ပေါ့ပေါ့ပါးပါး ပြုံးစရာ (၂)

 


ဦးထုပ်ရောင်းသူ


 



picture from google search


 


တစ်ခါတုန်းက  တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာကာ ဦးထုပ်များကို ရောင်းချသူတစ်ဦး ရှိပါတယ်.. တစ်နေ့သောအခါ ဦးထုပ်သည်ကြီးဟာ မြို့တစ်မြို့မှ အခြားမြို့သို့အသွား  တောအုပ်ကြီး တစ်ခုကို  ဖြတ်သန်းသွားရပါတယ်..  သူဟာ မေပန်း နွမ်းနယ်လွန်းတဲ့အတွက် ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ ခေတ္တအနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်..သူ့ဦးထုပ်တွေ ထည့်ထားတဲ့ ခြင်းတောင်းကြီးကို ဘေးမှာအသာချပြီး သစ်ပင်ခြေရင်းမှာ မောပန်းစွာ အိပ်ပျော်သွားခဲ့ပါတယ်..


 


သူပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးထုပ်တွေအားလုံး ပျောက်ဆုံးနေတာကို တွေ့ရပါတယ်... ဦးထုပ်သည်ဟာ အံ့သြလွန်းစွာနဲ့ ပျောက်ဆုံးသွားတဲ့ ဦးထုပ်တွေကို လိုက်ရှာဖို့ ဟိုဟိုဒီဒီ လိုက်ကြည့်တဲ့အချိန်မှာ  သစ်ပင်တစ်ပင်လုံးပေါ်မှာ မျောက်အုပ်စုလိုက်ကြီးကို တွေ့လိုက်ရပါတယ်.. မျောက်တိုင်းရဲ့ လက်ထဲမှာလည်း ဦးထုပ်သည်ကြီးရဲ့ ဦးထုပ် တစ်လုံးစီကို ကိုင်ဆောင်ထားကြပါတယ်.. ဦးထုပ်သည်ဟာ သစ်ပင်ခြေရင်းမှာ ထိုင်ချလိုက်ပြီး သူ့ဦးထုပ်တွေပြန်ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားပါတယ်.. စဉ်းစား နေရင်းနဲ့ စိတ်ရှုပ်လာပြီး သူ့ခေါင်းကို ကုတ်လိုက်မိပါတယ်..


 


အံ့သြစရာ


သစ်ပင်ပေါ်က မျောက်အားလုံးဟာလည်း  သူလုပ်တဲ့အတိုင်း ခေါင်းတွေကို ကုတ်နေကြပါတယ်.. နောက် ဦးထုပ်သည်က သူ့ဆောင်းထားတဲ့ ဦးထုပ်ကို ကိုင် လိုက်တဲ့အခါ မျောက်တွေဟာလည်း အဲဒီအတိုင်းဘဲ လုပ်ပြန်ပါတယ်.. ဒါကိုတွေ့လိုက်တဲ့ ဦးထုပ်သည်ဟာ သူ့ဦးထုပ်တွေ ပြန်ရဖို့ နည်းလမ်းကို စဉ်းစားမိပါတော့တယ်..  သူဟာ ဦးထုပ်ကို ခပ်ဝေးဝေး မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်း သူလုပ်တဲ့အတိုင်း မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်တဲ့အခါမှာတော့ ဦးထုပ်သည်ဟာ သူ့ဦးထုပ် အားလုံးကို ပြန်ရလိုက်ပါတယ်..


 


နောက် နှစ်ပေါင်း ၅၀ကြာတဲ့အခါမှာ ဦးထုပ်သည်ကြီးရဲ့ မြေးတစ်ယောက်ဟာလည်း ဦးထုပ်ရောင်းချသူ ဖြစ်လာပါတယ်.. သူဟာလည်း တစ်မြို့က တစ်မြို့ ကူးသန်းကာ ဦးထုပ်ရောင်းချရင်း တောအုပ်ကို ဖြတ်သန်းဖို့ ရောက်ရှိလာပါတော့တယ်.. နေပူပြင်းလွန်းတဲ့ အတွက် သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ ခရီးတစ်ထောက်နားဖို့ ဆုံးဖြတ်ပါတယ်.. သစ်ပင်အောက် ရောက်တဲ့အချိန်မှာ ဦးထုပ်တွေကို ဘေးမှာအသာချလို့ အိပ်ပျော် သွားပါတယ်.. သူနိုးလာတော့ ဦးထုပ်တစ်လုံးမှ မရှိတော့တာကို တွေ့လိုက်တဲ့အခါ သူငယ်စဉ်က အဖိုးထံမှ ကြားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးကို ပြန်သတိရသွားပါတယ်..  ဒါနဲ့ သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တော့ သူ့အဖိုးတုန်းက လိုဘဲ မျောက်တွေဟာ သူ့ဦးထုပ် အားလုံးကို တစ်ကောင်ကို တစ်လုံးစီ ကိုင်ဆောင်ထားတာ တွေ့လိုက်ပါတယ်...


 


ဦးထုပ်သည်လေးဟာ သူ့အဖိုးရဲ့ စကားကို ပြန်သတိရပြီး အဖိုးလုပ်ခဲ့သလိုဘဲ.. သူ့ခေါင်းကို ကုတ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်း သူလုပ်သလို လိုက်ကုတ်ကြပါတယ်.. သူဟာ ဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်ခတ်သလိုလုပ်တဲ့အခါ မျောက်အားလုံးဟာ သူလုပ်သလို လိုက်လုပ်ပြန်ပါတယ်.. သူ့အဖိုးရဲ့ အကြံပိုင်ပုံကို စဉ်းစားရင်း ဦးထုပ်သည်လေးဟာ သူ့ဦးထုပ်ကို အဝေးက မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်..


 


ဒီတစ်ခါတော့ ထူးဆန်းပါတယ်..  မျောက်တွေအားလုံး ဦးထုပ်ကို လွှင့်မပစ်ဘဲ ဆက်ပြီး ကိုင်ထားတာကို တွေ့ရပါတယ်.. ဦးထုပ်သည်လေးဟာ အလွန်ကို အံ့သြနေပါတယ်.. ဒီတစ်ခေါက် မျောက်တွေဟာ  ဘာဖြစ်လို့များ သူလုပ်သလို လိုက်မလုပ် ကြတာပါလိမ့်လို့ စဉ်းစား နေမိပါတယ် . ဒီအချိန်မှာ မျောက်တစ်ကောင်ဟာ သစ်ပင်ပေါ်က ဆင်းလာပြီးတော့ သူလွှင့်ပစ်လိုက်တဲ့ ဦးထုပ်ကို အပြေး သွားကောက်ပြီး လက်ခုပ်လက်ဝါး တီးကာ ဦးထုပ်သည်လေးကို စကားတစ်ခွန်းဘဲ လှမ်းပြောလိုက်ပါတယ်.. ဘာပြောလိုက်တယ် ဆိုတာ စာဖတ်သူများ ခန့်မှန်းကြည့်ပါလားရှင်.. ပြောလိုက်တာက တစ်ခွန်းထဲပါနော်..


 


************* ****


************ *..


***********. .


*********..


********


*****..


****.


***


**.
 *


**.
*
..
.
.
.*


*.


 


* မင်းတစ်ယောက်ဘဲ အဖိုးရှိတယ် ထင်သလားတဲ့*


 


 


ဟုတ်တာပေါ့.. မျောက်တွေကလဲ သူတို့အဖိုးဆီကနေ ဦးထုပ်ဇာတ်လမ်းလေးကို ကြားခဲ့ဖူးမှာ ပေါ့နော်...              :)  :)  :)


 


 


-----------------------------------------------------------------------------------------------------------------------


 


အိမ်ထောင်သက်  နှစ် ၅၀အကြာ


 



picture from google search


 


အိမ်ထောင်သက် ၅၀ရှိပြီ ဖြစ်တဲ့ အဖိုးအဖွား စုံတွဲဟာ အိပ်ရာဝင်ကြရင်း ကုတင်ပေါ်မှာ လှဲလျောင်းနေပါတယ်.. ယောက်ျားဖြစ်တဲ့ အဖိုးကြီးကတော့ မြန်မြန်ဆန်ဆန်ဘဲ အိပ်မောကျသွားပါတယ်.. သို့သော်လည်း အဖွားအိုကတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်စဉ်းစားရင်း အိပ်မပျော်ဘဲ သူ့ယောက်ျားနဲ့ ကြည်ကြည်နူးနူး စကားတွေ ပြောချင်စိတ် ဖြစ်နေပါတယ်..


 


ဒီတော့ သူ့ယောက်ျားကို  


 


“ ရှင် အရင်တုန်းကဆိုရင် ကျွန်မရဲ့ လက်ကလေးကို အမြဲတမ်း ဆုပ်ကိုင် ထားတတ်တယ်နော်.. ခုဆို အဲလို မကိုင်တာ အတော်တောင် ကြာပြီ.. ” လို့ ပြောလိုက်ပါတယ်.. သူ့ယောက်ျားဖြစ်သူ အဖိုးကလဲ သူ့မိန်းမ စိတ်ကျေနပ်စေဖို့ အိပ်ချင်မူးတူးနဲ့ လက်ကို လှမ်းကိုင်လိုက်ရင်း ပြန်အိပ်ပျော်သွားပါတယ်..


 


ခနလောက်အကြာမှာ အဖွားကြီးက “ ရှင်က အဲလို လက်ကလေးကို ကိုင်ပြီးရင် ကျွန်မကို အမြဲ နမ်းနေကျနော်.. ”  လို့ပြောပြန်ပါတယ်..


 


အဖိုးကြီးကလဲ နည်းနည်းတော့ ကျွဲမြီးတိုလာပါတယ်.. ဒါပေမဲ့ မျက်စိမဖွင့်ချင် ဖွင့်ချင်နဲ့ သူ့မိန်းမပါးကို နမ်းလိုက်ပြီး ပြန်အိပ်ပျော်သွားပြန်ပါတယ်..


 


စက္ကန့် ၃၀လောက်အကြာမှာ မိန်းမဖြစ်သူက “ အဲဒီလို နမ်းပြီးတိုင်း ကျွန်မလည်ပင်းကို ရှင့်သွားလေးတွေနဲ့ ဖွဖွလေး ကိုက်နေကျနော် ” တဲ့..


 


အဖိုးကြီးဟာ ရုတ်တရက်ထပြီး ခြုံထားတဲ့စောင်ကို ဒေါသတကြီး ဆွဲဖယ်လိုက်ပါတယ်.. ပြီးတော့ ကုတင်ပေါ်က ဆင်းလိုက်ပါတယ်..


 


အဖွားကြီးက လှမ်းမေးလိုက်တယ်..   “  ရှင်ဘယ်သွားမလို့လဲ  ”


 


အဖိုးကြီးက ပြန်ဖြေလိုက်ပါတယ်..


 


“  အေး မင်းကို ကိုက်ဖို့ ဖြုတ်ထားတဲ့ ငါ့သွားတုတွေ သွားယူမလို့ဟေ့  ”  တဲ့


 


:) :)  :) 


 


 


 


Funzug.com မှ Hat Seller  နှင့်  After 50 Years  ကို ဘာသာပြန်ပါသည်။


 


စာဖတ်သူများအားလုံး  ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေရှင်...


 


ချော (အစိမ်းရောင်လွင်ပြင်)

ဧကရာဇ်ကြီးရဲ့ သစ်စေ့လေးများ


picture from http://etc.usf.edu/clipart/4700/4782/king_16_md.gif


 


တစ်ခါက အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ဘုရင့်အင်ပါယာ နိုင်ငံကြီးတစ်ခု ရှိပါတယ်.. အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ ဧကရာဇ်ကြီးဟာ အသက်အရွယ် အိုမင်းလာပြီ ဖြစ်တဲ့အတွက် သူ့အင်ပါယာကို ဆက်လက် အုပ်ချုပ်မဲ့ ဧကရာဇ်လောင်းတစ်ဦးကို  ရွေးချယ်ဖို့ စိတ်ကူး ရပါတယ်.. ဒါပေမဲ့ ဘုရင်ကြီးက သူ့ဆွေမျိုးအသိုင်းအ၀ိုင်း၊ သားသမီးတွေကို ရွေးချယ်တာမျိုး မဟုတ်ဘဲ.. နည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ စဉ်းစားမိပါတယ် .. ဒါနဲ့ သူဟာ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေအားလုံးကို ရှေ့တော်မှောက် ခစားဖို့ ဆင့်ခေါ် ခိုင်းလိုက်ပါတယ်..  လူငယ်တွေအားလုံး ရောက်လာတဲ့ အချိန်မှာ ဧကရာဇ်ကြီးက “အခုအချိန်မှာ ငါကိုယ်တော် ဧကရာဇ်မင်းမြတ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဧကရာဇ် မင်းလောင်း ရွေးချယ်မှာ ဖြစ်တယ်.. ရွေးချယ်ခံရမဲ့ သူကတော့ အသင်တို့အထဲက တစ်ယောက်ယောက်ဘဲ ဖြစ်တယ် ” လို့ ကြေငြာလိုက်ပါတယ်..


 


လူငယ်လေးတွေ အားလုံးဟာ အံ့သြ တုန်လှုပ်သွားကြပါတယ်.. ဧကရာဇ်ကြီးကတော့ ဆက်လက် မိန့်ကြားနေပါတယ်.. “ငါကိုယ်တော်မြတ်က အသင်တို့တစ်ဦးစီကို သစ်စေ့တစ်စေ့စီ ပေးလိုက်မှာ ဖြစ်တယ်.. ဒီသစ်စေ့ကို အသင်လူငယ်တို့က စိုက်ပျိုးကြရမယ်.. ရေလောင်း၊ မြေသြဇာကျွေးပြီး အပင်ပေါက်လာအောင် ပြုစု ပျိုးထောင် ရမယ်.. ဒီနေ့ကစလို့ တစ်နှစ်တိတိ ပြည့်တဲ့အခါ သင်တို့ စိုက်ပျိုးထားတဲ့ သစ်ပင်လေး တွေကို ယူဆောင်လာခဲ့ရမယ်.. ကျွန်ပ်က သင်တို့စိုက်ပျိုးလို့ ဖြစ်ထွန်းလာတဲ့ အပင်တွေကို ကြည့်ပြီး အဲဒီထဲကမှ  ကျွန်ပ်ရဲ့ အရိုက်အရာကို ဆက်ခံရမဲ့ ဧကရာဇ်လောင်း အဖြစ် သင့်တော်တဲ့ တစ်ယောက်ကို  ရွေးချယ်မှာ ဖြစ်တယ် ”


 


လူငယ်တွေထဲမှာ လင်း လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်လဲ ပါဝင်ပါတယ်.. သူဟာလဲ အခြားလူငယ်လေးတွေအတိုင်း ဧကရာဇ်ကြီးဆီကနေ သစ်စေ့တစ်စေ့ လက်ခံရရှိပါတယ်.. သူဟာ အိမ်ကိုပြန်လာပြီးတော့ သူ့မိခင်ကို အဖြစ်အပျက်အားလုံးကို စိတ်လှုပ်ရှားစွာ ပြောပြပါတယ်.. ဒါနဲ့ လင်း ရဲ့ အမေက အိုးတစ်လုံးကို မြေဆွေးထည့်ပြီး သူ့သားလေး သစ်စေ့စိုက်ပျိုးဖို့ အကူအညီပေးပါတယ်.. လင်း ဟာ သစ်စေ့လေးကို အိုးကလေးထဲ ထည့်ပြီး စတင် စိုက်ပျိုးပါတယ်… သူဟာ အိုးလေးကို နေ့စဉ်နေ့တိုင်း ရေလောင်းရင်းနဲ့ သစ်စေ့လေး အပင်ပေါက်လာမဲ့ အချိန်ကို ဂရုတစိုက်နဲ့ စောင့်ကြည့် ပါတယ်.. သုံးပတ်အကြာမှာ လင်းနဲ့အတူတူ သစ်စေ့ကို လက်ခံရရှိတဲ့ တစ်ခြားလူငယ် လေးတွေဟာ သူတို့ စိုက်တဲ့ သစ်စေ့ကနေ ပေါက်လာတဲ့ အပင်ပေါက်လေးအကြောင်း စတင် ပြောစပြုနေကြပါပြီ.. လင်းက သူ့သစ်စေ့လေးကို သေသေချာချာ ပြန်ပြီး စစ်ဆေး ပါတယ်.. သူ့သစ်စေ့လေးကနေ ဘာအပင်မှ မပေါက်လာသေးပါဘူး…


 


သုံးပတ်..  လေးပတ်.. ငါးပတ် အချိန်တွေ ကုန်လွန်သွားပါပြီ.. ခုချိန်ထိ အပင်ပေါက်ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေး..  ခုချိန်မှာတော့ အခြား လူငယ်လေးတွေဟာ သူတို့စိုက်တဲ့ အပင်လေးရဲ့ အကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောနေကြပါပြီ.. လင်းရဲ့ အပင်လေး ကတော့ မြေကြီးထဲက ထွက်ပုံမရသေး.. လင်း ကိုယ်တိုင်လည်း စိတ်ထဲမှာ ရှုံးနိမ့်သူတစ်ယောက်အဖြစ် စတင်ခံစားလို့ နေပါတယ်… နောက်ထပ် ခြောက်လ အကြာမှာလည်း ဘယ်လိုပင် ရေလောင်း၊ မြေသြဇာကျွေးသော်လည်း ဘာအပင်မှ ထွက်ပေါ်မလာသေးပါ..   ဒီတော့ လင်းက သဘောပေါက် နားလည်လိုက်ပါပြီ.. သူဟာ သစ်စေ့လေးကို သေအောင် ပြုလုပ်လိုက်မိပါပြီ.. အပင် ပေါက်နိုင်တော့မှာ မဟုတ်တော့တာ သေချာသလောက် ရှိသွားပါပြီ.. လူတိုင်း လူတိုင်းမှာ အပင်ငယ်လေးကိုယ်စီနဲ့ သူတို့ရဲ့ အပင်လေးတွေဟာလည်း စိမ်းမြ ရှည်လျားလို့ နေပါပြီ.. လင်း ရဲ့ သစ်စေ့လေးကတော့ မြေကြီးထဲမှာ အိပ်ပျော်ကောင်းတုန်းပါ.. လင်းက သူ့အပင်လေး အကြောင်း ဘယ်သူ့ကိုမှ မပြောပြသလို သူ့သစ်စေ့လေးကို အပင် ပေါက်လာနိုးနဲ့ စောင့်ကြည့်နေဆဲ၊ ရေလောင်း နေဆဲ၊ မြေသြဇာကျွေးဆဲပါ…


 


နောက်ဆုံးမှာ ဧကရာဇ်ကြီး သတ်မှတ်ထားတဲ့ တစ်နှစ်တိတိ ပြည့်မြောက်သွားပါပြီ.. လူငယ်တိုင်းဟာ အိုးနဲ့ စိုက်ပျိုးထားတဲ့ သစ်ပင်ငယ်ကိုယ်စီကို စစ်ဆေးခံဖို့ ဧကရာဇ်ကြီးရဲ့ ရှေ့တော်မှောက်ကို ယူဆောင်လို့ အခစား ရောက်ရှိလာကြပါတယ်.. လင်းက သူရဲ့ ဘာပင်မှ ပေါက်မလာတဲ့ အိုးအလွတ်ကို နန်းတော်ကို မယူဆောင် သွားချင်ကြောင်း သူ့မိခင်ကို ပြောပါတယ်.. သို့သော် လင်းရဲ့ မိခင်က ရိုးသားစွာနဲ့ အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ တိုက်တွန်းပါတယ်.. မိခင်ရဲ့ စကားက သူ့ရဲ့ နှလုံးသားကို ထိခိုက်စေပါတယ်.. သူ့မိခင်ရဲ့ တိုက်တွန်း အားပေး စကားဟာ မှန်ကန်ပါတယ်.. အရိုးသားဆုံး ရင်ဆိုင်လိုက်တာ အကောင်းဆုံးပါ.. ဒါကြောင့် အပင်မပေါက်တဲ့ သူ့သစ်စေ့အိုးကို နန်းတော်ကို ယူဆောင် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.. နန်းတော်ရောက်တော့ အံ့သြစရာ ကောင်းလောက်အောင် လူငယ်တိုင်းရဲ့ အိုးတိုင်းမှာ အပင်တွေနဲ့ အချို့ဆို အပွင့်လေးတွေပါ လှလှပပနဲ့ အရွယ်စုံ၊ အမျိုးစုံစွာ ကြီးထွား ရှင်သန်နေတာကို တွေ့ရပါတယ်.. အပင်မပေါက်တဲ့ အိုးဆိုလို့ သူ့ရဲ့ တစ်လုံးတည်းသော အိုးသာ... လင်းဟာ သူ့အိုးကို နန်းရင်ပြင်ပေါ်မှာ တစ်ခြား လူငယ်တွေရဲ့ အိုးအနီးနား သွားချလိုက်တဲ့အခါ လူငယ်တွေအားလုံး သူ့အိုးအလွတ်ကို ကြည့်ပြီး ၀ိုင်းဝန်း ရယ်မောကြပါတယ်… လူငယ် အနည်းငယ်မျှလောက်သာ သူ့အတွက် စိတ်မကောင်း ဖြစ်ကြပါတယ်..


 


ဧကရာဇ်ကြီး ရောက်လာတဲ့အခါမှာ သူ့နန်းတော်ထဲကို ရောက်နေတဲ့ လူငယ်တွေအားလုံးကို နှုတ်ဆက်စကား ဆိုပါတယ်.. လင်းကတော့ လူငယ်ထုရဲ့ အနောက်ဆုံးမှာ ပုန်းကွယ်နေဖို့သာ ကြိုးစားနေခဲ့ပါတယ်.. ဧကရာဇ်ကြီးက “ဘယ်လိုကြီးကျယ်တဲ့ အပင်တွေကိုများ သင်တို့ စိုက်ပျိုး ဖြစ်ထွန်းလာကြပါသလဲ.. ဒီနေ့တော့ သင်တို့ထဲက တစ်ယောက်သော သူဟာ ဧကရာဇ်အဖြစ် ခန့်အပ်ခံရပါလိမ့်မယ်..” လို့  စကားပြော နေရင်းက ရုတ်တရက် လင်းရဲ့ အိုးအလွတ်ကို တွေ့လိုက်တဲ့ ဧကရာဇ်ဟာ အိုးနဲ့အတူ အိုးပိုင်ရှင်ကို ရှေ့တော်မှောက် ခေါ်ဆောင်လာဖို့ သူရဲ့ အမှုထမ်းတွေကို အမိန့်ပေးလိုက် ပါတယ်.. လင်းဟာ အလွန်ဘဲ ထိတ်လန့် တုန်လှုပ် သွားပါတယ်.. ငါဟာ မအောင်မြင်တဲ့သူ၊ ရှုံးနိမ့်တဲ့သူဆိုတာ ဧကရာဇ်ကြီး သိသွားပြီ.. ငါတော့ အသတ်ခံရတော့မှာ သေချာပြီ လို့ တွေးရင်း ကြောက်ရွံ့ နေပါတော့တယ်…


 


ရှေ့တော်မှောက်ကို ရောက်လာတဲ့ လင်းကို ဧကရာဇ်ကြီးက နံမည်မေးပါတယ်.. “ကျွန်တော်မျိုးရဲ့ နံမည်က လင်း လို့ ခေါ်ပါတယ်.. အရှင်ဧကရာဇ် ”  လို့ လင်းက ပြန်ဖြေပါတယ်.. လင်းရဲ့ အဖြေအပြီးမှာ လူငယ်လေးတွေ အားလုံးဟာ ကျယ်လောင်စွာ ၀ိုင်းဝန်း ရယ်မောကြပါတယ်..  ဧကရာဇ်ဘုရင်ကြီးက အားလုံးကို တိတ်ဆိတ်စွာ နေကြဖို့ အမိန့်ပေးလိုက်ပြီး “ငါ ကိုယ်တော်မြတ်ရဲ့နေရာကို ဆက်ခံမဲ့ ဧကရာဇ်အသစ်ကို အခုဘဲ ကြေငြာပါမယ်.. သူ့နံမည်ကတော့ လင်း ဖြစ်ပါတယ်….” လို့ အောင်မြင်ခန့်ညားပြီး  သြဇာပြည့်ဝသော အသံဖြင့် အားလုံးကြားအောင် ကြေငြာလိုက်ပါတယ်..   လင်းဟာ မယုံနိုင်အောင် ဖြစ်သွားပါတယ်.. သူဟာ သစ်စေ့လေးကိုတောင် ဖြစ်မြောက်အောင် မစိုက်ပျိုးနိုင်ဘဲ ဘယ်လိုလုပ်ပြီး ဧကရာဇ်ကြီးရဲ့နေရာကို ဆက်ခံဖို့ ဖြစ်နိုင်မှာတဲ့လဲ..


 


ဧကရာဇ်ကြီးက ဆက်ပြီးပြောပါတယ် “လွန်ခဲ့တဲ့ တစ်နှစ်က ငါကိုယ်တော်မြတ် အသင် လူငယ်တို့ အားလုံးကို စိုက်ပျိုးဖို့  သစ်စေ့တစ်စေ့စီ ပေးခဲ့ပါတယ်.  စိုက်ပျိုးလို့ ပေါက်လာတဲ့ အပင်တွေကို တစ်နှစ်ပြည့်ရင် ဒီနေရာကို ပြန်လည် ယူဆောင်လာဖို့ အမိန့်ပေးခဲ့ပါတယ်.. သို့သော်လည်း ကျွန်ပ် အသင်တို့ကိုပေးခဲ့တဲ့ သစ်စေ့ အားလုံးဟာ ဆူပွက်နေတဲ့ရေနဲ့ ခေတ္တ ပြုတ်ထားတဲ့ သစ်စေ့တွေသာ ဖြစ်တယ်..  ငါကိုယ်တော်မြတ် ပေးတဲ့ သစ်စေ့မှန်ရင် ဘယ် သစ်စေ့ ကမှ အပင် ပေါက်လာနိုင်စရာ အကြောင်းမရှိပါဘူး… အသင်တို့ လူငယ်အားလုံးမှာ  လင်း တစ်ယောက်ကလွဲပြီးတော့ အပင်အမျိုးစုံ အသီးသီး ယူဆောင် လာကြတယ်… အဲဒါဟာ သင်တို့ စိုက်ပျိုးဖို့ ကျွန်ပ်ပေးလိုက်တဲ့ သစ်စေ့တွေ အပင် မပေါက်တာနဲ့ အခြား သစ်စေ့တွေနဲ့ အစားထိုးလိုက်ကြတယ် ဆိုတာ သက်သေ ပြလိုက်တာ ပါဘဲ..  လင်း ကတော့ အမှန်တရားကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖို့ ကျွန်ပ်ပေးလိုက်တဲ့ သစ်စေ့အတိုင်း ရိုးသားစွာနဲ့ ယူဆောင်လာတဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်… ဒါကြောင့်မို့ သူဟာ ဧကရာဇ် ဖြစ်ထိုက်တဲ့ တစ်ဦးတည်း သော ရိုးသားစင်ကြယ်သူ၊ ဖြောင့်မတ် မှန်ကန်သူသာ ဖြစ်တယ်… ” ဆိုပြီး လင်းကို ဧကရာဇ်အဖြစ် ခန့်အပ် လိုက်ပါတယ်.


 


မိမိ သားသမီး ဆွေမျိုးသားချင်းတွေကို ရာထူး အလွယ်တကူမပေးဘဲ ရိုးသား ဖြူစင် ဖြောင့်မတ်သူကိုမှ တိုင်းပြည် လွှဲအပ်နိုင်ဖို့ ထိုက်တန်စွာ ရွေးချယ် ခန့်အပ်ချင်တဲ့ ဧကရာဇ်မင်းကြီးရဲ့ လေးစားဖွယ် စိတ်ထားကြောင့် ရိုးသားတဲ့ လင်းဟာ ဧကရာဇ် သရဖူကို ဆောင်းနိုင်သူ တစ်ယောက် ဖြစ်သွားခဲ့ပါပြီ....


 


--------------------------------------------------------------------------------------------------------------------


 


ရိုးသားဖြူစင်မှုကြောင့် ပြန်ရလိုက်တဲ့ လက်ဆောင်လေးဟာ တန်ဖိုး ကြီးမားလှပါတယ်နော်.. ဒီလို ရိုးသားမှု ဆိုတာလည်း လူတိုင်းမှာ တွေ့ရဖို့တော့ မလွယ်လှပါဘူး... ဧကရာဇ်အဖြစ် ရရှိသွားတဲ့ လင်းဆိုတဲ့ကောင်လေးဟာ မိခင်ဖြစ်သူရဲ့ လမ်းညွှန် တိုက်တွန်းမှုကြောင့်လည်း ဒီဆုလာဘ်ကို ရရှိပါတယ်လို့ ပြောရင် ငြင်းနိုင်ပါ့မလားရှင်.. တကယ်တော့ ကျွန်မတို့ရဲ့ ဘ၀မှာ တစ်ခါတစ်လေ အမှန်တရားကို ရင်ဆိုင်ဖို့ တွန့်ဆုတ်မိတဲ့အခါ အခုလိုဘဲ လင်းရဲ့မိခင်လို လမ်းမှန်ကိုညွှန်ပြမဲ့၊ အားပေး တိုက်တွန်းမဲ့သူမျိုးဟာ လိုအပ်လှပါတယ်နော်.. စာဖတ်သူများ အားလုံး ရိုးသားဖြူစင်စွာနဲ့ အမှန်တရားကို ရင်ဆိုင်ရဲသူများ၊ ကိုယ်တိုင်လည်း အားပေးတိုက်တွန်း တတ်သူများ ဖြစ်နိုင်ကြပါစေ.. ရိုးသားမှုကို ချစ်မြတ်နိုးဖို့ တိုက်တွန်း အားပေးတဲ့ မိတ်ဆွေကောင်းများကို  ပိုင်ဆိုင် ရရှိနိုင်ကြပါစေရှင်....


 


 The Emperor and The Seed (Author Unknown)  ကို ဘာသာပြန်ပါသည်..


 


စာဖတ်သူများကို လေးစားစွာဖြင့်


 


ချော (အစိမ်းရောင်လွင်ပြင်)



 


 


 

ထမင်းထုပ်လေးရဲ့ ငိုကြွေးသံ

 



 


 


အေးမြ အမေ ဒေါ်မြကြည်က ဘူတာမှာ ထမင်းထုပ် ရောင်းသူ... 


အေးမြတို့ရွာကလေးက မန္တလေး မြစ်ကြီးနား ရထားသံလမ်းဘေးတွင် ရှိပြီး ရွာဘူတာငယ်လေး တစ်ခုလဲ ရှိသည်။ သေးငယ်သော ဘူတာ ဖြစ်သောကြောင့် အထူးအမြန်၊ ဒုတိယအမြန်လို အမြန်ရထားများ မရပ်ပဲ စာပို့ရထား၊ ခေါက်ပြန်ရထားများသာ ရပ်နေကျ .. တစ်ခါတစ်လေ ရထားဆုံမည့် နေ့မှသာ အထူးအမြန်ကဲ့သို့ ရထားများ ရပ်တတ်သည်... ထိုအခါမျိုးတွင် ဒေါ်မြကြည်တို့ ဈေးရောင်း ကောင်းတတ်ပါသည်.. ဒေါ်မြကြည်က ဒေါ်ဝတုတ်မ ထမင်းဆိုင်မှ ထမင်းနှင့် ကြက်သားကြော် အပါ တစ်ထုပ်ကို  ၄၅၀ နှင့် ၀ယ်၍ ရထားတွဲများတွင်  ၅၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသည့် အလုပ်ကို သူမ ယောက်ျား ဆုံးကတည်းက လုပ်လာတာ ၂နှစ်ရှိပြီ.. ဈေးရောင်းကောင်းသည့်နေ့တွင် တစ်ရက်ကို တစ်ထောင် ကျော်ကျော်လောက် ကျန်တတ်သော်လည်း ပုံမှန် ရက်များတွင် ၇၀၀ ပတ်ဝန်းကျင်လောက်တော့ ကျန်သည်..


 


ပဲပေါ်သည့်ရာသီချိန်တွင် ဈေးရောင်းသည့်အလုပ်ကို ဒေါ်မြကြည် မလုပ်တော့.. ပဲနှုတ်သည်က ဈေးရောင်းသည်ထက် ပိုက်ဆံပိုရသဖြင့် ပဲနှုတ် လိုက်ဖြစ်သည်က များသည်။  မနေ့က ပဲနှုတ်ပြီးအပြန် ချောင်းထဲတွင် ရေဆင်းချိုးရာ ဒေါ်မြကြည် အပူရှပ်ပြီး အဖျား တက်တော့သည်.. ဒီနေ့တော့ ပဲနှုတ် မလိုက်နိုင်သဖြင့်  ၇တန်းကျောင်းသူ သမီး အေးမြကို ကျောင်းမတက်ခိုင်းဘဲ ဘူတာတွင် ထမင်းထုပ် ရောင်းခိုင်းဖို့ကို  ဒေါ်မြကြည် စဉ်းစား ရတော့သည်..  အေးမြ ဈေးရောင်း မထွက်လျှင် ညနေ စားစရာ ထမင်းပင် ရှိမည်မဟုတ်.. တစ်ရက်လုပ်မှ တစ်ရက် စားရသော ဒေါ်မြကြည်တို့ ဘ၀တွင် တစ်ရက် ဖျားသည်နှင့် စားစရာမရှိသည့်ဘ၀....


 


“သမီး   အေးမြ ”


“ရှင်... အမေ”


 


“သမီး ကျောင်းမသွားနဲ့တော့... အမေ ဒီနေ့ ပဲနှုတ်မလိုက်နိုင်တော့ဘူး.. သမီး ဘူတာမှာ ထမင်းထုပ် သွားရောင်းလိုက်နော်.. မဟုတ်ရင် ညနေကျ အမေတို့ စားစရာမရှိဘဲ နေလိမ့်မယ်.. ခုမနက်တော့ ပဲပြုတ်နဲ့ ထမင်းကြမ်း စားသွားလိုက်နော် သမီး.. သမီး ဈေးရောင်းလို့ ပိုက်ဆံရလာရင် ဆန်နို့ဆီဗူး ၂လုံးလောက် ၀ယ်လာခဲ့ .. ပိုက်ဆံ ပိုရင် ဦးကုလား ဆေးဆိုင်မှာ အမေနေမကောင်းတာ ပြောပြပြီး သောက်ဆေး နည်းနည်း ၀ယ်လာခဲ့နော်...”


 


“ဟုတ်ကဲ့ အမေ..  ဒါဆို သမီး ထမင်းစားပြီး သွားလိုက်တော့မယ် .. အမေ အခုဘာစားမလဲဟင်.. သမီးဆန်ပြုတ်လေး ပြုတ်ထားခဲ့မယ်နော်..”


 


“ အေးအေး ရတယ်သမီး.. အမေ နေ့လည်လောက်မှ သောက်တော့မယ်... ”


 


အေးမြ ထမင်းကြမ်းလေးကို ရေထည့်ပြီး အမေ့အတွက် ဆန်ပြုတ် ပြုတ်ပေးလိုက်ရင်း ထမင်းကို ပဲပြုတ်လေးနှင့် နယ်ကာ ဆီမဆမ်းနိုင်ဘဲ မြိန်ရည်ရှက်ရည် စားရတော့သည်။ စားသောက်ပြီးသည်နှင့် မန္တလေးမှ လာသော စာပို့ရထားကို အမီ ထမင်းထုပ်ရောင်းဖို့ ဘူတာဘက်ကို အပြေးအလွှား ထွက်လာခဲ့သည်။ အေးမြစိတ်ထဲ ထမင်းထုပ်များများ ရောင်းရဖို့ ဆုတောင်းနေမိသည်.. ဒါမှလဲ ညနေအပြန် ဆန်ဝယ်နိုင်မည် အမေအတွက် သောက်ဆေးနဲ့ အားရှိမဲ့ အစားအစာလဲ ၀ယ်ချင်သေးသည်လေ.. သူမအတွက် အမေ ပင်ပင်ပန်းပန်း ပဲနှုတ်လိုက်နေသည်ကို မကြည့်ရက်.. ကျောင်းထွက်ပြီး ဈေးရောင်းမယ် ပြောတိုင်းလည်း အမေက ဘယ်တော့မှ လက်မခံ.. ဒီနေ့တောင် မလွှဲသာလွန်း၍ သူမကို ကျောင်းပျက်ခိုင်းရသည်ကို အေးမြ နားလည်ပါသည်.. ထို့ကြောင့်လည်း အမေ့ကို သူမ လုပ်အားလေးနှင့် ကျွေးမွေးခွင့်ရတုန်း ဈေး ကောင်း ကောင်း ရောင်းရဖို့ ဆုတောင်း မိခြင်းသာ...


 


ဘူတာအနီးက ဒေါ်ဝတုတ်မ ထမင်းဆိုင်မှာ ကြက်သားကြော်နဲ့ ထမင်း စုစုပေါင်း ၁၅ထုပ်ကို ယူလိုက်သည်။ ဒေါ်ဝတုတ်မဆီမှာ အေးမြအမေက ထမင်းထုပ်ယူနေကျ.. ဘူတာမှာရောင်းပြီး အပြန်ကျမှ ပိုက်ဆံဝင်ရှင်းပေးရသည်.. အရင်းအနှီးမလို.. ထမင်းထုပ် ကျန်နေလျှင် ပြန်အပ်ခဲ့လို့ ရသည်.. ဒေါ်ဝတုတ်မက အေးမြတို့ သားအမိကို သနားသဖြင့် ယခုလို အခွင့်အရေးမျိုး ပေးထားခြင်းသာ.. သို့သော် ထမင်းထုပ်က အမြဲတမ်း ရောင်းကောင်းနေတာ မဟုတ်သဖြင့် ပဲနှုတ်လိုက်သည်လောက် ၀င်ငွေမကောင်း. အမေ ပဲနှုတ်သွားလျှင် တစ်ရက် ၃၀၀၀ ရသည်။ ဒါကြောင့်လဲ အမေက ပင်ပန်းသော်လည်း ပိုက်ဆံပိုရသည့် ပဲနှုတ်ခြင်းကိုသာ လုပ်လိုသူ..


 


အေးမြ ထမင်းထုပ်ထည့်သည့် ဗန်းလေး ခေါင်းပေါ်ရွက်ပြီး ဘူတာအရောက် မကြာခင် မန္တလေးမှ စာပို့ရထားဆိုက်သည်။ ထမင်းထုပ် စုစုပေါင်း ၁၂ထုပ်တော့ ရောင်းလိုက်ရသည်။ နောက် တစ်နာရီလောက်တွင် နဘားကသာ ခေါက်ပြန်ရထား ဆိုက်ဖို့ရှိသေးသည်... ခေါက်ပြန်ရထားတွင်တော့ ထမင်းထုပ် ရောင်းကောင်းလေ့မရှိသဖြင့် သူမ မျှော်လင့်ချက် သိပ်မထားပါ.. မြစ်ကြီးနား စာပို့ရထားသာ မျှော်လင့်စရာ ရှိသည်.. ထင်သည့်အတိုင်း ခေါက်ပြန်ရထားတွင် ထမင်း ၂ထုပ်သာ ရောင်းရသည်။ စာပို့ရထား ဆိုက်ခါနီးတွင် ဒေါ်ဝတုတ်မ ထမင်းဆိုင် ပြန်ပြေးပြီး လက်ကျန် ထမင်းထုပ်များကို ထမင်းထုပ်အသစ် ပူပူ နွေးနွေးနှင့် လဲသည်။ နောက်ထပ် ထမင်းထုပ်အသစ် အထုပ် ၂၀လောက် ထပ်ယူလိုက်သည်။ မနက်က ယူသွားသော ထမင်းထုပ်ဖိုးကိုလည်း ပိုက်ဆံ ရှင်းပေးလိုက်သည်။


 


မြစ်ကြီးနား စာပို့ရထားဆိုက်ချိန်တွင် သိပ်မဆိုး ထမင်းထုပ် ၁၀ထုပ် ကုန်သွားပြန်သည်။ စုစုပေါင်း ၁၂၀၀ လောက်တော့ အမြတ်ကျန်နေပြီ..အိမ်အပြန် ဆန်ဝယ်ပြီး အမေ့အတွက် ဆေးနဲ့ မုန့်ဝယ်နိုင်တော့ မည်ဟု တွေးပြီး အေးမြ ပျော်ရွှင်နေမိသည်.. ရထားထွက်ခါနီးတွင် ရထားပေါ်မှ သားသားနားနား ၀တ်ဆင်ထားသော အဒေါ်ကြီး တစ်ယောက်က လှမ်းအော် သည်..


 


“ဟဲ့ကောင်မလေး ထမင်းထုပ်တစ်ထုပ် ဘယ်လောက်လဲ ”  ဟု လှမ်းမေးသည်..


 


 “ တစ်ထုပ် ၅၀၀ ပါရှင့် ”


 


“များလိုက်တာအေ... တစ်ထုပ် ၄၀၀ထားလိုက် .. ၃ထုပ်ယူမယ်..”


 


“မရပါဘူးအဒေါ်ရယ်.. ကျွန်မက တစ်ထုပ် ၄၅၀ ၀ယ်ရတာပါ.. တစ်ထုပ်ကို ၅၀ဘဲ အမြတ်တင်ထားတာပါ”


 


“မင်းတို့က ပြောလိုက်ရင် မမြတ်ဘူးမမြတ်ဘူးနဲ့.. ဈေးရောင်းတာ မမြတ်ဘဲ ဘယ်သူကရောင်းမလဲ.. ကဲကဲ ကြာတယ် ၃ထုပ်ကို ၁၄၀၀ ထားလိုက်”


 


၃ထုပ်မှ ၅၀သာ  မြတ်တော့မည်.. သို့သော် ဒေါ်ဝတုတ်ကို ပြန်အပ်ရမည့် အတူတူ ရောင်းလိုက်ဖို့ စိတ်ကူးရသဖြင့် ထမင်း၃ထုပ် ရထားပေါ် လှမ်းပေးလိုက်သည်..


 


 ထိုအချိန်တွင် ရထားဥသြ အချက်ပေးသံ ထွက်လာသည်။ 


 


“အဒေါ် ပိုက်ဆံ”


“နေပါဦး ပေးမှာပေါ့ ဘယ်လိုဖြစ်နေတာလဲ..  နင်တို့ ထမင်းထုပ်ကို အရင်ကြည့်ရဦးမယ်.. ဈေးရောင်းတဲ့ လူတွေက အကျင့်ကောင်းတာမဟုတ်ဘူး.. ထမင်းအသိုးတွေ ပြန်ထုပ်ပြီး ရောင်းတတ်တာ.. ငါတို့က ပိုက်ဆံပေးပြီး ၀ယ်စားတာ ထမင်းအသိုးတော့ ပိုက်ဆံပေးပြီး ၀ယ်မစားနိုင်ဘူး.. ”


 


ပြောရင်းဖြင့် ရထားပေါ်မှ အဒေါ်ကြီးသည် ထမင်းထုပ်များကို တစ်ထုပ်ချင်း စိမ်ပြေနပြေ ဖြေကြည့်နေသည်။


 


ထိုစဉ်ရထား ဘီးစတင်လိမ့်နေပြီ.. အေးမြ ရထားပြူတင်းဘေး လျှောက်လိုက်ရင်း


 


“အဒေါ် ရထားထွက်နေပြီ .. ကျွန်မကို ပိုက်ဆံပေးပါတော့..”


 


ထိုအဒေါ်ကြီးမှာ မကြားသလို လုပ်ရင်း ထမင်းထုပ်များကို သာ ဖြေကြည့်နေသည်..


 


ရထားက တစ်စ တစ်စ အရှိန်ရလာပြီ.. အေးမြလဲ ရထားနဲ့အမီ အပြေးလိုက်နေဆဲ.. သူမရင်လဲ မောဟိုက်ပူပင်လာသည်.. အမေအတွက် ဆေးဝယ်ဖို့… ဆန်ဝယ်ဖို့… သောက ဇောနှင့် ရထားဘေးမှ အပြေးကလေး လိုက်နေဆဲ… သို့သော် ပိုပိုပြီး မြန်လာသော ရထားအရှိန်ကို သူမ တစ်ဖြေးဖြေး အရှုံးပေးရတော့မည်.. ဒီပိုက်ဆံမရလျှင် တစ်နေကုန် ဈေးရောင်းထားသမျှ အလကားဖြစ်ပြီ.. ကျောင်းပျက်ရတာလည်း အလာကား ဖြစ်ရ တော့မည်..  စိတ်ကို အားတင်းရင်း ရထားကို အမီ လိုက်ပြန်သည်..


 


“အဒေါ်.. အဒေါ်.. ထမင်းဖိုးပိုက်ဆံ .. ”


 


အေးမြ တစ်ကြော်ကြော် အော်ရင်း.. ရထားနောက်က ပြေးလိုက်နေဆဲ.. ပြေးရင်း ကျောက်ခဲ တစ်လုံးကို  ခလုတ်တိုက်ကာ မှောက်ရက် လဲလေသည်..


 


ရထားမှာ တစ်ရွေ့ရွေ့နှင့် သူမမြင်ကွင်းမှ ဝေးကွာသွားပေပြီ.. အေးမြမျက်ဝန်းထဲမှာ မျက်ရည်များ အဆီးအတားမရှိ စီးကျလာသည်.. ရထားပေါ်မှ အဒေါ်ကြီးသည် အ၀တ်အစား အဆင့်အတန်းမြင့်မြင့် ၀တ်ဆင်ထားပြီး ယခုလို လုပ်ရပ်မျိုး လုပ်မည်ဟုပင် ထင်စရာမရှိ.. သူမကဲ့သို့သော ဈေးသည်လေး အပေါ်တွင်ပင် အညှာအတာမရှိ လိမ်ညာ လှည့်ဖျား ရက်သော ထို မိန်းမကြီးကို နာကျင်မုန်းတီးမိသည်.. ဒီနေ့တော့ ဆန်မ၀ယ်နိုင်တာထက် အမေ့အတွက် ဆေးမ၀ယ်နိုင်တော့မှာကို  သူမ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်.. မျက်ရည်များစွာနှင့် ဘူတာဘက်သို့ ပြန်လျှောက်လာရင်း တစ်ရှုံ့ရှုံ့ ငိုကြွေးနေမိသည်..  ထိုစဉ် အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ဆင်ထားသော လူကြီးတစ်ဦး သူမအနား လာရပ်ရင်း


 


“သမီး ခုနက ရထားပေါ်မှာ သမီး ပိုက်ဆံဘယ်လောက် ပါသွားလဲ..”


 


“၁၄၀၀ ပါ ဦးလေး..  ကျွန်မက အမေနေမကောင်းလို့ ဈေးလာရောင်းတာပါ.. ခုတော့ တစ်နေ့လုံး ရောင်းလို့ မြတ်တဲ့ပိုက်ဆံ အကုန်ပါသွားပြီ.. ထမင်းဆိုင်မှာ ထမင်းထုပ်ဖိုး ပေးလိုက်ရင် ဆန်ဝယ်ဖို့ မပြောနဲ့ အမေအတွက် ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိတော့ဘူး..ဦးလေးရယ်” သူမ ငိုရှိုက်ရင်း ပြောပြနေမိသည်..


 


“ကဲ မငိုနဲ့ သမီးရယ် .. သမီးပါသွားတဲ့ ပိုက်ဆံ ဦးလေး ပြန်ပေးမယ်.. အခု ဦးလေး လက်ထဲမှာ ၅၀၀၀ရှိတယ်.. သမီးကို ၄၀၀၀ပေးခဲ့မယ်.. ၁၀၀၀ က ဦးလေးအပြန်စရိတ် ချန်ရဦးမယ်.. ဦးလေးက ဟိုဘက်ရွာကပါ  ဒီရွာကို ခနလာရင်း အခု ရထားမမှီလိုက်လို့ ကားကြုံနဲ့ ပြန်ရမှာ..  ဘူတာထဲ ၀င်ဝင်ချင်း ရထားထွက်နေတာ တွေ့တယ်.. သမီးကိုလဲ ရထားနဲ့ အပြိုင်ပြေးနေတာ ဦးလေး တွေ့လိုက်ပါတယ်.. သားသမီးချင်း ကိုယ်ချင်းစာပါတယ်ကွယ်.. သမီးလဲ မိဘအပေါ် စေတနာရှိတဲ့သူတစ်ယောက်ဘဲ .. မိဘကျေးဇူး သိတတ်တာ အရမ်း ကောင်းပါတယ်.. ဒုက္ခရောက်ရင် ကူညီမဲ့သူ ပေါ်လာမှာပါ.. ရော့ရော့ ပိုက်ဆံ ၄၀၀၀ သမီးယူထားလိုက်.. ဆန်လဲဝယ် သမီးအမေအတွက် ဆေးလဲ ၀ယ်သွားလိုက်နော်…  ဦးလေးသွားတော့မယ်.. ”


 


သူမလက်ထဲ ပိုက်ဆံ ၄၀၀၀ကို ထည့်ပေးပြီး ထိုဦးလေးမှာ ဘူတာတွင်းမှ ထွက်ခွာ သွားပါတော့သည်… အေးမြ မျက်ဝန်းမှာ ၀မ်းသာ ကြည်နူး မျက်ရည်များ ကျဆင်းလာပြန်သည်.. အမေ့အတွက် ဆေးဝယ်ပေးခွင့်၊ အမေအားရှိအောင် အစာတစ်ခုခု ကျွေးခွင့် ရတာကိုဘဲ သူမ ၀မ်းသာလွန်းလှပါပြီ…


 


“ ကျေးဇူးတင်လိုက်တာ ဦးလေးကြီးရယ်…”  စိတ်ထဲမှ အထပ်ထပ်အခါခါ ရွတ်ဆိုရင်း သွက်လက်သော ခြေလှမ်းများက အိမ်အပြန် လမ်းဆီသို့…..


 


----------------------------------------------------------------------------------------------------------------------------------


 


လောကကြီးတွင် ရထားပေါ်မှ မိန်းမကြီးကဲ့သို့ အကြင်နာတရား ခေါင်းပါးသူများ၊ သူတစ်ပါး လုပ်အားကို ခေါင်းပုံဖြတ်ချင်သူများ ရှိသကဲ့သို့ ဆင်းရဲနွမ်းပါးသော်လည်း စေတနာတရား မခေါင်းပါးသော၊ သားသမီးချင်း၊ လူလူချင်း ကိုယ်ချင်းစာစိတ် အပြည့်ရှိသော ဦးလေးကြီးလို လူမျိုးများလဲ ရှိနေပါသေးသည် တကား.. သူတစ်ပါး အပေါ် လိမ်ညာတတ်သူများ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သူများနှင့် သူတစ်ပါးကို စာနာ ကူညီတတ်သူ ထိုလူတန်းစား နှစ်ရပ်တွင် စာဖတ်သူများ မည်သည့် အတန်းအစားဘက်မှ ပါဝင် ရပ်တည်ပါမည်လဲ…   ကိုယ်ချင်းစာ တရားနဲ့ အကြင်နာ မေတ္တာတရားကို လူသားတိုင်း လက်ကိုင်ထား နိုင်ကြမယ်ဆိုရင် လောကကြီးက ပျော်ရွှင်ကြည်နူးစရာ သာယာလှပ နေမှာပါနော်..


 


ချော (အစိမ်းရောင်လွင်ပြင်)

ချစ်သူများနေ့ အတွက် လက်ဆောင်ရွေးရအောင်

အားလုံးဘဲ မင်္ဂလာပါရှင်.. မကြာခင်မှာ ရောက်လာတော့မဲ့ ချစ်သူများနေ့အတွက် အစီအစဉ် အသီးသီး၊ လက်ဆောင် အမျိုးအမျိုးကို ရွေးချယ်လို့ ကြိုတင် ရင်ခုန် ပျော်ရွှင် နေကြပြီ ထင်ပါတယ်နော်…




ဖေဖော်ဝါရီ၁၄ရက်နေ့ဟာ အားလုံးသိကြတဲ့အတိုင်း ချစ်သူများနေ့ဖြစ်ပါတယ်.. ဒီနေ့မှာ မိမိချစ်ခင် မြတ်နိုးရတဲ့ သူကို နှစ်သက်စဖွယ် အမှတ်တရ လက်ဆောင် လေးများ ပေးပြီး မိမိရဲ့ ချစ်ခင်မှု အလေးထားမှု တို့ကို ဖော်ပြခွင့်ရတဲ့ နေ့လေး တစ်နေ့လဲ ဖြစ်ပါတယ်… မိမိချစ်ခင်တဲ့သူနဲ့ အတူတူ အမှတ်ရစရာ နေရာတစ်ခုခုကို သွားရောက် လှည်ပတ်ခြင်း၊ စားသောက်ဆိုင် တစ်ခုခုမှာ ချစ်သူနဲ့အတူတူ သွားရောက် စားသောက်ခြင်း၊ ချစ်သူများနေ့နဲ့ ပါတ်သက်တဲ့ ပွဲတစ်ခုခုကို အတူတူယှဉ်တွဲ တက်ရောက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသေးတယ်… မိမိချစ်ခင် မြတ်နိုးရသူကို စိတ်ကူးယဉ်ဆန်ဆန် (Romantic) ဖြစ်မဲ့ လက်ဆောင်လေးတွေ ပေးဖို့ ရွေးချယ် ရတာကိုက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်..


















ကဲ…….. သင်ရော ချစ်သူအတွက် ဘယ်လို လက်ဆောင်မျိုးလေး ရွေးချယ် ပြီးပြီလဲ.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ချစ်သူက နှစ်သက် သဘောကျမယ်၊ တန်ဖိုးထားမယ်ဆိုရင် ပေးရတဲ့သူအတွက်အရမ်းကို ကျေနပ်ပီတိ ဖြစ်ဖို့ ကောင်းပါတယ်.. တစ်ချို့ကလဲ ကိုယ့်ချစ်သူကို လက်ဆောင်တော့ ပေးချင်ပါတယ်… ဘာပေးလို့ ပေးရမှန်းမသိ ဖြစ်နေတာမျိုး ရှိကြပါတယ်.. ထိုသူများအတွက် ကျွန်မကလဲ ၀ိုင်းကူပြီး စဉ်းစားပေးချင်ပါတယ်.. ဘာလက်ဆောင်လေး ပေးရင်ကောင်းမလဲ.. စဉ်းစားကြည့် ရအောင်နော်….








ပထမဦးဆုံး စဉ်းစားသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ် ရတနာပါ… လက်ဝတ်ရတနာ ဆိုတာ သင့်ရဲ့ခံစားမှုကို ဖော်ပြလို့ အကောင်းဆုံး လက်ဆောင်ပါတဲ့.. မင်းဟာကိုယ့်ဘ၀အတွက် အရေးအကြီးဆုံး. တန်ဖိုးအထားရဆုံးသူ ဖြစ်ပါတယ်လို့ ဖော်ပြတဲ့ သဘောလဲ ဖြစ်ပါတယ်.. အဖိုးတန် လက်ဝတ် ရတနာကို ပေးမယ်ဆိုရင် မချစ်ခင် မနှစ်သက်တဲ့သူ မရှိလောက်ပါဘူးနော်… ဒါကြောင့်မိမိရဲ့ အလေးအနက် အထားဆုံး ဘ၀ရဲ့ အရေးပါဆုံး သူကိုပေးသင့်တဲ့ လက်ဆောင်လေး တစ်ခုကတော့ လက်ဝတ်ရတနာ တစ်ခုခုပါ..… လက်ဆောင် လက်ခံမဲ့ သူက ယောကျာင်္းလေးဆိုခဲ့ရင် လက်ပတ်နာရီလို၊ လက်စွပ်လို လက်ဆောင် မျိုးလေးတွေနဲ့ သင့်တော်ပါတယ်.. လက်ဝတ် ရတနာလေး တစ်ခုခု တော့ ပေးချင်ပါရဲ့. ငွေကြေးအခြေအနေ ငဲ့ညှာနေရသေးလို့ပါ ဆိုတဲ့သူတွေအတွက် နောက်တစ်မျိုး ထပ်စဉ်းစား ကြည့်စို့နော်..




ချစ်သူများနေ့မှာ ပေးဖို့ အများဆုံး ရွေးချယ်ကြတဲ့ လက်ဆောင် နောက်တစ်မျိုးက ရေမွှေးဖြစ်ပါတယ်.. ရေမွှေးဟာ အမျိုးသား၊ အမျိုးသမီး အပြန်အလှန် ပေးလို့ရတဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်… ရေမွှေးဆိုတာလဲ သဘောမကျ ၊ မနှစ်သက်သူ နည်းပါးတဲ့ ချစ်စရာ လက်ဆောင် တစ်ခုပါ. ရေမွှေးလက်ဆောင် ပေးတယ် ဆိုတာလဲ မိမိရဲ့ အလေး အနက် ထားခြင်းကို ဖော်ပြတဲ့ တင်္ကေတတစ်ခုလို့ ဆိုပါတယ်… သို့သော် သေချာရမဲ့ အရာက မိမိ လက်ဆောင် ပေးမဲ့သူဟာ ရေမွှေး နှစ်သက်တဲ့သူ၊ သုံးစွဲတဲ့သူ ဟုတ်ရဲ့လား ဆိုတာပါဘဲ.. ရေမွှေးအနံ့ မခံနိုင်တဲ့ သူကို လက်ဆောင် ပေးခဲ့မိရင် မိမိလက်ဆောင်ကြောင့် ကြည်နူးရမဲ့ အစား စိတ်အနှောက်အယှက် လေးများတောင် ဖြစ်သွား နိုင်ပါသေးတယ်.. ရေမွှေးကြိုက်သူ မဟုတ်ဘူး၊ ဒါမှမဟုတ် သူ့အကြောင်းကို သေချာမသိသေးဘူး ဆိုရင်တော့ နောက်ထပ် တစ်မျိုးကို စဉ်းစား ကြည့်ကြပါ ဦးစို့နော်…











နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ ချစ်သူများနေ့အတွက် တန်ဖိုးလဲ မများလှဘဲ လက်ခံရတဲ့သူရဲ့ စိတ်ကို ရွှင်လန်းစေမဲ့ ပန်းလက်ဆောင် ဘဲဖြစ်ပါတယ်. အများဆုံး ရွေးချယ်တဲ့ပန်းကတော့ နှင်းဆီပန်းဖြစ်ပေမဲ့ လှလှပပ ပြင်ဆင်ထားတဲ့ ဘယ်ပန်းမဆို သင့်တော် ပါတယ်…. Floral service တွေမှာ ကြိုတင်မှာကြားပြီး ငွေချေထားခဲ့မယ် ဆိုရင် ကိုယ်တိုင် ပို့စရာမလိုဘဲ ချစ်သူ့အိမ်အရောက် ပို့ပေးတဲ့ ၀န်ဆောင်မှု မျိုးကို ရွေးချယ်လို့ ရနေပါပြီ…. ပန်းအစစ်ကို ပေးချင်တယ် ဆိုရင်တော့ စောစောစီးစီး ကြိုတင် မှာကြားထားဖို့ လိုပါတယ်.. အဲဒီနေ့မှာမှ သွားမှာမယ် ဆိုရင်တော့ ပန်းအစစ်ရဖို့ မလွယ်ကူပါဘူး… မိမိစိတ်ကူး ရှိတဲ့ ပန်းခြင်းလေးပုံစံ ကိုဘဲဖြစ်ဖြစ်.. ဆိုင်က ပြုလုပ်ပေးမဲ့ ပန်းခြင်း(သို့မဟုတ်) ပန်းစည်းကိုဘဲ ဖြစ်ဖြစ်ပေးနိုင်ပါတယ်… ၀ါသနာပါရင် ကိုယ်တိုင်ပြုလုပ်တဲ့ပန်းခြင်း၊ ပန်းစည်းလေးကို ပေးလို့ ရပါတယ်…. နှစ်သက်ရာ ဒီဇိုင်းလေးတွေကို ရွေးချယ်လို့ ချစ်သူကို ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ပါတယ်…. ပန်းပွင့် ပန်းခြင်းတင်မက အပွင့်ပါတဲ့ပန်းအိုး သို့မဟုတ် သစ်ပင်ငယ်ဘဲ ဖြစ်ဖြစ်၊ အချို့ကတော့ ဘွန်ဇိုင်းလို့ခေါ်တဲ့ အပင်ပုလေးတွေကိုလဲ လက်ဆောင် ပေးကြ ပါသေးတယ်. အပင်လေး၊ ပန်းအိုးလေး တွေကို နှစ်သက်ရာ ဖဲကြိုးလေး ချည်နှောင်လိုက်မယ်ဆိုရင် အမြင်မှာပိုလှပြီး အလေးအနက် ထားရာလဲ ကျပြီပေါ့နော်..

English Handmade Chocolate Gift  

 

File:Chocolate gift.jpg

 

chocolate gift box

 















နောက်တစ်မျိုးကတော့လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ချောကလက် လက်ဆောင်ဖြစ်ပါတယ်.. ချောကလက်ကိုတော့ ချစ်သူများနေ့မှာ မပါမပြီးလို့ သဘောထားကြသူ များပါတယ်.. မိမိနှစ်သက်တဲ့ ဒီဇိုင်းမျိုးစုံနဲ့ ချောကလက်တွေကို ဆိုင်မှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်.. လူငယ်တွေ အတွက်တော့ ချောကလက်က လက်ဆောင်ပေးလို့ သင့်တော်ပေမဲ့ လူလတ်ပိုင်းများအနေနဲ့ ချောကလက် လက်ဆောင်က နဲနဲ ကလေးဆန်တယ် လို့ ထင်ရပါတယ်.. သို့သော်လဲ ချစ်သူက ချောကလက် ကြိုက်တတ်တဲ့သူ ဆိုရင်တော့ လက်ဆောင်အဖြစ်သာ ရွေးချယ် လိုက်ပါ.. ချစ်သူများနေ့အတွက် အထူးပြုလုပ် ထားတဲ့ ကိတ်မုန့် ဆန်းဆန်းလေး ဆိုရင်လဲ သင့်ချစ်သူ သဘောကျနိုင်ပါသေးတယ်…

 Elegant Reflections Collection purse design mirror compacts

















3















































နောက်ထပ် ရွေးချယ်စရာ လက်ဆောင်ကတော့ တစ်ကိုယ်ရေ သုံးနဲ့ အလှအပ ပစ္စည်းများ၊ ဖန်စီ ပစ္စည်းလေးများ ဖြစ်ပါတယ်.. ယောက်ျားလေး တွေကိုတော့ Roll On ၊ After Shave၊ အင်္ကျီ၊ ပုဆိုး၊ ဘောပင်၊ စာအုပ် စသဖြင့် ရွေးချယ်နိုင်ပြီး.. မိန်းခလေးများ အတွက်တော့ Lotion၊ shampoo၊ make up၊ lipstick အမျိုးမျိုးနဲ့ အထည် ဆန်းလေးများ၊ ဖိနပ်၊ အိတ် စသည်တို့ကိုလဲ ရွေးချယ် နိုင်ပါတယ်. ငယ်ရွယ်သူများ အတွက်တော့ ချစ်ခင်စရာ အရုပ်လှလှလေးများ ကိုလဲ လက်ဆောင်ပေးလို့ သင့်တော်ပါတယ်.. ကီးချိန်းလှလှများ၊ စာအုပ်လေးများ၊ ခွက်ဒီဇိုင်း ဆန်းလေးများ၊ ၂ယောက်တွဲ ပုံလေး ထည့်ထားတဲ့ photo stand လေး၊ သီချင်းကောင်းလေးတွေ ရွေးပြီး ထည့်ထားတဲ့ MP3 ၊ MP4၊ Hand Set များ၊ ဦးထုပ်လေးများ စိတ်ကူးရှိသလို ရွေးချယ်နိုင်ပါတယ်… အထူးသဖြင့်တော့ ချစ်သူများနေ့အတွက် အဓိက ရွေးချယ်တဲ့ အရောင်ဟာ ပန်းရောင်ဖြစ်သော်လည်း ၄င်းအရောင်ဟာ လူငယ်များနဲ့ သင့်တော်သော်လည်း အသက်အရွယ် ရင့်ကျက်သူများအနေနဲ့ အခြားအရောင်ကို ရွေးချယ်သင့်ပါတယ်.။
















မိမိချစ်သူဟာ တည်ငြိမ်ရင့်ကျက်သူ၊ စာပေ၀ါ သနာပါသူ ဆိုရင်တော့ စာအုပ် ကောင်းကောင်း လေးတွေကို အမှတ်တရ စာသားလေးတွေ ရေးသားပြီး လက်ဆောင် ပေးနိုင်ပါတယ်.. သီချင်း ကြိုက်တတ်သူ ဆိုရင် သူနှစ်သက်မဲ့ သီချင်းခွေ သော်လည်းကောင်း၊ ကောင်းနိုးရာရာ သီချင်းတို့ကို လက်ရွေးစင် ကူးပြီးတော့လည်း ပေးနိုင် ပါတယ်.. ချစ်သူများနေ့ အတွက် သီးသန့်အစီအစဉ် အနေနဲ့ တင်ဆက်တဲ့ သီချင်း လက်ဆောင် နေရာမှာလဲ ချစ်သူ အတွက် အချစ်သီချင်းကောင်းလေးကို သီချင်း လက်ဆောင် တောင်းပေးလို့လဲရပါတယ်..






 

ချစ်သူနဲ့အတူတူ ဆိုင်တစ်ခုခုမှာ စားသောက်ကြဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ လူတွေ ဆူညံမဲ့ဆိုင်မျိုး၊ ဈေးကြီးကြီးပေးရတဲ့ ဆိုင်မျိုးထက် တိတ်ဆိတ်ပြီး လူသူရှင်းလင်းတဲ့၊ စိတ်ကူးယဉ် ဆန်ဆန် ပြင်ဆင်ထားတဲ့ ဆိတ်ငြိမ်တဲ့ သီးသန့် ဆိုင်လေးတွေက ချစ်သူ၂ယောက်ရဲ့ ခံစားချက် တွေကို ပိုပြီး အမှတ်ရစေမှာပါ… ရင်ခုန်စရာလဲ ပိုပြီး ကောင်းပါ လိမ့်မယ်.. မိမိအိမ်မှာ ချစ်သူနဲ့အတူ ညစာစားပွဲလေး ကျင်းပခွင့်ရမယ် ဆိုရင်တော့ သင်ဟာ အလွန်ကံကောင်း ပါတယ်… ညစာစားပွဲလေးကို မိမိစိတ်ကြိုက် ပြင်ဆင်ခွင့်ရလို့ပါ… ထိန်ထိန်လင်းနေမဲ့ မီးရောင်အစား.. မီးရောင် ခပ်မှိန်မှိန်(သို့မဟုတ်) မလင်းတလင်း ဖရောင်းတိုင်မီးကို ပန်းလှလှလေး များနဲ့ စိတ်ကူးရှိသလို အလှဆင်ထားမယ်၊ ပန်းအိုးလှလှလေး တွေကို ပြင်ဆင်ထားမယ် ဆိုရင်တော့ ရင်ခုန်စရာ ကောင်းတဲ့ ညစာစားပွဲ ဖြစ်လာပြီပေါ့နော်….




Happy Valentine Card



























အဝေးတစ်နေရာ ရောက်နေလို့ မိမိချစ်သူကို လက်ဆောင်ပေးခွင့် မသာဘူး ဆိုရင်တောင် ခင်မင်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို အကူအညီ တောင်းပြီး မိမိပေးချင်တဲ့ လက်ဆောင်လေးကို ၀ယ်ခိုင်းလို့ ချစ်သူဆီအရောက် ပို့ပေးခိုင်းလို့ ရပါတယ်.. ဒီလိုအကူအညီမျိုးကို လူတိုင်းက လိုလိုလားလားနဲ့ ကူညီပေးချင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်… ဘာမှမပေးနိုင်ဘူး ဆိုရင်တောင် မိမိခံစားချက်ကို ရေးထားတဲ့ စာသားလေးနဲ့ ပို့စကဒ် လေး တစ်ခုခု၊ ကဗျာလေးပါတဲ့ ကဒ်လေးတစ်ခုခုတော့ အနည်းဆုံးတော့ ပေးလို့ ရပါသေးတယ်နော်…


























ချစ်သူများနေ့မှာ လက်ဆောင် ပေးတယ်ဆိုတာ ငယ်ရွယ်သူများမှ၊ ချစ်သူ သမီးရည်းစားများ မှသာ ပေးလို့ရတာ မဟုတ်ပါဘူးတဲ့.. မိမိ ချစ်ခင်ရတဲ့သူ ဘယ်သူ့ကိုမဆို လက်ဆောင် ပေးကြပါတယ်.. မိမိရဲ့ မိခင်၊ ဖခင်၊ မိသားစု ၊ ဆွေမျိုး မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော် ကိုင်ဖက်၊ အချင်းချင်းလဲ လက်ဆောင် ပေးလို့ ရပါတယ်.. အိမ်ထောင်ရှင် များကလဲ ချစ်သူများနေ့ဟာ ငါတို့နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောလို့ မရပါဘူး.. လူတိုင်း၊ အသက်အရွယ် မရွေး သက်ဆိုင်ပါတယ်… မိမိရဲ့ခင်ပွန်း၊ ဇနီးတို့ကိုလဲ အမှတ်တရ လက်ဆောင် မပေးတောင်မှ မိမိအိမ်ကို ခါတိုင်းနဲ့ မတူအောင် ပြင်ဆင်ထားခြင်း၊ special dinner ပွဲလေးကို ချစ်စရာပြင်ဆင်ပြီး ၂ယောက်ထဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ဖြစ်ဖြစ် ချစ်သူများနေ့ကို ကျင်းပနိုင်ပါတယ်.. အမျိုးသားကလဲ အိမ်အပြန်မှာ မိမိအိမ်သူ အံ့သြ သွားအောင် ပန်းစည်း လှလှလေး၊ သို့မဟုတ် သူနှစ်သက်မဲ့ လက်ဆောင် တစ်ခုခုကို ရုတ်တရက် ပေးလိုက်မယ်ဆိုရင် ဘယ်သူက ၀မ်း မသာဘဲ နေမလဲနော်… ဒီလိုလေး လုပ်ပေးလိုက်ခြင်းအားဖြင့် အိမ်ထောင်ရေးကို ပိုပြီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာဖို့ အထောက်အကူ အများကြီး ပေးနိုင်ပါတယ်… တစ်ဦးနဲ့ တစ်ဦးလဲ ချစ်ခင် တွယ်တာစိတ်၊ မြတ်နိုး ကြင်နာတဲ့စိတ်တွေ ပိုပြီး ရှိလာနိုင်ပါတယ်…


















 DOUBLE WHITE PEARLS WITH PEARL DROP JEWELRY Specialty 3 Piece Boxed Set

လက်ဆောင်ပေးလိုက်လို့ ကုန်ဆုံးသွားတဲ့ ငွေကြေးနဲ့၊ ပြန်ရလိုက်တဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုဟာ နှိုင်းယှဉ်လို့မရအောင် ကွားခြား လှပါတယ်နော်.. ကိုယ်ပေးတဲ့ လက်ဆောင်ကို ကိုယ်ချင်ခင် မြတ်နိုးရသူက နှစ်သက် သဘော ကျတယ် ဆိုရင်ဘဲ ဘယ်လောက်တောင်များ စိတ်ချမ်းသာစရာ ကောင်းထားပါသလဲရှင်..

အားလုံးဘဲ ချစ်သူများ အတွက် အကောင်းဆုံး လက်ဆောင်ကို ရွေးချယ်လို့ မိမိချစ်သူကို စိတ်ပျော်ရွှင်မှုလေး ပေးနိုင်ကြပါစေရှင်။

စမ်းချောင်းလေးရဲ့ ရေစီးသံ


photo from http://www.slovenia-tourist-guide.com/images/unica_river_slovenia02.jpg


 


တစ်ခါက တောင်ခြေလေးတစ်ခုကနေ မြစ်ဖျားခံပြီး  ကြည်လင်လှပစွာ စီးဆင်းနေတဲ့ စမ်းချောင်းလေး တစ်ခု ရှိခဲ့ပါတယ်.. စမ်းချောင်းလေးဟာ ဧမြ ကြည်လင်နေပြီးတော့ သူစီးဆင်းရာ ပတ်ဝန်းကျင် ဒေသတစ်ခုလုံးကို အကျိုးပြုနိုင်အောင် ကြိုးစားပါတယ်.. စမ်းချောင်းလေးစီးဆင်းရာ အနီးတစ်ဝိုက်မှာ လူတွေရဲ့ စိုက်ပျိုးမြေဧက ပေါင်းများစွာရှိတယ်.. အဲဒီစိုက်ပျိုးမြေ များစွာဟာ စမ်းချောင်းလေးဆီက ရေကို သွယ်ယူပြီး စိုက်ပျိုးထားတာ ဖြစ်ပါတယ်.. စမ်းချောင်းလေးရဲ့ ဘေးတစ်လျှောက်မှာတော့ အရောင်စုံ တောပန်းကလေးများ၊ လူတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးများလည်း ရှိပါတယ်.. ပန်းကလေးတွေကနေ လွှင့်ပျံလာတဲ့ သင့်ပျံ့ ကြိုင်လှိုင် နေတဲ့ ရနံ့လေးတွေကလည်း စမ်းချောင်းလေးကို လှပအောင် ပံ့ပိုးပေးထားတဲ့ အရာတွေဘဲ ဖြစ်ပါတယ်… ပန်းပွင့်လေးတွေမှာ လှပစွာ ပျံဝဲရင်း တစ်နေရာမှ တစ်နေရာ၊ တစ်ပွင့်မှ တစ်ပွင့်သို့ ကူးသန်း သွားလာနေတဲ့ ပျားကလေးတွေ၊ လိပ်ပြာကလေးတွေ ၊ ပိတုန်းလေးတွေ၊ စမ်းချောင်းလေးရဲ့ သာယာလှတဲ့ရေစီးသံ လွင်လွင် ကလေးနဲ့ စိမ်းလန်း စိုပြေနေတဲ့  စိုက်ခင်းတွေ ဟာလည်း စမ်းချောင်းလေးရဲ့ လုပ်အားကို ဂုဏ်ယူစေလောက်တဲ့ အလှအပများနဲ့ အသုံးဝင် ပုံလေးတွေဘဲ ဖြစ်ပါတယ်..


 


စမ်းချောင်း ဖြတ်သန်းလာရာ လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ သဘာဝ တောအုပ်ကြီးထဲမှာ မှီတင်း နေထိုင်ကြတဲ့ တောသတ္တ၀ါ အားလုံးနဲ့ ကျေးရွာ၊ မြို့စတဲ့ဒေသမှာ နေတဲ့ လူတွေဟာလည်း စမ်းချောင်းလေးရဲ့ ရေကိုသာ သောက်သုံးကြပါတယ်.. တစ်ချို့ ရွာတွေကတော့ စမ်းချောင်းလေးရဲ့ ကျယ်ပြန့်တဲ့ နေရာတွေမှာ လှေကလေးနဲ့ တစ်ရွာနဲ့တစ်ရွာ သွားသွားလာလာ လုပ်ကြတဲ့အတွက် ကူးသန်း သွားလာရေးကို လည်း စမ်းချောင်းလေးဟာ အဆင်ပြေ ချောမွေ့အောင် ကူညီနိုင်ခဲ့ပါတယ်… လူတွေကလည်း စမ်းချောင်းလဲ အမြဲ စီးဆင်းနိုင်အောင်၊ သူတို့ အတွက်လည်း အကျိုးရှိအောင်၊ စမ်းချောင်းလေးက ရေလဲ အမြဲ သန့်ရှင်းနေအောင်ဆိုပြီး စမ်းချောင်းလေး စီးဆင်းရာ လမ်းကြောင်းမှာ အမှိုက်သရိုက်များ မရှိအောင်၊ ချောင်းလေးပိတ်ဆို့မှု မရှိအောင် ဂရုစိုက် ပေးကြပါ တယ်… ကျေးရွာတိုင်း၊ မြို့တိုင်းမှာလည်း စမ်းချောင်းလေးထဲ အမှိုက်သရိုက် မပစ်ချရ ဆိုပြီး စည်းကမ်းချက် တွေ ထုတ်ပြန်ထားပါတယ်.. ဒါတွေဟာ လူတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် ထားရှိကြတဲ့ လှပတဲ့ မေတ္တာတရားပါ..


 


စမ်းချောင်းကလေး လှပစွာ စီးဆင်းနေတာ၊ လူတွေက စမ်းချောင်းလေးကို ကျေးဇူးတင်ကြတာ၊ လူသားတွေနဲ့ စမ်းချောင်းလေးတို့ အပြန်အလှန် အကျိုးပြုနေတာကို မနာလို ၀န်တိုပြီး မကျေမနပ်ဖြစ်နေတဲ့ တောအုပ်ကြီး ထဲက ၀ံပုလွေ တစ်ကောင်ရှိပါတယ်.. သူဟာ စမ်းချောင်းလေးကို ပျက်စီးဖို့၊ စမ်းချောင်းလေး စီးဆင်းနေတာကို ရပ်တန့်သွားအောင် အစွမ်းကုန် ကြိုးစားဖို့ ကြစည်ပါတော့တယ်.. လူတွေနဲ့နီးတဲ့ နေရာမှာ စမ်းချောင်းလေးကို နှောက်ယှက်ရင် သူ့ကို လူတွေက ရန်ရှာမှာကို သိတဲ့ ၀ံပုလွေဟာ လူသူမနီးတဲ့ တောနက်ကြီးထဲက စမ်းချောင်း လေး ဖြတ်စီးတဲ့ တစ်နေရာမှာ စမ်းချောင်းလေးကို ပျက်စီးအောင် ပြုလုပ်ဖို့ အကြံထုတ် ပါတော့တယ်…


 


ပထမဆုံး ၀ံပုလွေက စမ်းချောင်းလေးစီးဆင်းရာ လမ်းကို ကျောက်တုံးကြီးတွေနဲ့ ပိတ်ဆို့ဖို့ ကြံစည်ပါတယ်.. ဒီစိတ်ကူးနဲ့ ၀ံပုလွေဟာ ကျောက် တုံးကြီးတွေကို မနိုင်မနင်း သယ်ပြီး ချောင်းထဲကို ပစ်ချပါတယ်.. မသယ်နိုင်လောက်အောင်ကြီးမားတဲ့ ကျောက်တုံးတွေကိုတော့ လှိမ့်ကာ လှိမ့်ကာ သယ်ဆောင် တွန်းထုတ်လာပြီး ချောင်းထဲကို ပစ်ချပါတယ်.. တစ်နေ ကုန်တဲ့ အထိ တစ်ပင်တပန်း ကြိုးစား လုပ်ဆောင်ပါ သော်လည်း စမ်းချောင်းလေးကတော့ စီးမြဲစီးဆဲပါ.  ၀ံပုလွေ ပစ်ချလိုက်တဲ့ ကျောက်တုံးကြီးတွေကို ကွေ့ဝိုက် ရစ်ပတ်ပြီးတော့ စမ်းချောင်းလေး ဟာ တိတ်ဆိတ်စွာ စီးဆင်းပါတယ်.. ၀ံပုလွေသာ ပင်ပန်းမောဟိုက်စွာနဲ့ စမ်းချောင်းရဲ့ ဘေးမှာ လျှာအလျားလိုက် ထွက်ပြီး တုံးလုံးပက်လက် ထိုင်ချလိုက်ပါတယ်.. ဒီနေ့အဖို့ စမ်းချောင်းလေးကို နှောက်ယှက်နေတာနဲ့ အစာလဲ မရှာဖြစ်၊ အချိန်လဲကုန်၊ အကျိုးလဲ မရှိ ဖြစ်ရပါတော့တယ်..


 


ဒီလိုနဲ့ မကျေနပ်သေးတဲ့ ၀ံပုလွေဟာ နောက်တစ်နေ့မနက်မှာ နောက်တစ်မျိုး ကြံစည်ပြန်တယ်.. ဒီတစ်ခါ ဘယ်လို ကြံစည်ပြန်သလဲဆိုတော့ ညစ်ပတ်နေတဲ့ အမှိုက်သရိုက်တွေ၊ သားကောင်တွေရဲ့ အပုတ်အသိုး၊ အရိုးအဆွေးတွေ၊ သစ်ရွက်သစ်ခက်ခြောက်၊ သစ်ကိုင်းကျိုးပဲ့တွေကို သယ်ဆောင်စုဆောင်းပြီး စမ်းချောင်းလေး ထဲကို ပစ်ချပါတယ်… ဒါမှလဲ အမှိုက်တွေ သယ်ဆောင်လာတဲ့ချောင်းဆိုပြီး လူတွေက စမ်းချောင်းလေး ကို အပြစ်တွေတင်ပြီး မသုံးတော့ဘဲ နေလိမ့်မယ်လို့ ၀ံပုလွေက ယူဆပါတယ်တဲ့.. ၀ံပုတွေဟာ တောအုပ်ကြီးထဲ နေရာအနှံ့က အမှိုက်တွေကို သယ်သွားသယ်လာနဲ့ စမ်းချောင်းလေးထဲကို တစ်ချိန်လုံး ပစ်ချနေပါတော့တယ်.. ၀ံပုလွေ ပစ်ချလိုက်တဲ့ အမှိုက်သရိုက်တွေဟာ စမ်းချောင်း လေးက သယ်ဆောင်သွားပြီး လူတွေနေတဲ့ ရွာ ကလေး အနီးကို ရောက်ရှိလို့သွားပါတယ်..


 


အမှိုက်တွေ အဆက်မပြတ် စီးမျှောလာတာကို မြင်တဲ့ လူတွေက  “ဒီလောက်များတဲ့အမှိုက်တွေကို ဘယ်သူက စမ်းချောင်းလေးထဲ စွန့်ပစ်ပါလိမ့် စမ်းချောင်းလေးထဲ အမှိုက် မပစ်ရဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သူက ချိုးဖောက်နေတာလဲ…. မဖြစ်ဘူး.. ဒီအတိုင်းဆို စမ်းချောင်းလဲ ညစ်ပတ်တယ်.. ဒီရေကို သောက်သုံးနေတဲ့ ငါတို့ လူသားတွေလဲ အန္တရာယ် ဖြစ်တော့မယ်.. ဒီတော့ တရားခံကို လိုက်ရှာကြစို့ရဲ့ ” ဆိုပြီး ရွာလူကြီးက ဦးဆောင်ပြီး စမ်းချောင်းလေးရဲ့ အတိုင်း အထက်ဘက်ကို ဆန်တက်လာကြပါတယ်… တောအုပ်ကြီးထဲလဲ ရောက်ရော အမှိုက်တွေကို ချောင်းထဲ ပစ်ချနေတဲ့ ၀ံပုလွေကို တန်းပြီးတွေ့ပါတော့တယ်.. ဒီတော့ ရွာသားတွေဟာ လူစုလူဝေးကြီးနဲ့  ၀ံပုလွေကို လိုက်လံ ဖမ်းဆီးပြီး ကြိုးတွေနဲ့ ချည်နှောင်ကာ ရွာကို သယ်ဆောင်လို့ သွားကြပါတာ့တယ်…


 


 စမ်းချောင်းလေးကတော့ စီးဆင်းမြဲ စီးဆင်းလျှက်ပါ.. သူရဲ့ ရေစီးသံလွင်လွင်ကလေးနဲ့ တေးသံလေးတစ်ပုဒ်ကို သာယာနာပျော်ဖွယ် ဖြစ်အောင် ဖန်တီးရင်း လူတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ဖို့ အတွက် သူ့ကို နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူများကိုလည်း ဘာတုံ့ပြန်မှုမှ မပေးဘဲ သူလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားပါတယ်.. ဆက်ပြီး စီးဆင်းနေပါတယ်.. ရေဆိုတဲ့ သဘာဝဟာ ဘယ်လို အတားအဆီး ကိုဘဲ တွေ့တွေ့ ကွေ့ပတ်ပြီး သူ့လမ်းကြောင်းကို ရောက်အောင် စီးဆင်းတဲ့ သဘာဝရှိပြီးသားပါ…. နှောက်ယှက်ဟန့်တားသူ၊ ဖျက်လိုဖျက်ဆီး မကောင်းစိတ်ရှိသူများဟာလည်း နောက်ဆုံးတော့ သူ့စေတနာ အကျိုးပေးအတိုင်း ခံစားသွားရတာပါဘဲ.. နှောက်ယှက်ခံရသူ စမ်းချောင်းလေးကတော့ ဘာကိုမှ မမှုဘဲ သူ့တာဝန်သူ ကျေပြွန်အောင် စီးဆင်းနေဦးမှာပါ………………..


 


---------------------------------------------------------------------------------------------------------------------------


 


ကျွန်မတို့ရဲ့  ဘ၀မှာ စမ်းချောင်းလေး ကြုံရသလိုဘဲ တစ်ခါတစ်ရံ အနှောက်အယှက် အဟန့်အတားများ ကြုံတွေ့ခဲ့ရဖူးမှာပါနော်... ဘယ်လို အနှောက်အယှက်မျိုး၊ ဘယ်လိုအဟန့်အတားမျိုး ဖြစ်စေ၊ ရေရဲ့ သဘာဝအင်အားလိုဘဲ ကွေ့ဝိုက်ပြီး၊ ဖောက်ထွက်ပြီး  မိမိလမ်းကြောင်း၊ မိမိရည်မှန်းရာ ပန်းတိုင်ကို ရောက်အောင် ဆက်လက် စီးဆင်းဖို့ နမူနာ ယူသင့်ကြပါတယ်.. ကိုယ့်ကို မကောင်းကြံသူများကို လက်တုံ့ပြန်ဖို့ မကြိုးစားဘဲ ကိုယ့်လမ်းကြောင်းသာ ကိုယ်ဖြောင့်အောင် စီးဆင်းရင်း ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးဝန်းကျင်ကို အကျိုးပြုသွားမယ်၊ အလှဆင်သွားမယ်ဆိုရင်  မိမိ လမ်းကြောင်းလည်း ဖြောင့်ဖြူးမှာ ဖြစ်သလို ကိုယ်နဲ့ ဆက်ဆံရတဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုနိုင်သူ အဖြစ် လူတွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံစားရမှာပါ.. မကောင်းကြံစည်သူ မနာလိုတတ်သူများဆိုသည်မှာ နောက်ဆုံးမှာ သူ့စိတ်စေတနာ အကျိုးပေးအတိုင်း  ထိုက်တန်တဲ့ ရလဒ်ကိုသာ ခံစားရမှာ ဖြစ်ကြောင်း စမ်းချောင်လေးရဲ့ ရေစီးသံကို နားထောင်ရင်း အတုယူနိုင်ကြဖို့ ဒီပုံပြင်လေးကို တင်ပြလိုက်ရပါတယ်.... ကျွန်မတို့လဲ စမ်းချောင်းလေးလို အခက်အခဲကို ဖောက်ထွက်လို့ ကိုယ့်ဘ၀ကို  လမ်းကြောင်းမှန်အောင် စီးဆင်းကြရအောင်ပါရှင်...


 


လှပသာယာစွာ စီးဆင်းနိုင်ကြပါစေ...


 


ချော (အစိမ်းရောင်လွင်ပြင်)