထုပ်ရောင်းဖို့ ဘူတာဘက်ကို အပြေးအလွှား ထွက်လာခဲ့သည်။ အေးမြစိတ်ထဲ ထမင်းထုပ်များများ ရောင်းရဖို့ ဆုတောင်းနေမိသည်.. ဒါမှလဲ ညနေအပြန် ဆန်ဝယ်နိုင်မည် အမေအတွက် သောက်ဆေးနဲ့ အားရှိမဲ့ အစားအစာလဲ ၀ယ်ချင်သေးသည်လေ.. သူမအတွက် အမေ ပင်ပင်ပန်းပန်း ပဲနှုတ်လိုက်နေသည်ကို မကြည့်ရက်.. ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတိုင်းလည်း အမေက ဘယ်တော့မှ လက်မခံ.. ဒီနေ့တောင် မလွှဲသာလွန်း၍ သူမကို ကျောင်းပျက်ခိုင်းရသည်ကို အေးမြ နားလည်ပါသည်.. ထို့ကြောင့်လည်း အမေ့ကို သူမ လုပ်အားလေးနှင့် ကျွေးမွေးခွင့်ရတုန်း ဈေး ကောင်း ကောင်း ရောင်းရဖို့ ဆုတောင်း မိခြင်းသာ...


 


ဘူတာအနီးက ဒေါ်ဝတုတ်မ ထမင်းဆိုင်မှာ ကြက်သားကြော်နဲ့ ထမင်း စုစုပေါင်း ၁၅ထုပ်ကို ယူလိုက်သည်။ ဒေါ်ဝတုတ်မဆီမှာ အေးမြအမေက ထမင်းထုပ်ယူနေကျ.. ဘူတာမှာရောင်းပြီး အပြန်ကျမှ ပိုက်ဆံဝင်ရှင်းပေးရသည်.. အရင်းအနှီးမလို.. ထမင်းထုပ် ကျန်နေလျှင် ပြန်အပ်ခဲ့လို့ ရသည်.. ဒေါ်ဝတုတ်မက အေးမြတို့ သားအမိကို သနားသဖြင့် ယခုလို အခွင့်အရေးမျိုး ပေးထားခြင်းသာ.. သို့သော် ထမင်းထုပ်က အမြဲတမ်း ရောင်းကောင်းနေတာ မဟုတ်သဖြင့် ပဲနှုတ်လိုက်သည်လောက် ၀င်ငွေမကောင်း. အမေ ပဲနှုတ်သွားလျှင် တစ်ရက် ၃၀၀၀ ရသည်။ ဒါကြောင့်လဲ အမေက ပင်ပန်းသော်လည်း ပိုက်ဆံပိုရသည့် ပဲနှုတ်ခြင်းကိုသာ လုပ်လိုသူ..


 


အေးမြ ထမင်းထုပ်ထည့်သည့် ဗန်းလေး ခေါင်းပေါ်ရွက်ပြီး ဘူတာအရောက် မကြာခင် မန္တလေးမှ စာပို့ရထားဆိုက်သည်။ ထမင်းထုပ် စုစုပေါင်း ၁၂ထုပ်တော့ ရောင်းလိုက်ရသည်။ နောက် တစ်နာရီလောက်တွင် နဘားကသာ ခေါက်ပြန်ရထား ဆိုက်ဖို့ရှိသေးသည်... ခေါက်ပြန်ရထားတွင်တော့ ထမင်းထုပ် ရောင်းကောင်းလေ့မရှိသဖြင့် သူမ မျှော်လင့်ချက် သိပ်မထားပါ.. မြစ်ကြီးနား စာပို့ရထားသာ မျှော်လင့်စရာ ရှိသည်.. ထင်သည့်အတိုင်း ခေါက်ပြန်ရထားတွင် ထမင်း ၂ထုပ်သာ ရောင်းရသည်။ စာပို့ရထား ဆိုက်ခါနီးတွင် ဒေါ်ဝတုတ်မ ထမင်းဆိုင် ပြန်ပြေးပြီး လက်ကျန် ထမင်းထုပ်များကို ထမင်းထုပ်အသစ် ပူပူ နွေးနွေးနှင့် လဲသည်။ နောက်ထပ် ထမင်းထုပ်အသစ် အထုပ် ၂၀လောက် ထပ်ယူလိုက်သည်။ မနက်က ယူသွားသော ထမင်းထုပ်ဖိုးကိုလည်း ပိုက်ဆံ ရှင်းပေးလိုက်သည်။


 


မြစ်ကြီးနား စာပို့ရထားဆိုက်ချိန်တွင် သိပ်မဆိုး ထမင်းထုပ် ၁၀ထုပ် ကုန်သွားပြန်သည်။ စုစုပေါင်း ၁၂၀၀ လောက်တော့ အမြတ်ကျန်နေပြီ..အိမ်အပြန် ဆန်ဝယ်ပြီး အမေ့အတွက် ဆေးနဲ့ မုန့်ဝယ်နိုင်တော့ မည်ဟု တွေးပြီး အေးမြ ပျော်ရွှင်နေမိသည်.. ရထားထွက်ခါနီးတွင် ရထားပေါ်မှ သားသားနားနား ၀တ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်က လှမ်းအော် သည်..


 


“ဟဲ့ကောင်မလေး ထမင်းထုပ်တစ်ထုပ် ဘယ်လောက်လဲ ”  ဟု လှမ်းမေးသည်..


 


 “ တစ်ထုပ် ၅၀၀ ပါရှင့် ”


 


“များလိုက်တာအေ... တစ်ထုပ် ၄၀၀ထားလိုက် .. ၃ထုပ်ယူမယ်..”


 


“မရပါဘူးအဒေါ်ရယ်.. ကျွန်မက တစ်ထုပ် ၄၅၀ ၀ယ်ရတာပါ.. တစ်ထုပ်ကို ၅၀ဘဲ အမြတ်တင်ထားတာပါ”


 


“မင်းတို့က ပြောလိုက်ရင် မမြတ်ဘူးမမြတ်ဘူးနဲ့.. ဈေးရောင်းတာ မမြတ်ဘဲ ဘယ်သူကရောင်းမလဲ.. ကဲကဲ ကြာတယ် ၃ထုပ်ကို ၁၄၀၀ ထားလိုက်”


 


၃ထုပ်မှ ၅၀သာ  မြတ်တော့မည်.. သို့သော် ဒေါ်ဝတုတ်ကို ပြန်အပ်ရမည့် အတူတူ ရောင်းလိုက်ဖို့ စိတ်ကူးရသဖြင့် ထမင်း၃ထုပ် ရထားပေါ် လှမ်းပေးလိုက်သည်..


 


 ထိုအချိန်တွင် ရထားဥသြ အချက်ပေးသံ ထွက်လာသည်။ 


 


“အဒေါ် ပိုက်ဆံ”


“နေပါဦး ပေးမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ..  နင်တို့ ထမင်းထုပ်ကို အရင်ကြည့်ရဦးမယ်.. ဈေးရောင်းတဲ့ လူတွေက အကျင့်ကောင်းတာမဟုတ်ဘူး.. ထမင်းအသိုးတွေ ပြန်ထုပ်ပြီး ရောင်းတတ်တာ.. ငါတို့က ပိုက်ဆံပေးပြီး ၀ယ်စားတာ ထမင်းအသိုးတော့ ပိုက်ဆံပေးပြီး ၀ယ်မစားနိုင်ဘူး.. ”


 


ပြောရင်းဖြင့် ရထားပေါ်မှ အဒေါ်ကြီးသည် ထမင်းထုပ်များကို တစ်ထုပ်ချင်း စိမ်ပြေနပြေ ဖြေကြည့်နေသည်။


 


ထိုစဉ်ရထား ဘီးစတင်လိမ့်နေပြီ.. အေးမြ ရထားပြူတင်းဘေး လျှောက်လိုက်ရင်း


 


“အဒေါ် ရထားထွက်နေပြီ .. ကျွန်မကို ပိုက်ဆံပေးပါတော့..”


 


ထိုအဒေါ်ကြီးမှာ မကြားသလို လုပ်ရင်း ထမင်းထုပ်များကို သာ ဖြေကြည့်နေသည်..


 


ရထားက တစ်စ တစ်စ အရှိန်ရလာပြီ.. အေးမြလဲ ရထားနဲ့အမီ အပြေးလိုက်နေဆဲ.. သူမရင်လဲ မောဟိုက်ပူပင်လာသည်.. အမေအတွက် ဆေးဝယ်ဖို့… ဆန်ဝယ်ဖို့… သောက ဇောနှင့် ရထားဘေးမှ အပြေးကလေး လိုက်နေဆဲ… သို့သော် ပိုပိုပြီး မြန်လာသော ရထားအရှိန်ကို သူမ တစ်ဖြေးဖြေး အရှုံးပေးရတော့မည်.. ဒီပိုက်ဆံမရလျှင် တစ်နေကုန် ဈေးရောင်းထားသမျှ အလကားဖြစ်ပြီ.. ကျောင်းပျက်ရတာလည်း အလာကား ဖြစ်ရ တော့မည်..  စိတ်ကို အားတင်းရင်း ရထားကို အမီ လိုက်ပြန်သည်..


 


“အဒေါ်.. အဒေါ်.. ထမင်းဖိုးပိုက်ဆံ .. ”


 


အေးမြ တစ်ကြော်ကြော် အော်ရင်း.. ရထားနောက်က ပြေးလိုက်နေဆဲ.. ပြေးရင်း ကျောက်ခဲ တစ်လုံးကို  ခလုတ်တိုက်ကာ မှောက်ရက် လဲလေသည်..


 


ရထားမှာ တစ်ရွေ့ရွေ့နှင့် သူမမြင်ကွင်းမှ ဝေးကွာသွားပေပြီ.. အေးမြမျက်ဝန်းထဲမှာ မျက်ရည်များ အဆီးအတားမရှိ စီးကျလာသည်.. ရထားပေါ်မှ အဒေါ်ကြီးသည် အ၀တ်အစား အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး ယခုလို လုပ်ရပ်မျိုး လုပ်မည်ဟုပင် ထင်စရာမရှိ.. သူမကဲ့သို့သော ဈေးသည်လေး အပေါ်တွင်ပင် အညှာအတာမရှိ လိမ်ညာ လှည့်ဖျား ရက်သော ထို မိန်းမကြီးကို နာကျင်မုန်းတီးမိသည်.. ဒီနေ့တော့ ဆန်မ၀ယ်နိုင်တာထက် အမေ့အတွက် ဆေးမ၀ယ်နိုင်တော့မှာကို  သူမ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်.. မျက်ရည်များစွာနှင့် ဘူတာဘက်သို့ ပြန်လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုကြွေးနေမိသည်..  ထိုစဉ် အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသော လူကြီးတစ်ဦး သူမအနား လာရပ်ရင်း


 


“သမီး ခုနက ရထားပေါ်မှာ သမီး ပိုက်ဆံဘယ်လောက် ပါသွားလဲ..”


 


“၁၄၀၀ ပါ ဦးလေး..  ကျွန်မက အမေနေမကောင်းလို့ ဈေးလာရောင်းတာပါ.. ခုတော့ တစ်နေ့လုံး ရောင်းလို့ မြတ်တဲ့ပိုက်ဆံ အကုန်ပါသွားပြီ.. ထမင်းဆိုင်မှာ ထမင်းထုပ်ဖိုး ပေးလိုက်ရင် ဆန်ဝယ်ဖို့ မပြောနဲ့ အမေအတွက် ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘူး..ဦးလေးရယ်” သူမ ငိုရှိုက်ရင်း ပြောပြနေမိသည်..


 


“ကဲ မငိုနဲ့ သမီးရယ် .. သမီးပါသွားတဲ့ ပိုက်ဆံ ဦးလေး ပြန်ပေးမယ်.. အခု ဦးလေး လက်ထဲမှာ ၅၀၀၀ရှိတယ်.. သမီးကို ၄၀၀၀ပေးခဲ့မယ်.. ၁၀၀၀ က ဦးလေးအပြန်စရိတ် ချန်ရဦးမယ်.. ဦးလေးက ဟိုဘက်ရွာကပါ  ဒီရွာကို ခနလာရင်း အခု ရထားမမှီလိုက်လို့ ကားကြုံနဲ့ ပြန်ရမှာ..  ဘူတာထဲ ၀င်ဝင်ချင်း ရထားထွက်နေတာ တွေ့တယ်.. သမီးကိုလဲ ရထားနဲ့ အပြိုင်ပြေးနေတာ ဦးလေး တွေ့လိုက်ပါတယ်.. သားသမီးချင်း ကိုယ်ချင်းစာပါတယ်ကွယ်.. သမီးလဲ မိဘအပေါ် စေတနာရှိတဲ့သူတစ်ယောက်ဘဲ .. မိဘကျေးဇူး သိတတ်တာ အရမ်း ကောင်းပါတယ်.. ဒုက္ခရောက်ရင် ကူညီမဲ့သူ ပေါ်လာမှာပါ.. ရော့ရော့ ပိုက်ဆံ ၄၀၀၀ သမီးယူထားလိုက်.. ဆန်လဲဝယ် သမီးအမေအတွက် ဆေးလဲ ၀ယ်သွားလိုက်နော်…  ဦးလေးသွားတော့မယ်.. ”


 


သူမလက်ထဲ ပိုက်ဆံ ၄၀၀၀ကို ထည့်ပေးပြီး ထိုဦးလေးမှာ ဘူတာတွင်းမှ ထွက်ခွာ သွားပါတော့သည်… အေးမြ မျက်ဝန်းမှာ ၀မ်းသာ ကြည်နူး မျက်ရည်များ ကျဆင်းလာပြန်သည်.. အမေ့အတွက် ဆေးဝယ်ပေးခွင့်၊ အမေအားရှိအောင် အစာတစ်ခုခု ကျွေးခွင့် ရတာကိုဘဲ သူမ ၀မ်းသာလွန်းလှပါပြီ…


 


“ ကျေးဇူးတင်လိုက်တာ ဦးလေးကြီးရယ်…”  စိတ်ထဲမှ အထပ်ထပ်အခါခါ ရွတ်ဆိုရင်း သွက်လက်သော ခြေလှမ်းများက အိမ်အပြန် လမ်းဆီသို့…..


 


----------------------------------------------------------------------------------------------------------------------------------


 


လောကကြီးတွင် ရထားပေါ်မှ မိန်းမကြီးကဲ့သို့ အကြင်နာတရား ခေါင်းပါးသူများ၊ သူတစ်ပါး လုပ်အားကို ခေါင်းပုံဖြတ်ချင်သူများ ရှိသကဲ့သို့ ဆင်းရဲနွမ်းပါးသော်လည်း စေတနာတရား မခေါင်းပါးသော၊ သားသမီးချင်း၊ လူလူချင်း ကိုယ်ချင်းစာစိတ် အပြည့်ရှိသော ဦးလေးကြီးလို လူမျိုးများလဲ ရှိနေပါသေးသည် တကား.. သူတစ်ပါး အပေါ် လိမ်ညာတတ်သူများ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူများနှင့် သူတစ်ပါးကို စာနာ ကူညီတတ်သူ ထိုလူတန်းစား နှစ်ရပ်တွင် စာဖတ်သူများ မည်သည့် အတန်းအစားဘက်မှ ပါဝင် ရပ်တည်ပါမည်လဲ…   ကိုယ်ချင်းစာ တရားနဲ့ အကြင်နာ မေတ္တာတရားကို လူသားတိုင်း လက်ကိုင်ထား နိုင်ကြမယ်ဆိုရင် လောကကြီးက ပျော်ရွှင်ကြည်နူးစရာ သာယာလှပ နေမှာပါနော်..


 


ချော (အစိမ်းရောင်လွင်ပြင်)

ချစ်သူများနေ့ အတွက် လက်ဆောင်ရွေးရအောင်

အားလုံးဘဲ မင်္ဂလာပါရှင်.. မကြာခင်မှာ ရောက်လာတော့မဲ့ ချစ်သူများနေ့အတွက် အစီအစဉ် အသီးသီး၊ လက်ဆောင် အမျိုးအမျိုးကို ရွေးချယ်လို့ ကြိုတင် ရင်ခုန် ပျော်ရွှင် နေကြပြီ ထင်ပါတယ်နော်…




ဖေဖော်ဝါရီ၁၄ရက်နေ့ဟာ အားလုံးသိကြတဲ့အတိုင်း ချစ်သူများနေ့ဖြစ်ပါတယ်.. ဒီနေ့မှာ မိမိချစ်ခင် မြတ်နိုးရတဲ့ သူကို နှစ်သက်စဖွယ် အမှတ်တရ လက်ဆောင် လေးများ ပေးပြီး မိမိရဲ့ ချစ်ခင်မှု အလေးထားမှု တို့ကို ဖော်ပြခွင့်ရတဲ့ နေ့လေး တစ်နေ့လဲ ဖြစ်ပါတယ်… မိမိချစ်ခင်တဲ့သူနဲ့ အတူတူ အမှတ်ရစရာ နေရာတစ်ခုခုကို သွားရောက် လှည်ပတ်ခြင်း၊ စားသောက်ဆိုင် တစ်ခုခုမှာ ချစ်သူနဲ့အတူတူ သွားရောက် စားသောက်ခြင်း၊ ချစ်သူများနေ့နဲ့ ပါတ်သက်တဲ့ ပွဲတစ်ခုခုကို အတူတူယှဉ်တွဲ တက်ရောက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသေးတယ်… မိမိချစ်ခင် မြတ်နိုးရသူကို စိတ်ကူးယဉ်ဆန်ဆန် (Romantic) ဖြစ်မဲ့ လက်ဆောင်လေးတွေ ပေးဖို့ ရွေးချယ် ရတာကိုက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်..


















ကဲ…….. သင်ရော ချစ်သူအတွက် ဘယ်လို လက်ဆောင်မျိုးလေး ရွေးချယ် ပြီးပြီလဲ.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ချစ်သူက နှစ်သက် သဘောကျမယ်၊ တန်ဖိုးထားမယ်ဆိုရင် ပေးရတဲ့သူအတွက်အရမ်းကို ကျေနပ်ပီတိ ဖြစ်ဖို့ ကောင်းပါတယ်.. တစ်ချို့ကလဲ ကိုယ့်ချစ်သူကို လက်ဆောင်တော့ ပေးချင်ပါတယ်… ဘာပေးလို့ ပေးရမှန်းမသိ ဖြစ်နေတာမျိုး ရှိကြပါတယ်.. ထိုသူများအတွက် ကျွန်မကလဲ ၀ိုင်းကူပြီး စဉ်းစားပေးချင်ပါတယ်.. ဘာလက်ဆောင်လေး ပေးရင်ကောင်းမလဲ.. စဉ်းစားကြည့် ရအောင်နော်….








ပထမဦးဆုံး စဉ်းစားသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ် ရတနာပါ… လက်ဝတ်ရတနာ ဆိုတာ သင့်ရဲ့ခံစားမှုကို ဖော်ပြလို့ အကောင်းဆုံး လက်ဆောင်ပါတဲ့.. မင်းဟာကိုယ့်ဘ၀အတွက် အရေးအကြီးဆုံး. တန်ဖိုးအထားရဆုံးသူ ဖြစ်ပါတယ်လို့ ဖော်ပြတဲ့ သဘောလဲ ဖြစ်ပါတယ်.. အဖိုးတန် လက်ဝတ် ရတနာကို ပေးမယ်ဆိုရင် မချစ်ခင် မနှစ်သက်တဲ့သူ မရှိလောက်ပါဘူးနော်… ဒါကြောင့်မိမိရဲ့ အလေးအနက် အထားဆုံး ဘ၀ရဲ့ အရေးပါဆုံး သူကိုပေးသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ်ရတနာ တစ်ခုခုပါ..… လက်ဆောင် လက်ခံမဲ့ သူက ယောကျာင်္းလေးဆိုခဲ့ရင် လက်ပတ်နာရီလို၊ လက်စွပ်လို လက်ဆောင် မျိုးလေးတွေနဲ့ သင့်တော်ပါတယ်.. လက်ဝတ် ရတနာလေး တစ်ခုခု တော့ ပေးချင်ပါရဲ့. ငွေကြေးအခြေအနေ ငဲ့ညှာနေရသေးလို့ပါ ဆိုတဲ့သူတွေအတွက် နောက်တစ်မျိုး ထပ်စဉ်းစား ကြည့်စို့နော်..




ချစ်သူများနေ့မှာ ပေးဖို့ အများဆုံး ရွေးချယ်ကြတဲ့ လက်ဆောင် နောက်တစ်မျိုးက ရေမွှေးဖြစ်ပါတယ်.. ရေမွှေးဟာ အမျိုးသား၊ အမျိုးသမီး အပြန်အလှန် ပေးလို့ရတဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်… ရေမွှေးဆိုတာလဲ သဘောမကျ ၊ မနှစ်သက်သူ နည်းပါးတဲ့ ချစ်စရာ လက်ဆောင် တစ်ခုပါ. ရေမွှေးလက်ဆောင် ပေးတယ် ဆိုတာလဲ မိမိရဲ့ အလေး အနက် ထားခြင်းကို ဖော်ပြတဲ့ တင်္ကေတတစ်ခုလို့ ဆိုပါတယ်… သို့သော် သေချာရမဲ့ အရာက မိမိ လက်ဆောင် ပေးမဲ့သူဟာ ရေမွှေး နှစ်သက်တဲ့သူ၊ သုံးစွဲတဲ့သူ ဟုတ်ရဲ့လား ဆိုတာပါဘဲ.. ရေမွှေးအနံ့ မခံနိုင်တဲ့ သူကို လက်ဆောင် ပေးခဲ့မိရင် မိမိလက်ဆောင်ကြောင့် ကြည်နူးရမဲ့ အစား စိတ်အနှောက်အယှက် လေးများတောင် ဖြစ်သွား နိုင်ပါသေးတယ်.. ရေမွှေးကြိုက်သူ မဟုတ်ဘူး၊ ဒါမှမဟုတ် သူ့အကြောင်းကို သေချာမသိသေးဘူး ဆိုရင်တော့ နောက်ထပ် တစ်မျိုးကို စဉ်းစား ကြည့်ကြပါ ဦးစို့နော်…











နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ ချစ်သူများနေ့အတွက် တန်ဖိုးလဲ မများလှဘဲ လက်ခံရတဲ့သူရဲ့ စိတ်ကို ရွှင်လန်းစေမဲ့ ပန်းလက်ဆောင် ဘဲဖြစ်ပါတယ်. အများဆုံး ရွေးချယ်တဲ့ပန်းကတော့ နှင်းဆီပန်းဖြစ်ပေမဲ့ လှလှပပ ပြင်ဆင်ထားတဲ့ ဘယ်ပန်းမဆို သင့်တော် ပါတယ်…. Floral service တွေမှာ ကြိုတင်မှာကြားပြီး ငွေချေထားခဲ့မယ် ဆိုရင် ကိုယ်တိုင် ပို့စရာမလိုဘဲ ချစ်သူ့အိမ်အရောက် ပို့ပေးတဲ့ ၀န်ဆောင်မှု မျိုးကို ရွေးချယ်လို့ ရနေပါပြီ…. ပန်းအစစ်ကို ပေးချင်တယ် ဆိုရင်တော့ စောစောစီးစီး ကြိုတင် မှာကြားထားဖို့ လိုပါတယ်.. အဲဒီနေ့မှာမှ သွားမှာမယ် ဆိုရင်တော့ ပန်းအစစ်ရဖို့ မလွယ်ကူပါဘူး… မိမိစိတ်ကူး ရှိတဲ့ ပန်းခြင်းလေးပုံစံ ကိုဘဲဖြစ်ဖြစ်.. ဆိုင်က ပြုလုပ်ပေးမဲ့ ပန်းခြင်း(သို့မဟုတ်) ပန်းစည်းကိုဘဲ ဖြစ်ဖြစ်ပေးနိုင်ပါတယ်… ၀ါသနာပါရင် ကိုယ်တိုင်ပြုလုပ်တဲ့ပန်းခြင်း၊ ပန်းစည်းလေးကို ပေးလို့ ရပါတယ်…. နှစ်သက်ရာ ဒီဇိုင်းလေးတွေကို ရွေးချယ်လို့ ချစ်သူကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ပါတယ်…. ပန်းပွင့် ပန်းခြင်းတင်မက အပွင့်ပါတဲ့ပန်းအိုး သို့မဟုတ် သစ်ပင်ငယ်ဘဲ ဖြစ်ဖြစ်၊ အချို့ကတော့ ဘွန်ဇိုင်းလို့ခေါ်တဲ့ အပင်ပုလေးတွေကိုလဲ လက်ဆောင် ပေးကြ ပါသေးတယ်. အပင်လေး၊ ပန်းအိုးလေး တွေကို နှစ်သက်ရာ ဖဲကြိုးလေး ချည်နှောင်လိုက်မယ်ဆိုရင် အမြင်မှာပိုလှပြီး အလေးအနက် ထားရာလဲ ကျပြီပေါ့နော်..

English Handmade Chocolate Gift  

 

File:Chocolate gift.jpg

 

chocolate gift box

 















နောက်တစ်မျိုးကတော့လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ချောကလက် လက်ဆောင်ဖြစ်ပါတယ်.. ချောကလက်ကိုတော့ ချစ်သူများနေ့မှာ မပါမပြီးလို့ သဘောထားကြသူ များပါတယ်.. မိမိနှစ်သက်တဲ့ ဒီဇိုင်းမျိုးစုံနဲ့ ချောကလက်တွေကို ဆိုင်မှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်.. လူငယ်တွေ အတွက်တော့ ချောကလက်က လက်ဆောင်ပေးလို့ သင့်တော်ပေမဲ့ လူလတ်ပိုင်းများအနေနဲ့ ချောကလက် လက်ဆောင်က နဲနဲ ကလေးဆန်တယ် လို့ ထင်ရပါတယ်.. သို့သော်လဲ ချစ်သူက ချောကလက် ကြိုက်တတ်တဲ့သူ ဆိုရင်တော့ လက်ဆောင်အဖြစ်သာ ရွေးချယ် လိုက်ပါ.. ချစ်သူများနေ့အတွက် အထူးပြုလုပ် ထားတဲ့ ကိတ်မုန့် ဆန်းဆန်းလေး ဆိုရင်လဲ သင့်ချစ်သူ သဘောကျနိုင်ပါသေးတယ်…

 Elegant Reflections Collection purse design mirror compacts

















3















































နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ တစ်ကိုယ်ရေ သုံးနဲ့ အလှအပ ပစ္စည်းများ၊ ဖန်စီ ပစ္စည်းလေးများ ဖြစ်ပါတယ်.. ယောက်ျားလေး တွေကိုတော့ Roll On ၊ After Shave၊ အင်္ကျီ၊ ပုဆိုး၊ ဘောပင်၊ စာအုပ် စသဖြင့် ရွေးချယ်နိုင်ပြီး.. မိန်းခလေးများ အတွက်တော့ Lotion၊ shampoo၊ make up၊ lipstick အမျိုးမျိုးနဲ့ အထည် ဆန်းလေးများ၊ ဖိနပ်၊ အိတ် စသည်တို့ကိုလဲ ရွေးချယ် နိုင်ပါတယ်. ငယ်ရွယ်သူများ အတွက်တော့ ချစ်ခင်စရာ အရုပ်လှလှလေးများ ကိုလဲ လက်ဆောင်ပေးလို့ သင့်တော်ပါတယ်.. ကီးချိန်းလှလှများ၊ စာအုပ်လေးများ၊ ခွက်ဒီဇိုင်း ဆန်းလေးများ၊ ၂ယောက်တွဲ ပုံလေး ထည့်ထားတဲ့ photo stand လေး၊ သီချင်းကောင်းလေးတွေ ရွေးပြီး ထည့်ထားတဲ့ MP3 ၊ MP4၊ Hand Set များ၊ ဦးထုပ်လေးများ စိတ်ကူးရှိသလို ရွေးချယ်နိုင်ပါတယ်… အထူးသဖြင့်တော့ ချစ်သူများနေ့အတွက် အဓိက ရွေးချယ်တဲ့ အရောင်ဟာ ပန်းရောင်ဖြစ်သော်လည်း ၄င်းအရောင်ဟာ လူငယ်များနဲ့ သင့်တော်သော်လည်း အသက်အရွယ် ရင့်ကျက်သူများအနေနဲ့ အခြားအရောင်ကို ရွေးချယ်သင့်ပါတယ်.။
















မိမိချစ်သူဟာ တည်ငြိမ်ရင့်ကျက်သူ၊ စာပေ၀ါ သနာပါသူ ဆိုရင်တော့ စာအုပ် ကောင်းကောင်း လေးတွေကို အမှတ်တရ စာသားလေးတွေ ရေးသားပြီး လက်ဆောင် ပေးနိုင်ပါတယ်.. သီချင်း ကြိုက်တတ်သူ ဆိုရင် သူနှစ်သက်မဲ့ သီချင်းခွေ သော်လည်းကောင်း၊ ကောင်းနိုးရာရာ သီချင်းတို့ကို လက်ရွေးစင် ကူးပြီးတော့လည်း ပေးနိုင် ပါတယ်.. ချစ်သူများနေ့ အတွက် သီးသန့်အစီအစဉ် အနေနဲ့ တင်ဆက်တဲ့ သီချင်း လက်ဆောင် နေရာမှာလဲ ချစ်သူ အတွက် အချစ်သီချင်းကောင်းလေးကို သီချင်း လက်ဆောင် တောင်းပေးလို့လဲရပါတယ်..






 

ချစ်သူနဲ့အတူတူ ဆိုင်တစ်ခုခုမှာ စားသောက်ကြဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ လူတွေ ဆူညံမဲ့ဆိုင်မျိုး၊ ဈေးကြီးကြီးပေးရတဲ့ ဆိုင်မျိုးထက် တိတ်ဆိတ်ပြီး လူသူရှင်းလင်းတဲ့၊ စိတ်ကူးယဉ် ဆန်ဆန် ပြင်ဆင်ထားတဲ့ ဆိတ်ငြိမ်တဲ့ သီးသန့် ဆိုင်လေးတွေက ချစ်သူ၂ယောက်ရဲ့ ခံစားချက် တွေကို ပိုပြီး အမှတ်ရစေမှာပါ… ရင်ခုန်စရာလဲ ပိုပြီး ကောင်းပါ လိမ့်မယ်.. မိမိအိမ်မှာ ချစ်သူနဲ့အတူ ညစာစားပွဲလေး ကျင်းပခွင့်ရမယ် ဆိုရင်တော့ သင်ဟာ အလွန်ကံကောင်း ပါတယ်… ညစာစားပွဲလေးကို မိမိစိတ်ကြိုက် ပြင်ဆင်ခွင့်ရလို့ပါ… ထိန်ထိန်လင်းနေမဲ့ မီးရောင်အစား.. မီးရောင် ခပ်မှိန်မှိန်(သို့မဟုတ်) မလင်းတလင်း ဖရောင်းတိုင်မီးကို ပန်းလှလှလေး များနဲ့ စိတ်ကူးရှိသလို အလှဆင်ထားမယ်၊ ပန်းအိုးလှလှလေး တွေကို ပြင်ဆင်ထားမယ် ဆိုရင်တော့ ရင်ခုန်စရာ ကောင်းတဲ့ ညစာစားပွဲ ဖြစ်လာပြီပေါ့နော်….




Happy Valentine Card



























အဝေးတစ်နေရာ ရောက်နေလို့ မိမိချစ်သူကို လက်ဆောင်ပေးခွင့် မသာဘူး ဆိုရင်တောင် ခင်မင်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီ တောင်းပြီး မိမိပေးချင်တဲ့ လက်ဆောင်လေးကို ၀ယ်ခိုင်းလို့ ချစ်သူဆီအရောက် ပို့ပေးခိုင်းလို့ ရပါတယ်.. ဒီလိုအကူအညီမျိုးကို လူတိုင်းက လိုလိုလားလားနဲ့ ကူညီပေးချင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်… ဘာမှမပေးနိုင်ဘူး ဆိုရင်တောင် မိမိခံစားချက်ကို ရေးထားတဲ့ စာသားလေးနဲ့ ပို့စကဒ် လေး တစ်ခုခု၊ ကဗျာလေးပါတဲ့ ကဒ်လေးတစ်ခုခုတော့ အနည်းဆုံးတော့ ပေးလို့ ရပါသေးတယ်နော်…


























ချစ်သူများနေ့မှာ လက်ဆောင် ပေးတယ်ဆိုတာ ငယ်ရွယ်သူများမှ၊ ချစ်သူ သမီးရည်းစားများ မှသာ ပေးလို့ရတာ မဟုတ်ပါဘူးတဲ့.. မိမိ ချစ်ခင်ရတဲ့သူ ဘယ်သူ့ကိုမဆို လက်ဆောင် ပေးကြပါတယ်.. မိမိရဲ့ မိခင်၊ ဖခင်၊ မိသားစု ၊ ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်၊ အချင်းချင်းလဲ လက်ဆောင် ပေးလို့ ရပါတယ်.. အိမ်ထောင်ရှင် များကလဲ ချစ်သူများနေ့ဟာ ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောလို့ မရပါဘူး.. လူတိုင်း၊ အသက်အရွယ် မရွေး သက်ဆိုင်ပါတယ်… မိမိရဲ့ခင်ပွန်း၊ ဇနီးတို့ကိုလဲ အမှတ်တရ လက်ဆောင် မပေးတောင်မှ မိမိအိမ်ကို ခါတိုင်းနဲ့ မတူအောင် ပြင်ဆင်ထားခြင်း၊ special dinner ပွဲလေးကို ချစ်စရာပြင်ဆင်ပြီး ၂ယောက်ထဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ဖြစ်ဖြစ် ချစ်သူများနေ့ကို ကျင်းပနိုင်ပါတယ်.. အမျိုးသားကလဲ အိမ်အပြန်မှာ မိမိအိမ်သူ အံ့သြ သွားအောင် ပန်းစည်း လှလှလေး၊ သို့မဟုတ် သူနှစ်သက်မဲ့ လက်ဆောင် တစ်ခုခုကို ရုတ်တရက် ပေးလိုက်မယ်ဆိုရင် ဘယ်သူက ၀မ်း မသာဘဲ နေမလဲနော်… ဒီလိုလေး လုပ်ပေးလိုက်ခြင်းအားဖြင့် အိမ်ထောင်ရေးကို ပိုပြီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာဖို့ အထောက်အကူ အများကြီး ပေးနိုင်ပါတယ်… တစ်ဦးနဲ့ တစ်ဦးလဲ ချစ်ခင် တွယ်တာစိတ်၊ မြတ်နိုး ကြင်နာတဲ့စိတ်တွေ ပိုပြီး ရှိလာနိုင်ပါတယ်…


















 DOUBLE WHITE PEARLS WITH PEARL DROP JEWELRY Specialty 3 Piece Boxed Set

လက်ဆောင်ပေးလိုက်လို့ ကုန်ဆုံးသွားတဲ့ ငွေကြေးနဲ့၊ ပြန်ရလိုက်တဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုဟာ နှိုင်းယှဉ်လို့မရအောင် ကွားခြား လှပါတယ်နော်.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ကိုယ်ချင်ခင် မြတ်နိုးရသူက နှစ်သက် သဘော ကျတယ် ဆိုရင်ဘဲ ဘယ်လောက်တောင်များ စိတ်ချမ်းသာစရာ ကောင်းထားပါသလဲရှင်..

အားလုံးဘဲ ချစ်သူများ အတွက် အကောင်းဆုံး လက်ဆောင်ကို ရွေးချယ်လို့ မိမိချစ်သူကို စိတ်ပျော်ရွှင်မှုလေး ပေးနိုင်ကြပါစေရှင်။

စမ်းချောင်းလေးရဲ့ ရေစီးသံ


photo from http://www.slovenia-tourist-guide.com/images/unica_river_slovenia02.jpg


 


တစ်ခါက တောင်ခြေလေးတစ်ခုကနေ မြစ်ဖျားခံပြီး  ကြည်လင်လှပစွာ စီးဆင်းနေတဲ့ စမ်းချောင်းလေး တစ်ခု ရှိခဲ့ပါတယ်.. စမ်းချောင်းလေးဟာ ဧမြ ကြည်လင်နေပြီးတော့ သူစီးဆင်းရာ ပတ်ဝန်းကျင် ဒေသတစ်ခုလုံးကို အကျိုးပြုနိုင်အောင် ကြိုးစားပါတယ်.. စမ်းချောင်းလေးစီးဆင်းရာ အနီးတစ်ဝိုက်မှာ လူတွေရဲ့ စိုက်ပျိုးမြေဧက ပေါင်းများစွာရှိတယ်.. အဲဒီစိုက်ပျိုးမြေ များစွာဟာ စမ်းချောင်းလေးဆီက ရေကို သွယ်ယူပြီး စိုက်ပျိုးထားတာ ဖြစ်ပါတယ်.. စမ်းချောင်းလေးရဲ့ ဘေးတစ်လျှောက်မှာတော့ အရောင်စုံ တောပန်းကလေးများ၊ လူတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးများလည်း ရှိပါတယ်.. ပန်းကလေးတွေကနေ လွှင့်ပျံလာတဲ့ သင့်ပျံ့ ကြိုင်လှိုင် နေတဲ့ ရနံ့လေးတွေကလည်း စမ်းချောင်းလေးကို လှပအောင် ပံ့ပိုးပေးထားတဲ့ အရာတွေဘဲ ဖြစ်ပါတယ်… ပန်းပွင့်လေးတွေမှာ လှပစွာ ပျံဝဲရင်း တစ်နေရာမှ တစ်နေရာ၊ တစ်ပွင့်မှ တစ်ပွင့်သို့ ကူးသန်း သွားလာနေတဲ့ ပျားကလေးတွေ၊ လိပ်ပြာကလေးတွေ ၊ ပိတုန်းလေးတွေ၊ စမ်းချောင်းလေးရဲ့ သာယာလှတဲ့ရေစီးသံ လွင်လွင် ကလေးနဲ့ စိမ်းလန်း စိုပြေနေတဲ့  စိုက်ခင်းတွေ ဟာလည်း စမ်းချောင်းလေးရဲ့ လုပ်အားကို ဂုဏ်ယူစေလောက်တဲ့ အလှအပများနဲ့ အသုံးဝင် ပုံလေးတွေဘဲ ဖြစ်ပါတယ်..


 


စမ်းချောင်း ဖြတ်သန်းလာရာ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ သဘာဝ တောအုပ်ကြီးထဲမှာ မှီတင်း နေထိုင်ကြတဲ့ တောသတ္တ၀ါ အားလုံးနဲ့ ကျေးရွာ၊ မြို့စတဲ့ဒေသမှာ နေတဲ့ လူတွေဟာလည်း စမ်းချောင်းလေးရဲ့ ရေကိုသာ သောက်သုံးကြပါတယ်.. တစ်ချို့ ရွာတွေကတော့ စမ်းချောင်းလေးရဲ့ ကျယ်ပြန့်တဲ့ နေရာတွေမှာ လှေကလေးနဲ့ တစ်ရွာနဲ့တစ်ရွာ သွားသွားလာလာ လုပ်ကြတဲ့အတွက် ကူးသန်း သွားလာရေးကို လည်း စမ်းချောင်းလေးဟာ အဆင်ပြေ ချောမွေ့အောင် ကူညီနိုင်ခဲ့ပါတယ်… လူတွေကလည်း စမ်းချောင်းလဲ အမြဲ စီးဆင်းနိုင်အောင်၊ သူတို့ အတွက်လည်း အကျိုးရှိအောင်၊ စမ်းချောင်းလေးက ရေလဲ အမြဲ သန့်ရှင်းနေအောင်ဆိုပြီး စမ်းချောင်းလေး စီးဆင်းရာ လမ်းကြောင်းမှာ အမှိုက်သရိုက်များ မရှိအောင်၊ ချောင်းလေးပိတ်ဆို့မှု မရှိအောင် ဂရုစိုက် ပေးကြပါ တယ်… ကျေးရွာတိုင်း၊ မြို့တိုင်းမှာလည်း စမ်းချောင်းလေးထဲ အမှိုက်သရိုက် မပစ်ချရ ဆိုပြီး စည်းကမ်းချက် တွေ ထုတ်ပြန်ထားပါတယ်.. ဒါတွေဟာ လူတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် ထားရှိကြတဲ့ လှပတဲ့ မေတ္တာတရားပါ..


 


စမ်းချောင်းကလေး လှပစွာ စီးဆင်းနေတာ၊ လူတွေက စမ်းချောင်းလေးကို ကျေးဇူးတင်ကြတာ၊ လူသားတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် အကျိုးပြုနေတာကို မနာလို ၀န်တိုပြီး မကျေမနပ်ဖြစ်နေတဲ့ တောအုပ်ကြီး ထဲက ၀ံပုလွေ တစ်ကောင်ရှိပါတယ်.. သူဟာ စမ်းချောင်းလေးကို ပျက်စီးဖို့၊ စမ်းချောင်းလေး စီးဆင်းနေတာကို ရပ်တန့်သွားအောင် အစွမ်းကုန် ကြိုးစားဖို့ ကြစည်ပါတော့တယ်.. လူတွေနဲ့နီးတဲ့ နေရာမှာ စမ်းချောင်းလေးကို နှောက်ယှက်ရင် သူ့ကို လူတွေက ရန်ရှာမှာကို သိတဲ့ ၀ံပုလွေဟာ လူသူမနီးတဲ့ တောနက်ကြီးထဲက စမ်းချောင်း လေး ဖြတ်စီးတဲ့ တစ်နေရာမှာ စမ်းချောင်းလေးကို ပျက်စီးအောင် ပြုလုပ်ဖို့ အကြံထုတ် ပါတော့တယ်…


 


ပထမဆုံး ၀ံပုလွေက စမ်းချောင်းလေးစီးဆင်းရာ လမ်းကို ကျောက်တုံးကြီးတွေနဲ့ ပိတ်ဆို့ဖို့ ကြံစည်ပါတယ်.. ဒီစိတ်ကူးနဲ့ ၀ံပုလွေဟာ ကျောက် တုံးကြီးတွေကို မနိုင်မနင်း သယ်ပြီး ချောင်းထဲကို ပစ်ချပါတယ်.. မသယ်နိုင်လောက်အောင်ကြီးမားတဲ့ ကျောက်တုံးတွေကိုတော့ လှိမ့်ကာ လှိမ့်ကာ သယ်ဆောင် တွန်းထုတ်လာပြီး ချောင်းထဲကို ပစ်ချပါတယ်.. တစ်နေ ကုန်တဲ့ အထိ တစ်ပင်တပန်း ကြိုးစား လုပ်ဆောင်ပါ သော်လည်း စမ်းချောင်းလေးကတော့ စီးမြဲစီးဆဲပါ.  ၀ံပုလွေ ပစ်ချလိုက်တဲ့ ကျောက်တုံးကြီးတွေကို ကွေ့ဝိုက် ရစ်ပတ်ပြီးတော့ စမ်းချောင်းလေး ဟာ တိတ်ဆိတ်စွာ စီးဆင်းပါတယ်.. ၀ံပုလွေသာ ပင်ပန်းမောဟိုက်စွာနဲ့ စမ်းချောင်းရဲ့ ဘေးမှာ လျှာအလျားလိုက် ထွက်ပြီး တုံးလုံးပက်လက် ထိုင်ချလိုက်ပါတယ်.. ဒီနေ့အဖို့ စမ်းချောင်းလေးကို နှောက်ယှက်နေတာနဲ့ အစာလဲ မရှာဖြစ်၊ အချိန်လဲကုန်၊ အကျိုးလဲ မရှိ ဖြစ်ရပါတော့တယ်..


 


ဒီလိုနဲ့ မကျေနပ်သေးတဲ့ ၀ံပုလွေဟာ နောက်တစ်နေ့မနက်မှာ နောက်တစ်မျိုး ကြံစည်ပြန်တယ်.. ဒီတစ်ခါ ဘယ်လို ကြံစည်ပြန်သလဲဆိုတော့ ညစ်ပတ်နေတဲ့ အမှိုက်သရိုက်တွေ၊ သားကောင်တွေရဲ့ အပုတ်အသိုး၊ အရိုးအဆွေးတွေ၊ သစ်ရွက်သစ်ခက်ခြောက်၊ သစ်ကိုင်းကျိုးပဲ့တွေကို သယ်ဆောင်စုဆောင်းပြီး စမ်းချောင်းလေး ထဲကို ပစ်ချပါတယ်… ဒါမှလဲ အမှိုက်တွေ သယ်ဆောင်လာတဲ့ချောင်းဆိုပြီး လူတွေက စမ်းချောင်းလေး ကို အပြစ်တွေတင်ပြီး မသုံးတော့ဘဲ နေလိမ့်မယ်လို့ ၀ံပုလွေက ယူဆပါတယ်တဲ့.. ၀ံပုတွေဟာ တောအုပ်ကြီးထဲ နေရာအနှံ့က အမှိုက်တွေကို သယ်သွားသယ်လာနဲ့ စမ်းချောင်းလေးထဲကို တစ်ချိန်လုံး ပစ်ချနေပါတော့တယ်.. ၀ံပုလွေ ပစ်ချလိုက်တဲ့ အမှိုက်သရိုက်တွေဟာ စမ်းချောင်း လေးက သယ်ဆောင်သွားပြီး လူတွေနေတဲ့ ရွာ ကလေး အနီးကို ရောက်ရှိလို့သွားပါတယ်..


 


အမှိုက်တွေ အဆက်မပြတ် စီးမျှောလာတာကို မြင်တဲ့ လူတွေက  “ဒီလောက်များတဲ့အမှိုက်တွေကို ဘယ်သူက စမ်းချောင်းလေးထဲ စွန့်ပစ်ပါလိမ့် စမ်းချောင်းလေးထဲ အမှိုက် မပစ်ရဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သူက ချိုးဖောက်နေတာလဲ…. မဖြစ်ဘူး.. ဒီအတိုင်းဆို စမ်းချောင်းလဲ ညစ်ပတ်တယ်.. ဒီရေကို သောက်သုံးနေတဲ့ ငါတို့ လူသားတွေလဲ အန္တရာယ် ဖြစ်တော့မယ်.. ဒီတော့ တရားခံကို လိုက်ရှာကြစို့ရဲ့ ” ဆိုပြီး ရွာလူကြီးက ဦးဆောင်ပြီး စမ်းချောင်းလေးရဲ့ အတိုင်း အထက်ဘက်ကို ဆန်တက်လာကြပါတယ်… တောအုပ်ကြီးထဲလဲ ရောက်ရော အမှိုက်တွေကို ချောင်းထဲ ပစ်ချနေတဲ့ ၀ံပုလွေကို တန်းပြီးတွေ့ပါတော့တယ်.. ဒီတော့ ရွာသားတွေဟာ လူစုလူဝေးကြီးနဲ့  ၀ံပုလွေကို လိုက်လံ ဖမ်းဆီးပြီး ကြိုးတွေနဲ့ ချည်နှောင်ကာ ရွာကို သယ်ဆောင်လို့ သွားကြပါတာ့တယ်…


 


 စမ်းချောင်းလေးကတော့ စီးဆင်းမြဲ စီးဆင်းလျှက်ပါ.. သူရဲ့ ရေစီးသံလွင်လွင်ကလေးနဲ့ တေးသံလေးတစ်ပုဒ်ကို သာယာနာပျော်ဖွယ် ဖြစ်အောင် ဖန်တီးရင်း လူတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ဖို့ အတွက် သူ့ကို နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူများကိုလည်း ဘာတုံ့ပြန်မှုမှ မပေးဘဲ သူလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားပါတယ်.. ဆက်ပြီး စီးဆင်းနေပါတယ်.. ရေဆိုတဲ့ သဘာဝဟာ ဘယ်လို အတားအဆီး ကိုဘဲ တွေ့တွေ့ ကွေ့ပတ်ပြီး သူ့လမ်းကြောင်းကို ရောက်အောင် စီးဆင်းတဲ့ သဘာဝရှိပြီးသားပါ…. နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး မကောင်းစိတ်ရှိသူများဟာလည်း နောက်ဆုံးတော့ သူ့စေတနာ အကျိုးပေးအတိုင်း ခံစားသွားရတာပါဘဲ.. နှောက်ယှက်ခံရသူ စမ်းချောင်းလေးကတော့ ဘာကိုမှ မမှုဘဲ သူ့တာဝန်သူ ကျေပြွန်အောင် စီးဆင်းနေဦးမှာပါ………………..


 


---------------------------------------------------------------------------------------------------------------------------


 


ကျွန်မတို့ရဲ့  ဘ၀မှာ စမ်းချောင်းလေး ကြုံရသလိုဘဲ တစ်ခါတစ်ရံ အနှောက်အယှက် အဟန့်အတားများ ကြုံတွေ့ခဲ့ရဖူးမှာပါနော်... ဘယ်လို အနှောက်အယှက်မျိုး၊ ဘယ်လိုအဟန့်အတားမျိုး ဖြစ်စေ၊ ရေရဲ့ သဘာဝအင်အားလိုဘဲ ကွေ့ဝိုက်ပြီး၊ ဖောက်ထွက်ပြီး  မိမိလမ်းကြောင်း၊ မိမိရည်မှန်းရာ ပန်းတိုင်ကို ရောက်အောင် ဆက်လက် စီးဆင်းဖို့ နမူနာ ယူသင့်ကြပါတယ်.. ကိုယ့်ကို မကောင်းကြံသူများကို လက်တုံ့ပြန်ဖို့ မကြိုးစားဘဲ ကိုယ့်လမ်းကြောင်းသာ ကိုယ်ဖြောင့်အောင် စီးဆင်းရင်း ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးဝန်းကျင်ကို အကျိုးပြုသွားမယ်၊ အလှဆင်သွားမယ်ဆိုရင်  မိမိ လမ်းကြောင်းလည်း ဖြောင့်ဖြူးမှာ ဖြစ်သလို ကိုယ်နဲ့ ဆက်ဆံရတဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုနိုင်သူ အဖြစ် လူတွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရမှာပါ.. မကောင်းကြံစည်သူ မနာလိုတတ်သူများဆိုသည်မှာ နောက်ဆုံးမှာ သူ့စိတ်စေတနာ အကျိုးပေးအတိုင်း  ထိုက်တန်တဲ့ ရလဒ်ကိုသာ ခံစားရမှာ ဖြစ်ကြောင်း စမ်းချောင်လေးရဲ့ ရေစီးသံကို နားထောင်ရင်း အတုယူနိုင်ကြဖို့ ဒီပုံပြင်လေးကို တင်ပြလိုက်ရပါတယ်.... ကျွန်မတို့လဲ စမ်းချောင်းလေးလို အခက်အခဲကို ဖောက်ထွက်လို့ ကိုယ့်ဘ၀ကို  လမ်းကြောင်းမှန်အောင် စီးဆင်းကြရအောင်ပါရှင်...


 


လှပသာယာစွာ စီးဆင်းနိုင်ကြပါစေ...


 


ချော (အစိမ်းရောင်လွင်ပြင်)


 

အလုပ်များသူ


 


picture from   http://mesacam.files.wordpress.com/2008/10/the-wood-cutter.jpg


 


တစ်ခါက ကျေးလက်တောရွာလေးတစ်ခုမှာ အလွန်သန်မာပြီး ခွန်အားဗလနဲ့ ပြည့်စုံတဲ့  သစ်ခုတ်သမားတစ်ယောက် ရှိပါတယ်.. တစ်နေ့တော့ သစ်ကုန်သည်ကြီး တစ်ဦးဆီမှာ သူ့ကို အလုပ်ပေးဖို့ သွားတောင်းဆိုပါတယ်.. ကုန်သည်ကြီးကလည်း အလွန်ကောင်းမွန်သော လုပ်ခကို သတ်မှတ်ပေးပြီး သစ်ခုတ်သမားကို အလုပ် ပေးလိုက်ပါတယ်.. သစ်ခုတ်သမားဟာ အတိုင်းမသိ ကျေနပ်ဝမ်းမြောက်ပြီး ကုန်သည်ကြီးအတွက် အကောင်းဆုံး အလုပ်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..


 


သစ်ကုန်သည်ကြီးက သစ်ခုတ်သမားကို သူခုတ်ရမဲ့ သစ်တောဧရိယာကို ပြပြီး သစ်ခုတ်ရန်အတွက်လည်း အကောင်းဆုံး ပုဆိန်တစ်လက်ကို ပေးအပ်လိုက်ပါတယ်…  အလုပ်စလုပ်တဲ့ ပထမဆုံးနေ့မှာ သစ်ခုတ် သမားဟာ အကောင်းဆုံး သစ်ပင် ၁၈ပင်ကို ခုတ်လှဲပြီး သူ့အလုပ်ရှင် ကုန်သည်လက်ကို အပ်နိုင်ခဲ့ပါတယ်.. ကုန်သည်ကြီးကလဲ သစ်ခုတ်သမားကို အားရ၀မ်းသာ ချီးကျူးစကားဆိုပါတယ်.. ပြီးတော့လဲ ယခုလို နှုန်းအတိုင်း ဆက်ပြီး ကြိုးစားဖို့ ပြောပါတယ်…


 


အလုပ်ရှင်ရဲ့ ချီးကျူးစကားကို ကြားရတဲ့ သစ်ခုတ်သမားဟာ ပိုပြီး တက်ကြွလာပါတယ်.. ဒုတိယနေ့မှာတော့ ပထမနေ့ထက် အားထည့်ပြီး သစ်လုံးတွေကို ခုတ်ပါတယ်.. သို့သော် တစ်နေ့တာ ကုန်ဆုံးချိန်မှာတော့ သစ်လုံးရေ ၁၅လုံးသာ ရပါတယ်..  ဒီတော့ သူဟာ သူလုပ်အား စိုက်ထုတ်တာ နည်းတယ်ထင်ပြီး တတိယနေ့မှာ ယခင်ထက် ပိုပြီး အားစိုက် ခုတ်ပါ သော်လည်း သစ်လုံးရေ ၁၀လုံးသာ ခုတ်နိုင်ပါတော့တယ်.. ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သစ်လုံးရေဟာ နည်းသထက်သာ  နည်းသွားပါတယ်..  


 


အဲဒါနဲ့ သစ်ခုတ်သမားဟာ.. “ငါတော့ သစ်ခုတ်နိုင်တဲ့ ခွန်အားတွေ မရှိတော့ဘူးထင်တယ်.. ငါ့အားတွေ တစ်ဖြေးဖြေးနဲ့ ကုန်ခမ်းသွားတာဘဲ ဖြစ်ရမယ် ” လို့ သူ့ကိုယ်သူ တွေးမိပါတယ်…. ဒါနဲ့ သူ့အလုပ်ရှင် သစ်ကုန်သည်ထံ သွားပြီး တောင်းပန်စကားဆိုပါတယ်.. ပြီးတော့လဲ သူအလုပ်ကို ကြိုးစားပြီး လုပ်ပေမဲ့ အလုပ်မတွင် ဖြစ်ရတာဟာ ဘာကြောင့်လဲ ဆိုတာ  သူ့ကိုယ်သူလဲ နားမလည်နိုင်ကြောင်း ပြောပါတယ်…


 


သူ ဒီလိုပြောတော့ သစ်ကုန်သည်ကြီးက သူ့ကို ပြန်မေးပါတယ်.. “မင်း ပုဆိန်ကို နောက်ဆုံးအကြိမ် သွေးခဲ့တာ ဘယ်တုန်းကလဲ ” တဲ့….


 


ဒီတော့မှ သစ်ခုတ်သမားဟာ  “ပုဆိန်ကို သွေးရမယ်.. ဟုတ်လား… အိုး ကျွန်တော့မှာ အလုပ်ကို ကြိုးစားနေရတာနဲ့ ပုဆိန်ကို သွေးဖို့ လုံးလုံး အချိန်မရခဲ့ပါဘူး…” လို့ပြန်ဖြေလိုက်ပါတယ်…


 


---------------------------------------------------------------------------------------------------------------------------------------


ကျွန်မတို့ ကိုယ်တိုင် ဒီသစ်ခုတ်သမားလို ဖြစ်နေပါတယ်.. အလုပ်ကို လုပ်မှန်းမသိ လုပ်နေရင်း မိမိရဲ့ ကျန်းမာရေး ၊ လူမှုရေးကိ​စ္စများကို အချိန် မပေးနိုင် ဖြစ်နေတတ်ပါတယ်... အလုပ်ကို ကြိုးစား လုပ်နေရင်းနဲ့ ကိုယ်၏ ကျန်းမာခြင်း၊  စိတ်၏ ကျန်းမာခြင်းတို့ကို စောင့်ရှောက် တတ်ရန်လည်း လိုပါသေးတယ်.. အလုပ်ကို ဘယ်လိုပင် ကြိုးစား လုပ်ဆောင်ပေမဲ့ ကျန်းမာရေးမကောင်းခဲ့ရင် အလုပ် တွင်ကျယ်မှာ မဟုတ်ပါဘူးနော်.. အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်နေပြီး ကျန်တဲ့ကိစ္စများကို အချိန်မပေးနိုင်ဘဲ နှစ်မြုပ်နေခဲ့ရင် လောကကြီးဟာ တစ်ဖြေးဖြေး ကိုယ်နဲ့ ဝေးကွာ သွားပါလိမ့်မယ်.. နည်းပညာ ပေါများလှတဲ့ဒီခေတ်ကြီးမှာ အလုပ်များလွန်းလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့  တစ်ခြား ဘာအတွက်မှ အချိန်မပေးနိုင်ခဲ့ရင် ကိုယ်က ခေတ်ရဲ့နောက်မှာ ကျန်နေခဲ့ရမှာပါ.. ဒီတော့ အလုပ်လုပ်ရင်းနဲ့ဘဲ ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ စာပေ ဗဟုသုတများ၊ ပြင်ပ ဗဟုသုတ များကိုလည်း လေ့လာဆည်းပူးဖို့ အချိန်ပေးရပါဦးမယ်.. ပြီးတော့လဲ ကိုယ် ၀ါ သနာ ပါတာလေးတွေကို လုပ်ဖို့၊ ကျန်းမာရေး ကိစ္စများကို လုပ်ဖို့လည်း အချိန် ပေးရပါဦးမယ်... ဒါတွေဟာ မိမိတို့ကိုယ်ကို ထက်မြက်အောင် သွေးနေခြင်းသာ ဖြစ်ပါတယ်... အလုပ်ကို ပိုမို အောင်မြင်စေနိုင်မဲ့၊ စွမ်းရည် အပြည့်နဲ့ လုပ်အားတွေ ထွက်လာစေမဲ့ အကောင်းဆုံး နည်းလမ်းများလဲ ဖြစ်တယ်မဟုတ်ပါလားရှင်...  


 


 

inspirationalstories.com မှ Busy ကို မိမိကိုယ်ကို သတိပေးခြင်းအားဖြင့်ရော၊ စာဖတ်သူများကို ဝေငှလိုခြင်းအားဖြင့်ပါ ဘာသာ ပြန်ဆိုပါသည်။

 

ချော (အစိမ်းရောင်လွင်ပြင်)

ပွင့်သောပန်းတိုင်း မွှေးစေလို

 


 


 


နီလာဆိုတဲ့ကောင်မလေးအကြောင်း မခင်မွန် စပြီး ကြားသိခဲ့ရတာက မိတ်ဆွေတစ်ယောက် ဖုန်းပြောနေချိန် အမှတ်မထင် ဘေးနားရောက်နေရာကနေ သူ့ရဲ့ အကြောင်းလေးကို သိခွင့်ရလိုက်တာဖြစ်ပါတယ်.. နီလာ လေးဟာ အသက် ၁၈နှစ်အရွယ် မိန်မငယ်လေး တစ်ယောက်ဖြစ်ပြီး  ရန်ကုန်မှာ နေထိုင်သူဖြစ်ကာ ၁၀တန်း စားမေးပွဲကိုလည်း မအောင်မြင်၊ အိမ်နဲ့ အဆင်မပြေ၊ မိခင်ဖြစ်သူနဲ့လည်း စကားမပြော ဖြစ်ကာ အိမ်မှာ မနေချင်တဲ့စိတ်၊ အဝေးကို ထွက်ခွာချင်စိတ်တို့ကြောင့်  အသက် ၃၀ကျော်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ တရုတ်ပြည်မှာ အလုပ်ကောင်းကောင်းရမယ်.. လစာကောင်းမယ် ဆိုတဲ့ စကားကို ယုံစားပြီး  လိုက်သွားခဲ့သူပါ. နီလာနဲ့အတူတူ မိန်းခလေး အရွယ်ကောင်း အယောက် ၂၀နီးပါး ပါဝင်ကြတယ်လို့ သိရပါတယ်… သူမတို့ကို  တရုတ်ပြည် အတွင်းထဲသို့ တရားမ၀င် လမ်းကြောင်းမှ မ၀င် ရောက်ခင် မူဆယ်မြို့မှာ ရှိတဲ့ မခင်မွန်ရဲ့ မိတ်ဆွေဆိုင်ကို အမှတ်မထင် ရောက်ရာက  မိတ်ဆွေရဲ့ ဖုန်းနံပါတ်ကို နီလာက ရရှိသွားပြီး မှတ်သား သွားခဲ့ပါတယ်.. 


 


တရုတ်ပြည်ထဲသို့ ဖြတ်လမ်းများ၊ ခက်ခဲကြမ်းတမ်းသော လမ်းသွယ်များမှ ပွဲစားဖြစ်သူ မိန်းမလည် အမျိုးသမီးက ခေါ်ဆောင်သွားပြီးနောက် ဟောနန့်ပြည်နယ်မှ တရုတ်အမျိုးသားများထံ သူမတို့ ကွယ်ရာတွင် ငွေကြေးဖြင့် လက်လွှဲ ရောင်းချလိုက်ခြင်းကို ခံလိုက်ရပါတယ်… ဒီတော့မှ အလုပ်လဲ မရဘဲ တစ်ခြားနိုင်ငံမှာ တိုင်းတစ်ပါးသားရဲ့ မယားပြုလုပ်ဖို့ ရောင်းစားခြင်းခံရတယ် ဆိုတာကို သူမတို့ သဘော ပေါက်ကြ ပါတော့ တယ်… သို့သော် အချိန်နှောင်းခဲ့ပါပြီ.. နီလာနဲ့ အတူ ခေါ်ဆောင် သွားခြင်းခံရသော မိန်ခလေးအားလုံး  အယောက် ၂၀ နီးပါးလုံးဟာ  ရန်ကုန်၊ မန္တလေးနဲ့ နယ်ဒေသမျိုးစုံမှ မိန်းမငယ်လေးများ ပါဝင်ပြီး တရုတ်စကား သိသူ တတ်သူ တစ်ယောက်မှ  မပါဝင်ကြပါ။ တရုတ်စကားလဲ မပြောတတ်မှတော့ ဝေးကွာလှသော အပြန်လမ်းကို မည်သည့်နည်းနဲ့ ပြန်ဖို့ဆိုတာ စဉ်းစားလို့ မရေရာ နိုင်တော့တဲ့ အဖြစ်ပါ.. ရောင်းစားပြီး ပိုက်ဆံ ရသော အမျိုးသမီးမှာ ၀ယ်ယူထားသော တရုတ်အမျိုးသား အသီးသီးတို့ထံ သူမတို့အား ထားရစ်ကာ မြန်မာပြည်သို့ ပြန်သွားပြီ ဖြစ်ပါတယ်…  ထိုအမျိုးသမီးဟာ ဒီလိုနည်းနဲ့ မြန်မာပြည်တွင်းမှ မိန်းခလေးများကို ခေါ်ဆောင်လာပြီး တရုတ်ပြည်တွင် ရောင်းစားနေခဲ့တာ အကြိမ်ပေါင်း မြောက်မြားစွာ ရှိနေပြီ ဖြစ်ကြောင်း မခင်မွန် သိလိုက်ရပါတယ်..


 


လအနည်းငယ်ကြာတော့ နီလာကို ၀ယ်ယူပြီး ပေါင်းသင်းနေတဲ့ အသက် ၄၀အရွယ် တရုတ်အမျိုးသားကြီးမှာ နီလာကိုင်ဖို့ ဖုန်းတစ်လုံး ၀ယ်ပေးရာမှ မူဆယ်မြို့ရှိ သူမမှတ်သားသွားသော မိတ်ဆွေတစ်ဦးရဲ့ ဖုန်းကို ဆက်ဖို့ အခွင့်အရေး ရလာပါတယ်.. သူမ လက်ရှိရောက်နေသော တရုတ်နိုင်ငံ ဟောနန့်ပြည်နယ်မှ မြန်မာပြည်သို့ ပြန်လာချင်ကြောင်း တရုတ်စကားလဲ မတတ်တဲ့ အတွက် ဘယ်လိုပြန်ရမည် မသိကြောင်း၊ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း စသည်တို့ကို ပြောပြလာပါတယ်.. ဒါကို ကြားသိရပြီး  မနေသာတဲ့ မခင်မွန်၊ ကိုယ့်မြန်မာ မိန်းခလေး ငယ်တွေ ဒုက္ခ ရောက်နေတာကို မကြည့်ရက်တဲ့ စိတ်နဲ့ နီလာရဲ့ ဖုန်းနံပါတ်ကို မိတ်ဆွေထံမှ တောင်းပြီး အဆက်အသွယ် လုပ်ရပါတော့တယ်…


 


မခင်မွန် သူ့ကို သေချာမေးပါတယ်.. တကယ်ပြန်ချင်စိတ်ရှိရဲ့လား၊ ရှိရင် ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် သူ ကူညီမယ်ဆိုတဲ့အကြောင်း ကို နီလာ နားလည်အောင် ရှင်းပြပါတယ်…  နီလာကလဲ သူမ နေရတာ အဆင်မပြေကြောင်း၊ အိမ်ကိုသာ ပြန်ချင်ကြောင်း ပြောပါတယ်.. ဒီတော့ မခင်မွန်က နီလာကို သူရောက်နေတဲ့ နေရာနဲ့ အနီးဆုံးရဲစခန်း တစ်ခုခုကို သွားပြီး အကူအညီတောင်းဖို့ ရဲစခန်းရောက်တာနဲ့ မခင်မွန်ဆီ ဖုန်းခေါ်ပြီး ရဲတွေကို ဖုန်းထိုးပေးလိုက်ဖို့ ပြီးတော့ မခင်မွန်ရဲ့ တရုတ်စကားတတ်တဲ့ လုပ်ဖော် ကိုင်ဖက် ညီမလေးက ရဲတွေကို တရုတ်လိုရှင်းပြ အကူအညီတောင်းဖို့ အကြံ ပေးပါတယ်.. ဒါကို နီလာလေးက လက်ခံသဘောတူပြီး သူ့ကို ၀ယ်ယူထားသူ တရုတ် အမျိုးသားကြီး အလစ်မှာ အိမ်ကနေထွက်ပြေးဖို့ သူကြိုးစားမယ်၊ သူမနဲ့အတူ ဖုန်းအဆက်အသွယ်ရှိသော သူငယ်ချင်းတစ်ချို့လဲ အတူတူ ထွက်ပြေးကြဖို့ တိုင်ပင်ထားကြောင်း ပြောပါတယ်.. မူဆယ်က မခင်မွန် မိတ်ဆွေက နီလာတို့ မိဘတွေနဲ့ အဆက်အသွယ်လုပ်ပါတယ်.. တစ်ရက် နှစ်ရက်မှာ နီလာ့မေမေက မူဆယ်ကို လိုက်လာပြီး သူ့သမီးကို လာကြိုမယ် ဆိုတဲ့အကြောင်း ပြန်ကြားချက်ကို ရပါတယ်…


 


ဒီလိုနဲ့ မိုးရာသီရဲ့ တစ်ခုသော နေ့တစ်နေ့မှာ နီလာဟာ သူမရောက်နေတဲ့ ရွာငယ် ကလေးကနေ အနီးဆုံးဖြစ်တဲ့ တရုတ် ရဲစခန်းတစ်ခုကို ရောက်အောင် သွားပါတယ်.. သူမရဲ့ သူငယ်ချင်းတွေကတော့ အခြေအနေ မပေးတာကြောင့် ထွက်ပြေးဖို့ အခွင့်မသာခဲ့ပါဘူး… ရဲစခန်း ရောက်တာနဲ့ မခင်မွန်ဆီ နီလာက ဖုန်းခေါ်ပါတယ်      တရုတ်စကား ကျွမ်းကျင်တဲ့ မခင်မွန်ရဲ့ ညီမလေးက တရုတ်ရဲတွေကို သေသေချာချာ ရှင်းပြပြီး အကူအညီ တောင်းတော့  တစ်ယောက်ယောက်က အာမခံပြီး လာခေါ်မှ ဖြစ်မယ်လို့ရဲတွေက ပြန်ပြောပါတယ်.. ဒီကနေ တစ်ယောက်ယောက်က တာဝန်ခံပြီးသွားခေါ်ဖို့ဆိုတာလဲ မဖြစ်နိုင်တော့ ခေါင်းပူအောင် စဉ်းစားရင်း နောက်ဆုံးသတိရလိုက်တာက ဟောနန့်ပြည်နယ်မှာ မခင်မွန်တို့ ကုန်ပစ္စည်း ၀ယ်နေကျ ကုန်သည် တစ်ယောက်ဆီကို ဖုန်းဆက်ပြီး အကူအညီ လှမ်းတောင်းရပါတယ်.. အဲဒီကုန်သည်ကလည်း သဘော ကောင်းစွာနဲ့ နီလာရှိတဲ့ ရဲ့စခန်းကို ခရီးမိုင်များစွာ ကားမောင်းသွားပြီး ရဲစခန်းမှာ အာမခံကာ ခေါ်ထုတ် လာပေးပါတယ်.. ကံကောင်းချင်တော့ အဲဒီကုန်သည်ဟာ ရဲအရာရှိလဲ ဖြစ်ပါတယ်… နီလာပျောက်သွားမှန်း သိတော့ နီလာ့ကို ၀ယ်ယူထားတဲ့ တရုတ်ကြီးက ဖုန်းခနခနဆက်ပြီး နီလာ့ကို ပြန်လာဖို့ အကြိမ်ကြိမ် တရုတ်လိုပြောပေမဲ့ နောက်ဆုံးမှာ သူ့ဆီက ဖုန်းကို လုံးဝ မကိုင်တော့ဘဲ နီလာက  အဆက်အသွယ် ဖြတ်လိုက်ပါတော့တယ်.


 


မခင်မွန်တို့ရဲ့ မိတ်ဆွေ ကုန်သည် ရဲအရာရှိဟာ ကား၊ ရထား ရှိတဲ့ ခရီးသွားလာ လွယ်ကူတဲ့ မြို့ကြီးတစ်မြို့က တည်းခိုခန်း တစ်ခုမှာ နီလာ့ကို လုံခြုံစိတ်ချစွာ အပ်နှံထားပေးပြီး နီလာ ရထားစီးနိုင်ဖို့အတွက် အဲဒီမြို့ကြီးက ရဲစခန်းမှာ ထောက်ခံချက် သွားလုပ်ပေးပါတယ်.. နီလာဟာ တရုတ်နိုင်ငံသားလဲမဟုတ်၊ နိုင်ငံကူးလက်မှတ်လဲ မရှိတဲ့အတွက် ထောက်ခံစာတစ်ခုခု မပါရင် ရထားစီးဖို့ မလွယ်ပါဘူး… ပြီးတော့ သူက တရုတ်စကားလဲ မပြောတတ်တဲ့ အတွက် အခက်အခဲ အများကြီး ရှိပါတယ်.. နီလာတို့ တရုတ်ပြည်တွင်းကို ၀င်ရောက် သွားတာက မှောင်ခို လမ်းကနေ ခိုးကြောင်ခိုးဝှက် ခေါ်သွင်းသွားခြင်း ခံရတာဖြစ်တဲ့အတွက် ဘာစာရွက် စာတမ်းမှ ပါမသွားပါဘူး… အဆိုးဆုံးတစ်ခုက လစ်ချိန်မှာ ထွက်ပြေးလာတာ ဖြစ်တဲ့အတွက် သူမမှာ ပိုက်ဆံ များများစားစား ပါမလာပါဘူး.. ပြီးတော့ သူမကို ၀ယ်ယူထားသူ တရုတ်ကြီးကလည်း ပိုက်ဆံများများ ပေးမကိုင်ပါဘူး.. ဒီတော့ ရထားစီးဖို့၊ တည်းခိုခန်းခ ပေးဖို့ စားဖို့ သောက်ဖို့ ပိုက်ဆံဆိုတာ နီလာ့မှာ ပါမလာပါဘူး… မူဆယ်မြို့ကို ရောက်လာပြီဖြစ်တဲ့ နီလာမိခင်က မလေးရှားမှာ အလုပ်လုပ်နေတဲ့ နီလာ့းအဖေနဲ့ အဆက်အသွယ်လုပ်ပြီး သူ့သမီးအတွက် ပိုက်ဆံပို့ပေးဖို့ ဖုန်းဆက်ပြောတော့ သူမဖခင်က လကုန်ရင် ပို့ပေးမဲ့အကြောင်းနဲ့ ခုလောလောဆည်တော့ တစ်ယောက်ယောက်ကို အကူအညီ တောင်းထားဖို့ ပြန်ပြောလာပါတယ်..


 


မခင်မွန်ကလည်း သူတို့ရဲ့ ကုန်သည်ကို လိုအပ်တဲ့ပိုက်ဆံအားလုံး စိုက်ထုတ်ထားပေးဖို့နဲ့ ဒီဘက်ကို ရောက်လာပါက အားလုံး ပြန်ပေးမဲ့ အကြောင်း အကူအညီ တောင်းရပါတော့တယ်… သဘောကောင်း နားလည်ပြီး လူမှုရေးစိတ်အပြည့်ရှိတဲ့ ကုန်သည်မှ ထောက်ခံစာ၊ တည်းခိုခ၊ ရထားလက်မှတ်ခ၊ စားသောက် နေထိုင်စရိတ်မှအစ အးလုံးကို အကုန်အကျခံ စိုက်ထုတ်ပေးခဲ့ပါတယ်… ရထားစီးတော့ တရုတ်ပြည်က ရဲတစ်ယောက် နီလာကို ကူမင်းအထိလိုက်ပို့ပေးပါတယ်.. ကူမင်းမှာ နီလာကို ထားခဲ့ပြီး အတူပါလာတဲ့ရဲက ပြန်သွားပြီ ဖြစ်တဲ့ တွက် ကူမင်းမှ ရွှေလီ( တရုတ်-မြန်မာ နယ်စပ် ) ကို နီလာတစ်ယောက်တည်း လာဖို့ အတွက် အခက်အခဲ ဖြစ်ပြန်ပါတယ်… ဒီတစ်ခါ ရွှေလီက တရုတ်ကုမ္ပဏီမှာ လုပ်နေတဲ့ မခင်မွန် သူငယ်ချင်းတွေဆီ အကူအညီတောင်းရပြန်ပါတယ်.. ကူမင်းမှာရောက်နေပြီ ဖြစ်တဲ့  နီလာကို ကူမင်း-ရွှေလီ ကားဂိတ်ပို့ပေးဖို့ လက်မှတ်ဝယ်ပေးဖို့ သူမ သူငယ်ချင်းတွေက ကူမင်းရှိ  သူတို့မိတ်ဆွေထံ ပြောပြ အကူအညီ တောင်းပေးပါတယ်..


 


မခင်မွန် သူငယ်ချင်းတွေရဲ့ မိတ်ဆွေကလည်း ကူညီပေးပြန်ပါတယ်… ကားလက်မှတ်ဝယ်ဖို့ ပိုက်ဆံ မကျန်တော့တဲ့ အတွက် ကားခကိုလည်း သူတို့က စိုက်ဝယ်ပေး လိုက်ပါတယ်.. နီလာကို ကားလက်မှတ် ၀ယ်ပေးပြီး သူမ စီးရမဲ့ ကားပေါ်ကို တင်ပေး လိုက်ပါတယ်… ကူမင်းမှ မနက်စောစော ထွက်လာတဲ့ကားဟာ ည ၁၀နာရီ ကျော်အချိန်မှာ တရုတ်မြန်မာ နယ်စပ် ရွှေလီမြို့ကို ရောက်လာပါတယ်.. ကားဂိတ်မှာ ကားရပ်တော့ နီလာက မခင်မွန်တို့ဆီ ဖုန်းဆက်လာတဲ့ အတွက် သူ့ကို ကားဂိတ်မှာ သွားကြိုလာခဲ့ပါတယ်… အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာသူ နီလာအတွက် လိုအပ်တဲ့ အ၀တ်အစား အားလုံးကို မခင်မွန်က စီစဉ်ပေးပြီး အိမ်မှာ တစ်ည တည်းခိုစေပြီးနောက်  နောက်တစ်နေ့ မနက်မှာတော့ မူဆယ်မှာ စောင့်နေတဲ့ သူမ မိခင်ရဲ့ လက်ထဲကို လွှဲအပ်ပေးလိုက်ပါတယ်… မိခင်နဲ့ သမီးဖြစ်သူတို့ ပျော်ရွှင်ဝမ်းမြောက်စွာ၊ ကြည့်နူးချမ်းမြေ့စွာ ပြန်လည်တွေ့ဆုံကြပါပြီ.. ဘေးက ကြည့်နေတဲ့ မခင်မွန်တို့မှာလည်း ၀မ်းသာပီတိဖြစ်ရပါတယ်… ဒါပေမဲ့ ၀မ်းနည်းစရာ အကောင်းဆုံးက နီလာလေးဟာ အပျိုစင်တစ်ယောက် ပြန်မဖြစ်နိုင်တော့ပါဘူး… သူမရဲ့ မှားခဲ့တဲ့ အမှားကြောင့် ဘ၀မှာ ပြင်မရတဲ့ အမဲစက်လေး တစ်ခုတော့ ကျန်ရစ်သွားခဲ့ပြီ ဖြစ်ပါတယ်…


 


နီလာပြန်ရောက်လာဖို့ ကျသင့်တဲ့ ကုန်ကျငွေ အချို့ကို သူမအဖေက လအကုန်မှာ ပြန်လွှဲပေးခဲ့ပါတယ်…..  နီလာရောက်သွားတဲ့ ဟောနန့်ပြည်နယ်နဲ့ မြန်မာနယ်စပ်အရောက် အပြန်ခရီး စရိတ်ဟာ မြန်မာငွေ ၂သိန်းကျော် ကုန်ကျပါတယ်… နီလာ ဒီလို ပြန်ရောက်လာဖို့ကို ဖုန်းနဲ့ အချိန်ပြည့် အဆက်အသွယ် လုပ်နေရတဲ့အတွက် ဖုန်းခ မနည်းမနော ကုန်ကျတာလဲ ပါပါတယ်.. ဒါကို ချပြခြင်းဟာ နီလာ ပြန်ရောက်လာတဲ့ ခရီးဟာ လွယ်လွယ်ကူကူနဲ့ ပြန်ရောက်လာခြင်းမျိုး မဟုတ်ပါဘူး…တရုတ်ပြည်တွင်း နေရာများစွာမှာ ရောင်းစားခံထားရတဲ့  မြန်မာလူမျိုး မိန်းမငယ်လေးတွေ အများကြီး ရှိနေပါသေးတယ်. သူတို့မှာ နီလာလောက် ကံမကောင်း အခွင့်မကြုံ တဲ့အတွက် ပြန်ချင် သော်လည်း မပြန်နိုင်၊ ဘယ်သူနဲ့မှလဲ အဆက်အသွယ် လုပ်ခွင့်မရနဲ့၊ နွံနစ်နေကြတဲ့ မိန်းခလေးတွေ အများအပြားပါ…


 


ရောင်းစားခံရသူ အားလုံး နီးပါးဟာလည်း ကျေးလက် အစွန်အဖျား၊ လမ်းပန်းဆက်သွယ်မှု ဝေးကွာတဲ့ တောရွာ သာသာလို နေရာမျိုးတွေ မှာသာ အများအားဖြင့် ရောက်နေကြပါတယ်.. နီလာနဲ့အတူ ရောက်နေကြတဲ့ သူတွေ ထဲမှာတောင် ကံကောင်းစွာနဲ့ နီလာတစ်ယောက်သာ လွတ်မြောက် ခဲ့သူ ဖြစ်ပါတယ်.. မူဆယ် ပြန်ရောက်တော့ သူမတို့ကို  လိမ်ညာလှည့်ဖြား ခေါ်ဆောင်ပြီး တရုတ်ပြည်တွင် ရောင်းစားခဲ့သူ အမျိုးသမီးရဲ့ နံမည် ရုပ်ရည်ပုံစံတို့ကို အမျိုးသမီးရေးရာ အဖွဲ့ကို ပြောပြပြီး ရဲစခန်းမှာ အမှုဖွင့်ကြပါတယ်.. သိပ်မကြာခင်မှာတော့ ထိုအမျိုးသမီး အဖမ်းခံရကြောင်း ကြားလိုက်ရပါတယ်.. ဒါကတော့ မကောင်းမှု ပြုလုပ်သူ တို့ရဲ့ နောက်ဆုံးရလဒ်ပါ.. သူ့အတွက်တော့ ၀မ်းနည်းစရာ တစ်စက်လေးတောင် မရှိပါ..


 


---------------------------------------------------------------------------------------------------------------------------------------


 


အဖြစ်အပျက်သည် နံမည်တစ်ခုမှလွဲ၍ အားလုံး မှန်ကန်သော ဖြစ်ရပ် တစ်ခုသာ ဖြစ်ပါတယ်.. ဒီဇာတ်လမ်းလေးကို တင်ပြရခြင်း ရည်ရွယ်ချက်မှာ   နီလာ ကဲ့သို့သော မိန်းခလေးများ ထပ်မံပေါ်ပေါက်မှာ စိုးမိတဲ့အတွက် မြန်မာပြည် တွင်းရှိ မိန်းခလေးငယ်များ အားလုံး ဖတ်မိပြီး ဆင်ခြင်နိုင်ကြဖို့၊ သိရှိနိုင်ကြဖို့ ရေးသားရခြင်း ဖြစ်ပါတယ်… မြန်မာ မိန်းမငယ်လေးများ နိုင်ငံခြားမှာ အလုပ် ကောင်းကောင်း ရမယ်.. လစာကောင်းကောင်းရမယ် ဆိုတဲ့ မက်လုံး များကို အလွယ်တကူ မယုံကြည်ကြဖို့ စေတနာဖြင့် အသိ ပေးလိုပါတယ်.. သူတစ်ပါး နိုင်ငံမှာ ဘာသာ စကား မတတ်ဘဲ အလုပ်တစ်ခု ရဖို့ဆိုတာ ခက်ခဲမှန်း၊ မဖြစ်နိုင်မှန်းကို သဘော ပေါက်သင့် ကြပါတယ်.. မိန်းခလေးတွေရဲ့ ဘ၀ဟာ ပန်းကလေး တစ်ပွင့်နဲ့ တူပါတယ်.. ပန်းဆိုတာ အချိန်မတန်ခင် နွမ်းသွားခဲ့ရင် တန်ဖိုးမရှိ ဖြစ်သွားတတ်ပါတယ်.. ဒါကြောင့် ပန်းကလေးတွေနဲ့ တူတဲ့ မိမိတို့ ကိုယ်ကို တန်ဖိုးထားလို့ ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြဖို့ ဒီစာလေးနဲ့ အသိပေး လိုက်ပါတယ်.. ပွန့်သောပန်းတိုင်း မွှေးစေချင်ပါတယ်.. မွှေးသော ပန်းတိုင်းလည်း ပင်ယံမှာ ကြာရှည် တင့်ဆန်းလို့ လန်းဆန်း စေချင်ပါတယ်ရှင်…


 


မေတ္တာဖြင့်


 


ချော(အစိမ်းရောင်လွင်ပြင်)